အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄)
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက သူယူလာတဲ့ ကော်ဖီကို စားပွဲပေါ် တင်လိုက်တယ်။
“မင်းကော်ဖီကြိုက်တယ်လို့ ကြားထားတယ်”
တက်ဂယူက ပြောတယ်။
“ကျွန်တော် ကော်ဖီမသောက်ဘူး”
“နောက်တစ်ခွက်က hot chocolateပါ”
“အို… ကျေးဇူးပါ”
“ကော်ဖီကို သေချာသောက်ပါမယ်”
သူက ကျွန်တော်တို့အကြိုက်ကို တော်တော်လေး သိထားပုံရတယ်။
တက်ဂယူက hot chocolateကို အမြန်သောက်လိုက်ပြီး ကျွန်တော်ကတော့ ကော်ဖီကို တစ်ငုံချင်း သောက်နေလိုက်တယ်။ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကလည်း သူ့ကော်ဖီကို ဖြည်းဖြည်းချင်း သောက်ရင်းနဲ့ ပြောလာတယ်။
“ဒါက တကယ့်ကို ထူးဆန်းတဲ့ ပတ်သက်မှုပဲ။ L6 ပြဿနာတုန်းက တစ်ယောက်ယောက်က put options ထဲမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိခဲ့ပေမဲ့ အဲဒါက OTK Company ဖြစ်နေမယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး”
“အာ…. ဟုတ်သားပဲ။ အဲဒီတုန်းကသာ ထုတ်ကုန်ကို မရပ်နားခဲ့ရင် ကျွန်တော်တို့ ဒုက္ခအကြီးအကျယ် ရောက်မှာ”
ပြန်စဉ်းစားကြည့်ရင် အဲဒါက ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ခရီးစဉ်ရဲ့ အစပဲ။ အဲဒီတုန်းကသာ ပိုက်ဆံမရခဲ့ရင် နောက်ပိုင်းမှာ startup တွေထဲ ရင်းနှီးမြှုပ်နှံဖြစ်မှာ မဟုတ်သလို တစ်နှစ်အကြာ Brexit ဖြစ်တဲ့အချိန်မှာလည်း လက်ပိုက်ကြည့်နေရုံပဲ ရှိမှာပါ။
“အခု ပြန်စဉ်းစားကြည့်ရင်တောင် ရင်တုန်စရာပဲ။ အဲဒီတုန်းကသာ စီမံခန့်ခွဲမှု မှားသွားရင် စမတ်ဖုန်းလောကကနေ လုံးဝ ဆုတ်ခွာလိုက်ရမှာ”
ကံကောင်းတာက ဆိုဆောင်းဘက်က သေသေချာချာ ကိုင်တွယ်နိုင်ခဲ့တယ်။ ချက်ချင်းဖြစ်လာမယ့် အရှုံးတွေကို မကြောက်ဘဲ ထုတ်ကုန်ကို ချက်ချင်းရပ်နားလိုက်ပြီး လဲလှယ်တာနဲ့ ပြန်အမ်းတာတွေကို လုပ်ခဲ့တယ်။
အဲဒီဆုံးဖြတ်ချက်က ကျွန်တော်တို့အတွက် ကံကောင်းခြင်း ဖြစ်လာခဲ့တယ်။
အဲဒီတုန်းက ဆိုဆောင်းသာ အဲဒီလိုမလုပ်ခဲ့ရင် ကျွန်တော်တို့ ဝမ် သန်း ၁သောင်းကျော် ဆုံးရှုံးသွားမှာပါ။ ကျန်တဲ့ ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံပြီး ပြန်ရှာနိုင်ခဲ့ရင်တောင် ဒီအခြေအနေကို ရောက်ဖို့ အနည်းဆုံး နောက်ထပ် ငါးနှစ်လောက် ကြာဦးမှာ သေချာပါတယ်။
အဲဒီတုန်းက ရပ်နားဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့လူက ကျွန်တော်ရှေ့မှာ ထိုင်နေတဲ့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံပါပဲ။
“အဆုံးမှာတော့ အဲဒီဆုံးဖြတ်ချက်က နှစ်ဖက်လုံးအတွက် အကျိုးရှိသွားတယ်လို့ ယုံကြည်ပါတယ်” လို့ သူက ပြောတယ်။
တက်ဂယူကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ်။ အဲဒီနောက်ပိုင်းမှာ ဆိုဆောင်း အီလက်ထရောနစ်ကလည်း ပေါက်သွားတာပဲ”
L6 ရဲ့ ခြောက်ခြားစရာ အခြေအနေတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းထွက်လာတဲ့ L7 က ဒုံးပျံလို တဟုန်ထိုး အောင်မြင်သွားပြီး IM ဌာနကို ပြန်လည် အသက်သွင်းနိုင်ခဲ့တယ်။ ကမ္ဘာ့စီးပွားရေး ကောင်းမွန်လာတာကြောင့် Semiconductor လိုအပ်ချက်ကလည်း ထိုးတက်သွားခဲ့တယ်။
အဲဒါကြောင့် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဝမ် ၁.၃ သန်း ဝန်းကျင်မှာ ငြိမ်နေတဲ့ ရှယ်ယာဈေးက အခုဆိုရင် ဝမ် ၂ သန်းကျော်သွားပါပြီ။ ဈေးကွက်တန်ဖိုးကလည်း ဝမ် သန်းပေါင်း ၃၀ကုဋေ ကျော်သွားပြီ ဖြစ်ပါတယ်။
“အခု စဉ်းစားကြည့်တော့ ကျွန်တော်တို့ကြားမှာ နောက်ထပ် ပတ်သက်မှုတစ်ခု ရှိသေးတယ်။ အဲဒါ ဘာလဲဆိုတာ သိလား”
လင်ဂျင်ယုံက ကိုရီးယားရဲ့ ထိပ်တန်း ချေဘော မိသားစုမှာ မွေးဖွားပြီး ဆက်ခံသူအဖြစ် ကြီးပြင်းလာခဲ့ပေမဲ့ ကျွန်တော်ကတော့ သာမန် လူလတ်တန်းစား မိသားစုမှာပဲ မွေးဖွားကြီးပြင်းခဲ့တာပါ။
ကျွန်တော်တို့ကြားမှာ တကယ့် ပတ်သက်မှု ဘာရှိမလဲလို့ တွေးနေရင်း အကြောင်းအရာတစ်ခု ခေါင်းထဲပေါ်လာတယ်။
“ခင်ဗျားက ကိုရီးယားတက္ကသိုလ်ရဲ့ အနောက်တိုင်းသမိုင်းဌာနက ဘွဲ့ရခဲ့တာလို့ ကြားတယ်”
ကျွန်တော့်စကားကြောင့် ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ရယ်ပြီး ခေါင်းညိတ်ပြတယ်။
“မင်းက သိနေတာပဲ”
ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ကျောင်းဟောင်းကို နှစ်တိုင်း ပညာသင်ဆု အများကြီး လှူပါတယ်။ ကျွန်တော်ကျောင်းတက်တုန်းကလည်း ကျောင်းသားတွေက သူ့ကို "စီနီယာ ချေဘော" လို့ပဲ ခေါ်ကြတာပါ။
ဒါနဲ့ ကိုရီးယားတက္ကသိုလ်က ထွက်တဲ့ "စီနီယာ ချေဘော" တွေ တော်တော်များသား။
သိပ္ပံ၊ အင်ဂျင်နီယာ ဒါမှမဟုတ် အနုပညာ နယ်ပယ်တွေမှာ KAIST ဒါမှမဟုတ် ပိုဟန်လိုမျိုး နာမည်ကြီးကျောင်းတွေ ရှိပေမဲ့ လူမှုရေး၊ ဘာသာစကား၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ ဥပဒေဘာသာရပ်တွေမှာတော့ ကိုရီးယားတက္ကသိုလ်က အစဉ်အလာအရ အားကောင်းပါတယ်။ ဒါကြောင့် အရင်ကတည်းက ချေဘော မျိုးဆက်တွေ ကိုရီးယားတက္ကသိုလ်မှာ ကျောင်းတက်တာ များပါတယ်။ (အခုနောက်ပိုင်း နိုင်ငံခြားမှာ ကျောင်းသွားတက်တာ ခေတ်စားနေပေမဲ့ပေါ့)။
တက်ဂယူက အထင်ကြီးတဲ့ လေသံနဲ့ ပြောတယ်။
“အို…. တကယ့် ပတ်သက်မှုပဲ။ ဒါဆို ဂျင်ဟူက ဂျူနီယာဆိုတော့ သူ့ကို သက်တောင့်သက်သာပဲ ဂျူနီယာလို့ ခေါ်လိုက်ပါလား”
“...ဟင်”
ရုတ်တရက်ကြီးလား။ ငါတို့က မေဂျာချင်းလည်း မတူဘူး၊ ငါက ဘွဲ့တောင် မရသေးဘူးလေ။
တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။
“တောင်ကိုရီးယားမှာက ဆွေမျိုးတော်စပ်မှု၊ အဆက်အသွယ်နဲ့ ကျောင်းက အဆက်အနွယ်တွေက အဓိကပဲ။ အနည်းဆုံးတော့ ကျွန်တော်တို့မှာ တစ်ခုရှိသွားပြီ”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ပြုံးရင်းနဲ့ မေးတယ်။
“ဂျူနီယာလို့ခေါ်လို့ အဆင်ပြေရဲ့လား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“အဲ့လိုခေါ်တာက ပိုအဆင်ပြေပါတယ်။ ကျွန်တော်လည်း စီနီယာလို့ပဲ ခေါ်ပါ့မယ်”
ကျွန်တော်က ဒီလို လုပ်ထုံးလုပ်နည်းတွေကို သိပ်ဦးစားမပေးပေမဲ့ ကျွန်တော်တို့က စီနီယာ-ဂျူနီယာ တော်စပ်နေတာတော့ အမှန်ပဲ။
တက်ဂယူက စကားတစ်ခွန်း ထပ်ဖြည့်လိုက်တယ်။
“ကျွန်တော့်အစ်မလည်း ကိုရီးယားတက္ကသိုလ်ကပဲ ဘွဲ့ရတာ”
“ဟုတ်တယ်၊ ဒါရိုက်တာ အိုဟျွန်းဂျူးက စီးပွားရေးဌာနက ဘွဲ့ရခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်”
“ကျွန်တော့်အစ်မအရင်းက ဂျူနီယာ ဖြစ်နေတော့ ကျွန်တော်လည်း ခင်ဗျားကို 'စီနီယာ' လို့ပဲ ခေါ်တော့မယ်”
“...”
ဒါက ဘယ်လို ဆွဲယူတော်စပ်ပစ်လိုက်တာလဲဟ။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကတော့ ဘာမှမဖြစ်သလိုပဲ။
“တကယ်တော့ မင်းကို ငါ တွေ့ချင်နေတာ ကြာပြီ။ OTK Company အဆောက်အဦးကိုတောင် သွားဖို့ စဉ်းစားခဲ့သေးတယ်”
“မသွားဖြစ်ခဲ့တဲ့ အကြောင်းရင်း ရှိလို့လား”
“ကိုရီးယားမှာက စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အရမ်းများလို့ပါ”
ကျွန်တော်တို့သာ တွေ့ခဲ့ရင် သတင်းတွေ တက်လာမှာ သေချာတယ်။ အကြောင်းပြချက် မရှိဘဲ တွေ့ရင်တောင် ဘာကြောင့်လဲဆိုတာကို အမျိုးမျိုး ခန့်မှန်းကြမှာလေ။
တက်ဂယူက ပြောတယ်။
“ဖုန်းဆက်တာ ဒါမှမဟုတ် Video Callနဲ့ ပြောရင်လည်း ရတာပဲကို”
“ဒါပေမဲ့ လူချင်းတွေ့တာကိုတော့ ဘာကမှမမီဘူး”
ဖုန်းကို စတင် တီထွင်တုန်းက လူတွေက တွေ့ဆုံမှုတွေ တော်တော်လေး နည်းသွားလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ အဲဒီလို မဟုတ်ခဲ့ဘူး။
အဓိက အကြောင်းရင်းက စကားပြောဆိုမှုရဲ့ အနှစ်သာရက ဆက်သွယ်မှု တစ်ခုလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိလို့ပဲ။ ကျန်တာတွေက မျက်လုံးချင်းဆုံတာ၊ မျက်နှာအမူအရာ၊ အသံနေအသံထားနဲ့ လက်ဟန်ခြေဟန် လိုမျိုး စကားမပါတဲ့ အချက်တွေပါ။
Video Callတွေက သာမန်ဖုန်းပြောတာထက်စာရင် အဲဒီအချက်တွေကို ပိုသိသာစေပေမဲ့ လူချင်းတွေ့တာကိုတော့ မမီသေးဘူး။
ဒါကြောင့်လည်း ဆက်သွယ်ရေး နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ လူတွေက စီးပွားရေးကိစ္စအတွက် ကမ္ဘာ့တစ်ဖက်ခြမ်းကို ပျံသန်းသွားနေကြတုန်းပါပဲ။
ကျွန်တော် ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။
ကိုရီးယားမှာ မတွေ့တာက စောင့်ကြည့်နေတဲ့ မျက်လုံးတွေ များလို့ဆိုပဲ။ သူက ငါ့ကိုတွေ့ဖို့ အမေရိကကနေ တကူးတက လာခဲ့တာလား။
အခုတောင် သူက သက်တော်စောင့်တွေ၊ ဝန်ထမ်းတွေ မပါဘဲ တစ်ယောက်ထဲ လာခဲ့တာလေ။ ဒါက ငါတို့ တွေ့နေတာကို ဖုံးကွယ်ထားဖို့ အကြောင်းရင်း ရှိနေတယ်လို့ ဆိုလိုတာလား။
“ကျွန်တော်တို့ကို ဘာကိစ္စနဲ့ လာရှာတာလဲဆိုတာ မေးလို့ရမလား”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ကော်ဖီခွက်ကို ချလိုက်ပြီး ပြောလိုက်တယ်။
“ငါ့ဂျူနီယာတွေဆီကနေ အကူအညီ လာတောင်းတာပါ”
ထိပ်တန်း ဆိုဆောင်း အုပ်စုရဲ့ ဒုဥက္ကဋ္ဌက ကျွန်တော့်ကို အကူအညီ တောင်းနေတာလား။
တက်ဂယူက “ဘာအကူအညီလဲ” လို့ မေးတယ်။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ မျက်နှာက တည်ကြည်သွားတယ်။
“ဘာမှ မဆွေးနွေးခင်မှာ မင်းတို့ကို အရင်ဆုံး ပြောပြရမယ့် အရေးကြီးတဲ့ အချက်တစ်ခု ရှိတယ်”
အရေးကြီးတဲ့ အချက် ဟုတ်လား။
ကျွန်တော်တို့က သူ ဆက်ပြောမှာကို ငြိမ်ပြီး စောင့်နေလိုက်တယ်။
ခဏလောက် တိတ်သွားပြီးနောက်မှာ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက သက်ပြင်းချရင်း ပြောတယ်။
“သိပ်မကြာခင်မှာ ငါ့အဖေ ဆုံးတော့မယ် ထင်တယ်”
လင်အီကွမ်က ဆိုဆောင်း အုပ်စုကို တည်ထောင်သူ လင်ယောင်ချောရဲ့ တတိယမြောက် သားပါ။
အစ်ကိုတွေ ရှိနေပေမဲ့လည်း ဥက္ကဋ္ဌ လင်ယောင်ချောက သူ့ရဲ့ တတိယသား လင်အီကွမ်ကိုပဲ ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တယ်။ အဲဒီတုန်းက အကြီးဆုံးသားနဲ့ ဒုတိယသားတို့ရဲ့ ကန့်ကွက်မှုကို ကြုံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တာ သက်သေပြနိုင်ခဲ့တယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေအထိ ဆိုဆောင်း အီလက်ထရောနစ်က ဂျပန် အီလက်ထရောနစ် ကုမ္ပဏီတွေဆီက နည်းပညာတွေ ယူပြီး အိမ်သုံးပစ္စည်းတွေကိုပဲ ထုတ်လုပ်ရောင်းချခဲ့တာပါ။
လင်ယောင်ချောက ဒီအတိုင်း ဆက်သွားရင် ဆိုဆောင်း အီလက်ထရောနစ်က ဂျပန်ကုမ္ပဏီတွေရဲ့ အရိပ်အောက်ကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် သူက Semiconductor နယ်ပယ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
DRAM ထုတ်လုပ်မှုက နည်းပညာအရ ခက်ခဲသလို ရင်းနှီးမြှုပ်နှံမှုကလည်း အကြီးအကျယ် လိုအပ်ပါတယ်။ သက်ဆိုင်ရာ မူပိုင်ခွင့် အများစုကိုလည်း အမေရိကန်နဲ့ ဂျပန် ကုမ္ပဏီတွေကပဲ ကိုင်ထားတာပါ။
နည်းပညာနဲ့ အရင်းအနှီး မလုံလောက်တဲ့ သာမန် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုအတွက် အဲဒီဈေးကွက်ထဲ ဝင်ဖို့ဆိုတာ မလွယ်ပါဘူး။
ဥက္ကဋ္ဌ လင်ယောင်ချောက ဒေဝါလီခံလုနီးပါး ဖြစ်နေတဲ့ Semiconductor ကုမ္ပဏီတစ်ခုကို ဝယ်လိုက်ပြီး DRAM ထုတ်လုပ်ဖို့ စတင်ခဲ့တယ်။ အားလုံးက ကန့်ကွက်နေကြချိန်မှာ လင်အီကွမ် တစ်ယောက်ပဲ သူ့အဖေရဲ့ ဆုံးဖြတ်ချက်ကို တက်တက်ကြွကြွ ထောက်ခံခဲ့တာကြောင့် လင်ယောင်ချောက အဲဒီအလုပ်ကို လင်အီကွမ်ကိုပဲ လွှဲပေးခဲ့တယ်။
အဲဒီနောက်ပိုင်း နှစ်တွေကတော့ အခက်အခဲတွေနဲ့ ပြည့်နေခဲ့တာပဲ။
အမြတ်ရမယ့်အစား သန်းထောင်နဲ့ချီတဲ့ အရှုံးတွေက ပုံလာတယ်။ နှစ်တိုင်းမှာ ဆိုဆောင်း အုပ်စု တစ်ခုလုံးကရတဲ့ အမြတ်တွေကို Semiconductor ဌာနရဲ့ အရှုံးတွေကို ဖာထေးဖို့အတွက် သုံးခဲ့ရတယ်။
အကြပ်အတည်းတွေ ပေါ်လာခဲ့တယ်။ အခြေအနေသာ ဆိုးသွားရင် ဆိုဆောင်း အီလက်ထရောနစ်တင် မကဘဲ အုပ်စုတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ဂျပန် အီလက်ထရောနစ် ကုမ္ပဏီတွေကလည်း ဆိုဆောင်း အီလက်ထရောနစ်က နောက်နှစ်အနည်းငယ်အတွင်း ကျရှုံးသွားမှာပဲဆိုပြီး လှောင်ပြောင်ခဲ့ကြတယ်။
အခုဆိုရင် ယုံရခက်ပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းအထိ ကမ္ဘာ့အီလက်ထရောနစ် ဈေးကွက်ကို Sony၊ Panasonic၊ Hitachi နဲ့ Toshiba လိုမျိုး ဂျပန်ကုမ္ပဏီတွေကပဲ စိုးမိုးထားခဲ့တာပါ။
ဒါပေမဲ့ Semiconductor ဈေးကွက်ထဲကို ဝင်ပြီး ဆယ်နှစ်အကြာမှာတော့ ဆိုဆောင်း အီလက်ထရောနစ်က memory Semiconductor နယ်ပယ်မှာ ထိပ်ဆုံးကို ရောက်လာခဲ့တယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဂျပန်ကုမ္ပဏီတွေကို စတင် ကျော်တက်လာပြီး အဆုံးမှာတော့ NAND flash ကဏ္ဍကိုပါ စိုးမိုးနိုင်ခဲ့တယ်။
အဲဒီတုန်းက ဆိုဆောင်း အီလက်ထရောနစ်ကို လှောင်ခဲ့ကြတဲ့ ဂျပန် အီလက်ထရောနစ် ကုမ္ပဏီတွေကတော့ အခုဆိုရင် ဒေဝါလီခံလိုက်ရတာလည်းရှိသလို လုပ်ငန်းအသေးလေးတွေပဲ ကျန်တော့တာလည်း ရှိပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်ကတော့ Semiconductorမှာ ရတဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ကမ္ဘာ့အကြီးဆုံး IT ထုတ်လုပ်သူ ဖြစ်လာခဲ့တယ်။
သူ့ရဲ့ ဈေးကွက်တန်ဖိုးက အခုဆိုရင် ဂျပန်ရဲ့ ထိပ်တန်း အီလက်ထရောနစ် ကုမ္ပဏီ ၁၀ ခု ပေါင်းတာထက် ပိုကြီးသလို ဂျပန်ရဲ့ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ တိုယိုတာထက်တောင် သာသွားပါပြီ။
တရုတ်က Alibaba ဒါမှမဟုတ် WeChat တို့ကို မမီပေမဲ့ အာရှတစ်ခုလုံးမှာတော့ ထိပ်ဆုံး ငါးခုအတွင်းမှာ ရှိနေပါတယ်။ တောင်ကိုရီးယားရဲ့ လူဦးရေနဲ့ စီးပွားရေး အင်အားကို ကြည့်ရင် ဒါက တကယ့်ကို အံ့ဩစရာ အောင်မြင်မှုပါပဲ။
အဲဒီတုန်းကသာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မချခဲ့ရင် ဆိုဆောင်း အီလက်ထရောနစ်က ပျောက်ကွယ်သွားတာ ဒါမှမဟုတ် သာမန် ကုမ္ပဏီတစ်ခုအဖြစ်ပဲ ကျန်နေမှာပါ။ ဒါမှမဟုတ် Sharp လိုမျိုး တရုတ်တွေရဲ့ လက်ထဲ ရောက်သွားနိုင်ပါတယ်။
ဥက္ကဋ္ဌ လင်အီကွမ်က အခုလက်ရှိ ဆိုဆောင်း အုပ်စုနဲ့ ဆိုဆောင်း အီလက်ထရောနစ်ကို ပျိုးထောင်ဖို့ သူ့ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့တာပါ။ အသက်ကြီးနေပြီ ဖြစ်ပေမဲ့လည်း အုပ်စုရဲ့ ကိစ္စအမျိုးမျိုးကို ဦးဆောင်ရင်းနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတုန်းပါပဲ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတော့ သူက အသက်အရွယ်ကြောင့် ရုတ်တရက် လဲကျသွားပြီး ဆေးရုံတက်ခဲ့ရတယ်။ ချက်ချင်း ပြန်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားကြပေမဲ့ ဆေးရုံတက်ရတာ ကြာလာခဲ့ပြီး သူ့ရဲ့ အကြီးဆုံးသား လင်ဂျင်ယုံက အဖေဖြစ်သူရဲ့ နေရာမှာ ကုမ္ပဏီကို စီမံခန့်ခွဲဖို့ ဝင်လာခဲ့ရတယ်။
“အခု သူ့အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်။ သူက အသက်ဆက်ဖို့ ကုသမှုတွေ မခံယူတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကြာကြာခံနိုင်ဖို့ ခက်လိမ့်မယ်။ အလွန်ဆုံးရှိမှ နှစ်ပတ်လောက်ပဲ”
ခေတ်သစ် ဆေးပညာရဲ့ စွမ်းအားက တကယ့်ကို အံ့ဩစရာပါ။ အရမ်းစိုးရိမ်ရတဲ့ လူနာတွေကိုတောင် နှလုံးခုန်နေအောင်၊ သွေးလှည့်ပတ်နေအောင် တစ်နည်းနည်းနဲ့ လုပ်ထားနိုင်ပါတယ်။
အဲဒီအခြေအနေကို အသက်ရှင်နေတယ်လို့ တကယ် သတ်မှတ်နိုင်မလားဆိုတာကတော့ ငြင်းခုံစရာ ရှိပေမဲ့လည်း သေဆုံးမှုကိုတော့ တတ်နိုင်သမျှ ဆွဲဆန့်ထားနိုင်တာပေါ့။ ဒါပေမဲ့ သူပြောသလိုပဲ ဥက္ကဋ္ဌ လင်အီကွမ်က အသက်ဆက်ဖို့ ကုသမှုတွေကို ငြင်းဆန်ထားခဲ့တာပါ။
“ဘာစကားနဲ့ အားပေးရမှန်း မသိတော့ဘူး”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက အေးအေးဆေးဆေး ပြောတယ်။
“ငါ့ စိတ်ကိုပြင်ဆင်ထားတာ ကြာပါပြီ။ ဒါကြောင့် အဆင်ပြေပါတယ်”
ဆေးရုံတက်ကတည်းက ဥက္ကဋ္ဌ လင်အီကွမ်က ဘယ်သတင်းဌာနကိုမှ အင်တာဗျူး မဖြေခဲ့သလို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကလွဲရင် ဘယ်သူ့ကိုမှ ဆေးရုံအခန်းနား အကပ်မခံခဲ့ဘူး။
ဒါကြောင့် သူဟာ ကိုမာဝင်နေပြီ ဒါမှမဟုတ် သေတောင် သေနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့သေးတယ်။ ဘာပဲဖြစ်ဖြစ် သူ ကုမ္ပဏီကို ပြန်ဦးဆောင်ဖို့ ခက်ခဲတော့မှာဖြစ်သလို ကြာကြာလည်း ခံမှာမဟုတ်ဘူးဆိုတဲ့ အယူအဆတွေကပဲ လွှမ်းမိုးနေခဲ့တာပါ။
ဒါကို ကျွန်တော်လည်း တစ်နည်းနည်းနဲ့ ခန့်မှန်းထားပေမဲ့ သူ့ဆီက တိုက်ရိုက် ကြားလိုက်ရတော့ တုန်လှုပ်သွားတယ်။
ဘယ်လောက်ပဲ ချမ်းသာပါစေ၊ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်ပါစေ သေခြင်းတရားကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ ရိုးရှင်းပြီး ထင်ရှားတဲ့ ဒီအမှန်တရားက ကျွန်တော့်ကို လေးလံသွားစေတယ်။
“ဒီအကြောင်းကို ကျွန်တော်တို့ကို ပြောပြတာ အဆင်ပြေရဲ့လား”
ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ကျန်းမာရေး ပြဿနာက အရမ်းကို ထိခိုက်လွယ်ပါတယ်။ သူသေဆုံးသွားတဲ့ သတင်းသာ ပျံ့သွားရင် ဆိုဆောင်း အုပ်စုတင် မကဘဲ စတော့ဈေးကွက် တစ်ခုလုံးကိုပါ ရိုက်ခတ်သွားမှာပါ။
“နောက်ဆုံးတော့ အားလုံး သိသွားကြမှာပဲလေ။ ဒါက မလွဲမသွေ ဖြစ်လာမှာဆိုတော့ ငါ ပြင်ဆင်ထားတာ ကြာပြီ ဆိုပေမဲ့ သူ ဆုံးသွားပြီးရင်တော့ ပြဿနာ အမျိုးမျိုး ပေါ်လာလိမ့်မယ်”
သာမန် မိသားစုတစ်ခုမှာတောင် အဖေဖြစ်သူ ဆုံးပါးသွားတာက ကြီးမားတဲ့ အဖြစ်အပျက်ပါပဲ။
စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖယ်ထားရင်တောင် နာရေးကိစ္စကနေ အမွေဆက်ခံတဲ့ ကိစ္စတွေအထိ လုပ်စရာတွေက အများကြီးပါ။
အမွေအနှစ်တွေ များလာရင် အခြေအနေက ပိုရှုပ်ထွေးသွားပါတယ်။ နာရေးပွဲတွေမှာ မောင်နှမတွေ အမွေခွဲဝေမှုကြောင့် စကားများကြတာက မဆန်းတော့ပါဘူး။
ဒါဆိုရင် ချေဘော မိသားစုမှာဆိုရင် ဘယ်လောက်တောင် ပိုခက်ခဲမလဲ။
ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ပိုင်ဆိုင်မှုက ဝမ် သန်း ၂ကုဋေ ဝန်းကျင် ရှိပါတယ်။ သူက ကိုရီးယားရဲ့ အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးက အမြဲရှိနေခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မနှစ်က Brexit ကြောင့် အဲဒီနေရာကို သူဌေးအသစ် တစ်ယောက်ကို ပေးလိုက်ရတယ်။
“'ပြဿနာ အမျိုးမျိုး' ဆိုတာ ဘာကို ပြောတာလဲ”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်မေးခွန်းကို ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်တယ်။
“စီမံခန့်ခွဲမှုဆိုင်ရာ အငြင်းပွားမှုပေါ့”
“....... ”
ကျွန်တော် သံသယရှိခဲ့တဲ့အတိုင်းပဲ၊ အစောပိုင်းက သူ စကားစကတည်းက ရိပ်မိနေခဲ့တာပါ။
လင်အီကွမ်မှာ သူ့ဇနီး ယွန်ဆိုဟျွန်းနဲ့ သားနှစ်ယောက်၊ သမီးနှစ်ယောက် ရှိပါတယ်။
သူက ရုတ်တရက် လဲကျသွားခဲ့တာ ဆိုပေမဲ့ အသက်ကလည်း ကြီးနေပြီလေ။ ဒါကြောင့် သူက ဆက်ခံမှုနဲ့ အမွေဆက်ခံမှုတွေအတွက် အစီအစဉ်တကျ ပြင်ဆင်ထားတာ ကြာပါပြီ။
သူ့ရဲ့ အကြီးဆုံးသမီး လင်ဆိုမီက ဟိုတယ်နဲ့ duty-free လုပ်ငန်း (ဆီလွန်ဟိုတယ်) ကို ရခဲ့တယ်။ သမီးအငယ် လင်ဆိုကျောင်းက ဖက်ရှင်နဲ့ အပန်းဖြေစခန်း လုပ်ငန်း (Neverland) ကို ရခဲ့တယ်။ သားအငယ်ဆုံး လင်ဆိုယုံကတော့ စက်ရုံနဲ့ လုပ်ငန်းကြီး (ဆိုဆောင်း အင်ဂျင်နီယာ၊ ဆိုဆောင်း စက်မှုလုပ်ငန်း) တွေကို ရခဲ့တယ်။
အကြီးဆုံးသားနဲ့ ဆက်ခံသူ လင်ဂျင်ယုံအတွက်ကတော့ ပင်မကုမ္ပဏီဖြစ်တဲ့ Seosung Materials နဲ့အတူ အုပ်စုရဲ့ အဓိကဖြစ်တဲ့ ဆိုဆောင်း အီလက်ထရောနစ် အပါအဝင် လုပ်ငန်းခွဲ အမျိုးမျိုးကို ပေးခဲ့တယ်။
တက်ဂယူက “ဆိုဆောင်း အီလက်ထရောနစ်နဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာအငြင်းပွားမှုတော့ မဟုတ်ပါဘူးနော်” လို့ မေးတယ်။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ခေါင်းခါလိုက်တယ်။
“အီလက်ထရောနစ်ရဲ့ စီမံခန့်ခွဲမှုအပိုင်းက ပြဿနာ မရှိပါဘူး”
ကျွန်တော် သိထားသလောက်တော့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံမှာ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်းတောင် မပိုင်ပါဘူး။ ဥက္ကဋ္ဌ လင်အီကွမ်မှာ ၄ ရာခိုင်နှုန်းလောက် ရှိပြီး ဆက်စပ်သူတွေရဲ့ ရှယ်ယာတွေ အားလုံးပေါင်းရင်တောင် ၂၀ ရာခိုင်နှုန်း မပြည့်ပါဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေတွေ၊ နိုင်ငံတော် ရန်ပုံငွေတွေ၊ Hedge Fundတွေနဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီတွေ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ၅၀ ရာခိုင်နှုန်းကျော် ကိုင်ထားတာပါ။
ဒါပေမဲ့ ခိုင်မာတဲ့ ထောက်ခံမှုတွေရှိနေတာနဲ့ ဒါရိုက်တာအဖွဲ့က လင်ဂျင်ယုံကို တညီတညွတ်ထဲ ထောက်ခံနေတာကြောင့် စီမံခန့်ခွဲမှု အငြင်းပွားမှုထဲ ပါသွားဖို့ အလားအလာက တော်တော်လေး နည်းပါတယ်။
“ဒါဆိုရင် ဘာက ပြဿနာလဲ”
“ပြဿနာက ဆိုဆောင်း SB မှာပဲ ရှိတယ်”
တက်ဂယူက ကျွန်တော့်ကို မေးခွန်းထုတ်တဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်။
“အဲဒါ ဘတ္ထရီကုမ္ပဏီ မဟုတ်လား။ ပေါက်ကွဲခဲ့တဲ့ L6 ဘတ္ထရီတွေကို ပေးခဲ့တဲ့ ကုမ္ပဏီလေ”
“အတိအကျပဲ”
ဆိုဆောင်း SB က လီသီယမ်-အိုင်ယွန် ဘတ္ထရီ ကဏ္ဍမှာ ကမ္ဘာ့ထိပ်တန်း နည်းပညာနဲ့ အစုလိုက် ထုတ်လုပ်မှု စနစ်ရှိတဲ့ ကုမ္ပဏီပါ။
လက်အောက်ခံ ကုမ္ပဏီအနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်က ရောင်းတဲ့ စမတ်ဖုန်းတွေ၊ လပ်တော့တွေမှာ ဆိုဆောင်း SB က ဘတ္ထရီတွေကို သုံးပါတယ်။
ဆိုဆောင်း SB က ဘတ္ထရီ အသေးစား နည်းပညာမှာ ထူးချွန်ရုံတင် မကဘဲ အကြီးစား နည်းပညာမှာလည်း ကမ္ဘာ့အဆင့်မီတဲ့အတွက် BMW အပါအဝင် ကားထုတ်လုပ်သူ အတော်များများကို လျှပ်စစ်ကား ဘတ္ထရီတွေ ပေးသွင်းနေတာပါ။ (တက်ဂယူ ဝယ်ထားတဲ့ BMW i8 မှာလည်း ဆိုဆောင်း SB ဘတ္ထရီပဲ သုံးထားတာပါ)။
နောင်အနာဂတ်မှာ လျှပ်စစ်ကား ဈေးကွက်က ပိုကျယ်ပြန့်လာမှာကို ထည့်တွက်ရင် ဆိုဆောင်း SB ရဲ့ ကြီးထွားနိုင်စွမ်းက တော်တော်လေး ကြီးမားပါတယ်။
“ဘယ်သူက စီမံခန့်ခွဲခွင့်ကို လိုချင်နေတာလဲ”
“ငါ့အမေနဲ့ ညီလေးပဲ”
ချမ်းသာတဲ့ မိသားစုတွေ လုပ်ငန်းခွဲတွေရဲ့ စီမံခန့်ခွဲခွင့်အတွက် တိုက်ပွဲဝင်ကြတာက မဆန်းပါဘူး။ ဒါကြောင့်လည်း ဒီစကားက ကျွန်တော့်ကို သိပ်ပြီး မလှုပ်ခတ်နိုင်ခဲ့တာပါ။
ကျွန်တော် သိချင်တာက သူတို့ မိသားစု ရန်ပွဲထဲ ကျွန်တော့်ကို ဘာလို့ ဆွဲသွင်းဖို့ ကြိုးစားနေတာလဲ ဆိုတာပါပဲ။
“ပြီးတော့ အဲဒီနောက်ကွယ်မှာ အွန်ဆောင်း မော်တာ ရှိနေတယ်”
“....... ”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်မျက်နှာအမူအရာကို ကြည့်ပြီး ပြုံးလိုက်တယ်။