အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈)
နာရေးခန်းမကိုတော့ ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း ဆိုးလ်မြို့က ဆိုဆောင်းဆေးရုံမှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
မိသားစုဝင်တွေက နာရေးကို တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ လာရောက်ဂါရဝပြုသူတွေ စုပြုံနေပြီဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။
တကယ်တော့ ကိုရီးယားမှာ ဆိုဆောင်းအုပ်စုနဲ့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် မပတ်သက်တဲ့သူဆိုတာ ခပ်ရှားရှားပဲလေ။ အဲဒါကြောင့်လည်း ‘ဆိုဆောင်းသမ္မတနိုင်ငံ’ ဆိုတဲ့ စကားတောင် ပေါ်လာခဲ့တာ မဟုတ်လား။
စီးပွားရေးနဲ့ နိုင်ငံရေးလောကက ထင်ရှားကျော်ကြားသူတွေ အကုန်တက်ရောက်ကြမှာဖြစ်သလို နိုင်ငံအသီးသီးက သံအမတ်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း တက်ရောက်ဖို့ ဆန္ဒရှိကြောင်း ပြောလာကြတယ်။
လာမယ့်သူ နည်းတယ်လို့ ခန့်မှန်းရင်တောင် ထောင်နဲ့ချီပြီး ရှိနေမှာပါ။
လူတွေ အကုန်လုံး တစ်ပြိုင်ထဲ ရောက်လာရင် နာရေးခန်းမတင်မကဘဲ ဆေးရုံတစ်ခုလုံးပါ အလုပ်မလုပ်နိုင်ဘဲ ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။ (ကားပါကင်ကတော့ လျှံထွက်နေမှာ သေချာတယ်) ဒါကြောင့် သူတို့က အချိန်အပိုင်းအခြားအလိုက် ကြိုတင်စာရင်းပေးမှ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ကွယ်လွန်မှုက ကျွန်တော့်အတွက် နောက်ထပ် အလုပ်တစ်ခု ပေးသွားပြန်ပါပြီ။
အဲဒါကတော့...
စီနီယာ ဆန်းယော့က ပြောတယ်။
“ငါတို့လည်း သွားသင့်တယ် မဟုတ်လား”
“အင်း...”
ကျွန်တော်က သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲဆိုရင် ဒါမျိုးတွေကို စိတ်ပူနေစရာ မလိုပါဘူး။
ဒါပေမဲ့ အခု ကျွန်တော့်ရာထူးက OTK Company ရဲ့ စီအီးအိုလေ။ မကြာသေးခင်ကမှ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တိုက်ရိုက်တွေ့ထားသေးတယ်၊ နောက်ဆိုရင်လည်း ဆိုဆောင်းအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတာပါ။
အကြောင်းပြချက် မရှိဘဲ နာရေးကို မသွားရင် နောက်ပိုင်းမှာ ပြောစရာတွေ ဖြစ်လာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် မင်္ဂလာဆောင်နဲ့ နာရေးလိုမျိုး လူမှုရေးကိစ္စတွေမှာ အတူတူ ပါဝင်ကြတာက ကျွန်တော်တို့ရဲ့ ရိုးရာထုံးစံပဲ မဟုတ်လား။
ပြဿနာက နိုင်ငံရေးနဲ့ စီးပွားရေးလောကက သြဇာရှိတဲ့သူတွေ အကုန်ရှိနေမှာလေ။ သမ္မတကိုယ်တိုင်တောင် လာပြီး ဂါရဝပြုမယ်လို့ မျှော်လင့်ထားကြတာဆိုတော့ ကျွန်တော်သွားရင် အနေရခက်တဲ့ အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်မိတယ်။
တက်ဂယူက ပြောတယ်။
“တကယ်ပဲ သွားဖို့ လိုလို့လား။ မင်းအဖေ နာရေးတုန်းက ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ မလာခဲ့ဘူး မဟုတ်လား”
“……”
အဲဒီတုန်းက ကျွန်တော်ကို သူ မသိသေးဘူးလေ။ သူက ဘယ်လိုလုပ် လာမှာလဲ။ တက်ဂယူရဲ့ပြောပုံက လင်ဂျင်ယုံဟာ နာရေးတွေဆို တမင်မသွားတဲ့လူပုံတောင် ပေါက်နေပါပြီ။
စီနီယာ ဆန်းယော့က ထပ်ပြောတယ်။
“ကိုယ်တိုင်မသွားရင်တောင် အနည်းဆုံးတော့ နာရေးကူငွေတော့ ပေးရမှာ မဟုတ်လား”
ဒါကလည်း ဟုတ်တာပဲ။
ကိုယ်တိုင် မသွားနိုင်ရင်တောင် နာရေးကူငွေ ပေးပို့တာက ယဉ်ကျေးမှုရှိတဲ့ လုပ်ရပ်ပဲ။
တက်ဂယူက မေးတယ်။
“ဘယ်လောက် ထည့်ရမလဲ”
တကယ်တော့ ဒါက အကြီးမားဆုံး ပြဿနာပါ။
[မေးခွန်း] ဆိုဆောင်းအုပ်စု ဥက္ကဋ္ဌရဲ့ နာရေးမှာ ထည့်ဝင်ရမယ့် သင့်တော်တဲ့ နာရေးကူငွေ ပမာဏနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကို ဖော်ပြပါ။ (၁၀ မှတ်)
“……”
ဒါက စာစီစာကုံး ရေးခိုင်းနေသလိုပဲ။
ကျွန်တော်တို့တွေ အလေးအနက် စဉ်းစားဖို့ စုလိုက်ကြတယ်။
ကျွန်တော်က အရင်ဆုံး လူမှုရေးစံနှုန်းတွေကို ပြောပြလိုက်တယ်။
“ပုံမှန်ဆိုရင်တော့ မရင်းနှီးရင် ဝမ် ငါးသောင်း၊ ရင်းနှီးရင်တော့ ဝမ် တစ်သိန်းပေါ့”
“ဒါဆို ဝမ်ငါးသောင်းပဲ ထည့်တာပေါ့။ ငါတို့က သိပ်မှ မရင်းနှီးတာ”
“ဒါပေမဲ့ မကြာသေးခင်ကမှ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တွေ့ထားတယ်လေ”
တက်ဂယူက ခေါင်းခါတယ်။
“တစ်ခါတွေ့ဖူးရုံနဲ့ ရင်းနှီးတယ်လို့ ပြောလို့မရဘူး။ သူက ငါတို့ကို ထမင်းတောင် ဝယ်မကျွေးဘူးလေ”
“သူက ငါတို့ကို ကော်ဖီတော့ ဝယ်တိုက်ပါတယ်ကွာ”
“အဲဒါတော့ ဟုတ်တယ်”
စီနီယာ ဆန်းယော့က မယုံနိုင်သလို ပြောတယ်။
“မင်းတို့ နောက်နေတာလား။ OTK Company ရဲ့ ကိုယ်စားလှယ်က ဝမ်ငါးသောင်းပဲ ကူတယ်ဆိုတာသာ လူသိသွားရင် သတင်းတွေမှာ ပါလာလိမ့်မယ်”
စီနီယာ ပြောသလိုပဲ အလုပ်မရှိတဲ့ သတင်းထောက်တွေက ဒါကို သတင်းလုပ်ကြမှာပါ။
[OTK Company ကိုယ်စားလှယ်၊ ဆိုဆောင်းအုပ်စု ဥက္ကဋ္ဌ နာရေးမှာ ဝမ်ငါးသောင်းပဲ ကူငွေထည့်ခဲ့။]
[ဝမ်ငါးသောင်း ကူငွေ၊ ဒါက ဘာကို ဆိုလိုတာလဲ။]
[ဝမ် ငါးသောင်းဆိုတဲ့ ပမာဏက ဆိုဆောင်းအုပ်စုနဲ့ မရင်းနှီးဘူးဆိုတာကို ပြသနေတာလား။]
[ဝမ် ငါးသောင်းဆိုတာ စီအီးအို ကန်ဂျင်ဟူ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာရဲ့ သန်းတစ်ထောင်ပုံ တစ်ပုံတောင် မရှိဘူး။]
[ဒီဘက်ခေတ်မှာ သူငယ်ချင်းတွေတောင် ဒီလိုမျိုး မလုပ်ကြတော့ဘူး။]
[ကန်ဂျင်ဟူက လူမှဟုတ်ရဲ့လား...]
[သူ့မှာ အသိတရားကော ရှိရဲ့လား...]
“……”
ဒီနေ့ခေတ် သတင်းဌာနကြီး သုံးခုရဲ့ သတင်းထုတ်လွှင့်မှု အခြေအနေကို ကြည့်ရင် ဒီလို သတင်းမျိုး ပါလာတာက မထူးဆန်းပါဘူး။
အမျိုးသားထောက်လှမ်းရေးဌာနရဲ့ ပြည်သူတွေကို စောင့်ကြည့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆူညံနေတဲ့ ကြားထဲမှာတောင် ကျွန်တော်တို့ သတင်းဌာနတွေက မိုးရွာတဲ့နေ့မှာ ဝက်အူချောင်းပေါင်မုန့်က ပိုစားကောင်းတယ်ဆိုတာမျိုးကို သတင်းတင်နေကြတာလေ။
ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုက သိန်းပေါင်းကုဋေနဲ့ချီ ရှိနေတယ်ဆိုတာ တစ်နိုင်ငံလုံး သိနေတော့ ဝမ် ငါးသောင်းပဲ ကူငွေထည့်တာက တကယ်ပဲ ထူးဆန်းနေလောက်မလား။
“ဒါဆို ဘယ်လောက် ကူရမလဲ”
စီနီယာ ဆန်းယော့က သူ့အမြင်ကို အတည်ပေါက် ပြောတယ်။
“ဝမ် ၁၀ သန်းလောက်တော့ ဖြစ်သင့်တယ် မဟုတ်လား”
ကျွန်တော်တို့တွေ အံ့ဩသွားကြတယ်။
“အဲဒါ အရမ်းများလွန်းတယ်”
တက်ဂယူက ပြန်ငြင်းတယ်။
“ဒါပေမဲ့ ဟိုဘက်က မိသားစုကလည်း အရမ်းချမ်းသာတာပဲလေ။ ဝမ် ၁ သိန်းပဲဖြစ်ဖြစ်၊ ၁၀ သန်းပဲဖြစ်ဖြစ် သူတို့ကတော့ သိပ်ဂရုစိုက်မှာ မဟုတ်ဘူး”
ဒါကလည်း ဟုတ်တာပဲ။
ဝမ် ငါးသောင်းပဲ ကူချင်တဲ့ တက်ဂယူနဲ့ ၁၀ သန်း ကူသင့်တယ်လို့ ယုံကြည်တဲ့ စီနီယာ ဆန်းယော့တို့ကြားမှာ အမြင်တွေ ကွဲပြားနေတုန်းပဲ။
ဒါပေမဲ့ ရုတ်တရက် တက်ဂယူက သူ့စိတ်ကူး ပြောင်းသွားတယ်။
“ပြန်စဉ်းစားကြည့်တော့ ၁၀ သန်းဆိုတာလည်း မဆိုးပါဘူး”
“ဟမ်။ ဘာဖြစ်လို့လဲ”
“မဟုတ်ဘူးလေ၊ အခု ငါတို့က ၁၀ သန်း ကူထားလိုက်ရင် နောက်ပိုင်း မင်း မင်္ဂလာဆောင်တဲ့အခါ သူတို့က ဝမ် သန်း ၃၀ တန် ဆိုဆောင်း အီလက်ထရောနစ် တီဗွီကြီး လက်ဆောင်ပေးမှာ မဟုတ်ဘူးလား”
“……ငါ ဘယ်တော့ မင်္ဂလာဆောင်မှာလဲဆိုတာ ငါတောင် မသိတာ”
ဒါပေမဲ့ နားထောင်ကြည့်တော့လည်း ဒါက အဓိပ္ပာယ် ရှိသားပဲ။
၁၀ သန်း ကူပြီး သန်း ၃၀ တန် တီဗွီ ပြန်ရမယ်ဆိုရင် ဒါက တွက်ခြေကိုက်တဲ့ ကိစ္စပဲ မဟုတ်လား။
ကျွန်တော် ခဏလောက် စဉ်းစားပြီး ဆုံးဖြတ်လိုက်တယ်။
“အစ်မ ပြန်လာမှပဲ မေးကြည့်ရအောင်”
“အေး။ အဲဒါ ကောင်းတယ်”
“ငါလည်း သဘောတူတယ်”
သူတို့ နှစ်ယောက်လုံး ကျွန်တော့်စကားကို ခေါင်းညိတ် ထောက်ခံကြတယ်။
အဲဒီအချိန်မှာပဲ အလုပ်တွေ ပြီးသွားတဲ့ အစ်မဟျွန်းဂျူးက အယ်လီနဲ့အတူ ရုံးခန်းကို ပြန်ရောက်လာတယ်။
တက်ဂယူက မေးတယ်။
“ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ နာရေးကို သွားမှာလား”
အစ်မဟျွန်းဂျူးက ခေါင်းညိတ်ပြတယ်။
“သွားရမှာပေါ့။ Golden Gate နဲ့ ဆိုဆောင်းအုပ်စုကြားမှာ ပတ်သက်မှုတွေ ရှိတယ်။ ဧည့်သည်စာရင်းမှာလည်း နာမည်သွင်းပြီးပြီ။ အယ်လီကလည်း ငါ့ရဲ့ လက်ထောက်အနေနဲ့ လိုက်ခဲ့လိမ့်မယ်”
“နာရေးကူငွေ ဘယ်လောက် ထည့်ဖို့ စဉ်းစားထားလဲ”
“ကူငွေ ဟုတ်လား”
“ဘယ်လောက် ကူရမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေကြတာ တစ်နာရီတောင် ရှိပြီ။ အစ်မ ကူငွေ ထည့်သလောက်ပဲ ကျွန်တော်တို့လည်း ကူငွေထည့်မယ်လေ”
အစ်မဟျွန်းဂျူးက စီးကရက်ကို ပါးစပ်မှာ တပ်ရင်း ကျွန်တော်တို့ကို စိတ်မရှည်သလို ကြည့်တယ်။
“သူတို့က နာရေးကူငွေ လက်မခံဘူးဆိုတာ မကြားဘူးလား။ ဆိုဆောင်းမိသားစုက နာရေးကူငွေ မရလို့ နာရေး မကျင်းပနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။ သူတို့ အလိုရှိရင် နာရေးခန်းမ တစ်ခုလုံးကိုတောင် ဝယ်ပစ်လို့ရတယ်... မဟုတ်ဘူး၊ တကယ်တော့ ဆိုဆောင်းဆေးရုံက သူတို့ ပိုင်တာပဲလေ”
“ဪ။ အဲဒီလိုလား”
ကျွန်တော်တို့ အားလုံးရဲ့ မျက်နှာတွေ တစ်ပြိုင်ထဲ လင်းလက်သွားကြတယ်။
ကျွန်တော်တို့တွေက မလိုအပ်တာကို စိတ်ပူနေခဲ့တာပဲ။
သတင်းတွေမှာတော့ ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ နာရေးသတင်းတွေနဲ့ ဆူညံနေတယ်။
မျှော်လင့်ထားသလိုပဲ နာရေးခန်းမမှာ လူတွေ ပြည့်နေတာပဲ။ ဆိုးလ်မြို့က ဆိုဆောင်းဆေးရုံ ရှေ့မှာ အနက်ရောင် ကားကြီးတွေ တန်းစီနေကြတယ်။
ယာဉ်ကြော ထိန်းချုပ်ဖို့နဲ့ ကားပါကင် လမ်းညွှန်ဖို့အတွက် ယာဉ်ထိန်းရဲတွေ အများကြီး ချထားရသလို ဆေးရုံကလည်း အနီးနားက ကားပါကင်တွေကို အသည်းအသန် ရှာဖွေနေရပါတယ်။
ကြိုတင်စာရင်းသွင်းထားတဲ့သူတွေပဲ နာရေးခန်းထဲကို ဝင်ခွင့်ရပြီး သတင်းထောက်တွေကိုတော့ ဝင်ခွင့်မပြုဘူး။
သာမန် လာရောက်ဂါရဝပြုသူတွေအတွက် သီးသန့် နေရာတစ်ခု လုပ်ပေးထားပြီး အဲဒီမှာလည်း လူတွေ တန်းစီနေကြတာပါ။
အဖွဲ့အစည်းတချို့နဲ့ ဆိုဆောင်းအုပ်စုကနေ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကတော့ ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ တရားမဝင် လုပ်ရပ်တွေကို ဖော်ပြထားတဲ့ ပိုစတာတွေနဲ့ ဆန္ဒပြနေကြသလို ကွန်ဆာဗေးတစ် အဖွဲ့အစည်းတွေကလည်း သူတို့ ရှေ့မှာတင် ပြန်ပြီး ဆန္ဒပြနေကြတယ်။
လာရောက် ဂါရဝပြုသူတွေရဲ့ ခံစားချက်တွေကလည်း ကွဲပြားနေကြတယ်။
တချို့က နာရေးစင်ရှေ့မှာ ငိုယိုရင်း သတိလစ်သွားလို့ သယ်ထုတ်သွားရသလို တချို့ကလည်း နိုင်ငံရေးနဲ့ စီးပွားရေး ပေါင်းစားပြီး သာမန် စီးပွားရေးလောကကို ဖျက်ဆီးခဲ့တဲ့သူဆိုပြီး အော်ဟစ်လို့ အပြင်ကို ဆွဲထုတ်ခံလိုက်ရတယ်။
အစ်မဟျွန်းဂျူးနဲ့ အယ်လီက Golden Gate ကို ကိုယ်စားပြုပြီး တက်ရောက်ကြသလို စီနီယာ ဆန်းယော့နဲ့ ဟင်နရီကလည်း OTK Company ကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ကြတယ်။
ကျွန်တော်ကတော့ အတော်လေး ဝေခွဲမရဖြစ်နေပြီးမှ နာရေးရဲ့ နောက်ဆုံးနေ့ကျမှ တက်ဂယူနဲ့အတူ ဆိုးလ်ဆိုဆောင်းဆေးရုံက နာရေးခန်းမကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
တက်ဂယူက အံ့ဩတကြီး ပြောတယ်။
“အမေရိကန် သမ္မတရဲ့ ရာထူးတက်ပွဲကို တက်ရောက်ပြီးတာနဲ့ ဆိုဆောင်းအုပ်စု ဥက္ကဋ္ဌရဲ့ နာရေးကို လာရလိမ့်မယ်လို့ မထင်ထားဘူး”
ကျွန်တော်လည်း အံ့ဩမိတာပဲ။
“နာရေးမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို သိရဲ့လား။ အမှားအယွင်း မရှိစေနဲ့ဦး”
မင်္ဂလာဆောင်မှာတော့ မှားတာက ပြဿနာမရှိပေမဲ့ နာရေးမှာတော့ စည်းကမ်းတကျ ရှိဖို့ လိုအပ်တယ်လေ။
တက်ဂယူက ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြတယ်။
“သိတာပေါ့။ ငါတောင် နာရေးဝန်ဆောင်မှု ဝက်ဘ်ဆိုက်မှာ ရှာကြည့်ထားသေးတယ်”
“ဟုတ်လား။ နောက်မှ ငါ့ကိုလည်း ပြဦး”
“မင်းက အရင်က နာရေးလုပ်ဖူးတာပဲ၊ မသိဘူးလား”
ကျွန်တော် ခေါင်းခါလိုက်တယ်။
“အဲဒီတုန်းက ငါ အရမ်း စိတ်လှုပ်ရှားနေလို့ ဘာတွေ ဖြစ်ခဲ့မှန်းတောင် မမှတ်မိတော့ဘူး”
ကျွန်တော် သေချာ မှတ်မိတာ တစ်ခုကတော့ တက်ဂယူက သုံးရက်လုံးလုံး အကြီးအကျယ် ငိုနေခဲ့တာပါ။ ဘယ်လောက်တောင် ငိုလဲဆိုရင် တချို့က သူ့ကို မိသားစုဝင်လို့တောင် ထင်သွားကြတယ်၊ နောက်ပိုင်းမှာဆိုရင် သူက အငှားငိုပေးဖို့ ငှားထားတဲ့သူလို့တောင် ထင်ကုန်ကြတယ်လေ။ (ဘေးခန်းက လာတဲ့သူတစ်ယောက်က ကျွန်တော့်ကို မေးသေးတယ်၊ ‘ဒီလိုလူမျိုးကို တစ်ရက် ဘယ်လောက် ပေးရလဲ’ တဲ့။)
ကားက ဆိုဆောင်းဆေးရုံကို အမြန် ရောက်လာတယ်။ ကျွန်တော်တို့တွေ ကားပေါ်က ဆင်းပြီး နာရေးခန်းမထဲကို ဝင်လာခဲ့တယ်။ VIP ခန်းရဲ့ အဝင်ဝမှာတော့ နားကြပ်တပ်ထားတဲ့ အနောက်တိုင်းဝတ်စုံနက်ဝတ် လုံခြုံရေးတွေ စောင့်နေကြတယ်။
လုံခြုံရေးအဖွဲ့ခေါင်းဆောင်လို့ ထင်ရတဲ့သူက ကျွန်တော်တို့ဆီ လာပြီး မေးတယ်။
“ဘယ်သူလဲ ပြောပြပါ”
ကြိုတင် စာရင်းသွင်းထားတဲ့သူတွေပဲ ဝင်လို့ရတာပါ။ နိုင်ငံရေးနဲ့ စီးပွားရေးလောကက သြဇာရှိသူတွေ ရှိနေတာကြောင့် သတင်းထောက်တွေ ဒါမှမဟုတ် ဆန္ဒပြသူတွေ ဝင်မလာနိုင်အောင် လုံခြုံရေးကို အသေအချာ ချထားတာပဲ။
ကျွန်တော်က လုံခြုံရေးခေါင်းဆောင်ကို ပြောလိုက်တယ်။
“OTK Company ရဲ့ ဥက္ကဋ္ဌ ကန်ဂျင်ဟူနဲ့ ဒုဥက္ကဋ္ဌ အိုတက်ဂယူ ရောက်လာတယ်လို့ ပြောပေးပါ”
အဲဒီတော့မှ လုံခြုံရေးတွေက ကျွန်တော့်မျက်နှာကို ကြည့်ပြီး အံ့ဩသွားကြတယ်။
“ခဏလောက် စောင့်ပေးပါ”
လုံခြုံရေးခေါင်းဆောင်က အထဲကို ဝင်သွားတော့ တက်ဂယူက တိုးတိုးလေး မေးတယ်။
“သူတို့က ပေးမဝင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
“နာမည်ပဲ ထားခဲ့ပြီး ပြန်ကြတာပေါ့”
အနည်းဆုံးတော့ လာရောက် ဂါရဝပြုတယ်ဆိုတာ သိရင် ရပါပြီ။
“ဗိုက်ဆာလိုက်တာ။ မပြန်ခင် နာရေးခန်းမမှာ ကျွေးတဲ့ အမဲသားစွပ်ပြုတ်လေး တစ်ပန်းကန်လောက် တိတ်တိတ်လေး စားသွားလို့ မရဘူးလား”
“အပြင်ထွက်ပြီးပဲ ဝယ်စားစမ်းပါကွာ။ ဘယ်လောက်မှ ပေးရတာလည်း မဟုတ်ဘူး”
“မဟုတ်ဘူးလေ။ နာရေးက အမဲသားစွပ်ပြုတ်က ပိုစားကောင်းတယ်ကွ”
“……”
သူပြောတာ မှန်နေတော့လည်း ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ဘူး။
လုံခြုံရေးခေါင်းဆောင်က အမြန် ပြန်ထွက်လာတယ်။
“ဝင်လို့ရပါပြီ”
“ဟုတ်ကဲ့”
VIP ခန်းကို သွားတဲ့ စင်္ကြံလမ်းမှာတော့ လွမ်းသူ့ပန်းခွေတွေ အများကြီး တန်းစီနေပါတယ်။ အဝင်ဝရဲ့ ဘယ်ဘက်မှာတော့ စီးပွားရေးလောကက ပို့ထားတဲ့ ပန်းခွေတွေရှိပြီး ညာဘက်မှာတော့ နိုင်ငံရေးလောကက ပန်းခွေတွေ ရှိနေတာပါ။
SSK အုပ်စု ဥက္ကဋ္ဌ ချဲဝမ်ထယ်၊ Lite အုပ်စု ဥက္ကဋ္ဌ ဂျင်ကျောင်ဟို၊ အွန်ဆောင်း မော်တာ အုပ်စု ဥက္ကဋ္ဌ ဟန်မင်းဂူနဲ့ CL အုပ်စု ဥက္ကဋ္ဌ ယန်ဂျွန်မို အစရှိတဲ့သူတွေရဲ့ ပန်းခွေတွေပေါ့။
ကိုရီးယားပါတီ၊ နိုင်ငံရေးသစ်ပါတီ၊ အနာဂတ်အမျိုးသားပါတီ၊ ဒီမိုကရက်တစ် ပေါင်းစည်းရေးပါတီ စတဲ့ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီးတွေရဲ့ ပန်းခွေတွေလည်း ရှိနေပါတယ်။
သမ္မတ ပက်ဆီဟျွန်း ပို့ထားတဲ့ ပန်းခွေကတော့ အထင်ရှားဆုံး နေရာမှာ ရှိနေတာပါ။
ဒီပန်းခွေတွေကို အစီအစဉ်တကျ ချထားဖို့ဆိုတာ တကယ်ပဲ ခေါင်းကိုက်စရာ ကိစ္စ ဖြစ်မှာပဲ။
စင်္ကြံလမ်းအတိုင်း လျှောက်သွားတော့ နာရေးခန်းမကို မြင်လိုက်ရတယ်။ အရမ်းကြီး ခမ်းနားမနေဘဲ သာမန်ထက် နည်းနည်း ပိုကျယ်တာပဲ ရှိတယ်။
ဘယ်လောက်ပဲ ချမ်းသာတဲ့သူဖြစ်ဖြစ် ဒီအခန်းကို သုံးရတာပါပဲ။ နာရေးခန်းမက အရမ်းကြီး လှပနေရင်လည်း တစ်မျိုးကြီး ဖြစ်နေမှာလေ။
နာရေးလုပ်နေတုန်းမှာတော့ ကျန်ရစ်သူ မိသားစုဝင်တွေက သူတို့နေရာမှာပဲ ရှိနေရတယ်။ မောင်နှမတွေ အများကြီးရှိရင်တော့ တစ်ယောက်တစ်လှည့် စောင့်ကြတာပေါ့။
အခုအချိန်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ ကျွန်တော် သိချင်နေမိတယ်။ အသက် ၄၀ ကျော်လောက်ရှိမယ့် အမျိုးသမီးတစ်ယောက်နဲ့ အသက် ၃၀ အစောပိုင်းလောက်ရှိမယ့် အမျိုးသားတစ်ယောက် ရှိနေပါတယ်။
တီဗွီမှာ ခဏခဏ မြင်ဖူးတဲ့ ဆီလွန်ဟိုတယ်ရဲ့ စီအီးအို သမီးအကြီးဆုံး လင်ဆိုမီနဲ့ ဆိုဆောင်း စက်မှုလုပ်ငန်းရဲ့ စီအီးအို သားအငယ်ဆုံး လင်ဆိုယုံတို့ပဲ။
သွေးက စကားပြောတယ်ဆိုသလိုပဲ နှစ်ယောက်လုံးက ဥက္ကဋ္ဌ လင်အီကွမ်နဲ့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံတို့နဲ့ တော်တော်လေး တူကြပါတယ်။
“အခုလို အချိန်နှောင်းမှ လာရတာ တောင်းပန်ပါတယ်”
စီအီးအို လင်ဆိုမီက ကျွန်တော်တို့ကို ပြောတယ်။
“ရပါတယ်ရှင်။ လာရောက်ပေးတာ ကျေးဇူးတင်ပါတယ်”
အရမ်းကြီး မကျယ်တဲ့ နာရေးစင်ရဲ့ အလယ်မှာတော့ ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ကျန်းမာသန်စွမ်းစဉ်က ဓာတ်ပုံကို ချိတ်ထားပါတယ်။
ကျွန်တော် အမွှေးတိုင် ထွန်းလိုက်ပြီး တက်ဂယူနဲ့အတူ နာရေးစင်ဘက်ကို လှည့်ကာ နှစ်ကြိမ် ဦးချလိုက်တယ်။ ပြီးတော့ ကျန်ရစ်သူ မိသားစုဝင်တွေကို လှည့်ပြီး ဝမ်းနည်းစကား ပြောလိုက်တယ်။
“ဘယ်လောက်တောင် ဝမ်းနည်းနေမလဲဆိုတာ ကိုယ်ချင်းစာပါတယ်။ လူချင်း မတွေ့ဖူးပေမဲ့ ဥက္ကဋ္ဌကြီးကို အမြဲတမ်း လေးစားခဲ့တာပါ။ သူ ကောင်းရာသုဂတိ ရောက်မှာပါ”
စီအီးအို လင်ဆိုမီက ခပ်ဖျော့ဖျော့လေး ပြုံးတယ်။
“ကျွန်မ အဖေက OTK Company အကြောင်း ကြားတိုင်း အမြဲတမ်း ပြုံးပျော်နေတတ်တယ်။ ဆေးရုံက ဆင်းရင် တွေ့ချင်တယ်လို့လည်း ပြောခဲ့သေးတာပါ။ အခုလို အခြေအနေမျိုးမှာတောင် လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
OTK Company က L6 အဖြစ်အပျက်တုန်းက လူသိများလာတာလေ။ အဲဒီအချိန်တုန်းက သူက လှုပ်ရှားဖို့တောင် ခက်ခဲနေတဲ့ အချိန် ဖြစ်မှာပဲ။
ဒါက ယဉ်ကျေးမှုအနေနဲ့ ပြောတဲ့စကားပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ သူ့ကို အနည်းဆုံး တစ်ခါလောက်တော့ တွေ့ခဲ့ရင် ကောင်းမှာပဲလို့ တကယ် ခံစားလိုက်ရတယ်။
ညဉ့်နက်နေပြီ ဖြစ်ပေမဲ့ ဂါရဝပြုဖို့ စောင့်နေတဲ့သူတွေ တော်တော်များများ ရှိသေးတယ်။
ကျွန်တော်တို့ ထောင့်တစ်နေရာမှာ ထိုင်လိုက်ကြတယ်။ စားပွဲပေါ်မှာတော့ အမဲသားစွပ်ပြုတ်၊ အသားပြားတွေ၊ မြေပဲနဲ့ လိမ္မော်သီးတွေ ရှိနေပါတယ်။
ဥက္ကဋ္ဌ လင်အီကွမ်ကတော့ ခမ်းနားတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ နာရေးခန်းမက မြင်ကွင်းကတော့ သာမန်လူတွေနဲ့ သိပ်မကွာလှဘူး။
“သောက်မလား”
“နာရေးမှာဆိုရင်တော့ ဆိုဂျူပဲပေါ့”
ကျွန်တော်က သက်တော်စောင့်နဲ့ ကားဆရာနဲ့ လာတာဆိုတော့ သောက်လို့ရပါတယ်။
ကျွန်တော်တို့ ဆိုဂျူခွက်တွေကို ဖြည့်လိုက်ကြတယ်။ နာရေးဆိုတော့ ခွက်ချင်း မတိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ သောက်ရင်း အမဲသားစွပ်ပြုတ်နဲ့ ထမင်းကို စားလိုက်ကြတယ်။
ဆိုဂျူကို တစ်ငုံ သောက်ရင်း ဥက္ကဋ္ဌ လင်အီကွမ် အကြောင်းကို စဉ်းစားနေမိတယ်။
ကိုရီးယားစစ်ပွဲအပြီးမှာ အသည်းအသန် ကြိုးစားခဲ့ရတဲ့ တည်ထောင်သူ ဥက္ကဋ္ဌ လင်ယောင်ချောနဲ့ မတူဘဲ လင်အီကွမ်ကတော့ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပြီး သေဆုံးတဲ့ အချိန်အထိ ချေဘော(ခရိုနီ) တစ်ယောက် ဖြစ်ခဲ့တာပါ။
အိမ်ကောင်းကောင်းမှာ နေထိုင်ပြီး စားကောင်းသောက်ဖွယ်တွေ စားပြီး ဘဝရဲ့ ကောင်းခြင်းတွေကို ခံစားသွားခဲ့တာလေ။
ဒါပေမဲ့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘဝကတော့ အတူတူပါပဲ။ အဆုံးသတ်ကိုတော့ ဘယ်သူမှ မရှောင်လွှဲနိုင်ပါဘူး။
ခမ်းနားစွာ အဆုံးသတ်မလား၊ သနားစရာကောင်းစွာ အဆုံးသတ်မလား၊ စောစော အဆုံးသတ်မလားဆိုတာပဲ ကွာတာပါ။
ကျွန်တော် နာရေးခန်းမထဲက လူတွေကို ကြည့်လိုက်တယ်။ ဒီအချိန်အထိ ရှိနေကြတာဆိုတော့ သူတို့တွေ အကုန်လုံး မနက်ဖြန် မြေချပွဲအထိ လိုက်ကြမှာလား။
အများစုကတော့ ဆိုဆောင်းအုပ်စုက လူတွေပဲ ဖြစ်မှာပါ။ သူတို့တွေက ကွယ်လွန်သူအတွက် ဝမ်းနည်းနေကြတာလား၊ ဒါမှမဟုတ် ပျော်နေကြတာလား၊ ဒါမှမဟုတ် ဒါက သူတို့အပေါ် ဘယ်လို သက်ရောက်မလဲဆိုတာကို တွက်ချက်နေကြတာလား။
တက်ဂယူက တိုးတိုးလေး ပြောတယ်။
“လင်အီကွမ်ဟာ သေပြီးရင် မိသားစုဝင်တွေ အချင်းချင်း ပြန်တိုက်ခိုက်ကြမှာကို သိနေခဲ့လောက်မလား”
“သိမှာပေါ့”
အဲဒါက အရင်ကလည်း ဖြစ်ခဲ့ဖူးတာပဲလေ။
သူ့ရဲ့ အစ်ကိုကြီး နှစ်ယောက်ကို ဆိုဆောင်းအုပ်စုကနေ နှင်ထုတ်ပြီးတဲ့နောက် ဥက္ကဋ္ဌ လင်အီကွမ်က သူတို့ကို တစ်ခါမှ ပြန်မတွေ့ခဲ့ဘူး။ သူ့မိသားစုကိုလည်း အုပ်စုနဲ့ ဝေးဝေးမှာပဲ ထားခဲ့တယ်။
ဒါက ချေဘော အုပ်စုတွေရဲ့ ကံကြမ္မာဆိုရင် ဒါက အရမ်း ရယ်စရာ မကောင်းဘူးလား။ အခုက ဘုရင်စနစ် ခေတ်လည်း မဟုတ်တော့ဘူးလေ။
ကျွန်တော်တို့ ခေါင်းငုံ့ပြီး အမဲသားစွပ်ပြုတ်ကို ဆက်စားနေကြတယ်။
“နာရေးရောက်ပြီးမှ အမဲသားစွပ်ပြုတ်ကို မစားခဲ့ရရင် နောင်တရမှာကွ။ ငါ နောက်ထပ် တစ်ပန်းကန်လောက် ထပ်စားဦးမယ်”
“……”
ဝမ်းနည်းစကား ပြောဖို့ လာတာလား၊ အမဲသားစွပ်ပြုတ်တွေ အကုန် ရှင်းပစ်ဖို့ လာတာလား။
ကျွန်တော်လည်း ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။
“ငါလည်း နောက်တစ်ပန်းကန် စားဦးမယ်”
အဲဒီအချိန်မှာပဲ ဘေးကနေ လူတစ်ယောက် ချဉ်းကပ်လာတယ်။
“ခဏလောက် ထိုင်လို့ ရမလား”
အဲဒါက တခြားသူမဟုတ်ဘူး၊ စီအီးအို လင်ဆိုယုံပါ။