← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း(၇၁) ဒီအစ်ကိုကြီးက ငါ့ရဲ့ အစ်ကိုအရင်းခေါက်ခေါက်ကြီးပဲ

သီးသန့်အခန်းအတွင်းရှိ လေထုက ထူးဆန်းစွာ တိတ်ဆိတ်နေ၏။

ချူးရှန့်က ဆိုဖာပေါ်တွင် အသံတိတ် ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ထိုင်နေသည်။

သူက မြေပြင်အနေအထားကို လေ့လာရန် လိုအပ်၏။

လျှို့ဝှက်စုံစမ်းထောက်လှမ်းသည့် စစ်ဆင်ရေးများအတွက် သတင်းအချက်အလက်ဆိုသည်က အရေးကြီးဆုံး အရာပင်ဖြစ်သည်။

သူက မတ်တတ်ရပ်လိုက်ပြီး သီးသန့်အခန်း၏ လေးလံသော တံခါးကို ဖွင့်လိုက်၏။

စင်္ကြံလမ်းတစ်လျှောက်တွင် အသံအားလုံးကို စုပ်ယူနိုင်သော အနီရင့်ရောင် ကော်ဇောကို ခင်းကျင်းထားပြီး နံရံများ၌ နားလည်ရခက်သော ဆီဆေးပန်းချီကားများဖြင့် အလှဆင်ထားကာ ရွှေရောင် နံရံကပ်မီးအိမ်များက မှိန်ပျပျ အလင်းရောင်ကို ဖြာကျနေစေသည်။

လေထုထဲတွင် ဝိုင်၊ ရေမွှေးနှင့် ငွေကြေးတို့၏ ပျက်စီးယိုယွင်းနေသော အနံ့အသက်များက ပြည့်နှက်နေ၏။

ချူးရှန့်က စတင် လမ်းလျှောက်သွားခဲ့သည်။ သူက လမ်းလျှောက်ထွက်လာသကဲ့သို့ ရှိသော်လည်း တကယ်တမ်းတွင် ကင်မရာတစ်လုံးစီ၏ တိကျသော တည်နေရာနှင့် အရေးပေါ် ထွက်ပေါက်တိုင်း၏ ဆိုင်းဘုတ်များကို သူ၏ မျက်လုံးများဖြင့် မှတ်တမ်းတင်နေခြင်းဖြစ်သည်။

ထောင့်တစ်နေရာသို့ သူ ရောက်ရှိသွားသည်နှင့် ရှေ့မှ ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။

တောက်ပသော ပန်းပွင့်အဆင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူ၏ ဘယ်ဘက်လက်ဖြင့် မိတ်ကပ်အထူကြီး လိမ်းထားသော အမျိုးသမီးတစ်ဦးကို ဖက်ထားပြီး ညာဘက်လက်တွင် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ဆောင်ကာ ယိုင်နဲ့နဲ့ဖြင့် ရောက်လာသည်။

ထိုသူကား ကျောက်ထျန်းပါးပင်ဖြစ်၏။

ယနေ့ညတွင် သူ အတော်လေး သောက်ထားခဲ့ပြီး သူ၏ စိတ်ထဲတွင် လုံးဝကို ရှုပ်ထွေးနေခဲ့သည်။ တစ်ကမ္ဘာလုံးက သူ့ကို ဗဟိုပြု၍ လည်ပတ်နေသကဲ့သို့ သူ ခံစားနေရ၏။

ထိုစဉ် သူ၏ လမ်းကို ပိတ်ရပ်နေသော ဧရာမ ပုံရိပ်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်။

သူက ဘယ်သူပါလိမ့်။

ကျောက်ထျန်းပါးက အရက်အရှိန်ကြောင့် လျှာများလိပ်နေပြီး သူက မျက်စိကို မှေးကြည့်ကာ စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်၏။

"မင်းက မျက်စိကန်းနေလားကွ ငါ့လမ်းကိုများ ပိတ်ရပ်ရဲတယ်ပေါ့လေ..."

"ငါ့ရှေ့ကနေ ဖယ်စမ်း..."

သူ့ဘေးရှိ အမျိုးသမီးကလည်း တခစ်ခစ် ရယ်မောလိုက်ပြီး ချူးရှန့်ကို မျှော်လင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ချူးရှန့်က ခြေလှမ်းများကို ရပ်တန့်လိုက်၏။

သူက လှုပ်လည်း မလှုပ်သလို စကားလည်း မပြောခဲ့ချေ။

သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူ့ရှေ့ရှိ အရက်မူးသမားကို တည်ငြိမ်သော မျက်လုံးများဖြင့် အေးအေးဆေးဆေးပင် ကြည့်နေခဲ့သည်။

တစ်ဖက်လူက ဘာမှတုံ့ပြန်မှုမရှိသည်ကို ကျောက်ထျန်းပါး သတိထားမိသွားသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွား၏။

သူက ဘေးရှိ အမျိုးသမီးထံမှ ရုန်းထွက်လိုက်ပြီး ရှေ့သို့ ယိုင်နဲ့နဲ့ တိုးသွားကာ လက်ညှိုးထိုးလိုက်ရာ ချူးရှန့်၏ ရင်ဘတ်ကိုပင် ထိုးမိမတတ် ဖြစ်သွားသည်။

"ဟေ့ကောင် ငါ မင်းကို ပြောနေတာလေ မင်းက ဆွံ့အနေတာလား..."

"ငါက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား ကျန်းချန်မှာ ငါ ကျောက်ထျန်းပါးဆိုရင် မသိသူမရှိဘူးကွ..."

သူ၏ စကားများ ရပ်တန့်သွား၏။

သူ၏ မူးယစ်နေသော မျက်လုံးများက အာရုံစိုက်နိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။

နောက်ဆုံးတွင်တော့ သူ့ရှေ့မှ မျက်နှာကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့ပြီဖြစ်သည်။

စင်္ကြံလမ်းမှ မှိန်ပျပျအလင်းရောင်က ဤမျက်နှာပေါ်သို့ သရဲကားထဲမှ မြင်ကွင်းတစ်ခုကို အလိုအလျောက် ပေါင်းထည့်ပေးလိုက်သကဲ့သို့ ရှိနေ၏။

ရုပ်ဆိုးလှသော အမာရွတ်ကြီးက အလင်းနှင့် အရိပ်ကြားတွင် လူးလွန့်နေသကဲ့သို့ပင်။

ထိုမျက်လုံးများက သက်မဲ့အရာဝတ္ထုတစ်ခုကို စိုက်ကြည့်နေသကဲ့သို့ လူသားဆန်သော ခံစားချက် ကင်းမဲ့နေသည်။

အလွန် အေးစက်သော ကြက်သီးထဖွယ် ခံစားချက်တစ်ခုက ကျောက်ထျန်းပါး၏ ကျောရိုးတစ်လျှောက်မှတစ်ဆင့် ခေါင်းထိပ်အထိ ချက်ချင်း ဆန်တက်သွား၏။

သူ့စိတ်ထဲမှ ရှုပ်ထွေးနေသော အရက်မူးယစ်မှု ပင်လယ်ကြီးက အဏုမြူဗုံးတစ်လုံး ကျလာသကဲ့သို့ ချက်ချင်းပင် အငွေ့ပျံသွားတော့သည်။

မှတ်ဉာဏ် တံခါးပေါက်များက ရုတ်တရက် ပွင့်ဟသွား၏။

ယာဉ်ထိန်းရဲစခန်းအတွင်းမှ အသက်ရှူကျပ်မတတ် အကြောက်တရားများ။

မင်းက အရှိန်လွန်နေတာပဲ ငါနဲ့လိုက်ခဲ့ ဆိုသည့် သေဒဏ်ပေးသော စကားသံ။

စားပွဲပေါ်တွင် ထိုင်ကာ ကိုယ်ပိုင်အမှားဝန်ခံချက်ကို အတင်းအကျပ် ရေးခိုင်းခံရသည့် အရှက်ကွဲမှုများ။

ပုံရိပ်များအားလုံးက ပုံပျက်ပန်းပျက်နှင့် အော်ဟစ်နေကြပြီး သူ့မျက်စိရှေ့ရှိ မျက်နှာဆီသို့ စုစည်းသွားကြတော့သည်။

"ဂလု..."

ကျောက်ထျန်းပါးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရာ သူ၏ လည်စေ့က အထက်အောက် လှုပ်ရှားသွား၏။

သူ၏ မျက်နှာပေါ်ရှိ မူးယစ်မှုနှင့် မောက်မာမှုတို့က မြင်သာသော အရှိန်ဖြင့် ပျောက်ကွယ်သွားပြီး သေမတတ် ဖြူလျော့နေသော အသွင်အပြင်ဖြင့် အစားထိုးဝင်ရောက်လာသည်။

ချွေးအေးများက သူ၏ နဖူးနှင့် ကျောပြင်မှ ချက်ချင်း စိမ့်ထွက်လာပြီး သူ၏ ဈေးကြီးသော ပန်းပွင့်အဆင် ရှပ်အင်္ကျီကို ရွှဲရွှဲစိုသွားစေ၏။

ထိုစဉ် စင်္ကြံလမ်း၏ အခြားတစ်ဖက်တွင် အစ်မဟုန် ပေါ်လာသည်။

သူမက သူဌေးဖြစ်သူနှင့် ဖုန်းပြောပြီးခါစဖြစ်၏။ သူဌေးဖြစ်သူက ဤလျှို့ဝှက်ဆန်းကြယ်လှသော ငရဲပြည်သို့ သွားရာလမ်း လူသတ်သမားကို အလွန် သတိထားနေပြီး သူ့ကို တည်ငြိမ်အောင် ထားရန်နှင့် သူ၏ နောက်ခံကို ထပ်မံ စုံစမ်းရန် သူမကို ပြောထားခဲ့သည်။

သူမ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိပ်တိုက်တွေ့နေသည့် အခြေအနေကို မြင်လိုက်ရသည်။

ကျောက်ထျန်းပါးကို သူမ သိ၏။ သူက ကျန်းချန်ရှိ နာမည်ကြီး သူဌေးသားတစ်ယောက်ဖြစ်ပြီး ကလပ်၏ ဖောက်သည်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

သူက ထိုအစ်ကိုလုံဆိုသူကို ဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲရတာလဲ။

အစ်မဟုန်၏ နှလုံးသားမှာ လည်ချောင်းဝအထိ ရောက်လာခဲ့၏။ နေရာတိုင်းတွင် သွေးများ ပန်းထွက်လာတော့မည်ကို သူမ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ကျောက်ထျန်းပါးကလည်း အစ်မဟုန်ကို မြင်သွားသည်။

အစ်မဟုန်၏ မျက်လုံးများထဲမှ သံသယနှင့် စေ့စေ့စပ်စပ် ကြည့်ရှုမှုတို့ကို သူ မြင်လိုက်ရ၏။

ရှင်သန်လိုစိတ်ကြောင့် သူ၏ ဦးနှောက်က မကြုံစဖူးသော တွေးခေါ်နိုင်စွမ်းကို ထုတ်လွှတ်ပေးလိုက်သည်။

*သွားပါပြီ…*

*ဒီလူက ဘယ်လို လျှို့ဝှက်စစ်ဆင်ရေးကို လုပ်နေတာလဲ…*

*ခုနက ငါအော်လိုက်တာက သူ့ရဲ့ အစီအစဉ်ကြီးကို ဖျက်ဆီးပစ်တော့မလို ဖြစ်သွားပြီပဲ..*

*ရုပ်ရှင်ဇာတ်လမ်းတွေအရဆိုရင် ခုလိုအခြေအနေမျိုးမှာ စစ်ဆင်ရေး အောင်မြင်ဖို့အတွက် ငါ့ကို နှုတ်ပိတ်ဖို့ သူက မဆိုင်းမတွ သတ်ပစ်မှာ သေချာတယ်…*

*ငါ သေလို့မဖြစ်ဘူး..*

မယုံနိုင်လောက်အောင် ရူးသွပ်သော်လည်း မယုံနိုင်လောက်အောင် မှန်ကန်နေသည့် အတွေးတစ်ခုက သူ့စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွား၏။

အစ်မဟုန်နှင့် သူမပတ်ဝန်းကျင်ရှိ အခြား ဝန်ထမ်းများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်။

ကျောက်ထျန်းပါး၏ မျက်နှာပေါ်ရှိ အကြောက်တရားများက ချဲ့ကားထားသော မျက်ရည်များဖြင့် ဝမ်းသာလုံးဆို့မှုအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဒုန်း..."

သူ၏ ဒူးများ ခွေကျသွားပြီး ချူးရှန့်ရှေ့ရှိ ကော်ဇောပေါ်တွင် ခိုင်ခိုင်မာမာ ဒူးထောက်ချလိုက်၏။

သူက ချူးရှန့်၏ ခြေထောက်ကို ဖက်ထားကာ မျက်ရည် နှပ်ချေးများ သွန်ချလျက် ငိုကြွေးတော့သည်။

"အစ်ကို အစ်ကိုကြီး..."

"အစ်ကို ကျန်းချန်ကို ဘယ်တုန်းက ရောက်တာလဲ ဘာလို့ ကျွန်တော့်ကို မပြောရတာလဲ..."

"ကျွန်တော် အစ်ကို့ကို သိပ်လွမ်းနေခဲ့တာ..."

စင်္ကြံလမ်းတစ်ခုလုံး သေမတတ် တိတ်ဆိတ်သွား၏။

အစ်မဟုန်၏ အမူအရာက ခဲအေးသွားသည်။

ကျောက်ထျန်းပါး၏ အနောက်မှ အမျိုးသမီးမှာ မျက်လုံးပြူးသွားပြီး သူမလက်ထဲရှိ ဝိုင်ခွက်က ခလွမ် ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

သူ ဖက်ထားသော ပေါင်ကြီးက သံမဏိတိုင်ကြီးတစ်ခုကဲ့သို့ လုံးဝ ငြိမ်သက်နေသည်ကို ကျောက်ထျန်းပါး ခံစားလိုက်ရ၏။

သူ၏ သရုပ်ဆောင်မှုက မလုံလောက်သေးကြောင်း သူ သိလိုက်သည်။

သူက ခေါင်းကို မော့ကာ အစ်မဟုန်နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများကို ရူးသွပ်လုမတတ် ဟိန်းဟောက်လိုက်၏။

"ဘာတွေ ကြည့်နေကြတာလဲ ညီအစ်ကိုတွေ ပြန်ဆုံတာကို မမြင်ဖူးကြဘူးလား..."

သူက ချူးရှန့်ကို လက်ညှိုးထိုးကာ သူ၏ အသံက ကျယ်လောင်ပြတ်သားနေပြီး ငြင်းဆန်၍မရသော မိသားစုသံယောဇဉ်များ ပြည့်နှက်နေသည်။

"မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထားကြ ဒါ ငါ့အစ်ကို ငါ့ရဲ့ အရင်းခေါက်ခေါက် အစ်ကိုကြီးကွ..."

"ငါ့အစ်ကိုကို အထင်သေးရဲတဲ့သူ ဘယ်သူမဆို ငါ ကျောက်ထျန်းပါးကို ဆန့်ကျင်တာပဲ ငါ ဒီဆိုင်စုတ်ကြီးကို အခုချက်ချင်း အမှုန့်ကြိတ်ပစ်လိုက်မယ်..."

ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ချူးရှန့်ကို အလွန်ဖားယားသော လေသံဖြင့် မော့ကြည့်လိုက်၏။

"အစ်ကို စိတ်မဆိုးပါနဲ့ ဒီကောင်တွေက မျက်ကန်းတွေမို့လို့ ဘာကကောင်းလဲဆိုတာကို မသိကြတာပါ နောက်မှ သူတို့ကို ကျွန်တော် ပညာပေးလိုက်ပါ့မယ်..."

"လာပါ အထဲဝင်ပြီးမှ စကားပြောကြတာပေါ့ ကျွန်တော် အစ်ကို့ကို ပြောစရာတွေ အများကြီး ရှိသေးတယ်..."

အစ်မဟုန်မှာ လုံးဝ ဆွံ့အသွားတော့သည်။

*ကျောက်ထျန်းပါးရဲ့ အစ်ကို..*

ကျောက် မိသားစုမှာ ဤသို့သော လူမျိုးရှိသည်ကို သူမ ဘယ်လိုလုပ်ပြီး တစ်ခါမှ မကြားဖူးရတာလဲ။

ပြီးတော့ ကျောက်ထျန်းပါးရဲ့ နှလုံးသားကို ဆွဲထုတ်ချင်နေသလို အမူအရာကို ကြည့်ရတာ ဒါက အစ်ကိုတင် မကတော့ဘူး အဖေလိုတောင် ဖြစ်နေပြီ။

သူမက ချက်ချင်းပင် ချမ်းသာသော မိသားစုတစ်ခုမှ လျှို့ဝှက် ဇာတ်လမ်းတစ်ပုဒ်လုံးကို စိတ်ကူးယဉ်လိုက်မိ၏။

*ဒါက အိမ်နဲ့ဝေးရာမှာ နေထိုင်ခဲ့တဲ့ ကျောက် မိသားစုရဲ့ တရားမဝင် ကလေးတစ်ယောက် ဖြစ်ရမယ် ပြီးတော့ ရွှေတြိဂံ ဒါမှမဟုတ် ဆိုက်ဘေးရီးယားမှာ ကြေးစားစစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးအစားမျိုး ဖြစ်ရမယ်…*

*အခုတော့ သူက မိသားစု ပိုင်ဆိုင်မှုတွေကို လုယူဖို့ ပြန်ရောက်လာပြီပေါ့..*

*သူက ခုလို ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတာလည်း အံ့သြစရာတော့ မဟုတ်ဘူးလေ…*

ဤသို့ တွေးမိလိုက်သောအခါ ချူးရှန့်အပေါ် ထားရှိသော အစ်မဟုန်၏ အကြည့်က သတိထားမှုနှင့် အကြောက်တရားတို့မှ နက်ရှိုင်းသော ကြောက်ရွံ့ရိုသေမှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူ၏ ခြေထောက်ကို ဖက်ထားပြီး လွှတ်မပေးသော ကျောက်ထျန်းပါးကို ကြည့်ကာ ချူးရှန့် မျက်မှောင်ကြုတ်လိုက်၏။

ဘာတွေဖြစ်နေမှန်း သူ နားမလည်သော်လည်း ၎င်းက သူ၏ လျှို့ဝှက်အထောက်အထားကို ခိုင်မာစေရန် အကောင်းဆုံးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်းကို သူ ထက်မြက်စွာ သတိထားမိလိုက်သည်။

သူက ဘာမှမပြောဘဲ ကျောက်ထျန်းပါးကို ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ မြေပြင်မှ ဆွဲမလိုက်ပြီးနောက် လှည့်ကာ အင်ပါယာ မဏ္ဍပ် သို့ ပြန်ဆွဲခေါ်သွား၏။

"ဒုန်း.."

သီးသန့်အခန်း၏ တံခါးကို ဆောင့်ပိတ်လိုက်သည်။

တံခါးအပြင်ဘက်တွင် အစ်မဟုန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး စကားပြောစက်ကို အလျင်အမြန် ကောက်ကိုင်လိုက်၏။

"အဖွဲ့အားလုံး အာရုံစိုက် သတိထားကြ..."

"အဲဒီအထူးဧည့်သည်က သခင်လေးကျောက်ရဲ့ အစ်ကိုပဲ သူ့ရဲ့ အစ်ကိုအရင်းခေါက်ခေါက်ကြီး..."

"မင်းတို့အားလုံး အကောင်းဆုံး ပြုမူနေထိုင်ကြ ဘယ်သူမဆို ပြဿနာရှာရင် သူတို့ကို ငါ အရှင်လတ်လတ် အရေခွံခွာပစ်မယ်..."

သီးသန့်အခန်းအတွင်း၌။

တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်ထျန်းပါးမှာ အရိုးများ ဖယ်ရှားခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပြိုကျသွား၏။

"အရာရှိ အရာရှိချူး ကျွန်တော် မှားသွားပါတယ် ကျွန်တော် တကယ် မှားသွားပါတယ်..."

သူက ချူးရှန့်ရှေ့တွင် ဒူးထောက်ကာ ရူးသွပ်လုမတတ် ကန်တော့တော့သည်။

"ခင်ဗျားမှန်း ကျွန်တော် တကယ်မသိခဲ့ပါဘူး ကျွန်တော် မြင်းဆီး နည်းနည်း သောက်ထားလို့ စိတ်မကြည်မလင်ဖြစ်ပြီး လျှောက်ပြောမိသွားတာပါ..."

"ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ကျွန်တော့်မှာ လုပ်ကျွေးရမယ့် အသက်ရှစ်ဆယ်အရွယ် အမေအိုကြီးရယ် နို့ဆာလို့ ငိုနေတဲ့ ကလေးတွေရယ် ရှိသေးလို့ပါ အာ မဟုတ်ဘူး ကျွန်တော့်မှာ ကလေးတောင် မရှိသေးပါဘူး..."

"ခုနက ကျွန်တော် လုပ်သွားတာ ဘယ်လိုနေလဲ အပြစ်အနာအဆာ ကင်းတယ်မလား ခင်ဗျားရဲ့ အထောက်အထားကို ဘယ်သူမှ လုံးဝ သံသယမဝင်တော့ဘူးလေ ကျွန်တော့်အပြစ်တွေကို ကျွန်တော် ချေဖျက်နိုင်ပြီ မဟုတ်လား..."

ချူးရှန့်က ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ ထိုင်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်၏။

"ငါနဲ့ ပူးပေါင်းပါ..."

ချူးရှန့်၏ အသံက တည်ငြိမ်နေသည်။

"စွမ်းဆောင်မှုတစ်ခုအနေနဲ့ သဘောထားလိုက်..."

စွမ်းဆောင်မှုဟူသော စကားကို ကြားလိုက်ရသောအခါ ကျောက်ထျန်းပါးမှာ ကောင်းကင်ဘုံမှ တေးဂီတကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်လုံးများက ချက်ချင်း တောက်ပသွား၏။

"ကျွန်တော် ပူးပေါင်းပါ့မယ် ကျွန်တော် လုံးဝကို ပူးပေါင်းပါ့မယ် ခင်ဗျားအတွက်ဆို မီးတွင်းထဲပဲ ဆင်းရဆင်းရ ရေတွင်းထဲပဲ ခုန်ချရခုန်ချရပါ..."

သူ၏ တန်ဖိုးကို ပြသရန်အတွက် သူက အလျင်အမြန် တိုးကပ်သွားပြီး လေသံကိုနှိမ့်ကာ ကမ္ဘာကြီး တုန်လှုပ်သွားစေမည့် လျှို့ဝှက်ချက်တစ်ခုကို သတင်းပို့နေသကဲ့သို့ ပြောလိုက်သည်။

"အရာရှိ ခင်ဗျားက ဒီညနိဗ္ဗာန်ကို စုံစမ်းနေတာလား..."

"ကျွန်တော် ပြောပြမယ် ဒီနေရာက ရေတော်တော် နက်တယ်ဗျ..."

"အခု ကျွန်တော်တို့ ရောက်နေတဲ့ အင်ပါယာ မဏ္ဍပ်က ကြီးကျယ်ခမ်းနားပုံရပေမဲ့ အဲဒါက အပြင်လူတွေ ကြည့်ဖို့အတွက် ဟန်ပြသက်သက်ပဲ..."

သူက မျက်နှာကြက်ကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ အမူအရာက လျှို့ဝှက်ဆန်းကြယ်လာ၏။

"ဒီအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံလို့ခေါ်တဲ့ နောက်ထပ် နေရာတစ်ခု ရှိသေးတယ်..."

"အဲဒါက အဓိက အရေးအကြီးဆုံး နေရာအစစ်ပဲ အဲဒီကို အများပြည်သူဝင်ခွင့်မရှိဘူး ထိပ်တန်းအဖွဲ့ဝင်တွေ ဒါမှမဟုတ် အစ်မဟုန်လို အဓိက စီမံခန့်ခွဲသူတွေလောက်ပဲ ဝင်ခွင့်ရှိတာ..."

"မသမာတဲ့ အလုပ်မှန်သမျှ အဲဒီမှာပဲ လုပ်ကြတယ်လို့ ကျွန်တော် ကြားဖူးတယ်..."

အခန်း(၇၂) မျက်စိထဲမြင်နေရသမျှက လက်ဖက်ရည်စိမ်း အကျအနများသာ

ကျောက်ထျန်းပါးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံနှင့် ပတ်သက်သည့် လျှို့ဝှက်ချက် အားလုံးကို ဖွင့်ချပြောပြလိုက်၏။

သူ စကားပြောပြီးနောက် အပြစ်ဒဏ် စီရင်ချက်ကို စောင့်ဆိုင်းနေသည့် အမူအရာဖြင့် ချူးရှန့်ကို သတိထားကာ မော့ကြည့်လိုက်လေသည်။

ချူးရှန့်က သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေ၏။

တစ်စက္ကန့်။

နှစ်စက္ကန့်။

ဆယ်စက္ကန့်။

ချူးရှန့်က ဘာစကားမှမဆိုဘဲ ကြည့်ရုံသာ ကြည့်နေခဲ့သည်။

ကျောက်ထျန်းပါးမှာ အသက်ရှူကျပ်လာသကဲ့သို့ ခံစားလိုက်ရ၏။

ဤတိတ်ဆိတ်မှုက အကြိမ်တစ်ထောင် စစ်ဆေးမေးမြန်းခံရသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလေသည်။

ချူးရှန့်၏ အကြည့်များက တိကျမှုမြင့်မားသော စီတီစကင်ဖတ်စက် နှစ်လုံးကဲ့သို့ သူ၏ ဝိညာဉ်ကို တစ်လွှာချင်း ခွဲခြမ်းစိတ်ဖြာကာ သူ လိမ်ညာထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်း ရှိမရှိကို စစ်ဆေးနေသည်ဟု သူ ခံစားလိုက်ရ၏။

သူ တကယ်ကို ပြိုလဲသွားရပြီဖြစ်၏။

သူ ကလေးဘဝတုန်းက အိပ်ရာထဲ သေးမည်နှစ်ခါ ပါခဲ့သည်အထိ သူ သိထားသမျှ အရာအားလုံးကို ပြောပြချင်သွားခဲ့သည်။

"အစ်ကိုကြီး... ကျေးဇူးရှင် အစ်ကိုကြီး..."

ကျောက်ထျန်းပါးက ထပ်မံ၍ ငိုကြွေးချလိုက်ပြန်၏။

"ကျွန်တော်သိတာ ဒါအကုန်ပါပဲ..."

"အစ်ကိုကြီးက မလုံလောက်သေးဘူးလို့ထင်ရင် ကျွန်တော် အခုပဲ သွားစုံစမ်းပေးပါ့မယ်... ကျွန်တော့်အဖေ တိတ်တိတ်လေး ဝှက်ထားတဲ့ ပိုက်ဆံတွေ ဘယ်မှာရှိလဲဆိုတာပါ သွားရှာပေးပါ့မယ်..."

သူက ကမန်းကတန်း မတ်တတ်ရပ်ကာ အနက်ရောင် ကတ်တစ်ကတ်ကို ထုတ်ယူပြီး စားပွဲပေါ်တွင် ရိုသေစွာ တင်လိုက်လေသည်။

"အစ်ကိုကြီး... ဒါက ကျွန်တော့်ရဲ့ ကျေးဇူးဆပ်ချင်တဲ့ စေတနာအနည်းငယ်ပါ... ဒီည အစ်ကိုကြီးရဲ့ အသုံးစရိတ်အားလုံးကို ကျွန်တော် တာဝန်ယူပါတယ်..."

"အစ်ကိုကြီး ထိုင်ပါဦး... ကျွန်တော်... ကျွန်တော် အပြင်ထွက်ပြီး ကင်းစောင့်ပေးပါ့မယ်... ယင်ကောင်တစ်ကောင်တောင် ဝင်လာပြီး အစ်ကိုကြီးကို ဒုက္ခမပေးစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်..."

ထိုသို့ပြောပြီးနောက် ကျောက်ထျန်းပါးက ကပ်ရောဂါဘေးကို ရှောင်ပြေးသကဲ့သို့ သီးသန့်ခန်းထဲမှ ကမန်းကတန်း ပြေးထွက်သွားလေတော့သည်။

သီးသန့်ခန်းလေးမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။

ချူးရှန့်က အနက်ရောင်ကတ်ကို ကောက်ယူ၍ ကြည့်လိုက်သည်။

ပြုလုပ်ထားသော ပစ္စည်းက သာမန်သာဖြစ်ပြီး အလွှာများ သို့မဟုတ် ချစ်ပ်ပြားများ ပါဝင်ခြင်း မရှိချေ။

သူက ကတ်ကို စားပွဲပေါ်သို့ ပေါ့ပါးစွာ ပစ်ချလိုက်ပြီး ရေခွက်ကို ကောက်ကိုင်ကာ သူ၏ လျှို့ဝှက်တာဝန်ဖြစ်သော စောင့်ဆိုင်းခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့၏။

မကြာမီမှာပင်။

သီးသန့်ခန်း၏ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်လေသည်။

အခြားသူများ၏ သာမန် ဆွဲဆောင်မှုရှိသော အနံ့များနှင့် လုံးဝကွဲပြားခြားနားသည့် သိမ်မွေ့ပြီး ဆန်းပြားသော သစ်ခွရနံ့တစ်ခုက ပျံ့လွင့်လာ၏။

အမျိုးသမီးတစ်ဦး ဝင်ရောက်လာလေသည်။

သူမက ဖော်ညွှန်းလွန်းသော ရင်စေ့အင်္ကျီ သို့မဟုတ် စကတ်တိုကို ဝတ်ဆင်ထားခြင်းမရှိဘဲ ကျော့ရှင်းသော ဂါဝန်အဖြူကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်ရှည်များက ပခုံးပေါ်တွင် ဝဲကျနေပြီး မျက်နှာပေါ်တွင် မိတ်ကပ်ပါးပါးလေးကို လိမ်းခြယ်ထား၏။

သူမ၏ လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ဆောင်ထားခြင်းမရှိဘဲ တဂိုး၏ ကဗျာစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားလေသည်။

သူမက ကလပ်တစ်ခုမှ အမျိုးသမီးတစ်ဦးနှင့် မတူဘဲ တက္ကသိုလ် စာကြည့်တိုက်မှ ယခုလေးတင် ထွက်လာသည့် အနုပညာဆန်သော အမျိုးသမီးငယ်တစ်ဦးနှင့် ပိုတူနေ၏။

သူမက ရှောင်မေ့ပင် ဖြစ်သည်။

အစ်မဟုန်၏ နောက်ဆုံး နာမည်ကြီး တဲပ်ကတ်မှာ ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲပြီး မာနကြီးသော သာမန်မဟုတ်သည့် အမျိုးသားများကို အထူးတလည် ကိုင်တွယ်ရန် အသုံးပြုခြင်းဖြစ်၏။

သူမ ကျွမ်းကျင်သည့်အရာက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို အမဲလိုက်ခြင်းပင် ဖြစ်သည်။

ရှောင်မေ့က သီးသန့်ခန်းထဲသို့ ဝင်လာပြီး ချူးရှန့်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှု အရိပ်အယောင်တစ်ခုက အချိန်ကိုက် ဖြတ်ပြေးသွားခဲ့ပြီးနောက် ၎င်းက မှေးမှိန်သော ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားလေ၏။

အခြားမိန်းကလေးများနှင့် မတူဘဲ သူမက ကြောက်ရွံ့မှုကို မပြသသလို ဖားယားခြင်းလည်း မရှိပေ။ ယင်းအစား သူမက ချူးရှန့်နှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာဆီသို့ တည့်တည့်လျှောက်သွားကာ ကျော့ရှင်းစွာ ထိုင်လိုက်လေသည်။

ကြီးမားသော ကော်ဖီစားပွဲတစ်ခုက သူတို့နှစ်ဦးကြားတွင် ခြားထား၏။

သူမက ကဗျာစာအုပ်ကို စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်ပြီး သူမ၏ ရေစိုနေသကဲ့သို့ ကြီးမားသော မျက်လုံးများက စုံစမ်းလိုစိတ်နှင့် သနားကြင်နာမှု အရိပ်အယောင်များဖြင့် ချူးရှန့်ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

"သူတို့က ရှင့်ကို နားမလည်ကြဘူး မဟုတ်လား..."

ရှောင်မေ့၏ အသံက လေပြေလေးကဲ့သို့ နူးညံ့နေပြီး နှစ်သိမ့်မှုပေးနိုင်သော စွမ်းအားကို သယ်ဆောင်ထား၏။

ချူးရှန့်က သူမကို ကြည့်လိုက်သည်။

ပြစ်မှုမြင်ကွင်းကြည့်မျက်မှန်မှ ပြန်လည်ပေးပို့လာသော အချက်အလက်များက အလွန်ရိုးရှင်းနေ၏။

ရှောင်မေ့၊ ကလပ်တစ်ခုမှ အကြီးတန်း ပြည်သူ့ဆက်ဆံရေးအရာရှိ၊ ရာဇဝတ်မှု မှတ်တမ်း မရှိပါ။

သူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"မင်းက ငါ့အကြောင်း ဘာသိလို့လဲ..."

ရှောင်မေ့က သူ၏ မေးခွန်းကို မကြားလိုက်သကဲ့သို့ ရှိနေပြီး သူမဘာသာ ဆက်ပြောနေကာ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပို၍ ပြည့်တက်လာလေ၏။

"သူတို့က ရေခဲတောင်ရဲ့ ထိပ်ဖျားကိုသာ မြင်ရသလို ရှင့်ရဲ့ အပေါ်ယံ ကြမ်းတမ်းမှုနဲ့ ခွန်အားကိုပဲ မြင်ကြတာပါ..."

"ဒါပေမဲ့ ကျွန်မကတော့ မြင်တယ်..."

"ရေခဲတောင်အောက်မှာ ရှင်ဖုံးကွယ်ထားတဲ့ အထီးကျန်မှုနဲ့ အမာရွတ်တွေ အပြည့်ဖြစ်နေပြီဖြစ်တဲ့ အဲဒီနှလုံးသားကို ကျွန်မ မြင်ခဲ့တယ်..."

သူမက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီး သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို နီးကပ်လာစေရန် ကြိုးစားလိုက်လေသည်။

"ရှင်က ညဘက် လွင်တီးခေါင် တောရိုင်းထဲမှာ ကိုယ့်ဒဏ်ရာကိုယ် တစ်ယောက်တည်း လျှာနဲ့ယက်နေပြီး ရှင့်ရဲ့ အားနည်းချက်ကို ဘယ်သူ့ကိုမှ အမြင်မခံတဲ့ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်နဲ့ တူတယ်..."

ချူးရှန့်က မျက်မှောင်ကြုတ်လိုက်၏။

"ငါ့မှာ ကျန်းမာရေးအာမခံရှိတယ်..."

သူ၏ အသံက လုံးဝကို ပြန့်ပြူးနေလေသည်။

"ကုမ္ပဏီက အမြင့်ဆုံးအဆင့် ကုန်ကျစရိတ် ပြန်အမ်းငွေကို ပေးထားပြီး ငါက ဒဏ်ရာရလျက်နဲ့ အလုပ်လုပ်ရတဲ့ အခြေအနေမျိုး မရှိဘူး..."

ရှောင်မေ့၏ အမူအရာက စက္ကန့်တစ်စိတ်ခန့် အေးခဲသွားလေ၏။

ဇာတ်ညွှန်းက မှားယွင်းနေသည်။

အတိတ်က အတွေ့အကြုံများအရ ဤအချိန်၌ လေးနက်ဟန်ဆောင်တတ်သော ထိုအမျိုးသားများ၏ မျက်လုံးများတွင် အိပ်မက်ဆန်သော အကြည့်များ ရှိနေသင့်ပြီး သူတို့၏ "အောင်မြင်မှုရဲ့ ဒုက္ခများ" အကြောင်းကို သူမအား စတင်ရင်ဖွင့်သင့်သည် မဟုတ်ပါလား။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စကားပြောဆိုမှုကို လမ်းကြောင်းမှန်ပေါ်သို့ အတင်းအကျပ် ဆွဲခေါ်လိုက်လေသည်။

"ကျွန်မက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ပြောနေတာ မဟုတ်ပါဘူး..."

သူမ၏ အသံက ပို၍ နူးညံ့သွားပြီး မိခင်တစ်ဦး၏ ကြင်နာမှု အလင်းရောင်များဖြင့် ပြည့်နှက်သွား၏။

"အဲဒါက နှလုံးသားထဲက ဒဏ်ရာပါ..."

"လောကကြီးမှာ ရှင့်ရဲ့ ကြီးစိုးလိုတဲ့ စိတ်ဓာတ်နဲ့ ယှဉ်နိုင်တဲ့သူ အရမ်းနည်းတယ်..."

"အဲဒါကြောင့် ရှင်က အရမ်း အထီးကျန်နေတာပါ..."

ချူးရှန့်က ခေတ္တမျှ သေချာစွာ တွေးတောလိုက်လေသည်။

"ငါ အထီးမကျန်ပါဘူး..."

"တွဲဖက်တာဝန်ချထားခံရသူတွေ အပါအဝင် ငါတို့ရဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စုစုပေါင်း လူ ၃၇ ယောက်ရှိတယ်... ငါတို့အားလုံးက ရဲဘော်ရဲဘက်တွေဖြစ်ပြီး အရမ်းကို သဟဇာတဖြစ်တဲ့ ဆက်ဆံရေးရှိကြတယ်..."

"ရှောင်မေ့..."

သူမ၏ ဂုဏ်ယူရသော လက်ဖက်ရည်ကြမ်း အနုပညာက ရဲရဲတောက် ပူနေသော သံပူပေါ်သို့ ပက်ဖျန်းခံလိုက်ရသကဲ့သို့ သူမ ခံစားလိုက်ရ၏။

တိုးညင်းသော "ရွှီး" ဟူသည့် အသံတစ်ခု ထွက်ပေါ်လာခြင်းမှလွဲ၍ ၎င်းက မည်သည့်အကူအညီမျှ မဖြစ်စေခဲ့ချေ။

မဖြစ်ဘူးလေ..။

စကားလုံးများဖြင့် တိုက်ခိုက်ခြင်းက အရာမထင်ပေ။

အကူပစ္စည်းများကို အသုံးပြုရန် လိုအပ်လေသည်။

ရှောင်မေ့က မတ်တတ်ရပ်ကာ သူမဘေးရှိ ဝိုင်ဘီရိုဆီသို့ လျှောက်သွားပြီး အချိန်ကြာမြင့်စွာ သိမ်းဆည်းထားပုံရသည့် ဝိုင်နီတစ်ပုလင်းကို ထုတ်ယူလိုက်၏။

သူမက စားပွဲထိုးကို မခေါ်ဘဲ အလွန် ကျော့ရှင်းသော အမူအရာဖြင့် ဝိုင်ကို သူမဘာသာ ဖွင့်လိုက်လေသည်။

ပယင်းရောင် ဝိုင်အရည်က ကြည်လင်နေသော ဖန်ခွက်တစ်ခုထဲသို့ ဖြည်းညင်းစွာ စီးကျသွား၏။

သူမက ဝိုင်ငဲ့နေစဉ် ချူးရှန့်ကို ကျောခိုင်းထားပြီး သူမ၏ လက်သည်းဖြင့် အဖြူရောင် ဆေးလုံးငယ်တစ်ခုကို ဖန်ခွက်ထဲသို့ တိတ်တဆိတ် ခေါက်ထည့်လိုက်လေသည်။

ဆေးလုံးများက အရက်နှင့် ထိတွေ့ချိန်တွင် မည်သည့် ပူဖောင်း သို့မဟုတ် အသံမျှ မထွက်ပေါ်ဘဲ ချက်ချင်း ပျော်ဝင်သွား၏။

ဤအရာက အစ်မဟုန် သူမကို ပေးထားသည့် လျှို့ဝှက်လက်နက်ဖြစ်၏။ ၎င်းက အရောင်အသွေးနှင့် အနံ့အသက်ကင်းမဲ့ပြီး ခေါင်းမာသော "ခွဲရခက်သည့် သစ်ကြားသီးများ" ကို ကိုင်တွယ်ရန် အထူးတလည် ဖန်တီးထားခြင်းဖြစ်သည်။

ဝိုင်ခွက်ကို ကိုင်ထားသော ရှောင်မေ့က ချူးရှန့်ဆီသို့ ဖြည်းညင်းစွာ ပြန်လျှောက်လာလေသည်။

ဤတစ်ကြိမ်တွင် သူမက မထိုင်ဘဲ အနည်းငယ် ငုံ့လိုက်၏။

ဤထောင့်မှကြည့်လျှင် ချူးရှန့်က သူမ၏ ဂါဝန်လည်ပင်းပေါက်အောက်ရှိ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော အသားအရေကို ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။

"အစ်ကိုကြီး..."

သူမ၏ ခေါ်ဝေါ်ပုံက ပြောင်းလဲသွားပြီး သူမ၏ အသံက အနည်းငယ် တုန်ယင်နေကာ အဆုံးအစမဲ့သော မြတ်နိုးမှုများဖြင့် ပြည့်နှက်နေ၏။

"ရှင် ဘယ်သူ့ကိုမှ မယုံကြည်ဘူးဆိုတာ ကျွန်မ သိပါတယ်..."

"ဒါပေမဲ့ ဒီဝိုင်ခွက်ရဲ့ အပူချိန်ကိုတော့ ယုံကြည်ပေးပါ..."

သူမက ဝိုင်ခွက်ကို ချူးရှန့်ထံ ကမ်းပေးလိုက်ပြီး သူမ၏ မျက်လုံးများက မှေးစင်းနေကာ သူမ၏ အသက်ရှူသံက သစ်ခွပန်းများကဲ့သို့ မွှေးပျံ့နေလေသည်။

"အဲဒါက ရှင့်ရဲ့ အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးသွားစေပါစေနော်..."

ချူးရှန့်က ဝိုင်ခွက်ကို လက်ခံယူလိုက်၏။

အောင်ပွဲခံလိုသော ပျော်ရွှင်မှု ခံစားချက်တစ်ခုက ရှောင်မေ့၏ နှလုံးသားထဲတွင် ဖြတ်ပြေးသွားလေသည်။

အောင်မြင်သွားပြီ။

နူးညံ့ပြီး လှပသော အမျိုးသမီးတစ်ဦးက ကမ်းပေးသည့် ကောင်းမွန်သော ဝိုင်ကို မည်သူကမျှ မငြင်းဆန်နိုင်ပေ။

သူ ဤတစ်ငုံကို သောက်လိုက်သည်နှင့်…

သို့သော်လည်း ချူးရှန့်က ၎င်းကို မသောက်ခဲ့ချေ။

ရာဇဝတ်မှု ကျူးလွန်သည့် နေရာမှ ရရှိလာသော အရေးကြီးသည့် သက်သေခံပစ္စည်းတစ်ခုကဲ့သို့ သူက ဝိုင်ခွက်ကို ကိုင်ထားလေသည်။

သူက ပထမဆုံး ဖန်ခွက်ကို အလင်းရောင်ဆီသို့ မြှောက်ကာ ဝိုင်၏ အရောင်နှင့် ကြည်လင်မှုကို ဂရုတစိုက် လေ့လာလိုက်၏။

ထို့နောက် သူက ဖန်ခွက်ကို ညင်သာစွာ လှည့်လိုက်ပြီး ၎င်း၏ စီးဆင်းမှုနှုန်းနှင့် စေးပျစ်မှုကို လေ့လာရန်အတွက် ဝိုင်ကို ဖန်ခွက်နံရံတွင် အစင်းကြောင်းများ ကျန်ရစ်စေခဲ့သည်။

နောက်ဆုံးတွင် သူက ဖန်ခွက်ကို သူ၏ နှာခေါင်းနားသို့ ယူဆောင်သွားကာ ညင်သာစွာ ရှူရှိုက်လိုက်လေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးက အာရုံစိုက်မှုရှိပြီး တိကျကာ သိပ္ပံနည်းကျ စူးစမ်းရှာဖွေမှု စိတ်ဓာတ်များဖြင့် ပြည့်နှက်နေ၏။

ရှောင်မေ့၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူ ဘာလုပ်နေသည်ကို သူမ နားမလည်ခဲ့ပေ။

ဤအရာက ဝိုင်မြည်းစမ်းသည့် အခမ်းအနား အသစ်တစ်ခုများလား

"မီသိုင်းအရက်ပျံ ပါဝင်မှုက အလွန်အကျွံ ဖြစ်နေတယ်လို့ သံသယရှိတယ်..."

ချူးရှန့်က သူ၏ ဝိုင်ခွက်ကို ချထားလိုက်ပြီး ရုပ်အလောင်း ခွဲစိတ်စစ်ဆေးမှု ရလဒ်များကို ကြေညာနေသည့် မှုခင်းဆရာဝန်တစ်ဦး၏ လေသံဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။

"အရက်ရဲ့ အရောင်က တောက်ပလွန်းနေတယ်... အဲဒါက နိုင်ငံတော်က တားမြစ်ထားတဲ့ စက်မှုလုပ်ငန်းသုံး ဆိုးဆေးဖြစ်တဲ့ မရမ်းစွဲအနီရောင်ကို အသုံးပြုထားတာကြောင့် ဖြစ်နိုင်တယ်..."

"ခွက်မှာ သဘာဝမကျစွာ ကပ်နေခြင်းက အပျစ်ရည် ထည့်ထားတယ်ဆိုတာကို ညွှန်ပြနေတယ်..."

သူက ခေါင်းမော့လိုက်ပြီး သူ၏ ခံစားချက်ကင်းမဲ့နေသော မျက်လုံးများက ရှောင်မေ့ကို တည့်တည့် စိုက်ကြည့်နေလေသည်။

"ဒီဝိုင်က စစ်မှန်ရဲ့လား..."

ရှောင်မေ့၏ စိတ်ထဲတွင် "ဝီ" ဟူသော အသံနှင့်အတူ ဗလာကျင်းသွားလေ၏။

*သူ... သူ ဘာတွေ ပြောနေတာလဲ…*

*မီသိုင်းအရက်ပျံ... ဆိုးဆေး... အပျစ်ရည်..*

*မဟုတ်ဘူး..*

*အဲဒါက အဓိကအချက် မဟုတ်ဘူးလေ..*

*သူ ရှာတွေ့သွားတာလား... သူက သောက်စရာထဲမှာ ဆေးကို ရှာတွေ့သွားပြီဆိုတာကို ငါ့ကို သွယ်ဝိုက်ပြီး ပြောပြဖို့ ကြိုးစားနေတာ ဖြစ်ရမယ်..*

ကြောက်ရွံ့မှုက အေးစက်သော လက်တစ်ဖက်ကဲ့သို့ သူမ၏ နှလုံးသားကို ချက်ချင်း ဆုပ်ကိုင်လိုက်လေသည်။

သူမကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိသော ချူးရှန့်၏ မျက်လုံးများကို ကြည့်ရင်း အဝတ်အစားများ ချွတ်ခံရကာ စစ်ဆေးမေးမြန်းသည့် စားပွဲပေါ်သို့ ပစ်ချခံလိုက်ရသော အကျဉ်းသားတစ်ဦးကဲ့သို့ သူမ ခံစားလိုက်ရ၏။

"မဟုတ်ဘူး... အဲဒါ အစစ်ပါ... ဒီဝိုင်က အစစ်ပါ..."

သူမစိတ်က ဆက်လက် တွေးတောနိုင်စွမ်း မရှိတော့ချေ။ ငြင်းဆိုရန် ဗီဇသာ ကျန်ရစ်တော့သည်။

ချူးရှန့်က ဝိုင်ခွက်ကို လက်ညှိုးထိုးပြလိုက်၏။

"စစ်ဆေးမှုရလဒ်တွေက မလိမ်ညာပါဘူး..."

ရှောင်မေ့မှာ လုံးဝကို ပြိုလဲသွားလေသည်။

အကယ်၍ ဝိုင်က လုံခြုံမှုရှိသည်ဆိုသည်ကို သူမ သက်သေမပြနိုင်ပါက ဤအခန်းထဲမှ ယနေ့ သူမ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ကြောင်း သူမ သိနေ၏။

ရူးသွပ်သော အတွေးတစ်ခုက သူမ၏ စိတ်တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။

"ကျွန်မ သောက်ပြမယ်..."

သူမက ဝိုင်ခွက်ကို ချူးရှန့်၏ လက်ထဲမှ လုယူလိုက်ပြီး ခေါင်းကို နောက်သို့မော့ကာ နက်ရှိုင်းသော အနီရောင် အရည်များကို တစ်ကျိုက်တည်း သောက်ချလိုက်၏။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် တိုက်ပွဲတစ်ခုတွင် အနိုင်ရသွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။ သူမက အလွတ်ဖြစ်သွားသော ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

"မြင်လား... အဲဒါ အစစ်ပါ..."

ချူးရှန့်က သူမကို ကြည့်ကာ တိတ်ဆိတ်နေခဲ့၏။

တစ်စက္ကန့်။

နှစ်စက္ကန့်။

ရှောင်မေ့၏ မျက်နှာပေါ်ရှိ ခေါင်းမာမှုနှင့် အံတုမှုတို့က ထူးဆန်းသော နီမြန်းမှု တစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။

သူမ၏ မျက်လုံးများက စတင် မှေးစင်းလာ၏။

"ဝီး..."

သူမက ရုတ်တရက် မိုက်မဲစွာ စတင် ရယ်မောလာပြီး သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ ဆိုဖာပေါ်သို့ လဲကျသွားလေသည်။

သို့သော် သူမက လဲလျောင်းမနေခဲ့ပေ။

သူမက သူမဘေးရှိ ကတ္တီပါ ကူရှင်တစ်ခုကို ဖက်ထားကာ ၎င်းကို သံမဏိပိုက်တစ်ခုကဲ့သို့ သဘောထားပြီး သူမ၏ ခန္ဓာကိုယ်ကို စတင် လိမ်ကောက်လာ၏။

သူမက နားလည်နိုင်စွမ်းမရှိသော ရေရွတ်သံများကိုလည်း ပြုလုပ်နေလေသည်။

"အစ်မဟုန်... ဒီဆေးက... အရမ်းပြင်းတယ်..."

"ဟီးဟီး... သူဌေး... အခု ကျေနပ်ပြီလား..."

"လည်မယ်... ကျွန်မ လည်မယ်... ကျွန်မက လေရဟတ်ကြီး..."

ချူးရှန့်က သူ့ရှေ့မှောက်ရှိ အစစ်အမှန်နှင့် မတူသော မြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့၏။

သူက ဖုန်းကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။

မှတ်တမ်းတင်သည့် လုပ်ဆောင်ချက်ကို ဖွင့်လိုက်၏။

ထို့နောက် သူက ဖုန်းကို ရှောင်မေ့ဘေးရှိ ကော်ဖီစားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်လေသည်။

All Chapters