အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉)
ဝါရင် ဘတ်ဖတ် အိမ်ပြာတော်ကို လာမယ့်အကြောင်း သေချာတောင် မရေရာသေးတဲ့ သတင်းတွေကို ကိုရီးယားမီဒီယာတွေက တရစပ် ဖော်ပြနေကြပေမဲ့ ကျွန်တော်နဲ့ သူနဲ့ တွေ့ဆုံမယ့်အကြောင်းကိုတော့ လုံးဝနီးပါး ချန်လှပ်ထားကြတယ်။
ကျွန်တော်နဲ့ လင်ဂျင်ယုံ ဥက္ကဋ္ဌကြီးတို့ တွေ့ဆုံတဲ့အကြောင်း သတင်းပို့တဲ့အခါကျမှပဲ OTK ကုမ္ပဏီနဲ့လည်း တွေ့ဆုံမှု ရှိနိုင်ခြေရှိကြောင်း ခပ်ပါးပါးလေး ထည့်ပြောပြီး ချက်ချင်း ကျော်သွားကြတာပါ။
ဒါပေမဲ့ ပြည်ပမီဒီယာတွေကတော့ ဒီအချက်ကိုပဲ အကြီးအကျယ် အာရုံစိုက်နေကြတယ်။ ဝါရင် ဘတ်ဖတ် ကိုရီးယားကို လာတာဟာ ကျွန်တော်နဲ့ တွေ့ဖို့ ဖြစ်နိုင်တယ်လို့တောင် CNN က သုံးသပ်ပြထားသေးတယ်။
“မဟုတ်လောက်ပါဘူးကွာ။ သူက မင်းနဲ့တွေ့ဖို့ သက်သက်နဲ့တင် ကိုရီးယားအထိ တကူးတက လာမှာတဲ့လား”
“ဟင်း…”
တကယ်ပဲ အဲဒီလို ဖြစ်နေတာလား။
OTK ကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတွေဆီက အင်တာဗျူးခွင့် တောင်းဆိုမှုတွေ ဆက်တိုက် ရောက်လာခဲ့တယ်။ သတင်းထောက်တွေက ဝါရင် ဘတ်ဖတ်နဲ့ တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘာအကြောင်းအရာတွေကို ဆွေးနွေးကြမလဲဆိုပြီး မေးကြတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ မသိသေးတဲ့အတွက် အင်တာဗျူး တောင်းဆိုမှုအားလုံးကို ငြင်းပယ်လိုက်တယ်။
ဝါရင် ဘတ်ဖတ်နဲ့ နေ့လယ်စာ အတူစားရတာက တကယ့်ကို အကြီးအကျယ် ကိစ္စတစ်ခု ဖြစ်ပုံရတယ်။ ရက်ချိန်း အတိအကျ ထွက်လာတာနဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ အခြေအနေက သက်ဝင်လှုပ်ရှားလို့ သွားတော့တာပဲ။
စီနီယာ ဆန်းယော့က ကလပ်အသင်းတုန်းကတည်းက ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပတ်သက်မှုကို အလေးအနက် ပြောပြီး သူပါ လိုက်ပါရစေဖို့ တောင်းဆိုလာသလို မိုက်ကယ်လီကလည်း စီအီးအိုရုံးခန်းထဲအထိ ရောက်လာပြီး “ခင်ဗျား ဝါရင် ဘတ်ဖတ်နဲ့ အတူတူ ထမင်းစားရမယ်လို့ ကြားတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက သူ့ကို သဘောကျခဲ့တာ။ ကျွန်တော့်အတွက်တော့ သူက စူပါဟီးရိုးတစ်ယောက်လိုပဲ” လို့ ခပ်ပေါ့ပေါ့လေး လာပြောသေးတယ်။
“အဲ့တော့ ဘာဖြစ်လဲ”
“ဒီတိုင်း ပြောပြတာပါ”
“……”
လိုက်ချင်ရင်လည်း လိုက်ချင်တယ်လို့ တည့်တည့်ပြောပါတော့လား။
ဒါတင် ပြီးသွားတာ မဟုတ်သေးဘူး။
“လိုရမယ်ရ ရှိအောင်လို့ ဝါရင် ဘတ်ဖတ်နဲ့ နေ့လယ်စာစားပွဲကို ဘယ်သူတွေ တက်ရောက်ချင်လဲဆိုတာ ဝန်ထမ်းတွေကို စစ်တမ်းကောက်ထားတယ်”
“ဪ… တကယ်လား”
တကူးတက လုပ်ဖို့ လိုလို့လား။ ကျွန်တော်တောင် မခိုင်းရဘဲနဲ့။
စီနီယာ ဂျောင်ကီဟုမ်က ပြုံးရွှင်ပြီး “ကျွန်တော် အပါအဝင် အားလုံးက တက်ရောက်ချင်တဲ့ ဆန္ဒ ရှိကြတယ်” လို့ ပြောလာတယ်။
ရရှိလာတဲ့ စစ်တမ်းထဲမှာ တက်ရောက်မှာလားဆိုတဲ့ အချက်အပြင် ဘာကြောင့် တက်ရောက်ချင်လဲဆိုတဲ့ အကြောင်းပြချက်တွေပါ ပါဝင်နေပါတယ်။ လူတိုင်းက သူတို့ရဲ့ အကြောင်းပြချက်တွေကို သေချာ အားစိုက်ပြီး ရေးထားကြတာပါ။
“….”
ရိုးရိုးသားသား ပြောရရင် ဒါက အဓိပ္ပာယ်မရှိတဲ့ စစ်တမ်းတစ်ခုလိုပဲ ခံစားရတယ်။
ဒီလူတွေ အကုန်လုံးသာ တက်ရောက်ကြမယ်ဆိုရင် ဒါက ဝါရင် ဘတ်ဖတ်နဲ့ နေ့လယ်စာစားပွဲ မဟုတ်တော့ဘဲ ကုမ္ပဏီ ဝန်ထမ်းစုံညီ ထမင်းစားပွဲကြီး ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။
ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ။
ကျွန်တော် Berkshire Hathaway ဆီကို ဖုန်းခေါ်လိုက်တယ်။
“ဥက္ကဋ္ဌကြီး ဝါရင် ဘတ်ဖတ်အတွက် မှာစရာ သတင်းစကား ရှိလို့ပါ”
[ဒီတိုင်း ပြောသာပြောပါ၊ ကျွန်တော်က ဝါရင် ဘတ်ဖတ် ပါ]
အဲဒီအဖြေကြောင့် ကျွန်တော် အံ့ဩသွားရတယ်။
“တကယ်လားခင်ဗျာ”
တွေးကြည့်မှပဲ သူ့အသံက တကယ်လည်း ဆင်တူနေတာပဲ။
[ဟားဟား။ OTK ကုမ္ပဏီက လာတဲ့ဖုန်းတွေကို ကျွန်တော့်ဆီ တိုက်ရိုက် ချိတ်ပေးဖို့ မှာထားလို့ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ]
“ဪ… ဟုတ်ကဲ့။ ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်”
ဝါရင် ဘတ်ဖတ်နဲ့ တိုက်ရိုက် စကားပြောနေရတယ်ဆိုတာ ယုံတောင် မယုံနိုင်စရာပဲ။ သူက နောက်နေတာတော့ မဟုတ်ပါဘူးနော်။
ကျွန်တော် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး အခြေအနေကို ရှင်းပြလိုက်တယ်။
ဝန်ထမ်းတွေက သူနဲ့တွေ့ဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေကြလဲဆိုတာ ပြောပြလိုက်တော့ သူက ခဏလောက် စဉ်းစားပြီး ပြန်ဖြေလာတယ်။
[ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ထမင်းစားပြီးရင် ဝန်ထမ်းတွေနဲ့ အချိန်ခဏလောက် ကုန်ဆုံးဖို့ ကျွန်တော် OTK ကုမ္ပဏီဘက်ကို ဝင်ခဲ့ပေးမယ်လေ]
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဥက္ကဋ္ဌကြီးအတွက် အဆင်ပြေပါ့မလား”
[ရတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း OTK ကုမ္ပဏီကို သွားလည်ချင်နေတာ ကြာပြီဆိုတော့ အတော်ပဲ ဖြစ်သွားတာပေါ့]
“ဝန်ထမ်းတွေ တကယ့်ကို ပျော်သွားကြမှာပါ”
[ဒါဆိုရင် နောက်ရက်အနည်းငယ်အတွင်း တွေ့ကြတာပေါ့]
ဖုန်းချပြီးတာနဲ့ ကျွန်တော် ဝန်ထမ်းတွေကို ဒီသတင်းကို အသိပေးလိုက်တယ်။ ဝန်ထမ်းတွေအားလုံးက စိတ်လှုပ်ရှားစွာနဲ့ လက်မထောင်ပြီး အော်ဟစ် အောင်ပွဲခံကြတော့တာပဲ။
ငွေကြေးလောကမှာ ဝါရင် ဘတ်ဖတ်ရဲ့ ရေပန်းစားမှုက ဒီအတိုင်းအတာအထိ ရှိနေတာပါ။
ကျွန်တော်တို့အဖွဲ့ထဲမှာ ကျွန်တော်၊ တက်ဂယူ၊ အယ်လီ၊ အစ်မ အိုဟျွန်းဂျူးနဲ့ ဟင်နရီတို့ ပါဝင်ကြတယ်။
ဟင်နရီကို ထည့်ရတဲ့ အကြောင်းရင်းကတော့ ဂျိန်း စီ ဂိုးမန်း၊ ဝါရင် ဘတ်ဖတ်တို့နဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပတ်သက်မှုတွေကြောင့်ပါ။
ဟင်နရီက ဝါရင် ဘတ်ဖတ်နဲ့ အကြိမ်အနည်းငယ် တွေ့ဖူးပြီးသား ဖြစ်နေပါတယ်။
ချိန်းဆိုထားတဲ့နေ့မှာ ကျွန်တော်တို့ အလုပ်မသွားဘဲ အိမ်မှာပဲ စုဝေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝါရင် ဘတ်ဖတ်က လူသိများတဲ့သူ ဖြစ်သလို ကိုရီးယားကို လာတာလည်း ကြာပြီဖြစ်တဲ့အတွက် သွားလေရာမှာ အာရုံစိုက်ခံရမှာ ဖြစ်ပြီး သတင်းထောက်တွေကလည်း နောက်ကနေ တကောက်ကောက် လိုက်နေကြမှာပါပဲ။
ဒါကြောင့်မလို့ သူ့ကို အိမ်ကိုပဲ ဖိတ်ကြားပြီး ထမင်းကျွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဥယျာဉ်ထဲမှာ အပြင်ဘက် စားပွဲနဲ့ ဘာဘီကျူး ကင်စင်ကို ပြင်ဆင်ထားပြီး ဆီလွန်ဟိုတယ်ကနေ စားဖိုမှူးကိုပါ ဖိတ်ခေါ်ထားလိုက်တယ်။
သူက ဘယ်မီနူးပဲဖြစ်ဖြစ် အဆင်ပြေတယ်လို့ ပြောပေမဲ့ သီးသန့် တောင်းဆိုချက် တစ်ခုတော့ ရှိခဲ့တယ်။ အဲဒါကတော့ ကိုကာကိုလာ ပြင်ဆင်ပေးထားဖို့ပဲ။
“Pepsiဆိုရင် မရဘူးလား”
“အင်း၊ မရဘူး”
ဘာလို့လဲဆိုတော့ Berkshire Hathaway က ကိုကာကိုလာရဲ့ အဓိက ရှယ်ယာရှင် ဖြစ်နေလို့ပါပဲ။ ကိုကာကိုလာရဲ့ ရုံးချုပ်က အတ္တလန်တာမှာ ရှိတာလေ။
ဝါရင် ဘတ်ဖတ်ရဲ့ ကိုကာကိုလာအပေါ် ထားတဲ့ အချစ်ကတော့ လူသိများပြီးသားပါ။
သူက နောက်ပြောင်ပြီးတော့ သူ့ရဲ့ ကျန်းမာရေး လျှို့ဝှက်ချက်က ကိုကာကိုလာကြောင့်လို့ အခိုင်အမာ ပြောလေ့ရှိသလို ရှယ်ယာရှင်များ အစည်းအဝေးတွေမှာလည်း ကိုကာကိုလာဗူးကို ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ဆောင်ထားတတ်သေးတယ်။
ဒါက သူ တကယ် သဘောကျလို့လည်း ဖြစ်နိုင်သလို သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီကို ကြော်ငြာပေးဖို့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။
“ရှယ်ယာရှင် အစည်းအဝေးမှာ ထုတ်ပြန်ချက်အနေနဲ့ FaceIt ဗီဒီယိုကို ဖွင့်ပြလိုက်ရင် ဘယ်လိုလဲ”
“……”
ဒါဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံး ညစ်ညမ်းရုပ်ရှင် ဖြန့်ချိမှုနဲ့ အဖမ်းခံရမှာ သေချာပါတယ်။
FaceIt က ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး ကိုရီးယားမှာ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်အဖြစ် သတ်မှတ်ခံထားရကာ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပါ။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက အခပေးသုံးစွဲသူတွေရဲ့ ရှစ်ရာခိုင်နှုန်းက ကိုရီးယားလူမျိုးတွေ ဖြစ်နေတာပါပဲ။ (သူတို့တွေ ဘယ်လိုနည်းနဲ့မဆို ပိတ်ပင်ချက်တွေကို ကျော်ဖြတ်နိုင်ကြပုံရတယ်)
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရှယ်ယာရှင်က သုံးယောက်ထဲ ရှိတာလေ”
ကျွန်တော်၊ တက်ဂယူနဲ့ အစ်မ အိုဟျွန်းဂျူးပဲ ရှိတာပါ။ လက်အောက်ခံ ကုမ္ပဏီတွေကို ထည့်သွင်းမယ်ဆိုရင်တော့ တိုးလာနိုင်ပေမဲ့ အဲဒီကုမ္ပဏီတွေကလည်း စာရင်းဝင် ကုမ္ပဏီတွေ မဟုတ်ကြပါဘူး။
“Berkshire Hathaway ရှယ်ယာရှင် အစည်းအဝေးကို လူအများကြီး တက်ကြလို့လား”
“သူတို့ရဲ့ရှယ်ရှင်အစည်အးဝေးက ဒေသ ပွဲတော်တစ်ခုလို ဖြစ်နေတာနော်”
နှစ်စဉ်နှစ်တိုင်း သောင်းနဲ့ချီတဲ့ လူတွေက ဝါရင် ဘတ်ဖတ်ကို လူကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် စုပြုံရောက်ရှိလာတတ်ကြတယ်။
နှစ်ပတ်လည် အစည်းအဝေးမှာ Berkshire Hathaway ရဲ့ အမှုဆောင်တွေတင်မကဘဲ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုအဖွဲ့တွေကပါ သူတို့ရဲ့ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်နဲ့ မျှော်မှန်းချက်တွေကို ရှယ်ယာရှင်တွေနဲ့ တက်ကြွစွာ မျှဝေကြတာပါ။
ဒါက အသေးစား ရှယ်ယာရှင်တွေကို မမြင်ရတဲ့ သက်ရှိတွေလို ဆက်ဆံတတ်တဲ့ ကျွန်တော်တို့နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေနဲ့ သိသိသာသာ ကွာခြားလှပါတယ်။ သူတို့က စီမံခန့်ခွဲမှု ခြိမ်းခြောက်ခံရတဲ့ အခါကျမှပဲ အကူအညီတောင်းတတ်ကြတာလေ။
“မင်း Berkshire Hathaway ရဲ့ ရှယ်ယာတစ်စုကို ဘယ်လောက်တန်လဲ သိလား”
“ဘယ်လောက်လဲ”
“မနေ့ကအထိ Class A ရှယ်ယာတွေက ဒေါ်လာ သုံးသိန်း နီးပါး ရှိတယ်”
ရှယ်ယာတစ်စုရဲ့ စျေးနှုန်းက ဝမ် သန်း သုံးရာထက် ကျော်လွန်နေတာပါ။ ကံကောင်းထောက်မစွာနဲ့ Class B ရှယ်ယာတွေကတော့ ဆယ်ပုံတစ်ပုံ စျေးနှုန်းနဲ့ အနည်းငယ် ပိုသက်သာပါတယ်။ ဒါပေမဲ့ ဈေးကြီးနေတုန်းပါပဲ။
“ဘာလို့ ဒီလောက်တောင် စျေးကြီးနေရတာလဲ”
“ကုမ္ပဏီက အရှိန်အဟုန်နဲ့ တိုးတက်မှုကို ကြုံတွေ့ခဲ့ရလို့ပေါ့”
လက်ရှိမှာတော့ အမေရိကန်ရဲ့ စျေးကွက်အရင်းအနှီးမှာ နံပါတ်ခြောက် နေရာမှာ ရှိနေပါတယ်။ သူ့အထက်မှာ ရှိတဲ့ ကုမ္ပဏီတွေက Apple ဒါမှမဟုတ် Google လိုမျိုး IT ကုမ္ပဏီတွေချည်းပါပဲ။
“သူတို့တွေ အဲဒီပိုက်ဆံတွေကို ရအောင် ဘာတွေ လုပ်ခဲ့ကြတာလဲ”
“သူတို့က ငါတို့နဲ့ တော်တော်လေး ဆင်တူတယ်”
ကျွန်တော်က သူတို့ရဲ့ ခြေရာအတိုင်းလိုက်နင်းခဲ့တာဆိုတော့ ဆင်တူနေတာက သဘာဝကျပါတယ်လေ။
ဝါရင် ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာက တကယ့်ကို ရိုးရှင်းပြီး ဘယ်သူမဆို လိုက်လုပ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ ရှယ်ယာတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး ရေရှည် ထိန်းသိမ်းထားဖို့ပါပဲ။
ပြဿနာက ပြောသလောက် မလွယ်ကူတာပါပဲ။
“သူတို့တွေက Derivative products တွေကို မကိုင်တွယ်ကြဘူးလား”
“သူတို့က Short selling ဒါမှမဟုတ် Futures options တွေကို လုံးဝ ဆန့်ကျင်တာမျိုး မဟုတ်ပေမဲ့ ရင်းနှီးမြှုပ်နှံတာထက် Hedging လုပ်ဖို့အတွက် ပိုသုံးကြတာ”
တက်ဂယူက သေချာ စဉ်းစားပြီးမှ ပြောလာတယ်။
“ဒါပေမဲ့လည်း လတ်တလော စွမ်းဆောင်ရည်တွေအရဆိုရင် မင်းက ပိုပြီး ကောင်းကောင်း လုပ်နိုင်နေတာ မဟုတ်ဘူးလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြန်လည်ရရှိတဲ့ အမြတ်အစွန်းတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ မင်းပြောတာ မှန်နိုင်ပါတယ်”
ဒါပေမဲ့…
လူအများစုက စျေးကွက်ထဲမှာ အချိန်တိုအတွင်း ကြီးမားတဲ့ အောင်မြင်မှုကို ရရှိနိုင်ကြပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာတိုင်တိုင် တည်ငြိမ်တဲ့ အမြတ်အစွန်းတွေကို စဉ်ဆက်မပြတ် ဖန်တီးနိုင်ခဲ့တာကတော့ ဝါရင် ဘတ်ဖတ် တစ်ယောက်ထဲပဲ ရှိတာပါ။
တစ်ချိန်က အောင်မြင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေ နောက်ပိုင်းမှာ ကျဆင်းမှုကို ရင်ဆိုင်ရတာက သမရိုးကျ ကိစ္စတစ်ခုပါပဲ။
ဗြိတိန် နိုင်ငံခြားငွေလဲလှယ်မှု စျေးကွက်နဲ့ ထိုင်း နိုင်ငံခြားငွေလဲလှယ်မှု စျေးကွက်တွေကို တိုက်ခိုက်ချိန်တုန်းက ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Hedge fund မဟာသူဌေးကြီး ဂျော့ရှ် ဆိုရော့စ် တောင်မှ ရုရှားရဲ့ အကြွေးဆိုင်းငံ့မှုနဲ့ Dot-com bubble ပြိုကွဲမှုတွေအတွင်း အလွန့်အလွန်ကို ဆုံးရှုံးမှုကြီးတွေကို ခံစားခဲ့ရသေးတာလေ။
ဆန့်ကျင်ဘက်အနေနဲ့ ဝါရင် ဘတ်ဖတ်ကတော့ ကြီးမားတဲ့ ကျရှုံးမှုမျိုး မရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာတိုင်တိုင် ၂၀ ရာခိုင်နှုန်းဝန်းကျင် အမြတ်အစွန်းကို တည်ငြိမ်စွာ ရရှိခဲ့တယ်။
ဒီအချိန်အတွင်းမှာ Oil shock၊ Dot-com bubble နဲ့ Subprime mortgage crisis လိုမျိုး ကြီးမားတဲ့ ငွေကြေးအကြပ်အတည်းတွေ မြောက်မြားစွာ ရှိခဲ့တာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဒါက အံ့ဖွယ်တစ်ခုပါပဲ။
ဒီလို ရင်းနှီးမြှုပ်နှံသူမျိုး သမိုင်းမှာ နောက်ထပ် မြင်တွေ့ရတော့မှာ မဟုတ်ဘူး ထင်ပါတယ်။
“ဒါပေမဲ့ မင်းက သူ့ထက် ပိုင်ဆိုင်မှု ပိုများနေတာပဲကို”
“ဟုတ်တယ်လို့တော့ ပြောရင်တော့ရတာပေါ့”
OTK ကုမ္ပဏီက ပုဂ္ဂလိကပိုင် ဖြစ်သလို ကျွန်တော် ပိုင်ဆိုင်တဲ့ ရှယ်ယာအများစုရှိတဲ့ ကုမ္ပဏီတွေကလည်း ပုဂ္ဂလိကပိုင်တွေ ဖြစ်ကြတယ်။ ဒါကြောင့်မလို့ ပိုင်ဆိုင်မှု တန်ဖိုးကို အတိအကျ သတ်မှတ်ဖို့က စိန်ခေါ်မှုတစ်ခုပါပဲ။
ဒါပေမဲ့ အနိမ့်ဆုံး ခန့်မှန်းချက်နဲ့တင် ဒေါ်လာ သန်းပေါင်းတစ်သိန်းထက် ကျော်လွန်နေပါပြီ။ CarOS တစ်ခုထဲရဲ့ တန်ဖိုးတင် ဒေါ်လာ သန်းရှစ်သောင်းလို့ အကဲဖြတ်ခံထားရတာပါ။
ဒါကြောင့် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုက ဝမ် သန်းပေါင်း ရှစ်ကုဋေလောက် ရှိနေတာလို့ ပြောလို့ရပါတယ်။ ဒီအဆင့်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံး ငါးယောက်စာရင်းထဲကို အလွယ်တကူ ဝင်နိုင်ပါတယ်။
တက်ဂယူက ကျွန်တော့်ပခုံးကို ပုတ်ပြီး ပြောလာတယ်။
“ဝါရင် ဘတ်ဖတ်ကို မေ့လိုက်စမ်းပါ။ ငါ့အတွက်တော့ မင်းက အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူပဲ”
“မင်း တကယ်ပဲ အဲဒီလို ယုံတာလား”
“ဒါပေါ့ကွ။ ငါက ဘာမှ သေချာမသိလို့ ဒီအတိုင်း ပြောတာလေ”
“…”
ခဏကြာတော့ ဟင်နရီ အိမ်ကို အရင်ဆုံး ရောက်လာတယ်၊ ဆံပင်ကို သေသေသပ်သပ် ဖီးထားပြီး တကယ့်ကို သန့်ပြန့်နေတာပဲ။ ဒါက အစ်မ အိုဟျွန်းဂျူးကြောင့်လား ဒါမှမဟုတ် ဝါရင် ဘတ်ဖတ်ကြောင့်လားတော့ မသိဘူး။
ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲလို့ မေးလိုက်တော့ ဟင်နရီက ပြန်ဖြေတယ်။
“ငါ မင်းနဲ့ အလယ်တန်း ကျောင်းသားဘဝတုန်းက အရင်ဆုံး တွေ့ခဲ့တာ။ အဲဒီနောက်ပိုင်းလည်း အကြိမ်အနည်းငယ် တွေ့ဖြစ်တယ်။ နောက်ဆုံး တွေ့ခဲ့တာကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့”
“….”
မကြာခင်မှာပဲ အစ်မအိုဟျွန်းဂျူးနဲ့ အယ်လီတို့ ရောက်လာကြတယ်။
“ငါတို့ ရောက်ပြီ”
“ကြိုဆိုပါတယ်”
အစ်မအိုဟျွန်းဂျူးက အလုပ်လုပ်တုန်းကလိုပဲ အင်္ကျီအဖြူနဲ့ ခါးမြင့်စကတ်အမည်းကို သေသေသပ်သပ် ဝတ်ဆင်ထားပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အယ်လီကတော့ ကောင်းကင်ပြာရောင် အင်္ကျီနဲ့ စကတ်အနားတွန့်ကို ဖိနပ်အပါးလေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ပျော်ပွဲစားထွက်လာတဲ့အတိုင်း လန်းဆန်းလို့နေတာပါပဲ။
သူ့ရဲ့ဆံပင်တွေကလည်း တော်တော်လေး ရှည်လာပြီး ပခုံးနားအထိ ရောက်နေပါပြီ။
အစ်မ အိုဟျွန်းဂျူးက မေးလာတယ်။
“သူတို့ ဘယ်အချိန် ရောက်မလဲ”
“သူတို့တွေ လေဆိပ်ကနေ ထွက်လာပြီဆိုတော့ တစ်နာရီလောက် ကြာရင် ရောက်လာမှာပါ”
ဝါရင် ဘတ်ဖတ် ကိုရီးယားကို လာတာက ဒီအတိုင်းနေရင်းကို ကြီးကျယ်တဲ့ ကိစ္စတစ်ခု ဖြစ်နေတာပါ။
ရေတွက်လို့မရတဲ့ သတင်းထောက်တွေနဲ့ အော်ဟစ်အားပေးနေတဲ့ လူအုပ်ကြီးက လေဆိပ်မှာ စုဝေးနေကြတယ်။ ဝါရင် ဘတ်ဖတ် ရောက်ရှိလာပြီး လူတွေကို နှုတ်ဆက်ကာ ကားပေါ်တက်သွားတဲ့ မြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသနေကြတာပါ။
သူ စီးလာတဲ့ ကားက ကျွန်တော်တို့အိမ်ဆီကို တိုက်ရိုက် ဦးတည်လာနေပါတယ်။
အစ်မ အိုဟျွန်းဂျူးက အနည်းငယ် စိတ်လှုပ်ရှားနေပုံရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တက်ဂယူကတော့ တကယ့်ကို စိတ်အေးလက်အေး ရှိနေပါတယ်။
“စိတ်လျှော့စမ်းပါ။ မမရယ်”
“ပါးစပ်ပိတ်ထား”
အယ်လီက ပြုံးပြီး ပြောတယ်။
“ငါ့ဘဝမှာ ဝါရင် ဘတ်ဖတ်နဲ့ တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ပြန်ပြောတယ်။
“ရိုးရိုးသားသား ပြောရရင် ငါလည်း တူတူပါပဲ”
ကျွန်တော့်ရဲ့ ကျောင်းသားဘဝတုန်းက အခုလိုမျိုးတွေ့ခွင့်ရဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
အလုပ်ရပြီး ပိုက်ဆံစုမိရင် Berkshire Hathaway ရဲ့ ရှယ်ယာတွေကို ဝယ်မယ်။ Class A ရှယ်ယာတွေက စျေးကြီးလွန်းလို့ Class B နဲ့ပဲ စမယ်။ အဲဒီနောက် ရှယ်ယာရှင် အစည်းအဝေး တက်ရောက်ခွင့် လက်မှတ်ကို လက်ခံရရှိရင် Edensကို သွားပြီး ဝါရင် ဘတ်ဖတ်ကို ယုံကြည်မှုရှိရှိနဲ့ မေးခွန်းတွေ မေးမယ်ပေါ့။
ဒါပေမဲ့ အခုတော့ အဲဒါတွေ မလိုတော့ပါဘူး။
ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာပဲ သက်ရှိထင်ရှား အကြီးမြတ်ဆုံး ရင်းနှီးမြှုပ်နှံသူကြီး ရှိနေပါပြီ။
သူ့မှာ နဖူးပေါ်အောင် နောက်လှန်ဖြီးထားတဲ့ ဆံပင်အဖြူရောင်တွေ ရှိပြီး မျက်မှန်အမည်း ကိုင်းအဝိုင်းကို ဝတ်ဆင်ထားပါတယ်။ ရုပ်ရည်ကြည့်ရုံနဲ့တင် ကြင်နာတတ်တဲ့ လူဖြူအဖိုးအိုကြီး တစ်ယောက်လိုပါပဲ။
တက်ဂယူက ကြက်ကြော်ဆိုင်ရှေ့က အဖိုးကြီးနဲ့ တူတယ်လို့ တိုးတိုးလေး ပြောလိုက်တော့ ဘေးမှာ ရပ်နေတဲ့ အစ်မ အိုဟျွန်းဂျူးက သူ့ကို တိတ်တိတ်နေဖို့ နံဘေးကို လက်သီးနဲ့ တွတ်လိုက်တယ်။
ဝါရင် ဘတ်ဖတ်က ကျွန်တော့်ကို နွေးထွေးစွာ နှုတ်ဆက်ပြီး လက်ကမ်းပေးလာတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ဝါရင် ဘတ်ဖတ် ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ကန်ဂျင်ဟူ ပါ”
ဝါရင်က ကျွန်တော့်လက်ကို ကိုင်ပြီး “ကျွန်တော် ခင်ဗျားနဲ့ တွေ့ချင်နေတာ ကြာပြီ။ မစ္စတာကန်” လို့ ပြုံးပြီး ပြောလာတယ်။
“ကျွန်တော်လည်း ဥက္ကဋ္ဌကြီးနဲ့ အမြဲတမ်း တွေ့ချင်ခဲ့တာပါ”
ကျွန်တော် ဒီအခြေအနေကို ယုံတောင် မယုံနိုင်သေးဘူး။
ဝါရင် ဘတ်ဖတ်က ကျွန်တော့်ရဲ့ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ ရပ်နေတာပါ။ ဒါက ဖန်တွေ သူတို့ သဘောကျတဲ့ ဆယ်လီတွေနဲ့ တွေ့ရတဲ့အခါ ခံစားရတဲ့ ခံစားချက်မျိုးလား။
သူ့ကို ၁၉၃၀ ပြည့်နှစ်တွေမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၈၆ နှစ် ရှိပါပြီ။ သူ့အသက်အရွယ်နဲ့စာရင် သိသိသာသာကို ကျန်းမာပုံရပါတယ်။
ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံဖူးတဲ့ ဘယ်သူမဆို ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ ခံစားရတဲ့ စိတ်ဖိစီးမှုဟာ စိတ်ကူးယဉ်လို့ မရနိုင်လောက်အောင် ပြင်းထန်တယ်ဆိုတာ သိကြမှာပါပဲ။
သူတို့က ကုမ္ပဏီတွေရဲ့ ပင်ကိုယ်တန်ဖိုးကို အလေးထားပြီး ရေရှည်အတွက် ရင်းနှီးမြှုပ်နှံတာဖြစ်လို့ ရေတို ရှယ်ယာအတက်အကျတွေအပေါ် အလွန်အမင်း စိတ်လှုပ်ရှားတာမျိုး ဒါမှမဟုတ် စိတ်ဓာတ်ကျတာမျိုးတော့ မရှိကြပါဘူး… ဒါပေမဲ့ ဒါက ပြောဖို့ပဲ လွယ်တာလေ။ ရှယ်ယာစျေးနှုန်းတွေက ကိုယ့်မျက်စိရှေ့တင် အတက်အကျ ဖြစ်နေတဲ့အချိန်မှာ ဘယ်နှစ်ယောက်က စိတ်အေးအေး ထားနိုင်မှာလဲ။
သူ့အနေနဲ့ အခုအချိန်အထိ ကျန်းမာပြီး ဒီလောကမှာ တက်ကြွစွာ ရှိနေဆဲ ဖြစ်တဲ့အတွက် လေးစားခံရတာက သင့်တော်ပါတယ်။
တက်ဂယူက သူ့ကို ရွှင်ရွှင်လန်းလန်း နှုတ်ဆက်လိုက်တယ်။
“ကိုရီးယားအထိ တကူးတက လာခဲ့ရတာ ပင်ပန်းမှာပဲနော်”
ဝါရင်က “ကျွန်တော့်ထက်စာရင် လေယာဉ်မောင်းလာတဲ့ ပိုင်းလော့က ပိုပြီး ပင်ပန်းပုံရပါတယ်” လို့ နောက်ပြောင်ပြီး ပြန်ဖြေတယ်။
နောက်ပြီးတော့ သူက ဟင်နရီကို နှုတ်ဆက်လိုက်တယ်။
“ငါတို့ မတွေ့ဖြစ်တာ ကြာပြီနော်”
ဝါရင်က သူ့ကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်တယ်။
“ဪ… ဟင်နရီ။ မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ မင်း ပိုပြီး အရပ်ရှည်လာပုံပဲ။ အခုဆိုရင် အရပ်က ဆက်မရှည်တော့ဘူး ထင်တယ်။ ကိုရီးယားမှာ အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့၊ ပြေပါတယ်။ ဥက္ကဋ္ဌကြီးရော နေကောင်းတယ် မဟုတ်လား”
“ဟားဟား။ ငါက အမြဲ နေကောင်းပါတယ်ကွာ။ မင်းကို ကိုရီးယားမှာ တွေ့ရတာ ဝမ်းသာတယ်”
နောက်ပြီးတော့ အစ်မ အိုဟျွန်းဂျူးနဲ့ လက်ဆွဲနှုတ်ဆက်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက Golden Gate ကိုရီးယားရုံးခွဲရဲ့ အကြီးအကဲ ဂျက်စီကာအို ပါ”
အံ့ဩစရာကောင်းတာက ဝါရင်က အစ်မ အိုဟျွန်းဂျူးအကြောင်းကို အရင်ကတည်းက သိနေတာပါပဲ။
“ကျွန်တော် ဒါရိုက်တာအို အကြောင်း အများကြီး ကြားဖူးပါတယ်။ Wall Street က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတော်တော်များများက ခင်ဗျားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြတာကိုရော သိလား။ တကယ်လို့ Golden Gate မှာ အဆင်မပြေရင် Berkshire Hathawayကို အချိန်မရွေး လာခဲ့လို့ရတယ်နော်။ ခင်ဗျားအတွက် နေရာတစ်ခု အမြဲတမ်း ရှိနေမှာပါ”
“လှိုက်လှိုက်လှဲလှဲ ပြောပေးလို့ ကျေးဇူးတင်ပါတယ်”
အပြင်ပန်းမှာ မပြအောင် ထိန်းထားပေမဲ့ အစ်မ အိုဟျွန်းဂျူးရဲ့ မျက်နှာမှာတော့ ပျော်ရွှင်မှုတွေ အထင်အရှား ပေါ်နေတာပါပဲ။ အဲဒါကို မြင်တော့ တက်ဂယူက သူ့ကို စနောက်ဖို့ အခွင့်အရေး ချောင်းနေပါတော့တယ်။
နောက်ဆုံးအနေနဲ့ အယ်လီက သူ့ကိုယ်သူ မိတ်ဆက်တယ်။
“မင်္ဂလာပါ၊ ကျွန်မက Golden Gate ကိုရီးယားရုံးခွဲရဲ့ ဥပဒေရေးရာအဖွဲ့က အယ်လီကင် ပါ။ ဥက္ကဋ္ဌကြီးကို တီဗီထဲမှာပဲ မြင်ဖူးတာ၊ လူကိုယ်တိုင် မြင်ရတော့ ပိုပြီးတော့တောင် ခန့်ညားနေပါသေးတယ်”
ဝါရင်က တဟားဟား ရယ်မောလိုက်တယ်။
“ဟားဟား။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအစား ရုပ်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးစကား မကြားရတာ ကြာပြီ”
မိတ်ဆက်ပြီးတဲ့နောက် ကျွန်တော်တို့ ထိုင်လိုက်ကြတယ်။
လူတစ်ချို့က ဝမ် သန်းလေးထောင်လောက် တန်တယ်လို့ ပြောကြတဲ့ ဝါရင် ဘတ်ဖတ်နဲ့ နေ့လယ်စာ စားပွဲကြီး ဒီလိုနဲ့ပဲ စတင်ခဲ့ပါပြီ။
အခန်း (၁၇၀)
စားဖိုမှူးက ကင်စင်ပေါ်မှာ အမဲသားပြားတွေကို ကင်နေတဲ့အချိန်မှာ အိမ်အကူတွေက အမြည်းဟင်းလျာတွေကို လာချပေးကြတယ်။
ဝါရင် ဘတ်ဖတ် က သဘောကျပြီး ပြုံးရွှင်စွာနဲ့ ပြောလာတယ်။
“ဒီနေ့တော့ တကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုခံရတာပဲ”
အစောပိုင်းက ရှိနေတဲ့ အနေရခက်တဲ့ အခြေအနေက ခဏလေးတင် ပျောက်ကွယ်သွားခဲ့တယ်။
ကျွန်တော်တို့အားလုံး အစားအသောက်ကို အရသာရှိရှိ စားသောက်ရင်းနဲ့ သက်သောင့်သက်သာ စကားပြောဖြစ်ကြတယ်။ သူက OTK ကုမ္ပဏီအကြောင်းကို စိတ်ဝင်တစားနဲ့ တရစပ် မေးခွန်းတွေ မေးလာသလို အထူးသဖြင့် တက်ဂယူ အကြောင်းကို ပိုပြီး သိချင်နေခဲ့တာပါ။
OTK ကုမ္ပဏီဟာ L6 ဖြစ်ရပ်ပြီးနောက်ပိုင်း ငွေကြေးလောကမှာ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေက လူသိများပေမဲ့ အဲဒီမတိုင်ခင် ဖြစ်ရပ်တွေအကြောင်းကိုတော့ လူတွေ သိပ်မသိကြဘူး။
အစောပိုင်း ရင်းနှီးမြှုပ်နှံမှုက ရရှိတဲ့ အမြတ်အစွန်းတွေကို နှစ်ယောက်သား ညီတူညီမျှ ခွဲဝေဖို့ သဘောတူခဲ့ကြတယ်ဆိုတဲ့ အချက်ကို ဘယ်နေရာမှာမှ ဖော်ပြထားတာ မရှိဘူးလေ။
ဝါရင် ဘတ်ဖတ် က အဲဒီအကြောင်းကို ကြားတော့ အံ့ဩသွားရတယ်။
“ဒါဆိုရင် မူရင်းသဘောတူညီချက်အရ အမြတ်တွေကို အညီအမျှ ခွဲရမှာကို မင်းရဲ့ ဝေစုဖြစ်တဲ့ ဒေါ်လာ သန်းနှစ်ရာကို အလွတ်ပေးလိုက်တာပေါ့ ဟုတ်လား”
တက်ဂယူက ကြွားဝါချင်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
“ကျွန်တော်က ကန်ဂျင်ဟူ ကို နည်းနည်း ကူညီပေးခဲ့တာပါ”
အဲဒီနောက် တက်ဂယူက အစ်မ ဟျွန်းဂျူးကိုပါ ထည့်သွင်းဖို့အတွက် သူ့ရဲ့ ဝေစုထဲက သုံးရာခိုင်နှုန်းကို ပေးခဲ့တယ်လို့ ပြောပြလိုက်တဲ့အခါမှာတော့ ဝါရင် ဘတ်ဖတ် က တကယ့်ကို အထင်ကြီး လေးစားသွားပုံရတယ်။
“အခုမှပဲ သဘောပေါက်တော့တယ်။ တကယ့်ကို ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ရှိနေခဲ့တာပဲ”
ဒါက အမှန်တရားပါပဲ။
တကယ်လို့ တက်ဂယူ သာ မရှိခဲ့ရင် ဒီနေ့ခေတ် OTK ကုမ္ပဏီဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
ရင်းနှီးမြှုပ်နှံမှုဆိုတာ အမြဲတမ်း ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေဖို့ မလိုပါဘူး။ ရင်းနှီးမြှုပ်နှံမှုမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ကိုယ့်ပိုက်ဆံ အပ်နှံထားတာကလည်း ရင်းနှီးမြှုပ်နှံမှု ပုံစံတစ်မျိုးပဲလေ။
တကယ်တော့ ပြီးခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဝါရင် ဘတ်ဖတ် ဆီမှာ ပိုက်ဆံအပ်ခဲ့တဲ့သူတွေဟာ အခုဆိုရင် မယုံနိုင်စရာကောင်းလောက်အောင် အမြတ်အစွန်းတွေ ရရှိနေကြပါပြီ။
ဝါရင် ဘတ်ဖတ် က ထမင်းစားနေရင်းနဲ့ ဆက်တိုက် မေးခွန်းတွေ မေးနေခဲ့ပြီး တက်ဂယူ ကလည်း ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံတွေကို စိတ်အားထက်သန်စွာ မျှဝေပေးနေခဲ့တယ်။ ဒါပေမဲ့ နတ်မျက်စိနဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုတော့ ချန်လှပ်ထားခဲ့တာပေါ့။
“……”
ဒါက ‘ဝါရင် ဘတ်ဖတ်နဲ့ နေ့လယ်စာ အတူစားပွဲ’ လား၊ ဒါမှမဟုတ် ‘အိုတက်ဂယူနဲ့ နေ့လယ်စာ အတူစားပွဲ’ လားတောင် မသဲကွဲတော့ဘူး။
ဝါရင် က နောက်ပြောင်ပြီးတော့ ပြောလာတယ်။
“ရိုနယ် သမ္မတ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ကျွန်တော် အဲဒီလူကို တကယ် သဘောမကျတာ”
ရိုနယ် က အိမ်ခြံမြေ သူဌေးကြီး ဘဝကနေ သမ္မတ ဖြစ်လာတဲ့သူပါ။
ဒီအချက်ကြောင့် သူတို့နှစ်ယောက်ဟာ အတိတ်တုန်းက အကြိမ်အနည်းငယ် တွေ့ဖူးကြပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ လူသိများကြတယ်။
ဘာပဲဖြစ်ဖြစ် ဝါရင် ဘတ်ဖတ် ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ အမာခံ ထောက်ခံသူတစ်ယောက်ပါပဲ။
သူက ရိုနယ် ရဲ့ အခွန်လျှော့ချရေး မူဝါဒကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ချမ်းသာတဲ့သူတွေ အခွန်ပိုပေးဆောင်နိုင်ဖို့အတွက် ကော်ပိုရိတ်အခွန်နဲ့ ဝင်ငွေခွန်တွေကို တိုးမြှင့်ရမယ်လို့ အခိုင်အမာ ပြောခဲ့တာပါ။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ရိုနယ် က တွစ်တာပေါ်မှာ Berkshire Hathaway ဟာ အခွန်နည်းနည်းပဲ ပေးရအောင် နည်းလမ်းမျိုးစုံ သုံးပြီး လှည့်ဖြားနေတဲ့ ကုမ္ပဏီတစ်ခုပါဆိုပြီး ဘတ်ဖတ် ကို လှောင်ပြောင်ခဲ့သေးတယ်။
ဒီလိုမျိုး နှစ်ခွစံနှုန်း သတ်မှတ်ချက်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာကတော့ အမှန်ပဲ။
ဒါပေမဲ့ Berkshire Hathaway ရဲ့ အခွန်ရှောင်ရှားမှုဟာ ဥပဒေဘောင်အတွင်းကနေပဲ တိတိကျကျ လည်ပတ်နေတာ ဖြစ်ပါတယ်။ သုံးစွဲတဲ့ နည်းလမ်းတွေက ဥပဒေနဲ့ ညီညွတ်နေသရွေ့တော့ ဘယ်သူမှ ဘာမှ ပြောလို့မရဘူးလေ။
သတ်မှတ်ထားတဲ့ စနစ်တစ်ခုအတွင်းမှာ ကုမ္ပဏီတွေအနေနဲ့ အများဆုံး အမြတ်အစွန်း ရရှိအောင် ရှာဖွေတာက သဘာဝကျပါတယ်။ အစိုးရကသာ စနစ်တစ်ခုကို ကောင်းမွန်အောင် ဖန်တီးပြီး ထိန်းချုပ်ရမှာ ဖြစ်ပြီး တိုးတက်မှုနဲ့ ခွဲဝေမှုတွေ မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ပေးရမှာပါ။
ထမင်းစားပွဲ တစ်လျှောက်လုံးမှာ ဝါရင် က ကိုကာကိုလာကို ရေလိုပဲ သောက်နေခဲ့တယ်။
ဒါနဲ့တင် ဘယ်နှခွက်ရှိသွားပြီလဲ မသိဘူး။
ကောလာဟလတွေကို ကြားဖူးပေမဲ့ သူ တကယ်ပဲ ကိုကာကိုလာကို သဘောကျတာပဲ။ သူ့ကို ကြည့်ပြီး အသင့်စား အစားအစာတွေနဲ့ ကိုကာကိုလာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ အလကား စကားတွေပဲလို့ တွေးမိသွားတယ်။
ဝင်စတန် ချာချီ ဆိုရင် ဆေးလိပ် အလွန်အကျွံ သောက်ပေမဲ့ အသက် ၉၀ အထိ နေသွားရသလို အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေကို နှစ်သက်တဲ့ ကျန်းချင် ကလည်း အသက် ၁၀၀ ကျော်အထိ နေထိုင်သွားခဲ့ရတာပဲ။
ဒါကို ကြည့်ရင် အသက်ရှည်ရမယ့်သူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှည်ကြတာပဲ ထင်တယ်။
ကျွန်တော်တို့ ကိုကာကိုလာခွက်ချင်း တိုက်လိုက်ကြတယ်။
ဝါရင် က ပြုံးပြီး မေးလာတယ်။
“ဆိုဗီယက် ဗိုလ်ချုပ်ကြီးတစ်ယောက်က ကိုကာကိုလာကို သဘောကျလွန်းလို့ လူတွေ မမြင်အောင် အရောင်မပါတဲ့ ကိုကာကိုလာကို တိတ်တိတ်လေး သောက်ခဲ့ရတာကို မင်းတို့ သိလား”
“အရောင်မပါတဲ့ ကိုလာ ဟုတ်လား”
ကိုလာက အရောင်မပါရင် ဆိုဒါရေ ဖြစ်မနေဘူးလား။
အဲဒီလို တွေးရင်းနဲ့ တက်ဂယူ က မေးလာတယ်။
“ဇူးကော့ဗ် ကို ပြောတာလား”
“ဟားဟား။ ဟုတ်တယ်။ အတိအကျပဲ”
ရုရှား ပြည်တွင်းစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် စစ်သေနာပတိအဖြစ် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဇူးကော့ဗ်က ကိုလာကို တကယ် သဘောကျခဲ့တာပါ။ ဒါပေမဲ့ ကိုလာဆိုတာ အရင်းရှင် အမေရိကန် နယ်ချဲ့တွေရဲ့ အဖျော်ယမကာ ဖြစ်နေတာလေ။
စတာလင် ရဲ့ ဖြုတ်ထုတ်ရှင်းလင်းတာကို ခံရမှာ စိုးရိမ်တဲ့အတွက် သူက ဗော့ဒ်ကာ အရက်နဲ့ တူအောင် အရောင်မပါတဲ့ ကိုလာကို သီးသန့် ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။
တက်ဂယူ က ပခုံးတွန့်ပြလိုက်ပြီး ပြန်ပြောတယ်။
“ဟဲဟဲ၊ ဒါက စစ်ရေးဝါသနာရှင်တွေကြားထဲမှာ နာမည်ကြီးတဲ့ သမိုင်းကြောင်းပဲလေ”
“…….”
ကျွန်တော်က စစ်ရေးဝါသနာရှင် မဟုတ်တဲ့အတွက် မသိတာက မဆန်းပါဘူး။
ဝါရင် က တက်ဂယူ ကို သဘောကျစွာနဲ့ ဆက်မေးတယ်။
“ဒါဆိုရင် ကိုကာကိုလာရဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ဖန်တာ က စစ်ပွဲကြောင့် ဖြစ်တည်လာတာဆိုတာကော အမှန်ပဲလား”
“ဒါပေါ့။ အဲဒါကို မသိတဲ့သူ ရှိလို့လား”
တကယ်တော့ မသိတဲ့သူက ပိုများမယ် ထင်ပါတယ်။
သူတို့နှစ်ယောက်ဟာ ကိုကာကိုလာအကြောင်းကို တော်တော်လေး အကျယ်တဝံ့ ပြောဖြစ်ကြတယ်။ နောက်ဆုံးကျတော့ ခရစ်စမတ် ဘိုးဘိုးကြီး ဝတ်စုံအကြောင်းအထိပါ ရောက်သွားကြတယ်။
အစတုန်းကတော့ တက်ဂယူဘက်က အပြောအဆိုမတတ်မှာကို စိတ်ပူမိပေမဲ့ သူတို့နှစ်ယောက် ဒီလောက်အထိ စကားလက်ဆုံကျလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။
ပျော်ရွှင်စရာ ကောင်းတဲ့ အခြေအနေမှာ အစ်မ ဟျွန်းဂျူးက သူ အမြဲတမ်း တွေးတောနေခဲ့တဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်တယ်။
“တကယ်လို့ ဆွဲဆောင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပန်းတိုင်တွေ အများကြီး ရှိနေရင် ဘယ်တစ်ခုကို ရွေးချယ်ရမလဲဟင်”
ဝါရင် က ပြန်ဖြေပေးတယ်။
“အရာအားလုံးမှာ ထူးချွန်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ‘ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံရမလဲ’ ဆိုတာထက် ‘ဘယ်နေရာမှာ ရင်းနှီးမမြှုပ်နှံရဘူးလဲ’ ဆိုတာကို အရင်ဆုံး စဉ်းစားမိလိမ့်မယ်”
“ဆုံးရှုံးမှုတွေကို ရှောင်လွှဲဖို့အတွက် ဘယ်လို စည်းမျဉ်းမျိုး ရှိလဲရှင့်”
“ကိုယ့်ဘက်ကနေ အမြတ်အစွန်းတွေ ထပ်ပြီး မဖန်တီးနိုင်တော့တဲ့ အမှတ်ကို သိမြင်ဖို့ပါပဲ။ အဲဒီအမှတ်ကို သိပြီဆိုတာနဲ့ ချက်ချင်း ရပ်တန့်ရမယ်။ လူအများစုက မရပ်တန့်နိုင်ကြတာဟာ အဲဒီအမှတ်ကို မသိလို့ မဟုတ်ဘူး၊ သိရဲ့သားနဲ့ ရှေ့ကို နောက်ထပ် တစ်လှမ်း ထပ်တိုးမိကြလို့ပဲ”
စကားစမြည် ပြောဖြစ်ကြရာကနေ အဆုံးသတ်နိုင်မှာ မဟုတ်တော့တဲ့အထိ ဖြစ်သွားတယ်။ ဝါရင် က သူ့ရဲ့ အတွေ့အကြုံတွေနဲ့အတူ အဖိုးတန် အကြံဉာဏ်တွေကို မျှဝေပေးခဲ့တယ်။
“ပိုက်ဆံကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲရတာဟာ ပိုက်ဆံရှာရတာထက် ပိုပြီး ခက်ခဲပါတယ်။ ပိုက်ဆံတွေ အများကြီး စုမိလာတဲ့အခါမှာ သူ့အလိုလို စွမ်းအားတွေ ရှိလာတတ်တာလေ။ တကယ်လို့ လွဲမှားစွာ သုံးစွဲမိရင် လူပေါင်းများစွာကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်”
တကယ်လို့ ပိုင်ဆိုင်မှုက ဝမ် သန်းပေါင်းသောင်းဂဏန်း ဒါမှမဟုတ် သန်းပေါင်း သိန်းဂဏန်းလောက်ပဲ ရှိရင်တော့ ကိုယ်ဖြစ်ချင်သလို သုံးလို့ရပါတယ်။ ဒါပေမဲ့ ဝမ် သန်းပေါင်းကုဋေအထိ ကျော်လွန်သွားတဲ့အခါမှာတော့ အခြေအနေက ပြောင်းလဲသွားပါပြီ။
အဲဒီပိုက်ဆံတွေကို ဘယ်လို သုံးစွဲလဲဆိုတာက လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးအပေါ်မှာ ကြီးမားတဲ့ လှိုင်းတံပိုးတွေကို ဖန်တီးနိုင်လို့ပါ။
“တစ်ခါတုန်းက ပရဟိတအဖွဲ့တစ်ခုဟာ အာဖရိကက ကလေးတွေဆီကို ဖိနပ်တွေ လှူဒါန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီမှာ ဘာဖြစ်သွားလဲ ခင်ဗျားတို့ သိလား”
“ခြေဗလာနဲ့ ကလေးတွေ ဖိနပ် ရသွားကြမှာပေါ့”
တက်ဂယူ ရဲ့ အဖြေကို သူက ခေါင်းညိတ်ပြတယ်။
“ဒါပေမဲ့ အဲဒီနိုင်ငံမှာ အကြီးစား ဖိနပ်စက်ရုံကြီးတစ်ခု ရှိနေခဲ့တယ်။ အဲဒီစက်ရုံက ထုတ်တဲ့ ဖိနပ်တွေက အရည်အသွေး ညံ့ပြီး စျေးကြီးတယ်။ နောက်ဆုံးကျတော့ အဲဒီစက်ရုံကြီး ဒေဝါလီခံလိုက်ရတယ်။ စက်ရုံကို ပိုက်ဆံချေးထားတဲ့ ဘဏ်ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရသလို အလုပ်သမားတွေအားလုံးလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတာပေါ့။ ကလေးတွေကတော့ ဖိနပ်တစ်စုံစီ အလကား ရလိုက်ကြတာကတော့ အမှန်ပဲ”
စီးပွားရေး တိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုက လိုအပ်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီး လိုအပ်ပါတယ်။
ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရင်းအနှီး မရှိကြသလို အလုပ်သမားတွေရဲ့ အရည်အသွေးကလည်း နိမ့်ကျတတ်ကြတယ်။ ဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အစောပိုင်း ကာလတွေမှာတော့ အလုပ်သမား အင်အားအပေါ် အခြေခံတဲ့ အပေါ့စား စက်မှုလုပ်ငန်းတွေကိုပဲ အာရုံစိုက်နိုင်ကြတာပါ။
အစောပိုင်း အရင်းအနှီးတွေကို စုဆောင်းမိမှသာ နောက်ပိုင်းမှာ အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ ဓာတုဗေဒ စက်မှုလုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ငွေကြေး အခြေအနေက ဆိုးရွားနေဆဲ ဖြစ်လို့ သီးသန့် ကုမ္ပဏီတချို့ကိုပဲ ပံ့ပိုးပေးဖို့ တွန်းအားပေးခံရတတ်တယ်။
ရလဒ်အနေနဲ့ စီးပွားရေးကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ နိုင်ငံတွေမှာ ကုမ္ပဏီအနည်းငယ်ကနေ လက်ဝါးကြီးအုပ်တာမျိုးနဲ့ ချမ်းသာကြွယ်ဝမှု ကွာဟချက် ပြဿနာတွေကို မလွဲမသွေ ကြုံတွေ့ရလေ့ရှိပါတယ်။
ကိုရီးယားက ဂုဏ်ယူဝင့်ကြွားနေရတဲ့ မော်တော်ကားနဲ့ Semiconductor လိုမျိုး အဓိက စက်မှုလုပ်ငန်းတွေနဲ့ အဆင့်မြင့် ကဏ္ဍတွေဟာလည်း အတိတ်တုန်းက ဆံပင်တုစက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေ ရှာဖွေပေးခဲ့တဲ့ နိုင်ငံခြားငွေတွေအပေါ် အခြေခံပြီး ဖြစ်တည်လာခဲ့တာပါ။
ဒါပေမဲ့ တကယ်လို့ အခြေခံ လိုအပ်ချက်တွေကို အဲဒီနိုင်ငံဆီ အလကား ပေးလိုက်မယ်ဆိုရင် ဘာဖြစ်မလဲ။
လွဲမှားစွာ လုပ်ဆောင်မိရင် အဲဒီနိုင်ငံရဲ့ စက်မှုလုပ်ငန်း တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါမှာ အဲဒီနိုင်ငံက အကူအညီတွေကိုပဲ မှီခိုနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ဘဝကနေ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး။
“စေတနာနဲ့ ခင်းထားတဲ့ လမ်းက ငရဲပြည်ကို ဦးတည်သွားနိုင်သလို အဲဒီရဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တာပဲ”
စေတနာကောင်းက မကောင်းတဲ့ ရလဒ်တွေကို ဖြစ်စေနိုင်သလို စေတနာဆိုးကလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ထွက်ပေါ်စေနိုင်ပါတယ်။
အထူးသဖြင့် သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေက ဝင်ရောက် စွက်ဖက်နိုင်သလို နိုင်ငံရေးသမားတွေနဲ့ အရာရှိတွေက ရန်ပုံငွေတွေကို မကြာခဏ အလွဲသုံးစား လုပ်တတ်ကြပါတယ်။
“ဒါကြောင့်မလို့ လတ်တလော ကာလတွေမှာ လှူဒါန်းတဲ့ နည်းလမ်းတွေက အများကြီး ပြောင်းလဲသွားပြီ။ ပိုက်ဆံချည်းပဲ ပေးမယ့်အစား လမ်းတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေလိုမျိုး လူမှုအခြေခံ အဆောက်အဦးတွေကို တည်ဆောက်ပေးတာ၊ နည်းပညာ လွှဲပြောင်းပေးတာ ဒါမှမဟုတ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာမျိုး လုပ်ဆောင်လာကြတယ်”
အယ်လီ က အံ့ဩသွားတဲ့ အမူအရာနဲ့ ပြန်ပြောတယ်။
“လှူဒါန်းရတာကလည်း မလွယ်ပါလားနော်”
ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့နိုင်ငံက ချေဘော (ခရိုနီမိသားစု) ကြီးတွေကတော့ ဒီကိစ္စကို စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ပိုင်ဆိုင်မှုအားလုံးကို သူတို့ရဲ့ သားသမီးတွေဆီပဲ လက်လွှဲပေးကြလို့လေ။
ကျွန်တော့်စကားကို ကြားတော့ တက်ဂယူ က တစ်ချက် ဝင်ပြောလာတယ်။
“အဲဒီအစား သူတို့က အမွေဆက်ခံခွန်ကို ဘယ်လို ရှောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပဲ စဉ်းစားနေကြတာ မဟုတ်ဘူးလား”
ထမင်းစားပြီးတဲ့နောက် ကျွန်တော် ဒုတိယထပ်က စာကြည့်ခန်းထဲမှာ ဝါရင် ဘတ်ဖတ်နဲ့ သီးသန့် စကားပြောဖြစ်ခဲ့တယ်။
“ကျွန်တော် OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ဝင်စားနေတာ ကြာပြီ။ ဒီလောက်အထိ အစွန်းရောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
Go player တိုင်းမှာ ကိုယ်ပိုင် ကစားဟန် ရှိကြသလိုပဲ ရင်းနှီးမြှုပ်နှံသူတွေမှာလည်း ကိုယ်ပိုင် နည်းလမ်းတွေ ရှိကြတယ်။ ရလဒ်အနေနဲ့ ရင်းနှီးမြှုပ်နှံမယ့် ပန်းတိုင်၊ ကြာချိန်နဲ့ နည်းလမ်းတွေက ကွဲပြားသွားတာပေါ့။
ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အတက်နဲ့ အကျ (Short positions နှင့် Long positions) နှစ်ခုကြားထဲမှာပဲ လှုပ်ရှားခဲ့တာပါ။ ဒါက နတ်မျက်စိရဲ့ ကြိုတင်မြင်နိုင်စွမ်းကြောင့် လှုပ်ရှားခဲ့တာ ဖြစ်ပေမဲ့ တခြားလူတွေရဲ့ အမြင်မှာတော့ ဘာကြောင့် ဒီလိုမျိုး ရင်းနှီးမြှုပ်နှံနေလဲဆိုတာက စူးစမ်းချင်စရာ ဖြစ်နေမှာပါပဲ။
“ရိုးရိုးသားသား ပြောရရင် ဒါက ရေရှည် ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ”
ကျွန်တော် ပြုံးလိုက်တယ်။ ပြီးခဲ့တဲ့ အချိန်အနည်းငယ်က ချေ့ ဆောက်ဝဲ နဲ့ တွေ့တုန်းကလည်း အလားတူ စကားမျိုး ကြားခဲ့ရဖူးတာပဲ။
ဝါရင် ဘတ်ဖတ် ဟာ မီဒီယာတွေဆီကနေ OTK ကုမ္ပဏီနဲ့ ကျွန်တော့်အကြောင်း မေးခွန်းတွေ အများကြီး မေးမြန်းခံခဲ့ရဖူးပြီး အဲဒီအချိန်တိုင်းမှာ သူက အနုတ်လက္ခဏာဆောင်တဲ့ အမြင်နဲ့ပဲ အများဆုံး ပြန်ဖြေခဲ့တာပါ။
သူက ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းက ပြင်းထန်လွန်းပြီး မဆင်မခြင် လုပ်ဆောင်တာ ဖြစ်တဲ့အတွက် သေးငယ်တဲ့ အပြောင်းအလဲတွေနဲ့ သေးငယ်တဲ့ အမှားတွေကြောင့် ပျက်စီးသွားနိုင်တယ်လို့ ယုံကြည်ခဲ့တာလေ။
“အဲဒီအတွေးက Brexit ဖြစ်ပြီးတဲ့နောက်ပိုင်းအထိ ရှိနေခဲ့တာ။ ဒါပေမဲ့ လတ်တလောမှာတော့ ကျွန်တော့်ရဲ့ အမြင် ပြောင်းလဲသွားပြီ”
“ဘာကြောင့်လဲခင်ဗျာ”
“စွန့်စားရမှုဆိုတာ ကိုယ်ဘာလုပ်နေလဲဆိုတာကို မသိတာကနေ လာတာပါ။ တကယ်လို့ စီအီးအို ကန်အနေနဲ့ ကိုယ်ဘာလုပ်နေလဲဆိုတာကို အတိအကျသိပြီး လုပ်ဆောင်ခဲ့တာဆိုရင် ဒါက စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အဲဒီလိုမျိုး လိုက်လုပ်ခိုင်းရင်တော့ ကျွန်တော် လုံးဝ မလုပ်နိုင်ဘူး”
ကျွန်တော် အတင်း ပြုံးလိုက်ရတယ်။
တကယ်လို့ ကျွန်တော့်မှာ ကြိုတင်မြင်နိုင်စွမ်းသာ မရှိခဲ့ရင် ဒီလိုနည်းလမ်းမျိုးနဲ့ ချဉ်းကပ်နိုင်မှာ မဟုတ်ဘူးလေ။
ရင်းနှီးမြှုပ်နှံမှုက အမြဲတမ်း အောင်မြင်မှုကို အာမမခံနိုင်ပါဘူး။ စမ်းသပ်မှုတွေနဲ့ ကျရှုံးမှုတွေကတော့ မလွဲမသွေ ရှိနေမှာပါပဲ။
မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က တစ်ခဏချင်းအတွင်းမှာ အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ အလားအလာလည်း ရှိနေတာပါ။
အပေါ်ယံကြည့်ရင်တော့ စွဲမက်စရာကောင်းပြီး အထင်ကြီးစရာ ကောင်းနေပေမဲ့ ခြေလှမ်းတစ်ချက် မှားတာနဲ့ ပေတစ်ထောင် အနက်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားနိုင်ပါတယ်။ ဒါကြောင့်မလို့ လက်ရှိမှာတော့ Hedge fund တွေတောင်မှ ဒီလို ရင်းနှီးမြှုပ်နှံမှု ပုံစံမျိုးကို ရှောင်ကြဉ်ကြတာပါ။
“ကျွန်တော် စီအီးအို ကန်ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်”
“ဘာလဲခင်ဗျာ”
ဝါရင် ဘတ်ဖတ် က ကျွန်တော့်ကို ကြည့်ပြီး မေးလာတယ်။
“ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာလဲလို့ ထင်လဲ”
ကျွန်တော် စိတ်ထဲ ရောက်လာတဲ့ အတွေးအတိုင်းပဲ ပြန်ဖြေလိုက်တယ်။
“ပိုက်ဆံရှာဖို့အတွက်ပါပဲ”
“ခင်ဗျားမှာ ပိုက်ဆံတွေ အလုံအလောက် ရှိနေပြီပဲကို ဘာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုကို ဆက်ပြီး လုပ်နေတာလဲ”
ကျွန်တော် ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။
အစတုန်းကတော့ တက်ဂယူ ရဲ့ အကြံပြုချက်ကြောင့် ဘာအတွေးမှ မရှိဘဲ စတင်ခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ခဲ့တာပါ။
ကျွန်တော့်မှာ ပိုက်ဆံရှာဖို့ အခွင့်အရေး ရခဲ့ပြီး အဲဒါကို ဆက်တိုက် ဆုပ်ကိုင်ထားခဲ့တယ်။ အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေက အဆုံးမရှိ တိုးပွားလာခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ လွှမ်းမိုးနိုင်တဲ့ အဆင့်အထိ ဖြစ်လာခဲ့တယ်။
ကျွန်တော့်မှာ တစ်သက်လုံး သုံးလို့မကုန်နိုင်တဲ့ ပိုက်ဆံတွေ အလုံအလောက် ရရှိထားပြီးပါပြီ။
ဒါဆိုရင် ဘာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုကို ဆက်လုပ်နေရတာလဲ။
အကြီးမားဆုံး အကြောင်းရင်းကတော့ အွန်ဆောင်း မော်တာ နဲ့ ရှိခဲ့တဲ့ မကောင်းတဲ့ ဆက်ဆံရေးကြောင့် ဖြစ်နိုင်တယ်။ သူတို့ကြောင့် ကျွန်တော့်အိမ်ထောင်စု ပျက်စီးခဲ့ရသလို အဖေလည်း ကွယ်လွန်ခဲ့ရတာပါ။
တစ်ချိန်တုန်းကတော့ အဲဒီအကြောင်းကို မေ့မေ့ပျောက်ပျောက် နေခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့ကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား ရှိလာပြီလို့ ခံစားရတယ်။ ဖြစ်နိုင်ရင် အွန်ဆောင်း မော်တာ ကိုပါ ဖြိုချပစ်နိုင်စွမ်း ရှိနေပါပြီ။
ကျွန်တော့်မှာ စည်းစိမ်ဥစ္စာနဲ့ ကျော်ကြားမှုတွေအပေါ် ပိုပြီး လိုချင်တဲ့ ဆန္ဒ မရှိဘူးလို့တော့ မပြောလိုပါဘူး။
အခုဆိုရင် ကျွန်တော့်ရဲ့ စကားတစ်ခွန်းချင်းစီတိုင်းက မီဒီယာတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးလောကရဲ့ အာရုံစိုက်မှုကို ခံနေရသလို ဆယ်လီတွေကလည်း ကျွန်တော်နဲ့ တွေ့ချင်နေကြတာပါ။ တကယ်လို့ ကျွန်တော် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် ဝါရင် ဘတ်ဖတ်နဲ့ ကျွန်တော့်အိမ်မှာ နေ့လယ်စာ အတူစားနေရမယ့် အခွင့်အရေး ရှိလာမှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ရင် ပီတာ လင့်ချ်၊ ဘင်ဂျမင် ဂရေဟမ်၊ ဂျွန် တန်ပယ်လ်တန်၊ ဂျော့ရှ် ဆိုရော့စ်၊ ဂျင်ရော်ဂျာ၊ ကားလ် အိုင်ကန် နဲ့ ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ ဝါရင် ဘတ်ဖတ် တို့လိုမျိုး ကြီးမြတ်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အဖြစ် သမိုင်းမှာ နာမည်ချန်ထားခဲ့နိုင်တာပေါ့။
ဒါပေမဲ့…
ဒါက တကယ်ပဲ အရာအားလုံးလား။
ကျွန်တော် ဝါရင် ဘတ်ဖတ် ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။
ချမ်းသာတဲ့ လူအများစုက ကောင်းမွန်တဲ့ အိမ်ကြီးတွေမှာ နေထိုင်ကြပြီး ဇိမ်ခံကားတွေ စီးကာ ဒီဇိုင်နာ အဝတ်အစားတွေကို ဝတ်ဆင်ကြတယ်။ ဒါပေမဲ့ သူကတော့ ဒေါ်လာ သုံးသောင်းတန် (အခုဆိုရင် ဒေါ်လာ ငါးသိန်းလောက်ပဲ တန်တဲ့) အိမ်လေးထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သလို ကားတစ်စီးထဲကိုပဲ ဆယ်နှစ်ကျော်ကြာ မောင်းနှင်နေခဲ့တာပါ။ သူ့ရဲ့ အဝတ်အစားတွေကလည်း တကယ့်ကို သမရိုးကျပါပဲ။
သူ့ရဲ့ အသွင်အပြင်ကို ကြည့်ရင် ဘယ်သူမှ သူ့ကို သူဌေးကြီးလို့ တွေးမိမှာ မဟုတ်ဘူး။
သူ့အတွက် ပိုက်ဆံဆိုတာ ဘာကို ဆိုလိုတာလဲ။
“ဥက္ကဌကြီးကော အဖြေကို သိလား”
သူက ငြင်သာစွာ ပြုံးပြတယ်။
“ဒါပေါ့။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို မပြောပြနိုင်ဘူး။ ဒါက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖြေ ဖြစ်လို့ပဲ။ စီအီးအိုကန်အနေနဲ့ ကိုယ်ပိုင် အဖြေကို ကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်”
ကျွန်တော်တို့အားလုံး OTK ကုမ္ပဏီဆီကို ဦးတည်လိုက်ကြတယ်။
ကုမ္ပဏီ ခန်းမကြီးထဲမှာ စုဝေးနေကြတဲ့ ဝန်ထမ်းတွေက ဝါရင် ဘတ်ဖတ် ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ဝန်ထမ်းတစ်ယောက်ဆိုရင် ဆိုင်းဘုတ်တောင် ကိုင်ထားသေးတယ်။
အဲ့ဒီဝန်ထမ်းဘယ်သူလဲ ကြည့်လိုက်တော့ ပြန်ကြားရေးအဖွဲ့ရဲ့ အကြီးအကဲ ဂျောင်ကီဟုမ် ဖြစ်နေပါတယ်။
ဝါရင် က ဝန်ထမ်း အယောက် ၅၀ ကျော်လုံးကို တစ်ယောက်ချင်းစီ လိုက်လံ နှုတ်ဆက်ခဲ့တယ်။ အဲဒီနောက် မိနစ် ၂၀ လောက် ကြာတဲ့ ဟောပြောပွဲတိုလေးတစ်ခု လုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုထက် သူ့ရဲ့ ဘဝအတွေ့အကြုံတွေကို ပိုပြီး အာရုံစိုက် ပြောကြားသွားခဲ့တယ်။ ဝန်ထမ်းတွေအနေနဲ့ ဝါရင် ဘတ်ဖတ် ကို တိုက်ရိုက် မေးခွန်းတွေ မေးမြန်းပြီး အဖြေတွေကို နားထောင်နိုင်မယ့် အမေးအဖြေ ကဏ္ဍလည်း ပါဝင်ခဲ့သေးတယ်။ ပြီးတဲ့နောက်မှာတော့ ဝါရင် က ဝန်ထမ်းတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီး အမှတ်တရ လက်မှတ်တွေ ရေးထိုးပေးခဲ့တယ်။
သူက မနက်ဖြန် မနက်မှာ ဥက္ကဋ္ဌ လင်ဂျင်ယုံ နဲ့ တွေ့ဆုံဖို့ ရှိပြီး အဲဒီနောက်မှာတော့ အပန်းဖြေဖို့အတွက် ဘာလီကျွန်းကို ဦးတည်သွားမှာပါ။ သူ့ရဲ့ ဇနီးဖြစ်သူကတော့ ဘာလီကို အရင်ဆုံး ရောက်ရှိနေပြီလို့ သိရပါတယ်။
ကျွန်တော်တို့ နှုတ်ဆက် စကားတွေ ပြောဖြစ်ကြတယ်။
ဝါရင် က ကျွန်တော့်လက်ကို ကိုင်ပြီး ပြောလာတယ်။
“ဒီနေ့တော့ တကယ့်ကို ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ရပါတယ်။ Edens ဆီကို ဘယ်တော့လောက် လာလည်မလဲ။ Berkshire Hathaway က ဝန်ထမ်းတွေကလည်း စီအီးအို ကန်ဂျင်ဟူ နဲ့ တွေ့ချင်နေကြတာ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်တယ်။
“ဥက္ကဋ္ဌကြီး ဖိတ်ခေါ်မယ်ဆိုရင် ကျွန်တော် အချိန်မရွေး လာခဲ့ပါ့မယ်”