← Chapters

တာဝန်ခွဲဝေခြင်း

Vol. 12 Ch. 1160

တာဝန်ခွဲဝေခြင်း

Vol. 12 Ch. 1160

ပိုင်ရှောင်ချန်းက အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်မှာ သူ၏စာကိုပို့ရန် အချိန်မရလိုက်ပေ။ သူဘာမှ မလုပ်နိုင်ခင် လေဟုန်ခွင်း၍ သူ့ထံလွင့်လာသော ခေါင်းအရွယ် အသားတုံးတစ်တုံးကို မြင်လိုက်လေသည်။

သူက မှင်သက်လျက် နတ်ဘုရားအာရုံတချို့ထုတ်လွှတ်လိုက်ပြီး မိုးမြေဧကရာဇ်အဆင့် အသားတုံးတစ်တုံးဖြစ်ကြောင်း သဘောပေါက်သွားသောအခါ ရင်တလှပ်လှပ် ခုန်လာတော့သည်။ သူက စာပေးပို့ရန် အကြံအားလုံးကိုစွန့်လွှတ်၍ အသားတုံးကို ဖမ်းပြီး လှန်လှောကြည့်ရှုလိုက်၏။ သူက စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ၄င်းကို သိမ်းလိုက်ပြီး ထူးဆန်းသောမျက်နှာအမူအရာဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

" မင်း ဖွတ်ကြီးတစ်ကောင်လုံးရသွားတာ ငါမြင်သလားလို့... "

သူက ဘဝင်မကျသံဖြင့်ပြောသည်။ သူအပေးခံရသည့် အသားတုံး၏ အ​ေခြအနေကို ထည့်စဥ်းစားရင်း သူက ဖွတ်ကြီးအပေါ် ပိုင်ရှောင်ချန်း ဒဏ်ခတ်ခဲ့သည့် အပြစ်ဒဏ်တချို့ကို ခန့်မှန်းနိုင်လေသည်။

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်း၍ ပြောသည်။

" ခင်ဗျား တကယ် အမြင်စူးရှတာပဲ မိတ်ဆွေကြီး သက်တော်ရှည်ဝိညာဥ်။ ရော့ သုံးတုံးထပ်ယူဗျာ "

ထို့နောက် သူက သုံးတုံးထပ်ထုတ်ပြီး လှမ်းပစ်လိုက်သည်။

ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်မှာ မှင်သက်ကာ အတုံးသုံးတုံးကို ကပျာကယာဖမ်းယူပြီး လှန်လှောကြည့်လိုက်ပြန်သည်။ ပထမဆုံးအတုံးနှင့်အတူ သူ၏တွက်ချက်မှုများအပေါ် အခြေခံ၍ ၄င်းတို့သည် ဖွတ်တစ်ကောင်လုံး၏ နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ ရှိလေသည်။

" ကဲ ကျုပ်တို့အားလုံးက တစ်ဖွဲ့တည်းပဲလေ "

ပိုင်ရှောင်ချန်းက ပြောလိုက်သည်တွင် အလွန်ကြီးကျယ်ခမ်းနားပြီး ဖြောင့်မတ်တည်ကြည်သောလေသံပေါက်နေတော့သည်။

" တစ်ယောက်နဲ့တစ်ယောက် ဘာမှမဟုတ်တာလေးကို ဘာလို့ငြင်းခုံနေဦးမတုန်း။ ဟုတ်တယ်ဟုတ် … ကျုပ်မှတ်မိသလောက် ကျုပ်တို့ အဲဒီအကောင်ကြီးကို ရှာတွေ့ဖို့ပဲ လိုပြီး ကျုပ်တို့အားလုံး ဆုလာဘ်ချီးမြင့်ခံရမယ်လို့ သူတော်စင်ဧကရာဇ်က ပြောထားခဲ့တာပဲ “

" ဒါတွေအားလုံးက နားလည်မှုလေးလွဲရုံတင်ပါ။ ခင်ဗျားတို့က ကျုပ်ကို ရှင်းပြဖို့ အခွင့်အရင်းလေးတစ်ခုတောင် မပေးခဲ့ဘူးလေ။ အခု ကျုပ်တို့ သူတော်စင်ဧကရာဇ်နိုင်ငံရဲ့ ကောင်းကင်ဧကရာဇ်တွေအားလုံး ကံကြမ္မာကောင်းနည်းနည်းပါးပါး ရယူနိုင်ပြီပေါ့ “

" အဲဒါက ကျုပ် တစ်ယောက်တည်း ဆောင်ရွက်တဲ့ တာဝန်မှ မဟုတ်တာ။ ဒါကြောင့် ကျုပ် သေချာပေါက် ဆုလာဘ်တွေကို ခွဲပေးရမှာပဲ။ ကျုပ်က လောဘကြီးတဲ့ လူစားမျိုးမဟုတ်ဘူး ခင်ဗျားသိလား။ အခု မိတ်ဆွေကြီး သက်တော်ရှည်ဝိညာဥ် … ကျုပ် အဲဒီဖွတ်ကြီးရဲ့ ခြေထောက်တစ်ချောင်းလုံး ခင်ဗျားကို ပေးခဲ့တာပဲကြည့် "

ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က ချောင်းဟန့်လိုက်၏။ သူပြောနိုင်သည့်အရာအပေါ် အခြေခံ၍ သူ့မှာရှိသည့် အသားတုံးက အမှန်တကယ်ပင် ခြေထောက်တစ်ချောင်းအသွင် ဖြစ်ပုံပေါ်ချေသည်။ ထိုသည်ကို စဥ်းစားပါက ၄င်းသည် အမှန်ပင် တာဝန်ခွဲဝေပေးသည့် အခြေအနေတစ်ရပ် ဖြစ်၏။

သက်တော်ရှည်ဝိညာဥ်၏မျက်လုံးများထဲရှိ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များကို ကြည့်၍ ပိုင်ရှောင်ချန်းက ဆက်ပြောသည်။

" ပြီးတော့ ကျုပ်တို့ တကယ် သူတော်စင်ဧကရာဇ်ကို စိတ်ပျက်စေလို့မဖြစ်ဘူး။ အဲဒီအသားတုံးကို ခင်ဗျား ကောင်းကောင်း ဂရုစိုက်။ အဲဒါ အရေးအကြီးဆုံးပဲ “

" အမှန်က ကျုပ် အကုန်လုံး သေသေချာချာစဥ်းစားပြီးပြီ။ စောစောက တော်တော်ဆိုးဆိုး နားလည်မှုလွဲသွားတာဆိုတော့ ဂူထျန်ကျွင်းနဲ့ တခြားကောင်းကင်ဧကရာဇ်တွေကို ခေါ်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျုပ်ထင်တယ်။ ကျုပ် သူတို့အားလုံးနဲ့ အသားတုံးတချို့ ခွဲပြီးတော့ ကျုပ်တို့အားလုံး ဒီနေရာကနေ အတူတူ ထွက်သွားနိုင်တယ်။ နောက်ဆုံးကျ ကျုပ်တို့ တာဝန်ကိုဆောက်ရွက်တာမှာ ညီတူညီမျှခွဲကြမယ်လေ "

သက်တော်ရှည်ဝိညာဥ်က ပိုင်ရှောင်ချန်းကို ကြည့်ပြီး သူတွေးနေသည့်အရာကို ပြောနိုင်ပြီ ဖြစ်သည်။

အခြေအနေကား အလွန်ကြာမြင်စွာ လေးဖင့်နေသည်မှာ မှန်၏။ သက်တော်ရှည်ဝိညာဥ်ပင် စိတ်ရှည်မှုအတိုင်းအတာဂိတ်ဆုံး ရောက်သွားခဲ့ရသည်။ သူက ခေါင်းညိတ်၍ ကျောက်စိမ်းပေလွှာမှတစ်ဆင့် ဂူထျန်ကျွင်းနှင့် အခြားသူများကို သတင်းဆက်လက်ပေးပို့လိုက်သည်။

ရပ်စောင့်ခြင်းက အလွန်အန္တရာယ်များကြောင်း ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့နှစ်ယောက်လုံး သိသောကြောင့် သူတို့သည် ဖုန်ဖြစ်မသွားသေးသည့် ရွာတစ်ရွာကို ရှာ၍ ထိုနေရာရှိ အဆောက်အအုံတစ်ခု၏အတွင်းထဲ ဝင်ပုန်းလိုက်ကြသည်။

ချိန်စုက ပထမဆုံးရောက်လာ၏။ ဘေးဘီဝဲယာကို ဂရုတစိုက်ကြည့်ပြီးနောက် သူက ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ နတ်ဘုရားအာရုံ ချန်ထားခဲ့သည့် လမ်းကြောင်းအတိုင်း ရွာထဲဝင်လိုက်သည်။ သိပ်မကြာခင် သူသည် ပိုင်ရှောင်ချန်းရှိရာ အခန်းထဲရောက်သွား၏။

သူ ဘာမှမပြောနိုင်ခင် ပိုင်ရှောင်ချန်းက သူ့ကို ဖွတ်ကြီး၏ အခြားခြေချောင်းများအနက် တစ်ချောင်း၏ အသားတုံးတစ်တုံးကို ဟိတ်ဟန်အပြည့်ဖြင့် လှမ်းပေးလိုက်သည်။

" ချိန် မိတ်ဆွေကြီး။ ဒါကိုယူလိုက်။ ကျုပ်စောစော တကယ် တုံးတာဗျာ။ ဒါပေမဲ့ ခင်ဗျားတို့လူတွေလဲ နည်းနည်းစိတ်လိုက်မာန်ပါလုပ်လွန်းတယ်။ ဘာပဲပြောပြော ကျုပ် ဒီလိုစွန့်စားခန်းတစ်ခုမှာ ကျုပ်ကိုယ်ကျုပ်အတွက် ဆုလာဘ်တွေအားလုံး ဘယ်တော့မှ မောင်ပိုင်စီးမှာမဟုတ်ဘူး "

ချိန်စုက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နည်းတူ တုံ့ပြန်ပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာလေသည်။ သူသည် မလာခင်က အကြမ်းဖျင်းအခြေအနေကို အကြောင်းကြားခံခဲ့ရပြီး ဖြစ်သည့်တိုင် ထူးဆန်းသည်ဟု ခံစားနေရသေးသည်။

" ပြီတော့ ရော့ နောက်ထပ်သုံးတုံး မိတ်ဆွေကြီး "

သူက ရိုးသားစွာပြုံး၍ နောက်ထပ်အသားတုံးသုံးတုံးကို ကမ်းပေးလိုက်သည်။ အမှန်ပင် ချိန်စုသည် စောစောက ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ် ပြုမူခဲ့ပုံနှင့် တစ်ထပ်တည်းနီးပါး ပင့်သက်ရှိုက်သွား၏။

သူက ပိုင်ရှောင်ချန်းကိုကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်သော အသားတုံးများကို ပြန်ကြည့်လိုက်သည်။ မိုးမြေဧကရာဇ်အငွေ့အသက် အများစုမှာ အစောင့်အရှောက်ဝိညာဥ်၏ စုပ်ယူခံခဲ့ရသောကြောင့် ၄င်းတို့သည် ယခင်ကထက်ပို၍ အားနည်းနေပြီဖြစ်သော်လည်း ဘယ်သူမှ ထိုအကြောင်း မသိကြပေ။ ချိန်စုက အတုံးများကို ကြည့်ပြီး ပိုင်ရှောင်ချန်း ဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း ၄င်းတို့သည် သူ့အတွက် လုံလောက်ကြောင်း သဘောပေါက်လိုက်၏။

ပိုင်ရှောင်ချန်းက ချိန်စုနှင့် သက်တော်ရှည်ဝိညာဥ်အား နှစ်သိမ့်ပြီးသွားသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။ တချိန်တည်းမှာပင် သူသည် သူ၏ဗျူဟာအလုပ်ဖြစ်နေသည့်အတွက် အလွန်ကျေနပ်နေလေသည်။

" စီမာယွမ်ဟွာက ပြဿနာမလောက်ဘူး "

သူက တွေးသည်။

" ဂူထျန်ကျွင်းကို ကျေနပ်အောင်လုပ်ဖို့က မလွယ်ဘူးဆိုတာ ငါလောင်းရဲတယ်။ ဒါပေမဲ့ အသားတုံးတွေကို ငါးပုံအညီအမျှခွဲတာအကောင်းဆုံးလို့ သိထားပြီးပြီပဲ "

သူက မျက်လုံးများ တဖျပ်ဖျပ်လက်ကာ ချိန်စုနှင့် သက်တော်ရှည်ဝိညာဥ်တို့ဖြင့် စကားစမြည်ပြောတော့သည်။

အမှန်တွင် သူတို့က တစ်ယောက်မှ သွေးဆိုးသွေးညစ် မရှိကြဘဲ အားလုံးက ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ ထိုမျှသာမက ချိန်စုနှင့် သက်တော်ရှည်ဝိညာဥ်သည် ပိုင်ရှောင်ချန်းက အရင် သူတို့ကို ခွဲပေးသည့်အတွက် ပုံမှန်အားဖြင့် ကျေနပ်နေကြသည်။ မကြာခင် သူတို့သည် အမှန်တကယ် စကားပြောရာတွင် စိတ်ပါလာကြလေသည်။ ဖြေးဖြေးမှန်မှန် သူတို့၏ ပိုင်ရှောင်ချန်းအပေါ် အမြင်များ ပြောင်းလဲလာနေပြီဖြစ်သည်။

မကြာခင် အဝေးမှ တရွှီရွှီမြည်သံများကြားလိုက်ရ၍ သုံးယောက်သားလှည့်ကြည့်လိုက်ရာ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာ ချဥ်းကပ်လာသည်ကို တွေ့လိုက်လေသည်။

ဂူထျန်ကျွင်းက ပိုင်ရှောင်ချန်းကို မြင်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် သူ မတိုက်နိုင်ခင် ပိုင်ရှောင်ချန်းက သူ၏ဝှက်ဖဲကို ထုတ်ကာ မိုးမြေဧကရာဇ်အသားတုံးအပုံတစ်ပုံ သူထံ ပစ်ပေးလိုက်၏။

စွမ်းအားကြီးသော ဂူထျန်ကျွင်းပင် အသားတုံးများ မြင်ကွင်းနှင့် ၄င်းတို့မှ ထုတ်လွှတ်နေသည့် ပြင်းထန်သော အရှိန်အဝါတစ်ခုကြောင့် သိသိသာသာ စိတ်လှုပ်ရှားသွားလေသည်။ သူက အင်္ကျီလက်စကို ခါရမ်းပြီး ၄င်းတို့ကို သူ၏အိတ်ထဲ ထည့်လိုက်သည်။

" မင်း စိတ်မလှုပ်ရှားဘဲ မနေပါဘူးကွ "

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အလွန်ကျေနပ်နေလျက် တွေးလိုက်သည်။ သူက ဂူထျန်ကျွင်းကို ပေးခဲ့သည့် အသားတုံးများအား ၄င်းတို့၏ မိုးမြေဧကရာဇ်အရှိန်အဝါ အားကောင်းကြောင်း သေချာစေရန် အထူးပြင်ဆင်မှုတချို့ လုပ်ခဲ့လေသည်။ ထို့ပြင် သက်ရောက်မှုက သူတို့အတူ ပေါင်းသွားချိန်တွင် ပို၍ပင် အားကောင်းခြင်း ဖြစ်သည်။

သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ရင်း အသားတုံးတချို့ကို စီမာယွမ်ဟွာထံ ပစ်ပေးပြီးနောက် ပြောသည်။

" အားလုံးပဲ နားထောင်။ အခု အရေးအကြီးဆုံးက ကျုပ်တို့ ဒီက အန္တရာယ်ကင်းကင်းထွက်နိုင်ဖို့ပဲ။ အခု ကျုပ် ဖွတ်ကြီးကို ငါးပိုင်းခွဲခဲ့တာကြောင့် ကျုပ်တို့အားလုံး ဒီကိစ္စမှာ အတူတူပဲ "

သူ၏အသံ အခန်းထဲတွင် တုံ့ပြန်လူးလာ ပဲ့တင်ထပ်သွားစဥ် စီမာယွမ်ဟွာက မျက်လုံးများ တလက်လက်တောက်ပနေလျက် အသားတုံးများကို ယူပြီး အနီးကပ်စစ်ဆေးကြည့်ရှုလိုက်သည်။

ဂူထျန်ကျွင်းမှာမူ သူ၏မျက်ခုံးများ မဆိုစလောက် တွန့်ကွေးသွား၏။ သူသည် သိသာစွာ ဆုလာဘ်အားလုံးအား လိုချင်တပ်မက်သော်လည်း ယခုတွင် လူတိုင်း၌ ဖွတ်အသား၏ ညီမျှသောဝေစုတစ်စုစီ ရှိလေရာ သူ့အနေဖြင့် သေချာပေါက် သူ့အတွက် ၄င်းတို့ကို တောင်းဆိုနိုင်မည် မဟုတ်တော့ပေ။

ထို့ပြင် ယခုလေးတင် ပိုင်ရှောင်ချန်း ပြောခဲ့သည့်အရာက ကျိုးကြောင်းညီညွတ်လေသည်။ အရေးအကြီးဆုံးက ပိုကြီးသောဆုလာဘ်တစ်ခုရရန် မဟုတ်ဘဲ မိစ္ဆာဧကရာဇ်နိုင်ငံတော် ကောင်းကင်ဧကရာဇ်များ သူတို့ကို မလုယက်စေရန် ဖြစ်သည်။

ဂူထျန်ကျွင်းသာ ခေါင်းမာစွာ ပိုင်ရှောင်ချန်းနှင့် ယခု တိုက်ခိုက်ရန်ကြိုးစားလျှင် အခြားကောင်းကင်ဧကရာဇ်သုံးပါး ဝင်ပါလောက်မည်ဖြစ်သည်။ ဤအချိန်တွင် အချင်းချင်းတိုက်ခိုက်ခြင်းက သူတို့အားလုံးအတွက် ထိခိုက်နစ်နာစေနိုင်၏။

ဤအရာအားလုံးကို သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် ဂူထျန်ကျွင်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပိုင်ရှောင်ချန်းကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်း၏ နည်းလမ်းများက အလွန်ထိရောက်မှုရှိကြောင်း သူဝန်ခံရပေမည်။

နောက်ဆုံး၌ သူက အေးစက်စက်နှာမှုတ်ရင်း နောက်သို့ဆုတ်လိုက်ရာ သူ လက်လျှော့လိုက်ပြီဖြစ်ကြောင်း ထင်ရှားသွားလေသည်။ ထိုအချိန်မှ သက်တော်ရှည်ဝိညာဥ်၊ ချိန်စုနှင့် စီမာယွမ်ဟွာတို့အားလုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ ဂူထျန်ကျွင်း ထင်ခဲ့သည့်အတိုင်းပင် သူသာ ပြဿနာရှာရန် ရွေးချယ်ခဲ့ပါက သူတို့သုံးယောက်လုံး သူ့ကို ဆန့်ကျင်ကြမည်ဖြစ်သည်။

ဤအချိန်တွင် တိုတိုတုတ်တုတ် စကားဝိုင်းတစ်ခုဖြစ်ပေါ်လာ၏။

" ကျုပ် နားလည်ရသရွေ့ မိစ္ဆာဧကရာဇ်နိူင်ငံတော်က လူတွေအားလုံး တာအိုရောင်ရင်းပိုင်ကို လူခွဲရှာနေကြတယ်။ ဒါက ကျုပ်တို့အားလုံး အတူတူပူးကပ်နေရမယ်လို့ ဆိုလိုတာပဲ။ လမ်းတစ်လျှောက်မရပ်နားဘဲ တတ်နိုင်သမျှ မြန်မြန် ထွက်ပေါက်ဆီ သွားကြရအောင်"

" ဟုတ်တယ်။ သူတို့ သတိလက်လွတ်ဖြစ်နေတဲ့အချိန် ပြန်မစုစည်းကြခင် ဒီနေရာကနေ ထွက်သွားကြစို့"

" အချိန်ဖြုန်းလို့ မရဘူး "

ဘေးရှိ ဂူထျန်ကျွင်းက ခေါင်းညိတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ အားလုံးအထဲ စိုးရိမ်မှုအနည်းဆုံးဖြစ်၍ အလျင်အမြန် သဘောတူလိုက်သည်။

အစီအစဥ်ချပြီးနောက် သူတို့ငါးယောက်သည် သူတို့ကျင့်ကြံခြင်းအခြေ၏စွမ်းအားအကုန် ဆင့်ခေါ်ရင်း မြန်နိုင်သမျှမြန်မြန် ရွေ့လျားသွားကြလေသည်။ သူတို့က ထွက်ပေါက်ထံသို့ လေကိုခွင်း၍ သွားနေသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားကြ၏။

ထိုကဲ့သို့ ထွက်ပေါက်အတွက် သိသာသော ဖောက်ထွက်မှုတစ်ခုကို ပြုလုပ်ခြင်းက သိသာစွာ အာရုံစိုက်ခံရမည်ဖြစ်သည်။ သို့သော် သူတို့က ဂရုမစိုက်။ သူတို့မှာ သူတို့၏ဖြတ်သွားမှုကြောင့် ဖြစ်ပေါ်လာသော အခိုးအငွေ့များအား ဖုံးကွယ်ရန်ကိုပင် စိတ်ရှုပ်ခံမနေပေ။

သူတို့တရိပ်ရိပ်သွားနေကြစဥ် သူတို့အကြားထဲ မည်သူက အခြားသူများထက် မြန်မြန်ရွေ့လျားနေကြောင်း ပေါ်လွင်လာ၏။ ဂူထျန်ကျွင်းက ရှေ့ဆုံးမှဦးဆောင်ပြီး နောက်တွင်ကား ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်နှင့် ပိုင်ရှောင်ချန်းဖြစ်၍ ချိန်စုနှင့် စီမာယွမ်ဟွာက အဆုံးတွင်ဖြစ်သည်။

သူတို့ ဝင်ပေါက်နှင့် နီးကပ်လာစဥ် သူတို့ရှိရာဘက်သို့ ရွေ့လျားနေသော အလင်းတန်းသုံးတန်းကို မြင်လိုက်ကြရ၏။

သူတို့သည်ကား မူလနတ်ဆိုးမင်းသား၊ ဝိညာဥ်ဝါးမျိုသခင်နှင့် ကုန်းစွန်းဝမ်အာတို့က လွဲ၍ တခြားမဟုတ်ပေ။

All Chapters