အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁)
ဝက်ဖမ်းခြင်း
ဝက်များအားလုံးမှာ အလွန်ပိန်ချုံးနေကြပြီး သူတို့၏ ဖောင်းကားနေသော ဗိုက်များမှလွဲ၍ ခန္ဓာကိုယ်ပေါ် တွင် အသားသိပ်မရှိကြပေ။ ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူတို့အနီးသို့ ဖြည်းညင်း စွာ ချဉ်းကပ်သွားလိုက်လေသည်။
ဝက်များက သူမကို သတိထားမိသွားချိန်မှာပင် ယောင်ရန်သည် သူတို့အားလုံးကို သူမ၏ နေရာလွတ် အတွင်းရှိ မြက်ခင်းပြင်ပေါ်သို့ လျင်မြန်စွာ ခေါ်ဆောင်သွားလိုက်၏။ ဝက်များသည် မြက်ခင်းပြင်ပေါ်သို့ ရောက်ရှိလာသောအခါ တစ်ခဏမျှ အံ့သြမှင်တက်သွားကြပြီးနောက် အလျင်စလို မြက်များကို စတင် စားသောက်ကြလေတော့သည်။
ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ် ထဲသို့ ပို့လွှတ်ကာ ဝက်များကို ခဏမျှ စောင့်ကြည့် နေ လိုက်လေသည်။
ဝက်များက မြက်များကို အားပါးတရ စားသောက်နေကြသည်ကို မြင်သောအခါ၊ သူမသည် ကြိုတင် ပြင်ဆင်ထားသော ဝက်စာများကို ဝက်စာခွက်အကြီးကြီးထဲသို့ လောင်းထည့်လိုက်ပြီး ဆာလောင် နေသော ဝက်များနှင့် မီတာအနည်းငယ်အကွာ၌ ချထားပေးလိုက်လေ၏။ ထို့နောက် သူမသည် ဇလုံ တစ်လုံးကို ယူ၍ ရေကန်ထဲမှ ရေများ ဖြည့်ပေးထားလိုက်လေသည်။
ဝက်များမှာ အာဟာရချို့တဲ့နေပုံရပြီး ရေကန်ထဲမှ ရေကို သောက်ပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် သူမ မျှော်လင့်နေမိပေသည်။
ဝက်များသည် ဝက်စာ၏ မွှေးပျံ့သော အနံ့ကို ရရှိသောအခါ မြက်စားခြင်းကို ရပ်တန့်လိုက်ကြပြီး ဝက်စာခွက်ဆီသို့ ဒယိမ်ဒယိုင်ဖြင့် လျှောက်သွားကြလေသည်။ သူတို့ ပျော်ရွှင်စွာ စားသောက်နေကြ သည်ကို မြင်သောအခါ ယောင်ရန်သည် နေရာလွတ် ထဲမှ သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည် ရုပ်သိမ်း လိုက်လေတော့၏။
ဤနေရာတွင် ဝက်တစ်အုပ် ရှိနေသည်ဖြစ်ရာ အနီးအနား၌ အခြားဝက်များလည်း ရှိနေနိုင်ပေသည်။
ဝက်ခြံ၏ အရွယ်အစားကို ကြည့်မည်ဆိုလျှင် ဤဝက်မွေးမြူရေးခြံ၌ အနည်းဆုံး ဝက်အကောင်ရေ သုံးရာခန့် ရှိသင့်ပေသည်။ သို့သော်လည်း လုံယုသည် ဝက်ခြံထဲ၌ ဝက်ဆယ်ကောင်ကိုသာ တွေ့ရှိခဲ့ပြီး ယခု သူမက ဝက်ခြောက်ကောင် ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုနေရာသို့ လာရာလမ်းတွင်လည်း ဝက်တစ်ကောင်ကို သူတို့ တွေ့ခဲ့ကြသေးသည်။
ဤဝက်များသည် အလွန်ဆာလောင်နေကြပြီး အစာရှာဖွေရန်အတွက် ဝက်ခြံထဲမှ ထွက်ပြေးလာကြ ခြင်းသာ ဖြစ်ရပေမည်။ အကယ်၍ သူမအနေဖြင့် ကျန်ရှိနေသော ဝက်များကို ရှာတွေ့နိုင်ပါက သူမ၏ ဝက်ခြံထဲတွင် ဝက်များ ပိုမိုများပြားလာမည်ဖြစ်ပြီး အနာဂတ်အတွက် ဝက်သား ရိက္ခာလည်း ဖူလုံ သွားမည် ဖြစ်လေသည်။
ယောင်ရန်သည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ မြေပြင်ပေါ်၌ ရှုပ်ပွနေသော ဝက်ခြေရာများကို တွေ့လိုက်ရလေ၏။ မိုးရွာသွန်းနေသောကြောင့် အသစ်ထင်နေသော ခြေရာများမှာ ပျောက်ကွယ်လုနီး ပါး ဖြစ်နေပေသည်။ သေချာ ဂရုတစိုက် မကြည့်ပါက သူမ မြင်နိုင်မည် မဟုတ်ပေ။
ယောင်ရန်သည် ခြေရာများအတိုင်း လိုက်သွားကာ ကျန်ရှိနေသော ဝက်များ၏ သဲလွန်စကို ဂရုတစိုက် ရှာဖွေလိုက်လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ယောင်ရန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဝက်ချေးများကို တွေ့လိုက်ရပြီး ထိုနေရာရှိ မြက်များမှာလည်း အကုန်အစင် စားသောက်ခံထားရသည်ကို မြင်လိုက်ရ၏။ သူမသည် သဲလွန်စများအတိုင်း ဆက်လက် ရှာဖွေခဲ့လေသည်။ မကြာမီမှာပင် ယိမ်းယိုင်စွာ လျှောက် သွားနေသော အခြား ဝက်တစ်အုပ်ကို သူမ တွေ့လိုက်ရပြန်လေသည်။
သူတို့ ဦးတည်သွားနေသော လမ်းကြောင်းကို ကြည့်ရလျှင် ဝက်များသည် တောင်ပေါ်သို့ တက်နေကြ ပုံရပေ၏။ အောက်ဘက်ရှိ မြက်များအားလုံးကို စားသောက်ပြီးသွားပြီ ဖြစ်သဖြင့် ဝက်များသည် အစာ ရှာရန်အတွက် တောင်ထိပ်သို့ ဗီဇအရ တက်သွားကြခြင်း ဖြစ်နိုင်လေသည်။
မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် တောင်တက်ခြင်းမှာ အလွန် အန္တရာယ်များလှပေသည်။
မြေပြင်မှာ အလွန်ချောနေပြီး တက်ရခက်ခဲလှ၏။ အကယ်၍ သတိမထားမိပါက ပြုတ်ကျကာ ဇာတ် ကျိုးသွားနိုင်ပေသည်။ မိုးကာအင်္ကျီ ဝတ်ဆင်ထားသော်ငြားလည်း ယောင်ရန်၏ တစ်ကိုယ်လုံးမှာ မိုးရေများဖြင့် စိုရွှဲနေခဲ့၏။
ဝက်များ တောင်ပေါ်သို့ ဆက်လက် တက်သွားကြသည်ကို မြင်သောအခါ ယောင်ရန်သည် နေရာလွတ် ထဲသို့ ဝင်ရောက်ကာ ဂျင်းပြုတ်ရည် တစ်ခွက်ကို ဖျော်လိုက်လေသည်။ ပူနွေးသော ဂျင်းပြုတ်ရည်ကို သောက်ပြီးနောက် ကိုယ်တွင်း၌ နွေးထွေးသွားသည်ဟု ခံစားလိုက်ရကာ နေရာလွတ် ထဲမှ ပြန်လည် ထွက်လာခဲ့လိုက်၏။
မြေပြင်မှာ ပိုမို မတ်စောက်လာသောကြောင့် ယောင်ရန်သည် တောင်တက်တုတ်ကောက်ကို ထုတ်ယူ ကာ သူမ၏ ခန္ဓာကိုယ်ကို ထောက်ကန်ရင်း ရှေ့သို့ ဆက်လျှောက်သွားလေသည်။
သူမသည် နောက်ထပ် မိနစ်နှစ်ဆယ်ခန့် ဆက်လက် ရှာဖွေပြီးနောက် ကျန်ရှိနေသော ဝက်များကို နောက် ဆုံးတွင် တွေ့လိုက်ရလေတော့၏။ မြေပြင်ပေါ်ရှိ ကျန်ရစ်နေသော မြက်များကို ကိုက်ဖြတ် စားသောက် နေကြသည့် ဝက်အကောင်ရေ တစ်ရာကျော်ခန့် စုဝေးနေကြခြင်း ဖြစ်သည်။ အရေအတွက် အလွန်များ ပြားလွန်းလှပြီး အလွန်ပင် ရှုပ်ယှက်ခတ်နေပေသည်။
ယောင်ရန်သည် ဝက်များကို ခဏမျှ စောင့်ကြည့်လိုက်ရာ ထိုဝက်များမှာ ဝက်ခြံထဲရှိ ဝက်များထက် ပိုမို ကြမ်းတမ်းနေပုံရသည်ကို တွေ့လိုက်ရလေသည်။
ဝက်များသည် ပျင်းရိသော တိရစ္ဆာန်များ ဖြစ်ကြသော်လည်း ဆာလောင်လာပါက ရူးသွပ်သွားနိုင်ပြီး တောဝက်များကဲ့သို့ အန္တရာယ် ရှိလှပေသည်။ ထို့အပြင် ထိုဝက်များသည် တောထဲ၌ အနည်းဆုံး တစ်ပတ်ခန့် နေထိုင်ခဲ့ကြရသဖြင့် တောဝက်များအဖြစ်သို့ ပြောင်းလဲသွားပုံရလေ၏။
မည်သည့် ကြိုတင် ပြင်ဆင်မှုမျှမပါဘဲ ထိုဝက်များကို တိုက်ရိုက် ဖမ်းဆီးရန်မှာ သူမအတွက် အလွန် ခက်ခဲပြီး အန္တရာယ်များလွန်းလှသည်။ သူမ၏ လက်ရှိ စွမ်းရည်များအရ ထိုဝက်များကို မလန့်စေဘဲ အနီးသို့ ကပ်သွားရန်မှာ ခက်ခဲလှပေသည်။
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲမှ ဝက်စာခွက်အကြီးကြီးကို ထုတ်ယူ ကာ ဝက်စာများ ဖြည့်ထည့်လိုက်ပြီးနောက် အိပ်ဆေးမှုန့်များကိုပါ ရောမွှေလိုက်လေသည်။ အားလုံး အသင့်ဖြစ်သွားသောအခါ ယောင်ရန်သည် ထိုဝက်စာခွက်ကို နေရာလွတ် ထဲသို့ ပြန်ထည့်ထားလိုက်၏။
ထို့နောက် သူမသည် ဝက်များအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကာ ဝက်စာခွက်ကို လုံခြုံသော နေရာ တစ်ခု၌ ချထားလိုက်လေသည်။ ဝက်များ သူမကို သတိမထားမိခင်မှာပင် ယောင်ရန်သည် လျင်မြန်စွာ ပြေးထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ အနောက်၌ ပုန်းကွယ်နေလိုက်သည်။
မိုးရေများက ဝက်စာများထဲသို့ စိမ့်ဝင်သွားပြီး မကြာမီမှာပင် ဝက်စာ၏ မွှေးပျံ့သော အနံ့သည် လေထု ထဲသို့ ပျံ့နှံ့သွားလေသည်။ မြက်ပင်များကို စားသောက်နေကြသော ဝက်များမှာ ရုတ်တရက် နိုးကြား သွားခဲ့ကြ၏။ သူတို့သည် စိုးရိမ်တကြီး အသံများ ပြုလုပ်ကြပြီးနောက် ဝက်စာကို စတင် ရှာဖွေကြ လေတော့သည်။
ယောင်ရန်သည် သူမ၏ အသက်ရှူနှုန်းကို ထိန်းလိုက်ကာ ဝက်များ ဝက်စာကို ရှာတွေ့ရန် စိတ်ရှည်လက် ရှည် စောင့်ဆိုင်းနေလိုက်လေသည်။ သူတို့ အနည်းငယ်ကြာအောင် ရှာဖွေနေသည်ကို သူမ စောင့်ကြည့် နေခဲ့ပြီးနောက် ဝက်စာခွက်ကို တွေ့သွားကြကာ အစာကို လုယက် စားသောက်ကြသည်ကို မြင်လိုက်ရ လေ၏။
ဝက်များ လုယက် စားသောက်နေကြစဉ် ယောင်ရန်သည် အချို့သော ဝက်များ ယိမ်းယိုင်ကာ တုန်ယင် စွာ လှုပ်ရှားနေကြသည်ကို မြင်လိုက်ရလေသည်။
ဘုတ်ခနဲမြည်သံနှင့်အတူ မကြာမီမှာပင် ဝက်များသည် မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျ သွားကြလေတော့သည်။ အိပ်ဆေးမှုန့်မှာ အလွန် အစွမ်းထက်သော်ငြားလည်း ထိုဝက်များကို အိပ်ပျော် သွားစေရုံသာဖြစ်ပြီး သေဆုံးသွားစေမည် မဟုတ်ပေ။
ယောင်ရန်သည် မျှော်လင့်မထားသော ကိစ္စတစ်ခုခု ဖြစ်လာပါက အသုံးပြုနိုင်ရန်အတွက် ထိုအိပ်ဆေး မှုန့်ကို အဘိုးဟွာ ထံမှ ကြိုတင် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ လူများအပေါ် အသုံးမပြုခင် ဤအိပ်ဆေး မှုန့်ကို ဝက်များကို အရင်ကျွေးရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဝက်များသည် ဝက်စာအားလုံးကို စားသောက်ပြီးသွားသောအခါ ကျန်ရှိနေသော ဝက်များမှာ လူစုခွဲသွား ကြပြီး မြက်များကို ပြန်လည် စားသောက်နေကြပြန်သည်။ ယောင်ရန်သည် သတိလစ်နေသော ဝက်များ အနီးသို့ ခိုးကြောင်ခိုးဝှက် ကပ်သွားကာ သူမ၏ နေရာလွတ် အတွင်းရှိ မြက်ခင်းပြင်ပေါ်သို့ ထည့်သွင်း လိုက်လေသည်။
ထို့နောက် ဝက်စာခွက်ထဲသို့ အိပ်ဆေးမှုန့် ရောနှောထားသော ဝက်စာများကို ထပ်မံ ဖြည့်တင်းလိုက်၏။ မကြာမီမှာပင် ကျန်ရှိနေသော ဝက်များသည် လေထုထဲရှိ ဝက်စာ၏ မွှေးပျံ့သောအနံ့ကို ရရှိသွားကြပြီး အားပါးတရ ပြန်လည် စားသောက်ကြလေသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် နောက်ဆုံး ကျန်ရှိနေ သော ဝက်အနည်းငယ်မှာလည်း ရွှံ့ဗွက်ထူထပ်သော မြေပြင်ပေါ်၌ သတိလစ်ကာ လဲကျသွားကြတော့ သည်။
ယောင်ရန်သည် သစ်ပင်အနောက်မှ ထွက်လာကာ ဝက်များနှင့် ဝက်စာခွက်ကို သူမ၏ နေရာလွတ် ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် သူမသည် ဝက်မွေးမြူရေးခြံသို့ ပြန်လာခဲ့လိုက်လေ တော့၏။
ဝက်ခြံသို့ သူမ ပြန်ရောက်သောအခါ ရှီရွှမ်း နှင့် ကျားရှန်း တို့ကိုသာ တွေ့လိုက်ရလေသည်။ သူတို့နှစ်ဦး မှာ နောက်ဖေးတွင် ဝက်တစ်ကောင်ကို သားသတ်ပြီးနောက် ပြန်လာကြခြင်းပင် ဖြစ်သည်။ ရှီရွှမ်း နှင့် ကျားရှန်း တို့က သူမကို မြင်သောအခါ တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။
"ယောင်ရန်၊ မင်း အဆင်ပြေရဲ့လား…၊ အပြင်ဘက်မှာ အဲဒီလောက် အကြာကြီး ဘာတွေ လုပ်နေတာလဲ … ။”
အခန်း (၁၀၂)
ဝက်သားခြောက် (၁)
ယောင်ရန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ငါ အဆင်ပြေပါတယ်။ ဝက်ခြံပတ်လည်ကို လိုက်ရှာကြည့်တော့ ဂိုဒေါင်နဲ့ အိမ်ငယ်လေးတစ်လုံးထဲမှာ ပစ္စည်းတွေ တွေ့ခဲ့တယ်။ အဲဒါ လာပြောပြတာ၊ ပြီးတော့ အဲဒီပစ္စည်းတွေကို လှေတွေပေါ် သယ်နိုင် မလားလို့ လာတိုင်ပင်တာ...။"
သူမ၏ စကားကို ကြားသောအခါမှသာ ရှီရွှမ်းနှင့် ကျားရှန်းတို့မှာ စိတ်အေးသွားကာ သက်ပြင်းချနိုင် ကြတော့သည်။
ပတ်ဝန်းကျင်ကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက် လုံယုကို မတွေ့ရသဖြင့် ယောင်ရန်က မေးလိုက်လေ သည်။
"ရှီရွှမ်း၊ လုံယုရော ဘယ်သွားလို့လဲ...။"
ရှီရွှမ်းက ရှင်းပြလေသည်။
"မင်း အတော်ကြာတဲ့အထိ ပြန်မလာလို့ ခေါင်းဆောင်က မင်းကို ထွက်ရှာနေတယ်။ သူက မင်း အန္တရာယ် တစ်ခုခု ကြုံနေရပြီလားဆိုပြီး စိုးရိမ်နေတာ...။"
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် သူတို့ကို စိုးရိမ်ပူပန်စေခဲ့သည့်အတွက် ယောင်ရန်သည် အနည်း ငယ် အားနာသွားမိလေသည်။
သူမ၏ တစ်ကိုယ်လုံးတွင် မိုးရေများ စိုရွှဲကာ ရွှံ့များ ပေကျံနေသည်ကို မြင်သောအခါ ကျားရှန်းက သူမ ကို အမိုးအောက်ရှိ မီးဖိုဘေးသို့ ဆွဲခေါ်သွားရင်း ပြောလိုက်လေသည်။
"မီးဖိုနားမှာ ထိုင်ပြီး ကိုယ်ကို အရင်နွေးအောင် လုပ်လိုက်ပါဦး...။"
ယောင်ရန်သည် ခုံပုလေးပေါ်တွင် နာခံစွာ ဝင်ထိုင်လိုက်ပြီး တိတ်ဆိတ်သွားလေ၏။ သူမအနေဖြင့် အားနာစိတ်ကြောင့် လုံယုကို သွားရောက် ရှာဖွေချင်သော်ငြားလည်း၊ လမ်းလွဲသွားမည်ကို စိုးရိမ်သဖြင့် ဤနေရာတွင်သာ စောင့်ဆိုင်းနေခြင်းက ပို၍ ကောင်းမွန်မည်ကို သူမ သိထားပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် လုံယု ပြန်ရောက်လာခဲ့သည်။ မိုးရေများကြောင့် သူ၏ အဝတ်အစားများမှာ စိုရွှဲနေပြီး မျက်နှာထားမှာလည်း မှိုင်းညို့နေ၏။ သူသည် မိုးကာအင်္ကျီ၏ ခေါင်းစွပ်ကို ချွတ်လိုက်ရင်း မေးလေသည်။
"ယောင်ရန်ကို ရှာမတွေ့ခဲ့ဘူး…၊ သူ ပြန်ရောက်နေပြီလား...။"
ယောင်ရန်သည် သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားနှင့် စိုရွှဲနေသော အဝတ်အစားများကို ကြည့်ရင်း ပို၍ပင် အားနာသွားမိလေသည်။ သူမသည် ချောင်းကို ဟန့်လိုက်ပြီး ပြောလိုက်လေ၏။
"အဟမ်း...၊ ပြန်ရောက်လာပြီပဲ လုံယု….။ ရှင်တို့ကို စိုးရိမ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါ တယ်နော်...။"
သူမ၏ အသံကို ကြားလိုက်ရသောအခါ လုံယုသည် တစ်ခဏမျှ ရပ်တန့်သွားပြီး မျက်ဝန်းများပေါ်ရှိ မိုးရေများကို သုတ်ဖယ်လိုက်လေသည်။ ထို့နောက် အကြည့်ကို လွှဲကာ ကြည့်လိုက်ရာ မီးဖိုဘေး၌ ထိုင်နေသော သူမကို တွေ့လိုက်ရလေ၏။
ရွှံ့များ ပေကျံနေသော်ငြားလည်း သူမ ဘေးကင်းကြောင်း သိလိုက်ရသဖြင့် လုံယုမှာ စိတ်သက်သာရာ ရသွားလေတော့သည်။ သူ၏ ဆံပင်များနှင့် အဝတ်အစားများမှ ရေများ တစ်တောက်တောက် ကျနေဆဲ ဖြစ်သော်လည်း သူမအနီးသို့ လျှောက်သွားလိုက်၏။
သူသည် အမိုးအောက်၌ ရပ်ကာ အင်္ကျီမှ ရေများကို ညှစ်ချလိုက်ပြီး ယောင်ရန်ကို ကြည့်ရင်း ပြောလိုက် လေသည်။
"မင်း ဘေးကင်းလို့ တော်သေးတာပေါ့၊ နာရီအတော်ကြာတဲ့အထိ ပြန်မလာလို့ မင်း အန္တရာယ် တစ်ခုခု များ ကြုံနေပြီလားလို့ ငါထင်နေခဲ့တာ၊ မင်း ဘယ်တွေကိုများ သွားနေခဲ့တာလဲ၊ ဘယ်နေရာမှာမှ ရှာလို့ မတွေ့ဘူး...။"
ယောင်ရန်သည် အားနာဟန်ဖြင့် ခေါင်းကို ကုတ်လိုက်ရင်း ပြန်ဖြေလေသည်။
"ဝက်ခြံတစ်ဝိုက်ကို လိုက်ရှာကြည့်တော့ ဂိုဒေါင်နဲ့ အိမ်ငယ်လေးတစ်လုံးထဲမှာ စားနပ်ရိက္ခာနဲ့ အသုံး အဆောင်ပစ္စည်းတွေ တွေ့ခဲ့တယ်။ ငါတစ်ယောက်တည်း သယ်လာလို့ မရတာနဲ့ အဲဒီဂိုဒေါင်နဲ့ အိမ်ငယ် လေးထဲမှာပဲ ထားခဲ့လိုက်တယ်...။"
"အစက ဝက်ခြံကို ရှာဖွေပြီးတာနဲ့ ရှင်တို့ကို လာပြောဖို့ စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ ရှင်က ကျွန်မကို ထွက်ရှာနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးလေ၊ ရှင့်ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်နော်...။"
လုံယုက ခေါင်းခါပြရင်း ပြောလိုက်လေသည်။
"မင်း ဘေးကင်းရင် ရပါပြီလေ...။"
မီးလှုံကာ ကိုယ်ကို ခဏမျှ နွေးထွေးစေပြီးနောက် လုံယုသည် ဝက်ခြံ၏ နောက်ဖေးဘက်သို့ သွားလိုက် လေ၏။
သူ ရောက်ရှိလာသည်ကို မြင်သောအခါ ရှီရွှမ်းက ပြောလေသည်။
"ခေါင်းဆောင်၊ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ဝက်မွှေးတွေကို ပြောင်စင်အောင် လုပ်ပြီး ဝက် သွေးတွေ ကိုလည်း အိုးတွေထဲ ထည့်ထားလိုက်ပါပြီ...။"
ဝက်များကို မသတ်ဖြတ်ခင် လုံယုသည် ဝက်သွေးများကို ထည့်ရန်အတွက် ဝက်ခြံထဲ၌ တွေ့ရှိခဲ့သော အိုးကြီးအချို့ကို ဆေးကြောထားခဲ့ခြင်း ဖြစ်ပေသည်။ အစားအစာ ရှာဖွေရန် ခက်ခဲလှသော သူတို့၏ လက်ရှိ အခြေအနေအရ ဝက်သွေးမှာ အစာအိမ်ကို ပြည့်စေပြီး အဆုတ်ကို ရှင်းလင်းပေးရန်အတွက် အသုံးဝင်လှပေသည်။
ဝက်သွေးကို ကျိုချက်ပြီးနောက် သူတို့ စားသုံးနိုင်မည်ဖြစ်ပြီး၊ သူတို့ စုဆောင်းရရှိထားသော ဝက်သွေး ပမာဏကို ကြည့်မည်ဆိုလျှင် အချိန်အတိုင်းအတာ တစ်ခုအထိ ရိက္ခာဖူလုံစေနိုင်မည် ဖြစ်လေသည်။
ဝက်မွှေးများကို ရှင်းလင်းပြီး ဖြစ်သောကြောင့် လုံယုသည် သူ၏ ကျောပိုးအိတ်ထဲမှ ယူဆောင်လာသော သားသတ်ဓားကို ထုတ်ယူလိုက်၏။ မနေ့ကမှ ဝက်သတ်နည်းကို သူ သင်ယူထားခဲ့ပြီးဖြစ်ရာ ဤဝက် ဆယ်ကောင်ကို ကိုင်တွယ်ရန်မှာ သူ့အတွက် ပြဿနာရှိမည် မဟုတ်ပေ။
ယောင်ရန်၏ အဝတ်အစားများ ခြောက်သွေ့သွား၍ နောက်ဖေးသို့ ရောက်ရှိလာချိန်တွင် လုံယုသည် ဝက်သုံးကောင်ကို သတ်ဖြတ်ပြီးဖြစ်ကာ ဝက်သားနှင့် ကလီစာများကို ဇလုံများထဲ၌ အသီးသီး ထည့် ထားပြီး ဖြစ်လေသည်။
သူမ လာသည်ကို မြင်သောအခါ လုံယုသည် သူ လုပ်နေသောအရာကို ရပ်တန့်လိုက်ပြီး ပြောလေသည်။
"ယောင်ရန်၊ မင်း အချိန်ကိုက် ရောက်လာတာပဲ၊ ငါတို့ ဝက်သားကို ဘယ်လိုခွဲဝေကြမလဲဆိုတာ ဆွေးနွေး နေကြတာ၊ မင်း ဘယ်အစိတ်အပိုင်းကို လိုချင်လဲ...။"
ယောင်ရန်မှာ ဝက်အကောင်တစ်ရာကျော်ကို ယခုလေးတင် တွေ့ရှိထားခဲ့ရာ၊ ဝက်သားအတွက် လုံယု နှင့် အခြားသူများကို အလုအယက် မယှဉ်ပြိုင်လိုသဖြင့် ပြောလိုက်လေ၏။
"ကျွန်မကို အသားစစ်စစ် ကီလိုဂရမ် အနည်းငယ်လောက် ပေးရင် ရပါပြီ၊ ဒီဝက်ခြံကို ရှင်တို့ ရှာတွေ့ခဲ့ တာလေ၊ ပြီးတော့ ဝက်တွေကို သတ်ဖြတ်ပြီး သန့်စင်ဖို့လည်း ရှင်တို့ပဲ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ ကြတာဆိုတော့ ဒီတစ်ကြိမ်မှာ ရှင်တို့ပဲ ဝေစုပိုယူသင့်ပါတယ်...။"
ထိုစကားကို ကြားသောအခါ ကျားရှန်းက ခေါင်းခါပြရင်း ပြောလေသည်။
"အညီအမျှပဲ ခွဲဝေလိုက်ကြရအောင်ပါ...။"
ကျားရှန်း၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူမ၏ အကြံပြုချက်ကို သူတို့ သဘောတူမည် မဟုတ်ကြောင်း ယောင်ရန် သိလိုက်လေသည်။ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် သူမက ပြော လိုက်လေ၏။
"ဒါဆိုရင် ကျွန်မကို ဝက်ကလီစာနဲ့ ဝက်ခေါင်းတွေ ပေးရင်ရော အဆင်ပြေမလား...။"
လုံယုမှာ ချက်ပြုတ်ရေး၌ ပါရမီမပါရုံမျှမက မီးဖိုချောင် ဖျက်ဆီးသူဟုပင် ခေါ်ဆိုနိုင်သဖြင့် သူက ကန့်ကွက်စရာ အကြောင်းမရှိပေ။ ကျားရှန်းမှာမူ လုံယုထက်ပင် ဆိုးရွားလှသဖြင့် မီးဖိုချောင်ထဲ ဝင်ခွင့်ကိုပင် ပိတ်ပင်ခံထားရသူ ဖြစ်၏။
ရှီရွှမ်း အနေဖြင့်မူ ရိုးရှင်းသော ဟင်းလျာအချို့ကို ချက်ပြုတ်ရာတွင် ပြဿနာမရှိသော်ငြားလည်း၊ ဝက်ကလီစာနှင့် ဝက်ခေါင်းကို မည်သို့ ကိုင်တွယ် ချက်ပြုတ်ရမည်ကိုမူ နားမလည်ပေ။
ထို့ကြောင့် သူတို့သုံးဦးလုံးသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီး ဝက်ကလီစာများနှင့် ဝက်ခေါင်းအားလုံးကို ယောင်ရန်အား ပေးရန် ဆုံးဖြတ်လိုက်ကြလေသည်။ အသားဝေစု အတွက်မူ အရိုးများအပါအဝင် အသားနှင့် အဆီ ကီလိုဂရမ် (၂၀၀) ကျော်ကို သူမအား ပေးလိုက်ကြ၏။
ဝက်ဆယ်ကောင်လုံးကို ခွဲဝေကာ သန့်စင်ပြီးသွားသောအခါ ယောင်ရန်သည် အခြားသူများကို ကြည့် ရင်း ပြောလိုက်လေသည်။
"ဒါတွေ အားလုံးကို ငါတို့ တစ်ခေါက်တည်းနဲ့ အကုန် သယ်သွားနိုင်မယ် မထင်ဘူးနော်...။"
လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် ဝက်သွေးအိုးများ၊ ကလီစာများ၊ အရိုးများ၊ ဝက်ခေါင်းများနှင့် အသား များကို ကြည့်ရင်း တိတ်ဆိတ်သွားကြလေတော့သည်။
အသားစားရတော့မည်ဟူသော အတွေးဖြင့် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသဖြင့်၊ ဝက်ဆယ် ကောင်မှ ကလီစာများ၊ အရိုးများနှင့် သွေးများအပါအဝင် အသား (၃) တန်နီးပါးခန့် ထွက်ရှိနိုင်သည်ဟူ သော အချက်ကိုပင် မေ့လျော့နေခဲ့ကြခြင်း ဖြစ်၏။
လုံယုသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ရှီရွှမ်းနဲ့ ငါက ဂိုဒေါင်နဲ့ အိမ်ငယ်လေးထဲမှာ မင်း တွေ့ခဲ့တဲ့ ပစ္စည်းတွေကို အရင်သယ်သွားပြီးမှ ကျန်တဲ့ ဟာတွေကို လာသယ်ကြမယ်လေ၊ မင်းက ကျားရှန်းနဲ့အတူ ဤနေရာမှာပဲ နေခဲ့ပြီး ကျန်တဲ့ပစ္စည်းတွေ ကို စောင့်ပေးထားလိုက်...။"
ပစ္စည်းများ အမြောက်အမြား ရှိနေသဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိနိုင်ပေသည်။
အကယ်၍ သူတို့နှစ်ဦးတည်းဖြင့်သာ ပစ္စည်းများ အပြည့်တင်ဆောင်ထားသော လှေသုံးစင်းကို သယ်ယူ သွားမည် ဆိုပါက အလွန် အန္တရာယ်များလှပေလိမ့်မည်။