အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃)
ဂွန်ဆန် EV စက်မှုဇုန်ကနေ ထုတ်လုပ်တဲ့ ကားက လတ်တလောမှာ မော်ဒယ်တစ်ခုတည်းပဲ ရှိသေးတာပါ။ အဲဒါကတော့ အလတ်စား Sedanကား အမျိုးအစားပဲ ဖြစ်ပါတယ်။ အရင်က အွန်ဆောင်း မော်တာက ထုတ်ခဲ့တဲ့ လျှပ်စစ်ကားကို ပုံစံသစ် ပြောင်းလဲထုတ်လုပ်ထားတာပါ။
ဒါပေမဲ့ အရင်ကနဲ့မတူတာက ဒီကားမှာ OTK ဘတ္ထရီနဲ့ အလိုအလျောက် မောင်းနှင်စနစ်အတွက် လျှပ်စစ်စနစ်တွေကို တပ်ဆင်ထားပါတယ်။
ကားရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးရော အလိုအလျောက် မောင်းနှင်နိုင်စွမ်းကပါ CarOS ရဲ့ AD စီးရီးတွေနဲ့ သိပ်မကွာပါဘူး။ တစ်ခါ အားသွင်းထားရင် ကီလိုမီတာ ၁,၀၀၀ အထိ မောင်းနှင်နိုင်ပြီး ယာဉ်မောင်း ဝင်ရောက်စွက်ဖက်စရာမလိုဘဲ လမ်းပေါ်မှာ အလိုအလျောက် မောင်းနှင်နိုင်ပါတယ်။
ဈေးနှုန်းကတော့ ဝမ် သန်း ၅၀ ရှိပြီး AD3 ထက်စာရင် နည်းနည်းလေး ပိုသက်သာပါတယ်။ ဒါပေမဲ့ ကိုရီးယားနိုင်ငံရဲ့ တစ်ဦးချင်း သုံးစွဲမှုအခွန်နဲ့ တခြားအခွန်အခတွေကြောင့် လက်လီဈေးကတော့ သိပ်တော့မကွာလှပါဘူး။
ဒါတောင်မှ တူညီတဲ့အဆင့်ရှိတဲ့ ဓာတ်ဆီကားတွေနဲ့ ယှဉ်ရင် နှစ်ဆနီးပါး ပိုဈေးကြီးနေပါသေးတယ်။ ဒါပေမဲ့လည်း တုံ့ပြန်မှုကတော့ တကယ့်ကို ပေါက်ကွဲအားကောင်းခဲ့ပါတယ်။
ဥက္ကဌ ဟန်ချန်ယောင်းက ပြောတယ်။
"ကြိုတင်မှာယူမှုတင် အစီးရေ ၁၀၀,၀၀၀ ရှိတယ်"
လူကြိုက်များတဲ့ မော်ဒယ်တွေဆိုရင် ပုံမှန်အားဖြင့် ကြိုတင်မှာယူမှု အစီးရေ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်ပဲ ရှိတတ်တာမလို့ ဒီပမာဏက အဆမတန် များပြားနေတာပါ။
ဥက္ကဌ လင်ဂျင်ယုံကလည်း ပြောတယ်။
"ဒါကို သာမန်ကားတစ်စီးလို့ပဲ တွေးရင် ဈေးကြီးတယ်လို့ ထင်ရပေမဲ့ အလိုအလျောက်မောင်း လျှပ်စစ်ကားတစ်စီးအနေနဲ့ တွေးကြည့်ရင်တော့ ဈေးနှုန်းက သင့်တော်ပါတယ်။ ဒါ့အပြင် ကိုရီးယားလူမျိုးတွေက နည်းပညာသစ်တွေကို စူးစမ်းချင်စိတ် ပြင်းပြကြတယ်လေ"
သူ့စကားအတိုင်းပါပဲ၊ ကိုရီးယားရဲ့ အင်တာနက် သုံးစွဲမှုနှုန်း၊ ကွန်ပျူတာ ပိုင်ဆိုင်မှုနှုန်းနဲ့ စမတ်ဖုန်း အသုံးပြုမှုနှုန်းတွေက ကမ္ဘာ့အမြင့်ဆုံးတွေထဲမှာ ပါဝင်ပါတယ်။ အပြောင်းအလဲတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်တဲ့နေရာမှာလည်း တကယ့်ကို မြန်ဆန်လှတာပါ။
နောက်ပိုင်း နှစ်အနည်းငယ်ကြာရင်တော့ လမ်းမတွေပေါ်မှာ ယာဉ်မောင်းမပါတဲ့ ကားတွေ သွားလာနေတာကို လူတိုင်းက သာမန်ကိစ္စတစ်ခုလိုပဲ လက်ခံလာကြတော့မှာပါ။
လောလောဆယ်မှာတော့ မော်တော်ကားလုပ်ငန်းက ကမောက်ကမ ဖြစ်နေပါတယ်။ Nikolaက ပြိုလဲသွားပြီဖြစ်ပြီး တိုယိုတာကလည်း နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အရေးအခင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနေရတုန်းပါပဲ။ ဂျာမနီရဲ့ အင်အားကြီးသုံးစုက ပူးပေါင်းလိုက်ကြပေမဲ့ အခုထိတော့ ထူးခြားတဲ့ ရလဒ်တွေ မထွက်လာသေးပါဘူး။
တစ်ဖက်မှာလည်း GM နဲ့ Fordတို့က CarOS နဲ့ လက်တွဲပြီး ဥရောပဈေးကွက်ကို ပစ်မှတ်ထားဖို့ အစီအစဉ်တွေကို ကြေညာခဲ့တယ်။
အွန်ဆောင်း မော်တာက CarOS နဲ့ လက်တွဲတုန်းက နည်းပညာပိုင်းဆိုင်ရာ မှီခိုရမှာကို စိုးရိမ်ပြီး ကန့်ကွက်သူတချို့ ရှိခဲ့ပေမဲ့ စတော့ရှယ်ယာဈေးနှုန်းက ဒါဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ငွေကြေးကတော့ လိမ်ညာခြင်းမရှိပါဘူး။
"ပုလဲသုံးဗန်းရှိရင်တောင် သီကုံးမှသာ ရတနာဖြစ်တယ်" ဆိုတဲ့ စကားပုံလိုပါပဲ၊ ကုန်ထုတ်လုပ်မှုက လိုက်မမှီနိုင်ရင် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ နည်းပညာရှိရှိ အလဟဿပါ။
ကိုရီးယားက ကုန်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံတစ်ခုပါ။ အွန်ဆောင်း မော်တာမှာ တစ်နှစ်ကို အစီးရေ ၁၀ သန်း ထုတ်လုပ်နိုင်တဲ့ အဆောက်အဦးတွေ ရှိပြီး ဆိုဆောင်း အီလက်ထရောနစ်ကလည်း လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မယ့် စနစ်တစ်ခုကို တည်ထောင်ထားပါတယ်။ ဒါ့အပြင် ဆိုဆောင်း SB သာမက CL Chemical နဲ့ SSK Innovation တို့ကပါ OTK ဘတ္ထရီတွေကို စတင်ထုတ်လုပ်နေပါပြီ။
ခိုင်မာတဲ့ ကုန်ထုတ်လုပ်မှု နည်းပညာနဲ့ စိတ်ချရတဲ့ ထောက်ပံ့ရေးကွင်းဆက် ရှိတာကြောင့် ကိုရီးယားနိုင်ငံဟာ အလိုအလျောက်မောင်း လျှပ်စစ်ကား ထုတ်လုပ်ဖို့အတွက် အသင့်တော်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။
"စက်ရုံကို တိုးချဲ့ပြီးတာနဲ့ SUV မော်ဒယ်ကိုပါ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်"
ဒီမှာထုတ်တဲ့ ကားအားလုံးက ပြည်တွင်းဈေးကွက်အတွက်ပဲ ဖြစ်ပါတယ်။ ဗီယက်နမ်မှာလည်း EV စက်မှုဇုန်တစ်ခုကို တည်ဆောက်နေပြီဖြစ်ပြီး ပြည်တွင်းမှာလည်း နောက်ထပ် နေရာတစ်ခု ဆောက်ဖို့ စီစဉ်နေတာပါ။
လက်ရှိ စက်ရုံတွေကိုလည်း EV စက်ရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ ဒီလို နေရာပြန်လည်ချထားဖို့ဆိုရင် အလုပ်သမားသမဂ္ဂရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ လက်ရှိမှာ သမဂ္ဂက ကန့်ကွက်နေပေမဲ့ ဒုတိယစက်ရုံ လည်ပတ်ပြီး စက်သုံးဆီသုံး ကားထုတ်လုပ်မှု တောက်လျှောက် ကျဆင်းလာတာနဲ့အမျှ သူတို့လည်း လက်ခံရုံကလွဲလို့ အခြားရွေးချယ်စရာ ရှိမှာမဟုတ်တော့ပါဘူး။
စကားပြောနေကြတုန်းမှာပဲ ဂွန်ဆန် EV စက်မှုဇုန်ကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ကားက နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့တယ်။
ယာဉ်မောင်းမပါတဲ့ ကားက စက်ရုံထဲကနေ ထွက်လာပြီး အခမ်းအနားကျင်းပရာ နေရာရဲ့ အလယ်ဗဟိုကို ဖြည်းဖြည်းချင်း မောင်းနှင်လာပြီး ရပ်တန့်သွားခဲ့တယ်။ အောင်ပွဲခံ ဖဲကြိုးတွေ ပစ်ဖောက်လိုက်ကြပြီး လူတွေအားလုံး ပြိုင်တူ လက်ခုပ်တီးခဲ့ကြတယ်။ သမ္မတ ဟိုချန်မင်းက ကားအတွင်းထဲမှာ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သမ္မတ ဟိုချန်မင်းရဲ့ ဂုဏ်ပြုအမှာစကားက ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။
"ဂွန်ဆန် EV စက်မှုဇုန်ဟာ ကိုရီးယားသမ္မတနိုင်ငံအတွက် မျှော်လင့်ချက်တစ်ခုပါ။ ကိုရီးယားဟာ အမေရိကန်ပြီးရင် အလိုအလျောက်မောင်း လျှပ်စစ်ကားတွေကို ထုတ်လုပ်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါပြီ။ အစိုးရအနေနဲ့ နောက်ထပ် ဆန်းသစ်တီထွင်မှုတွေကတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာပါ"
အခမ်းအနားအပြီးမှာ ကျွန်တော် သမ္မတ ဟိုချန်မင်းနဲ့ သီးသန့် တွေ့ဆုံခဲ့တယ်။
"ပထမဦးဆုံးအနေနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်စကား ပြောချင်ပါတယ်။ မစ္စတာ ကန်ဂျင်ဟူ ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်ခဲ့တာပါ"
"အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်ခဲ့တာဟာ တခြားသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်း ပါပါတယ်"
ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က အဓိကအကျဆုံး ဖြစ်ခဲ့တာ မှန်ပေမဲ့လည်းပေါ့။
ကျွန်တော် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သမ္မတ ဟိုချန်မင်းကို ကြည့်လိုက်တယ်။ ကျွန်တော်တို့ ဒီလိုမျိုး နှစ်ယောက်ထဲ သီးသန့်တွေ့တာ ဒါပထမဆုံးအကြိမ်ပါပဲ။
သူ ကျောင်းသားဘဝတုန်းက စစ်အာဏာရှင်စနစ်က အာဏာရနေခဲ့တာပါ။ သူဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ "အာဏာရှင်စနစ် ကျဆုံးပါစေ" လို့ ကြွေးကြော်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တယ်။ တခြားသူတွေလိုပဲ သူလည်း အဖမ်းခံခဲ့ရပြီး စစ်တပ်ထဲမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်း ခံခဲ့ရတယ်။
နောက်ပိုင်းမှာ သူက ရှေ့နေစာမေးပွဲကို အောင်မြင်ပြီး အလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေဘက်ကနေ ကာကွယ်ပေးတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့နေတစ်ယောက်ထဲနဲ့ ကမ္ဘာကြီးကို ပြောင်းလဲဖို့ဆိုတာ အကန့်အသတ် ရှိတယ်လေ။ ဒါကြောင့် သူဟာ တိုးတက်သောပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရကာ အခုတော့ သမ္မတရာထူးအထိ တက်လှမ်းလာနိုင်ခဲ့တာပါ။
ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ကွဲပြားရင်တောင်မှ အခုအချိန်ထိ သူ့ရဲ့ ဘဝဖြတ်သန်းမှု သမိုင်းကြောင်းကတော့ ချီးကျူးစရာကောင်းတယ်လို့ ပြောရမှာပါပဲ။
ဒါပေမဲ့ အတိတ်က လုပ်ရပ်တွေက အနာဂတ်ရဲ့ အောင်မြင်မှုကို ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ မော်စီတုန်းကိုပဲ ကြည့်ကြပါ။ သူ့ရဲ့ တော်လှန်ရေး မအောင်မြင်ခင်တုန်းကတော့ သူဟာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရတာပဲလေ။
ကျွန်တော် လောလောဆယ် ထိန်းသိမ်းခံထားရတဲ့ ပတ်ဆီဟျွန်းအကြောင်းကို တွေးမိသွားပါတယ်။ သူ့ကိစ္စကတော့ အစကတည်းက မှားယွင်းခဲ့တာပါ။ သူက သူ့ရဲ့ အာဏာကို သုံးပြီး ကျွန်တော်တို့ကို အရင်လာပတ်သက်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ ဘက်က ပြန်လည်တုံ့ပြန်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပြန်ပြင်လို့မရတော့တဲ့အထိ ပျက်စီးသွားခဲ့ရတယ်။
ဒါပေမဲ့ လက်ရှိသမ္မတအပေါ်မှာတော့ ကျွန်တော့်မှာ အကောင်းမြင်စိတ်ရော အဆိုးမြင်စိတ်ပါ အထူးတလည် မရှိပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲ။
သမ္မတ ဟိုချန်မင်းက ကျွန်တော့်ကို မေးတယ်။
"မကြာသေးမီက ရုရှား နျူကလီးယားစွမ်းအင် စီမံကိန်းမှာ မင်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကြားတယ်"
"ဟုတ်ပါတယ်။ အခွင့်အရေးကောင်းတစ်ခုလို့ မြင်လို့ပါ"
"ငါ မကြာခင်မှာ သမ္မတ ဗော်လ်ကော့ဗ်နဲ့ တွေ့ဆုံဖို့ ရှိတယ်။ အကူအညီဖြစ်စေမယ့် အကြံဉာဏ်မျိုး ရှိမလား"
ကျွန်တော် ခဏလောက် တွေးလိုက်ပြီးမှ ပြောလိုက်တယ်။
"သူက စာရေးဆရာ တောန်စတွိုင်းကို အတော်လေး သဘောကျပုံရတယ်"
"အော်... ဟုတ်ပြီ။ ရုရှားကို မသွားခင် စာအုပ်တချို့ကို သေချာပေါက် ဖတ်သွားရမယ်"
တွေးကြည့်ရင် အမေရိကန် ဒါမှမဟုတ် ရုရှားခေါင်းဆောင်တွေနဲ့ ကြိုတင်ချိန်းဆိုမှုမရှိဘဲ တွေ့ဆုံနိုင်တာက တကယ့်ကို အခွင့်ထူးခံပါပဲ။ အခုလို ကိုရီးယားသမ္မတနဲ့ မျက်နှာချင်းဆိုင် တွေ့နေရသလိုမျိုးပေါ့။
"နျူကလီးယား စွမ်းအင်လျှော့ချရေး မူဝါဒအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ"
ဒါက မျှော်လင့်ထားပြီးသား မေးခွန်းဖြစ်လို့ ကျွန်တော် ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
"အဲ့ဒါက အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ မူဝါဒတစ်ခုပါ"
"အဲဒါက မဖြစ်နိုင်ဘူးလို့ မင်း ထင်နေတဲ့ သဘောလား"
"နျူကလီးယား စက်ရုံတွေ အခုထိ လည်ပတ်နေတုန်းပဲဆိုတဲ့ အချက်က လက်ရှိမှာ ဒါဟာ မဖြစ်နိုင်သေးဘူးဆိုတာကို ပြသနေတာ မဟုတ်ဘူးလား"
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ဖြန့်ဖြူးတဲ့ စနစ်ကို လျှပ်စစ်ကွန်ရက် (Grid) လို့ ခေါ်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေဟာ လိုအပ်သလို ဓာတ်အားဝယ်ယူ ရောင်းချနိုင်ဖို့အတွက် လျှပ်စစ်ကွန်ရက်တွေကို အချင်းချင်း ချိတ်ဆက်ထားလေ့ ရှိကြပါတယ်။
ဂျာမနီက နျူကလီးယားစွမ်းအင်ကို အဆင့်လိုက် လျှော့ချနိုင်တာက ပြင်သစ်နဲ့ ကောင်းမွန်စွာ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ကွန်ရက် ရှိနေလို့ပါ။ ပြီးတော့ ပြင်သစ်ရဲ့ လျှပ်စစ်ဓာတ်အား အများစုက နျူကလီးယားကနေ ရတာဖြစ်ပါတယ်။ အဓိကကတော့ သူတို့က ကိုယ့်ရဲ့ နျူကလီးယားစက်ရုံတွေကို စွန့်လွှတ်လိုက်ပြီး တခြားနိုင်ငံရဲ့ နျူကလီးယားစက်ရုံကနေ ဓာတ်အားကို ချေးသုံးနေတာပါပဲ။
ဒါပေမဲ့ ကိုရီးယားကတော့ လျှပ်စစ်ကွန်ရက်ပိုင်းမှာ ကျွန်းနိုင်ငံတစ်ခုလို ဖြစ်နေတာမလို့ သီးခြားဖြစ်နေပါတယ်။ ပြည်တွင်းမှာသုံးတဲ့ လျှပ်စစ်ဓာတ်အားက ပြည်တွင်းက ထုတ်လုပ်မှုအပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေရတာပါ။
ပြီးတော့ ကိုရီးယားက မော်တော်ကား၊ သင်္ဘောကျင်း၊ သံမဏိ၊ ဓာတုဗေဒနဲ့ Semiconductor စတဲ့ လျှပ်စစ်ဓာတ်အား အများကြီးသုံးရတဲ့ လုပ်ငန်းတွေ ရှိနေတဲ့ ကုန်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံလည်း ဖြစ်ပါတယ်။
တချို့က ဒီစက်မှုတည်ဆောက်ပုံကနေ ရုန်းထွက်သင့်တယ်လို့ ငြင်းခုံကြပေမဲ့ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို ပိုပြီးတိုးတက်အောင် ပံ့ပိုးပေးရင်း ဘဏ္ဍာရေး ဒါမှမဟုတ် ခရီးသွားလုပ်ငန်းလို တခြားလုပ်ငန်းတွေကို ပျိုးထောင်တာက ပိုပြီးကျိုးကြောင်း ဆီလျော်မှု ရှိလောက်မှာလေ။ တခြားနိုင်ငံတွေက မရမက ပျိုးထောင်ချင်နေတဲ့ လုပ်ငန်းတွေကို အလဟဿ စွန့်လွှတ်လိုက်ဖို့ဆိုတာ အဓိပ္ပာယ်ရှိလို့လား။
နျူကလီးယားစွမ်းအင်လည်း ထို့အတူပါပဲ။ ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့်မီ နည်းပညာ စွမ်းဆောင်ရည်တွေ ရှိနှင့်နေပြီးသားပါ။ အဲဒါတွေကို စွန့်လွှတ်ဖို့ လိုအပ်လို့လား။
အစိုးရအနေနဲ့ သူတို့က စက်ရုံတွေကို ချက်ချင်း ပိတ်ပစ်နေတာမျိုး မဟုတ်ဘဲ ပြည်ပတင်ပို့မှုကို ပံ့ပိုးပေးမယ်လို့ ပြောနေတာက... ပိုပြီးတော့တောင် မထူးဆန်းဘူးလား။
အစိုးရရဲ့ လမ်းပြမြေပုံအရ အမှန်တကယ် လျှော့ချမှုက နောက်အစိုးရလက်ထက်ကျမှ စတင်မှာ ဖြစ်ပါတယ်။
အဲဒါဆိုရင်တော့ 'နျူကလီးယား စွမ်းအင်လျှော့ချရေး' ဆိုတဲ့ စကားလုံးကို သုံးဖို့တောင် မလိုပါဘူး။ 'စွမ်းအင်မူဝါဒ အကူးအပြောင်း' ဒါမှမဟုတ် 'ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးချဲ့မှု' လိုမျိုး သုံးရင်တင် လုံလောက်နေပါပြီ။
"ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ ဝေစုကို တိုးမြှင့်တာက ကောင်းမွန်တဲ့အရာလို့ ကျွန်တော် ယုံကြည်ပေမဲ့ အကန့်အသတ်တွေကတော့ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို လုပ်ငန်းသစ်တစ်ခုအနေနဲ့ မြှင့်တင်ခဲ့ပြီးနောက်မှာ စွမ်းအင်သိုလှောင်မှုစနစ် (ESS) တွေကလည်း သိသိသာသာ တိုးပွားလာခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းမသိရဘဲ မီးလောင်မှုဖြစ်စဉ်တွေကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့တာလည်း ရှိပါတယ်"
လစ်သီယမ်-အိုင်ယွန် ဘတ္ထရီတွေက သဘာဝအရ ပြင်ပကနေ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိရင် ပေါက်ကွဲနိုင်ခြေရှိပြီး အပူလွန်ကဲတဲ့ ပြဿနာတွေလည်း ရှိတာပါ။ မတူညီတဲ့ ထုတ်လုပ်သူတွေဆီက ထွက်တဲ့ ထုတ်ကုန်အမျိုးမျိုးကြောင့် ပေါင်းစပ်ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။
ပါမောက္ခ ကင်ဟိုမင် ကလည်း ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်မှုပိုင်းကို လုပ်ဆောင်နေပါတယ်။
ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ပြောကြားချက်တွေနဲ့ ဆန့်ကျင်ဘက်ပဲ ဘတ္ထရီတွေက သဘာဝပတ်ဝန်းကျင်ကို သိပ်ပြီးတော့ အထောက်အကူမပြုပါဘူး။ လစ်သီယမ်သတ္တုတွင်း ဒါမှမဟုတ် မြေရှားသတ္တုတွင်းတွေကို သွားကြည့်ရင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုက ဘယ်လိုမျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ သုံးပြီးသား ဘတ္ထရီတွေကို နောက်ပိုင်းမှာ စွန့်ပစ်ဖို့ ကိစ္စကလည်း ပြဿနာတစ်ခုပါပဲ။
"အစိုးရက လျှော့ချရေးကို တွန်းအားပေးတုန်းက ခန့်မှန်းခဲ့တဲ့ လျှပ်စစ်ဓာတ်အား သိုလှောင်ထားမှု ပမာဏက အခု အမှန်တကယ် ရှိနေတဲ့ ပမာဏနဲ့ သိသိသာသာ ကွာခြားနေပါပြီ။ EV အသုံးပြုမှု တိုးလာတာနဲ့အမျှ ကုမ္ပဏီတွေက သူတို့ရဲ့ ဒေတာစင်တာတွေနဲ့ ဆာဗာတွေကို တိုးချဲ့လာတဲ့အတွက် လျှပ်စစ်ဓာတ်အား သိုလှောင်ထားမှု ပမာဏက ပိုပြီးတော့တောင် ကျဆင်းသွားမှာပါ"
"မင်းပြောချင်တာက Traveling Wave Reactors (TWR) တွေက အဖြေတစ်ခု ဖြစ်လိမ့်မယ်ဆိုတဲ့ သဘောလား"
"တခြား အဖြေတစ်ခု မထွက်လာမချင်းတော့ ဟုတ်ပါတယ်။ ပါမောက္ခ ပက်ထရော့ဗ် ရဲ့ သုတေသနအဖွဲ့က သူတို့ရဲ့ စမ်းသပ်မှုတွေမှာ အောင်မြင်ခဲ့မယ်ဆိုရင် ကမ္ဘာ့စွမ်းအင်ဈေးကွက်ရဲ့ အခင်းအကျင်းက ပြောင်းလဲသွားမှာပါ။ အရေးကြီးတဲ့ မေးခွန်းက ကိုရီးယားက ဒီအတွက် အသင့်ဖြစ်နေပြီလား ဆိုတာပါပဲ"
"အဲ့ဒီသုတေသနက သေချာပေါက် အောင်မြင်မယ်လို့ မင်း ယုံကြည်လား"
"Berkshire Hathaway ရဲ့ ဥက္ကဌ ဝါရင် ဘတ်ဖတ် ကလည်း မိုင်လိုပာဝါ မှာ ရင်းနှီးမြှုပ်နှံနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက အောင်မြင်မယ်လို့ မယုံကြည်တဲ့ လုပ်ငန်းတွေမှာ ငွေမထည့်ကြပါဘူး"
သမ္မတ ဟိုချန်မင်းက နားလည်သဘောပေါက်သွားတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြတယ်။
"မစ္စတာ ကန်ဂျင်ဟူ သိတဲ့အတိုင်းပဲ၊ OTK ကုမ္ပဏီရဲ့ သြဇာလွှမ်းမိုးမှုက အခုအချိန်မှာ ဘယ်သူမှ လျစ်လျူရှုလို့မရတဲ့ အခြေအနေကို ရောက်နေပြီ။ ဒီနျူကလီးယား လျှော့ချရေး အငြင်းပွားမှုကလည်း အဲဒီအချက်ရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင် ပြောလို့ရတယ်"
"ကျွန်တော့်အနေနဲ့ အစိုးရရဲ့ မူဝါဒအပေါ် မှတ်ချက်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်ကတော့ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်နေတာပါ"
"ကြောင်တစ်ကောင်က လွတ်လွတ်လပ်လပ် ဆော့ကစားနေတာကို ဘယ်သူမှ စိတ်အနှောက်အယှက်မဖြစ်ကြပါဘူး။ ဒါပေမဲ့ အဲဒီကြောင်က ကျားတစ်ကောင်လောက်အထိ ကြီးထွားလာရင် ဘာလုပ်သင့်သလဲ"
ကျားတစ်ကောင်လောက်ကြီးတဲ့ ကြောင်က လူတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်မရှိရင်တောင်မှ လူတွေကတော့ ခြိမ်းခြောက်မှုတစ်ခုလို ခံစားရမှာ အသေအချာပါပဲ။ သူ့ရဲ့ လက်သည်းနဲ့ အမှတ်မထင် ကုတ်ခြစ်လိုက်တာကတင် လူတစ်ယောက်ကို သေစေနိုင်တယ်လေ။
"သူ့ရဲ့ လက်သည်းတွေကို ညှပ်ပစ်ရမယ်၊ ကြိုးနဲ့ချည်ပြီး လှောင်အိမ်ထဲ ထည့်ထားရမှာပေါ့"
ဒါက ကော်ပိုရေးရှင်းတွေနဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေက ကုမ္ပဏီတစ်ခုက အသေးစား၊ အလတ်စား ဒါမှမဟုတ် အကြီးစား ဖြစ်နေတာပေါ် မူတည်ပြီး ကွဲပြားတာပါ။ ပိုပြီးကြီးမားတဲ့ စီးပွားရေးတွေအပေါ်မှာ ပိုပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာက သဘာဝကျပါတယ်။
ဒါပေမဲ့ OTK ကုမ္ပဏီက အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုပါ။ ပြည်တွင်းကုမ္ပဏီတစ်ခု မဟုတ်သလို ကိုရီးယားမှာ လူတွေကို တိုက်ရိုက်အလုပ်ခန့်တာ ဒါမှမဟုတ် ထုတ်ကုန်တွေကို တိုက်ရိုက်ရောင်းချနေတာမျိုး မဟုတ်တာကြောင့် ကိုရီးယားအစိုးရအနေနဲ့ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုမျိုး ရှာဖွေဖို့ ခက်ခဲနေတာပါ။
သမ္မတ ဟိုချန်မင်းက သက်ပြင်းချသလိုမျိုး ပြောတယ်။
" ကန်ဂျင်ဟူ လို လူမျိုးတစ်ယောက်ကို ထိန်းချုပ်ဖို့ ကိုရီးယားက နိုင်ငံငယ်လွန်းနေတာလည်း ဖြစ်နိုင်ပါတယ်"
"တောင်ကိုရီးယားက ကမ္ဘာ့ ၁၁ ခုမြောက် စီးပွားရေးအင်အားအကောင်းဆုံး နိုင်ငံပါပဲ"
"OTK ကုမ္ပဏီရဲ့ တန်ဖိုးက အဲဒီ ၁၁ ခုမြောက် စီးပွားရေးအင်အားအကောင်းဆုံး နိုင်ငံရဲ့ နှစ်စဉ် အသုံးစရိတ်ထက် နှစ်ဆကျော် ပိုများတယ်။ ပြီးတော့ မကြာခင်မှာ နိုင်ငံရဲ့ GDP ကိုတောင် ကျော်လွန်သွားနိုင်တယ်။ အတိအကျ ပြောရရင် ကိုရီးယားရဲ့ မကြာသေးမီကရရှိခဲ့တဲ့ စီးပွားရေး တိုးတက်မှုကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် OTK ကုမ္ပဏီကြောင့်လို့ ပြောလို့ရပါတယ်"
ရုန်းကန်နေရတဲ့ ပြည်တွင်းဈေးကွက်နဲ့ သီးခြားစီဖြစ်နေတဲ့ စီးပွားရေး တိုးတက်မှုနှုန်းကတော့ ကောင်းမွန်နေတာပါ။ ဒါက ကိုရီးယားစီးပွားရေးရဲ့ အကြီးမားဆုံး ဝေစုကို ကိုင်ထားတဲ့ ဆိုဆောင်း အီလက်ထရောနစ်က Semiconductorနဲ့ မော်တော်ကား လျှပ်စစ်ပစ္စည်းကဏ္ဍတွေရဲ့ အလားအလာကောင်းမှုကြောင့် တကယ့်ကို ကောင်းမွန်စွာ လည်ပတ်နေလို့ပါ။ ပြီးတော့ ဆိုဆောင်းရဲ့ ကြီးထွားမှုက OTK ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေလို့လည်း ပါပါတယ်။
"ကျွန်တော် အချက်တစ်ချက်ကိုတော့ သေချာပေါက် ပြောနိုင်ပါတယ်။ ကျွန်တော် ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေကို ကိုရီးယားရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ကိစ္စတွေမှာ ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ပါဘူး"
"ငါလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်။ အရင်အစိုးရနဲ့ ပြဿနာအမျိုးမျိုး ရှိခဲ့တာတောင်မှ မင်းက ကိုရီးယားကနေ ထွက်မသွားခဲ့သလို နိုင်ငံသားလည်း မပြောင်းခဲ့ဘူးလေ"
သမ္မတ ဟိုချန်မင်းက တခြားအကြောင်းအရာတစ်ခုကို စကားလမ်းကြောင်းပြောင်းလိုက်တယ်။
"လွတ်လပ်သောပြည်သူများပါတီရဲ့ လွှတ်တော်အမတ် ဂျန်ထယ်ဂျင် က ငါ့ရဲ့ တက္ကသိုလ်က စီနီယာပါ။ သူက ငါနဲ့အတူ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အမြဲတမ်း ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့လို့ အတော်လေး ဒုက္ခခံခဲ့ရသူပါ"
အမတ် ဂျန်ဟာ ကွန်ဆာဗေးတစ် အသိုက်အဝန်းထဲမှာ လက်ယာစွန်းရောက်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများပါတယ်။ သူက လောလောဆယ်မှာ ပတ်ဆီဟျွန်းကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေပြီး တိုးတက်သောပါတီဘက်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ လုပ်နေတာပါ။
တစ်ချိန်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူ တစ်ယောက်က အခုတော့ အဲဒီစနစ်ကို ကိုရီးယားသမ္မတနိုင်ငံအတွက် ကောင်းချီးတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ချီးမွမ်းပြောဆိုနေပါတယ်။
ဒီလိုကိစ္စမျိုးတွေက အံ့သြစရာကောင်းလောက်အောင် အဖြစ်များပါတယ်။ အရင်တုန်းက လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသူတချို့က နောက်ပိုင်းမှာ သစ္စာဖောက်ပြီး ဂျပန်လိုလားသူတွေ ဖြစ်သွားခဲ့ကြတာမျိုးတွေလည်း ရှိခဲ့တာပဲလေ။
လူတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားတတ်ကြပါတယ်။ ကျွန်တော် အခုလို ခံစားနေရရင်တောင်မှ နောက်ပိုင်းမှာလည်း ဒီလိုပဲ ဆက်ပြီး ခံစားနေရဦးမယ်လို့ မသေချာပါဘူး။ ကိုယ့်ကိုကိုယ်တောင် အာမမခံနိုင်ဘူးလေ။
ဒါက ချက်ချင်း အဖြေထွက်မယ့် ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဒီလို အခြေအနေက အချိန်အတန်ကြာ ဆက်ရှိနေဦးမှာပါ။
သမ္မတ ဟိုချန်မင်းက ခါးသီးတဲ့ အမူအရာနဲ့ ပြောတယ်။
"ရိုးရိုးသားသားပြောရရင် ကန်ဂျင်ဟူ နဲ့ OTK ကုမ္ပဏီ တည်ရှိနေတာက ကိုရီးယားအတွက် ကောင်းချီးတစ်ခု ဟုတ်မဟုတ်ဆိုတာ ငါ အခုထိ သေချာမသိသေးဘူး။ ငါ့ပြောစကားအပေါ် မင်း အတော်လေး စိတ်ပျက်သွားလိမ့်မယ်လို့ ထင်တယ်"
ကျွန်တော် ခေါင်းခါလိုက်ပါတယ်။
"လုံးဝမဟုတ်ပါဘူး။ အမြတ်ထုတ်ခံရတာထက်စာရင် သတိထားပြီး အကဲခတ်ခံရတာက ပိုကောင်းတယ်လို့ ထင်ပါတယ်"
ပတ်ဆီဟျွန်းက PAS ကို တည်ထောင်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အွန်ဆောင်း မော်တာကို မြှင့်တင်ခဲ့တယ်။ လက်ရှိသမ္မတအနေနဲ့ စီးပွားရေးအာဏာနဲ့ ပူးပေါင်းဖို့ မကြိုးစားဘူးဆိုတဲ့ အချက်မှာတော့ ကျွန်တော် အမှတ်ပြည့် ပေးပါတယ်။
သမ္မတ ဟိုချန်မင်းက ကျွန်တော်တို့ ပထမဆုံး နှုတ်ဆက်တုန်းကလိုပဲ နွေးထွေးစွာ ပြုံးပြပြီး သူ့ရဲ့ လက်ကို ကမ်းပေးလိုက်တယ်။
"ဒါက ပျော်စရာကောင်းတဲ့ တွေ့ဆုံမှုတစ်ခုပါ။ နောင်အနာဂတ်မှာလည်း ဒီလို စကားပြောဆိုခွင့်ရမယ့် အခွင့်အရေးမျိုး ထပ်ရှိဖို့ မျှော်လင့်ပါတယ်"
ကျွန်တော် သူ့လက်ကို ဆွဲနှုတ်ဆက်ပြီး ပြန်ဖြေလိုက်တယ်။
"ကျွန်တော်လည်း ထပ်တူပါပဲ"