← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇)

ဘွန်ဆိုင်းထဲမှ အရသာရှိသော အစားအစာ (အပိုင်း - ၁)

ယန်ရှိုယီ အံ့အားသင့်သွားရသည်မှာ ဤခြင်ဘီလူးကြီးသည် သာမန်ခြင်များထက် များစွာ ပို၍ သွက်လက် နေခြင်းပင် ဖြစ်လေ၏။ အလျားလိုက် တစ်ချက် ခုတ်ပိုင်းလိုက်သော်လည်း ယန်ရှိုယီ၏ ဓားမှာ လုံးဝ လွဲချော် သွားခဲ့လေသည်။

ထို့နောက် ခြင်ဘီလူးကြီးသည် အထက်သို့ လျင်မြန်စွာ ထိုးတက်သွားပြီး လေထဲတွင် ၎င်း၏ ခန္ဓာကိုယ်ကို အလျင်အမြန် လိမ်ယှက်လှည့်ပတ်သွားလေ၏။

ချက်ချင်းပင် ၎င်းသည် တိုက်လေယာဉ်တစ်စင်းကဲ့သို့ ပြန်လည် ထိုးဆင်းလာကာ မတ်တတ်ရပ်ရန် ပြင်နေသော ယန်ရှိုယီအား တိုက်ခိုက်လေတော့သည်။

ယန်ရှိုယီသည် သူ၏ ခါးနှင့် ဝမ်းဗိုက်အားကို အသုံးပြု၍ လေထဲတွင် ကျွမ်းပစ်ကာ မတ်မတ်ရပ်လိုက်လေ၏။

ခြင်ဘီလူးကြီးသည် လေထဲမှနေ၍ တိုက်ခိုက်လာခဲ့ပြီ ဖြစ်လေသည်။

ယန်ရှိုယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မြေကြီးပေါ်သို့ ကမန်းကတန်း ပြန်လှဲချလိုက်ကာ အလျင်အမြန် လိမ့်ဆင်းသွားလေ၏။ သူ လားရာမပြောင်းနိုင်မီမှာပင် ခြင်ဘီလူးကြီးဆီသို့ ဓားဖြင့် လွှဲခုတ်လိုက်လေသည်။

တိုက်ခိုက်မှု မအောင်မြင်ပြီးနောက် ခြင်ဘီလူးကြီး ပြန်လည် ပျံဝဲရန် ပြင်လိုက်ချိန်မှာပင် ၎င်း၏ ဝမ်းဗိုက်ကို သံမဏိဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းခံလိုက်ရလေတော့သည်။

ပြင်းထန်သော တိုက်ခိုက်မှုကို ခံရပြီးနောက် ခြင်ဘီလူးကြီးမှာ အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ၎င်း၏ ဟန်ချက်ကို အမြန်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး လေထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်လေ၏။

ထို့နောက် အခွင့်အရေးကို အရယူကာ နားကွဲမတတ် စူးရှသော တဝီဝီမြည်သံကို ထုတ်လွှတ်ရင်း ယန်ရှိုယီထံသို့ ထပ်မံ ပြေးဝင်လာခဲ့ပြန်သည်။

ယန်ရှိုယီသည် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး ခြင်ဘီလူးကြီး ရွေ့လျားလာသော ဦးတည်ရာဆီသို့ တိုက်ရိုက် ခုန်ဝင်သွားလေ၏။ ၎င်း၏ အကြည်ရောင် အတောင်ပံများကို သူ၏ ဓားဖြင့် ပိုင်းဖြတ်လိုက်ချိန်တွင် အလင်းတန်း တစ်ခု လက်ကနဲ ထွက်ပေါ်လာခဲ့လေသည်။

ခြင်ဘီလူးကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ဟန်ချက်ပျက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး စိမ့်တောထဲသို့ ထိုးကျသွားလေတော့သည်။

ထိုအခွင့်အရေးကို အသုံးချ၍ ယန်ရှိုယီသည် ရှေ့သို့ ခုန်အုပ်လိုက်ပြီး ခြင်ဘီလူးကြီး၏ အသေအပျောက် အများဆုံး လက်နက်ဖြစ်သည့် ပါးစပ်အစိတ်အပိုင်းများကို သူ၏ဓားဖြင့် ဖြတ်တောက်ကာ ဖယ်ရှားလိုက် လေတော့၏။ ထို့နောက် သူသည် ခြင်ဘီလူးကြီး၏ ခေါင်းကို အားကုန်သုံး၍ ခုတ်ဖြတ်လိုက်လေတော့သည်။

*ဟွန့်... ထူးထူးခြားခြားတော့လည်း မဟုတ်ပါဘူးလေ...။*

ယန်ရှိုယီသည် အမောတကောဖြင့် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်ပြီးနောက် အဓိကအဖွဲ့နှင့် ပြန်လည် ပူးပေါင်းရန် အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

သူ သတိမထားမိလိုက်သောအရာမှာ သူ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ခြင်ဘီလူးကြီး၏ အမြီးပိုင်းမှနေ၍ နုနယ်သော အစိမ်းရောင် ဥလေးများသည် တစ်လုံးပြီးတစ်လုံး သေသပ်စွာ ပြုတ်ကျလာခဲ့ခြင်းပင် ဖြစ်လေ တော့သည်။

ဤနေရာတွင် ဖြစ်ပျက်နေသမျှကို ရွှီပေါ်အန်း တစ်ယောက် လုံးဝ သိရှိနေခဲ့ခြင်း မရှိချေ။

ထိုအချိန်တွင် သူသည် ကုမ္ပဏီ၏ လစဉ် ဆောက်လုပ်ရေးစီမံကိန်း တိုးတက်မှု အစည်းအဝေးမှ အချက်အလက် များကို လေးနက်သော မျက်နှာအမူအရာဖြင့် ဖတ်ရှုစစ်ဆေးနေလေ၏။

စာမျက်နှာ ဆယ်မျက်နှာကျော် ရှည်လျားသော အစီရင်ခံစာထူထူကြီးတွင် စီမံကိန်းတစ်ခုစီသည် မည်မျှအထိ မှန်မှန်ကန်ကန် တိုးတက်နေကြောင်းကို ဖော်ပြထားလေသည်။

ထိုအထဲမှ စီမံကိန်း ပြီးစီးရန် အခက်အခဲများ ပါဝင်နေသည့် ပြဿနာတစ်ခုက ရွှီပေါ်အန်း၏ အာရုံကို ဖမ်းစား သွားခဲ့လေ၏။

မကြာသေးမီက တုန်းကျန်းမြို့၊ လဲ့ချန်ခရိုင်ရှိ ပြီးစီးသွားသော်လည်း လွှဲပြောင်းပေးအပ်ခြင်း မရှိသေးသည့် ပြည်နယ်အဝေးပြေးလမ်းမကြီး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုတွင် လူများသည် ညအချိန်၌ တရားမဝင် ဝင်ရောက်ကာ လမ်းပေါ်တွင် ကားပြိုင်ပွဲများကို မကြာခဏ ပြုလုပ်နေကြလေသည်။

ဤကိစ္စကို တရားဥပဒေစိုးမိုးရေး စခန်းသို့ တိုင်ကြားထားသော်လည်း အဆိုပါနယ်မြေသည် ပြည်နယ်နှင့် မြို့ကြီးနှစ်ခုကို ဖြတ်သန်းသွားသည့်အပြင် ကားပြိုင်သူများ၏ ယာဉ်များသည် အလွန်စွမ်းဆောင်ရည် မြင့်မားသောကြောင့် ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

အကယ်၍ ဘေးကင်းရေးဆိုင်ရာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါက စီမံကိန်းသည် တိကျသော တာဝန်များကို မလွဲမသွေ ခံယူရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေမည် ဖြစ်လေသည်။ ရွှီပေါ်အန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေ၏။ ဤကိစ္စကို ဖြေရှင်းရန် လိုအပ်ပေသည်။

သို့မဟုတ်ပါက ဤနေရာတွင် တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်ဖြစ်သော မိမိအနေဖြင့် အနည်းဆုံး ခေါင်းဆောင်မှုတာဝန်ကို ယူရကာ တာဝန်ခံရမည် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် သူ၏ အတွင်းရေးမှူး ထျန်ရှောင်ထုန်ကို ဖုန်းခေါ်ရန် ရည်ရွယ်၍ ဖုန်းကို ကောက်ကိုင်လိုက်စဉ် ဘွန်ဆိုင်းကမ္ဘာထဲမှ ကျယ်လောင်သော ဆူညံသံက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေ၏။

ရွှီပေါ်အန်း ထရပ်လိုက်ပြီး ဘွန်ဆိုင်းဥယျာဉ်ထဲရှိ ခမ်းနားလှသော မြင်ကွင်းကို လှမ်းကြည့်လိုက်လေသည်။ အသံ သည် တောင်စောင့်နတ်မင်း နတ်ကွန်း၏ တံခါးအပြင်ဘက်မှ လာနေခြင်းဖြစ်ကြောင်း သိလိုက်ရလေ၏။ အပြင် ပန်းအခြေအနေကို ကြည့်ရသရွေ့ သူတို့သည် တောင်စောင့်နတ်မင်း နတ်ကွန်း၏ ပြုပြင်မွမ်းမံမှု အောင်မြင်စွာ ပြီးစီးခြင်းကို ကျင်းပနေကြခြင်းပင် ဖြစ်ပေသည်။

ခေါင်ရှန်းရွာမှ ရွာသားများထဲတွင် ကျွမ်းကျင်သော လက်မှုပညာရှင်များ မရှားပါချေ။ သူတို့သည် မီးလောင်ထား သဖြင့် မည်းမှောင်နေသော တောင်စောင့်နတ်မင်း နတ်ကွန်းကို အချိန်တိုအတွင်း သန့်ရှင်းရေးလုပ်နိုင်ခဲ့ကြ လေသည်။

မီးလောင်ထားသော တံခါးများနှင့် ပြတင်းပေါက်များကိုပင် အသစ်များနှင့် အစားထိုးထားပြီး ဖြစ်သော်လည်း ၎င်းတို့ကို ဆေးမသုတ်ရသေးပေ။ သန့်စင်သော သစ်သား၏ မူလအရောင်အတိုင်းပင် ရှိနေသေးလေ၏။

သို့သော် ဤသည်မှာ အတော်လေး အံ့သြစရာကောင်းနေပြီ ဖြစ်သည်။ မိုးမလင်းမီကတည်းက စတင်လုပ် ဆောင်ခဲ့လျှင်ပင် အများဆုံး နေ့တစ်ဝက်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်လေသည်။

*အင်း... ကောင်းကောင်း လုပ်နိုင်ကြတာပဲ...။ ဆုချီးမြှင့်ခံရဖို့ ထိုက်တန်တယ်...။*

ရွှီပေါ်အန်းသည် သူတို့ကို မည်သည့်အရာဖြင့် ဆုချရမည်နည်းဟု တွေးတောနေစဉ် မြေနံရံအိမ်ရာ၏ အလယ် တွင် စားဖိုမှူးအချို့ အချင်းချင်း စကားပြောနေသံကို ရုတ်တရက် ကြားလိုက်ရလေ၏။

သူတို့ကို စားဖိုမှူးများဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တော့ သူတို့သည် စားဖိုမှူးတာဝန်ကို ယာယီရယူထား သော ရွာသားများသာ ဖြစ်ကြလေသည်။

အလယ်တွင် ထိုင်နေသော လီအိုကြီးသည် ယောက်မကြီးတစ်ချောင်းကို ယူ၍ အိုးထဲမှ ဟင်းရည်အနည်းငယ်ကို ခပ်ကာ သတိထား၍ မြည်းစမ်းကြည့်လိုက်လေ၏။

“ကျွတ်...။ ကျက်သွားပြီ... အရသာက မဆိုးပါဘူး...။ ဒါပေမဲ့ နည်းနည်းလောက် ပိုလတ်ဆတ်ရင်တော့ ပို ကောင်းမှာပဲ...။”

“လာပါ ဦးလေးရာ... ဦးလေးရဲ့ တောမှိုတွေက လုံလောက်အောင်ကို အရသာရှိနေပါပြီ...။ ကျုပ်ရဲ့ ဒီဟင်းချိုကို ကြည့်ပါဦး...၊ အကယ်၍ ဦးလေးရဲ့ တောမှိုရည်လေး နည်းနည်းလောက်သာ ထည့်လိုက်ရင် တကယ်ကို အရသာရှိသွားမှာပဲ...။”

“ဒါက ဘာမှမဟုတ်သေးဘူး...။ ကျုပ် အိမ်တော်မှာ တစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးတုန်းက မြို့ထဲ က စားသောက်ဆိုင်ကြီးတွေမှာ အူမာမီ ပေါင်ဒါ ဆိုတဲ့ ထူးဆန်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ရှိတယ်လို့ ကြားဖူးတယ်...။ အဲဒီ ဟင်းခတ်အမွှေးအကြိုင် နည်းနည်းလေး ထည့်လိုက်ရုံနဲ့တင် ဟင်းအိုးတစ်အိုးလုံးနဲ့ ဟင်းချို တွေက သွားရည်ကျလောက်အောင်ကို အရသာရှိသွားစေတာတဲ့လေ...။”

“ဘာ... အဲဒီလို ဟင်းခတ်အမွှေးအကြိုင်မျိုး ရှိတယ်ပေါ့...။ တကယ်လို့များ ငါတို့ဆီမှာသာ အဲဒီပစ္စည်းရှိရင် စားသောက်ဆိုင် ဖွင့်လို့ရပြီပေါ့...။ အဲဒီပစ္စည်းကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲ...။”

“ ဝယ်မယ်...ဟုတ်လား။ အဲဒါက မဟာတံတိုင်းကြီးရဲ့ အပြင်ဘက် တစ်နေရာရာမှာပဲ ရှိတယ်လို့ ကြားဖူးတယ်...။ ဒီမှာ ဝယ်ဖို့က အရမ်းခက်တယ်လေ...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် ပြုံးလိုက်လေ၏။

*ငါ သိပြီ... သူတို့ကို ခရုဆီ ဒါမှမဟုတ် တခြား အရသာပိုကောင်းစေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဆုချ လိုက်ရုံပဲ...။ အဲဒါဆို အရမ်းမကောင်းဘူးလား...။*

ရွှီပေါ်အန်းသည် ၎င်းကို တွေးတောလိုက်ပြီး ဤကိစ္စကို ဖြေရှင်းရန် လွယ်ကူကြောင်း ဆုံးဖြတ်လိုက်လေသည်။

သူသည် ချက်ချင်းပင် သူ၏စားပွဲခုံပေါ်ရှိ ဖုန်းကို စပီကာဖွင့်လိုက်ပြီးနောက် နံပါတ်ကို နှိပ်လိုက်လေ၏။

ကုမ္ပဏီ၏ အတိုကောက် ဖုန်းနံပါတ်မှာ ဂဏန်းငါးလုံးသာရှိပြီး အမြန်ခေါ်ဆိုမှု စနစ်ကို ဖွင့်ထားသဖြင့် နံပါတ် တစ်ခုတည်းကိုသာ နှိပ်ရန် လိုအပ်သောကြောင့် အတော်လေး အဆင်ပြေလှသည်။

ရွှီပေါ်အန်းသည် နံပါတ်ကို နှိပ်၍ သူမကို နှုတ်ဆက်ပြီးနောက် ရုံးဝတ်စုံ ဝတ်ဆင်ထားသော ထျန်ရှောင်ထုန်သည် ရွှီပေါ်အန်း၏ ရုံးခန်းအတွင်းသို့ အလျင်အမြန် ရောက်ရှိလာခဲ့လေ၏။ ယနေ့တွင် ထျန်ရှောင်ထုန်သည် ရှေ့ဆံပင် ချထားသော ဆံပင်ပုံစံအသစ်ကို ပြင်ဆင်ထားသဖြင့် သူမကို ပို၍ နုပျိုသွားပုံပေါ်စေသည်။

“အထွေထွေမန်နေဂျာရွှီ...၊ ကျွန်မကို ခေါ်ပါသလားရှင်...။”

ရွှီပေါ်အန်းသည် ထျန်ရှောင်ထုန်၏ ပုံစံသစ်ကို စက္ကန့်အနည်းငယ်ခန့် လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်လေ သည်။

“မနက်ဖြန် မနက်စောစော လဲ့ချန်က စီမံကိန်းဆီကို သွားဖို့လိုတယ်ဆိုတာ မင်းကို အသိပေးမလို့ပါ...။ အင်ဂျင် နီယာဌာနနဲ့ ဘေးကင်းရေးနှင့် အရည်အသွေးထိန်းချုပ်ရေးဌာနက အကြီးအကဲနှစ်ယောက်လည်း အတူတူ သွားကြလိမ့်မယ်...။”

ရွှီပေါ်အန်း၏ အကြည့်အောက်တွင် ထျန်ရှောင်ထုန်သည် မျက်နှာရဲတက်သွားပြီး ခေါင်းငုံ့ကာ ပြောလိုက်လေ၏။

“ဟုတ်ကဲ့ပါ အထွေထွေမန်နေဂျာရွှီ...။”

သူ၏ ညွှန်ကြားချက်များကို ပေးပြီးနောက် ရွှီပေါ်အန်းသည် အကြောဆန့်လိုက်လေသည်။

ပင်ပန်းသည်ဟု မဆိုသာသော်လည်း ဤသည်မှာ အချိန်တိုအတွင်း ဖျောက်ဖျက်ရန် ခက်ခဲသော အကျင့်တစ်ခု ဖြစ်နေပြီး ၎င်းကို ဖျောက်ဖျက်ရန် လိုအပ်မည်ဟုလည်း မထင်ရပေ။

အထွေထွေမန်နေဂျာရွှီတွင် အခြားပြောစရာမရှိတော့သည်ကို မြင်သောအခါ ထျန်ရှောင်ထုန်က သတိပေးလိုက် လေ၏။

“အထွေထွေမန်နေဂျာရွှီ...၊ ကန်တင်းမှာ နေ့လယ်စာ စားလို့ရနေပါပြီ...။ စားသောက်ဆိုင်မှာပဲ နေ့လယ်စာ စားမလားရှင်...။”

ရွှီပေါ်အန်း၏ စိတ်ထဲတွင်လည်း ဤအစီအစဉ် ရှိနေခဲ့ပြီး ဖြစ်သည်။ သူသည် ခေါင်းညိတ်လိုက်ပြီး ထျန်ရှောင်ထုန်နှင့်အတူ ကန်တင်းသို့ သွားခဲ့လိုက်လေသည်။

ကန်တင်းကို ထမင်းစားခန်း အကြီးနှင့် ထမင်းစားခန်း အသေးဟူ၍ စားသောက်ရန် နေရာနှစ်ခု ခွဲခြားထားလေ သည်။

ထမင်းစားခန်း အသေးမှာ ခေါင်းဆောင်မှုအဖွဲ့ဝင်များ စားသောက်သော နေရာဖြစ်ပြီး ထမင်းစားခန်း အကြီးမှာ အလယ်အလတ်တန်းစား ခေါင်းဆောင်များနှင့် အောက်ခြေဝန်ထမ်းများ စားသောက်ကြသော နေရာဖြစ်လေ သည်။

သီအိုရီအရဆိုလျှင် အရွယ်အစားစုံလင်သော စားသောက်ဆိုင်များအားလုံးရှိ အစားအစာများသည် တူညီကြပြီး အားလုံးသည် ဘူဖေးစနစ်ကိုသာ အသုံးပြုကြလေသည်။

သေးငယ်သော စားသောက်ဆိုင်များသည် ဘေးထွက်ဟင်းလျာများနှင့် အချိုပွဲများကို ပိုမိုပေးဆောင်လေ့ရှိသည့် အပြင် အထူးဟင်းလျာ နှစ်မျိုး သုံးမျိုးခန့်လည်း ပါဝင်လေ့ရှိသည်။

ရွှီပေါ်အန်းသည် စားသောက်ဆိုင်ငယ်၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ ထျန်ရှောင်ထုန်က လျင်မြန်စွာ ရှေ့သို့ လှမ်းသွားပြီး တံခါးကို တွန်းဖွင့်ပေးလိုက်လေ၏။

ရွှီပေါ်အန်းသည် အတွင်းသို့ မဝင်ဘဲ တံခါးဝမှနေ၍ ပေါ့ပေါ့ပါးပါးပင် တစ်ချက် လှမ်းကြည့်လိုက်လေသည်။

စားပွဲပေါ်ရှိ ရင်းနှီးနေသော ဝက်သားနီနှပ်နှင့် ရှီးဟူ အမဲသားဟင်းချိုကို ကြည့်ရင်း ရွှီပေါ်အန်းသည် နှစ်ကြိမ်ခန့် ရယ်မောလိုက်လေ၏။

ဆေးခန်းမှ ကော်အိုကြီး ဖုန်းထဲတွင် ပြောခဲ့သလိုပင် ဤလူသည် သူ့ကိုယ်သူ မည်သို့ ပျော်ရွှင်အောင် ထားရမည် ကို တကယ် သိနေခဲ့ခြင်းပင် ဖြစ်ပေသည်။

အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် ရွှီပေါ်အန်းသည် အတွင်းသို့ မဝင်ခဲ့ပေ။ ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်းလှမ်းကာ ပြန်ထွက်လာခဲ့ပြီး ပြောလိုက်လေ၏။

“စားသောက်ဆိုင်အကြီးမှာပဲ သွားစားကြရအောင်...။”

ထျန်ရှောင်ထုန်သည် စကားတစ်ခွန်းမှ မဆိုဘဲ နောက်မှ လိုက်သွားခဲ့လေသည်။

ရွှီပေါ်အန်း၏ ရောက်ရှိလာမှုက ယခင်က စည်ကားနေခဲ့သော စားသောက်ဆိုင်ကို ချက်ချင်းပင် တိတ်ဆိတ်သွား စေခဲ့လေသည်။

ရွှီပေါ်အန်း ရောက်လာသည်ကို မြင်သောအခါ ကန်တင်းမန်နေဂျာသည် ရုံးခန်းထဲမှ ကမန်းကတန်း ထွက်လာပြီး သူ၏ ပါးစပ်မှ အဆီများကို သုတ်ကာ ပြောလိုက်လေသည်။

“အထွေထွေမန်နေဂျာရွှီ...။ခင်ဗျား လာစားတာလား...၊ အာ... မဟုတ်ပါဘူး...။ အထွေထွေမန်နေဂျာရွှီ... ခင်ဗျား ဒီမှာ လာသုံးဆောင်တာလား...။”

ရွှီပေါ်အန်းသည် မီးဖိုချောင် နောက်ပေါက်ရှိ လိုက်ကာပေါ်တွင် ရိုက်နှိပ်ထားသော "ဝန်ထမ်းမဟုတ်သူများ မဝင်ရ " နှင့် "ခွင့်ပြုချက်မရှိဘဲ မဝင်ရ" ဟူသော ဆိုင်းဘုတ်များကို လက်ညိုးထိုးပြကာ ပြောလိုက်လေ၏။

“ကျွန်တော် အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ချင်လို့ အဆင်ပြေမလား...။”

ကန်တင်းမန်နေဂျာက လက်ခုပ်တီးလိုက်ပြီး ပြောလိုက်လေသည်။

“ခင်ဗျားသာ ကျွန်တော်တို့ရဲ့ အလုပ်ကို ကိုယ်တိုင် လမ်းညွှန်ပြသပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အရမ်း ကို ဂုဏ်ယူစရာဖြစ်မှာပါ...။ ကျေးဇူးပြုပြီး ဝင်ပါ အထွေထွေမန်နေဂျာရွှီ...။”

ရွှီပေါ်အန်းသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်လေ၏။ မီးဖိုချောင်မှာ အတော် လေး သန့်ရှင်းနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ထို့နောက် စားဖိုမှူး၏ ရှေ့ရှိ ဟင်းခတ်အမွှေးအကြိုင်များ ထားရှိရာနေရာကို လှမ်းကြည့်လိုက်ရာ များပြားလှသော ဟင်းခတ်အမွှေးအကြိုင်များကြောင့် သူ ချက်ချင်းပင် အံ့ဩမှင်တက်သွားခဲ့လေတော့သည်။

သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။

“စားဖိုမှူးကြီး...၊ တကယ်လို့များ ကျွန်တော် အိမ်မှာ ဟင်းချိုချက်တဲ့အခါ အရသာပိုကောင်းအောင် လုပ်ချင်ရင် ဘယ်လို ပါဝင်ပစ္စည်းမျိုးက သင့်တော်မလဲ...။”

ရွှီပေါ်အန်းက သူ၏ အိမ်ကို အထူးတလည် ထည့်သွင်းပြောဆိုရခြင်းမှာ သူတို့သည် နည်းပညာနှင့် ခက်ခဲသော အလုပ်များကို အကြံပြုလာမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်လေသည်။

စားဖိုမှူးကြီးက ရယ်မောလိုက်ပြီး သူ၏ရှေ့ရှိ စတီးဟင်းခတ်အမွှေးအကြိုင် ပန်းကန်လုံးကို လက်ညိုးထိုးပြကာ ပြောလိုက်လေသည်။

“ဒီ ကြာပန်း ဟင်းချိုမှုန့်က တခြားဟာတွေထက် အများကြီး ပိုကောင်းတယ်...။ အဲဒါက ပြည်တွင်းဖြစ် ထုတ်ကုန် လေ...။ အရမ်းလည်း ကောင်းတယ်...။”

ရွှီပေါ်အန်းသည် အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။

“ဟုတ်တယ်... ဟုတ်တယ်...။ သိပ်ကောင်းတယ်...။”

ဤအရာ၏ နောက်ထပ် အားသာချက်တစ်ခုမှာ အလွယ်တကူ ပျက်စီးလွယ်သော ခရုဆီနှင့်မတူဘဲ သိုလှောင်ရ လွယ်ကူခြင်းပင် ဖြစ်လေသည်။

ထိုသို့ ရယ်မောနေသည့် အချိန်တိုလေးအတွင်းမှာပင် ထက်မြက်သော အကင်းပါးမှုရှိသည့် စားဖိုမှူးကြီးသည် သူ၏ဘေးရှိ ဟင်းခတ်အမွှေးအကြိုင် စင်ပေါ်မှ ဟင်းချိုမှုန့် တစ်ထုပ်လုံးကို ယူကာ ရွှီပေါ်အန်းအား ပြုံးလျက် ကမ်းပေးလိုက်လေ၏။

ရွှီပေါ်အန်းသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ထျန်ရှောင်ထုန်က လိမ္မာစွာပင် လက်ခံယူလိုက်လေသည်။

ရွှီပေါ်အန်းသည် လှည့်ကြည့်ကာ ကန်တင်းမန်နေဂျာကို မေးလိုက်လေ၏။

“လောင်ကျောက်... ခင်ဗျားရဲ့ အဖေက လဲ့ချန် စီမံကိန်းနေရာနားက ရွာရဲ့ ရွာလူကြီးဖြစ်ခဲ့တယ်လို့ ကျွန်တော် မှတ်မိနေတယ်...၊ ဟုတ်တယ်မလား...။”

အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ်ကို သန်စွမ်းစေပြီးနောက်တွင် ခန္ဓာကိုယ်က ပိုမို သန်စွမ်း ကျန်းမာလာရုံသာမက လုပ်ဆောင်ချက် အမျိုးမျိုး၏ တိုးတက်မှုကလည်း အလွန် သိသာထင်ရှားလာကြောင်းကို ရွှီပေါ်အန်း တွေ့ရှိခဲ့ရလေသည်။ သူ၏ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့ခံနိုင်စွမ်း သို့မဟုတ် မှတ်ဉာဏ် မည်သည့်အရာပင်ဖြစ်စေကာမူ ၎င်းတို့အားလုံးမှာ အလွန်တရာ တိုးတက်ကောင်းမွန် လာခဲ့ပြီ ဖြစ်ပေသည်။

ကန်တင်းတာဝန်ခံ ကျောက်ကျန်းမင်၏ မိသားစုအခြေအနေကို ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ် စာရင်းနှင့် အပြင်လူငှားရမ်းမှုဆိုင်ရာ အသေးစိတ်စာရင်းများကို ဖတ်ရှုစဉ်က သူ မှတ်သားထားခဲ့ခြင်း ဖြစ်လေသည်။

ကျောက်ကျန်းမင်က ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။

“ဟီးဟီး... ဟုတ်ပါတယ်...။ ကျွန်တော် ဘာများ ကူညီပေးရမလဲ အထွေထွေမန်နေဂျာရွှီ...။”

ရွှီပေါ်အန်းသည် ကျောက်ကျန်းမင်၏ ပခုံးကို ပြုံးလျက် ပုတ်ပေးကာ ပြောလိုက်လေသည်။

“ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး...။ မနက်ဖြန် အဲဒီက စီမံကိန်းဆီကို သွားဖို့ အစီအစဉ်ရှိလို့ပါ...။

အကယ်၍ ခင်ဗျား အားရင်တော့ အတူတူ လိုက်ခဲ့ပေါ့...။ ဒါနဲ့... အဲဒီက ထင်းရှူးမှိုတွေက အတော်လေး ကောင်းတယ်လို့ ကြားဖူးတယ်နော်...။”

ကျောက်ကျန်းမင် ရယ်မောလိုက်လေ၏။ ဤအခြေအနေတွင် တစ်ခုခု မှားယွင်းနေလျှင်တောင်မှ ဘာမှမမှားဘူး ဟုသာ ပြောရမည် ဖြစ်ပေသည်။

လူတိုင်းက သူတို့၏ သူဌေးနှင့်အတူ လိုက်ပါခွင့် ရရှိကြသည်မှ မဟုတ်ပါချေ။

ကျောက်ကျန်းမင်သည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် သဘောတူလိုက်လေ တော့သည်။

ကုမ္ပဏီခြံဝင်းအတွင်းရှိ ဥယျာဉ်ငယ်လေးထဲတွင် လမ်းလျှောက်နေသူ အတော်များများ ရှိနေနှင့်ပြီး ဖြစ်လေ သည်။ ရွှီပေါ်အန်း ထွက်လာသည်ကို မြင်သောအခါ သူတို့သည် သူတို့၏ ခြေလှမ်းများကို နှေးကွေးလိုက်ကြပြီး သူတို့၏ အသံများမှာလည်း များစွာ တိတ်ဆိတ်သွားခဲ့လေ၏။

သူတို့၏ အတွင်းစိတ်က မည်သို့ပင် တွေးတောနေစေကာမူ ဤအချိန်တွင် လူတိုင်းသည် မပြောဘဲ သိနေကြ သော စည်းမျဉ်းတစ်ခုကဲ့သို့ တညီတညွတ်တည်း လိုက်နာနေခဲ့ကြလေသည်။

ရွှီပေါ်အန်းသည် တိုက်ခန်းအဆောက်အအုံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည့် အချိန်မှသာ အပြင်ဘက်ရှိ လူအုပ်ကြီးမှာ ယခင်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့လေတော့သည်။

ရွှီပေါ်အန်းသည် သူ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

ယခုအခါတွင် ကံကောင်းထောက်မစွာဖြင့် မည်သူကမျှ မိမိ၏ အခန်းကို ဖယ်ပေးရန် အလျင်စလို မတောင်းဆို ကြတော့ချေ။

ဘွန်ဆိုင်းကို ဆင့်ခေါ်လိုက်ပြီး ရွှီပေါ်အန်းသည် သူ၏ အိတ်ကပ်ထဲမှ လက်ဝါးအရွယ်ခန့်ရှိသော ဟင်းချိုမှုန့် တစ်ထုပ်ကို ထုတ်ယူလိုက်လေသည်။

အထုပ်ကိုဖွင့်၍ ဟင်းချိုမှုန့် တစ်စေ့ကို ထုတ်ယူပြီးနောက် ရွှီပေါ်အန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီး အသံ ဩဩဖြင့် ပြောလိုက်လေသည်။

“ခေါင်ရှန်းရွာက ရွာသားတွေဟာ တောင်စောင့်နတ်မင်း နတ်ကွန်းကို ပြုပြင်ရာမှာ အကျိုးပြုခဲ့တဲ့အတွက် ငါက နတ်ဘုရားနံ့သာ တစ်စေ့ကို ဆုချီးမြှင့်လိုက်တယ်...။”

မကြာမီမှာပင် ကောင်းကင်ယံမှ သစ်သီးအရွယ်အစားခန့်ရှိသော ရေခဲနှင့်တူသည့် အရာများ ပြုတ်ကျလာပြီး မီးဖိုဘေးရှိ စဉ့်တီတုံးပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာသည်ကို မြင်လိုက်ရသဖြင့် ရွာသားများမှာ စိတ်လှုပ်ရှားသွားကြလေတော့သည်။

အခန်း (၁၁၈)

ဘွန်ဆိုင်းထဲမှ အရသာရှိသော အစားအစာ (အပိုင်း - ၂)

ကောင်းကင်ယံမှ ကျဆင်းလာသော အရသာမှုန့်ကို မြင်လိုက်ရသောအခါ ခေါင်ရှန်းရွာမှ ရွာသားများသည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြလေတော့သည်။

“ဘုရားရေ... တောင်စောင့်နတ်မင်းကြီးက ငါတို့ကို ရတနာတွေ ထပ်ပြီး ချီးမြှင့်ပြန်ပြီ...”

“နတ်ဘုရားနံ့သာခဲတဲ့... အဲဒါက ဘာအတွက် အသုံးပြုတာလဲ...။ နာမည်ကြားရုံနဲ့တင် အံ့သြစရာကောင်းနေ ပြီ...။”

“ငါလည်း မသိဘူး...။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီး ပေးသနားတဲ့အရာဆိုတော့ သာမန်မဟုတ်တဲ့ ရတနာ တစ်ပါး ဖြစ်ရမယ်ဆိုတာတော့ ငါ သေချာပေါက် ပြောရဲတယ်...။”

“အဓိပ္ပာယ်မရှိတာတွေ...၊ မင်း ပြောစရာတောင် မလိုပါဘူး...။ ဒီအရာရဲ့ နာမည်ကိုက ထူးခြားတဲ့အရာဆိုတာ ပြသနေပြီ...။”

“ဒီနာမည်ကို ထောက်ရှုကြည့်ရရင် နတ်ဘုရားတစ်ပါးရဲ့ တံတွေးတွေတော့ မဖြစ်နိုင်ဘူးမလား...။”

“မင်းလို ကောင်စုတ်လေးက အခုမှ ပြန်ရောက်လာပြီး အခြေအနေကိုလည်း နားမလည်ဘဲနဲ့ လျှောက်မပြော စမ်းနဲ့...။ ပါးစပ်သရမ်းပြီး တောင်စောင့်နတ်မင်းကြီး အမျက်ရှအောင် မလုပ်မိစေနဲ့...။”

“ဟုတ်တယ်...။ မြန်မြန် နတ်မင်းဘိုးဘိုးကြီးကို တောင်းပန်ပြီး တောင်စောင့်နတ်မင်းဘိုးဘိုးကြီးဆီက ခွင့်လွှတ်မှု တောင်းခံလိုက်စမ်း...”

“ဒါက လုံးဝ မှန်ကန်တယ်...။ ငါက စာသားအတိုင်း တိုက်ရိုက် ဘာသာပြန်ကြည့်ရုံပါ...။ တောင်စောင့်နတ်မင်း ကြီးက အဲဒီလောက်ထိ သဘောထားသေးသိမ်မှာ မဟုတ်ပါဘူးနော်...။”

“မင်းလို ကောင်စုတ်လေးက ငါ့ကို ဒေါသထွက်အောင်တော့ လုပ်နေပြီ...။ တောင်စောင့်နတ်မင်းကြီးရယ်... ကိုယ်ကျင့်တရားမရှိတဲ့ သားဖြစ်သူက မဆင်မခြင် ပြောဆိုမိပါတယ်...။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်သလို အရှင်နတ်မင်းကြီးကို စော်ကားလိုတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေး တော်မူပါ...။”

ရွှီပေါ်အန်းသည် ထိုလူစုကို စိတ်ဝင်တစား လှမ်းကြည့်လိုက်ပြီး အပြစ်မှ ခွင့်လွှတ်ပေးရန် တောင်းပန်နေသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က ထိုနေရာတွင် နေထိုင်ခဲ့သော ရွာမှ အဘိုးအိုတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိ လိုက်လေသည်။

ဒူးထောက်၍ အပြစ်ဝန်ခံရန် ငြင်းဆန်နေသူမှာ အသက်သုံးဆယ်အရွယ်ခန့် ရှိပြီဖြစ်သည်။ သူသည် ပိန်ပါးပြီး သူ၏ အဝတ်အစားများမှာ လည်ဝိုင်း အကြမ်းထည် လျှော်တေအဝတ်များကို ဝတ်ဆင်လေ့ရှိသော အခြားရွာ သားများနှင့် မတူချေ။ ယင်းအစား သူသည် စုတ်ပြဲနေသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားလေသည်။

သူ၏ ဝတ်ရုံတွင် ဖာထေးထားသော နေရာများစွာ ရှိသော်ငြားလည်း အပေါက်အပြဲ အချို့ ရှိနေသေးပြီး ထိုလူ၏ အနည်းငယ် ခပ်တည်တည်နိုင်သော မျက်နှာအမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ ဆင်းရဲနွမ်းပါးပြီး စုတ်ပြတ် သတ်နေသော သူတစ်ယောက်နှင့် လုံးဝ တူညီနေလေ၏။

ရွှီပေါ်အန်းသည် စူးစမ်းလိုစိတ်ဖြင့် လီချိန်းရှီထံမှ ထိုလူအကြောင်းကို မေးမြန်းလိုက်လေသည်။

“လီချိန်းရှီ... ဝတ်ရုံရှည်နဲ့ လူသစ်က ဘယ်သူလဲ...။”

လီချိန်းရှီသည် တောင်ပေါ်ရှိ တောင်စောင့်နတ်မင်း နတ်ကွန်းကို ပြုပြင်မွမ်းမံမှုများ အပြီးသတ်ရန် အလုပ်များ နေဆဲ ဖြစ်ပေသည်။ ဤစကားကို ကြားသောအခါ သူက အလျင်စလို ပြန်လည်ဖြေကြားလိုက်လေ၏။

“တောင်စောင့်နတ်မင်းကြီးကို အကြောင်းပြန်ရမယ်ဆိုရင် သူက ဆွေမျိုးငါးဆက်အတွင်းမှာ ပါဝင်တဲ့ ကျွန်တော် မျိုးရဲ့ ဝမ်းကွဲအစ်ကိုပါ...။ သူ့နာမည်က လီချိန်းကျန်းလို့ ခေါ်ပါတယ်...။ သူက မူလက ချင်းမူစီရင်စုက ကျောင်း မှာ ပညာသင်ကြားနေခဲ့ပြီး သူ့ရဲ့ ရမှတ်တွေကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်...။”

“လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်းမှာ သူ စာမေးပွဲတွေ ထပ်ခါတလဲလဲ ကျရှုံးခဲ့ရတာကတော့ ဝမ်းနည်း စရာပါပဲ...။ သူက စာ်လေ့လာတာ မတော်လို့တော့ မဟုတ်ပါဘူး..။ ဒါပေမဲ့ စာမေးပွဲရှိတဲ့ အချိန်တိုင်းမှာ ဖျားနာ နေတတ်သလို တခြားကိစ္စတွေကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်လို့ပါ...။”

“နောက်ပိုင်းမှာတော့ သူက တစ်စုံတစ်ရာ တုန်လှုပ်ချောက်ချားမှုကို ခံစားခဲ့ရပြီး ဒေါသထွက်မှုကြောင့် သူ့ရဲ့ ကျန်းမာရေးကို ထိခိုက်ခဲ့ပုံရကာ ပညာဆက်လက် သင်ကြားဖို့ မဖြစ်နိုင်တော့ပါဘူး...။ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်က သူ မိသားစုကို ထောက်ပံ့ဖို့ နည်းလမ်းတစ်ခုအနေနဲ့ ခရိုင်ကျောင်းကို ပြန်သွားပြီး ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်....။”

“သူက မနေ့ကမှ အဒေါ်တွေနဲ့အတူ ဆွေမျိုးတွေကို လာလည်ဖို့ ပြန်ရောက်လာတာပါ...။ ဒါပေမဲ့ သူနေထိုင် မကောင်းလို့ အလေးအပင်မဖို့အတွက် သူ့ကို ကျွန်တော်မျိုးတို့ မခေါ်ခဲ့ပါဘူး...။”

လီချိန်းရှီက တောင်စောင့်နတ်မင်းကြီးသည် ၎င်း၏ ဝမ်းကွဲအစ်ကိုဖြစ်သူအား တောင်စောင့်နတ်မင်း နတ်ကွန်း ပြုပြင်ရာတွင် မကူညီမှုကြောင့် အပြစ်တင်မည်ဟု ထင်မှတ်ခဲ့သဖြင့် သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ၏ သနား စရာကောင်းပြီး အဖြစ်ဆိုးလှသော အတွေ့အကြုံများအကြောင်းကို ချက်ချင်းပင် ပြောပြလိုက်ပြီး တောင်စောင့် နတ်မင်းကြီးက သူ့ကို အပြစ်မတင်စေရန် မျှော်လင့်လျက် ကောင်းသောစကား အနည်းငယ်ကို ပြောဆိုပေးခဲ့ ခြင်းဖြစ်လေသည်။

ရွှီပေါ်အန်းက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်လေသည်။ သူသည် မူလက ဤလူ၏ အဆင့်အထိ မိမိ ကိုယ်ကို နှိမ့်ချရန် မရည်ရွယ်ခဲ့သော်လည်း လူတိုင်းက ရွှီပေါ်အန်းအပေါ် အလွန်တရာ အလေးအမြတ်ထားကြပြီး ထူးဆန်းသောလူ တစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက ရွှီပေါ်အန်း၏ အာရုံစိုက်မှုကို ရှောင်လွှဲမရနိုင်အောင် ဆွဲဆောင်သွားခဲ့လေသည်။

လီချိန်းရှီ၏ မိတ်ဆက်စကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ဤလူကလည်း သနားစရာကောင်းသော ကံဆိုးသူ တစ်ယောက် ဖြစ်ကြောင်း နားလည်သွားခဲ့ပြီး သူနှင့် အငြင်းပွားရမည်ကို ပို၍ပင် အားနာမိသွားခဲ့ လေ၏။

ရွှီပေါ်အန်း ကျောင်းတက်နေစဉ်ကလည်း သူ၏ အတန်းထဲတွင် ပုံမှန်ရက်များ၌ ပညာရေးတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း စာမေးပွဲများနှင့် ကြုံလာသောအခါ စိတ်လှုပ်ရှားမှု သို့မဟုတ် အခြားသော အကြောင်းပြချက်များကြောင့် ထပ်ခါတလဲလဲ ကျရှုံးတတ်ကြပြီး သူတို့၏ ရမှတ်များမှာလည်း နေရာအနှံ့ ကစဉ့်ကလျား ဖြစ်နေတတ်သော ကျောင်းသားများ ရှိခဲ့ဖူးလေသည်။

သို့သော် ဤကဲ့သို့သော သူတစ်ယောက်သည် ၎င်းတို့၏ စာမေးပွဲကို နှောင့်နှေးစေသော အရာမျိုးနှင့် ကြုံတွေ့ရ သည်မှာမူ အမှန်တကယ်ပင် ကြားဖူးနားဝမရှိဘဲ မြင်ပင်မမြင်ဖူးခဲ့ချေ။

ဤအချိန်တွင် လူအတော်များများသည် မီးဖိုဘေးတွင် စုရုံးနေကြပြီး စဉ်းတီတုံးပေါ်ရှိ အရသာမှုန့်ကို စိုက်ကြည့်ကာ တက်ကြွစွာ ဆွေးနွေးနေကြလေသည်။

ရွှီပေါ်အန်းအတွက် တစ်မီလီမီတာ သို့မဟုတ် နှစ်မီလီမီတာခန့်သာ ကျယ်ဝန်းသော အရသာမှုန့် အစေ့ငယ်လေး အဖြစ် မြင်ရသော်လည်း ဘွန်ဆိုင်းကမ္ဘာထဲရှိ သေးငယ်သော လူပုလေးများအတွက်မူ ကမ်ကွတ်သီး တစ်လုံးခန့် ကြီးမားနေပုံရလေ၏။

ထို့ကြောင့် ဤလူများသည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကြည့်ရှုသူ များလွန်းခြင်း သို့မဟုတ် အစစ်အမှန်ကို မြင်ရန် အလှမ်းဝေးလွန်းခြင်းစသည့် ပြဿနာများ မရှိခဲ့ပေ။

“ဟေ့...ဒီအရာက ရေခဲတုံးလေးနဲ့ နည်းနည်းတော့ တူတယ်...။”

“ဟုတ်တယ်...။ တိတိကျကျ ပြောရရင် ဈေးထဲမှာ ရောင်းတဲ့ ရေခဲတုံး သကြားလုံးနဲ့ ခပ်ဆင်ဆင်ပဲ...။”

“ဟေ့... မင်းတို့က ဗဟုသုတ မရှိကြဘူး...။ အရင်က တောင်စောင့်နတ်မင်းကြီး ပေးသနားခဲ့တဲ့ နတ်ဆားက လည်း ဒီအတိုင်းပဲလေ...။”

“ဒါက ဆားနောက်တစ်မျိုးများ ဖြစ်နေမလား...။”

“မင်းက ငါ့ကို နောက်နေတာလား...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဒီအရာကို နတ်ဘုရားနံ့သာခဲလို့ ခေါ် တယ်ဆိုတာ မင်း မကြားဘူးလား...။ ဒါဟာ လုံးဝ မတူညီတဲ့ အရာတစ်ခု ဖြစ်ရမယ်...။”

“ပုံပန်းသဏ္ဍာန်တူတဲ့ ရေခဲတုံး သကြားလုံးပဲဖြစ်ဖြစ် နတ်ဘုရားတွေ ပေးသနားတဲ့ ဆားပဲဖြစ်ဖြစ် အားလုံးက ဟင်းခတ်အမွှေးအကြိုင်တွေချည်းပါပဲ...။ ဒီနတ်ဘုရားနံ့သာခဲကလည်း ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးများ ဖြစ်နေမလား...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် သေချာစွာ လေ့လာကြည့်လိုက်လေ၏။

ခပ်ဆင်ဆင် မှန်းဆနိုင်သော ထိုသူသည် တခြားသူမဟုတ်ဘဲ လီချိန်းကျန်းပင် ဖြစ်နေလေသည်။ ဤလူမှာ တော်တော်လေး ကောင်းမွန်သော ဦးနှောက်တစ်ခု ရှိသော်လည်း သူ၏ ကံကြမ္မာကမူ အနည်းငယ် ဆိုးရွား နေပုံရလေသည်။

ရွှီပေါ်အန်း အံ့အားသင့်သွားရသည်မှာ လီချိန်းကျန်း၏ ပြောစကားကို ရွာသားများက လျင်မြန်စွာပင် ချေပလိုက် ကြခြင်း ဖြစ်လေသည်။

ပထမဆုံး ကန့်ကွက်သူမှာ ရွာတွင် တော်တော်လေး အလေးစားခံရသော လီလောင်ဆန်းပင် ဖြစ်လေ၏။

“မဟုတ်ဘူး... မဟုတ်ဘူး...။ ဘယ်လိုလုပ် ဟင်းခတ်အမွှေးအကြိုင် ဖြစ်နိုင်မှာလဲ...။ ဒီလောက် လှပဆန်းပြားတဲ့ နာမည်မျိုးဆိုတော့ ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်ရမယ်...။”

“အဲဒါလည်း ယုတ္တိရှိတာပဲ...။ သခင်ကြီးသုံး ပြောတာ မှန်တယ်လို့ ငါ ထင်တယ်...။”

“ဟုတ်တယ်... နားထောင်ကြည့်စမ်း...။ နတ်ဘုရားနံ့သာခဲတဲ့...။ နာမည်လေးတင်ကိုက သေလူကိုတောင် ရှင်သန်စေနိုင်တဲ့ အံ့ဖွယ်ဆေးတစ်ခွက် ဖြစ်နေပြီ...။”ဒ

“နာမည်က ဟင်းခတ်အမွှေးအကြိုင်နဲ့ တော်တော်လေး တူတယ်လို့ ငါ ထင်ပေမဲ့ အကြောင်းတစ်ခုခုကြောင့် မွှေးရနံ့တော့ ထွက်မလာဘူး...။ သူ့ရဲ့ မွှေးရနံ့ ထွက်ပေါ်လာအောင် ငါတို့က နည်းလမ်းတစ်ခုခုနဲ့ လုပ်ဖို့ လိုအပ် နေတာများလား...။ ဒါကို ငါတို့ အပူပေးကြည့်သင့်သလား...။”

“ဒီအရာနဲ့ ပတ်သက်ပြီး လျှောက်မလုပ်ကြပါနဲ့...။ ဒါက စားလိုက်တာနဲ့ အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိစေမယ့် ရတနာတစ်မျိုးများ ဖြစ်နေနိုင်မလား...။”

“မင်းက အဲဒီလိုပြောမယ်ဆိုရင် ဒီအရာက မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ အဆောင်တစ်ခုလို့ ငါ ထင်တယ်...။ ခွေးနက်သွေး ဒါမှမဟုတ် ကြက်ဖသွေးက မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တယ်ဆိုတာ မင်း မကြားဖူးဘူး လား...။ အဲဒီရှုထောင့်ကနေ ကြည့်ရင် နတ်ဘုရားနံ့သာခဲက မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တယ်ဆိုတာ ပိုပြီး ယုံကြည်စရာ ကောင်းတယ်...။”

ဤလူများ အထူးသဖြင့် စားဖိုမှူးများသည် ၎င်းတို့၏ သုတေသနတွင် ပိုမို လမ်းလွဲလာသည်ကို ရွှီပေါ်အန်းက စောင့်ကြည့်နေရင်း လုံးဝ ခေါင်းရှုပ်သွားခဲ့လေ၏။

ရွှီပေါ်အန်းသည် သူ သေချာစွာ စဉ်းစားပြီး နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့သော နတ်ဘုရားနံ့သာခဲ ဟူသည့် နာမည်အတွက် စတင် နောင်တရလာခဲ့လေသည်။

အစကတော့ အဆင့်အတန်းရှိပြီး သပ်ရပ်နေအောင် မြင်ချင်ရုံသာ ဖြစ်သော်လည်း ဤမျှ ရယ်စရာကောင်းသော အခြေအနေမျိုးကို ရောက်သွားလိမ့်မည်ဟု ဘယ်သူက သိမည်နည်း...

ရွှီပေါ်အန်းက အကူအညီမဲ့စွာဖြင့် တွေးလိုက်လေသည်။

*သူတို့ကို ဆက်ပြီး ခန့်မှန်းခွင့် ပေးထားလို့ မဖြစ်တော့ဘူး...။ သူတို့ ဆက်ပြီး ခန့်မှန်းနေမယ်ဆိုရင် ပိုပိုပြီးတော့ တောင် အဓိပ္ပာယ်မဲ့လာလိမ့်မယ်...။*

ရွှီပေါ်အန်းသည် လီလောင်ဆန်းကို ချက်ချင်းပင် သီးသန့် ညွှန်ကြားလိုက်လေ၏။

“ဒီအရာက အစားအစာရဲ့ မွှေးရနံ့နဲ့ အရသာကို တိုးမြင့်စေနိုင်တယ်...။ ဒါပေမဲ့ ပမာဏကိုတော့ သတိထားဖို့ လိုတယ်...။ အကြိမ်တိုင်းမှာ နည်းနည်းချင်းစီ ထည့်တာက ပိုပြီး ဘေးကင်းတယ်...။ အကြိမ်တိုင်းမှာ တောင် တန်းဝါသီး အရွယ်အစားထက် မပိုစေနဲ့...။ အသားကျသွားအောင် မင်း ဒါကို အကြိမ်အနည်းငယ်လောက် စမ်း ကြည့်လို့ ရတယ်...။”

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ လီလောင်ဆန်းသည် သိသိသာသာပင် အံ့အားသင့်သွားခဲ့ပြီးနောက် သူ၏ အကြည့်များက လီချိန်းကျန်းထံသို့ အလိုအလျောက် ရောက်ရှိသွားလေသည်။

မထင်မှတ်ထားဘဲ ကောင်လေးက မှန်အောင် ခန့်မှန်းနိုင်ခဲ့လေ၏။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး၏ ပြော စကားအရ ဆိုလျှင် ဤအရာသည် အမှန်တကယ်ပင် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဖြစ်နေလေသည်။

လူတိုင်းက ခန့်မှန်းဂိမ်းကို စိတ်အားထက်သန်စွာ ကစားနေကြဆဲ ဖြစ်သည်ကို မြင်သောအခါ လီလောင်ဆန်းက သူတို့ကို တားဆီးရန် လက်ကာပြလိုက်ပြီး ပြောလိုက်လေ၏။

“အားလုံးပဲ... ဆက်မခန့်မှန်းကြပါနဲ့တော့...။ ဒါက တကယ့်ကို ဟင်းခတ်အမွှေးအကြိုင်ပါပဲလို့ တောင်စောင့်နတ် မင်းဘိုးဘိုးကြီးက ငါ့ကို ပြောခဲ့တယ်...။”

လီလောင်ဆန်း စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲရှိ လူအားလုံး ငြိမ်သက်သွားကြပြီး လီချိန်းကျန်းထံသို့ အာရုံစိုက်လိုက်ကြလေသည်။

နှစ်များတစ်လျှောက်တွင် လီချိန်းကျန်းသည် သူ၏ ကံဆိုးမှုများနှင့် ကံကြမ္မာ အဆိုးအဝါးများကြောင့်

ထို့နောက် လီလောင်ဆန်းသည် သူ၏ ဘေးနားရှိ စားဖိုမှူးများအား ရွှီပေါ်အန်း၏ စကားများကို အသေးစိတ် ထပ်မံ ပြောပြခဲ့ပြီး အရသာမှုန့် အနည်းငယ်ကို ဓားဖြင့် ခြစ်ချကာ သူ၏ဘေးရှိ ဟင်းချိုအိုးထဲသို့ ထည့်ကြည့်ရန် လူတိုင်းကို တိုက်တွန်းခဲ့လေသည်။

လတ်ဆတ်မှုကို စမ်းသပ်ခြင်းနှင့် ပတ်သက်လာလျှင် ဟင်းချိုသည် သဘာဝအားဖြင့် အမြန်ဆုံး နည်းလမ်းပင် ဖြစ်လေ၏။

မကြာမီ လီလောင်ဆန်းသည် ဟင်းချိုကို အကြိမ်အနည်းငယ် မွှေလိုက်ပြီး ဟင်းချို ဇွန်းတစ်ဝက်ခန့်ကို သတိ ထား၍ ခပ်ယူကာ ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်လေသည်။

လီလောင်ဆန်းသည် တစ်ငုံ သောက်လိုက်ပြီးနောက် အခြား စားဖိုမှူးများထံသို့ အလှည့်ကျ မြည်းစမ်းကြည့်ရန် ကမ်းပေးလိုက်လေ၏။

နောက်ဆုံးတွင် ပန်းကန်လုံးသည် လီလောင်ဆန်း၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

လီလောင်ဆန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ထပ် အနည်းငယ် ခပ်ယူကာ မနီးမဝေးတွင် ရပ်နေ သော လီချိန်းကျန်းထံသို့ ကမ်းပေးလိုက်လေ၏။

“ချိန်းကျန်း... မင်းလည်း နည်းနည်းလောက် မြည်းကြည့်သင့်တယ်...။”

“အာ... အို...၊ ကျေးဇူးတင်ပါတယ် သခင်ကြီးသုံး...။”

လီချိန်းကျန်းသည် ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်းနှင့် အကုန်သောက်ချလိုက်ကာ သူ၏ နှုတ်ခမ်းများကို အလေးအနက်ထား၍ သပ်လိုက်လေသည်။

ဟင်းချိုကို မြည်းစမ်းကြည့်ပြီးနောက် စားဖိုမှူးများ အားလုံးတွင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသော တူညီသည့် မျက်နှာအမူအရာမျိုး ရှိနေကြလေ၏။

“ဘုရားရေ...၊ အရသာက မယုံနိုင်လောက်အောင်ကို ကောင်းလွန်းတယ်...။”

“ဒီလောက် အရသာရှိတဲ့ ဟင်းချိုမျိုးကို ငါ အရင်က တစ်ခါမှ မမြည်းစမ်းဖူးဘူး...။”

“ဒီအရသာက ငါလုပ်ထားတဲ့ တောမှိုကြော်လောက်နီးပါး ကောင်းတယ်...။ ငါသာ နောက်ထပ် နည်းနည်းလောက် ထပ်ထည့်လိုက်ရင် ဘယ်လို အရသာမျိုး ဖြစ်သွားမလဲဆိုတာတောင် တွေးမကြည့်တတ်တော့ဘူး...။”

“နောက်ထပ် နည်းနည်းလောက်...။ နောက်ထပ် နည်းနည်းလောက် ထပ်ထည့်ပါဦး...။”

“ချိန်းကျန်း...၊ ဒီအရသာကို မင်း ဘယ်လိုထင်လဲ...။”

လီလောင်ဆန်းက လီချိန်းကျန်း၏ ထင်မြင်ချက်ကို ဦးဆောင်၍ မေးမြန်းလိုက်လေသည်။

လီချိန်းကျန်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏။

“ငါတို့ နောက်ထပ် မထည့်ဖို့ ကျွန်တော် အကြံပြုချင်တယ်...။ အရသာက အကောင်းဆုံး ဟင်းလျာတွေနဲ့တောင် နှိုင်းယှဉ်လို့ ရနေပြီလေ...။ သခင်ကြီးသုံး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဒီအရာကို အလွန်အကျွံ မထည့် သင့်ဘူးလို့ ပြောခဲ့တယ်ဆိုတာ ခင်ဗျား အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား...။ ဒါပေမဲ့ ဒါက အရသာ စမ်းသပ်ရုံသက်သက်ဆိုတော့ နောက်ထပ် နည်းနည်းလောက် ထပ်ထည့်တာကတော့ အထိခိုက်မရှိနိုင်ပါဘူး...။ ငါတို့က နှိုင်းယှဉ်ကြည့်ပြီး ပိုသင့်တော်တဲ့ ပမာဏကို သိနိုင်တာပေါ့...။”

လီလောင်ဆန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

“အဲဒါလည်း ယုတ္တိရှိတာပဲ...။ နောက်ထပ် နည်းနည်းလောက် ထပ်ထည့်ပြီး စမ်းကြည့်ကြရအောင်...။”

ထိုသို့ပြောပြီးနောက် လီလောင်ဆန်းသည် အရသာမှုန့် အနည်းငယ်ကို ထုတ်ယူကာ ဟင်းချိုထဲသို့ ထည့်လိုက် လေသည်။

ချက်ချင်းပင် လတ်ဆတ်သော မွှေးရနံ့တစ်ခု ပျံ့လွင့်လာကာ ကြည့်ရှုနေသူများ၏ နှာခေါင်းများကို ရှုံ့တွသွား စေပြီး ဘွန်ဆိုင်း၏ အပြင်ဘက်တွင် ရပ်နေသော ရွှီပေါ်အန်းပင်လျှင် နှာခေါင်းမရှုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ လေသည်။

*ဘုရားရေ... အနံ့က အလွန်တရာ ပြင်းရှလွန်းလှပါလား….။*

ဘွန်ဆိုင်းအခန်းထဲရှိ လူတိုင်းသည် ချီးကျူးစကားများဖြင့် ပြည့်နှက်နေကြလေသည်။

“တကယ့်ကို မွှေးတာပဲ...။ မွှေးရနံ့က အံ့သြစရာကောင်းလွန်းတယ်...။”

“နတ်ဘုရားတွေအတွက် အစားအစာ ဖြစ်နေတာလည်း မဆန်းပါဘူး...။ ရိုးရိုးလေးနဲ့ကို ယုံနိုင်စရာမရှိအောင် ကောင်းနေတာပဲ...။”

လီလောင်ဆန်းသည် နောက်ထပ် ဟင်းချို ဇွန်းငယ်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး တစ်ငုံ သောက်လိုက်ပြီးနောက် သူ၏ မျက်မှောင်များ ကြုတ်သွားလေ၏။

ထို့နောက် ၎င်းကို အလှည့်ကျ ကမ်းပေးလိုက်လေသည်။

မကြာမီ လီချိန်းကျန်းလည်း မြည်းစမ်းခွင့် ရသွားခဲ့လေ၏။

ဤတစ်ကြိမ်တွင်မူ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများသည် အစောပိုင်းက ပြသခဲ့သော အံ့သြမှုမျိုး မရှိတော့ဘဲ ယင်းအစား ၎င်းတို့သည် ပို၍ အံ့အားသင့်နေကြောင်း ပြသနေကြလေသည်။

“ဒါက... အရသာက နည်းနည်းလေး ထူးဆန်းလွန်းမနေဘူးလား...။”

“အနံ့ကတော့ မွှေးပါတယ်...၊ ဒါပေမဲ့ အရသာကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်...။”

“ဒီဟင်းချိုအိုးအတွက်တော့ နှမြောစရာပဲ...။ ရေနည်းနည်းလောက် ထပ်ထည့်လိုက်ကြရအောင်...။”

“ဟုတ်တယ်... ဟုတ်တယ်...၊ ရေနည်းနည်း ထည့်လိုက်...။ မြန်မြန် ရေနည်းနည်း ထည့်လိုက်စမ်း...။”

လီလောင်ဆန်းက ရေထည့်ရန် အိုးတစ်လုံးကို လှမ်းယူလိုက်သည်ကို မြင်သောအခါ ရွှီပေါ်အန်းက ချက်ချင်း တားဆီးလိုက်ပြီး ပြောလိုက်လေ၏။

“ခဏလေး နေပါဦး...။”

အခုလေးတင် ရွှီပေါ်အန်း အံ့အားသင့်သွားခဲ့ရသည်မှာ ဤအရာကို ရှူရှိုက်မိပြီးနောက် သူ၏ ဝမ်းဗိုက် အောက် ပိုင်းတွင် ခဏအကြာ၌ နွေးထွေးသော မီးတောက်တစ်ခု ထတောက်လာသကဲ့သို့ ခံစားလိုက်ရခြင်းပင် ဖြစ်လေ သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် အလွန် ရှေးကျသော ဆန္ဒတစ်ခုကို ခံစားလိုက်ရလေ၏။

*ကောင်းကင်ဘုံရှင်... ဤသည်မှာ မည်သို့သော ဟင်းချိုမျိုး ဖြစ်နေပါသနည်း…။*

၎င်းသည် အမှန်တကယ်ပင် ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိနေခဲ့လေ၏။

လီလောင်ဆန်းသည် ရွှီပေါ်အန်း၏ ရုတ်တရက် စကားကြောင့် လန့်ဖျပ်သွားခဲ့လေသည်။ သူ၏ လက်များ တုန်ယင်သွားကာ အိုးလည်း တုန်ခါသွားပြီး လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ဘေးရှိ စားဖိုမှူးက သူ့ကို ဖမ်းဆွဲထားနိုင်ခဲ့လေသည်။

ဤသည်က ရွှီပေါ်အန်းအတွက် သတိပေးချက် တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး သူ့ကို တန်ဖိုးရှိသော သင်ခန်းစာ တစ်ခု ပေးစွမ်းနိုင်ခဲ့လေ၏။

သက်ကြီးရွယ်အိုများသည် လူငယ်များနှင့် အမှန်တကယ်ပင် ကွာခြားလှလေသည်။ သက်ကြီးရွယ်အိုများကို ဖျားနာစေသည်အထိ မခြောက်လှန့်မိစေရန် နောက်တစ်ကြိမ် မည်သူနှင့် စကားပြောရမည်ကို ရွေးချယ်ရာတွင် သူ ပို၍ သတိထားသင့်ပေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊အရှင်နတ်မင်းကြီးရဲ့ ညွှန်ကြားချက်တွေက ဘာများပါလဲ...။ ကျေးဇူးပြုပြီး မိန့်ကြားတော်မူပါ...။”

ရွှီပေါ်အန်းက ဆက်ပြောလိုက်လေ၏။

“ဒီဟင်းချိုအိုးထဲမှာ ဘာတွေ ပါလဲ...။”

လီလောင်ဆန်းက အရာလေးငါးခုကို တစ်ခုချင်းစီ ရေရွတ်ပြလိုက်လေသည်။

“တောင်စောင့်နတ်မင်းကြီးရဲ့ မေးခွန်းကို ဖြေကြားရမယ်ဆိုရင် ကျွန်တော်မျိုးက တောရိုင်းမြက်လုံးတချို့၊ ရှန်းဟွမ်သီး၊ တောရိုင်းကလိုဗာပင်၊ ကမ်းပါးယံ နတ်ဆေးပင်နဲ့ ပြီးတော့ တောမှို အနည်းငယ်လောက်ပဲ ထည့် ထားတာပါ...။ ဒါတွေ အခြေခံအားဖြင့် နှစ်များစွာကြာ ကျွန်တော်မျိုး စုဆောင်းထားခဲ့တဲ့ တောရိုင်းဟင်းသီး ဟင်းရွက် ရိုးတံတွေနဲ့ တောရိုင်းသစ်သီးတွေပါပဲ...။ အထူးတလည်တော့ မရှိပါဘူး...။”

ရွှီပေါ်အန်းသည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး အနည်းငယ် ကြက်သေ သေသွားခဲ့လေ၏။

ရွှီပေါ်အန်း အရင်က မြင်ဖူးခဲ့သော တောရိုင်း ရှန်းကျာသီးမှလွဲ၍ အခြား တောမှိုများအကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။ တောမှိုများက မည်သည့်အရာ ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သော်လည်း သူ သေချာ မသိခဲ့ပေ။

သူသည် တောရိုင်းသစ်သီးနှင့် ဟင်းခတ်အမွှေးအကြိုင်ဟု အမည်ခံကာ ရှန်းကျာသီးကို မတော်တဆ တွေ့ရှိခဲ့ကြောင်း သတိရသွားသဖြင့် ရွှီပေါ်အန်းက ထပ်မံ မေးမြန်းလိုက်လေသည်။

“ဒီအရာတွေအပြင် ဟင်းခတ်အမွှေးအကြိုင်တွေလိုမျိုး တခြားဘာတွေ ထပ်ထည့်ထားသေးလဲ...။”

လီလောင်ဆန်းက ခါးသီးသော အပြုံးဖြင့် ပြောလိုက်လေ၏။

“ဒါအကုန်ပါပဲ... ဘာမှ မကျန်တော့ပါဘူး...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး အခုလေးတင် ပေးသနားခဲ့တဲ့ နတ်ဘုရားနံ့သာခဲကလွဲရင် ဆားနဲ့ ရေ နည်းနည်းပဲ ရှိပါတော့တယ်...။ အဲဒါက အရှင်မင်းကြီး ပေးသနားခဲ့တဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းက ရေချိုပါ...။ သိပ်မကျန်တော့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ အရင်က မိုးရွာထားလို့ အခုတော့ ကျွန်တော်မျိုးတို့ ရေ သိပ်မပြတ်လပ်တော့ပါဘူး...။”

*ဆားနှင့် ရေချို...*

*ဘုရားရေ...ဒီအရာနှစ်ခုက သေချာပေါက် ဒီလိုမျိုး အထူး အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ဘူးလေ...။*

*ဒါဆိုရင် ဒါတွေက ကျန်နေတဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ ဖြစ်ပုံရတယ်...။*

ရွှီပေါ်အန်းသည် သူ၏ ချဉ်းကပ်ပုံကို ပြောင်းလဲရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ဘဲ ညွှန်ကြားလိုက်လေ၏။

“ကောင်းပြီလေ... ဒီဟင်းချိုအတွက် ပါဝင်ပစ္စည်း တချို့ကို ငါ့အတွက် ပြင်ဆင်ပေးပြီး ဟင်းချို တစ်ပန်းကန် လောက်လည်း ငါ့ကို ပေးပါဦး...။”

“ကောင်းပါပြီ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ကျွန်တော်မျိုး ချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်...၊ အနည်း ငယ် ကျန်ပါသေးတယ်...။”

ခေါင်ရှန်းရွာတွင် ရွှီပေါ်အန်း၏ စကားများကို နတ်ဘုရား၏ အလိုတော်အဖြစ် သတ်မှတ်ကြလေသည်။ မကြာမီ ဟင်းသီးဟင်းရွက်ခြောက် တစ်ထုပ်နှင့် ဝါးကျည်တောက်ဖြင့် ပြုလုပ်ထားသော ပန်းကန်လုံး တစ်လုံးသည် ရွှီပေါ်အန်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့လေ၏။

ရွှီပေါ်အန်းသည် အဝတ်အိတ်နှင့် ဝါးကျည်တောက်ကို ထုတ်ယူပြီးနောက် ၎င်းတို့ကို ပိုကြီးလာစေရန် စိတ်ကူး လျက် စားပွဲပေါ်တွင် တင်ထားလိုက်လေသည်။ မကြာမီ ထိုအရာနှစ်ခုသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွားလာခဲ့လေ၏။

ပထမဆုံးအနေဖြင့် ထူထဲသော ဝါးပန်းကန်လုံး ရှိနေလေသည်။ ရွှီပေါ်အန်းသည် ၎င်းကို ကောက်ကိုင်လိုက်ပြီး ညင်သာစွာ မှုတ်လိုက်ကာ အရသာခံရန် ငုံ့၍ အနည်းငယ် သောက်လိုက်လေ၏။

*ဝါး...၊ ဒါက တကယ် အလုပ်ဖြစ်တာပဲ...။*

*ဒါတွေက ဘာတွေလဲ...။ ဘာလို့ သူတို့က ဒီလောက် အံ့သြစရာ ကောင်းနေရတာလဲ...။*

ရွှီပေါ်အန်းသည် အစောပိုင်းက ထိုလူများ၏ ထူးဆန်းပြီး အံ့အားသင့်နေသော အကြည့်များကို ရုတ်တရက် နားလည်သွားခဲ့လေသည်။

ထို့ကြောင့် သူ အနည်းငယ် ရှက်ရွံ့နေခဲ့သည် မဟုတ်ပါလား။

ပေါ့ပေါ့ပါးပါး ပြုတ်ထားသော တောရိုင်းဟင်းသီးဟင်းရွက် ဟင်းချိုတစ်ခွက်သည် အလွန် အာဟာရပြည့်ဝသော ဟင်းချိုတစ်ခွက်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ရွှီပေါ်အန်းသည် အကြမ်းထည် အဝတ်ထုတ်ကို ဖွင့်လိုက်ရာ အထဲတွင် တောရိုင်းဟင်းသီးဟင်းရွက်ခြောက် အမျိုး အစားများစွာ ရောနှောနေသည်ကို တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်းသည် ဘယ်အရာက ဘာမှန်းပင် မခွဲခြားနိုင်တော့ချေ။

*ဘုရားရေ...*

ခေါင်ရှန်းရွာမှ ထိုရွာသားများသည် အလွန် ရိုးရှင်းပြီး ရိုးသားလှကာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီမှ ဤရုံးဝန်ထမ်းများလောက် ကွန်ရက်ချိတ်ဆက်မှုတွင် ကျွမ်းကျင်မှု မရှိကြပေ။

တစ်ခါတလေမှာ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းက အလွန် အရေးကြီးနေသေးပုံရလေ၏။

သို့သော် ရွှီပေါ်အန်းက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဤအရာများထဲမှ မည်သည့် အရာကို မျှ မမှတ်မိသဖြင့် ၎င်းတို့ကို အတူတကွထားခြင်းနှင့် ခွဲထားခြင်းကြားတွင် သိပ်ပြီး ကွာခြားမှု မရှိလှချေ။

ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ဖုန်းမှ ပုံရိပ်မှတ်သားမှု လုပ်ဆောင်ချက်ကို ဖွင့်ကာ တောရိုင်းဟင်းသီးဟင်းရွက်ခြောက်များအပေါ် စမ်းသပ်ကြည့်လိုက်လေသည်။

၎င်းတို့သည် လက်ဗလာဖြင့်သာ ထွက်ပေါ်လာခဲ့လေ၏။ စနစ်က ၎င်းတို့ကို မမှတ်မိခြင်း သို့မဟုတ် ၎င်းမှတ်မိ သော အရာများသည် ဤတောရိုင်းဟင်းသီးဟင်းရွက်များ၏ ပုံပန်းသဏ္ဍာန်နှင့် လုံးဝ ကွဲပြားနေခြင်းဖြစ်ပေမည်။

*တခြားနည်းလမ်း တကယ်ကို မရှိတော့တဲ့ပုံပဲ...။*

*ငါ့ဘေးနားမှာ ယုံကြည်ရတဲ့ ဆရာဝန်တစ်ယောက်လောက် ရှိရင် သိပ်ကောင်းမှာပဲ...။*

ဤအရာကို တွေးမိသောအခါ ကုမ္ပဏီ၏ ဆေးခန်းအပေါ် ရွှီပေါ်အန်း၏ မကျေနပ်မှုက ပိုမို နက်ရှိုင်းလာခဲ့လေ၏။

သူ့နေရာတွင် အစားထိုးရန် လူတစ်ဦးကို အမြန်ဆုံး ရှာဖွေသင့်၊ မသင့်ကို စဉ်းစားနေစဉ်မှာပင် ရွှီပေါ်အန်း၏ ဖုန်းမြည်လာခဲ့လေသည်။

“ဟဲလို...”

“ဟဲလို... ဒါက တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံကပါ...။ လူကြီးမင်းရဲ့ ဆေးစစ်ချက် အစီရင်ခံစာ ရပါ ပြီ...။ ကျေးဇူးပြုပြီး အမြန်ဆုံး လာယူလှည့်ပါ...။”

“ကောင်းပြီ...၊ ဒီနေ့လယ်ကျရင် ငါ သွားယူလိုက်မယ်...။”

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေ၏။

ဖုန်းတစ်ဖက်တွင် ခေတ္တမျှ တုံ့ဆိုင်းနေပုံရပြီးမှ အသံထွက်လာခဲ့လေသည်။

“ကောင်းပါပြီ...။ အင်း... လူကြီးမင်းရဲ့ မိသားစုနဲ့အတူ လာဖို့ ကျွန်တော်တို့ အကြံပြုချင်ပါတယ်...။”

All Chapters