← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း (၃၁၉)

ကျွန်တော်တို့က Option သက်တမ်းကုန်ဆုံးမယ့် အချိန် အတိအကျမှာတင် ယန်း သိန်းပေါင်း ၂ ကုဋေကျော် တန်ဖိုးရှိတဲ့ အရောင်းအမှာစာတွေကို အကုန်သွန်ချပစ်လိုက်တယ်။ Nikkei အညွှန်းကိန်းက ရေတံခွန်လိုမျိုး အောက်ကို ထိုးစိုက်ကျသွားခဲ့တော့တာပဲ။

စတော့ဈေးကွက်တင်မကဘဲ Futureနဲ့ Option ဈေးကွက်တွေပါ ကမောက်ကမ ဖြစ်ကုန်တာပါ။

Call Option နဲ့ Put Option ကြား၊ ဝယ်တဲ့သူနဲ့ ရောင်းတဲ့သူကြားထဲမှာ ကံကြမ္မာတွေက ပြောင်းပြန် ဖြစ်သွားခဲ့ရတယ်။ Put Option ဝယ်ထားတဲ့သူတွေက အောင်ပွဲခံ အော်ဟစ်နေကြချိန်မှာ Put Option ရောင်းထားတဲ့ အဖွဲ့အစည်းတွေကတော့ ညည်းတွားနေကြရတာပေါ့။

အစ်မ ဟျွန်းဂျူးက တစ်ယောက်ထဲ ရေရွတ်သလိုမျိုး ပြောတယ်။

“ဒါက ၂၀၁၀ တုန်းက Options Shock ဖြစ်ရပ်ကိုတောင် ပြန်သတိရစေမိတယ်”

“အာ... ကျွန်တော်လည်း အဲဒါကို တွေးနေတာ”

အဲဒါက ပြည်ပ စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေက ဈေးကွက်ပိတ်ခါနီး အချိန်မှာ အရောင်းအမှာစာတွေကို အလုံးအရင်းနဲ့ ချရောင်းပြီး အညွှန်းကိန်းကို ထိုးကျစေကာ Optionကနေ အမြတ်ထုတ်ခဲ့တဲ့ ကိုရီးယား စတော့ဈေးကွက်ရဲ့ အဖြစ်အပျက်တစ်ခုပါပဲ။

အခုတော့ ကျွန်တော်က တခြားနိုင်ငံတစ်ခုရဲ့ စတော့ဈေးကွက်မှာ အဲဒီလိုမျိုး ပုံစံတူတစ်ခုကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော် ခေါင်းညိတ်လိုက်ရင်း ပြောလိုက်တယ်။

“သမိုင်းက သူ့အလိုလို ပြန်လည်ပတ်တတ်တာပဲ”

တိုယိုတာ ရှယ်ယာဈေးနှုန်း ထိုးကျသွားတာကြောင့် လက်ငင်းဈေးကွက်မှာ ရှယ်ယာတွေ ချရောင်းခဲ့ရတဲ့ အရှုံးက ကြီးမားခဲ့တယ်။ ဒါပေမဲ့ ပြည်ပ Hedge Fundအဖွဲ့တွေကပါ ဝင်ရောက်လာပြီး အညွှန်းကိန်းကို အောက်ကို ဆွဲချပစ်လိုက်တဲ့အတွက် ကျွန်တော်တို့ ကြိုတင်ဝယ်ယူထားခဲ့တဲ့ Futureနဲ့ Optionတွေဆီကနေ ပွပေါက် အကြီးကြီး ပေါက်သွားခဲ့တယ်။

Golden Gate ကလည်း လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာ သင့်တော်တဲ့ လောင်းကြေးတွေကို ထပ်ထည့်ထားခဲ့တာမလို့ OTK Company ရော Golden Gate ပါ စတော့ဈေးကွက် ပြိုလဲမှုကနေ အမြတ်အစွန်းတွေကို အိတ်သွန်ဖန်မှောက် ရရှိနေခဲ့ကြပါတယ်။

ထောင့်တစ်နေရာမှာ ဖွင့်ထားတဲ့ တီဗီကနေ ဂျပန်နိုင်ငံရဲ့ အခြေအနေတွေအကြောင်း သတင်းတွေကို ထုတ်လွှင့်ပြသ နေခဲ့တယ်။

အယ်လီက မေးတယ်။

“ဝန်ကြီးချုပ် အိုကာဇာကီ ဘာဖြစ်သွားမယ်လို့ ထင်လဲ”

“အင်း... ဘယ်လိုဖြစ်မလဲတော့ မသိဘူးလေ”

ဝန်ကြီးချုပ် အိုကာဇာကီက မြှားသုံးစင်ကို ပစ်လွှတ်ပြီး ဂျပန်စီးပွားရေးကို ပြန်လည်အသက်သွင်းခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အရင်က ဝန်ကြီးချုပ်တွေက ဘာလို့ ဒီလိုကောင်းမွန်တဲ့ မူဝါဒတွေကို အသုံးမပြုခဲ့ကြတာလဲ။

အဲဒါက ဂျပန်ရဲ့ မိုးထိအောင်ကြီးမားတဲ့ ဘဏ္ဍာရေး လိုငွေပြမှုကြောင့်ပါ။

အိုကာဇာကီရဲ့ စီးပွားရေးမူဝါဒတွေကို ဖော်ဆောင်ပြီးတဲ့နောက် ဂျပန်ရဲ့ ဘဏ္ဍာရေး လိုငွေပြမှုက ယန်း သိန်းပေါင်း ၁,၀၀၀ ကုဋေထက် ကျော်လွန်သွားခဲ့တယ်။ ဒါက ဂျပန်နိုင်ငံ GDP ရဲ့ နှစ်ဆထက် ပိုများပြားပြီး OECD နိုင်ငံတွေထဲမှာ အများဆုံး ဖြစ်နေခဲ့တာပါ။

ဘယ်အစိုးရမှ ဒီလောက်အထိ ကြီးမားတဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို ရေရှည် ဆက်ပြီး မခံနိုင်ပါဘူး။

မူလအစီအစဉ်ကတော့ ငွေကြေးလျှော့ချမှုနဲ့ ဘဏ္ဍာရေး တိုးချဲ့မှုတွေကတစ်ဆင့် စီးပွားရေးကို လှုံ့ဆော်ပေးပြီး စားသုံးခွန် တိုးမြှင့်ရရှိမှုကနေတစ်ဆင့် ဘဏ္ဍာရေး လိုငွေပြမှုကို လျှော့ချဖို့ပါပဲ။ ဒါပေမဲ့ ပို့ကုန်တွေနဲ့ မတူဘဲ ပြည်တွင်းဝယ်လိုအားက မျှော်မှန်းထားသလောက် ပြန်လည်ကောင်းမွန်မလာခဲ့ဘဲ စားသုံးခွန် တိုးမြှင့်လိုက်တာက စားသုံးမှုကို ပိုပြီး ကျုံ့သွားစေခဲ့တယ်။

ဒီလိုအခြေအနေမျိုးမှာ အရှိန်အဟုန်ကောင်းနေတဲ့ စတော့ဈေးကွက်ပါ ပြိုလဲသွားခဲ့ရင် ဘာဖြစ်မလဲ။ ပိုဆိုးတာက ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့အနေနဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆီမှာပဲ စီမံခန့်ခွဲပိုင်ခွင့်ကို သီးသန့် အပ်နှံမထားခဲ့ရင် ဒီလိုကိစ္စမျိုးက ဘယ်တော့မှ ဖြစ်လာစရာ အကြောင်းမရှိတာပါ။

တစ်ယောက်ယောက်ကတော့ သေချာပေါက် တာဝန်ယူရပါလိမ့်မယ်။

အစ်မ ဟျွန်းဂျူးက ကော်ဖီကို တစ်ငုံသောက်ရင်း ပြောတယ်။

“ဂျပန်အစိုးရကတော့ တစ်ခါ ထပ်ပြီး ကန့်ကွက်ဦးမှာပဲ။ နင် ဘာပြန်ပြောမှာလဲ”

အဲဒါကို တက်ဂယူက ဝင်ပြီး ပြန်ဖြေလိုက်တယ်။

“အမှာစာ အမှားအယွင်း ဖြစ်သွားပြန်ပြီလို့ပဲ ပြောလိုက်လို့ မရဘူးလား”

“……”

သမိုင်းက သူ့အလိုလို ပြန်လည်ပတ်တတ်တာပဲလေ။

တိုယိုတာ ရှယ်ယာက ၃၆ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး စတော့ဈေးကွက်ကတော့ ၈ ရာခိုင်နှုန်းအထိ ပြိုလဲသွားခဲ့တယ်။ ဒီကြားထဲမှာ ယန်းငွေတန်ဖိုးကလည်း ၄ ရာခိုင်နှုန်းနီးပါး အားကောင်းလာခဲ့တာကြောင့် နောက်ဆုံး ပိတ်ချက်အဖြစ် အထိနာသွားစေခဲ့တာပေါ့။

တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေကတော့ အတုံးအရုံး ပြိုလဲသွားခဲ့ကြရတယ်။

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အတွက် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူက ဘယ်သူလဲ။

အဲဒါက သတင်းတွေထဲက အဂတိလိုက်စားတဲ့ လွှတ်တော်အမတ်တွေ ဒါမှမဟုတ် ရာဇဝတ်ကောင်တွေ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရှယ်ယာဈေးနှုန်းကို ထိုးကျအောင် လုပ်တဲ့လူပဲ ဖြစ်ပါတယ်။

စီးပွားရေး အဆမတန် ဖောင်းပွနေခဲ့တဲ့ အချိန်တုန်းကတော့ မနက်အိပ်ရာနိုးလာတိုင်း အိမ်ဈေးတွေနဲ့ ရှယ်ယာဈေးတွေက မြင့်တက်နေခဲ့တာပါ။ လူတိုင်းက ငွေတွေကို ကိုင်ပြီး တိုးဝှေ့ဝင်ရောက်ခဲ့ကြပေမဲ့ နောက်ဆုံး ပန်းတိုင်ကတော့ ကြွေးမြီတောင်ကြီး ဖြစ်သွားခဲ့ရတယ်။

ဂျပန်နိုင်ငံက ရေရှည်စီးပွားရေး ကျဆင်းမှုထဲကို ရောက်ရှိသွားခဲ့ပြီးတဲ့နောက် လူတွေက အိမ်ခြံမြေနဲ့ စတော့တွေကို လှည့်မကြည့်ကြတော့ဘဲ ငွေသားတွေကိုပဲ စုဆောင်းထားခဲ့ကြ တော့တာပါ။ ဘဏ်အတိုးနှုန်းက သုည ဖြစ်နေခဲ့ပေမဲ့ ငွေကြေးဖောင်းပွမှု လျော့ကျနေတဲ့ အခြေအနေမျိုးမှာ ငွေရဲ့တန်ဖိုးက အချိန်နဲ့အမျှ တိုးတက်လာတာကြောင့် လက်တွေ့မှာတော့ အမြတ်ထွက်နေခဲ့တာလေ။

ဂျပန်ငလျင်ကြီး ဖြစ်ပွားခဲ့တုန်းက တစ်ကမ္ဘာလုံးက လူတွေကို အံ့အားသင့်စေခဲ့တဲ့ မြင်ကွင်းတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒါကတော့ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ ကမ်းခြေမှာ ပြန့်ကျဲနေခဲ့တဲ့ မီးခံသေတ္တာတွေပါပဲ။ ဆူနာမီကြောင့် မျောပါသွားပြီး ကမ်းခြေဆီ ပြန်ရောက်လာခဲ့တဲ့ ထောင်ပေါင်းများစွာသော သေတ္တာတွေထဲမှာ ယန်းတစ်သောင်းတန် ငွေစက္ကူတွေကို သေသေသပ်သပ် စီထပ်ပြီး ထည့်ထားခဲ့ကြတာလေ။

လူတိုင်းက ရင်းနှီးမြှုပ်နှံမှုရော စားသုံးမှုကိုပါ မလုပ်ကြတော့တာကြောင့် စီးပွားရေးက ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ပါဘူး။

အိုကာဇာကီရဲ့ စီးပွားရေးမူဝါဒတွေထဲမှာ စတော့ဈေးကွက်ကို ပြန်လည်အသက်သွင်းမယ့် မူဝါဒတွေလည်း ပါဝင်နေခဲ့တာပါ။ ယန်းငွေ အားပျော့မှုကို သုံးပြီး ပို့ကုန်လုပ်ငန်းကို အဓိကထားတဲ့ ကုမ္ပဏီကြီးတွေကို ပံ့ပိုးပေးခဲ့သလို ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ကို အသုံးပြုပြီး ရှယ်ယာတွေကို ဝယ်ယူစေခဲ့တယ်။

ကုမ္ပဏီတွေရဲ့ အမြတ်အစွန်းတွေ ကောင်းမွန်လာပြီး ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေ စီးဝင်လာတဲ့အခါ စတော့ဈေးနှုန်းတွေက သဘာဝအတိုင်း မြင့်တက်သွားခဲ့တာပေါ့။ နေရာအနှံ့က လူတွေက စတော့ရင်းနှီးမြှုပ်နှံမှုကနေ ငွေတွေ စပြီး ရလာကြတာကြောင့် စုငွေစာအုပ်ပဲ သိခဲ့ကြတဲ့ တစ်ဦးချင်းစီကပါ စတော့ရင်းနှီးမြှုပ်နှံမှုဘက်ကို ဖြည်းဖြည်းချင်း မျက်စိလှည့်လာ ခဲ့ကြတယ်။

ဒါတွေကြောင့် ဂျပန်စတော့ဈေးကွက်ထဲက တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူ အရေအတွက်က ၂၀၀၀ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး အခြေအနေဆီကို ရောက်ရှိနေခဲ့တာပါ။

ဒါပေမဲ့ ရုတ်တရက်ကြီး စတော့ဈေးကွက်က တစ်ညထဲနဲ့ ပြိုလဲသွားခဲ့ရတယ်။ သဘာဝအတိုင်း ကျိန်ဆဲသံတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

-ချီကူရှို(ချီးပဲ)... ကန်ဂျင်ဟူက ဂျပန်ကို ဘယ်လောက်အထိ သွေးစုပ်ဖို့ တွေးနေတာလဲ။

-ဂျိုဆွန်းဂျင်(သောက်ကိုရီးယား)တွေလက်ထဲမှာ ရှုံးနိမ့်ရတယ် လို့ကွာ။

-စတော့တွေလည်း ကုန်ပြီ၊ ဒါက ဘာအခြေအနေကြီးလဲ။

-အဲဒီလိုမျိုး စျေးကစားတဲ့ကောင်တွေကို ဘာလို့ ဒီအတိုင်း လွှတ်ထားရတာလဲ။

-အစိုးရက ဘာတွေလုပ်နေတာလဲ။

-ပြိုင်ဘက်က ကိုရီးယားပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ် စစ်ကြေညာလိုက်စမ်းပါ။

ဂျပန် စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီတွေက Futureနဲ့ Optionတွေအတွက် သူတို့ ပေးချေရမယ့် ငွေစာရင်းတွေကို စစ်ဆေးရင်း ကမောက်ကမ ဖြစ်နေခဲ့ကြတယ်။ ရှယ်ယာဈေးနှုန်း ကျဆင်းမှုနဲ့အတူ Derivative ဈေးကွက်ကပါ ဆုံးရှုံးမှုတွေ ထပ်ပေါင်းလိုက်တဲ့အခါ ခန့်မှန်းခြေ ဆုံးရှုံးမှုက ယန်း သန်းပေါင်း သိန်းနဲ့ချီ ရှိသွားခဲ့ပါပြီ။

ဂျပန် ဘဏ္ဍာရေးလောကတစ်ခုလုံး နျူကလီးယားဗုံး အမှန်အကန် အပစ်ခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့တာပါ။

ပြဿနာအရှိဆုံးနေရာကတော့ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ပဲ ဖြစ်ပါတယ်။ စတော့ဈေးကွက် ပြိုလဲမှုက ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ ဆုံးရှုံးမှုတွေကို ပိုပြီး ကြီးထွားသွားစေခဲ့တယ်။ ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှု အချိုးအစားက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ငွေပမာဏအရ ဆိုရင် ယန်း သိန်းပေါင်း ၃၀ ကုဋေ ရှိတာပါ။ ပြည်တွင်းစတော့ဈေးကွက် ပြန်လည်အသက်သွင်းမယ့် အစိုးရရဲ့ မူဝါဒအရ ဒီအချိုးအစားကို တိုးမြှင့်ခဲ့တာဖြစ်ပြီး စတော့ဈေးနှုန်း မြင့်တက်မှုကလည်း သိသိသာသာ သက်ရောက်မှု ရှိခဲ့တာလေ။

ဒီထဲကမှ ယန်း သိန်းပေါင်း ၂.၃ ကုဋေက အမှာစာ အမှားအယွင်းကြောင့် ပျောက်ဆုံးသွားခဲ့ရပါပြီ။ အခု စတော့ဈေးကွက် ပြိုလဲမှုကြောင့် နောက်ထပ် ယန်း သိန်းပေါင်း ၃ ကုဋေ ထပ်ပြီး ပျောက်ဆုံးသွားခဲ့ရပြန်တယ်။ စတော့ဈေးနှုန်းကို မကျအောင် ကာကွယ်ဖို့အတွက် မကျွမ်းကျင်ဘဲ ဝင်ရောက်ဝယ်ယူခဲ့တာကြောင့် ဆုံးရှုံးမှုက အညွှန်းကိန်း ကျဆင်းမှုထက် ပိုပြီး ကြီးမားသွားခဲ့တာပါ။

ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေထဲက ယန်း သိန်းပေါင်း ၅ ကုဋေကျော် ပျောက်ကွယ်သွားခဲ့ရပါပြီ။

-ပင်စင်ရန်ပုံငွေ ဆုံးရှုံးမှုအတွက် ဘယ်သူက တာဝန်ယူမှာလဲ။

-အခြေအနေက ဒီလောက်ထိ ဖြစ်လာတဲ့အထိ အစိုးရက ဘာတွေ လုပ်နေခဲ့တာလဲ။

-OTK Company အနေနဲ့ တစ်စက္ကန့်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ရှယ်ယာ ၁၅ သန်းကို အကုန်သိမ်းကျုံးဝယ်ယူသွားနိုင်ခဲ့တာက အစကတည်းက အတွင်းသတင်း မရှိဘဲနဲ့ မဖြစ်နိုင်ဘူး။

-ဒါက အမှားမဟုတ်ဘူး။ နောက်ကွယ်ကနေ ပူးပေါင်းကြံစည်မှု ရှိနေတာ သေချာတယ်။

-နီရှီဒါ စတော့ပွဲစားကုမ္ပဏီက OTK Company နဲ့ နောက်ကွယ်မှာ ဘာတွေ သဘောတူညီချက် လုပ်ထားခဲ့လဲ။

-LDPပါတီ က ကန်ဂျင်ဟူဆီကနေ ဘယ်လောက်အထိ ငွေယူထားခဲ့လဲ။ အမှန်တရားကို ဖော်ထုတ်ပေးပါ။

-ဘယ်သူ့မှာ တာဝန်ရှိလဲ။

-သစ္စာဖောက် ဝန်ကြီးချုပ် အိုကာဇာကီကို အပြစ်ပေးကြပါ။

-အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံးက ကြံရာပါတွေပဲ။

-အဲဒီလိုလူမျိုးတွေကို နိုင်ငံတော်က ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ။ အကုန်လုံးကို လူလဲပစ်တော့။

ဂျပန်နိုင်ငံက အစဉ်အလာအရ ဗျူရိုကရေစီ ယန္တရားကို အဓိကဗဟိုပြုတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲ ရလဒ်တွေအရ အမြဲတမ်း ပြောင်းလဲနေပေမဲ့ အရာရှိကြီးတွေကတော့ သူတို့ရဲ့ ရာထူးနေရာတွေမှာ အမြဲတမ်း ရှိနေခဲ့ကြတာပါ။

၅ နှစ် သမ္မတ သက်တမ်း တစ်ကြိမ်ပဲ ရွေးကောက်တင်မြှောက်တဲ့ ကိုရီးယားနဲ့ မတူဘဲ ဝန်ကြီးချုပ် စနစ်ဖြစ်တဲ့ ဂျပန်ကတော့ ဝန်ကြီးချုပ်တွေကို ခဏခဏ လဲလှယ်လေ့ ရှိကြတယ်။ ဒါကြောင့် ဂျပန်ပြည်သူတွေ ကိုယ်တိုင်တောင် ဘယ်တုန်းက ဘယ်သူ ဝန်ကြီးချုပ် ဖြစ်ခဲ့လဲဆိုတာကို ဇဝေဇဝါ ဖြစ်နေတတ်ကြတာပါ။

အိုကာဇာကီ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တုန်းကလည်း အရင် ဝန်ကြီးချုပ်တွေလိုပဲ သိပ်ပြီး ရေရှည်ခံမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာလေ။ ဒါပေမဲ့ သူက ဂျပန်စီးပွားရေးကို ကျဆင်းမှုထဲကနေ ဆွဲထုတ်ပေးနိုင်ခဲ့ပြီး စစ်ပြီးခေတ် သမိုင်းတစ်လျှောက် ဒုတိယ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။

ဝန်ကြီးချုပ် အိုကာဇာကီက အစိုးရအဖွဲ့ထဲမှာ ဝန်ထမ်းရေးရာဌာနကို တည်ထောင်ခဲ့ပြီး အဲဒါကို အသုံးပြုကာ သူ့အလိုမကျတဲ့ ဗျူရိုကရက် အရာရှိကြီးတွေကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့တယ်။ သဘာဝအတိုင်း 'အရည်အချင်းမပြည့်မီသူများ' ဆိုတာက ဝန်ထမ်းရေးရာ မန်နေဂျာကို စိတ်အနှောင့်အယှက် ပေးတဲ့သူတွေကို ပြောတာပေါ့။

ဗျူရိုကရက်တွေနဲ့ စီးပွားရေးသမားတွေအနေနဲ့ ရာထူးတိုး၊ ရာထူးချ လုပ်ပိုင်ခွင့် အာဏာကို ကိုင်ထားတဲ့သူဆီမှာ သစ္စာခံကြတာက သဘာဝပါပဲ။ ရလဒ်အနေနဲ့ ဗျူရိုကရက်တွေက အိုကာဇာကီ အစိုးရအဖွဲ့ဆီကို တညီတညွတ်ထဲ သစ္စာခံခဲ့ကြတယ်။

ဂျပန်မှာ 'ဆွန်တာကု' ဆိုတဲ့ စကားလုံး ရှိပါတယ်။ အဲဒီစကားလုံးက မူလကတော့ တခြားသူရဲ့ ခံစားချက်ကို ကြိုတင်ငဲ့ညှာပေးတယ်ဆိုတဲ့ ကောင်းမွန်တဲ့ အဓိပ္ပာယ် ရှိခဲ့ပေမဲ့ အခုတော့ အထက်လူကြီးက အမိန့်ကို တိုက်ရိုက် မပေးရင်တောင် လက်အောက်ငယ်သားက အလိုဆန္ဒအတိုင်း ကြိုတင်ပြီး လုပ်ဆောင်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်အဖြစ် ပုံပျက်သွားခဲ့ရပါပြီ။

ဗျူရိုကရက်တွေက အမိန့်မရှိရင်တောင် အထက်လူကြီးရဲ့ အလိုဆန္ဒကို ကြိုတင်တွေးဆပြီး လှုပ်ရှားခဲ့ကြတာပါ။ စီးပွားရေး ကောင်းမွန်နေတယ်လို့ ထင်ရအောင် စာရင်းအင်း အချက်အလက်တွေကို လိမ်လည် ပြုပြင်ပြီး အထက်ကို တင်ပြခဲ့ကြသလို နိုင်ငံပိုင် မြေကွက်တွေကို ဈေးလျှော့ရောင်းချခဲ့တဲ့ သံသယတွေ ထွက်ပေါ်လာတဲ့အခါမှာလည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေး မှတ်တမ်းတွေကို အတုပြုလုပ်ခဲ့ကြတယ်။

ပြီးတော့ ပြဿနာတွေ တက်လာတဲ့အခါ ဝန်ကြီးတွေက သူတို့ မသိပါဘူး၊ ဒါက လက်အောက်ငယ်သားတွေ လုပ်တာပါလို့ ပြောပြီး အမြဲတမ်း လွတ်အောင် ရှောင်လေ့ရှိကြတာပါ။

ဒီတစ်ကြိမ်လည်း ဘာမှ မထူးခြားပါဘူး။

ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့က ဘာလို့ ပြည်တွင်းစတော့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့တာလဲ၊ ပြီးတော့ ဘာလို့ ကုမ္ပဏီတစ်ခုထဲဖြစ်တဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆီမှာပဲ အရာအားလုံးကို အပ်နှံခဲ့တာလဲ။ တကယ်လို့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီက ဝန်ကြီးချုပ်ရဲ့ ဇနီးနဲ့ ပတ်သက်မှု မရှိခဲ့ရင် ဒီလိုမျိုး အထူးအခွင့်အရေးတွေကို ရရှိပါ့မလား။

ပင်မ မီဒီယာကြီးတွေက နှုတ်ပိတ်နေကြချိန်မှာ အင်တာနက် မီဒီယာတစ်ခုက ဒီကိစ္စကို အသည်းအသန် စုံစမ်းစစ်ဆေးခဲ့တယ်။ သူတို့ စုံစမ်းလေလေ၊ သံသယတွေက တစ်ခုတင်မကဘဲ အများကြီး ထွက်ပေါ်လာလေလေပါပဲ။

တခြား ထိပ်တန်း စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီအားလုံးကို ကျော်ဖြတ်ပြီး စီမံခန့်ခွဲခွင့်ကို သီးသန့်ရရှိထားခဲ့တဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီက နှစ်စဉ် အဆမတန် များပြားတဲ့ ကော်မရှင် အကျိုးအမြတ်တွေကို ရရှိခဲ့တာပါ။ ဒီလိုနည်းနဲ့ ရရှိလာတဲ့ အမြတ်အစွန်းတွေနဲ့ အစုရှယ်ယာရှင်တွေကို အကြီးအကျယ် ခွဲဝေပေးခဲ့ကြပြီး အဓိက ရှယ်ယာရှင်ဖြစ်တဲ့ အန်ဒို မိုရီ က အမြတ်ဝေစု အများကြီးကို ရယူသွားခဲ့တယ်။

ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ဝန်ထမ်းအင်အား ဖြည့်တင်းမှုတွေကိုတော့ စနစ်တကျ မလုပ်ဆောင်ခဲ့ပါဘူး။ ဝန်ထမ်းတွေက အလွန်အကျွံ အလုပ်လုပ်ရမှု၊ အချိန်ပို လုပ်ရမှုတွေနဲ့အတူ အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်ထဲ ကိုင်တွယ်ခဲ့ကြရတာပါ။ ပုံမှန်မဟုတ်တဲ့ အမှာစာတွေကို ဖော်ထုတ်မယ့် စနစ်ကလည်း အသုံးမဝင်ခဲ့ပါဘူး။

တကယ့်ကို ကမောက်ကမ ဖြစ်နေခဲ့တာပေါ့။

မူလကတော့ ဂျပန်က တခြားနိုင်ငံတွေထက် စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေကို ပြင်းပြင်းထန်ထန် လိုက်နာတဲ့ နိုင်ငံပါ။ ဒါပေမဲ့ လူတိုင်းက အထက်လူကြီးရဲ့ မျက်နှာသာရဖို့ပဲ အလုပ်ရှုပ်နေခဲ့ကြတာကြောင့် ဒီလိုမျိုး အဆိုးဝါးဆုံးသော ဘဏ္ဍာရေး မတော်တဆမှုကြီး ဖြစ်ပွားခဲ့ရတာပါ။

ဆောင်းပါး ထွက်လာပြီးတဲ့နောက် ဂျပန်တစ်နိုင်ငံလုံး ဒေါသတွေ ပေါက်ကွဲကုန်ကြတော့တယ်။

-ဒါက ကိုရီးယားသမ္မတက PAS ရဲ့ တကယ့်ပိုင်ရှင် ဖြစ်နေတာနဲ့ ဘာကွာလို့လဲ။

-ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေတွေကို အဲဒီလိုမျိုး တတိယတန်းစား စတော့ပွဲစားကုမ္ပဏီ ကုမ္ပဏီဆီမှာ သွားပြီး အပ်ထားရတယ်လို့ကွာ။

-ဝန်ကြီးချုပ် အိုကာဇာကီကိုလည်း ကိုရီးယား သမ္မတဟောင်းလိုမျိုး ထောင်ထဲကို ပို့ပစ်ရမယ်။

-ဝန်ကြီးချုပ် အိုကာဇာကီ အနေနဲ့ ငွေတွေအပြည့်အဝ ပြန်လျော်ပေးရမယ်။

-ဝန်ကြီးချုပ်အဖြစ် တစ်နှစ်ကို ယန်း သန်း ၄၀လောက်ပဲ ရခဲ့တယ်ဆိုရင်တောင် လျော်ပေးရမယ်။

-မြေအောက်ထဲမှာ နှစ်ပေါင်း တစ်သိန်းလောက် အလုပ်လုပ်စမ်း။ အသက်ကြီးလို့ သေသွားရင်တောင် မြေးမြစ်အစဉ်အဆက်အထိ အကြွေးဆပ်ဖို့ ဆက်ပြီး အလုပ်လုပ်ခိုင်းရမယ်။

-ဆာမူရိုင်း စိတ်ဓာတ်နဲ့ သန့်သန့်ရှင်းရှင်းပဲ ဆက်ပုကု (ဗိုက်ကိုဓားခွဲပြီး သတ်သေ)လုပ်လိုက်စမ်းပါ။

-အကြောင်းပြချက်တွေ မလိုချင်ဘူး၊ အကြီးအကျယ် တောင်းပန်ဖို့ပဲ လိုတယ်။ ပူနေတဲ့ သံပြားပေါ်မှာ ဒိုဂီဇာ (ဖင်ကုန်းပြီးတောင်းပန်စမ်း) လုပ်ပြစမ်း။

ဒီတစ်ကြိမ်မှာတော့ အတိုက်အခံ ပါတီတွေကလည်း ဒီအတိုင်း ကြည့်မနေခဲ့ကြပါဘူး။

အတိုက်အခံ လွှတ်တော်အမတ်တွေက အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး အာအိုကိုနဲ့ပတ်သတ်တဲ့ (ဝန်ကြီးချုပ်ရဲ့ဇနီး) သံသယဖြစ်ဖွယ် ကိစ္စတွေကို တစ်ခါ ထပ်ပြီး အသည်းအသန် လိုက်လံ မေးမြန်းခဲ့ကြတယ်။

“OTK Company ကို ထားလိုက်ဦး။ CarOS က လုံးဝကို အမေရိကန် မော်တော်ကား ကုမ္ပဏီတစ်ခု ဖြစ်တာလေ။ အမေရိကန်က မော်တော်ကား ကုန်သွယ်ရေး လိုငွေပြမှုအပေါ် အထိမခံ ဖြစ်နေတဲ့ အချိန်မျိုးမှာ GM ရော၊ Ford နဲ့ပါ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုကို အစိုးရက ဘာလို့ ဦးဆောင်ပြီး ဝေဖန် တိုက်ခိုက်ခဲ့ရတာလဲ”

“အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေအပေါ်မှာရော အစိုးရဘက်က ဘာအစီအစဉ်တွေ ရှိလဲ”

“ပြည်သူ့ပင်စင်ရန်ပုံငွေအဖွဲ့က ပြည်သူတွေရဲ့ အငြိမ်းစား ရန်ပုံငွေတွေအတွက် တာဝန်ရှိတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ အစိုးရရဲ့ အလိုဆန္ဒအတိုင်း လှုပ်ရှားနေခဲ့တာ မဟုတ်ဘူးလား”

“ဘာလို့ နိုမူရာ စတော့ပွဲစားကုမ္ပဏီ ကို ဖယ်ထုတ်ပြီး နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဆီမှာပဲ အရာအားလုံးကို အပ်နှံခဲ့ရတာလဲ”

“နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်က အန်ဒို မိုရီ ပါ။ ဝန်ကြီးချုပ်ရဲ့ ယောက္ခမက အန်ဒို မိုရီ ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသလို ယောက်ဖကလည်း လက်ရှိ ဒါရိုက်တာ ဖြစ်နေတာလေ။ ဒီလို အခြေအနေမျိုးမှာ အထူးအခွင့်အရေး ပေးထားတာ မဟုတ်ဘူးဆိုတာကို ပြည်သူတွေက ယုံကြည်လိမ့်မယ်လို့ ထင်နေတာလား”

“ဘယ်သူက ဒီလို ဆုံးဖြတ်ချက်တွေကို ချခဲ့တာလဲ”

“ဂျပန် ဗျူရိုကရက်တွေက ဘာလို့ ဒီလိုမျိုး ဖြစ်သွားခဲ့ကြရတာလဲ”

ဝန်ကြီးချုပ် အိုကာဇာကီကတော့ သံသယတွေကို ငြင်းဆိုဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။

“ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကျွန်တော် ဘယ်တော့မှ အမိန့်ပေးခဲ့တာမျိုး မရှိပါဘူး။ ပြီးတော့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီက ကျွန်တော့်ဇနီးနဲ့ ဘာမှ ပတ်သက်မှုမရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်။ ဒီဖြစ်ရပ်က ပြည်ပက စျေးကစားတဲ့သူတွေကြောင့် ဖြစ်ပွားခဲ့ရတာဆိုတာကို ကျွန်တော် တစ်ခါ ထပ်ပြီး ပြောကြားလိုပါတယ်”

ဘဏ္ဍာရေးဝန်ကြီး မတ်ဆူကာတာကလည်း အူတူတူ ပုံစံနဲ့ပဲ ဖြေခဲ့တယ်။

“စုံစမ်းစစ်ဆေးမှု ရလဒ်တွေအရ ရင်းနှီးမြှုပ်နှံမှုကို လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး ဘာပြဿနာမှ မရှိပါဘူး။ ဒါက ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စတော့ဈေးကွက် ပြန်လည်အသက်သွင်းဖို့အတွက် မလွဲမသွေ လုပ်ဆောင်ခဲ့ရတဲ့ အစီအစဉ်တစ်ခု ဖြစ်ပြီး ဘယ်လို အထူးအခွင့်အရေးမျိုးမှ ပေးထားခဲ့တာ မရှိပါဘူး”

ဘယ်သူမှ တာဝန်မယူဘဲ ဆင်ခြေတွေပဲ ပေးနေတဲ့ မြင်ကွင်းက ဂျပန်ပြည်သူတွေကို ပိုပြီး ဒေါသထွက်စေခဲ့တာပေါ့။ ဒီတစ်ကြိမ်မှာတော့ LDPပါတီ ထဲက ဝါရင့် ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်တောင် ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူးလို့ ခံစားမိပြီး ဝေဖန်မှုမှာ ပါဝင်လာခဲ့ကြတယ်။

အစိုးရအဖွဲ့အပေါ် မယုံကြည်ကြောင်း အဆိုကို တင်သွင်းခဲ့ကြပြီး အကျပ်အတည်းဆီ ရောက်ရှိသွားခဲ့တဲ့ ဝန်ကြီးချုပ် အိုကာဇာကီမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။

[(သတင်းထူး) ဝန်ကြီးချုပ် အိုကာဇာကီဟာ အောက်လွှတ်တော်ကို ဖျန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ]

[(အရေးပေါ်) အစိုးရအဖွဲ့တစ်ခုလုံး နှုတ်ထွက်။ ဂျပန်နိုင်ငံ ကြားဖြတ်အထွေထွေရွေးကောက်ပွဲလုပ်ဆောင်ရန်ရှိ]

[LDPပါတီ အနေနဲ့ အာဏာကို ပြန်ပြီး ထိန်းထားနိုင်ပါ့မလား]

[အတိုက်အခံ ပါတီတွေကတော့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကတိပြု]

[ဝန်ကြီးချုပ် အိုကာဇာကီရဲ့ တာဝန်ရှိမှုအပေါ် ပါတီတွင်းမှာပါ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာကြ]

[ပါတီဥက္ကဋ္ဌကို မလဲလှယ်ဘဲနဲ့တော့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရဖို့ မလွယ်ကူဘူးလို့ LDPပါတီ ဝါရင့်အရာရှိကြီးတွေ ပြောဆို……]

တစ်ကမ္ဘာလုံးက သတင်းဌာနတွေက သတင်းတွေကို တရစပ် ဖော်ပြခဲ့ကြတယ်။

ကိုရီးယားမှာလည်း ပုံမှန်အစီအစဉ်တွေကို ရပ်ဆိုင်းပြီး သတင်းထူးတွေကို ထုတ်လွှင့်ပြသခဲ့ကြတာပါ။

-မယုံနိုင်စရာပဲ။ ကိုရီးယား သမ္မတပြီးတော့ ဂျပန် ဝန်ကြီးချုပ်ကိုပါ ဖြုတ်ချပစ်လိုက်ပြီ။

-ဟားဟား... ကန်ဂျင်ဟူကို သွားပြီး ပြဿနာရှာလို့ ဒီလိုမျိုး ဖြစ်ကုန်ကြတာလေ။

-ငါ ပြောသားပဲ။ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေနေတဲ့ ကန်ဂျင်ဟူကို ဘာလို့ သွားပြီး ဆွမိကြတာလဲ။

-အိုကာဇာကီတော့ တကယ် ဒေါသထွက်နေလောက်ပြီ။ ဟားဟား။ ငါသာ သူ့နေရာမှာဆိုရင် ရှက်လွန်းလို့ ဆက်ပုကု (ဗိုက်ကိုဓားနဲ့ခွဲ) လုပ်လိုက်ပြီ။

-သံပြားပေါ်မှာ ဒိုဂီဇာ(ဖင်ထောင်ပြီးတောင်းပန်) လုပ်ပြတာကပဲ တစ်ခုထဲသော အဖြေပဲ။ တကယ်လို့ သူက အဲလိုမျိုး ၁၀ မိနစ်လောက် လုပ်ပြရင် ဂျပန်ပြည်သူတွေက ခွင့်လွှတ်ပေးကြလိမ့်မယ်။

-သူလည်း ဝန်ကြီးချုပ် ရာထူးကနေ ဆင်းရမယ့် အချိန် ရောက်နေပါပြီ။

-Comfort Womenတွေဖြစ်တဲ့ အဖွားတွေကို တောင်းပန်လိုက်စမ်းပါ။ အောက်တန်းစားကောင်ရဲ့။

-ပတ်ဆီဟျွန်း လိုမျိုး ထောင်ထဲကို ပို့ပစ်လိုက်တော့။ ဒါမှမဟုတ်လည်း Battleship Island ဆီကို ပို့ပြီး အဓမ္မ လုပ်အားပေးခိုင်းလိုက်။

တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီ အာဏာရှင်စနစ် ဖြစ်သလိုမျိုး ဂျပန်ကလည်း လက်တွေ့မှာ LDPပါတီ ရဲ့ တစ်ပါတီ အာဏာရှင်စနစ်လိုမျိုး ဖြစ်နေခဲ့တာပါ။ တခြားပါတီတွေ အာဏာရခဲ့တဲ့ အကြိမ်အရေအတွက်က လက်ချိုးရေလို့ ရပါတယ်။

အတိုက်အခံ ပါတီတွေက စည်းလုံးမှု မရှိတာကြောင့် အထွေထွေရွေးကောက်ပွဲကို တစ်ခါ ပြန်လုပ်ရင်တောင် LDPပါတီ ကပဲ အာဏာပြန်ရဖို့ ရာခိုင်နှုန်း များနေခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် အိုကာဇာကီအနေနဲ့ သူ့ရဲ့ ရာထူးနေရာကို ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာကတော့ မသေချာပါဘူး။ ချက်ချင်းဆိုသလိုပဲ LDPပါတီ ထဲမှာ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ပါတီဥက္ကဋ္ဌကို လဲလှယ်ရမယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဂျပန်က ဝန်ကြီးချုပ်စနစ် ဖြစ်တာကြောင့် အာဏာရပါတီရဲ့ ဥက္ကဋ္ဌက ဝန်ကြီးချုပ် ဖြစ်လာတာလေ။

“သူ ဝန်ကြီးချုပ် ပြန်ဖြစ်လာရင်တောင် အရင်လိုမျိုး ထောက်ခံမှုနှုန်းကို ပြန်ပြီး ရဖို့ကတော့ ခက်ခဲလိမ့်မယ်”

လောလောဆယ်တော့ သူတို့မှာ နိုင်ငံခြားရေး ကိစ္စတွေကို အာရုံစိုက်ဖို့ အားအင် ရှိကြမှာ မဟုတ်ပါဘူး။

အိမ်နီးနားချင်း နိုင်ငံတွေအားလုံးကတော့ ကျေနပ်အားရစွာ တုံ့ပြန်နေခဲ့ကြတယ်။ ဂျပန်က စီးပွားရေး ကျဆင်းမှုထဲကနေ ရုန်းထွက်နိုင်ပြီး စီးပွားရေး ပြန်လည်ဦးမော့လာတာနဲ့တစ်ပြိုင်ထဲ ကိုရီးယားနဲ့ ဒုတ်ဒိုကျွန်းကိစ္စ၊ တရုတ်နဲ့ ဆန်ကာကုကျွန်းကိစ္စ၊ ရုရှားနဲ့ မြောက်ပိုင်းနယ်မြေ ကိစ္စတွေမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေကို စပြီး လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် သူတို့က အတိတ်က ကျူးကျော်စစ်ပွဲတွေနဲ့ ကိုလိုနီအုပ်ချုပ်မှု၊ ပစိဖိတ်စစ်ပွဲ စတဲ့ သမိုင်းကြောင်းတွေကို ငြင်းပယ်ဖို့ ကြိုးစားခဲ့ကြသလို စစ်အင်အား တိုးမြှင့်ဖို့ လှုပ်ရှားမှုတွေကိုလည်း ပြသခဲ့ကြတယ်။

အစိုးရအဖွဲ့တစ်ခုလုံး နှုတ်ထွက်ပြီး လွှတ်တော်ကို ဖြတ်သိမ်းလိုက်တာကြောင့် ဝန်ကြီးချုပ် အိုကာဇာကီအနေနဲ့ ဒီနှစ်အတွင်းမှာ အောင်မြင်အောင် လုပ်ဆောင်မယ်လို့ ကတိပြုထားခဲ့တဲ့ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလည်း လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။ ကိုရီးယားမှာလည်း စိတ်သက်သာရာရသွားတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တာပေါ့။

တက်ဂယူက ပြောတယ်။

“ဂျပန်ကို ဖြုတ်ချပစ်လိုက်တော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ရသွားတာပဲ”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“ဒါကြောင့် လူတွေက နေ့စဉ်ဘဝမှာ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ကြရမှာလို့ပြောကြတာကွ”

ငွေတွေ အများကြီး ရှိရုံနဲ့ အဆင့်မြင့်နိုင်ငံတစ်ခု ဖြစ်မလာသလို စစ်အင်အား တောင့်တင်းရုံနဲ့လည်း စူပါပါဝါနိုင်ငံ ဖြစ်မလာပါဘူး။ စူပါပါဝါနိုင်ငံတစ်ခုဆိုတာက စူပါပါဝါနိုင်ငံတစ်ခုရဲ့ သိက္ခာတရား ရှိနေရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်နဲ့ ဂျပန်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လေးစားမှု မခံရတာပါ။

All Chapters