← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉)

တက်ဂယူက ပြောပါတယ်။

"ဟာ… ငါ အကြံကောင်းတစ်ခု ရလိုက်ပြီ "

ပုံမှန်ဆိုရင်တော့ သူ ဒီလိုပြောပြီဆိုရင် အဓိပ္ပာယ်မရှိတာတွေ များပါတယ်။

ဒီတစ်ခါလည်း ကျွန်တော် စိတ်ထဲမှာ တစ်ခုခုတော့ မကောင်းသလို ခံစားနေရတယ်။

"မင်းအကြံက ဘာလဲ ပြောပါဦး"

တက်ဂယူရဲ့ အဆိုပြုချက်က ရိုးရိုးလေးပါ။

"ငါက အရင်းအနှီးထုတ်မယ်၊ မင်းက မင်းရဲ့ စွမ်းအားကို သုံး။ ငါတို့ အတူတူ ရင်းနှီးမြှုပ်နှံပြီး ရလာတဲ့ အမြတ်ကို ငါးဆယ်စီ ခွဲယူကြမယ်။ ဘယ်လိုလဲ"

"ဝိုး..."

စွမ်းအားကို သုံးပြီး ကြိုမြင်မယ်၊ ပြီးတော့ အမြတ်ကို တစ်ဝက်စီ ခွဲယူမယ် ဟုတ်လား။

ဒါက ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တစ်ခုပါ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ အဆိုပြုချက်က ဘယ်လောက်ပဲ ကောင်းနေပါစေ အရှုံးပေါ်နိုင်ခြေက အမြဲရှိနေတာပါ။ ပိုက်ဆံရှုံးဖို့ ရည်ရွယ်ချက်နဲ့ ဘယ်သူမှ မရင်းနှီးကြပေမဲ့ လက်တွေ့မှာတော့ ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ရတဲ့သူထက် ရှုံးတဲ့သူက ပိုများပါတယ်။

"တကယ်လို့ အဆင်မပြေရင်ရော ဘယ်လိုလုပ်မလဲ။ ငါက အရှုံးရဲ့ တစ်ဝက်ကို ပြန်စိုက်ပေးရမှာလား"

"မင်းမှာ ပြန်စိုက်ပေးဖို့ ပိုက်ဆံရှိလို့လား။ တစ်ခါတလေကျရင်တော့ ဒါက ရှောင်လွှဲလို့မရတဲ့ အခြေအနေမျိုးပေါ့ကွာ"

သူပြောတာလည်း ဟုတ်ပါတယ်။

တကယ်လို့ ပိုက်ဆံတွေ အများကြီး ရှုံးသွားရင် ကျွန်တော့်မှာ ပြန်ပေးနိုင်စွမ်း မရှိပါဘူး။ နောက်ဆုံးတော့ အမြတ်ကိုပဲ အညီအမျှ ခွဲယူပြီး တက်ဂယူကတော့ အရှုံးကို တစ်ယောက်တည်း ရင်ဆိုင်ရမယ့် သဘောပါ။

ဒီလို စာချုပ်မျိုး ချုပ်တာက တရားရော ဝင်ပါ့မလား။

"ဒါက ပိုက်ဆံကနေ ပိုက်ဆံထပ်ရအောင် လုပ်တဲ့ လောင်းကစားပဲလေ"

ဖြစ်နိုင်ရင်တော့ ကျွန်တော်လည်း အကြိမ်ကြိမ် လုပ်ချင်တာပေါ့။

ဒါပေမဲ့ လက်တွေ့မှာတော့ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ တက်ဂယူက ဒါကို စွမ်းအားလို့ပဲ ပြောပြော၊ ကျွန်တော် မြင်သမျှက ၁၀၀ ရာခိုင်နှုန်း မှန်ကန်မယ်လို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ပါဘူး။ ဖြစ်နိုင်ခြေ တော်တော်လေး မြင့်မားတဲ့ အနာဂတ် တစ်ခုခုကိုပဲ ကျပန်းပြနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။

ကျွန်တော်က တကယ်ပဲ မျက်စိရှေ့မှာ ပေါ်လာတဲ့ ဟိုလိုဂရမ်တွေကိုပဲ ယုံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ ရပါ့မလား။

ရင်းနှီးမြှုပ်နှံမှုမှာ သတင်းအချက်အလက်တွေက တိကျတဲ့ အရင်းအမြစ်နဲ့ အခြေခံ အကြောင်းတရား ရှိရပါတယ်။ အဲဒါတွေ မရှိတဲ့ သတင်းအချက်အလက်ဆိုတာ လက်တွေ့မှာ အသုံးမဝင်ပါဘူး။

အခုထိ အကုန်လုံး မှန်ခဲ့တယ် ဆိုဦးတော့၊ နောက်တစ်ခါမှာ မှားသွားရင်ရော ဘယ်လိုလုပ်မလဲ။

အခုထိ မြင်ဖူးသမျှ ငန်းတွေက အဖြူရောင်တွေပဲ ဖြစ်နေဦးတော့၊ ဒီလောကမှာ ငန်းနက် မရှိဘူးလို့ ဘယ်သူမှ သတ်မှတ်ထားလို့ မရဘူးလေ။

တကယ်လို့ အမြင်က မှားသွားပြီး ဝမ် သန်းထောင်နဲ့ချီ ရှုံးသွားရင် အဲဒီအခြေအနေကို ငါတို့ ကိုင်တွယ်နိုင်ပါ့မလား။

ဒါပေမဲ့ တကယ်လို့ စွမ်းအားတွေက အစစ်အမှန်ဆိုရင်ရော မစွန့်စားသင့်ဘူးလား။

တက်ဂယူ ပြောသလိုပဲ ဒါက အခွင့်အရေးကြီး တစ်ခုပါ။ ကျွန်တော့်မှာ စွမ်းအားရှိပြီး တက်ဂယူမှာက ဝမ် သန်း ၁၃၀၀၀ ရှိပါတယ်။

အနာဂတ် ခန့်မှန်းချက်တွေအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံရုံနဲ့တင် ပိုက်ဆံတွေ အများကြီး မရှာနိုင်ဘူးလား။

ကျွန်တော် တွန့်ဆုတ်နေတုန်းမှာပဲ တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ သူ့ရဲ့ ညာဘက်လက်ကို ကမ်းပေးလာပါတယ်။

"သူငယ်ချင်း၊ ငါ့လက်ကို ကိုင်လိုက်စမ်းပါ။ ငါတို့ အတူတူ ရင်းနှီးမြှုပ်နှံကြရအောင်"

"တကယ်လို့ ငါက မကိုင်ရင်ရော"

"ဒါဆိုရင်တော့ ငါတို့ သူငယ်ချင်းအဖြစ်ကနေ ဒီမှာတင် ဇာတ်သိမ်းပြီပေါ့ကွာ"

ကျွန်တော် တက်ဂယူရဲ့ မျက်နှာနဲ့ သူကမ်းပေးတဲ့ လက်ကို တစ်လှည့်စီ ကြည့်နေမိပါတယ်။

ခဏလောက် စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်ဖုန်းက ရုတ်တရက် မြည်လာပါတယ်။

ကလင်…ကလင်

ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း မင်ယောင်းဆီကပါ။ လောလောဆယ်တော့ ဖုန်းကို အရင်ဖြေလိုက်ပါတယ်။

"ဟယ်လို"

["ဟေ့၊ ခဏနေရင် ဟွန်ဒေးက ဆိုင်တစ်ခုမှာ ကီဟုမ်နဲ့ တွေ့ဖို့ ရှိတယ်။ မင်း စစ်တပ်က ထွက်လာပြီဆိုတော့ သူက မင်းကို တွေ့ချင်နေတာ"]

ကီဟုမ်ဆိုတာ ကျွန်တော် ကျောင်းဝင်တုန်းက စီးပွားရေးဌာနက စီနီယာတစ်ယောက်ပါ။ သူက လူချစ်လူခင် ပေါပြီး ကျောင်းသား၊ ကျောင်းသူတွေကြားမှာလည်း နာမည်ကြီးပါတယ်။

ကျွန်တော်တို့ ကလပ်လှုပ်ရှားမှုတွေ တူတူလုပ်ရင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာပါ။

စစ်တပ်ထဲ ရောက်ကတည်းက သူ့ကို မတွေ့ရတော့ပေမဲ့ သူဟာ ကျောင်းပြီးသွားပြီး KYB Securities မှာ အလုပ်ရသွားတယ်လို့ ကြားပါတယ်။

"ဘယ်လောက်ကြာဦးမလဲ"

["နောက်တစ်နာရီနေရင် ကျောင်းရှေ့က ဆိုင်မှာ တွေ့ကြမယ်။"]

"အိုကေလေ"

ကျွန်တော် တက်ဂယူဘက် လှည့်ပြီး ပြောလိုက်တယ်။

"ငါ ချိန်းထားတာ ရှိလို့ကွာ။ ပြန်လာမှ အသေးစိတ် ဆက်ပြောကြရအောင်"

ကျွန်တော် တိတ်တဆိတ် နောက်ဆုတ်ဖို့ ကြိုးစားတော့ တက်ဂယူက အလန့်တကြား အော်ပြောလိုက်တယ်။

"ဟေ့… မသွားနဲ့ဦးလေကွာ"

မြေအောက်က အရက်ဆိုင်ထဲကို ဝင်လိုက်တော့ မင်ယောင်းနဲ့ ကျောင်ဂီက ထိုင်နေကြပြီး ကျွန်တော့်ကို လက်လှမ်းပြနေကြပါတယ်။

မင်ယောင်းက လက်ယမ်းပြပြီး လှမ်းခေါ်တယ်။

"ဟေ့… ကန်ဂျင်ဟူ"

"ငါက အခု အရပ်သား ဖြစ်နေပြီနော်"

ကျောင်ဂီက ရယ်ပြီး မေးတယ်။

"မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ စစ်တပ်ကနေ ပြန်လာရတာ ဘယ်လိုခံစားရလဲ"

ကျွန်တော်ကတော့ ရိုးရိုးသားသားပဲ ဖြေလိုက်တယ်။

"ဖြစ်နိုင်ရင်တော့ စစ်တပ်ထဲ မသွားတာ အကောင်းဆုံးပါပဲ"

အတန်းဖော်တွေနဲ့ မတွေ့ရတာ ၂ နှစ်နီးပါး ရှိပါပြီ။ ဒါပေမဲ့ မင်ယောင်းနဲ့က ခဏခဏ အဆက်အသွယ် ရှိနေတာကြောင့် ကျွန်တော်တို့ဌာနမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ အနည်းအကျဉ်းတော့ သိပါတယ်။

တစ်ဖက်မှာတော့ ကျွန်တော် မသိတဲ့ ကျောင်းသူ နှစ်ယောက် ထိုင်နေပါတယ်။

"ဒါက ဘယ်သူတွေလဲ..."

ကျွန်တော် မေးလိုက်တော့ ကျောင်ဂီက ပြန်ဖြေတယ်။

"ဪ၊ မိတ်ဆက်ပေးရဦးမယ်။ ဒီနှစ်မှ ဝင်လာတဲ့ Fresherလေးတွေလေ။ ဒါကတော့ ငါတို့ အတန်းဖော် ကန်ဂျင်ဟူ၊ အခုမှ စစ်တပ်ကနေ စစ်မှုထမ်းပြီးတာ"

မိန်းကလေးတွေက မတ်တပ်ရပ်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြတယ်။

"မင်္ဂလာပါ စီနီယာ။ စီနီယာ့အကြောင်းတွေကို စစီနီယာမင်ယောင်းဆီကနေ အများကြီး ကြားဖူးပါတယ်"

ဆံပင်ရွှေရောင်နဲ့ အရပ်ရှည်တဲ့ ကျောင်းသူလေးနာမည်က ရှင်ယူရီ ဖြစ်ပြီး ဆံပင်တိုတိုနဲ့ ကျောင်းသူလေးကတော့ ဟွမ်ဂျီဟဲ ပါ။

စစ်တပ်က ထွက်လာပြီးကတည်းက ကျွန်တော့်ရဲ့ စံနှုန်းတွေ နည်းနည်း နိမ့်ကျသွားတာကြောင့်လား မသိဘူး၊ သူတို့ နှစ်ယောက်လုံးက တော်တော်လေး ချောတယ်လို့ ထင်ရပါတယ်။

စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ သဘာဝအရ ယောက်ျားလေးတွေက ပိုများတတ်ပါတယ်။ မကြာသေးခင် နှစ်တွေမှာ မိန်းကလေး ပိုများလာတယ် ဆိုပေမဲ့ ၇ချိုး ၃ချိုးလောက်ကိုယောက်ျားလေးတွေကပဲ လွှမ်းမိုးထားဆဲပါ။

ဒါကြောင့်မလို့ အမျိုးသမီး Fresher တွေဆိုတာ သူတို့ဘာသာ ရှိနေရုံနဲ့တင် ကြိုဆိုစရာ သတ္တဝါလေးတွေပေါ့။

အဝတ်အစားကို ကမန်းကတန်း ဝတ်လာတဲ့ မင်ယောင်းနဲ့ ယှဉ်ရင် ကျောင်ဂီကတော့ ဆံပင်ကို Wax တွေ ဘာတွေလိမ်းပြီး သေသေချာချာ ပြင်ဆင်လာတာပါ။

အကြောင်းပြချက် မရှိဘဲ ကျောင်ဂီက အသံကို နှိမ့်ပြီး ယူရီကို စကားပြောနေပါတယ်။

"ဖြည်းဖြည်းသောက်နော်။ ယူရီ"

"ဟုတ်ကဲ့ပါ။ စီနီယာ"

"ဒုတိယနှစ် ရောက်ရင် ပရော်ဖက်ဆာ ကင်မြောင်ဂျွန်ရဲ့ အတန်းတွေကို တက်ရလိမ့်မယ်။ သူ့ရဲ့ သင်ကြားမှုပုံစံနဲ့ ပတ်သက်ပြီး အကြံပေးရမလား"

သူ့အဆင့်တွေက အကုန် ဖရိုဖရဲ ဖြစ်နေတာတောင် ဂျူနီယာ မိန်းကလေးတစ်ယောက်ကို ဆရာလုပ်ဖို့ပဲ အာရုံရောက်နေပါတယ်။

သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူမိပေမဲ့ ဒါက နည်းနည်းတော့ များလွန်းသလိုပါပဲ။

"ဒါနဲ့ စီနီယာကီဟုမ်ကော မလာသေးဘူးလား"

"သူက ကိစ္စတစ်ခုရှိလို့ နောက်ကျနေလို့ပါ။ လောလောဆယ်တော့ ငါတို့ဘာသာ အရင်သောက်ထားကြရအောင်"

ကျောင်ဂီက ကျွန်တော့်ဖန်ခွက်ထဲ အရက်ငှဲ့ပေးတယ်။

"လာမယ့်နှစ် ကျောင်းပြန်တက်ဖို့ အစီအစဉ် ရှိလား"

"စဉ်းစားနေတုန်းပဲ"

မိသားစုကိစ္စတွေနဲ့ ကျောင်းလခ ပြဿနာတွေကတော့ အကုန် ပြေလည်သွားပါပြီ။ ကျောင်းပြန်တက်ဖို့ ဘာပြဿနာမှ မရှိတော့ပါဘူး။

ဖြစ်နိုင်ရင် အမြန်ဆုံးပြန်တက်ပြီး မြန်မြန်ဘွဲ့ယူတာ အကောင်းဆုံးပဲ မဟုတ်လား။

ကျွန်တော်တို့ ဖန်ခွက်ချင်း တိုက်ပြီး မတွေ့ရတဲ့ အချိန်အတွင်းက အကြောင်းအရာတွေကို ပြောဖြစ်ကြတယ်။ ကျွန်တော့်ဖန်ခွက်မှာ အရက်ကုန်သွားလို့ ထပ်ငှဲ့ဖို့ လုပ်တော့ တခြားလက်တစ်ဖက်က ဆိုဂျူပုလင်းကို အရင် လှမ်းယူလိုက်ပါတယ်။

"ကျွန်မ ငှဲ့ပေးပါ့မယ်"

ယူရီက ကျွန်တော့်ဖန်ခွက်ထဲ အရက် ဖြည့်ပေးတယ်။

"ဪ၊ ကျေးဇူးပါ"

"ကျွန်မကိုလည်း ပြန်ငှဲ့ပေးပါဦး"

ကျွန်တော်လည်း ယူရီရဲ့ ဖန်ခွက်ထဲ အရက် ပြန်ငှဲ့ပေးလိုက်ပါတယ်။

"သောက်နိုင်သားပဲ"

ကျောင်ဂီကတော့ တော်တော်လေး မူးနေပြီမလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေပါတယ်။ ဟွမ်ဂျီဟဲကလည်း အိပ်ချင်မူးတူး ဖြစ်နေပြီး မူးနေပုံရပါတယ်။

ဒါပေမဲ့ ပါးလေးတွေ နည်းနည်း နီနေတာကလွဲရင် ရှင်ယူရီကတော့ ပုံမှန်ပါပဲ။

ရှင်ယူရီက ပြုံးပြီး ပြောတယ်။

"ကျွန်မက ဆိုဂျူ ၃ ပုလင်းအထိတော့ သောက်နိုင်ပါတယ်။ ဒီဘက်ခေတ် လူငယ်တွေက အရက် တော်တော် သောက်နိုင်ကြတာပဲလို့ စီနီယာထင်နေပြီမလား"

ဗိုက်ထဲမှာ ဘာမှ မရှိဘဲ ဆက်တိုက် သောက်နေကြတာကြောင့် အားလုံး မူးရိပ်လေးတွေ စတက်လာပါတယ်။

ရယ်မော စကားပြောပြီး မိနစ် ၃၀ လောက် ကြာတော့ ဝတ်စုံအပြည့်နဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ယောက် ဝင်လာပါတယ်။

မင်ယောင်းက ချက်ချင်း လက်ယမ်းပြတယ်။

"ကြိုဆိုပါတယ်။ စီနီယာ"

"အားလုံးပဲ နေကောင်းကြရဲ့လား"

သူက မေးပါတယ်။

ကျောင်းနေတုန်းက Hoodie အင်္ကျီတွေနဲ့ပဲ တွေ့နေကျမလို့ အခုလို ဝတ်စုံအပြည့်နဲ့ မြင်ရတာက တစ်မျိုးကြီးပါပဲ။ ကောင်းတဲ့ဘက်က ကြည့်ရင် ပရော်ဖက်ရှင်နယ် ကျတယ်လို့ ပြောလို့ရပေမဲ့ ဆိုးတဲ့ဘက်က ကြည့်ရင်တော့ လူကြီးစတိုင် ပေါက်နေတာပေါ့။

စီနီယာ ကီဟုမ်က ဝင်ထိုင်ပြီး ပြောတယ်။

"ဟေ့… မတွေ့ရတာ ကြာပြီနော်။ ကန်ဂျင်ဟူ။ စစ်တပ်မှာ ဘယ်လိုလဲ"

"အဆင်ပြေပါတယ်ခင်ဗျာ"

"ခွင့်ရရင်လည်း အသိပေးဦးမှပေါ့ကွာ"

ကျွန်တော် ရယ်လိုက်မိတယ်

"စီနီယာက အလုပ်ရဖို့နဲ့ မအားဖြစ်နေတာ မဟုတ်လား။ အလုပ်မှာရော ဘယ်လိုလဲ"

"တစ်နေ့ တစ်နေ့ ဒီလိုပဲ ဖြတ်သန်းနေရတာပါပဲကွာ"

မင်ယောင်းက စီနီယာ ကီဟုမ်ရဲ့ ဖန်ခွက်ထဲ ဆိုဂျူ ငှဲ့ပေးလိုက်ပါတယ်။

"တခြား စီနီယာတွေလို အလုပ်မရတာထက်စာရင်တော့ ပိုကောင်းတာပေါ့။ ဒီရက်ပိုင်း ဘဏ္ဍာရေးကဏ္ဍမှာ ဝန်ထမ်းအသစ် ခေါ်တာတွေ နည်းနေတယ် မဟုတ်လား"

စီနီယာ ကီဟုမ်က ပင်ပန်းနွမ်းနယ်နေတဲ့ အမူအရာနဲ့ ဆိုဂျူကို တစ်ငုံတည်း သောက်လိုက်ပြီး ပြောတယ်။

"အဲဒီလိုပဲ ပြောရမှာပေါ့။ ကူးသန်း ရောင်းဝယ်ရေးဘဏ်တွေကတော့ အဆင်ပြေနိုင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကတော့ လာမယ့်နှစ်မှာ ဝန်ထမ်းသစ် ခေါ်တာ ဒီနှစ်ထက်တောင် ပိုနည်းသွားလိမ့်မယ်"

ဘဏ်တွေကို ယေဘုယျအားဖြင့် နှစ်မျိုး ခွဲထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဘဏ် နဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ် ဆိုပြီးတော့ပါ။

ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက အပ်ငွေနဲ့ ချေးငွေတွေကနေ အမြတ်ရှာကြပြီး၊ ရင်းနှီးမြုတ်နှံမှု ဘဏ်တွေကတော့ အရင်းအနှီးတွေ စုဆောင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေကနေ အမြတ်ရှာကြတာပါ။

ကိုရီးယားမှာတော့ ပထမအမျိုးအစားကို 'ဘဏ်' လို့ပဲ ရိုးရိုးခေါ်ပြီး၊ ဒုတိယအမျိုးအစားကိုတော့ 'အာမခံကုမ္ပဏီ'လို့ ခေါ်ကြပါတယ်။

စီနီယာ ကီဟုမ် ဝင်ထားတဲ့ KYB Securities ဆိုတာကတော့ သဘာဝကျကျပဲပြောရရင် ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုပါ။

"ဒီရက်ပိုင်း ကုမ္ပဏီမှာ ဝန်ထမ်းအင်အား လျှော့ချတာတွေ၊ ပြန်လည်ဖွဲ့စည်းတာတွေအကြောင်း ပြောနေကြလို့ အခြေအနေက တော်တော်လေး စိတ်လှုပ်ရှားစရာ ဖြစ်နေတယ်" လို့ သူက ပြောပြပါတယ်။

"ဝန်ထမ်းလျှော့ချတာ ဟုတ်လား။ ဒါပေမဲ့ KYB Securities က အခြေအနေ ကောင်းနေတာပဲ မဟုတ်လား"

ကျောင်ဂီက မေးပါတယ်။

"အခြေအနေ ကောင်းရုံနဲ့ မရဘူးလေ။ ဒီတစ်ခါ KYB Securities နဲ့ Duri Securities တို့ ပေါင်းတော့မှာ။ နံပါတ် ၂ နဲ့ နံပါတ် ၄ အကြီးဆုံး ကုမ္ပဏီတွေ ပေါင်းလိုက်ရင် ဒီလောကမှာ ထိပ်ဆုံးကို ရောက်သွားမှာပါ။ အကြီးစား IB တစ်ခု ပေါ်လာတာက ကောင်းတဲ့အချက် ဖြစ်နိုင်ပေမဲ့ ဝန်ထမ်းတွေဘက်က ကြည့်ရင်တော့ သတင်းဆိုးပဲ။ ပေါင်းပြီးရင် ဝန်ထမ်းတွေ အများကြီး လျှော့ပစ်မှာ သေချာတယ်။ တာဝန်ချင်း ထပ်နေတဲ့ ဝန်ထမ်းတွေကို နေရာရွှေ့တာ ဒါမှမဟုတ် ကိုယ့်ဘာသာ ထွက်ခိုင်းတာမျိုးတွေ လုပ်လာလိမ့်မယ်" လို့ စီနီယာကီဟုမ်က ရှင်းပြပါတယ်။

"အသစ်ဝင်တဲ့ ဝန်ထမ်းတွေအတွက်ရော အဆင်ပြေပါ့မလား"လို့ ကျောင်ဂီက မေးပါတယ်။

ပုံမှန်အားဖြင့် ဝန်ထမ်းလျှော့ချတာက လစာများပြီး လုပ်သက်ရင့်တဲ့သူတွေကို ပစ်မှတ်ထားတာပါ။

တခြား အလုပ်တွေနဲ့ မတူတာက အာမခံကုမ္ပဏီ(securities firms)တွေမှာ အငြိမ်းစားယူတဲ့ သက်တမ်းက တိုပါတယ်။ အသက် ၄၀ ကျော်တဲ့အထိ ရာထူးတစ်ခုကို ဆုပ်ကိုင်ထားဖို့ဆိုတာ မလွယ်ပါဘူး။

"အသစ်ဝင်တဲ့သူတွေကိုလည်း ဆန္ဒအလျောက် ထွက်ခိုင်းဖို့ စဉ်းစားနေကြတာ။ အလုပ်က ငါထင်ထားသလောက် ပျော်ဖို့မကောင်းလို့ ဒုက္ခရောက်နေတာလေ" လို့ ကီဟုမ်က ရင်ဖွင့်ပါတယ်။

"တကယ်လို့ ထွက်လိုက်ရင် ဘာဆက်လုပ်မှာလဲ"

" ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကဏ္ဍဘက်ကို စုံစမ်းကြည့်မလားလို့။ ကုမ္ပဏီတွေကို ဝယ်ယူတာမျိုးတွေကို ငါ စိတ်ဝင်စားခဲ့တာလေ" လို့ သူက ပြန်ဖြေပါတယ်။

ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကဏ္ဍ ဆိုတာကတော့ သာမန် ရန်ပုံငွေတွေနဲ့ မတူဘဲ ရင်းနှီးမြှုပ်နှံသူ အနည်းငယ်ဆီကနေ ပမာဏအများကြီး စုဆောင်းပြီး ကုမ္ပဏီတွေကို ဝယ်ယူဖို့ ရည်ရွယ်တာပါ။

မင်ယောင်းက သက်ပြင်းချပြီး ပြောတယ်။

"အလုပ်ရသွားရင် အကုန်ပြီးပြီ ထင်ခဲ့တာ၊ အခုတော့ မဟုတ်သေးဘူးပဲ"

"အဲဒါက အမှန်တရားပါ"

ကီဟုမ်က သဘောတူပြီး အရက်ကို ထပ်သောက်လိုက်ပါတယ်။

မင်ယောင်းနဲ့ ကျောင်ဂီတို့ရဲ့ မျက်နှာတွေ ညှိုးငယ်သွားကြတယ်။ ဒီလို စကားတွေ ကြားရတော့ အလုပ်အကိုင်အတွက် စိုးရိမ်လာကြတာ သဘာဝပါပဲ။

စီးပွားရေးကောင်းပြီး စတော့ဈေးကွက်တွေ တက်နေတဲ့ အချိန်တုန်းကတော့ စီးပွားရေးကျောင်းက ဘွဲ့ရရင် အလုပ်ရဖို့ သေချာတယ်လို့ သတ်မှတ်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်သွားပါပြီ။

၂၁ ရာခိုင်နှုန်းစု ရာစုနှစ်မှာ ကိုရီးယားကို လွှမ်းမိုးထားတဲ့ လူငယ်အလုပ်လက်မဲ့ ပြဿနာဟာ ဘဏ္ဍာရေးကဏ္ဍကိုလည်း ရှောင်လွှဲလို့ မရခဲ့ပါဘူး။ အရာအားလုံးက ဒီဂျစ်တယ်စနစ် ဖြစ်လာပြီး ဘဏ်ဝန်ထမ်းတွေ ပျောက်ကွယ်လာတာကြောင့် ဝန်ထမ်းအင်အား လျှော့ချတဲ့ဘက်ကိုပဲ ဦးတည်နေပါတယ်။ တစ်ခါတည်းနဲ့ အလုပ်ရသွားတဲ့ စီနီယာ ကီဟုမ်ကတောင် ကံကောင်းတယ်လို့ ပြောရမှာပါ။ အလုပ်မရလို့ လမ်းကြောင်းပြောင်းသွားတဲ့သူတွေ ဒါမှမဟုတ် ဘွဲ့ယူဖို့ အချိန်ဆွဲနေတဲ့ စီနီယာတွေ အများကြီး ရှိပါတယ်။ အခုကတည်းက ကြိုးစားပြီး စာကျက်နေရင်တောင် အဲဒီကံကြမ္မာကနေ လွတ်ဖို့ မသေချာပါဘူး။

ဆိုဂျူနဲ့ စတင်ခဲ့တဲ့ ဝိုင်းဟာ ဘီယာတွေ ပါလာပြီး၊ တဖြည်းဖြည်းနဲ့ ဆိုဂျူနဲ့ ဘီယာကို ရောသောက်တဲ့ အဆင့်ကို ရောက်လာပါတယ်။

ကီဟုမ်က မူးလာရင် စကားများတတ်တဲ့ အကျင့်ရှိပါတယ်။ မျက်နှာက နီမြန်းပြီး သူပြောချင်တာတွေကို ဆက်ပြောနေပါတယ်။

"ကိုရီးယားစစ်ပွဲပြီးတော့ ဆယ်စုနှစ်တွေအတွင်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍက တော်တော်လေး တိုးတက်လာခဲ့တယ်။ ဆောင်း အီလက်ထရောနစ် တို့ Eunsung Motors တို့လို နာမည်ကြီး ကုမ္ပဏီတွေ အများကြီး ရှိလာတယ်။ ဒါပေမဲ့ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေထဲမှာ နိုင်ငံခြားသားတွေ သိလောက်တဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းမျိုး ရှိတယ်လို့ မင်းတို့ကြားဖူးလား"

"မကြားဖူးပါဘူး"

"တစ်ဖက်မှာတော့ Pech၊ Moody’s၊ JP Morgan၊ Morgan Stanley နဲ့ Goldman Sachs တို့လို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက ကိုရီးယားဈေးကွက်ကို လွှမ်းမိုးနေကြပြီ။ ကိုရီးယားမှာ ထိပ်ဆုံး ကုမ္ပဏီက ဘယ်သူလို့ထင်လဲ"

မင်ယောင်းက ပြန်ဖြေတယ်။

"ဆောင်း အီလက်ထရောနစ် ပါ"

"လူတိုင်းက အဲဒီလိုပဲ ပြောကြတာပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆောင်း အီလက်ထရောနစ် က တကယ်ပဲ ကိုရီးယား ကုမ္ပဏီ ဟုတ်ရဲ့လား"

"ဥက္ကဋ္ဌက ကိုရီးယားလူမျိုးပဲလေ။ KOSPI (ကိုရီးယား စတော့အိတ်ချိန်း) မှာလည်း စာရင်းဝင်ထားတာပဲ မဟုတ်ဘူးလား"

"ဒါဆို တရုတ်ရဲ့ Alibaba ကို ကြည့်ဦး။ CEO ဂျက်မားက တရုတ်လူမျိုး ဖြစ်ပေမဲ့ ကုမ္ပဏီက နယူးယောက် စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတာ။ Lotte Group ကျတော့ရော။ လက်အောက်ခံ ကုမ္ပဏီ အများကြီးက စတော့ဈေးကွက်မှာ ရှိနေပြီး ဝင်ငွေအများစုက ကိုရီးယားက ရတာဆိုပေမဲ့ ဥက္ကဋ္ဌက ကိုရီးယား-ဂျပန် ကပြား ဖြစ်ပြီး မိခင်ကုမ္ပဏီက ဂျပန်မှာ ရှိတာလေ"

"အဲဒါကတော့..."

စီနီယာကီဟုမ်က ကြားဖြတ်ပြောလိုက်တယ်။

"ဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာ ၅၃ ရာခိုင်နှုန်းကို နိုင်ငံခြားသားတွေ ပိုင်တာ။ ဈေးကွက်တန်ဖိုးရဲ့ တစ်ဝက်ကို နိုင်ငံခြား IB တွေ၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေနဲ့ ပင်စင်ရန်ပုံငွေတွေက ခွဲဝေယူထားကြတာ။ ဒါက ဆောင်း အီလက်ထရောနစ် တစ်ခုတည်း မဟုတ်ဘူး။ စတော့ဈေးကွက်ရဲ့ သုံးပုံတစ်ပုံကို နိုင်ငံခြားသားတွေ ပိုင်နေတာ။ ဒါပေမဲ့ နှစ်တိုင်း ဒီလိုရာသီရောက်ရင် မီဒီယာတွေက နိုင်ငံခြားသားတွေဟာ အမြတ်ဝေစု ဘယ်လောက်ယူသွားပြီ၊ ဈေးနှုန်းကွာဟချက်ကနေ ဘယ်လောက် ရသွားပြီဆိုပြီး အော်ကြတာလေ"

"သူတို့ ရင်းနှီးမြှုပ်နှံထားရင် အမြတ်ယူတာက သဘာဝပဲ မဟုတ်လား"

ကျွန်တော် မေးလိုက်ပါတယ်။

စီနီယာကီဟုမ်က ခေါင်းညိတ်တယ်။

"မှန်တယ်။ ငါပြောချင်တာကလည်း အဲဒါပဲ။ ယိုအီဒို က အထပ်မြင့် အဆောက်အဦးတွေကို ဘယ်သူပိုင်လဲ။ ဟန်မြစ်ဘေးက ဟိုတယ်တွေကော ဘယ်သူပိုင်လဲ။ ရပ်ကွက်တိုင်းမှာ ရှိတဲ့ Hengbune Jjigae၊ Lydia Coffee၊ Master Pizza တို့လို Franchise ဆိုင်ခွဲတွေကိုရော ဘယ်သူပိုင်လဲ။ အဲဒါတွေ အကုန်လုံးကို နိုင်ငံခြား အရင်းအနှီးတွေက ပိုင်ထားတာ။ အခု ငါတို့ သောက်နေတဲ့ QB ဘီယာတောင် ပါသေးတယ်"

ဆိုမက် (ဆိုဂျူနဲ့ဘီယာအရော) သောက်နေတဲ့ ကျောင်ဂီက လေတက်ရင်းနဲ့ ပြောလိုက်တယ်။

"QB ဘီယာက ငါတို့ဟာ မဟုတ်ဘူးလား"

"ကိုရီးယား ဘီယာတွေက အကုန်လုံး အရသာမရှိဘူးလို့ မင်းထင်နေတာလား။ Jusan Group က ဗြိတိန် PEF ဖြစ်တဲ့ KRR ဆီကို ရောင်းလိုက်တာကွ။ ပြီးတော့ KRR က ငါးနှစ်အကြာမှာ TM Consortium ဆီကို ပြန်ရောင်းလိုက်တယ်။ သူတို့ဝယ်တုန်းက တန်ဖိုးထက် ၅ ဆလောက် အမြတ်ရသွားတာကွာ"

အခန်း (၁၀)

စီနီယာ ကီဟုမ်က စိတ်ပျက်လက်ပျက်နဲ့ ပြောရှာတယ်။

“IMF အကြပ်အတည်းတုန်းက ပြည်တွင်းကုမ္ပဏီ တော်တော်များများဟာ နိုင်ငံခြားအရင်းအနှီးတွေဆီကို ဈေးပေါပေါနဲ့ ရောင်းချခံခဲ့ရတယ်။ အဲဒီတုန်းက ဝမ် ၃ သောင်း၊ ၅ သောင်းလောက်ပဲရှိတဲ့ ဆိုဆောင်း အီလက်ထရောနစ် ရှယ်ယာတွေဟာ အခုဆိုရင် ဝမ် ၁.၄ သန်းအထက်မှာ ရှိနေပြီ။ ၂၀၀၈ ဘဏ္ဍာရေးအကြပ်အတည်း ပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်တွေဟာ ပြန်လည်ဖွဲ့စည်းမှုတွေ အောင်မြင်စွာ လုပ်ဆောင်ပြီး အင်တိုက်အားတိုက် ပြန်လည်ရင်းနှီးမြှုပ်နှံနေကြပေမဲ့ ကိုရီးယားရင်းနှီးမြှုပ်နှံမှုဘဏ်တွေကတော့ နောက်ကောက် ကျန်နေဆဲပဲ။ ငါတို့က ဘာလို့ သူတို့လို မလုပ်နိုင်ရတာလဲ။ စတုတ္ထမြောက် စက်မှုတော်လှန်ရေး၊ Fintech၊ Blockchainတွေနဲ့ ကမ္ဘာကြီးက အလျင်အမြန် ပြောင်းလဲနေပြီ။ ဘဏ္ဍာရေးကဏ္ဍကသာ ဒီရေစီးကြောင်းတွေကို မလိုက်နိုင်ရင် အရင်ကလို ပြဿနာမျိုးတွေနဲ့ ထပ်ကြုံရနိုင်တယ်”

စီနီယာ ကီဟုမ်က အာလေးလျှာလေးသံနဲ့ပဲ ဆက်ပြောပြန်တယ်။

“ဒီနိုင်ငံမှာ တော်တဲ့ လုပ်ငန်းရှင်တွေ ရှိကောင်းရှိနိုင်ပေမဲ့ တော်တဲ့ ရင်းနှီးမြှုပ်နှံသူတော့ မရှိဘူး။ အဲဒါက ဒီနိုင်ငံရဲ့ လက်တွေ့ဘဝပဲ။ ဒါပေမဲ့ အခုအချိန်မှာ ကိုရီးယားအတွက် အဲဒီလိုလူမျိုးတွေ လိုအပ်နေပြီ။ ငါတို့ဟာ နိုင်ငံခြားအရင်းအနှီးတွေနဲ့ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်ရမယ်။ မဟုတ်ရင်တော့ နိုင်ငံခြားမီဒီယာတွေရဲ့ အလွဲသုံးစားလုပ်မှုဆိုတဲ့ ဝေဖန်မှုတွေကိုပဲ ခံနေရလိမ့်မယ်”

ဒါဟာ ပိုက်ဆံရှိရုံတင် မဟုတ်ပါဘူး။

တိုးတက်ပြီးသား နိုင်ငံတွေမှာ ရာစုနှစ်နဲ့ချီတဲ့ အရင်းရှင်စနစ် သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုရှိကြပေမဲ့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးကဏ္ဍကတော့ အစပျိုးရုံပဲ ရှိပါသေးတယ်။

“အဲဒီလိုနေ့မျိုး တကယ်ရောက်လာပါ့မလား”

ကျွန်တော့်မေးခွန်းကို စီနီယာ ကီဟုမ်က ခါးသီးတဲ့ အပြုံးနဲ့ ပြန်ဖြေပါတယ်။

“အင်း... မပြောတတ်ဘူးလေ။ ဖြစ်လာနိုင်ပါတယ်လို့ မျှော်လင့်ရတာပဲ”

သူတို့တွေ အရက်သောက်ရင်း ရယ်မောစကား ပြောနေကြတုန်း တစ်ယောက်ယောက်ရဲ့ ဖုန်းမြည်လာပါတယ်။

ကလင်

ယူရီက ဖုန်းကိုင်လိုက်တယ်။

“ဟုတ်ကဲ့၊ အခု စီနီယာ ကီဟုမ်တို့၊ တခြားစီနီယာတွေနဲ့အတူ အရက်ဆိုင်မှာ ရှိနေတာ။ ဟုတ်ကဲ့၊ လာခဲ့လို့ ရပါတယ်ရှင်”

ခဏလောက် စကားပြောပြီးနောက် ယူရီက ဖုန်းချလိုက်တယ်။

“ဘယ်သူလဲ”

ကျောင်ဂီက မေးလိုက်တော့ ယူရီက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေတယ်။

“အစ်မ ဆွန်းအာလေ။ ဒီနေ့ သူနဲ့တွေ့ဖို့ ချိန်းထားတာ၊ စီနီယာတွေနဲ့ အရက်သောက်နေတယ်ဆိုတော့ သူလည်း လာခဲ့မယ်တဲ့”

“ဘာ”

ဒါကို ကြားတော့ အားလုံး အံ့သြသွားကြတယ်။

မင်ယောင်းက ကန့်ကွက်သလိုမျိုး ပြောလိုက်တယ်။

“ဆွန်းအာက ဒီကို လာမလို့လား”

ယူရီကတော့ ဘာမှနားမလည်တဲ့ မျက်နှာပေးနဲ့ ပြောပါတယ်။

“ဘာလို့လဲ။ ဖုန်းမခေါ်သင့်လို့လား”

“အဲဒါကတော့... ဟိုလေ...”

အားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာပါတယ်။

တကယ်တမ်းတော့ အခုအချိန်မှာ အနေရအကြပ်ဆုံးက ကျွန်တော်ပါ။

သွားပြီ။ ငါ ဘာလုပ်ရမလဲ။ ထွက်ပြေးရမလား။ ဒါမှမဟုတ် အိမ်သာထဲမှာပဲ ပုန်းနေရမလား။

ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ ဆိုင်တံခါး ပွင့်လာပြီး အင်္ကျီအဖြူရောင် ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာပါတယ်။

ဝင်လာတဲ့လူက အမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် လှပတဲ့သူ၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာလေးက သေးသေးလေးနဲ့ အသားဖြူဖြူ ဆံပင်ရှည်ရှည်ပိုင်ရှင်ပါ။

ကျွန်တော် အံ့သြတကြီး ကြည့်နေမိသလို ဝင်လာတဲ့အမျိုးသမီးကလည်း အံ့သြသွားပုံရပြီး မျက်လုံးလေးတွေ ဝိုင်းသွားပါတယ်။

“ယွန်ဆွန်းအာ... ”

“ကန်ဂျင်ဟူ”

ဒါဟာ လမ်းခွဲပြီးနောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ပြန်လည်ဆုံတွေ့မှုပါ။

ဝိုင်းထဲက အခြေအနေကတော့ အင်မတန် အနေရခက်စရာ ကောင်းနေပါတယ်။

ချီးပဲ….ချီးပဲ

စီနီယာ ကီဟုမ်က ထမင်းစားတဲ့တူနဲ့ စားပွဲကို ခေါက်ပြီး ပြောလိုက်တယ်။

“ကဲ... မတွေ့ရတာ ကြာတဲ့သူတွေ ဆုံတာပဲ၊ ဘာလို့ ဒီလို အခြေအနေကြီး ဖြစ်နေရတာလဲ။ သောက်ကြစမ်းပါ။ ချီးယား”

ခွပ်

ဖန်ခွက်ချင်း တိုက်လိုက်ကြတယ်။

ကျွန်တော်လည်း ဆိုဂျူကို သောက်ချင်ယောင်ဆောင်ရင်း ဆွန်းအာကို ခိုးကြည့်မိတယ်။ ဆွန်းအာကတော့ ဘာမှမဖြစ်သလိုပဲ ဘေးကလူတွေနဲ့ စကားပြောနေပါတယ်။

ငါတစ်ယောက်တည်းပဲ အလကားနေရင်း ရင်ခုန်နေတာလား။

မူးသွားရင် ပိုကောင်းလိမ့်မယ်၊ ဒါဆိုရင်တော့ စိတ်အေးရမှာပဲ။

ကျွန်တော် ဆက်သောက်နေမိပါတယ်။ ဖန်ခွက်အားသွားလို့ အရက်ထပ်ငှဲ့ဖို့ လုပ်တုန်း ဆွန်းအာက သူ့ရဲ့ဖုန်းကို စားပွဲပေါ်ကနေ ကျွန်တော့်ဆီ တိုးပေးလိုက်ပါတယ်။

ဖုန်းထဲမှာ ဒီလို ရေးထားတာပါ။

“[ကော်ဖီ သွားသောက်မလား]”

ကျွန်တော် အရက်ဝိုင်းကနေ ထွက်လာပြီး ၂၄ နာရီဖွင့်တဲ့ ကော်ဖီဆိုင်တစ်ခုမှာ ထိုင်နေပါတယ်။

အချိန်က ညဉ့်နက်နေပြီဆိုပေမဲ့ ထိုင်ခုံတွေကတော့ အတော်လေး ပြည့်နေတုန်းပါပဲ။ ကျောင်းသားလို့ ထင်ရတဲ့ စုံတွဲတစ်တွဲကတော့ TOEIC စာအုပ်တွေ ဖြန့်ထားပြီး စာကျက်နေကြတယ်။ တစ်ညလုံး တူတူစာကျက်ဖို့ ပြင်ထားကြပုံပဲ။

ကော်ဖီနှစ်ခွက် ယူလာတဲ့ ဆွန်းအာက ကျွန်တော့်မျက်စိရှေ့မှာ ဝင်ထိုင်လိုက်ပါတယ်။

ကျွန်တော် စိတ်ကို လျှော့ချလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဘာပဲဖြစ်ဖြစ် ကျောင်းပြန်တက်ရင်လည်း အမြဲ ဆုံနေကြရမှာပဲလေ။

ကျောင်းရဲ့ဌာနတူတူချင်း ချစ်သူဖြစ်ပြီး လမ်းခွဲကြတာက သာမန်ကိစ္စပါပဲ။ အဲဒီလိုကိစ္စတွေကြောင့် တစ်ယောက်ကိုတစ်ယောက် ရှောင်နေကြမယ်ဆိုရင် နှစ်တိုင်း ကျောင်းထွက်တဲ့သူတွေ အများကြီး ရှိနေမှာပေါ့။

ပြဿနာက ပညာဗဟုသုတ ရှာမှီးရမယ့် ကျောင်းတော်ကြီးမှာမှ ရည်းစားထားမိတာပါ။ ပေးရတဲ့ ကျောင်းလခတွေ အလကားမဖြစ်အောင် စာကိုပဲ ကြိုးကြိုးစားစား ကျက်ခဲ့သင့်တာပါ။

ဆွန်းအာကပဲ စပြီး စကားပြောပါတယ်။

“မတွေ့ရတာ ကြာပြီနော်”

“အင်း”

သေချာ စဉ်းစားကြည့်ရင် နှစ်နှစ်နီးပါး ရှိသွားပြီ။

“စစ်တပ်မှာ အဆင်ပြေရဲ့လား”

“အင်း။ ဘာပဲဖြစ်ဖြစ် ပြီးသွားပါပြီ”

ပြန်မလာခင်အထိ သေလုမတတ် ပင်ပန်းခဲ့တာပါ။

(တကယ်တမ်း သေလုနီးပါးပါ တစ်ခါ ဖြစ်ခဲ့သေးတယ်)။

ကျွန်တော်တို့တွေ Fresher ကြိုဆိုပွဲတုန်းက စတင် ဆုံတွေ့ခဲ့ကြတာပါ။ လူပျို၊ အပျိုဖော်ဝင်ကာစ အတန်းဖော်တွေကြားမှာ ဆွန်းအာက သိသိသာသာ ထင်ပေါ်နေခဲ့ပါတယ်။

လှပရုံတင်မကဘဲ ဆွန်းအာမှာ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုရှိပါတယ်။

အတန်းဖော်တွေကော၊ စီနီယာတွေပါမကျန် အားလုံးက ဆွန်းအာကို စိတ်ဝင်စားကြတယ်။ အားလုံးက ဆွန်းအာနဲ့ ရည်းစားဖြစ်ချင်ကြတာပါ။

မထင်မှတ်ဘဲ ဆွန်းအာက ကျွန်တော့်ကို ရွေးချယ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဌာနရဲ့ တရားဝင်စုံတွဲ ဖြစ်ခဲ့ကြပြီး semester တစ်ခုလုံး တတွဲတွဲ ရှိနေခဲ့ကြတာပါ။ အခု ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပါပဲ။

ဒါပေမဲ့ ပထမနှစ် ကုန်ခါနီးမှာပဲ ကျွန်တော့်အဖေရဲ့ ကုမ္ပဏီမှာ ပြဿနာတွေ စတက်ပါတယ်။

အဖေက ကုမ္ပဏီကို ကယ်တင်ဖို့ ဟိုပြေးဒီပြေး လုပ်နေရချိန်မှာ အမေကတော့ စိုးရိမ်စိတ်နဲ့ အိပ်မပျော်နိုင် ဖြစ်ခဲ့ရတယ်။ ကုမ္ပဏီအခြေအနေကို သိပ်မသိတဲ့ ကျွန်တော်တောင် အခြေအနေ မကောင်းဘူးဆိုတာ အလွယ်တကူ သိနိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့ ကုမ္ပဏီ ဒေဝါလီခံလိုက်ရပြီး အဖေလည်း လဲကျသွားခဲ့တယ်။

ဒေဝါလီခံရတာ၊ ဖျားနာတာ၊ တရားစွဲခံရတာ၊ အိမ်ပြောင်းရတာ... ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော် ကောင်းကောင်း မသိလိုက်ပါဘူး။ ဆွန်းအာက လမ်းခွဲစကား ပြောလာချိန်ကတော့ အဲဒီအကြောင်းအရာတွေ အကုန်လုံးဖြစ်ပျက်နေချိန်ပါပဲ။

ကျွန်တော်လည်း ဆွဲထားဖို့ သတ္တိမရှိခဲ့ဘူး၊ အဲဒီလိုနဲ့ပဲ လမ်းခွဲခဲ့ကြတာပါ။

ကြားထဲက မနှစ်မြို့စရာ ကိစ္စအချို့ကလွဲရင် ကျွန်တော်တို့က တခြားစုံတွဲတွေလိုပဲ တွေ့ဆုံခဲ့ကြပြီး ကောင်းကောင်းမွန်မွန်ပဲ လမ်းခွဲခဲ့ကြတာပါ။

“နင့်ရဲ့ ဟိုစီနီယာကော နေကောင်းရဲ့လား”

ကျောင်းပွဲတော်တုန်းက ခဏလေး တွေ့လိုက်ရတဲ့ စီနီယာ အမျိုးသားရဲ့ ပုံရိပ်ကို ကျွန်တော် သတိရသွားပါတယ်။ အဲဒီနေ့ကမှ သူ့ကို ပထမဆုံး မြင်ဖူးတာ ဆိုပေမဲ့ သူ့အကြောင်းကိုတော့ အရင်ကတည်းက အများကြီး ကြားဖူးပါတယ်။ သူက နာမည်ကြီးလေ။

ဂိုဂျွန်ဟျွန်း။

သူက ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ လက်အောက်ခံ GH ဆောက်လုပ်ရေးလုပ်ငန်းရဲ့ တတိယမြောက် သားပါ။ ကျွန်တော် သူ့ကို ခဏလေးပဲ တွေ့လိုက်ရပေမဲ့ ရုပ်ချောပြီး လူရည်မွန်တစ်ယောက်လို့ ထင်ရပါတယ်။

ကျွန်တော် ကျောင်းခေတ္တနားပြီး စစ်တပ်ထဲ ဝင်သွားပြီး မကြာခင်မှာပဲ မင်ယောင်းဆီကနေ ကြားခဲ့ရတာက ဆွန်းအာက အဲဒီစီနီယာနဲ့ တွဲနေတယ် ဆိုတာပါပဲ။

ဆွန်းအာက ခေါင်းညိတ်ပြပါတယ်။

“အင်း၊ သူ နေကောင်းပါတယ်”

ဟင်း... သူ နေကောင်းတာပဲ။

ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာတယ်။ ဆွန်းအာ အဲဒီစီနီယာနဲ့ ဘယ်တုန်းက စတွဲတာလဲ။ ငါတို့ လမ်းမခွဲခင်ကတည်းကလား။

ကျွန်တော် မေးချင်ပေမဲ့ ဆွန်းအာရဲ့ ဘယ်ဘက်လက်က လက်စွပ်ကို မြင်လိုက်ရတော့ စကားစကို ရပ်လိုက်ပါတယ်။

အခု သိလို့လည်း ဘာထူးမှာလဲ။

မတွေ့ရတာ ကြာပေမဲ့ ဆွန်းအာရဲ့ မျက်နှာကတော့ အရင်အတိုင်းပါပဲ။ အဝတ်အစား၊ အိတ်နဲ့ အသုံးအဆောင်တွေပဲ ပြောင်းလဲသွားတာပါ။

ဆွန်းအာရဲ့ မိတ်ကပ်နဲ့ စတိုင်က ပိုပြီး ခေတ်မီလာသလို၊ ဆွန်းအာရဲ့ လက်ပတ်နာရီ၊ အိတ်၊ ဖိနပ်နဲ့ တခြားအရာအားလုံးက နာမည်ကြီး တံဆိပ်တွေ ဖြစ်နေပါတယ်။

“နင် တော်တော် ပြောင်းလဲသွားတာပဲ”

ဆွန်းအာက ခါးသီးတဲ့ အပြုံးတစ်ခုကို အတင်းပြုံးပြလိုက်တယ်။

“အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီလေ”

ကျောင်းသားတစ်ယောက်အတွက် နှစ်နှစ်ဆိုတာ တော်တော်ရှည်လျားတဲ့ အချိန်ပါ။

အဲဒီ အချိန်အကြာကြီးအတွင်းမှာ ငါ ဘာလုပ်ခဲ့လဲ။

“...”

ငါကတော့ နိုင်ငံတော်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာပေါ့။

နိုင်ငံတော်ကို ကာကွယ်ရမယ့် တာဝန်ကို ထမ်းဆောင်ခဲ့ရတာ ဂုဏ်ယူစရာပါပဲ။ ချီးပဲပေါ့။

ခဏလောက် တွန့်ဆုတ်နေပြီးနောက် ဆွန်းအာက သေသေချာချာ စကားပြောလာပါတယ်။

“အခြေအနေတွေ ခက်ခဲနေတုန်း လမ်းခွဲဖို့ ပြောခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”

“ဒါတွေက အတိတ်က ကိစ္စတွေပါ”

ဆွန်းအာက တည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်။

“ဂျင်ဟူ၊ ငါ နင့်ကို တကယ် ကြိုက်ခဲ့တာပါ”

ဒီစကားကို ကြားလိုက်ရတော့ ကျွန်တော် ရုတ်တရက် ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပါတယ်။

ကျွန်တော် ဇဝေဇဝါနဲ့ မေးလိုက်တယ်။

“ဒါက ဘာကို ဆိုလိုတာလဲ”

“နားထောင်ရတာ ထူးဆန်းနိုင်ပေမဲ့ အဲဒါ အမှန်တရားပဲ။ နင့်ကို ပထမဆုံး စတွေ့ကတည်းက နင်က တခြားသူတွေနဲ့ မတူဘူးလို့ ထင်ခဲ့တယ်။ နင့်မှာ အမြဲတမ်း တက်ကြွမှုနဲ့ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိနေခဲ့တာ။ အဲဒါကြောင့် ငါ နင့်ကို ကြိုက်ခဲ့တာလေ”

“ဒါဆို ဘာလို့ လမ်းခွဲဖို့ ပြောခဲ့တာလဲ”

မကြားရရင်တောင် အကြောင်းရင်းကို ကျွန်တော် ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော့်မိသားစု အခြေအနေ မကောင်းလို့ ဖြစ်မှာပေါ့။

“ငါက အခွင့်အရေး ရတုန်းမှာ ဆုပ်ကိုင်လိုက်တာ”

“ဘာအခွင့်အရေးလဲ။ သူဌေးသားနဲ့ တွဲရမယ့် အခွင့်အရေးလား”

ဆွန်းအာက ခေါင်းငုံ့သွားပါတယ်။

“နင် ငါ့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန် ငါ့မှာ အပြစ်တင်စရာ မရှိပါဘူး။ ငါက အရင်ဆုံး လမ်းခွဲဖို့ ပြောခဲ့တာပဲလေ။ ဒါပေမဲ့ ငါက ငါ့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်”

“...အိမ်မက်ဟုတ်လား”

ဘာတွေ ပြောနေတာလဲ။

ဆွန်းအာ ပြောတာကို ကျွန်တော် ကောင်းကောင်း နားမလည်ပါဘူး။

ဆွန်းအာက ကျွန်တော့်အမူအရာကို ကြည့်ပြီး သိနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အသာအယာ ပြုံးလိုက်တယ်။

“ငါ သွားတော့မယ်”

ဆွန်းအာက အိတ်ကိုယူပြီး ထလိုက်ပါတယ်။

ကျွန်တော် ဆွန်းအာကို လှမ်းဖမ်းဖို့ လုပ်ပေမဲ့ တွန့်ဆုတ်သွားခဲ့တယ်။ အဲဒီအစား မေးခွန်းတစ်ခုပဲ မေးလိုက်ပါတယ်။

“နင်ပြောတဲ့ အိမ်မက်ဆိုတာ ဘာလဲ”

ဆွန်းအာက ကျွန်တော့်ကို လှည့်ကြည့်ပြီး အတိုချုံးပဲ ဖြေသွားပါတယ်။

“အောင်မြင်မှု”

ကျွန်တော် အရက်ဝိုင်းကို ပြန်မသွားတော့ဘဲ အနားက ကုန်စုံဆိုင်ကနေ ဆိုဂျူတစ်ပုလင်းနဲ့ မုန့်တစ်ထုပ် ဝယ်ပြီး ထီးရိပ်အောက်မှာ ထိုင်နေမိပါတယ်။

“ဟင်း... ”

အေးစက်တဲ့ ညဉ့်လေထုထဲမှာ ကျွန်တော့်နှုတ်ခမ်းကနေ အငွေ့ဖြူလေးတွေ ထွက်လာတယ်။

တစ်ယောက်တည်း သောက်ရင်းနဲ့ ဆုံးပါးသွားတဲ့ အဖေ့ကို သတိရနေမိပါတယ်။

အဖေ့ရဲ့ ဈာပန မကျင်းပခင်ကတည်းက ကျွန်တော်တို့ အိမ်က ပြိုလဲခဲ့ရတာပါ။ အမေက ဆွေမျိုးတွေဆီ အကူအညီ တောင်းခဲ့ပေမဲ့ ဘယ်သူမှ မကူညီခဲ့ကြဘူး။ ပြီးတော့ ဆွန်းအာကလည်း ကျွန်တော့်ကို လမ်းခွဲခဲ့တယ်။

အရာအားလုံးက ပြိုကျပျက်စီးနေသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဝမ်းနည်းနေဖို့ အချိန်မရှိခဲ့ပါဘူး။ အသက်ရှင်နေတဲ့သူတွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ပြီး ရှင်သန်နေကြရမှာပဲလေ။

အဲဒီလိုနဲ့ အချိန်တွေက ကုန်လွန်သွားခဲ့တာ။ ကျွန်တော် စစ်တပ်ထဲမှာ ရှိနေတုန်း အမေက ဒုက္ခမျိုးစုံကို အောင့်အည်း သည်းခံခဲ့ရတယ်။

ကံကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မထင်မှတ်ထားတဲ့ ကံကောင်းမှုကြီးက ကျွန်တော့်ဆီ ရောက်လာခဲ့ပါတယ်။ အလယ်တန်းကျောင်းတုန်းက ရောင်းခဲ့တဲ့ ဂိမ်းဇာတ်ကောင်က ဝမ် သန်း ၁၂၄၀ တန်ဖိုးနဲ့ ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့ပါပြီ။

“အောင်မြင်မှု... ဒါပေမဲ့ အောင်မြင်မှုဆိုတာ တကယ်တမ်း ဘာလဲ”

အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်စိရှေ့မှာ ဟိုလိုဂရမ်တစ်ခု ပေါ်လာပါတယ်။

“...”

ဒါက ဘာလဲ

> OTK Company CEO Kang Jin-hoo

OTK Company ဆိုတာ တက်ဂယူက အခွန်ရှောင်ဖို့အတွက် လုပ်ထားတဲ့ စာရွက်ပေါ်က ကုမ္ပဏီ တစ်ခုပါ။ တစ်ဦးတည်းပိုင် ကုမ္ပဏီမလို့ တက်ဂယူကပဲ CEOဖြစ်နေတာလေ။

ဒါပေမဲ့ ဘာလို့ ငါက CEO ဖြစ်နေရတာလဲ။

ကျွန်တော် ဟိုလိုဂရမ်ကို ကြောင်ပြီး ကြည့်နေမိပါတယ်။

ဒါက ဘာကို ဆိုလိုတာလဲ။ ငါက တက်ဂယူ တည်ထောင်ထားတဲ့ ကုမ္ပဏီရဲ့ CEO ဖြစ်လာရမယ်လို့ ဆိုလိုတာလား။

ဟိုလိုဂရမ်က ကျွန်တော့်မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပါတယ်။

ဒါဟာ မကြာခင် အနာဂတ်မှာ ဖြစ်လာမယ့် အရာတစ်ခုဆိုတာ ကျွန်တော် အလိုလို သိလိုက်ပါတယ်။

အတိတ်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ကျွန်တော် ဘာပဲလုပ်လုပ် ဖြစ်ပျက်ခဲ့တာတွေကို ပြောင်းလဲလို့ မရတော့ဘူး။ ဒါပေမဲ့ အနာဂတ်ကတော့ ရောက်မလာသေးပါဘူး။

အနာဂတ်ဆိုတာ ကျွန်တော့်ရဲ့ ရွေးချယ်မှုတွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အခုကတော့ အဲဒီရွေးချယ်မှုကို လုပ်ရမယ့် အချိန်ပါပဲ။

“OTK Company ရဲ့ CEO ကန်ဂျင်ဟူ... ”

ဒါက ငါလျှောက်ရမယ့် လမ်းလား။

ပြင်းထန်တဲ့ ယုံကြည်ချက်တစ်ခုက ကျွန်တော့်ခေါင်းကို ရိုက်လိုက်သလို ခံစားလိုက်ရတယ်။ လုပ်ငန်းစဉ်က ဘယ်လိုဖြစ်မလဲ၊ အဆုံးသတ်မှာ ဘာရှိမလဲဆိုတာ ကျွန်တော် မသိပေမဲ့... တစ်ခါလောက်တော့ ကြိုးစားကြည့်ချင်စိတ် ပေါ်လာပါတယ်။

ကျွန်တော် တက္ကစီပေါ်က ဆင်းပြီး အိမ်ထဲကို ဝင်လိုက်ပါတယ်။

တက်ဂယူက မီးတွေ အကုန်ဖွင့်ထားပြီး ဆိုဖာပေါ်မှာ ကွေးပြီး အိပ်နေပါတယ်။

“ဟေ့… ထတော့… မြန်မြန်ထဟ”

ကျွန်တော် သူ့ကို အကြိမ်ကြိမ် လှုပ်နှိုးလိုက်တော့မှ တက်ဂယူက မျက်လုံးကို အတင်း အားယူပြီး ဖွင့်လာပါတယ်။

“အား... ငါ ကောင်းကောင်း အိပ်နေတာကို ဘာလို့ လာနှိုးတာလဲ”

တက်ဂယူက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။

“မင်း ဘယ်လောက်တောင် သောက်လာတာလဲ။ မူးနေရင် အိမ်ပြန်အိပ်တော့”

“မင်းလက်ကို ပေးစမ်းပါ”

“ဟမ်”

တက်ဂယူက ဘာမှနားမလည်သလိုနဲ့ သူ့လက်ကို ကမ်းပေးပါတယ်။

ကျွန်တော် အဲဒီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။

“အား…ဘာလုပ်တာလဲ”

“ငါ မင်းလက်ကို ဖမ်းလိုက်ပြီဆိုတော့ ငါတို့ ဒါကို အတူတူ လုပ်ကြမယ်”

သူ့မျက်နှာကတော့ "ငါအိပ်နေတာကို ဘာတွေ လာပြောနေတာလဲ" ဆိုတဲ့ ပုံစံမျိုးပေါ့။

“ဘာကို လုပ်မှာလဲ”

“ဘာမဆိုပေါ့”

All Chapters