သူပဲ... သေချာပေါက် သူပဲ
Vol. 12 Ch. 1157
ပင့်ကူအိမ်များ ဖုံးလွှမ်းနေသည့် ဒုတိယအင်မော်တယ်နယ်မြေထဲရှိ မင်းဆက်နှစ်ခုမှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများက ပိုင်ရှောင်ချန်းကို ရှာဖွေနေကြစဥ် သူသည် ယပ်တောင်စုတ်ကြီးပေါ်သို့ ရောက်နေပြီး သူ၏ရှေ့တွင်ရှိသော ဖွတ်ကြီးကို စိတ်လှုပ်တရှား စစ်ဆေးကြည့်ရှုနေတော့သည်။
သူ၏ပထမဆုံး အသေးစိတ်စစ်ဆေးချက်အရ ထိုဖွတ်ကြီးမှာ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။ သို့သော် သူသည် အလွန်သတိကြီးကြီးထားတတ်သော လူစားမျိုးဖြစ်၍ ဘေးကင်းစေရန်အတွက် ၎င်းအပေါ်တွင် အချုပ်အနှောင်မန္တန်အချို့ တပ်ဆင်လိုက်သေးသည်။ ထို့နောက် သူသည် မြောက်ပိုင်း၏ ဓားကြီးကိုထုတ်၍ ၎င်းအား အကြိမ်အနည်းငယ်ခန့် ခုတ်ထစ်လိုက်တော့သည်။
ထိုဖွတ်ကြီးမှာ သေဆုံးနေသည် မဟုတ်ပါသော်လည်း ၎င်း၏အငွေ့အသက်မှာ အလွန်အားနည်းနေပြီဖြစ်သောကြောင့် အသားတုံးကြီးတစ်တုံးကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။
အဆုံးသတ်တွင် သူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။
" သတိကြီးကြီးထားလို့ ပိုတယ်ဆိုတာ မရှိဘူးကွ "
သူ့အတွက်ဆိုလျှင် တမူထူခြားသော သတိကြီးကြီးထားတတ်သည့် သူ၏အမူအကျင့်မှာ အလွန်ကောင်းမွန်သည့်အချင်းအရာတစ်ခု ဖြစ်နေပြီး သူ၏မျက်ဝန်းများမှာ ဂုဏ်ယူဝင့်ကြွားမှုများ၊ မျှော်လင့်ချက်များနှင့်အတူ တောက်ပလာတော့သည်။
" စောစောတုံးက ငါ့ထာဝရအသက်ရှည်နည်းအတတ်ကနေ တုံ့ပြန်မှုတစ်ခုထွက်လာတာကို ခံစားမိလိုက်တယ်။ အခု ငါ့ကိုနှောင့်ယှက်မဲ့လူ မရှိတော့ဘူးဆိုတော့ ... အဲဒီအတတ်ကို ပိုပြီးပြီးပြည့်စုံအောင် လုပ်လို့ရမလား မသိဘူး "
သူသည် ထိုသို့တွေးတောလိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏လက်ကို ဖွတ်ကြီးပေါ်သို့တင်၍ သူ၏ ထာဝရအသက်ရှည်နည်းအတတ်ကို အသုံးပြုလိုက်သည်။
ထိုအခါ မလှုပ်မယှက်ရပ်နေသည့် မြင်းလှည်းကြီးတစ်စင်းကို ကြီးမားသောအားကြီးတစ်ခုဖြင့် တွန်းလိုက်သည့်အလား၊ သူ၏အတတ်က ချက်ချင်းဆိုသလို နိုးထလာပြီး သူ၏ လှုံ့ဆော်ချက်များကြောင့် အချိန်နှင့်အမျှ ပို၍အားကောင်းလာသည့် ဆွဲငင်အားတစ်ခု ပေါ်ထွက်လာတော့သည်။
၎င်းမှာ ရုတ်ချည်း ဖြစ်ပျက်သွားခဲ့ပါသော်လည်း သူသည် ထိုသို့ဖြစ်လာစေရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် ဖွတ်ကြီးကို လက်တစ်ဖက်ထဲနှင့် ဖိကိုင်ထားနေရာမှ သူ၏အခြားလက်တစ်ဖက်ကို ၎င်း၏ဦးခေါင်းပေါ်သို့တင်၍ ဖိထားလိုက်တော့သည်။
သူ၏လက်နှစ်ဖက်မှာ လေပွေနှစ်ခုကဲ့သို့ဖြစ်နေပြီး သူသည်ကား အနက်ရောင်ကျင်းကြီးတစ်ကျင်းကဲ့သို့ ဖြစ်နေသည်။ ဖွတ်ကြီးမှာမူ အသားများတုန်ရီလာပြီး မျက်လုံးများ ပြူးနေတော့သည်။ ၎င်းထံမှ အသက်ပြင်းပြင်းရှူသံများကိုပင် ကြားနေရသည်။
သူသည် ထိုဖွတ်ကြီးဆီမှ မည်သည့်အရာကိုစုပ်ယူနေမှန်း တိကျရေရာစွာ မသိရသော်လည်း သက်စောင့်အားမဟုတ်မှန်းတော့ သိသည်။ သူစုပ်ယူနေသည့်အရာမှာ အခြားသောကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ အလွယ်တကူစုပ်ယူနိုင်မည်မဟုတ်ပဲ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများပင် ခဲယဥ်းစွာ စုပ်ယူရမည့် ဖွတ်ကြီး၏ သွေးကဲ့သို့သော အရာများ ဖြစ်သည်။
ရွှမ်ကျုံးပြည်နယ်ထဲတွင် သူရိပ်မိခဲ့သည့်အတိုင်းပင် သူ၏ထာဝရအသက်ရှည်နည်းအတတ်နှင့် ဤဖွတ်ကြီးတို့၏ မူရင်းဇစ်မြစ်မှာ ဆင်တူနေသည်။ ထို့ကြောင့် ထိုစုပ်ယူမှုမှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။
တစ်ခဏမျှသာ ကြာလိုက်ပြီး ဖွတ်ကြီးမှာ အရောင်များမှေးမှိန်ကာ ပုတ်ပွလာသည့်အလား ၎င်း၏အသားများ မည်းနက်သွားသည်။
သို့သော်လည်း ၎င်းမှာ ပုတ်ပွနေခြင်းမဟုတ်ပေ။ သာမန်လူတစ်ယောက် ဖျားနာခြင်းမရှိပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ဂုဏ်သတ္တိအချို့ ဖြည်းညင်းစွာပျောက်ကွယ်သွားသဖြင့် ရုတ်ချည်း အားအင်ချည့်နဲ့သွားသည်ပုံစံနှင့် တူနေပေသည်။
ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို သတိထားမိလိုက်သဖြင့် မျက်လုံးများပြူးကျယ်သွားသည်။ သူ၏ ထာဝရအသက်ရှည်နည်းအတတ်က စုပ်ယူနေသည့်အရာကို သူ အတိအကျ မသိပါသော်လည်း ၎င်းအတတ်မှာ အသွင်ပြောင်းနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ၏ သွေး၊ အသား၊ အရိုးများ၊ စွမ်းအင်လမ်းကြောင်းများနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ အခြားအရာအားလုံး ပြောင်းလဲစပြုလာသဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားတော့သည်။
ယခင်ကဆိုလျှင် ဤအတတ်ကို သူကျွမ်းကျင်တတ်မြောက်သွားပြီဖြစ်၍ ဆက်လက် ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူ၏အပြင်အားမှာ အမှန်တကယ်မြင့်တက်လာနေပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်နေပြီး သူ့အသားများတုန်ရီကာ သူ၏ အပြင်ခန္ဓာကိုယ်သာမက သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များပါ ပို၍စွမ်းအားကြီးမားလာကြောင်း ခံစားနေရတော့သည်။
သို့သော် ထာဝရအပိုင်းတစ်ခုအပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။ အသက်ရှည်နည်းအပိုင်းမှာ မပြောင်းလဲပေ။
သို့သော်လည်း သူက ပျော်မဆုံးဖြစ်နေပြီဖြစ်သည်။ သူ၏အပြင်ခန္ဓာကိုယ် တိုးတက်မှုမရှိခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး သူ၏ ပဝေသဏီအတွဲကလည်း ကျင့်ကြံခြင်းအခြေခံကိုသာ တိုးမြှင့်ပေးနိုင်သည်။
ယခုတွင် သူ၏အပြင်ခန္ဓာကိုယ်မှာ အလျင်အမြန် တိုးတက်နေပြီဖြစ်သည်။ ထာဝရအတွဲ၏ တန်ဖိုးအရှိဆုံးအစွမ်းဖြစ်သော သူ၏ အားအင်ပြန်ပြည့်နိုင်စွမ်းများမှာလည်း အသွင်ပြောင်းလဲနေပြီး ပို၍လျင်မြန်ကာ ပို၍စွမ်းအားကြီးမားလာကြောင်း သူ သိလိုက်သည်။
ပိုင်ရှောင်ချန်းမှာ အလွန့်အလွန် စိတ်လှုပ်ရှားနေပြီဖြစ်သည်။ မည်သည့်အကြောင်းကြောင့်တော့မသိပေ သူသည် သူ၏အပြင်ခန္ဓာကိုယ်နှင့် အားအင်ပြန်ပြည့်နိုင်စွမ်းများမှာ အဆုံးမရှိတော့သည့်အလား ခံစားနေရသည်။ သူ၏ထာဝရအသက်ရှည်နည်းအတတ်ကို ကျင့်ကြံခဲ့သည့် တစ်လျှောက်တွင် ဤပြောင်းလဲမှုမှ ရရှိခံစားခဲ့ရသည့် ကျေနပ်အားရမှုနှင့် ပျော်ရွှင်မှုမျိုးကို ယခင်က လုံးဝမခံစားဖူးခဲ့ပေ။
ဤအတတ်ကို သူကျင့်ကြံခဲ့ရသည့် အချိန်အများစုမှာ နာကျည်းဖွယ် ကောင်းလွန်းခဲ့သည်သာဖြစ်သည်။ သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဆာလောင်မွတ်သိပ်မှုများနှင့် သက်စောင့်အားမလုံလောက်မှုတို့က သူ့အတွက် အမှန်တကယ်ပင် သက်တောင့်သက်သာမရှိ ဖြစ်ခဲ့ရသည်။
ထာဝရအသက်ရှည်နည်းအတတ်ကို ပြီးမြောက်စွာ ကျင့်ကြံဖူးသည့်လူ မရှိသလောက်နည်းပါးရသည့် အကြောင်းအရင်းတစ်ချက်မှာ သက်စောင့်အား မလုံလောက်ခြင်းဖြစ်ပြီး အခြားတစ်ချက်မှာ ရင်ဆိုင်ကြုံတွေ့ရသည့် နာကျင်မှုများကြောင့် ဖြစ်သည်။
သို့သော် ယခုတွင် အခြေအနေများမှာ မတူတော့ပေ။ ယခုကြုံတွေ့နေရသည့် ထာဝရအသက်ရှည်နည်းအတတ်မှာ အစစ်အမှန်ဖြစ်ပြီး ပိုင်ရှောင်ချန်း ကျင့်ကြံခဲ့သည့် အတတ်မှာ အတုယောင်တစ်ခု ဖြစ်နေသည့်အလားပင်။
သူသည် ထိုခံစားချက်ကြီးထဲတွင် ပျော်မွေ့နေစဥ် သူ၏အပြင်ခန္ဓာကိုယ်နှင့် အားအင်ပြန်ပြည့်နိုင်စွမ်းများမှာ နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်းအထိ တိုးတက်သွားသည်။
သူ၏ အပြင်ခန္ဓာကိုယ်မှာ ကျင့်ကြံခြင်းအဆင့် ကျော်တက်၍ လောကနတ်ဘုရားအဆင့်သို့ အရင်ဆုံးရောက်သွားမည့်အလားပင် ခံစားနေရသည်။
ထိုအချိန်တွင် သူ ထိုဖွတ်ကြီးဆီမှ စုပ်ယူနေသည့် အရာမှာ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားသဖြင့် ဖွတ်ကြီး၏ခန္ဓာကိုယ်မှာ လုံးဝနီးပါး ဗလာကျင်းသွားကြောင်း သိလိုက်ရသည်။
" ဟင် "
သူက လှမ်းကြည့်လိုက်သောအခါ ထိုဖွတ်ကြီးမှာ ၎င်း၏သက်စောင့်စွမ်းအား အကုန်လုံးကိုဆုံးရှုံးသွားပြီဖြစ်ပြီး ၎င်း၏အသက်စွမ်းအားမီးတောက်မှာလည်း လုံးဝမှောက်မိုက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ တခဏအတွင်း ထိုဖွတ်ကြီးမှာ သေချာပေါက် သေဆုံးသွားတော့မည်ဖြစ်သည်။
ထိုဖြစ်စဥ်ကြီး ဆက်လက်ဖြစ်ပျက်နေပြီး ထိုဖွတ်ကြီး၏ခန္ဓာကိုယ်မှာလည်း လုံးဝတောင့်တင်းသွားကာ လှုပ်ရှားမှုမရှိတော့ပေ။ ၎င်း၏ခန္ဓာကိုယ်ထဲမှ အမည်မသိသောပစ္စည်းများအားလုံး ကုန်ခန်းသွားပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဆွံ့အသွားပြီး သူ၏ထာဝရအသက်ရှည်နည်းအတတ်ကိုအကဲခတ်ကြည့်လိုက်သောအခါ ၎င်းမှာ လေးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းအထိ တိုးတက်သွားကြောင်း သိလိုက်သည်။ ထိုအချင်းအရာကြောင့် သူ စိတ်လှုပ်ရှားသွားရပါသော်လည်း အနည်းငယ်မျှ စိတ်ပျက်သွားတော့သည်။
" အမ် ... အဲဒီပစ္စည်းကိုစုပ်ယူလိုက်လို့ ဖွတ်ကြီး သေသွားတာလား။ ဒါမှမဟုတ် အဲဒီဖွတ်ကြီး သေသွားလို့ စုပ်ယူနေတာ ရပ်သွားရတာလား "
အချိန်အတော်အတန်ကြာသွားပြီးနောက် သူကသက်ပြင်းချလိုက်တော့သည်။
" ဒီဖွတ်ကြီးက မိုးမြေဧကရာဇ်ကိုယ်ပွားတစ်ခုဆိုတာ ငါဖြင့်မယုံနိုင်ဘူး။ ဘယ်လိုတောင်မှ ပျော့ညံ့ရတာလဲ "
သူသည် တတွတ်တွတ် ရေရွတ်ရင်း သူ၏အပြင်ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သောအခါမှ စိတ်ဓာတ်အနည်းငယ် ပြန်လည်တက်ကြွလာတော့သည်။
" အာ ဘာပဲဖြစ်ဖြစ်ပါ။ ကြည့်ရတာ ငါလည်း တတ်နိုင်သလောက် စုပ်ယူခဲ့တဲ့ပုံပါပဲ။ အခုလောလောဆယ်တော့ ငါ့မှာ မြောက်ပိုင်းမဟာဓားကြီးရှိမနေရင်တောင် အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်မှာ ငါကစွမ်းအားအကြီးဆုံးပဲ "
သူသည်ထိုသို့တွေးတောကာ ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။
" မိုးမြေဧကရာဇ်တစ်ပါးရဲ့ အပြင်ခန္ဓာကိုယ်ကနေ ဖြစ်တည်လာတဲ့ ဒီဖွတ်ကြီးက ဒီလောက် အသုံးမကျဖြစ်နေစရာ အကြောင်းလုံးဝမရှိဘူး။ တခြားတန်ဖိုးကြီး အစွမ်းတွေရှိနေဦးမှာ အသေအချာပဲ "
သူသည် ရယ်မောလျက် ထိုဖွတ်ကြီးကိုပြန်လည်ငုံ့ကြည့်၍ မေးစေ့ကိုခေတ္တမျှပွတ်လိုက်ပြီးနောက် မြောက်ပိုင်း၏ဓားကြီးကို ထုတ်ယူလိုက်သည်။ ထိုဓားကြီးထဲသို့ သူ၏အပြင်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအား အလုံးစုံ ထည့်သွင်းလိုက်ပြီး ဖွတ်ကြီး၏ ခြေထောက်တစ်ချောင်းကို ခုတ်ထစ်လိုက်တော့သည်။
၎င်းမှာသေဆုံးနေပြီဖြစ်၍ ပျဥ်ပြားတစ်ပြားကဲ့သို့ တောင့်တင်းနေပြီဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ ယခုလေးတင် စွမ်းအားအမြောက်အမြား တိုးတက်ထားခဲ့သည် မဟုတ်ပါလော။ အုန်းခနဲအသံများ မြည်ဟည်းထွက်ပေါ်လာပြီး အနည်းငယ်အားစိုက်၍ အချက်ရေဒါဇင်ပေါင်းအနည်းငယ်ခန့် ခုတ်ထစ်လိုက်ရပါသော်လည်း သူသည် ထိုခြေထောက်ပြတ်ထွက်သွားအောင် ခုတ်ထစ်လိုက်နိုင်သည်။
သွေးတစ်စက်မှတော့ ထွက်မလာပေ။ ထိုဖွတ်ကြီးမှာ ခြောက်သွေ့နေသည့် ရုပ်အလောင်းကြီးတစ်ခုသာသာအဖြစ်သို့ ရောက်သွားခဲ့သည့်ပုံပင်။
သူသည်၎င်း၏ ခြေထောက်ကိုကိုင်၍ အချိန်အတော်အတန်ကြာအောင် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။ သို့သော်လည်း ထူးခြားသောအရာတစ်ခုမှ မတွေ့ခဲ့ရပေ။ နတ်ဘုရားအာရုံဖြင့်ဖြစ်စေ ရိုးရိုးမျက်လုံးဖြင့်ကြည့်လျှင်ဖြစ်စေ မည်သည့်ရှုထောင့်မှကြည့်ကြည့် ထိုခြေထောက်ကြီးမှာ သာမန်အတိုင်းပင်။ ၎င်းကို ဆေးဖော်စပ်ခြင်းအတတ်များဖြင့်ပင် စမ်းသပ်ခဲ့ပါသော်လည်း လုံးဝမထူးပေ။
သူသည် ထိုခြေထောက်ကြီးကို စမ်း၍ စိတ်စွမ်းအင်အဆင့်မြှင့်တင်ကြည့်လိုက်ပါသော်လည်း ရလဒ်မှာပြောင်းလဲမသွားပေ။
အဆုံးသတ်တွင် သူ အမှန်တကယ် စိတ်ပျက်စပြုလာတော့သည်။
" မဖြစ်နိုင်ဘူး။ မဟုတ်မှလွဲရော ငါစုပ်ယူလိုက်တဲ့ အရာကြီးက သူတော်စင်ဧကရာဇ်နဲ့ မိစ္ဆာဧကရာဇ်တို့ မိုးမြေဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် လိုအပ်တဲ့လျှို့ဝှက်ချက်တွေပါဝင်နေတယ်လို့ ထင်နေတဲ့ အရာကြီးများဖြစ်နေတာလား "
သူသည် ခေါင်းကိုကုတ်၍ အကယ်၍ ဤဖွတ်ကြီးသာ ယခုကဲ့သို့ အမှန်တကယ် တန်ဖိုးနည်းပါးနေမည်ဆိုပါက သူစွန့်စားခဲ့ရသမျှ အရာအားလုံးမှာ ဖြုန်းတီးမှုကြီးတစ်ခုဖြစ်သွားပြီဖြစ်ကြောင်း တွေးနေတော့သည်။
" ငါ့မှာတော့ အကြီးကြီး စွန့်စားလိုက်ရတာ... "
သူသည်ထိုသို့တွေးကာ ဖွတ်ကြီးကို အပိုင်းငယ်လေးများဖြစ်အောင် ထပ်၍ခုတ်ထစ်လိုက်ပြီးနောက် အတွင်းပိုင်းအမြုတေကဲ့သို့သော တစ်စုံတစ်ခုကို ရှာတွေ့နိုင်ရန် ဆုတောင်း၍ ၎င်းတို့အား ပို၍ပင်အသေးစိတ် လေ့လာလိုက်ပြန်သည်။
သို့သော် အဆုံးတွင်မူ သူမည်သည့်အရာမှ ရှာအတွေ့ခဲ့ပေ။ သူခုတ်ထစ်ထားသည့် အသားပုံကြီးကိုကြည့်၍ သူ မျက်မှောင်ကြုတ်လိုက်တော့သည်။
" ဒါဘယ်လိုမျိုး ကျီစားမှုကြီးတုန်း "
သူသည် သက်ပြင်းများချ၍ အပိုင်းပိုင်းပြတ်နေသော ရုပ်အလောင်းကြီး၏ အသားစများကို ကောက်ယူလိုက်ပြီး ဒုတိယအင်မော်တယ်နယ်မြေသို့ ပြန်ရောက်လျှင် ဤအချင်းအရာများအားလုံးကို မည်သို့ရှင်းပြရမည်နည်းဟု ကြိုးစား တွေးတောနေတော့သည်။ ထိုအချိန်တွင် ယပ်တောင်စုတ်ကြီးပေါ်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားတော့သည်။
ထို့အပြင် အစောင့်အရှောက်ဝိညာဥ်လေးမှာလည်း နိုးထလာတော့သည်။
" မင်းေမဘ၊ ဘာကြီးတုန်း … မိုးမြေဧကရာဇ်တစ်ပါးရဲ့ အပြင်ခန္ဓာကိုယ်ပါလား။ ငါ အဲ့အငွေ့အသက်ကို ကောင်းကောင်းကြီး မှတ်မိပါတယ်။ အဲဒါသူပဲ … ဟုတ်တယ် သေချာပေါက် သူပဲ "