ငါ့ကို ယှဥ်ချင်တာလား ကောင်လေး
Vol. 12 Ch. 1158
အစောင့်အရှောက်ဝိညာဥ်၏ စကားသံထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုအနည်းငယ်ပင် ပါဝင်နေသည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး အသားများတုန်ရီသွားသည်။
" မင်းမေဘ … ငါစိတ်လှုပ်ရှားလွန်းပြီးတော့ အချိန်ကို မတွက်မိလိုက်ဘူး။ အစောင့်အရှောက်ဝိညာဥ်က နိုးလာပြီပဲ။ အရင်တစ်ခေါက်တုန်းက သူက အဲဒီသစ်ပင်ကြီးထဲကို ဝင်သွားတာ။ အခုသာ ဒီဖွတ်ကြီးထဲကိုဝင်သွားမယ်ဆိုရင် ငါတော့သေပြီပဲ "
သူ တအံ့တသြနှင့် ပင့်သက်များရှိုက်နေစဥ် အစောင့်အရှောက်ဝိညာဥ်၏ နတ်ဘုရားအာရုံများမှာ သူ့ထံသို့ သမုဒ္ဒရာရေများပမာ စီးဆင်းလာနေသည်ကို အာရုံခံမိလိုက်သည်။
တွေးတောကြံဆနေရန် အချိန်မရှိတော့သည်ဖြစ်၍ သူက ဖွတ်သေကောင်ကြီးကို ခြေထောက်တစ်ဖက်မှ အခြားခြေထောက်တစ်ဖက်ဆီသို့ ခုတ်ထစ်ပြီးပါသော်လည်း အသံကုန်အော်ဟစ်လိုက်ပြီး မြောက်ပိုင်း၏ဓားကြီးကိုဆုပ်ကိုင်၍ ၎င်းအား ပို၍သေးငယ်သော အပိုင်းအစများဖြစ်သွားအောင် အားမာန်အပြည့်ဖြင့် ခုတ်ထစ်လိုက်တော့သည်။
အစောင့်အရှောက်ဝိညာဥ်၏ နတ်ဘုရားအာရုံက အနီးသို့ရောက်လာသောအခါ တအုန်းအုန်း မြည်သံများပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ ဖွတ်ကြီး၏ ခန္ဓာကိုယ်အပိုင်းအစ ခုနစ်ခု၊ ရှစ်ခုလောက်ကို ... ဆယ့်သုံးခု၊ ဆယ့်လေးခုအသွင် ခုတ်ထစ်ပြီးသား ဖြစ်သွားတော့သည်။
" မလုပ်နဲ့ "
အစောင့်အရှောက်ဝိညာဥ်က စိုးရိမ်တကြီးအော်ဟစ်လိုက်ပါသော်လည်း မမီလိုက်ပေ။
ပိုင်ရှောင်ချန်း တွေးထင်ခဲ့သည့်အတိုင်းပင်။ အစောင့်အရှောက်ဝိညာဥ် ပထမဆုံးလုပ်ရန် ကြိုးပမ်းခဲ့သည့်အရာမှာ ဖွတ်ကြီး၏ အသားတုံးများထဲသို့ ဝင်ရောက်ရန် ဖြစ်ပေသည်။
တစ်ဒါဇင်ကျော်ခန့်ရှိနေသော ဖွတ်ကြီး၏ ခန္ဓာကိုယ်အပိုင်းအစများမှာ တစ်ခဏမျှသာ ပြန်လည်ပေါင်းစည်းသွားပြီးနောက် တစ်စစီပြန်ဖြစ်သွားကြသည်။
" တောက် … သောက်ကျိုးနည်း ဒါက မိုးမြေဧကရာဇ်တစ်ပါးရဲ့ ခန္ဓာကိုယ်က ရတဲ့ပစ္စည်းကွ။ မင်းရူးနေလား ပိုင် … "
အစောင့်အရှောက်ဝိညာဥ်မှာ ဒေါသတကြီးဖြင့် နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်လိုက်ပြန်သည်။
ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်ဆန်နေပါသော်လည်း အစောင့်အရှောက်ဝိညာဥ် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေသည်ကို မြင်လိုက်ရသောအခါ သူ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ဖွတ်ကြီးမှာ ပြန်လည်ပေါင်းစည်း၍မရလောက်အောင် အပိုင်းပိုင်းခုတ်ထစ်ခံထားရပြီဖြစ်သည်။ သူသည် သူ၏လုပ်ရပ်ကို အလွန်ကျေနပ်အားရသွားသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
" ဘာအကြောင်းကြောင့်နဲ့များ မင်းက ကိုယ်တော်ပိုင်ကို ယှဥ်နိုင်မယ်လို့ ထင်နေရတာတုံး အစောင့်အရှောက်ဝိညာဥ်လေး။ ကိုယ်တော်ပိုင်က တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းရဲ့ ရိုးစင်းလွန်းတဲ့ အကြံအစည်ကို တန်းပြီး သိမြင်နိုင်တယ်ကွ "
သူသည် အသားတုံးများ ပြန်လည်ပေါင်းစည်းရန် ထပ်၍ကြိုးစားနေသည်ကို မြင်လိုက်သောအခါ ရှေ့သို့လှမ်းသွားပြီး ထိုအသားတုံးများကို ကန်ထုတ်၍ နေရာခွဲလိုက်တော့သည်။
သူသည် အသားတုံးအချို့ကိုကောက်ယူကာ သူထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် မတ်တတ်ရပ်လျက်သားဖြင့် ကျန်ရှိနေသေးသော အသားတုံးများကို ငုံ့ကြည့်လိုက်တော့သည်။
ထို့နောက် သူသည်ချောင်းဟန့်၍ ထေ့ငေါ့သည့်လေသံဖြင့် ဆိုလိုက်သည်။
" ကောင်းပြီလေ။ ဆက်လုပ်ကြည့်ပါဦး "
" ပိုင်ရှောင်ချန်းးး "
အစောင့်အရှောက်ဝိညာဥ်မှာ အော်ဟစ်မြည်တမ်းလိုက်ပြီး အံကြိတ်၍ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းလိုက်ပြန်သည်။
ပိုင်ရှောင်ချန်းကမူ သူ့ကိုပြူးကြည့်ကာ အသားတုံးများကို ထပ်၍ကန်ထုတ်လိုက်ပြီး အချို့ကို သူ၏ထည့်စရာအိတ်ထဲသို့ ထည့်လိုက်ပြန်သည်။
" တောက်ကွာ။ ဒါလုံးဝအဓိပ္ပါယ်မရှိတာပဲ "
အစောင့်အရှောက်ဝိညာဥ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
" နောက်တစ်ဆင့်ကိုသာ ပြန်သွားစမ်း ပိုင်ရာ။ ငါဝင်မရှုပ်ဘူး။ ကတိပေးတယ်။ ဒီနေရာကနေသာ ဝေးဝေးထွက်သွား "
ပိုင်ရှောင်ချန်းကမူ အေးစက်စက်နှာမှုတ်လိုက်ပြီး အသားတုံးများကိုထပ်၍ ကန်ထုတ်ကာ ကျန်ရှိနေသော အသားတုံးများကိုထပ်၍ ယူနေတော့သည်။ ထိုအချိန်တွင် အစောင့်အရှောင်ဝိညာဥ်မှာ မေ့မျောလုမတတ် ဖြစ်နေပြီဖြစ်သည်။
" ဒီကိစ္စကို ဆွေးနွေးရအောင် ... ပိုင်ရှောင်ချန်း "
အစောင့်အရှောက်ဝိညာဥ်မှာ ရူးသွပ်တော့မည့်အလား ငိုကြွေးမြည်တမ်းနေပြီဖြစ်သည်။ တချိန်ထဲမှာပင် သူသည် ရုပ်အလောင်းထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသေးသည်။ မိုးမြေဧကရာဇ်တစ်ပါး၏ အပြင်ခန္ဓာကိုယ်မှာ အလွန်အရေးပါလွန်းလှသည်မဟုတ်ပါလော။ ထိုသို့သာမဟုတ်ပါက သူသည် ပိုင်ရှောင်ချန်းနှင့် ညှိနှိုင်းဆွေးနွေးမည့်အစား အသက်အသေခံလိုက်မည်သာ ဖြစ်သည်။
သို့သော် သူဘာမှ ဆက်မပြောနိုင်ခင် ပိုင်ရှောင်ချန်းမှာ တဟင်းဟင်း ရယ်မောလိုက်ပြီး ထိုခန္ဓာကိုယ်အပိုင်းအစများကို ထပ်မံကန်ထုတ်လိုက်ပြန်သည်။
ထိုသို့ ထပ်ခါထပ်ခါဖြစ်ပျက်နေပြီး အဆုံးသတ်တွင် အသားတုံးနှစ်တုံးသာ ကျန်ရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။
သို့သော်လည်း အစောင့်အရှောက်ဝိညာဥ်မှာ ထိုအသားတုံးများထဲသို့ ဝင်ရောက်ကာ တစ်ပိုင်းထဲဖြစ်သွားစေရန် ကြိုးပမ်းနေဆဲဖြစ်၍ ပိုင်ရှောင်ချန်းမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး ရှေ့သို့လှမ်းသွားတော့သည်။
" မင်းပြီးပြီလား ပိုင်ရှောင်ချန်း " အစောင့်အရှောက်ဝိညာဥ်က ငိုကြွေးမြည်တမ်းရင်း မေးလိုက်သည်။
" ငါတို့ဆွေးနွေးရအောင်ကွာ ဟုတ်ပြီလား။ ဒီလိုမလုပ်ပါနဲ့။ ငါ့စကားနားထောင်ပါဦး။ ငါ... "
သို့သော် ပိုင်ရှောင်ချန်းမှာ ထိုခန္ဓာကိုယ်အပိုင်းအစများကို ထပ်၍ကန်ထုတ်လိုက်ပြီး အသားတုံးတစ်တုံးကိုယူ၍ သူ၏ထည့်စရာအိတ်ထဲသို့ ထည့်လိုက်သည်။
" ကောင်းပြီလေ။ ဆက်လုပ်စမ်းပါ အစောင့်အရှောက်လေး "
ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အတောမသတ်နိုင်လောက်အောင် အားရကျေနပ်နေတော့သည်။ ဤအစောင့်အရှောက်ဝိညာဥ်လေးမှာ ယခင်က အဆင့်များထဲတွင် သူ့အား ပူဆွေးသောကများစွာရောက်အောင် လုပ်ခဲ့သည်ဖြစ်ရာ ယခုတွင် လက်စားကောင်းကောင်းချေနေတော့သည်။
အစောင့်အရှောက်ဝိညာဥ်လေးက နောက်ဆုံး အသားတုံးအတွက် ရုန်းကန်ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ သူသည် ပို၍ပင် ကျေနပ်အားရသွားတော့သည်။
" ဘုရားစူးမိုးကြိုးပစ်ကောင် ပိုင်ရှောင်ချန်း " အစောင့်အရှောက်ဝိညာဥ်က အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးအသားတုံးအား ယူသွားရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ သူသည် မခံစားနိုင်တော့ပေ။
" ငါ့ကိုဒီတစ်တုံးတော့ပေးကွာ။ အဲဒါဆိုရင် ဒီအသားတုံးက ဘာလို့ ထူးခြားနေရတာလဲဆိုတာကို ငါပြောပြမယ် "
အစောင့်အရှောက်ဝိညာဥ်မှာ မလိုအပ်ပါက ထိုသို့သောစကားမျိုးကို ပြောမည်မဟုတ်ပေ။
သူ၏ရှေ့တွင် ထိုသို့ ထူးခြားလှသည့် ပစ္စည်းတစ်စုံတစ်ရာ ရှိနေပါသော်လည်း ရယူနိုင်ခြင်းမရှိသည့် အတွက်ကြောင့် သူ၏နှလုံးသားမှာ တစစီ ချေမွခံနေရသကဲ့သို့ ခံစားနေရသည်။
အစောင့်အရှောက်ဝိညာဥ်၏ စကားကြောင့် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောက်လက်သွားသည်။ သို့သော် သူသည် ခြေထောက်ကိုမရုတ်ပဲ ခပ်ပြင်းပြင်း ကန်ထုတ်လိုက်ဆဲပင်။ ထို့နောက် သူသည် အေးစက်စက်နှာမှုတ်၍ ပြန်ပြောလိုက်လေသည်။
" မင်းက ငါ့ကိုအရူးလို့ထင်နေတာလား။ အဲဒီမိုးမြေဧကရာဇ်အဆင့် အပြင်ခန္ဓာကိုယ်ကြီးက ရတနာကောင်းတစ်ခုကွ။ ငါအကုန်လုံး စုပ်ယူပြီးသွားပြီ "
ထို့နောက် သူသည် သူ၏အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားအကုန်ထုတ်၍ နောက်ထပ်တစ်ကြိမ်ထပ်မံ ကန်ထုတ်လိုက်ပြန်သည်။ ထိုစွမ်းအားများမှာ တောင်ကြီးတစ်လုံးကဲ့သို့ အသားတုံးထဲသို့ ဝင်ရောက်သွားသဖြင့် ချက်ချင်းပင် အစောင့်အရှောက်ဝိညာဥ်လေးကို အပြင်သို့ တွန်းထုတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအသားတုံးကိုယူ၍ သူ၏ထည့်စရာအိတ်ထဲသို့ ထည့်ရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ အစောင့်အရှောက်ဝိညာဥ်မှာ ချုံးပွဲချငိုတော့မည့်အလား ဖြစ်သွားသည်။ ထို့နောက် သူ၏စိတ်ထဲမှ ရွံရှာစက်ဆုပ်မှုများကို ချုပ်တည်း၍ အလျင်အမြန် ဆိုလိုက်တော့သည်။
" မင်းစုပ်ယူခဲ့တာက အဲ့အသွေးအသားရဲ့ အနှစ်သာရပဲ ရှိသေးတာ။ ငါက အဲဒီထဲမှာ ပုန်းကွယ်နေတဲ့ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်ကို ပြောနေတာကွ "
" မိုးမြေဧကရာဇ်တွေက အံ့သြဖို့ကောင်းတဲ့ အပြင်ခန္ဓာကိုယ်တွေနဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ပိုင်ဆိုင်ထားတာ။ အဲဒီလို ကြောက်ခမန်းလိလိ အဆင့်ကိုရောက်ဖို့က အဲဒီတစ်နည်းပဲရှိတာ။ ငါပြောတာနားထောင်။ အဲဒီမိုးမြေဧကရာဇ်ကိုယ်ပွားရဲ့ အပြင်ခန္ဓာကိုယ်အနှစ်သာရကို စုပ်ယူနိုင်ဖို့ဆိုရင် ထူးခြားတဲ့ အတတ်တစ်ခုခုကို ကျင့်ကြံမှရမယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ပုန်းကွယ်နေတဲ့ အငွေ့အသက်ကိုတော့ သက်ရှိတွေအားလုံးထဲမှာ ငါတစ်ယောက်ပဲ အမှားအယွင်းမရှိ စုပ်ယူလို့ရတာကွ "
" ငါ့ကို အဲဒီအပြင်ခန္ဓာရဲ့ တစ်ဝက်ပေး ... အဲဒါဆို မင်းကို အဲ့အငွေ့အသက်ရဲ့ တစ်ဝက်ပြန်ပေးမယ် "
သူသည် စကားပြောနှေးနေမည်စိုးသဖြင့် အကြောင်းအရာအားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြောနေတော့သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သံသယရှိနေသည့်ပုံ ပေါ်နေဆဲပင်။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။
" တော်ပါကွာ။ ငါမင်းကို မယုံဘူး။ ပြီးတော့ တစ်ဝက်ဆိုတာကြီးက များလွန်းတယ် "
သူက ခေါင်းယမ်းလိုက်ပြီး နောက်ဆုံးအသားတုံးကို သိမ်းဆည်းကာ နောက်သို့လှည့်၍ ထွက်ခွာရန်ပြင်လိုက်သည်။
အစောင့်အရှောင်ဝိညာဥ်မှာ အမှန်တကယ်ရူးသွပ်တော့မည့်အလား ခံစားနေရပြီဖြစ်သည်။ သူသည် အမှန်အတိုင်း ပြောခဲ့ပါသော်လည်း အယုံကြည်မခံခဲ့ရပေ။ သူ မည်မျှပင် ရှင်းပြစေကာမူ ထိုအချင်းအရာကို ပြောင်းလဲနိုင်စွမ်းမရှိသည့် ပုံပင်။ ပိုင်ရှောင်ချန်းက တဖြည်းဖြည်းမှေးမှိန်လာပြီး ပျောက်ကွယ်သွားတော့မည်ကို မြင်လိုက်ရသောအခါ အစောင့်အရှောက်ဝိညာဥ်မှာ အော်ဟစ်လိုက်တော့သည်။
" ငါ့ကို သုံးဆယ်ရာခိုင်နှုန်းပဲပေးကွာ။ သုံးဆယ်ရာခိုင်နှုန်းဆိုရင် ရပြီ ... "
" တောက်။ သုံးတုံးကွာ။ သုံးတုံးဆိုရပြီ "
" တစ်တုံးပဲ ပေးဟေ့။ တစ်တုံးပဲပေး... "
အစောင့်အရှောက်ဝိညာဥ်မှာ မျှော်လင့်ချက်များ ပျက်သုဥ်းနေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ ဝေဝါးပျောက်ကွယ်နေရာမှ ပြန်လည်ကြည်လင်လာတော့သည်။ သူသည် ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် အစောင့်အရှောက်ဝိညာဥ်ဘက်သို့လှည့်၍ မေးလိုက်သည်။
" တစ်တုံးထဲဆို ရလား "
" ရတာပေါ့ "
အစောင့်အရှောက်ဝိညာဥ်မှာ အံကြိတ်၍ ပြန်ဖြေလိုက်ပါသော်လည်း ထိုကမ်းလှမ်းချက်ကို သဘောကျသည့်အလား ဟန်ဆောင်နေရသည်။
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ အမှန်မှာ သူသည် အစကတည်းက လက်ခံချင်ခဲ့ပါသော်လည်း အစောင့်အရှောက်ဝိညာဥ်၏ တောင်းဆိုချက်များမှာ အနည်းငယ်လွန်ကဲနေသည်ဟု ခံစားမိခဲ့သည်။ ဖြစ်ချင်တော့ အစောင့်အရှောက်ဝိညာဥ်မှာ အချိန်အများစုတွင် အလွန် ဉာဏ်များပါသော်လည်း အရေးကြီးသောအချိန်များတွင်မူ စဥ်းစားဉာဏ်အလွန်ကင်းမဲ့သွားခဲ့ေပသည်။
သူသည် တစ်ကိုယ်ထဲရေရွတ်ရင်း အသားတုံးတစ်လုံးထုတ်ယူလိုက်ပြီး လှမ်းပစ်လိုက်သည်။
" အရင်ဆုံး ဒီအတုံးထဲမှာရှိတဲ့ မိုးမြေဧကရာဇ် အငွေ့အသက်အာလုံးကို ထုတ်ယူလိုက် ... ခဏနေဦး မဟုတ်သေးဘူး။ ခုနစ်ဆယ်ရာခိုင်နှုန်းဆိုရင် ရပြီ "
သူသည် ဖွတ်ကြီး၏ ခန္ဓာကိုယ်အကြွင်းအကျန်များကို မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့ထံသို့ ပြန်၍ပေးအပ်ရဦးမည် မဟုတ်ပါလော။ အကယ်၍ သူသာ အများကြီးစုပ်ယူခဲ့ပါက နောက်ပိုင်းတွင် အကြီးအကျယ် ပြဿနာတက်လာနိုင်ပေသည်။
သူက အစောင့်အရှောက်ဝိညာဥ် ကလိမ်ကကျစ် မကျနိုင်စေရန်အတွက် အလွန်သေးငယ်သော အသားတုံးတစ်တုံးကိုသာ ပေးအပ်လိုက်သည်။ ထိုနည်းဖြင့် အကယ်၍ သူသာ အောင်မြင်သွားပါက အခြားတစ်တုံးထံမှ ဆက်၍စုပ်ယူနိုင်ပေသည်။
အစောင့်အရှောက်ဝိညာဥ်မှာ စိတ်ထဲတွင်ကျိန်ဆဲနေပါသော်လည်း အခြားရွေးချယ်စရာ မရှိပေ။ သူ့အတွက်မူ မိုးမြေဧကရာဇ်၏ အသွေးအသားမှ အပိုင်းအစတစ်ခုမှာ မည်သည့်အရာနှင့်မှ မယှဥ်နိုင်လောက်သည့် အဖိုးတန် ရတနာ ဖြစ်သည်။ သူ၏မျက်နှာအမူအရာအနည်းငယ် ဝင်းလက်သွားပြီး သူက လျှို့ဝှက်မှော်အတတ်တစ်ခုကိုသုံး၍ ထိုအသားတုံးထဲမှ အငွေ့အသက်များကို စတင်ထုတ်ယူလိုက်တော့သည်။
ထိုမိုးမြေဧကရာဇ်အငွေ့အသက်ကို မမြင်ရပါသော်လည်း တစတစ ပျံ့လွင့်လာသောအခါ အရပ်မျက်နှာအားလုံးတွင် ကြောက်မက်ဖွယ်ဖိအားများ သက်ရောက်လာတော့သည်။