အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း (၁၀၇)
ဒဏ်ရာနှင့် ဖျားနာခြင်း
လေထုထဲရှိ စူးရှသော အနံ့ဆိုးမှာ သူမ၏ နှာခေါင်းကို စူးရှစေပြီး မူးဝေလာစေ၏။ ပိုးဖလံအချို့ အသက် ရှင်နေသေးသည်ကို မြင်သောအခါ ယောင်ရန်သည် ၎င်းတို့ အင်အားပြန်မရခင်မှာပင် ဖန်အိုးထဲသို့ လျင် မြန်စွာ ထည့်လိုက်လေတော့သည်။
နီညိုရောင် အရည်များနှင့် မတူဘဲ ပိုးဖလံများသည် ဖော်ပြမတတ်သော အနံ့ဆိုးတစ်ခုကိုလည်း ထုတ် လွှတ်နေလေ၏။ ထိုအနံ့မှာ ပုပ်စပ်သောအနံ့မျိုး မဟုတ်သော်လည်း အလွန်ပင် မနှစ်မြို့ဖွယ် ကောင်းလှ ပြီး အချိန်ကြာမြင့်စွာ ရှူရှိုက်မိပါက မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေ နိုင်ပေ သည်။
အသက်ရှင်နေသော ပိုးဖလံအားလုံးကို ဖန်အိုးထဲသို့ ထည့်၍ ပိတ်လိုက်ပြီးနောက် ယောင်ရန်သည် အကာအကွယ်ဝတ်စုံကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ နီညိုရောင်အရည်များကို နမူနာအဖြစ် စုဆောင်းလိုက်လေ၏။
ထိုသို့ လုပ်ဆောင်နေစဉ် မတော်တဆပင် သူမ၏ လက်ချောင်းသည် နီညိုရောင်အရည်များအတွင်း ကျန်ရှိနေသော ပိုးဖလံ၏ အဆိပ်ဆူးနှင့် ထိမိသွားလေတော့သည်။
ယောင်ရန်သည် သူမ၏ လက်ညှိုးကို ကြည့်လိုက်သောအခါ ရုတ်တရက် နီရဲယောင်ရမ်းလာပြီးနောက် ထုံကျင်လာသည်ကို တွေ့လိုက်ရ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ယောင်ရမ်းမှုမှာ လက်ကောက်ဝတ် အထိ ပျံ့နှံ့သွားခဲ့တော့သည်။
ဝက်ခြေထောက်ကဲ့သို့ ဖြစ်နေသော သူမ၏ ဘယ်ဘက်လက်ကို ကြည့်ရင်း ယောင်ရန်သည် နေရာလွတ် ထဲမှ စစ်သုံးဓားတစ်လက်ကို ပြတ်သားစွာ ထုတ်ယူလိုက်ပြီး အဆိပ်ရှိသော သွေးများ ထွက်လာစေရန် ယောင်ရမ်းနေသော နေရာကို ခွဲလိုက်လေတော့သည်။
ထိုဒဏ်ရာမှ ထွက်လာသည်မှာ နီရဲသော သွေးများမဟုတ်ဘဲ အလွန်အနံ့ဆိုးသော သွေးမည်းများ ဖြစ်နေခဲ့လေ၏။
ယောင်ရန်သည် သွေးမည်းများ အားလုံး ကုန်စင်သွားစေရန် ယောင်ရမ်းနေသော နေရာကို တည်ငြိမ်စွာ ညှစ်ထုတ်လိုက်လေသည်။ ထို့နောက် ဒဏ်ရာကို သန့်စင်ကာ အဆိပ်ဖြေဆေးရည် လိမ်း၍ ပတ်တီး စည်းထားလိုက်၏။
အရာအားလုံး ပြီးစီးသွားသောအခါ သူမသည် ဆိုဖာပေါ်တွင် ထိုင်၍ သူမ၏ ဘယ်ဘက်လက်ကို အကဲ ခတ်နေမိသည်။ နာရီဝက်ခန့် ကြာသောအခါ လက်၏ အာရုံခံစားမှုမှာ အနည်းငယ် ပြန်လည် ကောင်းမွန် လာပြီး ယောင်ရမ်းမှုမှာလည်း ထက်ဝက်ခန့် လျော့ကျသွားလေသည်။
ထို့နောက်တွင်မူ ယောင်ရန်သည် အိပ်ခန်းထဲသို့ သွား၍ ဆေးသေတ္တာကို ဖွင့်လိုက်လေ၏။
သူမသည် ခွဲစိတ်ကိရိယာများကို ထုတ်ယူ၍ ဒဏ်ရာနှင့် ကိရိယာများကို ပိုးသတ်လိုက်ပြီးနောက် မေ့ ဆေးမပါဘဲ ဒဏ်ရာကို ချုပ်လိုက်လေသည်။ လက်တွင် ထုံကျင်မှု ကျန်ရှိနေသေးသဖြင့် သူမအနေဖြင့် အနည်းငယ်မျှသော နာကျင်မှုကိုသာ ခံစားရလေ၏။
အရာအားလုံး ပြီးစီးသောအခါ သူမသည် ခွဲစိတ်ကိရိယာများကို ပိုးသတ်ကာ ဆေးသေတ္တာကို ကုတင် ဘေးရှိ စားပွဲပေါ်သို့ ပြန်တင်ထားလိုက်လေသည်။
ထို့နောက်တွင် ယောင်ရန်သည် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ကာ အကာအကွယ်ဝတ်စုံနှင့် အသက်ရှူ မျက်နှာဖုံးကို ဝတ်ဆင်လိုက်ပြီး ပိုးသတ်ဆေးဗူးကို ကိုင်၍ အိမ်ပြင်သို့ ထွက်လာခဲ့၏။
အဆိပ်ရှိ ပိုးဖလံများ သူမ၏ အခန်းအတွင်းသို့ မဝင်ရောက်နိုင်ခင်မှာပင် ယောင်ရန်သည် ၎င်းတို့ကို ပိုးသတ်ဆေးဖြင့် ပက်ဖျန်း၍ သတ်ပစ်လိုက်ပြီး တံခါးကို အမြန်ပိတ်လိုက်လေသည်။ သူမ၏ အခန်း အတွင်းသို့ အဆိပ်ရှိ ပိုးဖလံများ မဝင်ရောက်နိုင်တော့သည်ကို အတည်ပြုပြီးနောက်တွင်မူ ယောင်ရန် သည် လူသွားစင်္ကြံအတွင်းရှိ ပိုးဖလံများကို စတင်သတ်ဖြတ်လေတော့၏။
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ လေထုအတွင်း၌ ပြင်းရှသော အနံ့ဆိုးများ ဖုံးလွှမ်းသွားပြီး ကြမ်းပြင် ပေါ်တွင် နီညိုရောင်အရည်များ အနှံ့အပြား ဖြစ်နေတော့သည်။ ယောင်ရန်သည် အထပ် (၂၀) ရှိ အဆိပ်ရှိ ပိုးဖလံများကို ရှင်းလင်းရန်အတွက် ပိုးသတ်ဆေး လေးဗူးခန့် အသုံးပြုခဲ့လိုက်ရလေသည်။
သူမသည် လူသွားစင်္ကြံအဆုံးရှိ ပြတင်းပေါက်များဆီသို့ လျှောက်သွားကာ ပုရွက်ဆိတ်တစ်ကောင်ပင် မဝင်နိုင်စေရန် သေချာစွာ ပိတ်ဆို့ထားလိုက်လေ၏။
ပြတင်းပေါက်အားလုံးကို ပိတ်ပြီးနောက် ယောင်ရန်သည် ဖန်ပုလင်းတစ်လုံးကို ထုတ်ယူ၍ ကြမ်းပြင် ပေါ်ရှိ နီညိုရောင်အရည်များကို ဂရုတစိုက် စုဆောင်းလိုက်လေသည်။
ထိုနီညိုရောင်အရည်မှာ အလွန်နံစော်သော်လည်း သူမ၏ သံလျက် သို့မဟုတ် မြားဦးများတွင် သုတ် လိမ်းရန် အသုံးပြုနိုင်ပေသည်။ အနာဂတ်မှာ ခန့်မှန်းရခက်ခဲလှသဖြင့် ယောင်ရန်သည် မိမိကိုယ်ကိုယ် ကာကွယ်ရာတွင် အသုံးဝင်နိုင်မည့် မည်သည့်အရာကိုမျှ အလဟဿ အဖြစ်မခံလိုပေ။
နီညိုရောင်အရည်များ အားလုံးကို စုဆောင်းပြီးနောက် သူမသည် လူသွားစင်္ကြံကို ပိုးသတ်ဆေးဖြင့် ထပ်မံ ဖျန်းလိုက်ပြီး အခန်းအမှတ် (၂၀၀၁) နှင့် (၂၀၀၂) တံခါးများကို သွားရောက် ခေါက်လိုက်လေသည်။
လုံယု တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်မှောင်ကြုတ်၍ ယောင်ရန်ကို ကြည့်လိုက်၏။ သူမ သည် အကာအကွယ်ဝတ်စုံနှင့် အသက်ရှူမျက်နှာဖုံး ဝတ်ဆင်ထားသည်ကို မြင်သောအခါ သူက မေး လိုက်လေသည်။
"နင် ဘာလို့ အပြင်ထွက်လာတာလဲ... အဆင်ပြေရဲ့လား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း
"ကျွန်မ လူသွားစင်္ကြံထဲက ပိုးဖလံတွေကို သတ်ပြီးပြီ...။ ရှင့်အိမ်ထဲမှာလည်း ပိုးဖလံတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ဦး...။ သေသွားတဲ့ ပိုးဖလံက ထွက်တဲ့ နီညိုရောင်အရည်က အဆိပ်ရှိလို့ လက်ဗလာနဲ့ တော့ မထိမိစေနဲ့နော်...။"
"တကယ်လို့ အကိုက်ခံရရင် အဆိပ်ရှိတဲ့ သွေးတွေကို ချက်ချင်း ညှစ်ထုတ်ပြီး ကျွန်မဆီ လာရှာပါ...။ ပိုးသတ်ဆေး မရှိရင် မီးနဲ့ သတ်လို့ရတယ်...။"
လုံယုအား သတင်းအချက်အလက်များ ပြောပြပြီးနောက် သူမသည် နီညိုရောင်အရည်များ ထည့် ထားသော ဖန်အိုးကို ပြရင်း ရှင်းပြလိုက်လေသည်။
"အဆိပ်ရှိ ပိုးဖလံတွေ သေသွားရင် ဒီလို အရည်တွေ ဖြစ်သွားတာ...။ ဒါတွေကို စုထားဖို့ ကျွန်မ စီစဉ် ထားတယ်...။ နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်လို့လေ...။"
ယောင်ရန်၏ စကားကို နားထောင်ပြီးနောက် လုံယု၏ မျက်မှောင်မှာ ပိုမို ကြုတ်သွားကာ ပြောလိုက် လေသည်။
"ငါ နားလည်ပြီ...၊ နင် အရင် ပြန်နားလိုက်တော့...။ ရှီရွှမ်းနဲ့ တခြားလူတွေကိုလည်း ငါ ပြောပြလိုက် မယ်...။"
ယောင်ရန်သည် သူ၏ အကြံပြုချက်ကို ငြင်းဆန်ခြင်းမရှိဘဲ ပြောလိုက်၏။
"ကောင်းပါပြီ...။"
ယောင်ရန် အိမ်ပြန်ရောက်သောအခါ နေရာလွတ် ထဲသို့ ဝင်၍ အကာအကွယ်ဝတ်စုံနှင့် အသက်ရှူ မျက်နှာဖုံးကို ချွတ်လိုက်လေသည်။ သူမသည် ရေအရင်ချိုးပြီးနောက် နေရာလွတ် ထဲမှ ထွက်လာခဲ့၏။
အဆိပ်ရှိ ပိုးဖလံများ ရောက်ရှိလာပြီး တစ်နာရီခန့်အကြာတွင် ယောင်ရန်သည် အပြင်ဘက်မှ မော်တာ လှေတစ်စင်း၏ အသံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင်မူ အသံချဲ့စက်မှတစ်ဆင့် ကြေညာချက် တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"အဆိပ်ရှိ ပိုးဖလံတွေ ကျွန်တော်တို့ မြို့ကို တိုက်ခိုက်နေပါတယ်...။ အဲဒီပိုးဖလံတွေက အလွန် အဆိပ် ပြင်းပါတယ်...။ ၎င်းတို့ကို လက်ဗလာနဲ့ မရိုက်ပါနဲ့...။ သေဆုံးသွားတဲ့ ပိုးဖလံက ထွက်တဲ့ အရည်တွေက လည်း အဆိပ်ရှိနိုင်ပါတယ်...။ သတ်ဖြတ်တဲ့အခါနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ သတိထားကြပါ...။"
"တကယ်လို့ အကိုက်ခံရရင် အဆိပ်ရှိတဲ့ သွေးတွေကို ထုတ်ပစ်ပြီး ချက်ချင်း ကုသမှု ခံယူပါ...။ ပိုးဖလံ အများစုက မီးကို ကြောက်တာကြောင့် ၎င်းတို့ကို မောင်းထုတ်ဖို့ မီးကို အသုံးပြုနိုင်ပါတယ်...။"
မော်တာလှေသည် လင်ယွမ်တိုက်ခန်းအဆောက်အအုံ ကို ဖြတ်ကျော်သွားသည်အထိ အသံချဲ့စက်မှ သတင်းစကားကို ထပ်ခါတလဲလဲ ကြေညာနေခဲ့လေသည်။
ယောင်ရန်သည် အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ကြည့်လိုသော်လည်း အဆိပ်ရှိ ပိုးဖလံများမှာ ပြတင်းပေါက်နှင့် ဝရံတာများတွင် ဖုံးလွှမ်းနေ၏။ လုပ်စရာ မရှိတော့သဖြင့် သူမသည် အိပ်ခန်းထဲသို့ ပြန်ဝင်ခဲ့လေသည်။
မိနစ်အနည်းငယ် ကြာသောအခါ ဒဏ်ရာရထားသော သူမ၏ လက်မှ နာကျင်မှုများ လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာပြီး မူးဝေခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ထုံကျင်ခြင်းနှင့် အားနည်းခြင်းတို့ကို ခံစားလာရ လေ၏။
ယောင်ရန်သည် နာကျင်မှုကြောင့် ချွေးစေးများ ထွက်လာသော်လည်း အံကို တင်းတင်းကြိတ်ထားလိုက် လေသည်။ သူမသည် ဝေဒနာကို အံကြိတ်ခံစားရင်း အဆိပ်ဖြေဆေး တစ်ဗူးကို ထုတ်ယူကာ ဆေးနှစ် လုံးကို တစ်ပြိုင်နက် မျိုချလိုက်လေ၏။
အချိန်အတော်ကြာ အောင့်အည်း သည်းခံပြီးနောက်တွင်မူ ယောင်ရန်သည် အသိစိတ်များ ပျောက်ကွယ် သွားကာ မေ့လဲသွားလေတော့သည်။ သူမသည် ကုတင်ပေါ်တွင် သတိလစ်နေစဉ် အိပ်မက်ဆိုးများ အတွင်း ပိတ်မိနေပြီး ဓာတ်ခွဲခန်းအတွင်း နှစ်နှစ်တိုင်တိုင် နှိပ်စက်ခံခဲ့ရသည်များကို ထပ်ခါတလဲလဲ မြင်မက် နေခဲ့လေသည်။
ယောင်ရန်သည် သူမ မည်မျှကြာအောင် သတိလစ်နေခဲ့သည်ကို မသိပေ။ သူမသည် အလွန် နေရထိုင်ရ ခက်ခဲနေပြီး ကိုယ်အပူချိန်မှာလည်း အေးလိုက် ပူလိုက်ဖြင့် ဖြစ်နေတော့၏။
အခန်း (၁၀၈)
စိုးရိမ်ပူပန်ခြင်း
ယောင်ရန်သည် တံခါးခေါက်သံများနှင့် တစ်စုံတစ်ဦးက သူမ၏ အမည်ကို စိုးရိမ်တကြီး ခေါ်နေသံကို ဝေဝါးစွာ ကြားနေရ၏။ သို့သော်လည်း သူမ၏ အသိစိတ်မှာ မုန်တိုင်းထဲရှိ လှေငယ်တစ်စင်းကဲ့သို့ တုန်ခါ လူးလွန့်နေခဲ့လေသည်။
သူမသည် အိပ်မက်ဆိုးများအတွင်း ပိတ်မိနေစဉ် လည်ချောင်းမှာလည်း ခြောက်သွေ့နာကျင်နေခဲ့လေ၏ ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ အတိတ်ဘဝက မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း မပြုမီက ကဲ့သို့ပင် ရုန်းကန်လှုပ်ရှားနေလေသည်။
ယောင်ရန်သည် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရသော်လည်း မျက်လုံးဖွင့်ရန်ပင် အင်အားမရှိတော့ ပေ။ ထိုအချိန်တွင် လုံယုသည် ခုနစ်ကြိမ်မြောက်အဖြစ် ပြန်ရောက်လာပြီး ယောင်ရန်၏ တံခါးကို ထပ်မံခေါက်လိုက်ပြန်လေသည်။
"ယောင်ရန်... နင် အဆင်ပြေရဲ့လား...။ ယောင်ရန်...၊"
ယောင်ရန်က လူသွားစင်္ကြံရှိ အဆိပ်ရှိ ပိုးဖလံများကို ရှင်းလင်းပြီးနောက် လုံယုနှင့် အခြားသူများသည် တံခါးအောက်ခြေမှ ဝင်လာသော ပိုးဖလံများကို တစ်လှည့်စီ သတ်ဖြတ်ခဲ့ကြလေသည်။
သူ၏ အလှည့်ရောက်တိုင်း လုံယုသည် ယောင်ရန်အား ခေါ်သော်လည်း သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ယခုအခါ ညရှစ်နာရီ ရှိနေပြီ ဖြစ်၏။ ယောင်ရန်သည် နံနက်ပိုင်းက အိမ်ထဲဝင်သွားပြီးနောက် ပြန်ထွက် မလာတော့ပေ။ တင်းကြပ်စွာ ပိတ်ထားသော သံတံခါးကို ကြည့်ရင်း လုံယု စိုးရိမ်ပူပန်လာလေသည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထပ်မံ ခေါက်လိုက်ပြန်၏။
"ယောင်ရန်... တံခါးဖွင့်စမ်း...။"
သူ၏ ခေါ်သံကို ကြားသောအခါ ရှီရွှမ်း ထွက်လာပြီး မေးလိုက်လေသည်။
"ခေါင်းဆောင်...၊ ယောင်ရန်က အခုထိ ဘာမှ ပြန်မပြောသေးဘူးလား...။"
လုံယု၏ မျက်နှာမှာ မှောင်မှိုင်းနေပြီး သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အေးစက်နေ၏။ သူက ခေါင်းခါပြရင်း ပြန်ဖြေလိုက်သည်။
"မဖြေသေးဘူး...။"
လုံယု တစ်ခါမျှ မဖြစ်ဖူးအောင် တည်ငြိမ်မှု ပျက်ပြားနေသည်ကို ရှီရွှမ်း မြင်လိုက်ရ၏။ သူတို့နှစ်ဦးမှာ ခဏမျှ တိတ်ဆိတ်စွာ ရပ်နေကြပြီးနောက် လုံယုက ရုတ်တရက် မေးလိုက်လေသည်။
"ငါ ဒီတံခါးကို ဖျက်လိုက်ရမလား...။"
"..."
လုံယုက တံခါးကို ဖျက်ရန် အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ ရှီရွှမ်းမှာ စကားမပြောနိုင် ဖြစ်သွားရလေ၏။
ယောင်ရန်သည် သူမ၏ အိမ်တွင် ထူထဲသော သံတံခါး သုံးထပ် တပ်ဆင်ထားပြီး ခံတပ်တစ်ခုကဲ့သို့ ခိုင်ခံ့အောင် ပြုလုပ်ထားသည်ကို သူတို့အားလုံး သိကြပေသည်။
ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုလျှင်ပင် အထဲသို့ ဝင်နိုင်ရန် မသေချာပေ။ ထို့အပြင် တံခါးမပွင့်ခင် မိမိကိုယ်ကိုယ် ထိခိုက်မိနိုင်သေး၏။ ရှီရွှမ်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဒီတံခါးတွေကို ဖွင့်ဖို့က မလွယ်ဘူး...၊ ကျားရှန်းက ဖောက်ခွဲရေးပစ္စည်း လုပ်နိုင်ရင်တောင် တံခါးကို ခွဲတာက အရမ်း အန္တရာယ်များတယ်...။ အဆောက်အအုံ တစ်ခုလုံး ပြိုကျသွားနိုင်တယ်...။"
တံခါးကို ဖျက်ဆီးရန် မဖြစ်နိုင်သည်ကို လုံယု သိသော်လည်း သူ ကြိုးစားကြည့်ချင်နေမိ၏။
သူမသာ အဆိပ်ရှိ ပိုးဖလံ အကိုက်ခံရ၍ အန္တရာယ်ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။ သူ တကယ်ပင် မစွန့်စားဝံ့ပေ။
လုံယုက အန္တရာယ်ရှိသော အရာတစ်ခုခုကို လုပ်ရန် စဉ်းစားနေစဉ်မှာပင် ယောင်ရန် သတိရလာတော့ ၏။ သူမသည် ညည်းတွားရင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ သူမ မထနိုင်ခင်မှာပင် အပြင်ဘက်မှ လုံယု၏ အသံကို ကြားလိုက်ရ၏။
"ယောင်ရန်... နင် အဆင်ပြေရဲ့လား...။ ငါးမိနစ်အတွင်း မဖြေရင် ငါ တံခါးကို ဖျက်ပြီး ဝင်လာတော့ မယ်...။"
လုံယု၏ အသံကို ကြားသောအခါ ယောင်ရန်မှာ ရုတ်တရက် သတိဝင်လာလေသည်။ သူမသည် အံကို တင်းတင်းကြိတ်၍ ကုတင်ပေါ်မှ ထလိုက်လေသည်။ အပေါ်အင်္ကျီကို ဝတ်ပြီးနောက် ယိုင်တိယိုင်တိုင် ဖြင့် တံခါးသွားဖွင့်ပေးလိုက်လေသည်။
တံခါးပွင့်သွားသောအခါ ယောင်ရန်သည် လုံယု၏ စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရ၏။ သူသည် တံခါးကို ကန်ရန် ခြေလှမ်းပြင်နေခြင်း ဖြစ်လေသည်။
သူမက သူ့ကို ကြည့်ကာ အားနည်းစွာ ပြောလိုက်လေသည်။
"ကျွန်မ တံခါးကို မဖျက်လိုက်ပါနဲ့...။ ပိုးဖလံတွေ မဝင်အောင် အဲဒါတွေ လိုသေးတယ်...။"
သူမ၏ အက်ကွဲကာ အားနည်းနေသော အသံကို ကြားသောအခါ လုံယုက မော့ကြည့်လိုက်၏။ သူမ၏ ဖြူလျော်နေသော နှုတ်ခမ်းများနှင့် နီမြန်းနေသော ပါးပြင်ကို မြင်လိုက်ရသဖြင့် ယောင်ရန် ဖျားနေသည် ကို သူ သိလိုက်လေသည်။
သူသည် ဘာမှမပြောဘဲ သူမအား အသာအယာ ပွေ့ချီ၍ အထဲသို့ ဝင်လာခဲ့လေတော့သည်။
လူသွားစင်္ကြံတွင် ရှီရွှမ်းမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့လေသည်။
"..."
*ခေါင်းဆောင်... ငါ့ကို မေ့သွားတာလား...။*
ယောင်ရန်မှာ အင်အားမရှိတော့သဖြင့် လုံယုက သူမအား အိပ်ခန်းထဲသို့ ချီသွားသည်ကို ငြိမ်သက်စွာ လိုက်ပါသွားခဲ့လေသည်။
ကုတင်ပေါ်သို့ ချပေးပြီးနောက် လုံယုက ဘေးတွင် ထိုင်ကာ မေးလိုက်၏။
"နင် အဆိပ်ရှိ ပိုးဖလံ အကိုက်ခံရတာလား...။"
ယောင်ရန်က အားနည်းစွာပင် ပြောလိုက်လေသည်။
"အိမ်ကို သန့်ရှင်းရေး လုပ်နေတုန်း မတော်တဆ အဆိပ်ဆူးနဲ့ ထိမိသွားတာပါ...။"
လုံယုသည် သူမ၏ နီရဲယောင်ရမ်းနေသော ဘယ်ဘက်လက်ကို ကြည့်ကာ မေးလိုက်၏။
"ဆေးသောက်ပြီးပြီလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း နာကျင်မှုကြောင့် ညည်းတွားလိုက်လေသည်။ သူမ၏ မျက်နှာ ပိုမို ဖြူလျော်လာသည်ကို မြင်သောအခါ လုံယုက စိုးရိမ်တကြီး မေးလိုက်ပြန်သည်။
"ယောင်တာနဲ့ နာတာ သက်သာအောင် ငါ ဘာလုပ်ပေးရမလဲ...။"
သူ၏ တင်းစေ့ထားသော နှုတ်ခမ်းများနှင့် မျက်မှောင်ကြုတ်ထားသော ပုံစံကို ကြည့်ရင်း ယောင်ရန် ခေတ္တ တိတ်ဆိတ်သွားခဲ့လေသည်။ စတင်ဆုံတွေ့ခဲ့သည့် အချိန်မှစ၍ လုံယုသည် တည်ငြိမ်၍ ဆင်ခြင် တုံတရားရှိသူဟု သူမ အမြဲ ထင်ခဲ့သော်လည်း ယခုကဲ့သို့ စိုးရိမ်ပူပန်နေသည်ကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
သူမ၏ မွေးစားအဘိုးအဘွားများမှလွဲလျှင် လုံယုမှာ သူမ၏ အသက်အန္တရာယ်အတွက် အစစ်အမှန် စိုးရိမ်ပေးသော ပထမဆုံးသူ ဖြစ်ပုံရလေသည်။
သူမ၏ အကြည့်ကို သတိပြုမိသွားသဖြင့် သူသည် ယောင်ရမ်းနေသော လက်မှ အကြည့်လွှဲကာ မေးလိုက်လေသည်။
"နေရတာ အရမ်း ခက်နေလား...။ အရမ်း နာနေလား...။"
ယောင်ရန်က ပြုံး၍ ခေါင်းခါပြလိုက်လေသည်။
"အဆင်ပြေပါတယ်...။"
လုံယုသည် သူမ၏ နာကျင်မှုကို မသက်သာစေနိုင်သဖြင့် အာရုံလွှဲရန် နည်းလမ်းကိုသာ ရှာဖွေလိုက် တော့၏။ ခဏမျှ စဉ်းစားပြီးနောက် သူက မေးလိုက်လေသည်။
"တစ်ခုခု စားချင်လား...။ ငါ ဝမ်တန်စွပ်ပြုတ် လုပ်ပေးမယ်လေ...။"
ယောင်ရန်က ခေါင်းခါပြရင်း အားနည်းစွာ ပြောလိုက်၏။
"ကျွန်မ စားချင်စိတ်ဘူး...။"
ထိုစကားကို ကြားသောအခါ လုံယုက ပြောလိုက်လေသည်။
"အဲ့လိုတော့ မရဘူး...။ နေကောင်းလာဖို့ တစ်ခုခုတော့ စားရမယ်...။ ငါ စားစရာ သွားယူပေးမယ်...။"
ယောင်ရန် တားချိန်ပင် မရလိုက်ဘဲ လုံယုမှာ အိပ်ခန်းထဲမှ အလျှင်အမြန် ထွက်သွားတော့၏။ အိပ်ခန်း ထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သော ယောင်ရန်မှာ မူးဝေလာပြီး ချက်ချင်းပင် အိပ်ပျော်သွားလေသည်။ ဤတစ်ကြိမ်တွင်မူ သူမသည် အေးချမ်းစွာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဆယ်မိနစ်ခန့် ကြာသောအခါ လုံယုသည် ဆန်ပြုတ်တစ်ပန်းကန်နှင့် ရေတစ်ခွက်ကို ယူ၍ ပြန်လာခဲ့လေ သည်။ ယောင်ရန် အိပ်ပျော်နေသည်ကို မြင်သောအခါ သူသည် လင်ဗန်းကို စားပွဲပေါ်တင်၍ ကုတင် ဘေးတွင် ထိုင်နေလိုက်လေသည်။
သူမ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို ကြည့်ရင်း လုံယုသည် လက်ကိုဆန့်ကာ သူမ၏ နီမြန်းနေသော ပါးပြင်ကို အသာအယာ ထိတွေ့လိုက်၏။ သို့သော်လည်း အလွန်မြင့်မားနေသော ကိုယ်အပူချိန်ကြောင့် သူ အံ့အားသင့်သွားရလေသည်။
အိပ်ပျော်နေစဉ် ယောင်ရန်မှာ ပါးပြင်ပေါ်သို့ အေးမြသော အရာတစ်ခု လာထိသည်ကို ခံစားလိုက် ရသဖြင့် အလွန် နေရထိုင်ရ သက်သာသွား၏။ သူမသည် ထိုအေးမြမှုဆီသို့ အလိုအလျောက်ပင် တိုးကပ်လိုက်လေတော့သည်။