ဒီစာစဉ်က ထုံးစံအတိုင်း စနစ်စာစဉ်ပါပဲ။ ဒါပေမဲ့ စနစ်ပါတယ်ဆိုပေမဲ့ ပါတယ်ဆိုရုံ စနစ်ပါ။ Overpowerဇာတ်လမ်းမျိုး၊ ဇာတ်ကောင်မျိုးလည်း တွေ့ရမှာမဟုတ်ပါဘူး။ စနစ်က အမြဲပေါ်ပေါ်လာတာ မဟုတ်သလို ပေါ်လာရင်လည်း ဉာဏ်နဲ့ယှဉ်ပြီး အသုံးချနိုင်မှ အကျိုးရှိတာပါ။ ဘယ်လိုစနစ်မျိုးလဲဆိုတော့ သတင်းစကားကို စာတစ်ကြောင်းလောက်ပဲ ကြိုပေးတဲ့ စနစ်ပါ။ သတင်းစကားကလည်း အမြဲရနေတာမဟုတ်ဘဲ ရံဖန်ရံခါလောက်သာ ရတာမလို့ အလိုလိုနေရင်း ချမ်းသာသွားတာမျိုးမဟုတ်ဘဲ ဉာဏ်ပါသုံးပြီး ဈေးကွက်မှာ ဘုရင်ဖြစ်အောင်လုပ်ရတာပါ။ ဒီစာစဉ်ကိုအဓိကရွေးဖြစ်ခဲ့တာကတော့ စီးပွားရေးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေတော်တော်လေးပါတဲ့အပြင် မြန်မာနိုင်ငံနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ စတော့စျေးကွက်အကြောင်းတွေပါ ဖတ်နေရင်းနဲ့ အကြမ်းဖျင်းလောက် နားလည်သွားနိုင်တဲ့စာစဉ်မလိုပါ။ စတော့ရှယ်ယာကစားတယ်ဆိုတာက ဘယ်လိုမျိုးလဲ။ စတော့ဘယ်နှစ်မျိုးရှိလဲ။ ရှယ်ယာကစားပြီး ချမ်းသာတဲ့လူတွေက ဘယ်လိုကစားကြလဲ။ မွဲသွားတဲ့လူတွေက ဘာအမှားတွေလုပ်မိလို့လဲ။ နိုင်ငံတကာမှာ ရင်းနှီးမြုတ်နှံတာတွေက ဘယ်လိုမျိုးလဲပါ ဖတ်ခွင့်ရပါမယ်။ အမိုက်ဆုံးအချက်ကတော့ တခြားဝတ္ထုတွေလို စနစ်ရတာနဲ့ သခင်လေးပါးရိုက်အကွက်တွေ၊ ချမ်းသာကြောင်း လူတွေကြားထဲမှ ထုတ်ပြတာတွေမျိုးသိပ်မလုပ်ဘဲ ဇာတ်လိုက်က သိုသိုသိပ်သိပ်အတတ်နိုင်ဆုံးနေတတ်တဲ့အပြင် (အရမ်းကြီးသိုသိပ်ပြတာမျိုးလည်း မဟုတ်ပါဘူး။ မလိုအပ်ဘဲ မကြွယ်ပြဘဲနေတာမျိုးပါ) ချမ်းသာအောင် ကြိုးစားတာတွေကလည်း လက်တွေ့အပြင်မှာ အလုပ်လုပ်ရတဲ့အတိုင်းကို ဇာတ်အိမ်သေချာဖန်တီးပြီးရေးထားတာပါ။ ဉာဏ်ကစားပြီး လောင်းကြေးထပ်တဲ့ပုံစံ ရင်တမမနဲ့ဇာတ်လမ်းမျိုးဖတ်ကြည့်ချင်ရင်တော့ ဒါက အသင့်တော်ဆုံးဇာတ်လမ်းလိုပဲ ညွှန်းပါရစေ။

