အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅)
ပထမအကြိမ် ညှိနှိုင်းမှု ပြီးဆုံးသွားတဲ့နောက်မှာ အမေရိကန် မီဒီယာတွေဆီကနေ သတင်းယူခွင့် တောင်းဆိုမှုတွေ ဆက်တိုက် ရောက်လာခဲ့တယ်။
စီအီးအို ဒါရီလ်က "ငါတို့ ညှိနှိုင်းဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်" လို့ ပြောခဲ့ပြီး သမဂ္ဂဥက္ကဋ္ဌ ဒန်းနစ်ကတော့ "သပိတ်မှောက်ဖို့ ဖြစ်နိုင်ခြေက ကုမ္ပဏီရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်" လို့ အလေးအနက်ပြောရင်း ပြင်းထန်တဲ့ ရပ်တည်ချက်ကို ဆက်ထိန်းထားခဲ့တယ်။
ဒုတိယအကြိမ် ညှိနှိုင်းမှုကိုတော့ တစ်ပတ်အကြာမှာ ပြုလုပ်ဖို့ သတ်မှတ်လိုက်ကြတယ်။
နေလည်စာစားချိန်လောက်မှာ ကျွန်တော် တက်ဂယူနဲ့ ဖုန်းပြောဖြစ်တယ်။ ဆိုးလ်မှာဆိုရင် မနက်အစောပိုင်း အချိန် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူက ပုံမှန်အားဖြင့် ညဉ့်နက်တဲ့အထိ မအိပ်တတ်ဘူးလေ။
[အလုပ်တွေ အဆင်ပြေရဲ့လား]
"ညှိနှိုင်းနေတုန်းပဲ။ ကုမ္ပဏီမှာ ထူးထူးခြားခြား ဘာမှမရှိဘူးမလား"
[အဆင်ပြေပါတယ်။]
တက်ဂယူက ရုံးမှာ ရှိနေပြီး ဟင်နရီနဲ့ စီနီယာဆန်းယော့က လက်တွေ့ကျတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ပေးနေတာမလို့ ကျွန်တော် မရှိရင်တောင် အရာအားလုံးက ချောချောမွေ့မွေ့ လည်ပတ်နေမှာပါပဲ။
[ဘယ်တော့ ပြန်လာမှာလဲ]
"နည်းနည်းတော့ ကြာဦးမယ့်ပုံပဲ"
[မြန်မြန်ပြန်လာခဲ့။ တစ်ယောက်ထဲ ပျင်းစရာကြီး]
"……အေးပါ"
ကျွန်တော် ဖုန်းချလိုက်ပြီး အစည်းအဝေးခန်းထဲကို ပြန်ဝင်ခဲ့တယ်။ အယ်လီက လက်တစ်ဖက်နဲ့ မေးထောက်ပြီး ကျန်လက်တစ်ဖက်က ဘောပင်ကို လှည့်ရင်း စာရွက်စာတမ်းတွေကို စစ်ဆေးနေတယ်။
ကျွန်တော်က သူ့ကို ပြောလိုက်တယ်။
"အားနာလိုက်တာ။ နင့်ကို အလုပ်လုပ်ခိုင်းဖို့သက်သက်နဲ့ အမေရိကန်အထိ ခေါ်လာခဲ့မိတယ်"
ဒီစကားကို ကြားတော့ အယ်လီက ခေါင်းမော့ကြည့်လာတယ်။
"ရပါတယ်။ ငါက အလုပ်လုပ်ဖို့ လာခဲ့တာပဲလေ"
ကျွန်တော့်ရဲ့ မူလအစီအစဉ်က အလုပ်တွေကို အဆင်ပြေပြေ အမြန်ဖြတ်ပြီး စူပီးရီးယား ရေကန်နဲ့ နိုင်အာဂရာ ရေတံခွန်တစ်ဝိုက်ကို ကားမောင်းပြီး လည်ပတ်ဖို့ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ လုပ်စရာ အလုပ်တွေနဲ့တင် မွန်းကြပ်နေခဲ့ရတယ်။
ဒါက ကျွန်တော့်အတွက် တတိယအကြိမ်မြောက် အမေရိကန်ခရီးစဉ် ဖြစ်နေပြီဖြစ်ပြီး ဘယ်နေရာကိုမှ သေချာ မလည်ပတ်ရသေးပါဘူး။
"ကော်ဖီ ရောက်ပါပြီ"
တစ်ယောက်ယောက်က ကော်ဖီလာပို့ပေးတဲ့အခါ ကျွန်တော်တို့ အသီးသီး မှာထားတာတွေကို ယူလိုက်ကြတယ်။
ကျွန်တော် ကော်ဖီကို တစ်ငုံသောက်ရင်း ခေတ္တအနားယူလိုက်တယ်။ ဝှိုက်ဘုတ်ပေါ်မှာ ကျွန်တော် ရေးထားခဲ့တဲ့ "သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D)၊ ထုတ်လုပ်မှု၊ အရောင်း" ဆိုတဲ့ စကားလုံးတွေက ရှိနေဆဲပါ။
ရုံးချုပ်က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုင်တွယ်တယ်၊ စက်ရုံတွေက ထုတ်လုပ်မှုကို စီမံခန့်ခွဲတယ်၊ ပြီးတော့ အရောင်းကိုယ်စားလှယ်တွေက အရောင်းပိုင်းကို တာဝန်ယူတယ်။ ဒါပေမဲ့ အရောင်းက သီးခြားခွဲထွက်နေတာကြောင့် သုတေသနနဲ့ ထုတ်လုပ်မှုကလည်း မဖြစ်မနေ သီးခြားစီ ဖြစ်နေရမယ်လို့ မဆိုလိုပါဘူး။
ပြန်စဉ်းစားကြည့်ရင် သုတေသနနဲ့ ထုတ်လုပ်မှုကို သီးခြားခွဲထုတ်ထားတာက ကြာပါပြီ။
မော်တော်ကား ကုမ္ပဏီတွေက အင်ဂျင်လိုမျိုး အဓိက အစိတ်အပိုင်း အနည်းငယ်ကလွဲလို့ ကျန်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မှုကို ပြင်ပ ပေးသွင်းသူ အမြောက်အမြားဆီကိုပဲ အပ်နှံကြတာပါ။
ဒီဖြစ်စဉ်မှာ စုစုပေါင်း လုပ်ငန်းလည်ပတ်မှုရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်က ပြီးစီးနေပြီ ဖြစ်ပါတယ်။
ကားစက်ရုံရဲ့ အခန်းကဏ္ဍက လာပို့တဲ့ အစိတ်အပိုင်းတွေကို ကုန်ချောဖြစ်အောင် တပ်ဆင်ရတဲ့ ဘလောက်တုံးတွေ ဆက်ရသလိုမျိုးပါပဲ။
အဲဒီ တပ်ဆင်တဲ့ ဖြစ်စဉ်ကို အချောသတ် ကားထုတ်လုပ်သူတွေ ပိုင်ဆိုင်တဲ့ စက်ရုံတွေမှာပဲ လုပ်ရမယ်ဆိုတဲ့ စည်းကမ်းတော့ မရှိဘူးလေ။
လက်တွေ့မှာလည်း တချို့သော ကားအမျိုးအစားတွေကို အခြားကုမ္ပဏီတွေရဲ့ စက်ရုံတွေမှာ ထုတ်လုပ်ဖို့ အပ်နှံထားကြတာပါ။ ဒါက စက်ရုံတစ်ရုံ မပိုင်ဆိုင်ဘဲ ကားတွေကို ထုတ်လုပ်ပြီး ရောင်းချနိုင်စေပါတယ်။
ပထမအကြိမ် ညှိနှိုင်းတုန်းက တွေ့ခဲ့ရတဲ့ သမဂ္ဂကိုယ်စားလှယ်တွေကို ကျွန်တော် ပြန်မြင်ယောင်မိတယ်။
သူတို့က ကုမ္ပဏီရဲ့ အခြေအနေပေါ် မူတည်ပြီး စက်ရုံက ဘယ်အချိန်မဆို ပိတ်သွားနိုင်တယ်ဆိုတဲ့ အကြောက်တရားကို ခံစားနေကြရတာပါ။ ဒီအကြောက်တရားက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သူတို့က အမေရိကန် ငွေကြေးအကြပ်အတည်း ကာလအတွင်းမှာ စက်ရုံတွေ ပိတ်သိမ်းပြီး အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာကို မျက်မြင်တွေ့ခဲ့ကြရလို့လေ။
CarOS ရဲ့ ဖြစ်ရပ်မှာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုက လက်ရှိ မော်တော်ကား ထုတ်လုပ်သူကို ဝယ်ယူခဲ့တာ ဖြစ်လို့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်လုပ်မှုကနေ ခွဲထုတ်ဖို့ ပိုပြီး လွယ်ကူတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေပါတယ်။
အရောင်းက ကျဆင်းနေပြီး စက်ရုံအသစ်တွေကို ဆောက်လုပ်နေတဲ့ အချိန်မှာ လက်ရှိ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင် မလုံခြုံမှုကို ခံစားရမှာက သဘာဝကျပါတယ်။
GM က အိန္ဒိယနဲ့ အင်ဒိုနီးရှားက စက်ရုံတွေကို ရုပ်သိမ်းခဲ့ပြီး ထိုင်းနဲ့ ရုရှားက ကုမ္ပဏီခွဲတွေကို ရောင်းချခဲ့သလို မကြာသေးခင်က သြစတြေးလျ စက်ရုံကိုပါ ပိတ်ပစ်ခဲ့တယ်။
ဒါက ရုံးချုပ်အနေနဲ့ အမြတ်အစွန်း နောက်ကို လိုက်ပြီး ထုတ်လုပ်မှု အခြေစိုက်စခန်းတွေကို ဘယ်နေရာကိုမဆို ပြောင်းရွှေ့နိုင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတာပါပဲ။
သုံးစွဲသူတွေက ကားတွေကို ဘယ်မှာ ထုတ်လုပ်လဲဆိုတာ စိတ်မဝင်စားကြဘူး။ ရှယ်ယာရှင်တွေကတော့ အမြတ်အစွန်း တိုးလာရင် သဘောကျနိုင်ပေမဲ့ ရုတ်တရက် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေရဲ့ ခံစားချက်ကတော့ ဘယ်လိုရှိမလဲ။
အယ်လီက ကျွန်တော့်နားကို တိုးလာပြီး မေးတယ်။
"ဘာတွေ တွေးနေတာလဲ"
"သမဂ္ဂကို ဘယ်လို ဖျောင်းဖျရမလဲလို့ စဉ်းစားနေတာ။ တကယ်လို့ ငါတို့က လက်ရှိ စက်ရုံတွေကို ပိတ်မယ်၊ လက်ရှိ ကားတွေကို ရပ်ဆိုင်းမယ်၊ ပြီးတော့ မော်ဒယ်အသစ်တွေ ထုတ်လုပ်မှုကို အခြားနေရာတွေမှာ အပ်နှံမယ်လို့ ပြောပြီး သူတို့ကို ဖိအားပေးရင် ဘာဖြစ်မလဲ"
ဒီလိုသာ ဖြစ်လာရင် သမဂ္ဂရဲ့ သပိတ်မှောက်မှုက အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ထုတ်လုပ်မှု ပမာဏ ပေးမယ်လို့သာ ပြောလိုက်ရင် ကျွန်တော်တို့ကို လက်ကမ်းကြိုဆိုမယ့် နေရာတွေ အများကြီး ရှိပါတယ်။
အယ်လီက ကျွန်တော့်ရဲ့ အကြံပြုချက်ကို သဘောကျပြီး တခစ်ခစ် ရယ်တယ်။
"နင် တကယ်ပဲ အဲဒီလို လုပ်နိုင်မယ်လို့ ထင်လို့လား"
ခဏလောက် စဉ်းစားပြီးနောက် ကျွန်တော် ခေါင်းခါလိုက်တယ်။
"မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ဒါက ငါ့စတိုင် မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေက အိမ်ပြန်ရင် အိမ်ထောင်ဦးစီးတွေပဲလေ။ သူတို့မှာ ချစ်ရတဲ့ အိမ်ထောင်ဖက်တွေ၊ ကျွေးမွေးရမယ့် သားသမီးတွေနဲ့ ဆပ်ရမယ့် ချေးငွေတွေ ရှိနေကြမှာပဲ"
အခုကတော့ ကျွန်တော်က တိုက်ဆိုင်လို့ စီမံခန့်ခွဲသူ နေရာကို ရောက်နေတာ ဖြစ်ပေမဲ့ အလုပ်သမားတွေရဲ့ အမြင်ကို နားလည်ပေးဖို့ ကျွန်တော့်အတွက် မခက်ခဲပါဘူး။
အလုပ်သမားနဲ့ စီမံခန့်ခွဲသူ ဆက်ဆံရေးဆိုတာ နောက်ဆုံးတော့ လူသားချင်း ဆက်ဆံရေးပါပဲ။ တစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်နေကြရင်တောင် လေးစားမှုနဲ့ နားလည်မှုက အခြေခံ ဖြစ်သင့်တယ် မဟုတ်လား။
အယ်လီက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောတယ်။
"သိလား... ကန်ဂျင်ဟူရဲ့ အဲဒီလို အချက်တွေကိုပဲ ငါက သဘောကျတာ"
ကျွန်တော် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို ကုတ်လိုက်မိတယ်။
"မပင်ပန်းဘူးလား"
"ဂျက်စီကာရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာနဲ့ နှိုင်းယှဉ်ရင် ဒါက ကလေးကစားစရာပဲ ရှိပါသေးတယ်"
"……."
တကယ်တမ်း သပိတ်မှောက်ဖို့ လိုအပ်နေတာက Golden Gateက အလုပ်သမားတွေ မဟုတ်ဘူးလား။
ဒုတိယအကြိမ် ညှိနှိုင်းမှု စတင်ခဲ့တယ်။
ကျွန်တော်တို့ ညှိနှိုင်းမှု စားပွဲဝိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ပြန်ထိုင်လိုက်ကြတယ်။ အခုထိလည်း အဲဒီ ထွားကြိုင်းတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အသားမကျနိုင်သေးဘူး။
စက်ရုံမှာ ဘယ်လိုအလုပ်မျိုး လုပ်လို့ ဒီလောက်အထိ ကြွက်သားတွေ တက်လာရတာလဲ။
ဒန်းနစ်က အစကတည်းက အပြင်းအထန် စပြောလာတယ်။
"ငါတို့က အချိန်ပို ဒါမှမဟုတ် အထူးအလှည့်ကျ အလုပ်တွေ မလုပ်ရတဲ့အတွက် အဲဒီအတွက်ကို မင်းတို့က လျော်ကြေးပေးရမယ် မဟုတ်ဘူးလား"
ဒါရီလ်က ပြန်ပက်လိုက်တယ်။
"ဒါဆိုရင် နောက်ပိုင်း အချိန်ပိုနဲ့ အထူးအလှည့်ကျ အလုပ်တွေ တိုးလာတဲ့အခါ မင်းတို့က အခြေခံလစာကို လျှော့ပေးမှာလား"
ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ လစာက တစ်ခါတက်ပြီးရင် ဘယ်တော့မှ ပြန်မကျပါဘူး။
ထင်တဲ့အတိုင်းပဲ ဒန်းနစ်က "ဒါကတော့ နောက်မှပဲ စဉ်းစားရမယ့် ကိစ္စပေါ့" လို့ ပြောတယ်။
ကျွန်တော်တို့ မလွှဲပြောင်းယူခင်တုန်းက Chryslerရဲ့ အရောင်းက တော်တော်လေး ဆိုးရွားခဲ့တာပါ။ အခြား Big Three ဖြစ်တဲ့ GM နဲ့ Ford တို့နဲ့ နှိုင်းယှဉ်ရင် ရှက်စရာကောင်းလောက်အောင် ဖြစ်ခဲ့ပြီး FCA အုပ်စုထဲမှာလည်း ရုပ်ဆိုးတဲ့ ဘဲကလေးလို ဆက်ဆံခံခဲ့ရတာလေ။
အရောင်းကျဆင်းမှုက ရေရှည်ဖြစ်ပွားနေခဲ့တာမလို့ လက်ရှိ အလုပ်သမားတွေ ရရှိတဲ့ လစာနဲ့ ခံစားခွင့်တွေက အလားတူ လုပ်ငန်းကဏ္ဍတွေထက် နည်းနေခဲ့တယ်။ ဒါကြောင့်လည်း သူတို့က အခုလို အပြင်းအထန် တိုက်ပွဲဝင်နေကြတာပါ။
နာရီပေါင်းများစွာ ညှိနှိုင်းပြီးတဲ့တိုင်အောင် သဘောထားကွဲလွဲမှုက မပြေလည်သေးဘူး။
သမဂ္ဂက လစာတိုးပေးဖို့နဲ့ ခံစားခွင့်တွေ ပိုပေးဖို့ တောင်းဆိုနေပြီး စီမံခန့်ခွဲသူတွေကတော့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ရှင်းတမ်းတွေကို ထုတ်ပြပြီး ခက်ခဲကြောင်း ပြောနေပါတယ်။ သမဂ္ဂက စီမံခန့်ခွဲသူတွေရဲ့ ကျရှုံးမှုကို ထောက်ပြပြီး စီမံခန့်ခွဲမှုမှာ ဝန်ထမ်းတွေ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုပေမဲ့ စီမံခန့်ခွဲသူတွေကတော့ ဒါကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စလို့ ပယ်ချခဲ့တယ်။
ဒီအတိုင်းသာ သွားရင် တစ်နေ့ကုန် ညှိနှိုင်းရင်တောင် ရလဒ်ထွက်မှာ မဟုတ်ဘူး။
ကျွန်တော် စဉ်းစားခန်း ဝင်လိုက်တယ်။
ကားအသစ် ထွက်လာတာနဲ့ အမြတ်အစွန်းက သိသိသာသာ ကောင်းမွန်လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအမြတ်တွေကို လျှပ်စစ်ကားတွေမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံရဦးမှာပါ။
နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ အမြတ်အစွန်းတွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရမယ့် သံသရာက ဆက်ရှိနေဦးမှာပဲလေ။
ကျွန်တော်ကရော ကိုယ့်ကုမ္ပဏီက ဝန်ထမ်းတွေကို ဘာလို့ ကောင်းကောင်း မဆက်ဆံချင်ဘဲ နေမလဲ။
တိုးတက်မှုရဲ့ အသီးအပွင့်တွေကို ရှယ်ယာရှင်တွေ၊ စီမံခန့်ခွဲသူတွေတင်မကဘဲ အလုပ်သမားတွေနဲ့ပါ ခွဲဝေခံစားတာက သဘာဝကျပါတယ်။ ဝန်ထမ်းတွေကို ကောင်းကောင်း ဆက်ဆံပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာက နောက်ဆုံးတော့ ကုမ္ပဏီရဲ့ တန်ဖိုးကို တိုးတက်စေတာပါပဲ။
ပြဿနာက အခုလောလောဆယ်မှာ ခက်ခဲနေတာပါ။
ကျွန်တော် စဉ်းစားလို့ ပြီးတာနဲ့ စကားစပြောလိုက်တယ်။
"ဒီလို လုပ်ကြရအောင်။ ငါတို့ လစာကို နှစ်တိုင်း ၆ ရာခိုင်နှုန်း တိုးပေးမယ်။ အထွေထွေ စရိတ်တွေကိုလည်း အတူတူပဲ တိုးပေးမယ်။ အားလပ်ရက် ခံစားခွင့်၊ သားသမီး ကျောင်းလစာနဲ့ ဆေးဝါးကုသစရိတ်လိုမျိုး ခံစားခွင့်တွေကိုလည်း လုပ်ငန်းကဏ္ဍရဲ့ ပျမ်းမျှအထက် ရောက်အောင် တဖြည်းဖြည်း တိုးမြှင့်ပေးသွားမယ်"
ဒန်းနစ်က တိတ်ဆာသွားပြီး ဒါရီလ်ကတော့ အံ့အားသင့်တကြီး အော်ပြောတယ်။
"ကိုယ်စားလှယ်ကြီး"
ကျွန်တော်ကတော့ ဂရုမစိုက်ဘဲ ဆက်ပြောလိုက်တယ်။
"ဒါပေမဲ့ ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေကြောင့် ချက်ချင်း အကောင်အထည်ဖော်ဖို့က မဖြစ်နိုင်ဘူး။ ငါတို့ အချိန်ဇယားတစ်ခု သတ်မှတ်ဖို့ လိုလိမ့်မယ်..."
ဒုန်း
ဒန်းနစ်က စားပွဲကို လက်သီးနဲ့ ထုပြီး အော်ပြောတယ်။
"အဲဒီလို ကတိတွေကို ငါ ကြုံဖူးပေါင်း များလှပြီ။ နောက်မှ လုပ်ပေးမယ်လို့ ပြောပြီး စိတ်ပြောင်းသွားကြတာပဲ။ ဒီလို ဖြစ်ရပ်မျိုးကို ငါက တစ်ခါနှစ်ခါပဲ မြင်ဖူးတယ်လို့ ထင်နေလား"
လက်သီးနဲ့ အထိုးမခံရခင် ကျွန်တော် အမြန်ပဲ စကားကို ဆက်လိုက်ရတယ်။
"ငါ စကားကို ပြန်ပြင်ပါရစေ။ ကုမ္ပဏီရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် နှစ်နှစ်အကြာမှာ အခြေခံလစာ တိုးမြှင့်မှုနဲ့ ဘောနပ်စ် တိုးမြှင့်မှုကို အကောင်အထည်ဖော်ပေးမယ်။ တိုးမြှင့်ထားတဲ့ ပမာဏတွေကို နှစ်နှစ်အကြာမှာ အားလုံး စုပေါင်းပြီး တစ်ခါထဲ ထုတ်ပေးမှာ ဖြစ်ပြီး တိုးတက်မှုနှုန်းကိုလည်း ပေါင်းပြီး တွက်ချက်ပေးမယ်။ ခံစားခွင့်တွေကို နောက်ကြောင်းပြန် သတ်မှတ်ပေးလို့ မရပေမဲ့ အနည်းဆုံးတော့ တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် လုပ်ပေးမယ်လို့ ငါ အာမခံတယ်"
ကျွန်တော့်စကားကြောင့် ဒန်းနစ်က အံ့အားသင့်သွားတဲ့ ပုံစံ ဖြစ်သွားတယ်။
ကျွန်တော်က အရွှန်းဖောက်လိုက်တယ်။
"မော်တော်ကား စက်ရုံက အလုပ်သမားတွေ ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်ရလဲဆိုတာ ငါ သိပါတယ်။ ငါ့ကိုသာ အလုပ်လုပ်ခိုင်းရင် မနက်တပိုင်းတောင် မခံဘဲ လဲကျသွားမှာပဲ"
ကံကောင်းထောက်မစွာပဲ တချို့လူတွေက တိုးတိုးတိတ်တိတ် ရယ်မောကြလို့ အခြေအနေက နည်းနည်း ပျော့ပျောင်းသွားခဲ့တယ်။
"ငါ လုပ်နိုင်သမျှ အားလုံးကို လုပ်ပေးမှာပါ။ ဒါပေမဲ့ သမဂ္ဂကလည်း ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ဒါက အလုပ်သမားနဲ့ စီမံခန့်ခွဲသူတွေ စည်းလုံးရမယ့် အရေးကြီးတဲ့ အချိန်ပဲ။ စီမံခန့်ခွဲမှုကိုတော့ စီမံခန့်ခွဲသူတွေ အပိုင်းက ကိုင်တွယ်လိမ့်မယ်။ ဒါပေမဲ့ ထုတ်လုပ်မှုပိုင်းမှာတော့ အလုပ်သမားတွေရဲ့ အကူအညီကို ငါတို့ အကြွင်းမဲ့ လိုအပ်တယ်"
မော်တော်ကား လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လာတော့မှာပါ။
ကျွန်တော်တို့က ဒီပြောင်းလဲမှုတွေနဲ့အညီ အမြန် အသားကျအောင် လုပ်ရပါမယ်။ တင်းမာတဲ့ အလုပ်သမား ဖွဲ့စည်းပုံရှိတဲ့ ကုမ္ပဏီတွေက ဖယ်ရှားခံရမှာ ဖြစ်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်တဲ့ ကုမ္ပဏီတွေကတော့ ရှင်သန်ကျန်ရစ်ပါလိမ့်မယ်။
သမဂ္ဂကိုယ်စားလှယ်တွေက ကျွန်တော် အခုလို လိုက်လျောလိမ့်မယ်လို့ မျှော်လင့်မထားကြတဲ့အတွက် ဝေခွဲမရဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ကြည့်နေကြတယ်။
ကျွန်တော်က သူတို့ကို ပြောလိုက်တယ်။
"ဒါဆိုရင် ငါတို့တွေ ညှိနှိုင်းမှု အစီအစဉ်ကို အခုပဲ မူကြမ်း ရေးဆွဲကြမလား"
၁၅ နာရီကြာ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ အပြန်အလှန် သဘောတူညီချက်တစ်ခုကို ရရှိခဲ့တယ်။
ပထမဦးစွာ သမဂ္ဂရဲ့ တောင်းဆိုချက်တွေ ဖြစ်တဲ့ အလုပ်ထုတ်ပယ်မှု ပိတ်ပင်ခြင်း၊ အလုပ်အကိုင် လုံခြုံမှုနဲ့ အငြိမ်းစားယူမယ့် အသက်အရွယ် တိုးမြှင့်ခြင်းတို့ကို ကျွန်တော်တို့ အပြည့်အဝ လက်ခံခဲ့တယ်။ နှစ်နှစ်အကြာမှာ လစာနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးမယ့် ကျွန်တော့်ရဲ့ အကြံပြုချက်ကိုလည်း သမဂ္ဂက လက်ခံခဲ့တယ်။
ထုတ်လုပ်မှုပိုင်းတွေ ပြောင်းရွှေ့တာနဲ့ ဝန်ထမ်းသင်တန်း ပေးတာလိုမျိုး ကိစ္စတွေကိုတော့ စီမံခန့်ခွဲသူတွေက ဆုံးဖြတ်မှာ ဖြစ်ပေမဲ့ သမဂ္ဂက တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့ လိုအပ်တဲ့ အစီအမံတွေကို အတူတူ လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ကုမ္ပဏီက အန္တရာယ်နဲ့ ရင်ဆိုင်ရရင် အဓိက ရှယ်ယာရှင် ဖြစ်တဲ့ OTK Company ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီး ပံ့ပိုးပေးသွားမှာပါ။
သမဂ္ဂဥက္ကဋ္ဌ ဒန်းနစ်က သဘောတူညီချက် မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အဖွဲ့ဝင်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ထောက်ခံခဲ့ကြလို့ အစီအစဉ်က အောင်အောင်မြင်မြင် လက်စသတ်နိုင်ခဲ့တယ်။
ဒါက စီမံခန့်ခွဲသူတွေအပေါ် ထားရှိတဲ့ ယုံကြည်မှုရဲ့ ထင်ရှားတဲ့ လက္ခဏာပါပဲ။
စီအီးအို ဒါရီလ်နဲ့ သမဂ္ဂဥက္ကဋ္ဌ ဒန်းနစ်တို့က သဘောတူညီချက်မှာ လက်မှတ်ရေးထိုးပြီး လက်ဆွဲနှုတ်ဆက်ကာ ညှိနှိုင်းမှုကို အောင်မြင်စွာ အဆုံးသတ်လိုက်ကြတယ်။
နောက်တစ်ကြိမ် ညှိနှိုင်းမှုကိုတော့ လေးနှစ်အကြာမှ ပြုလုပ်မှာ ဖြစ်လို့ အဲဒီအချိန်အထိတော့ စိတ်အေးသွားရပါပြီ။
ညှိနှိုင်းနေစဉ်အတွင်း အလုပ်သမားတွေကို အသည်းအသန် လူတွေ့မေးမြန်းနေခဲ့ကြတဲ့ CNN နဲ့ NBC တို့က သဘောတူညီချက် ရသွားတဲ့အခါမှာတော့ စာကြောင်းအနည်းငယ်ရှိတဲ့ ဆောင်းပါးတွေကိုပဲ ထုတ်ဝေခဲ့ကြတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဒေသခံ Fox News ကတော့ ဒါကို သတင်းကြီးတစ်ခုအနေနဲ့ ဖော်ပြခဲ့ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ပေးခဲ့ပါတယ်။ သိထားရမှာက Fox News က CNN နဲ့ NBC တို့နဲ့မတူဘဲ ရီပတ်ပလီကန်ပါတီကို လိုလားပြီး ရိုနယ်ဘက်တော်သားပါ။
[CarOS ရဲ့ အလုပ်သမားနဲ့ စီမံခန့်ခွဲသူ သဘောတူညီချက်က အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုရဲ့ စံပြပဲ။]
[ကုမ္ပဏီက လစာတိုးပေးဖို့နဲ့ အလုပ်အကိုင် တိုးချဲ့ဖို့ ကတိပြုခဲ့ပြီး သမဂ္ဂက ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့ ကတိပြုခဲ့တယ်။]
[CarOS အလုပ်သမားနဲ့ စီမံခန့်ခွဲသူတွေအတွက် အတူတကွ ယှဉ်တွဲနေထိုင်ရေး လမ်းစ ပွင့်သွားပြီ။]
ရိုနယ်က ဥရောပမှာ ရှိနေတဲ့တိုင်အောင် အဲဒီဆောင်းပါးရဲ့ လင့်ခ်ကို တွစ်တာကနေ ချက်ချင်း မျှဝေခဲ့တယ်။
[CarOS ရဲ့ အလုပ်သမားနဲ့ စီမံခန့်ခွဲသူ သဘောတူညီချက်ကို ကြိုဆိုပါတယ်။
အမေရိကန် မော်တော်ကား သမဂ္ဂတွေက သပိတ်မှောက်ဖို့ပဲ သိတဲ့ ကိုရီးယား အွန်ဆောင်း မော်တာ သမဂ္ဂနဲ့ မတူဘူး။
အမေရိကန် အလုပ်သမားတွေက အလုပ်အကိုင်တွေ ပိုမိုရရှိဖို့အတွက် စီမံခန့်ခွဲသူတွေနဲ့ စကားပြောဖို့ အမြဲတမ်း အသင့်ရှိနေကြတယ်။]
သူက အွန်ဆောင်းရဲ့ ဂျော်ဂျီယာ စက်ရုံနဲ့ အူဆန် စက်ရုံကြားက လစာနဲ့ ကုန်ထုတ်စွမ်းအားကို နှိုင်းယှဉ်ထားတဲ့ ဂရပ်တစ်ခုကိုလည်း တင်ခဲ့တယ်။ ဂျော်ဂျီယာ စက်ရုံက လစာပိုနည်းပေမဲ့ ကုန်ထုတ်စွမ်းအား ပိုမြင့်မားတာက ရှင်းလင်းနေတာပါပဲ။
အတိုချုပ်ပြောရရင် အမေရိကန် အလုပ်သမားတွေက ပိုတော်တဲ့အတွက် အမေရိကန်မှာ စက်ရုံတွေ ဆောက်ကြဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာပါ။
– အခုတော့ ရိုနယ်ကပါ အွန်ဆောင်း သမဂ္ဂကို ဝေဖန်နေပြီ။
– အမှန်အတိုင်းပြောရရင် အွန်ဆောင်း သမဂ္ဂက ပြန်သုံးသပ်သင့်တယ်။ သူတို့ လုပ်ရပ်တွေနဲ့ ကုမ္ပဏီ မပျက်စီးသွားတာက အံ့ဩစရာပဲ။
– အွန်ဆောင်းရဲ့ စီမံခန့်ခွဲသူတွေနဲ့ သမဂ္ဂက ပုံစံတူတူပဲ။
– မနှစ်ကလည်း သပိတ်မှောက်တယ်၊ အရင်မနှစ်ကလည်း သပိတ်မှောက်တယ်၊ အခုနှစ်လည်း သပိတ်မှောက်ပြန်ပြီ။ နောက်နှစ်နဲ့ ဟိုဘက်နှစ်တွေမှာလည်း သပိတ်မှောက်ဦးမယ်ဆိုတာကို ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံး ပုံပြီး လောင်းရဲတယ်။
– အွန်ဆောင်း မော်တာက အလုပ်သမားတွေရဲ့ နှစ်စဉ်လစာက ဝမ် သန်း ၁၀၀ နီးပါး ရှိတယ် မဟုတ်လား။ ငါလည်း အွန်ဆောင်း မော်တာမှာ အလုပ်လုပ်ချင်လိုက်တာ။
– အွန်ဆောင်း မော်တာရဲ့ ရယ်စရာကောင်းတဲ့ အချက်က သူတို့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ ဝူဆောင်း စက်မှုလုပ်ငန်းရဲ့ သမဂ္ဂကို ဖျက်ဆီးဖို့ကျတော့ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်ကုမ္ပဏီက သမဂ္ဂကိုကျတော့ ဘာမှ မလုပ်နိုင်တာပဲ။
ရုတ်တရက် ပစ်မှတ်ထားခံလိုက်ရတဲ့ အွန်ဆောင်း မော်တာ သမဂ္ဂက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲကနေ တစ်ဆင့် အသေးစိတ် တုံ့ပြန်ချက်တွေကို ထုတ်ပြန်ခဲ့တယ်။
သူတို့က အခြေခံလစာသက်သက်နဲ့ ကြည့်ရင် ကိုရီးယားက လစာတွေက နည်းနေသေးကြောင်း၊ ပြီးတော့ ကိုရီးယား စက်ရုံတွေရဲ့ ဝိသေသလက္ခဏာအရ အဆင့်မြင့်ကားတွေကို အဓိက ထုတ်လုပ်နေတာ ဖြစ်လို့ HPV (Hours Per Vehicle) ကို ပုံသေကားချပ် သတ်မှတ်ဖို့ မသင့်လျော်ကြောင်း ငြင်းဆိုခဲ့ကြတယ်။
သူတို့က သမဂ္ဂဥက္ကဋ္ဌရဲ့ နာမည်နဲ့ ရိုနယ်ဆီကနေ တရားဝင် တောင်းပန်မှုကို တောင်းဆိုခဲ့တယ်။
– အွန်ဆောင်း မော်တာ သမဂ္ဂဥက္ကဋ္ဌက အမေရိကန် သမ္မတဆီကနေ တောင်းပန်မှု တောင်းဆိုတာကတော့ တကယ်ကို ထူးခြားတာပဲ။
– သမ္မတတောင် မလုပ်နိုင်တဲ့အရာကို သမဂ္ဂက လုပ်နိုင်မလား။
– ကြည့်နေလား။ ရိုနယ်ရေ။ မင်းထက် ပိုပြီး အာဏာရှိတဲ့သူ ဒီမှာ ရှိတယ်ကွ။
– ဦးညွှတ်လိုက်စမ်း။ ရိုနယ်ရေ။ ဒါက မင်းနဲ့ အွန်ဆောင်း မော်တာ သမဂ္ဂရဲ့ အဆင့်အတန်းပဲ။
– (ဓာတ်ပုံ ပူးတွဲထားသည်) ဒါက ဂျော်ဂျီယာ စက်ရုံနဲ့ အူဆန် စက်ရုံက အလုပ်သမားတွေရဲ့ လစာဖြတ်ပိုင်းတွေပဲ။ အခြေခံလစာက ကိုရီးယားမှာ နည်းနည်း ပိုနည်းပေမဲ့ အချိန်ပိုနဲ့ အထွေထွေ စရိတ်တွေကတော့ အပြတ်အသတ် ပိုများတယ်။ နိုင်ငံတော် ဝင်ငွေနဲ့ သာမန် အလုပ်သမား လစာကို နှိုင်းယှဉ်ကြည့်ရင် ကွာဟချက်က ပိုပြီး ကြီးမားလာလိမ့်မယ်။
အွန်ဆောင်း မော်တာ သမဂ္ဂဥက္ကဋ္ဌရဲ့ တောင်းပန်မှု တောင်းဆိုချက်က အွန်လိုင်းမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး Parodies အမျိုးမျိုး ထွက်ပေါ်လာခဲ့တယ်။
ကိုရီးယားရဲ့ ကွန်ဆာဗေးတစ် မီဒီယာတွေကပါ ရိုနယ်ရဲ့ တွစ်တာကို ကိုးကားပြီး အကြောင်းမဲ့ သပိတ်မှောက်မှုတွေကို ရပ်တန့်ဖို့နဲ့ အလုပ်သမားနဲ့ စီမံခန့်ခွဲသူကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ကြတယ်။ ဒါပေမဲ့လည်း အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အခုနှစ်မှာလည်း ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ထပ်မံ ကြေညာခဲ့တယ်။
အခန်း (၁၅၆)
ကျွန်တော် ရုံးနားက အနောက်တိုင်းစတိုင် ဘားတစ်ခုမှာ အယ်လီနဲ့အတူ တီဗီကြည့်နေခဲ့တယ်။
ဖန်သားပြင်ပေါ်မှာတော့ သမဂ္ဂဥက္ကဋ္ဌ ဒန်းနစ် ဘလော့နဲ့ စီအီးအို ဒါရီလ် ဆီဂန်တို့ဟာ တစ်ယောက်လက်တစ်ယောက် ဆွဲကိုင်ထားကြတယ်။ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုတော့ မဟုတ်ဘဲ သတင်းလာနေတာပါ။
ဒေသခံ Fox News က အလုပ်သမား သဘောတူညီချက်အကြောင်းကို သတင်းကြီးတစ်ခုအနေနဲ့ နေ့တိုင်း မပြတ် ဖော်ပြနေခဲ့တယ်။
အယ်လီက ကျွန်တော့်ကို ပြောလာတယ်။
"ကံကောင်းလို့ ကိစ္စက အဆင်ပြေပြေ ပြေလည်သွားတာပဲ"
ကျွန်တော် ပြုံးပြလိုက်တယ်။
"အနည်းဆုံးတော့ အရေးပေါ်မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ပြောလို့ရတာပေါ့"
သမဂ္ဂကို ပေးထားတဲ့ ကတိတွေကို တည်ဖို့ဆိုရင် ကားအသစ်က အောင်မြင်မှဖြစ်မယ်။ လုပ်စရာတွေက အများကြီး ကျန်သေးတာပါ။
"ဒီက vibeလေးက မိုက်သားပဲ။ ဘီယာကလည်း ပိုသောက်လို့ ကောင်းတယ်"
"လူတိုင်း ဒီနေရာကို ညွှန်းကြတဲ့ အကြောင်းရင်း ရှိတာပေါ့"
ဒီထရိုက်ကို ရောက်ကတည်းက ကျွန်တော်က ဟိုတယ်၊ ရုံးခန်းနဲ့ ညှိနှိုင်းမှု အစည်းအဝေးခန်းမတွေ ကြားမှာပဲ ကူးချည်သန်းချည် လုပ်နေခဲ့ရလို့ ပတ်ဝန်းကျင်ကို တစ်ခါမှ သေချာမကြည့်ရသေးဘူး။
အဝေးကြီး မသွားနိုင်ရင်တောင် အနားယူဖို့ စဉ်းစားပြီး အယ်လီနဲ့အတူ အပြင်ထွက်လာခဲ့တာပါ။ ဒီက ဘီယာနဲ့ ဟမ်ဘာဂါက တော်တော်အရသာရှိတယ်လို့ ကြားဖူးထားလို့လေ။
ကျွန်တော် ဘားပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ မော်တော်ကားမြို့တော်ဆိုတဲ့ ဂုဏ်သတင်းနဲ့အညီ နံရံတွေမှာ ကားဘီးတွေနဲ့ လိုင်စင်နံပါတ်ပြားတွေ ချိတ်ဆွဲပြီး တန်ဆာဆင်ထားတယ်။ ဟောင်းနွမ်းနေတဲ့ အတွင်းပိုင်း အပြင်အဆင်က ဒီနေရာရဲ့ သမိုင်းကြောင်းကို ပြောပြနေသလိုပါပဲ။
ငယ်ငယ်တုန်းကတော့ ခွန်အားအတော်ရှိခဲ့မယ့် လူဖြူအဖိုးအို ဆိုင်ရှင်က သူ့ရဲ့ ငယ်ရွယ်တဲ့ အချိန်ကတည်းက ဒီဘားကို ဖွင့်လှစ်လာခဲ့တာပါ။
အခုက သောက်ဖို့ အရမ်းစောသေးတဲ့ အချိန်မလို့ လူအနည်းငယ်ပဲ ရှိသေးတယ်။ အလုပ်ဆင်းချိန် ညနေပိုင်းလောက်မှ လာရင်တော့ တော်တော်လေး စည်ကားမယ့် အငွေ့အသက်မျိုးပါပဲ။
ခဏကြာတော့ ကျွန်တော်တို့ မှာထားတဲ့ ဟမ်ဘာဂါနဲ့ အာလူးကြော်တွေ ရောက်လာတယ်။ တခြားဆိုင်တွေက ဟမ်ဘာဂါတွေနဲ့ နှိုင်းယှဉ်ရင် အရွယ်အစားက အကြီးကြီးပဲ။
ဒါတွေကို ကျွန်တော်တို့ နှစ်ယောက်လုံး ကုန်အောင် စားနိုင်ပါ့မလား။
ကျွန်တော် ဒီလိုတွေးနေတုန်း ဆိုင်ရှင်က အရက်ပုလင်းတစ်ပုလင်းကို ဖွင့်ပြီး ဖန်ခွက်နှစ်ခွက်ထဲ ငှဲ့ပေးကာ ကျွန်တော်တို့ ရှေ့မှာ လာချပေးတယ်။
"ဒါက ဘာလဲ"
"စင်ဂယ်မော့စ် ဝီစကီလေ။ ဒီဆိုင်မှာ အစျေးအကြီးဆုံး အရက်ပဲ"
"ကျွန်တော်တို့ ဒါကို မမှာထားပါဘူး"
"ဒါက ငါ့ရဲ့ စေတနာပါ"
"ဗျာ"
ဆိုင်ရှင်က ညင်သာစွာ ပြုံးပြတယ်။
"မင်းတို့ ဝင်လာကတည်းက မြင်ဖူးသလိုလို ရှိနေတာနဲ့ စဉ်းစားနေတာ။ အခုမှပဲ မင်း ဘယ်သူလဲဆိုတာ မှတ်မိတော့တယ်"
ကျွန်တော် နည်းနည်း အူကြောင်ကြောင် ဖြစ်သွားတယ်။
သူက ကျွန်တော့်ကို တကယ်ပဲ မှတ်မိတာလား။ ပုံမှန်အားဖြင့် အနောက်တိုင်းသားတွေက အရှေ့အာရှသားတွေရဲ့ မျက်နှာကို ခွဲခြားရခက်တတ်တာမလို့ ကျွန်တော်က ဘာမှ ထူးထူးခြားခြား ရုပ်ဖျက်မထားခဲ့ဘူး။
"မင်းကြောင့် ဒီထရိုက်က ပြန်ပြီး အသက်ဝင်လာတာ။ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ငါ့သားလည်း အလုပ် ပြန်ရသွားပြီ။ လူတွေလည်း ဒီမြို့ကနေ ထွက်မသွားကြတော့ဘူး။ တကယ်တော့ ငါက ဒီဆိုင်ကို ပိတ်ဖို့အထိ စဉ်းစားထားတာ။ ဒါပေမဲ့ အခုတော့ ဖောက်သည်တွေ ပိုများလာလို့ ဆိုင်ကို ဆက်ဖွင့်ထားနိုင်ပြီလေ"
မကြာသေးခင်ကအထိ ဒီထရိုက်ဟာ အမေရိကန် ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းခြင်းရဲ့ သင်္ကေတ ဖြစ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်တုန်းက အကြွေး ဒေါ်လာ သန်းပေါင်း ၁၈၀၀၀နဲ့ ဒေဝါလီခံခဲ့ရပြီး တစ်မြို့လုံးမှာ ရာဇဝတ်မှုတွေနဲ့ ပျက်စီးယိုယွင်းမှုတွေ လွှမ်းမိုးနေခဲ့တာပါ။
ဒါပေမဲ့ ရိုနယ် သမ္မတ ဖြစ်လာပြီးနောက်မှာတော့ အရာအားလုံးက ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့တယ်။
ကုန်ထုတ်လုပ်မှု ကဏ္ဍက ပြန်လည် နိုးထလာပြီး ပြည်ပကို ပြောင်းရွှေ့သွားတဲ့ စက်ရုံတွေ ပြန်ရောက်လာကာ ဒီထရိုက်က ခမ်းနားစွာ ပြန်လည် ဦးမော့လာခဲ့တယ်။
မြို့ရဲ့ အငွေ့အသက်က ကျွန်တော် နောက်ဆုံးအကြိမ် လာခဲ့တုန်းကနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။ မြို့လယ်ခေါင်မှာ လူတွေနဲ့ စည်ကား တက်ကြွနေပြီး နေရာတိုင်းမှာ ဆောက်လုပ်ရေးတွေ လုပ်နေကြတယ်။
ဟိုတယ်အသစ်တွေနဲ့ ဘားတွေ ဖွင့်လှစ်ထားပြီး ခရီးသွားတွေလည်း အများကြီး ရှိနေတယ်။
ဆိုင်ရှင်က ကျွန်တော့်ကို ပြောတယ်။
"မင်းက ဒီမြို့ကို ကယ်တင်ခဲ့တာ။ ဒီထရိုက်မြို့ကိုယ်စား ဒီနေ့ အရက်ဖိုးကို ငါပဲ စိုက်ထုတ်ပါရစေ"
အမှန်အတိုင်းပြောရရင် ဒါက ကျွန်တော့်ကြောင့်တင် မဟုတ်ဘဲ GM နဲ့ Ford တို့ရဲ့ အရောင်းတိုးလာတာအပြင် စီးပွားရေးလုပ်ငန်းအမျိုးမျိုး စတင်ဖို့ ရောက်လာကြတဲ့ ကြီးမားတဲ့ ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာရေး လုပ်ငန်းစုတွေကြောင့်လည်း ပါပါတယ်။ ဟုတ်ပါတယ်... အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်ကပဲ စတင်ပေးခဲ့တာပါ။
ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ လုပ်ရပ်တွေက မြို့တစ်မြို့မှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေခဲ့တယ်လို့ တွေးလိုက်ရတာက စိတ်ထဲမှာ ထူးဆန်းစွာ ဂုဏ်ယူစရာ ကောင်းနေတယ်။
အယ်လီက ပြုံးပြီး ပြောတယ်။
"ကျွန်မတို့ နှစ်ယောက်ထဲ သောက်ဖို့က များလွန်းလို့ အတူတူ သောက်ကြရအောင်"
"ညနေပိုင်း ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်ရမှာ ရှိပေမဲ့... ကောင်းပြီလေ... လောလောဆယ်တော့ အတူတူ သောက်ကြတာပေါ့"
ဆိုင်ရှင်က ဖန်ခွက်တွေကို ထုတ်ပြီး အပြည့် ငှဲ့ပေးလိုက်တယ်။
ကျွန်တော်တို့ ဖန်ခွက်ချင်း တိုက်လိုက်ကြစဉ်မှာပဲ နောက်ကနေ အသံတစ်သံ ထွက်လာတယ်။
"ငါ့ကိုရော အရက်တစ်ခွက်လောက် တိုက်လို့ရမလား"
ခေါင်းလှည့်ကြည့်လိုက်တော့ အမြင့် နှစ်မီတာကျော်ရှိပြီး သန်မာထွားကြိုင်းတဲ့ ထိပ်ပြောင် အမျိုးသားတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ယောက်နဲ့ တထေရာတည်း တူပေမဲ့ သူ့နာမည်က Big Show တော့ မဟုတ်ဘူး... သူက ဒန်းနစ် ဘလော့ခ်ပါ။
"ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"မင်း ဒီမှာ ရှိနေမယ်လို့ ကြားလို့ လာကြည့်တာ"
သူက ကျွန်တော့်ကို တွေ့ဖို့သက်သက်နဲ့ လာခဲ့တာလား။
ဆိုင်ရှင်က ဖန်ခွက်တစ်ခုထဲ အရက်ငှဲ့ပြီး သူ့ကို ကမ်းပေးလိုက်တယ်။
"မင်းကို တီဗီမှာ ကြည့်လိုက်ရတယ်။ ဒန်းနစ်"
"မတွေ့ရတာ ကြာပြီ။ ဘင်။ နေကောင်းရဲ့လား"
သူတို့ ပြောစကားအရ ကြည့်ရတာ သူက ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည် ဖြစ်ပုံရတယ်။
ဒန်းနစ်က ဝီစကီကို တစ်ကျိုက်ထဲ မော့ချလိုက်တယ်။
"မနှစ်တုန်းက ချမ်းသာတဲ့ အာရှသားတစ်ယောက်က ကုမ္ပဏီကို လွှဲပြောင်းယူမယ်လို့ ပြောတုန်းက လူတိုင်း စိုးရိမ်ခဲ့ကြတာ။ ဘာပဲဖြစ်ဖြစ် အမေရိကန် ကုမ္ပဏီတွေက အာရှ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ အများကြီး ကြုံဖူးထားတာလေ"
အယ်လီက မေးတယ်။
"ဂျပန်နဲ့ တရုတ်ကို ပြောတာလား"
ဒုတိယကမ္ဘာစစ်ပြီးနောက်မှာတောင် အမေရိကန်က ကုန်ထုတ်လုပ်မှုရဲ့ အင်အားကြီးနိုင်ငံ ဖြစ်ခဲ့တယ်။ ရယ်စရာကောင်းတာက စစ်ရှုံးနိုင်ငံဖြစ်တဲ့ ဂျပန်က ကုန်ထုတ်လုပ်မှုပိုင်းမှာ စိန်ခေါ်လာခဲ့တာပဲ။ ဂျပန်ရဲ့ အီလက်ထရောနစ်နဲ့ ကားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍက ပြိုလဲလုနီးပါး ဖြစ်ခဲ့ရတယ်။
ဂျပန်က အဲဒီပိုက်ဆံတွေကို သုံးပြီး အမေရိကန် ကုမ္ပဏီတွေနဲ့ အိမ်ခြံမြေတွေကို စည်းကမ်းမရှိ လိုက်ဝယ်ခဲ့ပြီး Columbia Picturesနဲ့ Rockefeller Center တို့ကိုပါ လွှဲပြောင်းယူခဲ့တယ်။ ဒါပေမဲ့ အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲသွားတဲ့အခါမှာတော့ ဂျပန်စီးပွားရေးက သိသိသာသာ ထိုးဆင်းသွားခဲ့ရတယ်။
အဲဒီနောက်မှာတော့ တရုတ်က နေရာယူလာခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်ဝါဒကို စတင်ခဲ့ပြီးနောက် တရုတ်က နှစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာ့စက်ရုံကြီး ဖြစ်လာခဲ့တယ်။ အရင်က ဂျပန်လိုပဲ သူ့ရဲ့ ပိုလျှံနေတဲ့ အရင်းအနှီးတွေနဲ့ ကမ္ဘာ့ကုမ္ပဏီတွေကို ဝါးမြိုခဲ့တာပါ။
"တချို့ကုမ္ပဏီတွေက သင့်တော်တဲ့ ပံ့ပိုးမှုတွေကြောင့် အောင်မြင်လာကြပေမဲ့ အခြားကုမ္ပဏီ အများစုကတော့ အသုံးချခံရပြီး အစွန့်ပစ်ခံလိုက်ရတာပဲ"
ကျွန်တော်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။
"ငါတို့ နိုင်ငံမှာလည်း အဲဒီလို အခြေအနေမျိုး ရှိခဲ့ဖူးတယ်"
" ချောင်လျောင် မော်တာအကြောင်းကို ပြောတာလား"
"မင်းက သေချာ သိနေတာပဲ"
တရုတ်ရဲ့ ရှန်ဟိုင်း မော်တော်ကား ကုမ္ပဏီက ချောင်လျောင် မော်တာကို စျေးပေါပေါနဲ့ ဝယ်ယူခဲ့ပြီး နည်းပညာတွေကိုပဲ ယူဆောင်သွားကာ ပြန်လည်ရောင်းချခဲ့တယ်။ ဒီဖြစ်စဉ်မှာ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပယ်မှုတွေ ဖြစ်ပွားခဲ့လို့ အလုပ်သမား အများကြီး အလုပ်ပြုတ်ခဲ့ရတယ်။
ဒန်းနစ်က သောက်ရင်းနဲ့ ပြောတယ်။
"မင်းက ကုန်ထုတ်စက်ရုံအပေါ် စိတ်ဝင်စားမှု ရှိရဲ့လားဆိုတာ ငါ မသေချာခဲ့ဘူး။ ညှိနှိုင်းမှု အစည်းအဝေးခန်းထဲမှာ မင်းကို တွေ့လိုက်ရတော့ တော်တော်လေး အံ့ဩသွားခဲ့ရတယ်"
စီအီးအိုတစ်ယောက်က သမဂ္ဂနဲ့ တိုက်ရိုက် ညှိနှိုင်းတာက ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ စီအီးအိုကိုယ်တိုင် ညှိနှိုင်းမှုကို အစကနေ အဆုံးအထိ ကိုယ်တိုင် ကြီးကြပ်ပေးခဲ့တာပါ။
"အဲဒါကြောင့်ပဲ ငါနဲ့ သမဂ္ဂအဖွဲ့ဝင်တွေက မင်းကို အနည်းဆုံး တစ်ကြိမ်တော့ ယုံကြည်ကြည့်ဖို့ ထိုက်တန်တယ်လို့ ခံစားခဲ့ရတာ"
ကျွန်တော် ပြုံးလိုက်တယ်။
"ဒါကို ကြားရတော့ ငါ့ရဲ့ အမေရိကန် ခရီးစဉ်က အလဟဿ မဖြစ်ခဲ့ဘူးလို့ ပြောရမှာပဲ"
စစ်မှန်တဲ့ ခံစားချက်တွေက အပြန်အလှန် ပဲ့တင်ထပ်တတ်တာပဲ။
ဒန်းနစ်က သူ့လက်ကို ကမ်းပေးလာတယ်။
"အခုကစပြီး မင်းနဲ့အတူ အလုပ်တွေ အဆင်ပြေပြေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"
ကျွန်တော် အဲဒီလက်ကို ဆုပ်ကိုင်လိုက်တယ်။
"ငါလည်း အတူတူပါပဲ"
"ရေတွက်လို့မရတဲ့ အလုပ်သမားတွေရဲ့ ကံကြမ္မာက မင်းရဲ့ ဦးဆောင်မှုအပေါ်မှာ မူတည်နေတယ်ဆိုတာကို ကျေးဇူးပြုပြီး သတိရပေးပါ"
"ဟမ်"
ဒန်းနစ်က ဖြဲရယ်လိုက်တယ်။
"ဟားဟား... မင်းကို ဖိအားပေးချင်လို့ ပြောတာ မဟုတ်ပါဘူးကွာ"
"……"
အခုလေးတင် သောက်လိုက်တဲ့ အရက်က လည်ချောင်းမှာ တစ်ဆို့နေသလိုမျိုး ခံစားလိုက်ရတယ်။
အဲဒီအချိန်မှာပဲ လူတစ်စု ဆိုင်ထဲ ဝင်လာခဲ့တယ်။
"ဟေ့။ ဘင်... နေကောင်းရဲ့လား"
ဆိုင်ရှင်က ကျွန်တော့်ကို လက်ညှိုးထိုးပြရင်း ပြောတယ်။
"ဗာနွန်... ကြိုဆိုပါတယ်။ အချိန်ကိုက်ပဲ။ ငါတို့ ဘားကို ဘယ်သူရောက်နေလဲဆိုတာ ကြည့်လိုက်ဦး"
သူတို့က ကျွန်တော့်ကို ကြည့်ပြီး အံ့အားသင့်တကြီး မျက်တောင်ခတ်နေကြတယ်။ သူတို့ရဲ့ မျက်နှာအမူအရာက 'ဒီအရှေ့တိုင်းသားက ဘယ်သူလဲ' လို့ မေးနေသလိုပါပဲ။ အဲဒီထဲက တစ်ယောက်က အသက်ရှူမှားမတတ် ရေရွတ်လိုက်တယ်။
"ဒီလူက... ကန် မလား "
"ဘာလဲ... သူ တကယ်ပဲလား"
"အဲဒီ ကန်ဂျင်ဟူလား... တွေ့ရတာ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့... ငါလည်း တွေ့ရတာ ဝမ်းသာပါတယ်"
ကျွန်တော် သူတို့ကို နှုတ်ဆက်ပြီး ဖန်ခွက်မြှောက်ပြလိုက်တယ်။ ဒါပေမဲ့ ဒါက အစပဲ ရှိသေးတာပါ။
ရုတ်တရက်ဆိုသလို ကျွန်တော် ဘယ်သူလဲဆိုတာ သိသွားကြတဲ့ ဖောက်သည်တွေ ဆိုင်ထဲကို တိုးဝှေ့ဝင်လာခဲ့ကြတယ်။ ဆိုင်ရှင်က ဘာမှ ပြောစရာမလိုဘဲ အရင်ရောက်နေတဲ့သူတွေက နောက်မှ ရောက်လာတဲ့သူတွေကို လက်တို့ပြောပြကြပြီး သူတို့က အော်ဟစ်အားပေးကြတယ်။
အယ်လီက နောက်ပြောင်တဲ့ လေသံနဲ့ ပြောလာတယ်။
"ဒီမြို့က ကန်ဂျင်ဟူကို ဒီလောက်အထိ ချစ်ကြမှန်း ငါ မသိခဲ့ဘူး။ နည်းနည်းတောင် မနာလိုဖြစ်မိတယ်"
မကြာခင်မှာပဲ ဘားတစ်ခုလုံး လူတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ လူတွေက ကျွန်တော့်ကို အရက်တွေ အလုအယက် လာတိုက်ကြတယ်။ သူတို့ ပေးသမျှ အကုန်သောက်ရင်တော့ ကျွန်တော်တော့ မှောက်သွားမှာအသေအချာပါပဲ။
"CarOS အတွက်"
"ဒီထရိုက်မြို့ရဲ့ မျှော်လင့်ချက်... ကန်ဂျင်ဟူအတွက်"
"……"
ကျွန်တော် ရှက်လွန်းလို့ သေသွားနိုင်လောက်တယ်။
နောက်တစ်နေ့
ကျွန်တော် အမူးလွန်တဲ့ ဒဏ်ကို ခံစားရင်း မိတ်ဖက်ကုမ္ပဏီတွေရဲ့ စီအီးအိုတွေနဲ့ တွေ့ဆုံခဲ့တယ်။ အများစုက လူဖြူတွေ ဖြစ်ပေမဲ့ လူမည်းနဲ့ စပိန်အနွယ်ဝင် အနည်းငယ်လည်း ပါဝင်တယ်။
ကျွန်တော် သူတို့ကို နှုတ်ဆက်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက OTK Company ရဲ့ စီအီးအို ကန်ဂျင်ဟူ ပါ။ ကံကောင်းထောက်မစွာနဲ့ ငါတို့ အလုပ်သမား ညှိနှိုင်းမှုကို သပိတ်မှောက်တာမရှိဘဲ ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ခဲ့ပေမဲ့ အခုအချိန်က အားလုံးအတွက် ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်နေတယ်ဆိုတာကို သိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ကျွန်တော့်စကားကြောင့် စီအီးအိုတွေရဲ့ မျက်နှာက ညှိုးငယ်သွားခဲ့တယ်။ သူတို့က ကျွန်တော် အဝယ်စျေးနှုန်း လျှော့ခိုင်းမှာကို စိုးရိမ်နေကြတာပါ။
မော်တော်ကား ထုတ်လုပ်သူတစ်ဦးအနေနဲ့ အမြတ်အစွန်း တိုးပွားအောင် လုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းက ကုန်ကျစရိတ်ကို ဖြတ်တောက်တာပါပဲ။ အရင်က ဒေါ်လာ ၁ နဲ့ ပေးသွင်းနေတဲ့ အစိတ်အပိုင်းတစ်ခုကို ၉၅ ဆင့်အထိ လျှော့ချလိုက်ရင် တစ်ခုကို ၅ ဆင့် အမြတ်ထွက်မှာလေ။
အရောင်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ မိတ်ဖက်ကုမ္ပဏီတွေလည်း ချွင်းချက်မဟုတ်ပါဘူး။ တချို့ဆိုရင် ကျွန်တော်တို့ထက် ပိုပြီး အခြေအနေ ဆိုးနေနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ တိုးတက်မှုအတွက် မိတ်ဖက်ကုမ္ပဏီတွေကို ဖိညှစ်ဖို့ အစီအစဉ် မရှိပါဘူး။ ဥပမာအားဖြင့် အွန်ဆောင်း မော်တာဆိုရင် "ပြင်ပ ကုန်ကျစရိတ် တွက်ချက်မှုစာရွက်" ကို ပို့ပြီး ပေးသွင်းစျေးနှုန်းတွေကို ဆက်တိုက် လျှော့ချတတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
ကုန်ကြမ်းစျေးနှုန်း ကျဆင်းတာမျိုးလိုမျိုး ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ပေးသွင်းစျေးနှုန်းတွေကို လျှော့ချတာက နောက်ဆုံးတော့ မိတ်ဖက်ကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေတာပါပဲ။
ပေးသွင်းစျေးနှုန်းတွေ ကျဆင်းလာတဲ့အခါ မိတ်ဖက်ကုမ္ပဏီတွေ အနေနဲ့ လုပ်အားခကို လျှော့ချတာ ဒါမှမဟုတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖြတ်တောက်တာကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ဒါက နောက်ဆုံးမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုလုံးရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေပြီး မော်တော်ကား ထုတ်လုပ်သူတွေအပေါ်မှာပဲ ဆိုးကျိုး ပြန်သက်ရောက်စေတာပါ။
ကျွန်တော်တို့က ကားအဟောင်းတွေကိုပဲ ဆက်ပြီး ထုတ်လုပ်နေမယ်ဆိုရင်တော့ ဒါက လက်ခံနိုင်စရာ ရှိကောင်းရှိနိုင်ပေမဲ့ အပြောင်းအလဲ ကာလတွေမှာတော့ ကျွန်တော်တို့ အားလုံး အတူတူ တိုးတက်ဖို့ကိုပဲ စဉ်းစားရပါမယ်။
"စိတ်အေးအေးထားကြပါ... ငါ ဒီကိုလာတာ ပေးသွင်းစျေးနှုန်းတွေကို အရင်ဆုံး လျှော့ချဖို့ ဆွေးနွေးဖို့ မဟုတ်ပါဘူး"
ကျွန်တော့်စကားကြောင့် မိတ်ဖက်ကုမ္ပဏီ စီအီးအိုတွေရဲ့ မျက်နှာက ပြန်ပြီး ဝင်းပသွားခဲ့တယ်။
အဲဒီနောက် ကျွန်တော် မော်တော်ကားစျေးကွက်ရဲ့ လက်ရှိ လမ်းကြောင်းတွေအကြောင်း ပြောပြလိုက်တယ်။
"ငါတို့တွေ နှစ်အနည်းငယ်အတွင်းမှာ လျှပ်စစ်ကားတွေဆီ အသွင်ကူးပြောင်းဖို့ ပြင်ဆင်ရမယ်။ လျှပ်စစ်ကားတွေမှာ အင်ဂျင်နဲ့ ဂီယာတွေအစား မော်တာတွေနဲ့ ဘတ္ထရီတွေကို တပ်ဆင်သွားမှာပါ။ အစိတ်အပိုင်း အရေအတွက်က သုံးပုံတစ်ပုံအထိ လျော့ကျသွားမှာ ဖြစ်ပြီး အဓိက အစိတ်အပိုင်း အားလုံးက ပြောင်းလဲသွားပါလိမ့်မယ်"
ဘတ္ထရီ ပေးသွင်းမှု အကန့်အသတ်ကြောင့် လျှပ်စစ်ကား ထုတ်လုပ်မှုက ကန့်သတ်ချက် ရှိနိုင်ပေမဲ့ ကျွန်တော်တို့က ကိုယ်ပိုင် ဘတ္ထရီစက်ရုံကို ဆောက်လုပ်နေတာ ဖြစ်လို့ ပြိုင်ဘက်တွေထက် ပိုပြီး မြန်မြန် အသွင်ကူးပြောင်းနိုင်ပါတယ်။
"ငါတို့ ကုမ္ပဏီနဲ့အတူ မိတ်ဖက်ကုမ္ပဏီတွေကပါ ဒီပြောင်းလဲမှုတွေနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမယ်။ အနာဂတ်မှာ ငါတို့က ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို မျှဝေသွားမှာ ဖြစ်ပြီး နည်းပညာနဲ့ ရန်ပုံငွေတွေကိုလည်း တက်တက်ကြွကြွ ပံ့ပိုးပေးသွားမယ်။ ဒီမှာ ရှိနေတဲ့သူတွေက အစိတ်အပိုင်းတွေ ပေးသွင်းရတဲ့ ကန်ထရိုက်သမားသက်သက် မဟုတ်ဘဲ CarOS နဲ့အတူ အနာဂတ်ကို ဖွင့်လှစ်မယ့် အရေးကြီးတဲ့ မိတ်ဖက်တွေပါ။ ငါတို့ အတူတူ ဆက်ပြီး တိုးတက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"
နောက်တစ်ခုအနေနဲ့ ဒါရီလ်က ရှေ့ကို တက်လာပြီး အခုနှစ် ဒုတိယနှစ်ဝက်မှာ ထွက်ရှိမယ့် ကားအသစ်တွေအကြောင်း ရှင်းပြကာ မိတ်ဖက်ကုမ္ပဏီတွေဆီကနေ ကူညီပံ့ပိုးပေးဖို့ တောင်းဆိုခဲ့တယ်။
မိတ်ဖက်ကုမ္ပဏီ ဥက္ကဋ္ဌတွေနဲ့ အစည်းအဝေး ပြီးတဲ့နောက်မှာတော့ ဒီတစ်ကြိမ်မှာ ကျွန်တော် အရောင်းကိုယ်စားလှယ်တွေဆီကို ဆက်သွယ်ခဲ့တယ်။
ရက်စ်ဘဲ မှာပဲ အဓိက စုပြုံနေတဲ့ မိတ်ဖက်ကုမ္ပဏီတွေနဲ့မတူဘဲ အရောင်းကိုယ်စားလှယ်တွေကတော့ အမေရိကန် တစ်ဝန်းလုံးမှာ ပျံ့နှံ့နေတာပါ။
သူတို့လည်း အလုပ်ရှုပ်နေကြမှာကို ထည့်သွင်းစဉ်းစားပြီး ဒီထရိုက်ကို လေယာဉ်နဲ့ လာခဲ့ဖို့ ကျွန်တော် မတောင်းဆိုတော့ဘဲ အီးမေးလ်ပဲ ပို့လိုက်တယ်။
အကြောင်းအရာကတော့ မိတ်ဖက်ကုမ္ပဏီ ဥက္ကဋ္ဌတွေကို မျှဝေခဲ့တာနဲ့ ဆင်တူပါတယ်။
ပြီးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကြီးမားတဲ့ အရောင်းကိုယ်စားလှယ် လုပ်ငန်းစု တချို့က ကျွန်တော်တို့ကို ကျောခိုင်းသွားကြပြီး အခြားကားထုတ်လုပ်သူတွေနဲ့ လက်တွဲသွားကြပါပြီ။ လက်ရှိ ကျွန်တော်တို့နဲ့ ရှိနေသေးတဲ့ အရောင်းကိုယ်စားလှယ် အများစုကလည်း သဘောကျလို့ထက် မလွှဲမရှောင်သာလို့ ရှိနေကြတာပါ။ တကယ်လို့ သူတို့က အခြားနေရာကနေ ပိုကောင်းတဲ့ အခြေအနေတွေ ရခဲ့ရင် ပြောင်းသွားခဲ့လောက်မှာသေချာပါတယ်။
ကျွန်တော် သူတို့ကို ကားအသစ် မိတ်ဆက်မယ့် အသေးစိတ် အစီအစဉ်တွေကို အကြောင်းကြားခဲ့ပြီး ထောက်ပံ့မှု ပမာဏကို အမြင့်ဆုံး ဦးစားပေး မိတ်ဖက်အနေနဲ့ ဖြည့်ဆည်းပေးဖို့ ကတိပြုခဲ့တယ်။
အနာဂတ်မှာ ကျွန်တော်တို့က Nikola လိုမျိုး အွန်လိုင်းကနေ တိုက်ရိုက်ရောင်းချတဲ့ စနစ်ကို လုပ်ဆောင်ဖို့ စီစဉ်ထားပေမဲ့ ဒါက လက်ရှိ ဆက်ဆံရေး ရှိထားတဲ့ အရောင်းကိုယ်စားလှယ်တွေကို လုံးဝ ဖယ်ထုတ်ပစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
နောက်ဆုံးအချိန်အထိ သစ္စာရှိရှိ ကျန်ရစ်ခဲ့တဲ့သူတွေက မျှတတဲ့ ဆက်ဆံမှုကို ခံထိုက်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒါနဲ့ပဲ ဒီထရိုက်မှာ လုပ်စရာရှိတဲ့ ကျွန်တော့်ရဲ့ အလုပ်တွေ ပြီးဆုံးသွားခဲ့တယ်။
ဒီအတောအတွင်း ကိုရီးယားကနေ သတင်းတစ်ခု ကြားခဲ့ရတာကတော့ OTK Company က သူ့ရဲ့ eSports အသင်းဖြစ်တဲ့ OTK Magicians အတွက် တည်ထောင်ခြင်း အခမ်းအနားကို ကျင်းပခဲ့တယ်ဆိုတာပါပဲ။
လူလုံးမပြတတ်တဲ့ အိုတာကူရဲ့ ကိုယ်စား စီနီယာကီဟုမ်က အခမ်းအနားကို ဦးဆောင်ပေးခဲ့တယ်။
ကျွမ်းကျင်မှု ရှိပြီးသား ကစားသမားတွေက ကြီးမားတဲ့ eSports အသင်းတွေဆီ ဝင်သွားကြပြီလည်းဖြစ်သလို တချို့ကလည်း တရုတ်ကို ပြောင်းရွှေ့သွားကြပြီ ဖြစ်လို့ အသင်းကို အရန်ကစားသမားတွေနဲ့ အရည်အချင်း မစစ်ဆေးရသေးတဲ့သူတွေနဲ့ပဲ ဖွဲ့စည်းခဲ့ရတာပါ။
အင်တာနက် အသုံးပြုသူတွေက အဲဒီ လူစာရင်းနဲ့ ဗိုလ်လုပွဲအထိတောင် တက်နိုင်ပါ့မလားလို့ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပေမဲ့... ဒါက ဒုတိယဥက္ကဋ္ဌရဲ့ ဝါသနာသက်သက်ပဲ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။
ပိုက်ဆံအများကြီး အကုန်အကျခံပြီး လုပ်နေတာမှ မဟုတ်တာ။
ကျွန်တော် အယ်လီနဲ့အတူ ဟိုတယ်ကနေ ထွက်ခွာဖို့ ပြင်ဆင်ပြီး ရုံးချုပ်က အမှုဆောင် အရာရှိ တစ်ယောက်ချင်းစီကို နှုတ်ဆက်ခဲ့တယ်။
ကျွန်တော် ဒါရီလ်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်တယ်။
"ကားအသစ် မိတ်ဆက်တဲ့အချိန်အထိ ဆက်ပြီး ကြိုးစားပေးပါဦး"
"ဒါပေါ့။ ငါ ဓာတ်ခွဲခန်းကို အကြောင်းကြားထားပြီးပြီမလို့ မင်း ရောက်သွားတဲ့အခါ သူတို့ စောင့်နေကြလိမ့်မယ်"
"အိုကေ။ နောက်မှ ပြန်တွေ့ကြတာပေါ့"
ကျွန်တော့်ရဲ့ အမေရိကန် ခရီးစဉ် အစီအစဉ်က လုံးဝ ပြီးဆုံးသွားတာတော့ မဟုတ်သေးဘူး။
ကျွန်တော် အယ်လီနဲ့အတူ ဆန်ဖရန်စစ္စကိုမြို့ကို သွားမယ့် လေယာဉ်ပေါ်ကို တက်လိုက်ပါတော့တယ်။