အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇)
ဦးလေး ဆော့ဘန် က စကားစပြောလာတယ်။
"သြော်၊ ဝူဆောင်း စက်မှုလုပ်ငန်းကို ပြောတာလား။ ကျွန်တော် ကြားဖူးပါတယ်။ သူတို့က ကားအင်ဂျင် အပိုပစ္စည်း ထုတ်တဲ့ ကုမ္ပဏီ မဟုတ်လား"
"အေး၊ ဟုတ်တယ်။ သူတို့က အွန်ဆောင်း မော်တာ ရဲ့ အဓိက အပိုပစ္စည်း ပေးသွင်းတဲ့ ကုမ္ပဏီလေ"
အဲဒီကုမ္ပဏီက KOSDAQ မှာ စာရင်းဝင်ထားသလို ဝန်ထမ်း ၇၀၀လောက်ရှိတဲ့ အလတ်စား လုပ်ငန်းတစ်ခုပါ။
ရုတ်တရက် ကျွန်တော် လတ်တလော မြင်လိုက်ရတဲ့ သတင်းတစ်ခုကို သတိရသွားတယ်။
"အဲဒီမှာ အလုပ်သမားတွေ ဆန္ဒပြနေကြတာ မဟုတ်လား"
ဝူဆောင်း စက်မှုလုပ်ငန်းရဲ့ တရားမဝင် ဆန္ဒပြမှုကြောင့် ကားထုတ်လုပ်မှုတွေမှာ အခက်အခဲ ဖြစ်လာနိုင်တာကို စိုးရိမ်ရကြောင်း သတင်းတွေ ထွက်နေတာပါ။ သမ္မတ ပက်ဆီဟျွန်းကလည်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီလို တရားမဝင် ဆန္ဒပြမှုတွေက နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ အလုပ်သမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သေးတယ်။
ဦးလေး ဆော့ဘန် က အားမရှိသလိုနဲ့ ခေါင်းညိတ်ပြတယ်။
"ဟု-ဟုတ်တယ်။ ဂျုံဆူး နဲ့ ငါ အဲဒီမှာ အလုပ်လုပ်ခဲ့တာ"
ဦးလေး ဆော့ဘန် က တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောပြတယ်။
"အစတုန်းကတော့ ပိုကောင်းတဲ့ ကုမ္ပဏီကို ပြောင်းလိုက်ရလို့ ဝမ်းသာနေတာ။ ဒါပေမဲ့... ပြဿနာတွေ ရှိလာတယ်"
ဝူဆောင်း စက်မှုလုပ်ငန်းက တအား မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာ။ ထုတ်လုပ်မှု တိုးဖို့ဆိုရင် ဝန်ထမ်းအသစ်တွေ ခန့်တာ ဒါမှမဟုတ် စက်ပစ္စည်းတွေ တိုးချဲ့တာ လုပ်ရမှာပါ။ ဒါပေမဲ့ သူတို့က အဲဒီလို မလုပ်ဘဲ ရှိပြီးသား ဝန်ထမ်းတွေနဲ့ပဲ စက်ရုံကို ၂၄ နာရီပတ်လုံး လည်ပတ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ အဲ့လိုလုပ်တာက ပိုက်ဆံ ပိုသက်သာလို့လေ။
ညဆိုင်းတွေ ဆက်တိုက် ဆင်းရတော့ အလုပ်သမားတွေက ပင်ပန်းနွမ်းနယ်တာတွေကို တိုင်ကြားခဲ့ကြတယ်။ နှစ်နှစ်အတွင်းမှာတင် အလုပ်ပင်ပန်းလွန်းလို့ သေဆုံးသွားတဲ့ ဝန်ထမ်း ၆ ယောက်တောင် ရှိခဲ့တယ်။
အလုပ်သမားသမဂ္ဂနဲ့ စီမံခန့်ခွဲသူတွေ ဆွေးနွေးပြီးနောက်မှာတော့ ညဆိုင်းတွေကို ရပ်နားပြီး နေ့ဘက်မှာပဲ နှစ်ဆိုင်းခွဲပြီး လုပ်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ သဘောတူပြီးတာတောင် ကုမ္ပဏီက အကောင်အထည်ဖော်ဖို့ အချိန်ဆွဲနေပြီး ညဆိုင်းတွေက ဆက်ရှိနေတုန်းပဲ။
နှစ်ဖက်စလုံး ဆွေးနွေးကြပေမဲ့ ညှိနှိုင်းလို့ မရခဲ့ကြဘူး။
နောက်ဆုံးမှာတော့ အလုပ်သမားသမဂ္ဂက နှစ်ဆိုင်းစနစ်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တောင်းဆိုပြီး တစ်စိတ်တစ်ပိုင်း ဆန္ဒပြခဲ့ကြတယ်။ နာရီပိုင်းအကြာမှာပဲ စီမံခန့်ခွဲသူတွေက လုံခြုံရေးတွေကို သုံးပြီး လုပ်ငန်းခွင်ကို ပိတ်လိုက်ပါတော့တယ်။
လုံခြုံရေးတွေက သမဂ္ဂအဖွဲ့ဝင်တွေကို အထဲပေးမဝင်တော့ဘဲ တားဆီးကြတာကြောင့် အလုပ်သမားတွေက စက်ရုံကို သိမ်းပိုက်ပြီး ကန့်ကွက်ခဲ့ကြတယ်။ သမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးလေး ဆော့ဘန် နဲ့ ဂျုံဆူး တို့လည်း အဲဒီမှာ ပါဝင်ခဲ့ကြတာပေါ့။
ဆန္ဒပြတာ ဒါမှမဟုတ် စက်ရုံသိမ်းပိုက်တာက သေချင်လို့ လုပ်တာ မဟုတ်ဘဲ ညှိနှိုင်းပေးဖို့ တောင်းဆိုတာပဲလေ။ ဒါပေမဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ကတော့ ညှိနှိုင်းဖို့ လုံးဝစိတ်ကူးမရှိခဲ့ဘူး။
ဒါက ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုရဲ့ အစပါပဲ။
"ကုမ္ပဏီက ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထုတ်လုပ်မှု စောင့်ကြည့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စီစီတီဗွီတွေ တပ်ခဲ့တယ်။ အလုပ်ရုံထဲတင် မကဘူး၊ နားနေခန်းနဲ့ အဝတ်လဲခန်းတွေမှာပါ တပ်တာ။ ဒါကြောင့် ဂျုံဆူး နဲ့ ငါက အဲဒီ စီစီတီဗွီ တွေကို စောင်တွေ၊ တိပ်တွေနဲ့ ကပ်ပြီး ပိတ်ထားခဲ့ကြတယ်"
ကုမ္ပဏီက အဲဒီလုပ်ရပ်ကို လုပ်ငန်း နှောင့်ယှက်မှုနဲ့ ပိုင်ဆိုင်မှု ဖျက်ဆီးမှုဆိုပြီး တရားစွဲခဲ့တယ်။
တက်ဂယူ က နားမလည်နိုင်သလိုနဲ့ မေးတယ်။
"လုပ်ငန်း နှောင့်ယှက်တာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ စီစီတီဗွီကို ဖျက်ဆီးတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ပိုင်ဆိုင်မှု ဖျက်ဆီးမှု ဖြစ်ရတာလဲ"
"အဲဒါက စီစီတီဗွီ ကို ပိတ်ဖို့ သုံးခဲ့တဲ့ တိပ်တွေက ကပ်နေလို့ ပြန်သုံးလို့ မရတော့ဘူးဆိုပြီး ပိုင်ဆိုင်မှု ဖျက်ဆီးမှုလို့ သတ်မှတ်လိုက်တာ"
ဒါက တကယ်ကို ရယ်စရာကောင်းတဲ့ အခြေအနေပေမဲ့ အမှုစစ်ရုံးက စီစီတီဗွီ ကို ပိတ်ခဲ့တဲ့ ဂျုံဆူး ကို ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ၊ တိပ်တွေကို ဖြတ်ပေးခဲ့တဲ့ ဦးလေး ဆော့ဘန် ကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တယ်။
"တော်သေးတာက တရားရုံးမှာတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်လေ"
ဒါပေမဲ့ အဲဒီမှာတင် မပြီးသေးဘူး။
ဒီတစ်ခါမှာတော့ ကတ္တရာလမ်းပေါ်မှာ ဆေးတွေ ဖိတ်စင်ခဲ့တဲ့ ကိစ္စနဲ့ ကုမ္ပဏီက ပြဿနာ ရှာပြန်တယ်။ ဆန္ဒပြနေတုန်းမှာ သမဂ္ဂအဖွဲ့ဝင်တွေက မြေပြင်ပေါ်မှာ ဆိုင်းဘုတ်တွေ ခင်းပြီး ဆေးတွေနဲ့ စာရေးခဲ့ကြတယ်။ အဲဒီဆေးတွေက ကတ္တရာလမ်းပေါ်မှာ ပေကုန်လို့ဆိုပြီး ပိုင်ဆိုင်မှု ဖျက်ဆီးမှုနဲ့ ထပ်ပြီး စွပ်စွဲပြန်တယ်။
"အဲဒါ တကယ်ပဲလား"
ဦးလေး ဆော့ဘန် ရဲ့ စကားကိုသာ မကြားရရင် ဒါက နောက်ပြောင်နေတာလို့ ထင်မိမှာပါ။
အံ့သြစရာကောင်းတာက ဒီတစ်ခါမှာလည်း အမှုစစ်ရုံးက မြေပြင်ပေါ်မှာ စာရေးခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တယ်။
"မနက်အစောပိုင်းမှာ ကန်ထရိုက် ကုမ္ပဏီရဲ့ ကားတစ်စီးက သမဂ္ဂအဖွဲ့ဝင်တွေဆီကို အရှိန်နဲ့ မောင်းဝင်လာခဲ့တယ်"
အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့ လူ ၈ ယောက်လောက် ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့သလို ၃ ယောက်ကတော့ အရိုးကျိုးသွားခဲ့တယ်။ ကန်ထရိုက်တာကတော့ လူတွေကို တိုက်ပြီး ထွက်ပြေးသွားခဲ့တာပါ။
ရဲစခန်းမှာ တိုင်ချက်ဖွင့်တော့ ကန်ထရိုက်တာက တစ်ရက်အတွင်းမှာပဲ လာရောက် အဖမ်းခံတယ်။
သူက ကားမောင်းရင်း အိပ်ပျော်သွားတာလို့ ပြောသလို သမဂ္ဂအဖွဲ့ဝင်တွေ အနားရောက်လာတဲ့အခါ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရလို့ ကြောက်ပြီး မောင်းထွက်သွားရင်း မတော်တဆ ဖြစ်တာလို့ ထွက်ဆိုခဲ့တယ်။
ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ ထွက်ဆိုချက်ကို လက်ခံပြီး ဒါကို တိုက်ပြေးမှု မဟုတ်ဘဲ သာမန် ယာဉ်မတော်တဆမှုအဖြစ်ပဲ သတ်မှတ်လိုက်တယ်။ အမှုစစ်ရုံးကလည်း လူ ၁၁ ယောက်ကို ဒဏ်ရာရစေခဲ့တဲ့ အဲဒီလူကို ဖမ်းဆီးထားဖို့ မလိုဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
အဲဒီနောက်မှာတော့ ကန်ထရိုက် အလုပ်သမားတွေနဲ့ ဒဏ်ရာရသူတွေကြားမှာ ထပ်ပြီး ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့တယ်။ စက်ရုံကို သိမ်းပိုက်ထားတဲ့ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ ကန်ထရိုက်တာတွေကြားမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာတော့ သမဂ္ဂအဖွဲ့ဝင်တွေ အားလုံး စက်ရုံထဲကနေ နှင်ထုတ်ခံလိုက်ရတယ်။
"ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာ ကန်ထရိုက်တာ တစ်ယောက်က ပစ်လိုက်တဲ့ မီးသတ်ဆေးဘူးက ငါ့ခေါင်းကို ထိသွားခဲ့တယ်"
ဒဏ်ရာက တအား ပြင်းထန်လွန်းလို့ နည်းနည်းလောက်သာ လွဲသွားရင် သေသွားနိုင်တဲ့ အခြေအနေပါ။
ဦးလေး ဆော့ဘန် ကို ဆေးရုံကို ချက်ချင်း ပို့ခဲ့ရပြီး ဦးခေါင်းခွံထဲက အရိုးစတွေကို ထုတ်ဖို့နဲ့ ပြန်ပြင်ဖို့ ခက်ခဲတဲ့ ခွဲစိတ်မှုကြီး လုပ်ခဲ့ရတယ်။ တော်သေးလို့ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဦးလေး ဆော့ဘန် က စကားပြောရင် ထစ်တာတွေ၊ မပီတာတွေ ဖြစ်လာခဲ့တာပေါ့။
ကျွန်တော် ဘာစကားမှ မပြောနိုင်တော့ဘူး။
အစတုန်းကတော့ အတိုးကြီးပေးတဲ့ ချေးငွေတွေ သုံးမိလို့ လူမိုက်တွေရဲ့ ရန်ကို ခံနေရတာလို့ ထင်ခဲ့တာ။ အဲဒီလိုဆိုရင်တောင် နားလည်ပေးလို့ ရဦးမယ်။
ဒါပေမဲ့ အခုတော့ ဆန္ဒပြနေတုန်းမှာ ကန်ထရိုက် အလုပ်သမားတွေနဲ့ ထိပ်တိုက်တွေ့ရာကနေ ဒီလို ဖြစ်ခဲ့ရတာလား။ ဒါက စစ်အာဏာရှင် ခေတ်လည်း မဟုတ်ဘဲနဲ့လေ။ ၂၁ ရာစု တောင်ကိုရီးယားမှာ ဒါက ဖြစ်နိုင်ပါ့မလား။
"ဒါနဲ့ ဘာဆက်ဖြစ်လဲ။ အဲဒီလူကို ဖမ်းမိလား"
ဦးလေး ဆော့ဘန် က ခေါင်းခါပြတယ်။
ကန်ထရိုက် အလုပ်သမားတွေ အကုန်လုံးက နှာခေါင်းစည်းတွေ တပ်ထားကြသလို မီးသတ်ဆေးဘူးတွေက ထွက်လာတဲ့ အခိုးအငွေ့တွေကြောင့် ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားလို့ မရဘူးဆိုပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာကို လက်လျှော့လိုက်တယ်။ အဲဒီအချိန်က ရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း မီးသတ်ဆေးဘူး ကိုင်ထားတဲ့ လူ ၃ ယောက်ပဲ ပါတယ်။
တကယ်တမ်းတော့ ကန်ထရိုက် အလုပ်သမားတွေကို ခေါ်ယူ စစ်ဆေးပြီး ဘယ်သူက မီးသတ်ဆေးဘူး ကိုင်ထားလဲဆိုတာကို ရှာရင် တရားခံကို လွယ်လွယ်လေး တွေ့နိုင်မှာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့က အဲဒီလောက် ရိုးရှင်းတဲ့ အလုပ်ကိုတောင် မလုပ်ခဲ့ဘူး။ တရားစွဲချင်ရင် ကိုယ့်ဘာသာ တရားခံကို ရှာပြီး သက်သေ ယူလာခဲ့ပါလို့ပဲ တဖွဖွ ပြောနေခဲ့တာလေ။
ရဲတပ်ဖွဲ့က ကန်ထရိုက် အလုပ်သမားတွေကို စုံစမ်းဖို့ စိတ်မဝင်စားပေမဲ့ အလုပ်သမားသမဂ္ဂအပေါ်မှာတော့ မတူပါဘူး။
ဝူဆောင်းဘက်က 3D မျက်နှာခွဲခြားတဲ့ နည်းပညာကို သုံးပြီး နှာခေါင်းစည်း တပ်ထားတဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ မျက်နှာတွေကို ခွဲခြားခဲ့သလို အဲဒီထဲမှာ ပါဝင်တဲ့ လူတိုင်းကို အမှုစစ်ရုံးဆီ လွှဲပြောင်းပေးခဲ့တယ်။ အမှုစစ်ရုံးကလည်း မျှော်လင့်ထားတဲ့အတိုင်း သူတို့ အားလုံးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တယ်။
တက်ဂယူ က မယုံနိုင်သလိုနဲ့ အော်ပြောတယ်။
"သူတို့က အခုဆို ဘာမဆို ထောင်ဒဏ် ၁ နှစ်ပဲ ပေးနေတာလား။ ထောင်ဒဏ် ၁ နှစ်ဆိုတာ လာနောက်နေတာလား"
ဆန္ဒပြမှုက ကြာလာပြီး ရာသီဥတုကလည်း ပိုအေးလာတော့ သမဂ္ဂအဖွဲ့ဝင်တွေလည်း ပင်ပန်းလာကြတယ်။ ကုမ္ပဏီကလည်း စက်ရုံကို ဆက်ပြီး လည်ပတ်နိုင်ဖို့ အစားထိုး အလုပ်သမားတွေကို ခေါ်ခဲ့တယ်။
ဆန္ဒပြပြီး နှစ်လအကြာမှာတော့ သမဂ္ဂက အလုပ်ပြန်ဝင်ဖို့ ကြေညာခဲ့တယ်။ ဒါကတော့ အရှုံးပေးလိုက်တာပါပဲ။ ဒါပေမဲ့ ကုမ္ပဏီကတော့ အဲဒါကို လက်မခံခဲ့ဘူး။
ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က သမဂ္ဂကနေ နုတ်မထွက်သရွေ့ အလုပ်ပြန်ဝင်လို့ မရဘူးလို့ ဇွတ်ပြောနေသလို ဒီတစ်ခါမှာ သမဂ္ဂကို အမြစ်ပြတ်အောင် လုပ်မယ်လို့လည်း ကြုံးဝါးခဲ့တယ်။
သမဂ္ဂအဖွဲ့ဝင်တွေက တရားမဝင် ဆန္ဒပြမှုကြောင့် ဆုံးရှုံးမှုတွေ ရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့နဲ့ အမှုစစ်ရုံးဆီက ဆင့်ခေါ်စာတွေ ရခဲ့သလို ကုမ္ပဏီကလည်း နစ်နာကြေးအတွက် တရားစွဲခဲ့တယ်။
"အဲဒီတော့... ဦးလေး ဂျုံဆူး ကော ဘာဖြစ်သွားလဲဟင်"
ဦးလေး ဆော့ဘန် က ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောတယ်။
"သူ... သူ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေသွားခဲ့တာ"
"......"
နာရေးပြီးတော့ ဦးလေး ဆော့ဘန် က တီဗွီထဲမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်နေတဲ့ ကျွန်တော့်ကို မြင်ခဲ့တာတဲ့။ အဲဒီနောက်မှာတော့ ပိုပြီး ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ စာတိုက်ပုံးထဲမှာ ဒဏ်ငွေ ဆင့်ခေါ်စာတွေအပြင် ရဲစခန်းနဲ့ အမှုစစ်ရုံးက ဆင့်ခေါ်စာတွေလည်း အမြဲ ရှိနေခဲ့တယ်။
ခွဲစိတ်ခတွေကလည်း အကြွေးတွေ တင်နေတုန်းပဲ။ ဒဏ်ငွေ ပေးဖို့လည်း ပိုက်ဆံ မရှိဘူး။ မိသားစုကို ရင်ဆိုင်ဖို့ မျက်နှာ မရှိသလို အလုပ် ပြန်လုပ်ဖို့လည်း ယုံကြည်ချက် မရှိတော့ပါဘူး။
"ငါ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်"
ဒါကြောင့် ဦးလေး က ဦးတည်ချက်ရယ်လို့ မရှိဘဲ တစ်နေရာကို ကားမောင်းသွားခဲ့တယ်။ လူပြတ်တဲ့ နေရာမှာ ကားရပ်ပြီး ပြတင်းပေါက်တွေနဲ့ လေဝင်ပေါက်တွေကို အဝတ်ဟောင်းတွေနဲ့ ပိတ်၊ မီးသွေးခဲကို မီးမွှေးပြီး မျက်စိမှိတ်ထားလိုက်တယ်။ အဲဒီအချိန်မှာ မိသားစု မျက်နှာတွေ၊ အတူတူ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာတွေ၊ နောက်ဆုံးတော့ ကိုယ့်မျက်နှာကိုယ် မြင်ယောင်လာခဲ့တာပေါ့။
"သတိမလွတ်ခင်လေးမှာပဲ ကားတံခါးကို အတင်းဖွင့်ပြီး အပြင်ကို ထွက်နိုင်ခဲ့တာ။ မနက်မိုးလင်းတော့ မင်းကို တွေ့ဖို့ ဆိုးလ် ကို တက်လာခဲ့တယ်။ ဂျုံဆူး ရေ၊ မင်း ဆုံးသွားပြီးမှ ငါ တစ်ယောက်ထဲ လာခဲ့ရလို့ တကယ် တောင်းပန်ပါတယ်"
"..."
ဒါက အသက်ရှင်ဖို့အတွက် လာခဲ့တာဆိုတဲ့ အဓိပ္ပာယ်လား။
တက်ဂယူ က ကျွန်တော့် မျက်လုံးတွေကို ကြည့်ပြီး မေးတယ်။
"ဝူဆောင်း ကုမ္ပဏီက KOSDAQ မှာ စာရင်းဝင်ထားတာ မဟုတ်လား။ ဘာလို့ ဒီကိစ္စကို ဘယ်သူမှ မသိကြတာလဲ"
"မီဒီယာတွေက သတင်းမရေးကြလို့ပေါ့"
ကမ္ဘာပေါ်မှာ နေ့တိုင်း ကိစ္စတွေ အများကြီး ဖြစ်နေတာပဲ။ မီဒီယာတွေက ဘယ်အရာက သတင်းဖြစ်သင့်လဲဆိုတာကို ရွေးချယ်ပြီး ရေးကြတာလေ။ ဘယ်လောက်ပဲ ကိစ္စကြီးကြီး မီဒီယာက မျက်ကွယ်ပြုထားရင် လူတွေ သိမှာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ ဘယ်လို ရေးသလဲပေါ် မူတည်ပြီး အမှားကို အမှန်၊ အမှန်ကို အမှား လုပ်ပစ်လို့ ရတာပဲလေ။
"ဘာလို့ ရဲတပ်ဖွဲ့နဲ့ အမှုစစ်ရုံးက ဝူဆောင်း ကုမ္ပဏီ ဘက်ကနေ ဒီလောက်တောင် ဗြောင်ကျကျ ရပ်တည်ပေးနေရတာလဲ"
"သြော်… ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က ရဲမှူးချုပ်နဲ့လည်း ရင်းနှီးသလို အစိုးရ ရှေ့နေနဲ့လည်း ခင်တယ်လေ"
"..."
ဒါက ပုဂ္ဂိုဟ်ရေးခင်မင်မှုနဲ့ မျက်နှာလိုက်တာလား။
နယ်ဘက်မှာ ကြာကြာ အခြေချနေတဲ့ စီးပွားရေးသမားတွေက အစိုးရ အရာရှိတွေနဲ့ ပေါင်းစားတတ်ကြတာ ထုံးစံပါပဲ။
" ပြီးတော့ သူ့နောက်ကွယ်မှာ အွန်ဆောင်း မော်တာ လည်း ရှိသေးတယ်"
ကျွန်တော် အံ့သြသွားမိတယ်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
ဦးလေး ဆော့ဘန် က ရှင်းပြတယ်။
စက်ရုံကို သိမ်းပိုက်ထားတုန်းက သူတို့တွေ စာအိတ်တစ်ခုကို တွေ့ခဲ့ကြတယ်။ အဲဒီထဲက စာရွက်စာတမ်းတွေက တကယ့်ကို တုန်လှုပ်စရာပါပဲ။ အဲဒါက ဝူဆောင်း ကုမ္ပဏီရဲ့ ဆန္ဒပြမှုကို တုံ့ပြန်မယ့် အစီအစဉ်တွေ ပါတဲ့ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းပါ။
လုံခြုံရေးတွေ ချထားဖို့၊ ပင်မဂိတ်ကို ပိတ်ဖို့၊ ကြိုပို့ကားတွေကို ရပ်နားဖို့၊ လုပ်ငန်းခွင် ပိတ်ဖို့၊ ဝင်ထွက်တာကို ထိန်းချုပ်ဖို့၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ဖို့၊ အစားထိုး ဝန်ထမ်းတွေ ခန့်ဖို့နဲ့ သမဂ္ဂရဲ့ တရားမဝင် လုပ်ရပ်တွေကို သက်သေ စုဆောင်းဖို့တွေ ပါဝင်ပါတယ်။
ဆန္ဒပြမှု မတိုင်ခင်ကတည်းက ကုမ္ပဏီက ချန်းဂျူး အတိုင်ပင်ခံ လို့ ခေါ်တဲ့ အတိုင်ပင်ခံ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့သလို သက်သေ စုဆောင်းဖို့အတွက် ဗီဒီယို ကင်မရာတွေနဲ့ အသံဖမ်းစက်တွေကိုတောင် မှာယူခဲ့သေးတယ်။
ဒါက စီမံခန့်ခွဲသူတွေဘက်က သမဂ္ဂနဲ့ ညှိနှိုင်းဖို့ အစကတည်းက စိတ်မကူးခဲ့ဘူးဆိုတာကို ပြနေတာပါပဲ။
ဒါပေမဲ့ အဲဒီမှာတင် မပြီးသေးဘူး။ ရုံးချုပ်ဖြစ်တဲ့ အွန်ဆောင်း မော်တာ က သမဂ္ဂကို ဖြိုခွဲဖို့အတွက် တိုက်ရိုက် ညွှန်ကြားခဲ့တာတွေနဲ့ အစီအစဉ်တွေကို အစီရင်ခံစာ တောင်းခဲ့တာတွေကို ပြတဲ့ စာရွက်စာတမ်းတွေလည်း ရှိနေပါတယ်။
သမဂ္ဂက အဲဒီ စာရွက်စာတမ်းတွေ အကုန်လုံးကို ဓာတ်ပုံရိုက်ပြီး ဒေသန္တရ အလုပ်သမား အာဏာပိုင်တွေဆီမှာ တိုင်ချက်ဖွင့်ခဲ့တယ်။
ဒါပေမဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်းနဲ့ပတ်သတ်ပြီး သက်သေ မလုံလောက်ဘူးဆိုပြီး အမှုကို ပယ်ချလိုက်သလို အွန်ဆောင်း မော်တာ ကလည်း တိုက်ရိုက် ပတ်သက်မှု မရှိဘူးဆိုပြီး စုံစမ်းစစ်ဆေးတာ မခံခဲ့ရဘူး။
တက်ဂယူ က မယုံနိုင်သလိုနဲ့ "အွန်ဆောင်း မော်တာ က ထပ်ပြီးတော့ ပါပြန်ပြီလား" လို့ ပြောတယ်။
"..."
ဒါက ဆိုးဝါးတဲ့ ပတ်သတ်မှုကြီးလို ဖြစ်နေပါပြီ။
ကားတစ်စီးမှာ အပိုပစ္စည်း ၃၀,၀၀၀ လောက် ပါတာလေ။ အပိုပစ္စည်း တစ်ခုထဲ ပျောက်ဆုံးသွားရင်တောင် ကားတစ်စီးကို ထုတ်လို့ မရတော့ပါဘူး။ ဒါကြောင့် ကားထုတ်လုပ်သူတွေက အပိုပစ္စည်း ရရှိမှုနဲ့ စီမံခန့်ခွဲမှုကို တအား ဂရုစိုက်ကြတယ်။
ဝူဆောင်း ကုမ္ပဏီက အင်ဂျင်အတွက် အဓိက အစိတ်အပိုင်းတွေကို ထုတ်တဲ့ ပထမတန်းစား အပိုပစ္စည်း ပေးသွင်းသူ ဖြစ်တာကြောင့် ဆန္ဒပြမှုက အွန်ဆောင်း မော်တာ အတွက်လည်း အကြီးအကျယ် စိုးရိမ်စရာ ဖြစ်မှာပဲ။
အွန်ဆောင်း မော်တာ က ဝယ်ယူရေး ဌာနကနေတစ်ဆင့် ဝူဆောင်း ကုမ္ပဏီရဲ့ ဆန္ဒပြမှုကို ဘယ်လို တုံ့ပြန်ရမလဲ၊ ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီနဲ့ ဘယ်လို စာချုပ်ရမလဲ၊ အစားထိုး ဝန်ထမ်းတွေကို ဘယ်လို ချထားရမလဲဆိုတာတွေကို ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှု မထိခိုက်အောင် အသေးစိတ် ညွှန်ကြားခဲ့တာပါ။
အခုဆို အခြေအနေကို ကျွန်တော် ကောင်းကောင်း နားလည်သွားပါပြီ။
အွန်ဆောင်း မော်တာ ရဲ့ နောက်ကွယ်မှာ ပက်ဆီဟျွန်း ရှိနေတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ အစိုးရ ရှေ့နေတွေက ဝူဆောင်း ကုမ္ပဏီ ဘက်ကနေ ဒီလောက်တောင် ရူးရူးမိုက်မိုက် ရပ်တည်ပေးနေကြတာပါ။
အာဏာနဲ့ လုပ်ငန်းစုကြီးတွေက အလုပ်သမား ပြဿနာတွေမှာ ပတ်သက်နေတော့ အခြေအနေတွေက ဒီလောက်အထိ ဆိုးသွားခဲ့တာလား။
ဦးလေး ဆော့ဘန် က ခေါင်းကို အောက်ကို ငိုက်ကျသွားရင်း ပြောတယ်။
"မင်းကို ဒီလို ပြောပြရတာ တကယ် ရှက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ မင်းကလွဲရင် ငါ အားကိုးစရာ မရှိတော့လို့ပါ"
ပိုက်ဆံ အများကြီး ရှိရုံနဲ့ ကမ္ဘာကြီးရဲ့ ပြဿနာ အားလုံးကို မဖြေရှင်းနိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ်နဲ့ နီးစပ်တဲ့ လူတွေရဲ့ အခက်အခဲတွေကိုတော့ ကူညီပေးနိုင်တာပဲလေ။
ကျွန်တော် ဦးလေး ဆော့ဘန် ရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်တယ်။
"စိတ်မပူပါနဲ့ ဦးလေးရာ။ ကျွန်တော် တစ်ခုခု လုပ်ပေးပါ့မယ်"
ဦးလေး ဆော့ဘန် က တစ်ခါ ထပ်ပြီး မျက်ရည်ကျလာရင်း ပြောတယ်။
"ကျေး-ကျေးဇူးတင်ပါတယ်။ ဂျင်ဟူ ရာ။ တကယ် ကျေးဇူးတင်ပါတယ်"
ဦးလေး ဆော့ဘန် ကို အရင် ပြန်လွှတ်လိုက်တယ်။
တက်ဂယူ က မေးတယ်။
"ငါတို့ အခု ဘာလုပ်ကြမလဲ"
"မင်းရဲ့ နည်းလမ်းအတိုင်းပဲ လုပ်ကြရအောင်"
ကျွန်တော် X-Cop ရဲ့ စီအီးအို ဆီကို ဖုန်းဆက်လိုက်တယ်။ တင်ဒါကိစ္စနဲ့ ပတ်သက်ပြီး ဖုန်းခဏ ပြောပြီးနောက်ပိုင်း အခုဖုန်းဆက်တာက ပထမဆုံး အကြိမ်ပါပဲ။
[မင်္ဂလာပါ။ X-Cop စီအီးအို ကင်ဟျိုမြောင် ပါ။ ဘာများ ကူညီပေးရမလဲခင်ဗျာ]
"အသေးစိတ်ကိုတော့ နောက်မှ ရှင်းပြမယ်။ အခုချက်ချင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ယောက်ကို ဒီကို လွှတ်ပေးပါ"
[နားလည်ပါပြီ။ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်]
ခဏကြာတော့ လူတစ်ယောက် စီအီးအို ရုံးခန်းထဲကို ဝင်လာတယ်။ သူက အသက် ၄၀ ဝန်းကျင်လောက် ရှိပြီး အရပ်က ၁၉၀ စင်တီမီတာလောက် ရှိပါတယ်။ ကိုယ်လုံးကိုယ်ထည်ကလည်း ကြွက်သားတွေနဲ့ တောင့်တင်းနေတာပဲ။
သူက ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်တော်က X-Cop ရဲ့ မန်နေဂျာ လီချောဂျင် ပါ"
ကျွန်တော်တို့ နှုတ်ဆက်ကြပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်ကြတယ်။
ကျွန်တော် တိုက်ရိုက်ပဲ မေးလိုက်တယ်။
"ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီ အကြောင်း ကြားဖူးလား"
မန်နေဂျာ လီချောဂျင် က နားမလည်သလိုနဲ့ ခေါင်းညိတ်ပြတယ်။
"ဟုတ်ကဲ့၊ ကြားဖူးပါတယ်"
"အဲဒါ ဘယ်လို ကုမ္ပဏီမျိုးလဲ"
"သူတို့က ဝန်ထမ်းရေးရာနဲ့ အလုပ်သမား စီမံခန့်ခွဲမှု အတိုင်ပင်ခံ လုပ်ငန်းတွေ လုပ်တာပါ"
"နာမည်ကြီးလား"
"ဟုတ်ကဲ့။ ဒီနယ်ပယ်မှာတော့ လူတိုင်း သိကြပါတယ်"
"အပေါ်ယံမှာတော့ အတိုင်ပင်ခံ ကုမ္ပဏီပေါ့။ ဒါပေမဲ့ လက်တွေ့မှာကော ဘယ်လိုလဲ"
သူက ကျွန်တော့် မေးခွန်းကို ချက်ချင်းပဲ ဖြေတယ်။
"သူတို့ကို အလုပ်သမားသမဂ္ဂ ဖြိုခွဲတဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူမိုက် အဖွဲ့လို့ပဲ သတ်မှတ်လို့ရပါတယ်။ သူတို့ ဝန်ထမ်း ထက်ဝက်လောက်က လူမိုက်တွေပါ"
"ကျန်တဲ့ ထက်ဝက်ကရော"
"လူရမ်းကားတွေပါပဲ"
"..."
လူမိုက်နဲ့လူရမ်းကားကြားမှာ ဘာကွာခြားချက် ရှိလို့လဲဟ။
ကျွန်တော် ဆိုဖာပေါ်မှာ မှီထိုင်ရင်း မေးလိုက်တယ်။
"သူတို့က တော်တော် အန္တရာယ်ရှိတဲ့ လူတွေပဲ။ တကယ်လို့ ထိပ်တိုက်တွေ့တာမျိုး ဖြစ်လာရင် X-Cop ဝန်ထမ်းတွေက သူတို့ကို ကိုင်တွယ်နိုင်ပါ့မလား"
မန်နေဂျာ လီချောဂျင် က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ဖြေတယ်။
"ကိုင်တွယ်နိုင်ပါတယ်။ X-Cop မှာ ထိပ်တန်း အေးဂျင့်တွေ ရှိပါတယ်။ အများစုက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ ဒါမှမဟုတ် ပြည်ပက ကြေးစားစစ်သားဟောင်းတွေပါ။ လူမိုက်တွေ ဒါမှမဟုတ် လူရမ်းကားတွေကို ကိုင်တွယ်ရတာက သူတို့အတွက်တော့ အေးဆေးပါပဲ"
သူက သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားသလိုမျိုး နည်းနည်းလေးတောင် စိတ်ဆိုးသွားတဲ့ ပုံပဲ။
ဒါကလည်း မဆန်းပါဘူး။ X-Cop က တောင်ကိုရီးယားမှာ ဒုတိယ အကြီးဆုံး လုံခြုံရေး ကုမ္ပဏီလေ။ အင်အား၊ စက်ကိရိယာနဲ့ ငွေကြေး အင်အားအရဆိုရင် ကန်ထရိုက် လူမိုက် ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်လို့တောင် မရပါဘူး။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"အဲဒီလို ကြားရတာ ဝမ်းသာပါတယ်။ ဒီတစ်ခါတော့ ခင်ဗျားတို့ရဲ့ အရည်အချင်းကို တစ်ချက် ကြည့်ကြရအောင်"