အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁)
စိုးရိမ်ပူပန်မှုတွေက ကူးစက်ရောဂါလို ပျံ့နှံ့နေချိန်မှာပဲ နာမည်ကျော် ငလျင်ပညာရှင်တွေ ရှေ့ထွက်လာကြတယ်။
MIT တက္ကသိုလ်က ပါမောက္ခလည်းဖြစ်သလို ငလျင်ပညာရပ်မှာ ထိပ်တန်းပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဂျော့ရှ် ဘရောင်းက မီဒီယာ အင်တာဗျူးတစ်ခုမှာ ပါမောက္ခမိုဟန်ရဲ့ ပြောကြားချက်တွေကို တစ်ချက်ချင်းစီ ထောက်ပြဝေဖန်သွားတယ်။
သူက မိုဟန်ဟာ အချက်အလက်တွေကို ဘက်လိုက်မှုမရှိဘဲ ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချတာမျိုး မဟုတ်ဘဲ မိမိလိုချင်တဲ့ ကောက်ချက်နဲ့ ကိုက်ညီမယ့် အချက်အလက်တွေကိုပဲ ရွေးချယ်တင်ပြသွားတာလို့ ဆိုပါတယ်။
ပါမောက္ခဘရောင်းက အခုလို ပြောသွားတယ်။
"ဆန်အန်ဒရီးရပ်စ် ပြတ်ရွေ့ကြောဟာ အလျား မိုင် ၈၀၀ ပဲ ရှိပြီး အလျားလိုက်ရွေ့လျားတဲ့ ပြတ်ရွေ့ကြော အမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် အသွင်ပြောင်းနယ်နိမိတ် ဖြစ်တဲ့အတွက် အဆိုးရွားဆုံး အခြေအနေမှာတောင် ပမာဏ ၈ နဲ့ အထက်ရှိတဲ့ ငလျင်မျိုးလှုတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ အဲဒီလို ဖြစ်လာဖို့ ရာခိုင်နှုန်းက ငါးရာခိုင်နှုန်းထက်တောင် နည်းပါတယ်"
ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရကလည်း အခြေအနေကို ထိန်းသိမ်းဖို့ ဝင်ရောက်စွက်ဖက်လာတယ်။ ဒီမိုကရက်တစ် ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖရန်ကလင် လီဗင်က တရားဝင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။
"ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရမှာ ငလျင်စောင့်ကြည့်ရေး၊ ကြိုတင်သတိပေးရေးနဲ့ တုံ့ပြန်ရေးတို့အတွက် လမ်းညွှန်ချက်တွေ အပြည့်အစုံ ရှိပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ငလျင်ကြီး ဖြစ်လာနိုင်ခြေက သုညနီးပါးပဲ ရှိပြီး အခုအချိန်အထိ ဘယ်လို အန္တရာယ်မျိုးမှ မတွေ့ရသေးတဲ့အတွက် စိတ်အေးအေးထားကြပါ"
ချက်ချင်း တုံ့ပြန်ဆောင်ရွက်မှုတွေကြောင့် ပျံ့နှံ့နေတဲ့ စိုးရိမ်ပူပန်မှုတွေ စတင်ငြိမ်သက်သွားခဲ့တယ်။
ဒေသခံတွေက အခြေအနေ ဘာဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ဖို့ ပြင်ဆင်နေကြတယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုကတော့ ကျန်နေသေးတာပဲ။
ငလျင်ကြီး ဖြစ်လာဖို့ အလားအလာ နည်းနေရင် ငလျင် နောက်ဆက်တွဲကိစ္စကြောင့် ဘာလို့ အခုလို ကြောက်ကုန်ကြတာလဲ။ မီဒီယာတွေက အဲဒီအတွက် အဖြေတွေ ထုတ်ပေးခဲ့ကြတယ်။
[OTK ကုမ္ပဏီက ကော်ပိုရိတ် ငွေတိုက်စာချုပ်တွေ ထုတ်ဝေပြီး ကုန်ကြမ်းတွေမှာ ရင်းနှီးမြှုပ်နှံနေ]
[အခု ရောင်းရင်တောင် အမြတ်ငွေ သန်းထောင်နဲ့ချီ ရနိုင်]
[စိုးရိမ်ပူပန်မှုတွေ ဖြန့်ဝေပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘယ်သူသေသေငတေမာရင်ပြီးရော ရန်ပုံငွေအဖွဲ့ရဲ့ ထုံးစံအတိုင်း နည်းဗျူဟာများ]
[PTSD ကြောင့်လား၊ ဒါမှမဟုတ် အကြီးစား လိမ်လည်မှုလား]
[ဖက်ဒရယ် ဥပဒေကို ချိုးဖောက်နိုင်ခြေ ရှိပါသလား]
မကြာခင် အချိန်အထိ ပါမောက္ခ ကီရန်မိုဟန်ဟာ စိတ်ပျက်အားငယ်နေခဲ့ရတယ်။
သူက ငလျင်ကြီးရဲ့ အန္တရာယ်တွေကို သတိပေးထားတဲ့ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်က လူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်တွေကို တက်တက်ကြွကြွ ဆွေးနွေးလာကြလိမ့်မယ်လို့ တွေးခဲ့ပေမဲ့ ရလဒ်ကတော့ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့တယ်။
စာအုပ်က ပထမအကြိမ် ရိုက်နှိပ်တာတောင် ကုန်အောင်မရောင်းရဘဲ စာအုပ်တိုက်က ဒေဝါလီခံသွားခဲ့ရတယ်။ ပညာရပ်ဆိုင်ရာ နယ်ပယ်မှာလည်း သူ့ရဲ့ အယူအဆတွေကို လုံးဝ လျစ်လျူရှုထားကြတယ်။
ဒါက ခံသာသေးပေမဲ့ တကယ့် ပြဿနာက အစိုးရရဲ့ သုတေသန ရန်ပုံငွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားတာပဲ ဖြစ်ပါတယ်။
အချိန် သိပ်မကျန်တော့မှန်း သိလို့ သူ စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေခဲ့တာပါ။ ငလျင်ကြီးက နီးကပ်လာနေပါပြီ။
အဲဒီမတိုင်ခင် သူ့ရဲ့ အယူအဆတွေကို ထောက်ခံပေးမယ့် အထောက်အထားတွေကို ရှာဖွေပြီး အများပြည်သူကို အသိပေးဖို့ လိုအပ်နေတာလေ။
ဒီလိုနဲ့ ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အလွန်ချမ်းသာတဲ့ လူတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။ ကန်ဂျင်ဟူက နောင်မှာ ငွေကြေးကိစ္စအတွက် စိုးရိမ်စရာမလိုအောင် စပွန်ဆာပေးဖို့ ကမ်းလှမ်းလာခဲ့လို့ ပါမောက္ခ မိုဟန်ဟာ သုတေသနလုပ်ငန်းတွေကို စိတ်အားထက်သန်စွာနဲ့ ပြန်လည်စတင်နိုင်ခဲ့တယ်။
ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်မှာ ကမ္ဘာ့ထိပ်တန်း ငလျင်စောင့်ကြည့်ရေး စင်တာတွေထဲက တစ်ခု ရှိတယ်။
ဒီနေရာမှာ အမေရိကန် တစ်ဝန်းက ငလျင်အမျိုးမျိုးကို စောင့်ကြည့်ပြီး အချက်အလက်တွေကို စုဆောင်းကာ ကမ္ဘာတစ်ဝန်းက အခြားစင်တာတွေနဲ့ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ဖလှယ်ကြပါတယ်။
ဂျပန်ငလျင်ကြီး ဖြစ်ပွားပြီးနောက် အမေရိကန်မှာ ငလျင်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့လို့ ဖက်ဒရယ် အစိုးရက ပစိဖိတ် ကမ်းရိုးတန်းတစ်လျှောက် စောင့်ကြည့်ရေး ကိရိယာတွေ တိုးမြှင့်ဖို့နဲ့ ကြိုတင်သတိပေး စနစ်တွေ ထူထောင်ဖို့ ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ငလျင်ဗဟိုချက်နဲ့ ပြင်းအားပမာဏကို လျင်မြန်စွာ ဖော်ထုတ်ပြီး ဒေသခံတွေကို ကြိုတင်သတိပေးကာ ရွှေ့ပြောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။
စနစ်က စတင်လည်ပတ်တာနဲ့ အချက်အလက်တွေ အများကြီး စီးဝင်လာပြီး ခွင့်ပြုချက်ရထားတဲ့ ဘယ်သူမဆို ကြည့်ရှုနိုင်ခဲ့တယ်။
ဒါပေမဲ့ တူညီတဲ့ ကုန်ကြမ်းတွေ ရှိနေရုံနဲ့ တူညီတဲ့ ဟင်းလျာမျိုး ရမယ်လို့ အာမ မခံနိုင်ပါဘူး။ အလားတူပဲ တူညီတဲ့ အချက်အလက်တွေကို ပေးထားပေမဲ့ တူညီတဲ့ ကောက်ချက်မျိုး ထွက်မလာဘူးလေ။
အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ခွဲခြမ်းစိတ်ဖြာမှုက ပညာရှင် တစ်ဦးချင်းစီအပေါ် မူတည်နေတဲ့အတွက် မတူညီတဲ့ ရှုထောင့်တွေကနေ လုံးဝ ကွဲပြားတဲ့ ရလဒ်တွေကို ဦးတည်သွားစေနိုင်ပါတယ်။
အချက်အလက်တွေ သိပ်နည်းလွန်းရင် ပြဿနာဖြစ်နိုင်သလို အချက်အလက်တွေ များပြားလွန်းရင်လည်း ခွဲခြမ်းစိတ်ဖြာဖို့ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ရှိပြီးသား အချက်အလက်တွေကို အသစ်တွေနဲ့ ထပ်ဖြည့်လိုက်တဲ့အခါ ပညာရှင်အသိုင်းအဝိုင်းမှာ ရှုပ်ထွေးသွားခဲ့တယ်။ ရှင်းလင်းတဲ့ စနစ်တစ်ခု ထူထောင်ဖို့ အချိန်ယူရဦးမှာပါ။
ပါမောက္ခ မိုဟန်က ဂျပန်ငလျင်ကြီး ဖြစ်ပွားပြီးနောက် Pacific Ring of Fire မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကို သေချာ ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အလွယ်တကူ လျစ်လျူရှုနိုင်တဲ့ သိမ်မွေ့တဲ့ တုန်ခါမှုလေးတွေကိုတောင် ထည့်သွင်း တွက်ချက်ခဲ့တယ်။
ရက်တွေ ကုန်လွန်လာတာနဲ့အမျှ သူ့ရဲ့ စိုးရိမ်စိတ်က ပိုမိုကြီးထွားလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အများပြည်သူတွေက ပါမောက္ခ မိုဟန်ရဲ့ အဆိုပြုချက်တွေအပေါ် ဝေဖန်ဆွေးနွေးနေကြတယ်။
အရင်က မရောင်းရတဲ့ စာအုပ်တွေ အကုန်ရောင်းကုန်သွားပြီး မီဒီယာတွေရဲ့ အင်တာဗျူး တောင်းဆိုမှုတွေ အများကြီး ဝင်လာခဲ့တယ်။ ဒါ့အပြင် ဝေဖန်ရှုတ်ချတဲ့ အီးမေးလ်တွေနဲ့ စာတွေလည်း တားမနိုင်ဆီးမရ ရောက်ရှိလာခဲ့တယ်။
ပါမောက္ခ မိုဟန်က အခြားသူတွေရဲ့ အမြင်ကို သိပ်ဂရုစိုက်လေ့ မရှိပါဘူး။ ဒါကြောင့်လည်း သူက ပညာရှင်အသိုင်းအဝိုင်းရဲ့ အဓိက အမြင်တွေနဲ့ ဆန့်ကျင်ဘက် အယူအဆတွေကို ဆက်လက် ဆုပ်ကိုင်ထားနိုင်တာ ဖြစ်ပါတယ်။
အခြားသူတွေ ဘာပဲပြောပြော ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ ကိုယ်လုပ်ရမှာပါ။
ပါမောက္ခ မိုဟန်က သူ့အဖွားရဲ့ စကားတွေကို ပြန်သတိရမိတယ်။ အဖွားက နတ်ဆရာ မျိုးရိုးကနေ ဆင်းသက်လာတာကြောင့်လားတော့ မသိဘူး။ မြေပြင်၊ ပင်လယ်နဲ့ ကောင်းကင်အကြောင်း ပုံပြင်မျိုးစုံကို ပြောပြဖူးတယ်။
အံ့သြစရာကောင်းတာက အဲဒီအရာအားလုံးက တကယ် ဖြစ်လာခဲ့တာပါပဲ။
အနောက်ဘက်ကနေ လေပြင်းတွေ တိုက်လိမ့်မယ်လို့ အဖွားပြောတုန်းက ဘော့စတွန်မှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး တောင်ဘက်ကနေ မိုးသည်းထန်စွာ ရွာလိမ့်မယ်လို့ ပြောတဲ့အခါ နယူးအော်လင်းမှာ ရေကြီးခဲ့တယ်။
အံ့သြနေတဲ့ မြေးဖြစ်သူကို အဖွားက ဒါဟာ တိုက်ဆိုင်မှုသက်သက်ပါလို့ ပြောခဲ့ဖူးတယ်။
ဒါပေမဲ့ ဒါက တကယ်ပဲ တိုက်ဆိုင်မှုသက်သက်လား။
ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းတစ်လျှောက်မှာ ရေတွက်လို့မရတဲ့ ငလျင်တွေ ဖြစ်ပွားခဲ့ဖူးပြီး အဲဒီပုံပြင်တွေကို နောက်မျိုးဆက်တွေဆီ နှုတ်တိုက် လက်ဆင့်ကမ်းခဲ့ကြတယ်။
ငလျင်တွေကြောင့် မြေပြင်တွေ အက်ကွဲ၊ အဆောက်အဦးတွေ ပြိုကျပြီး ရေလှိုင်းတွေ တက်လာလိမ့်မယ်လို့ အဖွားက သူ့ကို ထွက်ပြေးဖို့ အကြံပေးခဲ့ဖူးတယ်။
အဖွား ကွယ်လွန်သွားပြီးနောက်မှာတောင် အဲဒီစကားတွေက သူ့စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။
ဆန်အန်ဒရီးရပ်စ် ပြတ်ရွေ့ကြောမှာ ငလျင်လှုပ်ခတ်နိုင်ခြေ ရှိတယ်ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒါပေမဲ့ ဒါက အကြီးစား ငလျင်မျိုး ဖြစ်မလာနိုင်ဘူးလို့ပဲ အများစုက ယုံကြည်နေကြတာပါ။
ဆန်ဖရန်စစ္စကို အနီးက ပြတ်ရွေ့ကြောတွေအကြောင်း ပြောရင် လူတိုင်းနီးပါးက ဆန်အန်ဒရီးရပ်စ် ပြတ်ရွေ့ကြောကိုပဲ ပြေးမြင်ကြတယ်။ (အရင်က ဖြစ်ပွားခဲ့တဲ့ အဓိက ငလျင်ကြီး နှစ်ခုက အဲဒီပြတ်ရွေ့ကြောကြောင့် ဖြစ်ခဲ့တာပါ)။ ဒါပေမဲ့ တကယ်တမ်းတော့ အခြားပြတ်ရွေ့ကြောတစ်ခု ရှိပါသေးတယ်။
အဲဒါကတော့ ဟေးဝါ့ဒ် ပြတ်ရွေ့ကြောပါ။
ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ရဲ့ ဘယ်ဘက်မှာ ဆန်အန်ဒရီးရပ်စ် ပြတ်ရွေ့ကြော ရှိပြီး ညာဘက်မှာတော့ ဟေးဝါ့ဒ် ပြတ်ရွေ့ကြော ရှိပါတယ်။
ပါမောက္ခ မိုဟန်က လွန်ခဲ့တဲ့ နှစ်နှစ်က ဟေးဝါ့ဒ် ပြတ်ရွေ့ကြောရဲ့ အတိုင်းအတာက ပိုကျယ်ပြန့်လာနိုင်ခြေ ရှိတယ်လို့ အယူအဆ တင်ပြခဲ့ဖူးတယ်။
သူက အဲဒီပြတ်ရွေ့ကြောဟာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ မြောက်ပိုင်းကနေ ဘာကလေနဲ့ အုတ်ကလန်ကို ဖြတ်ပြီး ဆန်ဟိုဆေးအထိ ဆန့်တန်းသွားတယ်လို့ ပြောခဲ့တာပါ။
ဒါပေမဲ့ သူက ပညာရှင်အသိုင်းအဝိုင်းမှာ အပယ်ခံတစ်ယောက်လို ဖြစ်နေခဲ့လို့ ဒီအယူအဆကိုလည်း ပယ်ချခဲ့ကြတယ်။
အသစ် တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေး ကိရိယာတွေဆီက အချက်အလက်တွေကို ပြန်လည် သုံးသပ်နေရင်း ပါမောက္ခ မိုဟန် တစ်ခုခုကို သတိပြုမိသွားတယ်။
"နေပါဦး"
သူက ကယ်လီဖိုးနီးယား မြေပုံကို အမြန်ဖြန့်လိုက်ပြီး အမှတ်အသားပြုတဲ့ ဘောပင်နဲ့ ပြတ်ရွေ့ကြော နှစ်ခုကို ဆွဲလိုက်တယ်။ ဆန်ဖရန်စစ္စကိုရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဒေါင်လိုက် မျဉ်းကြောင်းအရှည်ကြီး နှစ်ကြောင်း ထွက်လာတယ်။
ဒီတစ်ကြိမ်မှာတော့ သူက ပြတ်ရွေ့ကြော နှစ်ခုကို ဆက်သွယ်ပေးမယ့် အလျားလိုက် မျဉ်းကြောင်းတစ်ကြောင်း ဆွဲလိုက်တယ်။ အဲဒီမျဉ်းကြောင်းက ဆန်ဖရန်စစ္စကိုမြို့ကို ကွက်တိ ဖြတ်သန်းသွားခဲ့တယ်။
ဟေးဝါ့ဒ် ပြတ်ရွေ့ကြောရဲ့ အတိုင်းအတာက ပိုကျယ်ပြန့်လာတယ်ဆိုရင် ပြတ်ရွေ့ကြော နှစ်ခုကြားက အကွာအဝေးက ကီလိုမီတာ ၂၀ အတွင်းကို ကျုံ့သွားမှာပါ။ ဒါဆိုရင် တစ်ခုနဲ့တစ်ခု တိုက်ရိုက် သက်ရောက်မှု ရှိလာနိုင်ခြေ အပြည့်အဝ ရှိပါတယ်။
ငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတဲ့ ဆန်အန်ဒရီးရပ်စ် ပြတ်ရွေ့ကြောနဲ့မတူဘဲ ဟေးဝါ့ဒ် ပြတ်ရွေ့ကြောကတော့ တိတ်ဆိတ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ငလျင်လှုပ်ခတ်မှုတွေက ထပ်တူကျသွားရင်ကော ဘာဖြစ်မလဲ။
"ပြတ်ရွေ့ကြော နှစ်ခုလုံးက တစ်ပြိုင်ထဲ အလျားလိုက် ရွေ့လျားမှု ဖြစ်လာရင် ဘာဖြစ်မလဲ"
ပါမောက္ခ မိုဟန်က ပြတ်ရွေ့ကြော နှစ်ခုရဲ့ လှုတ်ရှားမှုတွေကို ထပ်တူချဖို့ အချက်အလက်တွေကို အမြန် ခွဲခြမ်းစိတ်ဖြာလိုက်တယ်။ အံ့သြစရာကောင်းတာက အဲဒီအချိန်တွေ ထပ်တူကျမယ့် ကာလက နောက်ထပ် ရက်ပေါင်း ၅၀ ဝန်းကျင် ဖြစ်နေပါတယ်။
တစ်နည်းပြောရရင် ဒီနှစ် စက်တင်ဘာလနှောင်းပိုင်းပေါ့။
ပါမောက္ခ မိုဟန်ရဲ့ ကျောပြင်တစ်လျှောက် ချွေးစေးတွေ စီးကျလာခဲ့တယ်။
"ဘုရားသခင်"
သူက အရင်တုန်းက ငလျင်ကြီး ဖြစ်လာနိုင်ခြေကို ကိုးဆယ်ရာခိုင်နှုန်းပဲ သေချာခဲ့တာပါ။ အခုတော့ အဲဒီအတွေးက ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ပြောင်းလဲသွားပါပြီ။
သူ့ရဲ့ ပြင်းအား အတိုင်းအတာကိုတော့ သူ ခန့်မှန်းလို့ မရသေးဘူး။
'အရင်ဆုံး ပုံတူစမ်းသပ်မှု လုပ်ကြည့်ရမယ်...'
သူ ထိတ်လန့်တုန်လှုပ်နေတုန်းမှာပဲ ကာရီက လှမ်းပြောလိုက်တယ်။
"ပါမောက္ခ။ ဒီဖုန်းလေး ကိုင်ပေးပါဦး"
"ငါ အခု အလုပ်ရှုပ်နေတယ်။ နောက်မှ ပြန်ခေါ်ခိုင်းလိုက်"
"အရေးကြီးတဲ့ ဖုန်းမလို့ပါ။ ကိုင်ရပါမယ်"
ပါမောက္ခ မိုဟန်က ခေါင်းလှည့်ကြည့်လိုက်တယ်။
"ဘယ်သူလဲ"
"ကန်ဂျင်ဟူပါ"
သူ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ စီမံကိန်းကို ရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့သူဆီက ဖုန်းဆိုရင်တော့ အခြေအနေက ကွဲပြားသွားပြီ။ ပါမောက္ခ မိုဟန်က မတတ်သာဘဲ ကာရီ ကမ်းပေးတဲ့ ဖုန်းကို လှမ်းကိုင်လိုက်တယ်။
[စကားပြောဖို့ အဆင်ပြေရဲ့လားခင်ဗျာ]
"ငါ့မှာ အချိန်သိပ်မရှိလို့ တိုတိုတုတ်တုတ်ပဲ ပြောကြရအောင်"
[ကျွန်တော်တို့ဘက်က ရှင်းလင်းတင်ပြချက်တစ်ခု လိုချင်လို့ပါ။ ပါမောက္ခရဲ့ ရှင်းပြချက်ကို နားထောင်ချင်တဲ့သူတွေ ရှိနေလို့ပါ]
"ငါ့မှာ အခု အချိန်မရှိဘူး။ နောက်မှ လုပ်လို့မရဘူးလား"
[အချိန်မရှိလို့ အခုပြောရတာပါ။ ဒါက အရမ်း အရေးကြီးပါတယ်]
အကြိမ်ကြိမ် ငြင်းပယ်ခံရပေမဲ့ ကန်ဂျင်ဟူက အလေးအနက် တောင်းဆိုခဲ့တယ်။
[ပါမောက္ခ ဒါကို တကယ် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်]
နောက်ဆုံးတော့ ပါမောက္ခ မိုဟန်က မတတ်သာဘဲ သဘောတူလိုက်ရတယ်။
"ဟူး... ကောင်းပြီလေ"
[ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လေယာဉ်လက်မှတ်ကို အခုချက်ချင်း ပို့ပေးလိုက်ပါမယ်]
"ဘာ... လေယာဉ် ဟုတ်လား"
ဒီဘက်ကို လာမှာ မဟုတ်ဘူးလား။
ဒါပေမဲ့ ဖုန်းက ချသွားပါပြီ။
ကျွန်တော် ဝါရှင်တန်လေဆိပ်မှာ တက်ဂယူနဲ့အတူ ပါမောက္ခ မိုဟန်နဲ့ ကာရီတို့ကို သွားကြိုခဲ့တယ်။
ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်မှာ တွေ့ခဲ့ပြီးကတည်းဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ပါမောက္ခ မိုဟန်က လက်ထဲမှာ အိတ်တွေအပြည့်နဲ့ ရောက်လာခဲ့တယ်။
ကာရီမှာလည်း လက်ပ်တော့အိတ် အပါအဝင် အိတ်တွေ အများကြီး ပါလာပါတယ်။
"မလေးဘူးလား"
ကျွန်တော့်ရဲ့ မေးခွန်းကို ကာရီက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
"ကိစ္စမရှိပါဘူး။ ပါမောက္ခနဲ့အတူ ကွင်းဆင်းလေ့လာရေး သွားတဲ့အခါဆိုရင် ဒီထက်တောင် အိတ်တွေ ပိုများသေးတယ်"
ငလျင်သုတေသန လုပ်ငန်းကို လူတိုင်း လုပ်နိုင်တာတော့ မဟုတ်ဘူး ထင်တယ်။
"ကဲ... အရင်ဆုံး ကားပေါ်တက်ကြရအောင်"
ကျွန်တော်တို့ အားလုံး limousineကားကြီးပေါ် တက်လိုက်ကြတယ်။
"စားပြီးကြပြီလား"
ပါမောက္ခ မိုဟန်က ခေါင်းညိတ်ပြတယ်။
"လေယာဉ်ပေါ်က အစားအစာတွေ စားခဲ့ပါတယ်။ အစားအသောက်က အရမ်းကောင်းတယ်" လို့ သူက ပြောတယ်။
"ကျွန်မလည်း ဝိုင်တစ်ခွက် သောက်ခဲ့သေးတယ်။ အရင်ကတည်းက Economy Classကပဲ စီးခဲ့ဖူးတာ။ First Classက စီးရတာ ဒါပထမဆုံးပဲ။ အရမ်း အဆင်ပြေတာပဲ" လို့ ကာရီက ထပ်ပြောတယ်။
"အင်း... အဲဒါကြောင့်မလို့ ခရီးစဉ်က သက်သောင့်သက်သာ ရှိခဲ့တာပေါ့"
ကျွန်တော် ပြုံးလိုက်တယ်။
"အဆင်ပြေသွားတာ ဝမ်းသာပါတယ်။ တကယ်တော့ ဟိုတယ်ကို အရင်သွားပြီးမှ ဆက်သွားဖို့ လုပ်ထားတာပါ။ ဒါပေမဲ့ အစီအစဉ်က နည်းနည်း စောသွားလို့လေ။ အစည်းအဝေးလုပ်မယ့်နေရာကို တန်းသွားရင် အဆင်ပြေတယ်မလား"
ပါမောက္ခ မိုဟန်က ခေါင်းညိတ်ပြီး ပြန်မေးတယ်။
"ရပါတယ်။ ဒါနဲ့ ငါတို့ ဘယ်သွားကြမှာလဲ"
"အိမ်ဖြူတော်ကိုပါ"
ကျွန်တော့်စကားကြောင့် သူ အံ့သြပြီး မျက်တောင်တခတ်ခတ် ဖြစ်သွားတယ်။
"အိမ်ဖြူတော် ဟုတ်လား... ဘာကိစ္စရှိလို့လဲ..."
"သမ္မတ ရိုနယ်က ကျွန်တော်တို့ကို စောင့်နေပါတယ်"
သူတို့ နှစ်ယောက်လုံး ကြောင်အမ်းသွားကြတယ်။
"ဘာ... ဘာဆိုလိုတာလဲ"
"ပါမောက္ခရဲ့ ရှင်းပြချက်ကို နားထောင်ချင်တဲ့သူ ရှိတယ်လို့ ကျွန်တော် ပြောခဲ့တယ်လေ"
"ဒါပေမဲ့ အဲဒီလူက သမ္မတကြီးလို့ မပြောခဲ့ဘူးလေ"
"ဪ... ကျွန်တော် မပြောမိဘူးလား"
တကယ်တော့ ကျွန်တော် တမင် မပြောထားခဲ့တာပါ။ ဒါပေမဲ့ ဝါရှင်တန် ဒီစီကို လာခိုင်းကတည်းက သူတို့ ရိပ်မိလိမ့်မယ်လို့ တွေးထားခဲ့တာ။
ပါမောက္ခ မိုဟန်က မျက်နှာ ပျက်သွားပြီး စကားတွေ ထစ်အကုန်တယ်။
"မ... မဖြစ်နိုင်တာ။ သမ္မတကြီးရဲ့ ရှေ့မှာ ငါ့ကို ရှင်းလင်းတင်ပြခိုင်းမလို့လား"
" ကထိကတွေ ပုံမှန် လုပ်သလိုမျိုးပဲ အေးအေးဆေးဆေး လုပ်ရုံပါပဲ"
"ဒါပေမဲ့... ငါက ဒီမိုကရက်တစ် ပါတီဝင်လေ"
တက်ဂယူက "အဲဒါက အရေးကြီးလို့လား" လို့ ဝင်မေးတယ်။
"...."
သူ ပြန်မဖြေနိုင်တာကို ကြည့်ရင်တော့ ဒါက အရေးမကြီးဘူးဆိုတာ ထင်ရှားပါတယ်။
ပါမောက္ခ မိုဟန်က ကားပေါ်ကနေ ခုန်ချရမလား ဆိုတဲ့ ပုံစံမျိုးနဲ့ ဝေခွဲမရ ဖြစ်နေတယ်။ ဒါပေမဲ့ သူ ဆုံးဖြတ်ချက် မချနိုင်ခင်မှာပဲ ကျွန်တော်တို့ အိမ်ဖြူတော်ကို ရောက်သွားခဲ့ပါပြီ။
ကျွန်တော်တို့တွေ လုံခြုံရေးဝန်ထမ်းတွေရဲ့ စစ်ဆေးမှု အမျိုးမျိုးကို ခံယူခဲ့ရတယ်။ ပါမောက္ခ မိုဟန်နဲ့ ကာရီတို့က အိတ်တွေကို ဖွင့်ပြပြီး လက်ပ်တော့လိုမျိုး အီလက်ထရွန်နစ် ပစ္စည်းအားလုံးကို ပါဝါဖွင့်ပြခဲ့ရတယ်။
လုံခြုံရေး စစ်ဆေးမှု ပြီးနောက်မှာတော့ ဝန်ထမ်းတွေက ကျွန်တော်တို့ကို အခန်းတစ်ခုဆီ လမ်းညွှန်ခေါ်ဆောင်သွားတယ်။ ခဏအကြာမှာတော့ တရားဝင် အစိုးရဝန်ထမ်း ဝတ်စုံဝတ်ဆင်ထားတဲ့ လူဖြူအမျိုးသမီးတစ်ယောက် စာရွက်စာတမ်းတချို့ကို ကိုင်ပြီး ဝင်လာခဲ့တယ်။
"ဒါက သတင်းအချက်အလက် ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက်ပါ။ ရှင်တို့ ဒီနေရာကို ရောက်နေတဲ့ အချက်နဲ့ ဒီနေ့ ဆွေးနွေးသမျှ အရာအားလုံးက လျှို့ဝှက်ချက် ဖြစ်ပြီး ပေါက်ကြားမှု ရှိခဲ့ရင် အရေးယူခံရပါလိမ့်မယ်"
ဒါက သာမန် သတိပေးချက်မျိုး မဟုတ်ပါဘူး။
ဒီလို လျှို့ဝှက် ဆောင်ရွက်ရတဲ့ အကြောင်းရင်းကတော့ တွေ့ဆုံရုံသက်သက်နဲ့တင် အစိုးရအဖွဲ့ဟာ ငလျင်ကြီး ဖြစ်လာနိုင်ခြေကို အလေးအနက် စဉ်းစားနေပြီဆိုတဲ့ အထင်အမြင်မျိုး ပေးသွားနိုင်လို့ပါ။
ကယ်လီဖိုးနီးယားမှာ အခြေအနေတွေ ရှုပ်ထွေးနေပြီ ဖြစ်တဲ့အတွက် မလိုအပ်တဲ့ ဝေခွဲမရမှုတွေက အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။
ကျွန်တော်တို့ တစ်ယောက်ချင်းစီ စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်။
အစည်းအဝေးခန်းထဲ ဝင်မယ့်သူတွေက ကျွန်တော်နဲ့ ပါမောက္ခ မိုဟန်တို့ ဖြစ်တယ်လို့ သတ်မှတ်လိုက်တယ်။ ကာရီက လက်ပ်တော့ကို ဖွင့်ပြီး အချက်အလက်တွေကို နောက်တစ်ကြိမ် ထပ်စစ်ဆေးပေးတယ်။
"Powerpoint ကို ဖွင့်ပြီး ကားထဲကနေပဲ လှမ်းပို့လိုက်ပါ" လို့ ကျွန်တော် ပြောလိုက်တယ်။
"ကျွန်မ အဲဒါကို စီစဉ်လိုက်ပါမယ်။ ပါမောက္ခကတော့ တင်ပြမယ့်အချက်ကိုပဲ အာရုံစိုက်ပါ" လို့ သူက ပြန်ပြောပြီး ကျွန်တော့်လက်ထဲက လက်ပ်တော့ကို လှမ်းယူလိုက်တယ်။
ဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော်တို့က ကျဉ်းမြောင်းတဲ့ စင်္ကြံလမ်းကို ဖြတ်ပြီး အစည်းအဝေးခန်းဆီ ဦးတည်သွားခဲ့တယ်။ အခန်းထဲ ဝင်လိုက်တာနဲ့ အမေရိကန် ဒရာမာ သို့မဟုတ် သတင်းအစီအစဉ်တွေထဲက အခန်းအနားတစ်ခုလိုပဲ ခံစားလိုက်ရပါတယ်။
ကျဉ်းမြောင်းတဲ့ အစည်းအဝေးခန်းရဲ့ အလယ်မှာ ထောင့်မှန်စတုဂံပုံ စားပွဲတစ်လုံး ရှိပြီး ပတ်ပတ်လည်မှာ လူတစ်ဒါဇင်လောက် ဝိုင်းထိုင်နေကြတယ်။
ကျွန်တော် ပထမဆုံး သတိပြုမိတဲ့လူကတော့ ဒုတိယသမ္မတ မိုက်ဘောင်ဝါ ဖြစ်ပါတယ်။ သူ့ရဲ့ ဆံပင်တိုတို ဖြူဖြူတွေနဲ့ ထက်မြက်တဲ့ အကြည့်တွေက ရာထူးတက်ပွဲတုန်းက မြင်ခဲ့ရကတည်းက ကျွန်တော့်စိတ်ထဲမှာ စွဲကျန်နေခဲ့တာလေ။
ကျန်တဲ့ မျက်နှာတွေကလည်း သတင်းတွေထဲမှာ ခဏခဏ မြင်ဖူးနေကျမလို့ ရင်းနှီးနေပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျိုနသန် အန်ဒါဆန်၊ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် မာရှယ်၊ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကိုလင် ပရက်တ်၊ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဆိုင်မွန် ဆင်မ်ကင်စ်၊ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျက်ခ် မိချယ်၊ အတိုင်ပင်ခံ အီယန် ခရိလ် စသဖြင့်ပေါ့။
ပြီးတော့ အခန်းရဲ့ အတွင်းဘက်ဆုံးနေရာမှာတော့ သမ္မတ ရိုနယ်က လက်ပိုက်ပြီး ထိုင်နေပါတယ်။
အမေရိကန်ကို ဦးဆောင်နေတဲ့ ထိပ်တန်း အာဏာပိုင်တွေ အားလုံးက တစ်နေရာတည်းမှာ စုံစည်းနေကြတာပါ။ ဒါက တရားဝင် NSC (အမျိုးသားလုံခြုံရေးကောင်စီ) အစည်းအဝေး မဟုတ်ပေမဲ့ အနှစ်သာရအားဖြင့်တော့ NSC ပါပဲ။
ကျွန်တော် ဒီအခန်းထဲ ရောက်နေတယ်ဆိုတာကိုတောင် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။
အမေ သိရင် ဘာပြောမလဲ မသိဘူး။
ကျွန်တော် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရင်း ပါမောက္ခ မိုဟန်ကို လှမ်းကြည့်လိုက်တယ်။ သူကတော့ ခြေထောက်တွေ တုန်နေပြီး တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပုံရပါတယ်။
ရိုနယ်က လက်ပိုက်ထားတုန်းပဲ ရှိသေးပြီး "ရှင်းလင်းတင်ပြချက်ကို စတင်ကြရအောင်" လို့ ပြောလိုက်တယ်။