← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း (၃၄၄)

ကျွန်တော်နဲ့ တက်ဂယူဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မစ်ရှီဂန်ကို လေယာဉ်စီးခဲ့ပြီး အုပ်ချုပ်ရေးမှူး ဟူးဘဲလ် ဘတ်တလာနဲ့ တွေ့ဆုံခဲ့တယ်။

အုပ်ချုပ်ရေးမှူး ဘတ်တလာက ဒီမိုကရက်တစ်ပါတီဝင်တစ်ဦး ဖြစ်ပေမဲ့ သမ္မတရွေးကောက်ပွဲတုန်းက ရိုနယ်ကို ထောက်ခံခဲ့သူပါ။ အဲ့လိုထောက်ခံခဲ့တာက ရိုနယ်က ဒီနေရာမှာ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ ကတိပြုခဲ့လို့ပါပဲ။

အဲဒီအချိန်တုန်းက ဒီမိုကရက်တစ်ပါတီအတွင်းမှာ သစ္စာဖောက်အဖြစ် လက်ညှိုးထိုးခံခဲ့ရပေမဲ့ သူရွေးချယ်မှုက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ သူ့ရဲ့ ထောက်ခံမှုနှုန်းက ၇၀ ရာခိုင်နှုန်းကျော်ရှိနေပြီလေ။

ကျွန်တော်တို့ ထိုင်ပြီး သက်သောင့်သက်သာ စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။

လတ်တလောမှာ ဒီထရိုက်က မကြုံစဖူး ထူးကဲတဲ့ စီးပွားရေး ဦးမော့မှုကို ကြုံတွေ့နေရပါတယ်။ OTK Games အပါအဝင် ဂိမ်းလုပ်ငန်းတွေကို ဒီနေရာကို ဆွဲဆောင်နိုင်ခဲ့တာက သူ့အတွက် နောက်ထပ် အောင်မြင်မှုတစ်ခုပါပဲ။ FaceIt ကလည်း VR နည်းပညာနဲ့ ကားဖျော်ဖြေရေးစနစ်တွေကို လေ့လာဖို့ သုတေသနစင်တာတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒီအချက်ကို ကြည့်ရင် ပြန်လည်ရွေးကောက်ခံရဖို့က သေချာသလောက် ရှိနေပါပြီ။ နောက်ပိုင်း တခြားရာထူးတွေအတွက် အရွေးခံတဲ့အခါမှာလည်း ဒီအချက်က အများကြီး အထောက်အကူဖြစ်မှာပါ။

ဒါကြောင့်မလို့ ထင်ပါတယ်။ အုပ်ချုပ်ရေးမှူး ဘတ်တလာက ကျွန်တော်တို့ကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့တယ်။

"ကြိုဆိုပါတယ်"

ငွေကြေးရင်းနှီးမြှုပ်နှံပြီး အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ စီးပွားရေးသမားတွေဟာ ဘယ်နေရာကိုပဲသွားသွား အမြဲတမ်း ကြိုဆိုခြင်း ခံရတာပါပဲ။

ကျွန်တော်တို့ ပြည်နယ်အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်။ ညှိနှိုင်းမှုရဲ့ အဓိက မူဘောင်ကို ကျွန်တော်တို့ မတွေ့ဆုံခင်ကတည်းက သဘောတူညီမှု ရရှိထားပြီးသားဖြစ်လို့ ဒီတွေ့ဆုံမှုက အတည်ပြုဖို့အတွက်ပဲ ဖြစ်တာပါ။ အုပ်ချုပ်ရေးမှူး ဘတ်တလာက မျှော်လင့်စောင့်စားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေနဲ့ အခွန်ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ ပံ့ပိုးကူညီပေးမယ်လို့ ကတိပြုခဲ့တယ်။

နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့တွေ CarOS ရဲ့ ရုံးချုပ်ကို သွားရောက်ခဲ့ကြတယ်။

ဒါရီလ်က ထုံးစံအတိုင်း လုံးဝကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံပေါက်နေပါတယ်။ ကျွန်တော်တို့ကို မြင်မြင်ချင်းပဲ သူက ရွှတ်နောက်နောက်နဲ့ ညည်းညူပြီး ပြောလိုက်တယ်။

"ကားတွေ အရမ်းရောင်းကောင်းနေတာလည်း ပြဿနာပဲဗျာ"

ထုတ်လုပ်မှု အရှိန်အဟုန်ပြည့် စတင်လာတာနဲ့အမျှ အမေရိကန်မှာ အရောင်းသွက်နေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူတို့ စိုးရိမ်ခဲ့ရတဲ့ ထုတ်လုပ်မှု ငရဲခန်းကနေ လွတ်မြောက်ခဲ့ပါပြီ။

တကယ်လို့ လူ ၁၀ ယောက်စာအတွက် ကုန်ကြမ်းတွေဝယ်ပြီး အစားအစာရောင်းရင် ၅ ယောက်စာ ရောင်းပြီးတာနဲ့ အရင်းကျေပါပြီ။ ၆ ယောက်မြောက် ရောင်းရတာက အမြတ်ဖြစ်လာပြီး ၇ ယောက်မြောက်က အဲဒီအမြတ်ကို နှစ်ဆဖြစ်စေမှာပါ။

၆ ယောက်စာ ရောင်းရတာနဲ့ ၁၀ ယောက်စာ ရောင်းရတာကို နှိုင်းယှဉ်ကြည့်ရင် အရောင်းပမာဏ ကွာခြားချက်က နှစ်ဆအောက် နည်းနေပေမဲ့ အမြတ်အစွန်း ကွာခြားချက်က ငါးဆလောက် ရှိပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် လုပ်ငန်းတူတစ်ခုထဲမှာ ရောင်းရငွေ နှစ်ဆလောက် ကွာဟတဲ့ ကုမ္ပဏီနှစ်ခု ရှိနေရင် တကယ့်အသားတင်အမြတ် ကွာခြားချက်က အဆမတန် ပိုများသွားတာပါပဲ။

စက်ရုံက မနားတမ်း လည်ပတ်နေတာကြောင့် CarOS ရဲ့ အမြတ်အစွန်းတွေက တကယ့်ကို ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့တယ်။ အမြတ်အစွန်းကို သုံးပြီး လုပ်ငန်းအသစ်တွေနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာကြောင့် နောက်မှ လိုက်လာတဲ့သူတွေနဲ့ ကွာဟချက်ကို ဆက်တိုက် ကွာဟအောင် လုပ်နိုင်ခဲ့တယ်။

CarOS က အခုဆိုရင် အလိုအလျောက်မောင်းနှင်တဲ့စနစ်နဲ့ လျှပ်စစ်ကားတွေမှာ စံနှုန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အမေရိကန်အစိုးရ သာမက တခြားနိုင်ငံအသီးသီးက အစိုးရတွေကလည်း သက်ဆိုင်ရာ ပါမစ်တွေ ထုတ်ပေးတဲ့အခါ CarOS ရဲ့ ကားတွေကို စံပြအဖြစ် အသုံးပြုကြတယ်။

အရှိန်ရနေတုန်းမှာပဲ သူတို့က နိုင်ငံတကာ စံချိန်စံညွှန်း အဖွဲ့အစည်း (ISO) နဲ့ ပူးပေါင်းပြီး အလိုအလျောက်မောင်း ကားတွေနဲ့ လျှပ်စစ်ကားတွေအတွက် နိုင်ငံတကာ စံနှုန်းတွေ ဖန်တီးဖို့ စီစဉ်ခဲ့တယ်။ ISO ဆိုတာ နာမည်အတိုင်းပဲ နိုင်ငံတကာ စံနှုန်းတွေကို ဖန်တီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီနေရာမှာ စံနှုန်းတွေ သတ်မှတ်ပြီးသွားရင် ကုမ္ပဏီအများစုက အဲဒါကိုပဲ လိုက်နာကြတာပါ။

"အခုလောလောဆယ် လျှပ်စစ်ကားဈေးကွက်က OTK ဘတ္ထရီ ကို သုံးပြီး အလိုအလျောက်မောင်းနှင်တဲ့စနစ် ပါဝင်တဲ့ အဆင့်မြင့်မော်ဒယ်တွေနဲ့ NCM ဘတ္ထရီကို သုံးတဲ့ အလတ်စားနဲ့ အခြေခံမော်ဒယ်တွေဆိုပြီး ကွဲပြားနေတယ်"

OTK ဘတ္ထရီ ပေါ်ထွက်လာမှုနဲ့ TS Company ရဲ့ လည်ပတ်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘတ္ထရီ ထုတ်လုပ်မှု ပမာဏက သိသိသာသာ တိုးတက်လာခဲ့တယ်။ တစ်ချိန်က ဘတ္ထရီကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့တဲ့ ကိုဘော့ရဲ့ ဈေးနှုန်းက ထိုးကျသွားပြီး NCM ဘတ္ထရီတွေရဲ့ ဈေးနှုန်းလည်း သိသိသာသာ ကျဆင်းသွားခဲ့တယ်။

ဈေးနှုန်းကျဆင်းမှုက ဝယ်လိုအားကို မြင့်တက်စေခဲ့တယ်။

နည်းပညာပိုင်းအရ CarOS ကို မပြိုင်နိုင်ဘူးလို့ ခံစားရတဲ့ ကုမ္ပဏီတွေက ဈေးနှုန်းထိုးကျသွားတဲ့ NCM ဘတ္ထရီတွေကို အသုံးပြုပြီး တန်ဖိုးနည်း လျှပ်စစ်ကားတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတယ်။

ဒါပေမဲ့ လျှပ်စစ်ကား အသုံးပြုမှု လျင်မြန်စွာ ကျယ်ပြန့်လာတာက ပြင်းထန်တဲ့ ပြဿနာတစ်ခုကို သယ်ဆောင်လာခဲ့တယ်။

ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။

ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ အလိုအလျောက်မောင်း လျှပ်စစ်ကားတွေဖြစ်တဲ့ AD3 နဲ့ AD4 ကို ထုတ်လုပ်လိုက်တဲ့အချိန်တုန်းက ပြဿနာအားလုံး ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာပါ။

"တကယ်တော့ အခုမှ အစပဲ ရှိသေးတာပါ"

ကျွန်တော့်စကားကြောင့် ဒါရီလ်က ခါးသက်သက် ပြုံးလိုက်တယ်။

"ဖြစ်နိုင်တာကတော့ ဒီပြဿနာကို ဖြေရှင်းပြီးရင် နောက်ထပ် ပြဿနာတစ်ခု ထပ်စဦးမှာပဲ"

လုပ်စရာတွေ အများကြီးရှိနေတယ်ဆိုတာ ကြီးထွားဖို့ အခွင့်အလမ်း ပိုရှိနေတာပါ။ အကောင်းမြင်စိတ်နဲ့ပဲ စဉ်းစားရမှာပေါ့။ ဟုတ်တယ်မလား။

တက်ဂယူနဲ့ ကျွန်တော်ဟာ AD4 ကားတစ်စီးနဲ့ OTK Research Lab ကို ဦးတည်ခဲ့တယ်။

စတီယာရင်ဘီးကို မကိုင်ထားဘဲနဲ့တောင် ကားက လမ်းကြောအတိုင်း ချောချောမွေ့မွေ့နဲ့ အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တာပါ။ မီးပွိုင့်တစ်ခုမှာ ရပ်လိုက်တဲ့အခါ ဘေးက ကားမောင်းသမားတွေက စူးစမ်းလိုစိတ်နဲ့ စိုက်ကြည့်နေကြတယ်။

AD3 နဲ့ AD4 အစီးရေ ၃၀၀ ပဲ ကိုရီးယားကို ရောက်ရှိသေးတာပါ။ ကိုရီးယားမှာ တရားဝင် မရောင်းချရသေးတာကြောင့် အဖိုးတန်မှုက ဖာရာရီကားတစ်စီးထက်တောင် သာလွန်နေပါတယ်။

ရောင်းဖို့မဟုတ်ပေမဲ့ ကားမျှဝေငှားရမ်းတဲ့ ဝန်ဆောင်မှုတွေက တစ်ဆင့် ငှားရမ်းလို့တော့ ရပါတယ်။ ဒါပေမဲ့ လျှောက်ထားသူ အရမ်းများလွန်းလို့ အခု လျှောက်ထားရင်တောင် နှစ်လ သုံးလလောက် စောင့်ရမှာပါ။

ပါမောက္ခ ကင်ဟိုမင်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

"ဒီအထိ လာရတာ ပင်ပန်းသွားပြီ"

"မပင်ပန်းပါဘူးဗျာ။ လမ်းမှာ အေးအေးဆေးဆေး အနားယူလာတာပါ"

ကျွန်တော်တို့ ထိုင်လိုက်တဲ့အခါ ပါမောက္ခ ကင်ဟိုမင်က ကော်ဖီမစ်ထုပ်တွေထဲကို ရေနွေးလောင်းထည့်ပြီး ကျွန်တော်တို့ကို တည်ခင်းဧည့်ခံခဲ့တယ်။

တက်ဂယူက ပုံမှန်ဆို ကော်ဖီမသောက်တတ်ပေမဲ့ တစ်ခါတရံမှာ ကော်ဖီမစ်တော့ သောက်တတ်ပါတယ်။ သူက တစ်ငုံသောက်လိုက်ပြီး အံ့ဩစွာနဲ့ ရေရွတ်လိုက်တယ်။

"ဝိုး… ကော်ဖီနဲ့ မဂ္ဂဇင်းတွေအတွက်တော့ မက်ဆင်က အကောင်းဆုံးပဲဟေ့"

[Maxim ဆိုတာက ကိုရီးယားမှာနာမည်ကြီး ကော်ဖီတံဆိပ်နဲ့ အမျိုးသား မဂ္ဂဇင်းနာမည်ပါ]

“……”

သူက ကြော်ငြာတောင် ရိုက်လို့ရတာပဲ။

OTK Research Lab မှာ သုတေသီပေါင်း ၂၀၀ ကျော်က တက်တက်ကြွကြွနဲ့ သုတေသန ပြုလုပ်နေကြတာပါ။ ဒီသုတေသီတွေထဲက ထက်ဝက်က နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

ပါမောက္ခ ကင်ဟိုမင်က လက်ရှိ ဘတ္ထရီလုပ်ငန်းနယ်ပယ်မှာ အရှိန်အဝါ အကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက သုတေသီအများအပြားက သူနဲ့အတူ အလုပ်လုပ်ချင်ကြတာပါ။ ပြီးတော့ ဓာတ်ခွဲခန်းက OTK ဘတ္ထရီ ရဲ့ မူပိုင်ခွင့် အကျိုးအမြတ်တွေနဲ့ လည်ပတ်နေတာကြောင့် အကျိုးခံစားခွင့်တွေကလည်း ထိပ်တန်းအဆင့်ပါပဲ။

နိုဘယ်ဆု ရရှိပြီးတဲ့နောက်မှာတောင် ပါမောက္ခ ကင်ဟိုမင်က အလွန်အမင်း အလုပ်ရှုပ်နေခဲ့တယ်။ သူက ကြိုးမဲ့ ကားအားသွင်းစနစ်နဲ့ ပတ်သက်တဲ့ နည်းပညာကို တီထွင်ခဲ့ပြီး ဆိုဆောင်း အီလက်ထရောနစ်နဲ့အတူ စီးပွားဖြစ် ထုတ်လုပ်မှုကို စတင်ခဲ့တယ်။

ပြီးတော့ အခု သူက နောက်ထပ် ဘတ္ထရီအမျိုးအစားတစ်ခုကို တီထွင်နေပြန်ပါတယ်။

"ဘတ္ထရီစင်တာလို့ ပြောရင် ပိုမှန်မလား။ လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်တွေကနေ ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကို သိုလှောင်နိုင်တဲ့ ဘတ္ထရီတွေကို ငါ တီထွင်နေတာပါ"

ပါမောက္ခ ကင်ဟိုမင်က ကော်ဖီကို သောက်ရင်း ရှင်းပြခဲ့တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာကြီးက စီးပွားရေး ကြီးထွားမှုအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို သည်းခံခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေက အနည်းငယ် ပြောင်းလဲသွားပါပြီ။

ဘာလို့လဲဆိုတော့ နောက်ထပ် စီးပွားရေး ကြီးထွားဖို့ ခက်ခဲတဲ့အထိ သဘာဝပတ်ဝန်းကျင်က ပျက်စီးသွားခဲ့လို့ပါ။

စက်ရုံတွေက မီးခိုးတွေ ထုတ်လွှတ်တယ်။ စီးပွားရေး ကြီးထွားဖို့အတွက် တချို့သော အဆင်မပြေမှုတွေကို သည်းခံရမှာ ဆိုပေမဲ့ အဲဒီမီးခိုးတွေက လူတွေ အသက်တောင် မရှူနိုင်တဲ့ အဆင့်အထိ ရောက်လာရင်တော့ စက်ရုံတွေ လည်ပတ်မှုကို ရပ်တန့်ရမှာပါ။ ဒါမှမဟုတ် မီးခိုးမထွက်တဲ့ သို့မဟုတ် မီးခိုးထွက်နည်းတဲ့ စက်ရုံတွေကို တည်ဆောက်ရမှာပါ။

သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံရဲ့ ကြိုးပမ်းမှုနဲ့တင် မဖြေရှင်းနိုင်ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဒီပြဿနာကို ပြင်းပြင်းထန်ထန် သတိပြုမိကြပြီး ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာ သဘောတူစာချုပ်တွေကို ချုပ်ဆိုခဲ့ကြတယ်။

ဥပမာအနေနဲ့ပြရရင် Kyoto Protocol နဲ့ Paris Climate Agreementတို့ပါပဲ။

နားထောင်နေတဲ့ တက်ဂယူက ပြောလိုက်တယ်။

"သမ္မတ ရိုနယ်က Paris Climate Agreement ကနေ နှုတ်ထွက်ခဲ့တာ မဟုတ်ဘူးလား"

ပါမောက္ခ ကင်ဟိုမင်က ခေါင်းညိတ်ပြတယ်။

"ကံမကောင်းစွာနဲ့ပဲ သမ္မတ ရိုနယ်က သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို စိတ်ဝင်စားပုံမရဘူး။ သူက ကမ္ဘာကြီးပူနွေးလာမှုကို ပူးပေါင်းကြံစည်သူတွေရဲ့ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်လို့တောင် လူသိရှင်ကြား ပြောဆိုခဲ့သေးတယ်"

တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့မတူဘဲ အမေရိကန်ဟာ သမိုင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို ဖြေရှင်းဖို့ တက်တက်ကြွကြွ မရှိခဲ့တာပါ။ ဒါကြောင့်လည်း သူတို့ Kyoto Protocolကနေ နှုတ်ထွက်ခဲ့ကြတာပဲလေ။

ဘာပဲဖြစ်ဖြစ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးက အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ဖြစ်နေပြီလေ။ ဒါကြောင့် နိုင်ငံအသီးသီးက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနည်းတဲ့ စွမ်းအင်အရင်းအမြစ်တွေရဲ့ အချိုးအစားကို တိုးမြှင့်ဖို့ အာရုံစိုက်လာကြတယ်။

ဂျာမနီက ဒီကြိုးပမ်းမှုကို အတက်ကြွဆုံး ဦးဆောင်နေတဲ့ နိုင်ငံပါပဲ။

၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား မတော်တဆမှုဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေရဲ့ အန္တရာယ်ကို ကမ္ဘာကြီးကို နောက်တစ်ကြိမ် သတိပေးခဲ့တယ်။

ရလဒ်အနေနဲ့ တိုက်ရိုက်ထိခိုက်ခံရတဲ့ နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ တခြားနိုင်ငံအတော်များများက နျူကလီးယား အဆင့်ဆင့် ရပ်ဆိုင်းရေးကို ကြေညာခဲ့ကြပြီး နိုင်ငံအများစုက နျူကလီးယားအပေါ် မှီခိုမှုကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဂျာမနီက နျူကလီးယား စွမ်းအင်ကို အဆင့်ဆင့် ရပ်ဆိုင်းခဲ့ပြီး နေရောင်ခြည်နဲ့ လေစွမ်းအင်လို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေရဲ့ ဝေစုကို သိသိသာသာ တိုးမြှင့်ခဲ့တယ်။

"လျှပ်စစ်မီးမှာ အရေးကြီးဆုံးက စိတ်ချရမှုပဲ။ ဒါပေမဲ့ နေရောင်ခြည် ဒါမှမဟုတ် လေစွမ်းအင်နဲ့ကျတော့ နောက်ထပ် ငါးမိနစ်အတွင်းမှာ ထွက်လာမယ့် လျှပ်စစ်ထုတ်လုပ်မှု ပမာဏကိုတောင် ခန့်မှန်းလို့မရဘူး"

တခါတရံမှာ အလွန်အကျွံ ထုတ်လုပ်ပြီး တခါတရံမှာ လိုအပ်ချက်ထက် နည်းနေတတ်တာမျိုးပါ။ တကယ်လို့ ပိုလျှံနေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ထိန်းထားရင် ဓာတ်အားလိုင်း စနစ်တစ်ခုလုံး ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဒေသတွေကို ချက်ချင်း ပို့ပေးရမှာပါ။

ဒါကို အောင်မြင်ဖို့အတွက် ဂျာမနီက အိမ်နီးချင်းနိုင်ငံတွေနဲ့ လျှပ်စစ်ဓာတ်အား ဖလှယ်တဲ့ စနစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ ရာသီဥတု ကောင်းမွန်ပြီး ဓာတ်အားထုတ်လုပ်မှု တိုးတက်လာတဲ့အခါ တခြားနိုင်ငံတွေကို ပို့ပေးတယ်၊ မလုံလောက်တဲ့အခါ တခြားနိုင်ငံတွေဆီကနေ လျှပ်စစ်မီးကို ဆွဲယူတယ်။

ပြဿနာက သူတို့က ဈေးပေါပေါနဲ့ ရောင်းရပြီး ပြန်ဝယ်တဲ့အခါကျတော့ ဈေးအပြည့်ပေးပြီး ဝယ်ရတာပါပဲ။ ဘာလို့လဲဆိုတော့ ရောင်းတာပဲဖြစ်ဖြစ်၊ ဝယ်တာပဲဖြစ်ဖြစ် ဂျာမနီက လိုအပ်နေတဲ့သူ ဖြစ်နေလို့ပါ။

ဂျာမနီအစိုးရက ဒီပြဿနာကို သတိပြုမိပြီး ထုတ်လုပ်ထားတဲ့ စွမ်းအင်တွေကို ဘတ္ထရီတွေထဲမှာ သိုလှောင်နိုင်မယ့် နည်းလမ်းတွေကို သုတေသန ပြုလုပ်နေပါတယ်။

"ကားတွေ ဒါမှမဟုတ် အီလက်ထရောနစ် ပစ္စည်းတွေမှာ သုံးတဲ့ ဘတ္ထရီတွေအတွက်တော့ အလေးချိန်နဲ့ ထုထည်က အရေးကြီးတယ်။ ဒါပေမဲ့ စွမ်းအင်သိုလှောင်မှုအတွက်ကျတော့ အဲဒါတွေကို အများကြီး စိုးရိမ်စရာမလိုတဲ့အတွက် ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်တယ်။ ပြဿနာရှိတဲ့ အပိုင်းကတော့ အကြိမ်ကြိမ် အားသွင်းတာနဲ့ အားပြန်ထုတ်တာတွေ လုပ်တဲ့အခါ အမြင့်ဆုံး အားဝင်နိုင်စွမ်း ပမာဏက လျော့ကျသွားတာပဲ။ ဒါကြောင့် အဲဒီပြဿနာကို ဖြစ်နိုင်သမျှ အချိန်ဆွဲနိုင်မယ့် နည်းလမ်းတွေကို ငါ သုတေသန ပြုလုပ်နေတယ်"

အိုင်ဒီယာကတော့ လေအားလျှပ်စစ် တာဘိုင်တွေ သို့မဟုတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ အနီးမှာ ဘတ္ထရီစင်တာတွေ တည်ဆောက်ထားဖို့ပါပဲ။ လျှပ်စစ်ဓာတ်အားတွေ ရုတ်တရက် အလွန်အကျွံ ထွက်လာတဲ့အခါ အလိုအလျောက် အားသွင်းပေးမှာဖြစ်ပြီး ထုတ်လုပ်မှု ကျဆင်းသွားတဲ့အခါ သိုလှောင်ထားတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြန်ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဒါက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုပြီး ထိရောက်စွာ အသုံးပြုနိုင်ဖို့ လမ်းခင်းပေးမှာပါပဲ။

"အဲဒါ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ"

ကျွန်တော် အံ့ဩမှုကို ဖော်ပြလိုက်တဲ့အခါ ပါမောက္ခ ကင်ဟိုမင်က ခါးသက်သက် ပြုံးလိုက်တယ်။

"ဒါတောင်မှ ဒါက ယာယီဖြေရှင်းနည်းတစ်ခုပဲ ရှိသေးတယ်။ ဒါက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုပြီး ထိရောက်အောင်ပဲ ကူညီပေးနိုင်တာ၊ ဓာတ်အားထုတ်လုပ်နိုင်စွမ်း ပမာဏ ကိုယ်တိုင်ကို တိုးတက်အောင် လုပ်ပေးနိုင်တာ မဟုတ်ဘူး"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"တကယ်တော့ ဒါရီလ်ကလည်း အဲဒီအချက်ကို စိုးရိမ်နေတာပါ"

လျှပ်စစ်ဓာတ်အား သုံးစွဲမှုက တစ်နှစ်ထက်တစ်နှစ် အဆမတန် မြင့်တက်နေတာပါ။ အဲ့လိုမြင့်တက်မှုကို ဖြစ်စေတဲ့ အချက်တွေ အများကြီးရှိပါတယ်။

ပထမဆုံးအနေနဲ့ နည်းပညာ တိုးတက်မှုတွေကြောင့် ကျွန်တော်တို့ သုံးစွဲနေတဲ့ အီလက်ထရောနစ် ပစ္စည်းအရေအတွက်က ဆက်တိုက် တိုးပွားနေတာပါ။ ရှိရင်းစွဲ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအပြင် လေထုသန့်စင်စက်တွေ၊ အဝတ်အထည် ထိန်းသိမ်းမှု စနစ်တွေ၊ အခြောက်ခံစက်တွေနဲ့ AI စပီကာတွေလိုမျိုး အသစ်တွေ ပေါ်ထွက်လာနေတာလေ။ ဒါတွေအားလုံးက လျှပ်စစ်မီးနဲ့ လည်ပတ်ကြတာပါ။

ရာသီဥတု ပြောင်းလဲမှုကလည်း ပြဿနာတစ်ခုပါပဲ။ ကမ္ဘာလုံးဆိုင်ရာ အနေနဲ့ နွေရာသီတွေက ပိုပူလာပြီး ဆောင်းရာသီတွေက ပိုအေးလာတယ်။ ဒီအတွက်ကြောင့် အအေးပေးစနစ်နဲ့ အပူပေးစနစ်တွေအတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုက နှစ်စဉ် စံချိန်တင် မြင့်တက်နေခဲ့တယ်။ ဒေတာစင်တာတွေနဲ့ ဆာဗာတွေလိုမျိုး စီးပွားရေးလုပ်ငန်းတွေက သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အား ပမာဏကလည်း အဆက်မပြတ် တိုးတက်နေပါတယ်။

ဒီပြဿနာတွေ အားလုံးထက် ပိုပြီးကြီးမားတာက လျှပ်စစ်ကားတွေပါပဲ။

အင်ဂျင်လည်ပတ်ဖို့အတွက် ဓာတ်ဆီနဲ့ ဒီဇယ်တွေကို လောင်ကျွမ်းစေတဲ့ သမားရိုးကျ လောင်စာအင်ဂျင်သုံး ကားတွေနဲ့မတူဘဲ လျှပ်စစ်ကားတွေက မော်တာကို လည်ပတ်ဖို့ လျှပ်စစ်မီးကို သုံးတာပါ။

လျှပ်စစ်ကားတွေက လောင်စာအင်ဂျင်သုံး ကားတွေထက် စွမ်းအင်ထိရောက်မှု သိသိသာသာ ပိုကောင်းပါတယ်။ ဒါကြောင့် ခြုံငုံကြည့်ရင် စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးတဲ့ အကျိုးသက်ရောက်မှု ရှိပေမဲ့ တစ်ဖက်မှာတော့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ပေါက်ကွဲမတတ် မြင့်တက်စေပါတယ်။

ဒီပြဿနာတွေကြောင့် တစ်ချိန်တုန်းက ဟိုက်ဒရိုဂျင်ကားတွေက အနာဂတ် ကားဈေးကွက်ကို စိုးမိုးလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ရှိခဲ့ဖူးတာပါ။ ဒါပေမဲ့ OTK ဘတ္ထရီ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လျှပ်စစ်ကားတွေက ဟိုက်ဒရိုဂျင်ကားတွေကို လုံးဝ မောင်းထုတ်လိုက်နိုင်ပါပြီ။

ကျွမ်းကျင်သူ အများစုက လျှပ်စစ်ကားတွေဟာ အမြန်ဆုံး သုံးနှစ်လောက်အတွင်းမှာ လောင်စာအင်ဂျင်သုံး ကားတွေကို သေချာ အစားထိုးလာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး နိုင်ငံအသီးသီးကလည်း အဲဒီအတိုင်း ပြင်ဆင်နေခဲ့ကြတယ်။

ဒါပေမဲ့ CarOS က အလိုအလျောက်မောင်း လျှပ်စစ်ကားတွေကို ထုတ်လုပ်လိုက်တာနဲ့အမျှ အဲဒီအချိန်ဇယားက မျှော်လင့်ထားတာထက် အများကြီး ပိုမြန်ဆန်သွားခဲ့တယ်။

ဒီနှစ်ဟာ လျှပ်စစ်ကားတွေအတွက် တကယ့်ကို သုညနှစ် (စတင်တဲ့နှစ်) ပါပဲ။

ဒီနှစ်တစ်ခုထဲမှာတင် ရောင်းချရတဲ့ ကားအသစ် ၁၀ စီးမှာ ၁ စီးက လျှပ်စစ်ကား ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ နောက်နှစ်မှာ ဒီအချိုးအစားက ၃၀ ရာခိုင်နှုန်းအထက်ကို မြင့်တက်သွားဖို့ ရှိတာပါ။

တစ်နည်းအားဖြင့် ပြောရရင် နှစ်စဉ် လျှပ်စစ်ကား အစီးရေ ၁၀ သန်းကျော် လမ်းပေါ်ကို လျှံကျလာမှာလေ။ ဒါပေမဲ့ လျှပ်စစ်ကားတွေရဲ့ အဆမတန် တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင် ဓာတ်အားပေးစက်ရုံတွေနဲ့ ဓာတ်အားလိုင်းတွေ တိုးချဲ့မှုက နှေးကွေးနေခဲ့တယ်။

ဓာတ်အားထုတ်လုပ်မှု တိုးတက်မှုနှုန်းက လျှပ်စစ်ကား ကြီးထွားမှုအရှိန်ကို မမီမှာ စိုးရိမ်တာကြောင့် တချို့နိုင်ငံတွေက ထောက်ပံ့ကြေးတွေ သို့မဟုတ် အကျိုးခံစားခွင့်တွေကို ဖြတ်တောက်ပြီး လျှပ်စစ်ကား ထောက်ပံ့မှုကို လျှော့ချဖို့ လှုပ်ရှားမှုတွေ ပြသလာကြတယ်။

ဒါပေမဲ့ လျှပ်စစ်ကားဈေးနှုန်းတွေက ထောက်ပံ့ကြေးတွေ လျှော့ချတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ကျဆင်းနေပါတယ်။ တကယ်လို့ လျှပ်စစ်မီးပြဿနာကို မဖြေရှင်းနိုင်ရင် လျှပ်စစ်ကား အရောင်းအဝယ်တွေကို ကန့်သတ်ရမယ့် အခြေအနေမျိုးတောင် ကြုံလာရနိုင်တယ်။

"ကိုရီးယားကော အဆင်ပြေရဲ့လား"

တက်ဂယူရဲ့ အမေးကို ပါမောက္ခ ကင်ဟိုမင်က ခေါင်းခါပြလိုက်တယ်။

"တကယ်တော့ အဆင်မပြေဘူး။ ဒီနှစ် ဒုတိယနှစ်ဝက်ကစပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှုက အစိုးရရဲ့ ခန့်မှန်းချက်ထက် သိသိသာသာ ကျော်လွန်သွားလိမ့်မယ်။ ဓာတ်အားထုတ်လုပ်မှုက အမြင့်ဆုံး ဝန်အား နဲ့ ကိုက်ညီဖို့လိုတယ်။ ဥပမာအနေနဲ့ပြောရရင် မင်းက ပုံမှန်ဆို ၅၀ သုံးပေမဲ့ ခဏတာအတွင်းမှာတောင် ၁၀၀ သုံးတယ်ဆိုရင် အနည်းဆုံး ၁၁၀ ထုတ်လုပ်နိုင်တဲ့ အဆောက်အဦးတွေ ရှိဖို့လိုတာမျိုးပေါ့။ ဒီနှစ်ကို ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်ကျော်နိုင်ခဲ့ရင်တောင် နောက်နှစ်က ပြဿနာပဲ"

ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်တို့ရဲ့ နောက်ကို လိုက်ပြီး ကိုရီးယားကလည်း နျူကလီးယားသုံးဆွဲမှု အဆင့်ဆင့် ရပ်ဆိုင်းရေးကို ကြေညာခဲ့တယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်မယ့် အစီအစဉ်တွေကို ရပ်တန့်ခဲ့ပြီး သက်တမ်းရင့် စက်ရုံတွေရဲ့ သက်တမ်းတိုးမြှင့်မှုကိုလည်း ပိတ်ပင်ခဲ့တယ်။ အဲဒီအစား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ အချိုးအစားကို သိသိသာသာ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အစိုးရက လျှပ်စစ်ဓာတ်အား ဝယ်လိုအား တိုးတက်မှု အလားအလာအပေါ် အခြေခံပြီး သက်တမ်းရင့် စက်ရုံတွေကို ရပ်တန့်တာနဲ့ အသစ်တွေ မတည်ဆောက်တာက ဓာတ်အားအရန်ပမာဏအတွက် ပြဿနာမရှိနိုင်ဘူးလို့ ကြေညာခဲ့ပေမဲ့ အဲ့ဒီကြေညာမှုက လျှပ်စစ်ကား အသုံးပြုမှု ကျယ်ပြန့်လာမယ့် ကိန်းဂဏန်းကို လျစ်လျူရှုမိခဲ့တာပါ။

တက်ဂယူက မျက်တောင်ခတ်ရင်း ပြောလိုက်တယ်။

"ဘာလဲ။ ဒါဆို ဒါက ခင်ဗျားတို့ အပြစ် မဟုတ်ဘူးလား"

“……အတိအကျ ပြောရရင် ဒါက ငါတို့ အပြစ် မဟုတ်ဘူးလားလို့ မေးရမှာကွ”

ကျွန်တော်တို့သာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် လျှပ်စစ်ကားတွေက ဒီလောက် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီပြဿနာကလည်း နည်းနည်းလောက် ပိုပြီး အချိန်ဆွဲသွားနိုင်တာပေါ့။

တကယ်လို့ လျှပ်စစ်ဓာတ်အား ဝယ်လိုအားက ဆက်တိုက် တိုးနေမယ်ဆိုရင် နျူကလီးယား စွမ်းအင်ကို အဆင့်ဆင့် ရပ်ဆိုင်းလိုက်တာက အဆင်ပြေပါ့မလား။

နျူကလီးယား စွမ်းအင်က အခြေခံဝန်အား ဓာတ်အားထုတ်လုပ်မှုကို ကိုင်တွယ်ပေးတယ်။ အခြေခံဝန်အား ဆိုတာ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုရဲ့ အုတ်မြစ်ကို ပံ့ပိုးပေးဖို့အတွက် ၂၄ နာရီပတ်လုံး လည်ပတ်နေတာကို ဆိုလိုတာပါ။

ဒီအပိုင်းကို ထုတ်လုပ်မှုစရိတ် သက်သာတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေက ဖြည့်ဆည်းပေးတာပါ။ ပြီးတော့ လျှပ်စစ်သုံးစွဲအား မြင့်တက်လာတဲ့အခါ LNG ဓာတ်အားပေးစက်ရုံတွေနဲ့ တခြားစက်ရုံတွေကို စွမ်းဆောင်ရည်အပြည့်နဲ့ လည်ပတ်စေတာပါ။

"အဲဒီလို လုပ်ပြီးတာတောင် လျှပ်စစ်ဓာတ်အား ဝယ်လိုအားကို မဖြည့်ဆည်းနိုင်ရင် ဘာဖြစ်မလဲ"

"ဒါဆိုရင်တော့ blackout ဖြစ်မှာပေါ့... အကြီးအကျယ် လျှပ်စစ်မီး ပြတ်တောက်တာမျိုးပေါ့"

လျှပ်စစ်မီးက ခေတ်သစ်လူသားမျိုးနွယ်ရဲ့ အုတ်မြစ်ပါပဲ။ လျှပ်စစ်မီးမရှိဘဲ ဘယ်လူ့အဖွဲ့အစည်းမှ မတည်တံ့နိုင်ပါဘူး။

အနာဂတ်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက အဆမတန် တိုးတက်လာမှာဖြစ်ပြီး ဓာတ်အားထုတ်လုပ်နိုင်စွမ်း ပမာဏကိုလည်း မြှင့်တင်ရပါမယ်။ ဒါကို ဘယ်လိုမြှင့်တင်မလဲ ဆိုတာကတော့ လူတွေကြားထဲမှာ သေချာပေါက် ငြင်းခုံစရာ အချက်တစ်ခု ဖြစ်လာမှာပါ။

တက်ဂယူက ပြောတယ်။

"ရုပ်ရှင်တွေ ဒါမှမဟုတ် ဝတ္ထုတွေထဲမှာဆိုရင်တော့ nuclear fusion လိုမျိုး အံ့ဩစရာကောင်းတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ပေါ်လာပြီး ပြဿနာအားလုံးကို တစ်ခါတည်း ရှင်းပစ်လိုက်တာမျိုး ရှိတယ်"

ပါမောက္ခ ကင်ဟိုမင်က တိုးတိုးလေး ရယ်လိုက်တယ်။

"တစ်နေ့နေ့မှာ အဲဒါ တကယ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ နည်းပညာအသစ် ဆိုတာ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်လာတာမဟုတ်ဘူးလေ။ ရှိရင်းစွဲ နည်းပညာတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ရတာ"

လက်ပ်တော့တွေ သို့မဟုတ် စမတ်ဖုန်းတွေကို ထားလိုက်ဦး၊ ရိုးရှင်းတဲ့ မုန့်ကင်စက်လို စက်ပစ္စည်းတွေကိုတောင် လူ့အဖွဲ့အစည်းရဲ့ ရှိရင်းစွဲနည်းပညာအဆင့်က သတ်မှတ်ထားတဲ့ အမှတ်တစ်ခုကို ရောက်မှသာ ပြုလုပ်နိုင်တာပါ။

OTK ဘတ္ထရီ ကို ဖန်တီးနိုင်ခဲ့တာက ရှိရင်းစွဲ LFP နဲ့ NCM ဘတ္ထရီတွေရဲ့ နည်းပညာတွေက အုတ်မြစ်အဖြစ် ရှိနေခဲ့လို့လေ။

"ပါမောက္ခ၊ နျူကလီးယားစွမ်းအင်သုံး အဆင့်ဆင့် ရပ်ဆိုင်းရေးအပေါ် ပါမောက္ခရဲ့ အမြင်က ဘယ်လိုရှိလဲ"

ကျွန်တော့်အမေးကို ပါမောက္ခ ကင်ဟိုမင်က ခေါင်းကို ကုတ်ရင်း ပြောလိုက်တယ်။

"ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ ဝေစုကို တိုးမြှင့်ဖို့ဆိုတာကိုတော့ ငါ သဘောတူပါတယ်။ ဒါပေမဲ့ နျူကလီးယား ဓာတ်အားထုတ်လုပ်မှုကို ရပ်တန့်တာကိုတော့ ငါ ကန့်ကွက်တယ်။ အခုအချိန်မှာတော့ တခြား အစားထိုးစရာ မရှိသေးဘူး"

All Chapters