← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉)

သူ၏ ဂရုစိုက်မှုနှင့် သူမ၏ ကြောက်ရွံ့မှု

အေးမြသော အထိအတွေ့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုနှင့် ပူလောင်မှုများ လျော့ပါးသွားသဖြင့် ယောင်ရန်သည် သက်သောင့်သက်သာစွာ သက်ပြင်းချရင်း ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။

လုံယုသည် ယောင်ရန် လှုပ်ရှားမှု ရပ်တန့်သွားသည်အထိ စောင့်ဆိုင်းပြီးမှ မတ်တပ်ရပ်၍ ရေဇလုံ နှင့် တဘတ်ငယ်တစ်ခုကို သွားယူလိုက်လေသည်။ သူမ၏ အဖျားကျသွားစေရန်အတွက် တစ်ညလုံး သူမ ၏ နဖူး၊ လက်မောင်းနှင့် လည်ပင်းတို့ကို ရေပတ်တိုက်ပေးနေခဲ့လေသည်။

အမျိုးသားနှင့် အမျိုးသမီးကြား ခြားနားမှုများ ရှိနေသဖြင့် သူမအား စော်ကားသကဲ့သို့ မဖြစ်စေရန် အတွက် ထိုနေရာသုံးခုကိုသာ ရေပတ်တိုက်ပေးခဲ့ပြီး အခြားနေရာများကိုမူ ထိတွေ့ရန် မဝံ့ရဲခဲ့ပေ။ လုံယုသည် ယောင်ရန်၏ အဖျားကျသွားသည်အထိ တစ်ညလုံး ရေလဲပေးကာ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေခဲ့တော့၏။

ယောင်ရန် ပြန်လည်နိုးထလာချိန်တွင် နံနက် ငါးနာရီ ရှိနေပြီ ဖြစ်သည်။ သူမသည် အားနည်းနေသေး သော်လည်း လက်ရှိ ယောင်ရမ်းမှုမှာ သိသိသာသာ လျော့ကျသွားပြီး အဖျားလည်း ကျသွားပြီ ဖြစ်၏။

သူမသည် ထိုင်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ဦးက သူမ၏ လက်ကို ဆုပ်ကိုင်ထားသည်ကို သတိ ပြုမိသွားခဲ့လေသည်။

ယောင်ရန် ခေါင်းလှည့်ကြည့်လိုက်သောအခါ အေးစက်သော ကြမ်းပြင်ပေါ်၌ ထိုင်လျက် ကုတင်ပေါ်သို့ ကိုယ်တစ်ပိုင်း မှီ၍ အိပ်ပျော်နေသော လုံယုကို တွေ့လိုက်ရလေသည်။ သူ၏ အေးစက်သော လက်များ က သူမ၏ ပတ်တီးစည်းထားသော ဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားပြီး ထိုအေးမြမှုက သူမအား အလွန်ပင် နေရထိုင်ရ သက်သာစေပေသည်။

ကုတင်ဘေးရှိ စားပွဲပေါ်ကို ကြည့်လိုက်သောအခါ ရေဇလုံတစ်ခုနှင့် တဘတ်ငယ်တစ်ခုကို တွေ့လိုက် ရလေသည်။ လုံယုသည် သူမအား တစ်ညလုံး ဂရုတစိုက် ပြုစုပေးခဲ့သည်မှာ အထင်အရှားပင် ဖြစ် တော့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်သည် လုံယုအား ကြည့်ကာ တိုးညှင်းစွာ ပြောလိုက် လေသည်။

"ကျေးဇူးတင်ပါတယ်နော်...။"

ကမ္ဘာပျက်ကပ်၏ ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝများကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး နောက် ယောင်ရန်သည် အခြားသူတစ်ဦး၏ ပြုစုယုယမှုကို ခံရသည့် ခံစားချက်ကို မေ့လျော့နေခဲ့ပြီ ဖြစ်၏။

ဤအခိုက်အတန့်တွင် သူမသည် လုံယုကို ကျေးဇူးတင်မိသလို တစ်ဖက်တွင်လည်း ကြောက်ရွံ့မိပေ သည်။ သူ၏ ဂရုစိုက်မှုနှင့် ကြင်နာမှုများကြောင့် သူမ၏ စိတ်ဓာတ်များ ပျော့ညံ့သွားခဲ့​ေမည်ကိုလည်း ကောင်း၊ သူမ ယုံကြည်ရသူတစ်ဦး၏ သစ္စာဖောက်ခြင်းကို ထပ်မံ ကြုံတွေ့ရမည်ကိုလည်းကောင်း သူမ စိုးရိနေမိခြင်းပင် ဖြစ်၏။

ယောင်ရန်သည် လုံယုကို အတန်ကြာအောင် ငေးကြည့်နေမိပြီးနောက် သူ၏ လက်ကြီးများအတွင်းမှ သူမ၏လက်ကို ဖြည်းညင်းစွာ ပြန်ထုတ်လိုက်လေသည်။ သို့သော်လည်း ထိုကဲ့သို့ ညင်သာစွာ လှုပ်ရှား လိုက်ခြင်းကပင် သူ့ကို နိုးသွားစေခဲ့လေသည်။

လုံယုသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ကုတင်ဆီသို့ လှမ်းကြည့်လိုက်၏။ သူမ ထိုင်နေသည် ကို မြင်သောအခါ သူ၏ လက်ကိုဆန့်၍ သူမ၏ ပါးပြင်ကို ထိတွေ့ကြည့်လိုက်လေသည်။ သူမ၏ အဖျား ကျသွားသည်ကို မြင်သောအခါမှ သူ စိတ်အေးသွားရလေတော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ သူသည် မိမိ ဘာလုပ်လိုက်သည်ကို သတိဝင်လာကာ ရှက်ကိုး ရှက်ကန်းဖြင့် လက်ကို ပြန်ရုပ်လိုက်လေသည်။ လုံယုသည် ချောင်းဟန့်လိုက်ရင်း မေးလိုက်လေ၏။

"နင် ဘယ်လိုနေသေးလဲ...။"

ယောင်ရန်က ပြန်မဖြေဘဲ သူ၏ နီမြန်းနေသော နားရွက်များကိုသာ ကြည့်နေမိသည်။ သူမသည် အကြည့်ကို လွှဲလိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။

"ကျွန်မကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ အခု နေလို့ ကောင်းသွားပါပြီ...။"

သူမ၏ အဖြေကို ကြားရသောအခါမှ လုံယုသည် သက်ပြင်းချနိုင်တော့၏။ သူသည် မတ်တပ်ရပ်၍ ရေဇလုံကို ကိုင်ကာ မေးလိုက်လေသည်။

"တစ်ခုခု စားချင်လား...။"

ကမ္ဘာပျက်ကပ်အတွင်း၌ အစားအသောက်မှာ လူ့အသက်ထက်ပင် ပိုမို တန်ဖိုးကြီးလှပေသည်။ တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် သူက သူမအား စားချင်သလားဟု နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့ လေ၏။

ယောင်ရန်သည် လုံယုက သူမအပေါ် အဘယ်ကြောင့် ဤမျှ ကောင်းမွန်နေရသနည်း ဟူသော အဖြေကို ရှာဖွေနေသည့်အလား သူ့ကို စိုက်ကြည့်နေမိလေသည်။

သူမက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုံယုက ကြင်နာစွာ ပြောလိုက်၏။

"ဒါဆိုရင် နင် ခဏ ထပ်နားဦးလေ...။ ငါ စားစရာ တစ်ခုခု သွားယူပေးမယ်...။"

လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် နေရာလွတ် အတွင်းသို့ ဝင်၍ ချွေးများကို ဆေးကြောရန် ရေချိုးလိုက်ပြီး အဝတ်အစားများ လဲလှယ်လိုက်လေသည်။ ထို့နောက် သူမသည် ရေကန်ထဲမှ ရေ တစ်ခွက်ကို သောက်လိုက်ပြီး နေရာလွတ် ထဲမှ ပြန်ထွက်လာခဲ့လေတော့သည်။

သူမ အပြင်သို့ ပြန်ထွက်လာချိန်တွင် လုံယု ပြန်မရောက်သေးသဖြင့် ယောင်ရန်သည် ဒဏ်ရာပေါ်၌ အဆိပ်ဖြေဆေးရည်ကို ထပ်မံလိမ်းကျံကာ ပတ်တီး အသစ်စည်းလိုက်လေသည်။ သူမ ပတ်တီး စည်းပြီးသည်နှင့် တစ်ပြိုင်နက် လုံယု ပြန်ရောက်လာခဲ့​လေသည်။

သူသည် လင်ဗန်းတစ်ခုကို ယူဆောင်လာပြီး ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်လေသည်။ ယောင်ရန် ရေချိုးပြီး အဝတ်အစား လဲလှယ်ထားသည်ကို သူ သတိပြုမိလိုက်လေသည်။

လုံယုက ပြုံး၍ ပြောလိုက်လေသည်။

"ရှီရွှမ်းက နင့်အတွက် ဆန်ပြုတ် ပြုတ်ထားပေးတယ်...။ ဝက်သားခြောက်နဲ့ တွဲစားလို့ ရတယ်...။"

ဆန်ပြုတ်နှင့် ဝက်သားခြောက်၏ မွှေးပျံ့သော အနံ့ကို ရလိုက်သောအခါ ယောင်ရန်၏ ဗိုက်ထဲမှ "ဂွီ" ဟု မြည်သံ ထွက်ပေါ်လာလေသည်။ လုံယုက ရယ်မောရင်း မေးလိုက်လေသည်။

"ကိုယ့်ဘာကို စားလို့အဆင်ပြေရဲ့လား...။"

ယောင်ရန်၏ ဘယ်ဘက်လက်မှာ နာကျင်မှု အနည်းငယ် ရှိနေသေးသော်လည်း သူမမှာ လက်ယာလက် သုံးသူဖြစ်သဖြင့် အနှောင့်အယှက် မရှိပေ။ သူမက ခေါင်းငြိမ့်ပြလိုက်၏။

"အင်း..."

လုံယုသည် သူမအား ဆန်ပြုတ်ပန်းကန် ကမ်းပေးလိုက်ပြီး ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။ သူက သူမအား ကြည့်နေသည်ကို မြင်သောအခါ သူမက မေးလိုက်လေသည်။

"ရှင်ရော စားပြီးပြီလား...။"

လုံယုက "နင် စားပြီးရင် ငါ သွားစားမယ်...။" ဟု ပြောလေသည်။

ယောင်ရန် ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် "ကောင်းပါပြီ..." ဟု ပြောလိုက်လေတော့၏။

နံနက်စာ စားပြီးနောက် လုံယုသည် သူမ ပင်ပန်းနေသည်ကို မြင်သဖြင့် နှုတ်ဆက်လိုက်လေသည်။

"နင် ထပ်နားလိုက်ဦး... ငါ ခဏနေမှ ပြန်လာခဲ့မယ်...။"

ယောင်ရန်လည်း အိပ်ငိုက်နေသဖြင့် ခေါင်းငြိမ့်ကာ လှဲလျောင်းလိုက်၏။ လုံယု ပန်းကန်များကို ဆေးကြောရန် ထွက်သွားသည့် အချိန်တွင် သူမမှာ အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။

သူမ ထပ်မံ နိုးလာသောအခါ ညနေ ငါးနာရီခန့် ရှိနေပြီ ဖြစ်၏။ ယောင်ရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့် သော်လည်း လုံယုကို မတွေ့ရပေ။

သူမသည် ကုတင်ပေါ်မှ ဆင်း၍ ပြတင်းပေါက် လိုက်ကာများကို သွားဖွင့်လိုက်လေသည်။ ပြတင်းပေါက် ပေါ်ရှိ ပိုးဖလံများကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့၏။

ထိုပိုးဖလံမှာ မနေ့ကထက် ပိုမို ကြီးမားနေ၏။ အရွယ်အစား ကြီးမားလာသည်သာမက ၎င်း၏ အမွှေး အမျှင်များနှင့် အဆိပ်ဆူးများမှာလည်း ပိုမို ရှည်လျားထက်မြက်လာလေသည်။ အတောင်ပံများ၏ အရောင်ကို ကြည့်ရုံဖြင့် ၎င်းတို့မှာ ယခင်ကထက် ပိုမို အဆိပ်ပြင်းလာသည်ကို ယောင်ရန် သိလိုက်ရ၏။

ယောင်ရန်သည် ပြတင်းပေါက်ပေါ်ရှိ ပိုးဖလံများကို ကြည့်ရင်း မျက်နှာ ပျက်သွားလေသည်။ အကယ်၍ တစ်စုံတစ်ဦးသာ ထိုအဆိပ်ရှိ ပိုးဖလံ၏ အကိုက်ခံရပါက အဆိပ်ဖြေဆေး မရှိဘဲ အသက်ရှင်ရန် ခက်ခဲ လိမ့်မည် ဖြစ်၏။

သူမမှာမူ သဘာဝဘေးအန္တရာယ် မကျရောက်မီကတည်းက ဆေးဝါးများစွာ ပြင်ဆင်ထားသဖြင့် ကံကောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြားသူများမှာမူ သူမကဲ့သို့ ကံကောင်းချင်မှ ကံကောင်း ပေလိမ့်မည်။

ထိုသို့ စဉ်းစားနေစဉ် ယောင်ရန်သည် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိသွား၏။ သူမ နိုးလာသည့် အချိန်မှစ၍ တစ်ဆောင်လုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေသကဲ့သို့ ခံစားနေရခြင်းပင်။

သူမ ခဏမျှ မတ်တပ်ရပ်နေပြီးနောက် အပြင်ဘက်မှ အသံအချို့ကို ဝေဝါးစွာ ကြားလိုက်ရလေသည်။

သူမသည် အသက်ရှူမျက်နှာဖုံးနှင့် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ကာ အခန်းပြင်သို့ ထွက်လာခဲ့ လိုက်လေတော့သည်။

သူမ အပြင်သို့ လျှောက်လာသည်နှင့် တစ်ပြိုင်နက် ဟွမ်ကျိဟွေး၏ အသံကို ကြားလိုက်ရလေသည်။

"မမယောင်ရန်... ဘာလို့ အိမ်မှာ နားမနေတာလဲ...။"

ယောင်ရန် လှည့်ကြည့်လိုက်သောအခါ မီးတုတ်များ ကိုင်ဆောင်၍ အဆိပ်ရှိ ပိုးဖလံများကို သတ်ဖြတ် နေသော တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့ကို တွေ့လိုက်ရလေ၏။

၎င်းတို့မှာ ခန္ဓာကိုယ်ကို အပေါ်အင်္ကျီများနှင့် မျက်နှာဖုံးများဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသည်ကို မြင်သော အခါ ယောင်ရန်က ပြောလိုက်လေသည်။

"ကျွန်မ အခု နေလို့ ကောင်းသွားပါပြီ...။ မေးတဲ့အတွက် ကျေးဇူးပါနော်...။"

အခန်း (၁၁၀)

သူ့ကို ကယ်တင်နိုင်ပါဦးမလား

တန်ချီချီက ယောင်ရန်၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလေသည်။

"နင်က နေကောင်းကာစပဲ ရှိသေးတာ...။ ပိုပြီး နားသင့်တယ်လေ...၊ ပိုးဖလံတွေကို ငါတို့ ရှင်းလိုက် ပါ့မယ်...။"

ယောင်ရန်မှာမူ တစ်ရက်ကျော်ကြာ အိပ်ပျော်နေခဲ့သဖြင့် အိပ်ချင်စိတ် လုံးဝ မရှိတော့ပေ။ သူမသည် ထိုသူများ အဆိပ်ရှိ ပိုးဖလံများကို သတ်ဖြတ်နေသည်ကို ခေတ္တမျှ ကြည့်နေပြီးနောက် အိမ်ထဲသို့ ပြန်ဝင် ကာ သူမ၏ နေရာလွတ် ထဲမှ အကာအကွယ်ဝတ်စုံ နှစ်စုံနှင့် အသက်ရှူမျက်နှာဖုံး နှစ်ခုကို ထုတ်ယူခဲ့ လေသည်။

သူမသည် အပြင်သို့ ပြန်ထွက်လာကာ အကာအကွယ်ဝတ်စုံနှင့် အသက်ရှူမျက်နှာဖုံးများကို တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့ထံ ကမ်းပေးလိုက်ရင်း ပြောလိုက်လေ၏။

"အဲဒီက ထွက်တဲ့ အရည်တွေနဲ့ အနံ့တွေက အဆိပ်ရှိတယ်...၊ ဒါကို ဝတ်ထားလိုက်ကြ...။"

ထိုသူနှစ်ဦးမှာလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြပြီး ပြောလေသည်။

"ကျေးဇူးတင်ပါတယ် မမယောင်ရန်...။"

အိမ်ထဲသို့ ပြန်ဝင်ကာ အဝတ်အစား လဲလှယ်ပြီးနောက် ယောင်ရန်သည် ပိုးသတ်ဆေးဗူးကို ယူဆောင်၍ လူသွားစင်္ကြံအတွင်း ကျန်ရှိနေသော အဆိပ်ရှိ ပိုးဖလံများကို ဆက်လက် သတ်ဖြတ်လိုက်လေ၏။ တံခါး ကြားများမှ ပိုးဖလံအချို့ ရံဖန်ရံခါ ပျံဝင်လာတတ်သဖြင့် တစ်လှည့်စီ စောင့်ကြည့် သတ်ဖြတ်ရန် လိုအပ် ပေသည်။

သူမသည် အပြင်သို့ ထွက်ရန် လိုအပ်လာနိုင်သဖြင့် သံတံခါးကြားမှ အပေါက်များကိုမူ ပိတ်ဆို့ခြင်း မပြု ခဲ့ပေ။

သူမသည် လူသွားစင်္ကြံရှိ နီညိုရောင် အရည်များကို သန့်ရှင်းရေး လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သံတံခါး ကို တစ်စုံတစ်ဦးက လာရောက် ခေါက်လာလေသည်။ ယောင်ရန်သည် မျက်ခုံးကို အနည်းငယ် မြှင့် လိုက်ရင်း မည်သူဖြစ်မည်နည်း ဟု သိလိုစိတ်ဖြင့် တံခါးကို သွားဖွင့်လိုက်လေ၏။

အပြင်ဘက်တွင် အဆိပ်ရှိ ပိုးဖလံများ အပြည့်ရှိနေသော်လည်း ရောက်ရှိလာခြင်း ဖြစ်သဖြင့် ထိုသူမှာ အလွန် အရေးကြီးနေပုံ ရပေသည်။

တံခါးပွင့်သည်နှင့် သူမသည် အပြင်သို့ အမြန်ထွက်လာကာ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်၏။ သူမ ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှသဖြင့် ပိုးဖလံ အနည်းငယ်သာ အထပ် (၂၀) သို့ ပျံဝင်လာနိုင်လေ သည်။

ယောင်ရန်သည် မျက်လုံးနှစ်လုံးသာ ပေါ်စေရန် ထူထဲစွာ ထုပ်ပိုးထားသော အရပ်ရှည်ရှည် အမျိုးသားကို ကြည့်ကာ မေးလိုက်လေ၏။

"ရှင် ဘယ်သူလဲ...။"

ထိုအမျိုးသားက စိုးရိမ်တကြီး အသံဖြင့် ပြန်ဖြေလေသည်။

"ကျွန်တော် ချွမ်ယွမ်ဝေ့ပါ...။"

"ဘာကိစ္စ ရှိလို့လဲ..." ဟု ယောင်ရန်က ထပ်မံ မေးမြန်းလိုက်၏။

ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြရင်း ပြောလိုက်လေသည်။

"အစ်မယောင်ရန်...၊ ကျွန်တော့်အဘိုးကို ကယ်ပေးပါဦး...။ ခုနကပဲ အဆိပ်ရှိ ပိုးဖလံ အကိုက်ခံလိုက်ရ လို့ပါ...။"

ထိုစကားကို ကြားသောအခါ ယောင်ရန် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း အဖြေမပေးနိုင်ခဲ့ပေ။ သူမ ကဲ့သို့ ကျန်းမာသန်စွမ်းသူပင် အကိုက်ခံရစဉ်က (၂၄) နာရီကျော်ကြာ အဖျားတက်ကာ ဝေဒနာ ခံစားခဲ့ ရခြင်း ဖြစ်သည်။ အကယ်၍ အဘိုးချွမ်သာ အကိုက်ခံရပါက အသက်ရှင်နိုင်ခြေမှာ (၅) ရာခိုင်နှုန်းပင် မရှိနိုင်တော့ပေ။

ချွမ်ယွမ်ဝေ့သည် သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ အလောတကြီး ပြောရှာလေသည်။

"အစ်မယောင်ရန်...၊ တောင်းပန်ပါတယ်...။ အစ်မယောင်ရန် တစ်ယောက်ပဲ ကျွန်တော့်အဘိုးကို ကယ်နိုင်မှာပါ...။"

ယောင်ရန် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူသည် ညစ်ပတ်နေသော ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ အသနားခံလေတော့သည်။

"မယောင်ရန်... ကျွန်တော့်အဘိုးကို ကယ်ပေးပါ...။"

ချွမ်ယွမ်ဝေ့၏ နဖူးမှာ ကြမ်းပြင်နှင့် တဒုန်းဒုန်း ထိသည်အထိ ဦးတိုက်နေသည်ကို မြင်ကာ အဘိုးချွမ်၏ ဖော်ရွေသော အပြုံးကို သတိရသွားသဖြင့် ယောင်ရန် သက်ပြင်းချလိုက်မိလေသည်။

"ဒီမှာ ခဏစောင့်နေ...။ ကျွန်မ ဆေးသေတ္တာ သွားယူလိုက်ဦးမယ်...။"

ချွမ်ယွမ်ဝေ့မှာ ထိုစကားကို ကြားသောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး ပြောလေသည်။

"ကျေးဇူးတင်ပါတယ် အစ်မယောင်ရန်...။"

ယောင်ရန်မှာ အချိန်မဆွဲဘဲ ဆေးသေတ္တာကို သွားယူခဲ့လေသည်။ သူမ အထပ် (၂၀) သို့ ပြန်ရောက် ချိန်တွင် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားပြီး ဖြစ်၏။ သူမ ပြန်လာသည်ကို မြင်သောအခါ ဟွမ်ကျိဟွေးက စူးစမ်းစွာ မေးလိုက်လေသည်။

"မမယောင်ရန်... အပြင်ထွက်မလို့လား...။"

"အင်း...၊ အဘိုးချွမ် ပိုးဖလံ အကိုက်ခံရလို့...။ သူ့မြေးက လာအကူအညီတောင်းနေတာနဲ့...။" ဟု ပြော ကာ သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

မကြာမီမှာပင် သူမသည် ဆေးသေတ္တာကို ကိုင်၍ ထွက်လာကာ ပြောလိုက်လေ၏။

"ကျွန်မ ခဏသွားလိုက်ဦးမယ်...။"

ထိုသို့ ပြောပြီးနောက် ယောင်ရန်သည် အောက်ထပ်သို့ ဆင်းလာခဲ့ရာ အထပ် (၁၉) လူသွားစင်္ကြံတွင် ချွမ်ယွမ်ဝေ့မှာ မီးတုတ်ကို ကိုင်၍ သူမအား စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေ၏။

သူမကို မြင်သောအခါ သူက အလျှင်အမြန်ပင် ပြောလိုက်လေသည်။

"အစ်မယောင်ရန်... ကျွန်တော် လမ်းရှင်းပေးမယ်...။ ကျွန်တော့်နောက်ကနေ ကပ်လိုက်ခဲ့ပါ...။"

"ကောင်းပါပြီ...။"

ယောင်ရန်သည် ချွမ်ယွမ်ဝေ့၏ နောက်မှ ကပ်လိုက်ရင်း အခန်းအမှတ် (၁၉၀၂) ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်း လာခဲ့ကြလေသည်။

မိနစ်အနည်းငယ် ကြာသောအခါ ချွမ်ယွမ်ဝေ့သည် တံခါးရှေ့သို့ ရောက်ရှိသွားပြီး ခေါ်လိုက်လေသည်။

"အဖွား... တံခါး မြန်မြန်ဖွင့်ပေးပါဦး...။"

မကြာမီမှာပင် တံခါးပွင့်လာပြီး အဖွားချွမ်က ဘေးသို့ ဖယ်ပေးရင်း ပြောလေသည်။

"မယောင်ရန်... မြန်မြန်လေး ဝင်ခဲ့ပါ...။"

ယောင်ရန် ခေါင်းငြိမ့်ပြကာ အထဲသို့ ဝင်ခဲ့ပြီးနောက် နီညိုရောင် အရည်များဖြင့် ပေကျံနေလျှက်ရှိသော ကြမ်းပြင်ကို ကြည့်ကာ မေးလိုက်လေသည်။

"အဘိုးချွမ် ဘယ်မှာလဲ...။"

အဖွားချွမ်က အိပ်ခန်းမဆီသို့ ဦးဆောင် ခေါ်သွားရင်း အက်ကွဲသော အသံဖြင့် ပြောလိုက်လေသည်။

"အဘိုးကြီးက အခု သတိလစ်နေပြီး အဖျားတွေ အရမ်းတက်နေတာ...။"

ယောင်ရန်သည် အဖွားချွမ်၏ တည်ငြိမ်နေသော မျက်နှာကို တစ်ချက် ကြည့်လိုက်သော်လည်း နီရဲ နေသော မျက်ဝန်းများကို ကြည့်ရုံဖြင့် သူမ ခုနက ငိုထားသည်ကို သိနိုင်ပေသည်။

အိပ်ခန်းထဲသို့ ရောက်သောအခါ အဘိုးချွမ်၏ ခန္ဓာကိုယ်မှ ယောင်ရမ်းနေသော နေရာများကို မြင်လိုက် ရသဖြင့် ယောင်ရန်၏ မျက်ဝန်းများ တုန်လှုပ်သွား၏။ သူမသည် ကုတင်ဘေးရှိ ကုလားထိုင်တွင် ထိုင်လိုက်ရင်း ပြောလိုက်လေသည်။

"အဘိုးချွမ်ရဲ့ အခြေအနေက သိပ်မကောင်းဘူး...။"

ထိုစကားကို ကြားသောအခါ အဖွားချွမ်မှာ ယိုင်သွားသဖြင့် ချွမ်ယွမ်ဝေ့က အမြန်ပင် တွဲကူလိုက်ရ သည်။ အဖွားချွမ်သည် မြေးဖြစ်သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း တုန်ရင်စွာ မေးလိုက်လေသည်။

"သူ့ကို ကယ်လို့ ရနိုင်ပါဦးမလား...။"

ယောင်ရန်မှာမူ ခွဲစိတ်ဓားငယ်ကို ထုတ်ယူကာ ယောင်ရမ်းနေသော နေရာများကို ခွဲ၍ အဆိပ်ရှိသော သွေး များကို စတင် ညှစ်ထုတ်နေပြီ ဖြစ်၏။ သူမသည် ဒဏ်ရာကိုသာ အာရုံစိုက်ထားရင်း လေးနက်စွာ ပြော လိုက်လေသည်။

"ကျွန်မ အစွမ်းကုန် ကြိုးစားပေးပါ့မယ်...။"

ယောင်ရမ်းနေသော နေရာမှာ အလွန် ကြီးမားလှသဖြင့် သူမက ထပ်လောင်း ပြောလိုက်လေသည်။

"ချွမ်ယွမ်ဝေ့...၊ ကျွန်မကို ကူပြီး အဆိပ်သွေးတွေ ညှစ်ထုတ်ပေးပါ...။ အဖွားချွမ်... ဒဏ်ရာကို သန့်စင်ဖို့ ရေနွေးလေး ပြင်ပေးလို့ ရမလား...။"

အဖွားချွမ်မှာ ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြရင်း ပြောလေသည်။

"အခုပဲ သွားပြင်လိုက်ပါ့မယ်...။"

ယောင်ရန်၏ ရှင်းလင်းသော ညွှန်ကြားချက်များအတိုင်း ချွမ်ယွမ်ဝေ့မှာလည်း အဆိပ်သွေးများကို သေသေချာချာ ညှစ်ထုတ်ပေးလေသည်။ သူ၏ အကူအညီကြောင့် သွေးဖောက်ထုတ်ခြင်းမှာ ပိုမို လျင်မြန်လာခဲ့ပေသည်။

အဖွားချွမ်ပြန်ရောက်လာသောအခါ ယောင်ရန်သည် တဘတ်ကို ယူ၍ ရေနွေးဖြင့် အဘိုးချွမ်၏ ဒဏ်ရာ မှ နီညိုရောင် သွေးများကို သန့်စင်ပေးလိုက်လေသည်။

ဒဏ်ရာများ သန့်စင်ပြီးနောက် ယောင်ရန်သည် ဆေးသေတ္တာကို ဖွင့်ကာ ဆေးလုံး သုံးလုံးကို ထုတ်ယူ၍ ချွမ်ယွမ်ဝေ့အား ကမ်းပေးလိုက်လေသည်။

"ဒါကို အဘိုးကို တိုက်လိုက်ပါ...။"

ချွမ်ယွမ်ဝေ့မှာ မည်သည့်ဆေးမျိုးနည်း ဟု မေးရန် ပြင်လိုက်သော်လည်း အဖွားချွမ်ကမူ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဆေးများကို ယူ၍ ခင်ပွန်းဖြစ်သူအား တိုက်လိုက်လေတော့သည်။

ယောင်ရန်သည် အဖွားချွမ်က အဘိုးချွမ်အား ဆေးတိုက်ကျွေးနေသည်ကို တစ်ချက် ကြည့်လိုက်မိ လေသည်။

All Chapters