အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅)
တက်ဂယူ နဲ့ ကျွန်တော်ဟာ OTK Company မှာ ရှယ်ယာတွေ မပြောင်းလဲခင် ဝမ် သန်း ၁၃၀၀၀ ထုတ်ယူခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော်က K Company မှာပဲ အလုပ်လုပ်ပြီး တစ်လကို လစာ ဝမ် ၁၀ သန်းနဲ့ နေထိုင်ခဲ့တာပါ။
အလုပ်နဲ့ ပတ်သက်တဲ့ အသုံးစရိတ် အားလုံးကို ကုမ္ပဏီကတ်နဲ့ပဲ သုံးတာကြောင့် ကိုယ်ပိုင်ငွေ သုံးစရာ သိပ်မလိုခဲ့ပါဘူး။ ကုမ္ပဏီနာမည်နဲ့ပဲ Porsche ကားတစ်စီးကိုတောင် Lease(အငှား) စနစ်နဲ့ ယူထားပါသေးတယ်။
ဒီအတောအတွင်းမှာ ပိုက်ဆံတွေ အများကြီး ရှာထားနိုင်ခဲ့ပြီဆိုတော့ အမြတ်ဝေစုတွေ ခွဲဝေဖို့ အချိန်တန်ပါပြီ။
ဒီနှစ်မှာ OTK Company က အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာပါ။
ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ တက်လာတာကို ခဏထားဦး။ Brexit တုန်းကတင် OTK Company နဲ့ K Company ဟာ အမေရိကန်ဒေါ်လာ သန်း ၃သောင်းခွဲလောက် မြတ်ခဲ့ပြီး အမေရိကန် သမ္မတရွေးကောက်ပွဲမှာလည်း နောက်ထပ် ဒေါ်လာ သန်း ၂၈၀၀လောက် ထပ်မြတ်ခဲ့ပါတယ်။
ဆက်တိုက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လိုတာကြောင့် ကုမ္ပဏီထဲမှာ အမြတ်ငွေ အများအပြား ထားရှိဖို့ကတော့ အရေးကြီးပါတယ်။
လက်ရှိမှာ CarOS ဟာ Chrysler နဲ့ ပေါင်းစည်းပြီးတဲ့နောက် စက်ရုံတွေကို ချဲ့ထွင်နေသလို ထုတ်လုပ်မှုလိုင်းတွေကိုလည်း ပြန်ပြီး ဖွဲ့စည်းနေပါတယ်။ ခဏတဖြုတ်တော့ အရောင်းပိုင်းထက် ကားအသစ် ထုတ်လုပ်ဖို့၊ အရည်အသွေး မြှင့်တင်ဖို့နဲ့ အလိုအလျောက် မောင်းနှင်စနစ် စမ်းသပ်မှုတွေမှာပဲ အာရုံစိုက်ရမှာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် ထပ်လိုဦးမလဲဆိုတာ မသေချာသေးပါဘူး။
ဒါပေမဲ့လည်း အမြတ်ဝေစု ခွဲပေးဖို့ကတော့ လုံလောက်ပါတယ်။
"ဒီနှစ်အတွက် ဝမ် သန်း ၅သောင်း လောက် ခွဲဝေကြရအောင်"
အမြတ်ဝေစု ခွဲဝေရင် အမြတ်ဝေစုခွန် ၁၅.၄ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ငွေကြေးဝင်ငွေ ဝမ် သန်း ၂၀ ထက် ကျော်ရင်တော့ အထွေထွေ ဝင်ငွေခွန် ထဲမှာ ပါဝင်သွားမှာပါ။
အထွေထွေ ဝင်ငွေခွန်က နှစ်အလိုက် တွက်ချက်တာဖြစ်လို့ အခွန်သက်သာအောင် အမြတ်ဝေစုကို နှစ်အနည်းငယ် ခွဲပြီး ထုတ်ယူတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တစ်နှစ်စာ ဝင်ငွေက ဝမ် သန်း ၁၀၀ ကျော်နေပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အမြင့်ဆုံး အခွန်နှုန်းထားထဲမှာပဲ ရှိနေမှာပါ။
OTK Company ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကျွန်တော် ပိုင်ဆိုင်ပြီး တက်ဂယူ က ၁၇ ရာခိုင်နှုန်း၊ အစ်မဟျွန်းဂျူး က ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ဝမ် သန်း ၅သောင်း ခွဲဝေမယ်ဆိုရင် ကျွန်တော်က သန်း ၄သောင်း၊ တက်ဂယူ က သန်း ၈၅၀၀နဲ့ အစ်မဟျွန်းဂျူး က သန်း ၁၅၀၀ အသီးသီး ရကြမှာပါ။ အခွန်တွေ နှုတ်လိုက်ရင်တော့ လက်ထဲရောက်မယ့် ပမာဏက တစ်ဝက်လောက်ပဲ ရှိတော့မှာပေါ့။
"ဘာလို့ အခွန်က ဒီလောက်တောင် များနေတာလဲ"
"ပိုက်ဆံရှာထားမှတော့ အခွန်ဆောင်ရမှာပေါ့။ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက်ပဲ ဝမ်းသာအားရ ဆောင်ပေးလိုက်စမ်းပါ"
အကျိုးရှိရှိ သုံးမယ်ဆိုရင် အခွန်ဆောင်ရတာကို ဘာလို့ တွန့်တိုနေမှာလဲ။
တက်ဂယူ က နားမလည်နိုင်သလိုနဲ့ မေးတယ်။
"ဒါနဲ့ မင်းက ကုမ္ပဏီအခွန်တွေ သက်သာအောင်လို့ အခွန်မဲ့ဇုန်မှာ ကုမ္ပဏီထောင်ထားတာ မဟုတ်ဘူးလား"
"အဲဒါကတော့..."
ကျွန်တော်လည်း ကြောင်သွားပြီး ပြန်ပြောလိုက်တယ်။
"အဲဒါကို လုပ်ခဲ့တာ မင်းလေ။ အရူးရဲ့"
အခုတော့ ကျွန်တော်က အဓိက ရှယ်ယာရှင် ဖြစ်နေပေမဲ့ ကုမ္ပဏီကို စပြီး တည်ထောင်ခဲ့တာက တက်ဂယူ ပါ။ ဒါကြောင့်လည်း ကုမ္ပဏီနာမည်က OTK Company (Oh Taek-gyu Company) ဖြစ်နေတာပေါ့။
တကယ်တော့ ဒါက ကောင်းတဲ့အလုပ်ပါ။ တကယ်လို့ ကိုရီးယားမှာသာ ကုမ္ပဏီထောင်ခဲ့ရင် အခုဆို အခွန်တွေ အများကြီး ပေးဆောင်နေရမှာပါ။
ကမ္ဘာကျော် ကုမ္ပဏီကြီးတွေနဲ့ သင်္ဘောပိုင်ရှင်တွေက အကြောင်းမရှိဘဲ အခွန်မဲ့ဇုန်တွေမှာ ကုမ္ပဏီသွားထောင်ကြတာ မဟုတ်ပါဘူး။
K Company ရဲ့ စီအီးအို အတွက်လည်း ဘောနပ်စ်အဖြစ် ဝမ် သန်း ၅ထောင် သီးသန့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပမာဏကို ကြားတော့ စီနီယာ ဆန်းယော့ က သိပ်ပြီး စိတ်လှုပ်ရှားပုံမရဘူး။
"အခွန်တွေကတော့ အများကြီး ဖြစ်တော့မှာပဲ"
သူပိုင်ဆိုင်တဲ့ ရှယ်ယာတန်ဖိုးတင် ဝမ် သိန်းပေါင်း တစ်ကုဋေကျော်နေပြီဆိုတော့ ရှယ်ယာတန်ဖိုးက နှစ်တိုင်း ၂ ရာခိုင်နှုန်းလောက် တက်လာဖို့ပဲ မျှော်လင့်ရမှာပါ။
"တစ်ခါတလေ ဒီလောက်တောင် ရှာနေတာ ဟုတ်ရဲ့လားလို့ တွေးမိတယ်"
"ဒါက စီနီယာ ကြိုးစားခဲ့လို့ပါ"
"မင်းပြောတာကို ငါက သေချာနားထောင်ခဲ့လို့ပါ။ အခုထိ အိပ်မက်ထဲမှာ Brexitအကြောင်းမက်ပြီး ငါ လန့်နိုးလာတုန်းပဲ"
"တကယ်လို့ ရလဒ်က ပြောင်းပြန်သာ ဖြစ်သွားရင်ကော"
စီနီယာ ဆန်းယော့ က ရယ်ပြီး ပြောတယ်။
"မဟုတ်ဘူး၊ ရလဒ်ကတော့ အတူတူပဲ ဖြစ်မှာပဲ။ ဒါပေမဲ့ ငါက မင်းစကားကို နားမထောင်ဘဲ အကုန် ကြိုရောင်းလိုက်တာမျိုးကိုတော့ အိပ်မက် ခဏခဏမက်တယ်"
အဲဒီစကားကြောင့် ကျွန်တော်တို့ အားလုံး ဝါးလုံးကွဲ ရယ်မိကြတယ်။ အဲဒီနောက် ဝန်ထမ်းအားလုံးနဲ့ အစည်းအဝေးလုပ်တဲ့အခါ နှစ်ကုန်ဘောနပ်စ်အကြောင်း ထည့်ပြောလိုက်ပါတယ်။
အရင်ပေးဖို့ ဆုံးဖြတ်ထားတဲ့ ဘောနပ်စ်တွေအပြင် ဝန်ထမ်းတစ်ယောက်ချင်းစီကို သူတို့ရဲ့ တစ်နှစ်စာ လစာရဲ့ နှစ်ဆကို ဘောနပ်စ်အဖြစ် ထပ်ပေးဖို့ သဘောတူလိုက်ကြတယ်။
ကိုရီးယားက ငွေကြေးကုမ္ပဏီတွေက နည်းနည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြပေမဲ့ ပြည်ပက ငွေကြေးကုမ္ပဏီတွေ နှစ်ကုန်ရင် ပိုက်ဆံတွေ အလကား ပေးနေသလိုမျိုး လုပ်ကြတာက နောက်ပြောင်တာ မဟုတ်ပါဘူး။
ငွေကြေးအကြပ်အတည်း ဖြစ်နေချိန်တုန်းကတောင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက အရေးပေါ်ရန်ပုံငွေတွေကို သုံးပြီး ဒေါ်လာ သန်းပေါင်းများစွာကို ဘောနပ်စ်အဖြစ် ပေးခဲ့ကြလို့ လူထုရဲ့ ဒေါသကို ခံခဲ့ရဖူးပါတယ်။ (အဲဒီထဲမှာ Golden Gate လည်း ပါတာပေါ့)။
ကျွန်တော်တို့ကတော့ ဒီနှစ်မှာ အများကြီး ရှာထားနိုင်တာဆိုတော့ ဒီလောက် ပျော်ပွဲရွှင်ပွဲ လုပ်တာကတော့ ထိုက်တန်ပါတယ်။
မမျှော်လင့်ဘဲ ဘောနပ်စ်တွေ ရလိုက်တော့ ဝန်ထမ်းတွေကလည်း ဝမ်းသာအားရ လက်ခုပ်တီးပြီး အော်ဟစ် အားပေးကြတယ်။
ဖြောင်း။ ဖြောင်း။ ဖြောင်း
"ယေး"
"ကျေးဇူးတင်ပါတယ်"
"အကောင်းဆုံး ကြိုးစားသွားပါ့မယ်"
"ဂျင်ဟူ... မဟုတ်ဘူး၊ စီအီးအို က အကောင်းဆုံးပဲ"
ကြည့်ရတာ ပျော်လွန်းလို့ သေတော့မယ့်ပုံ ဖြစ်နေတဲ့ စီနီယာ ကီဟုမ်ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ ဂုဏ်ယူမိတယ်။
တကယ်လို့ K Company သာ မရှိရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲတောင် တွေးမိတဲ့အထိပဲ။
ကျွန်တော်တို့ Golden Gate ရဲ့ ရုံးခွဲမှာ အစ်မ ဟျွန်းဂျူး နဲ့ အယ်လီတို့ကို သွားတွေ့ခဲ့တယ်။
ဘေးချင်းကပ် အဆောက်အဦးမှာ အလုပ်လုပ်ကြတာဆိုတော့ ပုံမှန်ဆိုရင် တစ်နေ့တစ်ကြိမ်လောက် တွေ့ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မတွေ့ဖြစ်တာ ရက်နည်းနည်း ကြာသွားပါပြီ။
နှစ်ယောက်လုံး ကြည့်ရတာ အရမ်းကို ပင်ပန်းနေတဲ့ပုံပဲ။ ကော်ဖီသောက်နေမယ့်အစား အိပ်ရာထဲမှာ လဲနေသင့်တဲ့ ပုံစံမျိုးတွေပေါ့။
"လော်ဘီမှာ မမြင်ဖူးတဲ့ လူတွေ တွေ့ခဲ့တယ်။ ဝန်ထမ်းသစ်တွေ ခန့်လိုက်တာလား"
"အဲဒါ အာရှရုံးခွဲကနေ အလုပ်ကိစ္စနဲ့ လာကြတဲ့ ဝန်ထမ်းတွေပါ" လို့ အစ်မ ဟျွန်းဂျူး က အတိုချုံး ပြန်ဖြေပါတယ်။
"ဘာဖြစ်လို့လဲ" ကျွန်တော်တို့က စိတ်ဝင်တစား မေးလိုက်တော့ အစ်မ ဟျွန်းဂျူး က ရှင်းပြတယ်။
"Golden Gate ရဲ့ လက်အောက်ခံ Private Equity Fund တစ်ခုက ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ပေါင်းပြီး ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ လုပ်နေကြတာ။ မူလကတော့ ကိုရီးယားရုံးခွဲကပဲ လုပ်ရမှာ ဖြစ်ပေမဲ့ အခုက စနစ်တွေ အသားမကျသေးတော့ အာရှရုံးခွဲက စစ်ဆေးရေးအဖွဲ့ က လာကူပေးတာလေ"
အယ်လီ ကလည်း ဝင်ပြောတယ်။
"သူတို့က ငါတို့ အရင်က အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတွေပါ"
ဒါက အစ်မ ဟျွန်းဂျူး ရဲ့ ကျွမ်းကျင်တဲ့ နယ်ပယ်ပဲလေ။ သူ အာရှရုံးခွဲမှာတုန်းက ကိုရီးယားကုမ္ပဏီတွေကို ဝယ်ယူတဲ့ (M&A) အလုပ်တွေကို အဓိက ကိုင်တွယ်ခဲ့တာပါ။
"ဘယ်ကုမ္ပဏီကို ဝယ်မှာလဲ" လို့ ကျွန်တော် မေးလိုက်တယ်။
"X-cop လေ"
ကျွန်တော် အံ့ဩသွားတယ်။
"အဲဒါ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီ မဟုတ်လား"
"ဟုတ်တယ်"
X-cop ဆိုတာ Golden Gate အဆောက်အဦးနဲ့ OTK အဆောက်အဦးရဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုကို တာဝန်ယူထားတဲ့ ကုမ္ပဏီပါ။ ကျွန်တော့် အမေနဲ့ ကျွန်တော့်ရဲ့ လုံခြုံရေးအဖွဲ့ကိုလည်း သူတို့ကပဲ တာဝန်ယူထားတာ ဖြစ်ပါတယ်။
"ဒီတစ်ခါမှာတော့ အမေရိကန် လုံခြုံရေး လုပ်ငန်းစုဖြစ်တဲ့ Typo Group က ကိုရီးယား ဈေးကွက်ထဲက X-cop ကို ရောင်းဖို့ တင်လိုက်တာ"
Typo Group က ၂၀၀၀ ပြည့်နှစ် အစောပိုင်းတုန်းက X-cop ကို ဝမ် သန်း ၅သောင်း နဲ့ ဝယ်ယူခဲ့တာပါ။ လုံခြုံရေး ဝန်ဆောင်မှု၊ အဆောက်အဦး စီမံခန့်ခွဲမှုနဲ့ ကိုယ်ရံတော် ဈေးကွက်တွေ ကြီးထွားလာတာနဲ့အမျှ X-cop လည်း အများကြီး ချဲ့ထွင်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ စာရင်းအရဆိုရင် ဝင်ငွေ ဝမ် သန်းပေါင်း ၈၉၄,၀၀၀ရှိပြီး လုပ်ငန်းလည်ပတ်မှုအမြတ်က ဝမ် သန်းပေါင်း ၁၈၉,၀၀၀ ရှိပါတယ်။
"လောလောဆယ် ကိုရီးယားမှာ အကြီးဆုံး လုံခြုံရေးကုမ္ပဏီက ဆိုဆောင်း အုပ်စုရဲ့ လက်အောက်ခံ DSပါ။ ဒုတိယကတော့ Xscape ပေါ့။ သူတို့ရဲ့ နှစ်စဉ်ဝင်ငွေနဲ့ အမြတ်က တဖြည်းဖြည်း တိုးလာနေပြီး Typo Group ရဲ့ စုစုပေါင်းဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတာ"
"ဒါပေမဲ့ ဘာလို့ ပြန်ရောင်းတာလဲ"
အရှုံးပေါ်နေတာလည်း မဟုတ်ဘူး၊ အမြတ်ထွက်နေတဲ့ ကုမ္ပဏီပဲ။ အလုပ်ကို ကောင်းကောင်း လုပ်နေရုံနဲ့တင် နှစ်တိုင်း ပိုက်ဆံတွေ ဝင်နေတာပဲကို။ တကယ်ပဲ ရောင်းဖို့ လိုလို့လား။
"သတင်းတွေထဲမှာ မြင်ဖူးမလားတော့ မသိဘူး။ Typo Group ရဲ့ ဌာနချုပ်က မကြာသေးခင်ကမှ ငွေစာရင်းလိမ်လည်မှုကြောင့် ပြဿနာ တက်ထားတာ။ သူတို့ အခု လက်ငင်းငွေ အရမ်းလိုနေတော့ ပြည်ပက ပိုင်ဆိုင်မှုတွေကို အရင်ဆုံး စတင်ရောင်းချနေတာပဲ"
"ဪ... အဲဒီသတင်းကို မှတ်မိသလိုတော့ ရှိတယ်"
အရင်တုန်းက မိတ်ကပ်လိမ်းတာကို 'Paint Over' လို့ ခေါ်ကြပါတယ်။ မိတ်ကပ်လိမ်းလိုက်ရင် မျက်နှာက လှသွားတာပေါ့။
အဲဒီလိုပဲ ကုမ္ပဏီတွေမှာလည်း အရှုံးတွေ များနေပြီး ပြဿနာတက်နေရင်တောင်မှ စာရင်းတွေကို ပြင်လိုက်ရင် အရောင်းသွက်ပြီး အမြတ်များတဲ့ ကုမ္ပဏီကောင်းကြီးအဖြစ် ပြောင်းလဲသွားပါတယ်။
ဒီလိုမျိုး စာရင်းတွေကို ပြင်လိုက်တာကိုပဲ ငွေစာရင်းလိမ်လည်မှုလို့ ခေါ်တာပါ။
ဒါက သိသာထင်ရှားတဲ့ တရားမဝင် လုပ်ရပ်ဖြစ်ပြီး ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအပေါ် သဘောထားပျော့ပျောင်းတဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒါကို လျစ်လျူရှုနိုင်ပေမဲ့ အမေရိကန်မှာတော့ ပမာဏအလိုက် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျနိုင်တဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုပါ။
"အရောင်းဈေးက ဘယ်လောက်လောက် ရှိမလဲ"
"အနည်းဆုံးတော့ သိန်း ၂ကုဋေ ဝန်းကျင်၊ သိန်းပေါင်း ၃ကုဋေတောင် ကျော်သွားနိုင်တယ်"
ကျွန်တော် တော်တော်လေး အံ့ဩသွားတယ်။
"တော်တော်ကြီးတာပဲ"
အဲဒီ ပမာဏက လုပ်ငန်းစုကြီးတွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီတော်တော်များများထက်တောင် သာပါတယ်။
အစ်မဟျွန်းဂျူး က ခေါင်းညိတ် ထောက်ခံတယ်။
"ကိုရီးယား ဈေးကွက်မှာ ဒါက တကယ်ကို ရှားရှားပါးပါး အခွင့်အရေးကြီးပဲ။ မကြာသေးခင် နှစ်တွေအတွင်းမှာ ဒီလောက်ပမာဏမျိုး ရောင်းတာ မရှိခဲ့ဘူးဆိုတော့ နေရာတိုင်းကနေ မျက်စိကျနေကြမှာပဲလေ"
"Golden Gate ကရော ဝယ်နိုင်ပါ့မလား"
ပြည်တွင်း ငွေကြေးရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာမှ M&A လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာတာပါ။ အဲဒီမတိုင်ခင်ကတော့ ကမ္ဘာကျော် ဘဏ်ကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေက သူတို့ရဲ့ အင်အားကြီးတဲ့ အရင်းအနှီးတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေကို ဝါးမြိုခဲ့ကြတာပေါ့။
Golden Gate ဟာ ချေ့ ဆောက်ဝဲ ရဲ့ ဦးဆောင်မှုနဲ့ ကိုရီးယား ဈေးကွက်မှာ အောင်မြင်တဲ့ M&A တွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။
"လုပ်ငန်းစုကြီးတွေနဲ့ ပြည်တွင်းပြည်ပက နာမည်ကြီး ရန်ပုံငွေအဖွဲ့တွေ အများကြီး ပါဝင်လာကြမှာဆိုတော့ ဒါက နတ်ဘုရားတွေရဲ့ တိုက်ပွဲလို ဖြစ်နေမှာပဲ။ သိပ်တော့ လွယ်မှာ မဟုတ်ဘူး"
"ဘယ်သူက အလားအလာ အရှိဆုံးလဲ"
အဖြေကတော့ အံ့ဩစရာပါ။
"အွန်ဆောင်း အုပ်စု ပေါ့"
တက်ဂယူ က မေးတယ်။
"သူတို့က ဘာလို့ ဒီကိစ္စမှာ ပါလာတာလဲ"
"လက်ရှိမှာ အွန်ဆောင်း အုပ်စုက လုံခြုံရေးနဲ့ ကာကွယ်ရေးကို DS ကုမ္ပဏီကိုပဲ အဓိက အားကိုးနေရတာ။ ဂျယ်ဂျီ အုပ်စုရဲ့ ဒုတိယအကြီးဆုံး အုပ်စုက ထိပ်တန်းကုမ္ပဏီတစ်ခုရဲ့ လက်အောက်ခံကို အားကိုးနေရတာမျိုးပေါ့။ ဒါကြောင့် ဥက္ကဋ္ဌ ဟန်မင်းဂူ က X-cop ကို ဝယ်ပြီး သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီအဖြစ် ဘယ်လိုနည်းနဲ့မဆို သွတ်သွင်းဖို့ ကြိုးစားနေတာပဲ"
အယ်လီ က ထပ်ဖြည့်ပြောတယ်။
"အွန်ဆောင်း က လုံခြုံရေးကုမ္ပဏီ တစ်ခု တည်ထောင်ဖို့ ဒါမှမဟုတ် ဝယ်ဖို့ စဉ်းစားနေတာ ကြာပါပြီ။ အခုလို အခွင့်အရေးကောင်း ပေါ်လာတာဆိုတော့ သူတို့က ဝယ်ယူဖို့ စီစဉ်နေတာပေါ့"
ယေဘုယျအားဖြင့် ကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေရဲ့ ဝယ်ယူရတဲ့ ရည်ရွယ်ချက်က မတူပါဘူး။
ကုမ္ပဏီကြီးတွေကတော့ ဝယ်ယူတဲ့ ကုမ္ပဏီကို သူတို့ရဲ့ လက်အောက်ခံအဖြစ် ထားပြီး ကြီးထွားအောင် လုပ်ဖို့ ရည်ရွယ်ကြပေမဲ့ ရန်ပုံငွေအဖွဲ့တွေကတော့ သင့်တင့်တဲ့ ဈေးနဲ့ဝယ်၊ တန်ဖိုးမြှင့်ပြီးမှ ပြန်ရောင်းဖို့ ရည်ရွယ်တာပါ။
ဒါကြောင့် ကုမ္ပဏီကြီးတွေရဲ့ အမြင်မှာတော့ သူတို့ တကယ်လိုအပ်နေတာဆိုရင် အဲဒီ ကုမ္ပဏီရဲ့ တကယ့်တန်ဖိုးထက် ပိုပေးပြီး ဝယ်တာမျိုး ရှိနိုင်ပါတယ်။
တက်ဂယူ က ပြောတယ်။
"ပိုက်ဆံ ပိုပေးနိုင်တဲ့သူက ဝယ်ရမှာ မဟုတ်ဘူးလား"
သူ ပြောတာလည်း မမှားပါဘူး။
ဈေးပိုပေးနိုင်ရင် ဝယ်နိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ ဒါပေမဲ့ မျက်စိမှိတ်ပြီး ဈေးလျှောက်တင်တာကတော့ အန္တရာယ်ရှိပါတယ်။
" Winner's curseမိရင်တော့ ကြောက်ဖို့ကောင်းတယ်"
ဒါကို အကောင်းဆုံး ဥပမာပေးရရင် ဂိုဒို အုပ်စုက ဒေဟူး ဆောက်လုပ်ရေးကို ဝယ်ခဲ့တာပါပဲ။
ဝယ်ယူစဉ်တုန်းကတော့ ဈေးကွက်ပေါက်ဈေးထက် ၉၀ ရာခိုင်နှုန်း ပိုပေးပြီး အောင်အောင်မြင်မြင် ဝယ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အလွန်အကျွံ ပေးဝယ်ခဲ့တာကြောင့် နောက်ပိုင်းမှာ ပြဿနာတွေ တက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ပေးရမယ့် ပိုက်ဆံတွေကို မတတ်နိုင်တော့ဘဲ တစ်အုပ်စုလုံး အကြွေးပြန်ဆပ်ရမယ့် အခြေအနေထိ ရောက်သွားခဲ့တယ်။
ဒီလို အခြေအနေမျိုးကို ရှောင်ရှားဖို့အတွက် ကုမ္ပဏီတစ်ခုရဲ့ တန်ဖိုးကို ဘက်လိုက်မှုမရှိဘဲ တိုင်းတာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဝင်ငွေ၊ အသားတင်အမြတ်နဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကိုလည်း သေချာ စစ်ဆေးဖို့ လိုတာပေါ့။
ကျွန်တော် ခဏလောက် စဉ်းစားကြည့်လိုက်တယ်။
ကျွန်တော့်ရဲ့ အချက်အလက်တွေ အကုန် ပေါ်သွားပြီးတဲ့နောက်မှာတော့ လုံခြုံရေးနဲ့ ကာကွယ်ရေးက အရေးကြီးဆုံး ပြဿနာ ဖြစ်လာမှာ အမှန်ပါပဲ။
ကိုရီးယားရဲ့ လူထုလုံခြုံရေးက တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းကောင်းပါတယ်။ ဒါပေမဲ့လည်း နာမည်ကြီး လူကုံထံတွေ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင်တွေ ပြန်ပေးဆွဲခံရတာ၊ အသတ်ခံရတာ စတဲ့ ရာဇဝတ်မှုတွေကတော့ ရှိနေတုန်းပါပဲ။
ဒီလိုမျိုး ဖြစ်နိုင်ခြေက နည်းပေမဲ့လည်း တစ်သန်းမှာ တစ်ခါ ဖြစ်လာနိုင်တာကို ကြိုတင် ကာကွယ်ဖို့အတွက် လုံခြုံရေးကတော့ လိုအပ်ပါတယ်။
ရိုးရိုး လုံခြုံရေးအတွက်ဆိုရင်တော့ တခြားကုမ္ပဏီကို အပ်လို့ရပေမဲ့ အဆောက်အဦးနဲ့ လုပ်ငန်းတွေအတွက် လုံခြုံရေးကိစ္စတွေကိုလည်း စဉ်းစားရဦးမယ်လေ။
တကယ်လို့ အွန်ဆောင်း အုပ်စုကသာ X-cop ကို ဝယ်သွားရင် ကျွန်တော်တို့က တခြား လုံခြုံရေးကုမ္ပဏီကို ပြောင်းရမှာလား။ အွန်ဆောင်း အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီကို ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အပ်ထားလို့ ဖြစ်ပါ့မလား။
"OTK Company ကရော ဒီဝယ်ယူမှုမှာ ပါဝင်ကြည့်ရင် ဘယ်လိုနေမလဲ"
အယ်လီ က အံ့ဩပြီး မေးတယ်။
"လုံခြုံရေးကုမ္ပဏီက လိုအပ်လို့လား"
ကျွန်တော်တို့မှာ OTK Company နဲ့ K Company အပြင် တခြားကုမ္ပဏီတွေလည်း အများကြီး ရှိနေပြီဆိုတော့ လိုအပ်ချက်ကတော့ ရှိနေတာပဲ။
ဒီလို အရေးကြီးတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ကိစ္စမျိုးကို တခြားကုမ္ပဏီကို အပ်ထားရတာက စိတ်ထဲမှာ တစ်မျိုးပဲလေ။
အစ်မဟျွန်းဂျူး က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မေးတယ်။
"ဒါက တကယ် လိုအပ်လို့လား၊ ဒါမှမဟုတ် နင့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ကြောင့်လား"
တကယ့်ကို ထိမိတဲ့ မေးခွန်းပါပဲ။
ကျွန်တော်တို့ လုံခြုံရေးကုမ္ပဏီ တကယ် လိုချင်တာလား၊ ဒါမှမဟုတ် အွန်ဆောင်း အုပ်စု လိုချင်နေတဲ့ အရာမလို့ လိုက်လုချင်တာလား။
သိပ်ပြီး စဉ်းစားမနေဘဲ အဖြေက ထွက်လာပါတယ်။
"နှစ်ခုလုံးပဲ"
"စီးပွားရေးမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ ရောထည့်တာကတော့ သိပ်မကောင်းလှဘူး"
ကျွန်တော် ရယ်လိုက်တယ်။
"အစ်မ သိတဲ့အတိုင်းပဲ၊ ကျွန်တော်က ကိုယ်ရေးကိုယ်တာ ခံစားချက်ရှိလို့ပဲ စီးပွားရေး လုပ်နေတာလေ"
တကယ်လို့ ကိုယ်ရေးကိုယ်တာ ခံစားချက်သာ မရှိရင် ရင်းနှီးမြှုပ်နှံမှုတွေကနေ ရထားတဲ့ ဝမ် သန်းပေါင်း ၆၈၅,၀၀၀ လောက်ကိုပဲ အေးအေးဆေးဆေး သုံးဖြုန်းနေမှာပေါ့။ ဒီအထိ ရောက်လာမှာ မဟုတ်ပါဘူး။
"နင့်မှာ ယုံကြည်မှု ရှိလား"
ပိုက်ဆံနဲ့ ကုမ္ပဏီတွေကို ဝယ်တာက Startup တွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ကွာခြားချက် တစ်ခုရှိတာက ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Startup တွေက ပြိုင်ဘက်မရှိတဲ့ ကုမ္ပဏီအသစ်တွေ ဖြစ်နေတာပါ။
တစ်ဖက်မှာတော့ X-cop က အောင်မြင်ပြီးသား ကုမ္ပဏီဖြစ်သလို နာမည်ကြီး လုပ်ငန်းစုတွေနဲ့ ကမ္ဘာကျော် ရန်ပုံငွေအဖွဲ့တွေကလည်း အလုအယက် လိုချင်နေကြတာပါ။
ကျွန်တော်တို့ တကယ်ပဲ သူတို့ကို အနိုင်ယူနိုင်ပါ့မလား။ အောင်မြင်မယ်လို့ ချက်ချင်းကြီး မတွေးမိပေမဲ့ တစ်ခုခုတော့ အဆင်ပြေသွားလိမ့်မယ်လို့ ကျွန်တော့်ရဲ့ ပင်ကိုသိစိတ်က ပြောနေပါတယ်။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ယုံကြည်မှု ရှိပါတယ်"
တက်ဂယူ ကလည်း ချက်ချင်း ထောက်ခံတယ်။
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းမှာပဲ"
အစ်မဟျွန်းဂျူး က စီးကရက်ကို ငြှိမ်းလိုက်ပြီး ပြုံးပြတယ်။
"ဒါဆိုရင်လည်း စမ်းကြည့်လိုက်ပေါ့။ ဒါက ကောင်းတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်မှာပါ"