အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း (၁၀၅)
ကုသခြင်း
ယောင်ရန်သည် စပ်စုချင်စိတ်ဖြင့် အောက်ထပ်သို့ ဆင်းကာ ဘာဖြစ်သနည်း ဆိုသည်ကို သွားကြည့် လိုက်လေသည်။ သံတံခါးမှတစ်ဆင့် အပြင်သို့ ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်အရွယ် အမျိုး သားတစ်ဦးက အသက်ခုနစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးကို တွဲကူထားသည်ကို တွေ့လိုက်ရလေ၏။
အမျိုးသားက သူမကို မြင်သောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး….၊
"မင်္ဂလာပါ မိန်းကလေးယောင်... မနက်စောစောစီးစီး အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါ တယ်...။ ကျွန်တော့်အဖွားပြောပြလို့ အစ်မက ဆေးကျောင်းသူဆိုတာ သိရပါတယ်...။ ကျွန်တော့် အဘိုးကို ကူညီပြီး စမ်းသပ်ပေးနိုင်မလားခင်ဗျာ...။"
ယောင်ရန်သည် သံတံခါးပေါ်ရှိ ကျည်ကာမှန်မှတစ်ဆင့် အဘိုးအို၏ ဖြူရော်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်လေ၏။
"ရှင့်အဘိုး ဘာဖြစ်လို့လဲ...။"
အမျိုးသားသည် သူ၏ အဘိုးကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက် ယောင်ရန်ကို လှည့်ကြည့် လာလေသည်။
သူက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်လေ၏။
"ကျွန်တော့်အဘိုး ဒီနေ့မနက် ရေချိုးခန်းထဲမှာ ချော်လဲကျသွားလို့ပါ...။ ဆေးရုံကို ခေါ်သွားချင်ပေမယ့် လမ်းခရီးဒဏ်ကို သူ ခံနိုင်ပါ့မလားဆိုတာ စိုးရိမ်နေရလို့ပါ...။"
အမျိုးသားက သူမအား အခြေအနေကို ရှင်းပြနေစဉ် ယောင်ရန်သည် သူမရှေ့ရှိ အမျိုးသားကို အကဲ ခတ်ကြည့်လိုက်လေသည်။ သူသည် အရပ်ရှည်ပြီး ရုပ်ရည်ချောမောကာ ယဉ်ကျေးသိမ်မွေ့သော မျက်နှာထားရှိပြီး အခြားသူများအပေါ်တွင်လည်း ရိုသေယဉ်ကျေးပုံရပေသည်။
"အစ်မက ဆေးကျောင်းသူဖြစ်ပြီး တရုတ်တိုင်းရင်းဆေးပညာကို သင်ယူထားတယ်လို့ အဖွားက ပြောပြတယ်...။ အစ်မအနေနဲ့ ကျွန်တော့်အဘိုးကို ကူညီပေးနိုင်မလားဆိုတာ သိချင်လို့ပါ...။"
ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်….၊
"ကျွန်မ အပ်စိုက်ကုသနည်းကို အနည်းငယ် သိပေမယ့် အခုထိ လေ့လာနေတုန်းပဲ ရှိပါသေးတယ်...။ ရှင့်အဘိုးကို ကျွန်မက ကုသပေးစေချင်တာ သေချာရဲ့လား...။" ဟု မေးလိုက်လေ၏။
အမျိုးသားသည် တစ်ခဏမျှ တုံ့ဆိုင်းသွားသော်ငြားလည်း ချွေးစေးများ ပျံကာ ဖြူရော်နေသော သူ၏ အဘိုး မျက်နှာကို မြင်သောအခါ အံကြိတ်ကာ ပြောလိုက်လေသည်။
"အစ်မအနေနဲ့ ကျွန်တော့်အဘိုးကို ကုသပေးဖို့ မျှော်လင့်ပါတယ် မိန်းကလေး...။"
ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီး…၊
"ရှင့်အဘိုးကို ကျွန်မ ကုသပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဆေးဝါးတော့ ကျွန်မဘက်က ပေးမှာမဟုတ်ဘူး...။ ပြီးတော့ ကျွန်မရဲ့ ကုသမှုအတွက် ရှင် အခကြေးငွေ ပေးဖို့တော့ လိုလိမ့်မယ်...။" ဟု ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ အမျိုးသားမှာ စိတ်သက်သာရာရသွားပြီး…၊
"ကျွန်တော့်ဆီမှာ အခု လောလောဆယ် ငွေသား သိပ်မရှိဘူး...။ ခရက်ဒစ်ကတ်နဲ့ ပေးလို့ရမလား...။"
ယောင်ရန်က ရယ်မောလိုက်ရင်း…၊
"ငွေတွေက အခုချိန်မှာ ဘာမှ အသုံးမဝင်တော့ဘူးလေ...။"
ထိုစကားကို ကြားသောအခါ အမျိုးသားမှာ တိတ်ဆိတ်သွားလေသည်။ သူ၏ အဘိုးထံမှ နာကျင်စွာ ညည်းတွားသံများကို ကြားရသောအခါ သူသည် လက်သီးကို ဆုပ်ထားလိုက်၏။ ယောင်ရန်အနေဖြင့် သူ၏ အဘိုးကို ကုသပေးနိုင်မည် ဆိုပါက၊ သူမ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သူ အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူက မေးလိုက်လေသည်။
"အစ်မ ဘယ်လို အခကြေးငွေမျိုးကို လိုချင်တာလဲ...။"
ယောင်ရန်၌ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်ချက် မရှိသော်ငြားလည်း သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန်အတွက် ရှေးဟောင်းပစ္စည်းများ လိုအပ်နေပေသည်။
သူမသည် အမျိုးသားကို ကြည့်ကာ ပြောလိုက်လေသည်။
"အခုချိန်မှာ လူတိုင်း စားနပ်ရိက္ခာ ရှားပါးနေတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါကြောင့် အခကြေးငွေ အနေနဲ့ အစားအစာကို ကျွန်မ မတောင်းပါဘူး...။ တကယ်လို့ ရှင့်အိမ်မှာ ရွှေ ဒါမှမဟုတ် ရှေးဟောင်း ပစ္စည်းတွေ ရှိရင် အဲဒါတွေနဲ့ ပေးချေနိုင်ပါတယ်...။"
ထိုစကားကို ကြားသောအခါ အမျိုးသားသည် ယောင်ရန်ကို တွေးတောနေသည့်ဟန်ဖြင့် စိုက်ကြည့်နေ မိပြီး ၊
*ရှေးဟောင်းပစ္စည်းတွေက အခုချိန်မှာ ဘာမှ အသုံးမဝင်တော့ဘူးလေ၊ သူက ဘာကြောင့် အဲဒါတွေကို လိုချင်ရတာလဲ...။*
အစိုးရထံမှ ပစ္စည်းများ ဝယ်ယူရန် ရွှေကို အသုံးပြုနိုင်သေးသော်ငြားလည်း တန်ဖိုးမှာ အလွန် နိမ့်ကျ နေပြီး လဲလှယ်နှုန်းမှာလည်း အလေးချိန်ကိုသာ အသုံးပြုနေခြင်း ဖြစ်ပေသည်။
လူများသည် ဆန်တစ်ကီလိုဂရမ် ရရှိရန်အတွက် ရွှေ ဂရမ်နှစ်ရာဖြင့် လဲလှယ်ကြရ၏။ သူတို့၏ ရွှေများ အားလုံးကို အသုံးပြုလျှင်ပင် ဆန်သုံးကီလိုဂရမ်ထက် ပို၍ ဝယ်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူ အများစုမှာ အစားအစာ ဝယ်ယူရန်အတွက် ရွှေကို အသုံးမပြုကြတော့ချေ။
ထိုသို့ လဲလှယ်ရသည်မှာ တကယ်ကို မတန်လွန်းလှသောကြောင့်ပေ။
အမျိုးသားသည် ခဏမျှ စဉ်းစားလိုက်ပြီးမေးလိုက်လေ၏။
"ကျွန်တော့်ဆီမှာ ကျောက်စိမ်းဆွဲသီး တစ်ခုရှိတယ်...။ အဲဒါကို ကုသစရိတ်အဖြစ် ပေးလို့ ရမလား...။"
ထိုစကားကို ကြားသောအခါ အဘိုးအိုသည် သူ၏ မြေးဖြစ်သူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြော လိုက်လေသည်။
"ယွမ်ဝေ့... အဲဒါက မင်းအမေရဲ့ အမွေအနှစ်လေ...။ သူများတွေကို ဘယ်လိုလုပ် ပေးလို့ရမှာလဲ...။"
ချွမ်ယွမ်ဝေ့သည် သူ၏ အဘိုးဖြစ်သူ၏ လက်ကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်လိုက် လေသည်။
"အဘိုး...၊ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်...။"
အဘိုးချွမ်က သူ၏ လက်မောင်းကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်လေသည်။
"ယွမ်ဝေ့၊ ငါတို့ ပြန်ကြရအောင်...။ အဘိုးက အသက်လည်း ကြီးနေပြီ၊ နေရတာလည်း လုံလောက်နေပါ ပြီ...။ ငါ့ကို ကုသဖို့အတွက် ပိုက်ဆံတွေ အလဟဿ မဖြုန်းတီးပါနဲ့တော့...။"
ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့၏ မျက်ဝန်းများ နီရဲလာပြီး သူ၏ ဝမ်းနည်းမှုကို မြိုသိပ်ထား လိုက်လေ၏။
သူသည် သူ၏ အဘိုးကို ပြုံးပြကာ ပြောလိုက်လေသည်။
"အဘိုးကလည်း ဘာတွေ ပြောနေတာလဲ...။ အဘိုးက ကျွန်တော် မိန်းမရတာကို မြင်ရဦးမှာလေ...။ အဘိုးက အသက်ရှည်ရှည် နေရမှာပေါ့...။"
ထိုသို့ပြောပြီးနောက် ချွမ်ယွမ်ဝေ့သည် ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေ၏။
"မိန်းကလေး၊ ကျောက်စိမ်းဆွဲသီး သွားယူဖို့ ကျွန်တော် ပြန်သွားရလိမ့်မယ်...။ ကျွန်တော့်အဘိုးကို အရင် ကုသပေးထားလို့ ရမလား...။"
အဘိုးချွမ်က ထိုအမျိုးသား၏ နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသည်နှင့် ယောင်ရန်သည် သူ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်လေသည်။ ယောင်ရန်သည် အထပ် (၁၉) တွင် နေထိုင်သော အဖွားချွမ်အပေါ် အမြင်ကောင်းရှိထားသဖြင့် အဘိုးချွမ်ကို အရင် ကုသပေးရန် သဘောတူလိုက်၏။
ယောင်ရန်သည် ချွမ်ယွမ်ဝေ့ကို အထပ် (၂၀) သို့ လိုက်ပါခွင့် မပြုသဖြင့်၊ သူသည် သူ၏ အဘိုးကို ယောင်ရန်ထံသို့ လွှဲပြောင်းပေးလိုက်လေသည်။ ယောင်ရန်က သူ၏အဘိုးကို လှေကားပေါ်သို့ ဂရု တစိုက် တွဲကူခေါ်ဆောင်သွားသည်ကို ကြည့်ပြီးနောက် ချွမ်ယွမ်ဝေ့သည် လှည့်ကာ ကျောက်စိမ်းဆွဲသီး ယူရန်အတွက် အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့လေတော့၏။
အထပ် (၂၀) သို့ ရောက်ရှိသောအခါ ယောင်ရန်သည် အဘိုးချွမ်ကို အပြင်ဘက်၌ စောင့်နေစေပြီး၊ ပက်လက်ကုလားထိုင်နှင့် ဆေးသေတ္တာ ယူရန်အတွက် အိမ်ထဲသို့ ဝင်သွားခဲ့လေသည်။ ထို့နောက် သူမသည် အဘိုးချွမ်ကို ပက်လက်ကုလားထိုင်ပေါ်၌ လှဲလျောင်းစေကာ သူ၏ ခါးနှင့် ခြေကျင်းဝတ်ရှိ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်လေ၏။
သက်ကြီးရွယ်အိုများအတွက် ချော်လဲခြင်းသည် အသေးစား ဒဏ်ရာများမှစ၍ ကြီးမားသော ဒဏ်ရာ များကိုပါ ဖြစ်စေနိုင်ပေသည်။ အကယ်၍ ကုသမှု မခံယူရပါက ကိုယ်တွင်း သွေးယိုစိမ့်မှု သို့မဟုတ် လေဖြတ်ခြင်းတို့ကြောင့် သေဆုံးသွားနိုင်ပေသည်။
ယောင်ရန်သည် အဘိုးချွမ်၏ ဒဏ်ရာများကို ဂရုတစိုက် စစ်ဆေးပြီးနောက် ပြောလိုက်လေသည်။
"အဘိုးချွမ်၊ အဘိုး ခြေကျင်းဝတ်လည်သွားပြီး ပွန်းပဲ့ဒဏ်ရာ နည်းနည်း ရသွားတယ်...။ ကံကောင်း ထောက်မစွာနဲ့ အရိုးတော့ မကျိုးသွားပါဘူး...။"
ထိုစကားကို ကြားသောအခါ အဘိုးချွမ်မှာ စိတ်သက်သာရာ ရသွားလေသည်။ သူသည် ယောင်ရန်ကို ပြုံးပြကာ မေးလိုက်လေ၏။
"ဒါဆိုရင် ငါ ဘာကုသမှုမှ ခံယူစရာ မလိုတော့ဘူးပေါ့...။"
ယောင်ရန်သည် ရောင်ရမ်းနေသော နေရာကို အနည်းငယ် ဖိကြည့်ကာ ရောင်ရမ်းမှု အခြေအနေကို စစ်ဆေးလိုက်ပြီး ပြောလေသည်။
"ရောင်နေတဲ့ နေရာကို ဆေးအရက်နဲ့ နှိပ်နယ်ပေးပြီး တစ်နေ့ နှစ်ကြိမ် ရေနွေးအိတ် ကပ်ပေးပါ...။ သုံးရက်လောက်ဆိုရင် အယောင်ကျသွားလိမ့်မယ်၊ ဒါပေမဲ့ ဒဏ်ရာရထားတဲ့ ခြေထောက်ပေါ်ကို အလေးချိန် အရမ်းမဖိမိအောင်တော့ ဂရုစိုက်ပါ...။"
"ပွန်းပဲ့ဒဏ်ရာတွေကို ဆေးအရက်နဲ့ ပွတ်လိမ်းလို့ ရတယ်...။ သွေးခဲတွေကို ပျော်ကျစေပြီး ရောင်ရမ်းမှု နဲ့ ပွန်းပဲ့ဒဏ်ရာတွေ အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့အတွက် အပ်စိုက်ကုသပေးပါ့မယ်...။"
အဘိုးချွမ်က သူမပြောသမျှကို မှတ်သားရင်း ခေါင်းညိတ်ပြလိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။
"ဟို ကျောက်စိမ်းဆွဲသီးကလေ...။"
ယောင်ရန်သည် သူ ဘာပြောချင်သည်ကို သိထားသဖြင့် ပြုံးလိုက်ကာ ပြောလိုက်လေ၏။
"ကျွန်မကို အဲဒီလောက် တန်ဖိုးရှိမယ့် တခြားပစ္စည်းတစ်ခုခု ပေးရင်လည်း ရပါတယ်...။"
အခန်း (၁၀၆)
အဆိပ်ရှိ ပိုးဖလံများ
အဘိုးချွမ်သည် ယောင်ရန်၏ စကားကို ကြားသောအခါ ပြုံး၍ ခေါင်းငြိမ့်လိုက်လေ၏။
"ကောင်းပါပြီ... ကောင်းပါပြီ...။ ကုသပေးတဲ့အတွက် တခြား တစ်ခုခု ပေးဖို့ ငါ့မြေးကို ပြောလိုက်ပါ မယ်...။"
အဘိုးချွမ်မှာ ခြေကျင်းဝတ် အနည်းငယ် အဆစ်လွဲသွားခြင်းသာ ဖြစ်သဖြင့် ယောင်ရန်သည် သွေးပုပ် များ ထွက်သွားစေရန်နှင့် သွေးလည်ပတ်မှု ကောင်းမွန်စေရန်အတွက် ရိုးရှင်းသော အပ်စိုက်ကုသမှုမျိုး ကိုသာ လုပ်ဆောင်ပေးလိုက်လေသည်။ ကုသမှု ပြီးဆုံးသွားသောအခါ သူမသည် အဘိုးချွမ်အား အောက်ထပ်သို့ လိုက်လံ ပို့ဆောင်ပေးလေခဲ့၏။
ယောင်ရန်သည် အထပ် (၂၀) သို့ ဦးတည်ထားသော သံတံခါးကို ဖွင့်လိုက်သောအခါ ချွမ်ယွမ်ဝေ့မှာ ထို နေရာ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
ချွမ်ယွမ်ဝေ့သည် တံခါးပွင့်သံကို ကြားသည်နှင့် တစ်ပြိုင်နက် လှည့်ကြည့်ကာ သူ၏ အဘိုးအား အလျှင် အမြန်ပင် တွဲကူလိုက်လေ၏။ သူသည် အဘိုးချွမ်၏ လက်မောင်းကို ကိုင်ထားရင်း မေးလိုက်လေသည်။
"အစ်မယောင်ရန်...၊ ကျွန်တော့်အဘိုး အခြေအနေ ဘယ်လိုရှိလဲဟင်...။"
သူ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ ယောင်ရန်က တည်ငြိမ်စွာ ရှင်းပြလိုက်လေ၏။
"မစိုးရိမ်ပါနဲ့...၊ အဘိုးချွမ်က ခြေကျင်းဝတ် အနည်းငယ် အဆစ်လွဲပြီး ညိုမည်းသွားတာပဲ ရှိတာပါ...။ ကျွန်မ သွေးပုပ်တွေ ကျေသွားအောင် အပ်စိုက်ပေးထားပါတယ်...။"
"မနက်ဖြန်ကျရင် အဘိုးကို ဒီကို ထပ်ခေါ်လာရဦးမလား...။" ဟု ချွမ်ယွမ်ဝေ့က ထပ်မံ မေးမြန်းပြန် လေသည်။
ယောင်ရန်က ခေါင်းခါပြရင်း ပြောလိုက်လေသည်။
"အဘိုးချွမ်ကို ထပ်ခေါ်လာဖို့ မလိုတော့ပါဘူး...။ ယောင်နေတဲ့နေရာကို ရေနွေးဝတ် ကပ်ပေးပြီး ဆေးအရက်နဲ့ တစ်နေ့ နှစ်ကြိမ်လောက် နှိပ်ပေးရင် သုံးရက်အတွင်း သက်သာသွားပါလိမ့်မယ်...။"
သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မှ ချွမ်ယွမ်ဝေ့၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားတော့လေ၏ ။ သူသည် ပြုံးလိုက်ပြီး ကျောက်စိမ်းဆွဲသီး တစ်ခုကို ထုတ်ယူလိုက်လေသည်။
"အစ်မယောင်ရန်... ဒါက ကူညီပေးတဲ့အတွက် အခကြေးငွေပါ...။"
ယောင်ရန်သည် အဘိုးချွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချွမ်ယွမ်ဝေ့ကို ကြည့်ကာ ပြောလိုက်၏။
"ကုသမှုက အလွန်ရိုးရှင်းပါတယ်...၊ ကျွန်မကို ခေါက်ဆွဲခြောက် တစ်ထုပ်ပဲ ပေးပါ...။"
ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့မှာ မှင်တက်သွားခဲ့လေသည်။ သူသည် ယောင်ရန်ကို စိုက် ကြည့်နေခဲ့မိလေ၏။ အခြားသော တိုက်ခန်းနေသူများက သူမအား "မိန်းမမိစ္ဆာ" ဟု ခေါ်ကြသော်လည်း သူ၏ အမြင်တွင်မူ သူမသည် နတ်မိမယ်လေး တစ်ပါးနှင့်ပင် တူနေတော့သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဆရာဝန်နှင့် ပြသခမှာ ပျမ်းမျှအားဖြင့် ယွမ် (၅၀၀) မှ (၁၀၀၀) ခန့်အထိ ရှိခဲ့ သည်။ ယခုကဲ့သို့ အစားအသောက် အလွန်တန်ဖိုးကြီးနေသော အချိန်မျိုးတွင် ကုသခအဖြစ် ခေါက်ဆွဲ ခြောက် တစ်ထုပ်သာ တောင်းခြင်းမှာ အလွန်ပင် နည်းပါးလှပေသည်။
သူ၏ အံ့သြနေသော အမူအရာကို မြင်သောအခါ အဘိုးချွမ်က မြေးဖြစ်သူ၏ လက်ကို ခပ်ဖွဖွ ပုတ်ကာ ပြောလိုက်လေသည်။
"ယောင်ရန်က ကျောက်စိမ်းဆွဲသီးအစား တခြားတစ်ခုခုကို ပြောင်းလဲလက်ခံဖို့ သဘောတူထား တယ်လေ...။"
ချွမ်ယွမ်ဝေ့သည် သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ပြလိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"အစ်မယောင်ရန်... ကျွန်တော် ခဏနေရင် ခေါက်ဆွဲခြောက် လာပို့ပေးပါ့မယ်...။"
ယောင်ရန်သည် ထိုခေါက်ဆွဲခြောက်ထုပ်ကို အမှန်တကယ် မလိုအပ်သော်လည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်လေသည်။
ထိုသူနှစ်ဦးကို လိုက်ပို့ပြီးနောက် ယောင်ရန်သည် တံခါးကို ပိတ်ကာ နံနက်စာ စားရန် အိမ်ထဲသို့ ပြန်ဝင်ခဲ့ လိုက်၏။ မနေ့က တစ်နေ့လုံး ဖိသိပ်ထားသော ဘီစကစ် နှစ်ခုသာ စားခဲ့ရသဖြင့် ယနေ့တွင် အရသာရှိ သော အစားအစာတစ်ခုခုကို စားနေလိုခြင်း ဖြစ်သည်။
ဧည့်ခန်းတွင် ထိုင်နေရင်း သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ် အတွင်းသို့ ပို့လွှတ်လိုက်လေသည်။ ယောင်ရန် သည် စင်ပေါ်ရှိ အစားအစာများကို ကြည့်ရှုကာ အမဲသား ဆန်ပြားခေါက်ဆွဲ အစပ် တစ်ပန်းကန်၊ ကြက်သွန်မြိတ် ကိတ်မုန့် နှစ်ခု၊ လက်ဖက်ကြက်ဥ တစ်လုံးနှင့် ပဲနို့တစ်ခွက်တို့ကို ရွေးချယ်လိုက်တော့၏။
သူမသည် ဧည့်ခန်း၌ နံနက်စာ သုံးဆောင်နေစဉ် ရုတ်တရက် ဝရံတာမှ မာကျောသော ဖန်သားပြင်ကို တစ်ခုခု လာရောက် ရိုက်ခတ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ဒုန်း... ခွမ်း... "
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ယောင်ရန်မှာ လန့်သွားပြီး အစားအစာများပင် သီးမလို ဖြစ်သွားခဲ့လေ၏။ သူမသည် ပဲနို့ကို အမြန်သောက်လိုက်ပြီးနောက် ဘာဖြစ်သွားသည်ကို သွားရောက် စစ်ဆေးလိုက်လေသည်။
ဝရံတာတွင် ရပ်ကြည့်လိုက်သောအခါ ဖန်သားပြင်၏ အပြင်ဘက်အလွှာတွင် နီညိုရောင် အစွန်းအထင်း တစ်ခုကို တွေ့လိုက်ရ၏။ သူမ အသေအချာ မကြည့်ရသေးခင်မှာပင် ကောင်းကင်ယံ၌ မည်းမှောင်နေ သော တိမ်တိုက်ကြီးတစ်ခု အလွန်လျှင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရပြန် လေသည်။
မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူမသည် မှန်ပြောင်းကို အမြန်ထုတ်ယူကာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအနက်ရောင် တိမ်တိုက်ကြီး၏ အစစ်အမှန် ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ ယောင်ရန်၏ မျက်ဝန်းများ တုန်လှုပ်သွားတော့၏။ သူမသည် အပေါ်အင်္ကျီကို အမြန်ဝတ်ကာ အပြင်သို့ ပြေးထွက်ပြီး အခန်းအမှတ် (၂၀၀၂) တံခါးကို သွားရောက် ခေါက်လိုက်လေသည်။
"လုံယု... တံခါးဖွင့်ဦး...။ လုံယု...။"
စက္ကန့်အနည်းငယ် ကြာပြီးနောက် လုံယုက တံခါးဖွင့်ပေးလိုက်ရာ သူမ၏ ဖြူလျော်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် အလျှင်အမြန် မေးလိုက်လေ၏။
"ဘာဖြစ်လို့လဲ...။"
ယောင်ရန်က အလောတကြီး ပြောလိုက်လေသည်။
"အခန်းအပြင်မထွက်နဲ့...။ တံခါးတွေ၊ ပြတင်းပေါက်တွေ အကုန်ပိတ်ပြီး လေဝင်လေထွက်ပေါက်တွေ ကိုပါ အကုန် ပိတ်ထားလိုက်...။"
ထိုသို့ ပြောပြီးနောက် သူမသည် အခန်းအမှတ် (၂၀၀၁) ဆီသို့ ပြေးသွားကာ တံခါးကို ထပ်မံ ခေါက်လိုက် ပြန်သည်။
"ကျားရှန်း... တံခါးဖွင့်ပါဦး...။ မြန်မြန်လုပ်...။"
စက္ကန့်အနည်းငယ် ကြာသောအခါ ကျားရှန်းက တံခါးဖွင့်ပေးလာခဲ့၏။ ကျားရှန်းသည် ယောင်ရန်၏ ဖြူလျော်နေသော မျက်နှာကို မြင်သောအခါ ထိတ်လန့်သွားလေသည်။
"ယောင်ရန်... နင် ဘာဖြစ်နေတာလဲ...။"
ယောင်ရန်မှာ ရှင်းပြနေရန် အချိန်မရှိသဖြင့် အလျှင်အမြန်ပင် မှာကြားလိုက်လေ၏။
"တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ လေဝင်လေထွက်ပေါက်တွေကို အကုန်ပိတ်ထား...။ အခန်းအပြင်ကို လုံးဝ မထွက်နဲ့နော်...။"
ကျားရှန်း ဘာမှပြန်မပြောနိုင်ခင်မှာပင် ယောင်ရန်မှာ အခန်းထဲသို့ ပြေးဝင်ကာ တံခါးကို ဂျိတ်ထိုးလိုက် ပြီး အပေါက်များနှင့် လေဝင်လေထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ လုံခြုံပြီဟု သေချာသောအခါမှ ဝရံတာသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ မှန်ပြောင်းဖြင့် ကြည့်လိုက်သော အခါ အနက်ရောင် တိမ်တိုက်ကြီးမှာ ပိုမိုနီးကပ်လာနေခဲ့ပြီ ဖြစ်လေသည်။
မိနစ်အနည်းငယ် ကြာသောအခါ ဝရံတာမှ ဖန်သားပြင် သုံးထပ်စလုံးတွင် ပိုးဖလံများ အုပ်စုလိုက်ကြီး လာရောက် တွယ်ကပ်နေကြသဖြင့် ယောင်ရန်မှာ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့၏။
ထိုပိုးဖလံများမှာ အလွန် ထူးဆန်းလှပေသည်။ ၎င်းတို့၏ အတောင်ပံများတွင် စပါးအုံးမြွေ၏ အရေခွံနှင့် ဆင်တူသော အနီနှင့် အနက်ရောင် အစင်းကြောင်းများ ရှိနေ၏။
၎င်းတို့၏ ဦးခေါင်းပေါ်တွင် ဆယ်စင်တီမီတာခန့် ရှည်လျားသော အဆိပ်ဆူးများ ရှိပြီး မျက်လုံးများမှာ နီရဲကာ ပြူးထွက်နေလေသည်။ မျက်နှာ ပုံစံမှာမူ ကားဖြင့် တိုက်မိထားသကဲ့သို့ ရှုံ့တွကာ ထူးဆန်းနေ ၏။
၎င်းတို့၏ ဝမ်းဗိုက်မှာ ဖောင်းကားနေပြီး ထူထဲကာ ထက်မြက်သော အမွေးအမှင်များဖြင့် ဖုံးလွှမ်းထား လေသည်။ ထိုပိုးဖလံ အားလုံးမှာ လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့် ကြီးမားကြပေသည်။
ယောင်ရန်သည် အတိတ်ဘဝတွင် ထိုကဲ့သို့သော ပိုးဖလံမျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ သူမသည် စိုးရိမ်စိတ်ဖြင့် မှန်ပြောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်၏။
စက္ကန့်အနည်းငယ် ကြာသောအခါ ယောင်ရန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး နေရာလွတ် ထဲမှ အကာအကွယ်ဝတ်စုံကို ထုတ်ယူလိုက်လေသည်။ သူမသည် ထိုပိုးဖလံများကို ဖမ်းယူ၍ လေ့လာရန် အတွက် အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်တော့၏။
ယခင်က မမြင်ဖူးသော အမျိုးအစား ဖြစ်သဖြင့် သတင်းအချက်အလက် စုဆောင်းရန် လိုအပ်ပေသည်။ အကောင်းဆုံး နည်းလမ်းမှာမူ ၎င်းတို့ကို ဖမ်းဆီး၍ ခွဲစိတ်စစ်ဆေးခြင်းပင် ဖြစ်၏။
သူမကိုယ်သူမ ကောင်းမွန်စွာ အကာအကွယ် ပေးထားသည်ကို သေချာအောင် စစ်ဆေးပြီးနောက် သံတံခါးများကို ဖွင့်လိုက်လေသည်။ နောက်ဆုံး သံတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရာနှင့်ချီ သော ပိုးဖလံများ အထဲသို့ အလုံးအရင်းဖြင့် တိုးဝင်လာကြတော့၏။
ယောင်ရန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တံခါးကို ပြန်ပိတ်ကာ ပိုးသတ်ဆေးဗူးကို ထုတ်၍ ဖျန်း လိုက်လေသည်။ သူမသည် ပိုးသတ်ဆေး တစ်ဝက်ခန့် ကုန်သွားသည့်တိုင်အောင် ဖျန်းပြီးနောက် ပိုးဖလံ များ အားလုံးကို သတ်ပစ်လိုက်နိုင်လေ၏။
သူမ သက်ပြင်းမချနိုင်ခင်မှာပင် သေဆုံးသွားသော ပိုးဖလံများသည် နီညိုရောင် အရည်များအဖြစ်သို့ အလျှင်အမြန်ပင် ပြောင်းလဲသွားကြလေတော့သည်။