အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁)
မဲပေးဖို့ အချိန်က နှစ်လလောက်ပဲ လိုတော့ပါတယ်။
ကုမ္ပဏီရဲ့ မူဝါဒကို ဆုံးဖြတ်ပြီးတာနဲ့ အစ်မဟျွန်းဂျူး က ချက်ချင်းပဲ အကောင်အထည်ဖော်တော့တာပဲ။ OTK Company က ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို အပေါင်ထားပြီး ဘဏ္ဍာရေးကုမ္ပဏီတစ်ခုဆီကနေ ပိုက်ဆံချေးလိုက်တယ်။
သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ချေးငွေကို ပြန်မဆပ်နိုင်ရင် အပေါင်ပစ္စည်းတွေက အလိုအလျောက် အပိုင်ဖြစ်သွားမှာပါ။
ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေ၊ နိုင်ငံတော်ပိုင် ရန်ပုံငွေအဖွဲ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ် အမျိုးမျိုးက OTK Company ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို မျက်စိကျနေတာ ကြာပါပြီ။ အရင်ကလည်း ဝယ်ယူဖို့ ကမ်းလှမ်းချက်တွေ အများကြီး ရခဲ့ဖူးတာလေ။
ဒါက အရှုံးမရှိဘဲ အမြတ်ထွက်မယ့် အလုပ်မျိုးဆိုတော့ နေရာတိုင်းက လူတွေက ပိုက်ဆံချေးဖို့ တန်းစီနေကြတာပေါ့။
ကျွန်တော်တို့က ပိုက်ဆံချေးပြီး အဲဒီရှယ်ယာတွေကို လေလံစနစ်နဲ့ ဈေးအများဆုံးပေးတဲ့သူဆီမှာ အပ်နှံခဲ့ပါတယ်။
ဘဏ္ဍာရေးဈေးကွက်လောက် သတင်းအမြန်ဆုံးပြန့်တဲ့နေရာ မရှိပါဘူး။ OTK Company က ပိုက်ဆံတွေ အမြောက်အမြား ချေးနေတယ်ဆိုတဲ့ သတင်းက ဘဏ္ဍာရေးလောကတစ်ခုလုံးကို ခဏချင်းအတွင်းမှာပဲ ပျံ့နှံ့သွားခဲ့တယ်။
ကျွန်တော်တို့ စုဆောင်းမိတဲ့ ငွေသားပမာဏက ဒေါ်လာ သန်း ၁၀,၈၀၀ အထိ ရှိပါတယ်။
တကယ်လို့ သတ်မှတ်ထားတဲ့အချိန်မှာ ပိုက်ဆံပြန်မဆပ်နိုင်ရင် အပေါင်ထားထားတဲ့ ရှယ်ယာတွေအကုန် ဆုံးရှုံးသွားမှာဖြစ်သလို OTK Company လည်း ဒေဝါလီခံရမှာပါ။
Brexit သာ တကယ်ဖြစ်လာရင်တောင် ဗြိတိန်ရဲ့ ဘဏ္ဍာရေးဈေးကွက်ကြီးတစ်ခုလုံး ပြိုလဲသွားမှာတော့ မဟုတ်ပါဘူး။ ပေါင်ငွေတန်ဖိုးက ၁၀ ကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျသွားနိုင်တာပါ။ ဒါကြောင့် ဒီအတိုင်း ငွေလဲတာမျိုးနဲ့တင် အမြတ်အများကြီးရဖို့က ခက်ပါတယ်။ အဲဒါကြောင့်ပဲ FX margin trading ကို ကျွန်တော် စဉ်းစားခဲ့တာပါ။
ဒါက ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို ဆယ်ဆပွားပြီး ပုံအောရတာမျိုးလေ။ အရောင်းအဝယ် မပိတ်မချင်း အခွန်တွေနဲ့ အတိုးတွေကို အများကြီး ပေးရမှာဖြစ်သလို တကယ်လို့ ခန့်မှန်းချက်သာ လွဲသွားရင်တော့ ဆုံးရှုံးမှုက ကြောက်စရာကြီးပါ။
“လောင်းကစားလုပ်ရင် ပြဿနာအားလုံးက ရှင်းသွားတာပဲ” ဆိုတဲ့ စကားက လောင်းကစားဖို့ ပိုက်ဆံချေးတဲ့သူတွေကြားမှာ ရေပန်းစားပေမဲ့ အကုန်လုံးတော့ မမှားပါဘူး။
အရာအားလုံး ပြင်ဆင်ပြီးတာနဲ့ ကျွန်တော် အမိန့်ပေးလိုက်တယ်။
“စကြစို့”
OTK Company ရဲ့ ပစ်မှတ်ကတော့ ဗြိတိန်နဲ့ ဂျပန်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်တွေပါပဲ။
ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို နားလည်ဖို့ဆိုရင် အရင်ဆုံး နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်က ဘယ်လိုလည်ပတ်လဲဆိုတဲ့ ယန္တရားကို နားလည်ဖို့ လိုပါတယ်။
“နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ဆိုတာက ဘာလဲ”
တက်ဂယူ ရဲ့ မေးခွန်းကို ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်တယ်။
“စကားလုံးအတိုင်းပဲလေ။ ပိုက်ဆံကို ဝယ်ပြီး ပြန်ရောင်းတဲ့ နေရာပေါ့”
တကယ်တော့ ပိုက်ဆံဆိုတာ ပစ္စည်းတွေကို ဝယ်ယူဖို့ အသုံးခံသက်သက်ပါပဲ။ ကုန်ပစ္စည်း မဟုတ်ပါဘူး။ ဝမ် ၁၀၀၀၀ နဲ့ အရုပ်တစ်ရုပ် ဝယ်လို့ရပေမဲ့ ဝမ် ၁၀၀၀၀ နဲ့ ဝမ် ၁၀၀၀၀ ကို ပြန်ဝယ်လို့ မရဘူး မဟုတ်လား။
ဒါပေမဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်မှာတော့ ပိုက်ဆံကို ကုန်ပစ္စည်းတစ်ခုလို အရောင်းအဝယ် လုပ်ကြပါတယ်။ ဝမ် ၁၀၀၀၀နဲ့ ၉ ဒေါ်လာ ဝယ်လို့ရသလို အဲဒီ ၉ ဒေါ်လာနဲ့ ဝမ် ၁၀၀၀၀ ကို ပြန်ဝယ်လို့ ရတာမျိုးပေါ့။
ဒါဆို နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်မှာ ဘယ်လို ပိုက်ဆံရှာမလဲ။
အဖြေကတော့ ဈေးပေါတုန်း ဝယ်ပြီး ဈေးတက်ရင် ပြန်ရောင်းတာပါပဲ။ ဒါမှမဟုတ် ဈေးတက်နေတုန်း အရင်ရောင်းထားပြီး ဈေးကျသွားမှ ပြန်ဝယ်တာမျိုးပါ။
‘၁ ဒေါ်လာ = ၂၀၀၀ ဝမ်’ ဖြစ်နေတဲ့အချိန်မှာ ၁ ဒေါ်လာကို ရောင်းပြီး ၂၀၀၀ ဝမ် ဝယ်ထားတယ်။ နောက်မှ ‘၁ ဒေါ်လာ = ၁၀၀၀ ဝမ်’ ဖြစ်သွားတဲ့အချိန်မှာ အဲဒီ ၂၀၀၀ ဝမ်ကို ပြန်ရောင်းပြီး ၂ ဒေါ်လာ ဝယ်လိုက်တာမျိုးပေါ့။ ဒီလိုဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုက နှစ်ဆ တိုးသွားတာလေ။
ပြောင်းပြန်လည်း လုပ်လို့ရပါတယ်။
‘၁ ဒေါ်လာ = ၁၀၀၀ ဝမ်’ ဖြစ်နေတဲ့အချိန်မှာ ၁၀၀၀ ဝမ် ချေးပြီး ရောင်းလိုက်တယ်။ ပြီးတော့ ၁ ဒေါ်လာ ဝယ်ထားလိုက်တယ်။ နောက်မှ ‘၁ ဒေါ်လာ = ၂၀၀၀ ဝမ်’ ဖြစ်သွားတဲ့အခါ အရင်ဝယ်ထားတဲ့ ၁ ဒေါ်လာကို ပြန်ရောင်းပြီး ၂၀၀၀ ဝမ် ယူလိုက်တယ်။ ပြီးတော့ ချေးထားတဲ့ ၁၀၀၀ ဝမ်ကို ပြန်ဆပ်လိုက်တာပေါ့။ ဒီလိုဆိုရင် ကြွေးဆပ်ပြီးတာတောင် ကိုယ့်အိတ်ထဲမှာ ၁၀၀၀ ဝမ် ကျန်နေဦးမှာပါ။
“ဒီနည်းလမ်းနဲ့ပဲ ၁၉၉၂ ခုနှစ်တုန်းက ရင်းနှီးမြှုပ်နှံသူ တစ်ယောက်က ဗြိတိန်ရဲ့ နိုင်ငံခြားငွေ ဈေးကွက်ကို ပြောင်သလင်းခါအောင် လုပ်ခဲ့ဖူးတယ်”
အဲဒီလူကတော့ Quantum Fund ကို ဦးဆောင်ခဲ့တဲ့ ဂျော့ရှ် ဆိုရော့စ် ပါပဲ။
အဲဒီတုန်းက ဗြိတိန်က ဂျာမနီရဲ့ မာ့ခ်ငွေနဲ့ သူတို့ရဲ့ ပေါင်ငွေကို သတ်မှတ်ထားတဲ့ ဘောင်တစ်ခုအတွင်းမှာ ထိန်းထားဖို့ Peg System ကျင့်သုံးခဲ့ပါတယ်။
ဒါပေမဲ့ မာ့ခ်ငွေ ဈေးတက်လာတဲ့အခါ ပေါင်ငွေလည်း လိုက်တက်လာပါတယ်။ အတိုးနှုန်းတွေ မြင့်တက်ပြီး ငွေလဲလှယ်နှုန်းကလည်း နည်းနေတာကြောင့် ဗြိတိန် စီးပွားရေးက အထိနာခဲ့တာပေါ့။
ငွေလဲလှယ်နှုန်းဆိုတာ စီးပွားရေးနဲ့ တိုက်ရိုက် ပတ်သက်နေတာလေ။
စီးပွားရေး ကျဆင်းလာရင် ငွေကြေးတန်ဖိုးကလည်း အလိုအလျောက် ကျသွားရမှာပါ။ ဒါပေမဲ့ မာ့ခ်ငွေနဲ့ ချိတ်ထားတာကြောင့် စီးပွားရေးက ဆိုးရွားနေပေမဲ့ ပေါင်ငွေတန်ဖိုးက မြင့်နေတဲ့ ထူးထူးဆန်းဆန်း အခြေအနေကြီး ဖြစ်နေခဲ့တယ်။
ရင်းနှီးမြှုပ်နှံသူတွေ (ဒါမှမဟုတ် ကစားသူတွေ) က ဒီအခွင့်အရေးကို လက်လွှတ်မခံခဲ့ကြဘူး။
ဂျော့ရှ် ဆိုရော့စ် က ပေါင်ငွေတန်ဖိုးဟာ အတုအယောင် မြင့်နေတာလို့ ယူဆပြီး ဗြိတိန်ရဲ့ နိုင်ငံခြားငွေ ဈေးကွက်ကို စတင် တိုက်ခိုက်ပါတော့တယ်။
သူက ပေါင်ငွေတွေကို အမြောက်အမြား ချေးယူပြီး ဈေးကွက်ထဲမှာ ပြန်ရောင်းကာ ဒေါ်လာတွေကို ဝယ်ယူခဲ့တယ်။
ဈေးကွက်ထဲမှာ ပေါင်ငွေတွေ များလာပြီး ဒေါ်လာတွေ နည်းသွားတဲ့အခါ ပေါင်ငွေတန်ဖိုးက ကျသွားပြီး ဒေါ်လာတန်ဖိုးက တက်လာတာပေါ့။
ဒါပေမဲ့ ပေါင်ငွေက မာ့ခ်ငွေနဲ့ ချိတ်ထားတာဆိုတော့ သတ်မှတ်ထားတဲ့ ဘောင်အောက်ကို ကျလို့ မရပါဘူး။
ဒါကို ကာကွယ်ဖို့ ဗြိတိန်အစိုးရက သူတို့ရဲ့ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေကို ထုတ်သုံးပြီး ဒေါ်လာတွေကို ရောင်းကာ ပေါင်ငွေတွေကို ပြန်ဝယ်ခဲ့ရပါတယ်။
ဒီလိုနဲ့ ပေါင်ငွေကို ရောင်းနေတဲ့ hedge fundတွေနဲ့ ပေါင်ငွေကို ပြန်ဝယ်နေတဲ့ ဗြိတိန်အစိုးရတို့ကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တာပေါ့။
“ရလဒ်က ဘာဖြစ်သွားလဲ”
“ဗြိတိန်ကြီး တစ်စစီ ပြိုလဲသွားတာပေါ့ကွာ”
အရင်ဆုံး ပိုက်ဆံကုန်သွားတာက ဗြိတိန်အစိုးရပါ။
နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေ ကုန်သွားတဲ့အခါ သူတို့မှာ လက်နက်ချဖို့ပဲ ရှိတော့တယ်။ ဗြိတိန်အစိုးရက ငွေလဲလှယ်နှုန်းကို ချိတ်ထားတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပြီး ငွေလဲလှယ်နှုန်းကို ကာကွယ်ဖို့ကိုလည်း လက်လျှော့လိုက်ရတယ်။
အကျိုးဆက်အနေနဲ့ ဗြိတိန်ဘဏ်ကြီး ဒေဝါလီခံလိုက်ရသလို ပေါင်ငွေတန်ဖိုးကလည်း ၃၀ ရာခိုင်နှုန်းနီးပါး ထိုးကျသွားခဲ့တယ်။
ဂျော့ရှ် ဆိုရော့စ် က ထိုးကျသွားတဲ့ ပေါင်ငွေတွေကို ပြန်ဝယ်ပြီး ဗြိတိန်ကို ပြန်ဆပ်လိုက်ကာ အဆမတန်မြင့်မားတဲ့ အမြတ်အစွန်းတွေနဲ့ ဗြိတိန်ဈေးကွက်ထဲကနေ ထွက်ခွာသွားခဲ့တာပါ။
“ကားလ်မာ့က်စ် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ သမိုင်းက နှစ်ကြိမ် ပြန်ဖြစ်တတ်တယ်။ ပထမတစ်ကြိမ်က အလွမ်းဇာတ်၊ ဒုတိယတစ်ကြိမ်ကတော့ ဟာသဇာတ် တဲ့”
“ဘာကို ဆိုလိုတာလဲ”
“နောက်ထပ် ငါးနှစ်အကြာမှာ အာရှမှာလည်း အလားတူ ဖြစ်ရပ်တွေ ပေါ်လာခဲ့လို့လေ”
၁၉၉၇ ခုနှစ်မှာ ဂျော့ရှ် ဆိုရော့စ် က အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို ပစ်မှတ်ထားခဲ့တယ်။ Quantum Fund ရဲ့ အပြင်းအထန် ရောင်းချမှုတွေကြောင့် ရူပီးနဲ့ ဘတ်ငွေတွေ ပြိုလဲသွားခဲ့ပြီး အာရှ စီးပွားပျက်ကပ်ကြီး စတင်ခဲ့တာပေါ့။
အဲဒီ စီးပွားပျက်ကပ်ကြီးမှာ တောင်ကိုရီးယားကလည်း နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေ အကုန်ခန်းခြောက်သွားပြီး ဒေဝါလီမခံရအောင် IMF ဆီကနေ ဒေါ်လာတွေကို အရေးပေါ် ချေးယူခဲ့ရတာပါ။
ဒီဖြစ်ရပ်နှစ်ခုကြောင့်ပဲ ဂျော့ရှ် ဆိုရော့စ် ဟာ ‘သင်္ချိုင်းပေါ်မှာ ကတဲ့သူ’နဲ့ ‘ကမ္ဘာ့ငွေကြေး ကစားသူ’ ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့သလို Hedge Fundတွေကြားမှာလည်း ဂန္ထဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
“ငါတို့ရဲ့ မဟာဗျူဟာကလည်း အဲဒီလိုပဲ။ ဒါပေမဲ့ ပိုပြီး ကြီးမားတဲ့ အတိုင်းအတာနဲ့ လုပ်မှာ”
ဒါပေမဲ့ ဒီမှာ အဆုံးအဖြတ်ပေးမယ့် ကွာခြားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ မကြာခင် ဖြစ်လာတော့မယ့် Brexit မဲခွဲပွဲပါ။
တကယ်လို့ ရလဒ်က ဆက်ရှိနေမယ်လို့ ထွက်လာရင် ဗြိတိန်အစိုးရက နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေ ထုတ်သုံးပြီး ကာကွယ်နေစရာ မလိုဘဲ ငွေလဲလှယ်နှုန်းက သူ့အလိုလို ပြန်တည်ငြိမ်သွားပါလိမ့်မယ်။
ဒါပေမဲ့ ရလဒ်က ထွက်သွားမယ်လို့ ဖြစ်လာရင်တော့ သူတို့ ဘယ်လိုပဲ လုပ်လုပ် ပေါင်ငွေ ထိုးကျသွားတာကို တားဆီးဖို့ ခက်ပါလိမ့်မယ်။
“ငါတို့ကတော့ မဲရလဒ် ထွက်လာတဲ့အထိ စောင့်နေရုံပဲ”
ဒေါ်လာ သန်း ၁သိန်းထက်ကျော်တဲ့ ပမာဏကို အချိန်တိုအတွင်းမှာ ဝါးမြိုနိုင်တဲ့ ဈေးကွက်က သိပ်မရှိပါဘူး။
နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်က စတော့ဈေးကွက်နဲ့ နှိုင်းယှဉ်လို့မရအောင် ကြီးမားတာ မှန်ပေမဲ့ ဒီလောက်များပြားတဲ့ ငွေတွေက တစ်ဖက်ထဲကိုပဲ စုပြုံသွားရင်တော့ ဈေးကွက်ပေါက်ဈေးက လှုပ်ခတ်သွားမှာ အသေအချာပါပဲ။
နိုင်ငံခြားငွေ ကစားတယ်ဆိုတာ အစကတည်းက ကတ်တွေကို လှန်ပြပြီး ဖဲကစားနေသလိုပါပဲ။ တိုက်ခိုက်တဲ့သူရော ကာကွယ်တဲ့သူရော တစ်ဖက်လူရဲ့ အင်အားနဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်း သိနေကြတာလေ။
တစ်ဖက်နဲ့တစ်ဖက်ရဲ့ မဟာဗျူဟာကို နားလည်နေကြတာဆိုတော့ ဒါက ကျည်ဆန်တွေလို ပစ်ထုတ်နေတဲ့ ပိုက်ဆံတွေရဲ့ စစ်ပွဲပါ။ နိုင်ငံခြားငွေ ဈေးကွက်ထဲကို ပုံအောဖို့ ပိုက်ဆံကုန်သွားရင် Hedge Fundတွေ ရှုံးမှာဖြစ်ပြီး အဲဒီမတိုင်ခင် နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေ ကုန်သွားရင်တော့ နိုင်ငံက အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။
နိုင်ရင်တော့ အဆမတန်များပြားတဲ့ အမြတ်တွေ ရမှာဖြစ်ပေမဲ့ ရှုံးရင်တော့ ဒေဝါလီခံရမှာပါ။
မဟာမိတ်တွေ များလေလေ တိုက်ခိုက်တဲ့ဘက်က ပိုပြီး အသာစီးရလေပါပဲ။ ဒါကြောင့် Hedge Fundတွေဟာ နိုင်ငံခြားငွေ ဈေးကွက်ကို မတိုက်ခိုက်ခင်မှာ အဲဒီနိုင်ငံရဲ့ စီးပွားရေးနဲ့ ငွေလဲလှယ်နှုန်း ပြဿနာတွေကို လူသိရှင်ကြား ဝေဖန်လေ့ ရှိကြပါတယ်။ ဒါမှ သူတို့ဘက်က ဝန်းရံမယ့်သူတွေ များလာမှာလေ။
၁၉၉၂ ခုနှစ်တုန်းကတောင် Quantum Fund တစ်ခုထဲသာ ဗြိတိန်အစိုးရကို ယှဉ်ပြိုင်ခဲ့တာဆိုရင် ဂျော့ရှ် ဆိုရော့စ် ကပဲ အရင် လက်မြှောက်သွားမှာပါ။
ဒါပေမဲ့ Hedge Fundတွေ အများကြီးက ဂျော့ရှ် ဆိုရော့စ် ဘက်ကနေ ပါဝင်ခဲ့ကြလို့ ဗြိတိန်အစိုးရဟာ သူတို့ဆီကို ပစ်လွှတ်လိုက်တဲ့ ပိုက်ဆံကျည်ဆန်တွေကို မခံနိုင်တော့ဘဲ နောက်ဆုံးမှာ လက်နက်ချခဲ့ရတာပါ။
ဒီနေရာမှာ ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့ လုံးဝ ကွဲပြားပါတယ်။
ဗြိတိန်အစိုးရကို ပြိုလဲအောင် လုပ်နိုင်တာက ကျွန်တော်တို့ မဟုတ်ဘဲ မဲပေးခွင့်ရှိတဲ့ ဗြိတိန်နိုင်ငံသားတွေပါပဲ။
ဒါကြောင့် နိုင်ငံခြားငွေ ကစားတဲ့သူတွေက ဗြိတိန်ရဲ့ နိုင်ငံခြားငွေ ဈေးကွက်ကို အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အမြင်မျိုး မဖြစ်အောင် တားဆီးဖို့က အရမ်း အရေးကြီးပါတယ်။
ဒါကြောင့် OTK Company ရဲ့ ရန်ပုံငွေတွေကို နှစ်ပိုင်းခွဲပြီး တစ်ဖက်မှာ ပေါင်ငွေတွေကို ရောင်းသလို နောက်တစ်ဖက်မှာလည်း ယန်းငွေတွေကို ဝယ်ယူခဲ့ပါတယ်။
တကယ်လို့ အရောင်းအဝယ် နည်းတဲ့ ငွေကြေးမျိုးဆိုရင် ငွေလဲလှယ်နှုန်းက ချက်ချင်း လှုပ်ခတ်သွားမှာပါ။ ဒါပေမဲ့ ပေါင်ငွေနဲ့ ယန်းငွေက အဓိက ငွေကြေးတွေ ဖြစ်နေတာရယ်၊ နေ့စဉ် ဒေါ်လာနဲ့ ပေါင်၊ ဒေါ်လာနဲ့ ယန်း တို့ရဲ့ အရောင်းအဝယ် ပမာဏက အရမ်းများတာရယ်ကြောင့် ကျွန်တော်တို့ရဲ့ အရောင်းအဝယ်တွေကို အချိန်ယူပြီး တတ်နိုင်သမျှ တိုးတိုးတိတ်တိတ်ပဲ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ “အမြီးရှည်ရင် အနင်းခံရတတ်တယ်” ဆိုတဲ့ စကားအတိုင်းပေါ့။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်တိုက် ထုတ်ရောင်းနေတဲ့အခါ ငွေလဲလှယ်နှုန်းက တစ်ဖက်ထဲကို ဦးတည်ပြီး ရွေ့လျားလာတော့တယ်။ ကျွန်တော်တို့က ချေးထားတဲ့ ပိုက်ဆံတွေနဲ့ FX margin trading လုပ်နေတယ်ဆိုတဲ့ အချက်က ဘဏ္ဍာရေး လောကတစ်ခုလုံးကို ပျံ့သွားခဲ့တယ်။
ငွေလဲလှယ်နှုန်းက အရမ်းကြီး လှုပ်ခတ်သွားတဲ့အခါ ကျွန်တော်တို့ဘက်က တခြား မဟာဗျူဟာတစ်ခု ထပ်ပြီး စဉ်းစားရတော့မှာပါ။ တော်သေးတာက ဒီပြဿနာကို ဈေးကွက်က သူ့အလိုလို ဖြေရှင်းပေးသွားခဲ့တာပါပဲ။
ပေါင်ငွေတန်ဖိုးက တကယ်နည်းတာမဟုတ်ဘဲ ဟန်ဆောင် နည်းသွားပြီး ယန်းငွေတန်ဖိုးက တက်မြင့်တက်သွားတာမဟုတ်ဘဲ ဟန်ဆောင် မြင့်တက်သွားတယ်လို့ ယူဆတဲ့အခါ အခြေအနေကို စောင့်ကြည့်နေကြတဲ့ Hedge Fundတွေ အပါအဝင် ဘဏ္ဍာရေးကုမ္ပဏီတွေက လှုပ်ရှားလာကြပါတယ်။
“ဒီကောင်တွေကို ကြည့်ဦး”
သူတို့က အစိုးရဘက်ကနေ ပါဝင်လာကြတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဗြိတိန်အစိုးရနဲ့အတူ ပေါင်ငွေတွေကို ဝယ်ယူပြီး ဂျပန်အစိုးရနဲ့အတူ ယန်းငွေတွေကို ပြန်ရောင်းကြတာပေါ့။
သာမန် အခြေအနေမျိုးမှာဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့ ရှုံးဖို့က သေချာသလောက် ရှိနေပါပြီ။
ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ခဲယမ်းမီးကျောက်က ဒေါ်လာ သန်း ၁သိန်းပဲ ရှိတာလေ။ အဲဒါတောင် ဈေးကွက်နှစ်ခုမှာ ခွဲပြီး စစ်တိုက်နေရတာ။
ဂျော့ရှ် ဆိုရော့စ် က ဗြိတိန်ကို အနိုင်ယူတုန်းက ဒေါ်လာ သိန်းပေါင်း ကုဋေတစ်သန်းလောက်အထိ ပုံအောခဲ့တာနဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲ့ အရင်းအနှီးက တကယ့်ကို မလောက်မငှပါပဲ။
တက်ဂယူ က ပြောတယ်။
“ဒါ အခြေအနေ မကောင်းတာ မဟုတ်လား”
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
“မဟုတ်ဘူး။ ပြောင်းပြန်ပဲ”
လန်ဒန် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်။
နိုင်ငံခြားငွေ အရောင်းကိုယ်စားလှယ်တွေက တရဟော ဝင်လာတဲ့ အော်ဒါတွေကို ကိုင်တွယ်ဖို့ အလုပ်များနေကြတယ်။
ပေါင်ငွေတွေကို ဆက်တိုက် ရောင်းချနေလို့ တန်ဖိုးကျလာတဲ့အခါ အစိုးရက နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေတွေ ထုတ်သုံးပြီး တုံ့ပြန်ခဲ့သလို ပေါင်ငွေ ဈေးပြန်တက်မယ်လို့ ခန့်မှန်းထားတဲ့ တခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေလည်း ဝယ်ယူတဲ့ဘက်မှာ ပါဝင်လာကြတယ်။
ဒါပေမဲ့ ပေါင်ငွေက ပြန်တက်လာတာနဲ့ စောင့်နေသလိုမျိုး အရောင်းအော်ဒါတွေက အလုံးအရင်းနဲ့ ထပ်ပြီး ဝင်လာပြန်တယ်။
ဂျော့ရှ် က ခဏခဏ ပြောင်းလဲနေတဲ့ ငွေလဲလှယ်နှုန်းတွေကို ကြည့်ရင်း ရေရွတ်လိုက်တယ်။
“သူတို့က အရောင်းအော်ဒါတွေ ရှိနေသရွေ့ ဆက်ပြီးတော့ ရောင်းနေဖို့ ကြံနေတာလား”
ဒီလိုမျိုး စွန့်စားရတဲ့ အရောင်းအဝယ်မျိုးကို အခုဆို Hedge Fundတွေတောင် ရှောင်လာကြပါပြီ။ အောင်မြင်နိုင်ခြေ နည်းသွားတာရယ်၊ ရှုံးသွားရင် ခံစားရမယ့် အန္တရာယ်ကို မခံနိုင်တာရယ်ကြောင့်ပေါ့။
ဂန္ထဝင်ကြီး ဂျော့ရှ် ဆိုရော့စ် တောင်မှ ရုရှားဈေးကွက်မှာ အဆမတန် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ နောက်ဆုတ်ခဲ့ရတယ် မဟုတ်လား။
“တကယ်ပဲ Brexit က ဖြစ်လာမယ်လို့ မင်းတို့ ထင်နေတာလား”
ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ဗြိတိန်သာ EU ကနေ နှုတ်ထွက်သွားရင် ပေါင်ငွေတန်ဖိုးက ၁၀ ရာခိုင်နှုန်းထက်မက ကျသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါပေမဲ့ မဲမပေးခင် အချိန်အထိ ဆက်ရှိနေမယ် ဆိုတဲ့ဘက်က အသာစီးရနေတုန်းဖြစ်သလို နိုင်ငံခြားငွေနဲ့ စတော့ဈေးကွက်တွေ တည်ငြိမ်နေတာကလည်း အဲဒီရလဒ်ကိုပဲ ညွှန်ပြနေတာပါ။
တကယ်လို့ Brexit သာ ဖြစ်မလာခဲ့ရင်...
ဂျော့ရှ် က ခပ်ယဲ့ယဲ့ ရယ်လိုက်တယ်။
“ဒီ အိုတာကူကောင်တွေတော့ ဒေဝါလီခံရတော့မှာပဲ”
အတန်းဆင်းလို့ အပြင်ထွက်လာတဲ့အချိန်မှာ ဟောင်ကောင်ကနေ ဖုန်းဝင်လာတယ်။
“မင်္ဂလာပါ။ မစ္စတာကန်။ အရင်တုန်းက နှုတ်ဆက်ခဲ့ဖူးတဲ့ ချေ့ ဆောက်ဝဲ ပါ”
Golden Gate Asia ရဲ့ စီအီးအို က ငါ့ဆီကို ဖုန်းဆက်တယ် ဟုတ်လား။
ခဏတော့ အံ့သြသွားပြီး ကျွန်တော် နားကြားမှားတာလားလို့တောင် ထင်မိသွားတယ်။
“ဪ။ ဟုတ်ကဲ့။ မင်္ဂလာပါ”
“မတွေ့ရတာ ကြာပြီနော်”
“ဟုတ်ကဲ့။ နေကောင်းတယ် မဟုတ်လား”
ကျွန်တော်တို့က တကယ့် ရင်းနှီးတဲ့သူတွေလိုပဲ စကားတွေ ဖောင်ဖွဲ့နေကြတယ်။ သူက ကျွန်တော့်ဆီကို အကြောင်းမရှိဘဲ ဖုန်းဆက်စရာ အကြောင်း မရှိပါဘူး။ ခဏနေတော့ သူက တိုက်ရိုက်ပဲ မေးလာတယ်။
“OTK Company က နိုင်ငံခြားငွေ ဈေးကွက်မှာ လုပ်နေတာတွေကို မစ္စတာကန် ကောင်းကောင်း သိနေပုံရတယ်”
ကျွန်တော် ခပ်ယဲ့ယဲ့ ရယ်လိုက်တယ်။
“သတင်းတွေက တော်တော်လေး ပြန့်သွားပုံရတယ်”
“ငါက မစ္စတာကန် ကို တကယ့် ရင်းနှီးမြှုပ်နှံသူကြီး တစ်ယောက်လို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အခုလို မဆင်မခြင် ရင်းနှီးမြှုပ်နှံနေတာကိုတော့ ငါ နားမလည်နိုင်ဘူး။ အခုပဲ ရပ်လိုက်ပါ။ အခုဆိုရင် နောက်မကျသေးပါဘူး”
OTK Company က ဈေးကွက်နှစ်ခုလုံးမှာ အရှုံးကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတာလေ။ အခုအချိန် အကုန်ပြန်ရောင်းပြီး ထွက်လိုက်မယ်ဆိုရင်တောင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ ဆုံးရှုံးမှာပါ။
“ဒါက စီးပွားဖက် တစ်ယောက်အနေနဲ့ ပြောတာ မဟုတ်ဘဲ မိတ်ဆွေသူငယ်ချင်း တစ်ယောက်အနေနဲ့ ပြောတာပါ”
“...”
အာရှရဲ့ ဂန္ထဝင် ရင်းနှီးမြှုပ်နှံသူကြီး ချေ့ ဆောက်ဝဲ က ကျွန်တော့်ကို မိတ်ဆွေသူငယ်ချင်းလို့ ခေါ်နေပါတယ်။
ကန်ဂျင်ဟူဆိုတဲ့ ငါကတော့ တကယ့်ကို အောင်မြင်နေပြီပဲ။
အဲဒီလို တွေးပြီး စိတ်ထဲမှာ ပြုံးလိုက်မိတယ်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဲ... ကျွန်တော်လည်း မိတ်ဆွေသူငယ်ချင်း တစ်ယောက်အနေနဲ့ပဲ တစ်ခုလောက် ပြောပါရစေ”
“ဘာလဲ”
“ကျွန်တော်ကတော့ ဒါကို အဆုံးအထိ သွားဖို့ စိတ်ကူးထားတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်တော့မှ မရပ်တည်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ ရလဒ် ထွက်လာတဲ့အခါမှာတော့ အကြောင်းရင်းကို သိလာပါလိမ့်မယ်”
ဒါက နားမဝင်နိုင်စရာကြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရှုံးကို အသိအမှတ် မပြုချင်တဲ့ မာနလို့လည်း မြင်နိုင်တာပေါ့။
ဒါပေမဲ့ ကျွန်တော်ကတော့ အတည်ပြောတာပါ။ အနည်းဆုံးတော့ Golden Gate ကိုတော့ အရှုံးမပေးစေချင်ဘူးလေ။
ခဏနေတော့ ချေ့ ရဲ့ အသံ ထွက်လာတယ်။
[မင်းအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်]
အခန်း (၆၂)
OTK ကုမ္ပဏီက နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ထဲကို ပိုက်ဆံတွေ ပုံအောထည့်နေသလို၊ K ကုမ္ပဏီက စီနီယာ ဆန်းယော့ကလည်း ကုမ္ပဏီမှာရှိတဲ့ ပြည်တွင်း Startup ရှယ်ယာတွေကို အပေါင်ထားပြီး နေရာအနှံ့ကနေ ရန်ပုံငွေတွေ ရှာနေပါတယ်။ ဒီလိုနဲ့ စုမိဆောင်းမိရှိတဲ့ ငွေသားတွေနဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း ဝမ် သန်းပေါင်း ၁.၁ ကုဋေလောက် ရှိလာခဲ့ပါပြီ။
မကြာခင်မှာ ဖြစ်လာတော့မယ့် Brexit လူထုဆန္ဒခံယူပွဲ မတိုင်ခင်မှာပဲ ဆန်းယော့က ဒီပိုက်ဆံတွေကို သုံးပြီး ကမ္ဘာ့စတော့ဈေးကွက်တွေရဲ့ Put options တွေကို ဝယ်လိုက်တယ်။ တကယ်လို့ ယူကေကသာ EU ထဲက ထွက်သွားမယ်ဆိုရင် ရေရှည်မှာ ဘာဖြစ်မယ်ဆိုတာ မသေချာပေမဲ့ ရေတိုမှာတော့ တစ်ကမ္ဘာလုံးရဲ့ ငွေကြေးဈေးကွက်ကို ရိုက်ခတ်သွားမှာ အသေအချာပါပဲ။ ဒီလိုအခြေအနေမျိုးက တစ်ဖက်မှာလည်း မျှော်လင့်မထားတာမျိုး ဖြစ်နေနိုင်သလို၊ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း ယူဆထားကြတာမလို့ တကယ်သာ ဖြစ်လာရင် ရိုက်ခတ်မှုက ပိုပြီး ပြင်းထန်ပါလိမ့်မယ်။
ကမ္ဘာ့စတော့ဈေးကွက်တွေလည်း တစ်ပြိုင်နက်တည်း ပြိုလဲသွားနိုင်ခြေ ရှိနေတာပါ။ စီနီယာဆန်းယော့က ကျွန်တော့်ကို ပြောတယ်။
"ငါ အရင်က CL Electronics ရဲ့ Call options တွေအတွက် အပြင်ကနေ အတိုးနဲ့ ပိုက်ဆံချေးပြီး လောင်းတုန်းက ငါ့ဘဝမှာ အမိုက်မဲဆုံး အလုပ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု လုပ်နေတာနဲ့ ယှဉ်လိုက်ရင် အဲဒါက ဘာမှမဟုတ်တော့ဘူး။ Derivative ဈေးကွက်ထဲမှာ ဝမ် သိန်းပေါင်း ၁ကုဋေကျော်ကို ပုံအောလိုက်တာကွ"
ကျွန်တော်ကိုယ်တိုင်လည်း ရလဒ်ကို ကြိုမြင်နိုင်ဖို့ ကြိုးစားနေပေမဲ့ ထိတ်လန့်မှုကိုတော့ ခံစားနေရတုန်းပဲ။ ရေတွေ ခါးလောက်အထိ တက်နေတဲ့ ကျဉ်းမြောင်းတဲ့ နေရာတစ်ခုထဲ ရောက်နေသလိုမျိုး ခံစားချက်မျိုးပေါ့။
"အကောင်းဆုံးပဲ မျှော်လင့်ကြတာပေါ့"
တကယ်လို့သာ အောင်မြင်သွားရင်တော့ ရမယ့်အမြတ်က မနည်းမနောပါ။ ဒါပေမဲ့…
ရှုံးသွားရင်တော့ အားလုံး အဆုံးသတ်သွားမှာလေ။
သမိုင်းဝင် ဆန္ဒခံယူပွဲကြီး နီးကပ်လာတာနဲ့အမျှ ယူကေရဲ့ အခြေအနေက တင်းမာနေပါတယ်။ တီဗွီပေါ်မှာလည်း EU ထဲက ထွက်ချင်တဲ့သူတွေနဲ့ ဆက်နေချင်တဲ့သူတွေက အပြန်အလှန် အငြင်းပွားနေကြပြီး နိုင်ငံသားတွေကြားထဲမှာလည်း သဘောထားတွေ ကွဲလွဲနေကြတာပေါ့။ တချို့ကလည်း ထွက်သွားရင် စီးပွားရေး မရေမရာ ဖြစ်သွားနိုင်တယ်လို့ သတိပေးနေကြပြီး တချို့ကလည်း ထွက်လိုက်တာကမှ စီးပွားရေး ပြန်ဦးမော့လာဖို့ လျှို့ဝှက်ချက်ပဲလို့ ယုံကြည်နေကြတာပါ။
စော်ကားပုတ်ခတ်မှုတွေနဲ့ ကောလာဟလတွေကလည်း ပျံ့နှံ့နေသလို လမ်းမတွေပေါ်မှာလည်း EU အလံတွေနဲ့ ယူကေအလံတွေက တလူလူ လွင့်နေကြပါတယ်။ ယူကေက ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၅ ရှိသလို ဂျာမနီ၊ ပြင်သစ်တို့နဲ့အတူ EU ရဲ့ မဏ္ဍိုင်တစ်ခုလည်း ဖြစ်နေတာကြောင့် ဓနသဟာယ နိုင်ငံတွေတင်မကဘဲ တစ်ကမ္ဘာလုံးအပေါ်မှာပါ ဩဇာညောင်းတဲ့သူ ဖြစ်နေပါတယ်။ ဒါကြောင့် Brexit ဆိုတာ ယူကေနဲ့ EU ကြားက ကိစ္စတင် မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမယ့် ဖြစ်ရပ်ကြီး ဖြစ်နေတာပေါ့။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ဆန္ဒမဲရလဒ်နဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရိုက်ခတ်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြတယ်။
မဲပေးမယ့်ရက် နီးကပ်လာတာနဲ့အမျှ ငွေကြေးဈေးကွက်တွေက ပိုပြီး အလုပ်ရှုပ်လာတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ စတော့ဈေးကွက်နဲ့ Derivative ဈေးကွက်တွေမှာလည်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကစားသူတွေ ပြည့်နှက်နေတာပေါ့။ ရင်းနှီးမြှုပ်နှံသူ အများစုကတော့ ယူကေက EU ထဲမှာပဲ ဆက်နေလိမ့်မယ်လို့ ခန့်မှန်းကြပြီး စတော့ဈေးတက်တာနဲ့ ငွေတန်ဖိုးကျတာတွေမှာ ရင်းနှီးမြှုပ်နှံ ထားကြတယ်။
ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့ Golden Gate ကတော့ အခြေအနေကို စောင့်ကြည့်နေတုန်းပါပဲ။ အဲဒီအစား သူတို့ဆီမှာ ရှိထားတဲ့ စတော့တွေနဲ့ Call options တချို့ကိုတောင် ပြန်ထုတ်ရောင်းလိုက်သေးတယ်။
ဒါက ယူကေဘဏ်ခွဲ မန်နေဂျာ တက် ဘရု ရဲ့ ဆုံးဖြတ်ချက်ပေါ့။ မကြာသေးခင်ကမှ အာရှဘဏ်ခွဲဆီကနေ ဖုန်းလက်ခံရရှိထားတာပါ။
[ငါ အစိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်ပေမဲ့ Brexit မှာ မျှော်လင့်မထားတဲ့ ရလဒ်တွေ ထွက်လာနိုင်တယ်လို့ ခံစားနေရတယ်။ ဆန္ဒမဲရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ကြည့်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်။]
"ကောင်းပါပြီ"
တက် က ချေ့ ဆောက်ဝဲကို တကယ့်ကို လေးစားတဲ့သူဖြစ်သလို သူ့ရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလိမ့်မယ်လို့လည်း ယုံကြည်နေတယ်။
တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုက ယူကေအပေါ်မှာ ရှိနေတုန်းမှာပဲ ကံကြမ္မာကို ဆုံးဖြတ်မယ့်ရက်က ရောက်လာခဲ့ပြီ။
ယူကေစံတော်ချိန် မနက် ၇ နာရီ၊ ကိုရီးယားစံတော်ချိန် နေ့လယ် ၃ နာရီမှာ Brexit အတွက် လူထုဆန္ဒခံယူပွဲ စတင်ခဲ့တယ်။
ဒီလူထုဆန္ဒခံယူပွဲကို ယူကေတစ်နိုင်ငံလုံးမှာ ကျင်းပတာပါ။ အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်မြောက်ပိုင်းနဲ့ ဂျီဘရောလ်တာတို့က ဒေသခံတွေက မဲရုံတွေမှာ စုရုံးပြီး မဲပေးကြတာပေါ့။
မဲပေးတဲ့ အခြေအနေတွေကို BBC၊ CNN နဲ့ ပြည်တွင်းသတင်းဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပေးနေတယ်။ ကျွန်တော်လည်း တက်ဂယူနဲ့ အတူတူ မအိပ်ဘဲ မဲပေးတဲ့ အခြေအနေတွေကို စောင့်ကြည့်နေမိတယ်။
မဲပေးတာက ယူကေစံတော်ချိန် မနက် ၆ နာရီ (ယူကေစံတော်ချိန် ည ၁၀ နာရီ) မှာ ပြီးဆုံးသွားပါတယ်။ မဲရုံတွေ ပိတ်လိုက်တာနဲ့ ရက်အတော်ကြာ ပိတ်ပင်ထားခဲ့တဲ့ လူထုသဘောထား စစ်တမ်းတွေက ဖွေးဖွေးလှုပ် ထွက်လာတော့တာပဲ။
တက်ဂယူက ကြောင်ကြည့်နေပြီး ပြောလိုက်တယ်။
"ဆက်နေချင်တဲ့ဘက်က တော်တော်လေး အသာစီး ရနေတာပဲ"
"သဘောထားစစ်တမ်းတွေကို ယုံလို့မရဘူး။ တကယ့်ရလဒ်က မဲပုံးတွေကို စစ်ကြည့်မှ သိရမှာ"
ကျွန်တော်ကသာ ပါးစပ်ကနေ အဲလိုပြောနေရပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး တုန်လှုပ်နေမိတယ်။
ဆက်နေချင်တဲ့ဘက်က အသာရနေမယ်လို့ ခန့်မှန်းထားပေမဲ့ မဲကွာခြားချက်က ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတာပါ။ ခန့်မှန်းတွက်ချက်မှုတွေအရ ကြည့်မယ်ဆိုရင်တောင် ဆက်နေချင်တဲ့ဘက်က အခြေအနေ ကောင်းနေပြီလို့ ပြောလို့ရပါတယ်။
အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်ပါ့မလား။
မဲရေတွက်တာကို ချက်ချင်း စတင်လိုက်တယ်။ တကယ်လို့ မဲကွာခြားချက်က သိသိသာသာ ကြီးမားနေမယ်ဆိုရင် ရလဒ်ကို မြန်မြန်သိရမှာ ဖြစ်ပေမဲ့ အခြေအနေက ကပ်နေမယ်ဆိုရင်တော့ မွန်းလွဲပိုင်းလောက်အထိ စောင့်ရနိုင်တယ်။
ရွေးကောက်ပွဲ ထုတ်လွှင့်ချက်ကို ကြည့်နေရင်းနဲ့ ကျွန်တော် ကျောပိုးအိတ်ကို ပြင်လိုက်တယ်။
"ဘယ်သွားမလို့လဲ"
"ကျောင်းသွားရမယ်လေ။ မနက်ပိုင်း အတန်းရှိတယ်"
တက်ဂယူက နားမလည်နိုင်သလို ကြည့်နေပြီး ပြောတယ်။
"ဒီလို အရေးကြီးတဲ့နေ့မှာ ကျောင်းသွားမလို့လား"
"ငါ ရှိနေလို့လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးကွာ"
မဲပေးတာက ပြီးသွားပါပြီ။ ရလဒ်ကလည်း ထွက်နေပါပြီ။ မဲရေတွက်တာက အဲဒါကို အတည်ပြုတဲ့ လုပ်ငန်းစဉ်တစ်ခုပဲလေ။
တကယ်တော့ ကျောင်းတစ်ရက်လောက် ပျက်လည်း ဘာမှမဖြစ်ပေမဲ့ အိမ်မှာ ဒီအတိုင်း ထိုင်နေရတာက ကျွန်တော့်ကို ပိုပြီး စိတ်ပူစေတယ်။
ကျောင်းသွားနေလိုက်တာကမှ ပိုကောင်းဦးမယ်။
"မင်း ဆက်ကြည့်နေမှာလား"
"ဒါပေါ့။ ဒါက သေရေးရှင်ရေး ကိစ္စလေ"
"..."
တက်ဂယူ ပြောတာကို ကြားမှ တခြားနိုင်ငံရဲ့ လူထုဆန္ဒခံယူပွဲမှာ အရာအားလုံးကို ပုံအော လောင်းကြေးထပ်ထားရတာက ဘယ်လောက်တောင် လက်တွေ့ဆန်လဲဆိုတာ ကျွန်တော် သတိထားမိသွားတယ်။
"နောက်မှ ပြန်ပြောကြတာပေါ့"
ကျွန်တော် အိမ်ကနေ ထွက်ခါနီးမှာ တက်ဂယူက ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်တယ်။
"မသွားခင် တစ်ခုလောက် ကတိပေးဦး"
"ဘာလဲ"
တက်ဂယူက ကျွန်တော့်ကို တကယ့်ကို အတည်ကြီး ကြည့်နေပြီး ပြောလိုက်တယ်။
"တကယ်လို့ မင်းသာ အကုန်ရှုံးသွားလို့ ငရဲခန်းမှာ အလုပ်ဆင်းရတော့မယ်ဆိုရင်တောင် လစာထုတ်တဲ့ရက်ကျရင် ငါ့ကို ဘီယာတစ်ဘူး ဝယ်တိုက်မယ်လို့ ကတိပေး"
"ဘာတွေ လျှောက်ပြောနေတာလဲ"
"ကတိပေးမှာသာ ပေးစမ်းပါ"
ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ပဲ ခေါင်းငြိမ့်လိုက်မိတယ်။
"အေးပါ။ ကတိပေးတယ်"
တက်ဂယူက ခေါင်းငြိမ့်ပြပြီး ပြောတယ်။
"မဟုတ်သေးပါဘူး… ပြန်စဉ်းစားကြည့်တော့ တစ်ဘူးတည်းနဲ့ မလောက်ဘူး။ နှစ်ဘူး ဝယ်တိုက်ရမယ်"
"······အေးပါ။ နှစ်ဘူး ဝယ်တိုက်ပါ့မယ်"
ကျွန်တော့်ရဲ့ အဖြေကို တက်ဂယူက သဘောကျသွားပုံရတယ်။ သူ ခေါင်းငြိမ့်ပြလိုက်တယ်။
"အိုကေ"
ကျွန်တော်လည်း ကားပေါ်တက်ပြီး ကျောင်းကို မောင်းလာခဲ့လိုက်တယ်။
ညက Brexit မဲပေးပွဲ ရှိခဲ့ပေမဲ့ ကမ္ဘာကြီးကတော့ အရင်အတိုင်းပါပဲ။
လမ်းပေါ်မှာ ကားတွေက ပိတ်နေတုန်းပဲ။ ဝတ်စုံပြည့် ဝတ်ထားတဲ့သူတွေကလည်း အလုပ်နောက်မကျဖို့ အပြေးအလွှား သွားနေကြတုန်းပဲ။
တကယ်တော့ လူတိုင်းက တခြားနိုင်ငံရဲ့ ကိစ္စတွေကို စိတ်ဝင်စားနေကြတာမှ မဟုတ်တာ။
ကျွန်တော်သာ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေမယ်ဆိုရင် ယူကေက EU ထဲက ထွက်မလား၊ မထွက်ဘူးလား ဆိုတာထက် မကြာခင် စစ်တော့မယ့် ဖိုင်နယ်စာမေးပွဲတွေနဲ့ တင်ရမယ့် Report တွေကိုပဲ ပိုပြီး စိတ်ပူနေမိမှာပါ။
ကားက ကျောင်းဂိတ်ထဲကို ဝင်လာတုန်းမှာပဲ ရှင်ယူရီကို လှမ်းမြင်လိုက်တယ်။
ကျွန်တော်လည်း ကားမှန်ချပြီး "ရှင်ယူရီ၊ လာလေ၊ တက်ခဲ့" လို့ ပြောလိုက်တာပေါ့။
"အို။ စီနီယာ ကန်ဂျင်ဟူ"
ရှင်ယူရီက ကားရှေ့ခန်းထဲကို အမြန်တက်လာတယ်။ ထိုင်ခုံကို မှီလိုက်ရင်းနဲ့ သမ်းဝေလိုက်သေးတယ်။
"အိပ်ငိုက်နေတာလား"
ကျွန်တော့်မေးခွန်းကို ရှင်ယူရီက ခေါင်းငြိမ့်ပြပြီး ပြောတယ်။
"ညက တစ်ညလုံး မအိပ်ရဘူး"
"ဘာလို့လဲ"
"Brexit မဲပေးပွဲ ရှိနေတာလေ။ ခဏလောက် ကြည့်ပြီးမှ အိပ်မယ်လို့ စိတ်ကူးထားတာ၊ သတိလည်း ပြန်ဝင်လာရော မနက်တောင် ရောက်နေပြီ"
"ဪ"
ကျွန်တော်လည်း တစ်မှေးမှ မအိပ်ရသေးတော့ ယူရီနဲ့ အတူတူပါပဲ။
ကားပါကင် ထိုးပြီးတော့ စီးပွားရေးစီမံခန့်ခွဲမှုဌာန အဆောက်အဦးဆီ သွားတဲ့လမ်းမှာ ယွန်ဆွန်းအာနဲ့ တွေ့တယ်။ ဆွန်းအာက သူ့ရည်းစားနဲ့ အတူတူရှိနေတာပါ။
ဆွန်းအာက ပြုံးပြုံးလေး နှုတ်ဆက်လာတယ်။
"ဟိုင်း။ နင်တို့နှစ်ယောက်က အတူတူ လာကြတာကိုး"
ရှင်ယူရီကလည်း ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ဟုတ်တယ်၊ စီနီယာ ကန်ဂျင်ဟူရဲ့ကားနဲ့ လိုက်လာတာ"
ကျွန်တော် Porsche Panamera ဝယ်ထားတဲ့ သတင်းက ကျောင်းထဲမှာ ပျံ့နေပြီးသားပါ။ ဆွန်းအာက စပ်စုချင်နေပုံရပေမဲ့ ဘာမှတော့ မမေးခဲ့ဘူး။
ဂိုဂျွန်ဟျွန်းက ကျွန်တော့်ကို မြင်တော့ သိသလို လုပ်လာတယ်။
"မတွေ့တာ ကြာပြီနော်"
ကျွန်တော်လည်း ခေါင်းငြိမ့်ပြီး နှုတ်ဆက်လိုက်တာပေါ့။
"နေကောင်းလား။ စီနီယာ"
ဂိုဂျွန်ဟျွန်းက တစ်ခုခုကို သတိရသွားပုံရပြီး ပြောတယ်။
"မင်းက K ကုမ္ပဏီက စီအီးအိုနဲ့ ရင်းနှီးတယ်လို့ ကြားတယ်။ ငါ့ကိုယ်စား စကားလေး တစ်ခုလောက် ပါးပေးပါဦး"
"ဘာစကားလဲဗျ"
"ငါ့အဖေက သူ့ကို တစ်ခါလောက် တွေ့ချင်လို့တဲ့။ အားတဲ့အခါ ကုမ္ပဏီဘက်ကို တစ်ခေါက်လောက် လာခဲ့ပါဦးလို့ ပြောပေးပါ"
သူ့အဖေက GH Group ရဲ့ လက်အောက်ခံဖြစ်တဲ့ GH Construction ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလေ။
ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌက တွေ့ချင်နေတယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ ကျွန်တော်တို့ရဲ့ စီနီယာ ဆန်းယော့က တကယ်ကို အောင်မြင်နေတာပါလား။
"နောက်တစ်ခါ တွေ့ရင် ပြောလိုက်ပါ့မယ်"
ဒီနေ့ ပြီးသွားရင်တော့ စီနီယာ ဆန်းယော့ရဲ့ အခြေအနေက ပြောင်းလဲသွားမှာ အသေအချာပဲ။ သူက ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌ တွေ့ချင်ရင်တောင် တွေ့ဖို့ခက်တဲ့သူ ဖြစ်သွားနိုင်သလို တွေ့ဖို့ တောင်းဆိုတဲ့သူတွေကိုလည်း တွေ့ပေးစရာ မလိုတော့တဲ့ အခြေအနေမျိုးကိုလည်း ရောက်သွားနိုင်ပါတယ်။
ကျွန်တော်လည်း အဲဒီလို အခြေအနေမျိုးမှာ ရှိနေနိုင်တာပဲ။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကျောင်းသားတချို့ ရောက်လာတယ်။
"ဒီနေ့ Brexit ရလဒ် ထွက်လာမှာ သိလား။ ဘောဂဗေဒကျောင်းသားတွေက လောင်းကြေး ထပ်နေကြတာ။ ပါဦးမလား။ ဝမ် ၁ သောင်းကနေ ၅ သောင်းအထိ လောင်းလို့ရတယ်။ အခုကတော့ ဆက်နေချင်တဲ့ဘက်က ၇ချိုး ၃ချိုး ဆိုပြီး အသာစီး ရနေတယ်"
"······"
လောင်းတာက မပြီးသေးဘူး ထင်တယ်။
ကျွန်တော် ဝမ် ၅ သောင်းတန် တစ်ရွက် ထုတ်ပေးလိုက်တယ်။
"ငါက ထွက်သွားမယ့်ဘက်က လောင်းမယ်"
"ဟုတ်ကဲ့။ ၅ သောင်း လက်ခံရရှိပါတယ်"
အဲဒီလူက ပိုက်ဆံကို ယူပြီး စာရင်းထဲမှာ ကျွန်တော့်နာမည်နဲ့ လောင်းကြေးပမာဏကို မှတ်လိုက်တယ်။
ဒါကို ကြည့်နေတဲ့ ဂိုဂျွန်ဟျွန်းက သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ပြောတယ်။
"စိတ်ဝင်စားစရာပဲ။ ငါကတော့ ဆက်နေမယ့်ဘက်က လောင်းမယ်"
"ဟုတ်ကဲ့။ စီနီယာ"
ပြီးတော့ ရှင်ယူရီကိုလည်း မေးလိုက်သေးတယ်။
"ယူရီကော ဘယ်ဘက်ကလဲ"
"ကျွန်မကတော့ စီနီယာ ကန်ဂျင်ဟူနောက်ကို လိုက်ပြီး ထွက်သွားမယ့်ဘက်ကပဲ လောင်းမယ်"
"လူအများစုက ဆက်နေမယ့်ဘက်ကလို့ ပြောနေတာကိုတောင် ထွက်သွားမယ့်ဘက်ကလောင်းမလို့လား"
ကျွန်တော် မေးလိုက်တော့ ရှင်ယူရီက ကျွန်တော့်ကို ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
"စီနီယာတွေက ဒါမျိုး ခန့်မှန်းတဲ့နေရာမှာ တော်တတ်ကြတယ်လေ"
ကျွန်တော်လည်း စိတ်ထဲကနေပဲ ရေရွတ်နေမိတယ်။
"ဒီတစ်ခါတော့ တကယ်ပဲ ခန့်မှန်းထားသလို ဖြစ်ဖို့ လိုပါတယ်"
K ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ အလုပ်ရောက်တာနဲ့ အစည်းအဝေးခန်းထဲမှာ စုရုံးနေကြတယ်။
စီအီးအို ပတ်ဆန်းယော့က ရုံးခန်းထဲမှာပဲ တစ်ညလုံး မအိပ်ဘဲ နေခဲ့တာပါ။ ရေတောင် မချိုးရသေးဘဲ သူ့နေရာမှာ သူ ရှိနေတုန်းပါပဲ။
အစည်းအဝေးခန်းရဲ့ တစ်ဖက်မှာတော့ CNN နဲ့ BBC သတင်းတွေကို ထုတ်လွှင့်နေတဲ့ တီဗွီနှစ်လုံး ရှိနေတယ်။
ရွေးကောက်ပွဲ ရလဒ်တွေကို တိုက်ရိုက် ထုတ်လွှင့်နေတာပေါ့။
ဆက်နေချင်တဲ့ဘက်က အပြတ်အသတ် နိုင်မယ်လို့ မျှော်လင့်ထားကြပေမဲ့ တကယ်တမ်းမှာတော့ ပြိုင်ဆိုင်မှုက ပြင်းထန်နေပါတယ်။ ဒါပေမဲ့ ဆက်နေချင်တဲ့ဘက်က အသာရနေတယ် ဆိုတာကတော့ မပြောင်းလဲသေးဘူး။
မဲရေတွက်တဲ့ အစောပိုင်း အဆင့်တွေမှာ ၅ ရာခိုင်နှုန်းလောက် ကွာခြားချက်က အနည်းငယ် လျော့နည်းသွားပေမဲ့ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်တဲ့အထိ ဆက်နေချင်တဲ့ဘက်က ၅၂ နဲ့ ၄၈ ဆိုပြီး အသာရနေတုန်းပဲ။
Brexit အတွက် စိုးရိမ်မှုတွေ လျော့ကျသွားတာနဲ့အမျှ ကမ္ဘာ့စီးပွားရေးမှာ စိတ်သက်သာရာ ရမှုတွေ ပျံ့နှံ့သွားတယ်။ အာရှဈေးကွက်တွေလည်း အကုန် တက်လာသလို၊ ငွေလဲလှယ်နှုန်းတွေလည်း တည်ငြိမ်သွားတာပေါ့။
ပြီးတော့…
K ကုမ္ပဏီက အာရှဈေးကွက်တွေမှာ ဝယ်ထားတဲ့ Put options တွေရဲ့ တန်ဖိုးကတော့ အောက်ဆုံးကို ထိုးကျသွားတော့တာပဲ။ သန်းထောင်ပေါင်းများစွာက တစ်ခဏချင်းမှာပဲ လွင့်စင်သွားခဲ့ပါပြီ။
ဥရောပနဲ့ အမေရိကန် ဈေးကွက်တွေမှာ ဘာဖြစ်လာမလဲ ဆိုတာကိုလည်း ကြိုတင် ခန့်မှန်းလို့ ရနေပြီလေ။
လူတိုင်းက ဘာစကားမှ မပြောနိုင်ဘဲ တိတ်ဆိတ်နေကြတယ်။
ပတ်ဆန်းယော့က တီဗွီကိုပဲ စိုက်ကြည့်နေမိတယ်။ ကျောင်ဂီက သူ့ကို ပြောလိုက်တယ်။
"စီ-စီနီယာ ဆန်းယော့။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီအတိုင်းဆို အကုန် ပျက်စီးကုန်တော့မှာပဲ။ စီနီယာ တစ်ခုခု ပြောပါဦး။ စီနီယာ"
သူက တော်တော်လေး ထိတ်လန့်နေတာမလို့ ကုမ္ပဏီမှာ 'စီအီးအို' လို့ ခေါ်ရမယ်ဆိုတာကိုတောင် မေ့သွားတဲ့ပုံပါ။ ဒါပေမဲ့ ဘယ်သူကမှ အဲဒါကို အပြစ်မတင်နိုင်ကြဘူး။
ခဏအကြာမှာတော့ ပတ်ဆန်းယော့က စိတ်ကို ပြန်ထိန်းလိုက်ပြီး သက်ပြင်းချသလိုနဲ့ ပြောလိုက်တယ်။
"အင်း။ ငါ ဖုန်းတစ်ချက်လောက် ဆက်လိုက်ဦးမယ်"
အနာဂတ်က ကြိုပြီး သတ်မှတ်ထားပြီးသားလား။ ဒါမှမဟုတ် ပြောင်းလဲလို့ ရနိုင်မလား။
ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံး စိုးရိမ်မှုပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကြောင့် ထွက်သွားချင်တဲ့ မဲဆန္ဒရှင်တွေက ဆက်နေချင်တဲ့ဘက်ကို ပြောင်းသွားမှာကို ကြောက်နေမိတာပါ။
ဒီလိုအခြေအနေမျိုးကို ရှောင်ရှားဖို့အတွက် ကျွန်တော်တို့က ရှယ်ယာတွေကို အချိန်တိုအတွင်း အလုံးအရင်းနဲ့ ထုတ်မပေါင်ဘဲ တစ်လလုံး ဂရုတစိုက်နဲ့ ခွဲပြီး လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ လူတိုင်းကတော့ ကျွန်တော်တို့ ဘာလုပ်နေလဲ ဆိုတာကို ရိပ်မိသွားပုံရတယ်။
ကံကောင်းတာက နှစ်ဖက်စလုံးရဲ့ ပြင်းထန်တဲ့ အငြင်းပွားမှုတွေက ဆက်ရှိနေသလို ငွေကြေးဈေးကွက် ကိစ္စတွေကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ အစိုးရနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဝင်ရောက် စွက်ဖက်မှုတွေကြောင့် ငွေလဲလှယ်နှုန်းက တည်ငြိမ်နေသလို နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ကိုလည်း ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလေ။
အချိန် ဘယ်လောက်တောင် ကုန်သွားပြီလဲတောင် ကျွန်တော် မသိတော့ဘူး။
အခုလို အခြေအနေမျိုးမှာ ကျွန်တော်လည်း စာသင်တာကို အာရုံမစိုက်နိုင်ပါဘူး။ နောက်ဆုံး စစ်ကြည့်တုန်းကတော့ မဲပေးသူ ၃၀ ရာခိုင်နှုန်း ကျော်သွားပြီဖြစ်ပြီး ဆက်နေချင်တဲ့ဘက်က ၄ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေတုန်းပဲ။
စကော့တလန်နဲ့ အိုင်ယာလန်မြောက်ပိုင်းမှာတော့ ဆက်နေချင်တဲ့ဘက်က အသာစီးရနေပြီး ဝေးလ်မှာတော့ ထွက်သွားချင်တဲ့ဘက်က အနည်းငယ် သာနေပါတယ်။
အဓိကက အင်္ဂလန်မှာပဲ ရှိတာပါ။ အင်္ဂလန်ရဲ့ မဲဆန္ဒရှင် အရေအတွက်က တခြားဒေသအားလုံး ပေါင်းတာထက် ပိုများတယ်လေ။ ဒါကြောင့် အင်္ဂလန်ရဲ့ မဲကွာခြားချက်အပေါ် မူတည်ပြီး ဆက်နေမလား၊ ထွက်မလားဆိုတာ ဆုံးဖြတ်သွားမှာပဲ။
ရှင်ယူရီက တိုးတိုးလေး ပြောလာတယ်။
"စီနီယာ့ဆီကို စောစောကတည်းက ဖုန်းတွေ လာနေသလိုပဲနော်"
"ဪ။ ဟုတ်လား"
အိတ်ကပ်ထဲက ဖုန်း တုန်ခါနေတာကို ကျွန်တော် အခုမှ သတိထားမိတော့တယ်။
အတန်းတက်နေတုန်း ဖြစ်ပေမဲ့ ကျွန်တော် ထိုင်ခုံကနေ အမြန် ထလိုက်မိတာပေါ့။
ပါမောက္ခ ကင်မြောင်ဂျွန်က အံ့သြသလိုနဲ့ မေးလာတယ်။
"ဘာဖြစ်လို့လဲ"
"ဖုန်း ခဏ ထွက်ပြောခွင့်ပြုပါ။ ဆရာ"
ကျွန်တော် ကျောင်းစင်္ကြံလမ်းမထဲကို ထွက်လာပြီး ဖုန်းကို ကိုင်လိုက်တယ်။
အစ်မ ဟျွန်းဂျူးရဲ့ အသံကို ကြားလိုက်ရပါတယ်။
[မဲရလာဒ်အခြေအနေတွေကို ကြည့်နေလား]
"ဟုတ်ကဲ့"
[မဲပေးသူ အရေအတွက်က တစ်ဝက်ကျော်သွားပြီ ဆိုပေမဲ့ ဆက်နေချင်တဲ့ဘက်က ၅၂ နဲ့ ၄၈ ဆိုပြီး ဦးဆောင်နေတုန်းပဲ]
လူတိုင်းက ဆက်နေချင်တဲ့ဘက်က နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ကမ္ဘာ့စီးပွားရေးကလည်း သက်ပြင်းချနိုင် သွားပါပြီ။ စတော့ဈေးကွက်တွေ တက်လာသလို၊ ပေါင်ငွေတန်ဖိုးလည်း တက်လာပြီး ယန်းငွေကတော့ ကျသွားတယ်။
ကျွန်တော် ဘယ်လောက်တောင် ရှုံးနေပြီလဲဆိုတာ ခန့်မှန်းလို့တောင် မရတော့ဘူး။ OTK ကုမ္ပဏီက နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ထဲကို ပုံအောထည့်ထားတဲ့ ပိုက်ဆံတွေထဲက ဘယ်လောက်ကို ပြန်ရမလဲ၊ K ကုမ္ပဏီက Put options တွေ ဝယ်ထားတာကနေ ဘယ်လောက် ပြန်ရမလဲ။
ကျွန်တော် လက်နဲ့တောင် မထိတွေ့ဖူးတဲ့ အကောင့်ထဲမှာ နံပါတ်တွေအဖြစ်ပဲ ရှိနေတဲ့ ပိုက်ဆံတွေက သဲအိတ်ထဲက သဲတွေလိုပဲ လက်ကြားထဲကနေ လွင့်ထွက်သွားနေပါပြီ။
စိတ်ကို တည်တည်ငြိမ်ငြိမ် ထားဖို့တောင် ခက်လာပါတယ်။
ရေတွေက နှာခေါင်းနားအထိ ရောက်နေသလိုမျိုး ခံစားချက်ကြီးပဲ။
ငါ မှားသွားတာလား။
ငါ တစ်ခုခုကို မှားတွက်မိသွားတာလား၊ တစ်ခုခုကို မှားလုပ်မိသွားတာလား။
ငါ ဘာကိုများ လွဲချော်သွားတာလဲ။
ကျွန်တော် အစ်မ ဟျွန်းဂျူးကို မေးလိုက်တယ်။
"အခု လက်ကျန်ငွေ ဘယ်လောက် ရှိသေးလဲ"
[ဒေါ်လာ သန်း ၃,၂၀၀ ရှိသေးတယ်]
ငွေလဲလှယ်နှုန်း အတက်အကျကြောင့် မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ Margin calls တွေအတွက်ရယ်၊ ပြီးတော့ အဆိုးဆုံး အခြေအနေတွေအတွက်ရယ်ဆိုပြီး ကျွန်တော်က ရန်ပုံငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ချန်ထားခဲ့တာပါ။
ဒါက ဆုံးဖြတ်ချက်ချရမယ့် အချိန်ပဲ။
ကျန်တဲ့ လက်နက်တွေ အကုန်လုံးကို အခုပဲ သုံးလိုက်မလား၊ ဒါမှမဟုတ် နောက်တစ်ပွဲအတွက် သိမ်းထားမလား။
အစ်မ ဟျွန်းဂျူးက အေးအေးဆေးဆေးပဲ ပြောလာတယ်။
[ကန်ဂျင်ဟူ၊ ဒီလောက်ဆို တော်ပါပြီ။ အခု ရပ်လိုက်ကြရအောင်။ တကယ်လို့ အခု ဆုတ်ခွာလိုက်မယ်ဆိုရင် CarOS နဲ့ Faceit အပါအဝင် ကုမ္ပဏီ တချို့ကိုတော့ ငါတို့ ကယ်တင်နိုင်သေးတယ်]
တကယ်လို့ လက်ကျန် ပိုက်ဆံတွေ အကုန်သုံးလိုက်လို့မှ ဘာမှ မထူးခြားလာရင်တော့ အားလုံး ပြီးသွားမှာပါ။ OTK ကုမ္ပဏီနဲ့ K ကုမ္ပဏီတို့လည်း အကုန်ရှုံးပြီး ဒေဝါလီခံရမှာသေချာပါတယ်။
"ကျွန်တော်..."
ကျွန်တော် စကားစလိုက်တဲ့ အချိန်မှာပဲ ကျွန်တော့်ရှေ့မှာ ဟိုလိုဂရမ် တစ်ခု ပေါ်လာတယ်။
– Brexit ဆန္ဒခံယူပွဲ အောင်မြင်သည် –
"..."
လွန်ခဲ့တဲ့ သုံးလက မြင်ခဲ့ရတာနဲ့ အတူတူပဲ။ မဲပေးပွဲ ပြီးသွားပေမဲ့ အနာဂတ်က ပြောင်းလဲမသွားဘူး။
ယူကေက EU ထဲက ထွက်သွားတော့မှာပါ။
"ကန်ဂျင်ဟူ၊ နားထောင်နေလား"
"ဟုတ်ကဲ့။ နားထောင်နေပါတယ်"
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကျွန်တော် နောက်ဆုံး ညွှန်ကြားချက်ကို ပေးလိုက်တယ်။
"ကျန်တဲ့ လက်ကျန်ငွေ အကုန်လုံးကို သုံးပြီး ပေါင်ငွေပေါ်မှာ အဆ ၅၀ Leverage နဲ့ ရောင်းလိုက်ပါ"