အခန်း ၃၉၁
Vol. 40 Ch. 391
အခန်း (၃၉၁)
"The Big One" ရုပ်ရှင် အထူးပြသပွဲကို ရုပ်ရှင်ရုံတင်မယ့်ရက် မတိုင်ခင် ကယ်လီဖိုးနီးယားမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အဲဒီ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ရုပ်ရှင်တချို့ အရင်က ထွက်ဖူးပေမယ့် ဒီငလျင်အကြောင်းကို တိုက်ရိုက်ပုံဖော်ထားတဲ့ ပထမဆုံး စိတ်လှုပ်ရှားဖွယ်ရာ ရုပ်ရှင်ကတော့ ဒါပထမဆုံးပါပဲ။
Universal Studios က ထုတ်လုပ်ပြီး ဖြန့်ချိမှုကို တာဝန်ယူထားတာ ဖြစ်ပြီး ဒါရိုက်တာ အာသာဖာရာက ရိုက်ကူးထားကာ ဘရိုင်ယန် အာမာဒီယို၊ တွမ်ရှိန်းနဲ့ အမ်ဘာ ဆပ်သာလန်တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အထူးပြသပွဲနဲ့အတူ ပရဟိတပါတီကိုလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဟောလိဝုဒ်က ကြယ်ပွင့်တွေ၊ ရုပ်ရှင်လောကက လူတွေနဲ့ နာမည်ကျော်တွေ တက်ရောက်ဖို့ စာရင်းပေးထားကြတယ်။ ဒါပေမဲ့ ဧည့်သည်စာရင်းထဲမှာ အများပြည်သူနဲ့ မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးလူကတော့ တခြားသူမဟုတ်ဘဲ ကန်ဂျင်ဟူ ပါပဲ။
တက်ရောက်လာသူတွေအားလုံးက ဘယ်နေရာသွားသွား လူသိများတဲ့ နာမည်ကြီးတွေ ဖြစ်ပေမယ့် သူတို့အတွက်တောင် ကန်ဂျင်ဟူက ကြယ်ပွင့်တွေထဲက ကြယ်ပွင့်တစ်ပွင့် ဖြစ်နေခဲ့တာပါ။
ကန်ဂျင်ဟူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကကို အကြပ်အတည်းထဲကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်းပါ။
ဒါ့အပြင် သူက ငယ်လည်းငယ်သေးသလို သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်း ဆက်တိုက်တိုးပွားနေတာပါ။
ကန်ဂျင်ဟူ တက်ရောက်မယ့် သတင်းကြောင့် ဟောလိဝုဒ် စတားတွေက လက်မှတ်ထိုးခိုင်းဖို့ စာရွက်တွေ အပြည့်ပြင်ထားကြပြီး မိန်းကလေးငယ်တွေကလည်း မျှော်လင့်ချက်အပြည့်နဲ့ သေသေချာချာ ပြင်ဆင်ထားကြပါတယ်။
တက်ဂယူက ပြောတယ်။
"ဒါနဲ့ ဒီရုပ်ရှင်က နောက်ဆုံးတော့ ရုံတင်တော့မှာပေါ့"
"ဟုတ်တယ်လို့ပြောရမှာမယ်ထင်တယ်"
အရင်က ရိုက်ကူးရေး စတင်နေပြီလို့ ကြားဖူးပေမယ့် အဲဒီနောက်ပိုင်း မေ့သွားခဲ့တာပါ။ အခုတော့ ရုံတင်ဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ။
ဒါရိုက်တာ အာသာဖာရာရဲ့ လက်ရာဖြစ်တာကြောင့် အများပြည်သူနဲ့ ဝေဖန်ရေးသမားတွေရဲ့ မျှော်လင့်ချက်က မြင့်မားနေပါတယ်။ ကျွန်တော်လည်း ဘယ်လိုရုပ်ရှင်မျိုး ဖြစ်မလဲဆိုတာ နည်းနည်းတော့ စိတ်ဝင်စားမိတယ်။
ကယ်လီဖိုးနီးယားမှာ သွားစရာ အစီအစဉ် ရှိနေတာကြောင့်လည်း ပါသလို ရုပ်ရှင်စတူဒီယိုဘက်ကလည်း အသည်းအသန် တောင်းဆိုလာတာကြောင့် အထူးပြသပွဲကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ EdM Entertainment ကလည်း ဒီရုပ်ရှင်မှာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားပြီး ကိုရီးယား ဖြန့်ချိမှုကို တာဝန်ယူထားလို့ပါပဲ။
ဒီရုပ်ရှင်သာ မအောင်မြင်ရင် အဲဒီငွေတွေအားလုံး ဆုံးရှုံးသွားမှာလေ။
တက်ဂယူ ဒါမှမဟုတ် အယ်လီနဲ့ အတူတူသွားချင်ပေမယ့် တက်ဂယူက လူအများရှေ့ ထွက်ရတာကို မုန်းပြီး အယ်လီကတော့ ပြီးခဲ့တဲ့တစ်ခေါက် ဥရောပသွားတုန်းက ခွင့်ရက်တွေ အကုန်သုံးပစ်ခဲ့တာလေ။ သူက အခုတလော အရမ်း အလုပ်ရှုပ်နေပါတယ်။
မထွက်ခွာခင်မှာ အယ်လီဆီကနေ သတိပေးစကား နည်းနည်း ကြားလိုက်ရသေးတယ်။
"ဟိုမှာ မိန်းမလှလေးတွေ အများကြီးရှိတာဆိုတော့ မျက်စိကစားလို့မဖြစ်ဘူးနော်"
"ဟုတ်ကဲ့ပါ"
"မိန်းမလှတွေ လာမြှူဆွယ်ရင်တောင် လျစ်လျူရှုရမယ်"
"နင်က ငါ့ကို မယုံလို့လား"
ကျွန်တော့်မေးခွန်းကို အယ်လီက ပြတ်ပြတ်သားသားပဲ ပြန်ပြောတယ်။
"ဂျင်ဟူကိုတော့ ယုံပါတယ်။ အဲဒီက မိန်းကလေးတွေကို မယုံတာ"
"..."
ဒါက ပုံမှန်ဆို ယောက်ျားလေးတွေက မိန်းကလေးတွေကို ပြောရမယ့် စကားမဟုတ်ဘူးလား။
ကျွန်တော် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အမေရိကကို ထွက်ခွာခဲ့တယ်။
လေဆိပ်ကို ဆင်းသက်ပြီးနောက် သက်တော်စောင့်တွေနဲ့အတူ ကားစီးပြီး ပရဟိတပါတီ ကျင်းပမယ့်နေရာကို ဦးတည်လိုက်ပါတယ်။ ပရဟိတပါတီကို အရင်ကျင်းပပြီးမှ အထူးပြသပွဲကို ဆက်လုပ်မှာပါ။
ဘာလို့လဲဆိုတော့ အထူးပြသပွဲကို အရင်လုပ်လိုက်ရင် ပရဟိတပါတီတစ်ခုလုံးမှာ လူတွေက ရုပ်ရှင်အကြောင်းပဲ ပြောနေကြမှာမလို့လေ။ ရုပ်ရှင်က ကြည့်လို့ကောင်းမယ်ဆိုရင်တော့ အဆင်ပြေပေမဲ့ တကယ်လို့ ပျင်းစရာကောင်းနေရင် ဒါမှမဟုတ် လုံးဝအရှုံးပေါ်သွားရင် အခြေအနေက တော်တော်လေး စိတ်ပျက်စရာ ကောင်းသွားနိုင်ပါတယ်။
ပရဟိတပါတီမှာ ငလျင်ဒဏ်ခံရသူတွေအတွက် ရန်ပုံငွေ ကောက်ခံပါတယ်။ စတားတွေက သူတို့ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို လှူဒါန်းကြပြီး အဲဒါတွေကို အွန်လိုင်းမှာ လေလံတင်ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကိုတော့ လှူဒါန်းသွားမှာပါ။
အလှူငွေ အမြောက်အမြားကို ငလျင်အတွက် အကြိမ်ကြိမ် လှူဒါန်းပြီးသား ဖြစ်ပေမယ့် ဒီပါတီကနေရတဲ့ အလှူငွေဟာ မျှော်လင့်ထားတာထက် ကျော်လွန်ပြီး ဒေါ်လာ သန်းပေါင်းများစွာ ရရှိထားပါတယ်။
အမေရိကက ဆင်းရဲချမ်းသာကွာဟချက် အကြီးမားဆုံး ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲက တစ်ခုဖြစ်ပေမယ့် အလှူအတန်းနဲ့ ပတ်သက်လာရင်တော့ လက်မနှေးကြပါဘူး။ ဟောလိဝုဒ် သရုပ်ဆောင်တွေ၊ ရုပ်ရှင်လောကက လူတွေအပြင် သူဌေးတွေကလည်း လိုလိုလားလားပဲ ပိုက်ဆံထုတ်လှူကြပါတယ်။
ဒါက ကိုရီးယားက ကပ်စေးနှဲတဲ့ သူဌေးတွေနဲ့ လုံးဝ ကွာခြားတဲ့ ပုံရိပ်ပါပဲ။ ဒီလို မြင့်မြတ်တဲ့ လူမှုရေး တာဝန်သိစိတ်က အမေရိကရဲ့ နောက်ကွယ်ကမှ အင်အား ဖြစ်နေတာပဲ ဖြစ်ရပါမယ်။
ကျွန်တော် အထဲကို ဝင်လာခဲ့တယ်။ အံ့သြဖို့ကောင်းတာက ရုပ်ရှင်စခရင်ပေါ်မှာပဲ မြင်ဖူးတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက ကျွန်တော့်ရှေ့မှာ ရပ်နေကြတာပါ။
ဘော့ဘ်ဂရက်ဂ်၊ ပရင့်စ်ဝက်ဂ်နာ၊ ဂျီဆဲလ် ဘန်းစတိုင်း၊ ဘရိုင်ယန် အာမာဒီယို၊ ကလော့ဒ် ရှင်ဂျက်၊ တွမ်ရှိန်း၊ ဂျန်းနင်း ကိုးလ်မန်း၊ ပေါလ် ဆာပီယန်၊ ဒါနာ ဘွိုင်း အစရှိသဖြင့်ပေါ့။
နာမည်သိတဲ့ သရုပ်ဆောင်တွေက တစ်ယောက်နှစ်ယောက်တင် မကပါဘူး။ ဒီက သရုပ်ဆောင်တွေ အားလုံးနဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ ကြိုးစားမယ်ဆိုရင် ဒေါ်လာ သန်းတစ်ထောင်တောင် မလောက်နိုင်လောက်ဘူးလို့တွေးမိတယ်။
"ဝိုး... ဟောလိဝုဒ် စတားတွေပဲ" လို့ စိတ်ထဲက အံ့သြနေချိန်မှာ သူတို့ကလည်း ကျွန်တော့်ကို ကြည့်ပြီး "ဝိုး... ကန်ဂျင်ဟူပဲ" ဆိုတဲ့ အမူအရာ ဖြစ်နေကြတာပါ။
"..."
ဒါက ဘာအခြေအနေကြီးလဲ။
ကျွန်တော် ပထမဆုံး ဒါရိုက်တာ အာသာဖာရာကို နှုတ်ဆက်လိုက်တယ်။
"အလုပ်ရှုပ်နေတဲ့ ကြားက လာပေးလို့ ကျေးဇူးတင်ပါတယ်"
"မဟုတ်တာပဲ၊ ဖိတ်ကြားပေးလို့ ကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ"
သူက အသက် ၃၀ ကျော်အရွယ် ပြင်သစ်-အမေရိကန် ကပြားတစ်ယောက်ဖြစ်ပြီး ဟောလိဝုဒ်မှာ ထွက်ပေါ်လာတဲ့ ဒါရိုက်တာအသစ်တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၈ နှစ် သူ့ အသက် ၂၀ ကျော် အရွယ်က သူ့ရဲ့ ကုန်ကျစရိတ်နည်းနည်းနဲ့ရိုက်ခဲ့တဲ့ "Cloverland" ရုပ်ရှင်က ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သလို ရုံဝင်ငွေလည်း ကောင်းခဲ့တာကြောင့် သူ့နာမည်က လူသိများလာခဲ့တယ်။ အဲဒီနောက်ပိုင်း သူရိုက်ကူးတဲ့ ရုပ်ရှင်တွေ အားလုံးကလည်း စီးပွားရေးအရရော အနုပညာအရပါ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။
ဒါရိုက်တာကို နှုတ်ဆက်လို့ မပြီးသေးခင်မှာပဲ နာမည်ကြီးတွေက နှုတ်ဆက်ဖို့ ချဉ်းကပ်လာကြတယ်။ လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုချက်တွေ တရစပ် ဝင်လာခဲ့တာပါ။
နာမည်ကြီး သရုပ်ဆောင် ဒါဇင်ပေါင်းများစွာကို နှုတ်ဆက်ပြီး ခဏလောက် အမောဖြေနေတုန်း မိန်းကလေးတစ်ယောက်က အသံသြသြလေးနဲ့ လာနှုတ်ဆက်တယ်။
"မစ္စတာ ဂျင်ဟူက အပြင်မှာ ဓာတ်ပုံထဲကထက် ပိုချောတာပဲနော်"
ဒီတစ်ခါတော့ မင်းသမီး မဟုတ်ပါဘူး။
အဲ့ဒီမိန်းကလေးနာမည်က အန်ဂျလီနာ တင်တာ ဖြစ်ပါတယ်။ သူက တင်တာ အုပ်စု ဥက္ကဌရဲ့ မြေးမဖြစ်ပြီး အမွေခံ ဖြစ်ပါတယ်။ အန်ဂျလီနာက ရုပ်မြင်သံကြားတွေမှာ လှပတဲ့ အမွေခံသူဌေးမြေး ဆိုတဲ့ ပုံစံနဲ့ အကြိမ်ကြိမ် ပေါ်ထွက်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ သူ့နာမည်နဲ့ တင်ဆက်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ရာကနေ အကြီးအကျယ် ပေါက်သွားခဲ့တာပါ။
ကိုရီးယားလို ပြောရရင်တော့ ချေဘောမိသားစုကနေ ဆင်းသက်လာတဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်လို့ မြင်နိုင်ပါတယ်။
အန်ဂျလီနာက ကျွန်တော့်ထက် ၃ နှစ်၊ ၄ နှစ်လောက် ပိုကြီးမှန်း ကျွန်တော် သိပါတယ်။ အရပ် ၁၇၀ ကျော် မြင့်ပြီး သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့အတူ ဆွဲဆောင်မှုအပြည့် ရှိနေတာပါ။
အန်ဂျလီနာက ကျွန်တော့်ကို ပြန်ပြောဖို့ အခွင့်အရေးမပေးဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေ ဆက်တိုက်ပြောနေရင်း တစ်ချိန်ထဲမှာပဲ ကျွန်တော့်ပုခုံးနဲ့ လက်မောင်းကို သူ့လက်ချောင်းလေးတွေနဲ့ ခဏခဏ လာထိနေပါတယ်။
ဒီလိုလုပ်တာကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအဖြစ် တိုင်ချက်ဖွင့်သင့်လား။
တကယ်တော့ အန်ဂျလီနာရဲ့ အမျိုးသားတွေနဲ့ ပတ်သက်တဲ့ နာမည်ရာဇဝင်က နာမည်ကြီးပါတယ်။ အန်ဂျလီနာက အမြဲတမ်း ဖောက်ပြန်တတ်ပြီး ချစ်သူတွေကို ခဏခဏ လဲတတ်တာပါ။ အမျိုးသားတွေ အန်ဂျလီနာဆီမှာ ဝိုင်းဝိုင်းလည်နေရတဲ့ အကြောင်းရင်းကတော့ အန်ဂျလီနာမှာ စည်းစိမ်ရော၊ အလှအပပါ ရှိနေလို့ ဖြစ်လောက်မယ်ထင်တယ်။ ဒါပေမဲ့ အန်ဂျလီနာဟာ မကြာသေးခင်ကမှ လက်ထပ်ထားတယ် မဟုတ်ဘူးလား။ ဂျေဆန်ဆိုလား၊ ဂျွန်ဆင်ဆိုလား ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့လေ။
ပြီးတော့ အန်ဂျလီနာရဲ့ အနောက်တည့်တည့်မှာ ဂျေဆန်ဆိုလား၊ ဂျွန်ဆင်ဆိုလား အဲ့ဒီလူ ဖြစ်နိုင်တဲ့ အမျိုးသားတစ်ယောက်က ဒီဘက်ကို စိုက်ကြည့်နေပါတယ်။
ကျွန်တော် ခွင့်တောင်းပြီး ထွက်သွားဖို့ စဉ်းစားနေတုန်းမှာပဲ ကံကောင်းထောက်မစွာနဲ့ အမျိုးသားတစ်ယောက်က ကျွန်တော့်ကို ကိုရီးယားလို နည်းနည်း ဝဲတဲတဲနဲ့ လာပြောတယ်။
"မင်္ဂလာပါ စီအီးအို ကန်ဂျင်ဟူ။ တွေ့ရတာ ဝမ်းသာပါတယ်"
သူ့နာမည်က စတီဗင်ဟန် ဖြစ်ပါတယ်။
သူက ကိုရီးယားမှာ မွေးဖွားပြီး ငယ်ငယ်ကတည်းက အမေရိကကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ကိုရီးယား-အမေရိကန် တစ်ယောက်ပါ။ သူက ဒီရုပ်ရှင်မှာ ကျွန်တော့်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။
သူ့ရဲ့ အသက်အမှန်က ကျွန်တော့်ထက် ၁၀ နှစ် ပိုကြီးပေမယ့် သူက အရမ်းနုပျိုနေတာကြောင့် ကျွန်တော့်နေရာမှာ သရုပ်ဆောင်ဖို့ ပြဿနာမရှိပါဘူး။ ပြီးတော့ ဒီရုပ်ရှင်က သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရတဲ့ သာမန်လူတွေရဲ့ အကြောင်းကို ရိုက်ကူးထားတာမလို့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက သိပ်ပြီး အရေးမပါလှဘူးလေ။
"တွေ့ရတာ ဝမ်းသာပါတယ်"
ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်။
"စီအီးအို ကန်ဂျင်ဟူရဲ့ နေရာကနေ သရုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူစရာပါပဲ"
"မဟုတ်တာပဲ၊ ကျွန်တော်ကပဲ ဂုဏ်ယူရမှာပါ"
သူက ဟောလိဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံးရတဲ့ ကိုရီးယားလူမျိုး (နိုင်ငံသားကတော့ အမေရိကန် ဖြစ်ပေမယ့်) လို့ ပြောရင် မလွန်ပါဘူး။
ဒီလိုနေရာမျိုးမှာ ကိုရီးယားလို ပြောနိုင်တဲ့လူနဲ့ တွေ့ရတာ တစ်မျိုးလေး နွေးထွေးမှုကို ခံစားရစေပါတယ်။ ကျွန်တော်တို့ ကိုရီးယားလို ဆက်ပြီး စကားပြောနေတာကြောင့် အန်ဂျလီနာကတော့ ရွေးချယ်စရာမရှိဘဲ တခြားနေရာကို ရွှေ့သွားခဲ့တယ်။
ကျွန်တော်တို့ ဖျော်ရည်သောက်ရင်း စကားပြောဖြစ်ကြတယ်။
"ခင်ဗျားပါဝင်ထားတဲ့ ရုပ်ရှင်တော်တော်များများကို ကျွန်တော် ကြည့်ဖူးပါတယ်"
"ဟောလိဝုဒ် သရုပ်ဆောင် တော်တော်များများက လူမျိုးရေးခွဲခြားမှုကို ရှုတ်ချပြီး တန်းတူညီမျှမှုကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဟောလိဝုဒ်က ဘယ်နေရာထက်မဆို လူမျိုးရေး ပိုခွဲခြားပါတယ်။ အာရှသားတွေကို များသောအားဖြင့် ပိုက်ဆံမက်တဲ့ အခွင့်အရေးသမားတွေအဖြစ်ပဲ ပုံဖော်လေ့ရှိတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကလည်း အဲလိုနေရာကနေ သရုပ်ဆောင်ခဲ့ရတာပါ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"တကယ်ပါပဲ။ Whitewashing ကလည်း တော်တော်လေး အတွေ့ရများတယ်နော်"
Whitewashing ဆိုတာကတော့ မူရင်းလက်ရာမှာ တခြားလူမျိုးစု ဖြစ်နေတဲ့ ဇာတ်ကောင်ကို ရုပ်ရှင်ထဲမှာ လူဖြူအဖြစ် ပြောင်းလဲပစ်တာကို ပြောတာပါ။ ဟောလိဝုဒ်ရဲ့ လက်တွေ့အခြေအနေက ဒီလိုဖြစ်နေတာကြောင့် လူမည်းတွေ၊ အထူးသဖြင့် အာရှသားတွေအတွက် ခေါင်းဆောင်မင်းသား နေရာရဖို့က ပိုပြီး ခက်ခဲပါတယ်။
"ဒါပေမဲ့ အခုတော့ စီအီးအို ကန်ဂျင်ဟူကြောင့် အမြင်တွေ တော်တော်လေး ပြောင်းလဲသွားပါပြီ။ ကိုရီးယားလူမျိုးတွေကို ဘယ်နေရာမှာမဆို ကြိုဆိုကြပြီး အာရှ-အမေရိကန် သရုပ်ဆောင်တွေရဲ့ အချိုးအစားကလည်း အများကြီး တိုးတက်လာခဲ့တယ်။ ခင်ဗျားကြောင့် ကျွန်တော်လည်း ရုပ်ရှင်တော်တော်များများမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ခွင့်ရခဲ့တာပါ။ ဒါက အရင်တုန်းကဆို စိတ်တောင်မကူးရဲတဲ့ အရာမျိုးပဲလေ"
"အဲဒီလို ကြားရတာ ဝမ်းသာပါတယ်"
စတီဗင်က သူ့ဖုန်းကို ထုတ်လိုက်တယ်။
"ဓာတ်ပုံတစ်ပုံလောက် အတူတူရိုက်လို့ ရမလား"
"ရတာပေါ့"
ဟောလိဝုဒ် စတားတစ်ယောက်က ကျွန်တော့်ကို ဓာတ်ပုံ အရင်တွဲရိုက်ဖို့ တောင်းဆိုလာတာပါ။ ကျွန်တော်က တကယ်ပဲ နာမည်ကြီး ဖြစ်လာခဲ့ပါပြီ။
ဓာတ်ပုံရိုက်ပြီးနောက် စတီဗင်က ပြောပါတယ်။
"ခင်ဗျား အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ ညီမလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက စီအီးအို ကန်ဂျင်ဟူရဲ့ ပရိသတ်တစ်ယောက်ပါ။ ဒါပေမဲ့ သူက ရှက်နေလို့ နှုတ်မဆက်ရဲဘူး ဖြစ်နေတာ"
"ရပါတယ်၊ ပြဿနာမရှိပါဘူး"
ခဏအကြာမှာတော့ စတီဗင်က ဆံပင်ရွှေဝါရောင်နဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်လာပါတယ်။ ကျွန်တော် အဲ့ဒီမိန်းကလေးရဲ့ မျက်နှာကို မှတ်မိပါတယ်။
အမ်ဘာ ဆပ်သာလန်။ သူက ဒီရုပ်ရှင်မှာ အဓိကဇာတ်ကောင်ရဲ့ သမီးဖြစ်တဲ့ မေရီမာရေး အဖြစ် သရုပ်ဆောင်ထားတာပါ။ အမ်ဘာက အသက် ၂၀ ပဲ ရှိသေးပေမယ့် သရုပ်ဆောင်သက်တမ်းက ၁၀ နှစ်ကျော်နေပါပြီ။ သူဟာ ကိုးနှစ်သမီးအရွယ်မှာ ပွဲဦးထွက်ခဲ့ပြီး ကလေးသရုပ်ဆောင် နေရာအမျိုးမျိုးကနေ သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းကို ပြသခဲ့ကာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။
ပိုပြီး အံ့သြဖို့ကောင်းတာက အမ်ဘာက သရုပ်ဆောင်အလုပ်နဲ့ စာသင်အလုပ်ကို မျှတအောင် လုပ်ဆောင်ရင်း ပရင်စတန် တက္ကသိုလ်ကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ရုပ်ရည်ရော ဘက်စုံအရည်အချင်းပါ ပြည့်စုံတဲ့ ဒီလိုလူမျိုးတွေလည်း ကမ္ဘာပေါ်မှာ ရှိနေတာပဲ။ ကလေးသရုပ်ဆောင် ဘဝကတည်းက နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်ခဲ့တာကြောင့် အမ်ဘာရဲ့ ပိုင်ဆိုင်မှုကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ တကယ်တော့ အမ်ဘာရဲ့ သရုပ်ဆောင်ကြေးက ဟောလိဝုဒ် မင်းသမီးတွေထဲမှာ ထိပ်တန်း ၅ ယောက်စာရင်းဝင် ဖြစ်ပါတယ်။
ကျွန်တော်လည်း အမ်ဘာပါဝင်ထားတဲ့ ရုပ်ရှင်တော်တော်များများကို ကြည့်ဖူးပါတယ်။
အမ်ဘာက ရှက်သွေးဖြာနေတဲ့ မျက်နှာထားနဲ့ ပြောတယ်။
"အာ... မင်္ဂလာပါ။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်မ အမြဲတမ်း တွေ့ချင်နေခဲ့တာပါ။ အခုလို အခွင့်အရေးရလို့ ဝမ်းသာပါတယ်။ ကျွန်မက ရှင့်ရဲ့ပရိသတ်ဖြစ်ခဲ့တာ တော်တော်ကြာပါပြီ"
"အံ့သြဖို့ကောင်းလိုက်တာ။ ကျွန်တော်လည်း ခင်ဗျားရဲ့ ပရိသတ်ပါပဲ"
အမ်ဘာက ရုပ်ရှင်ထဲမှာ မြင်ရတာထက်တောင် အပြင်မှာ ပိုပြီး လှပနေပါတယ်။
ဖြူစင်တဲ့ အသားအရေ၊ မျက်နှာလေးက သေးသေးလေးနဲ့ အပြာရောင် မျက်ဝန်းတွေ၊ ဆံပင်ရွှေဝါရောင်တွေ ရှိနေတာပါ။ အမ်ဘာက အရပ် သိပ်မမြင့်တာကြောင့် နတ်သမီးလေးတစ်ပါးလို ခံစားချက်မျိုး ပေးစွမ်းပါတယ်။
အမ်ဘာက အမေရိကန် အထက်တန်းကျောင်းသူတွေ အတုယူချင်ဆုံး မင်းသမီးအဖြစ် ရွေးချယ်ခံထားရတာ ဖြစ်ပြီး အပြင်မှာ တွေ့လိုက်ရတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော် နားလည်သွားပါတယ်။
ငယ်ငယ်ကတည်းက ရည်းစားတွေ ခဏခဏ ထားလိုက် ပြတ်လိုက်လုပ်တဲ့ တခြား ဟောလိဝုဒ် စတားတွေနဲ့မတူဘဲ အမ်ဘာမှာတော့ ထူးထူးခြားခြား ဒိတ်လုပ်တဲ့ ကောလာဟလမျိုးတွေ မရှိပါဘူး။ အမ်ဘာက သရုပ်ဆောင်တာနဲ့ စာကျက်တာကိုပဲ အာရုံစိုက်တဲ့ စံပြကျောင်းသူတစ်ယောက်အဖြစ် လူသိများပါတယ်။
ဟောလိဝုဒ်ရဲ့ နာမည်ကြီး လူရှုပ်တစ်ယောက်ဖြစ်တဲ့ အဲရစ် ဆစ်တော့ဖ်က အမ်ဘာကို တရစပ် လိုက်ခဲ့ပေမယ့် ငြင်းခံလိုက်ရတဲ့ သတင်းက နာမည်ကြီးပါတယ်။
အမ်ဘာက ဖုန်းကို ကျွန်တော့်ဆီ ကမ်းပေးလာပါတယ်။
"ကျွန်မကို ရှင့်ရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလား"
"..."
ဟောလိဝုဒ် မင်းသမီးတစ်ယောက်က ကျွန်တော့်ဆီ ဖုန်းနံပါတ် တောင်းနေတာပဲ။ ဒါက တကယ့်ကို ဝတ္ထုထဲကအတိုင်းပါလား။
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
"ကျွန်တော့်မှာ ရည်းစားရှိတယ်"
အမ်ဘာက ပါးစပ်ကို ပိတ်ပြီး ရယ်တယ်။
"သိပါတယ်။ Golden Gate မှာ ရှေ့နေအဖြစ် လုပ်နေတဲ့သူ မလား။ အခု အတူတူ နေနေကြတာလေ"
"ခင်ဗျား ကောင်းကောင်း သိသားပဲ"
"ဒါပေါ့။ ရှင့်ရည်းစား ပါဝင်ထားတဲ့ ကြော်ငြာကိုတောင် ကျွန်မ ကြည့်ဖူးသေးတယ်။ ကျွန်မ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ မိတ်ဆွေအဖြစ်ပဲ နေချင်တာပါ"
စဉ်းစားကြည့်တော့ အယ်လီက တစ်ခါက ဒီမင်းသမီးကို ကြိုက်တယ်လို့ ပြောဖူးပါတယ်။ ကျွန်တော် သူတို့ကို မိတ်ဆက်ပေးရင် အယ်လီ ပျော်သွားမယ်ထင်တယ်။
ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ ဝဝတုတ်တုတ်၊ မျက်မှန်နဲ့၊ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွေးတွေနဲ့ သက်လတ်ပိုင်း လူဖြူအမျိုးသားတစ်ယောက် ဝင်လာပါတယ်။
လူတွေအားလုံးက သူ့ကို လှည့်ကြည့်ကြပြီး သူကတော့ ဒီလိုနေရာမျိုးကို ပထမဆုံး ရောက်ဖူးတဲ့အတိုင်း မျက်လုံးအပြူးသားနဲ့ ဝေ့ဝဲကြည့်နေတာပါ။
ပြီးတော့ သူက စောစောက ကျွန်တော့် အမူအရာအတိုင်း ကွက်တိ ဖြစ်နေတာပါ။
"ဝိုး... စတားတွေပဲ"
ဟောလိဝုဒ် စတားတွေဘက်ကလည်း အံ့ဩသွားကြတယ်။
"ဝိုး... ပါမောက္ခ မိုဟန်ပါလား"
ကျွန်တော် ဝမ်းသာအားရ လက်လှမ်းပြလိုက်တယ်။
"ပါမောက္ခ ကီရန်မိုဟန်"
အထူးပြသပွဲ စတင်ခဲ့ပါပြီ။
ကျွန်တော် ပါမောက္ခ ကီရန်မိုဟန်ရဲ့ ဘေးမှာ ထိုင်ပြီး ရုပ်ရှင်ကို ကြည့်လိုက်တယ်။
ရုပ်ရှင်တစ်ခုလုံးကို IMAX နဲ့ ရိုက်ကူးထားတာပါ။ ပြောရရင် ဒါရိုက်တာ အာသာဖာရာက IMAX ကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲဆိုတာ သိတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။
ရုပ်ရှင်က Big One မတိုင်ခင်၊ အမေရိကန် ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေတဲ့ အခြေအနေကနေ စတင်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ သာမန် မိသားစုတစ်စုပါ။
ကျွန်တော့်ရဲ့ အခန်းက သိပ်မများပေမယ့် အရေးကြီးတဲ့ အခန်းတွေမှာတော့ အမြဲတမ်း ပါဝင်နေပါတယ်။ ကန်ဂျင်ဟူ (စတီဗင်ဟန်) က သမ္မတ ရိုနယ် (ပေါလ် ဆာပီယန်) နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ စားပွဲခုံကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး အော်ဟစ်လိုက်တယ်။
"Silicon Valley ထဲမှာ ဆီလီကွန်မှ မရှိတာ"
အဲဒီစကားကိုပြောခဲံကြောင်းကို သမ္မတ ရိုနယ်က အင်တာဗျူးတွေမှာ အကြိမ်ကြိမ် ပြောဖူးတာကြောင့် လူသိများပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာ၊ ပြီးတော့ ဒီလို စခရင်အကြီးကြီးပေါ်မှာ မြင်လိုက်ရတာကတော့ တကယ့်ကို အရှက်ရစရာပါပဲ။
အာ... ကျွန်တော် ဘာလို့ အဲဒီမှာ အဲဒီလို သွားပြောခဲ့မိတာလဲ။ ဒါပေမဲ့ ကျွန်တော် စားပွဲခုံကိုတော့ မရိုက်ခဲ့ဘူး ထင်ပါတယ်။
ကဲ... ဒါက ရုပ်ရှင်ပါပဲလေ။ ဘာမှတွေးမနေတော့ဘဲ ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတော့မယ်လေ။
အဲဒီနောက်မှာတော့ ကန်ဂျင်ဟူ (စတီဗင်ဟန်) က Big One စတင်ဖြစ်ပွားတဲ့ အချိန်မှာ တုန်လှုပ်သွားတဲ့ မျက်နှာထားကို ပြသခဲ့ပြီး သမ္မတ ရိုနယ် (ပေါလ် ဆာပီယန်) နဲ့အတူ Air Force One ပေါ် တက်သွားတဲ့ အခန်းမှာတော့ အရှိန်အဝါ အပြည့် ရှိနေခဲ့ပါတယ်။
စခရင်တစ်ခုလုံးကို နေရာယူထားတဲ့ ကန်ဂျင်ဟူ (စတီဗင်ဟန်) က တည်တင်းနေတဲ့ မျက်နှာထားနဲ့ ပြောတယ်။
"ဖြစ်နိုင်သမျှ အမြန်ဆုံး လူတွေကို ကယ်တင်ပါ"
ဒါကလည်း ရုပ်ရှင်ပဲမလို့ ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတော့မယ်လေ။
ဘာပဲဖြစ်ဖြစ် Big One ကတော့ နောက်ဆုံးမှာ ဖြစ်ပွားခဲ့တယ်။ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီးရဲ့ ရှေ့မှောက်မှာ လူသားတွေရဲ့ အပြုအမူ အမျိုးမျိုးက ပေါ်ထွက်လာခဲ့တာပါ။
ဥပဒေမဲ့ အခြေအနေ ဖြစ်သွားပြီလို့ ဆိုကာ ပြစ်မှုကျူးလွန်ကြတဲ့ လူမိုက်တွေ၊ တခြားလူတွေ ဘာဖြစ်ဖြစ် ကိုယ့်အသက်ပဲ လွတ်အောင် ရုန်းကန်ကြတဲ့ ကိုယ်ကျိုးရှာသမားတွေ၊ ပြီးတော့ ကိုယ်တိုင် ဘာမှမလုပ်ဘဲ တခြားလူတွေက အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ပေးဖို့ မျှော်လင့်နေကြတဲ့သူတွေ။
ဒါပေမဲ့ အဲဒီထက်မက တခြားလူတွေအတွက် စွန့်လွှတ်အနစ်နာခံပြီး ကိုယ်ကျိုးစွန့်ကြသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရုပ်ရှင်က ဒီလို လူအမျိုးမျိုးရဲ့ ပုံစံကို ကောင်းကောင်း ပုံဖော်ထားတာပါ။
နောက်ဆုံးမှာတော့ အဓိကဇာတ်ကောင် ဘီလ်မာရေးက သူ့မိသားစုကို ကယ်တင်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
နေဝင်ရီတရော အချိန်လောက်မှာတော့ အသက်ရှင်ကျန်ရစ်တဲ့ မိသားစုဝင်တွေက ကယ်ဆယ်ရေးစခန်းတစ်ခုကို စုပြုံပြီး ရောက်ရှိသွားကြပါတယ်။ ကယ်ဆယ်ရေးစခန်းမှာက လူတွေ အများကြီး စုဝေးနေကြပါပြီ။
ဝေးလံတဲ့ နေဝင်ချိန် ကောင်းကင်ယံကို နောက်ခံထားပြီး အမေရိကန် အလံ လွင့်ပျံနေတာနဲ့အတူ ရုပ်ရှင်က ပြီးဆုံးသွားခဲ့ပါတယ်။
ရုပ်ရှင်ပြီးသွားတာတောင် ပြသမယ့် ခန်းမတစ်ခုလုံး ခဏလောက် ငြိမ်သက်နေခဲ့တယ်။ လူတိုင်းမှာ တည်ငြိမ် လေးနက်တဲ့ မျက်နှာထားတွေ ရှိနေကြပါတယ်။ တချို့ကတော့ ငိုကြွေးနေကြပြီး မျက်ရည်တွေကို သုတ်နေကြပါတယ်။
ခဏအကြာမှာတော့ မတ်တတ်ရပ်ပြီး သောင်းသောင်းဖျဖျ လက်ခုပ်တီးသံတွေ ထွက်ပေါ်လာခဲ့တယ်။
ကျွန်တော်လည်း မတ်တတ်ရပ်ပြီး လက်ခုပ်တီးလိုက်တယ်။ တခြားလူတွေ တီးနေလို့လည်း ပါသလို ကျွန်တော့်စိတ်ထဲမှာလည်း ရင်ထဲထိလုမတတ် ခံစားချက်မျိုး ဖြစ်ပေါ်လာတာကြောင့်ပါ။
ရုပ်ရှင်ကို ကြည့်နေရင်းနဲ့တင် သဘာဝအတိုင်း 'အမေရိကန် မျိုးချစ်စိတ်' တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့တာပါ။
ဟုတ်ပါတယ်။ အမေရိကက တကယ်ပဲ ကြီးမြတ်တဲ့ နိုင်ငံတစ်ခုပါပဲ။
တစ်ချိန်ထဲမှာပဲ ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချရင်း စိတ်အေးသွားခဲ့တယ်။
အနည်းဆုံးတော့ ဒီရုပ်ရှင် ဝင်ငွေပိုင်းရှုံးလောက်မှာ မဟုတ်တော့ပါဘူး။