အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း (၃၅၉)
အလုပ်ကိစ္စတွေ ပြီးသွားတဲ့နောက် ကျွန်တော်က အယ်လီ၊ ရှင်ယူရီ တို့နဲ့အတူ ဟန်နမ်ဒေါင်း ဆီ ဦးတည်လိုက်တယ်။ ကျွန်တော်တို့တွေ ဥက္ကဌ ရူချောဂယွန် နဲ့ ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ တို့နဲ့အတူ ညစာစားဖို့ ချိန်းဆိုထားလို့ပါ။
အယ်လီ က မျှော်လင့်တကြီးနဲ့ ပြောလာတယ်။
“ရှင်ယူရီ ကြောင့်မလို့ ဒီလိုမျိုး အခွင့်အရေးကောင်းကြီး ရတာပဲ။ သူတို့နှစ်ယောက်လုံးက တော်ရုံ တွေ့ရဖို့ ခက်တဲ့သူတွေလေ”
ရှင်ယူရီ က ခေါင်းခါလိုက်ပြီး ပြောတယ်။
“ဒီလိုတွေ့ဖြစ်တာက အဖေနဲ့ ဦးလေးရူ တို့က စီအီးအို နဲ့ အယ်လီ တို့ကို တွေ့ချင်နေကြတာလို့ ပြောရမှာပါ။ သူတို့က ကျွန်မကို တွေ့ဆုံပွဲ စီစဉ်ပေးဖို့ ခဏခဏ ပူဆာနေကြတာ”
Private Equity (ပုဂ္ဂလိက ရှယ်ယာရင်းနှီးမြှုပ်နှံမှု) ရဲ့ သဘောသဘာဝအရ လူသိ သိပ်မများပေမယ့် ဥက္ကဌ ရူချောဂယွန် က ကိုရီးယား ရင်းနှီးမြှုပ်နှံမှု လောကမှာတော့ ဂန္ထဝင်မြောက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
တကယ်လို့ ကျွန်တော်နဲ့ အိုတက်ဂယူ သာ မရှိခဲ့ရင် သူက ကိုရီးယားမှာ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် သမိုင်းတွင် ကျန်ရစ်လောက်မှာပါ။
ဒါပေမဲ့ "ကိုရီးယား"လို့ပြောဖို့ကတော့ တကယ်တမ်း နည်းနည်း သိမ်မွေ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဌ ရူချောဂယွန် က နိုင်ငံခြားမှာ ပညာသင်နေတုန်း အမေရိကန် နိုင်ငံသားခံယူခွင့် ရရှိခဲ့လို့ပါပဲ။ (ဒါက သူဟာ ကိုရီးယားမှာ စစ်မှုမထမ်းခဲ့ရဘူးဆိုတဲ့ သဘောလည်း ဖြစ်တာပေါ့)။ သူက ကိုရီးယားမှာ မွေးဖွားခဲ့ပြီး ကိုရီးယား အမျိုးသမီးနဲ့ လက်ထပ်ကာ ကိုရီးယားမှာပဲ နေထိုင်နေပေမယ့် အတိအကျ ပြောရရင်တော့ သူက ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသားတစ်ဦးပါ။
RCK Bros ကလည်း ဒီလိုနေရာမျိုးမှာ ဆင်တူပါတယ်။ သူတို့ကိုသူတို့ ကိုရီးယား ပြည်တွင်းဖြစ် ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့လို့ ကြေညာထားပြီး ရုံးချုပ်က ကိုရီးယားမှာ ရှိကာ နိုင်ငံအတွင်း အများအပြား ရင်းနှီးမြှုပ်နှံထားပေမယ့် တကယ်တမ်းတော့ ရင်းနှီးမြှုပ်နှံမှု မတည်ငွေ အများစုက နိုင်ငံခြားကနေ လာတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုကို နိုင်ငံသားက ဘယ်သူပါဆိုတာ သတ်မှတ်ဖို့ဆိုတာ ခက်ခဲပြီး အဓိပ္ပာယ်လည်း သိပ်မရှိတဲ့ ကိစ္စပါ။ ဆောင်း အီလက်ထရောနစ် ကိုပဲ ကြည့်ပါ။ သူ့ရဲ့ ရှယ်ယာ ထက်ဝက်ကျော်ကို နိုင်ငံခြားသားတွေ ပိုင်ဆိုင်ထားတာပဲ လေ။
ကျွန်တော်တို့တွေ ကားစီးပြီး ထိုင်ခုံ အနည်းငယ်ပဲရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုဆီ ရောက်ရှိလာခဲ့တယ်။ ကျွန်တော်တို့ထက် အရင် ရောက်နှင့်နေတဲ့ လူကြီးနှစ်ယောက်က လှိုက်လှိုက်လှဲလှဲ ဆီးကြိုခဲ့ကြတယ်။
အယ်လီ က ဦးညွှတ်နှုတ်ဆက်ရင်း ပြောလိုက်တယ်။
“ဒီည ညစာစားပွဲကို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဥက္ကဌ ရူချောဂယွန် က လက်ကာပြလိုက်ပြီး ပြောတယ်။
“မဟုတ်တာ၊ မဟုတ်တာ။ လာပေးတဲ့အတွက် ငါတို့ကပဲ ကျေးဇူးတင်ရမှာပါ။ ငါက နင့်ရဲ့ ကြော်ငြာတွေကို အမြဲတမ်း သဘောကျပြီး ကြည့်ဖြစ်ပါတယ်”
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ရင်း ပြောတယ်။
“ရှင်ယူရီကော အလုပ်မှာ အဆင်ပြေရဲ့လား”
“သူက သူလုပ်ရမယ့်တာဝန်ထက်ကို ပိုပြီးတော့ ကြိုးစားနေတာမလို့ စိုးရိမ်စရာ မလိုပါဘူးဗျာ”
ကျွန်တော့်စကားကြောင့် သူ စိတ်အေးသွားတဲ့ပုံ ပေါ်သွားတယ်။
နှုတ်ဆက်စကားတွေ ဖလှယ်ပြီးတဲ့နောက် ကျွန်တော်တို့ နေရာယူလိုက်ကြတယ်။ စားသောက်ဆိုင်တစ်ခုလုံးကို သူတို့ ကြိုတင်ငှားရမ်းထားတာကြောင့် ကျွန်တော်တို့ပဲ ရှိနေပြီး တခြားသူတွေ ကြားသွားမှာ ဒါမှမဟုတ် နှောင့်ယှက်ခံရမှာကို စိုးရိမ်စရာ မလိုခဲ့ပါဘူး။
Menuမှာတော့ အမဲသားနှပ်၊ ကြက်ဆင်သား၊ အာလူးချောင်းကြော်နဲ့ ဝိုင်တို့ ပါဝင်ပါတယ်။
ဥက္ကဌ ရူချောဂယွန် က ပြုံးပြီး ပြောလိုက်တယ်။
“ငါ အမေရိကန်မှာ ပညာသင်တုန်းကဆိုရင် ဆန်းဒဝစ်ချ်နဲ့ပဲ အသက်ဆက်ခဲ့ရတာ။ Walmart ကနေ ငါ့အရပ်လောက်နီးနီး ရှိတဲ့ ဘာဂတ်မုန့်နဲ့ ဝက်ပေါင်ခြောက်တုံးကြီးတစ်တုံး ဝယ်ပြီး၊ မနက်ခင်းမှာ ဆန်းဒဝစ်ချ် သုံးခု လုပ်တယ်၊ တစ်ခုကို ချက်ချင်းစားပြီး ကျန်တဲ့နှစ်ခုကို ကျောင်းအတွက် ထုပ်ပိုးသွားတာပေါ့”
ဒီလိုမျိုး စာကြိုးစားခဲ့ပြီး Golden Gate နဲ့ Klein Group တို့မှာ အလုပ်လုပ်ခဲ့ကာ RCK Bros ကို တည်ထောင်ခဲ့တာကြောင့် သူက တကယ်ကို ကိုယ်တိုင် ကြိုးစားပြီး အောင်မြင်လာတဲ့ ဂန္ထဝင် ပုဂ္ဂိုလ်တစ်ဦးပါ။
ကျွန်တော်တို့ စားသောက်ကြရင်း ဝိုင်သောက်ကာ စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။
Menuကိုယ်တိုင်က အမေရိကန် အိမ်ချက်စတိုင်မျိုး ဖြစ်နေပေမယ့် ဝိုင်ကတော့ ထိပ်တန်း အဆင့်ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူကြီးနှစ်ယောက်လုံးက ဝိုင်ကျွမ်းကျင်သူတွေအဖြစ် လူသိများကြပါတယ်။
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ဝိုင်ကို တစ်ငုံသောက်ရင်း မှတ်ချက်ပေးတယ်။
“ငါ ငယ်ငယ်တုန်းကဆိုရင် လူတွေ ဘာလို့ ဝိုင်သောက်ကြလဲဆိုတာ တကယ် နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီသူငယ်ချင်း (ဥက္ကဌ ရူချောဂယွန်) နောက်ကို လိုက်ရင်း အကြိမ်အနည်းငယ် မြည်းစမ်းကြည့်မိရာကနေ၊ မသိလိုက်ခင်မှာပဲ လုံးဝ စွဲလမ်းသွားခဲ့တာ။ တခြား အရက်တွေကတော့ တစ်လ၊ နှစ်လလောက် သောက်ကြည့်ရင် အရသာကို သိနိုင်ပေမယ့် ငါ ဝိုင်သောက်လာတာ ဆယ်နှစ်ကျော်နေပြီ ဖြစ်တာတောင် အခုထိ သိပ်မသိသေးသလို ခံစားရတုန်းပဲ။ ဒါကြောင့်မလို့ ဝိုင်က အမြင့်ဆုံး သောက်စရာလို့ ပြောကြတာ ဖြစ်လိမ့်မယ်”
ရှင်ယူရီ က နှုတ်ခမ်းလေး အနည်းငယ် စူလိုက်ပြီး ပြောတယ်။
“အဖေက အမြဲတမ်း သောက်နေတာက ပြဿနာလေ။ သမီးက အဖေ့ကို လျှော့သောက်ဖို့ ပြောရင် ဝိုင်က နှလုံးရောဂါ ကာကွယ်ဖို့ ကောင်းတယ်လို့ ဆင်ခြေပေးတယ်။ ဝိုင်ကို အသင့်အတင့် သောက်တာပဲ ကောင်းတာလေ”
စကားဝိုင်းက သဘာဝကျကျပဲ ရင်းနှီးမြှုပ်နှံမှုတွေဆီ ကူးပြောင်းသွားခဲ့တယ်။
ဥက္ကဌ ရူချောဂယွန် က အံ့ဩတကြီးနဲ့ ခေါင်းခါရင်း ပြောလာတယ်။
“မင်းတို့ မကြာခင်က လုပ်ခဲ့တဲ့ Rosatom နဲ့ လက်တွဲပြီး TWR မှာ ရင်းနှီးမြှုပ်နှံမှုကို မြင်တော့ ငါ ဒူးကို ဖြန်းခနဲ ပုတ်မိသွားတယ်။ ဒါကို အရင် မစဉ်းစားမိခဲ့တဲ့ ငါ့ကိုငါလည်း စိတ်တိုမိတယ်ကွာ”
“အဲဒါက အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
“မင်းက အဲဒီလို ပြောပေမယ့် အောင်မြင်ဖို့ ရာခိုင်နှုန်း မြင့်မားတာကို မြင်လို့ ရင်းနှီးမြှုပ်နှံခဲ့တာ မဟုတ်လား။ တကယ်လို့ ကျရှုံးခဲ့ရင်တောင် ဒါက အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေပြီလို့ ငါ ပြောချင်တယ်ကွ။ သမ္မတ ဗိုင်ဆော့စကီး ရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး CarOS နဲ့ FaceIt တို့ ရုရှားဈေးကွက်ထဲ ဝင်ရောက်ဖို့ လမ်းခင်းပေးနိုင်ခဲ့ပြီလေ။ နောက်တစ်ကြိမ် မင်း ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ ငါ လုံးဝ ခန့်မှန်းလို့ မရတော့ဘူး။ မင်းမှာ ချိန်ရွယ်ထားတဲ့ ပစ်မှတ်တွေ ရှိနေပြီလား”
“ဒါကတော့...”
တကယ်တော့ ကျွန်တော်လည်း မသိပါဘူး။
ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံသူတွေက သတ်မှတ်ထားတဲ့ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ကုမ္ပဏီတစ်ခုအပေါ် စိတ်ဝင်စားမှု ရှိလာပြီး သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် အခွင့်အရေး ပေါ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံလေ့ ရှိကြပါတယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ 'ပင်ကိုသိစိတ်' ဒါမှမဟုတ် အနာဂတ် မြင်ကွင်းကို ရရှိတဲ့အချိန်တိုင်းမှာပဲ ရင်းနှီးမြှုပ်နှံတတ်တာပါ။ ရလဒ်အနေနဲ့ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်တွေက ပုံသေမရှိဘဲ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း စိတ်လိုက်မာန်ပါ လုပ်သလိုမျိုး မြင်တွေ့ရမှာပါ။
အခြားတစ်ဖက်မှာတော့ RCK Bros က ကုမ္ပဏီနဲ့ ဈေးကွက်ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး၊ ထွက်ခွာမယ့် မဟာဗျူဟာအထိ အရာအားလုံးကို စီမံကိန်းချတဲ့ ဂန္ထဝင် ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ပုံစံအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ပါတယ်။
ရှင်ယူရီ က ဝင်ပြီး ဆူလိုက်တယ်။
“ဦးလေးရူ ကလည်း စီအီးအို က အဲဒါကို အလွယ်တကူ ပြောပြလိမ့်မယ်လို့ ထင်နေတာလား”
ဥက္ကဌ ရူချောဂယွန် က ခေါင်းကို ကုတ်လိုက်ပြီး ပြောတယ်။
“အဲ.. ဝိုင်ကြောင့် မင်းဆီကနေ စကားတွေ နှိုက်လို့ရပြီး အချက်အလက်တချို့ ရမလားလို့ မျှော်လင့်ခဲ့တာပါ။ ငါ ကျရှုံးသွားပြီ ထင်တယ်”
ကျွန်တော်တို့ အားလုံး တဟားဟား ရယ်မောလိုက်ကြတယ်။
လူကြီးနှစ်ယောက်ကို ကြည့်ရင်း ကျွန်တော် တွေးမိတာက - လာမယ့် အနှစ် ၂၀ လောက်ဆိုရင် ကျွန်တော်နဲ့ အိုတက်ဂယူ တို့လည်း သူတို့လို ဖြစ်နေမလားပဲ။
ကျွန်တော်တို့ သတိမထားမိခင်မှာပဲ ဝိုင်နှစ်ပုလင်း ကုန်သွားခဲ့ပြီး တတိယမြောက် ပုလင်းကို ဖွင့်လိုက်ကြတယ်။ လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်တဲ့ ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ နဲ့မတူဘဲ ဥက္ကဌ ရူချောဂယွန် ရဲ့ မျက်နှာကတော့ အနည်းငယ် ရဲတက်လာခဲ့ပါပြီ။
“ဒါကို ငါ ခံစားရတာ ကြာပြီ၊ အခုတလော စက်မှုလုပ်ငန်း ပြောင်းလဲမှုနှုန်းက အရမ်း မြန်ဆန်နေတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ ရေသေလို ငြိမ်သက်နေတဲ့ ကိုရီးယား ချေဘော လောကမှာတောင် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ထားတယ်”
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ဆက်ပြောတယ်။
“ဒါနဲ့ ပတ်သက်လို့ ပြောရရင် GH အုပ်စု ရဲ့ အခြေအနေက အခုတလော သိပ်မကောင်းလှဘူး”
“GH အုပ်စု လား”
အယ်လီ က ရှင်းပြတယ်။
“ဂျက်စီကာ အရင်က ပြောခဲ့တာကို မှတ်မိသေးလား။ GH ဆောက်လုပ်ရေး နဲ့ ဆက်စပ်နေတဲ့ Project Financing (စီမံကိန်း အရင်းအနှီး ထောက်ပံ့မှု) အားလုံးက ရပ်ဆိုင်းသွားခဲ့ပြီမလို့ သူတို့က ရင်းနှီးမြှုပ်နှံမှု တချို့ကို ပြန်လည် သိမ်းဆည်းဖို့ စတင်နေကြပြီလေ”
ဒီအကြောင်းကို ကြားရတာ နားထဲမှာ ရင်းနှီးနေသလိုပါပဲ။
GH အုပ်စု က ကိုရီးယား ချေဘောတွေထဲမှာ အဆင့် ၁၅ လောက် ရှိပြီး အုပ်စုရဲ့ ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၃၀ ကုဋေ ခန့် ရှိပါတယ်။
ကိုရီးယားမှာတော့ ကြီးမားတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ အာရုံစိုက်ဖို့ လောက်တဲ့အထိ မကြီးမားပါဘူး။ ကျွန်တော်တို့ရဲ့ စီးပွားရေး နယ်ပယ်တွေလည်း ထပ်တူမကျပါဘူး။
ဒါပေမဲ့ ကျွန်တော့်မှာ သေးငယ်တဲ့ ကိုယ်ရေးကိုယ်တာ ပတ်သက်မှုတစ်ခုတော့ ရှိခဲ့ဖူးတယ်။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝက ရည်းစားဟောင်းက GH အုပ်စု ဥက္ကဌရဲ့ မြေးနဲ့ လက်ထပ်ခဲ့လို့ပါ။ သူက အခုတော့ အိမ်ထောင်ကျပြီး ကလေးတွေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နေပါတယ်။
ဘာပဲဖြစ်ဖြစ်၊ အုပ်စုရဲ့ အခက်အခဲတွေက သူ့ရဲ့ အမျိုးမျိုးသော လက်အောက်ခံ ကုမ္ပဏီတွေရဲ့ ဆက်တိုက် စီးပွားရေး ကျရှုံးမှုတွေကနေ မြစ်ဖျားခံလာတာပါ။
GH အုပ်စု ထဲမှာ ဝေစုအကြီးဆုံး နေရာယူထားတဲ့ လက်အောက်ခံ ကုမ္ပဏီကတော့ SSK Innovation ပြီးရင် ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ရေနံချက်စက်ရုံဖြစ်တဲ့ GH Oil ပါပဲ။
ရေနံချက်လုပ်မှု လုပ်ငန်းရဲ့ အမြတ်အစွန်းက ရောင်းဈေးပေါ်မှာ မူတည်တာကြောင့် ရေနံဈေး မြင့်တက်လေလေ အမြတ် ပိုများလေလေပါ။ ဒါပေမဲ့ ရေနံဈေးနှုန်း ကာလရှည်ကြာ ကျဆင်းနေမှုကြောင့် ဝင်ငွေတွေက ဆက်တိုက် ကျဆင်းနေခဲ့တယ်။
'Big One' ဖြစ်ရပ် ဒါမှမဟုတ် မြောက်ပင်လယ် ရေနံ အဆောက်အဦးတွေ ပျက်စီးမှုလိုမျိုး ဖြစ်ရပ်တွေကြောင့် ယာယီ ပြန်လည် ဦးမော့လာတာမျိုး ရှိခဲ့ပေမယ့် အဲဒါတွေက ဈေးနှုန်းနိမ့်ကျတဲ့ အလားအလာကို နောက်ပြန်လှည့်ဖို့ မလုံလောက်ခဲ့ပါဘူး။
ဒါ့အပြင် လျှပ်စစ်ကား ရောင်းအား မြင့်တက်လာတာက ရေနံချက်စက်ရုံတွေအတွက် အမြတ်အစွန်း လျော့ကျစေမှာ သေချာတာကြောင့် တန်ပြန်အစီအမံတွေ လိုအပ်လာခဲ့ပါတယ်။
SSK Innovation က ရေနံချက်လုပ်မှုကနေ ရရှိတဲ့ ပိုက်ဆံတွေကို ဘတ္ထရီ လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ GH Oil က GH Green ဆိုတဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး Polysilicon နဲ့ နေရောင်ခြည်စွမ်းအင်သုံး မော်ဂျူး (Solar modules) တွေထဲမှာ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့တယ်။
အဲဒီအချိန်တုန်းကတော့ နေရောင်ခြည်စွမ်းအင် ကဏ္ဍက ဘတ္ထရီတွေထက် ပိုပြီး အလားအလာကောင်းတယ်လို့ ထင်ရတာပါ။ အဲ့လိုထင်ခဲ့တာကလည်း ကမ္ဘာကြီးက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် အာရုံစိုက်နေပုံရပြီး နေရောင်ခြည်စွမ်းအင်က လေစွမ်းအင်နဲ့အတူ မီးမောင်းထိုးပြခြင်း ခံခဲ့ရလို့ပါ။
ဒါပေမဲ့ သက်ဆိုင်ရာ နည်းပညာက မျှော်လင့်ထားသလောက် မြန်မြန်ဆန်ဆန် တိုးတက်မလာခဲ့ပါဘူး။ ဒါ့အပြင် ထုတ်လုပ်မှု စရိတ်စကကလည်း တခြားနည်းလမ်းတွေနဲ့ ယှဉ်ရင် မြင့်မားနေတာကြောင့် လုပ်ငန်းတစ်ခုလုံးက အစိုးရရဲ့ ထောက်ပံ့ကြေးအပေါ် မှီခိုနေခဲ့ရတယ်။
အကြီးမားဆုံး ပြဿနာကတော့ တရုတ်ကုမ္ပဏီတွေရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုပါပဲ။ တခြား လုပ်ငန်းနယ်ပယ် အများအပြားလိုပဲ တရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ကမ္ဘာ့အကြီးဆုံး ဈေးကွက် ဖြစ်ပါတယ်။ တရုတ် ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရတွေက သူတို့ရဲ့ ပြည်တွင်းကုမ္ပဏီတွေဆီ ထောက်ပံ့ကြေးတွေ ပုံအောပေးခဲ့ကြတယ်။
ဒီလိုမျိုး အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ တရုတ် နေရောင်ခြည်စွမ်းအင်သုံး ကုမ္ပဏီတွေက ဈေးနှုန်းသက်သာတဲ့ moduleတွေနဲ့ panelတွေကို ဈေးကွက်ထဲ အလုံးအရင်း ပေးပို့ခဲ့ကြတာကြောင့် GH Green ရဲ့ ထုတ်ကုန်တွေက ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရတယ်။
ဆင်တူတဲ့ အခြေအနေမျိုး ဘတ္ထရီ ဈေးကွက်မှာလည်း ဖြစ်ပွားခဲ့ပေမယ့် လျှပ်စစ်ကား ဈေးကွက် ကြီးမားလာတာကြောင့် ဘတ္ထရီအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားက မြင့်တက်လာခဲ့တာပါ။
ဒါ့အပြင် ပါမောက္ခ ကင်ဟိုမင် က မျိုးဆက်သစ် OTK ဘတ္ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာကြောင့် ကိုရီးယား ကုမ္ပဏီတွေက တရုတ်ပြိုင်ဘက်တွေအပေါ် နည်းပညာပိုင်းအရ အသာစီး ရယူထားနိုင်ခဲ့တယ်။
SSK Innovation ရဲ့ ရှယ်ယာဈေးနှုန်းက OTK ကုမ္ပဏီ နဲ့ လက်တွဲပြီး OTK ဘတ္ထရီတွေ ထုတ်လုပ်ပြီးနောက်မှာ ထိုးတက်သွားခဲ့ပေမယ့် GH Oil ရဲ့ ရှယ်ယာဈေးနှုန်းကတော့ ရေနံဈေး ပြန်တက်လာတာတောင်မှ နေ့စဉ်နဲ့အမျှ ဆက်တိုက် ကျဆင်းနေခဲ့တယ်။
အတိုချုပ်ပြောရရင် - SSK Innovation ရဲ့ ဘတ္ထရီအပေါ် လောင်းကြေးက အကြီးအကျယ် အောင်မြင်ခဲ့ပြီး၊ GH Oil ရဲ့ နေရောင်ခြည်စွမ်းအင်အပေါ် ရင်းနှီးမြှုပ်နှံမှုကတော့ အခြေခံအားဖြင့် ကျရှုံးသွားခဲ့တာပါ။
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ထပ်ပြောတယ်။
“သူတို့က လက်အောက်ခံ ကုမ္ပဏီကို ရောင်းချပြီး မကြာခင်မှာ နေရောင်ခြည်စွမ်းအင် လုပ်ငန်းကနေ ထွက်ခွာဖို့ ရှိတယ်”
“သူတို့က အရှုံးတွေကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ တရုတ် လုပ်ငန်းစုတစ်ခုနဲ့ တော်တော်လေး အခိုင်အမာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရတယ်။ ပိုပြီးကြီးမားတဲ့ အရှုံးတွေကို ကာကွယ်ဖို့အတွက် အဲလိုလုပ်တာက တကယ်ပဲ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ တရားဝင် ကြေညာချက် ထွက်လာတာနဲ့ GH Oil ရဲ့ ရှယ်ယာဈေးနှုန်းက သိသိသာသာ ပြန်တက်လာလိမ့်မယ်”
ဒါက သာမန်ပြည်သူတွေ အလွယ်တကူ မသိနိုင်တဲ့ အတွင်းသတင်းပါ။ သူတို့ရဲ့ နက်ရှိုင်းတဲ့ အမြစ်တွယ်မှုနဲ့ ငွေကြေးလောကက အတွေ့အကြုံတွေက အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိစေတာလေ။
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ဆက်ပြောတယ်။
“GH Oil ကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အရှုံးစာရင်းသွင်းပြီး အဆုံးသတ်သွားနိုင်တယ်။ ဒါပေမဲ့ ပိုပြီးကြီးမားတဲ့ ပြဿနာကတော့ GH ဆောက်လုပ်ရေး ပဲ”
ကိုရီးယား ချေဘောတွေက ဆောက်လုပ်ရေး ကုမ္ပဏီတွေအပေါ် ထူးထူးခြားခြား ခင်တွယ်တတ်ကြပါတယ်။
ဆောက်လုပ်ရေး လက်အောက်ခံ ကုမ္ပဏီမရှိတဲ့ ကိုရီးယား ချေဘောကြီးတွေကို ရှာဖွေဖို့ ခက်ခဲပြီး၊ မရှိတဲ့သူတွေကလည်း တစ်ခုခုကို ဝယ်ယူဖို့ ကြိုးစားလေ့ ရှိကြတယ်။
ဆောင်း အုပ်စု နဲ့ SSK အုပ်စု တို့က ထင်ရှားတဲ့ ဥပမာတွေဖြစ်ပြီး၊ အွန်ဆောင်း အုပ်စု ကနေ ခွဲထွက်လာတဲ့ အွန်ဆောင်း မော်တာ အုပ်စု ဆိုရင် မူလအုပ်စုရဲ့ မိခင်အဖွဲ့အစည်းလို့ ပြောလို့ရတဲ့ အွန်ဆောင်း ဆောက်လုပ်ရေး ကိုပါ ဝယ်ယူတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။
ဒါဆိုရင် ချေဘောတွေက ဘာဖြစ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဒီလောက်တောင် သဘောကျနေကြတာလဲ။
တစ်ချက်ကတော့ ကိုရီးယား စီးပွားရေးက အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး မြို့ပြအင်ဂျင်နီယာ စီမံကိန်းတွေကနေတစ်ဆင့် တိုးတက်လာခဲ့တဲ့ သမိုင်းကြောင်းကြောင့် ဖြစ်ပေမယ့် အဓိက အကြောင်းအရင်းကတော့ တရားမဝင် လျှို့ဝှက်ရန်ပုံငွေ ဖန်တီးဖို့အတွက် ဒီကဏ္ဍထက် ပိုပြီး လွယ်ကူတာ မရှိလို့ပါပဲ။ ကန်ထရိုက်စနစ်၊ ထပ်ဆင့်ကန်ထရိုက်စနစ်တွေနဲ့ နေ့စားအလုပ်သမား အမြောက်အမြား ရှိနေတာကြောင့် ရန်ပုံငွေတွေကို လွှဲပြောင်းဖို့ ဒါမှမဟုတ် လုပ်ခလစာနဲ့ စရိတ်စကတွေအတွက် စာရင်းအင်း မှတ်တမ်းတွေကို လိမ်လည်ဖို့ လွယ်ကူပါတယ်။ ဒါကြောင့်မလို့ ဥက္ကဌတွေအတွက် စာရင်းပြင်ပ ရန်ပုံငွေတွေ ဖန်တီးဖို့ ဆောက်လုပ်ရေးဆိုတာက ဟိုးအရင်ကတည်းက သဘောကျခဲ့တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ အိမ်ခြံမြေနဲ့ မြေကွက်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့် ဆောက်လုပ်ရေး ကဏ္ဍကိုယ်တိုင်ကတော့ အခုတလော ကျဆင်းနေခဲ့တယ်လို့ ပြောလို့ရပါတယ်။
“GH ဆောက်လုပ်ရေး က ပြည်တွင်းမှာ နံပါတ်တစ် ဖြစ်လာဖို့ ရည်ရွယ်ပြီး ပြင်းပြင်းထန်ထန် တိုးချဲ့မှုတွေကို လုပ်ဆောင်ခဲ့တယ်။ ဒေသတွင်းက ဆောက်လုပ်ရေး ကုမ္ပဏီအသေးစားတွေကို ဝယ်ယူပြီး သူ့ရဲ့ အရွယ်အစားကို ကြီးထွားစေခဲ့သလို၊ ပြန်လည်ဖွံ့ဖြိုးရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ အမျိုးမျိုးသော အခြေခံအဆောက်အဦး စီမံကိန်းတွေထဲကို ခုန်ဝင်ခဲ့တယ်။ ပတ်ဆီဟျွန်း အစိုးရလက်ထက်မှာလည်း ဆောက်လုပ်ရေး ကဏ္ဍကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အများပြည်သူဆိုင်ရာ လုပ်ငန်းစီမံကိန်း အမြောက်အမြား ရှိခဲ့တာမလို့ သူတို့တွေ အများကြီး အကျိုးအမြတ် ရရှိခဲ့ကြတာလေ”
ဘယ်အစိုးရမဆို တိုးတက်မှုနှုန်းကို မြှင့်တင်ဖို့ အမျိုးမျိုးသော နည်းဗျူဟာတွေကို သုံးစွဲကြပြီး၊ ဆောက်လုပ်ရေး ဈေးကွက်ကို လှုံ့ဆော်တာကတော့ အလွယ်ကူဆုံးပါပဲ။
အကြီးစား ပြန်လည်တည်ဆောက်ရေး ဒါမှမဟုတ် မြို့ပြအင်ဂျင်နီယာ စီမံကိန်းတစ်ခုက အလုပ်အကိုင်တွေကို ချက်ချင်း မြင့်တက်စေပြီး တိုးတက်မှုနှုန်းကိုလည်း ထိုးတက်သွားစေပါတယ်။ ဒါကြောင့်မလို့ နိုင်ငံရေးသမားတွေက ရှေးရိုးစွဲပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲလိုသူပဲဖြစ်ဖြစ် အိမ်ခြံမြေအပေါ် အမြဲတမ်း စွဲလမ်းနေကြတာပါ။
“ဒါပေမဲ့ အစိုးရ အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာတော့ အစိုးရက တာဝန်ပေးတဲ့ အများပြည်သူဆိုင်ရာ စီမံကိန်းတွေက သိသိသာသာ လျော့ကျသွားခဲ့တယ်”
ဒီလိုလျော့ကျသွားတာက ဒီအစိုးရက တမင်သက်သက် လှုံ့ဆော်မှုတွေကို ထိန်းချုပ်လိုက်တာကြောင့် မဟုတ်ဘဲ၊ အရင်အစိုးရက လုပ်ဆောင်လို့ရမယ့် စီမံကိန်း အများစုကို လုပ်ဆောင်သွားခဲ့ပြီးသား ဖြစ်တာကြောင့် လုပ်စရာ သိပ်မကျန်တော့လို့ပါ။
အများပြည်သူဆိုင်ရာ စီမံကိန်းတွေ လျော့ကျသွားတာက ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး၊ ဒေသတွင်း အိမ်ခြံမြေ ဈေးကွက်တွေက နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တာကလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ မကြာခင်ကပဲ GH ဆောက်လုပ်ရေး က ဒေသတွင်းတစ်ခုမှာ စတင်ခဲ့တဲ့ တိုက်ခန်းတွဲ စီမံကိန်းတစ်ခုဆိုရင် ထက်ဝက်ကျော် မရောင်းရဘဲ ကျန်ရှိနေတဲ့ အရှက်ရစရာ ကိစ္စနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က မကျေနပ်တဲ့ လေသံနဲ့ ထပ်ပြောတယ်။
“ပြောင်းလဲလာတဲ့ ခေတ်ကာလကို ထည့်မစဉ်းစားဘဲ သူတို့က အရွယ်အစားကြီးထွားဖို့ပဲ မျက်ကန်းတစ္ဆေလိုမျိုး အာရုံစိုက်ခဲ့ကြတာ။ နိုင်ငံခြား လုပ်ငန်းတွေ တိုးချဲ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖိလစ်ပိုင်မှာ အကြီးစား အများပြည်သူဆိုင်ရာ စီမံကိန်းတစ်ခုကို စတင်ခဲ့ပေမယ့် ငွေပေးချေမှုအတွက် တာဝန်ယူထားတဲ့ ပြည်တွင်းက SPC ကုမ္ပဏီ(ဟန်ပြကုမ္ပဏီ)က ဒေဝါလီခံသွားခဲ့တယ်။ တကယ်လို့ ဖိလစ်ပိုင်အစိုးရ သာ ဝင်မဖြေရှင်းပေးရင် GH ဆောက်လုပ်ရေး ရဲ့ ရှယ်ယာအရောင်းအဝယ်က အရင်းအနှီး ဆုံးရှုံးမှုကြောင့် ဆိုင်းငံ့ခံရနိုင်တယ်”
ရန်ပုံငွေတွေ ထည့်သွင်းပြီး ဆောက်လုပ်ရေး ကဏ္ဍကို ကယ်တင်ဖို့ ကြိုးစားဖို့ကလည်း တခြား လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အခြေအနေကလည်း မကောင်းမွန်ကြပါဘူး။ ဒါဆိုရင် ဖြေရှင်းချက်က ဘာဖြစ်မလဲ။
“GH အုပ်စု အနေနဲ့ မကြာခင်မှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်”
ကျွန်တော် ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်တယ်။
“ဆုံးဖြတ်ချက်ချမယ်ဆိုတာက ဆောက်လုပ်ရေး ကဏ္ဍကို ကယ်တင်ဖို့အတွက် အဓိကကျတဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ရောင်းချမလား၊ ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းကိုယ်တိုင်ကိုပဲ ဖြတ်ထုတ်ရောင်းချမလား ဆိုတာလား”
ကုမ္ပဏီတစ်ခုက အကြွေးတင်ပြီး စီမံခန့်ခွဲမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုင်ဆိုင်မှုတွေကို ရောင်းချဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့ အဲ့လိုရောင်းချတာက အကြပ်အတည်းတစ်ခုကို ဖြစ်စေပါတယ်။
အကြွေးတင်နေတဲ့ ကုမ္ပဏီကို ဘယ်သူမှ မဝယ်ချင်ကြတာကြောင့် တကယ်လို့ ရောင်းချချင်တယ်ဆိုရင် ဈေးနှုန်းကို အများကြီး လျှော့ချရမှာပါ။ ဒါကြောင့်မလို့ ဆန့်ကျင်ဘက်အနေနဲ့ ကုမ္ပဏီတွေက အမြတ်အစွန်းရနေတဲ့ အဓိက လက်အောက်ခံ ကုမ္ပဏီကို ရောင်းချပစ်လိုက်တာမျိုး တစ်ခါတလေ လုပ်ရတတ်ပါတယ်။
ကျွန်တော် ထင်ရှားတဲ့ ဥပမာတစ်ခုကို ပြန်လည် မြင်ယောင်မိသွားတယ်။
“Yongjin Group က Yongjin Keyway ကို ရောင်းချခဲ့တာလည်း ရှိဖူးတယ်နော်”
Yongjin Keyway က ရေစစ်စက်တွေနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပြီး၊ အိမ်သုံး ရေစစ်စက် တပ်ဆင်ခြင်းနဲ့ စစ်ထုတ်ကိရိယာ စီမံခန့်ခွဲမှု အယူအဆကို စတင်လမ်းဖောက်ခဲ့တာပါ။ Yongjin Keyway က ယုံဂျင်း အုပ်စု ရဲ့ အသားတင်အမြတ် ထက်ဝက်ကျော်ကို ရှာဖွေပေးနေတဲ့ အဓိက ပိုင်ဆိုင်မှုဖြစ်ပြီး၊ ခိုင်မာတဲ့ ငွေကြေးဖွဲ့စည်းပုံနဲ့ ကောင်းမွန်တဲ့ ငွေသားစီးဆင်းမှု ရှိခဲ့ပါတယ်။
အဲဒီတုန်းက ပြဿနာက ယုံဂျင်း ဆောက်လုပ်ရေး မှာ ရှိနေခဲ့တာဖြစ်ပေမယ့် ဈေးကွက်မှာ ယုံဂျင်းဆောက်လုပ်ရေးကို ဝယ်ယူမယ့်သူ မရှိခဲ့ပါဘူး။ ဒါကြောင့်မလို့ ယုံဂျင်း အုပ်စု အနေနဲ့ Yongjin Keyway ကို ရောင်းချဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့တာပါ။
အယ်လီ က လက်ခုပ်တီးလိုက်ပြီး ပြောတယ်။
“အာ… ဟုတ်သားပဲ။ အဲဒီလို ဖြစ်ခဲ့ဖူးတာပဲ”
ဥက္ကဌ ရူချောဂယွန် နဲ့ ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ တို့က အကြည့်ချင်းဖလှယ်ရင်း ပြုံးလိုက်ကြတယ်။
RCK Bros က အဲဒီတုန်းက ယုံဂျင်း အုပ်စု ထံကနေ Yongjin Keyway ကို ဝယ်ယူဖို့အတွက် ဝမ် သိန်းပေါင်း ၁.၂ ကုဋေကို ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ခြောက်နှစ်အကြာမှာတော့ သူတို့က Yongjin Keyway ကို ယုံဂျင်း အုပ်စု ထံ ပြန်လည် ရောင်းချခဲ့ပြီး ဝမ် သိန်းပေါင်း ၁ ကုဋေကျော် အမြတ်အစွန်း ရရှိခဲ့တယ်။
ရန်ပုံငွေ ရှာဖွေတာ၊ သဘောတူညီချက် ရှာဖွေတာကနေတစ်ဆင့် M&A (ပူးပေါင်းဝယ်ယူခြင်း) နဲ့ ထွက်ခွာခြင်းအထိ အဲ့ဒီအရောင်းအဝယ်က စာအုပ်ကြီးအတိုင်း အပြစ်ပြောစရာမရှိအောင် အကောင်အထည်ဖော်ခဲ့တဲ့ ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တစ်ခုပါပဲ။
ရှင်ယူရီ က ဝင်ပြောတယ်။
“ကန်ဟို အုပ်စု ကလည်း အရင်တုန်းက ဒေဟူး ဆောက်လုပ်ရေး ကို မဆင်မခြင် ဝယ်ယူခဲ့ပြီးတဲ့နောက် Workout အစီအစဉ် (အကြွေးပြန်လည်ဆပ်ရမည့် အစီအစဉ်) ထဲ ရောက်သွားခဲ့တာကို မှတ်မိသေးတယ်”
ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ က ခေါင်းညိတ်လိုက်တယ်။
“ယုံဂျင်း နဲ့ ကန်ဟို တို့ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ရပ်တွေ ရှိနေတာတောင် သူတို့တွေက ဘာမှ သင်ခန်းစာ မယူခဲ့ကြဘူး။ တကယ်လို့ GH က သူ့ရဲ့ ဆောက်လုပ်ရေး ကဏ္ဍကို ရောင်းချလိုက်ရင် သူ့ရဲ့ ချေဘော အဆင့်အတန်းက အဆင့် ၂၀ အောက်အထိ ထိုးကျသွားလိမ့်မယ်။ သူ့ရဲ့ လက်ရှိ စီးပွားရေး ဖွဲ့စည်းပုံအရ ပြန်လည် ဦးမော့လာဖို့ အလားအလာက မှေးမှိန်နေတာပဲ”
ဥက္ကဌ ရူချောဂယွန် က ဝိုင်ကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်တယ်။
“ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တဲ့ ကုမ္ပဏီတွေကတော့ အောင်မြင်ပြီး ပိုမိုကြီးထွားလာမှာ ဖြစ်ပြီး၊ လိုက်လျောညီထွေ မလုပ်နိုင်တဲ့သူတွေကတော့ ဖယ်ထုတ်ခံရမှာက သဘာဝကျပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုရီးယားရဲ့ ကော်ပိုရိတ် လောကမှာ အရည်အချင်းမရှိတဲ့သူတွေဟာ သူတို့ရဲ့ ရာထူးတွေကို အကြာကြီး ဖက်တွယ်ထားတာ များလွန်းနေပြီ”