အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂)
ဘွဲ့ရသွားတဲ့ စီနီယာတွေရော၊ ဌာနက လက်ရှိကျောင်းတက်နေတုန်း ဖြစ်တဲ့ ဂျူနီယာတွေပါ ရောက်လာကြတယ်။ စီနီယာ ကီဟုမ်က ဘွဲ့ရပြီးသွားတာတောင် တက္ကသိုလ်ဆီ ခဏခဏလာပြီး ဌာနကလူတွေနဲ့ ရင်းရင်းနှီးနှီး နေခဲ့တာမလို့ပါ။
မင်ယောင်းနဲ့ ကျောင်ဂီလည်း အတူတူ ရောက်လာတယ်။
"ဘာလဲဟ။ မင်းက ဘာလို့ ထမင်းစားကူပွန်တွေ ဝေနေတာလဲ"
"ငါက ဂျူနီယာမလို့ပေါ့။ ငါတို့ကုမ္ပဏီမှာ ငါကလွဲရင် ဘယ်သူက လာလုပ်ပေးမှာလဲ"
မင်ယောင်းက စိုးရိမ်တကြီးနဲ့ မေးတယ်။
"ကျောင်းသားတွေက အလွန်ဆုံးပေးမှ ဝမ် ၅ သောင်းပဲ ပေးကြမှာ။ ဂျူနီယာတွေအများကြီး လာစားရင် စီနီယာ ကီဟုမ် အရှုံးပေါ်မနေဘူးလား"
"အဆင်ပြေပါတယ်။ အားလုံးအတွက် ငါပဲ ပိုက်ဆံရှင်းပေးမှာလေ။ ဂျူနီယာတွေကို စိတ်မပူဘဲ စိတ်ကြိုက်စားဖို့ ပြောလိုက်ပါ။ အကောင်းဆုံးနဲ့ စျေးအကြီးဆုံး ဟာကိုပဲ စီစဉ်ပေးထားပါတယ်"
ကျောင်ဂီက အားကျတဲ့မျက်လုံးတွေနဲ့ မေးတယ်။
"ငါ့မင်္ဂလာဆောင်ကျရင်လည်း အဲဒီလို လုပ်ပေးမလား"
"မင်းမှာက လက်ထပ်မယ့်သူရော ရှိလို့လား"
"အခုကစပြီး ရှာရမှာပေါ့"
"......"
သူ့စကားကို ကြားရသလောက်တော့ အရင်တုန်းက ကျွန်တော် အနစ်နာခံပြီး ကူညီပေးခဲ့လို့ (အယ်လီစိတ်ဆိုးတာတောင် ခံခဲ့ရတယ်လေ) ဆီအင်းတက္ကသိုလ် လေကြောင်းလိုင်းဝန်ဆောင်မှုဌာနက ကျောင်းသူလေးရဲ့ ဖုန်းနံပါတ်ကိုရခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး ထင်ပါတယ်။
ဥက္ကဌ လင်ဆိုမီက ကျွန်တော့်အမေနဲ့အတူ ရောက်လာတယ်။ အဆောက်အဦးတစ်ခုထဲမှာမလို့ အပေါ်ကနေ ဓာတ်လှေကားစီးပြီး ဆင်းလာရုံပဲလေ။ တခြား အမျိုးသမီးကြီးတချို့လည်း သူတို့နဲ့အတူ ပါလာကြတယ်။ ဘာလို့လဲတော့ မသိဘူး၊ အားလုံးက ကျွန်တော့်အမေရဲ့ ဦးဆောင်မှုကို လိုက်နာနေကြတဲ့ ပုံစံပါပဲ။
"ဒီအမျိုးသမီးကြီးတွေက ဘယ်သူတွေလဲ"
"အမေ့သူငယ်ချင်းတွေလေ။ ဒီက VIP နားနေဆောင်မှာ ရင်းနှီးသွားကြတာ"
အဲဒီအမျိုးသမီးကြီးတွေက ကျွန်တော့်ကို အားတက်သရော နှုတ်ဆက်ကြတယ်။
"မင်္ဂလာပါ။ စီအီးအို ကန်ဂျင်ဟူ"
"အိုမို... ဒီမှာ ဆုံရတာ ဝမ်းသာလိုက်တာ"
"အစ်မကြီး ပြောပြလို့ အကြောင်းစုံ ကြားထားပါတယ်။ အပြင်မှာ မြင်ရတော့ ပိုပြီးတော့တောင် ချောသေးတယ်"
"ဒုဥက္ကဌကတော့ မရောက်သေးဘူး ထင်တယ်"
ဥက္ကဌ လင်ဆိုမီက ကျွန်တော့်နား တိုးကပ်ပြီး တိုးတိုးလေး လာပြောတယ်။
"သူတို့က စီးပွားရေးလောကက ထိပ်သီးခေါင်းဆောင်တွေရဲ့ ဇနီးတွေလေ"
"ဪ..."
OTK Company နဲ့ K Company တို့နဲ့ စီးပွားဖက်ဖြစ်တဲ့ ပြည်တွင်းကုမ္ပဏီတွေက ကိုယ်စားလှယ်တွေလည်း ရောက်လာ ကြတယ်။ ဝန်ထမ်းတွေတင်မကဘဲ အမှုဆောင်အရာရှိတွေနဲ့ ဥက္ကဌတွေပါ ပါတာပါ။
ဥက္ကဌတွေနဲ့ အမှုဆောင်တွေ အုပ်စုလိုက်ကြီး ရောက်လာတော့ မင်္ဂလာဆောင်က ဝန်ထမ်းတွေ ပြာယာခတ်ကုန်ကြတယ်။ အခြေအနေကို ရိပ်မိတာနဲ့ ဥက္ကဌ လင်ဆိုမီက ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ကိုယ်တိုင် ရှေ့ထွက်ခဲ့ရတယ်။
"ကြိုဆိုပါတယ်။ ဥက္ကဌ ချွိုင်းဟျွန်ဝူး"
"အာ… မတွေ့တာ ကြာပြီနော် ဥက္ကဌ လင်ဆိုမီ။ နေကောင်းတယ်မလား"
"ကောင်းပါတယ်ရှင်။ ဟိုဘက်မှာရှိတဲ့ ဥက္ကဌတို့ထိုင်ဖို့အတွက် စီစဉ်ထားတဲ့နေရာဆီ လမ်းညွှန်ပေးပါ့မယ်"
မျှော်လင့်ထားတဲ့အတိုင်းပဲ ဥက္ကဌကိုယ်တိုင် ရှေ့ကနေ လမ်းညွှန်ပေးနေတော့ ဝန်ထမ်းတွေလည်း လျင်လျင်မြန်မြန်ပဲ အလုပ်လုပ်နိုင်သွားကြတယ်။
ပါမောက္ခ ကင်ဟိုမင်က အနောက်တိုင်း ဝတ်စုံအပြည့်နဲ့ သပ်သပ်ရပ်ရပ် ရောက်လာပြီး သူ့နောက်မှာ သုတေသနပညာရှင်တွေလည်း ပါလာကြတယ်။ စောစောက ရောက်နေတဲ့ ဥက္ကဌတွေက သူ့ကို မြင်တာနဲ့ ချက်ချင်း အပြေးအလွှား သွားနှုတ်ဆက်ကြပါတယ်။
"တွေ့ရတာ ဂုဏ်ယူပါတယ်။ ပါမောက္ခ"
"ဂုဏ်ပြုစကားပြောဖို့ နောက်ကျနေပြီဆိုပေမဲ့ ဓာတုဗေဒနိုဘယ်ဆု ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ"
"လူချင်းတွေ့ပြီး အမြဲ နှုတ်ဆက်ချင်နေတာပါ"
"သိပ္ပံပညာရှင်အချင်းချင်းမလို့ ခင်ဗျားကို တကယ့်ကို လေးစားပါတယ်"
စီနီယာ ကီဟုမ်နဲ့ စီနီယာ ဟျွန်းဂျောင်တို့ရဲ့ မိဘတွေကတော့ ရောက်လာတဲ့ ဧည့်သည်စာရင်းကို ကြည့်ပြီး မူးလဲမတတ် ဖြစ်နေကြပါပြီ။ ဆွေမျိုးတွေနဲ့ တခြားဧည့်သည်တွေလည်း အလားတူပဲ အံ့သြနေကြတာပါ။ တွေးကြည့်ရင် မင်္ဂလာဆောင်မှာ နိုဘယ်ဆုရပညာရှင် နှစ်ယောက်တောင် ရှိနေတာလေ။ အခုဆိုရင် ဆောင်းအုပ်စုရဲ့ ဥက္ကဌ လင်ဂျင်ယုံတောင် ရောက်လာပါပြီ။
"ဆောင်းအုပ်စုက လင်ဂျင်ယုံပါ။ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ရဲ့ မင်္ဂလာပွဲအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်"
"ကျ... ကျေးဇူးတင်ပါတယ်။ ဥက္ကဌ"
ဥက္ကဌ လင်ဂျင်ယုံက ကျွန်တော့်ဆီ လျှောက်လာပြီး အထူကြီးဖြစ်နေတဲ့ စာအိတ်ကို ကမ်းပေးတယ်။
"ထမင်းစားကူပွန် ပေးရမလား"
"အေး။ မတွေ့တာကြာတဲ့ လူတွေအများကြီး ရှိနေတော့ စားရင်းသောက်ရင်း စကားပြောရမယ်။ တခြားဥက္ကဌတွေလည်း မကြာခင် ရောက်လာကြလိမ့်မယ်"
မင်္ဂလာလက်ဖွဲ့ငွေ ပေးဖို့အတွက် လူတွေ တန်းစီနေကြပြီး စာအိတ်တွေက တောင်လို ပုံနေခဲ့တယ်။ စီနီယာ ဆန်းယော့က ခုနတင် လက်ခံရရှိတဲ့ စာအိတ်တစ်ခုထဲကို ခိုးကြည့်လိုက်ပြီး ပြောတယ်။
"ဝိုး... ဥက္ကဌ ဆွန်းဂျီတက်က ဒေါ်လာတွေ ထည့်ထားတာပဲ"
စာအိတ်ထဲမှာ ဒေါ်လာ ၁၀၀ တန် အရွက်နှစ်ဆယ်လောက် ရှိနေတာပါ။
စီနီယာ ဆန်းယော့က သွားရည်ကျမတတ် ပုံစံနဲ့ ပြောတယ်။
"ဒီလက်ဖွဲ့ငွေတွေနဲ့တင် အိမ်တစ်လုံး ဝယ်လို့ရတယ်"
"စီနီယာက ချောင်ဒမ်မှာ အိမ်ဝယ်ထားပြီးပြီလေ"
ဒီရက်ပိုင်း ဂန်နမ်မှာ လစာလေး စုပြီး အိမ်ဝယ်ဖို့ဆိုတာ မလွယ်ပေမဲ့ OTK Company ဝန်ထမ်းတွေအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက အိမ်ဖိုးငွေတစ်ဝက်လောက်ကို ချေးငွေနဲ့ ဝယ်ထားတာမလို့ ဒီနေ့ရတဲ့ လက်ဖွဲ့ငွေတွေက အကြွေးဆပ်ဖို့ အများကြီး အထောက်အကူပြုမှာပါလို့ ပြောနေသေးတယ်။
စီနီယာ ကီဟုမ်ရဲ့ ဝမ်းကွဲမောင်နှမတွေ နောက်ကျပြီး ရောက်လာတော့မှ စီနီယာ ဆန်းယော့နဲ့ ကျွန်တော်လည်း စာအိတ်လက်ခံတာနဲ့ ကူပွန်ဝေတဲ့ တာဝန်ကနေ လွတ်မြောက်သွားတော့တယ်။
စီနီယာ ဂျွန်ဟျွန်းဂျောင်က အမျိုးသမီးအထက်တန်းကျောင်း တက်ခဲ့တာမလို့ အဲဒီတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် လေးယောက်က ဂုဏ်ပြုဖို့ ရောက်လာကြတယ်။ သူတို့က မင်္ဂလာဂုဏ်ပြုသီချင်း ဆိုဖို့အတွက် ရက်အတော်ကြာ အတူတူ လေ့ကျင့်ထားကြတာပါ။
"ဆီလွန်ဟိုတယ်မှာ မင်္ဂလာဆောင်တာပဲ။ ဒါက နာမည်ကြီး ဆယ်လီတွေ မင်္ဂလာဆောင်တဲ့နေရာ မဟုတ်ဘူးလား"
"ဟုတ်တယ်။ သိပ်မကြာသေးခင်ကပဲ ကမ္ဘာကျော် ကြယ်ပွင့်တွေဖြစ်တဲ့ ကင်ဟျုမင်းနဲ့ ရှင်ဟဲအင်းတို့လည်း ဒီမှာ မင်္ဂလာဆောင်သွားတာနော်"
"စျေးကတော့ တော်တော်ကြီးမှာပဲနော်"
"စီအီးအို ကန်ဂျင်ဟူက သူတို့နှစ်ယောက်လုံးက ရုံးတွင်းစုံတွဲလည်းဖြစ်၊ ဌာနက စီနီယာတွေလည်း ဖြစ်နေလို့ ဘွတ်ကင်လုပ်ပေးတာလေ။ ပိုပြီး မိုက်တာ ဘာလဲ သိလား"
"ဘာလဲ"
"ဟန်းနီးမွန်းခရီးစဉ် ကန်ကွန်းကို သွားဖို့အတွက် OTK Company ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုပါ ပေးသုံးတာ"
"အာ… တကယ့်ကို မိုက်လိုက်တာ။ ရူးလောက်စရာပဲ"
"OTK Company ကို ဝင်ခွင့်ရတာ တကယ့်ကို ထီပေါက်တာပဲ။ ငါတို့ကုမ္ပဏီမှာတော့ အဲဒီလိုမျိုးတွေ ဘယ်တော့မှ မရှိဘူး"
ခန်းမထဲ မဝင်ခင်မှာ အိုမင်ဂျီက မိတ်ကပ်တွေ ပြန်စစ်ဖို့ မှန်ကို အလျင်စလို ထုတ်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ဒီမှာ အဆင့်အတန်းမြင့်တဲ့ အမျိုးသားတွေ အများကြီး ရှိနေမှာမလား။ OTK Company ရဲ့ ဝန်ထမ်းတွေလည်း အားလုံး ရောက်နေကြမှာလေ။ ဒီလိုနေရာမျိုးက အဆက်အသွယ်ကောင်းတွေ ရှာဖို့ အကောင်းဆုံးပဲ"
သူ့ရဲ့ စကားကြောင့် တခြားသူငယ်ချင်းတွေလည်း အပြိုင်အဆိုင် မှန်တွေ ထုတ်လိုက်ကြတယ်။
"ကန်ဂျင်ဟူက ငါ့ကို လာစကားပြောရင် ဘယ်လိုလုပ်မလဲ"
"အဟက်... အာချောင်မနေနဲ့။ ကန်ဂျင်ဟူရဲ့ ရည်းစားကို မမြင်ဖူးဘူးလား"
"အဲဒီမိန်းမက တကယ့်ကို လှတာ"
သူတို့ကိုယ်သူတို့ အသေအချာ ပြင်ဆင်ပြီးတဲ့နောက် သတို့သမီး နားနေခန်းထဲကို ဝင်ပြီး ဂျွန်ဟျွန်းဂျောင်ကို သွားတွေ့ကြတယ်။
"ဂုဏ်ယူပါတယ်။ ဟျွန်းဂျောင်"
"ဒီနေ့ နင် တကယ့်ကို လှနေတယ်"
"နင်က အိမ်ထောင်နောက်ကျမှ ပြုမယ်အမြဲပြောနေပြီး အခုတော့ အရင်ဆုံး လက်ထပ်သွားပြီ"
"ဒီလိုလူမျိုးတွေက အမြဲတမ်း အရင်ဆုံး လက်ထပ်ကြတာပဲ"
ဂျွန်ဟျွန်းဂျောင်က ပြုံးပြီး ပြောတယ်။
"လာပေးကြလို့ ကျေးဇူးတင်ပါတယ်"
"ခဏနေမှ တွေ့ကြမယ်"
သတို့သမီး နားနေခန်းထဲကနေ ထွက်လာပြီး မင်္ဂလာခန်းမ ပတ်ဝန်းကျင်ကို သူတို့တွေ လှည့်လည်ကြည့်ရှုလိုက်ကြတယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ သူတို့ မျက်စိရှေ့မှာ မယုံနိုင်စရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့တယ်။
ကန်ဂျင်ဟူက ထမင်းစားကူပွန်တွေ ဝေပေးနေပြီး ဥက္ကဌ လင်ဆိုမီက ဧည့်သည်တွေကို လမ်းညွှန်ပေးနေတာပါ။ သတင်းထဲမှာပဲ မြင်ဖူးတဲ့ ထိပ်သီးကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဌတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြတယ်။ နိုဘယ်ဆုရ ပါမောက္ခ ကင်ဟိုမင်နဲ့ ဆောင်းအုပ်စု ဥက္ကဌ လင်ဂျင်ယုံတို့ပါ ပေါ်လာတဲ့အခါ သူတို့ လုံးဝ မှင်သက်သွားကြတော့တာပေါ့။
"မ... မဖြစ်နိုင်တာ"
"ဒီအခြေအနေက ဘာကြီးလဲ..."
"ဒါက ချေဘောအုပ်စုရဲ့ အမွေခံ မင်္ဂလာဆောင်လား"
ဟင်နရီနဲ့ အစ်မ ဟျွန်းဂျူးတို့က တက်ဂယူ၊ အယ်လီတို့နဲ့အတူ ရောက်လာကြတယ်။
အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ဟင်နရီက ဟောလိဝုဒ် မင်းသားတစ်ယောက်လို အရှိန်အဝါမျိုး ထွက်နေတာပါ။ ဘေးပတ်ဝန်းကျင်က အမျိုးသမီးတွေရဲ့ အကြည့်တွေက သူ့ဆီကိုပဲ အလိုအလျောက် ရောက်သွားကြတယ်။ ဒါပေမဲ့ သူက အစ်မ ဟျွန်းဂျူးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကို မြင်တော့ အမျိုးသမီးတွေလည်း ချက်ချင်းပဲ အကြည့်လွှဲသွားကြတယ်။
တက်ဂယူကတော့ ဝိတ်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသစ်ချုပ်ထားတဲ့ ဝတ်စုံကို ဝတ်ထားပြီး အယ်လီကတော့ အညိုရောင် ဝတ်စုံကို ဝတ်ထားပါတယ်။ မင်္ဂလာဆောင်တွေမှာ သတို့သမီး ပိုပြီး ထင်ပေါ်စေဖို့အတွက် အမျိုးသမီးတွေက အရောင် တောက်တောက်တွေ၊ အဖြူရောင် ဂါဝန်တွေနဲ့ မိတ်ကပ်အထူကြီး ပြင်တာကို ရှောင်ကြဉ်ရတဲ့ ဓလေ့ ရှိတယ်ဆိုတာကို ကျွန်တော်လည်း အခုမှသိတာပါ။
"အဲဒီလို စည်းကမ်း ရှိလို့လား"
"ရှိတာပေါ့။ မင်္ဂလာဆောင်မှာ သတို့သမီးက အဓိက ကြယ်ပွင့်ပဲလေ"
ကျွန်တော်က ယောက်ျားလေးဖြစ်ပြီး မင်္ဂလာဆောင်တွေလည်း အများကြီး မသွားဖူးတာကြောင့် ဒါကို မသိခဲ့တာပါ။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ အမျိုးသမီးတစ်ယောက် လျှောက်လာပြီး နှုတ်ဆက်တယ်။
"မင်္ဂလာပါ။ တက်ဂယူ"
"အို။ ဒီမှာ ပြန်ဆုံရတာ ဝမ်းသာပါတယ်"
စကားလာပြောတဲ့သူက ယန်ဟန်နာပါပဲ။ ယန်ဟန်နာကလည်း ပွဲနဲ့လိုက်ဖက်အောင် အရောင်မတောက်တဲ့ ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတာပါ။ ဒါပေမဲ့လည်း ဘေးလူတွေရဲ့ အာရုံကို ဖမ်းစားနိုင်လောက်တဲ့ အလှတရားမျိုးကတော့ ရှိနေတုန်းပဲ။
"အဖေက အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့ အဖေ့ကိုယ်စား ငါ လာခဲ့တာ"
"ဪ... ဟုတ်ကဲ့"
ကျွန်တော် တက်ဂယူရဲ့ ကျောကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး ပြောလိုက်တယ်။
"သူ့ကို လိုက်ပြပေးလိုက်ဦး"
"ဘာကို လိုက်ပြရမှာလဲ။ ငါလည်း ဒီကို ပထမဆုံးအကြိမ် လာဖူးတာပဲလေ"
"......"
ဒါလည်း ဟုတ်တာပဲ။
ယန်ဟန်နာက မကြားချင်ယောင်ဆောင်ပြီး ပြောတယ်။
"ငါ့ကို ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးပါဦး။ တက်ဂယူ"
"ဟင်။ မိတ်ဆက်ပေးရမှာလား"
တက်ဂယူက မတတ်သာတဲ့ပုံစံနဲ့ ယန်ဟန်နာ့နောက်ကို လိုက်သွားတယ်။ သူတို့နှစ်ယောက် အတူတူရှိနေတာ ကြည့်ကောင်းတာမလို့ ကျွန်တော်လည်း စိတ်ထဲကနေ အားပေးမိတယ်။
ကျွန်တော်လည်း လာပေးကြတဲ့ ဧည့်သည်တွေကို လှည့်ပတ်နှုတ်ဆက်ရင်း ကျေးဇူးတင်စကား ပြောနေခဲ့တယ်။ အဲဒီနောက်မှာတော့ မင်္ဂလာအခမ်းအနား စတင်ခဲ့တယ်။
စီနီယာ ကီဟုမ်ရဲ့ သူငယ်ချင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ပါမောက္ခ ကင်မြောင်ဂျွန်က မင်္ဂလာကတိသစ္စာ တိုင်တည်ပေးတယ်။ Edm Entertainmentကနေတစ်ဆင့် စီနီယာ ဆန်းယော့ ဖိတ်ပေးထားတဲ့ အဆိုတော်တစ်ယောက်နဲ့ စီနီယာ ဟျွန်းဂျောင်ရဲ့ သူငယ်ချင်းတွေက ဂုဏ်ပြုသီချင်းတွေ သီဆိုပေးခဲ့ကြတယ်။
မင်္ဂလာတေးသံ ထွက်ပေါ်လာပြီး စက္ကူပန်းတွေ ပစ်ဖောက်ကာ လူတွေအားလုံး လက်ခုပ်တီးပြီး ဂုဏ်ပြုကြတယ်။
ဘီလီယက်ထိုးတဲ့ခုံမှာ ပဲခေါက်ဆွဲ အတူတူစား၊ PC ဆိုင်မှာ Starcraft အတူတူဆော့ပြီး ဌာနနားနေဆောင်မှာ အတူတူ သောက်စားခဲ့ဖူးတဲ့ စီနီယာက အခုလို အိမ်ထောင်ပြုသွားတာကို တွေ့ရတော့ စိတ်ထဲမှာ ဂုဏ်ယူသလို ခံစားရပါတယ်။
တက်ဂယူက အစ်မ ဟျွန်းဂျူးကို ပြောတယ်။
"မမလည်း မင်္ဂလာဆောင်လုပ်သင့်ပြီ။ အဖေနဲ့အမေ နှစ်တွေအများကြီး စောင့်မျှော်ခဲ့ရတဲ့ လက်ဖွဲ့ငွေတွေကို သိမ်းချင်လို့ စိတ်ထဲနေမထိထိုင်မသာဖြစ်နေတာ သိတယ်မလား"
"နောက်မှပေါ့"
အရင်တုန်းကတော့ ကလေးကြောင့် မင်္ဂလာဆောင် မလုပ်ဖြစ်ခဲ့ပေမဲ့ အခုအချိန်ကတော့ အကောင်းဆုံးအချိန် ဖြစ်လောက်မယ် ထင်ပါတယ်။ ဒါပေမဲ့ အစ်မ ဟျွန်းဂျူးက မင်္ဂလာဆောင်လုပ်ဖို့ စိတ်ဝင်စားပုံမရပါဘူး။ အမှန်တော့ ဟင်နရီကသာ အမြန်ဆုံး လုပ်ချင်နေတာပါ။ တကယ်လို့ သူတို့သာ မင်္ဂလာဆောင်လုပ်ဖြစ်ရင် ဒီပွဲနဲ့ နှိုင်းယှဉ်လို့မရအောင် ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီး ဖြစ်လာမှာ အသေအချာပါပဲ။
မင်္ဂလာဆောင်ပြီးတဲ့နောက် ဇနီးမောင်နှံက OTK Company ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီးပြီး ကန်ကွန်းကို ဟန်းနီးမွန်း ထွက်သွားကြတယ်။ စီနီယာ ဟျွန်းဂျောင်က ကိုယ်ဝန်ရှိနေတာမလို့ အေးအေးဆေးဆေး အနားယူပြီး လေကောင်းလေသန့် ရှူပြီးမှ ပြန်လာဖို့ စီစဉ်ထားတာပါ။
မူလကတည်းက လူနည်းတဲ့ ဝန်ထမ်းအင်အားထဲက နှစ်ယောက်တောင် လျော့သွားတာမလို့ ကျန်တဲ့လူတွေ ပိုပြီး အလုပ်များကုန်ကြတယ်။ ကြိုတင်ပြီး တာဝန်လွှဲပြောင်းယူထားတဲ့ ရှင်ယူရီက စီနီယာ ဟျွန်းဂျောင်ရဲ့ နေရာမှာ ဝင်လုပ်ပေးနေရပါတယ်။
ဒီလိုအချိန်မှာ တက်ဂယူ အလေးစားဆုံးဖြစ်တဲ့သူက ရုံးချုပ်ကို လာလည်ခဲ့တယ်။ သူကတော့ OTK Games ရဲ့ ဥက္ကဌ အိချီကာဝါ ရှီဂဲရု ပါပဲ။ သူက Linix Pentagon ကနေ ထွက်ပြီးနောက်ပိုင်း ထုတ်လုပ်ခဲ့တဲ့ 'Lost Fantasy M' ဂိမ်းက မိုဘိုင်းဂိမ်းသမိုင်းမှာ မကြုံစဖူး အောင်မြင်မှု ရခဲ့တာပါ။ အခုဆိုရင် 'Lost Fantasy Online' ဂိမ်းကို တီထွင်မှုကလည်း ပြီးမြောက်လုနီးပါး ဖြစ်နေပါပြီ။ Closed Beta စမ်းသပ်မှု ပြီးသွားလို့ Open Beta ဝန်ဆောင်မှုပေးဖို့ လက်တစ်ကမ်းပဲ လိုတော့ပါတယ်။
"ကြိုဆိုပါတယ်"
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က အိချီကာဝါ ရှီဂဲရု ပါ"
နှုတ်ဆက်စကားတွေ ပြောပြီးနောက် ကျွန်တော်တို့ ထိုင်လိုက်ကြတယ်။
သူက 'Lost Fantasy Online' နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မျှော်မှန်းချက်ကို အရင်ဆုံး ပြောပြတယ်။
"ဒီဂိမ်းက အခုထိ ထွက်ရှိခဲ့သမျှ 'Lost Fantasy' စီးရီးအားလုံးရဲ့ အနှစ်ချုပ်ပဲ။ မျှော်လင့်ထားလို့ ရပါတယ်"
တကယ်လည်း ကမ္ဘာတစ်ဝှမ်းက ဂိမ်းကစားသူတွေက Betaဝန်ဆောင်မှုမှာ ပါဝင်ဖို့အတွက် အလုအယက် လျှောက်ထားကြပြီး ဂိမ်းကျွမ်းကျင်သူတွေကလည်း တစ်ပြိုင်ထဲ ကစားသူ အနည်းဆုံး ၃ သိန်းကျော် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒါက အကြီးအကျယ် အောင်မြင်မှာပါ။ တကယ်လို့ ကစားသူ ၅ သိန်းက တစ်လကို ဒေါ်လာ ၃၀ စီ ပေးရင်တောင် တစ်လကို ဒေါ်လာ ၁၅ သန်း ရမှာလေ။ အဲဒီပမာဏက လစဉ်လတိုင်း ဝင်နေမှာပါ။ အဲဒီကစားသူတွေကို ဆက်ထိန်းထားနိုင်မလားဆိုတာကတော့ တခြားကိစ္စပေါ့။
'Lost Fantasy Online' အကြောင်း ပြောပြီးတဲ့နောက် ဥက္ကဌ ရှီဂဲရုက နောက်ထပ် အကြောင်းအရာတစ်ခုကို စကားပျိုးတယ်။
"ကျွန်တော် VR ကိရိယာတွေကို သုံးနိုင်မယ့် ဂိမ်းတစ်ခုကို ဖန်တီးချင်တယ်"
တက်ဂယူက မေးတယ်။
"အဲဒီလို ဂိမ်းမျိုးတွေ အခုလည်း ရှိနေတာပဲ မဟုတ်ဘူးလား"
ဂိမ်းကုမ္ပဏီတွေက VR နည်းပညာကို ဂိမ်းတွေထဲ ပေါင်းစပ်ဖို့ စဉ်ဆက်မပြတ် သုတေသနပြုခဲ့ကြပြီး တချို့ကလည်း VR ဂိမ်းကိရိယာတွေကို ထုတ်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာကီးဘုတ် ဒါမှမဟုတ် ဂိမ်းခလုတ်တွေနဲ့ ယှဉ်ရင် ထိန်းချုပ်ရတာ သဘာဝမကျတာရယ်၊ ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာ အားနည်းတာရယ်ကြောင့် လူကြိုက်သိပ်မများခဲ့ပါဘူး။
"ကျွန်တော် ဖန်တီးချင်တာက အတုအယောင် virtual reality အွန်လိုင်းဂိမ်းပါ"
တက်ဂယူ အရင်က ပြောဖူးတာကို ကျွန်တော် သတိရသွားတယ်။
"အဲဒါကို အရင်က တစ်ခါ စမ်းဖူးပြီး ကျရှုံးခဲ့တယ်လို့ ကြားတယ်"
VR ကိရိယာတွေ စပေါ်ခါစတုန်းက သူက အွန်လိုင်းဂိမ်းတွေနဲ့ ပေါင်းစပ်ဖို့ စိတ်အားထက်သန်စွာ ကြိုးစားခဲ့ဖူးပါတယ်။ ရလဒ်ကတော့ အကြီးအကျယ် ကျရှုံးခဲ့တာပေါ့။ ဂိမ်းက ထွက်တောင်မထွက်နိုင်ခဲ့ဘဲ ကြီးမားတဲ့ ထုတ်လုပ်ရေးကုန်ကျစရိတ်တွေပဲ အလဟဿ ဖြစ်သွားခဲ့ရတယ်။
ဥက္ကဌ ရှီဂဲရုက ခါးသက်သက် ပြုံးလိုက်တယ်။
"အဲဒီတုန်းက နည်းပညာက မရင့်ကျက်သေးဘူးလေ။ VR ကိရိယာတွေက အကြမ်းထည်ပဲ ရှိသေးတာ၊ ဆက်သွယ်ရေးကွန်ရက်တွေရော၊ cloud computing ကောက ဒီလောက်များပြားတဲ့ အချက်အလက်တွေကို မတင်ဆောင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု အခြေအနေက ကွဲပြားသွားပါပြီ။ AI၊ machine learning၊ စက်ရုပ်နည်းပညာ၊ Wireless ဆက်သွယ်ရေးကွန်ရက်... စိတ်ကူးတွေကို လက်တွေ့အဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ အခု ရှိနေပြီလေ။ Faceit က ထုတ်လိုက်တဲ့ 'Ani' ကို ကြည့်ရင်ပဲ သိသာနေတာပဲ မဟုတ်ဘူးလား"
VR နည်းပညာပိုင်းမှာတော့ Npple ဒါမှမဟုတ် Facenote လိုမျိုး အိုင်တီဘီလူးကြီးတွေက ရှေ့ကနေ ဦးဆောင်နေတာပါ။ ဒါပေမဲ့ အဲဒါကို စီးပွားဖြစ်အဖြစ် ပြောင်းလဲပြီး လူထုကြား ပျံ့နှံ့အောင် လုပ်နိုင်ခဲ့တာက Faceit ပါပဲ။
"ဒါ့အပြင် AI နဲ့ machine learning နည်းပညာမှာ CarOS က ရှေ့က ပြေးနေတာပါ။ အရေးအကြီးဆုံးကတော့ OTK Company က ထုတ်လုပ်ရေးအတွက် လုံလောက်တဲ့ ရန်ပုံငွေ ထောက်ပံ့ပေးနိုင်တာပဲ"
အရင်နဲ့မတူတာက အခုဆိုရင် နည်းပညာပိုင်းရော ငွေကြေးပိုင်းပါ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေတွေက အဆင်သင့် ဖြစ်နေပြီလေ။
"ဒါပေမဲ့ လက်တွေ့ကမ္ဘာနဲ့ ထပ်တူကျတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့က ဖြစ်နိုင်ပါ့မလား"
ကျွန်တော့်မေးခွန်းကို တက်ဂယူက ခေါင်းခါပြတယ်။
"ဂိမ်းတစ်ခုက လက်တွေ့ကမ္ဘာကို ပုံတူကူးထားဖို့ မလိုပါဘူး။ စာသားအတိုင်းပဲ အတုအယောင် ကမ္ဘာဖြစ်နေရင် ရပြီ"
"ဟင်"
"တွေးကြည့်လေ။ ရုပ်ရှင်တွေ ပေါ်လာပြီးတာတောင် ကာတွန်းတွေက ရှိနေတုန်းပဲမလား။ 2D လား၊ 3D လားဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက ဂိမ်းကစားသူက အဲဒါကို လက်တွေ့လို့ ခံစားမိဖို့ပဲ။ ငါတို့တွေေ pixel ခေတ်တုန်းကတောင် ဂိမ်းတွေကို ကောင်းကောင်း ကစားခဲ့ကြတာပဲလေ"
သူ့စကားက အဓိပ္ပာယ်ရှိပါတယ်။ လူသားတွေက အစက်အပြောက်အနည်းငယ်နဲ့ လိုင်းတချို့ကို မြင်ရုံနဲ့တင် လူ့မျက်နှာလို့ အဓိပ္ပာယ်ဖော်နိုင်ပြီး အမူအရာကိုပါ ခွဲခြားနိုင်ကြတာပါ။ ဒါကြောင့်မလို့ ကာတွန်းတွေကို ကြည့်ပြီး ငိုကြရယ်ကြတာပေါ့။
စဉ်းစားကြည့်ရအောင်။ Microsoft က Minecraft ကို တီထွင်ခဲ့တဲ့ Mojang ကုမ္ပဏီကို ဒေါ်လာ သန်း ၂၅၀၀နဲ့ ဝယ်တုန်းက ကုမ္ပဏီတွင်းမှာ စိုးရိမ်မှုတွေ အများကြီး ရှိခဲ့တာပါ။ ဒါပေမဲ့ Minecraft က ကမ္ဘာတစ်ဝှမ်းမှာ အရောင်းရဆုံး ဂိမ်းတွေထဲက တစ်ခု ဖြစ်လာခဲ့ပြီး အခုထိလည်း ကြီးမားတဲ့ Contentတွေနဲ့ တန်ဖိုးတွေကို ဖန်တီးပေးနေတုန်းပါပဲ။ တကယ်လို့ ကျွန်တော်တို့သာ ကမ္ဘာတစ်ဝှမ်းက လူတွေ နှစ်သက်မယ့် အတုအယောင် ကမ္ဘာဂိမ်းတစ်ခုကို ဖန်တီးနိုင်ရင် ဘယ်လိုဖြစ်လာလောက်မလဲ။
"ထုတ်လုပ်ရေး ကုန်ကျစရိတ် ဘယ်လောက် စဉ်းစားထားလဲ"
"ဒေါ်လာ သန်း ၁သောင်းပါ"
ဥက္ကဌ ရှီဂဲရုရဲ့ အဖြေကြောင့် စီနီယာ ဆန်းယော့ လုံးဝ လန့်သွားခဲ့တယ်။
"ဝမ် သိန်းပေါင်း ၁၁ ကုဋေလား။ ဂိမ်းတစ်ခုထဲ ဖန်တီးဖို့ကို ဝမ် သိန်းပေါင်း ၁၁ ကုဋေကြီးတောင် သုံးမှာလား"