ရှူးးးး
Vol. 12 Ch. 1159
ပိုင်ရှောင်ချန်းက မယုံကြည်နိုင်ဖွယ် ဖိအားကို အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် တဆတ်ဆတ်တုန်ယင်သွားပြီး ရင်ခုန်နှုန်းမြန်လာတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ယခုလေးတင် သေစေနိုင်သော အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရသည့်အလား အလိုအလျောက် စတင်လည်ပတ်လာလေသည်။
ကံကောင်းထောက်မစွာ သူသည် မိုးမြေဧကရာဇ် အသွေးအသား၏ အနှစ်သာရကို စုပ်ယူခဲ့ပြီးဖြစ်၏။ ထိုသို့မဟုတ်လျှင် ဖိအားသည် သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိမ့်မည်မဟုတ်ဘဲ အကန့်အသတ်အထိ တောက်လျှောက် ဖိနှိပ်ခံရမည် ဖြစ်သည်။
အမှန်တွင် အစောင့်အရှောက်ဝိညာဥ်၏ ကမ်းလှမ်းမှုမှာ စေတနာအနည်းငယ်ပင် မပါခဲ့ပေ။ သူက ပိုင်ရှောင်ချန်း အသွေးအသားမည်မျှစုပ်ယူခဲ့သည်ကို စစ်ဆေးရန် မျှော်လင့်ခဲ့ပြီး အကယ်၍ သူသာ ဖိနှိပ်ခံရခြင်းဖြင့် အဆုံးသတ်သွားလျှင် သူ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ လျင်မြန်စွာ လည်ပတ်နေကြောင်း သူ မြင်ရသောအခါမှသာ သက်ပြင်းချပြီး အကြံကို စွန့်လွှတ်လိုက်လေသည်။။ ထို့နောက် ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းအခြေခံအငွေ့အသက်၏ ခုနစ်ဆယ်ရာခိုင်နှုန်းအား စုပ်ယူရန် ပြင်ဆင်နေသည်ကို အားကိုးရာမဲ့စွာ စောင့်ကြည့်နေရတော့သည်။
အငွေ့အသက်မှာ အကောင်အထည်မရှိသော်လည်း အနက်ရောင်သလင်းကျောက်တစ်လုံး၏ အသွင်ဖြစ်သွား၍ ပိုင်ရှောင်ချန်းက လေထဲမှ ကပျာကယာ လှမ်းဖမ်းလိုက်သည်။
၄င်းကို သူ ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အငွေ့အသက်မှာ အထိန်းအကွပ်မဲ့စွာ မတည်မငြိမ်ဖြစ်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် တစ်ခါမှမကြုံဖူးသော အမြန်နှုန်းဖြင့် စတင်လည်ပတ်လာတော့သည်။ ရုတ်တရက် သူက ခါတိုင်းထက်ပို၍ ရှင်းလင်းပြတ်သားစွာ တွေးတောနိုင်စွမ်းရှိပြီး သူ့အတွက် ခက်ခဲနေခဲ့သည်မှာ ကြာပြီဖြစ်သည့် အကြောင်းအရာများအား နားလည်နိုင်စွမ်းရှိလာကြောင်း ခံစားလိုက်ရရာ ပင့်သက်ရှိုက်မိသွားလေသည်။
" ဒါက အံမခန်းပဲ "
သူက ဝမ်းမြောက်ဝမ်းသာ ကောက်ချက်ချလိုက်၏။
အစောင့်အရှောက်ဝိညာဥ်မှာ အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ ဝေခွဲရခက်နေကာ ဘေးတွင် ရပ်နေလေသည်။ သူသည် သိသိသာသာပင် ဖြစ်ပျက်နေသည်များအား ရပ်တန့်ချင်ပါသော်လည်း ပိုင်ရှောင်ချန်း သူ့ကို ပေးခဲ့သည့် အသားတုံးက အလွန်သေးလွန်းလေသည်။ ထို့ပြင် သူ လောဘကြီးလိုက်လျှင် ပိုင်ရှောင်ချန်းက အပေးအယူပြောင်းပြီး သူ့ကို ကတိပေးထားခဲ့သည့်အတိုင်း မပေးမည်ကို စိုးရိမ်၏။
အစောင့်အရှောက်ဝိညာဥ်မှာ ပိုင်ရှောင်ချန်းကို ခြိမ်းခြောက်ရန် သို့မဟုတ် အကျပ်ကိုင်ရန် သူ ထိန်းချုပ်နိုင်သည့် မိုးမြေဧကရာဇ်အငွေ့အသက်ကို အသုံးပြုရန် တခဏစဥ်းစားလိုက်သော်လည်း ထိုအကြံကို ချက်ချင်း ခေါင်းထဲက ထုတ်လိုက်လေသည်။ ပိုင်ရှောင်ချန်း၏ အရှက်မရှိပြီး ကောက်ကျစ်စဥ်းလဲသောစရိုက်အား သူ မည်မျှနောကျေနေကြောင်း စဥ်းစားကြည့်ပါက ပြဿနာကိုလက်ယပ်ခေါ်နေခြင်းသာ ဖြစ်လောက်ပေမည်။
" ချီးပဲ။ ငါ ဒီတစ်ခါေတာ့ အသာတကြည် ပူးပေါင်းလိုက်မယ်။ အနှေးနဲ့အမြန် ငါ သူ့ကို ဖျက်စီးဖို့ အခွင့်အရေးရမှာပါ "
သူက အံကြိတ်၍ ပိုင်ရှောင်ချန်းက သလင်းကျောက်နှင့် မိုးမြေဧကရာဇ်၏အသားအား ဝမ်းမြောက်ဝမ်းသာ ကြည့်နေသည်ကို စောင့်ကြည့်နေလိုက်သည်။
အစောင့်အရှောက်ဝိညာဥ်က စိတ်မရှည်စပြုလာသည့် အချိန်တစ်ဝိုက်တွင် ပိုင်ရှောင်ချန်းက သလင်းကျောက်နှင့် အသားတုံးကို အင်တင်တင်ဖြင့် ထည့်သိမ်းလိုက်ပြီးနောက် အခြားအသားတုံးသေးသေးလေးတစ်တုံးကို ထုတ်ပြီး လှမ်းပစ်ပေးလိုက်သည်။
ထိုသို့ဖြင့် အသားတုံးများ၏ အရွယ်အစားကို သေသေချာချာ ဂရုတစိုက် ထိန်းချုပ်ပြီးနောက် သူက အစောင့်အရှောက်ဝိညာဥ်ကို အလောင်းတစ်ကိုယ်လုံးမှ အငွေ့အသက်အား နုတ်ယူစေလိုက်သည်။ အဆုံးသတ်တွင် သူသည် ပြောပြီးစကား ပြန်မရုပ်သိမ်းပေ။ ဤကိစ္စအတောအတွင်း သူ ပြုလုပ်ခဲ့သည့် အခြားအတုံးများ၏ နှစ်ဆနီးပါးခန့် ကြီးမားသော သူ့လက်ထဲရှိ အကြီးဆုံးအတုံးကို ထုတ်ပြီး အစောင့်အရှောက်ဝိညာဥ်ကို ပစ်ပေးလိုက်သည်။
" ကိုယ်တော်ပိုင် မယုံရဘူးလို့ ပြောရဲရင်ပြောကြည့်စမ်း။ ငါက မင်းသိသမျှ လူတွေထဲ အယုံကြည်ရဆုံးလူပဲ "
အစောင့်အရှောက်ဝိညာဥ်က စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း မထုတ်ဖော်ပြပေ။ သူက အသားတုံးကိုသာ ဆွဲယူလိုက်၏။
သူသည် ဤတစ်တုံး၏ အငွေ့အသက်ကို အခြားအတုံးများကဲ့သို့ နုတ်မယူပေ။ ထိုအစားတစ်သားတည်းဖြစ်အောင် ကြိုးစားလေသည်။ ဤတစ်ကြိမ်တွင် ပိုင်ရှောင်ချန်းက ဝင်ရောက်မနှောင့်ယှက်သောကြောင့် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်အတွင်း အောင်မြင်သွား၏။ ထိုအခါ အသားတုံး ပျောက်ကွယ်သွားပြီး အစောင့်အရှောက်ဝိညာဥ်အား မမြင်ရတော့ပေ။
ယခုတွင် သူ့မှာ ရုပ်ခန္ဓာတစ်ခု ရှိသွားလေပြီ။
၄င်းမှာ ကြမ်းတမ်းသောမျက်နှာအသွင်အပြင်တချို့ဖြင့် ဖရဲသီးအရွယ် အရေပြားလုံးကြီးတစ်လုံးသာဖြစ်၍ ထူးဆန်းသော ခန္ဓာကိုယ်တစ်ခု ဖြစ်ပေသည်။ ခြုံငုံပြောရလျှင် သူသည် အတော်လေး ထူးဆန်းသည့်ပုံပေါက်နေတော့သည်။
" ဒီတော့ ဒါက မင်းပုံလား "
ပိုင်ရှောင်ချန်းက သူ့ကို အနီးကပ်ကြည့်၍ ပြောသည်။
" မင်း ဘာကြည့်တာတုန်းကွ "
အရေပြားတုံးကြီးက သူ့ကိုစိန်းစိန်းဝါးဝါး ကြည့်ရင်း ပြန်ပြောသည်။
" ဘာတုန်း ငါက ကြည့်ခွင့်မရှိဘူးလား ဘာလား "
ပိုင်ရှောင်ချန်းက လူများအား စူးစိုက်ကြည့်ရာတွင် သူ၏အရည်အချင်းအပေါ် ယုံကြည်မှုရှိ၍ စိန်းစိန်းဝါးဝါး ပြန်ကြည့်ကာ ပြောသည်။
" ဟေ့ကောင်ရာ ရုပ်ဆိုးချက်ပဲ "
ရန်စခံလိုက်ရ၍ အစောင့်အရှောက်ဝိညာဥ်က အချိန်အတော်ကြာပြန်စိုက်ကြည့်လိုက်သည်။ သို့သော် ဖိအားမြင့်တက်လာပြီး ပို၍ မသက်မသာဖြစ်လာသဖြင့် သူက ဆင်ခြေဆင်လက်အနည်းငယ်ရေရွတ်ပြီး အနီးဆုံး ယပ်တောင်အရိုးထံ ခုန်ဆွခုန်ဆွခုန်တက်ပြီး ပျောက်ကွယ်သွားလေသည်။
" ဟမ့် ငါ့ကို အကြည့်ချင်းပြိုင်ပွဲမှာ နိုင်မယ် ထင်လား။ အေး ပေါ့ကွာ "
သူက သူ့ကိုယ်သူအလွန်ကျေနပ်ကာ မည်မျှအကျိုးအမြတ်ရခဲ့သည်ကို စဥ်းစား၍ သူ့အိတ်ကို ပွတ်လိုက်သည်။ သူသည် အချီကြီးပွပေါက်မတိုးခဲ့သော်လည်း သူရရှိခဲ့သည့် မိုးမြေဧကရာဇ်အငွေ့အသက်က ပျော်ရွှင်ရန် လုံလောက်ပြီဖြစ်သည်။
" ငါ အဲဒါနဲ့ ဘာလုပ်နိုင်မလဲ မသိဘူး... "
သူက နှုတ်ခမ်းသပ်၍ တွေးလိုက်သည်။ သူတစ်ယောက်တည်းဖြစ်ကြောင်း သေချာစေရန် ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်ကာ အနက်ရောင်သလင်းကျောက်တစ်လုံးကို ထုတ်ပြီး ၄င်းအထဲ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။
သူ၏ခေါင်းထဲတွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တွေးတောနိုင်စွမ်းများ အားကောင်းသထက် အားကောင်းလာပုံ ပေါ်တော့သည်။ သူသည် ကြုံတွေခဲ့ဖူးသည်ထက် ပို၍ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းအင်လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်းနှင့်အတူ တစ်ခါမှ မကြုံဖူးစွာ အာရုံစိုက်နိုင်နေသည်ကို ခံစားနေရသည်။
၄င်းမှာ သူ့စိတ်ထဲရှိ မည်သည့်အရာကိုမဆို နားလည်ပြီး သူနှင့်ပတ်သက်သမျှ အရာအားလုံးကို ထိန်းချုပ်နိုင်သည့်အလားပင်။
" ပဝေသဏီအတွဲရဲ့ တတိယအဆင့် "
သူသည် ပဝေသဏီအတွဲ၏ တတိယအဆင့်တိုးတက်အောင် မိုးမြေဧကရာဇ်အငွေ့အသက်ကို သုံးကြည့်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများကား စူးရှတောက်ပသော အလင်းဖြင့် ဝင်းလက်သွား၏။
အနက်ရောင် သလင်းကျောက် တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်သွားလေသည်။ မိုးမြေဧကရာဇ် အငွေ့အသက် စုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူပြီးနောက် သူက မျက်လုံးများ ဖွင့်လိုက်သည်။
သူသည် အချိန်မည်မျှကုန်ဆုံးသွားခဲ့ကြောင်း မသေချာပါသော်လည်း တစ်ခုတော့ သေချာသည်။ မိုးမြေဧကရာဇ် အငွေ့အသက်ကား မယုံနိုင်စရာကောင်းလောက်အောင် အသုံးဝင်ချေသည်။ သူသည် ပဝေသဏီအတွဲနှင့်ပတ်သက်၍ သူလိုချင်သည့် တိုးတက်မှု မရရှိခဲ့သော်လည်း တစ်ဝက်ကျော်ခန့် ရောက်နေလေပြီ။
ထို့ပြင် သူ မလိုချင်၍ အပြီးမသတ်နိုင်ခြင်း မဟုတ်။ သူက ပဝေသဏီအတွဲနှင့်ပတ်သက်၍ အလွန်ပြိုင်ဘက်ကင်းသော အရာတစ်ခုကို သဘောပေါက်လာခဲ့၍ ဖြစ်သည်။ သူ ပြီးဆုံးသည့်အခါ ပဝေသဏီအတွဲက သူ၏ကိုယ်ထဲတွင် တံဆိပ်နှိပ်ခံလိုက်ရသည့်အလား သူ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူ့အတွက် ကျင့်ကြံအားထုတ်ရန်ပင် လိုတော့မည်မဟုတ်ဘဲ အလိုအလျောက် တိုးတက်လာမည် ဖြစ်သည်။
သို့သော် ၄င်းအလုပ်လုပ်ရန် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိရန် လိုအပ်သည်။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်က စွမ်းအားကို ခံနိုင်မည် မဟုတ်ပေ။
" ငါရပ်ပြီး နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရောက်တဲ့အထိ စောင့်ဖို့လိုတယ်... "
ဤအချိန်တွင် သူ၏မျက်လုံးများကား မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။ သူသည် အခုတွင် အချိန်တန်သောအခါ ပဝေသဏီအတွဲ အပိုင်း၏ တတိယအဆင့်ကို အပြီးသတ်နိုင်မည်ဟု ယုံကြည်ချက်အခိုင်အမာရှိလေသည်။
" ဒီ မိုးမြေဧကရာဇ် အငွေ့အသက်က အဖိုးထိုက်ရတနာတစ်ပါးအတိုင်းပဲ "
သူက တစ်ဒါဇင်ကျော်ကျန်ရှိသော အနက်ရောင်သလင်းကျောက်များကို ငုံ့ကြည့်လိုက်သည်။ ယခုတွင် သူသည် ဤပစ္စည်းများက သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်လိုချင်သော အရာများဖြစ်ကြောင်း သေချာသွားလေပြီ။
" မိုးမြေဧကရာဇ် အသွေးအသားရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ချန်ထားရတာ ဘယ်လောက်နှမြောဖို့ ကောင်းလိုက်လဲ။ အဲဒီမှာ သလင်းကျောက် ခုနစ်လုံး၊ ရှစ်လုံးလောက်တန်တဲ့ အငွေ့အသက်ရှိကို ရှိမှာ "
၄င်းက အတန်ငယ်အလေအလွင့်ဖြစ်သည့်ပုံပေါ်သော်လည်း သူ ဘာမှမတတ်နိုင်ကြောင်း သိလေသည်။ အကယ်၍ သူသာ လက်ကျန်အငွေ့အသက်အားလုံးကို ယူလိုက်လျှင် သူတော်စင်ဧကရာဇ်ကို ဘာမှ ဆက်သနိုင်မည် မဟုတ်ပေ။ သူလက်လွှဲပေးရန် စီစဥ်ထားသည့်အရာမှာ မူလအငွေ့အသက်၏ ခုနစ်ဆယ်ရာခိုင်နှုန်း ကင်းမဲ့နေပြီးဖြစ်သော်လည်း သူ တစ်ယောက်သာ ဖွတ်ကြီးကို လက်ဝယ်ရရှိခဲ့သူဖြစ်သောကြောင့် ဘယ်သူမှ အစက မည်မျှရှိသည်ကို အတိအကျသိမည် မဟုတ်ပေ။
ဧကရာဇ်တစ်ပါးမှ တွေးနိုင်မည် မဟုတ်သည့်အပြင် ထိုကျန်ရှိသည့်အငွေ့အသက်ကို နုတ်ယူရန်နှင့်တင် သူတို့မှာ ဦးနှောက်စား အလုပ်များမည် ဖြစ်သည်။
" အာ … ဘာပဲဖြစ်ဖြစ်ကွာ "
သူက လက်ကျန်သုံးဆယ်ရာခိုင်နှုန်းကို ယူရန် မည်သည့်အတွေးကိုမဆို ထုတ်ကာ ယခု ဤတင် ကိစ္စပြတ်ပြီဟု ဆုံးဖြတ်လိုက်လေသည်။ သူ့မျက်လုံးများက ပြတ်သားခြင်းများဖြင့် တောက်ပလာပြီး သူက တစတစ ပျောက်ကွယ်သွားကာ ယပ်တောင်အစုတ်ကြီးထံမှ ထွက်ခွာသွားတော့သည်။
သူ ပြန်ပေါ်လာသောအခါ ဒုတိယအင်မော်တယ်နယ်မြေတွင် ဖြစ်လေသည်။
သူ ပျောက်ဆုံးသွားသည့်အချိန်ကတည်းက ဆယ့်သုံးရက်တိတိကုန်လွန်သွားပြီ ဖြစ်၏။
ထိုအချိန်အတောတွင်း အင်ပါယာနှစ်နိုင်ငံလုံးမှ ကောင်းကင်ဧကရာဇ်များသည် ပင့်ကူအိမ်ကြီးဖုံးလွှမ်းထားသည့် နေရာတစ်ခွင် ပြဲပြဲစင်အောင်လိုက်ရှာရင်း ရူးမတတ်ဖြစ်နေခဲ့ကြသည်။ သူတို့သည် အန္တရာယ်များသော အခြေအနေများဖြင့် ကြုံတွေ့ရချိန်မှာပင် ဆက်ရှာနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သူတို့မှာ နေရာအနှံ့ မြေလှန်ရှာကြသော်လည်း ပိုင်ရှောင်ချန်းမည်သည့်နေရာတွင် ရှိနေသည်နှင့် ပတ်သက်သည့် သဲလွန်စတစ်ခုတလေပင် မတွေ့ကြပေ။ ဧကရာဇ်နှစ်ပါးမှာ စိုးရိမ်မှုများ ဆက်လက်မြင့်တက်လာခဲ့သော်လည်း တစ်ယောက်ကိုတစ်ယောက် မဝင်ရောက်စေရန် တားဆီးခဲ့ကြ၏။ သူတို့ သေချာသည့်တစ်ခုတည်းသောအရာမှာ သူတို့လက်အောက်ငယ်သား ကောင်းကင်ဧကရာဇ်တစ်ပါးမှ အသတ်မခံခဲ့ရသည်ကိုပင်။
သို့သော် သူတို့မှာ အခြားမည်သည်တို့ ဖြစ်ပျက်နေသည်ကို အစရှာမရပေ။
အသည်းအသန်ရှာဖွေမှုများ ဆက်လက်ဖြစ်ပွားနေချိန် ပိုင်ရှောင်ချန်းသည် သူပျောက်ကွယ်သွားခဲ့သည့် နေရာမှာပင် ရုပ်လုံးပေါ်လာ၏။ သူက ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတိရှိစွာ နောက်ဆုတ်ပြီး သူ၏ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
ကံဆိုးစွာပင် သူ မည်မျှသတိရှိစေကာမူ အချည်းနှီးပင်။ သူပေါ်လာသည့်အခိုက်အတန့်မှာပင် စိတ်လှုပ်ရှားသောအသံကြီးတစ်အသံ ထွက်ပေါ်လာ၏။
" ဒီတော့ မင်းဒီကို ပြန်လာပြီပေါ့လေ ပိုင်ရှောင်ချန်း "
အသံကြီးနှင့်အတူ ဧရာမလက်ကြီးတစ်ဖက်၏ အရိပ်ကြီးက ပိုင်ရှောင်ချန်းထံ ပြေးဝင်လာ၏။
ထိုလက်ကြီး၏ ပိုင်ရှင်ကား ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ပင်။
အခြားကောင်းကင်ဧကရာဇ်များနှင့်မတူဘဲ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်သည် ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ခဲ့ဖူး၏။ ဂူထျန်ကျွင်းနှင့် အခြားသူများ ရှာဖွေရန် ထွက်သွားပြီးနောက် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က အခြေအနေကို ထပ်မံသုံးသပ်ပြီးနောက် တစ်ခုခုထူးဆန်းနေကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် သူသည် ပိုင်ရှောင်ချန်း ပျောက်ကွယ်သွားခဲ့သည့် နေရာတွင် စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
ဆယ့်သုံးရက်ကုန်လွန်သွားခဲ့သည့် အချိန်များစွာပင် သူသည် ထိုဆုံးဖြတ်ချက်ကို ဇဝေဇဝါဖြစ်ခဲ့သော်လည်း ယခု ပိုင်ရှောင်ချန်းက သူ၏ မျက်စိရှေ့တည့်တည့်တွင် ရုပ်လုံးပေါ်လာသည်ကို မြင်လိုက်ရာ ပျော်ရွှင်မှုများဖြင့် ဗလောင်ဆူသွားစေ၏။ သူက ချက်ချင်းလည်း တိုက်ခိုက်လိုက်သည်။ သို့သော် သူသည် သတိရှိသည့်လူစားဖြစ်ပြီး ပိုင်ရှောင်ချန်းက အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်ပြီး သူ့ကို အလျင်အမြန်အနိုင်ယူရန် ခက်ခဲမည့် မြောက်ပိုင်း၏ မဟာဓားကို ပိုင်ဆိုင်ထားကြောင်း သိလေသည်။ ထို့ကြောင် သူက သူ၏ရောင်ရင်းများထံ သတင်းပို့ရန် သတင်းပို့ကျောက်စိမ်းပေလွှာကိုလည်း ထုတ်လိုက်သည်။
ပိုင်ရှောင်ချန်းက ထိုသည်ကို မြင်သောအခါ သူက အလျင်အမြန်ပြော၏။
" တာအိုရောင်ရင်း သက်တော်ရှည်ဝိညာဥ် ရှူးးး...."
ထို့နောက် သူက မိုးမြေဧကရာဇ်၏ အသားတစ်တုံးကိုထုတ်၍ သူ့ကို ပစ်ပေးလိုက်သည်။