အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
အခန်း (၃၂၁)
ဓာတ်ပုံရိုက်ကူးမှုကို GJ Media ပိုင်ဆိုင်တဲ့ ဆန်နမ်ဒေါင်း က စတူဒီယိုတစ်ခုမှာ ပြုလုပ်ခဲ့တယ်။ တာဝန်ခံဓာတ်ပုံဆရာကတော့ ဖက်ရှင်လောကမှာ နာမည်ကြားရုံနဲ့ သိကြတဲ့ ကျော်ကြားသူ ဂျန်အွန်ဟို ဖြစ်ပြီး၊ မိတ်ကပ်နဲ့ Stylistအဖွဲ့တွေကိုတော့ Vester ရုံးချုပ်ကနေ တိုက်ရိုက် စေလွှတ်ပေးခဲ့တာပါ။
အယ်လီက စတူဒီယိုဆီကို တစ်ယောက်ထဲ ရောက်ရှိလာပြီး နားနေခန်းထဲ ဝင်လိုက်တဲ့အခါ မိတ်ကပ်ပညာရှင်တွေနဲ့ ဆံပင်ပြင်ပေးသူတွေက သူ့အနားကို ချက်ချင်း ဝိုင်းအုံလာပြီး ကျွမ်းကျင်စွာ ပြင်ဆင်ပေးကြတော့တယ်။ မိတ်ကပ်ပညာရှင်က သူ့ကို ချီးမွမ်းလို့ မဆုံး ဖြစ်နေခဲ့တာပါ။
"အမလေး... တကယ့်ကို လှပလွန်းလိုက်တာ၊ အသားအရေကလည်း ကြည်လင်နေတာပဲ။ ဖောင်ဒေးရှင်းရယ်၊ နှုတ်ခမ်းနီရယ်၊ မျက်ခွံအရောင်တင်ဆီလေးတင် လိမ်းလိုက်ရင် ရပြီ”
"ကျေးဇူးတင်ပါတယ်"
ချီးမွမ်းနေပေမဲ့လည်း မိတ်ကပ်အပြည့်အစုံကိုတော့ ဆက်ပြီး လိမ်းပေးခဲ့ကြတာပါပဲ။ ပြင်ဆင်လို့ ပြီးသွားတဲ့အခါ အယ်လီက ဆံပင်နဲ့ မိတ်ကပ်တွေ မပျက်စီးအောင် သတိထားရင်း အဝတ်အစား တာဝန်ခံဝန်ထမ်းတွေရဲ့ အကူအညီနဲ့ အားကစားဝတ်စုံကို ဂရုတစိုက် လဲလှယ်ဝတ်ဆင်လိုက်တယ်။ အချိန်အတော်ကြာ ပြင်ဆင်ပြီး တဲ့နောက် နောက်ဆုံးမှာတော့ သူဟာ ကင်မရာရှေ့မှာ ရပ်လိုက်နိုင်ပါပြီ။
"ဒါကို ဓာတ်ပုံရိုက်နေတယ်လို့ သိပ်မတွေးပါနဲ့၊ သဘာဝကျကျလေးပဲ နေပေးပါ"
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ရုံနဲ့တင် တစ်ဖက်လူမှာ မော်ဒယ်ဖြစ်မယ့် ပါရမီ ပါမပါဆိုတာကို သိနိုင်ပါတယ်။ ထင်ထားတဲ့အတိုင်းပဲ သူ ကင်မရာခလုတ်ကို နှိပ်လိုက်တဲ့ အခိုက်အတန့်မှာတင် အဲဒီခံစားချက်ကို ရရှိလိုက်တာပါပဲ။ ဂျန်အွန်ဟိုက ကင်မရာခလုတ်ကို တရစပ် နှိပ်နေရင်း Vester ဝန်ထမ်းတွေကို လေသံတိုးတိုးနဲ့ မေးလိုက်တယ်။
"သူက တကယ်ပဲ ပရော်ဖက်ရှင်နယ် မော်ဒယ် မဟုတ်ဘဲ သာမန်လူပဲလား"
"ဟုတ်ပါတယ်။ ဒါ သူ့အတွက် ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်တာလို့ ပြောပါတယ်"
"ဒီလို ရုပ်ရည်မျိုးရှိတဲ့လူကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
"အလုပ်ကိစ္စနဲ့ မတော်တဆ ဆုံခဲ့တဲ့ ဖောက်သည်ကုမ္ပဏီတစ်ခုက ဝန်ထမ်းလို့ သိရပါတယ်။ Vesterရဲ့ ဥက္ကဌ ဟွမ်မင်းအာ ကိုယ်တိုင် သူ့ကို ကမ်းလှမ်းခဲ့တာပါ"
"ရုံးဝန်ထမ်း ဟုတ်လား။ သူက မော်ဒယ်အလုပ်ကို ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ဖို့ မတွေးဖူးဘူးတဲ့လား။ ဒီရုပ်ရည်နဲ့ တခြားအလုပ် လုပ်နေတာက နှမြောစရာကြီး"
အယ်လီဘက်က စိတ်နည်းနည်း ပေါ့ပါးသွားပုံရတာနဲ့ ရိုက်ကူးရေးကို ပုံစံအမျိုးမျိုး ပြောင်းပြီး အရှိန်မြှင့် လုပ်ဆောင်ကြတော့တယ်။
"ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ပုံစံမျိုး လုပ်ပေးပါ"
"အကြီးကြီး ပြုံးပေးပါ၊ အကြီးကြီး ပြုံးပါ"
"အို... ခုနက အမူအရာ တကယ့်ကို လန်းတယ်၊ အဲဒီအတိုင်းလေး နေပြီး လက်ကို အပေါ်ကို နည်းနည်းလေး ထပ်မြှောက်ပေးပါဦး"
ဖက်ရှင်မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေက ကြည့်လိုက်ရင် ဆွဲဆောင်မှုရှိပြီး ခန့်ညားထည်ဝါနေပေမဲ့ တကယ်တမ်း ရိုက်ကူးရေး ကွင်းပြင်ကတော့ ရှုပ်ထွေးပြီး အလျင်စလို ဖြစ်နေတာပါ။ ဓာတ်ပုံပေါင်း ရာနဲ့ချီ ရိုက်ရတဲ့အထဲကမှ အသုံးပြုလို့ရမယ့်ပုံက တစ်ပုံ၊ နှစ်ပုံလောက်ပဲ ထွက်လာတတ်တာမျိုးလေ။
အယ်လီက အားကစားဝတ်စုံ၊ ဘောင်းဘီအကြပ်၊ တီရှပ်၊ အပေါ်ထပ်အင်္ကျီ စတာတွေကို တရစပ် လဲလှယ်ဝတ်ဆင်ရင်း ကင်မရာရှေ့မှာ ဟန်အမူအရာပြပေးခဲ့ရတယ်။ ဝတ်စုံတွေနဲ့ လိုက်ဖက်အောင် မိတ်ကပ်နဲ့ ဆံပင်ပုံစံကိုလည်း ခဏခဏ ပြန်ပြီး ပြင်ဆင်ပေးခဲ့ကြရတာပါ။ စာချုပ်ထဲမှာ ပါတဲ့အတိုင်းပဲ ဝတ်စုံတွေက အလွန်အကျွံ ပေါ်လွင်တာမျိုး မမဟုတ်ဘဲ အားကစားဝတ်စုံနဲ့ လိုက်ဖက်တဲ့ လှုပ်လှုပ်ရှားရှား ပို့စ်တွေကိုပဲ အဓိက ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။
ကင်မရာ မီးရောင်တွေ တဖျတ်ဖျတ် လက်နေတဲ့ကြားထဲမှာ အမူအရာတွေနဲ့ ပို့စ်တွေကို ထိန်းထားရတာက ထင်ထားတာထက် ပိုပြီး ပင်ပန်းပါတယ်။ ဒါတင်မကသေးဘဲ အသားအရေပေါ်ကို တည့်တည့်ကျနေတဲ့ မီးဆလိုက်တွေရဲ့ အပူရှိန်ကလည်း တကယ့်ကို ပြင်းထန်လွန်းတာပါ။ သူ့ကိုယ်သူ ကြံ့ခိုင်မှု ကောင်းတယ်လို့ ထင်ထားခဲ့ပေမဲ့ နာရီပေါင်းများစွာ ရိုက်ကူးပြီးတဲ့နောက်မှာတော့ အားအင်တွေ လုံးဝ ကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ အစားကိုလည်း ခဏခဏ ဖြတ်ထားခဲ့ရတာမလို့ ဗိုက်လည်း တော်တော်လေး ဆာနေခဲ့ပါပြီ။
'မော်ဒယ်အလုပ်က တကယ်ပဲ လူတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူးပဲ' လို့ အယ်လီ တွေးလိုက်မိတယ်။
Golden Gateရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်စိတ်နဲ့ လှပတဲ့ ဓာတ်ပုံတွေ ထွက်လာချင်တဲ့ စိတ်ကြောင့်သာ အယ်လီက ဒီရိုက်ကူးရေးမှာ သူ့ရဲ့ စွမ်းဆောင်ရည် အပြည့်အဝကို ထုတ်သုံးခဲ့တာပါ။ မနက်အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ရိုက်ကူးရေးက ညနေမရောက်ခင်မှာပဲ ပြီးဆုံးသွားခဲ့တယ်။ ဒါပေမဲ့ လုံးဝကြီး ပြီးသွားတာတော့ မဟုတ်သေးဘဲ ပြန်ပြီး ရိုက်ရမယ့်ပုံတွေ ရှိမရှိ ဆုံးဖြတ်ဖို့အတွက် ဓာတ်ပုံတွေကို အရင်ဆုံး စစ်ဆေးဖို့ လုပ်ဆောင်ကြတာပါ။
အယ်လီက အားကစားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး စောင့်ဆိုင်းနေခဲ့တယ်။ ထမင်းစားမယ့်အစား ပြင်ဆင်ပေးထားတဲ့ ဖျော်ရည်ကို သောက်ရင်း ကန်ဂျင်ဟူ ဆီကို စာပို့လိုက်တယ်။
[ပြီးခါနီးနေပြီ ထင်တယ်။ ဗိုက် အရမ်းဆာနေပြီ။ မြန်မြန်လာပြီး တစ်ခုခု သွားစားရအောင်]
ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေဖြစ်တဲ့ ချေဘောတွေက များသောအားဖြင့် ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကနေတစ်ဆင့် ကြီးထွားလာကြတာပါ။ ဒါပေမဲ့ GJ အုပ်စုကတော့ ထူးထူးခြားခြား ဖြန့်ဖြူးရေး၊ ဝန်ဆောင်မှုနဲ့ မီဒီယာလုပ်ငန်းတွေကနေတစ်ဆင့် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မီဒီယာနဲ့ ဖျော်ဖြေရေးလောကမှာတော့ သူတို့က ပြိုင်ဘက်ကင်းတဲ့ နေရာတစ်ခုကို ရယူထားတာပါ။ ရုပ်သံလိုင်း ၁၃ ခုကို ပိုင်ဆိုင်ထားရုံတင်မကဘဲ လက်အောက်ခံ ကုမ္ပဏီတွေကလည်း ရေတွက်လို့ မရနိုင်အောင် များပြားပါတယ်။ ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေပွဲနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကို ပိုင်ဆိုင်ထားပြီး အဲဒါတွေကို အသုံးချကာ အာရှတစ်ဝန်းမှာ အကြီးစား ဖျော်ဖြေပွဲတွေနဲ့ ဆုပေးပွဲတွေကို နှစ်စဉ် ကျင်းပပေးနေတာပါ။
ယူဂျင်ဝုကတော့ ဒီ GJ Media ရဲ့ ဖျော်ဖြေရေးအစီအစဉ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။
ဒီနိုင်ငံငယ်လေးထဲမှာ တီဗီပေါ် တက်ချင်လွန်းလို့ အခွင့်အရေးကို အသည်းအသန် စောင့်ဆိုင်းနေကြတဲ့သူတွေက အစီအရီ ရှိနေကြတာပါ။ ဖျော်ဖြေရေးအစီအစဉ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ရာထူးက သူ အလိုရှိတဲ့သူကိုမဆို ပါဝင်ခွင့်ပေးနိုင်တဲ့ အာဏာ ရှိပါတယ်။ ပြီးတော့ သူက အဲဒီအာဏာကို ဘယ်လို အသုံးချရမလဲဆိုတာကိုလည်း ဘယ်သူ့ထက်မဆို ပိုပြီး သိထားတာပေါ့။
ပိတ်ရက် ဖြစ်နေပေမဲ့လည်း ယူဂျင်ဝုက သတ်မှတ်ထားတဲ့ အလုပ်ကိစ္စတစ်ခုကြောင့် စတူဒီယိုဆီကို လာခဲ့တယ်။ သူက အလုပ်တွေကို လွှဲအပ်ပြီးနောက် စတူဒီယို ပတ်ပတ်လည်ကို အေးအေးဆေးဆေး လျှောက်ကြည့်နေခဲ့တယ်။ လမ်းလျှောက်နေ တုန်းမှာပဲ စတူဒီယို နားနေခန်းဘက်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို လှမ်းပြီး မြင်လိုက်ရတယ်။
"ဝိုး... ဘယ်သူလဲဟ"
သူ့ဘဝမှာ အမျိုးသမီး အများကြီးနဲ့ ဆုံဖူးခဲ့သလို နိုင်ငံခြားမှာ ကျောင်းတက်နေစဉ် တုန်းကလည်း နိုင်ငံခြားသူ အတော်များများနဲ့ ပတ်သက်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာလည်း ရည်းစား အများကြီး ထားထားတာပဲ။ အရုပ်လိုမျိုး လှပတဲ့ မိန်းမလှလေးတွေကတော့ ဖျော်ဖြေရေးလောကနဲ့ အေဂျင်စီတွေထဲမှာ ပုံလို့နေတာပါပဲ။ ဒါပေမဲ့ သူ့ရှေ့မှာ ရှိနေတဲ့ အမျိုးသမီးကတော့ အဲဒီလူတွေနဲ့ မတူဘဲ တစ်မျိုး ကွဲပြားနေခဲ့တယ်။
လှပရုံတင်မကဘဲ တက်ကြွတဲ့ စွမ်းအင်တွေ၊ ထက်မြက်မှုတွေနဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေကပါ လျှံထွက်နေတာပါ။ ထိပ်တန်းစတားတွေမှာပဲ ရှိတတ်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဆွဲဆောင်မှုမျိုးကို သူက ပိုင်ဆိုင်ထားတာလေ။ သူ အမိန့်ပေးလိုက်တာနဲ့ သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာတဲ့ မန်နေဂျာ ဂျောင်ဝူယောင်းက ထုံးစံအတိုင်း အဲဒီအမျိုးသမီးအကြောင်းကို ချက်ချင်း သွားပြီး စုံစမ်းတော့တယ်။
"သူက Vesterရဲ့ ကြော်ငြာမော်ဒယ်ပါ၊ ဒီနေ့ ဓာတ်ပုံလာရိုက်တာလို့ သိရပါတယ်"
"သူ့မှာ အေဂျင်စီ ရှိလား"
"မရှိဘူးလို့ ထင်ရပါတယ်"
အဲဒီစကားကို ကြားတော့ ယူဂျင်ဝုက ဒါက တကယ့်ကို အပိုင်ပဲလို့ တွေးရင်း ပြုံးလိုက်မိတယ်။
"တကယ်လား။ ဒါဆိုရင်တော့ သူ့ကို အခွင့်အရေးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးရမှာပေါ့"
အေဂျင်စီအကြီးစားတွေက သူတို့ရဲ့ အနုပညာရှင်တွေကို တင်းကြပ်စွာ စီမံခန့်ခွဲတတ်တာကြောင့် နောက်ပိုင်းမှာ ပြဿနာတွေ ရှုပ်ထွေးတတ်ပါတယ်။ ဒါပေမဲ့ အေဂျင်စီအသေးစားတွေ ဒါမှမဟုတ် အေဂျင်စီမရှိတဲ့ တစ်ဦးထဲသမားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုတော့ အလွယ်တကူ ဖုံးကွယ်ပစ်လို့ ရတာလေ။ သူက ထိုင်ပြီး နားနေတဲ့ နိုင်ငံခြားသူ မော်ဒယ်နားကို ပေါ့ပေါ့ပါးပါး ကပ်သွားလိုက်တယ်။
"မင်္ဂလာပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"
အယ်လီက သူ့ကို မော့ကြည့်လိုက်တယ်။ လာနှုတ်ဆက်တဲ့သူက အသက် ၃၀ အစောပိုင်းလောက် ရှိပုံရပြီး အရပ်ရှည်ကာ ရုပ်ရည်လည်း အတော်အတန် ချောမောပါတယ်။ ဆံပင်ပုံစံက သပ်ရပ်နေပြီး ငွေရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားတာပါ။ သူ့ရဲ့ ဝတ်စုံ၊ ဖိနပ်နဲ့ နာရီတွေက အကုန်လုံး အဆင့်မြင့် တံဆိပ်တွေဆိုတာ တစ်ချက်ကြည့်ရုံနဲ့တင် သိသာနေပါတယ်။
"ဟုတ်ကဲ့၊ ဘာကိစ္စ ရှိလို့လဲ"
"စကားပြောဖို့ အချိန်ခဏလောက် ပေးလို့ရမလား"
သူက အဖြေကို တောင်မစောင့်ဘဲ ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။
"ရှင်က ဘယ်သူလဲ"
ယူဂျင်ဝုရဲ့ မျက်နှာက သိသိသာသာ ပြုံးသွားခဲ့တယ်။
"အာ... ကိုရီးယားစကား တတ်တာပဲ”
ကိုရီးယားစကား တတ်တာ ကောင်းတာပေါ့၊ ဒါဆို ကိစ္စတွေက ပိုပြီး လွယ်ကူသွားပြီလို့ သူ တွေးလိုက်မိတယ်။ သူက နိုင်ငံခြားမှာ ကျောင်းတက်ခဲ့ဖူးပေမဲ့ တကယ်တမ်း အင်္ဂလိပ်စာကတော့ သိပ်ပြီး မကျွမ်းကျင်လှဘူးလေ။
"နင်က ဖက်ရှင်မော်ဒယ်အဖြစ် ပရော်ဖက်ရှင်နယ် လုပ်နေတာလား"
"မဟုတ်ပါဘူး၊ ဒါ ကျွန်မအတွက် ပထမဆုံးအကြိမ် ရိုက်တာပါ"
"မျက်နှာသစ်ပေါ့။ အာ... ငါက လူဆိုးမဟုတ်ပါဘူး၊ ဒါ ငါ့ရဲ့ လိပ်စာကတ်ပါ"
သူက ဝတ်စုံအတွင်းအိတ်ထဲကနေ လိပ်စာကတ်ဗူးကို ထုတ်ပြီး လိပ်စာကတ်တစ်ခု ကမ်းပေးလိုက်တယ်။ အယ်လီက အဲဒါကို ယူပြီး ဖတ်ကြည့်လိုက်တယ်။ အဲဒီပေါ်မှာ 'ယူဂျင်ဝု' ဆိုတဲ့ နာမည်နဲ့အတူ [GJ Media ရဲ့ ဖျော်ဖြေရေးအစီအစဉ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်] ဆိုတဲ့ ရာထူးကို ရေးသားထားတာပါ။
"ဖျော်ဖြေရေးအစီအစဉ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဟုတ်လား"
"ဟုတ်ပါတယ်။ ငါက GJ Media ချန်နယ်တွေပေါ်က ဖျော်ဖြေရေးအစီအစဉ်အားလုံးကို ကြီးကြပ်နေတာပါ။ အဓိကကတော့ အစီအစဉ်တွေ ရေးဆွဲတာနဲ့ သရုပ်ဆောင် ရွေးချယ်တာတွေကို တာဝန်ယူထားတာပေါ့"
လက်တွေ့မှာတော့ တကယ့်တာဝန် သိပ်မရှိတဲ့ ဂုဏ်ထူးဆောင်ရာထူးမျိုး သက်သက်ပဲ ဖြစ်ပေမဲ့ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံနေရာလေးတွေ ဒါမှမဟုတ် ဧည့်သည်သရုပ်ဆောင်နေရာလေးတွေ စီစဉ်ပေးဖို့အတွက်ကတော့ အလွန်လွယ်ကူတဲ့ နေရာတစ်ခုတော့ ဖြစ်နေတာပါ။
"အံဩစရာပဲနော်။ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလို အရေးကြီးတဲ့ အလုပ်ကို တာဝန်ယူထားနိုင်တာပဲ"
"ဟားဟား... အမှန်တော့ ငါ့အဖေက GJ အုပ်စုရဲ့ ဥက္ကဌ ယူဗြောင်မွန်း လေ။ အဖေ ရှိနေလို့သာ ငါ ငယ်ငယ်ကတည်းက ဒီလုပ်ငန်းအကြောင်းတွေကို လေ့လာခွင့်ရခဲ့တာပါ"
အယ်လီက GJ အုပ်စုရဲ့ မိသားစုဝင်တွေအကြောင်းကို စိတ်ထဲကနေ ပြန်ပြီး စဉ်းစားလိုက်မိတယ်။ ဥက္ကဌ ယူဗြောင်မွန်းမှာ အသက်တော်တော်လေး ငယ်တဲ့ နောက်ထပ် သားတစ်ယောက် ရှိသေးတယ်လို့ ပြောကြတယ်။ အဲဒီလူ ဖြစ်ရမယ်။
"ဩော်... ဟုတ်ပြီ၊ ဒါဆို ဘာကိစ္စ ရှိလို့လဲ"
"ငါတို့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုအတွက် နိုင်ငံခြားသူတစ်ယောက်ကို လောလောဆယ် ရှာဖွေနေတာမလို့ နင့်ကို ပါဝင်ခွင့်ပေးချင်လို့ပါ။ 'Street Truck' ဆိုတဲ့ အစီအစဉ်ကို ကြားဖူးလား"
"ကြားဖူးပါတယ်"
Street Truck က သရုပ်ဆောင်တွေက နိုင်ငံခြားကို အစားအသောက်ထရပ်ကားနဲ့ သွားပြီး ဒေသခံတွေကို ကိုရီးယားအစားအစာတွေ ရောင်းချတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကြည့်ရတာ ရိုးရိုးလေးလို့ ထင်ရပေမဲ့ လူကြိုက်များမှုကတော့ အလွန် ပြင်းထန်လှတာပါ။ ပထမseasonက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီး ဒုတိယseasonအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။
"နင် မသိလောက်ပေမဲ့ 'Street Truck' က ပျမ်းမျှ ကြည့်ရှုနှုန်း ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြသထားတာ။ တကယ်လို့ နင်သာ အဲဒီမှာ ပါဝင်ခွင့်ရရင် တစ်နိုင်ငံလုံးက နင့်ကို သိသွားလိမ့်မယ်"
ဒုတိယseasonအတွက် ထုတ်လုပ်ရေး အစီအစဉ်ကို သတ်မှတ်ထားတာ မှန်ပေမဲ့ သူ ကိုယ်တိုင်တောင်မှ ပင်တိုင်သရုပ်ဆောင်နေရာကို စိတ်ကြိုက် ထည့်သွင်းပေးလို့ မရနိုင်ပါဘူး။ 'အဆင်ပြေပြေ မပြေပြေ အရေးမကြီးဘူး၊ တကယ်လို့ အဆင်မပြေရင် တခြားအစီအစဉ်တစ်ခုခုမှာ ဧည့်သည်အဖြစ် ထည့်ပေးလိုက်ရင် ရတာပဲ' လို့ သူ တွေးထားတာပါ။
"အခုခေတ်မှာ မော်ဒယ်တွေကနေ ဖျော်ဖြေရေးလောကထဲကို ကူးပြောင်းလာကြတာ သဘာဝပဲလေ။ ပြီးတော့ နင်က ကိုရီးယားစကားကိုလည်း အရမ်း ကျွမ်းကျင်တာမလို့ အနုပညာလောကထဲ ရောက်လာရင် သေချာပေါက် အောင်မြင်မယ့် အနုပညာရှင်တစ်ယောက် ဖြစ်လာမှာပါ။ ဘယ်လိုသဘောရလဲ"
သူက စကားပြောရင်း အယ်လီ့အနားကို တဖြည်းဖြည်း တိုးကပ်လာခဲ့ပြီး လက်တစ်ဖက်ကို အယ်လီ့ရဲ့ ပေါင်ပေါ်ကို မသိမသာ တင်လိုက်ကာ တခြားလက်တစ်ဖက်နဲ့ ပုခုံးနဲ့ ကျောပြင်ကို ပွတ်သပ်လိုက်တယ်။ ဒီလောက်အထိဆိုရင်တော့ လုံးဝ အူတူတူ ဖြစ်မနေတဲ့လူတိုင်းက သူ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိနိုင်မှာ ဖြစ်ပါတယ်။
အယ်လီ့ရဲ့ အမူအရာက အေးခဲသွားခဲ့ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"တော်တော့... လက်တွေကို ဖယ်လိုက်၊ ငါ့ခန္ဓာကိုယ်ကို နောက်တစ်ခါ ထပ်ပြီး ထိရင်တော့ ငါ ငြိမ်ခံနေမှာ မဟုတ်ဘူး”
'မာနကြီးတာပဲ၊ ဒါမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ။ အလွယ်တကူ လက်ခံလိုက်ရင် ပျင်းစရာကြီး' လို့ ယူဂျင်ဝုက တွေးရင်း လူမိုက်ဆန်ဆန် ပြုံးလိုက်မိတယ်။
"ဟားဟား... ကောင်းတယ်၊ ဒီလို အမူအရာမျိုးက အမှန်တော့ ဖျော်ဖြေရေးအစီအစဉ်တွေမှာ ပိုပြီး အဆင်ပြေတာ၊ သိတယ်မလား ကြည့်ရှုသူတွေက မော်ဒယ်တွေကို ကြည့်တဲ့အခါ သူတို့ အာရုံအစိုက်ဆုံးက ခါးအလှပဲ ဖြစ်တာမလို့……"
သူက ပြောပြောဆိုဆိုနဲ့ အယ်လီ့ရဲ့ ခါးကို တမင်တကာ လှမ်းပြီး ဖက်လိုက်တော့တယ်။ နာမည်မရှိသေးတဲ့ မော်ဒယ်တစ်ယောက် ဒါမှမဟုတ် အနုပညာရှင် ဖြစ်ချင်နေတဲ့လူတစ်ယောက်အတွက်ဆိုရင် ဒါက ရွှေရောင်အခွင့်အရေးတစ်ခုပါပဲ။ သူ ငြင်းလို့မရနိုင်မယ့် အခွင့်အရေးကို ပေးထားတာ ဖြစ်တာကြောင့် သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်လို့ ယူဂျင်ဝုက သူ့အထင်နဲ့သူ တွေးထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒါက သူ့ရဲ့ အတွေးသက်သက်သာ ဖြစ်ခဲ့ရတာပေါ့။
အဲဒီအချက်မှာတင် သူ့မျက်စိရှေ့မှာ တစ်ခုခု ဖြတ်သွားခဲ့ပြီးနောက် မျက်နှာပေါ်မှာ စူးရှပြီး ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ ယူဂျင်ဝုက နှာခေါင်းကို အုပ်ရင်း အော်ဟစ်တော့တယ်။
"အား... ငါ့နှာခေါင်း... ငါ့နှာခေါင်း ရိုးကျိုးသွားပြီ ထင်တယ်!"
နှာခေါင်းပေါက် နှစ်ဖက်လုံးကနေ သွေးတွေ ပန်းထွက်လာခဲ့တာကြောင့် နောက်ကနေ ကြည့်နေတဲ့ မန်နေဂျာ ဂျောင်ဝူယောင်းက အပြေးအလွှား ရောက်လာပြီး သွေးတိတ်အောင် လုပ်ပေးဖို့ ကြိုးစားတော့တယ်။
"အဖွဲ့ခေါင်းဆောင်... အဆင်ပြေရဲ့လား "
"ချီးပဲ... ငါ့ပုံစံက အဆင်ပြေပုံ ပေါက်နေလို့လား။ အဲဒီရူးနေတဲ့ မိန်းမက ငါ့ကို ရိုက်လိုက်တာကွ"
"အဖွဲ့ခေါင်းဆောင်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး"
မန်နေဂျာ ဂျောင်ဝူယောင်းက ထိုးကြိတ်ဖို့အတွက် အဲဒီအမျိုးသမီးဆီကို ပြေးဝင်တော့မယ့် သူ့ကို အသည်းအသန် ဆွဲထားခဲ့ရတယ်။ ဒီရုန်းရင်းဆန်ခတ်မှုကြောင့် ရိုက်ကူးရေးအဖွဲ့၊ Vester ဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေပါ အပြေးအလွှား ရောက်ရှိလာကြတော့တယ်။ အထိနာသွားတာကြောင့် အသိတရား ပျောက်ဆုံးသွားသလိုမျိုး ယူဂျင်ဝုက ဆဲဆိုသံတွေနဲ့ စော်ကားတဲ့ စကားတွေကို တရစပ် အော်ဟစ်နေခဲ့တယ်။
"နင်က ငါ့ကို ဒီလိုမျိုး လုပ်ပြီး ဘာမှမဖြစ်ဘဲ လွတ်သွားမယ်လို့ တကယ် ထင်နေတာလား"
အယ်လီက လက်ပိုက်ထားရင်း မေးလိုက်တယ်။
"တကယ်လို့ လွတ်မသွားရင်ကော ဘာဖြစ်မှာလဲ"
ယူဂျင်ဝုက သွေးထွက်နေတဲ့ နှာခေါင်းကို ပုဝါနဲ့ အုပ်ထားရင်း ပတ်ပတ်လည်ကို စိုက်ကြည့်ကာ အော်လိုက်တယ်။
"နင် သေပြီသာမှတ်၊ ဒီလောကထဲကို ဘယ်တော့မှ ခြေချလို့ရမှာ မဟုတ်တော့ဘူး၊ သိရဲ့လား"
GJ Media ကို ဆန့်ကျင်မိတာက ဖျော်ဖြေရေးလောကထဲမှာတော့ ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူ့အတွက်ကတော့ ဒါက သူ့ရဲ့ အဓိက အလုပ်မဟုတ်သလို အပျင်းပြေလုပ်တဲ့အလုပ်တောင် မဟုတ်ပါဘူး။ အနုပညာလောကထဲမှာ ဘယ်တော့မှ အလုပ်မလုပ်ရရင်တောင် သူ့ရဲ့ စားဝတ်နေရေးက ဘာမှ ထိခိုက်မှာ မဟုတ်ဘူးလေ။
အယ်လီက ခေါင်းညိတ်လိုက်တယ်။
"ကောင်းတာပေါ့။ ငါလည်း ဒီလောကထဲကို ခြေချဖို့ စိတ်ကူး လုံးဝမရှိပါဘူး"
သူ့ရဲ့ ခြိမ်းခြောက်မှုက ဘာမှ သက်ရောက်မှု မရှိတာကြောင့် ယူဂျင်ဝုက ပိုပြီး ဒေါသထွက်သွားခဲ့တယ်။
"မင်းတို့ ငတုံးတွေက ဘာလို့ ဒီအတိုင်း ရပ်ကြည့်နေကြတာလဲ၊ ရဲကို ချက်ချင်း ဖုန်းဆက်လိုက်ကြတော့လေ"
မန်နေဂျာ ဂျောင်ဝူယောင်းကတော့ စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။ 'ရဲကို တိုင်လိုက်ရင် ကိစ္စက ပိုပြီး ကြီးထွားသွားလိမ့်မယ်' လို့ သူ တွေးလိုက်မိလို့ပါ။ တခြားလူတွေ တွေဝေနေစဉ်မှာပဲ အယ်လီက ဖုန်းကို ထုတ်လိုက်တယ်။
"အော်နေစရာ မလိုပါဘူး၊ ကျွန်မ ကိုယ်တိုင်ပဲ ဖုန်းဆက်လိုက်မယ်"
သူက 112 ဆီကို ချက်ချင်း ဖုန်းခေါ်ဆိုလိုက်တယ်။
"ဟယ်လို... ရဲစခန်းကလား ရှင့်၊ အခုတင်ပဲ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု တစ်ခု ဖြစ်ပွားခဲ့လို့ တိုင်ကြားချင်လို့ပါ"
ရဲတွေက ၁၅ မိနစ်အတွင်း ရောက်ရှိလာခဲ့ကြတယ်။ ယူဂျင်ဝုက ရောင်ကိုင်းနေတဲ့ နှာခေါင်းကို ကိုင်ထားရင်း ဆက်ပြီး အော်ဟစ်နေခဲ့သလို ဂျောင်ဝူယောင်းကလည်း အခြေအနေတွေကို ရှင်းပြနေခဲ့တယ်။ သူက ယူဂျင်ဝုက GJ အုပ်စုရဲ့ ဥက္ကဌ ယူဗြောင်မွန်းရဲ့ သားဖြစ်တယ်ဆိုတာကို ထည့်ပြောဖို့လည်း မမေ့ခဲ့ပါဘူး။ အဲဒီစကားကို ကြားတာနဲ့ ရဲတွေရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
"အဲ့စောက်ကောင်မက ငါ့ကို ရိုက်တာ၊ မင်းတို့ ဘာလုပ်နေတာလဲ။ တရားခံကို ချက်ချင်း မဖမ်းသေးဘူးလား"
တစ်ဖက်မှာက နိုင်ငံခြားသူ မော်ဒယ်၊ တခြားတစ်ဖက်မှာကတော့ အင်အားကြီး ကော်ပိုရေးရှင်းကြီးရဲ့ သားဖြစ်တာကြောင့် ဘယ်သူ့ဘက်က ရပ်တည်ပေးရမလဲဆိုတာက ရှင်းလင်းနေခဲ့တာပေါ့။ ရဲအရာရှိတွေက အယ်လီ့အနားကို ကပ်လာခဲ့ကြတယ်။
"ကိုယ်ထိလက်ရောက် ကျူးလွန်မှု သံသယနဲ့ ခင်ဗျားကို ဖမ်းဆီးရပါလိမ့်မယ်"
လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်တော့ သူ ထိတ်လန့်သွားနိုင်ပေမဲ့ ကိုရီးယားမှာ နှစ်အတော်ကြာ နေထိုင်ပြီးတဲ့နောက်မှာတော့ ဒီလို အခြေအနေမျိုးက သူ့အတွက် မဆန်းတော့ပါဘူး။ အယ်လီက မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် ပြန်ပြောလိုက်တယ်။
"ကျွန်မက ရှင်တို့ကို ဖုန်းဆက်ပြီး တိုင်ခဲ့တဲ့သူနော်"
"ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကို ငြင်းမလို့လား"
"ဒါက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခဲ့တာ သက်သက်ပဲ"
ယူဂျင်ဝုက ထပ်ပြီး အော်ပြန်တယ်။
"လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ဟုတ်လား။ ငါက ဒီစောက်ကောင်မအနားကို သွားပြီး စကားပြောခဲ့တာ သက်သက်ပဲလေ"
အယ်လီက မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီ ကင်မရာကို လှမ်းပြလိုက်တယ်။
"ဟိုမှာ ကင်မရာ ရှိတယ်၊ အဲဒီ မှတ်တမ်းကို စစ်ဆေးကြည့်လိုက်ရင် ရှင်းသွားလိမ့်မယ်"
မန်နေဂျာ ဂျောင်ဝူယောင်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
"လက်ရှိ စီစီတီဗီက ပြုပြင်ထိန်းသိမ်းမှု လုပ်နေတာမလို့ မှတ်တမ်းတင်ထားတာ မရှိပါဘူး"
'လုံခြုံရေးအဖွဲ့ဆီကို ချက်ချင်း ဖုန်းဆက်ပြီး အဲဒီမှတ်တမ်းကို ဖျက်ပစ်ဖို့ ပြောရမယ်' လို့ သူ စိတ်ထဲကနေ အမြန် တွေးလိုက်တာပါ။ ရဲအရာရှိက အယ်လီ့ကို ပြောတယ်။
"ထပ်ပြီး ပြောချင်တဲ့ စကားရှိရင် ရဲစခန်းကို လိုက်ခဲ့ပြီးမှ ပြောပါတော့"
"ရပါတယ်၊ ဒါပေမဲ့ ဘာလို့ ကျွန်မတစ်ယောက်ထဲကိုပဲ ဖမ်းတာလဲ။ အဲဒီလူကိုလည်း ဖမ်းရမှာ မဟုတ်ဘူးလား"
"ခင်ဗျားမှာ စော်ကားခံရတယ်ဆိုတဲ့ သက်သေ ရှိလို့လား။ မဟုတ်မမှန် စွပ်စွဲတာကလည်း ပြစ်မှုမြောက်တယ်ဆိုတာကို သတိပြုပါ"
"ဆန်းတော့ ဆန်းနေပြီ။ နစ်နာသူက ရာဇဝတ်မှုကို တိုင်ကြားနေတာကို ဘာလို့ မဟုတ်မမှန် စွပ်စွဲချက်အကြောင်း ပြောနေရတာလဲ။ ရဲဆိုတာ တရားမျှတစွာ စုံစမ်းစစ်ဆေးရမှာ မဟုတ်ဘူးလား"
"ဒီလူကြီးမင်းမှာတော့ ထင်ရှားတဲ့ ဒဏ်ရာ ရှိနေသလို သက်သေလည်း ရှိတယ်လေ"
"အဲဒီသက်သေက သူ့ရဲ့ ဝန်ထမ်းလေ"
"ခင်ဗျား ဆက်ပြီး ငြင်းနေမယ်ဆိုရင်တော့ ကျွန်တော်တို့ လက်ထိပ်ခတ်ပြီး ဖမ်းရပါလိမ့်မယ်"
နောက်ထပ် ရဲအရာရှိတစ်ယောက်က ရှေ့ကို တိုးလာခဲ့တယ်။
"ခင်ဗျားက နိုင်ငံခြားသူမလား။ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးဖို့အတွက် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကို ပြပေးပါဦး"
အယ်လီက သူ့ရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကတ်နဲ့အတူ လိပ်စာကတ်တစ်ခုကို ထုတ်ပေးလိုက်တယ်။ အဲဒါကို ကြည့်ပြီး ရဲအရာရှိရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။
"ဟမ်... ရှေ့နေ ဟုတ်လား။ Golden Gate ကိုရီးယား ကလား”
ယူဂျင်ဝုက ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တယ်။
"ဘာ... သူက ရှေ့နေ ဟုတ်လား။ မဖြစ်နိုင်တာ"
သူက ရဲအရာရှိရဲ့ လက်ထဲက လိပ်စာကတ်ကို ဆွဲလုပြီး ကြည့်လိုက်တယ်။ အဲဒီပေါ်မှာ တကယ်ပဲ [Golden Gate၊ ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အဖွဲ့ခေါင်းဆောင်] လို့ ရှင်းလင်းစွာ ရေးသားထားတာပါ။
"ဒါ... ဒါက ဖြစ်နိုင်လို့လား……"
ဒီလို ရုပ်ရည်မျိုးရှိတဲ့လူက Golden Gateရဲ့ ရှေ့နေတစ်ယောက် ဟုတ်လား။ ကြည့်လိုက်ရင် မော်ဒယ်နဲ့ တူတူပဲလေ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ သူ ဇဝေဇဝါ ဖြစ်နေမိတယ်။
"မယုံဘူးဆိုရင် ကျွန်မရဲ့ရုံးခန်းဆီကို ဖုန်းဆက်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်"
လက်ထိပ်ခတ်ဖို့ ပြင်နေတဲ့ ရဲအရာရှိက တုံ့ဆိုင်းသွားခဲ့တယ်။ နိုင်ငံခြားသူ မော်ဒယ်တစ်ယောက်ကို ဖမ်းတာက ကိစ္စမရှိပေမဲ့ Golden Gateက ရှေ့နေတစ်ယောက်ဆိုရင်တော့ ဒါက လုံးဝ အခြေအနေ ကွဲပြားသွားပြီလေ။
အယ်လီက ရဲအရာရှိဘက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်။
"ဒါနဲ့ ကိုရီးယားက ရဲတွေက ဖမ်းဆီးတဲ့အခါ Miranda သတိပေးချက်ကို ဖတ်မပြကြဘူးလား"
"အာ... ဟုတ်ကဲ့၊ အဲဒါက... ခင်ဗျားမှာ ဆိတ်ဆိတ်နေပိုင်ခွင့် ရှိပါတယ်……"
"လုပ်ထုံးလုပ်နည်းတွေကို ကျွန်မ သိပြီးသားမလို့ ဖတ်ပြပြီးပြီလို့ပဲ သတ်မှတ်လိုက်ပါ။ အဲဒါထက် ပိုပြီး အရေးကြီးတာက ကျွန်မက အဲဒီလူကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုနဲ့ တရားဝင် တိုင်ကြားမှာ ဖြစ်လို့ သူ့ကို ကျူးလွန်သူအဖြစ် ဖမ်းဆီးပေးပါ။ ရှင်တို့ ကျွန်မတစ်ယောက်ထဲကိုပဲ ဖမ်းမှာတော့ မဟုတ်ဘူးမလား"
"နှစ်ယောက်လုံး စခန်းကို လိုက်ခဲ့ရမယ့်ပုံပဲ"
ရဲအရာရှိက အကြပ်ရိုက်စွာ ဆုံးဖြတ်ချက်ချလိုက်တယ်။
"ဘာပြောတယ်။ သူက ငါ့ကို ရိုက်တာလေ။ ဘာလို့ ငါက စခန်းကို လိုက်ရမှာလဲ”
ယူဂျင်ဝုက မကျေမနပ် အော်ပြောတယ်။
"အဲဒါကတော့... နစ်နာသူအနေနဲ့ ထွက်ဆိုချက် ပေးဖို့ လိုလို့ပါ..."
" ငါ ဘယ်သူလဲဆိုတာ မသိဘူးလား။ ငတုံးရဲ့"
အယ်လီက တည်ငြိမ်စွာနဲ့ ရဲကို လှမ်းမေးလိုက်တယ်။
"ဖုန်း ခဏလောက် ဆက်လို့ရမလား။ ဘာဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်ကို အကြောင်းကြားဖို့ လိုလို့ပါ"
"ဘယ်သူ့ဆီလဲ"
ရဲအရာရှိက မေးသည်။
"ကျွန်မချစ်သူဆီကိုပါ"
အခန်း (၃၂၂)
အယ်လီ ဖုန်းပြောနေတုန်းမှာလည်း ယူဂျင်ဝုက ဆက်ပြီး ဆဲဆိုအော်ဟစ်နေတုန်းပါပဲ။
"သူနဲ့ စကားပြောရုံပဲ ပြောခဲ့တာလို့ ငါ ပြောပြီးပြီလေ။ ဘာသက်သေမှ မရှိဘဲနဲ့ လူတစ်ယောက်ကို ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာစော်ကား နှောက်ယှက်တယ်လို့ ဘယ်လိုလုပ် စွပ်စွဲနိုင်ရတာလဲ"
အမှန်တော့ စီစီတီဗီဆိုတဲ့ သက်သေရှိပေမဲ့ GJ Mediaက စီစီတီဗီကို ရဲလက်အပ်မှာ မဟုတ်ဘူး။
အယ်လီက ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်။
"ရှင်ပြောတာ မှန်ပါတယ်။ သက်သေမရှိဘဲနဲ့တော့ တစ်ဖက်လူကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ပါတယ်ဆိုပြီး မစွပ်စွဲသင့်ဘူးပေါ့"
"အဲဒါ သိရင်လည်း..."
အယ်လီက စောနတင် ပြောလို့ပြီးသွားတဲ့ ဖုန်းကို မြှောက်ပြလိုက်တယ်။
"အဲဒါကြောင့်ပဲ စောစောက ရှင် ကျွန်မဘေးမှာ လာထိုင်ကတည်းက ကျွန်မ ဖုန်းထဲမှာ အသံဖမ်းထားတာ။ ဒီလောက်ဆိုရင် သက်သေအဖြစ် လုံလောက်ပြီမလား"
ယူဂျင်ဝု လန့်သွားပြီး ပြောလိုက်တယ်။
"ဘာ… ငါ့ကို အသံဖမ်းထားတယ် ဟုတ်လား။ ဒါ တရားမဝင် ချောင်းနားထောင်တာ မဟုတ်ဘူးလား"
"စကားပြောတဲ့သူကိုယ်တိုင်က အသံဖမ်းတာက တရားဝင်ပါတယ်"
အယ်လီက ဝတ်ထားတဲ့ ဇစ်ဆွဲဂျာကင်အင်္ကျီကို ချွတ်လိုက်တယ်။ အထဲမှာတော့ ကိုယ်ကြပ် bra topကို ဝတ်ထားတာမလို့ သူ့ရဲ့ အမိုက်စား ခါးလှလှလေးနဲ့ ဝမ်းဗိုက်သားတွေက ပေါ်လွင်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာတောင် ယူဂျင်ဝုရဲ့ မျက်လုံးတွေက အယ်လီ့ကိုယ်လုံးဆီကို ရောက်သွားသေးတယ်။
"ရှင်က ကျွန်မခန္ဓာကိုယ်ကို လုံးဝမထိခဲ့ဘူးလို့ ပြောနေတာဆိုတော့ တကယ်လို့ ဒီအင်္ကျီပေါ်မှာ ရှင့်လက်ဗွေတွေ ပါနေရင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ သက်သေပြနိုင်မှာပေါ့ ဟုတ်တယ်မလား"
အယ်လီက ဂျာကင်ကို အဝတ်အစား တာဝန်ခံဝန်ထမ်းဆီ ကမ်းပေးလိုက်တယ်။
"ဒါကို ပလတ်စတစ်နဲ့ သေချာထုတ်ပြီး ရဲစခန်းကို အပ်ပေးပါ"
"အာ... ဟုတ်ကဲ့၊ နားလည်ပါပြီ"
ဝန်ထမ်းက ယောင်တောင်တောင်နဲ့ပဲ တခြားလက်ဗွေတွေ ထပ်မထင်အောင် ဂျာကင်ကို သေချာကိုင်ပြီး ယူသွားလိုက်တယ်။
ဂျာကင်က ပိုလီစတာသားနဲ့ လုပ်ထားတာမလို့ လက်ဗွေကို တကယ်ပဲ ပြန်ဖော်လို့ရမလားဆိုတာ မသေချာပေမဲ့ ယူဂျင်ဝုကတော့ ပျာယာခတ်သွားပါပြီ။
အသံဖိုင်နဲ့ အင်္ကျီပေါ်က လက်ဗွေတွေသာ ပေါင်းလိုက်ရင် ခိုင်လုံတဲ့ ပတ်ဝန်းကျင် သက်သေတွေ ဖြစ်လာတော့မှာပါ။ ဒါပေမဲ့ ရဲတွေ ရှိနေတဲ့ရှေ့မှာ ဖုန်းနဲ့ ဂျာကင်ကို ဝင်လုဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေ။
ယူဂျင်ဝုက မန်နေဂျာ ဂျောင်ဝူးယောင်းကို လှမ်းကြည့်ပြီး တစ်ခုခုလုပ်ဖို့ မျက်ရိပ်ပြလိုက်တယ်။ ဂျောင်ဝူးယောင်းလည်း ခေါင်းထဲမှာ အသည်းအသန် စဉ်းစားရတော့တာပေါ့။
'ပြဿနာ ပိုမကြီးခင် ဒီမှာတင် ညှိနှိုင်းလိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် စခန်းမသွားခင် တစ်ခုခုလုပ်လို့ရမယ့် နည်းလမ်းကို ရှာရမယ်'
ကံကောင်းတာက ဘာလုပ်ရမလဲဆိုပြီး သိပ်ခေါင်းစားစရာ မလိုတော့ပါဘူး။
အယ်လီ ဖုန်းဆက်ခေါ်ထားတဲ့ ရည်းစားဖြစ်သူက ရောက်လာပြီလေ။
"ငါ ဒီမှာဟေ့။ အမြန်ဆုံး ရောက်လာတာပဲ"
"နင် အလုပ်ပြီးပြီဆိုတာ ကြားလို့ လာနေတာနဲ့ အတော်ပဲ ဖြစ်သွားတာ။ ဒါနဲ့ ဘာဖြစ်လို့လဲ။ ရဲတွေက ဘာလို့ ဒီရောက်နေတာလဲ"
ယူဂျင်ဝုက ခေါင်းလှည့်ကြည့်လိုက်တယ်။ နှာခေါင်းကို အုပ်ထားရင်း မျက်မှန်ချွတ်ထားတာမို့ သူ့ရဲ့အမြင်အာရုံတွေက ဝေဝါးနေတာပါ။ သူ မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တော့ အသက်နှစ်ဆယ် လောက်ရှိမယ့် ကိုရီးယားအမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူက နှာခေါင်းရှုံ့လိုက်ပြီး ရေရွတ်လိုက်တယ်။
"ဘာလဲဟ။ ဒီကောင်က သူ့ရည်းစားလား။ သူ့ရည်းစားကို တိုင်ပြောလိုက်တော့ရော ဘာထူးသွားမှာမလို့လဲ"
ဒါပေမဲ့ တခြားသူတွေရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်နေတာကို သတိထားမိလိုက်တယ်။
လူတိုင်းက မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေကြတာပါ။ ဘေးက မန်နေဂျာ ဂျောင်ဝူးယောင်းရော ရဲအရာရှိတွေပါ အပါအဝင်ပါပဲ။
"ဘာဖြစ်လို့လဲ။ မင်းတို့တွေ သူ့ကို သိကြလို့လား"
သူဟာ အဲ့ဒီလူ့မျက်နှာကို သေသေချာချာ အာရုံစိုက်ပြီး ကြည့်လိုက်တယ်။ နည်းနည်း ရင်းနှီးနေသလိုပဲ။ မဟုတ်ဘူး၊ တကယ်ကို ရင်းနှီးနေတာ။
တစ်နိုင်ငံလုံး... မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးကပါ ဒီလူ့မျက်နှာကို သိကြမှာသေချာတယ်။
သူ ဘယ်လောက်တောင် လန့်သွားလဲဆိုရင် နှာခေါင်းက တဆစ်ဆစ် ကိုက်ခဲနေတဲ့ နာကျင်မှုကိုတောင် ခဏလောက် မေ့သွားရတယ်။
'ဒါ တကယ် ဖြစ်နိုင်ပါ့မလား...'
လုံးဝ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ မျက်စိကို ဘယ်လောက်ပဲ ပွတ်ကြည့်ပွတ်ကြည့် အမှန်တရားက ပြောင်းလဲမသွားပါဘူး။
အဲဒီအချိန်မှာ သူ့ခေါင်းထဲကို အတွေးတစ်ခုပဲ ဝင်လာတော့တယ်။
'ငါတော့ လီးဖြစ်ပြီ'
GJအုပ်စုရဲ့ ဥက္ကဌ ယူဗြောင်မွန်းဟာ ငယ်စဉ်ဘဝတုန်းက မီဒီယာလောကထဲ ဝင်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒအတိုင်း KG Vision ဥက္ကဌရဲ့ သမီးနဲ့ လက်ထပ်ခဲ့တယ်။ ဒီလက်ထပ်ပွဲကြောင့် GJ Mediaနဲ့ KG Visionတို့ ပေါင်းစည်းခွင့်ရခဲ့ပြီး ဒီနေ့ခေတ်လို မီဒီယာလုပ်ငန်းစုကြီးအဖြစ် အားကောင်းမောင်းသန် ဖြစ်လာခဲ့တာပါ။
အုပ်စုရဲ့ ရှုထောင့်ကကြည့်ရင် အောင်မြင်တဲ့ လက်ထပ်ပွဲဖြစ်ပေမဲ့ ကိုယ်ရေးကိုယ်တာ အရတော့ မဟုတ်ခဲ့ပါဘူး။ အချစ်မပါတဲ့ အိမ်ထောင်ရေးက တာဝန်တစ်ခုသက်သက်သာ ဖြစ်ခဲ့ပြီး အဲဒီတာဝန်အရပဲ သားသုံးယောက် ရခဲ့တယ်။
အဲဒီနောက် အသက်လေးဆယ်ဝန်းကျင်မှာ ကုမ္ပဏီက အမျိုးသမီးဝန်ထမ်းတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒီလိုနဲ့ လျှို့ဝှက်ဘဝကို ဖြတ်သန်းရင်း သားတစ်ယောက် ရလာခဲ့ပြီး ဂျင်ဝုလို့ နာမည်ပေးခဲ့တယ်။
လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်က ဇနီးဖြစ်သူ ရောဂါနဲ့ ဆုံးပါးသွားပြီးနောက် ယူဗြောင်မွန်းက တိတ်တိတ်ပုန်းအမျိုးသမီးနဲ့ ပြန်လည်လက်ထပ်ခဲ့ပြီး ယူဂျင်ဝုကို မိသားစုဝင်အဖြစ် တရားဝင် စာရင်းသွင်းခဲ့တယ်။
သူက GJအုပ်စုကို အပြည့်အဝ ဆက်ခံပြီး စီးပွားရေးလောကမှာ နေရာခိုင်မာပြီးသားမလို့ ကြီးမားတဲ့ ပြဿနာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ သားကြီးသုံးယောက်ကတော့ မိထွေးအသစ်နဲ့ ဖအေတူမအေကွဲ ညီလေးကို အတော်လေး သံသယဝင်ပြီး စောင့်ကြည့်ခဲ့ကြတယ်။
ယူဗြောင်မွန်းက ယူဂျင်ဝုကို စီမံခန့်ခွဲခွင့် အာဏာတွေ လုံးဝပေးမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပြီးမှသာ သားတွေက ယူဂျင်ဝုနဲ့ မိထွေးကို မိသားစုအဖြစ် လက်ခံခဲ့ကြတာပါ။
ယူဗြောင်မွန်းအတွက်တော့ ယူဂျင်ဝုက အမြဲတမ်း စိတ်ပူရတဲ့ သားတစ်ယောက်ပါပဲ။ ငယ်စဉ်ကလေးဘဝတုန်းက တရားမဝင်သား ဖြစ်နေခဲ့တာကြောင့် သေသေချာချာ မပြုစုစောင့်ရှောက်နိုင်ခဲ့တဲ့ အတွက် အမြဲတမ်း အားနာစိတ် ရှိနေခဲ့တာပါ။
ဒါ့အပြင် တခြားသားသမီးတွေကိုတော့ ကုမ္ပဏီခွဲတစ်ခုစီ ခွဲပေးခဲ့ပေမဲ့ ယူဂျင်ဝုကိုတော့ ပိုင်ဆိုင်မှုတချို့ပဲ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် သူက ပိုပြီး အားနာမိတာမလို့ ဂျင်ဝု လိုချင်သမျှ အကုန်လုံးကို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။
အလုပ်တချို့ပြီးလို့ နားနေတုန်းမှာပဲ ကော်ပိုရိတ်မဟာဗျူဟာရုံးရဲ့ အကြီးအကဲ လီမြောင်ဟိုက ဝင်လာပြီး သတင်းပို့တယ်။
"အဖွဲ့ခေါင်းဆောင် ယူဂျင်ဝုက စတူဒီယိုမှာ မော်ဒယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခဲ့တယ်လို့ သိရပါတယ်"
လူတွေက များသောအားဖြင့် မထင်မှတ်ထားတဲ့ အခြေအနေမျိုးနဲ့ ကြုံရင် အံ့ဩတတ်ကြစမြဲပါ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို အကြိမ်ကြိမ် ကြုံဖူးနေတဲ့ ဥက္ကဌ ယူဗြောင်မွန်းကတော့ အံ့ဩမနေတော့ပါဘူး။
သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။
"ခဏလောက် ငြိမ်နေတယ် အောက်မေ့တာ၊ ပြဿနာ ထပ်ရှာပြန်ပြီ"
အင်အားကြီးတဲ့ လုပ်ငန်းစုကြီးရဲ့ ဥက္ကဌ ဖြစ်နေရင်တောင် သားသမီးတွေကိုတော့ ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင် လုပ်လို့မရပါဘူး။
"ရှေ့နေကင်ကို လွှတ်ပြီး သေချာဖြေရှင်းခိုင်းလိုက်"
"ပြဿနာ တစ်ခုရှိနေလို့ပါ"
"ဘာပြဿနာလဲ။ ဆိုရှယ်မီဒီယာပေါ် ရောက်သွားလို့လား"
ဒီနေ့ခေတ်မှာ ပြဿနာတစ်ခုခုဖြစ်ရင် ဆိုရှယ်မီဒီယာပေါ် ချက်ချင်း ပျံ့နှံ့သွားတတ်တာပါ။ သတင်းစာနယ်ဇင်းတွေကို ပိုက်ဆံနဲ့ ပိတ်လို့ရပေမဲ့ ပြည်ပ ဆိုရှယ်မီဒီယာ platformတွေကိုတော့ ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။
"အဲဒီအမျိုးသမီးက ကန်ဂျင်ဟူရဲ့ ရည်းစားလို့ သိရပါတယ်"
ဥက္ကဌ ယူဗြောင်မွန်းက နားမလည်နိုင်ဘဲ ပြန်မေးလိုက်တယ်။
"ကန်ဂျင်ဟူ ဟုတ်လား။ ငါသိတဲ့ ကန်ဂျင်ဟူတော့ မဟုတ်ပါဘူးနော်"
"ဟုတ်ပါတယ် ခင်ဗျာ။ OTK Company ရဲ့ စီအီးအို ကန်ဂျင်ဟူပါ"
"......"
ကန်ဂျင်ဟူ ဟုတ်လား။ သူ့ကြောင့်မလို့ မကြာသေးခင်ကတင် ဂျပန်စတော့ဈေးကွက် ပျက်စီးပြီး လွှတ်တော် ဖျက်သိမ်းလိုက်ရတာလေ။
'ဂျင်ဝုက သူ့ရည်းစားကို သွားပတ်သက်လိုက်တာလား'
"ကန်ဂျင်ဟူရဲ့ ရည်းစားက Golden Gateက ဝန်ထမ်းတစ်ယောက်လို့ သိထားတာပါ"
ဒါက စီးပွားရေးလောကမှာ သိသင့်သိထိုက်သူတွေ အားလုံး သိထားတဲ့ အချက်ပါပဲ။ အထူးသဖြင့် ဆီလွန်ဟိုတယ် ဖွင့်ပွဲပါတီတုန်းက ကန်ဂျင်ဟူက သူ့ကို ခေါ်လာခဲ့တာလေ။
အတွင်းရေးမှူးချုပ် လီမြောင်ဟိုက အခြေအနေကို ရှင်းပြလိုက်တယ်။
"ဒါကြောင့် ကန်ဂျင်ဟူကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်း သွားခဲ့တာပါ"
ဥက္ကဌ ယူဗြောင်မွန်းက အသည်းအသန် မေးတော့တယ်။
"အဲဒီကောင် အခု ဘယ်မှာလဲ"
"အခုလေးတင် ဆက်သွယ်ကြည့်တော့ ဂန်နမ်က ပလတ်စတစ်ဆာဂျရီ ဆေးခန်းတစ်ခုကို သွားနေတယ်လို့ ပြောပါတယ်"
"ဘာ။ ပလတ်စတစ်ဆာဂျရီ ဆေးခန်းကို ဘာသွားလုပ်တာလဲ"
"သူက ကုသမှုခံယူရင်းနဲ့ တစ်ခါထဲ နှာခေါင်းပါ ပြုပြင်မလို့လို့ ပြောပါတယ်..."
"......"
ဒီလိုအခြေအနေမျိုးမှာ နှာခေါင်းခွဲစိတ်ပြုပြင်မယ် ဟုတ်လား။ ဒီကောင် ရူးနေတာလား။
ဥက္ကဌ ယူဗြောင်မွန်းက သူ့ရဲ့ အငယ်ဆုံးသားဆီ ချက်ချင်း ဖုန်းဆက်လိုက်တယ်။
"မင်း အခုချက်ချင်း ကုမ္ပဏီကို လာခဲ့စမ်း"
မိနစ် ၂၀ လောက်အကြာမှာ ယူဂျင်ဝုက ဥက္ကဌရုံးခန်းထဲ ဝင်လာခဲ့တယ်။
"ဘာကိစ္စလဲ။ အဖေ"
သူ့နှာခေါင်းမှာ ပတ်တီး စည်းထားရပါတယ်။ ပုံမှန်ဆိုရင်တော့ ဥက္ကဌက နာနေလားဆိုပြီး နှစ်သိမ့်ပေးမိမှာ ဖြစ်ပေမဲ့ အခုက နှစ်သိမ့်ပေးရမယ့်အချိန် မဟုတ်ပါဘူး။
"မင်း စတူဒီယိုမှာ ပြဿနာရှာခဲ့တာ တကယ်ပဲလား"
ယူဂျင်ဝုက ဆင်ခြေပေးတဲ့လေသံနဲ့ပြောတယ်။
"ဒါက သိပ်ကြီးကျယ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အာ... မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်ပဲ အရိုက်ခံလိုက်ရတာပါ"
သူ့စကားတွေကို ကြည့်ရရင် သူလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ ကြီးလေးမှုကို လုံးဝ သတိမထားမိသေးတဲ့ ပုံပါပဲ။
ဥက္ကဌ ယူဗြောင်မွန်းက ဒေါသတကြီး ဟောက်လိုက်တယ်။
"အဲဒီအမျိုးသမီးက ကန်ဂျင်ဟူရဲ့ ရည်းစားကွ။ မင်း ကန်ဂျင်ဟူက ဘယ်သူလဲဆိုတာ မသိဘူးလား"
ယူဂျင်ဝုရဲ့ အသံက တိုးဝင်သွားပြီး ဆင်ခြေပေးတယ်။
"အဲဒါက... သူမှာ ရှိတဲ့ ရည်းစားတွေအများကြီးထဲက တစ်ယောက်ပဲ ဖြစ်မှာပါ။ ဟုတ်တယ်မလား"
"......"
ဥက္ကဌ ယူဗြောင်မွန်း ဆွံ့အသွားရတယ်။
'ဒီကောင်က ကမ္ဘာပေါ်က လူတိုင်းကို သူနဲ့ တူတယ်လို့ ထင်နေတာလား'
သူသိသလောက်တော့ ယူဂျင်ဝုက အခုလောလောဆယ် အမျိုးသမီး ငါးယောက်၊ ခြောက်ယောက်လောက်နဲ့ တစ်ပြိုင်ထဲ တွဲနေတာ။ ကျီးကန်းက ကျီးကန်းအုပ်ထဲပဲ ပျော်သလို သူနဲ့ပေါင်းတဲ့ သူငယ်ချင်းတွေကလည်း မိန်းကလေးအများကြီးနဲ့ တွဲကြတာပါ။ ဒါကြောင့် သူ ဒီလိုတွဲတာကလည်း မဆန်းပါဘူး။ တကယ်တော့ ယူဂျင်ဝုရဲ့ စံနှုန်းအရ ပိုက်ဆံရှိတဲ့သူက မိန်းကလေး တစ်ယောက်ထဲနဲ့ပဲ တွဲနေတာကမှ ပုံမှန်မဟုတ်တာပါ။
ဥက္ကဌ ယူဗြောင်မွန်း ကိုယ်တိုင်လည်း ငယ်ငယ်က ဒီလိုပဲမလို့ သားဖြစ်သူကို သိပ်ပြီး အပြစ်မတင်လိုပါဘူး။ ဒါပေမဲ့ ကန်ဂျင်ဟူကတော့ မတူပါဘူး။ တကယ်လို့ ကန်ဂျင်ဟူသာ အဲဒီလိုလူမျိုးဆိုရင် စီးပွားရေးလောကမှာ ကောလာဟလတွေ ပျံ့နေတာ ကြာလောက်ပါပြီ။
"အဖေက သူ့ကို ကောင်းကောင်းမွန်မွန် ပြောပေးရင် မျက်နှာထောက်ပြီး ဒီအတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ဘူးလား"
ဂျင်ဝု သိထားတဲ့ ယူဗြောင်မွန်းဆိုတာ လုပ်ငန်းစုကြီးတစ်ခုလုံးကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့ ဘုရင်တစ်ပါးလို လူမျိုးပါပဲ။ တကယ်လည်း ဂျင်ဝု ပြဿနာအသေးအမွှား ရှာခဲ့သမျှ အကုန်လုံးကို ယူဗြောင်မွန်းက အလွယ်တကူ ဖြေရှင်းပေးခဲ့တာပါ။ ဒါကြောင့် သူ့အဖေက ဒီကိစ္စကိုလည်း တစ်နည်းနည်းနဲ့ ဖြေရှင်းပေးလိမ့်မယ်လို့ပဲ တွေးနေမိတာပေါ့။
တကယ်လို့ သူက တခြား ချေဘော အမွေခံတစ်ယောက်ရဲ့ ရည်းစားကို ပတ်သက်ခဲ့တာဆိုရင် GJအုပ်စုနဲ့ ပတ်သက်မှုကို ထောက်ထားပြီး ကိစ္စကို ပြေလည်အောင် လုပ်လို့ရကောင်း ရနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကန်ဂျင်ဟူကတော့ အဲဒီလိုလုပ်ပေးရမယ့် အကြောင်းရင်း လုံးဝမရှိပါဘူး။
ထိပ်သီး လုပ်ငန်းစုကြီး ၅ ခုရဲ့ ဥက္ကဌတွေတောင် ကန်ဂျင်ဟူရှေ့မှာ ခေါင်းငုံ့ရတာပါ။ ကိုရီးယားမှာ သူ့ကို ဘယ်သူမှ ထိန်းချုပ်နိုင်တာမျိုး မရှိပါဘူး။
'ငါ ဘာလုပ်ရပါ့မလဲ'
သူ စဉ်းစားနေတုန်းမှာပဲ အတွင်းရေးမှူးချုပ် လီမြောင်ဟိုက ပြန်ဝင်လာတယ်။
"ဆိုဆောင်း အီလက်ထရောနစ်ရဲ့ မားကက်တင်းဌာနက ဖုန်းဆက်လာပါတယ်"
"ဘာကိစ္စတဲ့လဲ"
"စာချုပ်အားလုံးကို ဖျက်သိမ်းပြီး သူတို့ရဲ့ ကြော်ငြာတွေ အကုန်လုံးကို ရုတ်သိမ်းမယ်လို့ ပြောပါတယ်"
"ဘာ... ဘာပြောတယ်"
ဆိုဆောင်း အီလက်ထရောနစ်က နိုင်ငံရဲ့ အကြီးဆုံး ကော်ပိုရေးရှင်းကြီးလေ။ ဝင်ငွေ အများဆုံးရှိတဲ့အတွက် ကြော်ငြာဘတ်ဂျက်ကလည်း အများဆုံးပါပဲ။ တကယ်လို့ ချန်နယ်အားလုံးကနေ သူတို့ ကြော်ငြာတွေ ရုတ်သိမ်းလိုက်ရင် GJ Mediaက အရှုံးပေါ်တော့မှာပါ။ တခြားကုမ္ပဏီတွေဆိုရင် အစားထိုးလို့ရတော့ ကိစ္စမရှိပေမဲ့ ဆိုဆောင်းကတော့ အစားထိုးလို့မရပါဘူး။
"ဆိုဆောင်း အုပ်စုရဲ့ တခြားကုမ္ပဏီခွဲတွေလည်း တူတူပါပဲ။ ပြီးတော့ အွန်ဆောင်း မော်တာ အုပ်စု၊ CL အုပ်စုနဲ့ SSK အုပ်စုတို့ကလည်း ကြော်ငြာတွေ ရုတ်သိမ်းပြီး စာချုပ်တွေ ဖျက်သိမ်းမယ်လို့ ဖုန်းဆက်လာကြပါတယ်"
ဒါတင် မပြီးသေးပါဘူး။ သတင်းတွေက ဆက်တိုက် ဝင်လာနေတုန်းပဲ။
ကြော်ငြာတွေတင်မကဘဲ စားသောက်ကုန် ထောက်ပံ့ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တခြားလုပ်ငန်းတွေကပါ လက်ရှိစာချုပ် သက်တမ်းကုန်တာနဲ့ GJအုပ်စုရဲ့ ကုမ္ပဏီခွဲတွေနဲ့ ပတ်သက်မှုအားလုံးကို ဖြတ်တောက်တော့မယ်လို့ အကြောင်းကြားလာကြတယ်။
ဥက္ကဌ ယူဗြောင်မွန်းရဲ့ မျက်နှာက တဖြည်းဖြည်းနဲ့ ပျက်လာတော့တယ်။ လောလောဆယ်တော့ OTK Company နဲ့ ပတ်သက်နေတဲ့ အုပ်စုတွေပဲ လှုပ်ရှားသေးတာဖြစ်ပေမဲ့ ကောလာဟလတွေ ပျံ့သွားရင်တော့ တခြားအုပ်စုတွေကလည်း ငြိမ်နေကြမှာ မဟုတ်ပါဘူး။
GJအုပ်စုက ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုပိုင်းကို အဓိကထားတာပါ။ လုပ်ငန်းအများစုက B2B ဖြစ်နေတာကြောင့် ထိပ်သီးလုပ်ငန်းစုကြီးတွေက တစ်ပြိုင်ထဲ ကျောခိုင်းလိုက်ရင် အုပ်စုတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။
ဒီအချိန်ကျမှ ယူဂျင်ဝုလည်း အခြေအနေရဲ့ ကြီးလေးမှုကို သဘောပေါက်သွားတော့တယ်။
"ကျွန်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဖေ"
ဥက္ကဌ ယူဗြောင်မွန်းက စိတ်ပျက်လက်ပျက်နဲ့ ရယ်လိုက်မိတယ်။
'ငါ သူ့ကို အလိုလိုက်မိလို့ ငတုံးတစ်ကောင်ဖြစ်လာခဲ့တာပဲ'
စုံစမ်းစစ်ဆေးမှုကို နောက်မှလုပ်ဖို့ ဆုံးဖြတ်ပြီး ရဲတွေ ပြန်သွားကြတယ်။ ယူဂျင်ဝုက ထွက်ပြေးသလိုမျိုး အခင်းဖြစ်ပွားရာနေရာကနေ လစ်သွားခဲ့ပြီး၊ အဲဒီနောက်မှာ ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို ကျွန်တော် ကြားလိုက်ရတယ်။
အဲဒီကောင်က အယ်လီ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခဲ့တာပဲ။
ဒါတင်မကသေးဘူး။ Vester ရုံးချုပ်က ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သူက "ဒီစောက်ကောင်မ"၊ "ဟိုစောက်ကောင်မ"၊ "ရူးနေတဲ့ မိန်းမ" ဆိုပြီး ဆဲဆိုခဲ့တဲ့အပြင် ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ပါ အမျိုးမျိုး ဆဲဆိုခဲ့သေးတာတဲ့။
ဒါကို ကြားရရုံနဲ့တင် ကျွန်တော့်သွေးတွေ ဆူပွက်လာခဲ့ရတယ်။ ဒါပေမဲ့ အယ်လီကတော့ ဘာမှမဖြစ်သလိုပါပဲ။
"ရပါတယ်။ ငါ သူ့ကို ကောင်းကောင်းကြီး ပညာပေးလိုက်ပြီပဲ။ အရင်ဆုံး ရိုက်ကူးရေးအတွက် ပင်ပန်းထားတဲ့ ဝန်ထမ်းတွေနဲ့အတူ သွားစားကြရအောင်။ ငါ ဗိုက်ဆာနေပြီ။ အမဲသားကင် စားကြမလား"
"မဟုတ်ဘူး၊ အမဲသားကင်ကို ခဏထား၊ အရင်ဆုံး အဲဒီကောင်ကို..."
အယ်လီက ဝတ်ထမ်းတွေကို လှမ်းပြောလိုက်တယ်။
"ကျွန်မရည်းစားက အမဲသားကင် ကျွေးမလို့တဲ့။ အားလုံး လက်ခုပ်တီးပေးကြပါဦး"
ဝန်ထမ်းတွေက အံ့ဩသွားကြပေမဲ့ တစ်ပြိုင်ထဲ လက်ခုပ်တီးလိုက်ကြတာကြောင့် ကျွန်တော်လည်း ကုမ္ပဏီ ညစာစားပွဲဆီ ပါသွားရတော့တယ်။ အယ်လီက ဓာတ်ပုံဆရာကအစ အဖွဲ့သားတွေအဆုံး တစ်ယောက်ချင်းစီကို လိုက်ပြီး နှုတ်ဆက်နေတယ်။
"အားလုံး ပင်ပန်းသွားကြပါပြီ"
အမဲသားကင်လာထည့်ပေးလည်း ဘာမှ မြိုမကျနိုင်ဖြစ်နေတဲ့ ကျွန်တော်နဲ့မတူဘဲ အယ်လီကတော့ တကယ်ကို ဗိုက်ဆာနေပုံရပြီး အဲဒီမှာတင် သုံးပွဲတောင် တစ်ယောက်ထဲ စားပွဲပစ်လိုက်တာပါ။
တခြားဝန်ထမ်းတွေလည်း အားရပါးရ စားကြတာကြောင့် ကျသင့်ငွေက ဝမ်သန်းချီ ထွက်လာခဲ့တယ်။ ဘာဖြစ်လို့ ကျွန်တော် ပိုက်ဆံရှင်းရလဲဆိုတာ အခုထိ နားမလည်သေးပေမဲ့ ပိုက်ဆံရှင်းပြီးတာနဲ့ အစ်မ အိုဟျွန်းဂျူး အိမ်ဆီ တန်းသွားခဲ့ကြတယ်။
အိမ်မှာ နှပ်နေတဲ့ တက်ဂယူဆီ ဖုန်းဆက်လိုက်တော့ သူက ချက်ချင်း ရောက်လာပြီး ကျွန်တော်တို့ကို မြင်မြင်ချင်း ပြောတော့တယ်။
"ဒါ ဘာအနံ့လဲ။ မင်းတို့တွေ ငါ့ကိုချန်ပြီး အမဲသားကင် သွားစားကြတာလား"
"အခု အဲဒါက အရေးမကြီးဘူး"
"အမဲသားကင်ထက် အရေးကြီးတာ ရှိသေးလို့လား"
တကယ်ကို ရှိနေတာပါ။
အယ်လီက စတူဒီယိုမှာ ဖြစ်ခဲ့တာတွေကို ပြန်ပြောပြတယ်။ တက်ဂယူက ဒေါသတကြီး ဖြစ်သွားပြီး အစ်မ အိုဟျွန်းဂျူးကတော့ ခပ်ပြုံးပြုံးပဲ လုပ်နေတယ်။
"ဒီလိုမျိုး ပြဿနာမဖြစ်တာ ကြာပြီပဲ"
"ဟင်။ နောက်တစ်ကြိမ် ဟုတ်လား"
"ကုမ္ပဏီမှာ ဒီလိုကိစ္စမျိုးတွေ မရှိခဲ့ဘူးလို့ ထင်နေတာလား။ အယ်လီ Golden Gateကို ဝင်ကတည်းက ကုမ္ပဏီထဲမှာ သူ့ကို လာပိုးပန်းတဲ့ကောင်တွေ အများကြီးပဲလေ"
"အာ..."
အာဏာအနည်းငယ် ရှိရုံနဲ့ လိုက်ပြီး အနိုင်ကျင့်ချင်တဲ့သူတွေက နေရာတိုင်းမှာ ရှိနေတာပဲ။
အယ်လီက ငြိမ်ခံမနေဘဲ သက်သေတွေကို သေသေချာချာ စုဆောင်းပြီး ရာထူးတက်ခါစ အမှုဆောင်တစ်ယောက်ကို ဖြုတ်ချပစ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းမှာ Golden Gateက ကုမ္ပဏီတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုတွေအတွက် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေနဲ့ နောက်နောင် မဖြစ်ပွားအောင် တားဆီးတဲ့ အစီအမံတွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
"ဥက္ကဌ ယူဗြောင်မွန်းရဲ့ အငယ်ဆုံးသားက သားကောင်ရှာနေတဲ့ သားရဲတစ်ကောင်လိုပဲလို့ ကောလာဟလတွေ ကြားဖူးပေမဲ့ အယ်လီ့ကို ပစ်မှတ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ခဏကြာတော့ စီနီယာ ပတ်ဆန်းယော့ ရောက်လာတယ်။ သူက ယူဂျင်ဝုအကြောင်း စုံစမ်းဖို့အတွက် Edm Entertainment ဆီကို ဆက်သွယ်ခဲ့တယ်။
"ဒီကောင်က တကယ့် အမှိုက်ပဲ။ သူက မြင်မြင်သမျှ ချောတဲ့ မိန်းကလေးတိုင်းကို အဓမ္မကျင့်ဖို့ ကြိုးစားတာနဲ့ နာမည်ကြီးတယ်။ အကြိမ်ကြိမ် တရားစွဲခံရဖူးပေမဲ့ ပိုက်ဆံနဲ့ အာဏာသုံးပြီး အမှုတွေ အကုန်ပိတ်ပစ်ခဲ့တာ"
တက်ဂယူက မေးတယ်။
"ဒါပေမဲ့ ဘာလို့ သတင်းတွေထဲမှာ တစ်ခါမှ မပါခဲ့ရတာလဲ"
"သူက လုံးဝ ဥာဏ်မရှိတာတော့ မဟုတ်ဘူး ထင်တယ်။ နာမည်ကြီး အနုပညာရှင်တွေထက်စာရင် သင်တန်းသားတွေ ဒါမှမဟုတ် အနုပညာရှင်ဖြစ်ချင်တဲ့သူတွေကိုပဲ ပစ်မှတ်ထားခဲ့တာလေ။ အေဂျင်စီကြီးတွေက လူတွေကို မထိရဲဘဲ ရုန်းကန်နေရတဲ့ အေဂျင်စီအသေးစားက မိန်းကလေးတွေကိုပဲ ရွေးလုပ်တာ။ အဲဒီလိုနေရာတွေက GJ Mediaကို အတော်လေး ကြောက်ကြရတာလေ။ ပြဿနာဖြစ်လာရင် ဇာတ်လမ်းတွဲတွေမှာ အခန်းသေးသေးလေးတွေ ပေးတာမျိုး၊ နည်းနည်း မြှောက်ပင့်ပေးတာမျိုးနဲ့ပဲ ဖြေရှင်းလိုက်တာပဲ"
ထင်ထားတဲ့အတိုင်းပဲ၊ သူက အယ်လီလှလွန်းလို့ ရုတ်တရက်အသိစိတ်လွတ်သွားတာမျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်က ဗီဇကတည်းက အဲဒီလိုလူမျိုး ဖြစ်နေတာပါ။
တကယ်လို့ အယ်လီသာ သာမန်မော်ဒယ်တစ်ယောက်ဆိုရင် ဒီထက်ပိုဆိုးတဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ တွေးမိလေလေ ပိုပြီး ဒေါသထွက်လာလေလေပါပဲ။
"ဒီကောင်ကို ဘာလုပ်ကြမလဲ"
တက်ဂယူက ပြောတယ်။
"ဘာလုပ်ရမှာလဲ။ ကောင်းကောင်းကြီး ခြေမှုန်းပစ်ရမှာပေါ့"
ကျွန်တော့်အတွေးလည်း အတူတူပါပဲ။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ ဥက္ကဌ လင်ဂျင်ယုံဆီက ဖုန်းလာခဲ့တယ်။
[GJအုပ်စုနဲ့ ပတ်သက်ပြီး မနှစ်မြို့စရာ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ ကြားတယ်]
"သတင်းက တကယ့်ကို မြန်တာပဲ"
သူ ဒါကို ဘယ်ကနေ ကြားလိုက်တာပါလိမ့်။
ဥက္ကဌ လင်က ရယ်လိုက်ပြီး ပြောတယ်။
[ဥက္ကဌ ယူဗြောင်မွန်းက သူ့ရဲ့ အငယ်ဆုံးသားကို အလိုလိုက်လွန်းတယ်ဆိုတာ သိပေမဲ့ နောက်ဆုံးတော့ ပြဿနာအကြီးကြီး ရှာလိုက်ပြီပဲ။ အဲဒါကြောင့် ဘာမှမသိတဲ့ လူမိုက်ကောင်တွေ သောင်းကျန်းရင် အန္တရာယ်များတာ]
အမှန်တော့ ချေဘော သားသမီးတွေ ပြဿနာရှာတာက မဆန်းပါဘူး။ သတင်းထဲပါတဲ့ ကိစ္စတွေတင် ကားတစ်စီးစာလောက် ရှိနေတာပါ။ သတင်းမထွက်တဲ့ ကိစ္စတွေဆိုရင် ဆယ်ဆ၊ အဆတစ်ရာမက ရှိနိုင်ပါတယ်။
"ဒါက အုပ်စုရဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥက္ကဌရဲ့ သားက အယ်လီ့အပေါ် အများကြီး စော်ကားခဲ့တာပါ"
[ငါ ကြားကြားချင်းပဲ ငါတို့ အုပ်စုကုမ္ပဏီတွေ အကုန်လုံးကို သူတို့ဆီက ကြော်ငြာတွေ ရုတ်သိမ်းဖို့ အမိန့်ပေးလိုက်ပြီ]
သူ့စကားကြောင့် ကျွန်တော် တော်တော်လေး အံ့ဩသွားရတယ်။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲဟာ။ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား"
[တခြားအုပ်စုတွေလည်း ဒီလိုပဲ လုပ်နေကြပြီ။ အခုလောက်ဆို အွန်ဆောင်း မော်တာ အုပ်စုနဲ့ SSK အုပ်စုတို့ကလည်း ကြော်ငြာတွေ ရုတ်သိမ်းဖို့ ဆက်သွယ်ထားလောက်ပြီ]
"အဲလိုလုပ်လို့ တကယ်ပဲ အဆင်ပြေရဲ့လား"
GJ Mediaက ထုတ်လွှင့်ရေးလောကမှာ အင်အားအကြီးဆုံးပဲလေ။ သူတို့ဆီက ကြော်ငြာတွေ အကုန်ရုတ်သိမ်းလိုက်ရင် ကြော်ငြာထည့်တဲ့ ကုမ္ပဏီတွေအတွက်လည်း ထိခိုက်မှု ရှိနိုင်ပါတယ်။
[ရပါတယ်။ ဒီလိုကိစ္စမျိုး ကြုံရတဲ့အခါ အားလုံး စုပေါင်းပြီး သပိတ်မှောက်လိုက်ရင် နောက်မှ ပြန်လည်ညှိနှိုင်းတဲ့အခါ ကြော်ငြာခတွေကို အများကြီး လျှော့ခိုင်းလို့ရတာပေါ့။ ကြော်ငြာစရိတ် သက်သာသွားတာမလို့ ပိုတောင် ကောင်းသေးတယ်]
ကျွန်တော် ခပ်တိုးတိုး ရယ်လိုက်မိတယ်။
"တကယ့် စီးပွားရေးသမားပီသတာပဲ၊ ဘယ်တော့မှ အရှုံးမခံဘူး"
[အဲဒါကလည်း မင်းနဲ့ ကိစ္စပြေလည်သွားမှပါ။ ဂျူနီယာလေးရေ။ မဟုတ်ရင် GJအုပ်စုတစ်ခုလုံး ပြိုကွဲသွားနိုင်တယ်]
"......"
ကျွန်တော်က လုပ်ငန်းစုကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ နေရာအထိ ရောက်လာခဲ့ပြီပေါ့။
[မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ]
ကျွန်တော်က သဘာဝကျကျပဲ ပြန်ဖြေလိုက်တယ်။
"ဘာစဉ်းစားနေစရာ လိုသေးလဲဗျာ။ ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်ခံရမှာပဲလေ"