အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂)
ကျွန်တော် တက်ဂယူနဲ့အတူ ဆီလွန်ဟိုတယ် အောက်ထပ်က ဂျပန်စားသောက်ဆိုင်ဆီ ထွက်လာခဲ့တယ်။ ကြိုရောက်နေတဲ့ ဟန်ချန်ယောင်းက ကျွန်တော်တို့ကို မြင်တာနဲ့ ထိုင်ရာကထပြီး နှုတ်ဆက်တယ်။
"မတွေ့ရတာ ကြာပြီနော်"
ကျွန်တော်တို့ ပထမဆုံးနဲ့ နောက်ဆုံးတွေ့ခဲ့တာက X-Cop လေလံတုန်းကပါ။ အခုက ဒုတိယအကြိမ် တွေ့ကြတာပေါ့။
အဲဒီအတောအတွင်း ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ အခြေအနေက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ CarOS က ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီဖြစ်လာချိန်မှာ အွန်ဆောင်း မော်တာကတော့ အခက်အခဲတွေနဲ့ ရုန်းကန်နေရတယ်။
သူဟာ အခုအချိန်အထိ ရှယ်ယာရှင်တွေဆီကနေ ပြင်းထန်တဲ့ ဖိအားတွေ ခံနေရလောက်တယ်။
ကိုရီးယား လုပ်ငန်းစုကြီးတွေရဲ့ အတွေ့များတဲ့ ပြဿနာကတော့ စီမံခန့်ခွဲမှုအပေါ် ထိန်းချုပ်နိုင်စွမ်း အားနည်းတာပါပဲ။ တခြားလုပ်ငန်းစုတွေလိုပဲ ဟန်ချန်ယောင်း မိသားစုရဲ့ ရှယ်ယာဝေစုက ၅ ရာခိုင်နှုန်းတောင် မပြည့်ဘူးလေ။ ဒီလို ရှယ်ယာအနည်းငယ်လေးနဲ့ တစ်အုပ်စုလုံးကို ကြီးစိုးဖို့ ကြိုးစားတဲ့အခါ စတော့ရှယ်ယာတွေ တစ်ပတ်လည် ရင်းနှီးမြှုပ်နှံတာမျိုး အပါအဝင် ဟာကွက်တွေ အများကြီး ပေါ်လာတော့တာပဲ။
သာမန်အချိန်မှာ ပြဿနာမရှိသလို ထင်ရပေမဲ့ ကုမ္ပဏီအခြေအနေ ဆိုးရွားလာချိန် ဒါမှမဟုတ် လုပ်ငန်းဆက်ခံမှုကြောင့် ပိုင်ဆိုင်မှုပုံစံ ပြောင်းလဲတဲ့အခါ ဒီအားနည်းချက်တွေက ဘူးပေါ်သလို ပေါ်လာတတ်တယ်။
ဆာရှိမိပန်းကန်က စားပွဲပေါ် ရောက်လာတယ်။
"ဘာကိစ္စရှိလို့ တွေ့ချင်ရတာလဲ"
ကျွန်တော် မေးလိုက်တော့ သူက လေးနက်တဲ့ အမူအရာနဲ့ ပြန်ဖြေတယ်။
"ကျွန်တော့်ကို ကူညီပေးစေချင်လို့ပါ။ စီအီးအို ကန်ဂျင်ဟူ"
သူက ဒီအတိုင်း ထမင်းစားဖို့တင် ခေါ်တာမဟုတ်မှန်း ကျွန်တော် သိနေခဲ့တယ်။ ဒါပေမဲ့ တက်ဂယူကတော့ တူကို အငမ်းမရ စားနေပါပြီ။
" ဘယ်လိုမျိုး ကူညီပေးရမလဲ"
"OTK ဘတ္ထရီတွေကို ရချင်လို့ပါ"
"ကားသုံး ဘတ္ထရီအကြီးစားတွေက အခုထိ အချောမသတ်ရသေးဘူးလေ"
"Battery Pack တီထွင်မှုက ပြီးလုနီးပါး ဖြစ်နေပြီလို့ ကြားပါတယ်။ ဆိုးဆောင်း SB ရဲ့ ဆူဝမ်စက်ရုံမှာ မကြာခင် ထုတ်လုပ်တော့မှာ မဟုတ်ဘူးလား"
"သတင်း တော်တော် စုံတာပဲ"
ကျွန်တော်တို့တွေ ထုတ်လုပ်မှုလိုင်းတချို့ကို ပြောင်းလဲထားပြီးသားပါ။
တက်ဂယူက ဆာရှိမိကို ဝါးရင်းနဲ့ လှမ်းမေးတယ်။
"ဟိုက်ဒရိုဂျင်ကားတွေကော ဘယ်လိုလဲ"
ဟန်ချန်ယောင်းက ခါးခါးသီးသီး ပြုံးလိုက်တယ်။
အွန်ဆောင်း မော်တာရဲ့ မျှော်လင့်ချက်ကြီးမားခဲ့တဲ့ ဟိုက်ဒရိုဂျင်ကား စီမံကိန်းက လုံးဝ ရပ်ဆိုင်းသွားခဲ့ပါပြီ။
ဟိုက်ဒရိုဂျင်ကားတွေက အားသွင်းချိန်နဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးအပိုင်းမှာ လျှပ်စစ်ကားတွေထက် အားသာချက်ရှိတာ မှန်ပါတယ်။ ဒါကြောင့် တစ်နေ့နေ့မှာ ဟိုက်ဒရိုဂျင်ကားခေတ်က ရောက်လာနိုင်ပါတယ်။
ဒါပေမဲ့ နည်းပညာ ဘယ်လောက်ကောင်းကောင်း အချိန်ကိုက်မဖြစ်ရင် အလကားပဲ။ အဲဒီခေတ်မရောက်ခင် အွန်ဆောင်း မော်တာသာ ပြိုလဲသွားရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
အခု OTK ဘတ္ထရီတွေ ပေါ်လာပြီးနောက်မှာတော့ အဲဒီဖြစ်နိုင်ခြေက ပျောက်ကွယ်သွားခဲ့ပြီး ဟိုက်ဒရိုဂျင်ကားဘက်က မော်တော်ကား ထုတ်လုပ်သူတွေလည်း လက်လျှော့ပြီး ထွက်သွားကြပါပြီ။
ကျွန်တော် အဖြေပေးမယ့်အစား တခြားအကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်တယ်။
"ဒီရက်ပိုင်း လူတိုင်း မဟာမိတ်တွေ ဖွဲ့နေကြတာပဲ။ အွန်ဆောင်း မော်တာဆီကိုလည်း ကမ်းလှမ်းချက်တွေ အများကြီး ရောက်လာမှာပေါ့"
ရောင်းအား ထိုးကျသွားတယ်ဆိုပေမဲ့ အွန်ဆောင်း မော်တာက ကမ္ဘာ့ထိပ်တန်း မော်တော်ကား ထုတ်လုပ်သူ ငါးဦးစာရင်းမှာ ပါနေတုန်းပါပဲ။ နေရာအနှံ့က ကမ်းလှမ်းတာတွေ ရှိမှာ သေချာပါတယ်။
ဒါပေမဲ့ သူက ဘာလို့ ကျွန်တော့်ဆီ တကူးတက လာရတာလဲ။
"မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွဲမယ်ဆိုရင် နံပါတ်တစ် ကုမ္ပဏီနဲ့ လက်တွဲတာ ပိုမကောင်းဘူးလား"
တကယ်လို့ ကျွန်တော် ငြင်းရင် သူဟာ ဘယ်သူနဲ့မဆို လက်တွဲသွားမှာပါ။
"အရင်ဆုံး သပိတ်မှောက်နေတာကို ဖြေရှင်းရမှာ မဟုတ်ဘူးလား"
ဟန်ချန်ယောင်းက ခေါင်းညိတ်တယ်။
"မကြာခင် အဆုံးအဖြတ်တစ်ခု ချဖို့ ပြင်ထားပါတယ်"
ကုမ္ပဏီက အကြပ်အတည်း ဆိုက်နေတာတောင် သမဂ္ဂက အတင်း ဖိအားပေးနေတုန်းပါပဲ။ ပြီးတော့ ကုမ္ပဏီက ဒီအကြပ်အတည်းကနေ လွတ်မြောက်သွားရင် သူတို့က ပိုပြီးတောင်းဆိုကြဦးမှာပါ။
"ဒီနှစ်ကို ဘယ်လိုပဲ ကျော်ဖြတ်ပါစေ၊ နောက်နှစ်လည်း ဒီလိုပဲ ထပ်ဖြစ်နေမှာပဲ"
တခြား ထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် အွန်ဆောင်း မော်တာရဲ့ ကုန်ထုတ်လုပ်မှု ဝန်ထမ်းတွေရဲ့ လစာက အဆမတန် မြင့်မားနေတာပါ။ GM၊ BMW၊ တိုယိုတာတို့လို ပြိုင်ဘက်တွေနဲ့ ယှဉ်ရင်တောင် ပိုများနေတာလေ။
အွန်ဆောင်း မော်တာက ဘာလို့ ဒီလို ကုန်ကျစရိတ် မြင့်မားတဲ့ ပုံစံမျိုး ဖြစ်သွားရတာလဲ။
ပထမအချက်က သူတို့တွေ အမြတ်ရနေတုန်းမလို့ပဲ။ ကုမ္ပဏီကလည်း ငတုံး မဟုတ်ပါဘူး။ အမြဲတမ်းဝန်ထမ်းတွေရဲ့ လစာ တက်လာတာနဲ့အမျှ အမြဲတမ်းဝန်ထမ်းသစ် ခန့်တာကို လျှော့ချပြီး ယာယီဝန်ထမ်းတွေနဲ့ပဲ အစားထိုးခဲ့တယ်။ ပြီးတော့ ပြည်တွင်းမှာ စက်ရုံအသစ်ဆောက်တာကို ရပ်ပစ်ပြီး နိုင်ငံရပ်ခြားမှာပဲ စက်ရုံတွေ တိုးဆောက်ခဲ့တယ်။
သမဂ္ဂကလည်း အမြဲတမ်းဝန်ထမ်းတွေရဲ့ လစာတိုးဖို့ပဲ စိတ်ဝင်စားပြီး သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ ယာယီဝန်ထမ်းတွေရဲ့ အရေးကို လှည့်တောင်မကြည့်ခဲ့ဘူး။
ပိုကြီးတဲ့ အကြောင်းရင်းကတော့ ရှယ်ယာရှင်တွေရဲ့ ကန့်ကွက်မှုကြောင့်ပါ။ သပိတ်မှောက်မှုကြောင့် စတော့ဈေး ထိုးကျနေတာကို ဘယ်ရှယ်ယာရှင်က ဒီအတိုင်း ထိုင်ကြည့်နေမှာလဲ။
ဟန်ချန်ယောင်းက မျက်လုံးတွေ တောက်ပလျက် လှမ်းမေးတယ်။
"သင့်တော်တဲ့ ဖြေရှင်းနည်း ရှိလို့လား"
"ကာလတိုတော့ ထိခိုက်မှု ကြီးမားနိုင်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အပြတ်ရှင်းပစ်ဖို့ လိုလိမ့်မယ်"
ဟန်ချန်ယောင်းနဲ့ တွေ့ပြီးနောက် ကျွန်တော်တို့ Golden Gateဆီ တန်းသွားခဲ့တယ်။
အစ်မ ဟျွန်းဂျူးက ကော်ဖီသောက်ရင်း အလုပ်လုပ်နေတာပါ။ တက်ဂယူက အံ့ဩပြီး လှမ်းမေးတယ်။
"ဟာ…. မမ၊ ကော်ဖီ သောက်လို့ရလို့လား"
"ဒါက ကဖိန်းဓာတ်မပါတဲ့ ကော်ဖီပါ"
"မပါတာသောက်လို့ကော အဆင်ပြေလို့လား"
"တစ်နေ့ တစ်ခွက်၊ နှစ်ခွက်လောက်ကတော့ ရပါတယ်"
အစ်မ ဟျွန်းဂျူးက လုပ်လက်စတွေကို ရပ်ပြီး ထရပ်လိုက်တယ်။ ထိုင်နေတုန်းက သိပ်မသိသာပေမဲ့ မတ်တတ်ရပ်လိုက်တော့ ဗိုက်က သိသိသာသာ စူထွက်နေတာကို မြင်ရပါပြီ။
"ဘယ်က ပြန်လာကြတာလဲ"
"ဟန်ချန်ယောင်းနဲ့ တွေ့ခဲ့တာ"
ကျွန်တော့်စကားကြောင့် အစ်မ ဟျွန်းဂျူး လန့်သွားတယ်။
"အွန်ဆောင်း မော်တာ ဥက္ကဌလား။ ဘာကိစ္စရှိလို့လဲ"
"တွေ့ချင်တယ်ဆိုလို့ပါ"
ကျွန်တော်တို့ ပြောခဲ့တဲ့ စကားတွေကို အကျဉ်းချုပ် ရှင်းပြလိုက်တယ်။
"စည်းကမ်းချက်တချို့ကို ညှိနှိုင်းရမှာမလို့ အစ်မ ကူညီပေးဖို့ လိုလိမ့်မယ်"
အစ်မ ဟျွန်းဂျူးက ဇဝေဇဝါ အမူအရာနဲ့ ကြည့်လာတယ်။
"နင်က အွန်ဆောင်း မော်တာ ကိစ္စတွေကို စိတ်မဝင်စားဘူးဆို။ အခုကျ ဘာလို့ စိတ်ပြောင်းသွားရတာလဲ"
အနာဂတ်ကို မြင်ခဲ့လို့ပေါ့ဗျာ...
"စီးပွားရေးက စီးပွားရေးပဲလေ။ ဥက္ကဌ လင်ဂျင်ယုံလည်း ဒီလိုပဲ တွေးထားတာ။ ပြီးတော့ နောက်ပိုင်းကျရင် ကျွန်တော်တို့တွေ အွန်ဆောင်းမော်တာကို လွှဲပြောင်းယူရမယ့် ပုံစံမျိုး ဖြစ်လာနိုင်လို့ပါ"
တက်ဂယူက ခေါင်းကို အပြင်းအထန် ညိတ်ပြတယ်။
"ဟုတ်တယ်။ ဟုတ်တယ်"
"ကျွန်တော်တို့ဘက်က အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်နဲ့ သူ့အဖွဲ့ကို တာဝန်ပေးလိုက်မယ်။ အစ်မကတော့ တခြားလူတွေကို စုစည်းပြီး ညွှန်ကြားချက်ပဲ ပေးလိုက်ပါ"
"မမကို မယုံရင် ဘယ်သူ့ကို ယုံရမှာလဲ"
အစ်မ ဟျွန်းဂျူးက မတတ်နိုင်တော့သလိုမျိုး ရယ်လိုက်တယ်။
"ကလေးအတွက် အနားယူပါဆိုပြီး အခုကျ အလုပ်တွေ ထပ်ပေးနေပြန်ပြီ"
စီအီးအို အများစုကတော့ အလုပ်သမားနဲ့ စီမံခန့်ခွဲသူကြားက ပြဿနာတွေကို တိုက်ရိုက်ပြောဆိုဖို့ ရှောင်လေ့ရှိကြတယ်။ ညှိနှိုင်းမှုကို ထိခိုက်နိုင်လို့လေ။
ဒါပေမဲ့ ဒုတိယအကြိမ် ညှိနှိုင်းမှု မတိုင်ခင် ရက်ပိုင်းမှာတင် ဥက္ကဌ ဟန်ချန်ယောင်းက မီဒီယာတွေဆီ ကုမ္ပဏီရဲ့ ရပ်တည်ချက်ကို တိုက်ရိုက် ထုတ်ပြန်ကြေညာခဲ့တယ်။
"အွန်ဆောင်း မော်တာက လက်ရှိမှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ စီးပွားရေးအခြေအနေ ဆိုးရွားနေတာကြောင့် လစာထပ်တိုးပေးဖို့ မဖြစ်နိုင်ပါဘူး။ အားလုံးထက် သမဂ္ဂအဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ဦးစားပေး အလုပ်ခန့်ဖို့ တောင်းဆိုတာက မျှတတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုယူရာရောက်ပြီး အလုပ်အကိုင် ဖွဲ့စည်းပုံကို ပျက်ပြားစေနိုင်လို့ လုံးဝ လက်မခံနိုင်ပါဘူး။ ကုမ္ပဏီအနေနဲ့ သမဂ္ဂဘက်က ကျိုးကြောင်းဆီလျော်တဲ့ အဆင့်မှာပဲ ညှိနှိုင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဒီထုတ်ပြန်ချက် ထွက်လာတာနဲ့ အွန်ဆောင်း မော်တာ သမဂ္ဂက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ မထိုင်ရသေးခင်မှာတင် ညှိနှိုင်းမှု ပျက်ပြားသွားခဲ့တယ်။
သမဂ္ဂက ချက်ချင်းပဲ သပိတ်မှောက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းအထိ အပြတ်အသတ် ရရှိသွားခဲ့တယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူက ဒေါသတကြီးနဲ့ အော်ဟစ်တော့တယ်။
"သမဂ္ဂရဲ့ တရားဝင်တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့တဲ့ ဥက္ကဌ ဟန်ချန်ယောင်း ကိုယ်တိုင်လာပြီး မတောင်းပန်မချင်း ဒီသပိတ်ကို လုံးဝ ရုပ်သိမ်းမှာ မဟုတ်ဘူး"
အလုံးစုံ သပိတ်မှောက်မှု စတင်ခဲ့ပြီး ပြည်တွင်းစက်ရုံတွေရဲ့ ထုတ်လုပ်မှုတွေအားလုံး ရပ်တန့်သွားခဲ့ရတယ်။
နိုင်ငံရေးလောကကလည်း ဆွေးနွေးပွဲတွေ ပြန်စဖို့ တညီတညွတ်တည်း တိုက်တွန်းကြပေမဲ့ ကုမ္ပဏီရော သမဂ္ဂပါ ဘယ်သူမှ နောက်မဆုတ်ခဲ့ကြဘူး။
အစားထိုးဝန်ထမ်းတွေ သုံးမှာစိုးလို့ သမဂ္ဂက စက်ရုံကိုပါ သိမ်းပိုက်လိုက်ကြတယ်။
ဒါတောင် ကုမ္ပဏီဘက်က ဘာမှတုံ့ပြန်ခြင်း မရှိခဲ့ဘူး။ အစားထိုးဝန်ထမ်းလည်း မသုံးသလို၊ စက်ရုံပိတ်ပစ်တာမျိုးအထိ ပြင်းထန်တဲ့ အရေးယူမှုလည်း မလုပ်ခဲ့ဘူး။
ဒီလိုနဲ့ပဲ တစ်ပတ် ကြာသွားခဲ့တယ်။
စက်ရုံက တစ်ရက်လောက် ရပ်နားလိုက်ရင်တောင်မှ ကုမ္ပဏီမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိတာပါ။ အခုဆို ဆုံးရှုံးမှုတွေက ရေတွက်လို့မရအောင် ကြီးမားနေပါပြီ။
အချောထည် ကားစက်ရုံ ရပ်လိုက်တာနဲ့ ပစ္စည်းသွင်းတဲ့ စက်ရုံတွေအားလုံးပါ လိုက်ရပ်ကုန်ကြတာပဲ။ အဲဒါတင်မကဘူး၊ စက်ရုံဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေက အွန်ဆောင်း မော်တာအပေါ် မှီခိုနေရတာမလို့ စားသောက်ဆိုင်တွေ အပါအဝင် ဆိုင်တွေအားလုံး ယာယီ ပိတ်လိုက်ရတယ်။
အရောင်းပြခန်းတွေမှာ ပြထားတဲ့ ကားတွေပါ ရောင်းလိုက်ရလို့ ရောင်းစရာ ကားတစ်စီးမှ မကျန်တော့တဲ့အထိပဲ။ နိုင်ငံရပ်ခြားက စက်ရုံတွေကတော့ ပုံမှန်လည်ပတ်နေပြီး ကားလက်ကျန် ရှိနေပေမဲ့ အလုပ်သမား သဘောတူညီချက်အရ အဲဒီကားတွေကို ပြည်တွင်းထဲ သွင်းခွင့်မရှိပါဘူး။
ကားပေးပို့မှုတွေ နောက်ကျလာတာနဲ့အမျှ စာချုပ်ချုပ်ထားတဲ့ ဝယ်သူတွေဆီက မကျေနပ်သံတွေ ထွက်လာတော့တယ်။ ဘယ်တော့ ကားရမလဲဆိုတဲ့ အာမခံချက်က မရှိတော့ဘူးလေ။ စောင့်ရတာ ငြီးငွေ့လာတဲ့ ဝယ်သူတွေက စာချုပ်တွေကို ဖျက်သိမ်းပြီး တခြားကုမ္ပဏီက ကားတွေ ဒါမှမဟုတ် တစ်ပတ်ရစ်ကားဈေးကွက်ဘက် လှည့်ကုန်ကြတယ်။
တစ်ပတ်ရစ်ကားဈေးကွက်ကတော့ မမျှော်လင့်ဘဲ အရောင်းသွက်သွားခဲ့ပြီး လူကြိုက်များတဲ့ မော်ဒယ်တွေကို ဈေးတင်ရောင်းကြတယ်။
အွန်ဆောင်း မော်တာရဲ့ အကြပ်အတည်းက ပြိုင်ဘက်တွေအတွက်တော့ ပြည်တွင်းဈေးကွက်ဝေစုကို မြှင့်တင်ဖို့ အခွင့်ကောင်းကြီးပါပဲ။
ကိုရီးယားမှာ စက်ရုံရှိတဲ့ GM နဲ့ Renaultတို့က စက်ရုံတွေကို အစွမ်းကုန်လည်ပတ်ပြီး ကားတွေ အများကြီး ထုတ်လုပ်ခဲ့ကြသလို၊ သွင်းကုန်ကား အရောင်းပြခန်းတွေကလည်း ရုံးချုပ်တွေဆီ ဆက်သွယ်ပြီး တင်သွင်းမှု ပမာဏကို တိုးမြှင့်ဖို့ ကြိုးစားကြတယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူကတော့ ပျာယာခတ်သွားခဲ့ပါပြီ။
ဒီလောက်ဆို အလံဖြူမပြရင်တောင် ညှိနှိုင်းချင်တဲ့ အရိပ်အယောင် ပြရမှာပါ။ ဒါပေမဲ့ ကုမ္ပဏီဘက်က လုံးဝ ငြိမ်ချက်သားကောင်းနေတုန်းပဲ။
သူက တုန်လှုပ်နေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို စိတ်အေးအောင် ဖျောင်းဖျတယ်။
"နောက်ထပ် နည်းနည်းလေးပဲ ထပ်စောင့်ကြည့်ကြရအောင်။ ကုမ္ပဏီဘက်က အလျှော့ပေးလာမှာပါ။ နည်းနည်းလေးပဲ ထပ်တောင့်ခံထားရင် ငါတို့ သေချာပေါက် နိုင်မှာ"
နိုင်ငံအလိုက် အမြတ်အစွန်းကို သီးခြားထုတ်ပြန်ခြင်းမရှိပေမဲ့ အွန်ဆောင်း မော်တာရဲ့ ကိုရီးယားက ဝင်ငွေက နိုင်ငံရပ်ခြားထက် အဆမတန် ပိုများမှန်း လူတိုင်း သိကြပါတယ်။
ဒါက ပြည်တွင်းမှာ ကားဈေးတွေကို ခွဲခြားပြီး အဆမတန် တင်ရောင်းတာကြောင့်လည်း ပါသလို၊ အရောင်းကွန်ရက်နဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေက ကောင်းကောင်း အခြေကျပြီးသားမလို့ စျေးကွက်ရှာဖွေရေး စရိတ်တွေ သိပ်မလိုတာကြောင့်လည်း ပါတာပေါ့။
ဒါပေမဲ့ သပိတ်က ကြာလာပြီး ပြည်တွင်းအရောင်းက လုံးဝ ရပ်တန့်သွားတဲ့အတွက် ထိုးကျနေတဲ့ စတော့ဈေးက ထပ်ပြီး ပြုတ်ကျသွားခဲ့ပြန်တယ်။
ရှယ်ယာရှင်တွေ ဒေါသချောင်းချောင်း ထွက်ကုန်ကြပါပြီ။ အဖွဲ့အစည်းတွေရော သာမန်ရှယ်ယာရှင်တွေပါ စီမံခန့်ခွဲသူတွေကို ဝေဖန်ကြတော့တယ်။
တကယ်လို့ ဟန်မင်းဂူသာ ရှိနေသေးရင် အခြေအနေက ဒီလောက်ဆိုးမှာ မဟုတ်ပါဘူး။ သူက ကိုရီးယားစီးပွားရေးကို ဦးဆောင်ပြီး အွန်ဆောင်း မော်တာကို ကမ္ဘာ့အဆင့်မီအောင် လုပ်ခဲ့သူမလို့ပါ။ ဒါပေမဲ့ ဟန်ချန်ယောင်းကတော့ အခုထိ ဘာမှ ထိထိရောက်ရောက် မပြနိုင်သေးပါဘူး။
စီအီးအိုအသစ်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်အပေါ် သံသယဝင်နေကြတဲ့ အချိန်မှာပဲ အလုံးစုံ သပိတ်မှောက်မှု ပြဿနာက ပေါက်ကွဲထွက်လာခဲ့တယ်။
ဟန်ချန်ယောင်းကတော့ ရှယ်ယာရှင်ကြီးတွေကို စိတ်အေးအောင် လိုက်လံ ဖျောင်းဖျနေရတယ်။
ကျွန်တော်ကတော့ OTK ဘတ္ထရီရဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှု အစီအစဉ်နဲ့အတူ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို မီဒီယာတွေဆီ ကြေညာလိုက်တယ်။
"CarOS အနေနဲ့ ဆိုဆောင်း အုပ်စု၊ တခြား ကုမ္ပဏီတချို့နဲ့ ပူးပေါင်းပြီး အာရှမှာ ဘတ္ထရီနဲ့ လျှပ်စစ်ကား ထုတ်လုပ်မှု စက်မှုဇုန်တွေကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ နိုင်ငံတချို့ကို အလားအလာရှိတဲ့ နေရာတွေအဖြစ် ပြန်လည်သုံးသပ်နေပါတယ်"
သတင်းထောက်တွေက ချက်ချင်းပဲ မေးခွန်းတွေ ပုံအောမေးလာကြတယ်။
"အဓိက စဉ်းစားထားတဲ့ နေရာတွေက ဘယ်နေရာတွေလဲ"
"ကိုရီးယားရော ပါသလား"
"ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပါသလား"
ကျွန်တော်က ပြတ်ပြတ်သားသားပဲ ဖြေလိုက်တယ်။
"ကိုရီးယား မော်တော်ကား စက်မှုလုပ်ငန်းက ကုန်ကျစရိတ် မြင့်မားတာနဲ့ ခဏခဏ သပိတ်မှောက်တာတွေကြောင့် စွန့်စားရဖို့ အရမ်းများပါတယ်။ အသိဉာဏ်ရှိတဲ့သူ ဘယ်သူမဆို အွန်ဆောင်း မော်တာရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး"
– ဟာ။ ကန်ဂျင်ဟူက သမဂ္ဂကို ထပ်ပြီး အရှက်ခွဲလိုက်ပြန်ပြီ။
– ဒီကောင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
– သမဂ္ဂက ဘာမှားလို့လဲ။
– ကန်ဂျင်ဟူက ချေဘောတွေနဲ့ ပေါင်းပြီး သူတို့လို ဖြစ်သွားပြီ။
– မင်းတို့က ဘာတွေ လျှောက်ပြောနေတာလဲ။ ကန်ဂျင်ဟူက ဝူဆောင်း စက်မှုလုပ်ငန်း သမဂ္ဂကို ကူညီပြီး အဲဒီကုမ္ပဏီ ဥက္ကဌကို ထောင်ထဲ ထည့်ခဲ့တာလေ။
– အဲဒါဆို အွန်ဆောင်း မော်တာ သမဂ္ဂကျမှ ဘာလို့ ဒီလို လုပ်နေရတာလဲ။
– ဝူဆောင်း စက်မှုလုပ်ငန်း သမဂ္ဂနဲ့ အွန်ဆောင်း မော်တာ သမဂ္ဂက တူလို့လား။ သာမန်လူတန်းစားနဲ့ မင်းမျိုးမင်းနွယ်လောက် ကွာခြားတာ။
– ကန်ဂျင်ဟူက ကုမ္ပဏီဘက်က ရပ်တည်ပြီး သမဂ္ဂကို ဖြိုခွဲဖို့ ရှေ့တန်းက ပါနေတာနော်။ အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အလုပ်သမားအားလုံးရဲ့ အကျိုးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာပဲ။
– အွန်ဆောင်း မော်တာ သမဂ္ဂတစ်ခုတည်းရဲ့ အကျိုးအတွက်ပဲ မဟုတ်ဘူးလား။ တခြားအလုပ်သမားတွေကို ဘာလို့ ဆွဲထည့်နေတာလဲ။
– မင်းတို့ သပိတ်မှောက်လို့ သေလုမြောပါး ဖြစ်နေတဲ့ ပစ္စည်းသွင်းစက်ရုံက အလုပ်သမားတွေကိုကော မငဲ့ကြဘူးလား။
– စက်ရုံမှာ လုပ်နေတဲ့ ယာယီဝန်ထမ်းတွေလည်း ငတ်ပြတ်တော့မယ်။
– အဲဒီလောက် လစာအများကြီးရနေတာတောင် သားသမီးတွေကို အလုပ်ဆက်ခံခွင့်ပေးဖို့ တောင်းဆိုတာကတော့ လွန်လွန်အားကြီးတယ်။
– အဖေဖြစ်သူ အကြာကြီး လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ သားသမီးက အလုပ်ဝင်ရင် ကုမ္ပဏီအပေါ် ပိုပြီး သစ္စာရှိမှာပဲလေ။ အလကား ခန့်ခိုင်းတာမှ မဟုတ်တာ၊ အရည်အချင်း ပြည့်မီရင် ဦးစားပေးခန့်ခိုင်းတာပဲ။ ဒါက ကုမ္ပဏီအတွက်လည်း အကျိုးရှိပါတယ်။
– ဒါက လူစကားလား၊ ခွေးစကားလား။
– တကယ့် ခွေးစကားအစစ်ပဲ။
– သမဂ္ဂက ကုမ္ပဏီအပေါ် သစ္စာရှိလွန်းလို့ သပိတ်မှောက်နေကြတာလား။ မျိုးရိုးစဉ်ဆက် သပိတ်မှောက်ကြမယ်လို့ပဲ ကြေညာလိုက်ပါလား။
– ကုမ္ပဏီအတွက် ၁၅ နှစ်ကျော် အနစ်နာခံခဲ့တာတွေကိုကော ထည့်မတွက်ဘူးလား။
– မင်းတို့စကား ကြားရတာ အွန်ဆောင်း မော်တာက မင်းတို့ကို အတင်းဖမ်းခေါ်ပြီး လစာမပေးဘဲ အဓမ္မ ခိုင်းစေခဲ့သလိုပဲ။ ကိုယ့်ဘာသာ အလုပ်ဝင်ပြီး လစာမှန်မှန်ရနေတာကို ဘာအနစ်နာခံတာလဲ။
– ဟန်မင်းဂူလည်း သူ့သားကို ဥက္ကဌရာထူး လွှဲပေးခဲ့တာပဲ၊ သမဂ္ဂကျမှ ဘာလို့ ဝေဖန်နေကြတာလဲ။ ငါတို့ ဘာမှားလို့လဲ။
– အဲဒါကြောင့် ချေဘောတွေ ဝေဖန်ခံရတာပေါ့။ မင်းတို့လည်း အဲဒီလို လုပ်နေလို့ ဝေဖန်ခံရတာ။
– ဟားဟား။ အွန်ဆောင်း မော်တာ သမဂ္ဂရဲ့ စကားအတိုင်းဆို အခု သမ္မတက ပတ်ဆီဟျွန်းရဲ့ သား ဖြစ်ရမှာပေါ့။
– လွှတ်တော်အမတ်တွေလည်း သူတို့ သားသမီးတွေကို အချိုးကျ ကိုယ်စားလှယ်အဖြစ် ပေးခန့်ရမယ်။
– ဟုတ်တယ်၊ ဟုတ်တယ်။ လွှတ်တော်အမတ်တွေလည်း နိုင်ငံအတွက် အနစ်နာခံခဲ့တာဆိုတော့ အဲဒီလောက်တော့ လုပ်ပေးသင့်တာပေါ့။
အင်တာနက်စာမျက်နှာတွေကို ကြည့်ရင်း တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောလာတယ်။
"ဒီနေ့လည်း အင်တာနက်မှာ မင်းကို ဆဲနေကြတာ အုန်းအုန်းကျွက်ကျွက်ပဲ"
"..."
အဲဒါကြောင့် ကျွန်တော် မှတ်ချက်တွေကို မဖတ်တာပါ။
ဒီလောက်ဆို ကိုရီးယားမှာ ကျွန်တော့်လောက် ဆဲခံရတဲ့သူ ရှိပါဦးမလား။ တမင်သက်သက် အဆဲခံဖို့ လုပ်နေသလိုတောင် ဖြစ်နေပါပြီ။
ကျွန်တော့်ရဲ့ စကားကြောင့် အွန်ဆောင်း မော်တာ သမဂ္ဂတင်မကဘဲ သတ္တုအလုပ်သမား သမဂ္ဂပါ ထကြွလာခဲ့တယ်။ (အွန်ဆောင်း မော်တာ သမဂ္ဂက သီးခြား သမဂ္ဂမဟုတ်ဘဲ သတ္တုအလုပ်သမား သမဂ္ဂရဲ့ လက်အောက်မှာ ရှိတာပါ။)
သတ္တုအလုပ်သမား သမဂ္ဂက သမဂ္ဂဖြိုခွဲမှုကို ရပ်တန့်ဖို့ ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး ဆိုးလ်မှာ ဆန္ဒပြပွဲလုပ်ဖို့ ကြေညာတယ်။ ကံကောင်းတာက မိဘများ အဖွဲ့ချုပ်လိုမျိုး အကျိုးအကြောင်း မရှိတာ မဟုတ်ဘဲ တရားဝင် ဆန္ဒပြခွင့်ကိုတော့ လျှောက်ထားခဲ့ကြတယ်။
စက်ရုံမှာ ဆယ်စုနှစ်တစ်ခုကျော် လုပ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ကြံ့ခိုင်မှုကိုတော့ လျှော့တွက်လို့ မရပါဘူး။ ရဲတွေနဲ့ ထိပ်တိုက်တွေ့တဲ့ ဗီဒီယိုတွေကို ကြည့်ရင် အသက် ၂၀ ကျော် အရွယ်ကောင်း ရဲတပ်ဖွဲ့ဝင်တွေတောင် လွင့်စင်ကုန်တာပါ။
ဒါပေမဲ့ ကံကောင်းတာက အတိတ်ကလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့တာတွေက အခုနောက်ပိုင်း ရှားသွားပါပြီ။
"ကုမ္ပဏီရှေ့မှာ ဆန္ဒပြရင် အဆင်ပြေပါ့မလား"
"ကိုရီးယားက အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ဆန္ဒပြခွင့် လွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံပဲ မဟုတ်လား"
ကျွန်တော်လည်း အဲဒီအချက်ကိုတော့ လေးစားပါတယ်။
ဒါပေမဲ့ သူတို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြမယ်ဆိုတော့ ကျွန်တော်လည်း ဒီအတိုင်း ထိုင်ကြည့်နေလို့ မရပါဘူး။
ကျွန်တော် ဝန်ထမ်းတွေကို ညွှန်ကြားချက် ပေးလိုက်တယ်။
"မနက်ဖြန်ကစပြီး ဆန္ဒပြပွဲ ပြီးဆုံးတဲ့အထိ အားလုံး အိမ်ကနေပဲ အလုပ်လုပ်ကြပါ။ ရုံးကို မလာကြနဲ့"