အခန်း ၃၉၉
Vol. 40 Ch. 399
အခန်း (၃၉၉)
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က နက်နက်နဲနဲ တွေးနေတဲ့ ပုံပေါ်နေပါတယ်။
ခဏကြာတော့ သူက စကားစလာတယ်။
“ဆာမန်ဂမ်ကို ဘယ်လိုမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ထားလဲ”
“ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရတဲ့ အဓိက အကြောင်းရင်း နှစ်ချက် ရှိပါတယ်။ ပထမက အစိုးရဘက်က တသမတ်ထဲရှိတဲ့ မူဝါဒကို မချမှတ်နိုင်ခဲ့တာရယ်၊ ဒုတိယကတော့ သေချာ ရင်းနှီးမြုတ်နှံမှုမလုပ်နိုင်ခဲ့တာရယ်ကြောင့်ပါ။ ဝန်ကြီးချုပ်လည်း သိတဲ့အတိုင်း ဒီအတိုင်းသာ ဆက်သွားရင် နောက်ထပ် ဆယ်နှစ်ကြာရင်တောင် စီမံကိန်းလက်တွေ့ဖြစ်လာဖို့က မလွယ်ပါဘူး”
“အဲဒါကို OTK Company သာ ဝင်ပါလာရင် အဲဒီအချိန်ကာလကို တိုတောင်းသွားစေနိုင်တယ်လို့ ပြောချင်တာလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့အတွက် တောင်းဆိုချက် တချို့တော့ ရှိပါတယ်”
“အဲဒါတွေကို ပြောပြပေးလို့ ရမလား”
ကျွန်တော် ကော်ဖီ တစ်ငုံသောက်ရင်း ပြောလိုက်တယ်။
“ပထမဆုံးအနေနဲ့ လက်ရှိ ဂွန်ဆန်မြို့၊ ဘူအန်ခရိုင်နဲ့ ဂင်ဂျေမြို့ဆိုပြီး သုံးပိုင်း ကွဲနေတဲ့ ဆာမန်ဂမ် ဒေသကို မြို့တစ်မြို့ထဲအနေနဲ့ ပေါင်းစည်းပေးစေချင်ပါတယ်”
“ဆာမန်ဂမ်ကို သီးခြားမြို့ တစ်မြို့အနေနဲ့ လုပ်ခိုင်းတာလား”
“ဟုတ်ပါတယ်”
တကယ်တော့ အရင်ကလည်း ဒီလိုမျိုး စကားသံတွေ ထွက်ခဲ့ဖူးတယ်။ ဂျွန်ဘတ်မှာရှိတဲ့ ဂွန်ဆန်မြို့၊ ဂင်ဂျေမြို့၊ ဘူအန်ခရိုင်တို့နဲ့အတူ ချောင်နမ်မှာရှိတဲ့ ဆိုချွန်ခရိုင်ကိုပါ ပေါင်းပြီး ခေတ်မီ မြို့ကြီးတစ်မြို့ အဖြစ် တည်ထောင်ဖို့ အစီအစဉ် ရှိခဲ့ဖူးတာပါ။ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိသလို လက်တွေ့လည်း မကျတာကြောင့် စကားအဖြစ်ပဲ ကျန်ခဲ့ပြီး အစီအစဉ် ပျက်သွားခဲ့တယ်။
“အစီအစဉ်အတိုင်းသာ ဖြစ်လာရင် ဆာမန်ဂမ်က လူဦးရေ တစ်သန်းရှိတဲ့ ခေတ်မီ မြို့ကြီးတစ်မြို့ ဖြစ်လာမှာပါ။ အဲဒီလို နေရာမျိုးကို မတူညီတဲ့ ဒေသန္တရ အစိုးရတွေက ခွဲပြီး စီမံခန့်ခွဲနေတာက မထိရောက်ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မစခင် အုပ်ချုပ်ရေး နယ်မြေတွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”
“အုပ်ချုပ်ရေး နယ်မြေတွေကို ပြန်လည် ဖွဲ့စည်းဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပဲ”
ဒေသန္တရ အစိုးရတွေဘက်က သူတို့ပိုင်နက် နယ်မြေတွေ ဆုံးရှုံးရမယ် ထင်ပြီး ကန့်ကွက်ကြမှာပါ။ ဒါ့အပြင် ဆာမန်ဂမ်ရဲ့ လူဦးရေ တိုးလာရင် မဲဆန္ဒနယ်မြေတွေကိုပါ ပြန်ပြင်ရဦးမှာ ဖြစ်လို့ ဒါက နိုင်ငံရေး လောကမှာ အင်မတန် အကဲဆတ်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။
“အဲဒါတွေကို ဖြေရှင်းဖို့က အစိုးရရဲ့ တာဝန် မဟုတ်ဘူးလား။ တော်သေးတာက ဆာမန်ဂမ်က ဟိုနမ် ဒေသမှာ ရှိနေတာပဲလေ”
ဆာမန်ဂမ်က ဟိုနမ် ဒေသမှာ ရှိတာပါ။ ဟိုနမ်က နိုင်ငံရေးသစ်ပါတီရဲ့ အမာခံ နယ်မြေ ဖြစ်ပြီး အဲဒီက ဒေသန္တရ အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ ကောင်စီဝင် အများစုကလည်း အဲဒီပါတီကပဲ ဖြစ်ကြပါတယ်။
“ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်လာရင် ဘေးပတ်ဝန်းကျင် ဒေသတွေပါ အများကြီး အကျိုးရှိမှာပါ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ စတင်ပြီဆိုတာနဲ့ ဒေသတွင်းက အသေးစား၊ အလတ်စား ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေက ဝမ်းသာအားရ ကြိုဆိုကြမှာပဲ”
ဒါက လက်ရှိမှာ ဖုန်တလုံးလုံး ဖြစ်နေတဲ့ မြေကွက်လပ်ကြီးကို လူဦးရေ သိန်းနဲ့ချီ နေထိုင်မယ့် အဆင့်မြင့် နည်းပညာသုံး မြို့တော်ကြီးအဖြစ် ပြောင်းလဲပစ်မယ့် စီမံကိန်းကြီးလေ။ ဘေးပတ်ဝန်းကျင်က ဒေသန္တရ အစိုးရတွေက အကျိုးအမြတ် အများဆုံး ရမယ့်သူတွေ ဖြစ်လို့ သူတို့ကို ဖျောင်းဖျနားချဖို့က ဖြစ်နိုင်ပါတယ်။
“ဒုတိယ တောင်းဆိုချက်ကကော ဘာလဲ”
“ဒုတိယ အချက်ကတော့ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို OTK Company က ဦးဆောင်ခွင့် ရချင်ပါတယ်”
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က မျက်မှောင်ကြုတ်သွားတယ်။
“ဖွံ့ဖြိုးရေး လုပ်ပိုင်ခွင့်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဆီ လွှဲပေးခိုင်းတာလား”
“အဲဒီလို ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အဲလိုလုပ်ပေးဖို့က ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်”
ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးက အခုထက်ထိ နိုင်ငံတော် စီမံကိန်းအနေနဲ့ပဲ သွားနေတာပါ။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဝင်ယူဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပါပဲ။ အတိုက်အခံ ပါတီတွေနဲ့ ပြည်သူတွေကလည်း ကန့်ကွက်ကြမှာ ဖြစ်သလို မျက်နှာသာပေးမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်လာမှာ သေချာပါတယ်။
“ပြီးတော့ OTK Company က ကိုရီးယား ကုမ္ပဏီတောင် မဟုတ်ဘူး မဟုတ်လား”
ကျွန်တော် သဘောကျပြီး ရယ်လိုက်တယ်။
“ကျွန်တော်တို့က နိုင်ငံခြား ကုမ္ပဏီ ဖြစ်တာတော့ အမှန်ပါပဲ။ ဒါကြောင့် မူလ စီစဉ်ထားတဲ့အတိုင်း အစိုးရ ဖွံ့ဖြိုးရေး အစီအစဉ်အတိုင်းပဲ သွားပါမယ်။ ဒါပေမဲ့ အဲဒီထဲမှာ OTK Company က ပူးပေါင်း ပါဝင်ခွင့် ရချင်တာပါ”
“ဘယ်လို ပုံစံမျိုးလဲ”
“ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် အစိုးရပိုင် ကော်ပိုရေးရှင်း တစ်ခု တည်ထောင်ဖို့ အစီအစဉ် ရှိတယ်လို့ သိထားပါတယ်”
အစိုးရလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ နှောင့်နှေးနေတာကို သတိပြုမိထားတာပါ။ ဒါကြောင့် စီမံကိန်းကို အရှိန်မြှင့်ဖို့ နည်းလမ်း အပြောင်းအလဲတွေကို ဆွေးနွေးခဲ့ကြတယ်။ နိုင်ငံတော်က တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်မှာလား၊ ရှိပြီးသား အစိုးရပိုင် ကော်ပိုရေးရှင်းတွေကို လွှဲပေးမှာလား၊ ဒါမှမဟုတ် သီးသန့် ကော်ပိုရေးရှင်း အသစ်တစ်ခု တည်ထောင်မှာလား စသဖြင့်ပေါ့။ နိုင်ငံတော်က တိုက်ရိုက် ဝင်လုပ်တာကလည်း ထူးထူးခြားခြား ရလဒ် ထွက်မလာခဲ့သလို Korea Land & Housing Corporation ဒါမှမဟုတ် Korea Rural Community Corporation တို့လို အဖွဲ့အစည်းတွေကို လွှဲပေးဖို့ကလည်း သူတို့မှာက ရှိပြီးသား တာဝန်တွေ ရှိနေတာကြောင့် ဆာမန်ဂမ်ဘက်ကို အပြည့်အဝ အာရုံမစိုက်နိုင်ကြပါဘူး။ ဒါကြောင့် သီးသန့် အစိုးရပိုင် ကော်ပိုရေးရှင်း အသစ်တစ်ခု တည်ထောင်ဖို့က လက်တွေ့အကျဆုံး နည်းလမ်း ဖြစ်လာခဲ့တယ်။ မြေယာ ဖော်ထုတ်တာ၊ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တာနဲ့ ဆက်စပ် စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ဖို့ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းကို တည်ထောင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။
“ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းကို တည်ထောင်ပြီးရင် OTK Company က အဲဒီထဲက ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူခွင့် ရချင်ပါတယ်”
အစိုးရပိုင် ကော်ပိုရေးရှင်းဆိုတာ အစိုးရရဲ့ ရန်ပုံငွေနဲ့ တည်ထောင်ထားတာပါ။ ပုံမှန်အားဖြင့် အစိုးရက ရှယ်ယာ အများစုကို ကိုင်ထားပြီး လူမှု အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးလိုမျိုး ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဆင်တူပြီး စျေးကွက်ထဲမှာတောင် အရောင်းအဝယ် လုပ်လို့ ရပါတယ်။ Korea Electric Power Corporation (KEPCO) က ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။
“ကော်ပိုရေးရှင်း အသစ်တစ်ခုကို တည်ထောင်ဖို့ ဥပဒေတွေ ပြင်ဆင်တာ၊ ဝန်ထမ်း ခေါ်ယူတာတွေ လုပ်ရဦးမှာ ဖြစ်လို့ တကယ်တမ်း လုပ်ငန်း စလည်ပတ်နိုင်ဖို့ အနည်းဆုံး တစ်နှစ်လောက် ကြာလိမ့်မယ်။ အဲဒီ ကြားကာလမှာ OTK Company က အရင် ဝင်လုပ်ထားမယ်ဆိုရင် လုပ်ငန်း တိုးတက်မှုက ပိုပြီး မြန်ဆန်လာပါလိမ့်မယ်”
“တတိယ တောင်းဆိုချက်ကော ရှိသေးလား”
“မြေကွက် တချို့ကို ဝယ်ချင်ပါတယ်”
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က မျက်မှောင် ထပ်ကြုတ်သွားပြန်တယ်။
“ဖွံ့ဖြိုးရေး မစခင် မြေကောင်းတွေကို အသက်သာဆုံး စျေးနဲ့ ကြိုယူထားချင်တယ်လို့ ပြောတာလား”
မဖော်ထုတ်ရသေးခင် မြေကို စျေးသက်သက်သာသာနဲ့ ဝယ်ပြီးမှ တန်ဖိုးတက်အောင် လုပ်တာက ကုမ္ပဏီတွေ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းပါပဲ။
“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ မြေတွေက အများကြီး ရှိနေတာပဲ မဟုတ်လား”
ရေချိုအိုင် အပါအဝင် ဆာမန်ဂမ်ရဲ့ စုစုပေါင်း ဧရိယာက စတုရန်းကီလိုမီတာ ၄၀၀ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင် အဲဒီလို ကျယ်ပြောလွန်းလှတဲ့ မြေနေရာကြီး ဖြစ်နေတာကြောင့်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေစလုပ်ဖို့ အချိန်ဆွဲနေရတာပါပဲ။ ဒီလောက် ကျယ်တဲ့ နေရာကြီးကို ဖော်ထုတ်ဖို့ ဘယ်လောက်တောင် အရင်းအနှီး လိုလိမ့်မလဲ။
“ကျွန်တော် သိရသလောက်တော့ မြေတွေကို လိုက်ရောင်းနေတာတောင် ဘယ်ကုမ္ပဏီမှ မဝယ်ကြဘူး မဟုတ်လား”
တကယ်တော့ မြေကို ဒီအတိုင်း ရောင်းတာ မဟုတ်ဘဲ အဆောက်အဦးတွေ၊ စက်ရုံတွေ ဆောက်ရမယ်၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ အများကြီး ပါဝင်ပါတယ်။ အဲဒီလို ဖြစ်နေရင်တောင် မြေစျေးက အင်မတန် ပေါလွန်းတာလေ။
ကျွန်တော်က သာမန်အတိုင်းပဲ ပြောလိုက်တယ်။
“ဒါက စွန့်စားရမှု မြင့်မားတဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံတာပါ။ အောင်မြင်သွားရင် အကျိုးအမြတ် ပြန်ရတာက သဘာဝကျပါတယ်၊ ဒါကို stock option တစ်မျိုးလို့ပဲ သဘောထားလိုက်ပါ”
stock optionဆိုတာ ကုမ္ပဏီတစ်ခုက အမှုဆောင်တွေကို လစာအပြင် ကုမ္ပဏီ ရှယ်ယာတွေပါ ပေးအပ်တာပါ။ ကုမ္ပဏီ ကြီးထွားလာရင် စတော့စျေးနှုန်းတွေ တက်လာပြီး အကျိုးအမြတ် အများကြီး ရပါမယ်။ ပြောင်းပြန်အနေနဲ့ ကုမ္ပဏီ ကျရှုံးသွားရင် အဲဒီစတော့တွေက တန်ဖိုးမရှိတဲ့ စက္ကူစ ဖြစ်သွားမှာမလို့ ဒါက သူတို့ကို အလုပ် ကြိုးစားချင်စိတ် ဖြစ်လာအောင် တွန်းအားပေးတဲ့ နည်းလမ်းပါပဲ။
“ဖွံ့ဖြိုးရေး လုပ်ငန်း အောင်မြင်သွားရင် မြေတန်ဖိုးက လက်ရှိထက် အဆပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ မြင့်တက်သွားမှာပါ။ ဒါပေမဲ့ ကျရှုံးသွားရင်တော့ ဖုန်တလုံးလုံး ဖြစ်နေတဲ့ မြေကွက်လပ်ကြီးအဖြစ်ပဲ ဆက်ရှိနေမှာလေ။ အောင်မြင်မှသာ အကျိုးအမြတ် ရမှာ ဖြစ်တဲ့အတွက် အလုပ် ကြိုးစားဖို့အတွက် ခိုင်မာတဲ့ တွန်းအားတစ်ခု ဖြစ်မလာနိုင်ဘူးလား”
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က ကျွန်တော့်စကားကို မငြင်းနိုင်တော့ပါဘူး။
“ဒီစည်းကမ်းချက်တွေကို သဘောတူမယ်ဆိုရင် ဆာမန်ဂမ်ကို ကိုရီးယားရဲ့ အကြီးဆုံး အဆင့်မြင့် နည်းပညာသုံး စက်မှုမြို့တော်ကြီးအဖြစ် ပြောင်းလဲပေးပါ့မယ်”
ဒါက ကိုရီးယား စီးပွားရေး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တစ်ချက်ထဲနဲ့ ဖြေရှင်းပေးနိုင်မယ့်အပြင် အစိုးရရဲ့ ထောက်ခံမှု နှုန်းထားကိုပါ မြင့်တက်စေနိုင်ပါတယ်။ အောင်မြင်သွားမှာ သေချာရင်တော့ အစိုးရအနေနဲ့ငြင်းစရာ အကြောင်း မရှိပါဘူး။
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က ကျွန်တော့်ကို စိုက်ကြည့်ရင်း မေးတယ်။
“စီအီးအိုကန်က ဘာဖြစ်လို့ ဆာမန်ဂမ်ကို ဖွံ့ဖြိုးအောင် လုပ်ချင်ရတာလဲ”
တကယ်တော့ အနာဂတ်ကို ကြိုမြင်တာကြောင့်ပါ။ ဒါပေမဲ့...
“ပိုက်ဆံရမှာမလို့ပေါ့”
ကုမ္ပဏီတစ်ခုက ပိုက်ဆံရမယ့် အလုပ်ကို လုပ်ချင်တာက သဘာဝပါပဲ။ ဒါထက် ပိုတဲ့ အကြောင်းပြချက် ဘာလိုဦးမှာလဲ။
“ဒီဖွံ့ဖြိုးရေး လုပ်ငန်းက အောင်မြင်မယ်လို့ ယုံကြည်လို့လား”
“ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပါ”
ဒီစကားတစ်ခွန်းထဲနဲ့တင် လုံလောက်တဲ့ အဖြေ ဖြစ်သင့်ပါတယ်။ ဘယ်ရင်းနှီးမြှုပ်နှံသူကမှ ရှုံးမယ့် အလုပ်ထဲကို ပိုက်ဆံ ပစ်မထည့်ကြဘူးလေ။
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က စိတ်ရှုတ်ထွေးတဲ့ မျက်နှာပေးနဲ့ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြတယ်။
“မင်း တင်ပြခဲ့တဲ့ အဆိုပြုချက်ကို သေချာ ပြန်လည် သုံးသပ်ကြည့်ပါ့မယ်”
ပတ်ယောင်ဆူး၊ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အေဂျင်စီရဲ့ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဌာနခွဲ အကြီးအကဲ။
သူ့ရဲ့ အလုပ်က ဆာမန်ဂမ်မှာ ရင်းနှီးမြှုပ်နှံဖို့ ကုမ္ပဏီတွေကို စည်းရုံးရတာပါ။ သူက KTX ရထားနဲ့ တစ်နိုင်ငံလုံးကို လှည့်ပတ်သွားလာပြီး ကုမ္ပဏီ အသီးသီးက ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေနဲ့ တွေ့ဆုံကာ ဆာမန်ဂမ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖျောင်းဖျရပါတယ်။
အလှကုန် ကုန်ကြမ်းတွေ ထုတ်လုပ်တဲ့ အလတ်စား လုပ်ငန်းတစ်ခုဖြစ်တဲ့ CJH Company က စက်ရုံနဲ့ သုတေသနဌာန တစ်ခု တည်ထောင်ဖို့ စဉ်းစားနေခဲ့တယ်။
သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာနဲ့ တွေ့ဆုံစဉ်မှာ ပတ်ယောင်ဆူးက ဆာမန်ဂမ်ရဲ့ အားသာချက်တွေကို တက်တက်ကြွကြွနဲ့ ရှင်းပြခဲ့တယ်။
အစိုးရက ဆာမန်ဂမ်ကို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးထားပြီး လုပ်ငန်းတွေ လာရောက် အခြေစိုက်ဖို့ တက်တက်ကြွကြွ တွန်းအားပေးနေခဲ့တာပါ။ ပေးအပ်တဲ့ မက်လုံးတွေကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးခြားလှပါတယ်။
တကယ်လို့ ကုမ္ပဏီတွေက သူတို့ရဲ့ စက်ရုံတွေ ဒါမှမဟုတ် ရုံးချုပ်တွေကို မြို့ကြီးတွေကနေ ပြောင်းရွှေ့လာရင် ကော်ပိုရိတ် အခွန်သက်သာခွင့်ကို ငါးနှစ်အထိ သက်တမ်း တိုးပေးထားတယ်။ လူဦးရေ ထူထပ်လွန်းတဲ့ ဆိုးလ် မြို့ကြီးကနေ စက်ရုံတွေကို ပြောင်းရွှေ့လာတာ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး ရင်းနှီးမြှုပ်နှံရင် ကော်ပိုရိတ်ခွန်နဲ့ ဝင်ငွေခွန်တွေကို လျှော့ပေါ့ပေးမှာပါ။ ဒါ့အပြင် ဒေသန္တရ အခွန် လျှော့ပေါ့ပေးတာ၊ အထွေထွေ အခွန် ကင်းလွတ်ခွင့် ပေးတာ၊ သုံးစွဲမှုခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် (VAT) ကင်းလွတ်ခွင့်ပေးတာ၊ အကောက်ခွန် ကင်းလွတ်ခွင့်ပေးတာ စတဲ့ အကျိုးခံစားခွင့်တွေလည်း ရှိပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့ကြေးတွေ ပေးတဲ့အပြင် လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးကို တစ်နေရာထဲမှာ အပြီးအစီး ဆောင်ရွက်ပေးမယ့် one-stop ဝန်ဆောင်မှုကိုလည်း ပေးထားပါသေးတယ်။
“အဆောက်အဦးတွေနဲ့ စက်ရုံတွေ ဆောက်ဖို့ မြေနေရာတွေကို မယုံနိုင်စရာကောင်းလောက်အောင် သက်သာတဲ့ စျေးနှုန်းတွေနဲ့ ပေးနိုင်ပါတယ်။ မန်နေဂျာလည်း သိတဲ့အတိုင်း မြေစျေးက အမှန်တကယ် ဖော်ထုတ်ရတဲ့ ကုန်ကျစရိတ်အောက်တောင် လျော့နည်းနေတာပါ”
ရင်းနှီးမြှုပ်နှံမှု မန်နေဂျာက ခေါင်းညိတ်ပြတယ်။
“ဟုတ်ပါတယ်၊ ဒီစျေးနှုန်းနဲ့ဆိုရင်တော့ အလကားနီးပါး ဖြစ်နေပါပြီ”
“မြေယာ ဝယ်ယူခွန် လျှော့ပေါ့ပေးတာလည်း ရှိသလို ဝယ်ယူတဲ့ စျေးနှုန်းကိုလည်း ဆယ်စုနှစ်နဲ့ချီပြီး အရစ်ကျ ခွဲပေးလို့ ရပါတယ်”
ဆိုးလ် မြို့ကြီးမှာ စက်ရုံဆောက်တာနဲ့ နှိုင်းယှဉ်ရင် ဒီစည်းကမ်းချက်တွေက တကယ့်ကို ကောင်းမွန်လွန်းလှပါတယ်။
“ကျွန်တော်တို့ဘက်က အကောင်းဆုံး ဖြစ်အောင် ပြန်လည် သုံးသပ်ပေးပါ့မယ်”
“ကျေးဇူးပြုပြီး ကူညီပေးပါဦးနော်၊ ကျွန်တော် တကယ် မျှော်လင့်နေတာပါ”
CJH Company ရဲ့ ရုံးချုပ်ကနေ ထွက်လာပြီးနောက် သူက ဆာမန်ဂမ်ကို စိတ်ဝင်စားမှု ပြထားတဲ့ တခြား ကုမ္ပဏီတွေကို ဖုန်းဆက်ဖို့ ပြင်လိုက်တယ်။
“ဒေဂျွန်လား။ ဟုတ်ကဲ့။ ကျွန်တော် အရောက်လာခဲ့ပါ့မယ်။ အခုချက်ချင်း ထွက်လာရင် ညနေ ၄ နာရီလောက်တော့ ရောက်နိုင်ပါတယ်။ ချက်ချင်း ထွက်လာခဲ့ပါ့မယ်”
နောက်ထပ် ချိန်းဆိုမှုတစ်ခု ရသွားပြန်တာမလို့ သူက KTX ရထားပေါ်ကို ထပ်ပြီး ရောက်သွားရပြန်တယ်။
ရက်အနည်းငယ် ကြာပြီးနောက် သူ့ဆီကို CJH Company ရဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာဆီက ဖုန်းဝင်လာတယ်။
“မင်္ဂလာပါ မန်နေဂျာ။ ဒီနေ့က ကျွန်တော်တို့ တွေ့ရမယ့်နေ့ မဟုတ်လား။ ခဏနေရင် ကျွန်တော် ဆိုးလ်ကို လာခဲ့ပါ့မယ်”
ဖုန်းထဲက မန်နေဂျာရဲ့ လေသံက အားနာနေတဲ့ ပုံစံ ဖြစ်နေပါတယ်။
“စိတ်မကောင်းပါဘူး။ မစ္စတာပတ်။ ဒီနေ့ တွေ့ဖို့ကတော့ အဆင်မပြေတော့မယ့် ပုံပဲ။ အမှုဆောင် ဘုတ်အဖွဲ့က စက်ရုံကို ဆိုးလ် မြို့ကြီးမှာပဲ ဆောက်ဖို့ ယာယီ ဆုံးဖြတ်လိုက်ကြလို့ပါ။ တကယ်ပဲ စိတ်မကောင်းပါဘူး”
ပတ်ယောင်ဆူးက စိတ်ဓာတ်မကျတဲ့ လေသံ ဖမ်းပြီး ပြောလိုက်တယ်။
“ရပါတယ်။ မန်နေဂျာကြီး။ မန်နေဂျာကြီးလည်း အများကြီး ကြိုးစားပေးခဲ့တာ ကျွန်တော် သိပါတယ်။ ဒီတစ်ခေါက် အဆင်မပြေပေမဲ့ နောက်နောင်ကျရင် ကောင်းမွန်တဲ့ အလုပ်တွေနဲ့ ဆုံနိုင်ကြဦးမှာပါ”
“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”
ဖုန်းချပြီးနောက် သူက သက်ပြင်းအရှည်ကြီး ချလိုက်တယ်။
သူ လိုက်လံ ဆွေးနွေးခဲ့တဲ့ ကုမ္ပဏီ တစ်ရာမှာ တစ်ခုလောက်ပဲ တကယ်တမ်း စာချုပ်ချုပ်ဖြစ်ဖို့ လမ်းစ ပွင့်တတ်တာပါ။ စာချုပ်ချုပ်ခါနီးမှ ပျက်သွားတာမျိုးက ပထမဆုံး အကြိမ်လည်း မဟုတ်သလို ဒုတိယ အကြိမ်လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေ့တော့ ဘာဖြစ်လို့လဲမသိ၊ သူ တကယ့်ကို စိတ်ပျက်အားငယ် သွားရတယ်။
သူက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နေ့လယ်စာစားဖို့ ဝန်ထမ်း ထမင်းစားဆောင်ကို သွားခဲ့တယ်။
“ဒီတစ်ပတ်လုံး တစ်ခုမှ အဆင်မပြေဘူး”
“ငါတို့ တကယ်ပဲ ဒီလစာနဲ့ ထိုက်တန်ရဲ့လားကွာ”
“အာ… CJH Company နဲ့ ကိစ္စကော ဘယ်လိုလဲ”
ပတ်ယောင်ဆူးက ခေါင်းခါပြလိုက်တယ်။
“ပျက်သွားပြီ”
“ထင်သားပဲ။ သူတို့က အစကတည်းက စမ်းကြည့်ရုံ သက်သက်ပဲနေမှာ။ ဒါနဲ့ CJH Company၊ AGK Company၊ PL Company... ဘာဖြစ်လို့ ကုမ္ပဏီ နာမည်တွေက အကုန် ဆင်တူနေကြတာလဲ”
OTK Company နာမည်ကြီးလာပြီးနောက် ကိုရီးယားမှာ အင်္ဂလိပ် အတိုကောက် စာလုံးတွေရဲ့ နောက်မှာ 'Company' ဆိုတာ ထည့်ပြီး ကုမ္ပဏီ နာမည်ပေးတာက ခေတ်စားလာခဲ့တယ်။ တချို့ လုပ်ငန်းတွေဆိုရင် နာမည်ပါ ပြောင်းပစ်ကြတာပါ။ ဥပမာ CJH Company ဆိုရင် မူလက 'ချမ် ဂျိုဟွန်း ဟွာဂျန်ဖန်း' (အလှကုန် အင်မတန် ကောင်းမွန်သည်) ဆိုတဲ့ နာမည်ပါ။
“အခြေခံ အဆောက်အဦး ဘတ်ဂျက်တွေကို ဖြတ်တောက်ထားပြီးတော့ ကုမ္ပဏီတွေကို လာပါဆိုပြီး ဖိတ်ခေါ်နေတာက ရယ်စရာပဲ”
“တကယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းတွေသာ စီစဉ်ထားတဲ့အတိုင်း သွားနေရင် အခုလောက်ဆို ကုမ္ပဏီတွေ ရာနဲ့ချီပြီး ရောက်နေလောက်ပြီ”
ကုမ္ပဏီတွေက ဆာမန်ဂမ်ကို မလာချင်ကြတာက လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိသေးလို့ပါ။ ဒါပေမဲ့ အခြေခံ အဆောက်အဦး ဆောက်ဖို့က ပိုက်ဆံ လိုအပ်ပါတယ်။ အစိုးရရဲ့ ဒီနှစ် ဘတ်ဂျက် ချထားပေးမှုက လိုအပ်တာရဲ့ ထက်ဝက်တောင် မရှိပါဘူး။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးတင်မကဘဲ လေဆိပ်၊ ဆိပ်ကမ်းနဲ့ ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းတွေပါ အကုန်လုံး ရပ်တန့်နေခဲ့ရတာလေ။
အစိုးရရဲ့ ရပ်တည်ချက်ကလည်း လုံးဝ နားမလည်နိုင်စရာတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပိုက်ဆံတွေ သွန်ထည့်နေပါစေ၊ ကုမ္ပဏီတွေက လာဖို့ စိတ်မဝင်စားကြပါဘူး။ စီးပွားရေး လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံဖို့ ဝန်လေးနေကြတာကြောင့် အစီအစဉ် အားလုံးက ရပ်တန့်နေခဲ့တာပါ။ အဲဒီပိုက်ဆံတွေကို လူမှုဖူလုံရေး ဒါမှမဟုတ် အလုပ်အကိုင် ထောက်ပံ့ရေးလိုမျိုး လူထု အကြိုက် လိုက်တဲ့ နေရာတွေမှာ သုံးပြီး ထောက်ခံမှု နှုန်းထား တက်အောင် လုပ်တာက နိုင်ငံရေးအရ ပိုပြီး အကျိုးရှိမှာပဲလေ။
“ပြီးခဲ့တဲ့တစ်ခေါက် ငါ တွေ့ခဲ့တဲ့ စီအီးအိုက ပြောတယ်၊ ကန်ဂျင်ဟူလို လူမျိုးသာ ဝင်ပြီး မမြှုပ်နှံရင် ဆာမန်ဂမ်က ရုန်းကန်ရဦးမှာတဲ့”
“ဖူး။ ကန်ဂျင်ဟူက ဒီလို ဖုန်တလုံးလုံး ဖြစ်နေတဲ့ မြေကွက်လပ်ကြီးမှာ လာပြီး မြှုပ်နှံရအောင် ရူးနေလို့လား”
“ဟဲဟဲ၊ ဟုတ်သားပဲ။ သူ့ကို လာပြီး မြှုပ်နှံပေးပါဆိုပြီး တောင်းပန်နေတဲ့ နိုင်ငံတွေက အများကြီး ရှိတာပဲလေ”
ဒါက ဝန်ထမ်းတွေကြားထဲမှာ ပြောလေ့ရှိတဲ့ ဟာသတစ်ခုပါ။ ဆာမန်ဂမ်ကို ကယ်တင်နိုင်မယ့် တစ်ခုထဲသော နည်းလမ်းက ကန်ဂျင်ဟူ ဝင်ပါလာဖို့ပဲ ဆိုပြီးတော့ပေါ့။
ပတ်ယောင်ဆူးက သုန်မှုန်စွာနဲ့ ပြုံးလိုက်တယ်။
'လုံးဝ မဖြစ်နိုင်တာ' လို့ သူ တွေးလိုက်မိတယ်။ ကန်ဂျင်ဟူက ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာ့ စင်မြင့်ထက်မှာ ကစားနေတဲ့သူက ဘာဖြစ်လို့ ဆာမန်ဂမ်လို နေရာမျိုးကို အဖက်လုပ်မှာလဲ။
အမှန်အတိုင်း ပြောရရင် ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အေဂျင်စီမှာ အလုပ်မဝင်ခင်က သူလည်း ဆာမန်ဂမ်အကြောင်း သိပ်မသိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကုမ္ပဏီတွေဆီ သွားရောက်ပြီး ဒီဒေသကို မမောမပန်း ကြော်ငြာပေးခဲ့ရင်းနဲ့ သူကိုယ်တိုင်လည်း မသိလိုက်ဘဲ ဒီနေရာအပေါ် သံယောဇဉ် တွယ်မိသွားခဲ့တာပါ။
ထမင်းစားဆောင်ရဲ့ တီဗီမှာ ဆာမန်ဂမ်ရဲ့ ကြော်ငြာဗီဒီယိုလေး ပြသနေခဲ့တယ်။
ဗီဒီယိုထဲမှာ သရုပ်ဖော်ထားတဲ့ ဆာမန်ဂမ်က မိုးမျှော်တိုက်ကြီးတွေ၊ လူလုပ်ကျွန်းတွေ၊ သီးသန့် အပန်းဖြေ ပန်းခြံတွေ၊ စိမ်းလန်းစိုပြည်တဲ့ ပန်းခြံတွေနဲ့ ရေကန်တွေ သဟဇာတဖြစ်အောင် ပေါင်းစပ်ထားတဲ့ လှပတဲ့ မြင်ကွင်းကြီး ဖြစ်ပါတယ်။
သူက ကိုယ့်ဘာသာကိုယ် မသိစိတ်ကနေ ရေရွတ်လိုက်မိတယ်။
“ငါ မသေခင် ဒီလိုမျိုး တကယ် ဖြစ်လာတာကို မြင်သွားချင်လိုက်တာ”
ရုတ်တရက်ဆိုသလို တီဗီဖန်သားပြင်က ပြောင်းလဲသွားပြီး သတင်း ထုတ်လွှင့်ချက် စလာတယ်။ ထောင့်စွန်းမှာ "သတင်းထူး" ဆိုတဲ့ စာလုံးက လင်းလက်လာပြီး သမ္မတက ပေါ်လာခဲ့တယ်။
အားလုံးက ထမင်းစားတာကို ရပ်လိုက်ပြီး တီဗီဘက်ကို လှည့်ကြည့်လိုက်ကြတယ်။
စီးပွားရေး မူဝါဒဆိုင်ရာ အစည်းအဝေးတစ်ခုမှာ သမ္မတ ဟိုချန်မင်းရဲ့ ထုတ်ပြန်ချက်ကို ထုတ်လွှင့်နေတာပါ။
“မြို့တော် ဒေသရဲ့ အိမ်ခြံမြေ စျေးနှုန်းတွေကို တည်ငြိမ်စေဖို့နဲ့ ဟန်ချက်ညီတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ဆာမန်ဂမ် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို အရှိန်အဟုန်နဲ့ စတင်တော့မှာပါ။ ဒီအတွက် ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းကို တည်ထောင်ပြီး OTK Company နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်”
အဲဒီနောက်မှာပဲ OTK Company ဘက်ကလည်း ထုတ်ပြန်ချက်တစ်ခု ထွက်လာခဲ့တယ်။
“OTK Company အနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ဆာမန်ဂမ် မြို့သစ်ကို တည်ဆောက်ရာမှာ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ နောင်အနာဂတ်မှာ ဆာမန်ဂမ်ဟာ ဘဏ္ဍာရေး၊ လျှပ်စစ်ကား၊ အဆင့်မြင့် စက်မှုလုပ်ငန်း၊ အာကာသ နည်းပညာ၊ ဇီဝနည်းပညာ၊ သုတေသနဌာနများ၊ အပန်းဖြေစခန်းများနှင့် သီးသန့် အပန်းဖြေ ပန်းခြံများ ပေါင်းစပ်ပါဝင်မယ့် လှပပြီး ကမ္ဘာ့အဆင့်မီ အဆင့်မြင့် နည်းပညာသုံး မြို့တော်ကြီးအဖြစ် ပြန်လည် မွေးဖွားလာမှာ ဖြစ်ပါတယ်”
အားလုံးက မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
'ဒါက တကယ်ပဲလား။ နောက်ပြောင်နေတာ မဟုတ်ဘူးလား'
အဲဒီအချိန်မှာပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ဖုန်းသံတွေ ဆူညံစွာ မြည်လာခဲ့တယ်။
သတင်းကို ငေးကြည့်နေတဲ့ ပတ်ယောင်ဆူးက ဖုန်းသံက သူ့အိတ်ကပ်ထဲကနေ ထွက်လာတာကို သတိပြုမိသွားတယ်။ သူက ဖုန်းကို အမြန် ထုတ်ပြီး ဖြေလိုက်တယ်။
ဖုန်းဆက်တဲ့သူက တခြားသူ မဟုတ်ဘဲ CJH Company ရဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာပဲ ဖြစ်တယ်။
“မင်္ဂလာပါ။ မန်နေဂျာ။ ဘာကိစ္စများ ရှိလို့...”
သူ စကားမဆုံးခင်မှာပဲ မန်နေဂျာက အလောတကြီး ကြားဖြတ် ပြောလာတယ်။
“ကျွန်တော်တို့ အခုချက်ချင်း တွေ့လို့ ရမလား”
“အခု.. အခုချက်ချင်းလား”
“မစ္စတာပတ် ဆိုးလ်ကို လာခဲ့မယ်ဆိုရင်... အာ၊ မဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင်ပဲ ဆာမန်ဂမ် အေဂျင်စီကို အခုချက်ချင်း လာခဲ့ပါ့မယ်။ အရင်က ဆွေးနွေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ပြန်ပြီး ဆွေးနွေးချင်လို့ပါ”
“ဗျာ။ ရုတ်တရက်ကြီးပါလား”
ဒါက အစပဲ ရှိပါသေးတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ဖုန်းသံတွေ တောက်လျှောက် မြည်လာခဲ့တယ်။ အတူတူ ထမင်းစားနေတဲ့ သူတွေတင်မကဘဲ တခြား ဝန်ထမ်းတွေရဲ့ ဖုန်းတွေပါ အကုန် မြည်နေတာ ဖြစ်ပါတယ်။
အားလုံးက ထမင်းစားတာကို ရပ်ပြီး ဖုန်းတွေ အပြိုင်အဆိုင် ဖြေနေကြရတယ်။
“စာချုပ် ပို့ပေးရမလား။ အခုချက်ချင်းလား”
“အဲဒီတုန်းက ကျွန်တော်တို့ ကမ်းလှမ်းခဲ့တဲ့ စည်းကမ်းချက်တွေလား။ ဟုတ်ကဲ့။ အဲဒါတွေက အတည် ဖြစ်နေတုန်းပါပဲ”
“အခု ဒီကို လာနေပြီလား။ အာ… ခဏလေးနော်၊ နောက်ထပ် ဖုန်းတစ်ကော ဝင်နေလို့ပါ။ ပြီးမှ ပြန်ဆက်လိုက်ပါ့မယ်”
“ဗျာ။ ဆာမန်ဂမ်မှာ စက်ရုံ ချက်ချင်း ဆောက်ချင်တယ် ဟုတ်လား”