အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၃)
နစ်ရှီဒါ စတော့ပွဲစားကုမ္ပဏီက အရောင်းအဝယ်သမား ကီမူရာ ဆူဂီဟာရာဟာ မော်နီတာ သုံးလုံးကို တစ်လှည့်စီကြည့်ရင်း အရောင်းအဝယ်အော်ဒါတွေ တင်ဖို့ ကီးဘုတ်ကို အဆက်မပြတ် ရိုက်နေပါတယ်။ သူဟာ သမ်းဝေနေပြီး ငိုက်မြည်းမလာအောင် အတော်လေး အောင့်အီးထားရတာ ကြာပါပြီ။
ကီမူရာက ကော်ဖီခွက်ကို လှမ်းကိုင်လိုက်ပေမဲ့ မသိလိုက်ခင်မှာပဲ ခွက်က အလွတ်ဖြစ်နေပါပြီ။
မကြာသေးခင်ကမှ ဝန်ထမ်းအတော်များများက ကုမ္ပဏီကနေ ရုတ်တရက် ထွက်သွားခဲ့ကြတယ်။ အလုပ်တာဝန်တွေက ပိနေတဲ့အထဲ ဝန်ထမ်းအင်အားကပါ လျော့နည်းသွားတော့ ကျန်တဲ့သူတွေခမျာ အချိန်ပိုတွေ ဆက်တိုက် ဆင်းနေရတာပေါ့။
သူ နောက်ဆုံးအကြိမ် အလုပ်ကနေ အချိန်မှန် ပြန်ခဲ့ရတာ ဘယ်တုန်းကလဲဆိုတာတောင် မမှတ်မိတော့ပါဘူး။ ဝန်ထမ်းအင်အား ထပ်တိုးပေးဖို့ သူ ခဏခဏ တောင်းဆိုပေမဲ့ စောင့်ဆိုင်းဖို့ပဲ အကြောင်းပြန်ခဲ့တာပါ။
ဒါတွေအားလုံးက အဲဒီ အဓိပ္ပာယ်မရှိတဲ့ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ဆိုတာကြောင့်ပါပဲ။ လုပ်အားခ ကုန်ကျစရိတ်တွေ ဖြတ်တောက်နိုင်လို့ ကုမ္ပဏီကတော့ ပျော်နေမှာဖြစ်ပေမဲ့ ဝန်ထမ်းတွေမှာတော့ အလုပ်တွေပိပြီး အသက်ရှူဖို့တောင် အချိန်မရှိကြပါဘူး။
မူလကတော့ သူက အများပြည်သူ ပင်စင်ရန်ပုံငွေ အရောင်းအဝယ်ကိုပဲ သီးသန့် တာဝန်ယူရတာဖြစ်ပေမဲ့ အခုတော့ အထွေထွေ အရောင်းအဝယ်တွေကိုပါ ကိုင်တွယ်နေရပါပြီ။
သူက ညွှန်ကြားချက်တွေအတိုင်း စက်ရုပ်တစ်ရုပ်လိုပဲ လှုပ်ရှားနေခဲ့တာပါ။
'JMP၊ ပေါက်ဈေးအတိုင်း ၁ စု ဝယ်မယ်။ Jaycom၊ အကုန်လုံးကို ၃၂၅၀ ယန်းနဲ့ ရောင်းမယ်။ Manotel၊ အကုန်ရောင်းမယ်။ ပြီးတော့...'
အထွေထွေ အရောင်းအဝယ်အော်ဒါတွေ တင်ပြီးနောက်မှာ သူက အများပြည်သူ ပင်စင်ရန်ပုံငွေ အကောင့်ဆီ အာရုံပြန်လှည့်လိုက်တယ်။ တိုယိုတာရဲ့ လက်ရှိပေါက်ဈေးက ၁၅၁,၃၀၀ ယန်း ဖြစ်နေပြီး ရှယ်ယာ ၃,၀၀၀ ခန့်အတွက် အဝယ် အော်ဒါတွေ တင်ထားတာရှိပါတယ်။ ဈေးကွက်မပိတ်ခင် ရှယ်ယာ ၁,၀၀၀ ထပ်ရောင်းဖို့လည်း ကျန်ပါသေးတယ်။
ကီမူရာက သမ်းဝေရင်း ကီးဘုတ်ပေါ်မှာ စာရိုက်လိုက်တယ်။ သူ အော်ဒါတင်လိုက်တာနဲ့ ချက်ချင်းပဲ ခွင့်ပြုချက် ကျလာပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ မယုံနိုင်စရာတစ်ခု ဖြစ်သွားခဲ့တယ်။ သူက လက်ရှိပေါက်ဈေးအတိုင်း အရောင်းအော်ဒါ တင်လိုက်တာဖြစ်ပေမဲ့ ပိုနိမ့်တဲ့ဈေးနဲ့ အဝယ်အော်ဒါတစ်ခုက ချက်ချင်းဆိုသလို ဝယ်ယူတာ အောင်မြင်သွားတာပါ။
"ခ-ခဏနေပါဦး"
ကီမူရာ တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိသွားတယ်။ သူ ချက်ချင်းပဲ အိပ်ချင်ပြေသွားပြီး အော်ဒါဖျက်သိမ်းတဲ့ ခလုတ်ကို ချက်ချင်း နှိပ်လိုက်တော့တယ်။
အော်ဒါ တင်လိုက်တာနဲ့ ဖျက်သိမ်းလိုက်တဲ့ကြားထဲမှာ တစ်စက္ကန့်တောင်မပြည့်ပါဘူး။
"ဟူး..."
မျက်စိတစ်မှိတ်အတွင်းမှာပဲ တင်ထားတဲ့ အဝယ်အော်ဒါတွေ ပျောက်ကွယ်သွားပေမဲ့ အဆိုးရွားဆုံး အခြေအနေကိုတော့ သူ ရှောင်လွှဲနိုင်ခဲ့ပါပြီ။
သူက သက်ပြင်းချရင်း ရင်ဘတ်ကို သပ်လိုက်ပြီး အကောင့်ထဲက စတော့လက်ကျန်ကို စစ်ဆေးလိုက်တယ်။
ဒါပေမဲ့...
'ဟင်…. ဘာလို့ ပျောက်သွားတာလဲ'
သူ မျက်စိမှားတာလားဆိုပြီး မျက်မှန်ကို ပင့်တင်ရင်း မျက်စိကို မှိတ်ပြီး ပြန်ဖွင့်ကြည့်မိတယ်။ ဒါပေမဲ့ ရှယ်ယာတစ်စုတောင် ကျန်မနေခဲ့ပါဘူး။
သူက အရောင်းအဝယ် မှတ်တမ်းဆီ အကြည့်ရွှေ့လိုက်တယ်။ ကြိုတင်တင်ထားတဲ့ အဝယ်အော်ဒါ ရာနဲ့ချီပြီး အောင်မြင်သွားတာကို သူ မြင်လိုက်ရတာပါ။
ပြီးတော့ စာရင်းအဆုံးနားမှာ ရှယ်ယာ ၁၄,၉၇၀,၀၀၀ အတွက် အရောင်းအဝယ်တစ်ခုက အောင်မြင်သွားခဲ့တာကိုပါ မြင်လိုက်ရပါတယ်။
ပိုပြီး တုန်လှုပ်စရာကောင်းတဲ့ အချက်ကတော့ အရောင်းအဝယ်ဈေးနှုန်းက ၁ ယန်းထဲ ဖြစ်နေတာပါပဲ။
'၁ ယန်း ဟုတ်လား။ ငါ အကုန်လုံးကို ၁ ယန်းနဲ့ ရောင်းလိုက်တာလား'
ဈေးအနိမ့်နဲ့ အော်ဒါတင်ရင်တောင် အရောင်းအဝယ်က အဝယ်အော်ဒါဈေးနှုန်းအတိုင်းပဲ အောင်မြင်ရမှာဖြစ်ပေမဲ့ ကြိုတင်တင်ထားတဲ့ အဝယ်အော်ဒါတွေ ပျောက်ကွယ်သွားတဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၁ ယန်းဆိုတဲ့ အရောင်းအော်ဒါဈေး နှုန်းအတိုင်း အဝယ်အော်ဒါတစ်ခု ဝင်လာပြီး အောင်မြင်သွားခဲ့တာပါ။
ဒီလိုနဲ့ အရောင်းအဝယ်က ဆယ်ဂဏန်းလောက် ဖြစ်သွားခဲ့တယ်။ ပြီးတော့ မယုံနိုင်စရာကောင်းတာက ရောင်းမိလိုက်တဲ့အထဲက တစ်ခုက ရှယ်ယာ ၁၄.၉၇ သန်း ဖြစ်နေတာပါပဲ။
ဒါက တကယ့်ကို မယုံနိုင်စရာပါ။
'ငါ-ငါ အခု အိပ်မက်မက်နေတာလား'
သူ့စိတ်တွေ ဗလာဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ရင်လာခဲ့တယ်။ သူ့မျက်မှန်က လှည့်ပတ်ကြည့်ရတဲ့ မှန်ပြောင်းလို ဖြစ်သွားပြီး မြင်ကွင်းတွေလည်း ချာချာလည်သွားသလို ခံစားလိုက်ရတယ်။
အဲဒီအချိန်မှာ တစ်ယောက်ယောက်က သူ့ပခုံးကို လှမ်းကိုင်ပြီး အပြင်းအထန် လှုပ်ခါလိုက်တယ်။ သူ သတိပြန်ဝင်လာတော့ ဌာနမှူး အိုကူမာက သူ့ရှေ့တည့်တည့်မှာ ရပ်နေခဲ့ပါပြီ။
"ဟေ့… ကီမူရာ။ ဘာတွေဖြစ်ကုန်တာလဲ။ အခုလေးတင် ဘာဖြစ်သွားတာလဲ"
သူက စကားတွေ ထစ်အထစ်အနဲ့ ပြောလိုက်တယ်။
"အဲ-အဲဒါက...ဟိုလေ… ကျ-ကျွန်တော် အမှားလုပ်မိသွားတယ် ထင်တယ်"
"အမှား ဟုတ်လား။ ဘယ်လိုအမှားမျိုးလဲ"
နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုက ချက်ချင်း လိုက်လာခဲ့တယ်။
မကြာခင်ကတင် အနည်းငယ် တက်နေခဲ့တဲ့ Nikkei အညွှန်းကိန်းဟာ အခုဆိုရင် ၄.၃ ရာခိုင်နှုန်းအထိ ထိုးကျသွားပါပြီ။
ဒီနေ့လည်း ကျွန်တော်တို့ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း မော်နီတာတွေကို စိုက်ကြည့်နေမိတယ်။
အရောင်းအများဆုံးတွေက နိုမူရာ စတော့ပွဲစားကုမ္ပဏီ၊ Merrill Lynch နဲ့ JC စတော့ပွဲစားကုမ္ပဏီတို့ ဖြစ်နေကြတာပါ။ နစ်ရှီဒါ စတော့ပွဲစားကုမ္ပဏီကလည်း ဆက်တိုက် ရောင်းနေပေမဲ့ ရောင်းနေတာက ဂျပန်ရဲ့ အများပြည်သူ ပင်စင်ရန်ပုံငွေရဲ့ ရှယ်ယာပမာဏဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်တော့်လက်ချောင်းက Enter ခလုတ်ပေါ်မှာ ဝဲနေတုန်းပဲဖြစ်ပြီး မော်နီတာဆီကနေ မျက်တောင်တစ်ခတ်စာတောင် အကြည့် မလွှဲခဲ့ဘူး။ ဒါပေမဲ့ မနက်ခင်းအပိုင်း ပြီးသွားပြီး ညနေခင်းအပိုင်းကလည်း အဆုံးသတ်ခါနီးနေပြီ ဖြစ်ပေမဲ့ ဘာမှ ဖြစ်မလာသေးပါဘူး။
တက်ဂယူက ဘေးနားမှာ မုန့်စားရင်း ပြောတယ်။
"ဒီနေ့လည်း မဟုတ်သေးဘူး ထင်တယ်"
"အဲဒီလိုပဲ ထင်ရတာပဲ"
ဈေးကွက်ပိတ်ဖို့ မိနစ် ၂၀ တောင်မလိုတော့ပါဘူး။
ဒါပေမဲ့လည်း အဆုံးအထိတော့ အကြည့်မလွှဲသင့်ဘူးမဟုတ်လား။ ဒါပေမဲ့ ကျွန်တော် သန့်စင်ခန်းသွားချင်နေတာ အတော်ကြာပါပြီ။ ညနေခင်းအပိုင်း မစခင်ကတည်းက သွားခဲ့သင့်တာပါ။
နောက်ထပ် မိနစ် ၂၀ လောက် အောင့်ထားနိုင်မလား။ မအောင့်ထားနိုင်တော့ဘူး ထင်တယ်။
"ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
"အိုကေ၊ ငါ စောင့်ကြည့်ထားလိုက်မယ်"
ကျွန်တော်တို့ မော်နီတာကို စိုက်ကြည့်ရင်း နေရာကို သေသေချာချာ လဲလိုက်ကြတယ်။ တက်ဂယူရဲ့ မုန့်ပဲ လှမ်းနှိုက်နေတဲ့ လက်ချောင်းတွေက အခုတော့ Enter ခလုတ်ပေါ်မှာ ဝဲလို့နေပါပြီ။
"အကြည့်မလွှဲနဲ့ဦးနော်"
"သိပါပြီ။ သူငယ်ချင်းရာ၊ ငါ့ကိုယုံပြီးသာ သွားပေါက်စမ်းပါ"
ကျွန်တော် သန့်စင်ခန်းဆီ အမြန် လျှောက်သွားလိုက်တယ်။ စီအီးအို အခန်းထဲမှာ သန့်စင်ခန်းတင်မကဘဲ ရေချိုးခန်းပါ ပါတာပါ။
အပေါ့ကိစ္စ ရှင်းပြီးနောက် လက်ဆေးဖို့ ဘေစင်ရှေ့မှာ ရပ်လိုက်တယ်။ မှန်ထဲက ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ တကယ့်ကို ဖရိုဖရဲ ဖြစ်နေတာပါ။
မျက်လုံးတွေက သွေးကြောတွေထပြီး နီရဲနေသလို အရေပြားကလည်း ခြောက်သွေ့နေတယ်။ မနေ့ကတည်းက မုတ်ဆိတ်မရိတ်ရသေးတော့ မုတ်ဆိတ်မွေးတွေကလည်း ဖရိုဖရဲ ထွက်နေတာပေါ့။
ကျွန်တော်က စတော့ဈေးကွက် စွဲလမ်းနေတဲ့သူ ဒါမှမဟုတ် ကွိုင် စွဲနေတဲ့သူတစ်ယောက်နဲ့ တူနေပါပြီ။ အယ်လီ စိတ်ပူတာလည်း မလွန်ပါဘူး။
ကျွန်တော် ဘာတွေလုပ်နေမှန်းတောင် ကိုယ့်ကိုကိုယ် မသိတော့သလိုပါပဲ။
ပြီးတော့ ဒါကို ဘယ်လောက်အထိ ဆက်လုပ်နေရဦးမလဲဆိုတာလည်း မသိပါဘူး။
ကျွန်တော် ရေဖွင့်ပြီး လက်ဆေးလိုက်တယ်။ အိပ်ရေး သေသေချာချာ မဝတာကြောင့်လည်း ဖြစ်နိုင်ပေမဲ့ ခေါင်းထဲမှာ မူးနောက်နေတာပဲ။ ဒီနေ့လည်း အချိန်မဟုတ်သေးဘူး ထင်ရတာကြောင့် ဆိုဖာပေါ်မှာ ခဏလှဲပြီး နားလိုက်ရမလား။
အခုချက်ချင်းပဲ အိပ်ပျော်သွားနိုင်မလို ခံစားနေရပါတယ်။
အဲဒီလို တွေးနေတုန်းမှာပဲ တက်ဂယူရဲ့ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရတယ်။
"အား..."
ကျွန်တော် လန့်သွားပြီး သန့်စင်ခန်းတံခါးကို ဝုန်းခနဲ ဖွင့်ထွက်ခဲ့မိတယ်။
"ဘာဖြစ်လို့လဲ"
တက်ဂယူက မျက်လုံးအစုံ ပြူးကျယ်ပြီး ပါးစပ်အဟောင်းသားနဲ့ တကယ့်ကို ထိတ်လန့်တုန်လှုပ်နေတဲ့ ပုံစံမျိုးနဲ့ ရပ်နေတာပါ။
မဟုတ်မှလွဲရော...
"ဘာဖြစ်သွားတာလဲ"
ကျွန်တော့်အမေးကို တက်ဂယူက စကားတွေ ထစ်အပြီး ပြောလာတယ်။
"မ-မင်း ဘာသာပဲ ကြည့်လိုက်တော့"
ကျွန်တော် မော်နီတာကို ကြည့်လိုက်တော့ အကောင့်ထဲမှာ မကြာခင်ကတင် မရှိခဲ့တဲ့ တိုယိုတာ ရှယ်ယာ ၁၄,၉၇၀,၀၀၀ ရှိနေပါပြီ။
တက်ဂယူနဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘာစကားမှ အပြန်အလှန် မပြောဘဲ ကျွန်တော်တို့ တစ်ပြိုင်ထဲ ဟစ်ကြွေးကာ အောင်ပွဲခံလိုက်ကြတော့တယ်။
"ယဟူး..."
"ဝိုး..."
ရင်းနှီးမြှုပ်နှံမှု ပမာဏက ၁၄.၉၇ သန်း ယန်းပဲ ရှိတာဖြစ်ပေမဲ့ အဲဒီပမာဏနဲ့တင် ကျွန်တော်တို့တွေ တစ်စက္ကန့်မပြည့်တဲ့ အချိန်အတွင်းမှာ ယန်း သန်း ၂၀၀ ကျော် မြတ်လိုက်တာပါ။
အမြတ်အစွန်း ရာခိုင်နှုန်းက တကယ့်ကို မယုံနိုင်စရာ ၁၅,၀၀၀,၀၀၀ ရာခိုင်နှုန်း ဖြစ်နေတာလေ။
ငွေကြေး ရင်းနှီးမြှုပ်နှံမှု သမိုင်းတစ်လျှောက်မှာ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက် အမြတ်အစွန်းအများကြီး ရခဲ့တဲ့ တခြားဖြစ်ရပ်မျိုး ရှိဖူးပါဦးမလား။
တက်ဂယူက စိတ်လှုပ်ရှားလွန်းလို့ ရူးမတတ် ဖြစ်နေပါပြီ။
"ဝိုး။ သူငယ်ချင်းရာ။ အဲဒါ ပေါ်လာတာနဲ့ ငါ ချက်ချင်း Enter နှိပ်လိုက်တာကွ။ သူငယ်ချင်း... ငါ လုပ်နိုင်ခဲ့တာလား။ ငါ တကယ်ပဲ လုပ်နိုင်ခဲ့တာလား"
"အေး။ မင်း လုပ်နိုင်ခဲ့ပြီကွ။ မင်း တကယ် တော်တယ်။ အရူးကောင်ကြီးရဲ့"
ကျွန်တော်တို့ ဖက်လှဲတကင်းနဲ့ ဝမ်းသာအားရ ဖြစ်နေကြတယ်။ စိတ်လှုပ်ရှားမှုတွေ အနည်းငယ် ငြိမ်သက်သွားချိန်မှာတော့ အသံပိတ်ထားတဲ့ တီဗီပေါ်မှာ အရေးပေါ် သတင်းတွေ တက်လာခဲ့ပါပြီ။
[(အရေးပေါ်သတင်း) Nikkei အညွှန်းကိန်း အပြင်းအထန် ထိုးကျ။ အော်ဒါအမှားကြီး ဖြစ်ပွားခဲ့ကြောင်း သံသယရှိ။]
ဂျပန်ရဲ့ စီးပွားရေးအင်အားက ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးဆုံးဖြစ်သလို သူ့ရဲ့ စတော့ဈေးကွက်ကလည်း အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် အကြီးဆုံးနဲ့ အာရှမှာတော့ အကြီးဆုံး ဖြစ်နေတာပါ။ ဒါကြောင့်မလို့ တခြားနိုင်ငံတွေရဲ့ စတော့ဈေးကွက်အပေါ် သြဇာသက်ရောက်မှု ကလည်း ကြီးမားလှပါတယ်။
အရေးပေါ်သတင်း မထွက်လာခင်ကတည်းက နစ်ရှီဒါ စတော့ပွဲစားကုမ္ပဏီမှာ ဖြစ်ပွားခဲ့တဲ့ မကြုံစဖူး ဖြစ်ရပ်ကြောင့် အာရှငွေကြေး ကုမ္ပဏီတွေဟာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါပြီ။
Golden Gate ရဲ့ ကိုရီးယားရုံးခွဲလည်း ဖရိုဖရဲ ဖြစ်နေတာပါပဲ။ မကြာသေးခင်ကတင် အေးအေးဆေးဆေး အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ အခုတော့ ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်နေရသလိုမျိုး ပျာပျာသလဲ လှုပ်ရှားနေကြရတာပါ။
အိုဟျွန်းဂျူးက မျက်လုံးပြူးပြီး ညွှန်ကြားချက်တွေ ပေးနေပါတယ်။
"ဘာဖြစ်သွားတာလဲဆိုတာ အခုချက်ချင်း စုံစမ်းစမ်း။ Nikkei ဆီကနေ မျက်စိမလွှဲနဲ့၊ ပြီးတော့ ယန်းငွေ လှုပ်ရှားမှုကိုလည်း ဆက်တိုက် စစ်ဆေးနေပါ"
အယ်လီက ပျာပျာသလဲနဲ့ လှမ်းမေးတယ်။
"ဘာဖြစ်တာလဲ။ တိုယိုတာ ရှယ်ယာ ၁၅ သန်းက တကယ်ပဲ ၁ ယန်းနဲ့ အရောင်းအဝယ် ဖြစ်သွားတာလား"
အိုဟျွန်းဂျူးက အမောတကော ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ သူ့အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ရင်း ပြောတယ်။
"အတိအကျ ပြောရရင် ၁၄,၉၇၃,၁၅၃ ရှယ်ယာပေါ့။ အဲဒီထဲက ၁၄.၉၇ သန်းကို နေရာတစ်ခုထဲက ယူသွားတာ။ ၁၄.၉၇ သန်း ယန်းထဲနဲ့လေ"
ဒီစကားက ထပ်ကြားရရင်တောင် မယုံနိုင်စရာပါပဲ။
"မ-မဖြစ်နိုင်တာ။ ဘယ်နေရာကလဲ"
"ငါလည်း မသိဘူး"
သူတို့ရဲ့ မူလတန်ဖိုးက ယန်း သန်း ၂၀၀ ကျော် ရှိတာဖြစ်ပြီး ဒါကို ဘယ်သူကများ ဝယ်သွားနိုင်ခဲ့တာလဲ။
သူ ညွှန်ကြားချက်တွေ ဆက်ပေးနေတုန်းမှာပဲ အတွင်းရေးမှူးက အပြေးအလွှား ဝင်လာပြီး "ဂျပန်ရုံးခွဲ မန်နေဂျာဆီက ဖုန်းလာနေပါတယ်" လို့ အရေးတကြီး ပြောလာတယ်။
အိုဟျွန်းဂျူးက ဖုန်းကို အမြန် ကောက်ကိုင်လိုက်တယ်။ Golden Gateရဲ့ ဂျပန်ရုံးခွဲ မန်နေဂျာ ရောဘတ် အာကီယာမာ က နှုတ်ဆက်စကားတောင် မပြောဘဲ အင်္ဂလိပ်လို အလောတကြီး မေးလာခဲ့တယ်။
[အခု အခြေအနေကို သိပြီးပြီလား]
သူလည်း နှုတ်ဆက်စကားကို ကျော်လိုက်ပြီး မေးလိုက်တယ်။
" ဘာဖြစ်သွားတာလဲ အတိအကျပြောပြပေးပါ"
မန်နေဂျာ အာကီယာမာက လှမ်းအော်ပြောတယ်။
[အဲဒီမေးခွန်းကို ကျွန်တော်က မေးချင်နေတာ။ ကိုရီးယားရုံးခွဲက အဲဒီ ပမာဏကို ဝယ်လိုက်တယ်လို့ အတည်ပြုထားတယ်။ နင်တို့ တစ်ခုခု သိထားတာ ရှိလား]
အိုဟျွန်းဂျူး လန့်သွားပြီး ပြန်မေးမိတယ်။
"ဘာပြောတယ်၊ ဂျပန်ရုံးခွဲက မဟုတ်ဘဲ ကျွန်မတို့ကလား"
[ဟုတ်တယ်။ ကိုရီးယားရုံးခွဲက အဲဒီပမာဏ အကုန်လုံးကို သိမ်းကျုံးဝယ်သွားတာ]
"ဒါက..."
[နစ်ရှီဒါ စတော့ပွဲစားကုမ္ပဏီက အခုတင် ဖုန်းဆက်လာတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပြီး ချက်ချင်း ဖုန်းပြန်ဆက်ပေးပါ]
သူ ပြန်မဖြေနိုင်ခင်မှာပဲ ဖုန်းကျသွားခဲ့တယ်။ ဂျပန်ရုံးခွဲကတော့ ဒီထက်ပိုပြီး ဖရိုဖရဲ ဖြစ်နေမှာ အသေအချာပါပဲ။
ကိုရီးယားရုံးခွဲက အော်ဒါအမှားကြောင့် ထွက်လာတဲ့ တိုယိုတာ ရှယ်ယာ ၁၄.၉၇ သန်းကို ဝယ်လိုက်တယ် ဟုတ်လား။ အများကြီးရှိတဲ့ သုံးစွဲသူတွေထဲက ဘယ်သူကများ အဲဒီလို လုပ်နိုင်မှာလဲ။
အဲဒီအချိန်မှာ သူ့စိတ်ထဲ အရာတစ်ခု ဖျတ်ခနဲ ဝင်လာခဲ့တယ်။ အဲဒါကတော့ ကန်ဂျင်ဟူနဲ့ အိုတက်ဂယူတို့ မကြာခင်က ပြောခဲ့တဲ့ စကားပါပဲ။ သူတို့တွေ တိုယိုတာ ရှယ်ယာတွေ ဝယ်တော့မယ်လို့ ပြောခဲ့ကြတယ်မဟုတ်လား။
"ဒါဆိုရင်..."
အိုဟျွန်းဂျူးက သူ့စားပွဲမှာ ထိုင်လိုက်ပြီး ကီးဘုတ်ပေါ်မှာ စာရိုက်လိုက်တယ်။ OTK Company ရဲ့ အကောင့်က မော်နီတာပေါ်မှာ ပေါ်လာခဲ့ပြီး အဲဒါကို မြင်လိုက်ရတော့ သူ ထိတ်လန့်လွန်းလို့ စကားတောင် မပြောနိုင်တော့ပါဘူး။
အယ်လီက မျက်လုံးပြူးပြီး မော်နီတာကို စိုက်ကြည့်ရင်း မေးတယ်။
"ဂျ-ဂျင်ဟူနဲ့ တက်ဂယူက ဒါကို ဝယ်လိုက်တာလား"
ခဏအကြာမှာ အိုဟျွန်းဂျူး သတိပြန်ဝင်လာပြီး အော်ဟစ်သလိုမျိုး အသံပြင်းပြင်းနဲ့ အော်လိုက်တော့တယ်။
"အိုတက်ဂယူ..."
ဂျပန်ဝန်ကြီးချုပ်ရုံး။
ဝန်ကြီးချုပ် အိုကာဇာကီ ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး လီရွှဲ့ဝေနဲ့ အစည်းအဝေး ပြုလုပ်နေခဲ့တယ်။
ဂျပန်နဲ့ တရုတ်တို့ဟာ အတိတ်က သမိုင်းကြောင်း ပြဿနာတွေနဲ့ ဆန်ကာကုကျွန်းစု အငြင်းပွားမှုတွေကြောင့် ဆက်ဆံရေး အေးစက်နေခဲ့ကြတာပါ။ ဒါပေမဲ့ မကြာသေးခင်က တရုတ်နိုင်ငံဘက်က ဂျပန်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေ ပြသလာခဲ့ပြီး ဒီအစည်းအဝေးကလည်း တရုတ်ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်မြောက်လာခဲ့တာပေါ့။
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် အခက်အခဲကြီးစွာ ရင်ဆိုင်နေရတာဖြစ်ပြီး တစ်ဖက်မှာတော့ ဂျပန်ရဲ့ အခြေအနေက ကောင်းမွန်နေခဲ့ပါတယ်။ ယန်းငွေ တန်ဖိုးကျဆင်းမှုကြောင့် ပို့ကုန်တွေ သိသိသာသာ တိုးတက်လာခဲ့သလို ကုမ္ပဏီတွေရဲ့ အသားတင်အမြတ်လည်း အများကြီး တိုးလာခဲ့တယ်။ တရုတ်လူငယ်တွေ အလုပ်အကိုင် ရှားပါးမှု ကြုံတွေ့နေရချိန်မှာ ဂျပန်ကုမ္ပဏီတွေကတော့ အလုပ်လုပ်မယ့်သူကို မနည်း ရှာနေကြရတာပါ။
ဝန်ကြီးချုပ် အိုကာဇာကီက သူ တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်တုန်းက ဒုတိယဝန်ကြီး လီရွှဲ့ဝေရဲ့ မောက်မာတဲ့ သဘောထားကို ပြန်တွေးမိတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ လီရွှဲ့ဝေက တကယ့်ကို ယဉ်ကျေးပျူငှာနေခဲ့တာပါ။
အစည်းအဝေးက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ တိုးတက်သွားခဲ့ပြီး လူနှစ်ယောက်က မိတ်ဆွေဟောင်းတွေ တွေ့ဆုံကြသလိုမျိုး ခင်ခင်မင်မင် စကားပြောနေကြပါတယ်။
သူတို့က တစ်ယောက်ရဲ့ အကြံအစည်ကို တစ်ယောက်က သိအောင် အာရုံစိုက်နေကြတာပါ။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက လက်ဖက်ရည်သောက်ရင်း ပြောလာတယ်။
"ဂျပန်က တရုတ်ရဲ့ အရေးအကြီးဆုံး စီးပွားရေးမိတ်ဖက်ပါ။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီး တိုးချဲ့သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သမ္မတကလည်း ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံဆီ လာရောက်လည်ပတ်ဖို့ မျှော်လင့်နေပါတယ်"
ဝန်ကြီးချုပ် အိုကာဇာကီက ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"ကျွန်တော်တို့ အပြုသဘောနဲ့ စဉ်းစားပေးပါ့မယ်"
"ဒါတွေအားလုံးထက် မော်တော်ကားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့က အရေးတကြီး လိုအပ်နေတာပါ။ အခုက ဂျပန်နဲ့ တရုတ်တို့ လက်တွဲရမယ့် အချိန်ပါပဲ"
မော်တော်ကားလုပ်ငန်းက ဂျပန်ရော တရုတ်အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ပြီး လက်ရှိမှာတော့ Caros က ဒီဈေးကွက်ကို လှုပ်ခါနေတာပါ။
"ခင်ဗျား မကြာခင်က စီအီးအို ကန်ဂျင်ဟူနဲ့ တွေ့ခဲ့တယ်လို့ ကြားတယ်"
ဒုတိယဝန်ကြီး လီရွှဲ့ဝေက သူ တွေ့ဆုံခဲ့ဖူးတဲ့ အသက် ၂၀ အရွယ် ကိုရီးယားလူငယ်ကို ပြန်တွေးမိသွားတယ်။ အဲဒီလူငယ်ကြောင့် တရုတ်နိုင်ငံဟာ ယွမ် သန်းပေါင်း သိန်းနဲ့ချီ ဆုံးရှုံးခဲ့ရတာလေ။
'မဟုတ်ဘူး။ ယွမ် သိန်းပေါင်း ကုဋေနဲ့ချီဆုံးရှုံးခဲ့တာလို့တောင် ပြောလို့ရမယ်ထင်တယ်'
ကုန်သွယ်ရေးစစ်ပွဲကို မနည်း အဆုံးသတ်နိုင်ခဲ့ပေမဲ့ တရုတ်စီးပွားရေးကတော့ အထိနာပြီး ယိုင်နဲ့နေတုန်းပါပဲ။ အဲဒါကြောင့်မလို့လည်း သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုဖို့ ဂျပန်အထိ လာခဲ့ကြတာပေါ့။
"ကျွန်တော် အဲဒီအခြေအနေကို တော်တော်လေး အံ့သြမိတယ်။ ခင်ဗျားအတွက် တော်တော် ခက်ခဲခဲ့မှာပဲ။ ဒုတိယဝန်ကြီး"
"အဲဒီလောက်လည်း မခက်ခဲပါဘူး"
ဂျပန်ကတော့ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ သူ့နိုင်ငံသားတွေ ပါဝင်တဲ့ ယာဉ်တိုက်မှု အကြောင်းပြချက်ကို သုံးပြီး ကန်ဂျင်ဟူနဲ့ Caros ကို ဖိအားပေးနေတာပါ။
သူက လက်ဖက်ရည်သောက်ရင်း ပြောလိုက်တယ်။
"ကိုရီးယား နိုင်ငံရေးလောကမှာတော့ ကန်ဂျင်ဟူနဲ့ ပတ်သက်မိရင် အဆုံးသတ် မကောင်းဘူးဆိုတဲ့ စကားရှိတယ်။ ဝန်ကြီးချုပ်လည်း သတိထားသင့်တယ်နော်"
'မင်းတို့က ငတုံးတွေမလို့ ခံလိုက်ရတာပါကွာ'
ဝန်ကြီးချုပ် အိုကာဇာကီက အဲဒီလို တွေးမိပေမဲ့ ပြုံးလိုက်ပြီး ပြန်ပြောတယ်။
"ဟားဟား။ အကြံပေးတာ ကျေးဇူးတင်ပါတယ်။ လူရယ်မခံရအောင် ကျွန်တော်လည်း သတိနဲ့ နေရမှာပေါ့"
လိုရင်းပြောရရင် တရုတ်က ငတုံးတွေမလို့ ခံလိုက်ရတာပါလို့ ပြောလိုက်တာပါပဲ။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက ပြန်ပြီး ငြင်းခုံမနေတော့ဘဲ ပြုံးပဲ ပြုံးလိုက်တယ်။ သူက အကူအညီတောင်းရမယ့် အနေအထား ဖြစ်နေတာကြောင့် ဒီနေ့တော့ လိုက်လျောပေးရမှာပေါ့လေ။
အစည်းအဝေးက အရှိန်ရနေတုန်းမှာပဲ ဝန်ကြီးအဖွဲ့ရုံးရဲ့ ပါလီမန် ဒုတိယဝန်ကြီးက အစည်းအဝေးခန်းထဲကို အမြန် ပြေးဝင်လာခဲ့တယ်။
ဝန်ကြီးချုပ် အိုကာဇာကီက နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
သူက ဦးညွှတ်လိုက်ပြီး ပါးစပ်ကို ပိတ်ရင်း ဝန်ကြီးချုပ်ရဲ့ နားနား ကပ်တိုး ပြောလိုက်တယ်။ ဝန်ကြီးချုပ် အိုကာဇာကီရဲ့ မျက်နှာအမူအရာက နားထောင်ရင်း တင်းမာသွားခဲ့တယ်။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောလိုက်တယ်။
"ခင်ဗျားမှာ အရေးကြီးကိစ္စ ရှိပုံရတယ်၊ သွားလိုက်ပါ။ ကျွန်တော် စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်"
"ခဏလောက် ခွင့်ပြုပါဦး"
ဝန်ကြီးချုပ် အိုကာဇာကီက သူ့ထိုင်ခုံကနေ ချက်ချင်း ထရပ်လိုက်တယ်။
'ကိစ္စကြီးတစ်ခုခု ဖြစ်တာ နေမှာပဲ'
အစည်းအဝေးကိုတောင် ရပ်ပြီး သွားရလောက်အောင် ဘယ်လို အရေးကြီးကိစ္စမျိုး ဖြစ်နေလို့လဲ။
မကြာခင်မှာပဲ လက်ထောက်တစ်ယောက် ချဉ်းကပ်လာပြီး အခြေအနေကို အစီရင်ခံတယ်။
အော်ဒါအမှားတစ်ခု ဖြစ်ပွားခဲ့ပြီး တိုယိုတာရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါက အမှန်ဆိုရင် စတော့ဈေးကွက်တင်မကဘဲ ကမ္ဘာ့မော်တော်ကားလုပ်ငန်း တစ်ခုလုံးကိုပါ လှုပ်ခါသွားစေမယ့် ကိစ္စကြီး ဖြစ်နေတာပါ။
"ဘယ်သူက ဝယ်သွားလဲဆိုတာ အတည်ပြုပြီးပြီလား"
"ကျွန်တော်တို့ အခု အတည်ပြုနေတုန်းပါ"
အချိန် တော်တော်လေးကြာပြီးတဲ့နောက်မှာ လက်ထောက်က ပြန်ရောက်လာပြီး ပြောလိုက်တယ်။
"သေတော့ မသေချာသေးပေမဲ့ OTK Company ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်"
ဒုတိယဝန်ကြီး လီရွှဲ့ဝေ ခဏလောက် တုန်လှုပ်သွားခဲ့တယ်။
"ကန်ဂျင်ဟူ ဟုတ်လား"
သူ အကြာကြီး တွေးတောနေပြီးမှ လက်ဖက်ရည်ခွက်ကို ပြန်ကိုင်လိုက်တယ်။ လက်ဖက်ရည်ကတော့ အေးစက်နေခဲ့ပါပြီ။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက တွန့်ဆုတ်မနေတော့ဘဲ သူ့ထိုင်ခုံကနေ ထရပ်လိုက်တယ်။
"ငါ အခုပဲ ဘေကျင်းကို ပြန်တော့မယ်"
"အစည်းအဝေးကို ရပ်ဆိုင်းလိုက်တာလား"
သူ့မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်တယ်။
"ဝန်ကြီးချုပ် အိုကာဇာကီက အခုအချိန်မှာ ငါတို့ရဲ့ အစည်းအဝေးကို အာရုံစိုက်နိုင်မယ့် စိတ်အခြေအနေမျိုး ရှိနေလိမ့်မယ်လို့ ထင်လို့လား"