← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄)

ဟန်ပြရောင်းမယ်လို့ ကြေညာထားတဲ့ ချဲယောင် ရဲ့ အိမ်ဈေးက သန်း ၂သောင်း လောက် ရှိပါတယ်။ ဒါက အဆင့်မြင့် လူနေအိမ်ရာ တစ်ခုဖြစ်တာကြောင့် ၁ပြုံကို ဝမ်သန်း ၆၀ နဲ့ တွက်ရင်တောင် မြေကွက်တန်ဖိုးတင် သန်း ၁သောင်းခွဲကျော်ပါတယ်။ ဆောက်လုပ်ရေး စရိတ်တွေကိုပါ ထည့်တွက်ရင်တော့ သန်း ၂သောင်း ဆိုတာ သင့်တော်တဲ့ ဈေးနှုန်းပါပဲ။

ဒါပေမဲ့ ပြဿနာက ဒီ 'သင့်တော်တဲ့ဈေး' မှာပဲ ရှိနေတာပါ။ ဒီလောက် အိမ်ကြီးအိမ်ကောင်းမျိုးမှာ နေနိုင်တဲ့သူ ရှားသလို ဝယ်မယ့်သူ ရှာဖို့ကလည်း မလွယ်ပါဘူး။ ဒါ့အပြင် ချမ်းသာတဲ့သူတွေက ဖုံးရွှေပညာရပ်ကို အရမ်းယုံကြတာပါ။ စီးပွားရေး ပျက်လို့ ရောင်းတဲ့အိမ်ဆိုရင် ဝယ်ဖို့ ဝန်လေးတတ်ကြပါတယ်။ အဲဒီတော့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေက ဈေးကို တော်တော်ကြီး မလျှော့ရင် ဒီအိမ်က ရောင်းထွက်မှာ မဟုတ်ဘူးလို့ ယူဆကြတယ်။ ဥက္ကဋ္ဌ ချဲယောင် လိုချင်တာကလည်း အဲဒီရလဒ်ပါပဲ။

တိုက်ခန်းတွေကတော့ အကျယ်အဝန်းအလိုက် ဈေးနှုန်းတစ်ခု သတ်မှတ်ထားတာ ရှိပေမဲ့ လုံးချင်းအိမ်တွေကတော့ တည်နေရာနဲ့ တည်ဆောက်ပုံပေါ် မူတည်ပြီး ဈေးက ကွာခြားမှု အများကြီး ရှိပါတယ်။ ဒါ့အပြင် အစိုးရက သတ်မှတ်တဲ့ မြေဈေးနှုန်းနဲ့ ပြင်ပက ပေါက်ဈေးကြားမှာလည်း ကွာခြားချက်က အများကြီးပါပဲ။ အခု ဒီအိမ်ကို သန်း ၂သောင်းနဲ့ ရောင်းဖို့ တင်ထားပေမဲ့ အစိုးရ သတ်မှတ်ဈေးက သန်း ၁သောင်း ဝန်းကျင်ပဲ ရှိတာပါ။

ချဲယောင် ကတော့ အချိန်ဆွဲပြီး အခြေအနေကြည့်မယ်။ ဒါမှမဟုတ် သူ နဲ့ နီးစပ်သူ တစ်ယောက်ယောက်ကို အစိုးရဈေးနဲ့ ပြန်ဝယ်ခိုင်းဖို့ စီစဉ်နေတုန်းမှာပဲ ကန်ဂျင်ဟူ က အဲဒီအိမ်ကို ဝယ်မယ်လို့ လူသိရှင်ကြား ကြေညာလိုက်တာပါ။

ဒီသတင်း ထွက်လာတာနဲ့ သတင်းဆောင်းပါးတွေ တန်းစီ ထွက်လာတော့တာပဲ။

“[OTK Company စီအီးအို ကန်ဂျင်ဟူ က ဥက္ကဋ္ဌ ချဲယောင် ရဲ့ သန်း ၂သောင်းတန် ဆမ်ဆောင်ဒေါင်းက အိမ်ကို ဝယ်ဖို့ စိတ်ဝင်စားနေ]”

“[သန်း ၂သောင်းတန် အိမ်ကြီးက ကန်ဂျင်ဟူ ရဲ့ လက်ထဲ ရောက်တော့မလား]”

“[ဟိုတယ်မှာပဲ တောက်လျှောက် နေထိုင်ခဲ့တဲ့ ကန်ဂျင်ဟူ ရဲ့ လျှို့ဝှက်ချက် ပေါ်ထွက်လာ]”

“[အိမ်ရောင်းလို့ရတဲ့ ငွေအားလုံးကို ရှယ်ယာရှင်လေးတွေအတွက် လျော်ကြေးပေးရာမှာ သုံးရမှာပါ]”

ဥက္ကဋ္ဌ ချဲယောင် တစ်ယောက် ပျာယာခတ်သွားပါပြီ။ တကယ် ရောင်းဖို့ စိတ်မကူးထားဘဲနဲ့ ဝယ်မယ့်သူ ပေါ်လာလိမ့်မယ်လို့ မထင်ထားတာလေ။ ရက်အနည်းငယ်ကြာအောင် ရှောင်နေပြီးမှ နောက်ဆုံးမှာတော့ ရှေ့နေကတစ်ဆင့် စကားပြန်လာတယ်။ အိမ်ခြံမြေ ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ပတ်ဝန်းကျင် ပေါက်ဈေးတွေကို ထောက်ပြပြီး အိမ်ကို သန်း ၂သောင်း မဟုတ်ဘဲ သန်း ၂၂၀၀၀နဲ့ ရောင်းမယ်လို့ ကြေညာလိုက်တယ်။ ဒီဆုံးဖြတ်ချက်က ရှယ်ယာရှင်လေးတွေရဲ့ အကျိုးစီးပွားအတွက်ပါလို့လည်း ထည့်ပြောလိုက်ပါသေးတယ်။

ရှယ်ယာရှင်လေးတွေ စုဝေးရာ Forum ထဲမှာတော့ ပွက်လောရိုက်သွားပါပြီ။

– “ရှယ်ယာရှင်တွေအတွက် ဆိုတာက ဘာစကားလဲ”

– “ဒီလိုသာ ထပ်ကူညီနေရင် ငါတို့အားလုံး အသက်ပျောက်တော့မှာပဲ”

– “အဲဒီဈေးနဲ့ ဘယ်သူက ဝယ်မှာလဲ”

– “မရောင်းချင်လို့ ရန်စနေတာ မဟုတ်လား”

– “ကင်မရာရှေ့မှာ မျက်ရည်ချူတည်းက ဒါမျိုးဖြစ်မယ်ဆိုတာ သိသားပဲ”

– “အရောင်းအဝယ် မရပ်ခင် နှစ်ရက်အလိုမှာ ရှယ်ယာ ၃၂,၀၀၀ ဝယ်ခဲ့တဲ့ ငါကတော့ ငတုံးပဲ။ အာဏာပိုင်တွေက ဘာလုပ်နေကြတာလဲ”

– “ချဲယောင် တစ်ယောက် ထောင်ထဲ သွားရတော့မယ်။ ပျော်စရာကြီး”

ဝေဖန်မှုတွေ ဘယ်လောက်ရှိရှိ ဥက္ကဋ္ဌ ချဲယောင် ကတော့ ဂရုမစိုက်ဘူး။ အခု အခြေအနေ ပြီးသွားရင် အေးဆေး ဖြစ်သွားမှာပဲလို့ပဲ တွေးနေတာပါ။ အစကတည်းက အိမ်ရောင်းဖို့ စိတ်ကူးမှ မရှိပဲ။

'ကန်ဂျင်ဟူ လည်း ဒီလောက်ဆိုရင် နောက်ဆုတ်သွားလောက်ပါပြီ'လို့ ချဲယောင်က မှားယွင်းစွာ တွေးလိုက်မိတယ်။

ဒါပေမဲ့ OTK Company ဘက်က ချဲယောင် ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အနေနဲ့ ရှယ်ယာရှင်တွေအတွက် သန်း ၂၂၀၀၀နဲ့ပဲ ဝယ်ယူမယ်လို့ ထပ်ပြီး ကြေညာလိုက်ပြန်ပါတယ်။

အခုဆိုရင် ငြင်းဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။ တကယ်လို့ ဒီတစ်ခါမှ ထပ်ပြီး စိတ်ပြောင်းမယ်ဆိုရင်တော့ ရှယ်ယာရှင်တွေကို ကူညီမယ်ဆိုတဲ့ ကတိက လိမ်ညာမှုဆိုတာ အားလုံး သိသွားတော့မှာလေ။

X-Cop ကို ဝယ်ယူတဲ့ လုပ်ငန်းစဉ်ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

နှစ်ဖက် ကိုယ်စားလှယ်တွေ စာချုပ်မှာ လက်မှတ်ထိုးကြပြီး OTK Company နဲ့ Golden Gate က ဒေါ်လာ သန်း ၂၉၃၁ လွှဲပေးလိုက်တယ်။ အစက သဘောတူထားတဲ့အတိုင်း ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ပိုင်ဆိုင်သွားပါပြီ။

စီအီးအို နဲ့ စီမံခန့်ခွဲမှု အဖွဲ့ကတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ အပြင်က ဒါရိုက်တာ အသစ် ၃ ယောက်ကိုတော့ အသစ်ခန့်လိုက်တယ်။ အစ်မဟျွန်းဂျူး က သင့်တော်တဲ့ လူတွေကို ရှာထားပြီးသားလေ။

Typo Group က ရယူနေတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေး လုပ်ငန်းကိုလည်း နောက် ၅ နှစ်အထိ ဆက်လုပ်သွားမှာပါ။ (ဒါက ဝယ်ယူရေး စည်းကမ်းချက်ထဲမှာ ပါတာပါ)။

X-Cop ရဲ့ ပိုင်ရှင်သာ ပြောင်းသွားတာ ကျန်တဲ့ အခြေအနေတွေကတော့ သိပ်မပြောင်းလဲပါဘူး။

အွန်ဆောင်း မော်တာ ဆီကို ပစ္စည်းသွင်းနေတဲ့ ကုမ္ပဏီတချို့ကတော့ လုံခြုံရေး စာချုပ်တွေကို ဖျက်သိမ်းမယ်လို့ အကြောင်းကြား လာတယ်။ ဝင်ငွေ နည်းနည်း လျော့သွားနိုင်ပေမဲ့ သူတို့ မပါဘဲနဲ့လည်း လုပ်ငန်းကို လည်ပတ်နိုင်ပါတယ်။

အစ်မဟျွန်းဂျူး ကတော့ အလုပ်ရှုပ်နေတုန်းပဲ။ ဒါပေမဲ့ အယ်လီ ကတော့ နည်းနည်း အားသွားလို့ ကျွန်တော်တို့ဆီ ခဏခဏ လာတတ်တယ်။

အယ်လီ က လက်နှစ်ဖက်ကို မြှောက်ပြီး အောင်ပွဲခံလိုက်တယ်။

“နိုင်ပြီဟေ့”

ပြီးတော့ ကျွန်တော့်ဘက် လှည့်ပြီး ဝမ်းသာအားရ ပြောတယ်။

“တွေ့လား။ ဂျင်ဟူ။ ငါ နိုင်သွားပြီ”

တက်ဂယူ ကတော့ လက်တွေတုန်ပြီး အံ့သြနေတယ်။

“မ... မယုံနိုင်စရာပဲ။ ငါက Tekken ဂိမ်းဆော့တာမှာ ရှုံးသွားတယ်ပေါ့လေ”

ကျွန်တော်တို့ အားလုံး စီအီးအို ရုံးခန်းထဲမှာ ဘာတွေ လုပ်နေကြတာလဲ။

ဧည့်ခန်းက နံရံကပ် တီဗွီကြီးက အခုဆိုရင် ဂိမ်းဆော့ဖို့သက်သက် ဖြစ်နေပါပြီ။ ဒီမှာ Tekken ပြိုင်ပွဲတောင် ကျင်းပလို့ ရနေပြီလေ။

ကျွန်တော်ကတော့ အရင်အတိုင်း အားနေတာပါပဲ။

ဒီနေ့တော့ သတင်းပို့ချက်တွေ သိပ်မတက်လာဘူး။ ကုမ္ပဏီဥက္ကဋ္ဌတွေက သူတို့ရုံးခန်းထဲမှာ ဂေါက်သီးရိုက်တံ တရမ်းရမ်းနဲ့ အားနေတတ်ကြတာက အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ။

အယ်လီ က ကျွန်တော့်ကို မေးတယ်။

“ခရစ္စမတ် ရောက်တော့မယ်နော်။ ဂျင်ဟူ ဘာလုပ်ဖို့ စိတ်ကူးရှိလဲ”

မူလကတော့ ခရစ္စမတ် ဆိုတာ ယေရှုခရစ်တော် မွေးဖွားခြင်းကို ဂုဏ်ပြုတဲ့ ခရစ်ယာန် ဘာသာရေးပွဲ ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဘာသာမရွေး ကျင်းပတဲ့ ပွဲတော်တစ်ခုလို ဖြစ်နေပါပြီ။

ကျွန်တော့်မှာတော့ ကိုးကွယ်ရာဘာသာ မရှိပါဘူး။ (စစ်တပ်ထဲမှာတုန်းကတော့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ကက်သလစ် ပွဲတွေ အကုန်တက်ခဲ့ဖူးပေမဲ့ပေါ့လေ)။ တက်ဂယူ နဲ့ အစ်မဟျွန်းဂျူးလည်း ကျွန်တော့်လိုပါပဲ။

“ဒါနဲ့ အယ်လီကကော ဘယ်ဘာသာကိုးကွယ်တာလဲ”

“ငါက Anglicanပါ”

“ဪ။ အယ်လီ ရဲ့ အမေက ဗြိတိန်လူမျိုးဆိုတော့ ဟုတ်မှာပေါ့”

“အင်း။ ဟောင်ကောင်မှာလည်း Anglicanတွေ အများကြီး ရှိတယ်လေ”

ဘာသာရေး ပြုပြင်ပြောင်းလဲမှု ကာလတုန်းက အင်္ဂလန်က ကက်သလစ်ကနေ ခွဲထွက်ပြီး Anglican အသင်းတော်ကို တည်ထောင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဗြိတိသျှ ကိုလိုနီနယ်မြေတွေမှာ Anglican ဘာသာက ပျံ့နှံ့သွားခဲ့တာပေါ့။

“ငယ်ငယ်တုန်းကတော့ ဗတ္တိဇံ ခံယူခဲ့ပေမဲ့ ဘုရားကျောင်းတော့ ခဏခဏ မသွားဖြစ်ပါဘူး။ အလုပ်က အရမ်းများနေတာကိုး”

“ဒါပေမဲ့ ခရစ္စမတ်တော့ ကျင်းပတယ် မဟုတ်လား”

အယ်လီ က ကျွန်တော့် မေးခွန်းကို မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။

“ကျင်းပတာပေါ့။ အလုပ်လုပ်နေတဲ့ လူကြီးတွေဆိုရင် အားလပ်ရက်တွေမှာ အချိန်ပေးဖို့ လိုတယ်လေ”

ဒါက မှန်ပါတယ်။ ကျွန်တော်တို့ဆီမှာ အားလပ်ရက်အနေနဲ့ ပိတ်တာက သဘာဝကျပေမဲ့ တချို့နိုင်ငံတွေမှာတော့ အဲဒီနေ့တွေမှာ အလုပ်မပိတ်ကြဘူးလေ။

“ဟောင်ကောင်မှာ ခရစ္စမတ်က အားလပ်ရက်လား”

“ဟုတ်တယ်၊ ဟောင်ကောင်မှာ နောက်တစ်နေ့အထိ ပိတ်တယ်”

“ခရစ္စမတ်ကျရင် အယ်လီဘာလုပ်ဖို့ အစီအစဉ် ရှိလဲ”

“အဲဒါကတော့ ငါ...”

အဲဒီအချိန်မှာပဲ ရုံးတွင်းဖုန်းက မြည်လာတယ်။ တက်ဂယူ က ချက်ချင်း ခေါင်းလှည့်ကြည့်တယ်။

“ကြာဇံပြုတ်မှာတာ ၁၀ မိနစ်တောင် မရှိသေးဘူး။ ရောက်လာပြီလားဟ”

“မဖြစ်နိုင်တာ”

အဝင်ကောလက်ခံတဲ့ ခလုတ်ကို ကျွန်တော်နှိပ်လိုက်တယ်။

[ဥက္ကဋ္ဌ ချဲယောင် ရဲ့ ရှေ့နေ ရောက်နေပါတယ်၊ ဘယ်လိုလုပ်ပေးရမလဲ]

ရုတ်တရက်ကြီး ရှေ့နေ ရောက်လာတာလား။ ဘာကိစ္စလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်။ အားနေတာနဲ့ပဲ ဒီတစ်ခါတော့ အပြတ်ပြောလိုက်တာ ပိုကောင်းမယ် မဟုတ်လား။

“ငါ ခဏသွားတွေ့လိုက်ဦးမယ်။ မင်းတို့ ဆက်ဆော့နေကြ”

တက်ဂယူ က လက်ဝှေ့ယမ်းပြတယ်။

“ကြာဇံပြုတ် မရောက်ခင် မြန်မြန်ပြန်လာခဲ့နော်”

အစည်းအဝေးခန်းထဲမှာ အသက် ၄၀ ကျော်လောက်ရှိတဲ့ မျက်မှန်နဲ့ လူတစ်ယောက် စောင့်နေပါတယ်။

ကျွန်တော် ဝင်သွားတော့ သူက မတ်တတ်ရပ် နှုတ်ဆက်ပြီး လိပ်စာကတ် ပေးတယ်။

“မင်္ဂလာပါ။ ကျွန်တော်က Jung & Kim ဥပဒေအကျိုးဆောင်အဖွဲ့က ရှေ့နေ ပတ်ဒုံဆူး ပါ”

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ”

Jung & Kim ဆိုတာ ပိုက်ဆံအများကြီးရမယ့် အမှုတွေကိုပဲ လက်ခံတာကြောင့် နာမည်ကြီးပါတယ်။ Ronstar အမှု၊ Mitsubishi အမှုတွေမှာလည်း သူတို့ကပဲ တာဝန်ယူခဲ့တာပါ။

ရာဇဝတ်မှု ကျူးလွန်ခဲ့ရင်တောင် ပိုက်ဆံပေးနိုင်ရင်တော့ ရှေ့နေတွေက ခုခံကာကွယ်ပေးကြမှာပဲလေ။

အခုလည်း အတွင်းသတင်းနဲ့ ကစားမှု၊ အလွဲသုံးစားမှုတွေနဲ့ စစ်ဆေးခံနေရတဲ့ ဥက္ကဋ္ဌ ချဲယောင် က Jung & Kim ကို အခကြေးငွေ အများကြီးပေးပြီး ငှားထားတာပေါ့။

“OTK Company ရဲ့ စီအီးအို ကို အခုလို လူကိုယ်တိုင် တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ကြိုတင် ချိန်းဆိုထားတာ မရှိဘဲနဲ့ အခုလို လက်ခံတွေ့ဆုံပေးတဲ့အတွက်လည်း….”

ကျွန်တော် သူပြောတာကို ဖြတ်ပြောလိုက်တယ်။

“ကျွန်တော့်မှာ အချိန် သိပ်မရှိလို့ လိုရင်းကိုပဲ ပြောရအောင်”

ရှေ့နေ ပတ်ဒုံဆူး က ခေါင်းညိတ်ပြတယ်။

“နှစ်ကုန်ပိုင်းဆိုတော့ အလုပ်ရှုပ်နေမှာပေါ့နော်”

“မဟုတ်ပါဘူး။ ကြာဇံပြုတ် မှာထားလို့ပါ။ အေးသွားရင် စားလို့မကောင်းတော့ဘူးလေ”

“...”

သူက ကျွန်တော် နောက်နေတာလား။ တကယ်ပြောတာလား ဆိုတာကို မဝေခွဲနိုင်သလို ကြည့်နေပါတယ်။

ဘာပဲဖြစ်ဖြစ် သူက ဆက်ပြောတယ်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ဥက္ကဋ္ဌ ချဲယောင် က စီအီးအိုဘက်က ဆမ်ဆောင်ဒေါင်း က အိမ်ကို ဝယ်ယူမယ့် အစီအစဉ်ကို ပြန်စဉ်းစားပေးဖို့ မျှော်လင့်နေပါတယ်”

“နားမလည်လို့ပါ။ ရောင်းမယ်ဆိုလို့ ကျွန်တော်က ဝယ်တာလေ။ ဘာပြဿနာ ရှိလို့လဲ။ ဈေးနှုန်းကိုလည်း ခင်ဗျားတို့ပြောတဲ့အတိုင်း သဘောတူထားပြီးသားပဲလေ”

“စီအီးအို ဝယ်မယ့် ရည်ရွယ်ချက်က ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ လူကိုယ်တိုင် နေဖို့ဆိုတာ ကျွန်တော်တို့ သိရပါတယ်”

“အဲဒါက ဘာဖြစ်လို့လဲ”

“ဥက္ကဋ္ဌ နဲ့ သူ့ရဲ့ သားသမီးတွေက အခုနေနေတဲ့ အိမ်ကနေ မထွက်ချင်ကြပါဘူး။ အဲဒီအိမ်မှာ အမှတ်တရတွေ အများကြီး ရှိတယ်လေ။ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ကိုတောင် ပြန်ဝယ်ခဲ့တယ်လို့ ကြားဖူးတယ်”

ကျွန်တော် အံ့သြသွားတယ်။

“အဲဒီအိမ်က ဆောက်တာ ၅ နှစ်တောင် မပြည့်သေးဘူး မဟုတ်လား”

“အဲဒါကြောင့်ပဲ သူတို့အတွက် ပိုတန်ဖိုးရှိနေတာပါ”

“အဲဒါဆိုရင် ဘာလို့ ရောင်းမယ်လို့ ကြေညာခဲ့တာလဲ။ မပြောင်းချင်ရင် ရောင်းဖို့ မတင်သင့်ဘူးလေ”

ရှေ့နေ ပတ်ဒုံဆူး က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။

“အစကတည်းက ရည်ရွယ်ချက်က အိမ်ကို ရောင်းပြီးရင်လည်း အဲဒီမှာပဲ ငှားနေဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ စီအီးအို က လူကိုယ်တိုင် နေမယ်လို့ ပြောလိုက်တော့ သူတို့ ထိတ်လန့်သွားတာပေါ့”

ရှေ့နေတစ်ယောက်အနေနဲ့ သူ အစွမ်းကုန် ကြိုးစားပြောနေပေမဲ့ အဓိပ္ပာယ်မရှိတာကတော့ အဓိပ္ပာယ်မရှိတာပါပဲ။

“အခုက ကျွန်တော့်ကို ဝယ်ခိုင်းပြီး သူတို့ကို ပြန်ငှားထားဖို့ ပြောနေတာလား”

“အဲဒီလို တောင်းဆိုဖို့ကလည်း အခက်အခဲ ရှိတာကြောင့် တခြား အဆိုပြုချက်တစ်ခု ယူလာပါတယ်”

သူက အိတ်ထဲကနေ စာရွက်စာတမ်းတစ်ခု ထုတ်ပေးတယ်။

“ဒါက ဘာလဲ”

“ဒါက ဥက္ကဋ္ဌ နဲ့ သိတဲ့သူတစ်ယောက် ပိုင်တဲ့ ဟန်နမ်ဒေါင်း က အိမ်ပါ။ ဆမ်ဆောင်ဒေါင်း က အိမ်အစား ဒါကို ဝယ်မယ်ဆိုရင် ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်း လျှော့ပေးပါ့မယ်။ စီအီးအို အတွက်လည်း မဆိုးတဲ့ ကမ်းလှမ်းချက်ပါ”

တခြားနာမည်နဲ့ ဝယ်ထားတဲ့ အိမ်လား။

တန်ဖိုးကြီးတဲ့ ဆမ်ဆောင်ဒေါင်း အိမ်ကို မရောင်းဘဲ တခြားအိမ်တစ်လုံးကို ဈေးပေါပေါနဲ့ ရောင်းပေးမယ်ပေါ့လေ။

ဆမ်ဆောင်ဒေါင်း အိမ်ကို ဈေးကြီးကြီးနဲ့ ရောင်းရရင်လည်း အဲဒီငွေက ရှယ်ယာရှင်တွေဆီပဲ ပြန်ရောက်မှာပါ။ ဒါကြောင့် ငွေကြေးအရ ကြည့်ရင် အဲဒီအိမ်ကို မရောင်းတာက သူတို့အတွက် အကောင်းဆုံးပါပဲ။

အတိုချုပ်ပြောရရင်တော့ အိမ်ဝယ်ယူမယ့် အစီအစဉ်ကို ရုပ်သိမ်းပေးဖို့ လာဘ်ထိုးတာပေါ့။

ကျွန်တော် စာရွက်တွေကိုတောင် မကြည့်ဘဲ ပြောလိုက်တယ်။

“ကျွန်တော် သဘောမကျဘူး”

“စီအီးအို လိုချင်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီအောင် ညှိပေးပါ့မယ်။ အရင်ဆုံး ကြည့်လိုက်ပါဦး...”

ကျွန်တော် စကားဖြတ်လိုက်တယ်။

“မြစ်ကို ဖြတ်သွားရမှာ ပျင်းလို့ပါ။ အခုအိမ်က ရုံးနဲ့နီးလို့ ဝယ်တာ”

ဒါက အမှန်တရားပါပဲ။

သန်း ၂သောင်း ဆိုရင် မြေဝယ်ပြီး အိမ်သစ် ဆောက်လို့ ရပါတယ်။ ဒါပေမဲ့ ဂန်နမ် မှာ ပြုံ ၂၅၀ ကျော်တဲ့ မြေကွက် ရှာဖို့က မလွယ်ဘူးလေ။ အိမ်သစ်ဆောက်ဖို့ကလည်း အချိန်အများကြီး ပေးရဦးမယ်။

ဒီလို အိမ်မျိုးက ရှာရခက်ပါတယ်။ ကျွန်တော် နည်းနည်း ပိုပေးရရင်တောင် အဲဒီငွေက ရှယ်ယာရှင်တွေဆီ ရောက်မှာဆိုတော့ ကုသိုလ်ရတယ်လို့ပဲ သဘောထားလိုက်မယ်။

ကျွန်တော် ထိုင်ခုံမှာ မှီထိုင်လိုက်ပြီး မေးလိုက်တယ်။

“ပိုက်ဆံတွေလည်း အများကြီး ရှိနေတာပဲ၊ ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲ”

သူတို့မှာ ဖုံးကွယ်ထားတဲ့ ပိုက်ဆံတွေ၊ အပ်နှံငွေတွေ အကုန်ပေါင်းရင် အခုအိမ် မပါဘဲတောင် သန်း ၅သောင်း ကျော် ရှိမှာပဲ။

ဟျူဂျင်း သင်္ဘောလိုင်း ရဲ့ ရှယ်ယာဈေးက ထိုးကျနေပြီး ပိုင်ဆိုင်မှုက သန်း ၂ထောင်လောက်ပဲ ရှိတော့တာပါ။ ဒါကိုတောင် အရောင်းအဝယ် မရပ်ခင်မှာ အတွင်းသတင်းသုံးပြီး အကုန် ရောင်းချခဲ့ကြသေးတယ်။

ပိုင်ဆိုင်မှု သန်း ၅သောင်းကျော် ရှိပါလျက်နဲ့ သန်း ၂သောင်းလောက် အရှုံးမခံနိုင်လို့ တရားမဝင်တာတွေ လုပ်ခဲ့ကြတာ။

ကျွန်တော် ဖုန်းထုတ်ပြီး ဟျူဂျင်း သင်္ဘောလိုင်း ရဲ့ ရှယ်ယာဈေးကို ကြည့်လိုက်တယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဝမ် ၄၀,၀၀၀ ရှိခဲ့တဲ့ ရှယ်ယာက အခုတော့ အဖတ်တင်ရုံပဲ ကျန်တော့တာပါ။

“အရောင်းအဝယ် ရပ်သွားတဲ့အချိန်မှာ ၉၈၀ ဝမ်ပဲ ရှိတော့တယ်။ အဲဒီမတိုင်ခင် နှစ်ရက်ဆက်တိုက် ဈေးအနိမ့်ဆုံး ရောက်ခဲ့တာလေ။ ဥက္ကဋ္ဌ ချဲယောင် ကတော့ တစ်စုကို ဝမ် ၂,၀၀၀ လောက်နဲ့ အကုန် ရောင်းလိုက်နိုင်တာဆိုတော့ သူကတော့ လွတ်သွားတာပေါ့။ တကယ်လို့ ရှယ်ယာတွေကို အပြီးသတ် ရောင်းထုတ်ရပြီဆိုရင် ဘယ်လောက်အထိ ကျသွားမယ် ထင်လဲ”

“အဲဒါကတော့...”

ရှယ်ယာစာရင်းကနေ မပယ်ဖျက်ခင်မှာ အကန့်အသတ်မရှိ ရောင်းချခွင့်ပေးတဲ့ ကာလတစ်ခု ရှိပါတယ်။

“ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းလိုက်ရင် ကျန်တဲ့ ပိုင်ဆိုင်မှုတွေကို ငွေဖော်ပြီး ရှယ်ယာရှင်တွေကို ခွဲပေးရတယ်။ ဒါပေမဲ့ ဟျူဂျင်း သင်္ဘောလိုင်း က ပိုင်ဆိုင်မှုထက် အကြွေးက ပိုများနေတာ။ အဲဒီတော့ ရှယ်ယာရှင်တွေအတွက် ဘာမှ ကျန်မှာ မဟုတ်ဘူး။ ကျွန်တော့်အထင်တော့ ရှယ်ယာဈေးက ၁၀ ဝမ်အောက်အထိ ကျသွားလိမ့်မယ်”

ရှယ်ယာရှင်လေးတွေကတော့ သူတို့ပိုင်တဲ့ ရှယ်ယာတွေ တန်ဖိုးမရှိတော့တာကို ထိုင်ကြည့်နေရတော့မှာပါ။

“အဲဒီ ရှယ်ယာရှင်လေးတွေက ဘယ်သူတွေလဲ သိလား။ ကျောင်းသားတွေ၊ အိမ်ရှင်မတွေ၊ ရုံးဝန်ထမ်းတွေ၊ ဈေးသည်တွေပဲ။ သူတို့က ထမင်းနပ်မှန်အောင် မစားဘဲ စုထားတဲ့ ပိုက်ဆံလေးတွေကို တိုးပွားမလားဆိုပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာ”

နိုင်ငံခြားသားတွေ၊ အဖွဲ့အစည်းတွေလောက် သတင်းအချက်အလက် မရှိပေမဲ့ သူတို့ကတော့ နိုင်ငံစီးပွားရေးအတွက် ကောင်းမလားဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်းနှီးမြှုပ်နှံကြတာပါ။ ရှုံးရင်လည်း ကိုယ့်အမှားကိုယ်သိပြီး လက်ခံကြပါတယ်။

ဒါပေမဲ့...

“ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလို ရှယ်ယာစာရင်းက ပယ်ဖျက်ခံရတာက စီမံခန့်ခွဲတဲ့သူတွေ ညံ့လို့ပဲ။ ရှယ်ယာရှင်တွေ အမှားမဟုတ်ဘူး”

စီမံခန့်ခွဲသူတွေက မြုတ်တော့မယ့်သင်္ဘောနဲ့အတူ နစ်မြုပ်စရာ မလိုပေမဲ့ အရင်ဆုံး ခုန်ချပြီး ထွက်ပြေးတာမျိုးတော့ မလုပ်သင့်ဘူးလေ။

ဒါပေမဲ့ ချဲယောင် ကတော့ သူ့ရဲ့ အရှုံးတွေကို သူတစ်ပါးအပေါ် ပုံချပြီး တစ်ယောက်ထဲ လွတ်အောင် ပြေးခဲ့တာပါ။

ဒီလို စိတ်ဓာတ်ပုပ်သိုးနေတဲ့ ခေါင်းဆောင်မှုအောက်မှာ ကုမ္ပဏီက ဘယ်လို ပြန်ကောင်းလာနိုင်မှာလဲ။

ရှေ့နေ ပတ်ဒုံဆူး ရဲ့ မျက်နှာ ပျက်သွားတယ်။

“အဲဒီလိုမျိုး မလုပ်ပါနဲ့ဦး။ ပြန်စဉ်းစားပေးပါ...”

ကျွန်တော် ထိုင်နေရာက ထလိုက်တယ်။ ဆက်နားထောင်ဖို့ စိတ်မရှိတော့ပါဘူး။

“ကျွန်တော် မြင်တာကတော့ ထောင်ဒဏ်ကနေ လွတ်ဖို့ မလွယ်ဘူး။ ထောင်ထဲမှာ နေရမယ့်သူက အိမ်ကြီးအိမ်ကောင်းကို ဘာလုပ်မှာလဲ။ ဒီလို အပိုတွေ လုပ်မနေဘဲ အထုပ်အပိုးတွေသာ မြန်မြန်ပြင်ထားလိုက်တော့လို့ ပြန်သွားပြီး ဥက္ကဋ္ဌ ချဲယောင် ကို ပြောလိုက်ပါ”

All Chapters