← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅)

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ အချမ်းသာဆုံး ပြည်နယ် ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို လှပခမ်းနားမှုတွေရဲ့ နောက်ကွယ်မှာတော့ ငလျင်အပေါ် လျှို့ဝှက်တဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပေါ့။ Pacific plate နဲ့ North American plate တို့ရဲ့ နယ်နိမိတ်မှာ တည်ရှိနေတဲ့ ဆန်အင်ဒရီးယပ်စ် ပြတ်ရွေ့ကြောဟာ ဘယ်အချိန်မဆို အင်အားပြင်းငလျင်တွေ ဖြစ်ပေါ်စေနိုင်တဲ့ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့တာလေ။

ကယ်လီဖိုးနီးယားက လူတွေက အခုထက်ထိ ရောက်မလာသေးပေမယ့် တစ်နေ့နေ့မှာ ရောက်လာနိုင်တဲ့ ငလျင်ကြီးကို "မဟာငလျင်ကြီး"လို့ ခေါ်ကြတယ်။

ကျွန်တော့်ရှေ့မှာတော့ ဒီနှစ်အတွင်း မဟာငလျင်ကြီး လာလိမ့်မယ်လို့ အခိုင်အမာ ပြောနေတဲ့ ငလျင်ပညာရှင်တစ်ယောက် ရှိနေပါတယ်။

သူ့ပုံစံက အသက် ၆၀ ကျော်လောက် ရှိမယ့်ပုံပဲ။

လူဖြူတစ်ယောက်အတွက်တော့ သူက အရပ်ပုပြီး တုတ်တုတ်ခိုင်ခိုင် ကိုယ်လုံးနဲ့ ဗိုက်ရွှဲရွှဲ၊ ဆံပင်ဖြူဖြူတွေ ရှိပြီး မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေးတွေကလည်း ဖြူနေပါတယ်။

သူက မျက်မှန်အထူကြီး တပ်ထားပြီး ပုခုံးသိုင်းကြိုး ဝတ်ထားတယ်။ သူ့ပုံစံက ကြင်နာတတ်တဲ့ ပါမောက္ခအိုကြီးတစ်ယောက်လိုပါပဲ။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ဒေါက်တာ ကီရန်မိုဟန် ပါ"

အနောက်တိုင်း ယဉ်ကျေးမှုမှာ ဘွဲ့ထူးဂုဏ်ထူးတွေလိုမျိုး ခေါင်းစဉ်တွေကို အရမ်းအရေးကြီးတယ်လို့ ယူဆကြတဲ့အတွက် နာမည်နဲ့တွဲပြီး သုံးနှုန်းလေ့ရှိတာ သဘာဝပါပဲ။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ။"

ခင်ဗျားက ကျွန်တော့်အကြောင်းကို ကောင်းကောင်း သိလောက်မှာ ဆိုတော့ အရှည်ကြီး မိတ်ဆက်နေဖို့ မလိုတော့ဘူးပေါ့လေ။

"ဒါက ကျွန်တော့်သူငယ်ချင်း အိုတက်ဂယူ ပါ "

ကျွန်တော်တို့ကို ဒီနေရာဆီ လမ်းပြပေးခဲ့တဲ့ လူမည်းအမျိုးသမီးကတော့ ပါမောက္ခ မိုဟန် ရဲ့ လက်ထောက်ဖြစ်ပြီး နာမည်က ကာရီ ကော့ရိုက်လို့ ခေါ်ပါတယ်တဲ့။ သူက ကျွန်တော်နဲ့ရွယ်တူ ဒါမှမဟုတ် နည်းနည်း ပိုကြီးမယ့်ပုံပါပဲ။

သူက မျက်မှန်ကို ပင့်တင်ရင်း ကျွန်တော့်ကို မေးလာတယ်။

"သုတေသန ရန်ပုံငွေအတွက် လာတာလားဟင်"

ပါမောက္ခ မိုဟန် က မနှစ်သက်တဲ့ပုံစံ ဟန်ဆောင်ပြီး ပြောလိုက်တယ်။

"အဟမ်း၊ အဲဒီအကြောင်းကို အခုကတည်းက မပြောနဲ့လေ... ဒါကို အေးအေးဆေးဆေးပဲ လုပ်ကြတာပေါ့။ ဧည့်သည်တွေ ရောက်နေတာဆိုတော့ ကော်ဖီတိုက်တာကနေပဲ စကြရအောင်"

"နားလည်ပါပြီ။ ဆရာ"

ကာရီက ကော်ဖီသွားယူဖို့ အမြန်ထွက်သွားခဲ့ပြီး ကျွန်တော်တို့လည်း ထိုင်လိုက်ကြတယ်။

ကျွန်တော် ဓာတ်ခွဲခန်းတဝိုက်ကို လှည့်ကြည့်လိုက်မိတယ်။ နံရံတစ်ခုမှာ အနီရောင်အမှတ်အသားတွေ အပြည့်နဲ့ Post-it စာရွက်လေးတွေ ဒါဇင်ပေါင်းများစွာ ကပ်ထားတဲ့ မြေပုံအကြီးကြီးတစ်ခု ချိတ်ထားပါတယ်။

ဒါက ငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာတွေကို ညွှန်ပြနေတာနဲ့ တူတယ်။

နောက်တစ်ဖက်မှာတော့ သေတ္တာ ဒါဇင်ပေါင်းများစွာက မျက်နှာကြက်အထိ ပုံနေခဲ့တယ်။ ဖွင့်ထားတဲ့ သေတ္တာတွေကြားထဲမှာ ကျွန်တော် ကိုင်ထားတဲ့ စာအုပ်မျက်နှာဖုံးလိုမျိုး စာအုပ်တစ်အုပ်ကို မြင်နေရတယ်။

ကြည့်ရတာ ဒီစာအုပ်က လုံးဝကို မရောင်းရတဲ့ပုံပဲ။

ခဏကြာတော့ ကာရီက ကော်ဖီ ယူလာပေးတယ်။ ကော်ဖီက အပူပေးပြားပေါ်မှာ အကြာကြီး ရှိနေခဲ့ပုံရပြီး အနံ့အသက်လည်း မရှိတော့ဘဲ ခါးသက်သက် အရသာပဲ ကျန်တော့တယ်။

တစ်ငုံသောက်ပြီးတာနဲ့ ကျွန်တော် ဆက်မသောက်နိုင်တော့ဘူး။ ဒါပေမဲ့ ပါမောက္ခ မိုဟန် ကတော့ ဒီကော်ဖီကို ကျင့်သားရနေတဲ့ ပုံစံပါပဲ။

"မင်းလည်း အလုပ်တွေနဲ့ အလုပ်ရှုပ်နေမှာကို ဘာကိစ္စရှိလို့ ဒီအထိ အဝေးကြီး လာခဲ့ရတာလဲ"

"ကျွန်တော့်မှာ ပါမောက္ခကို မေးစရာ တချို့ရှိလို့ပါ"

ကျွန်တော် သူ့ကို လာရှာတာက သူ ငလျင်ဗေဒနယ်ပယ်မှာ အကျော်ကြားဆုံးနဲ့ အယုံကြည်ရဆုံး ပညာရှင်မလို့ မဟုတ်ပါဘူး။ အမှန်တော့ ဆန့်ကျင်ဘက်ပါပဲ။

ပါမောက္ခ မိုဟန် ဟာ ပညာရေးလောကမှာ အပယ်ခံတစ်ယောက်နီးပါး ဖြစ်နေခဲ့တာပါ။

ပင်မပညာရှင်တွေနဲ့မတူဘဲ သူက ဆန်ဖရန်စစ္စကိုမှာ ငလျင်ကြီး လှတ်ခတ်လိမ့်မယ်၊ အဲဒါကလည်း ဒီနှစ်ထဲမှာ ဖြစ်လိမ့်မယ်လို့ အကြာကြီး အခိုင်အမာ ပြောဆိုလာခဲ့တာပါ။

ဒါပေမဲ့ ဒီနှစ်ရဲ့ တစ်ဝက်က ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး သူပြောခဲ့တာ ဘာမှ ဖြစ်မလာသေးပါဘူး။ မကြာသေးခင်က ရေအောက်ငလျင်တွေ ခဏခဏ လှုပ်ခတ်နေတာ ရှိပေမဲ့ လူအများစုကတော့ ဒါကို ငလျင်ကြီးရဲ့ ရှေ့ပြေးနိမိတ်လို့ ရှုမြင်ဖို့ ခက်ခဲတယ်လို့ ယူဆကြတယ်။

ဒါတောင်မှ ပါမောက္ခ မိုဟန် က သူ့ရဲ့ ပြောကြားချက်တွေကို နောက်ဆုတ်ဖို့ ငြင်းဆန်ခဲ့တယ်။

တချို့က သူ့ကို "အင်ဒီယန်း"ဆိုတဲ့ နာမည်ပြောင်နဲ့တောင် လှောင်ပြောင်ကြသေးတယ်။

အင်ဒီယန်းလူမျိုးတွေ မိုးခေါ်ပွဲလုပ်ရင် အမြဲတမ်း မိုးရွာတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မိုးရွာတဲ့အထိ မိုးခေါ်ပွဲကို ဆက်တိုက် လုပ်နေကြလို့လေ။

တစ်နည်းအားဖြင့် ပြောရရင် မှားယွင်းတဲ့ ပြောဆိုချက်တစ်ခုကို မှန်ကန်လာတဲ့အထိ ထပ်ခါတလဲလဲ ပြောတတ်တဲ့ သူ့ရဲ့ အလေ့အထက အင်ဒီယန်းတွေရဲ့ ဓလေ့နဲ့ တူနေတာကို ဆိုလိုတာပါ။

သူက ပညာရေးလောကမှာ လျစ်လျူရှုခံရပြီး လူထူးလူဆန်းတစ်ယောက်လို ဆက်ဆံခံရပေမဲ့ Caltech ရဲ့ စစ်မှန်တဲ့ ပထဝီဗေဒ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။

တခြားတက္ကသိုလ်တွေမှာတော့ ပါရမီမရှိရင်တောင် ပိုက်ဆံနဲ့ အဆက်အသွယ်တွေ သုံးပြီး ပါမောက္ခရာထူး ရနိုင်ကောင်းရနိုင်ပေမဲ့ Caltech မှာတော့ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

သာမန်အရည်အချင်းလောက်နဲ့တော့ ဒီက ကျောင်းသားတွေကို သင်ကြားပေးဖို့ မလုံလောက်ဘူးလေ။

ကျွန်တော် စာအုပ်ကို စားပွဲပေါ် တင်လိုက်တယ်။

"ကျွန်တော် ပါမောက္ခ ရေးထားတဲ့ စာအုပ်ကို တစ်ညလုံး ဖတ်ခဲ့ပါတယ်"

ကျွန်တော့်စကားကြောင့် ပါမောက္ခ မိုဟန် က ဝမ်းသာအားရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် ဖြစ်သွားခဲ့တယ်။

"ဟားဟား။ မင်းက စာအုပ်ကို ဖတ်ပြီး ငါ့ရဲ့ ပရိသတ်တစ်ယောက် ဖြစ်သွားတာပေါ့လေ"

သူက အိတ်ကပ်ထဲကနေ ဖောင်တိန်တစ်ချောင်း ထုတ်လိုက်တယ်။ မတောင်းဆိုရသေးခင်မှာပဲ ကြွားဝါချင်တဲ့ ပုံစံမျိုးနဲ့ စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာပေါ်မှာ လက်မှတ်ထိုးပေးလိုက်တာပဲ။

စာအုပ်ကို စာအုပ်ဆိုင်ဆီ ပြန်သွင်းလို့မရတော့ဘူး။

"ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီနယ်ပယ်ကို စိတ်ဝင်စားသွားရတာလဲ"

အင်း... ဒါက အန္တရာယ်ရှိနိုင်ခြေကြောင့်ပေါ့...

ဒါက ကျွန်တော် မျှော်လင့်ထားတဲ့ မေးခွန်းဖြစ်တာမလို့ ပြင်ဆင်ထားတဲ့ အဖြေကိုပဲ ပေးလိုက်တယ်။

"လေဆိပ်မှာ ငလျင်လှုပ်တာကို ကြုံဖူးပြီးနောက်ပိုင်း ဒါက အန္တရာယ်ရှိနိုင်တယ်လို့ တွေးမိလို့ပါ။ ပါမောက္ခ သိတဲ့အတိုင်း CarOS အဖွဲ့အစည်း အပါအဝင် OTK ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ အများအပြားက Silicon Valley မှာ အခြေစိုက်ထားတာလေ"

ပါမောက္ခ မိုဟန် က ခေါင်းညိတ်တယ်။

"ဒါပေါ့။ စီးပွားရေးလုပ်ငန်းတွေက အဲဒီမှာ ရှိနေတာဆိုတော့ စိုးရိမ်တာက သဘာဝကျပါတယ်။ မင်းတို့ သိတဲ့အတိုင်း Caltech က ငလျင်သုတေသနမှာ နာမည်ကြီးတယ်လေ။ ငလျင်ဗေဒ နယ်ပယ်မှာဆိုရင် MIT က နှိုင်းယှဉ်လို့တောင် မရဘူး"

သူ့ရဲ့ ဂုဏ်ယူဝင့်ကြွားမှုက သူ့ရဲ့ မျက်နှာအမူအရာနဲ့ လေသံမှာ အထင်အရှား ပေါ်လွင်နေခဲ့တယ်။

အဲ့လိုပြောတာကလည်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပါ။ ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်မှာ ကမ္ဘာကျော် ငလျင်ဗေဒစင်တာ ရှိနေတာလေ။ အခုထက်ထိ ငလျင်တိုင်းတာမှုတွေမှာ သုံးနေတုန်းဖြစ်တဲ့ ရစ်ခ်ျတာစကေး ကို တီထွင်ခဲ့တဲ့ ချားလ်စ် ရစ်ခ်ျတာ ကလည်း ဒီကျောင်းက ပါမောက္ခတစ်ယောက်ဖြစ်ခဲ့တာပါ။

"ပါမောက္ခရဲ့ စာအုပ်ထဲမှာ ဂျပန်ငလျင်ကြီးကို ကျော်လွန်မယ့် အင်အားပြင်းငလျင်ကြီးတစ်ခု ဆန်ဖရန်စစ္စကိုမှာ လှုပ်ခတ် နိုင်တယ်လို့ ပြောထားတယ်နော်။ အခုထိကော အဲဒီအတိုင်းပဲ တွေးထားတုန်းပဲလား"

ပါမောက္ခ မိုဟန် က ထပ်ပြီး ခေါင်းညိတ်ပြတယ်။

"သေချာတာပေါ့။ မဟာငလျင်ကြီးက လာလိမ့်မယ်၊ အဲဒါက မင်း ထင်ထားတာထက် ပိုပြီး စောစောစီးစီး ရောက်လာလိမ့်မယ်"

ဒါက ကျွန်တော် အတိအကျ လိုချင်တဲ့ အဖြေပါပဲ။

ဒီအဖြေကို ကြားရရုံနဲ့တင် ကျွန်တော် ဒီနေရာကို လာခဲ့ရတဲ့ ရည်ရွယ်ချက်က ပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။

"မဟာငလျင်ကြီးက ဆန်ဖရန်စစ္စကိုမှာ တကယ်လှုပ်ခတ်ခဲ့ရင် ခံနိုင်ရည် ရှိပါ့မလား"

"ဆန်ဖရန်စစ္စကိုက ငလျင်လှုပ်ခတ်ရလွယ်တဲ့ ဒေသဖြစ်ပြီး အတိတ်မှာလည်း အင်အားပြင်းငလျင်တွေ အကြိမ်ကြိမ် ကြုံဖူးတယ်။ ဒါကြောင့်မလို့ မိုးပျံတိုက်အများစုက ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားကြတာလေ။ ဒါပေမဲ့လည်း အဲဒီလို လုပ်ထားရင်တောင် မြေပြင်ကွဲအက်တာ ဒါမှမဟုတ် မြေဆီလွှာ အရည်ပျော်မှု ဖြစ်ပေါ်လာရင်တော့ အဆောက်အဦးတွေက ပြိုကျပျက်စီးဖို့ ကံကြမ္မာက ဖန်လာလိမ့်မယ်"

ပါမောက္ခ မိုဟန် က စာအုပ်ကို ဒေါင်လိုက် ထောင်လိုက်တယ်။ သူက စာအုပ်အပေါ်ကနေ လက်နဲ့ ဖိချရင်း ပြောလိုက်တယ်။

"မိုးပျံတိုက်တွေက ဒေါင်လိုက်သက်ရောက်တဲ့ အားတွေကို ခံနိုင်ရည်ရှိကြတယ်။ ဒါပေမဲ့..."

ဒီတစ်ကြိမ်မှာတော့ သူက စာအုပ်ရဲ့ ဘေးဘက်ကို ခပ်ဖွဖွလေး တောက်လိုက်တယ်။ စာအုပ်က ဘေးကို နည်းနည်း စောင်းသွားပြီး ချက်ချင်းပဲ လဲကျသွားခဲ့တော့တယ်။

"မြင်တဲ့အတိုင်းပဲ။ အဆောက်အဦးတွေဆိုတာက ဘေးတိုက်သက်ရောက်တဲ့ အားတွေအပေါ်မှာတော့ တော်တော်လေး အားနည်းကြတယ်။ မြေပြင်ကွဲအက်တာ ဒါမှမဟုတ် ပြိုကျတာကြောင့် ဒြပ်ဆွဲအားဗဟိုချက် (Center of gravity) က ဘေးဘက်ကို နည်းနည်းလေးပဲ ရွေ့သွားရင်တောင် မျက်စိတစ်မှိတ်အတွင်းမှာတင် ပြိုကျသွားလိမ့်မယ်"

တက်ဂယူက မျက်တောင်ခတ်ရင်း မေးလိုက်တယ်။

"Pisaမျှော်စင်ကြီးက စောင်းနေတာတောင် အဆင်ပြေနေတာပဲလေ။ မဟုတ်ဘူးလား"

"ဒါက အလွန် ထူးခြားတဲ့ အခြေအနေမျိုးကွ။ သူက ဆောက်လုပ်ရေးကာလကတည်းက စပြီး စောင်းနေခဲ့တာမလို့ မျှော်စင်ကို ဆောက်လုပ်နေစဉ်အတွင်းမှာတင် ဗဟိုဝင်ရိုးကို ဆက်တိုက် ရွှေ့ပြောင်းပေးခဲ့ကြတာ။ အစကတည်းက အဲဒီလောက်ကြီး စောင်းနေခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပြိုကျသွားခဲ့မှာပေါ့"

ပါမောက္ခ မိုဟန် က ဆက်ပြောတယ်။

"၂၀ ရာစုကတည်းကစလို့ အင်အား ၉.၀ အထက်ရှိတဲ့ ငလျင်တွေက အနည်းငယ်ပဲ လှုပ်ခတ်ခဲ့ဖူးတယ်။ အနီးစပ်ဆုံးကတော့ ဂျပန်ငလျင်ကြီးပဲပေါ့။ ငါ ထင်တာကတော့ အခု လှုတ်တော့မယ့် မဟာငလျင်ကြီးက ဂျပန်ငလျင်ကြီးထက် ပိုပြီး ပြင်းထန်လိမ့်မယ်"

ကျွန်တော် တွေ့မြင်ခဲ့ရတဲ့ လမ်းဆုံလမ်းခွကို ပြန်လည်အမှတ်ရမိတယ်။

"မဟာငလျင်ကြီး လှုပ်ခတ်ခဲ့ရင် ဘယ်ဒေသက အပျက်အစီး အများဆုံး ဖြစ်မလဲဗျ"

"မြေပုံကို ကြည့်ရင်း ရှင်းပြရင် ပိုကောင်းလိမ့်မယ်"

ပါမောက္ခ မိုဟန် က စားပွဲခုံကို ရှင်းလင်းလိုက်ပြီး မြေပုံအကြီးကြီးတစ်ခုကို ဖြန့်လိုက်တယ်။ မြေပုံပေါ်မှာ ကယ်လီဖိုးနီးယား၊ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ပြတ်ရွေ့ကြော လမ်းကြောင်းတွေကို ပြသထားပါတယ်။

"ဆန်အင်ဒရီးယပ်စ် ပြတ်ရွေ့ကြောရဲ့ ပုံသဏ္ဌာန်နဲ့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကို အခြေခံပြီး ပြောရရင် ဆန်ဖရန်စစ္စကိုရဲ့ တောင်ဘက်ပိုင်းက သက်ရောက်မှု အရှိဆုံး ဖြစ်လိမ့်မယ်။ ဒီနေရာတဝိုက် ဖြစ်ဖို့ များတယ်"

သူက Palo Alto ရဲ့ ဘေးဘက်က Redwood City ထဲက နေရာတစ်ခုကို မှတ်သားလိုက်ပြီး အဲဒီနေရာကို ဗဟိုပြုပြီး စက်ဝိုင်းပုံစံ အဝိုင်းတချို့ကို ဆွဲလိုက်တယ်။

"အတွင်းဘက်ဆုံး စက်ဝိုင်းမှာပါတဲ့နေရာတွေကတော့ လုံးဝ ပျက်စီးသွားလိမ့်မယ်။ အဲ့ပတ်ဝန်းကျင်က ဒေသတွေလည်း ဘေးကင်းမှာ မဟုတ်ဘူး"

အဲဒီဒေသက အပေါ်ဘက်က ဆန်ဖရန်စစ္စကိုနဲ့ အုတ်ကလန် ၊ အောက်ဘက်က ဆန်ဟိုဆေး အထိ ပါဝင်နေတာပါ။ အကျဉ်းချုပ်ပြောရရင် ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့တစ်ခုလုံး ပါဝင်နေတာပေါ့။

"လူအသေအပျောက်ကော ဘယ်လောက် ရှိနိုင်မလဲဗျ"

ပါမောက္ခ မိုဟန် က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေတယ်။

"ဆန်ဖရန်စစ္စကိုရဲ့ လူဦးရေက တစ်သန်းနီးပါး ရှိပြီး ပင်လယ်ကွေ့ဒေသအပါအဝင်ဆိုရင် အမြဲတမ်း နေထိုင်သူ လူဦးရေက သန်းနဲ့ချီ ရှိတယ်။ ဒါ့အပြင် ဒီဒေသက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စီးပွားရေးသမားတွေနဲ့ အမြဲတမ်း စည်ကားနေတာဆိုတော့ အနည်းဆုံး လူပေါင်း သိန်းနဲ့ချီ... ဒါမှမဟုတ် တစ်သန်းလောက်အထိ အသေအပျောက်ရှိသွားနိုင်တယ်"

တက်ဂယူက အံ့သြတုန်လှုပ်စွာနဲ့ အော်လိုက်တယ်။

"ဝိုး... လူတစ်သန်းတောင် ဟုတ်လား"

ကျွန်တော်လည်း စာအုပ်ထဲမှာ ဖတ်ထားလို့ အကြမ်းဖျင်း သိထားပေမဲ့ အခုလို ကြားရတော့ ထိတ်လန့်သွားခဲ့မိတယ်။

ဂျပန်ငလျင်ကြီးတုန်းက လူပေါင်း ၂၀,၂၆ လောက် သေဆုံးပြီး ပျောက်ဆုံးခဲ့ရတာပါ။ ဂျပန်အတွက်တော့ ဒါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဘေးအန္တရာယ်ပါပဲ။

ကံကောင်းထောက်မစွာပဲ ဒါက တိုဟိုကုဒေသမှာ ဖြစ်ပွားခဲ့လို့ တော်သေးတာပါ။ မဟုတ်လို့ကတော့ တိုကျိုအနီးက တိုကိုင်းဒေသမှာသာ အလားတူ ငလျင်မျိုး လှုပ်ခတ်ခဲ့မယ်ဆိုရင် ဂျပန်ဟာ ပြန်လည်ကုစားလို့မရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဒါဆိုရင် ဆန်ဖရန်စစ္စကိုကကော….

ကယ်လီဖိုးနီးယားဟာ လူဦးရေနဲ့ စီးပွားရေးအင်အားအရ အမေရိကန်မှာ အကြီးဆုံး ပြည်နယ်ပါ။ ဒီပြည်နယ်တစ်ခုထဲရဲ့ GDP ကတင် ဗြိတိန်နဲ့ ပြင်သစ်လို နိုင်ငံတွေကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ငါးနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီထဲမှာမှ ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley ဒေသဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေနဲ့ ထိပ်သီး ပါရမီရှင်တွေ နေထိုင်ရာ နေရာ ဖြစ်ပါတယ်။

အမေရိကန် လူဦးရေက သန်း ၃၃၀ လောက် ရှိတာပါ။

အကောင်းမြင်စိတ်နဲ့ တွေးကြည့်ရင် လူတစ်သန်း သေဆုံးသွားတာက အမေရိကန် လူဦးရေရဲ့ ၀.၃ ရာခိုင်နှုန်းပဲ ရှိတာဆိုပေမဲ့ ပြဿနာက အဲဒီ လူတစ်သန်းဟာ နိုင်ငံကို ရှေ့ဆက်မောင်းနှင်နေတဲ့ အရေးကြီးတဲ့ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်နေတာပါပဲ။

အမေရိကန်ကို အဓိက နယ်ပယ်ကြီး သုံးခုနဲ့ ဖွဲ့စည်းထားတယ်လို့ ရှုမြင်နိုင်ပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီ က နိုင်ငံရေးဗဟိုချက်၊ Wall Street ရှိတဲ့ နယူးယောက် မန်ဟက်တန် က ငွေကြေးဗဟိုချက်၊ ပြီးတော့ ကယ်လီဖိုးနီးယားရဲ့ Silicon Valley ဒေသကတော့ စက်မှုလုပ်ငန်းဆိုင်ရာ ဗဟိုချက် ဖြစ်ပါတယ်။

Silicon Valley မှာ အမေရိကန် ကုမ္ပဏီတွေတင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်း အများအပြားရဲ့ သုတေသနခန်းတွေနဲ့ ရုံးချုပ်တွေ ရှိနေကြတာပါ။

အဲဒီကုမ္ပဏီတွေထဲမှာ NPL၊ Facenote၊ Microsoft၊ Google၊ AMZ၊ Seagate၊ Hewlett-Packard၊ AMD၊ Nvidia၊ Intel၊ Micron၊ Netflix စတာတွေ ပါဝင်တယ်။

ကိုရီးယားကုမ္ပဏီတွေလည်း ချွင်းချက်မဟုတ်ပါဘူး။ ဆောင်း အီလက်ထရောနစ်၊ CL Electronics နဲ့ SK Hynix တို့ကလည်း ဒီဒေသမှာ သုတေသနစင်တာတွေ ရှိကြတာပါပဲ။

ဒါပေမဲ့ အဲဒီကုမ္ပဏီတွေ ရှိနေတဲ့ အဆောက်အဦးတွေ ပြိုကျပြီး အဲဒီမှာ အလုပ်လုပ်နေတဲ့ လူတွေ အသက်ဆုံးရှုံးသွားခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ။

ပါမောက္ခ မိုဟန် က ကျွန်တော်တို့ကို ကြည့်ပြီး ပြောလိုက်တယ်။

"အမေရိကန် ရင်ဆိုင်ရမယ့် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေက စိတ်ကူးထဲကထက်ကို ကျော်လွန်လိမ့်မယ်။ သူတို့ရဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုတဲ့ အဆင့်အတန်းကိုတောင် ဆုံးရှုံးသွားနိုင်တယ်"

လူသားတို့ရဲ့ သမိုင်းတစ်လျှောက်မှာ အင်ပါယာတွေက အမြဲတမ်း ရှိခဲ့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အမေရိကန်ဟာ ကမ္ဘာ့ဗဟိုချက် ဖြစ်လာခဲ့ပြီး Pax Americana ခေတ်ကို ဆောင်ကြဉ်းပေးခဲ့တယ်။ ဒီနေ့ခေတ် လူသားတွေ ခံစားနေရတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေဟာ အမေရိကန်က သတ်မှတ်ထားတဲ့ စနစ်အောက်မှာ ရှိနေတာလို့ ပြောရင် မလွန်ပါဘူး။

အဲဒီလို နိုင်ငံမျိုးက အသေအလဲ ဒဏ်ရာရပြီး ပြိုလဲသွားခဲ့မယ်ဆိုရင်...

"တရုတ် ဒါမှမဟုတ် ရုရှား တို့က ဒီအခြေအနေကို ဒီအတိုင်း ထိုင်ကြည့်နေကြလိမ့်မယ်လို့တော့ မထင်ဘူး"

ကျွန်တော့်ကျောပြင်ကနေ ချွေးစေးတွေ စီးကျလာသလို ခံစားလိုက်ရတယ်။

ကျွန်တော် သူပြောတဲ့အခြေအနေကို တချို့တဝက် မျှော်လင့်ထားခဲ့ပေမဲ့ ဒါက မျှော်လင့်ထားတာထက်ကို ပိုပြီး ကျော်လွန်နေခဲ့ပါပြီ။

ပါမောက္ခ မိုဟန် က ခါးခါးသီးသီး ပြုံးလိုက်တယ်။

"ဒါကတော့ အစွန်းရောက်တဲ့ ယူဆချက်တစ်ခုပေါ့လေ။ ငါလည်း ဒီလိုအရာမျိုး ဖြစ်မလာဖို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ချာနိုဘိုင်း မတော်တဆမှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေကိုလည်း ငါတို့တွေ ပြန်သတိရသင့်တယ်"

တစ်ချိန်တုန်းက ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ ကမ္ဘာကြီးကို ခွဲဝေအုပ်စိုးခဲ့တဲ့ အင်အားကြီးနိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားရတာက ချာနိုဘိုင်း နျူကလီးယား မတော်တဆမှုကြောင့် စတင်ခဲ့တာပါ။ သေချာတာကတော့ ဆိုဗီယက်ယူနီယံဟာ အဲဒီမတော်တဆမှု မရှိရင်တောင် ပြိုလဲသွားမှာ ဖြစ်ပေမဲ့ ဒါက အဆုံးအဖြတ်ပေးတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာကတော့ ငြင်းပယ်လို့ မရပါဘူး။

မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက် ကျိုးသွားရင်တောင် သေသေချာချာ ကုသပြီး ဇွဲရှိရှိ ပြန်လည်သန်စွမ်းအောင် လုပ်ရင် အရင်ကထက် ပိုပြီး ကျန်းမာလာနိုင်ပါသေးတယ်။ ဒါပေမဲ့ လက်က ပြတ်ထွက်သွားခဲ့ရင်တော့ ကုသတာနဲ့ ပြန်လည်သန်စွမ်းအောင် လုပ်တာတွေက အဓိပ္ပာယ်မရှိတော့ဘူးလေ။

ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး လက်တစ်ဖက်ထဲနဲ့ပဲ ရှင်သန်သွားရတော့မှာပါ။

ဒါဆိုရင် ဒီငလျင်က ဘယ်လို အခြေအနေမျိုး ဖြစ်လောက်မလဲ။

ကျွန်တော် မြင်တွေ့ခဲ့ရတာတွေက မှန်ကန်ခဲ့မယ်ဆိုရင် Silicon Valley ဒေသကတော့ လုံးဝကို ပျက်စီးသွားပါလိမ့်မယ်။ မြေပြင်တွေ ကွဲအက်ပြီး အဆောက်အဦးတွေ ပြိုကျလိမ့်မယ်။ အဲဒီနောက်ပိုင်း ဘာဖြစ်မလဲဆိုတာ ကျွန်တော် မမြင်ရပေမဲ့ ဆူနာမီကတော့ နောက်ကနေ လိုက်လာဖို့ များတာပေါ့။

ကံကောင်းတာတစ်ခုကတော့ ခန့်မှန်းချက်က 'ကယ်လီဖိုးနီးယား ငလျင်' မဟုတ်ဘဲ 'ဆန်ဖရန်စစ္စကို ငလျင်' ဖြစ်နေတာပါပဲ။

ဒါကြောင့်မလို့ ငလျင်ရဲ့ သက်ရောက်မှုက ကယ်လီဖိုးနီးယားတစ်ခုလုံးကို မထိခိုက်စေဘဲ ဆန်ဖရန်စစ္စကိုနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ဒေသတွေလောက်ပဲ ထိခိုက်မှုရှိနိုင်လောက်ပါတယ်။

ဒါတင်ကပဲ ကြောက်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပေမဲ့ လုံးဝကို အဆိုးရွားဆုံး အခြေအနေကြီးတော့ မဟုတ်သေးဘူးပေါ့။ တကယ်လို့ LA ဒါမှမဟုတ် တခြားသော အဓိက မြို့ကြီးတွေပါ ပါဝင်ခဲ့မယ်ဆိုရင် လူအသက်ဆုံးရှုံးမှုနဲ့ ပိုင်ဆိုင်မှု ပျက်စီးမှုတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။

ဘယ်လို အစီအမံတွေပဲ လုပ်လုပ် ငလျင်လှုပ်တာကိုတော့ တားဆီးလို့ မရနိုင်ဘူးလေ။ ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့မှာ ပြင်ဆင်ဖို့အတွက် အချိန် ရထားခဲ့ပါပြီ။

မဟာငလျင်ကြီး ရောက်လာဖို့အတွက် နောက်ထပ် နှစ်လကျော်ကျော်လောက်ပဲ အချိန် လိုတော့တာပါ။

အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့ ဘယ်လို လှုပ်ရှားမလဲဆိုတာက ကျွန်တော်တို့ရဲ့ ကံကြမ္မာ၊ အမေရိကန်ရဲ့ ကံကြမ္မာ... ပြီးတော့ ကမ္ဘာကြီးရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးပါလိမ့်မယ်။

အခန်း (၁၇၆)

ကျွန်တော် အခုထက်ထိတော့ ပိုက်ဆံရှာဖို့သက်သက်အတွက်ပဲ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ရင်းနှီးမြုတ်နှံတာက လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုသက်ရောက်မှုမျိုး ရှိမလဲဆိုတာကို သိပ်ပြီးတော့ ဂရုမစိုက်ခဲ့မိဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အခြေအနေက အဲဒီအဆင့်ကို လုံးဝ ကျော်လွန်သွားခဲ့ပါပြီ။

ရေတွက်လို့မရတဲ့ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာက ရွေးချယ်စရာ ဖြစ်နေခဲ့တာလေ။

အဲဒီအကြောင်းကို တွေးမိလိုက်တာနဲ့ ရုတ်တရက် ခေါင်းတွေပါ မူးနောက်သွားခဲ့ရတယ်။

ဘာဖြစ်လို့ ငါဖြစ်နေရတာလဲ။ ငါက အသက် ၂၀ ကျော်လေးပဲ ရှိသေးတာလေကွာ။

"မဟာငလျင်ကြီး ရောက်လာတော့မယ်ဆိုတာကိုတော့ ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ သိချင်တာက ဘာဖြစ်လို့ ဒီနှစ်ထဲမှာ ဖြစ်လိမ့်မယ်လို့ ထင်နေရတာလဲ"

ပါမောက္ခ မိုဟန် အပြင် မဟာငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိတာကို စိုးရိမ်နေကြတဲ့ တခြားလူတချို့လည်း ရှိပါသေးတယ်။ ဒါပေမဲ့ အများစုကတော့ နီးစပ်တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေက အလွန်ကို နည်းပါးတယ်လို့ပဲ ယူဆထားကြတာပါ။

ဘေးအန္တရာယ်တစ်ခုရဲ့ ဆုံးရှုံးမှုပမာဏက အရေးကြီးသလိုပဲ ဖြစ်လာမယ့် အချိန်အခါကလည်း အရေးကြီးပါတယ်။

ကျွန်တော် ကြိုမြင်ထားတဲ့ အချိန်နဲ့ ကိုက်ညီနေတဲ့ တစ်ဦးထဲသောသူကတော့ သူပဲ ဖြစ်နေခဲ့တယ်။

"ဒီအမေးကို ဖြေဖို့ဆိုရင် ပထမဆုံးအနေနဲ့ ငါ့ရဲ့ အဖွားအကြောင်းကို အရင်ပြောပြရလိမ့်မယ်"

အမှန်တော့ သူ့ကို အင်ဒီယန်းလို့ ခေါ်ကြတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိပါသေးတယ်။ သူ့ရဲ့ အဖွားက အင်ဒီယန်းလူမျိုးစစ်စစ်တစ်ဦး ဖြစ်လို့ပါ။

ပါမောက္ခ မိုဟန် ရဲ့ အဖိုးက အမေရိကန် တိုင်းရင်းသားတွေရဲ့ ဂေဟစနစ်ကို လေ့လာခဲ့တဲ့ လူသားဗေဒပညာရှင်တစ်ဦးပါ။ အစကတော့ ဒီမြေရဲ့ အရှင်သခင်တွေဖြစ်ခဲ့ကြတဲ့ အင်ဒီယန်းတွေဟာ အခုအချိန်မှာတော့ ကန့်သတ်နယ်မြေတွေထဲမှာ မနည်း ရုန်းကန်လှုပ်ရှားနေကြရတာလေ။

သူ့ရဲ့ အဖိုးက သုတေသနလုပ်နေတုန်းမှာ အင်ဒီယန်း အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ မိသားစုရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို အန်တုပြီး သူက အဲဒီအမျိုးသမီးကို လက်ထပ်ခဲ့တာပါ။

သူ့ပုံစံက သာမန်လူဖြူတစ်ယောက်လို ပေါ်နေပေမဲ့ ပါမောက္ခ မိုဟန် ရဲ့ သွေးလေးပုံတစ်ပုံက အင်ဒီယန်းသွေး ဖြစ်နေပါတယ်။

"ငါ့အဖွားရဲ့ မျိုးရိုးက နတ်ဝင်သည် အင်ဒီယန်းတွေလေ။ ငါ ငယ်ငယ်ကတည်းက အဖွားက ပုံပြင်တွေ အများကြီး ပြောပြခဲ့ဖူးတယ်"

"ဘယ်လို ပုံပြင်မျိုးတွေလဲဗျ"

"တိုင်းရင်းသားတွေရဲ့ ဒဏ္ဍာရီတွေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူနေမှုဘဝ... ပြီးတော့ ဒီမြေကြီးအကြောင်း ပုံပြင်တွေပေါ့။ ငါ့အဖွားက ဒီမြေပေါ်ကို မဟာဘေးအန္တရာယ်ကြီးတစ်ခု ကျရောက် လာလိမ့်မယ်လို့ ပြောလေ့ရှိပြီး အဲဒါက ဒီနှစ် စက်တင်ဘာလမှာ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်"

"တကယ်ကြီးလား"

တက်ဂယူ နဲ့ ကျွန်တော်က အံ့သြတုန်လှုပ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ တက်ဂယူကတော့ အူကြောင်ကြောင်ပုံစံနဲ့ ပါးစပ်ကြီး အဟောင်းသား ဖြစ်နေခဲ့တာပါ။ ကျွန်တော့်မျက်နှာအမူအရာလည်း သိပ်ပြီး ထူးခြားမှာ မဟုတ်ပါဘူး။

ကိုယ့်ကိုကိုယ်တော့ တော်တော်လေး လက်တွေ့အရှိတိုင်း တွေးတတ်ပြီး ဆင်ခြင်တုံတရားရှိတဲ့သူလို့ ယူဆထားတာပါ။

သဘာဝလွန်စွမ်းအားတွေ ဒါမှမဟုတ် အယူသီးတာတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော်က မယုံကြည်နိုင်လောက်တဲ့ စွမ်းရည်တစ်ခုကို ရရှိခဲ့တာလေ။

အဲ့မှာတင်ပဲ မေးခွန်းတစ်ခု ကျွန်တော့်စိတ်ထဲမှာရှိလာခဲ့တယ်။

တခြားတစ်ယောက်ယောက်မှာလည်း အလားတူ စွမ်းရည်မျိုး ရှိနေနိုင်မလား။

ပါမောက္ခ မိုဟန် က ကျွန်တော်တို့ရဲ့ မျက်နှာအမူအရာကို အဓိပ္ပာယ်ကောက်လွဲသွားပုံရပြီး ချောင်းတစ်ချက်ဟန့်ရင်း ပြောလိုက်တယ်။

"အဟမ်း၊ ဒါကတော့ တစ်ခုထဲသော အကြောင်းပြချက်တော့ မဟုတ်ပါဘူးလေ။ အမျိုးမျိုးသော အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးမှ ငါ ဒီလို ကောက်ချက်ချလိုက်တာပါ"

တစ်နည်းအားဖြင့် ပြောရရင် သူက ရလဒ်ကို အရင်သတ်မှတ်ထားပြီးမှ အဲဒါနဲ့ ကိုက်ညီမယ့် သက်သေအထောက်အထားတွေကို ရှာဖွေခဲ့သလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့လို့ပဲ တခြားလူတွေ မမြင်နိုင်တဲ့ အရာတွေကို သူက ရှာဖွေတွေ့ရှိနိုင်ခဲ့တာပါ။

ပါမောက္ခ မိုဟန် က သူ့အဖွားရဲ့ လွှမ်းမိုးမှုကြောင့် ငလျင်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာ ထင်ပါတယ်။

"ကျွန်တော် ပါမောက္ခရဲ့ အဖွားနဲ့ တွေ့ကြည့်လို့ ရနိုင်မလားဗျ"

ပါမောက္ခ မိုဟန် က ခေါင်းခါပြတယ်။

"သူက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဆုံးပါးသွားခဲ့ပါပြီ။"

"ဪ..."

ပြန်တွေးကြည့်ရင်တော့ ဒါက သဘာဝကျပါတယ်လေ။

ပါမောက္ခ မိုဟန် ကိုယ်တိုင်က အသက် ၆၀ ကျော်နေပြီဆိုတော့ သူ့ရဲ့ အဖွားက အသက်ရှင်နေမှာ မဟုတ်တော့ပါဘူး။

ဆုံးပါးသွားခဲ့ပြီ ဖြစ်လို့ အဖွားဖြစ်သူမှာ ကျွန်တော့်လိုမျိုး စွမ်းရည်မျိုး ရှိခဲ့သလားဆိုတာကို အတည်ပြုဖို့ နည်းလမ်းမရှိတော့ဘူး။

ဒါပေမဲ့ အကြောင်းရင်းတစ်ခုခုကြောင့် အဖွားမှာ အဲဒီလိုစွမ်းရည် ရှိခဲ့ဖို့များတယ်လို့ ကျွန်တော် ခံစားနေရတယ်။

"သူ မဆုံးပါးခင်တုန်းက ငါ့ကို ကယ်လီဖိုးနီးယားကနေ ထွက်ခွာသွားဖို့ တိုက်တွန်းတဲ့ သေတမ်းစာတစ်စောင် ချန်ထားခဲ့ဖူးတယ်"

တကယ်လို့ အဖွားက ငလျင်လှုပ်ခတ်မှာကို တကယ်ပဲ ကြိုတင်မြင်ခဲ့တာဆိုရင် မြေးဖြစ်သူကို ဝေးဝေးမှာ နေဖို့ သတိပေးခဲ့တာက သဘာဝကျပါတယ်။

"ဒါဆို ပါမောက္ခက ဘာဖြစ်လို့ ဒီမှာပဲ ရှိနေသေးတာလဲ"

"ကယ်လီဖိုးနီးယားက ရေတွက်လို့မရတဲ့ လူတွေကို ပစ်ထားခဲ့ပြီး ငါတစ်ယောက်ထဲ ထွက်ပြေးသွားတော့ရော ဘာထူးမှာလဲ"

"နားလည်ပါပြီ"

ပါမောက္ခ မိုဟန် က ပြုံးလိုက်တယ်။

"ကဲ… ငလျှင်လှုတ်တော့မယ်လို့ ငါပြောခဲ့ပေမဲ့လည်း ဒီနေရာကတော့ အတော်အတန် ဘေးကင်းပါတယ်။ အန္တရာယ်ရှိတဲ့အပိုင်းက ဆန်ဖရန်စစ္စကိုမှာပါ"

ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်လည်အမှတ်ရမိတယ်။

မြေပြင်တွေ ကွဲအက်ကုန်ပြီး အဆောက်အဦးတွေ ပြိုကျနေခဲ့တာက ငလျှင်ဗဟိုချက်နဲ့ နီးလွန်းလို့ ဖြစ်ဖို့များပါတယ်။ ပတ်ဝန်းကျင်ဒေသတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ကြုံရမှာ ဖြစ်ပေမဲ့ အဲဒီလောက်ကြီး ပြင်းပြင်းထန်ထန်တော့ မဟုတ်လောက်ပါဘူး။

ပါမောက္ခ မိုဟန် က ကြိုတင်ခန့်မှန်းနိုင်ခြေတွေကို မြှင့်တင်ဖို့အတွက် Pacific Ring of Fire မှာ လှုပ်ခတ်နေတဲ့ ငလျင်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းတာနဲ့ ခွဲခြမ်းစိတ်ဖြာတာတွေကိုပဲ အဓိက အာရုံစိုက်နေခဲ့တာပါ။

တကယ်လို့ ဆယ်စက္ကန့်အလိုလောက်တင် ကြိုတင်သတိပေးနိုင်ခဲ့ရင် ငလျင်ကြောင့် ဖြစ်မယ့် လူအသေအပျောက် ၉၀ ရာခိုင်နှုန်းကို တားဆီးနိုင်လိမ့်မယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တကယ့် အင်အားပြင်းငလျင်ကြီးမျိုးမှာတော့ ဆယ်စက္ကန့်ဆိုတာ လုံးဝကို မလုံလောက်နိုင်ပါဘူး။

"ဒါနဲ့ ပတ်သက်တဲ့ သုတေသနက အခုထိ ဆက်လုပ်နေတုန်းပဲလား"

ကာရီ က အမြန်ပဲ ဝင်ဖြေတယ်။

"လက်ရှိ သုတေသနကတော့ ရပ်တန့်ထားရပါတယ်"

ကျွန်တော် အံ့သြသွားပြီး ပြန်မေးလိုက်တယ်။

"ဘာဖြစ်လို့လဲဗျ"

"ပြည်နယ်အစိုးရဆီက ရန်ပုံငွဲ ထောက်ပံ့မှုတွေ ရပ်တန့်သွားလို့ပါ"

"......"

အမှန်ပါပဲ။ ပိုက်ဆံက ကမ္ဘာကြီးကို မောင်းနှင်နေတာနဲ့ တူနေတာပါ။

" ပိုက်ဆံသာ ရှိမယ်ဆိုရင်တော့ သုတေသနကို ဆက်လုပ်လို့ ရတာပေါ့"

"သေချာတာပေါ့"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ကံကောင်းတာပေါ့၊ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်"

ကျွန်တော် ပါမောက္ခ မိုဟန် နဲ့ ကာရီ ကို ကြည့်ရင်း ဒီလို ပြောလိုက်ပါတယ်။

"နောက်နောင် သုတေသန ရန်ပုံငွေတွေကို ကျွန်တော် ပံ့ပိုးပေးပါ့မယ်။ ချက်ချင်းပဲ အကူအညီရအောင် စီစဉ်ပေးမှာမလို့ ပိုက်ဆံအတွက် စိုးရိမ်မနေဘဲ သုတေသနကို ချက်ချင်း ပြန်စလိုက်ကြပါ"

ကာရီ က အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ပြီး ပါမောက္ခ မိုဟန် ကလည်း ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ပုံစံ ပေါ်လာခဲ့တယ်။

"နောက်ပိုင်းလည်း အတူတူ သေချာ လက်တွဲလုပ်ဆောင်ကြတာပေါ့"

"ငါ အစွမ်းကုန် ကြိုးစားသွားမှာပါ"

တကယ်လို့ သူတို့သာ ကျွန်တော့်ကြောင့် ဘာတွေ ဖြစ်လာတော့မလဲဆိုတာကို သိခဲ့ရင် အခုလိုမျိုး ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဒီနေရာမှာ ဒါကို ပြောပြနေဖို့ မလိုပါဘူးလေ။

ကျွန်တော်တို့က လေးစားရတဲ့ ပညာရှင်တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး သူ့ရဲ့ ပြောကြားချက်တွေကို ကြားခဲ့ရပါပြီ။ ပြီးတော့ ကျွန်တော်က သူ့ပြောကြားချက်ကို ယုံကြည်ပြီး လိုက်နာဖို့ ရည်ရွယ်ထားတာပါ။

လူတွေကတော့ ကျွန်တော့်ကို အရူးတစ်ယောက် ဒါမှမဟုတ် လူလိမ်တစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒါက နောက်ပိုင်း ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေအတွက် တရားဝင်မှု ဖြစ်စေလိမ့်မယ်လေ။

စကားပြောပြီးသွားတဲ့နောက်မှာတော့ ကျွန်တော်တို့ ထွက်ခွာလာခဲ့ကြတယ်။

အခုဆိုရင် ပါမောက္ခကို ရရှိခဲ့ပြီဆိုတော့ အရေးအကြီးဆုံး ပြဿနာက ပြေလည်သွားခဲ့ပါပြီ။

ကျွန်တော် ကုမ္ပဏီကို ဖုန်းဆက်ပြီး သုတေသန ရန်ပုံငွေကို ချက်ချင်း လွှဲပေးဖို့ ညွှန်ကြားလိုက်တယ်။ စကားတစ်ခွန်းထဲနဲ့တင် ဒေါ်လာ ၁ သန်းက Caltech ဆီကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

နောက်ပြီးတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံ ဆီကို ဖုန်းဆက်လိုက်တယ်။ ကိုရီးယားမှာတော့ သန်းခေါင်ယံအချိန် ဖြစ်နေခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ ဖုန်းက ချက်ချင်း ဝင်သွားခဲ့တယ်။

"ဒီလို ညဉ့်နက်တဲ့ အချိန်မှာ ဆက်သွယ်မိလို့ အားနာပါတယ်ဗျာ"

ဥက္ကဋ္ဌ လင်ဂျင်ယုံ က နွေးထွေးစွာ ပြန်ဖြေတယ်။

[အဆင်ပြေပါတယ်။ မင်း အမေရိကန်ကို အလုပ်ကိစ္စနဲ့ ရောက်နေတယ်လို့ ကြားတယ်။]

"ဟုတ်ကဲ့။ ဆောင်ရွက်စရာ ကိစ္စတချို့ ရှိနေလို့ပါ"

ကျွန်တော် လိုရင်းကိုပဲ တန်းပြောလိုက်တယ်။

"Npple Z ကို မိတ်ဆက်မယ့်ရက်က ဘယ်တော့လဲဆိုတာ ဥက္ကဋ္ဌ သိပါသလား"

ဆိုဆောင်း အီလက်ထရောနစ် ဟာ ပရီမီယံဖုန်းဈေးကွက်မှာ nPhone နဲ့ ပြိုင်ဆိုင်နေရတာပါ။ သူတို့က ပြိုင်ဘက်တွေရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နေရမှာပဲလေ။

[စက်တင်ဘာလနှောင်းပိုင်းလို့ သတ်မှတ်ထားတယ်လို့ ထင်တာပဲ။]

" ရက်စွဲ အတိအကျက ဘယ်တော့လဲ"

[အဲဒါကိုတော့ ငါတို့လည်း အတိအကျ မသိသေးဘူး။ မိတ်ဆက်မယ့် ရက်စွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက လျှို့ဝှက်ချက် ဖြစ်နေလို့လေ။ Npple ဘက်က ကုန်ပစ္စည်း ကြေညာတဲ့ အချိန်ကျမှပဲ အသိပေးဖို့ များတယ်]

ပုံမှန်အားဖြင့်တော့ ကုန်ပစ္စည်း ကြေညာပြီး တစ်ပတ်အတွင်းမှာပဲ မိတ်ဆက်လေ့ရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီအချိန်အထိ ဒီအတိုင်း စောင့်ဆိုင်းနေလို့ မရဘူးလေ။

"ဒါကို စုံစမ်းလို့ရမယ့် နည်းလမ်း ရှိမလားဗျ"

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ဇဝေဇဝါဖြစ်နေတဲ့ လေသံနဲ့ ကျွန်တော့်ကို မေးလာတယ်။

[ဘာဖြစ်လို့လဲ]

ရုတ်တရက်ကြီး တခြားကုမ္ပဏီတစ်ခုရဲ့ စမတ်ဖုန်းမိတ်ဆက်မယ့် ရက်စွဲကို စိတ်ဝင်စားနေတာက ထူးဆန်းနေမှာ သေချာတာပေါ့။

"နောက်မှ အသေးစိတ် ရှင်းပြပါ့မယ်။ ဒါက အရမ်းကို အရေးကြီးနေလို့ ကူညီပေးဖို့ တောင်းဆိုတာပါ"

ကံကောင်းတာက သူက ထပ်ပြီး အတင်းအကြပ် မမေးခဲ့ဘူး။

[နားလည်ပါပြီ။ ငါ တတ်နိုင်သလောက် စုံစမ်းပေးပါ့မယ်]

"ကျေးဇူးတင်ပါတယ်ဗျာ"

ဖုန်းချလိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့်ဖုန်းက ထပ်ပြီး မြည်လာပြန်တယ်။ ဖုန်းခေါ်သူက အယ်လီပါ။

ကျွန်တော် ဖုန်းကို ကိုင်လိုက်တာနဲ့ သူက ချက်ချင်း မေးလာခဲ့တယ်။

[နင် အခု Caltech မှာ ရှိနေတာလား]

အယ်လီ ရဲ့ စကားကြောင့် ကျွန်တော် ကြောင်အမ်းသွားခဲ့ရတယ်။

"နေပါဦး။ နင်က ဒါကို ဘယ်လိုသိတာလဲ"

[Caltech က ကျောင်းသားတစ်ယောက်က FaceNote ပေါ်မှာ ဓာတ်ပုံ တင်ထားတာလေ။ နင်က သူတို့ကျောင်းကို လာတယ်ဆိုပြီးတော့ပေါ့။ သတင်းတချို့လည်း ထွက်လာသေးတယ်။ 'OTK ကုမ္ပဏီ စီအီးအို Caltech သို့ သွားရောက်' ဆိုပြီးတော့လေ]

"ဪ..."

ဒါက ပါပါရာဇီတွေလိုက်ခံရတဲ့ ခံစားချက်မျိုး ဖြစ်သွားစေခဲ့တယ်။

[အခုတော့ ကွန်မန့်တွေထဲမှာ MIT က ကျောင်းသားတွေနဲ့ Caltech က ကျောင်းသားတွေကြားမှာ နင်က MIT ထက် Caltech ကို အရင်သွားရမလားဆိုပြီး အငြင်းပွားနေကြတယ်လေ]

"..."

ဘာဖြစ်လို့ အဲဒီလို ဖြစ်နေကြတာလဲ။

[ဒါနဲ့ Caltech ကို ဘာဖြစ်လို့ သွားရတာလဲ]

"တွေ့စရာ လူတချို့ ရှိလို့ပါ။ ဒါနဲ့ အယ်လီ... နင့်ကို ပြောစရာ တချို့ ရှိနေတယ်..."

ဒါကို ဘယ်လိုပြောရမလဲဆိုတာ မသေချာဘူး ဖြစ်မိတယ်။

ဒါကို မြန်မြန်ပဲ ပြောလိုက်တာ ပိုကောင်းမယ်ထင်တာပဲ။

[ဘာများလဲ။ ပြောပါဦး]

"နွေရာသီ အားလပ်ရက် အကြောင်းပါ။ စိတ်မကောင်းပေမဲ့ အားလပ်ရက် ခရီးစဉ်ကို ရွှေ့ဆိုင်းရလိမ့်မယ် ထင်တယ်"

ခဏလောက် ကြာတော့ အယ်လီ က မေးလာတယ်။

[ဘာဖြစ်လို့လဲဟင်]

"ကိစ္စတချို့ ပေါ်လာလို့ပါ"

အယ်လီ က ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီး စိတ်ပျက်သွားတဲ့ပုံပဲ။ သူက အားလပ်ရက် ခရီးသွားဖို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တာလေ။

[ဒါက အရမ်း အရေးကြီးတဲ့ ကိစ္စမလို့လား]

"ဟုတ်တယ်၊ အရမ်းကို အရေးကြီးလို့ပါ"

ခဏကြာတော့ အယ်လီ က ပျော်ရွှင်စရာကောင်းတဲ့ လေသံမျိုး ဖန်တီးပြီး ပြောလာခဲ့တယ်။

[အင်း၊ ဒါဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ အဲဒီအစား အဲဒီကိစ္စ ပြီးသွားတာနဲ့ အားလပ်ရက် ခရီးကို သေချာပေါက် သွားကြမယ်လို့ ကတိပေးနော်]

"ကတိပေးပါတယ်။ ဆုံမှပဲ အသေးစိတ် ထပ်ပြောကြတာပေါ့"

[ကိုရီးယားကို ဘယ်တော့ ပြန်လာမှာလဲ]

"မနက်ဖြန် ထွက်လာခဲ့ပါ့မယ်"

ကျွန်တော် သူ့ကို အစ်မ ဟျွန်းဂျူး ဆီကိုလည်း နှုတ်ဆက်စကား ပါးပေးဖို့ ပြောပြီး ဖုန်းချလိုက်တယ်။

ကျွန်တော်တို့ Silicon Valley ဆီကို နောက်ထပ် ငါးနာရီလောက် ကားမောင်းပြန်ခဲ့ကြတယ်။ ခရီးစဉ်က မြန်ဆန်ခဲ့သလိုပဲ ခံစားရပေမဲ့ တစ်ရက်လုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

"တော်တော်လေး ပင်ပန်းနေပြီ။ အရင်ဆုံး စားကြရအောင်"

ကျွန်တော်တို့တွေ ဟိုတယ်မှာ ကားပါကင်ထိုးပြီး အနီးအနားက စားသောက်ဆိုင်တစ်ခုဆီကို ဦးတည်ခဲ့ကြတယ်။ ညဉ့်နက်နေပြီ ဖြစ်ပေမဲ့ အဆောက်အဦးတွေက မီးလင်းနေတုန်းဖြစ်ပြီး မြို့ကြီးက စည်ကားနေဆဲပါပဲ။

ညဘက်မှာတော့ မြို့ရဲ့ စွမ်းအင်က ပိုပြီးတော့တောင် သက်ဝင်လှုပ်ရှားနေသလိုပဲ။

လူတွေ မှတ်မိသွားမှာ စိုးရိမ်တာကြောင့် ကျွန်တော် ဦးထုပ်ကို အောက်ဘက် ငိုက်ချလိုက်ပြီး ထောင့်တစ်နေရာမှာ ထိုင်လိုက်တယ်။ ဆိုင်ထဲမှာတော့ အမျိုးမျိုးသော လူမျိုးစုတွေက လွတ်လွတ်လပ်လပ် အချင်းချင်း စကားပြောဆိုနေကြပြီး အချက်အလက်တွေကို ဖလှယ်နေကြတာပါ။

ဒီလို ကွဲပြားခြားနားမှုတွေနဲ့ ဆက်နွှယ်မှုတွေကပဲ ဒီမြို့ရဲ့ အင်အား ဖြစ်နေမှာ သေချာတယ်။

ကျွန်တော်တို့ စားစရာတွေ ပြင်ဆင်နေတုန်းမှာပဲ ဘီယာက အရင်ဆုံး ရောက်လာခဲ့တယ်။

တက်ဂယူက မေးလာတယ်။

"အခုကစပြီး မင်း ဘာဆက်လုပ်မှာလဲ"

ကျွန်တော် ဘီယာကို တစ်ငုံသောက်လိုက်ပြီး ပြန်ဖြေလိုက်တယ်

"အခုကစပြီး အဲဒီအကြောင်းကို စပြီး စဉ်းစားရတော့မယ်"

ကျွန်တော် ဘယ်သူ့ကိုမှ အသိမပေးခဲ့ပေမဲ့ ကျွန်တော် Silicon Valleyမှာ ရှိနေတယ်ဆိုတဲ့ အချက်က မကြာခင်မှာပဲ လူသိရှင်ကြား ဖြစ်သွားခဲ့တယ်။ ဆုံတွေ့ဖို့ တောင်းဆိုချက်တွေက နေရာအနှံ့ကနေ လျှံထွက်လာခဲ့တာပေါ့။

လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြားလူတွေလည်း ပါတာပါ။

သူတို့အားလုံးနဲ့ ဆုံတွေ့ဖို့ဆိုရင် ကျွန်တော် ဒီမှာ အနည်းဆုံး တစ်လလောက် နေထိုင်ရလိမ့်မယ်။

ကျွန်တော် ယဉ်ကျေးစွာပဲ ငြင်းပယ်လိုက်ပြီး ကိုရီးယားကို ပြန်မယ့် လေယာဉ်ပေါ်ကို တက်ခဲ့လိုက်တယ်။ ပြန်လာတဲ့ ခရီးစဉ်တစ်လျှောက်လုံး ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာကိုပဲ စဉ်းစားနေခဲ့မိတယ်။

နှစ်လဆိုတာက အချိန်အကြာကြီးလို့ ထင်ရပေမဲ့ အကြီးစား ဘေးအန္တရာယ်ကြီးတစ်ခုအတွက် ပြင်ဆင်ဖို့ဆိုရင်တော့ လုံးဝကို မလုံလောက်တဲ့ အချိန်ပါ။

ကျွန်တော် မှတ်စုတွေကို ထပ်ပြီး ကျော်ဖတ်လိုက်တယ်။ ပါမောက္ခ မိုဟန် က စာအုပ်တစ်အုပ်လုံးမှာ မဟာငလျင်ကြီးရဲ့ အန္တရာယ်ရှိနိုင်ခြေတွေကို ဆွေးနွေးထားပြီး အစိုးရရဲ့ အစီအမံတွေကို တောင်းဆိုထားတာပါ။

အဓိက အချက်တွေထဲမှာ ဗဟိုချက်နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ အန္တရာယ်အရှိဆုံး ဒေသက လူဦးရေကို ရွှေ့ပြောင်းပေးဖို့၊ ဒုက္ခသည်တွေအတွက် ခိုလှုံရာနေရာတွေ ဆောက်လုပ်ဖို့၊ ချက်ချင်း ကူညီပံ့ပိုးပေးနိုင်မယ့် ကယ်ဆယ်ရေး ပစ္စည်းတွေကို စုဆောင်းထားဖို့နဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ချမှတ်ဖို့ စတာတွေ ပါဝင်ပါတယ်။

၁၀ နာရီကျော်ကျော် ကြာတဲ့ လေယာဉ်စီးချိန်အတွင်းမှာ ကျွန်တော် ကြိုတင်ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းစဉ်တွေကို ဦးစားပေးအလိုက် သတ်မှတ်လိုက်တယ်။

လေဆိပ်ကို ဆင်းသက်လိုက်တဲ့ အချိန်မှာတော့ ကျွန်တော် ကောက်ချက်တစ်ခုကို ချပြီးသွားခဲ့ပါပြီ။

"ငါ့မှာ ပိုက်ဆံ လိုအပ်နေတယ်"

"ဘယ်လောက်လဲ"

"အများကြီးပဲ"

ဒီအတောအတွင်းမှာ အသုံးစရိတ်တွေ အများကြီး ရှိခဲ့ပေမဲ့ ဝင်ငွေကတော့ နည်းပါးနေခဲ့တာပါ။ OTK Games က သုံးလပတ် အမြတ်ဝေစုတွေ ပေးနေပေမဲ့လည်း လိုအပ်တဲ့ ပမာဏနဲ့တော့ အဝေးကြီး လိုပါသေးတယ်။

ကံကောင်းတာက ကျွန်တော် ရှယ်ယာပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးက သိသိသာသာ မြင့်တက်လာခဲ့တာပါ။ CarOS တစ်ခုထဲတင် ဒေါ်လာ သန်း ၁ထောင်ကျော်အထိ တန်ဖိုးရှိနေတာလေ။

အင်ချွန်း လေဆိပ်ကို ဆင်းသက်ပြီးနောက် ကျွန်တော်တို့ ကားစီးပြီး ဂန်နမ် ဆီကို ဦးတည်ခဲ့ကြတယ်။ OTK Company အဆောက်အဦးထဲကို မဝင်ခင်မှာ Golden Gate အဆောက်အဦးဆီကို အရင်ဆုံး ဝင်ခဲ့ကြတယ်။

ဌာနခွဲမန်နေဂျာရုံးခန်းဆီကို တက်သွားတဲ့အခါမှာတော့ အစ်မ ဟျွန်းဂျူး အလုပ်လုပ်နေတာကို တွေ့လိုက်ရတယ်။

"အလုပ်ကိစ္စ ခရီးစဉ် အဆင်ပြေခဲ့ရဲ့လား"

"အယ်လီ ကော ဘယ်မှာလဲ"

"သူ ခဏ ရုံးခွဲဘက်ကို သွားတယ်။ မကြာခင် ပြန်လာလိမ့်မယ်"

တက်ဂယူက ကိုင်ထားတဲ့ စာအိတ်ကို ကျွန်တော့်ဆီ လှမ်းပေးတယ်။

"အစ်မအတွက် လက်ဆောင် ယူလာခဲ့တယ်"

ဒါတောင်မှ ဒီလိုအခြေအနေတွေကြားထဲမှာတင် ကျွန်တော်က အကောက်ခွန်မဲ့ဆိုင်ကနေ Dunhill 1mm နှစ်ဗူးကို အစ်မဟျွန်းဂျူးအတွက် လက်ဆောင်အဖြစ် ဝယ်လာခဲ့သေးတာပါ။ ဆေးလိပ်သောက်တတ်တဲ့သူအတွက်တော့ ဒါထက်ကောင်းတဲ့ လက်ဆောင် မရှိဘူးလေ။

အစ်မ ဟျွန်းဂျူး က မငြင်းပယ်ဘဲ လက်ခံလိုက်တယ်။

"နင်တို့လက်ဆောင်က အဆင်ပြေပါတယ်"

ကျွန်တော်တို့ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြတယ်။ အတွင်းရေးမှူးက ကော်ဖီ ယူလာပေးတယ်။

"အရမ်း အလုပ်ရှုပ်နေတာလား"

"အမြဲတမ်းအလုပ်ရှုတ်နေတာပါပဲ"

အစ်မ ဟျွန်းဂျူး က အကောက်ခွန်မဲ့ စီးကရက်ဗူးကို ချက်ချင်းပဲ ဖွင့်လိုက်ပြီး တစ်လိပ်ကို ပါးစပ်ထဲထည့်ကာ မီးညှိလိုက်တယ်။

"အလုပ်ရှုပ်နေမှန်း သိပေမဲ့ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"

"ဘာကိစ္စလဲ"

"ကျွန်တော် ငွေတိုက်စာချုပ်တွေ ထုတ်ဝေဖို့ အစီအစဉ် ရှိလို့ပါ"

ကုမ္ပဏီတစ်ခုအနေနဲ့ ငွေသားရှာဖွေနိုင်မယ့် အဓိက နည်းလမ်း နှစ်ခု ရှိပါတယ်။ အဲဒါကတော့ ရှယ်ယာရောင်းချတာနဲ့ ငွေတိုက်စာချုပ် ထုတ်ဝေတာပါ။

ငွေတိုက်စာချုပ်တွေကတော့ အပ်ငွေလိုမျိုးပဲ ပုံသေအတိုးနှုန်း ရရှိနိုင်မယ့် အားသာချက် ရှိပေမဲ့ အရင်းအနှီး အာမခံချက် မရှိတဲ့အတွက် ကုမ္ပဏီသာ ပျက်စီးသွားခဲ့မယ်ဆိုရင် ပိုက်ဆံ ပြန်ရချင်မှ ရမှာပါ။ ဟိုဆောင်း ငွေစုဘဏ်ရဲ့ ဖြစ်ရပ်က သာဓကတစ်ခုပါပဲ။

ဒါကြောင့်မလို့ ထုတ်ဝေတဲ့ ကုမ္ပဏီရဲ့ ယုံကြည်စိတ်ချရမှုက အရမ်းကို အရေးကြီးပါတယ်။

အစ်မ ဟျွန်းဂျူး က စီးကရက်သောက်ရင်း ပြောလာတယ်။

"ကုမ္ပဏီရဲ့ ငွေတိုက်စာချုပ်လား"

"ဟုတ်ကဲ့။ ၃ နှစ် သက်တမ်းရှိမယ့် ဒေါ်လာအခြေပြု စာချုပ်လို့ စဉ်းစားထားတာပါ။ အတိုးနှုန်းနဲ့ ပေးချေမယ့် နည်းလမ်းကိုတော့ အစ်မဟျွန်းဂျူးပဲ ဆုံးဖြတ်ပေးပါ"

"OTK Company ရဲ့ ငွေတိုက်စာချုပ်ဆိုရင်တော့ လိုအပ်ချက်က တော်တော်လေး ရှိမှာပဲ။ ဘယ်လောက် ပမာဏအထိ ထုတ်ဖို့ စဉ်းစားထားလဲ"

"သန်း ၂သောင်းပါ"

ကျွန်တော့်စကားကြောင့် အစ်မ ဟျွန်းဂျူး က ကြောင်အမ်းသွားခဲ့ရတယ်။

"ဒေါ်လာ သန်း ၂သောင်းလား။ ဝမ် မဟုတ်ဘူးနော်"

"ဒေါ်လာအခြေပြုလို့ ပြောခဲ့တာလေဗျာ"

ဒေါ်လာ သန်း ၂သောင်း လို့ သတ်မှတ်လိုက်ပေမဲ့ ဒီပမာဏက သာမန်ကုမ္ပဏီရဲ့ ငွေတိုက်စာချုပ်တင် မကတော့ဘဲ အစိုးရရဲ့ ငွေတိုက်စာချုပ် ထုတ်ဝေတာမျိုးနဲ့ တူနေပါပြီ။

အစ်မ ဟျွန်းဂျူး က ဇဝေဇဝါပုံစံနဲ့ မေးလာတယ်။

"အဲဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးဖို့ စဉ်းစားထားတာလဲ"

"ရင်းနှီးမြှုပ်နှံရမယ့် နေရာတွေ ရှိလို့ပါ"

"ရင်းနှီးမြှုပ်နှံဖို့ ဟုတ်လား"

ကျွန်တော် ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

"အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားတာပါ"

All Chapters