အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃)
ဝက်သားခြောက် (၂)
ယောင်ရန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။
"အသားစိမ်းတွေကို ငါတို့ အကြာကြီး သိမ်းထားလို့ မရဘူး...။ တကယ်လို့ ဒီလိုမျိုးသာ သယ်သွားရင် လူတွေ က ငါတို့ကို ပိုပြီးပစ်မှတ်ထားလာလိမ့်မယ်...။ အဲဒီအစား ငါ ဒီနေရာမှာနေခဲ့ပြီးတော့ ဝက်သား တွေကို ဝက်သားခြောက်လုပ်၊ ပြီးတော့ ဝက်ကလီစာနဲ့ ဝက်သွေးတွေကို ချက်လိုက်ရင်ရော ဘယ်လို လဲ...။"
"ငါတို့ဆီမှာ လောင်စာလည်း နည်းနေတယ်၊ ပြီးတော့ အိမ်မှာ ဝက်ခေါင်းတွေနဲ့ ဝက်ကလီစာတွေကို သန့်စင်ဖို့က အလုပ်ရှုပ်တယ်လေ...။ သယ်ရလွယ်ကူအောင် ငါ ဒီနေရာမှာပဲ သန့်စင်ပြီး ချက်ပြုတ်ပေး ထားလို့ ရတယ်...။"
ထို့နောက် သူမသည် ကျားရှန်းကို ကြည့်ကာ ပြောလိုက်လေ၏။
"ပြီးတော့ ကျားရှန်း၊ နင်လည်း သူတို့နဲ့အတူ ပြန်လိုက်သွားပါ...။ လုံယုနဲ့ ရှီရွှမ်း နှစ်ယောက်တည်း ဒီလောက်များတဲ့ ပစ္စည်းတွေကို သယ်သွားဖို့ဆိုတာ အရမ်း အန္တရာယ်များပါတယ်...။"
သူတို့နှင့်မတူဘဲ ယောင်ရန်မှာ သာမန် နိုင်ငံသားတစ်ဦးသာ ဖြစ်၏။ သူမသည် တိုက်ခိုက်နိုင်စွမ်းရှိပြီး သာမန် တက္ကသိုလ်ကျောင်းသူတစ်ဦးထက် ပိုမို သန်စွမ်းသော်ငြားလည်း၊ နောက်ဆုံးတွင်မူ သူမသည် မိန်းကလေးတစ်ဦးသာ ဖြစ်ရာ ဓားပြအုပ်စုနှင့်သာ ရင်ဆိုင်ရပါက အလွန် အန္တရာယ်များလှပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ လုံယုက စိုးရိမ်ဟန်ရှိသော အသံဖြင့် မေးလိုက်လေသည်။
"မင်းတစ်ယောက်တည်း ဒီနေရာမှာ နေခဲ့ဖို့က အရမ်း အန္တရာယ်မများလွန်းဘူးလား...။"
ယောင်ရန်က ပြုံးလိုက်ပြီး ယုံကြည်မှုရှိစွာ ပြန်ပြောလိုက်၏။
"ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်...။"
သူမက ထိုကဲ့သို့ ပြောလာသောအခါ ကျန်သုံးဦးမှာ သဘောတူရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ ပေ။ အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့လေးဦးသည် ယောင်ရန် ရှာဖွေတွေ့ရှိခဲ့သော ပစ္စည်း များကို လှေများပေါ်သို့ အရင်ဆုံး ရွှေ့ပြောင်းလိုက်ကြလေသည်။
လှေသုံးစင်းလုံး အပြည့်ဖြစ်သွားသောအခါ ဂိုဒေါင်ထဲ၌ ပြောင်းဖူး၊ အာလူးနှင့် ကန်စွန်းဥ တစ်ဝက်ခန့် ကျန်ရစ်နေခဲ့လေသည်။
လုံယုသည် ယောင်ရန်ကို ကြည့်ရင်း ပြောလေသည်။
"မင်း သတိထားပြီး နိုးနိုးကြားကြား နေရမယ်နော်...။ ငါ အမြန်ဆုံး ပြန်လာနိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်...။"
ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေ၏။
"ကျွန်မ သိပါတယ်...။ ရှင်တို့လည်း လမ်းမှာ ဂရုစိုက်ကြဦးနော်...။"
ယောင်ရန် ဝက်ခြံဆီသို့ လျှောက်သွားသည်ကို ကြည့်ပြီးနောက် လုံယုသည် လေထိုးလှေပေါ်သို့ တက် လိုက်ပြီး ရှီရွှမ်းက မော်တော်ဘုတ် အင်ဂျင်ကို စက်နှိုးလိုက်လေသည်။
ခရီးစဉ်ကို တိုတောင်းစေရန်အတွက် ရှီရွှမ်းသည် လမ်းလွှဲမသွားတော့ဘဲ အတိုဆုံး လမ်းကြောင်းကိုသာ ရွေးချယ်လိုက်ရာ အသွားအပြန် အနည်းဆုံး လေးနာရီခန့် ကြာမြင့်မည် ဖြစ်၏။
အန္တရာယ်များသော ရေစီးကြောင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြားထဲမှ ရှီရွှမ်းက ဂရုတစိုက် မောင်းနှင်သွားနေစဉ်၊ ယောင်ရန်မှာမူ သူမ၏ နေရာလွတ် အတွင်းရှိ ဂိုဒေါင်ထဲသို့ အရာအားလုံးကို ထည့်သွင်းလိုက်လေသည်။
ထို့နောက် သူမသည် ရေချိုးရန်အတွက် နေရာလွတ် ထဲသို့ မဝင်ရောက်မီ အိမ်ငယ်လေးဆီသို့ သွားလိုက် ၏။ ဝက်ခြံထဲ၌ နာရီအတော်ကြာ အချိန်ဖြုန်းခဲ့ရသဖြင့် ယောင်ရန်သည် အပုပ်နံ့များကို ဆေးကြောရန် ရေအလွန် ချိုးချင်နေခဲ့ပြီပင်။
ရေချိုးကာ အဝတ်အစား လဲလှယ်ပြီးနောက် ယောင်ရန်သည် ဗီလာငယ်လေး၏ မီးဖိုချောင်သို့ သွား လိုက်လေသည်။ သူမသည် စိတ်ဝိညာဉ်ကို အသုံးပြုကာ ဝက်သွေးများကို ဂိုဒေါင်ထဲမှ ရွှေ့ထုတ်လိုက် ၏။ ကျောက်ကျောကဲ့သို့ ခဲနေပြီဖြစ်သော ဝက်သွေးများကို အတုံးကြီးများဖြစ်အောင် လှီးဖြတ်လိုက်ပြီး အိုးကြီးတစ်လုံးထဲ၌ ကျိုချက်လိုက်လေတော့သည်။
ဝက်သွေးများ ကျက်လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်၊ ယောင်ရန်သည် ဝက်ခေါင်းများနှင့် ဝက်ကလီ စာများကို သူမ၏ စိတ်ဝိညာဉ်ဖြင့် သန့်စင်လိုက်လေသည်။ ဤကဲ့သို့ လွယ်ကူ အဆင်ပြေမှုကြောင့် သူမ သည် အပြင်လောကထက်စာလျှင် သူမ၏ နေရာလွတ် ထဲ၌သာ အလုပ်လုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူမသည် ဝက်ခြံရှိ အိမ်ငယ်လေး၏ မီးဖိုချောင်ထဲ၌ အလုပ်လုပ်မည်ဆိုပါက ဝက်ကလီစာ နှင့် ဝက်ခေါင်းကို သန့်စင်ရန် နာရီပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။ သို့သော်လည်း နေရာလွတ် အတွင်း၌မူ ထိုအလုပ်များကို နှစ်နာရီအတွင်း အပြီးသတ်နိုင်ပေသည်။
အလုပ်ရှုပ်နေခဲ့သောကြောင့် ယောင်ရန်သည် နေရာလွတ် ထဲ၌ အချိန်မည်မျှကြာအောင် ရှိနေခဲ့သည်ကို သတိမထားမိခဲ့ပေ။ သူမသည် ဧည့်ခန်းထဲ၌ လွင့်မျောနေသော အချိန်မှတ်စက်ကို ကြည့်လိုက်သောအခါ နေရာလွတ် ထဲ၌ သုံးနာရီကျော်ခန့် ရှိနေခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အပြင်သို့ထွက်ရန် ဆုံးဖြတ် လိုက်လေသည်။
သူမ၏ နေရာလွတ်ကို ရရှိပြီးကတည်းက အချိန်များစွာကို ချွေတာနိုင်ခဲ့သော်လည်း၊ အချိန်ပို၍ ချွေတာ နိုင်လေ အနာဂတ်အတွက် ပို၍ ဘေးကင်းလေပင် ဖြစ်သည်။ သူမအနေဖြင့် ချွေတာစွာ အသုံးပြုခြင်း ကသာ ပိုကောင်းပြီး နေရာလွတ် အတွင်း၌ နေထိုင်ရင်း အချိန်များစွာကို အလဟဿ မဖြုန်းတီးသင့်ပေ။
နေရာလွတ် ထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် ဝက်သားခြောက်လုပ်ရန်နှင့် ဝက်ကလီစာ၊ ဝက်ခေါင်း အနည်းငယ်ကို ပေါင်းပြုတ်ရန်သာ လိုအပ်တော့သည်။ အလုပ်မှာ မရှုပ်ထွေးသော်လည်း အချိန်ယူရပေမည်။
ယနေ့တွင် ဝက်ကလီစာနှင့် ဝက်ခေါင်း အားလုံးကို ချက်ပြုတ်ရန် သူမ မရည်ရွယ်ထားပေ။ သူမသည် လုံယုနှင့် အခြားသူများ စားသောက်ရန်အတွက် အနည်းငယ်ကိုသာ ပေါင်းပြုတ်လိုက်ပြီး ကျန်ရှိနေ သည်များကို နောင်အသုံးပြုရန်အတွက် သိမ်းဆည်းထားလိုက်လေသည်။
ပထမဦးစွာ ယောင်ရန်သည် ဝက်သားများကို ပါးလွှာ၍ ရှည်လျားသော အပြားလေးများဖြစ်အောင် လှီးဖြတ်ကာ ဘေးဖယ်ထားလိုက်၏။ ထို့နောက် ဝက်သားကို နှပ်ထားရန်အတွက် ဆော့စ်ကို ပြင်ဆင် လိုက်လေသည်။ ဝက်သား အမြောက်အမြား ရှိနေသဖြင့် ယောင်ရန်သည် အစပ်အရသာ ဝက်သား ခြောက်၊ အချိုအရသာ ဝက်သားခြောက်နှင့် မူလ အငန်အရသာ ဝက်သားခြောက်ဟူ၍ သုံးမျိုး ပြုလုပ် ရန် ဆုံးဖြတ်လိုက်သည်။
သူမ အသားနှပ်ရန် ဆော့စ်များကို ပြင်ဆင်နေချိန်မှာပင် လုံယုနှင့် အခြားသူများ ပြန်ရောက်လာကြ၏။ ယောင်ရန်က သူတို့ကို မမြင်ရသေးခင်မှာပင် အပြင်ဘက်မှ ထွက်ပေါ်လာသော သူတို့၏ အသံများကို ကြားလိုက်ရလေသည်။
"ယောင်ရန် ဘာတွေ ချက်နေတာလဲ...၊ အနံ့က အရမ်းကိုမွှေးနေတာပဲ...။"
ဟွမ်ချန်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသဖြင့် ယောင်ရန်သည် မီးဖိုချောင် တံခါးဘက် သို့ လှည့်ကြည့်လိုက်လေသည်။ သူ အထဲသို့ ဝင်လာကာ လေထဲ၌ အနံ့ခံနေသည်ကို မြင်သောအခါ သူမ က ပြုံးရင်း ပြန်ဖြေလိုက်၏။
"ဝက်သားခြောက်ရယ်၊ ဝက်ကလီစာပေါင်းရယ်၊ ဝက်ခေါင်းပေါင်းရယ် လုပ်ထားတာ...။"
ဟွမ်ချန်သည် အိုးများထဲရှိ ဝက်သားပြားများကို မြင်သောအခါ မေးလိုက်လေသည်။
"ချက်လို့ ပြီးသွားပြီလား...။"
ယောင်ရန်က ခေါင်းခါပြလိုက်၏။
"မပြီးသေးဘူး...၊ ဝက်သားခြောက်အတွက် ဆော့စ် ပြင်ဆင်နေတုန်းပဲ ရှိသေးတယ်...။"
ဟွမ်ချန် စိတ်ပျက်သွားချိန်မှာပင် ဧည့်ခန်းဆီမှ လုံယု၏ အသံ ထွက်ပေါ်လာလေသည်။
"ဟွမ်ချန်၊ ဒီပစ္စည်းတွေကို လာကူရွှေ့ပေးပါဦး...။"
"ဟုတ်ကဲ့ ခေါင်းဆောင်...။"
ဟွမ်ချန် မီးဖိုချောင်ထဲမှ ထွက်သွားပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲမှ ဝက်သွေး၊ ဝက်ကလီစာ နှင့် ဝက်ခေါင်းတို့ကို တည်ငြိမ်စွာ ယူဆောင်လာကာ မီးဖိုချောင်၏ ထောင့်တစ်နေရာ၌ ချထားလိုက်လေ သည်။ ဝက်ကလီစာနှင့် ဝက်ခေါင်းကို ပေါင်းအုံရန် လိုအပ်နေသေးသော်လည်း၊ ဝက်သွေးမှာမူ ကျက်ပြီး ဖြစ်ရာ တိုက်ရိုက် စားသုံးနိုင်သလို စွပ်ပြုတ်လည်း လုပ်သောက်၍ ရနိုင်ပေသည်။
မိနစ်လေးဆယ်ခန့် ကြာပြီးနောက် လုံယု၊ ကျားရှန်းနှင့် ဟွမ်ချန်တို့ ပြန်ဝင်လာကြပြီး အားလုံး၏ တစ်ကိုယ်လုံးမှာ မိုးရေများ စိုရွှဲနေခဲ့ကြ၏။
လုံယုသည် မီးဖိုချောင်ထဲသို့ ဝင်လာကာ မေးလိုက်လေသည်။
"ယောင်ရန်၊ အရင်ဆုံး ပြန်သယ်သွားလို့ရတာတွေ ရှိနေပြီလား...။"
ယောင်ရန်သည် မီးဖိုချောင် ထောင့်တစ်နေရာသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
"ဝက်သွေးတွေကတော့ အသင့်ဖြစ်နေပြီ၊ ဒါပေမဲ့ ကလီစာနဲ့ ဝက်ခေါင်းကတော့ ပေါင်းဖို့ လိုသေးတယ် ...။"
လုံယုသည် ဝက်သွေးအိုး သုံးအိုးကို မြင်သောအခါ ပြောလိုက်၏။
"ဝက်သွေးတွေကို အရင်ဆုံး ပြန်သယ်သွားလိုက်မယ်...။ ဝက်သားခြောက်တွေ ထည့်ဖို့အတွက် ပလတ် စတစ်အိတ်တချို့ ယူလာခဲ့တယ်...။ မင်းလုပ်လို့ ပြီးသွားရင် ဝက်သားခြောက်တွေကို အဲဒီ ပလတ်စ တစ်အိတ်တွေထဲ ထည့်ထားလိုက်လို့ရတယ်...။"
ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပါပြီ...။"
လုံယု မီးဖိုချောင်ထဲမှ ထွက်သွားချိန်မှာပင် ယောင်ရန်သည် ကျားရှန်း နှာချေလိုက်သံကို ကြားလိုက်ရ၏။
"ဟတ်ချိုး..."
သူမသည် ယောက်မကို အောက်ချလိုက်ပြီး မီးကို လျှော့ချလိုက်ကာ ဧည့်ခန်းဆီသို့ သွားကြည့်လိုက် လေသည်။ ကျားရှန်း၏ နီရဲနေသော နှာခေါင်းနှင့် မျက်ရည်ဝဲနေသော မျက်ဝန်းများကို မြင်သောအခါ သူမက မေးလိုက်လေ၏။
"ကျားရှန်း၊ နင် အအေးမိ သွားပြီထင်တယ်...။"
အခန်း (၁၀၄)
ဝက်သားခြောက် (၃)
ကျားရှန်းသည် သူမ၏ ယားယံနေသော နှာခေါင်းကလေးကို ပွတ်ကာ နှာမှုတ်လိုက်ရင်း…၊
"ငါ အဆင်ပြေပါတယ်၊ နည်းနည်း အေးသွားလို့ပါ...။"
ယောင်ရန်သည် သူမ၏ ဖြူရော်နေသော နှုတ်ခမ်းများကို ကြည့်ကာ….၊
"နင်တို့ ခဏလောက် နားလိုက်ကြပါဦး၊ အအေးပတ်တာ သက်သာသွားအောင် ငါ ဂျင်းပြုတ်ရည် နည်းနည်း သွားလုပ်လိုက်ဦးမယ်...။"
ယောင်ရန်၏ စကားကို ကြားသောအခါ သူတို့သည် ငြင်းဆန်ခြင်း မရှိကြဘဲ ကြမ်းပြင်ပေါ်၌ ထိုင်ကာ နားနေလိုက်ကြလေသည်။ မီးဖိုချောင်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ဂျင်းပြုတ်ရည် ပြုလုပ် ရန် ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်လေ၏။
ပထမဦးစွာ သူမသည် ဂျင်းကို ရေဆေးပြီး ပါးပါးလှီးလိုက်လေသည်။ ထို့နောက် ဂျင်းများကို ရေနွေးအိုး ထဲသို့ ထည့်ကာ မီးပြင်းပြင်းဖြင့် တစ်မိနစ်ခန့် ဆူပွက်အောင် တည်လိုက်ပြီး၊ ဂျင်း၏ ဆေးဘက်ဝင် အာနိ သင်များ ထွက်ပေါ်လာစေရန် မီးအေးအေးဖြင့် ငါးမိနစ်ခန့် ဆက်လက် တည်ထားလိုက်လေ၏။
ရေ၏ အရောင်မှာ အဝါရောင်သမ်းလာသောအခါ ယောင်ရန်သည် မီးကို ပိတ်လိုက်ပြီး ဂျင်းပြုတ်ရည်ကို ဇကာစိပ်ဖြင့် စစ်ကာ လောင်းထည့်လိုက်လေသည်။ သူမသည် ဂျင်းပြုတ်ရည်ကို ခွက်ငါးခွက်ထဲသို့ ခွဲ ထည့်လိုက်ပြီးနောက် တစ်ခွက်စီတိုင်းတွင် ပျားရည် တစ်ဇွန်းစီ ရောမွှေလိုက်လေ၏။
ယောင်ရန်သည် ဂျင်းပြုတ်ရည် နှစ်ခွက်ကို ကိုင်ကာ ဧည့်ခန်းဆီသို့ လာခဲ့ပြီး ကျားရှန်းနှင့် လုံယုတို့ကို ကမ်းပေးလိုက်လေသည်။ ထို့နောက် သူမသည် မီးဖိုချောင်သို့ ပြန်သွားကာ နောက်ထပ် ဂျင်းပြုတ်ရည် နှစ်ခွက်ကို ဧည့်ခန်းသို့ ယူလာခဲ့ပြီး ရှီရွှမ်းနှင့် ဟွမ်ချန်တို့ကို ကမ်းပေးလိုက်ပြန်သည်။
ဂျင်းပြုတ်ရည်ခွက်ကို ကိုင်ထားရင်း သူတို့ငါးဦးသည် ဖြည်းညင်းစွာ သောက်သုံးလိုက်ကြ၏။ ဂျင်းပြုတ် ရည်ကို သောက်ပြီးနောက် ကျားရှန်းသည် တစ်ကိုယ်လုံး နွေးထွေးသွားသည်ဟု ခံစားလိုက်ရပေသည်။ သူမသည် ဝမ်းသာသွားပြီး ကျေနပ်စွာ သက်ပြင်းချလိုက်လေသည်။
ဟွမ်ချန်သည် ခွက်လွတ်ကို မီးဖိုချောင်သို့ ပြန်ယူလာရင်း မေးလိုက်၏…။
"ယောင်ရန်၊ ဤဂျင်းပြုတ်ရည်က အရမ်း ကောင်းတာပဲ၊ ဂျင်းတွေကို ဘယ်ကရခဲ့တာလဲ...။"
ယောင်ရန်သည် မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ညာလိုက်ကာ၊
"မီးဖိုချောင်ထဲမှာ တွေ့ခဲ့တာလေ...။" ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
ဟွမ်ချန်က သူမပြောသည်ကို ယုံကြည်သွားသည်ကို မြင်သောအခါ ယောင်ရန်သည် မီးဖိုချောင်ထဲသို့ ပြန်ဝင်ခဲ့၏။ အသားနှပ်မည့် ဆော့စ်မှာ အသင့်ဖြစ်နေပြီဖြစ်ရာ ယောင်ရန်သည် အိုးကို မီးဖိုပေါ်မှ ချလိုက်ပြီး အစပ်ဆော့စ်ကို အအေးခံထားစဉ်အတွင်း အချိုဆော့စ်ကို ထပ်မံ ပြင်ဆင်လိုက်လေသည်။
အပူချိန် နိမ့်ကျနေသောကြောင့် ဆော့စ်မှာ လျင်မြန်စွာ အေးသွားခဲ့ပေသည်။
ယောင်ရန်သည် ဝက်သားများကို သုံးပုံခွဲလိုက်ပြီး တစ်ပုံကို အစပ်ဆော့စ်ဖြင့် နှပ်ကာ ဘေးဖယ်ထား လိုက်လေ၏။ ထို့နောက် သူမသည် နောက်ထပ် အသားတစ်ပုံကို ဆား၊ ကြက်သွန်ဖြူတို့ဖြင့် နှပ်ထား လိုက်လေသည်။
သူမ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေစဉ် လုံယု ရောက်လာပြီး….၊
"ယောင်ရန်၊ ငါတို့ ပစ္စည်းတွေကို အရင်ဆုံး ပြန်သယ်သွားလိုက်တော့မယ်...။"
ယောင်ရန်သည် သူ့ကို မော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ၊ ဂရုစိုက်သွားကြဦးနော်...။"
"အင်း..."
လုံယုနှင့် အခြားသူများ ထွက်သွားပြီးနောက် ယောင်ရန်သည် နှပ်ထားသော ဝက်သားများကို နေရာလွတ် ထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်ပြီး သူမ၏ စိတ်ဝိညာဉ်ဖြင့် စတင် ပြုပြင်လိုက်တော့သည်။
သူမသည် အသားခြောက်များကို မှိုင်းတိုက်ရန် စီစဉ်ထားချေ၏။ အကြောင်းမှာ မှိုင်းတိုက်ခြင်းက အသားခြောက်ပြုလုပ်ရာတွင် အကောင်းဆုံးနှင့် အရသာအရှိဆုံး နည်းလမ်းဖြစ်သောကြောင့်ပင်။ မှိုင်းတိုက်လိုက်သောအခါ အသားခြောက်များတွင် အလွန် မွှေးပျံ့သော အခိုးအငွေ့ အရသာတစ်ခု ရရှိလာမည် ဖြစ်လေသည်။
ထို့နောက် ယောင်ရန်သည် အသားခြောက်များကို မှိုင်းတိုက်ရန်အတွက် သင့်လျော်သော ထင်းများကို ဂိုဒေါင်ထဲ၌ လိုက်လံ ရှာဖွေလိုက်လေ၏။
မိနစ်အနည်းငယ်ကြာအောင် ရှာဖွေပြီးနောက် ဟစ်ကိုရီ ထင်းသားများကို သူမ တွေ့ရှိသွားလေသည်။ သူမ၌ ဟစ်ကိုရီ ထင်းသား အများအပြား မရှိသော်ငြားလည်း ထိုဝက်သားအားလုံးကို မှိုင်းတိုက်ရန် အတွက်မူ လုံလောက်လှပေသည်။
ထင်းများကို ရွေးချယ်ပြီးနောက် ယောင်ရန်သည် မှိုင်းတိုက်သည့် လုပ်ငန်းစဉ်ကို လျင်မြန်စွာ စတင် လိုက်တော့သည်။ နှပ်ထားသော ဝက်သားများ အသင့်ဖြစ်ရန်အတွက် အနည်းဆုံး သုံးနာရီခန့် မှိုင်းတိုက် ရန် လိုအပ်ပေသည်။
လုံယုနှင့် အခြားသူများ တတိယအကြိမ်အဖြစ် ပြန်ရောက်လာချိန်တွင်မူ ယောင်ရန်သည် ဝက်သား ခြောက်၊ ဝက်ကလီစာပေါင်းနှင့် ဝက်ခေါင်းပေါင်းတို့ကို ပြုလုပ်၍ ပြီးစီးနေပြီ ဖြစ်လေသည်။ သူတို့ အိမ်ငယ်လေးထဲသို့ ဝင်လာသောအခါ သူမ ဧည့်ခန်းထဲ၌ ထိုင်ကာ ဝက်သားခြောက် ဝါးစားနေသည်ကို တွေ့လိုက်ရလေ၏။
ပလတ်စတစ်အိတ်များထဲတွင် ဝက်သားခြောက်များ အပြည့်ရှိနေသည်ကို မြင်သောအခါ ဟွမ်ချန်မှာ မစောင့်ဆိုင်းနိုင်တော့ဘဲ တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်။ အစပ်အရ သာသည် သူ၏ ပါးစပ်ထဲ၌ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ဝမ်းသာလွန်းသဖြင့် သူ မျက်ရည်ကျလုနီးပါး ပင် ဖြစ်သွားခဲ့ရလေ၏။
ပင်ပန်းနွမ်းနယ်နေသော ယောင်ရန်ကို လှည့်ကြည့်ရင်း ဟွမ်ချန်က ပြောလိုက်လေသည်။
"ယောင်ရန်၊ ပင်ပန်းသွားပြီပဲ၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ဤဝက်သားခြောက်က တကယ်ကို အရသာရှိလွန်းပါတယ်...။"
ယောင်ရန်က ပင်ပန်းဟန်ဖြင့် လက်ယမ်းကာ ပြုံးလိုက်ရင်း…. ၊
"ရှင်တို့ သဘောကျရင် တော်ပါပြီ၊ ဟင်းခတ်အမွှေးအကြိုင်တွေလည်း အကုန် ကုန်သွားပြီ၊ ပြီးတော့ ဂက်စ်အိုးထဲမှာလည်း ဂက်စ်တစ်ဝက်ပဲ ကျန်တော့တယ်၊ အဲဒီ ဂက်စ်အိုးနဲ့ ဂက်စ်မီးဖိုကိုလည်း ငါတို့ ပြန်သယ်သွားကြရအောင်...။"
သူမ၏ ပင်ပန်းနေသော အသွင်ကို မြင်သောအခါ လုံယုသည် သူ၏ သူငယ်ချင်းများကို ကြည့်ကာ ပြော လိုက်လေသည်။
"ငါတို့ ပြန်မသွားခင် ခဏနားပြီး တစ်ခုခု အရင်စားလိုက်ကြရအောင်...။"
ယခုအချိန်မှာ ညစာစားချိန် ရောက်နေပြီဖြစ်ကာ ကျန်သုံးဦးမှာလည်း အလွန် ဆာလောင်နေကြပြီ ဖြစ် ၏။ သူတို့သည် ကြမ်းပြင်ပေါ်၌ ထိုင်လိုက်ကြပြီး ကျောပိုးအိတ်များထဲမှ အစားအစာများကို ထုတ်ယူ လိုက်ကြလေသည်။ ဝက်သားခြောက်များကိုပါ ထည့်သွင်း စားသောက်လိုက်သောအခါ သူတို့၏ ရိုးရှင်း သော ညစာမှာ ပို၍ပင် အရသာ ရှိသွားလေတော့သည်။
နားခိုပြီး ခွန်အားများ ပြန်လည် ရရှိလာပြီးနောက် သူတို့ငါးဦးသည် အစားအစာများကို လှေများပေါ်သို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်ကြလေ၏။ အသားစိမ်းများကို ဝက်သားခြောက်အဖြစ် ပြောင်းလဲလိုက် သောကြောင့် အရွယ်အစား သေးငယ်သွားသော်ငြားလည်း၊ လှေနှစ်စင်း အပြည့်တော့ ရှိနေသေးပေ သည်။
မော်တော်ဘုတ်ပေါ်တွင် နေရာလွတ် ကျန်ရှိနေသေးသည်ကို မြင်သောအခါ လုံယုသည် ဝက်ခြံထဲရှိ သစ်သားပရိဘောဂများကို ဖျက်ဆီးကာ ထင်းအဖြစ် သယ်ဆောင်သွားရန် ပြတ်သားစွာ ဆုံးဖြတ်လိုက် လေသည်။
လှေသုံးစင်းလုံးတွင် ပစ္စည်းများ အပြည့်တင်ဆောင်ပြီးနောက် သူတို့သည် လင်ယွမ်တိုက်ခန်းအဆောက် အအုံ ဆီသို့ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့ကြလေတော့သည်။
အဆောက်အအုံ (၃) သို့ သူတို့ နောက်ဆုံးတွင် ရောက်ရှိလာချိန်၌ သန်းခေါင်ယံ အချိန်သို့ပင် ရောက်ရှိနေ ပြီ ဖြစ်၏။ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် အံကြိတ်ခံ ပစ္စည်းများကို အထပ် (၂၀) သို့ သယ်ဆောင်သွားကြလေသည်။
သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဟွမ်ကျိဟွေး နှင့် တန်ချီချီ တို့ကလည်း ပစ္စည်းများကို ကူညီ သယ်ဆောင်ပေးရန် ဆင်းလာခဲ့ကြလေသည်။ ပစ္စည်းများကို ခွဲဝေပြီးသွားသောအခါ လုံယုသည် ယောင်ရန်၏ ပစ္စည်းများကို သူမ၏ အခန်းထဲသို့ ကူညီသယ်ဆောင်ပေးခဲ့ပြီးနောက် သူ၏ အိမ်သို့ ပြန် သွားခဲ့လေသည်။
သူမ၏ အခန်းသို့ ပြန်ရောက်ပြီးနောက် ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲသို့ လျင်မြန်စွာ ဝင် ရောက်ကာ ရေနွေးဖြင့် ရေချိုးလိုက်၏။ သူမသည် အပေါ်အင်္ကျီနှင့် မိုးကာအင်္ကျီကို ဝတ်ဆင်ထား သော်ငြားလည်း မိုးရေများကြောင့် စိုရွှဲနေကာ အလွန် အေးစက်နေသည်ဟု ခံစားနေရသည်။
ရေနွေးထဲတွင် မိနစ်သုံးဆယ်ခန့် စိမ်ထားပြီးနောက် နာကျင်ကိုက်ခဲနေသော သူမ၏ ကြွက်သားများ အနည်းငယ် ပြေလျော့သွားကာ ပိုမို ကောင်းမွန်လာသည်ဟု ခံစားလိုက်ရလေသည်။
နေရာလွတ် ထဲမှ ထွက်လာပြီးနောက် သူမသည် ဆံပင်ကို အခြောက်ခံလိုက်ပြီး ကုတင်ပေါ်၌ လှဲ လျောင်းလိုက်လေ၏။ မျက်လုံးများကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ယောင်ရန်သည် ချက်ချင်းပင် အိပ်ပျော်သွားချေတော့သည်။
နောက်တစ်နေ့ နံနက်စောစော မိုးမလင်းခင်မှာပင် ယောင်ရန် နိုးလာခဲ့လေသည်။ မနေ့က သူမ အလွန် ပင်ပန်းနွမ်းနယ်နေခဲ့သောကြောင့် အိပ်ရေးမဝခဲ့ပေ။ ခေါင်းအနည်းငယ် ကိုက်နေသည်ဟု ခံစားရသဖြင့် နာကျင်မှု သက်သာစေရန် သူမ၏ မျက်ခုံးကြားကို ပွတ်သပ်လိုက်ပြီးနောက် မျက်နှာသစ်ရန် နေရာလွတ် ထဲသို့ ဝင်လိုက်၏။
နေရာလွတ် ထဲမှ ပြန်ထွက်လာပြီးနောက် ယောင်ရန်သည် ရေကန်ထဲမှ ရေတစ်ခွက်ကို သောက်လိုက်ရာ သူမ၏ ခေါင်းကိုက်နေမှုမှာလည်း ပျောက်ကွယ်သွားလေတော့သည်။ နံနက်စာ ပြင်ဆင်ရန် ဟန်ပြင် လိုက်စဉ်မှာပင် အပြင်ဘက်မှ သူမ၏ နာမည်ကို ခေါ်နေသော အသံကို ကြားလိုက်ရလေသည်။