အခန်း ၃၄၂
Vol. 35 Ch. 342
အခန်း (၃၄၂)
မိုးရွာတဲ့အသံကြောင့် နိုးလာခဲ့တယ်။ အိပ်နေတုန်းမှာပဲ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတွေ ရွာနေခဲ့တာဖြစ်ပြီး အယ်လီက ကျွန်တော့်ရင်ခွင်ထဲမှာ မှီတွယ်နေတာပါ။
ပထမဆုံးတွေ့တုန်းက အတိုလေးဖြစ်ခဲ့တဲ့ အယ်လီရဲ့ ဆံပင်ညိုညိုလေးတွေက အခုဆို ပုခုံးကျော်နေပါပြီ။ မှိတ်ထားတဲ့ မျက်လုံးတွေကြားကနေ ရှည်လျားတဲ့ မျက်တောင်လေးတွေ ထွက်နေတာကို မြင်နေရတယ်။ ကျွန်တော် လှုပ်ရှားလိုက်တာကို သိသွားပြီး အယ်လီက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာတယ်။
"အင်း။ မိုးရွာနေတာပဲ"
အယ်လီက ကွေးကွေးလေးလုပ်ပြီး ကျွန်တော့်ရင်ခွင်ထဲ ပိုတိုးဝင်လာတယ်။ ကျွန်တော် နမ်းလိုက်တော့ မျက်လုံးမှိတ်ထားတုန်းပဲ ရှိသေးပေမဲ့ စကားလှမ်းပြောတယ်။
"တကယ်ပါပဲ။ မနက်စောစောစီးစီး ကဲပြန်ပြီလား"
"ဒီနေ့က ပိတ်ရက်လေ"
"အာ… ဟုတ်သားပဲ။ ဒီနေ့ စနေနေ့မလား။ ဒါဆို အလုပ်သွားစရာ မလိုတော့ဘူးပေါ့"
အယ်လီ့မျက်နှာမှာ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားတယ်။ ကြည့်ရတာ တကယ့်ကို ချစ်စရာကောင်းလွန်းတာပါ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး နမ်းမိကြတယ်။ အိပ်ရာကနေ ထတဲ့အချိန်မှာတော့ မိုးပေါက်တွေက ပိုသန်လာခဲ့ပါပြီ။
အဝတ်အစားလဲပြီး ပထမထပ်ကို ဆင်းလာခဲ့ကြတယ်။ တက်ဂယူကတော့ ထပုံမရသေးဘူး။ ဧည့်ခန်းပြတင်းပေါက်ကနေ ကြည့်တော့ မိုးတွေက ခြံထဲကို ပြင်းပြင်းထန်ထန် ရွာချနေတာပါ။
ကျွန်တော် ကော်ဖီဖျော်ပြီး အယ်လီ့ကို တစ်ခွက် ပေးလိုက်တယ်။
ဧည့်ခန်းထဲမှာ ဘေးချင်းယှဉ်ထိုင်ပြီး မိုးရွာတာကို နားထောင်ရင်း ကော်ဖီသောက်နေကြတယ်။ အယ်လီက ကျွန်တော့်ပုခုံးပေါ် ခေါင်းလေး လာမှီတယ်။
"မိုးရွာသံ နားထောင်ရတာ ကောင်းသားပဲ"
"ဟုတ်တယ်"
မိုးတိတ်သွားရင်တော့ ပြင်းထန်တဲ့ အပူရှိန်တွေ ထွက်လာလောက်တယ်။ ကော်ဖီသောက်နေတဲ့ အယ်လီ့ကို ကြည့်ရတာ စီးပွားရေးကြော်ငြာထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို ကြည့်နေရသလိုပါပဲ။ စကားမစပ် အယ်လီက ကော်ဖီကြော်ငြာတစ်ခု ရိုက်ဖို့ ကမ်းလှမ်းချက် ရထားပါသေးတယ်။
"မိုးက တအားရွာနေတာဆိုတော့ အပြင်သွားဖို့ ခက်လိမ့်မယ်"
"ဒါဆို အိမ်မှာပဲ အတူတူ ရုပ်ရှင်ကြည့်ကြမလား"
"ကောင်းသားပဲ။ ကြည့်ချင်တဲ့ ရုပ်ရှင်ရှိလား"
"အက်ရှင်ကားကြည့်ချင်တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အက်ရှင်ကား ရှိလား"
"တက်ဂယူဆိုရင် သိလိမ့်မယ်"
အယ်လီက တစ်ခုခု သတိရသွားတဲ့ပုံစံနဲ့ ပြောတယ်။
"အာ…. အခု ဟောလိဝုဒ်မှာ Big One အကြောင်း ရုပ်ရှင်ရိုက်နေကြတယ်လို့ ကြားတယ်"
"ငါလည်း ကြားတယ်။ ပါမောက္ခ မိုဟန်က ရုပ်ရှင်ရဲ့ အကြံပေးလုပ်ပေးဖို့ သဘောတူထားတယ်တဲ့"
ဟောလိဝုဒ် ရုပ်ရှင်တွေက အမေရိကကို ထိမှန်တဲ့ ဘေးအန္တရာယ်မျိုးစုံကို ပုံဖော်လေ့ရှိပါတယ်။ ငလျင်တွေ၊ ဟာရီကိန်းတွေ၊ မီးတောင်ပေါက်ကွဲတာတွေ၊ ရေကြီးတာ၊ မိုးခေါင်တာ၊ အကြမ်းဖက်မှု၊ စစ်ပွဲ၊ ဥက္ကာခဲတိုက်တာ၊ ဂြိုဟ်သားကျူးကျော်တာအထိ...စုံလို့ပါပဲ။
ဒီလောက်ဆိုရင် ကမ္ဘာပေါ်က ငရဲဘုံလို ဖြစ်နေပြီလေ။ ရုပ်ရှင်အားလုံးနီးပါးမှာ ဇာတ်သိမ်းမှာတော့ အဓိကဇာတ်ဆောင်က ပြဿနာကို ဖြေရှင်းပြီး အမေရိကန်အလံ လွှင့်ထူတာနဲ့ပဲ ဇာတ်သိမ်းသွားတတ်တာပဲ။
ဒါပေမဲ့ ဟိုရှေ့တစ်နှစ်မှာ ဖြစ်ခဲ့တဲ့ Big One ကတော့ ရုပ်ရှင်တွေရဲ့ စိတ်ကူးယဉ်မှု အများစုကို ကျော်လွန်သွားခဲ့တယ်။ ဟောလိဝုဒ်ကတော့ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို လက်လွတ်ခံမှာ မဟုတ်ဘူးလေ။
မဟာငလျင်ကြီးနဲ့ပတ်သက်တဲ့ ရုပ်ရှင်တချို့လည်း ထွက်ရှိပြီးသားပါ။ အဲဒီကားတွေက Big One ရဲ့ ထိတ်လန့်စရာတွေကို တိုက်ရိုက်ပြသဖို့ထက် မိသားစု ဆုံးရှုံးခဲ့ရသူတွေရဲ့ ဝမ်းနည်းပူဆွေးမှု၊ လူတွေကြားက သံယောဇဉ်နဲ့ အန္တရာယ်ကို ကျော်လွှားတဲ့ ဖြစ်စဉ်တွေကိုပဲ ပိုအာရုံစိုက်ထားကြတယ်။
ဒါပေမဲ့ အခု ထုတ်လုပ်နေတဲ့ ရုပ်ရှင်ကတော့ တကယ့် Blockbuster ကားကြီးပါ။ ဆန်ဖရန်စစ္စကိုမှာ ဇာတ်လမ်းကို အခြေခံထားပြီး Big One တုန်းက ပျက်စီးဆုံးရှုံးမှုတွေကို တိုက်ရိုက် ပုံဖော်မှာဖြစ်ပါတယ်။
ဟောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ဖို့ အတည်ပြုထားပြီး ထုတ်လုပ်မှု အသုံးစရိတ်တင် ဒေါ်လာသန်း ၇၀၀ သတ်မှတ်ထားတာပါ။
ဒါရိုက်တာကတော့ တက်သစ်စကြယ်ပွင့် အာသာဖာရာ ဖြစ်ပါတယ်။ သူ့ရဲ့ အရင်လက်ရာတွေအပေါ် ပရိသတ်နဲ့ ဝေဖန်ရေးသမားတွေက ချီးကျူးခဲ့ကြတာကြောင့် အခု ဘယ်လိုရုပ်ရှင်မျိုး ဖန်တီးမလဲဆိုတာ မျှော်လင့်ချက် တော်တော်မြင့်နေတာပါ။
Big One အကြောင်းကို တိုက်ရိုက်ကိုင်တွယ်တဲ့ ရုပ်ရှင်တစ်ခု ရိုက်ကူးနေပြီဆိုတဲ့ အချက်က အမေရိကန်ဟာ ဘေးအန္တရာယ်ရဲ့ တုန်လှုပ်မှုဒဏ်ကနေ တော်တော်လေး ပြန်လည်သက်သာလာပြီ ဆိုတာကို ပြသနေတာပါပဲ။
အယ်လီက ကော်ဖီကို တစ်ငုံသောက်ပြီး ပြောတယ်။
"အခု ကျန်တာဆိုလို့ မြို့တွေကို ပြန်လည်တည်ဆောက်ဖို့ပဲ ရှိတော့တယ်"
ကယ်လီဖိုးနီးယားအနေနဲ့ တစ်နှစ်ခွဲလောက်ကြာတဲ့အထိ မြို့တွေကို ပြန်လည်တည်ဆောက်ဖို့တောင် မစနိုင်သေးတဲ့ အကြောင်းရင်းကတော့ ပျက်စီးမှုက တအားကြီးမားလွန်းလို့ပါ။
ဖက်ဒရယ်အစိုးရနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရတွေက သူတို့ရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ပျက်စီးမှု နည်းနည်းသက်သာတဲ့ ပတ်ဝန်းကျင်ဒေသတွေကို ပြန်လည်ပြုပြင်ဖို့ အရင်ဆုံး ဦးစားခဲ့ကြတယ်။ မြို့တစ်ခုလုံး ပြိုကျပျက်စီးသွားတဲ့ ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley နယ်မြေတွေမှာတော့ အပျက်အစီးတွေ ရှင်းလင်းတာနဲ့ ရုပ်အလောင်းတွေ ရှာဖွေတာကို ဆက်တိုက် လုပ်ဆောင်နေတုန်းပါပဲ။
အခုအချိန်အထိ အပျက်အစီးတွေကြားထဲကနေ ရုပ်အလောင်းတွေကို နေ့တိုင်းနီးပါး တူးဖော်ရရှိနေပြီး မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ကာ မိသားစုတွေဆီ ပြန်ပေးနေရတာပါ။ တစ်မိသားစုလုံး သေဆုံးသွားခဲ့ရင်တော့ ပြည်နယ်အစိုးရကပဲ နာရေးကို စီစဉ်ပေးပါတယ်။
ပတ်ဝန်းကျင်ဒေသတွေ ပြန်လည်ပြုပြင်တာ ပြီးသလောက် ဖြစ်သွားတော့ အားလုံးရဲ့ အာရုံက ဆန်ဖရန်စစ္စကိုဆီ ရောက်လာကြတယ်။
ပြည်နယ်အစိုးရကလည်း ဒီအတောအတွင်း ငြိမ်နေခဲ့တာ မဟုတ်ပါဘူး။ သူတို့က မြေပိုင်ရှင်တွေ၊ အိမ်ပိုင်ရှင်တွေရဲ့ အကျိုးစီးပွားကို ညှိနှိုင်းပေးရင်း မြို့ပြပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေကို ရေးဆွဲနေခဲ့တာပါ။
သမ္မတ ရိုနယ်က "အမေရိက ပထမ" ဆိုတာကို အားပေးတာကြောင့် အဓိက ဦးစားပေးကတော့ အမေရိကန် ဒီဇိုင်းကုမ္ပဏီတွေနဲ့ အမေရိကန် ဆောက်လုပ်ရေးကုမ္ပဏီတွေဆီပဲ သဘာဝအတိုင်း ရောက်သွားပါတယ်။
ဒါပေမဲ့ အမေရိကန် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို သုံးရင်တောင် လုပ်အားပြတ်လပ်မှုက သိသိသာသာ ရှိနေတုန်းပါပဲ။ ကျန်တဲ့အပိုင်းတွေကတော့ တခြားနိုင်ငံတွေဆီ သဘာဝအတိုင်း ရောက်သွားမှာပါ။ စားပွဲပေါ်ကနေ ကျလာတဲ့ အစအနလေးတွေတင် အားလုံးကို ကောင်းကောင်းကျွေးမွေးနိုင်ဖို့ လုံလောက်ပါတယ်။
ဒါက အမေရိကန်သမိုင်းမှာ တကယ့်ကို အကြီးမားဆုံး ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းက ဆောက်လုပ်ရေးကုမ္ပဏီတွေက ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ကြတယ်။ ဒီထဲမှာ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ကုန်သွယ်ရေး အငြင်းပွားမှုက အငြင်းပွားမှုဖြစ်ပြီး စီးပွားရေးက စီးပွားရေးပဲလေ။
အမေရိကန် မြို့ပြပြန်လည်တည်ဆောက်ရေး လုပ်ငန်းက တန့်နေတဲ့ ပြည်တွင်းဆောက်လုပ်ရေး ကဏ္ဍအတွက်တော့ မိုးခေါင်တုန်း ရွာတဲ့မိုးလိုပါပဲ။ အားလုံးက သူတို့ရဲ့ ပြင်ဆင်မှုတွေကို အပြီးသတ်ထားကြပြီး အမေရိကန် လက်အောက်ခံ ကုမ္ပဏီတွေရဲ့ လုပ်သားအင်အားကို မြှင့်တင်ထားကြတာပါ။
ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုခံထားရပြီး မိုးပျံတိုက်တွေကို အကြိမ်ကြိမ် ဆောက်လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိကြပါတယ်။
မလေးရှားက ကွာလာလမ်ပူမှာရှိတဲ့ ပီထရိုနက်စ် မျှော်စင်ညီနောင်၊ ကိုရီးယားရဲ့ Ritetower နဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ ဒူဘိုင်းက Burj Khalifa တို့ကိုတောင် ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတွေက ဆောက်ခဲ့တာပါ။
ဒီလောက်အထိ ကြားရရင်တော့ ကိုရီးယားရဲ့ ဆောက်လုပ်ရေး နည်းပညာအပေါ် ဂုဏ်ယူမိနိုင်ပါတယ်။
ဒါပေမဲ့ နည်းနည်းလောက် ပိုနက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်တော့ လုံးဝခြားနားတဲ့ အမှန်တရားကို တွေ့ရပါလိမ့်မယ်။ ဒီဇိုင်းဆွဲတာ၊ အုတ်မြစ်ချ စီမံကိန်းတွေနဲ့ ငလျင်ဒဏ်ခံ အင်ဂျင်နီယာပညာရပ်လိုမျိုး အဓိကနည်းပညာတွေကို အနောက်နိုင်ငံတွေက ကမ္ဘာ့ကုမ္ပဏီကြီး တွေကပဲ စိုးမိုးထားကြတာပါ။
ဒါက ကိုရီးယားမှာ ဆောက်တဲ့ အဆောက်အဦးတွေအတွက်တောင် အဲ့ဒီအချက်က အမှန်ပဲဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေကတော့ အပေါ်က ညွှန်ကြားချက်တွေအတိုင်း ဒေသခံအလုပ်သမားတွေကို စုစည်းပြီး ပုံစံပြမြေပုံအတိုင်း ဆောက်လုပ်ရုံပါပဲ။ သူတို့က အခြေခံအားဖြင့် ကန်ထရိုက်သမားတွေလို့ ပြောရမှာပါ။
ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကြားတော့ တက်ဂယူက ပြောတယ်။
"ကိုရီးယားလူမျိုးတွေက စာမေးပွဲပုစ္ဆာ ဖြေရှင်းရတာကို သဘာဝအတိုင်း တော်ကြတယ်။ ဒါပေမဲ့ ရှင်းပြဖို့ ပြောလိုက်ရင်တော့ ဘယ်သူမှ လက်မထောင်ကြဘူး"
"ဒါ အမှန်ပဲ"
သတ်မှတ်ပေးထားတဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်တဲ့ နေရာမှာ ကိုရီးယားကို ဘယ်နိုင်ငံမှ မယှဉ်နိုင်ပါဘူး။
ဒီဇိုင်းဆွဲတဲ့ စွမ်းဆောင်ရည်က ဆောက်လုပ်ရေး စွမ်းရည်ထက် အများကြီး နောက်ကျနေရတဲ့ အကြောင်းရင်းကတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေက သေချာ ရင်းနှီးမြှုပ်နှံမှု မလုပ်လို့ပါပဲ။ အတိုင်းအတာအနေနဲ့ ကွာခြားနိုင်ပေမဲ့ ဘယ်အရာမှာမဆို ရလဒ်ကောင်းရဖို့အတွက် ငွေသုံးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီဇိုင်းနယ်ပယ်ကို ကမ္ဘာ့ကုမ္ပဏီကြီးတွေက စိုးမိုးထားပြီးသား ဖြစ်တာပါ။ အတွေ့အကြုံ မရှိတော့ စိန်ခေါ်မှုတွေကို မရင်ဆိုင်နိုင်ကြဘူး၊ စိန်ခေါ်မှုတွေကို မရင်ဆိုင်နိုင်တော့ အတွေ့အကြုံ မရနိုင်ကြဘူး — ဒါက သံသရာလည်နေတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဆောက်လုပ်ရေးရဲ့ အဓိကကတော့ ဒီဇိုင်းပါပဲ။ ဘယ်ပစ္စည်းတွေ သုံးမလဲ၊ ဘယ်လိုဆောက်မလဲဆိုတာ ဒီဇိုင်းအဆင့်မှာပဲ ဆုံးဖြတ်တာပါ။
ArcIT က ဒီဇိုင်းလေလံပွဲမှာ ပါဝင်ခဲ့ပြီး Palo Alto နဲ့ Redwood City ဆိုတဲ့ နေရာနှစ်ခုအတွက် မြို့ပြဒီဇိုင်း စာချုပ်တွေကို အနိုင်ရခဲ့တယ်။ ဒါက ကြီးမားတဲ့ အောင်မြင်မှုပါပဲ။
ဒီဇိုင်းပိုင်းကို တာဝန်ယူရတယ်ဆိုတာ အမှန်တကယ် ဆောက်လုပ်မယ့် ဆောက်လုပ်ရေးကုမ္ပဏီတွေအပေါ် သြဇာလွှမ်းမိုး နိုင်တဲ့ အခွင့်အာဏာ ရှိတယ်လို့ ဆိုလိုတာပါပဲ။ ရရှိမယ့် အကျိုးအမြတ်ကလည်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ ယှဉ်ရင် နှိုင်းယှဉ်လို့မရအောင် များပြားပါတယ်။
ArcIT မှာ ဒီဇိုင်းအတွက် ဉာဏ်ရည်တု (AI) နဲ့ machine learningကို အသုံးပြုတဲ့ ကိုယ်ပိုင်နည်းပညာ ရှိပါတယ်။ ဒီဇိုင်းဆွဲရာမှာ ပရိုဂရမ်တွေကို အသုံးပြုရုံတင်မကဘဲ ဒေတာတွေ ထည့်သွင်းပေးရုံနဲ့ အကောင်းဆုံး ဒီဇိုင်းတွေကို ထုတ်လုပ်ပေးနိုင်တာပါ။
ဒီနည်းလမ်းက ကုန်ကျစရိတ်ကို တစ်ဝက်အထိ လျှော့ချပေးနိုင်ပြီး အလုပ်ချိန်ကို သုံးပုံတစ်ပုံအထိ လျှော့ချပေးနိုင်ပါတယ်။
ဒီဇိုင်းကနေ ရမယ့် ချက်ချင်းဝင်ငွေအပြင် သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရ တာကြောင့် နောက်နောင် ဒီဇိုင်းစီမံကိန်းတွေမှာ ပါဝင်ဖို့ လမ်းပွင့်သွားခဲ့တယ်။
ဒီသတင်း ထွက်လာတဲ့အခါ ArcIT ရဲ့ တန်ဖိုးက ဒေါ်လာ သန်းပေါင်း ၁သောင်းအထိ ရှိသွားပါတယ်။ ဒီပမာဏက ကိုရီးယားရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီလို့ သတ်မှတ်ထားတဲ့ အွန်ဆောင်း ဆောက်လုပ်ရေးရဲ့ ဈေးကွက်တန်ဖိုးထက် အများကြီး သာလွန်သွားခဲ့တာပါ။
ကမ္ဘာကြီးကတော့ အမြဲတမ်း အလုပ်ရှုပ်နေတာပါပဲ။
တနင်္လာနေ့မှာ ရုံးတက်တော့ အစီရင်ခံစာ အပုံလိုက်က ကျွန်တော့်စားပွဲပေါ်မှာ ရှိနေပါတယ်။ ArcIT ရဲ့ မြို့ပြဒီဇိုင်း တိုးတက်မှု၊ CarOS ရဲ့ အရောင်းဈေးကွက် ချဲ့ထွင်မှု အခြေအနေ၊ OTK Games ရွှေ့ပြောင်းမှု၊ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေဆီကနေ ပေးပို့လာတဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လိုကြောင်း ကမ်းလှမ်းလွှာတွေ စတာတွေပါ။
မစ်ရှီဂန် ပြည်နယ်နဲ့ ဒီထရိုက် မြို့က OTK Games ပြောင်းရွှေ့လာတာနဲ့ Virtual Reality ဂိမ်း ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြတယ်။
ကျွန်တော် မကြာခင် ဒီထရိုက်ကို သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။
"ပြည်နယ်အုပ်ချုပ်ရေးမှူး" ဆိုတာ မြို့တော်ဝန် ဒါမှမဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်လိုမျိုး အသံထွက်နိုင်ပေမဲ့ သူတို့ရဲ့ အမှန်တကယ် အဆင့်အတန်းက နိုင်ငံအတော်များများက သမ္မတတွေထက်တောင် သာလွန်တတ်ပါတယ်။
ဒီလိုလူမျိုးနဲ့ အလွယ်တကူ တွေ့နိုင်တာကတော့ ငွေအများကြီး ရှိလို့နေမှာပါ။ အမှန်တော့ CarOS က ဒီထရိုက်ကို ပြန်လည်အသက်ဝင်လာအောင် လုပ်ဆောင်ပေးတဲ့နေရာမှာ အဓိက တာဝန်ရှိပါတယ်။
တစ်ချိန်က မြို့ပြပျက်စီးမှုရဲ့ ပြယုဂ်ဖြစ်ခဲ့တဲ့ မြို့ဟာ အခုဆို အမေရိကန် ကုန်ထုတ်လုပ်မှုရဲ့ ဗဟိုချက်အဖြစ် ပြန်လည်မွေးဖွားလာပါပြီ။ ဆက်စပ်ကုမ္ပဏီတွေက တစ်ခုပြီးတစ်ခု ပြောင်းရွှေ့လာကြပြီး အိမ်ခြံမြေဈေးနှုန်းတွေလည်း သိသိသာသာ တက်လာခဲ့တယ်။
ဒေသခံတွေကတော့ ပြုံးပျော်နေကြတာပါပဲ။ ကုမ္ပဏီတွေ ဝင်လာပြီး အလုပ်အကိုင်တွေ ဖန်တီးပေးတာကို ဘယ်သူမှ မမုန်းကြဘူးလေ။ ဒါပေမဲ့ အသုံးမဝင်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကောင်းမွန်တဲ့ ကုမ္ပဏီတွေကို မောင်းထုတ်ပစ်တဲ့ နိုင်ငံတွေလည်း ရှိတာပါပဲ။
ကျွန်တော့်အတွင်းရေးမှူးက စားပွဲပေါ်တင်ပေးထားတဲ့ စာရွက်စာတမ်းတွေထဲမှာ နိုင်ငံခြားထုတ်ဝေရေးကုမ္ပဏီတစ်ခုက ပေးပို့တဲ့ စာတစ်စောင် ပါနေပါတယ်။ ကျွန်တော် ဖွင့်ပြီး ဖတ်လိုက်တယ်။
တက်ဂယူက လှမ်းမေးတယ်။
"ဘာအကြောင်းလဲ"
"သူတို့က စာအုပ်ထုတ်ချင်လို့တဲ့၊ ငွေအများကြီး ပေးမယ်ပြောတယ်"
"နောက်တစ်ခါ ထပ်ပြီးတော့ တောင်းဆိုပြန်ပြီလား"
ကျွန်တော် ဒီလို ကမ်းလှမ်းချက်မျိုး ဒါဇင်နဲ့ချီ လက်ခံရရှိဖူးပါတယ်။
ထုတ်ဝေသူတချို့က ကြိုတင်ငွေ ဒေါ်လာ ၅ သန်းအထိ ကမ်းလှမ်းခဲ့ကြတယ်။ ဒါက ထုတ်ဝေရေးလောကမှာ အမြင့်ဆုံး ပမာဏဖြစ်နိုင်ပါတယ်။
စာအုပ်တွေက တကယ်ပဲ အဲဒီလောက်အထိ အမြတ်ထွက်လို့လား။
ကျွန်တော့်အမြင်အရတော့ ဒါက ယူလို့လည်းရသလို မယူလည်း ရတဲ့ငွေဖြစ်တာကြောင့် ငြင်းပယ်လိုက်တယ်။ ဒါ့အပြင် ကျွန်တော့်မှာ သီးသန့် ရေးစရာ ဘာမှမရှိဘူးလေ။ လူတွေကို အနာဂတ်အမြင်အပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံဖို့ လိုက်ပြောနေလို့မှ မရတာ။
"အေး... ငါမရှိရင်တောင် စာအုပ်ထုတ်ချင်လို့ သေမတတ် ဖြစ်နေတဲ့သူတွေ အများကြီးပဲလေ"
စာအုပ်ဆိုင်တွေမှာ စီးပွားရေးနဲ့ လုပ်ငန်းဆိုင်ရာ စာအုပ်မျိုးစုံ လျှံထွက်နေတာပါ။
စာအုပ်ရေးတဲ့သူတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်နဲ့ အမြတ်အစွန်းတွေကို အမြဲတမ်း ပုံကြီးချဲ့တတ်ကြတယ်။ သီးသန့်စတော့ရှယ်ယာတွေ အများကြီး ဝယ်တာ၊ ဒါမှမဟုတ် တိုက်ခန်းတွေ အများကြီးဝယ်ပြီး အချိန်တိုအတွင်း သူတို့ရင်းနှီးမြှုပ်နှံမှုရဲ့ အဆပေါင်းများစွာ အမြတ်ရခဲ့တာတွေကို ကြွားဝါကြတာပါ။
အဲဒီထဲမှာ မျိုးဆက်သစ်တွေကို သူတို့ရဲ့ အသိပညာနဲ့ တန်ဖိုးတွေကို လက်ဆင့်ကမ်းပေးချင်တဲ့ စေတနာအမှန်နဲ့ စာအုပ်ရေးတဲ့ သူတွေလည်း ရှိပါတယ်။ ဘင်ဂျမင် ဂရေဟမ်၊ ပီတာ လင့်ချ်၊ ဝါရင် ဘတ်ဖတ် တို့က ထင်ရှားတဲ့ ဥပမာတွေပါပဲ။
ဒါပေမဲ့ အတော်များများကတော့ စာအုပ်ရောင်းပြီး ပိုက်ဆံရှာဖို့ ဒါမှမဟုတ် စာအုပ်ထုတ်လို့ ရလာတဲ့ နာမည်ကျော်ကြားမှုကို သုံးပြီး ဟောပြောပွဲတွေလုပ်ဖို့ ရည်ရွယ်ကြတာပါ။
စာရေးဆရာတွေ ကိုယ်တိုင်က ရင်းနှီးမြှုပ်နှံမှု အမြတ်ထက် စာအုပ်မူပိုင်ခွင့်ကြေးနဲ့ ဟောပြောပွဲကြေးတွေနဲ့ပဲ အသက်မွေးနေကြတာ များပေမဲ့ သူတို့ရဲ့ စာအုပ်တွေက အင်မတန် ရောင်းကောင်းပြီး လူတွေကလည်း သူတို့ဟောပြောပွဲတွေကို တိုးဝှေ့ပြီး နားထောင်ကြတယ်။
တက်ဂယူက ခေါင်းညိတ်တယ်။
" နယ်ပယ်လေးထဲမှာတောင် လိမ်ညာသူတွေ တအားများတာပဲ။ Jeil Gold Coinကိစ္စကိုပဲ ကြည့်လေ"
"ချဲထယ်အန်က ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေတုန်းပဲမလား"
"အင်း။ အခု ဒုတိယအကြိမ် တရားခွင် ရောက်နေပြီ။ ငါတို့ရဲ့ သမ္မတဟောင်းကမှ ပိုစိုးရိမ်ရမှာကွ။ နေမကောင်းဘူးဆိုပြီး ဒီတစ်ခါ ကျန်းမာရေးအာမခံ လျှောက်ထားတယ်တဲ့"
သာမန်အကျဉ်းသားတစ်ယောက်အတွက်တော့ သေလုမြောပါး ဖြစ်မနေရင် ကျန်းမာရေးအာမခံ ပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတဟောင်းဆိုရင်တော့ ကွာခြားပါလိမ့်မယ်။
စီနီယာ ဆန်းယော့ကလည်း အလုပ်ကိစ္စနဲ့ အပြင်သွားနေပြီး တက်ဂယူကတော့ ဂိမ်းကုမ္ပဏီ ဥက္ကဌတွေနဲ့ တွေ့ဖို့ စီနီယာ ကီဟုမ်နဲ့အတူ သွားခဲ့တယ်။
ကျွန်တော်ကတော့ ဆန်းဒဝစ်ချ်နဲ့ ဖျော်ရည်ပဲ သောက်မလို့ စဉ်းစားခဲ့ပေမဲ့ ကုမ္ပဏီ ထမင်းစားဆောင်ဆီ တစ်ယောက်ထဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်ယောက်ထဲ ပျင်းပျင်းရိရိနဲ့ ထမင်းစားနေတုန်း တစ်ယောက်ယောက်က ထမင်းစားလင်ဗန်းနဲ့ လျှောက်လာတယ်။
"ဒီမှာ ထိုင်လို့ရမလား"
"ရတာပေါ့"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ရှင်ယူရီက ကျွန်တော့်မျက်နှာချင်းဆိုင်မှာ အမြန် ထိုင်လိုက်တယ်။ ဒီနေ့ ရှင်ယူရီက မီးခိုးရောင် ဝတ်စုံကို ဝတ်ထားပါတယ်။ ရွှေဝါရောင် ဆံပင်တွေကိုတော့ နောက်မှာ သေသေသပ်သပ် စည်းထားတာပါ။
"အလုပ်က အဆင်ပြေရဲ့လား"
ရှင်ယူရီက ပြုံးပြီး ပြန်ဖြေတယ်။
"သင်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အပြင်းအထန် ကြိုးစားနေပါတယ်"
"ဒါက စာအုပ်ကြီးအတိုင်း ဖြေသလို တအားဆန်မနေဘူးလား"
"ကျွန်မ အတည်ပြောတာပါ"
ထမင်းစားဆောင်ရဲ့ ထောင့်တစ်နေရာက တီဗီမှာ စီးပွားရေးချန်နယ်တစ်ခု ပြနေပါတယ်။ လူတစ်ယောက်က စာရင်းမဝင်သေးတဲ့ စတော့ရှယ်ယာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြှုပ်နှံမှု ဟောပြောပွဲ လုပ်နေတာပါ။ ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ် သန့်သန့်ပြန့်ပြန့်နဲ့ အသက် နှစ်ဆယ်ကျော်နှောင်းပိုင်းလောက်ပဲ ရှိဦးမယ်ထင်တယ်။
ရှင်ယူရီက တိုးတိုးလေး မေးတယ်။
"အဲဒါ ဘယ်သူလဲဆိုတာ သိလား"
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
"မသိဘူး။ သူက နာမည်ကြီးလို့လား"
"အဲဒါ ပတ်ဟိုဂျင်လေ။ သူက အခုတလော ဒီနယ်ပယ်မှာ တော်တော်လေး နာမည်ကြီးနေတာ"
ရှင်ယူရီက တတွတ်တွတ်နဲ့ ရှင်းပြတယ်။
ပတ်ဟိုဂျင်ကတော့ သူ့ကိုယ်သူ သုံးသပ်သူနဲ့ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူအဖြစ် ကြေညာထားပြီး နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ကျောင်းခဏနားကာ အသက် နှစ်ဆယ်ကျော် အစောပိုင်းမှာ စတော့ရှယ်ယာတွေ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ပွပေါက်အကြိမ်ကြိမ် တိုးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူက Fantastic Investment ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်ပြီး ချောင်ဒမ်ဒေါင်းမှာရှိတဲ့ ပြုံ ၂၀၀ အကျယ်အဝန်းရှိတဲ့ အိမ်ကြီးမှာ နေထိုင်ကာ ကိုရီးယားမှာ အနည်းငယ်ပဲရှိတဲ့ Bugatti Veyron ကို မောင်းနှင်ပါတယ်။
အဲဒီကားက ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကားဖြစ်ပါတယ်။ အခုတော့ ဥက္ကဌ လင်ဂျင်ယုံက ရောင်းချလိုက်ပါပြီ။
မီဒီယာတွေမှာ ခဲခဲယဉ်းယဉ်းပဲ ပေါ်လာတတ်တဲ့ ကျွန်တော်နဲ့မတူဘဲ သူက ရင်းနှီးမြှုပ်နှံမှု ဟောပြောပွဲတွေ လုပ်ရုံတင်မကဘဲ ဖျော်ဖြေရေး အစီအစဉ်မျိုးစုံမှာလည်း ပါဝင်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားဝါလေ့ရှိတာပါ။
သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု စွမ်းရည်က ကန်ဂျင်ဟူထက် ပိုသာလွန်ပြီး အမြတ်အစွန်းအပေါ် အခြေခံပြီး ပြိုင်ကြမယ်ဆိုရင် သူကပဲ အပေါ်စီးကနေ နိုင်လိမ့်မယ်လို့ ကြွားဝါခဲ့သေးတယ်။
"ဒါဆို သူရှိနေတာကို ငါ ဘာလို့ မသိခဲ့ရတာလဲ"
"အဆင့်အတန်းချင်း မတူလို့ပေါ့"
"ဒါပေမဲ့ အထင်ကြီးစရာပဲလေ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ အောင်မြင်မှုရဖို့ဆိုတာ မလွယ်ဘူးမလား"
ရှင်ယူရီက ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေတယ်။
"ဘာဖြစ်လို့လဲ"
"အဲဒီလိုပြောတာ ကြားရတာ အံ့သြလို့ပါ"
အမှန်ပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အကြီးမားဆုံး အောင်မြင်မှုကို ရရှိခဲ့တဲ့သူက ကျွန်တော်ပဲလေ။
ရှင်ယူရီက အသံကိုနှိမ့်ပြီး ဆက်ပြောတယ်။
"ကျွန်မအဖေ ပြောတာတော့ အဲဒီလူက လူလိမ်သူတစ်ယောက်နဲ့ တူတယ်တဲ့"
"တကယ်လား။ သူက တကယ့် အရည်အချင်းရှိတဲ့သူလည်း ဖြစ်နိုင်တာပဲ"
"အရည်အချင်းရှိတဲ့လူမျိုးဆိုရင် တစ်နေရာရာမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို တိုးအောင်ပဲ လုပ်ကြမှာပေါ့။ ကျွန်မအဖေ ပြောတာတော့ တီဗီပေါ်တက်ပြီး ပိုက်ဆံအများကြီးရကြောင်း ကြွားနေတဲ့သူတွေထဲမှာ လိမ်လည်သူမဟုတ်တာ တစ်ယောက်မှ မရှိဘူးတဲ့"
"...အဲ့ဒီထောက်ပြချက်က တအားကို ကျိုးကြောင်း ဆီလျော်လွန်းတာတော့ မှန်ပါတယ်"
ဒီကမ္ဘာမှာ နာမည်ကြီးရုံတင်ပဲ အကျိုးအမြတ် ရနိုင်တာပဲလေ။ နာမည်ကြီးတာက လိမ်လည်ဖို့အတွက်လည်း ပိုလွယ်ကူစေတာ သေချာပါတယ်။
လူတွေက ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို သတိပြုမိပြီး ရှင်သန်ကြတယ်။ သာမန်ရုံးဝန်ထမ်းတစ်ယောက်က အခုမှစပြီး ဘောလုံးလောကထဲဝင်ပြီး ထိပ်တန်းကစားသမားတွေကို နိုင်လိမ့်မယ်လို့ မထင်လောက်သလို၊ ဘောလုံးစကစားပြီး ပရီးမီးယားလိဂ်ကို ရောက်သွားမယ်လို့လည်း မတွေးမိကြပါဘူး။
ဒါပေမဲ့ စတော့ရှယ်ယာကတော့ မတူပါဘူး။ စတော့ဈေးကွက်ထဲ ဝင်လာတဲ့သူတိုင်းက လုံလောက်တဲ့ ကြိုးစားမှုရှိရင် ကျွမ်းကျင်သူတွေထက် ပိုကောင်းတဲ့ အမြတ်အစွန်းတွေ ရနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိကြပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု စွမ်းရည်က ကျွမ်းကျင်သူတွေထက် နိမ့်ကျတယ်လို့ ထင်ရင် စတော့ရှယ်ယာတွေကို တိုက်ရိုက် အရောင်းအဝယ်လုပ်မယ့်အစား ရန်ပုံငွေအဖွဲ့ထဲမှာ ရင်းနှီးမြှုပ်နှံပြီး ရန်ပုံငွေမန်နေဂျာဆီ စီမံခန့်ခွဲမှုကို လွှဲအပ်ထားကြမှာပေါ့။
အားလုံးက သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပုံကြီးချဲ့တွေးနေကြတဲ့ နေရာမှာ လိမ်လည်သူတွေကတော့ အောင်မြင်ဖြစ်ထွန်း ကြတာပဲလေ။
စိတ်ဝင်စားစရာ အချက်ကတော့ ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ လိမ်လည်သူတစ်ယောက်ကြားက မျဉ်းကြောင်းက စက္ကူပါးလေးလိုပါပဲ။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကို စုစည်းပြီး အမြတ်ထုတ်ပေးနိုင်ရင် ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာပြီး ငွေတွေ ဆုံးရှုံးသွားရင်တော့ လိမ်လည်သူ ဖြစ်သွားတာပါ။
Barings ဘဏ်ကို ဒေဝါလီခံစေခဲ့တဲ့ နစ်ခ် လီဆန် ကတော့ ထင်ရှားတဲ့ ဥပမာပါပဲ။
ကျွန်တော် တီဗီကို ကြည့်လိုက်တယ်။ တီဗီမှာ အသက် နှစ်ဆယ်ကျော်နှောင်းပိုင်းအရွယ် ဝတ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက်က ယုံကြည်မှုရှိတဲ့ မျက်နှာအမူအရာနဲ့ စာရင်းမဝင်သေးတဲ့ စတော့ရှယ်ယာတွေကို အကြံပြုနေတာပါ။
သူက ဘယ်လိုလူမျိုး ဖြစ်နေမလဲဆိုတာ ကျွန်တော် သိချင်မိတယ်။