အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း (၃၂၃)
အစ်မ ဟျွန်းဂျူးအိမ်မှာ စကားပြောလို့ပြီးတော့...ကျွန်တော်တို့ အတူတူ အိမ်ပြန်ခဲ့ကြတယ်။ စောစောက ဖျတ်ကနဲ မြင်လိုက်ရတဲ့ ယူဂျင်ဝုရဲ့ မျက်နှာကို ပြန်တွေးမိတယ်။ အဲဒီကောင်က အယ်လီ့ကိုယ်ခန္ဓာကို လက်နဲ့လိုက်ကိုင်ပြီး ခါးကိုပါ အတင်းဖက်ခဲ့တာလား။
တွေးမိလေလေ ပိုပြီးဒေါသထွက်လေလေပါပဲ။
ဒါတောင် အဲဒီလောက်နဲ့တင် ရပ်သွားလို့ တော်သေးတာပါ။ အယ်လီသာ တစ်ခုခုမလုပ်ခဲ့ရင် အဲဒီထက်ပိုဆိုးတာတွေတောင် လုပ်ဦးမှာ သေချာပါတယ်။
ဒါတင်မကသေးဘူး။ အရိုက်ခံရပြီးတော့ အယ်လီ့ကို ပြန်ထိုးဖို့ ကြိုးစားခဲ့ပြီး နားမခံသာတဲ့ ဆဲဆိုတာတွေ၊ ကျိန်ဆဲတာတွေကိုပါ လျှောက်ပြောခဲ့သေးတာဆိုပဲ။
အဲဒီအခြေအနေကို ခေါင်းထဲမှာ ပုံဖော်ကြည့်ရုံနဲ့တင် ဒေါသက ထောင်းကနဲ ထွက်လာရတယ်။ သူ့ကို ဒီအတိုင်း လွှတ်လိုက်ရုံနဲ့တင် မပြီးသင့်ဘူး။ သူ ထွက်မပြေးခင်သာ ဒီအကြောင်းကို ကြားခဲ့မိရင် ကော်လံစကနေ ဆွဲပြီး အပီအပြင် ထိုးပစ်လိုက်မိမှာအမှန်ပဲ။
ယူဂျင်ဝုက GJအုပ်စု ဥက္ကဌ ယူဗြောင်မွန်းရဲ့ အငယ်ဆုံးသားပါ။ GJအုပ်စုက ကိုရီးယားစီးပွားရေးလောကမှာ အဆင့် ၁၇ ရှိပါတယ်။ အထင်ကြီးစရာလို့ ထင်ရပေမဲ့ OTK Company နဲ့ ယှဉ်ရင်တော့ အလတ်စား စီးပွားရေးလုပ်ငန်းလောက်ပဲ ရှိတာပါ။
ကျွန်တော့်မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဆုံးဖြတ်ချက်ချလိုက်ရင် အဲဒီအုပ်စုကို တိုက်ခိုက်ပြီး ဖြိုခွဲပစ်လို့ရသလို၊ ဒီအတိုင်း ညှိုးနွမ်းသွားအောင်လည်း လုပ်လို့ရပါတယ်။
ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ။
အယ်လီက ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး မေးတယ်။
"အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုထိ စိတ်တိုနေတုန်းလား"
"စိတ်မတိုဘဲ နေနိုင်စရာလား"
ကျွန်တော့်စကားကြောင့် အယ်လီက တောက်ပစွာ ပြုံးလိုက်တယ်။
"ဘာလို့ ပြုံးတာလဲ"
"ဩော်... 'ငါ တကယ် အချစ်ခံရတာပဲ' လို့ တွေးမိလို့ပါ"
"တ... တကယ်လား"
သူ ပြုံးနေတာကို မြင်တော့ ကျွန်တော့်ဒေါသတွေက လျော့ကျသွားရတယ်။
"စိတ်တိုတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လွန်လွန်ကဲကဲတော့ မလုပ်ပါနဲ့။ ကန်ဂျင်ဟူကို လူဆိုးတစ်ယောက် မဖြစ်စေချင်ဘူး။ ဘာပြောလဲဆိုတာ သဘောပေါက်တယ်မလား"
"အာ... သိပါပြီ"
ဒါကို ကြားမှ အယ်လီ ဘာလို့ စောစောကလို ဘာမှမဟုတ်သလို ပြုမူခဲ့လဲဆိုတာ နားလည်သွားတော့တယ်။
တကယ်လို့ ကျွန်တော်က ယူဂျင်ဝုရဲ့ ကော်လံစကိုဆွဲပြီး အဲဒီနေရာမှာတင် ထိုးနှက်ခဲ့ရင် စိတ်ထဲမှာတော့ ကျေနပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့ရင် အဲဒီမှာရှိတဲ့လူတွေ အကုန်လုံးက မြင်သွားကြမှာ ဖြစ်သလို၊ မကောင်းတဲ့ ကောလာဟလတွေလည်း ချက်ချင်း ပျံ့နှံ့သွားမှာပါ။
ဒါကြောင့်ပဲ အယ်လီက ယူဂျင်ဝုကို ထွက်ပြေးခွင့်ပေးလိုက်ပြီး ကျွန်တော့်ကို ကုမ္ပဏီ ညစာစားပွဲဆီ ချက်ချင်း ခေါ်သွားခဲ့တာပါ။ အမဲသားကျွေးတာ ခံရတဲ့ ဝန်ထမ်းတွေက ကျွန်တော့်အပေါ် အမြင်ကောင်းသွားကြတာကတော့ အပိုဆုပေါ့။
ဒီလိုကိစ္စတွေက အယ်လီ့ရဲ့ အတွေးအခေါ် နက်ရှိုင်းမှုကို ပြသနေတာပါပဲ။ သူက ကျွန်တော့်ထက် အသက်ကြီးလို့လားမသိဘူး။
"ဒါနဲ့... ဒီနေ့ ငါ မိတ်ကပ်လိမ်းထားတာ လှတယ်မလား။ ဂျင်ဟူကို ပြမလို့ မဖျက်ဘဲ ထားထားတာ"
"အာ... အခုမှ သတိထားမိတယ်..."
အယ်လီက ပုံမှန်ဆို မိတ်ကပ်ပါးပါးပဲ လိမ်းတတ်တာပါ။ ဒါပေမဲ့ မိတ်ကပ်ပညာရှင်နဲ့ သေချာပြင်ဆင်ထားတာမလို့ သူ့ရဲ့အလှက ဟောလိဝုဒ်မင်းသမီးတွေထက်တောင် ပိုပြီး တောက်ပနေပါတယ်။
ဒေါသက ဒေါသ၊ အလှက အလှပဲလေ။
"ငါ ရေသွားချိုးလိုက်ရမလား"
မတ်တတ်ရပ်ဖို့ ပြင်နေတဲ့ အယ်လီ့လက်ကို လှမ်းဆွဲပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
"နောက်မှ ချိုး။ အခု လက်ရှိပုံစံက အရမ်းလှနေတာလေ"
စီနီယာ ပတ်ဆန်းယော့က Edm Entertainment ကတစ်ဆင့် ယူဂျင်ဝုအကြောင်း သတင်းအချက်အလက်တွေကို ဆက်ပြီး စုဆောင်းနေခဲ့တယ်။ ကျွန်တော် ရုံးတက်တဲ့အချိန်မှာ စုစည်းထားတဲ့ စာရွက်စာတမ်းတွေကို လာပေးတယ်။
"ဒီကောင် သုံးတဲ့နည်းလမ်းက အမြဲတမ်း အတူတူပဲ။ လူကြိုက်များတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးမယ်ဆိုပြီး မြှူဆွယ်တယ်၊ ပြီးတော့ လူရွေးဖို့ ဒါမှမဟုတ် စာချုပ်ချုပ်ဖို့ ခေါင်းစဉ်တပ်ပြီး သူ့ရဲ့ သီးသန့်ရုံးခန်းဆီ ခေါ်တာပဲ"
"အဲဒါကို နစ်နာသူတွေက ယုံကြတာပဲလား"
"နာမည်ကြီးချင်လွန်းလို့ ဒီလိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ချင်တဲ့ မိန်းကလေးတွေလည်း ရှိမှာပေါ့။ အလိုက်သင့် မနေတဲ့သူတွေကိုကျတော့ အတင်းအဓမ္မ လုပ်တော့တာပဲ။ ပြဿနာတက်လာရင်တော့ ဇာတ်ဝင်ခန်း အသေးအမွှားလေးတွေ ပေးတာ ဒါမှမဟုတ် ပိုက်ဆံပေးပြီး နှုတ်ပိတ်တာ လုပ်လိုက်ပုံရတယ်။ မိန်းကလေး တော်တော်များများကတော့ စိတ်ဒဏ်ရာရသွားပြီး ဖျော်ဖြေရေးလောကထဲကနေ လုံးဝ ထွက်သွားကြတယ်"
ကျွန်တော် စာရွက်စာတမ်းတွေကို ဖတ်ကြည့်လိုက်တယ်။ နာမည်နဲ့တကွ စာရင်းသွင်းခံထားရတဲ့ နစ်နာသူတွေ ဆယ်ယောက်ကျော် ရှိနေတာပါ။
"ဒါတွေ အားလုံးက တကယ်ပဲလား"
"ဒါက အတည်ပြုနိုင်တာပဲ ရှိသေးတယ်။ တကယ့် နစ်နာသူအရေအတွက်က ဒီထက်မက အများကြီး ပိုနိုင်တယ်"
စကားပြောနေတုန်းမှာပဲ အတွင်းရေးမှူး ဝင်လာတယ်။
"GJအုပ်စု ဥက္ကဌ ယူဗြောင်မွန်း ရောက်နေပါတယ်"
သူ မကြာခင် ရောက်လာလိမ့်မယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။
"ဝင်ခွင့်ပြုလိုက်ပါ"
စီနီယာ ပတ်ဆန်းယော့ ထွက်သွားပြီး တက်ဂယူနဲ့ ကျွန်တော် ထိုင်စောင့်လိုက်ကြတယ်။ ခဏနေတော့ ဥက္ကဌ ယူဗြောင်မွန်း ဝင်လာတယ်။ သူ့ကို လွှတ်တော် ကြားနာပွဲလို နေရာမျိုးတွေမှာ တစ်ခါနှစ်ခါ မြင်ဖူးပါတယ်။ အသက် ၇၀ ကျော်နေပြီ ဖြစ်ပေမဲ့ ကြည့်ရတာ သန်သန်မာမာပါပဲ။ အုပ်စုကို နောက်ထပ် ၁၀ နှစ်လောက် ဆက်ပြီး ဦးဆောင်နိုင်ဦးမယ့် ပုံပါ။
သူ့နောက်ကနေ သေဒဏ်ကျ အကျဉ်းသားတစ်ယောက်လို ကပ်ပါလာတာကတော့ ယူဂျင်ဝုပါ။ သူ့မျက်နှာကို မြင်လိုက်ရုံနဲ့တင် စိတ်ထဲမှာ ဒေါသတွေ ပြန်ပြီးပွက်လောရိုက်လာပါတယ်။
ဥက္ကဌ ယူဗြောင်မွန်းက ခါးကို ညွှတ်နေအောင် ကုန်းပြီး အလေးပြုတယ်။
"ကျွန်တော့်ရဲ့ မိုက်မဲတဲ့ သားဖြစ်သူက ကြီးလေးတဲ့ မရိုသေမှုကို ကျူးလွန်ခဲ့တယ်လို့ ကြားပါတယ်။ ဒီကောင့်ကို ဒေါသပြေတဲ့အထိ စိတ်ကြိုက် ရိုက်နှက်နိုင်ပါတယ်။ သွားတွေ ကျိုးသွားတာဖြစ်ဖြစ်၊ အရိုးတွေ ကျိုးသွားတာဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး"
ယူဂျင်ဝုက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်တယ်။
"ကျွန်တော် သေဒဏ်ခံရမယ့် အပြစ်ကို ကျူးလွန်မိပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျေးဇူးပြုပြီး စိတ်ကြိုက် ရိုက်နှက်ပါ"
ဒါက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခု မဟုတ်ပါဘူး။
တက်ဂယူက မလိုအပ်ဘဲ လက်ဆစ်တွေကို အသံမြည်အောင် ချိုးလိုက်တယ်။
"ဒါဆိုရင်တော့ အားနာမနေတော့ဘူးနော်။ ဘယ်လို သံတုတ်မျိုးကို ပိုကြိုက်လဲ"
ဥက္ကဌတွေက လူတွေကို ဂေါက်ရိုက်တံနဲ့ ရိုက်နှက်တတ်တာ ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကျ ပုံစံပါ။ စိတ်မကောင်းစရာက ကျွန်တော်တို့ဆီမှာ ဂေါက်ရိုက်တံ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဂေါက်မရိုက်ကြလို့ပါ။
စိတ်အလိုအတိုင်းသာ ဆိုရင်တော့ ဂေါက်ရိုက်တံ ဖြစ်ဖြစ်၊ ဘေ့စ်ဘောရိုက်တံ ဖြစ်ဖြစ် လက်လှမ်းမီရာနဲ့ ရိုက်ပစ်လိုက်ချင်တာပါ။
ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် လူတွေကို ရိုက်နှက်ပြီး ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံတွေ ပစ်ပေးတတ်တဲ့ မောက်မာတဲ့ ချေဘောတွေနဲ့ ဘာထူးတော့မှာလဲ။
ပိုက်ဆံနဲ့ အာဏာရှိရုံနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပိုင်ခွင့် မရှိသလို၊ ကျွန်တော့်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှိရှိ လူတစ်ယောက်ကို ရိုက်ပိုင်ခွင့် မရှိပါဘူး။
ရည်းစားတစ်ယောက်အနေနဲ့တော့ သူ့ကို ရိုက်လို့ရတာပေါ့... ဒါပေမဲ့ သူတို့က ရိုက်ပါဆိုပြီး အဆင်သင့် လာလုပ်နေတဲ့ အချိန်မှာ သွားရိုက်တာက သူတို့ဆင်တဲ့ ထောင်ချောက်ထဲ ဝင်သွားသလို ဖြစ်ပါလိမ့်မယ်။
တင်းတင်းဆုပ်ထားတဲ့ လက်သီးကို ပြန်ဖြေလိုက်တယ်။
"လူတစ်ယောက်က အမှားလုပ်မိရုံနဲ့တင် ရိုက်နှက်လို့မရပါဘူး"
ကျွန်တော့်စကားကြောင့် ယူဂျင်ဝုရဲ့ မျက်နှာက တောက်ပသွားတယ်။
"ဒါ... ဒါဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးတာလား"
"ခွင့်လွှတ်မှုကိုတော့ အမှားလုပ်ခြင်း ခံရတဲ့သူဆီမှာ တောင်းပန်ရမှာပါ"
"အာ… ကျွန်တော် အခုချက်ချင်းပဲ ခင်ဗျားရဲ့ ရည်းစားဆီမှာ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်"
"ရပါတယ်၊ အယ်လီကလည်း ခွင့်လွှတ်တယ်လို့ ပြောပြီးသားမလို့ပါ"
ယူဂျင်ဝုရဲ့ မျက်နှာက ပိုပြီးတော့ တောက်ပသွားသလို၊ ဥက္ကဌ ယူဗြောင်မွန်းလည်း သက်ပြင်းချနိုင်သွားတယ်။
"ဒါပေမဲ့ တခြားသူတွေကတော့ ခွင့်လွှတ်ပါ့မလား ငါလည်း သေချာမသိဘူး" လို့ ကျွန်တော်ထပ်လောင်းပြောလိုက်တယ်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
စီနီယာ ပတ်ဆန်းယော့ စုစည်းထားတဲ့ စာရွက်စာတမ်းတွေကို သူတို့ရှေ့ တိုးပေးလိုက်တယ်။ ဥက္ကဌ ယူဗြောင်မွန်းနဲ့ ယူဂျင်ဝုတို့က စာရွက်တွေကို ကြည့်ပြီး လန့်သွားကြတယ်။
"ဒါကိုကြည့်ရသလောက်တော့ မင်းက ဒီလိုမျိုးတွေကို အရင်ကလည်း အကြိမ်ကြိမ် လုပ်ခဲ့ပုံရတယ်။ အဲဒီလူတွေဆီကနေလည်း ခွင့်လွှတ်မှု ရအောင်တောင်းရမယ်။ တကယ်လို့ ခွင့်လွှတ်မှု မရရင်တော့ အပြစ်ပေးမှုကို ခံယူရလိမ့်မယ်"
ပြီးတော့ စားပွဲပေါ်ကို စာရွက်နဲ့ ဖောင်တိန် တင်ပေးလိုက်တယ်။
"ဒါက ဝန်ခံကတိစာပဲ။ အချိန်ယူပြီး စိတ်အေးလက်အေး ရေးနိုင်ပါတယ်"
ယူဂျင်ဝုက ကြောင်အမ်းအမ်းနဲ့ ပြန်မေးတယ်။
"ဝ... ဝန်ခံကတိစာ ဟုတ်လား"
"ဟုတ်တယ်။ ဘေးက စာရွက်စာတမ်းတွေကို ကိုးကားပြီး အသေးစိတ်ရေး၊ ပြီးရင် အနီးဆုံး ရဲစခန်းကို သွားပြီး မင်းကိုယ်တိုင် တင်လိုက်။ ဒီထဲမှာ မပါတဲ့ တခြား နစ်နာသူတစ်ယောက်ယောက်ကသာ နောက်မှ ထပ်ပေါ်လာရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်မလား"
ယူဂျင်ဝုက မျက်နှာဖြူလျော်စွာနဲ့ ဘေးကို လှည့်ကြည့်တယ်။
"အ... အဖေ"
ဥက္ကဌ ယူဗြောင်မွန်းရဲ့ မျက်နှာပေါ်မှာ အရှက်ရမှုနဲ့ စိတ်ပျက်မှုတွေ ဖြတ်ပြေးသွားတယ်။
လောလောဆယ်မှာ GJအုပ်စုက ထိပ်တန်း လုပ်ငန်းစုကြီး ၅ ခုဆီကနေ စာချုပ်ဖျက်သိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကောလာဟလသာ ပျံ့သွားရင် တခြားအုပ်စုတွေကလည်း လိုက်လုပ်ကြမှာပါပဲ။ ကျွန်တော်က သူတို့ကို အဲဒီလိုလုပ်ဖို့ အမိန့်မပေးခဲ့ပေမဲ့၊ မလုပ်ဖို့တော့ ပြောပေးလို့ရပါတယ်။
အဲဒီလိုဖြစ်ဖို့အတွက် အဓိက သတ်မှတ်ချက်က ယူဂျင်ဝုက နစ်နာသူတွေကို တောင်းပန်ပြီး သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် သင့်တော်တဲ့ အပြစ်ဒဏ်ကို ခံယူဖို့ပါပဲ။
"မရေးချင်ရင်လည်း ဒီအတိုင်း ပြန်သွားနိုင်ပါတယ်"
ဆိုးလ်အလယ်ပိုင်း ခရိုင်ရဲစခန်းရှေ့မှာ သတင်းစာရှင်းလင်းပွဲ အကျဉ်းလေးတစ်ခု ပြုလုပ်ခဲ့တယ်။
ယူဂျင်ဝုက နှာခေါင်းပေါ်မှာ ပတ်တီးလေးနဲ့ ခေါင်းကို ညွှတ်ထားပြီး မျက်ရည်လည်ရွှဲ ပြောနေတယ်။
"ကျွန်တော်... ကျွန်တော်က လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ရာထူးနေရာကို သုံးပြီး အနုပညာရှင်ဖြစ်ချင်သူ အများအပြားကို အဓမ္မ သို့မဟုတ် မြှူဆွယ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ၊ စော်ကားမှုတွေ ကျူးလွန်ခဲ့ပါတယ်။ အခုအချိန်ကစပြီး ကျွန်တော် ရဲစခန်းမှာ အဖမ်းခံပြီး ထွက်ဆိုချက်ပေးမှာဖြစ်သလို၊ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက်လည်း ပြစ်ဒဏ်ကို ကြည်ကြည်ဖြူဖြူ ခံယူပါ့မယ်။ နစ်နာသူ အားလုံးကိုလည်း စိတ်မကောင်းကြီးစွာနဲ့ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်"
သတင်းစာရှင်းလင်းပွဲ တိုတိုလေးအပြီးမှာ သူက ရဲစခန်းထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်ဝင်သွားပြီး အဖမ်းခံခဲ့တယ်။
ဥက္ကဌ ယူဗြောင်မွန်းက သူ့ရဲ့အငယ်ဆုံးသားကို အလွန်အမင်း ချစ်ခင်မြတ်နိုးကြောင်း လူသိများတာပါ။ ဒါပေမဲ့ သားဖြစ်သူအပေါ် ထားတဲ့အချစ်က ဘယ်လောက်ပဲ ကြီးမားပါစေ၊ အုပ်စုတစ်ခုလုံးထက်တော့ ပိုပြီး တန်ဖိုးမရှိပါဘူး။ နောက်ဆုံးမှာတော့ အုပ်စုကို ကယ်တင်ဖို့အတွက် သူ့ရဲ့အငယ်ဆုံးသားကို ထောင်ထဲ ပို့ဖို့ ဆုံးဖြတ်လိုက်ရတော့တာပဲ။
ဥက္ကဌ ယူဗြောင်မွန်းကိုယ်တိုင် ပြည်သူကို လူသိရှင်ကြား တောင်းပန်ခဲ့ပြီး နစ်နာသူတွေနဲ့ ကျေအေးမှုရအောင် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တယ်။
မီဒီယာတွေကလည်း ရုတ်တရက် ဆန်းကြယ်စွာ ပေါ်ထွက်လာတဲ့ ဒီအခြေအနေကို အပြိုင်အဆိုင် သတင်းထုတ်ပြန်ကြတယ်။ GJအုပ်စု ဥက္ကဌရဲ့ အငယ်ဆုံးသားကြောင့် GJအုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီအားလုံးရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးဆင်းသွားခဲ့ပြီး GJ Media ကတော့ နေ့စဉ်အနိမ့်ဆုံး သတ်မှတ်ချက်အထိ ကျဆင်းသွားခဲ့တယ်။
Owner risk ဆိုတာ ကိုရီးယားမှာဖြစ်ဖြစ်၊ နိုင်ငံခြားမှာဖြစ်ဖြစ်၊ ချေဘောဖြစ်ဖြစ်၊ မဟုတ်ဖြစ်ဖြစ် အတူတူပါပဲ။ Master Chicken တောင်မှ ပိုင်ရှင်အဖမ်းခံရပြီးနောက် Franchise အရောင်းနှုန်းတွေ အကြီးအကျယ် ကျဆင်းသွားခဲ့ဖူးတယ်။ နိုင်ငံခြားမှာလည်း ပရော်ဖက်ရှင်နယ် မန်နေဂျာတွေ ပြဿနာရှာရင် ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ သပိတ်မှောက်မှုတွေ ကြုံရတာပါပဲ။ ပရော်ဖက်ရှင်နယ် မန်နေဂျာကိုတော့ အလွယ်တကူ အစားထိုးလို့ ရပေမဲ့၊ ချေဘောပိုင်ရှင်ကိုတော့ အစားထိုးလို့မရတဲ့အတွက် ဒါက ပိုပြီး ကြီးမားတဲ့ ပြဿနာ ဖြစ်လာတာပါ။
တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။
"နောက်တစ်ယောက်တော့ ပို့လိုက်ပြန်ပြီပေါ့"
"တကယ်တော့ ငါ ပို့လိုက်တာ မဟုတ်ပါဘူး"
အဲဒီကောင် အယ်လီ့အပေါ် လုပ်ခဲ့တာက ပြစ်မှုတစ်ခု ဖြစ်ပေမဲ့ ဥပဒေအရဆိုရင်တော့ ထောင်ကျဖို့အထိ မလုံလောက်ပါဘူး။ အများဆုံးရှိလှ ဒဏ်ငွေ ဒါမှမဟုတ် ခံဝန်နဲ့ လွှတ်တာမျိုးပဲ ဖြစ်မှာပါ။ ဒါပေမဲ့ သူ့ရဲ့ တခြားပြစ်မှုတွေကတော့ အဖမ်းခံရဖို့ သေချာတော့ ပြစ်မှုတွေပါ။
သူ့ရဲ့ ကိုယ်ပိုင်အပြစ်တွေကြောင့် ထောင်ထဲဝင်ရတာဆိုတော့ ဘယ်သူ့ကို သွားအပြစ်တင်လို့ ရမှာလဲ။
"...ဒါပေမဲ့ အဲဒီကောင်က မင်းကိုတော့ အသေအလဲ အပြစ်တင်နေမှာ သေချာတယ်"
"တင်တင်ပေါ့။ ဒါပေမဲ့ GJအုပ်စုကတော့ ငါ့ကို ကျေးဇူးတင်သင့်တယ်"
ဒီလိုကောင်မျိုးက ဒီအတိုင်းသာ ဆက်ပြီး လုပ်နေဦးမယ်ဆိုရင် နောက်ပိုင်း အုပ်စုရဲ့ပုံရိပ်က ဘာဖြစ်သွားမလဲ။ ပိုပြီးကြီးမားတဲ့ ပြဿနာ မဖြစ်ခင် ထောင်ထဲ တိတ်တိတ်ဆိတ်ဆိတ် ဝင်သွားတာကမှ ပိုကောင်းဦးမယ်။
"သူ နောင်တရပါ့မလား"
"မရလောက်ပါဘူး"
သူသာ နောင်တရတတ်တဲ့ လူစားမျိုးဆိုရင် အစကတည်းက ဒီလိုမျိုး ပြုမူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအရ အပြစ်ဒဏ် ခံရတာက သားကောင်ဖြစ်ခဲ့ရသူတွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရစေနိုင်ပါတယ်။
မနှစ်မြို့ဖွယ်ရာ ကိစ္စတစ်ခု ရှိခဲ့ပေမဲ့ ဓာတ်ပုံရိုက်ကူးရေးကတော့ စာချုပ်အတိုင်း ဆက်ဖြစ်ခဲ့တယ်။
အိမ်တွင်း ရိုက်ကူးရေးတစ်ခု ထပ်ရှိသေးပြီး တီဗီကြော်ငြာ ရိုက်ကူးမယ့် နေရာကိုတော့ မော်လ်ဒိုက်မှာရှိတဲ့ ကျွန်းတစ်ကျွန်းနဲ့ Resortတစ်ခုမှာလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကူးသန်းရောင်းဝယ်ရေး ရိုက်ကူးမှုဖြစ်တဲ့အတွက် တရားဝင် ခွင့်ပြုချက် လိုအပ်ပေမဲ့ ဒီပြဿနာက အလွယ်တကူ ပြေလည်သွားခဲ့တယ်။
ဘာလို့လဲဆိုတော့ အဲဒီကျွန်းနဲ့ Resortက ဂိုးမန်းမိသားစု ပိုင်တာမလို့ပါပဲ။
အယ်လီ့ရဲ့ ရိုက်ကူးရေးကိုအကြောင်းပြပြီး ကျွန်တော်တို့အားလုံး အတူတူ အပန်းဖြေခရီး ထွက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကုမ္ပဏီတစ်ခုကို ဦးစီးရင်းနဲ့ သိလာရတဲ့ အချက်တစ်ခုကတော့ အပန်းဖြေခရီးကို ရွှေ့ဆိုင်းလိုက်မယ်ဆိုရင် ဘယ်တော့မှ သွားဖြစ်တော့မှာ မဟုတ်ဘူးဆိုတာပါပဲ။ သွားလို့ရပြီလို့ တွေးလိုက်တိုင်း တစ်ခုခုက အမြဲ ပေါ်ပေါ်လာတတ်တာလေ။ ဒါကြောင့် သွားနိုင်တဲ့အချိန်မှာ သွားဖို့လိုပါတယ်။
ခရီးစဉ်က ၂ ညအိပ် ၃ ရက် ခရီးစဉ်ပါ။ အတင်းတောင်းဆိုပြီးနောက်မှာတော့ အစ်မ ဟျွန်းဂျူးလည်း တစ်ရက် ခွင့်ယူပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့တယ်။
ဟင်နရီက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။
"နောက်ဆုံးတော့ မော်လ်ဒိုက်ကို သွားရပြီပေါ့"
"ဟုတ်ပကွာ"
ပြန်တွေးကြည့်ရင် မော်လ်ဒိုက်သွားမယ့်အကြောင်းက မနှစ်ကတည်းက စပြောခဲ့တာပါ။ အားလုံး စီစဉ်ပြီးသား ဖြစ်ပေမဲ့ Big One ကိစ္စကြောင့် ဖျက်လိုက်ရတယ်။ မူလကတော့ ဒီခရီးစဉ်အတွင်းမှာ ဟင်နရီနဲ့ အစ်မ ဟျွန်းဂျူးတို့ အဆင်ပြေသွားအောင် ကူညီပေးဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ အခုတော့ အဲလိုလုပ်ဖို့ မလိုတော့ပါဘူး။
ဘာလို့လဲဆိုတော့ ဟင်နရီက အိုဂွန်ကို ရင်ခွင်ထဲမှာ ချီထားပြီးသားမလို့ပါ။
"ကုမ္ပဏီကို ပြန်မသွားတော့ဘူးလား"
"ခဏလောက် နားဖို့ စီစဉ်ထားတယ်။ ဟျွန်းဂျူး သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်မယ့် ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးချင်လို့လေ"
သူက ထင်ထားတာထက် အိမ်မှုကိစ္စနဲ့ ကလေးထိန်းတာနဲ့ ပိုပြီး လိုက်ဖက်နေတာလား။
ခဏကြာတော့ အယ်လီက ကျွန်တော့်အမေနဲ့အတူ အိမ်ကို ရောက်လာတယ်။
"နင်က အမေ့ဆီ ဖုန်းတောင် ပုံမှန်မဆက်ဘူး။ ဘာတွေ အသည်းအသန် အလုပ်ရှုပ်နေတာလဲ"
"တောင်းပန်ပါတယ်။ အမေ"
"အမေ စိတ်မပူရအောင် တစ်နေ့ တစ်ကြိမ်တော့ ဖုန်းဆက်ရမယ်။ နင့်အကြောင်း သတင်းတွေထဲမှာ မြင်ရတိုင်း အမေ ဘယ်လောက် လန့်ရလဲ သိရဲ့လား"
"......"
ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှာနိုင်ပါစေ၊ အမေ့ရဲ့ ဗျစ်တောက်ဗျစ်တောက် ပြောတာကိုတော့ မလွတ်နိုင်ပါဘူး။
ရိုက်ကူးရေးအဖွဲ့ကတော့ သီးခြား လေယာဉ်နဲ့ သွားဖို့ စီစဉ်ထားပြီး ကျွန်တော်တို့ကတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
OTK Company ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပွဲထုတ်ရမယ့် အချိန် ရောက်ပါပြီ။
လေယာဉ်မော်ဒယ်က Gulfstream G700 ပါ။
အမြန်ဆုံး ရနိုင်မယ့် မော်ဒယ်ဖြစ်လို့ ရွေးချယ်ခဲ့တာပါ။ မူလက ရုရှားသူဌေးကြီးတစ်ယောက် မှာထားတာ ဖြစ်ပေမဲ့ ပြဿနာတချို့ကြောင့် လွှဲပြောင်းမှု ကြန့်ကြာနေတာနဲ့ ကျွန်တော်တို့က ကြားကနေ ဝယ်လိုက်တာပါ။
စီနီယာ ပတ်ဆန်းယော့က ကိုယ်ပိုင်ဂျက်လေယာဉ် ဝယ်ယူရေးမှာ အရင်ကထက်ပိုပြီး တက်ကြွနေခဲ့တယ်။ သူက အတွင်းပိုင်း ဒီဇိုင်းကို သေသေချာချာ ကြီးကြပ်ခဲ့သလို လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းတွေကိုလည်း အချိန်မီ ရွေးချယ်ပေးခဲ့တယ်။
ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ အတွင်းပိုင်းက သန့်ရှင်းပြီး ခေတ်မီပါတယ်။
ထိုင်ခုံတွေ၊ အစည်းအဝေးခန်း၊ ရေချိုးခန်းနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်တွေ ပါဝင်ပါတယ်။
တက်ဂယူက အံ့ဩတကြီး ရေရွတ်တယ်။
"ဝိုး။ အတွင်းထဲမှာ ကုတင်တောင် ပါတယ်ဟ"
အနောက်ဘက်မှာ သီးသန့် အခန်းတစ်ခန်းလည်း ရှိပါသေးတယ်။ ဒါက First class မှာတောင် မရနိုင်တဲ့ ဇိမ်ခံမှုမျိုးပါပဲ။
ကိုယ်ပိုင်ဂျက်လေယာဉ် စီးဖူးတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ဂျက်လေယာဉ်ကို စီးဖူးပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်လေယာဉ် ရှိတာကတော့ ခံစားချက်ချင်း မတူပါဘူး။
မထွက်ခွာခင် လေယာဉ်မှူးကြီး၊ တွဲဖက်လေယာဉ်မှူးနဲ့ လေယာဉ်အမှုထမ်းတွေကို နှုတ်ဆက်လိုက်တယ်။
"စီအီးအိုဆီမှာ တာဝန်ထမ်းဆောင်ခွင့်ရတာ ဂုဏ်ယူပါတယ်"
"အားလုံးကို အားကိုးပါတယ်ခင်ဗျာ"
လေယာဉ် ပျံတက်သွားတဲ့အခါ နားထဲမှာ ခဏလောက် အူသွားပြီး လန့်သွားတဲ့ အိုဂွန်က အကျယ်ကြီး ငိုတော့တယ်။ ပုံမှန် လေယာဉ်တွေပေါ်မှာဆိုရင် တခြားခရီးသည်တွေကို အားနာမိမှာ ဖြစ်ပေမဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာတော့ စိတ်ပူစရာ မလိုပါဘူး။
လေယာဉ်က မော်လ်ဒိုက်ဆီ ပျံသန်းနေတုန်း ကျွန်တော်တို့ သီချင်းဖွင့်ပြီး ဝိုင်နဲ့ ဘီယာကို အရသာခံ သောက်ခဲ့ကြတယ်။
လေဆိပ်ကို ရောက်ပြီးတဲ့နောက် ကျွန်းဆီ ရောက်ဖို့အတွက် ရေပေါ်ပျံလေယာဉ် ထပ်စီးရတယ်။ အောက်မှာ ဖြန့်ကျက်နေတဲ့ သမုဒ္ဒရာက တကယ့်ကို မြကျောက်ရောင်လို စိမ်းမြနေတာပဲ။
ရေပေါ်ပျံလေယာဉ်က ကျွန်းကို ရောက်တဲ့အခါ ရေပြင်ပေါ်ကို ဆင်းသက်လိုက်တယ်။
အဆင်သင့် စောင့်ဆိုင်းနေတဲ့ ဝန်ထမ်းတွေက ကျွန်တော်တို့ကို ကြိုဆိုကြတယ်။ ကျွန်တော်တို့ကို Resortထဲက အကောင်းဆုံး Suiteအခန်းဆီ လမ်းညွှန်ခေါ်ဆောင်သွားတယ်။
အဲဒီအခန်းမှာ အမိုးဖွင့် ရေချိုးကန်နဲ့ သီးသန့် ရေကူးကန် ပါဝင်ပါတယ်။ သမုဒ္ဒရာကြီးကို ငေးကြည့်ရင်း ရေချိုးတာ ဒါမှမဟုတ် ရေကူးတာကိုလုပ်ရင်း အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်အမေက ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတဲ့ ဒီလို ဇိမ်ခံResortကြီးကို ကြည့်ပြီး အံ့ဩနေရှာတယ်။
"အလိုလေး... ဒီလိုနေရာမျိုးလည်း ရှိတာပဲလား"
ကျွန်တော့်အတွက်လည်း ကြယ်ငါးပွင့်ဟိုတယ်တွေမှာ အများကြီး တည်းဖူးခဲ့ပေမဲ့ ကြယ်ငါးပွင့်Resortကိုတော့ ဒါပထမဆုံး ရောက်ဖူးတာပါပဲ။
Resortမှာ သီးသန့်ကမ်းခြေ၊ Infinity pool၊ စားသောက်ဆိုင်တွေ Board၊ အနှိပ်ဆိုင်၊ ဝိုင်ဘား၊ ရေပြင်အားကစား စင်တာနဲ့ တခြားအရာတွေ အကုန်ရှိပါတယ်။
ကျွန်တော်တို့ အမြန်ပဲ အထုပ်အပိုးတွေချပြီး ကမ်းခြေဘက် ထွက်ခဲ့ကြတယ်။ အယ်လီက လက်ပြတ်၊ ဒူးဖုံး အပြာနုရောင် ဂါဝန်လေးကို ဝတ်ထားပြီး အပေါ်ကနေ အဖြူရောင် အင်္ကျီလေး ထပ်ခြုံထားတယ်။ စကတ်အောက်ကနေ ထွက်နေတဲ့ ခြေတံတွေက သွယ်လျပြီး လှပတဲ့ အချိုးအစားကို ပေါ်လွင်စေနေတာပါ။
ရာသီဥတုက အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေခဲ့တယ်။ ကောင်းကင်မှာ တိမ်တစ်ခုတောင် မရှိဘဲ နေရောင်က တောက်ပနေပါတယ်။
Resortက ဧည့်သည်တွေပဲ ဒီကျွန်းကို လာလို့ရတာမလို့ ကမ်းခြေက အမှိုက်တစ်စတောင်မရှိဘဲ သန့်ရှင်းနေခဲ့တယ်။ အယ်လီက ဖိနပ်ကို ကန်ထုတ်လိုက်ပြီး သမုဒ္ဒရာဆီ တစ်ဟုန်ထိုး ပြေးသွားတော့တယ်။
သူ့ ခြေထောက်တွေကို ရေထဲနှစ်လိုက်ပြီးမှ ကျွန်တော့်ဘက် လှည့်ပြီး လက်လှမ်းပြတယ်။
"လာလေ။ ဂျင်ဟူ"
တောက်ပတဲ့ တောင်ပိုင်းနေရောင်အောက်မှာ ဆံပင်ညိုရောင်နဲ့ အလှလေးက လန်းဆန်းစွာ ပြုံးပြနေခဲ့တယ်။
ကျွန်တော့်အမေက ကျွန်တော့်နံဘေးကို တွန်းပြီး မေးတယ်။
"ဘယ်တော့ အိမ်ထောင်ပြုမှာလဲ။ အမေ့မျက်စိထဲမှာတော့ သားအတွက် အယ်လီလောက် သင့်တော်တဲ့ မိန်းကလေး မရှိတော့ဘူး"
ကျွန်တော် ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော် သိပါတယ်။ အမေ"
အခန်း (၃၂၄)
ကျွန်တော်တို့ ရောက်ပြီးနောက်တစ်နေ့မှာပဲ ကြော်ငြာရိုက်ကူးရေး စတင်ခဲ့တယ်။
အယ်လီက Rash guard ဝတ်စုံကို ဝတ်ဆင်ပြီး ရေလှိုင်းစီးတဲ့ဘုတ်စီးတာ၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်တာတွေကို ကင်မရာတွေနဲ့ ဒရုန်းတွေသုံးပြီး ဗီဒီယိုနဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတယ်။
ရိုက်ကူးရမယ့် ကြော်ငြာဗားရှင်းက စုစုပေါင်း သုံးခုရှိပါတယ်။
ဗီဒီယိုအားလုံးပေါင်းရဲ့ အရှည်က ငါးမိနစ်လောက်ပဲ ရှိပေမဲ့ ဗားရှင်းတစ်ခုစီကို ရိုက်ကူးဖို့ အနည်းဆုံး နာရီပေါင်းများစွာ အချိန်ပေးရတာပါ။ နေရောင်ခြည်အခြေအနေကိုပါ ထည့်သွင်း စဉ်းစားရတဲ့ outdoorရိုက်ကူးရေး ဖြစ်တာကြောင့် ရိုက်ကူးရေးက နှစ်ရက်အထိ ကြာမြင့်ခဲ့တယ်။
အဲဒီအချိန်အတောအတွင်း ကျွန်တော်တို့ကတော့ အားလပ်ရက်ကို အေးအေးလူလူ ဖြတ်သန်းနေခဲ့ကြတယ်။
ဟင်နရီနဲ့ အစ်မ ဟျွန်းဂျူးတို့က ကမ်းခြေမှာ လက်တွဲပြီး လမ်းလျှောက်နေကြသလို ကျွန်တော့်အမေကလည်း အိုဂွန်နဲ့ ကစားပေးတာ၊ အနှိပ်ခံတာတွေကို လုပ်နေခဲ့တယ်။
တက်ဂယူကတော့ နေကာမျက်မှန်တပ်ပြီး ပက်လက်ကုလားထိုင် ပေါ်မှာ လှဲရင်း မိုဟီတို ကော့တေးကို တစ်ငုံချင်း သောက်နေပါတယ်။
"မော်လ်ဒိုက်ကို ရောက်ရင် မိုဟီတို သောက်ရတယ် မဟုတ်လား။ အား... နည်းနည်း မူးလာသလိုပဲ"
"ဒါက အယ်လ်ကိုဟော မပါတာ မဟုတ်ဘူးလား"
"ဒီအတိုင်း အငွေ့အသက်ကို ခံစားတာပါ၊ အငွေ့အသက်ကိုပဲ ခံစားတာကွ"
"......"
သူ့ကိုကြည့်ရတာ အောင်မြင်တဲ့ အိုတာကူတစ်ယောက်ရဲ့ စံပြပုံစံအတိုင်းပါပဲ။
"အေးတဲ့နေရာကနေ နွေးတဲ့နေရာကို ရောက်လာတော့ စိတ်ထဲ နေလို့ကောင်းသားပဲ"
ရာသီဥတုက လူတွေရဲ့ စိတ်ခံစားချက်အပေါ် တော်တော်လေး သက်ရောက်မှုရှိပါတယ်။ တောက်ပပြီး နွေးထွေးတဲ့ အခြေအနေတစ်ခုထဲနဲ့တင် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ်လေ။ ဆန့်ကျင်ဘက်အနေနဲ့ အုံ့မှိုင်းပြီး အေးစက်တဲ့ ဥရောပမြောက်ပိုင်းဒေသတွေမှာဆိုရင် လတ္တီကျုနိမ့်တဲ့ ဒေသတွေနဲ့ ယှဉ်ရင် စိတ်ဓာတ်ကျတာနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှုန်းက ပိုမြင့်မားတတ်တယ်။
ပြာလဲ့နေတဲ့ ကောင်းကင်ကြီးနဲ့ မြစိမ်းရောင် ပင်လယ်ပြင်ကို ငေးကြည့်ရင်း ကျွန်တော် တိုးတိုးလေး ပြောလိုက်တယ်။
"ပိုက်ဆံရှာရတာ တကယ်ကို တန်ပါတယ်"
အချိန်ရတိုင်း ကျွန်တော်နဲ့ အယ်လီက အတူတူ scuba diving ထိုးရတာကို သဘောကျကြပါတယ်။ ပင်လယ်ရေက ဂျေဂျူးကျွန်းနဲ့ ယှဉ်ရင် အဆမတန် ကြည်လင်ပြတ်သားနေတာပဲ။
ရေအောက်မှာတော့ အဆုံးမရှိကျယ်ပြောတဲ့ သန္တာကျောက်တန်း တွေက ကျွန်တော်တို့ရှေ့မှာ ဖြန့်ကျက်လို့နေတာပါ။
ဒါတင်မကသေးဘဲ Snorkeling (မျက်နှာကိုရေထဲနှစ်ပြီး ရေငုပ်တာ)လုပ်တာ၊ paddleboarding (မတ်တပ်ရပ်ပြီး လှေလှော်တာ)၊ jet skiing စီးတာ၊ banana လှေစီးတာနဲ့ေလေထီးစီးတာ စတဲ့ တခြားဆော့ကစားစရာ လှုပ်ရှားမှုတွေလည်း အများကြီး ရှိပါတယ်။
သုံးရက်နဲ့ နှစ်ညဆိုတဲ့ အချိန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ်။
"ဟွန့်... နောက်ထပ် ဆော့ချင်သေးတယ်"
အယ်လီက နှုတ်ခမ်းဆူပြီး ဂျီကျနေပါတယ်။
အစ်မ ဟျွန်းဂျူးက ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်တယ်။
"ဘာတွေ ပြောနေတာလဲ။ အလုပ်ပြန်လုပ်ဖို့ မြန်မြန်ပြန်ရမယ်"
တိုတောင်းတဲ့ အားလပ်ရက်ကို အဆုံးသတ်ပြီးနောက် ကျွန်တော်တို့က ကိုယ်ပိုင်လေယာဉ်နဲ့ ကိုရီးယားကို ပြန်လာခဲ့ကြတယ်။
ရိုက်ကူးရေးအဖွဲ့က မော်လ်ဒိုက်မှာ ရိုက်ခဲ့တဲ့ အပိုင်းတွေကို တည်းဖြတ်ခန်းဆီ ပို့လိုက်ပြီး ချက်ချင်းပဲ ကြော်ငြာအဖြစ် ဖန်တီးခဲ့ကြတယ်။ မူလစီစဉ်ထားတဲ့မော်ဒယ်ကနေ အယ်လီဆီ ရုတ်တရက် ပြောင်းလဲလိုက်ရတာကြောင့် အချိန်ဇယားက တော်တော်လေး နောက်ကျနေခဲ့ပြီလေ။
ပြီးပြတ်သွားတဲ့ ကြော်ငြာကို ကျွန်တော်တို့ အရင်ဆုံး ကြည့်ခွင့်ရခဲ့တယ်။
ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကို နောက်ခံထားပြီး ရပ်နေတဲ့ အယ်လီက တကယ့်ကို မော်ဒယ်စစ်စစ်တစ်ယောက်လိုပါပဲ။ လှပရုံတင်မကဘဲ စခရင်ပေါ်ကနေတစ်ဆင့် တက်ကြွတဲ့ စွမ်းအင်နဲ့ ဆွဲဆောင်မှုတွေကိုပါ ထုတ်လွှတ်နေတာပါ။
"ဘယ်လိုလဲ။ ကြည့်လို့ကောင်းရဲ့လား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"အရမ်းလှတယ်"
မျက်စိလွှဲဖို့တောင် ခက်ခဲတဲ့အထိပါပဲ။ ကြော်ငြာကို ကြည့်ပြီးတဲ့နောက် Vester ရဲ့ ဥက္ကဌက အယ်လီကို မော်ဒယ်အဖြစ် ရဖို့ ဘာလို့ ဒီလောက်တောင် အတင်းအကြပ် တောင်းဆိုခဲ့လဲဆိုတာ နားလည်သွားခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ တီဗီကြော်ငြာ လွှင့်ပြီးတာနဲ့ တုံ့ပြန်မှုက ချက်ချင်း ထွက်ပေါ်လာခဲ့တယ်။ A-Tube ပေါ် တင်ထားတဲ့ ကြော်ငြာဗီဒီယိုက ကြည့်ရှုသူအကြိမ်ရေ တစ်သန်းကို အလျင်အမြန်ပဲ ကျော်လွန်သွားခဲ့ပြီး အယ်လီဝတ်ထားတဲ့ rash guard က အွန်လိုင်းမှာရော Offlineမှာပါ ချက်ချင်း ပစ္စည်းပြတ်သွားခဲ့တယ်။ Vester ရုံးချုပ်ဆီကိုလည်း ပစ္စည်းတွေ ထပ်ရဦးမလားဆိုတဲ့ စုံစမ်းမေးမြန်းမှုတွေ လှိုင်းလုံးလို ရိုက်ခတ်လာခဲ့တယ်။
မော်ဒယ်အပေါ် စိတ်ဝင်စားမှုကလည်း ပေါက်ကွဲထွက်သွားခဲ့တယ်။
- ဒီမိန်းကလေးက ဘယ်သူလဲ။
- ဟောလိဝုဒ်မင်းသမီးလား။ ဒါမှမဟုတ် ဖက်ရှင်မော်ဒယ်လား။
- ဝိုး... တကယ်ကို နတ်သမီးအဆင့်အလှပဲ။ ကမ္ဘာမှာ အလှဆုံးဟ။
- တစ်သက်မှာ ဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်နိုင်ငံက မော်ဒယ်လဲ။
- လက်ရှိ ဘဏ္ဍာရေးနယ်ပယ်မှာ လုပ်နေတဲ့သူပါ။ မော်ဒယ်မဟုတ်ပါဘူး။ Golden Gate ကိုရီးယားက ရှေ့နေတစ်ယောက်ပါ။
- ဟုတ်တယ်။ ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အဖွဲ့ခေါင်းဆောင်ပဲ။ Vester ဥက္ကဌက သူ့ကိုမြင်ပြီး မော်ဒယ်လုပ်ပေးဖို့ အတင်းတောင်းပန်လို့ ဒီကြော်ငြာကို ရိုက်ဖြစ်သွားတာ။
- ဟားဟား... နောက်နေတာလား။ အဲဒါကို တကယ်ယုံတဲ့သူ ရှိလို့လား။
- ကမ္ဘာပေါ်မှာ ဒီလိုရှေ့နေမျိုး ဘယ်မှာရှိမှာလဲ။
- တကယ် အဓိပ္ပာယ်မရှိတာ။ စိတ်ကူးယဉ်ဝတ္ထုထဲကအတိုင်းပဲ။
- အဲ့ဒါအမှန်ပါ။ သူက M&A နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပိုင်းကို အထူးပြုတဲ့သူပါ။
- ကျွန်တော်တို့ ကုမ္ပဏီက အဖွဲ့ခေါင်းဆောင်ပါ။ အလုပ်လုပ်ရင် တော်တော်ကြောက်ဖို့ကောင်းတယ်။
- ဝက်ဘ်ဆိုက်မှာ သွားစစ်ကြည့်ရင် အယ်လီကင်ဆိုတဲ့ နာမည်ရှိတယ်။
- ဘာလဲ... တကယ်ကြီးလား။
- ဒါက ဖြစ်နိုင်လို့လား။ ဒီလိုရုပ်ရည်မျိုးလည်းရှိပြီး ဉာဏ်လည်းကောင်းတယ် ဟုတ်လား။
- လောကကြီးက တကယ် မတရားဘူး။
- အခုချက်ချင်း အဲဒီကုမ္ပဏီမှာ အလုပ်ဝင်မှ ဖြစ်တော့မယ်။
- အခုပဲ အလုပ်ထွက်ပြီး Golden Gateကို အလုပ်သွားလျှောက်ရမယ်။
- အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ရှိတဲ့အလုပ်ကိုပဲ မြဲအောင်လုပ်စမ်းပါ။
- ဟေ့လူ... Golden Gateက ဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူးဗျ။
လှပတဲ့ နိုင်ငံခြားသားမော်ဒယ်က Golden Gateမှာ လုပ်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်နေတယ်ဆိုတာတင် တော်တော်လေး အံ့ဩဖို့ကောင်းနေပြီဖြစ်ပေမဲ့ မကြာခင်မှာပဲ ပိုပြီးတုန်လှုပ်စရာ ကောင်းတဲ့ အချက်တစ်ခုက ပေါ်ထွက်လာခဲ့တယ်။
- ဟင်... အဲဒီမိန်းကလေးက ကန်ဂျင်ဟူရဲ့ ရည်းစားလေ။
- ဟုတ်တယ်။ အရင်က ပါတီတစ်ခုကို အတူတူတက်ခဲ့ကြတာ တွေ့ဖူးတယ်။
- အာ... ဟိုတယ်စားသောက်ဆိုင်တစ်ခုမှာ သူတို့နှစ်ယောက် အတူတူ စားနေတာကို မြင်ဖူးသလိုပဲ။
- ဘာလဲဟ... ကန်ဂျင်ဟူမှာ ရည်းစားရှိတယ် ဟုတ်လား။
- ဘာလို့လဲ... ကန်ဂျင်ဟူက ရည်းစားမထားရဘူးလား။
- အသိတစ်ယောက်ဆီက ကြားတာတော့ ယူဂျင်ဝုက ရိုက်ကူးရေးမှာ ကန်ဂျင်ဟူရဲ့ ရည်းစားကို သွားပိုးပန်းမိလို့ ရဲစခန်းမှာ ကိုယ်တိုင်သွားပြီးအဖမ်းခံလိုက်တာတဲ့။
- တကယ့်ကို အမိုက်စားပဲ။ အရမ်းအားကျတယ်ကွာ။
- ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်တာထက် ဒီလိုရည်းစားမျိုး ရထားတာကို ပိုအားကျတယ်။
- ကန်ဂျင်ဟူကတော့ အားလုံးကို ပိုင်ဆိုင်ထားတာပဲ။
- ပိုက်ဆံအများကြီးရှိရင် ဒီလိုမိန်းကလေးမျိုးနဲ့ တွဲလို့ရတာလား။
- မဟုတ်ဘူး။ ပိုက်ဆံအများကြီးရှိရုံနဲ့ ဒီလိုရည်းစားမျိုးက အလိုလို ရလာတာမျိုး မဟုတ်ဘူး။
- အာ...ငါ့မှာလည်း အဲဒီလို ရည်းစားမျိုး ရှိရင် ကောင်းမှာပဲ။
- ဒီလိုရည်းစားမျိုးအထိတောင် မမျှော်လင့်ပါဘူး။ မိန်းမဖြစ်ရင်ပြီးရော၊ ဘယ်လိုရည်းစားမျိုးပဲဖြစ်ဖြစ် ရှိရင်ကောင်းမယ်...
- ရည်းစားတောင် မဟုတ်ပါဘူး၊ မိန်းကလေးသူငယ်ချင်းတစ်ယောက်လောက်ပဲ ရှိရင်တောင် ကျေနပ်ပါတယ်ကွာ...
- ငိုချင်တယ် ㅜㅜ
အယ်လီရဲ့ ထူးခြားလှပတဲ့ အလှအပ၊ Golden Gateရဲ့ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင်ဆိုတဲ့ ရာထူး၊ ပြီးတော့ ကျွန်တော်နဲ့ တွဲနေတယ်ဆိုတဲ့ အချက်တွေကြောင့် အယ်လီက တစ်ညထဲနဲ့ နာမည်ကြီးသွားခဲ့တယ်။
နေရာအနှံ့အပြားကနေ ဖုန်းခေါ်ဆိုမှုတွေ ဝင်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် တွေ့ဆုံသမျှလူတွေက အယ်လီဆီကနေ အမှတ်တရလက်မှတ် ဒါမှမဟုတ် ဓာတ်ပုံအတူတူတွဲရိုက်ဖို့ တောင်းဆိုလာကြတာမလို့ အသားတောင် ကျလာသလို ဖြစ်လာခဲ့ပါပြီ။
Golden Gateဆီကို ကြော်ငြာကမ်းလှမ်းမှုတွေလည်း အများကြီး ရောက်ရှိလာခဲ့တယ်။ အစ်မ ဟျွန်းဂျူးကတော့ ဒါက စတော့ပွဲစားကုမ္ပဏီလား ဒါမှမဟုတ် မော်ဒယ်အေဂျင်စီလား ဆိုတာတောင် မသဲကွဲတော့ဘူးလို့ အရွှန်းဖောက်ခဲ့သေးတယ်။
အယ်လီကိုယ်တိုင်လည်း ဒီလိုရုတ်တရက် ရေပန်းစားလာမှုကြောင့် ကြောင်အမ်းအမ်း ဖြစ်နေခဲ့တယ်။
"စောစောက ဥက္ကဌ လင်ဂျင်ယုံလည်း ဖုန်းဆက်လာတယ်။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ Wearable devices တွေအတွက် မော်ဒယ်လုပ်ပေးစေချင်လို့တဲ့။ အကောင်းဆုံး အကျိုးခံစားခွင့်ကို ပေးမယ်လို့ ပြောတယ်"
အယ်လီက ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါလိုက်တယ်။
"ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငြင်းလိုက်တယ်လို့ပဲ ပြောပေးပါ"
"ဘာလို့လဲ။ ဒါက အခွင့်အရေးကောင်းပဲလေ"
ဆိုဆောင်း အီလက်ထရောနစ်က ထုတ်ကုန်တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းချတာဖြစ်လို့ သူတို့ရဲ့ ကြော်ငြာကို ရိုက်ကူးတာက နိုင်ငံတိုင်းနီးပါးမှာ လူသိများသွားမှာပါ။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ မော်ဒယ်တစ်ယောက် ချက်ချင်း ဖြစ်သွားနိုင်တယ်လေ။
"ငါ့ရဲ့ လက်ရှိအလုပ်က နောက်ထပ် အလုပ်တစ်ခုကိုပါ တွဲလုပ်နိုင်လောက်တဲ့အထိ အားမနေဘူးဟ"
"အဲဒါတော့ ဟုတ်တာပဲ"
အခုလောလောဆယ်မှာတော့ အခြေအနေတွေက တည်ငြိမ်နေပေမဲ့ M&A ဒါမှမဟုတ် IPO အလုပ်တွေကို ကိုင်တွယ်ရပြီဆိုရင်တော့ အယ်လီက အသည်းအသန် အလုပ်ရှုပ်တော့မှာပါ။ မော်ဒယ်အလုပ်နဲ့ တွဲလုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။
ကျွန်တော်က မော်လ်ဒိုက်ရိုက်ကူးရေးတုန်းက အယ်လီ့ပုံစံကို ပြန်တွေးမိပြီး မေးလိုက်တယ်။
"ဒါပေမဲ့ ရိုက်ကူးရေး လုပ်တုန်းက ပျော်ခဲ့တယ် မဟုတ်လား"
အယ်လီက ပြုံးလိုက်တယ်။
"မော်ဒယ်လုပ်ရတာလည်း ပျော်စရာကောင်းပါတယ်၊ ဒါပေမဲ့ အခုလုပ်နေတဲ့ အလုပ်ကို ပိုသဘောကျတယ်။ နည်းနည်းတော့ နှမြောဖို့ကောင်းပေမဲ့ တစ်ခါလောက်တော့ အတွေ့အကြုံရသွားတာပေါ့။ ပြီးတော့ လှတဲ့ဓာတ်ပုံတွေလည်း အများကြီး ရခဲ့တာပဲလေ"
ကြော်ငြာကြောင့်ပဲ ထင်ပါတယ်။ Vesterရဲ့ ရောင်းအားက ရာသီမဟုတ်တဲ့အချိန် ဖြစ်နေတာတောင် သိသိသာသာ မြင့်တက်လာခဲ့ပြီး မီဒီယာတွေမှာလည်း နေ့တိုင်း ဆောင်းပါးတွေ ဖော်ပြနေခဲ့ကြတယ်။
ဖျော်ဖြေရေးသတင်းထောက်တွေက တကယ့်ဖျော်ဖြေရေး သတင်းတွေကို ပစ်ထားပြီး အယ်လီအကြောင်း ဆောင်းပါးတွေကိုပဲ အလုအယက် ရေးနေကြတယ်။
[Vesterရဲ့ မော်ဒယ်အသစ်က ကန်ဂျင်ဟူရဲ့ ရည်းစားဖြစ်ကြောင်း သိရှိရ]
[ဟောင်ကောင်က လှပပြီး အရည်အချင်းရှိတဲ့ ရှေ့နေ အယ်လီကင်]
[(သီးသန့်သတင်း) Startup တွေမှာ ရင်းနှီးမြှုပ်နှံရင်းကနေ စတင်တွဲခဲ့ကြတယ်လို့ ယူဆရ]
[(တိုက်ရိုက်) အလုပ်ဆင်းပြီးနောက် အတူတူ ဒိတ်လုပ်နေကြတာကို တွေ့ရှိ]
[(အသေးစိတ်ဆန်းစစ်ချက်) ဘယ်သူက အရင်ဖွင့်ပြောခဲ့လဲဆိုတာ အခုထိ မသိရသေး...]
ကျွန်တော် ရုံးခန်းထဲမှာ အယ်လီအကြောင်း ဆောင်းပါးတွေကို ဖတ်နေတုန်း တက်ဂယူက တံခါးကို ရုတ်တရက် ဆွဲဖွင့်ပြီး ဝင်လာခဲ့တယ်။
"ဟေ့... ကိစ္စကြီးကွ"
သူ့အကျင့်အတိုင်းပဲ၊ ဒီလိုပြောပြီဆိုရင် တကယ်တမ်းကျတော့ သိပ်ပြီး အရေးကြီးတဲ့ ကိစ္စမဟုတ်တာများပါတယ်။
ကျွန်တော်က ဂရုမစိုက်ဟန်နဲ့ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"အယ်လီက အရင်က မော်ဒယ်အလုပ် ခဏလုပ်ခဲ့ဖူးတယ်လို့ ပြောတာ မှတ်မိလား"
"အင်း"
အစ်မ ဟျွန်းဂျူးရဲ့ အပြောအရတော့ အယ်လီက တက္ကသိုလ်တက်နေတဲ့ အချိန်တုန်းက ယူကေ (UK) မှာ မော်ဒယ်အဖြစ် ခဏလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ စိတ်ဝင်စားလို့ ကျွန်တော်လည်း အယ်လီ့ကို အကြိမ်အနည်းငယ် မေးဖူးပေမဲ့ မေးတိုင်း အယ်လီက မျက်နှာတည်သွားပြီး လုံးဝ မပြောပြခဲ့ဘူး။ ဒါကြောင့် ဘယ်လိုမော်ဒယ်မျိုး လုပ်ခဲ့လဲဆိုတာက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့တာပါ။
"ငါ အဲဒီတုန်းက ဗီဒီယိုကို ရှာတွေ့ပြီလို့ထင်တာပဲ"
ကျွန်တော် တုန်လှုပ်သွားပြီး ထိုင်နေရာကနေ ချက်ချင်း ထရပ်လိုက်တယ်။
"ဘာ... တကယ်ကြီးလား။ ဘယ်လိုရှာတွေ့တာလဲ"
"ကိုရီးယားကို စိတ်ဝင်စားတဲ့ ဗြိတိန်က အင်တာနက်အသုံးပြုသူတစ်ယောက်က ရှာတွေ့ပြီး တင်ထားတာတဲ့"
တက်ဂယူက ကျွန်တော့်ပုခုံးကို လက်လှမ်းတင်ပြီး ပြောလိုက်တယ်။
"ကြည့်ပြီးရင် မင်း လန့်သွားနိုင်တယ်"
"ဘယ်လောက်တောင် လန့်ဖို့ကောင်းလို့လဲ..."
"ဒါက ပန်ဒိုရာရဲ့ သေတ္တာကို ဖွင့်လိုက်သလို ဖြစ်သွားနိုင်တယ်။ ကြည့်ချင်သေးလား"
"......"
'အဲလောက်တောင် ဆိုးလို့လား'
မကြည့်ဘဲနေတာက ပိုပြီး ပညာရှိဆန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်ပေမဲ့ ကြားပြီးမှတော့ မကြည့်ဘဲ မနေနိုင်တော့ပါဘူး။
"စိတ်ကို ပြင်ဆင်ထားလိုက်တော့"
ခဏလောက်အတွင်းမှာ အတွေးမျိုးစုံက ကျွန်တော့်ခေါင်းထဲ ဖြတ်ပြေးသွားခဲ့တယ်။ ပန်ဒိုရာ သေတ္တာကို ဖွင့်သလိုမျိုး ဖြစ်လောက်မလား။
"ကဲ... ဖွင့်သာပြလိုက်ပါတော့"
တက်ဂယူက သူ့ဖုန်းထဲက ဗီဒီယိုကို ဖွင့်ပြလိုက်တယ်။
တစ်မိနစ်လောက်ကြာတဲ့ ဗီဒီယိုလေး ပြနေပြီး ကျွန်တော် ဆွံ့အသွားခဲ့တယ်။
"......"
'အယ်လီက တကယ်ကြီး ဒီလိုမျိုး ရိုက်ခဲ့တာလား'
အယ်လီက အလုပ်ကနေ အိမ်ကို နောက်ကျမှ ပြန်ရောက်လာတယ်။
"နှစ်ယောက်လုံး ညစာ မစားရသေးဘူး မဟုတ်လား။ အတူတူ သွားစားရအောင်"
ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
"ဘာစားချင်လဲ။ အဲဒါမတိုင်ခင် အယ်လီ့ကို ပြစရာတစ်ခု ရှိတယ်။ ဆိုဖာပေါ်မှာ ခဏလောက် ထိုင်ကြည့်ပါလား"
"ဘာလဲဟင်"
ကျွန်တော် ရီမုနဲ့ တီဗီကို ဖွင့်လိုက်တယ်။
လက်မ ၁၂၀ ရှိတဲ့ စခရင်ကြီးပေါ်မှာ ဗီဒီယိုက စတင်ပွင့်လာခဲ့တယ်။ အယ်လီက လန့်ဖျတ်ပြီး အော်လိုက်တယ်။
"အာ..."
ဒါက ယူကေရဲ့ ဒေသတွင်း တီဗီလိုင်းတစ်ခုက ကြော်ငြာတစ်ခုပါ။
ဆံပင်ညိုညိုနဲ့ အလှလေးတစ်ယောက်က စားပွဲထိုးဝတ်စုံကို ဝတ်ပြီး ချစ်စရာကောင်းတဲ့ အကအလှတွေနဲ့ သီချင်းဆိုနေခဲ့တယ်။
"မိသားစုအားလုံး အတူတူ ငါးမုန့်ကြော်နဲ့ အာလူးကြော် ကို လူတိုင်း သဘောကျကြတယ်။ Royal Fish&Chips"
ပြီးတော့ သီချင်းစာသား ဝင်လာပါတယ်။
"Royal Royal~ FiChip FiChip~ Royal FiChip~ Royal FiChip~"
နောက်ဆုံးမှာတော့ ငါးမုန့်ကြော်ကို တစ်ကိုက် ကိုက်လိုက်ပြီး အံ့ဩသွားတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"အိုးမိုင်ဂေါ့... တကယ် အရသာရှိလိုက်တာ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ငါးမုန့်ကြော်နဲ့ အာလူးကြော်။ Royal Fish&Chips"
ဆက်ပြီး မကြည့်ရဲတော့ဘဲ အယ်လီက မျက်စိကို အတင်းမှိတ်ပြီး အော်လိုက်တယ်။
"မြန်... မြန်မြန် ပိတ်လိုက်တော့"
ကျွန်တော် တီဗီကို ပိတ်လိုက်တယ်။ အယ်လီကတော့ ရှော့ခ်ရသွားတဲ့ပုံစံနဲ့ ဖြစ်နေခဲ့ပါပြီ။
"ဒါ အယ်လီ ဟုတ်တယ်မလား"
မျက်နှာတစ်ခုလုံး နီရဲနေတဲ့ အယ်လီက ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းကိုပဲ တိုးတိုးလေး ညိတ်ပြရှာတယ်။
တက်ဂယူက စပ်စုတဲ့ပုံစံနဲ့ မေးလိုက်တယ်။
"အဲဒါကို ဘယ်လိုဖြစ်ပြီး ရိုက်ဖြစ်သွားတာလဲ"
"တက္ကသိုလ်တုန်းက အဲဒီမှာ အချိန်ပိုင်းအလုပ် လုပ်ခဲ့တာလေ။ ကြော်ငြာရိုက်ပေးရင် သုံးလစာ လစာကို တစ်ခါထဲ ပေးမယ်ဆိုတာနဲ့ ရိုက်ဖြစ်ခဲ့တာ..."
ဆင်ခြေပေးသလိုမျိုး အယ်လီ့အသံက တိုးသွားခဲ့တယ်။
အယ်လီက လက်နှစ်ဖက်ကို ယမ်းပြီး ဆက်ရှင်းပြတယ်။
"အဲ... အဲဒီတုန်းက ဒီလိုပုံစံဖြစ်မယ်မှန်းမသိဘဲ လျှောက်လုပ်လိုက်တာ။ နောက်မှ ကြော်ငြာကို ပြန်ကြည့်ပြီး ငါလည်း လန့်သွားခဲ့တာပဲ"
ရိုက်ကူးနေတုန်းကတော့ ဒီကြော်ညာက ကိုယ့်ရဲ့ ရှက်စရာကောင်းတဲ့ အတိတ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ မသိခဲ့တာ နေမှာပါ။
Googleမှာ အမြန်ရှာကြည့်လိုက်တော့ အဲဒီဆိုင်က ဒေသတွင်း Franchiseဆိုင်လေးတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ ဒေဝါလီခံကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရတယ်။
"ဒါနဲ့ အဲဒီငါးမုန့်ကြော်က တကယ်ပဲ အရသာရှိရဲ့လား"
အယ်လီက ငိုတော့မယ့် မျက်နှာလေးနဲ့ ပြောတယ်။
"အရသာတောင် မရှိဘူး"
"အာ..."
'အဲဒါကြောင့် ဆိုင်ပိတ်လိုက်ရတာ ထင်တယ်'
တက်ဂယူက နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"ပိုက်ဆံအတွက်နဲ့ ကိုယ်ကျင့်တရားကို ရောင်းစားလိုက်တာပေါ့"
ဆင်းရဲတဲ့ ကျောင်းသူလေးတစ်ယောက်အတွက် ရွေးချယ်စရာ သိပ်မရှိခဲ့တာ နေမှာပါ။
ကျွန်တော်က အယ်လီ့ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။
"ရပါတယ်။ လူ့ဘဝမှာ တစ်ခါတလေ ငါးမုန့်ကြော်ကြော်ငြာ ရိုက်မိတာမျိုးလည်း ရှိတတ်ပါတယ်"
ပြဿနာက ရိုက်ကွင်းအပြင်အဆင်၊ သီချင်းနဲ့ ဗီဒီယိုတစ်ခုလုံးက တစ်မျိုးကြီး ဖြစ်နေပြီး B-grade (အဆင့်နိမ့်) ရုပ်ရှင်တွေလို အပြင်အဆင်တွေ ရှိနေတာပါပဲ။ တက်ဂယူ့အပြောအရတော့ တကယ့် B-grade ရဲ့ ဆွဲဆောင်မှုဆိုတာ တကူးတက ကြိုးစားပြီး ဖန်တီးလို့ရတာမျိုး မဟုတ်ဘူးတဲ့။
စိတ်နည်းနည်း ပြန်တည်ငြိမ်သွားပြီးနောက် အယ်လီက ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"အဲဒီဗီဒီယိုကို အခုချက်ချင်း ဖျက်ပစ်လိုက်။ ဘယ်သူ့ကိုမှလည်း မပြနဲ့"
"မစိုးရိမ်ပါနဲ့"
တက်ဂယူက ပြောလိုက်တယ်။
"ညစာပဲ သွားစားရအောင်။ ဘာစားကြမလဲ"
အယ်လီ ရှက်နေတာကို မြင်တော့ ကျွန်တော် စချင်လာတာနဲ့
"ငါးမုန့်ကြော်နဲ့ အာလူးကြော် စားရင် ဘယ်လိုလဲ"
ကျွန်တော့်အပြောကြောင့် တက်ဂယူက တည်တည်တံ့တံ့ ပုံစံဖမ်းပြီး ခေါင်းညိတ်ပြတယ်။
"အကြံကောင်းပဲ။ ဒါနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ငါးမုန့်ကြော်ကို ဘယ်မှာ ရနိုင်တာပါလိမ့်"
"Royalမှာပေါ့..."
အယ်လီ မျက်နှာနီမြန်းသွားပြီး အော်တော့တယ်။
"နှစ်ယောက်လုံး တော်ကြတော့"
အယ်လီက ကျွန်တော်နဲ့ တက်ဂယူကို ဒီဗီဒီယိုကို ဘယ်သူ့ကိုမှ မပြပါဘူးလို့ အထပ်ထပ် ကတိတောင်းခဲ့တယ်။
ကျွန်တော်တို့လည်း အဲဒီကတိကို သေချာပေါက် စောင့်ထိန်းခဲ့ကြတယ်။ ဒါပေမဲ့ ဗီဒီယိုကတော့ အင်တာနက်ပေါ်မှာ ချက်ချင်း ပြန့်နှံ့သွားခဲ့ပါပြီ။ portal siteတွေရဲ့ Real-time ရှာဖွေမှု အဆင့်သတ်မှတ်ချက်တွေနဲ့ A-tubeရဲ့ ရေပန်းအစားဆုံး ဗီဒီယိုတွေထဲမှာ နေရာယူထားရုံတင်မကဘဲ သတင်းဆောင်းပါး တွေမှာပါ ပါလာခဲ့တယ်။
ပိုဆိုးတာက သီချင်းစာသားနဲ့ အကက တစ်မျိုးကြီး စွဲလမ်းဖို့ကောင်းနေပြီး လူတွေပါ လိုက်ပြီး တညည်းညည်း လုပ်နေကြတာပါပဲ။
အယ်လီက အလုပ်ကပြန်လာတော့ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တယ်။
"ငါ အလုပ်ထွက်ရမယ် ထင်တယ်"
"ဘာလို့လဲ"
"လုပ်ဖော်ကိုင်ဖက်တွေက ငါ့ကို မြင်ရင် ကြိတ်ရယ်နေကြတယ်။ ငါ့နောက်ကွယ်မှာ သီချင်းကို တညည်းညည်း လုပ်နေကြတာလေ။ ရှက်လွန်းလို့ သေချင်တာပဲ"
"......"
အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတလေ ညည်းမိပါတယ်။
Royal Royal~ FiChip FiChip~
"အရမ်း စိတ်မပူပါနဲ့။ ဒီလို ခေတ်ရေစီးကြောင်းတွေက ခဏပါပဲ"
"ဟွန့်..."
'This too shall pass. (ပြီးတော့လည်း ပြီးသွားမှာပါ)'
ဒါပေမဲ့ ပြီးတော့လည်း ပြီးသွားရင်တောင် အင်တာနက်ပေါ်မှာတော့ ထာဝရ ကျန်နေဦးမှာပါပဲ။
"ရှက်နေစရာ ဘာရှိလို့လဲ။ ငါကတော့ ချစ်ဖို့ကောင်းတယ်လို့ပဲ မြင်တယ်"
"ဟွန်း...ဘာမှချစ်ဖို့မကောင်းဘူး"
သူက ဒီလိုပြောပေမဲ့ မျက်နှာအမူအရာကတော့ ဒီလိုစကားမျိုး ကြားရတာကို မမုန်းတဲ့ ပုံစံပါပဲ။
"တကယ် ချစ်ဖို့ကောင်းလို့ပါ။ ဒါနဲ့ တက္ကသိုလ်တုန်းက ဓာတ်ပုံတွေ အများကြီး ရှိသေးလား"
"ဒါဆို အခုက ချစ်ဖို့မကောင်းဘူးပေါ့ ဟုတ်လား"
ကျွန်တော် ရယ်မိသွားတယ်။
"မဟုတ်ပါဘူး။ အခုက ပိုပြီးတော့တောင် ချစ်ဖို့ကောင်းပါသေးတယ်"
အယ်လီရဲ့ နှုတ်ခမ်းဆူထားတဲ့ ပုံစံလေးက တကယ် အသည်းယားစရာပါ။
အယ်လီက စိတ်နည်းနည်း ပြန်ကြည်သွားပုံရတယ်။
"အဲဒီလိုပြောတာ ကြားရတာ သဘောကျတယ်။ နောက်တစ်ခါလောက် ထပ်ပြောပေးပါဦး"
"အချိန်မရွေးပြောလို့ရတယ်။ အယ်လီက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး"
တက်ဂယူက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ငြီးငွေ့စရာကောင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"မင်းတို့နှစ်ယောက်ကို ကြည့်ရတာ တကယ်ကို သောက်မြင်ကပ်လာပြီ..."