အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇)
ကျွန်တော့်အမေက ပြောတယ်။
“အမေက ဆိုမီကို ဒုံတန်ဘက် လာစရာရှိရင် အမြဲတမ်း ဆက်သွယ်ဖို့ ပြောထားတာ။ ပြီးခဲ့တဲ့တစ်ခေါက် ဟိုတယ်မှာ တည်းခွင့်ရတုန်းက သူ့ရဲ့ အကူအညီတွေအတွက် တကယ်ကို ကျေးဇူးတင်မိလို့လေ”
ဥက္ကဌ လင်ဆိုမီက ပြုံးပြီး ပြန်ဖြေတယ်။
“အစကတော့ ကိတ်မုန့်လေးပဲ လာပေးဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ အန်တီက ကော်ဖီတစ်ခွက်လောက် သောက်သွားပါဦးဆိုပြီး အတင်းတိုက်နေလို့ပါ”
“ရောက်မှတော့ ဒီတိုင်း ဘယ်ပြန်လို့ရမလဲ။ ကဲ… ထိုင်ပါဦး”
စားပွဲပေါ်မှာတော့ လောလောလတ်လတ် ဝယ်လာပုံရတဲ့ ကိတ်မုန့်တစ်လုံးနဲ့ အသင့်ဖျော် ကော်ဖီတချို့ ရှိနေပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့ ကော်ဖီကတော့ Maximပါပဲ။
ကျွန်တော်တို့အားလုံး နေရာယူလိုက်ကြပြီးတဲ့နောက် အမေက ကျွန်တော့်ကို လက်ညှိုးထိုးပြရင်း မေးတယ်။
“ကျွန်မသားကို သိတယ်မလား”
ဥက္ကဌ လင်ဆိုမီက ခေါင်းညိတ်ပြပြီး ပြောတယ်။
“သိတာပေါ့ရှင်”
အမေက သစ်သီးတွေကို အခွံခွာပေးရင်း ကျွန်တော့်ကို ပြောလာတယ်။
“ဪ… ဒါနဲ့ သားက ဥက္ကဌ လင်ဂျင်ယုံနဲ့ ရင်းနှီးတယ်လို့ ပြောဖူးတယ်မလား”
“ဟုတ်ကဲ့… ကျွန်တော်တို့ အချင်းချင်း ကောင်းကောင်းသိကြပါတယ်”
“ဒါဆိုရင် ကောင်းတာပေါ့။ သားအနေနဲ့ ဥက္ကဌ လင်ဂျင်ယုံကို ဆိုမီအကြောင်း ပြောပြပေးပါဦး။ သူ့ညီမက ဆီလွန်ဟိုတယ်ရဲ့ ဥက္ကဌ လို့ ကြားမိတယ်။ ဆိုမီကို ဂရုစိုက်ပေးဖို့ သူ့ကို ပြောပေးဦးနော်”
“……ဗျာ”
ဒါက ဘာကို ဆိုလိုတာလဲ။
ဥက္ကဌ လင်ဆိုမီကို ဆိုမီလို့ ခေါ်ပြီး ဂရုစိုက်ပေးဖို့ ပြောနေတာလား။
ဥက္ကဌ လင်ဆိုမီလည်း စိတ်ရှုပ်ထွေးသွားတဲ့ ပုံစံ ဖြစ်သွားတယ်။
“အမေ ဘာတွေပြောနေတာလဲ။ အခု ရှေ့မှာရှိနေတာက ဥက္ကဌ လင်ဆိုမီ ကိုယ်တိုင်လေ”
ဒါကို ကြားတော့ အမေက ခပ်တိုးတိုး ရယ်မောလိုက်တယ်။
“ဒီကောင်လေးကတော့ ဟာသတွေပဲ ပြောနေတော့တာပဲ…”
“နာမည်တူနေတာကို အမေသတိမထားမိဘူးလား”
“ဟင်”
အမေက ကျွန်တော့်ကိုတစ်လှည့် ဥက္ကဌ လင်ဆိုမီကိုတစ်လှည့် ကြည့်လိုက်တယ်။ ရုတ်တရက် အမေက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခွာနေတဲ့ ပန်းသီးကိုတောင် လက်ထဲကနေ လွှတ်ချလိုက်မိတယ်။
“ဘုရားရေ… မဟုတ်မှလွဲရော”
“အမေ တကယ်ပဲ မသိခဲ့တာလား”
“ငါ… ငါကတော့ သူက ဟိုတယ်ဝန်ထမ်းတစ်ယောက်ပဲလို့ ထင်နေတာ”
ဪ… ဒါကြောင့်မလို့ အမေက “ဥက္ကဌ လင်ဆိုမီ” လို့ မခေါ်ဘဲ “ဆိုမီ” လို့ပဲ တတွတ်တွတ် ခေါ်နေခဲ့တာကိုး။
“အမေ တီဗီမှာလည်း သူ့ကို မြင်ဖူးနေတာပဲလေ”
“မြင်တော့ မြင်ဖူးပါတယ်… ဒါပေမဲ့ အို… ဘုရားရေ… ငါတော့ မယုံနိုင်ဘူး”
တကယ်လို့ တစ်စုံတစ်ယောက်က ထူးခြားတဲ့ ရုပ်ရည်သွင်ပြင်မျိုး မရှိဘူး ဒါမှမဟုတ် တီဗီမှာ ခဏခဏပေါ်နေတဲ့ အောင်ကျော်ကြားသူမျိုး မဟုတ်ဘူးဆိုရင်တော့ အပြင်မှာ အခုလိုမျိုး လူချင်းတွေ့တဲ့အခါ မမှတ်မိတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ မမှတ်မိသေးတာကို ကြည့်ရင်တော့ ကျွန်တော့်အမေက တကယ်ကို သတိမမူမိတတ်တဲ့သူလို့ပဲ ပြောရတော့မယ်ထင်တယ်။
အမေက ချက်ချင်း ထရပ်လိုက်ပြီး ခေါင်းငုံ့ကာ တောင်းပန်တယ်။
“ကျွန်မ တောင်းပန်ပါတယ်။ ဥက္ကဌ ကို စောစောစီးစီး မမှတ်မိခဲ့လို့ပါ”
ဥက္ကဌ လင်ဆိုမီလည်း ပျာပျာသလဲ ဖြစ်သွားပြီး ထရပ်ကာ အမေ့ကို ပြန်ပြီး ဦးညွှတ်ပါတယ်။
“အို… မဟုတ်တာ၊ ကျွန်မဘက်ကလည်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မိတ်မဆက်မိလို့ ဖြစ်ရတာပါ”
“ကျွန်မကတော့ တစ်ချိန်လုံး ဥက္ကဌ မှန်း မသိဘဲ နေခဲ့မိတာ”
“အန်တီက အရင်အတိုင်းပဲ ကျွန်မကို သက်သောင့်သက်သာ ဆက်ဆံပေးလို့ ရပါတယ်။ ကျွန်မက အဲလိုပဲ ပိုပြီး သဘောကျလို့ပါ”
“တကယ်လား၊ အဲလိုလုပ်လို့ အဆင်ပြေပါ့မလား”
ဒီလိုနဲ့ အထင်အမြင်လွဲမှားမှုတွေကို ရှင်းလင်းပြီးတဲ့နောက်မှာတော့ အမေက သစ်သီးတွေ ထပ်ယူဦးမယ်ဆိုပြီး ကမူးရှူးထိုးနဲ့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။
ကျွန်တော်က အခွံခွာထားတဲ့ ပန်းသီးတစ်ဖတ်ကို ခက်ရင်းနဲ့ ထိုးယူလိုက်ပြီး ပြောလိုက်တယ်။
“ဟိုတယ် ဥက္ကဌ က ကိုယ်တိုင်ကိုယ်ကျ လာပြီး ဂရုစိုက်ပေးလိမ့်မယ်လို့ အမေ ထင်မထားခဲ့ပုံပဲ။ ဘာအမှားအယွင်းမှ မရှိခဲ့ဘူးမလား”
ဥက္ကဌ လင်ဆိုမီက ပြုံးပြီး ခေါင်းခါပြပါတယ်။
“အမှားအယွင်း ဟုတ်လား။ အန်တီ့ကြောင့် ငါ နေ့တိုင်း အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းခဲ့တာပါ။ ဪ… ဒါနဲ့ စီအီးအို ကန်ဂျင်ဟူအကြောင်းလည်း အများကြီး ကြားခဲ့ရပါတယ်။ စီအီးအိုကန်ဂျင်ဟူက ငယ်ငယ်ကတည်းက တော်ပြီး စာကြိုးစားတဲ့ ကျောင်းသားတစ်ယောက်လို့ အန်တီကတော့ ပြောတယ်နော်”
ဘာဖြစ်လို့ ရှက်စရာ ကိစ္စတွေအားလုံးက ကျွန်တော့်ဆီပဲ လာပုံနေရတာလဲ။
“အဲဒါက… အမေတွေကတော့ သူတို့သားသမီးတွေအကြောင်း ကြွားရတာကို သဘောကျတတ်ကြတာ ထုံးစံပဲမဟုတ်လား။ နားထောင်ရတာ ပျင်းစရာကောင်းနေမှာပေါ့”
“မဟုတ်ပါဘူး၊ ငါလည်း ငါ့သားအကြောင်း ပြန်ကြွားခဲ့တာပဲလေ။ ငါတို့သားက ဒီတစ်ခေါက် သင်္ချာအိုလံပတ်စ်မှာ ဆုရခဲ့တယ်လို့တောင် ပြောပြခဲ့မိသေးတယ်”
“……”
ပြန်စဉ်းစားကြည့်တော့ သူမှာ သားတစ်ယောက် ရှိတယ်ပဲ။
ကျွန်တော့်အမေက ဆိုဆောင်းအုပ်စုက လူတစ်ယောက်နဲ့ အခုလိုမျိုး သားအကြောင်း အပြိုင်ကြွားနေခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
“ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါလည်း စီအီးအိုကို ဆက်သွယ်ဖို့ လုပ်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်”
ဥက္ကဌ လင်ဆိုမီက အိတ်ထဲကနေ စာအိတ်တစ်အိတ်ကို ထုတ်ပြီး ကျွန်တော့်ဆီ ကမ်းပေးတယ်။
“ငါတို့ ဟိုတယ်ဖွင့်ပွဲ ပါတီကို တက်ရောက်ပေးနိုင်မလားလို့ ဖိတ်ကြားချင်လို့ပါ”
ဆီလွန်ဟိုတယ်က နမ်ဆန်အနီးမှာ ဟိုတယ်နဲ့ အကောက်ခွန်မဲ့ အရောင်းဆိုင် အပါအဝင် ကြီးမားတဲ့ မြေနေရာကို ပိုင်ဆိုင်ထားတာပါ။
အဲဒီမြေပေါ်မှာ ကိုရီးယားရိုးရာ ဟိုတယ်တစ်ခု တည်ဆောက်ဖို့က ဥက္ကဌ လင်ဆိုမီရဲ့ ရေရှည်အိပ်မက်တစ်ခု ဖြစ်ခဲ့တာပါ။ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေကြောင့် တည်ဆောက်ရေး လုပ်ဆောင်ဖို့က အချိန်အတော်ကြာအောင် မလွယ်ကူခဲ့ဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ ပရောဂျက်က နောက်ဆုံးမှာ အတည်ပြုချက် ရရှိခဲ့ပြီး အခုဆိုရင် တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးလုနီးပါး ဖြစ်ကာ ဖွင့်လှစ်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါက မဖွင့်လှစ်ခင် ပြုလုပ်တဲ့ အောင်ပွဲခံ ပါတီတစ်ခု ဖြစ်ပုံရတယ်။
“လာခဲ့ပေးနိုင်မလား”
ကျွန်တော်က ရိုးရိုးသားသားပဲ ပြောလိုက်တယ်။
“အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော် ဒီလိုမျိုး ပွဲလမ်းသဘင်တွေကို တစ်ခါမှ မတက်ဖူးသေးဘူး”
“ဒါဆိုရင် လာကြည့်တာ ပိုပြီး ကောင်းတာပေါ့။ ပထမဆုံးနေ့မှာတော့ စီးပွားရေးသမားတွေပဲ တက်ရောက်ကြမှာပါ။ မီဒီယာတွေ ဒါမှမဟုတ် နိုင်ငံရေးသမားတွေ ရောက်လာမှာကို စိတ်ပူစရာ မလိုပါဘူး”
ကျွန်တော့်အမေအပေါ် ထားခဲ့တဲ့ သူ့ရဲ့ စေတနာတွေကို ပြန်ပြီး ပေးဆပ်ရမယ်လို့ ခံစားလိုက်ရတယ်။ ငြင်းလို့ မကောင်းဘူး မဟုတ်လား။
ကျွန်တော် ခေါင်းညိတ်လိုက်ပါတယ်။
“ကျွန်တော် တက်ရောက်ပါ့မယ်”
“ဝမ်းသာလိုက်တာ။ စီအီးအို ကန်ဂျင်ဟူ လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာပါ”
ဥက္ကဌ လင်ဆိုမီက ကျွန်တော့်ကို ဖိတ်စာ နှစ်စောင် ထပ်ပေးပါတယ်။
“ဒီဖိတ်စာတွေကို ဒုတိယဥက္ကဌ အိုတက်ဂယူနဲ့ စီအီးအို ပတ်ဆန်းယော့တို့ကို ပေးလိုက်ပေးပါ။ တကယ်လို့ အတူတူခေါ်လာချင်တဲ့ အဖော်တွေ ဒါမှမဟုတ် တခြားသူတွေ ရှိတယ်ဆိုရင်လည်း စီအီးအိုတို့ စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်”
“နားလည်ပါပြီ”
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ အမေက သစ်သီးတွေအများကြီး သယ်ပြီး ထွက်လာခဲ့တယ်။ အနည်းငယ် အနေရခက်တဲ့ အငွေ့အသက်တွေကြားထဲမှာပဲ ကျွန်တော်တို့ စကားစမြည် ပြောဆိုခဲ့ကြတယ်။
ခဏကြာတော့ ဥက္ကဌ လင်ဆိုမီက ကော်ဖီသောက်လို့ ပြီးသွားခဲ့ပြီး ထရပ်လိုက်တယ်။
“အို… သွားတော့မလို့လား”
“ကျွန်မလည်း ပိုပြီး နေချင်ပါသေးတယ်၊ ဒါပေမဲ့ ချိန်းထားတာလေးတစ်ခု ရှိနေလို့ပါ”
“ဟုတ်ပါပြီ၊ ဥက္ကဌ ဆိုတော့ အလုပ်ရှုပ်မှာပေါ့။ ကျွန်မကြောင့် အချိန်တွေ အများကြီး ပေးလိုက်ရသလို ဖြစ်သွားလား မသိဘူး”
“ဘာတွေပြောတာလဲ။ အန်တီရယ်။ အန်တီ့ကြောင့် ကျွန်မ ကောင်းကောင်း အနားယူခဲ့ရတာပါ”
ကျွန်တော်တို့က သူ့ကို လိုက်လံပို့ဆောင်ဖို့အတွက် အိမ်ရှေ့အထိ ထွက်လာခဲ့ကြတယ်။
ဥက္ကဌ လင်ဆိုမီက အနည်းငယ် အနေရခက်နေဆဲဖြစ်တဲ့ ကျွန်တော့်အမေ့ကို စပြီး စကားပြောပါတယ်။
“ကျွန်မ နောက်တစ်ခေါက် ထပ်လာလည်လို့ ရမလားဟင်”
ဒါကို ကြားတော့ အမေ့ရဲ့ မျက်နှာက ချက်ချင်း ဝင်းပသွားခဲ့တယ်။
“သေချာပေါက် ရတာပေါ့။ အမြဲတမ်း ကြိုဆိုနေမှာပါ”
ရုံးခန်းကို ပြန်ရောက်တာနဲ့ ကျွန်တော် ဟင်နရီကို လှမ်းခေါ်လိုက်တယ်။
ဘာဖြစ်လို့လဲတော့ မသိဘူး။ သူ့ရဲ့ မျက်နှာအမူအရာက အတော်လေးကို မကျေမနပ် ဖြစ်နေတဲ့ ပုံစံပါပဲ။ မကြာသေးခင်က ခရီးတွေ ခဏခဏ ထွက်နေရလို့လား မသိပါဘူး။
ကျွန်တော်က အရင်ဆုံး နှုတ်ဆက်ဖို့ ကြိုးစားလိုက်ပေမယ့် ဟင်နရီက ကျွန်တော့်ကို ပြန်ပြီး မေးခွန်းထုတ်လာတယ်။
“ဘာကိစ္စရှိလို့လဲ”
“ဘာကို ဆိုလိုတာလဲ”
“အခုဆိုရင် အရေးကြီးတဲ့ အလုပ်တွေအားလုံး ပြီးသွားပြီ မဟုတ်ဘူးလား။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ဖျက်သိမ်းလိုက်ရတဲ့ မော်ဒိုက် အားလပ်ရက် ခရီးစဉ်အကြောင်းကို ဘာမှ မပြောသေးဘူးနော်။ ကူညီပေးမယ်လို့ ပြောခဲ့ပြီးတော့ အခုထိ ဘာမှ မလုပ်ပေးသေးဘူး”
ဪ… ဒါကြောင့်မလို့ မျက်နှာမကြည်တာကိုး။
ကျွန်တော်က ဖိတ်စာကို မြှောက်ပြလိုက်တယ်။
“ငါလည်း အဲဒီအကြောင်းကို ပြောမလို့ပဲ။ သူတို့က ဆီလွန်ဟိုတယ်ရဲ့ ဖွင့်ပွဲ ပါတီကို ကျင်းပတော့မှာ”
သူက စိတ်ဝင်စားမှုမရှိတဲ့ ပုံစံနဲ့ ရုတ်တရက် မေးတယ်။
“ငါပြောနေတာနဲ့ ဘာဆိုင်လို့လဲ”
“ငါက အစ်မ ဟျွန်းဂျူးကို အတူတူသွားဖို့ ပြောမလို့၊ ပြီးတော့ ဟင်နရီအနေနဲ့ သူ့ကို လိုက်ပို့ပေးနိုင်မလားလို့ မေးမလို့ပါ”
ဟင်နရီက ချက်ချင်းပဲ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ခေါင်းကို အောက်အထိ ငုံ့ကာ ပြောပါတယ်။
“ကျေးဇူးတင်ပါတယ်။ စီအီးအို။ ကျွန်တော် နောက်ပိုင်းကျရင် အစွမ်းကုန် ကြိုးစားသွားပါ့မယ်”
“……”
အပြောင်းအလဲကလည်း မြန်ပ့ါ။
ကျွန်တော် Golden Gate အဆောက်အဦးဆီကို ဦးတည်ပြီး ထွက်လာခဲ့တယ်။
“မင်္ဂလာပါ။ အစ်မ ဟျွန်းဂျူး။ ကျွန်တော် ကော်ဖီ ယူလာခဲ့တယ်”
အစ်မ ဟျွန်းဂျူးက စီးကရက် သောက်ရင်း အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။
“ခဏစောင့်ဦး။ ငါ အယ်လီကို လှမ်းခေါ်လိုက်မယ်”
ကျွန်တော် ကော်ဖီသောက်ရင်း စောင့်နေတုန်းမှာပဲ အယ်လီက စာရွက်စာတမ်း အပုံလိုက်ကြီးကို သယ်ပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။ သူက စာရွက်စာတမ်းတွေကို စားပွဲပေါ်မှာ တင်လိုက်ပါတယ်။
“ဒါတွေက အတည်ပြုဖို့ စာရွက်စာတမ်းတွေပါ။ ဖတ်ကြည့်ပြီး လက်မှတ်ထိုးပေးပါဦး”
ကျွန်တော် သူ့ကို မေးလိုက်တယ်။
“ဒီစာရွက်စာတမ်းတွေက ဘာတွေလဲ”
“ဒီလက ဒီဇင်ဘာလလေ”
နှစ်ကုန်ပိုင်း ရောက်တဲ့အခါ ငွေကြေးကုမ္ပဏီတွေက ရှင်းတမ်း အစီရင်ခံစာတွေနဲ့ အလုပ်ရှုပ်တတ်ကြတာ သဘာဝပါပဲ။
အစ်မ ဟျွန်းဂျူးက သူ့ရဲ့ အလုပ်တွေကို အပြီးသတ်လိုက်ပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်တယ်။
ကျွန်တော် ဥက္ကဌ လင်ဆိုမီနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ပြောပြလိုက်တယ်။
“သူက ကျွန်တော့်ကို ဖွင့်ပွဲ ပါတီကို တက်ရောက်ပေးဖို့ ဖိတ်ထားတယ်ဗျ”
“ငါလည်း ဖိတ်စာ ရထားတယ်”
“ဪ… အစ်မ ဟျွန်းဂျူးလည်း ရထားတာလား”
အစ်မ ဟျွန်းဂျူးက ဖိတ်စာရထားတာကို ဘာလို့ ကျွန်တော့်ကို မပြောခဲ့တာလဲဆိုပြီး တွေးမိသွားတယ်။
Golden Gateရဲ့ ရုံးခွဲမန်နေဂျာတစ်ယောက်အနေနဲ့ သူ့ရဲ့ ရာထူးက ကော်ပိုရေးရှင်းကြီးတွေရဲ့ စီအီးအိုတွေထက် ပိုပြီး မြင့်မားတာပါ။ ချေဘော မိသားစုဝင်တစ်ယောက် ဖြစ်တာနဲ့ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက် ဖြစ်တာချင်းတော့ ကွာခြားချက် ရှိနိုင်ပါတယ်။
ဒါတင်မကဘဲ အစ်မ ဟျွန်းဂျူးက OTK ကုမ္ပဏီမှာ ရှယ်ယာ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ အဓိက ရှယ်ယာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
“ဒါက ဘယ်လို ပါတီမျိုးလဲ”
“ဒါက လူမှုရေး တွေ့ဆုံပွဲတစ်ခုပေါ့။ ခေတ်သစ် အထက်တန်းလွှာနဲ့ မှူးမတ်တွေရဲ့ ပါတီလို့လည်း ခေါ်လို့ရပါတယ်”
ပါတီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့သူက သြဇာညောင်းလေလေ၊ လူတိုင်းက ဖိတ်ကြားခံရဖို့ ပိုပြီး အလိုရှိကြလေလေပါပဲ။ တကယ်လို့ ဒါက ထိပ်တန်း ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ ဆိုဆောင်းအုပ်စုက ကျင်းပတဲ့ ပါတီမျိုးဆိုရင်တော့ တက်ရောက်ခွင့်ရရုံတင်နဲ့တင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေမှာပါ။
“ဒီလိုမျိုး ပါတီတွေကို ဟောင်ကောင်မှာလည်း မကြာခဏ ကျင်းပလေ့ရှိတယ်”
ဒီလိုမျိုး လူမှုရေး တွေ့ဆုံပွဲ ယဉ်ကျေးမှုက အနောက်နိုင်ငံတွေဆီကနေ ဆင်းသက်လာတာပါ။ ဟောင်ကောင်က ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ဖူးတာကြောင့် အနောက်တိုင်းယဉ်ကျေးမှုရဲ့ ကြီးမားတဲ့ သြဇာသက်ရောက်မှုတွေ ရှိနေခဲ့တာလေ။ သေးငယ်တဲ့ မြေနေရာလေးတစ်ခုပေါ်မှာ ချမ်းသာတဲ့သူတွေ စုပြုံနေကြတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
အစ်မ ဟျွန်းဂျူးက စီးကရက်ငွေ့ကို ရှိုက်သွင်းရင်း ပြောတယ်။
“ငါ ဟောင်ကောင်မှာရှိတုန်းက အယ်လီနဲ့အတူ တစ်ခါတစ်လေ အဲ့လိုပါတီမျိုးကို သွားလေ့ရှိတယ်”
“တကယ်လား”
အယ်လီက အဲဒီအချိန်တွေကို ပြန်လည်အမှတ်ရနေတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
“ဂျက်စီကာက အာရုံစိုက်မှုကို အခံရဆုံးပဲ။ ချမ်းသာတဲ့ အမျိုးသားတွေ အများကြီးက သူ့ရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် ကြိုးစားခဲ့ကြတာ”
အစ်မ ဟျွန်းဂျူးက တကယ်ကိုပဲ ဆွဲဆောင်မှု ရှိတဲ့လူပါ။ တက်ဂယူကတော့ ဒါကို ဝန်ခံချင်မှာ မဟုတ်ပေမယ့်ပေါ့လေ။
“လူမှုရေး တွေ့ဆုံပွဲဆိုတာက တကယ်ကို အရေးကြီးတဲ့ အခါသမယတစ်ခုပဲ”
“ဪ… အဲလိုလား”
လူတွေက ကိုယ်နဲ့ အဆင့်အတန်းတူတဲ့ လူတွေနဲ့ပဲ အုပ်စုဖွဲ့တတ်ကြတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်တဲ့အခါ အချင်းချင်း ကူညီပေးဖို့နဲ့ အကူအညီယူဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ အရင်တုန်းကတော့ ကော်ပိုရေးရှင်းကြီးတွေက နိုင်ငံရေးလောက၊ မီဒီယာလောကတွေနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြပေမယ့် အဲဒါတွေက အခုဆိုရင် အတိတ်က အကြောင်းအရာတွေ ဖြစ်သွားပါပြီ။
အခုလိုမျိုး ကော်ပိုရေးရှင်းကြီး ပိုမိုကြီးမားလာတဲ့အခါ ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့ ကိုယ်ပိုင်အသိုင်းအဝိုင်းအတွင်းက ဆက်ဆံရေးတွေကို ပိုပြီး အလေးထားလာကြတယ်။
ကော်ပိုရေးရှင်း မိသားစုတွေအချင်းချင်း လက်ထပ်ထိမ်းမြားတာက ထုံးစံတစ်ခုလို ဖြစ်လာခဲ့ပြီး ခိုင်မာတဲ့ မဟာမိတ်အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့ကြတာပါ။ ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေရဲ့ မိသားစု သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် အလယ်ခေတ် ဥရောပက အထက်တန်းလွှာတွေရဲ့ မိသားစု သမိုင်းကြောင်းတွေနဲ့ ဆင်တူနေတာကို တွေ့ရပါလိမ့်မယ်။
“ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ အဲဒါတွေက သိပ်ပြီး မလိုအပ်ပါဘူး”
ကျွန်တော်တို့က လက်ရှိရှိနေတဲ့ အသိုင်းအဝိုင်းရဲ့ ပြင်ပမှာ၊ ရိုးရာလုပ်ငန်းတွေထက်စာရင် လုပ်ငန်းအသစ်တွေကနေတစ်ဆင့် ကြီးထွားလာခဲ့တာပါ။ ဒါကြောင့်မလို့ အကူအညီ လိုအပ်တာမျိုး သိပ်မရှိပါဘူး။ အရေးကြီးတဲ့ လုပ်ငန်းအများစုကလည်း နိုင်ငံရပ်ခြားမှာပဲ အဓိက တည်ရှိနေတာ ဖြစ်ပါတယ်။
အယ်လီက ကျွန်တော့်ကို မေးတယ်။
“သွားမှာလား”
“အင်း။ သွားမယ်လို့ ပြောထားလိုက်ပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က အကူအညီအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပါ”
“အဲဒီပါတီမှာ မိန်းမလှလေးတွေ အများကြီး ရှိနေမှာပေါ့နော်”
ကျွန်တော် ပြုံးလိုက်တယ်။
“စိတ်မပူပါနဲ့။ ငါက အယ်လီနဲ့အတူ သွားမှာပါ။ နင့်ဘက်က လိုက်ခဲ့ဖို့ကော အဆင်ပြေရဲ့လား”
ကျွန်တော့်စကားကြောင့် အယ်လီရဲ့ မျက်နှာက ဝင်းပသွားခဲ့တယ်။
“သေချာပေါက် ပြေတာပေါ့”
အစ်မ ဟျွန်းဂျူးက ခပ်တိုးတိုး ရယ်မောလိုက်တယ်။
“ကော်ပိုရေးရှင်းတွေရဲ့ လူမှုရေး လောကထဲကို ပထမဆုံး ခြေလှမ်းလှမ်းတာပေါ့လေ”
“ကျွန်တော့်အတွက်တော့ အတွေ့အကြုံသစ်တစ်ခုပဲ ဖြစ်မှာပါ”
“ဒါနဲ့ တက်ဂယူကော”
“သူက စီနီယာ ဂျောင်ကီဟုမ်နဲ့အတူ ဂိမ်းပြပွဲတစ်ခုကို သွားကြည့်ဖို့ ဘူဆန်ကို သွားတယ်”
OTK Gamesအနေနဲ့ 'Lost Fantasy' စီးရီးနဲ့အတူ ပါဝင်ပြသနေတာကြောင့် အလုပ်ကိစ္စနဲ့ သွားတာလို့ ပြောလို့ရပေမယ့် သူ့အတွက်တော့ ဝါသနာပါရာကို သွားလုပ်တာ ဖြစ်ပုံရပါတယ်။
သူတို့က ကျွန်တော့်ကိုလည်း ဂိမ်းပြပွဲကို လိုက်ခဲ့ဖို့ဖိတ်ခဲ့ပေမယ့် အလုပ်ကိစ္စတွေကြောင့် မသွားဖြစ်ခဲ့ပါဘူး။
အစ်မ ဟျွန်းဂျူးကတော့ ဒါကို အံ့ဩနေတဲ့ ပုံစံမျိုး လုံးဝမရှိပါဘူး။
“သူ့အတွက်တော့ ဒီလိုပါတီမျိုးထက် ဂိမ်းပြပွဲက ပိုပြီး ပျော်စရာကောင်းနေမှာပဲ”
“အစ်မ ဟျွန်းဂျူးလည်း သွားမှာမလား။ ကျွန်တော်က ဒီလိုပွဲမျိုးကို ပထမဆုံး သွားမှာဆိုတော့ အစ်မကို အတူတူ လိုက်ခဲ့စေချင်တယ်”
သူငြင်းပယ်မှာကို စိတ်ပူနေခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အစ်မ ဟျွန်းဂျူးက ခေါင်းညိတ်ပြတယ်။
“ငါလည်း အလုပ်တွေ ဆက်တိုက်လုပ်နေခဲ့ရတာဆိုတော့ အပြင်ခဏလောက် ထွက်ချင်နေတာနဲ့ အတော်ပဲ။ စိတ်အပြောင်းအလဲဖြစ်အောင် သွားကြတာပေါ့”
သူ စိတ်ပြောင်းမသွားခင်မှာပဲ ကျွန်တော်က ချက်ချင်း ထပ်ပြောလိုက်ပါတယ်။
“ကောင်းလိုက်တာ။ ဒါဆိုရင် အစ်မကို လိုက်ပို့ဖို့ ဟင်နရီကို ပြောလိုက်မယ်နော်”
ဆံပင်ဒီဇိုင်နာတစ်ယောက်ကို အိမ်အထိ ခေါ်ယူပြီး ဆံပင်ပုံစံ ကျွန်တော်က ပြင်လိုက်သလို အဝတ်အစားတွေကိုလည်း သေသေချာချာ ရွေးချယ်ပြီးဝတ်ဆင်လိုက်ပါတယ်။ အယ်လီ လက်ဆောင်ပေးထားတဲ့ Rolexနာရီကိုလည်း ပတ်လိုက်တယ်။
အဲဒီနောက်မှာတော့ ကားမောင်းပြီး ဂရန်းဒေတန် ဟိုတယ် ဆီကို ထွက်လာခဲ့တယ်။ ကျွန်တော် ဟိုတယ်အဝင်ဝနားမှာ စောင့်နေတုန်း အယ်လီ လမ်းလျှောက်ပြီး ရောက်လာခဲ့တယ်။
“အကြာကြီး စောင့်လိုက်ရလား”
အယ်လီကို မြင်လိုက်ရတဲ့ အချိန်မှာတင် ကျွန်တော် စကားလုံးတွေ ပျောက်ဆုံးသွားခဲ့ရတယ်။
ပုံမှန်အားဖြင့်တော့ သူက မိတ်ကပ် ပါးပါးလေးပဲ လိမ်းလေ့ရှိတာဖြစ်ပေမယ့် ဒီနေ့မှာတော့ သေသေချာချာ ပြင်ဆင်လာခဲ့တာပါ။
သူက စိမ်းပြာရောင် ပိုးထည် ညစာစားပွဲဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်ကနေ မီးခိုးရောင် သားမွေးကုတ်အင်္ကျီကို ထပ်ပြီး ခြုံထားပါတယ်။ ကုတ်အင်္ကျီအောက်မှာရှိတဲ့ သူ့ရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ထည် ကောက်ကြောင်းတွေက အထင်အသား ပေါ်လွင်လို့နေပါတယ်။
လှိုင်းတွန့် ဆံနွယ်တွေက ပခုံးပေါ်အထိ သဘာဝအတိုင်း ဝဲကျနေခဲ့ပြီး ပေါ်လွင်နေတဲ့ လည်ပင်းနဲ့ နားရွက်တွေမှာတော့ ရိုးရှင်းတဲ့ ရတနာအဆင်တန်ဆာတချို့ကို ဆင်မြန်းထားတယ်။
အလုပ်လုပ်တဲ့အချိန်တွေမှာ စတိုင်လ်ပင်နဲ့ ကုတ်အင်္ကျီတွေပဲ ဝတ်ထားတာကို မြင်တွေ့ခဲ့ရတာကြောင့် အခုလိုမျိုး မြင်တွေ့ရတာက တကယ်ကို လန်းဆန်းစေပါတယ်။
သူ့ကို လှတယ်လို့ အမြဲတမ်း တွေးခဲ့ဖူးပေမယ့် အခုကတော့ နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ။ အမျိုးသမီးတစ်ယောက်က မိတ်ကပ်နဲ့ ဝတ်စုံကြောင့် အခုလောက်အထိ ပြောင်းလဲသွားနိုင်တာက တကယ်ကို အံ့ဩစရာ ကောင်းလှပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးရဲ့ အကြည့်တွေက အယ်လီ့ဆီကို ချက်ချင်း ရောက်ရှိသွားခဲ့ကြတယ်။ ကားပါကင် ဝန်ထမ်းတွေတောင်မှ ဧည့်သည် ရောက်လာတာကို သတိမမူမိဘဲ မှင်တက်ပြီး ကြည့်နေခဲ့ကြတာပါ။
အယ်လီက မျက်တောင်ခတ်ရင်း ကျွန်တော့်ကို မေးတယ်။
“ဘာဖြစ်လို့လဲဟင်။ ငါ့ပုံစံက ကြည့်ရတာ ထူးဆန်းနေလို့လား”
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
“မဟုတ်ပါဘူး၊ တကယ်ကိုပဲ အံ့သြစရာကောင်းလောက်အောင် လှနေလို့ပါ”
ဒီထက်ပိုပြီး လှပတဲ့သူ ရှိနိုင်လိမ့်မယ်လို့ မထင်ပါဘူး။
အယ်လီက တောက်ပစွာ ပြုံးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ ကန်ဂျင်ဟူလည်း ဒီနေ့ ကြည့်ရတာ အရမ်းမိုက်တယ်”
ကျွန်တော် သူ့အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး သူက ဘေးနားက ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်တယ်။
“ပါတီမသွားဖြစ်တာ ကြာပြီဆိုတော့ အနည်းငယ် ရင်ခုန်နေမိတယ်။ တခြား မိန်းကလေးတွေကိုတော့ လျှောက်မကြည့်ရဘူးနော်”
“သေချာပေါက် မကြည့်ပါဘူး”
ပါတီမှာက အယ်လီထက် ပိုပြီး လှပတဲ့သူ ရှိနေမှာ မဟုတ်ဘူးလေ။
“အစ်မ ဟျွန်းဂျူးကော”
“ဒီဇိုင်နာက သူ့အိမ်ကို သွားပြီး ပြင်ဆင်ပေးနေတာဆိုတော့ အခုလောက်ဆို ပြင်ဆင်နေလောက်ပြီ။ ခဏနေမှ ဂျက်စီကာကို မြင်ရင် နင်လည်း အံ့ဩသွားလိမ့်မယ်”
အစ်မ အိုဟျွန်းဂျူးကတော့ ဟင်နရီရဲ့ ကားနဲ့ လိုက်လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော် ကားစက်နှိုးလိုက်ပြီး နမ်ဆန်ဆီကို ဦးတည်မောင်းနှင်ခဲ့တယ်။
အမြဲတမ်းလိုလိုပဲ ကောလာဟလတွေက ခြေလှမ်းတွေထက် ပိုပြီး မြန်ဆန်တတ်ကြပါတယ်။
ကန်ဂျင်ဟူက ဆီလွန်ဟိုတယ်ရဲ့ ဖွင့်ပွဲ ပါတီကို တက်ရောက်လိမ့်မယ်ဆိုတဲ့ ကောလာဟလက စီးပွားရေးလောကတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့တယ်။
အမွေဆက်ခံထားတဲ့ စည်းစိမ်တွေကြောင့် ဂုဏ်ယူဝင့်ကြွားနေကြတဲ့ ကော်ပိုရေးရှင်း မိသားစုတွေက အစပိုင်းမှာတော့ ကန်ဂျင်ဟူကို အရည်အချင်းမရှိတဲ့ အခွင့်အရေးသမားတစ်ယောက်လိုမျိုး သတ်မှတ်ပြီး လျစ်လျူရှုခဲ့ကြတာပါ။
ဒါပေမဲ့ အဲဒါတွေက အတိတ်က အကြောင်းအရာတွေ ဖြစ်သွားပါပြီ။
လက်ရှိအချိန်မှာတော့ ဆက်ဆံရေး တည်ဆောက်ဖို့က မရှိမဖြစ် လိုအပ်နေတဲ့ အခြေအနေမျိုး ဖြစ်နေပြီလေ။ လူတိုင်းက OTK ကုမ္ပဏီရဲ့ စီအီးအိုနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ပါတီပွဲဆီကို စောစောစီးစီး ရောက်ရှိနေခဲ့ကြတယ်။
စီးပွားရေးလောကက လူအများစု တက်ရောက်ခဲ့ကြပေမယ့် အွန်ဆောင်းအုပ်စုကတော့ ဘယ်သူမှ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
ဒါက ဆိုဆောင်းအုပ်စုနဲ့ ရှိနေတဲ့ သူတို့ရဲ့ မကောင်းတဲ့ ဆက်ဆံရေးကြောင့်လည်း ဖြစ်နိုင်သလို အမှုဆောင်တွေ ရုတ်တရက် ရာထူးကနေ နှုတ်ထွက်သွားမှုကြောင့် ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လူတွေက စကားပြောဆိုနေကြရင်းနဲ့ တစ်ခါတစ်လေမှာ အဝင်ဝဆီကို လှမ်းပြီး ကြည့်နေကြပါတယ်။
ပါတီရဲ့ အိမ်ရှင်ဖြစ်တဲ့ ဥက္ကဌ လင်ဆိုမီက ဥက္ကဌ လင်ဂျင်ယုံနဲ့အတူ ပေါ်ထွက်လာခဲ့တယ်။ လူတွေက ဂုဏ်ပြုစကား ပြောကြားဖို့အတွက် သူတို့ဆီကို အပြေးအလွှား သွားခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ကန်ဂျင်ဟူက နောက်ဆုံးမှာ ရောက်ရှိလာခဲ့တယ်။
အသက် ၂၀ ကျော် အရွယ်သာ ရှိသေးတာကြောင့် ပုံမှန် ၄၀ ကျော် အရွယ် စီအီးအိုတွေနဲ့ နှိုင်းယှဉ်ရင် ကန်ဂျင်ဟူက အလွန်ပဲ ငယ်ရွယ်နေပုံရပါတယ်။
ကောလာဟလတွေအရ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူက ဘာမှမရှိတဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာတင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာပါ။
ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ မျက်ဝန်းတွေက တောက်ပလို့နေပါတယ်။ သူတို့အားလုံးက ဒီအခြေအနေအတွက် အကောင်းဆုံး ပြင်ဆင်ဝတ်ဆင်လာခဲ့ကြတာပါ။
အချစ်ရေးကိစ္စရပ်တွေ မဖြစ်ပေါ်လာရင်တောင်မှ ကောင်းမွန်တဲ့ အထင်အမြင်မျိုး ရရှိအောင် လုပ်ဆောင်တာက မမှားဘူးလေ။ သမိုင်းတစ်လျှောက်နဲ့ ယဉ်ကျေးမှုအသီးသီးမှာ လှပတဲ့ အမျိုးသမီးကို မုန်းတီးတဲ့ အမျိုးသားဆိုတာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ကန်ဂျင်ဟူက တစ်ယောက်ထဲ ရောက်လာခဲ့တာ မဟုတ်ပါဘူး။
သူ့ရဲ့ ဘေးနားမှာတော့ အလွန်ပဲ လှပလွန်းတဲ့ နိုင်ငံခြားသူတစ်ယောက်က မတ်တတ်ရပ်လို့ နေပါတယ်။
အခန်း (၂၀၈)
CL Group ဥက္ကဌ ယန်ဂျွန်မိုရဲ့ မြေးမလေးကတော့ ယန်ဟန်နာ ပါ။
သူ့ရဲ့အဖေ ယန်ဟိုယောင်းက CL Chemicals ရဲ့ ဥက္ကဌ ဖြစ်ပြီး အမေ ဟုန်အွန်ဂျူးကတော့ နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ချေဘောမျိုးဆက်သစ် အမွေဆက်ခံသူတစ်ယောက်နဲ့ ခေတ်ပြိုင်ထိပ်တန်းမင်းသမီးတို့ရဲ့ မင်္ဂလာပွဲက အဲဒီအချိန်တုန်းက တကယ်ကို ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ ပွဲတစ်ခုပါပဲ။
ယန်ဟန်နာက အမေ့ဆီက ဆွဲဆောင်မှုနဲ့ ရုပ်ရည်ကို အမွေရရှိခဲ့တာကြောင့် သေသေချာချာ ပြင်ဆင်ခြယ်သထားတဲ့အခါ သူ့ရဲ့အလှက အနုပညာရှင်အများစုနဲ့ ယှဉ်နိုင်လောက်တဲ့အထိ ဖြစ်ပါတယ်။
သူဟာ CL Groupရဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တုန်းကလည်း အတော်လေး လူပြောများခဲ့ပြီး အနုပညာအေဂျင်စီတွေဆီကနေ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ဖူးပါတယ်။ ပါတီပွဲတွေ ဒါမှမဟုတ် အခမ်းအနားတွေမှာ ရိုက်ထားတဲ့ သူ့ရဲ့ဓာတ်ပုံတွေက သတင်းဖြစ်ရတဲ့အထိပါပဲ။
သူ ခန်းမထဲကို ဝင်လာတာနဲ့ လူတိုင်းရဲ့အကြည့်တွေက သူ့ဆီကိုပဲ ရောက်ရှိသွားကြတယ်။ တကယ်လို့သာ သူက အဖေဖြစ်သူနဲ့အတူ လာခဲ့တာမဟုတ်ရင် အမျိုးသားတွေက စကားပြောဖို့အတွက် အလုအယက် ရောက်လာကြမှာ သေချာပါတယ်။
ယန်ဟန်နာက ပါတီရဲ့ အငွေ့အသက်ကို ပျော်ပျော်ပါးပါး ခံစားနေချိန်မှာတော့ ယန်ဟိုယောင်းက စိတ်ပူနေတဲ့ ပုံစံရှိနေပါတယ်။
“ကန်ဂျင်ဟူ အခုထိ ရောက်မလာသေးဘူးလား”
ဆိုဆောင်းအုပ်စုက OTK ကုမ္ပဏီနဲ့ လက်တွဲခဲ့သလိုမျိုးပဲ CL Groupကလည်း အွန်ဆောင်း မော်တာနဲ့ မော်တော်ယာဉ် အီလက်ထရောနစ်နဲ့ ဘတ္ထရီထုတ်လုပ်မှု ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်နေတာပါ။
လုပ်ငန်းပမာဏနဲ့ ဝင်ငွေအရ ကြည့်မယ်ဆိုရင် CL အီလက်ထရောနစ်က ဆိုဆောင်း အီလက်ထရောနစ်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဘတ္ထရီထုတ်လုပ်မှုမှာတော့ CL Chemicalsက ဆိုဆောင်း SB ကို ကျော်လွန်ပြီး ကိုရီးယားမှာ ထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ပါတယ်။
လက်ရှိ ဘတ္ထရီလုပ်ငန်းခွင်မှာ လူပြောများနေတဲ့ အကြီးမားဆုံး အကြောင်းအရာကတော့ ပါမောက္ခ ကင်ဟိုမင် တီထွင်ထားတဲ့ မျိုးဆက်သစ် ဘတ္ထရီပဲ ဖြစ်ပါတယ်။ တကယ်လို့ အောင်အောင်မြင်မြင်နဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် အကျိုးအမြတ်တွေက ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ TS ကုမ္ပဏီနဲ့ ဆိုဆောင်း SB ဆီကို သဘာဝအတိုင်း ရောက်ရှိသွားမှာပါ။ ဒီနည်းပညာအသစ် မရှိတဲ့ CL Chemicalsကတော့ နောက်ကွယ်မှာ ကျန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။
မော်တော်ယာဉ် အီလက်ထရောနစ် ကဏ္ဍမှာတော့ OTK ကုမ္ပဏီ မပါဘဲ လုပ်ဆောင်နိုင်ပေမယ့် ဘတ္ထရီထုတ်လုပ်မှုမှာတော့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ် လိုအပ်နေတာပါ။
ဒါကြောင့်မလို့ ဒီပွဲက ဆက်ဆံရေး တည်ဆောက်ဖို့အတွက် တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခု ဖြစ်လို့နေပါတယ်။
ယန်ဟန်နာက အဖေဖြစ်သူကို စိတ်အေးအောင် ပြောလိုက်တယ်။
“စိတ်မပူပါနဲ့။ သမီး သူနဲ့ စကားပြောကြည့်ပြီး တွေ့ဆုံဖို့အတွက် စီစဉ်ကြည့်ပါ့မယ်”
အုပ်စုရဲ့ လုပ်ငန်းကိစ္စတွေအပြင် သူကိုယ်တိုင်ကလည်း ကန်ဂျင်ဟူကို ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားနေတာပါ။
စီးပွားရေးလောကက လူငယ်အများစုက သူ့ကို လိုက်ခဲ့ကြဖူးပေမယ့် ဘယ်သူ့ကိုမှ သူ့စိတ်ထဲ မရှိခဲ့ပါဘူး။
ဒါပေမဲ့ OTK ကုမ္ပဏီရဲ့ စီအီးအိုကတော့ အဲဒီလူတွေနဲ့ မတူပါဘူး။
OTK ကုမ္ပဏီက စတော့ရှယ်ယာဈေးကွက်မှာ စာရင်းမသွင်းရသေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ကန်ဂျင်ဟူက ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပါ။ လက်ရှိ ကုမ္ပဏီရဲ့ တန်ဖိုးကို ထည့်တွက်မယ်ဆိုရင် ကန်ဂျင်ဟူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိုင်ဆိုင်မှုက ဒေါ်လာ သန်းပေါင်း ၁သိန်း ကျော် (ဝမ် သိန်းပေါင်း ၁၀၀ကုဋေကျော်) အထိ ရှိနေပါတယ်။ ဒီအခြေအနေအရ သူက ကိုရီးယားမှာ အချမ်းသာဆုံး ဖြစ်ရုံတင်မကဘဲ ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာပါ ပါဝင်နေတာပါ။
'ကန်ဂျင်ဟူက ဘာတွေများ ထူးခြားနေလို့လဲ။ သူကလည်း ယောကျာ်းတစ်ယောက်ပဲလေ'
စီးပွားရေးလောကမှာ စတုတ္ထနေရာမှာရှိတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ပြီး ပင်ကိုယ်အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ယန်ဟန်နာက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု ရှိနေတာပါ။
သူက အဖေဖြစ်သူနဲ့အတူ သိကျွမ်းသူတွေကို လိုက်လံနှုတ်ဆက်နေခဲ့တယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အာရုံစိုက်မှုက တစ်နေရာထဲမှာ မရှိဘဲ ပျံ့လွင့်နေသလိုမျိုး ခံစားလိုက်ရပါတယ်။
သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ့အသက်အရွယ်လောက်ရှိမယ့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ စကတ်တိုပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ယောက်ပါ။ ထူးခြားတာကတော့ သူ့ရဲ့ဆံပင်က ရွှေအိုရောင် ဖြစ်နေတာပါပဲ။
စီးပွားရေးလောကက လူတွေက ရှေးရိုးစွဲဆန်ကြတာကြောင့် အခုလောက်အထိ ဆံပင်ကို ရွှေအိုရောင် ဆိုးထားမယ့်သူ မရှိဘူးလို့ ယူဆလို့ရပါတယ်။
တကယ်လို့ သူသာ ဒီအမျိုးသမီးကို အရင်က မြင်ဖူးခဲ့ရင် ဆံပင်အရောင်ကြောင့်နဲ့တင် တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေမှာ သေချာပါတယ်။
'သူ့ကို ဘယ်သူက အဖော်အဖြစ် ခေါ်လာတာပါလိမ့်'
ဘာပဲဖြစ်ဖြစ် သူ့အပြင် အာရုံစိုက်မှုကို ခံနေရတဲ့ တခြားအမျိုးသမီးတစ်ယောက် ရှိနေတာကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။
သူ အဲဒီအကြောင်းကို တွေးနေတုန်းမှာပဲ ကန်ဂျင်ဟူက ပါတီပွဲဆီကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့တယ်။ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ သူ့ရဲ့ပုံစံက တီဗီတွေမှာ မြင်တွေ့ခဲ့ရတာနဲ့ သိပ်ပြီး မကွာခြားပါဘူး။
'ကြည့်ရတာ ဆိုးတော့မဆိုးပါဘူးလေ'
အံ့ဩစရာကောင်းတာက သူက ဆံပင်ညိုရောင်ရှိတဲ့ လူဖြူအမျိုးသမီးတစ်ယောက်နဲ့အတူ ရောက်လာတာပါ။ သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားအရ ကြည့်မယ်ဆိုရင် မော်ဒယ်တစ်ယောက် ဖြစ်ပုံရပါတယ်။ လှပတဲ့ မျက်နှာအပြင် ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အငွေ့အသက်တွေကိုလည်း အဲ့ဒီလူဖြူအမျိုးသမီးက ထုတ်လွှတ်နေခဲ့တယ်။
'ဒီအမျိုးသမီးက ဘယ်ကနေ ရောက်လာတာပါလိမ့်'
ကန်ဂျင်ဟူရဲ့ ပုဂ္ဂိုလ်ရေးဘဝအကြောင်းကို လူသိနည်းလှပါတယ်။ ဒီအမျိုးသမီးက သူ့ရဲ့ အဖော်အဖြစ် လိုက်လာရုံသက်သက်ပဲလား၊ ဒါမှမဟုတ် ရည်းစားလားဆိုတာ မသိနိုင်ပါဘူး။ တကယ်လို့ ရည်းစားဆိုရင်ကော သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်အထိ နက်ရှိုင်းနေပြီလဲ။
ကန်ဂျင်ဟူက ဆိုဆောင်းအုပ်စုက လူတွေကို နှုတ်ဆက်လိုက်ပါတယ်။ ဥက္ကဌ လင်ဂျင်ယုံနဲ့ ဥက္ကဌ လင်ဆိုမီတို့ ကန်ဂျင်ဟူဆီကနေ ခွာပြီး တခြားနေရာကို သွားနှုတ်ဆက်တဲ့အခါ အခွင့်အရေးကို စောင့်ကြည့်နေခဲ့တဲ့ ယန်ဟန်နာက ကန်ဂျင်ဟူဆီကို ချဉ်းကပ်ပြီး နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်မက CL Groupက ဥက္ကဌ ယန်ဂျွန်မိုရဲ့ မြေးမလေး ယန်ဟန်နာပါ”
ကန်ဂျင်ဟူက သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။
“ဟုတ်ကဲ့၊ မင်္ဂလာပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
ယန်ဟန်နာက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်တယ်။
“ကျွန်မ ရှင်နဲ့ တွေ့ချင်နေတာ ကြာပါပြီ။ တကယ်လို့ အဆင်ပြေမယ်ဆိုရင်…”
ဒါပေမဲ့ သူ စကားပင် မဆုံးသေးခင်မှာပဲ ကန်ဂျင်ဟူက တခြားတစ်ယောက်ဆီကို လှမ်းကြည့်နေခဲ့ပါပြီ။
“နင်က ဘာလို့ ဒီကို ရောက်နေတာလဲ”
“မတွေ့ရတာ ကြာပြီနော်”
သူ့ရဲ့ ဘေးနားမှာတော့ စောစောတုန်းက မြင်ခဲ့ရတဲ့ ဆံပင်ရွှေအိုရောင်နဲ့ အမျိုးသမီး ရှိနေတာပါ။ သူတို့ ပြောစကားတွေအရ အချင်းချင်း သိကြတဲ့ ပုံစံပါပဲ။
ယန်ဟန်နာက နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်မိတယ်။
“သူ့ဘေးနားမှာ ဘာလို့ မိန်းကလေးတွေ ဒီလောက်တောင် များနေရတာလဲ။ သူက မိန်းကလေးတွေအပေါ် ကစားတတ်တဲ့သူလား”
ဆီလွန်ဟိုတယ်ရဲ့ ပုံစံအတိုင်းပဲ၊ ဧည့်ခန်းမကြီးက ရိုးရာစတိုင်ကို ခေတ်မီတဲ့ နည်းလမ်းနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ပုံစံမျိုးပါ။ ကြီးမားတဲ့ မီးဆိုင်းကြီးတွေအစား နံရံနဲ့ မျက်နှာကြက်တွေထဲမှာ ထည့်သွင်းထားတဲ့ မီးလုံးက နူးညံ့တဲ့ မီးရောင်တွေက ပတ်ဝန်းကျင်ကို လင်းထိန်စေပါတယ်။
ကျွန်တော် အယ်လီနဲ့အတူ ဝင်လာခဲ့တဲ့အချိန်မှာပဲ လူတွေရဲ့ အကြည့်တွေက ကျွန်တော်တို့ဆီကို စုပြုံရောက်ရှိလာတာကို ခံစားလိုက်ရတယ်။
ပထမဆုံး ချဉ်းကပ်လာခဲ့ကြတာကတော့ ဥက္ကဌ လင်ဂျင်ယုံနဲ့ ဥက္ကဌ လင်ဆိုမီတို့ ဖြစ်ပါတယ်။
“မင်းတို့ နှစ်ယောက်လုံးကို ဒီနေရာမှာ အတူတူ ပြန်တွေ့ရတာ ဝမ်းသာပါတယ်”
ကျွန်တော် Silicon Valley မှာ အယ်လီနဲ့အတူ ရှိနေတုန်းက ဥက္ကဌ လင်ဂျင်ယုံနဲ့ တွေ့ဆုံဖူးပါတယ်။ အဲဒီတုန်းက တွေ့ဆုံပွဲမှာ CarOS နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့ရဲ့ ရှယ်ယာတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတာပါ။
ကျွန်တော်က ဥက္ကဌ လင်ဆိုမီကို ပြောလိုက်တယ်။
“ဟိုတယ်ဖွင့်လှစ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဥက္ကဌ လင်ဆိုမီက အယ်လီကို နှုတ်ဆက်ပါတယ်။
“ကြားဖူးတဲ့အတိုင်းပဲ၊ တကယ်ကို လှပတဲ့သူပဲနော်။ စီအီးအို ကန်ဂျင်ဟူတော့ စွဲလန်းနေလောက်ပြီ”
အယ်လီက ယဉ်ယဉ်ကျေးကျေးပဲ “ကျေးဇူးတင်ပါတယ်” လို့ ပြန်ပြောတယ်။
အစ်မ ဟျွန်းဂျူးရဲ့ ခေတ်သစ် မှူးမတ်တွေရဲ့ ပါတီဆိုတဲ့ စကားက တကယ်ကြီးပါ။ စီးပွားရေးလောကမှာ ကုမ္ပဏီရဲ့ အရွယ်အစားအပေါ် မူတည်ပြီး အဆင့်အတန်း သတ်မှတ်ချက်တွေ ရှိနေတာလေ။
တကယ်လို့ ထိပ်တန်းအုပ်စု ငါးခုက နယ်စားတွေ ဖြစ်မယ်ဆိုရင်၊ နောက်ထပ် ကုမ္ပဏီ ဆယ်ခုက မြို့စားတွေ ဖြစ်ပြီး၊ အောက်က ကုမ္ပဏီ နှစ်ဆယ်က ရွာစားတွေ ဖြစ်ကာ စီးပွားရေးလောကရဲ့ အောက်ခြေအဆင့်ကတော့ သူကောင်းမျိုးတွေ ဖြစ်လိမ့်မလားပဲ။
ကိုရီးယားရဲ့ စက်မှုလုပ်ငန်းကို မောင်းနှင်နေတဲ့သူတွေအားလုံးနီးပါး ဒီနေရာမှာ စုဝေးနေကြသလိုမျိုး ခံစားရပါတယ်။
မရင်းနှီးတဲ့ မျက်နှာတွေ ရှိသလို တီဗီမှာ ခဏခဏ မြင်ဖူးနေတဲ့သူတချို့လည်း ရှိနေပါတယ်။ ရိုနယ် ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ တွေ့ဆုံခဲ့ဖူးတဲ့သူတချို့လည်း ပါဝင်ပါတယ်။
“နိုင်ငံခြားသားတွေလည်း အများကြီးပဲနော်”
ဥက္ကဌ လင်ဆိုမီက ပြန်ဖြေတယ်။
“သူတို့က ဇိမ်ခံကုန်ပစ္စည်း အမှတ်တံဆိပ်တွေက ကိုယ်စားလှယ်တွေပါ”
ဟိုတယ်လုပ်ငန်းက လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ရာခိုင်နှုန်း သိပ်ပြီး မမြင့်မားပါဘူး။ ဒါကြောင့်မလို့ အများစုက Hilton၊ Hyatt နဲ့ Marriott တို့လိုမျိုး ကမ္ဘာတစ်ဝန်းမှာ ကြီးမားတဲ့ ပမာဏနဲ့ လည်ပတ်ကြတာ ဒါမှမဟုတ် အုပ်စုကြီးတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတတ်ကြတာပါ။
နာမည်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဆီလွန်ဟိုတယ်ရဲ့ အဓိကလုပ်ငန်းက အကောက်ခွန်မဲ့ အရောင်းဆိုင် ဖြစ်ပြီး၊ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း အများစုကလည်း အဲဒီအကောက်ခွန်မဲ့ အရောင်းဆိုင်တွေဆီကနေ ရရှိတာ ဖြစ်ပါတယ်။
ကျွန်တော် အနည်းငယ် အနေရခက်နေတဲ့ ပုံစံ ဖြစ်နေတာကို သတိပြုမိသွားတဲ့ ဥက္ကဌ လင်ဂျင်ယုံက ပြုံးပြီး ပြောလာတယ်။
“မင်းအနေနဲ့ စိတ်လှုပ်ရှားနေရမယ့် အကြောင်းရင်း လုံးဝမရှိပါဘူး။ စိတ်လှုတ်ရှားနေရမယ့်သူက တစ်ဖက်လူတွေပဲ ဖြစ်ရမှာ”
ဒါက အမှန်ပါပဲ။ ကျွန်တော့်အနေနဲ့ လုပ်ငန်းစုကြီးတွေရဲ့ စီအီးအိုတွေ ရှေ့မှောက်မှာ စိတ်လှုတ်ရှားစရာ ဘာရှိလို့လဲ။
“ဒီပွဲကို မျက်နှာချင်းဆိုင် သိကျွမ်းခွင့်ရမယ့် အခွင့်အရေးတစ်ခုလိုပဲ သဘောထားလိုက်ပါ”
“ဟုတ်ကဲ့”
“ငါ တခြားသူတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်”
ပါတီရဲ့ အိမ်ရှင်ဖြစ်တဲ့အတွက် ဧည့်သည်တွေကို ဂရုစိုက်ဖို့က သူ့ရဲ့ တာဝန် ဖြစ်ပါတယ်။ ဥက္ကဌ လင်ဂျင်ယုံနဲ့ ဥက္ကဌ လင်ဆိုမီတို့က ခန်းမထဲမှာ လှည့်လည်သွားလာရင်း လူတွေကို လိုက်လံနှုတ်ဆက်ခဲ့ကြတယ်။
CL Groupရဲ့ မြေးမလေးနဲ့ တွေ့ဆုံနေတုန်းမှာပဲ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို ကျွန်တော် လှမ်းမြင်လိုက်ရတယ်။
ကျွန်တော် အံ့ဩသွားမိတယ်။
“နင်က ဘာလို့ ဒီကို ရောက်နေတာလဲ”
“မတွေ့ရတာ ကြာပြီနော်”
သူက ပခုံးတွေကို အပြည့်အဝ ဖော်ထားတဲ့ ဝတ်စုံတိုကို ဝတ်ဆင်ထားပါတယ်။ ဒူးအောက်အထိ ရှည်တဲ့ စကတ်အောက်ကနေ သွယ်လျတဲ့ ခြေတံတွေက ပေါ်လွင်လို့နေပါတယ်။ အထူးခြားဆုံး အသွင်သဏ္ဍာန်ကတော့ သူ့ရဲ့ ဖျော့တော့တော့ ရွှေအိုရောင် ဆံပင်တွေပါပဲ။ ဒါပေမဲ့ သူက နိုင်ငံခြားသူ မဟုတ်ပါဘူး။
“ကျွန်မက မလာသင့်တဲ့နေရာကို ရောက်လာမိလို့လား”
“အဲလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့…”
ကျောင်းက ဂျူနီယာတစ်ယောက်ကို အခုလိုမျိုး နေရာမှာ မြင်တွေ့လိုက်ရလို့ ကျွန်တော် အံ့ဩသွားရုံသက်သက်ပါ။
ရှင်ယူရီက ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။
“ကျွန်မ အဖေနဲ့အတူ လာခဲ့တာပါ”
RCK Bros ရဲ့ ဒုတိယဥက္ကဌတစ်ယောက်အနေနဲ့ သူက အခုလိုမျိုး ပွဲတွေကို အလွယ်တကူ ဖိတ်ကြားခံရနိုင်တာပဲလေ။
“ဥက္ကဌ ရူချောဂယွန်ကော မပါဘူးလား”
“ဦးလေးက အခု တရုတ်မှာ ရှိနေတယ်”
“ဪ… ဒါဆိုရင်တော့”
ကျွန်တော် နောက်မှ ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူကို သွားပြီး နှုတ်ဆက်ရဦးမယ်။
“နင်က ဒီလို ပါတီပွဲတွေကို ခဏခဏ လာလေ့ရှိတာလား”
ကျွန်တော့်ရဲ့ မေးခွန်းကို ရှင်ယူရီက ခေါင်းခါပြပါတယ်။
“ကျွန်မအတွက်လည်း ဒီလိုပွဲမျိုးက အသစ်အဆန်းပါပဲ။ စီနီယာ လာလိမ့်မယ်ဆိုတဲ့ ကောလာဟလကို ကြားလို့ စိတ်ဝင်စားတာနဲ့ လာကြည့်တာ။ စီနီယာ့ကို မတွေ့ရတာ ကြာပြီလေ”
ပြန်စဉ်းစားကြည့်တော့ တကယ်ကို အချိန်အတော်ကြာသွားခဲ့ပါပြီ။ အဲဒီကြားထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာပါ။
“နင်လည်း ဒီပွဲကိုတက်တာပဲ”
ရှင်ယူရီက အယ်လီ့ဆီကို ခေါင်းငုံ့ပြီး နှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ။ အစ်မ အယ်လီ။ ဒီနေ့ တကယ်ကို လှနေတယ်နော်”
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မမျက်စိထဲမှာတော့ ရှင်ယူရီက ပိုပြီး လှပါတယ်။ ဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးထဲမှာ အတောက်ပဆုံးပဲ”
“ဟီးဟီး၊ ကျေးဇူးတင်ပါတယ်”
ကျွန်တော် ရှင်ယူရီကို မေးလိုက်တယ်။
“ကျောင်းပိတ်ရက် ရောက်ပြီမလား”
“သေချာပေါက် ရောက်ပြီပေါ့”
“အမှတ်တွေကော ကောင်းရဲ့လား”
ဒါကို ကြားတော့ ရှင်ယူရီက မျက်လုံးအဝိုင်းသား ဖြစ်သွားတယ်။
“စီနီယာကတော့ ကျွန်မအဖေအတိုင်းပဲ။ အခုလိုမျိုး ကောင်းမွန်တဲ့ ဆုံဆည်းမှုမှာ ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာတွေကို ပြောဖို့ လိုလို့လား”
“…ဆောရီးပါ”
သူ့ရဲ့ တုံ့ပြန်မှုကို မြင်တော့ ကျွန်တော် အမှားလုပ်မိသွားသလို ခံစားလိုက်ရတယ်။ သူ့ကို နှစ်သိမ့်ပေးဖို့အတွက် ကျွန်တော့်ရဲ့ အမှတ်စာရင်းကိုပဲ ပြလိုက်ချင်ပါတော့တယ်။
“စီနီယာ့ကို နှုတ်ဆက်ချင်တဲ့သူတွေ အများကြီး ရှိနေမှာဆိုတော့ ကျွန်မ နောက်မှပဲ ပြန်လာခဲ့တော့မယ်”
“အိုကေ”
ရှင်ယူရီ ထွက်သွားပြီးတဲ့နောက် အယ်လီက ကျွန်တော့်ကို မေးတယ်။
“ရှင်ယူရီက တကယ်ကို မလှဘူးလား”
“အင်း… လှပါတယ်”
ကျွန်တော် ပတ်ဝန်းကျင်ကို ဝေဝေဝါးဝါး လှည့်ကြည့်ရင်း “အစ်မ ဟျွန်းဂျူး ဘယ်အချိန်မှ ရောက်မှာပါလိမ့်” လို့ ရေရွတ်လိုက်တယ်။
အယ်လီက “ဪ… ဟိုမှာ ရောက်လာပြီ” လို့ ပြန်ဖြေပါတယ်။
ကျွန်တော် အဝင်ဝဆီကို ခေါင်းလှည့်ကြည့်လိုက်ပါတယ်။
အနောက်တိုင်းဝတ်စုံနဲ့ ဟင်နရီကတော့ ဖန်သားပြင်ပေါ်ကနေ လမ်းလျှောက်ထွက်လာတဲ့ ဟောလိဝုဒ် မင်းသားတစ်ယောက် အတိုင်းပါပဲ။ သူ့ရဲ့ ဘေးနားမှာတော့ အံ့သြစရာကောင်း လောက်အောင် လှပတဲ့ မိန်းမလှလေးတစ်ယောက် ရှိနေပါတယ်။
ခဏလောက်တော့ အဲဒါ အစ်မ ဟျွန်းဂျူး မဟုတ်ဘူးလို့ ကျွန်တော် ထင်မှတ်သွားခဲ့တယ်။
အစ်မက အမြဲတမ်း တပ်လေ့ရှိတဲ့ မျက်မှန်ကို ချွတ်ထားပြီး ပုံမှန်အားဖြင့် သေသေချာချာ စည်းနှောင်ထားတတ်တဲ့ ဆံပင်တွေကို တစ်ဖက်ဆီကို ချထားပါတယ်။ ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်စေပြီး ကျောဘက် အဟိုက်ပါတဲ့ အပြာရင့်ရောင် ညစာစားပွဲဝတ်စုံကို ဒေါက်ဖိနပ်နဲ့အတူ တွဲဖက်ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။
ကျွန်တော် အံ့ဩသွားမိတယ်။
ဒီမိန်းမလှလေးက တကယ်ပဲ အစ်မ ဟျွန်းဂျူး ဟုတ်ရဲ့လား။
သူ့ရဲ့ မျက်နှာအမူအရာနဲ့ လှုပ်ရှားမှုတွေက အခုလိုမျိုး အခါသမယတွေနဲ့ ရင်းနှီးနေတဲ့ ပုံစံအတိုင်း သဘာဝကျလို့နေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဟင်နရီကတော့ ပိုပြီး စိတ်လှုပ်ရှားနေတဲ့ ပုံစံပါပဲ။
“အစ်မ ဟျွန်းဂျူးက အခုလောက်အထိ လှတာလား”
ကျွန်တော် သူ့ကို အလယ်တန်းကျောင်းကတည်းက သိခဲ့တာဖြစ်ပေမယ့် အခုလိုမျိုး ပုံစံနဲ့ မြင်တွေ့ရတာ ဒါက ပထမဆုံးအကြိမ်ပါပဲ။
အယ်လီက ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပါတယ်။
“သေချာပေါက်လှတာပေါ့။ သူက ဟောင်ကောင်မှာလုပ်တဲ့ ပါတီတွေတုန်းကလည်း ပေါ်ပျူလာအရမ်းဖြစ်ခဲ့တာလေ”
ကျွန်တော် စကားအရပဲ ကြားခဲ့တုန်းကတော့ ပုံကြီးချဲ့ပြောတာလို့ ထင်ခဲ့ပေမယ့် အခု လက်ရှိ အစ်မ ဟျွန်းဂျူးကို မြင်ရတဲ့အခါကျမှ အမှန်တရားဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပါတယ်။ ဒါတင်မကဘဲ အဲဒီအချိန်တုန်းက သူက အခုထက်တောင် ပိုပြီး ငယ်ရွယ်ဦးမှာလေ။
သူတို့ နှစ်ယောက် အတူတူရှိနေတဲ့ ပုံရိပ်ကတော့ တကယ်ကိုပဲ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲအတိုင်းပါပဲ။
“သူတို့ နှစ်ယောက်ကို အခုလို မြင်ရတာ တကယ်ကို လိုက်ဖက်လွန်းတယ်”
အကြောင်းကိစ္စတစ်ခုခုကြောင့်မလို့ အယ်လီရဲ့ မျက်နှာအမူအရာက ပိုပြီး ဂုဏ်ယူနေတဲ့ ပုံစံ ဖြစ်သွားတယ်။
“ငါလည်း အဲလိုပဲ ထင်တယ်”
အယ်လီက လက်ဝှေ့ယမ်းပြလိုက်တော့ သူတို့နှစ်ယောက်က ကျွန်တော်တို့ဆီကို ချဉ်းကပ်လာခဲ့ကြတယ်။
ကျွန်တော်က စိတ်ရင်းမှန်နဲ့ ချီးကျူးစကား ပြောလိုက်တယ်။
“အစ်မက အရမ်းလှလွန်းလို့ ကျွန်တော်တောင် မမှတ်မိချင်ဘူး ဖြစ်သွားတယ်။ တကယ်လို့ တက်ဂယူသာ မြင်ရင်တော့ အံ့ဩသွားမှာ သေချာတယ်”
အစ်မ ဟျွန်းဂျူးက မျက်တောင်ခတ်ရင်း ပြောတယ်။
“စကားအဖြစ်ပဲ ပြောတာဆိုရင်တောင် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မျက်ကပ်မှန် မတပ်တာ ကြာပြီဆိုတော့ နည်းနည်းတော့ အဆင်မပြေဘူး ဖြစ်နေတယ်”
အယ်လီက တောက်ပစွာ ပြုံးလိုက်ပြီး သူတို့ နှစ်ယောက်လုံးဆီကို ရှန်ပိန်ခွက်တွေ ကမ်းပေးလိုက်ပါတယ်။
“ကဲ… အားလုံးပဲ ခွက်ချင်းတိုက်ကြရအောင်”
ကျွန်တော်တို့ ခွက်ချင်း တိုက်လိုက်ကြပါတယ်။
ခဏကြာတော့ စီနီယာ ဆန်းယော့လည်း ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့ ဘေးနားမှာတော့ အရပ်ရှည်ပြီး သွယ်လျတဲ့ မိန်းမလှလေးတစ်ယောက် ပါလာတာပါ။
သူ အရင်တုန်းက တွဲနေတယ်လို့ ကောလာဟလ ထွက်ခဲ့တဲ့ မင်းသမီး (သူ့အပြောအရတော့ ခဏ တွဲခဲ့တာလို့ ဆိုတာပဲ) မဟုတ်ဘဲ မကြာသေးခင်ကမှ စပြီး တွဲနေခဲ့တဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်ပုံရပါတယ်။
သူက အလုပ်မှာ ကြိုးစားသလိုပဲ အချစ်ရေးကိစ္စတွေမှာလည်း အတော်လေးကို အားသွန်ခွန်စိုက် ရှိလှပါတယ်။
K ကုမ္ပဏီက လုပ်ငန်းစုကြီးတွေနဲ့ ဆက်သွယ်မှုတွေ အများကြီး ရှိတာကြောင့် စီနီယာ ဆန်းယော့က လူအများစုရဲ့ မျက်နှာတွေကို သိနေခဲ့တယ်။
သူက ကျွန်တော့်ကို အသံတိုးတိုးနဲ့ လှမ်းပြောတယ်။
“ဟိုဘက်က လူတွေကို မြင်လား”
ကျွန်တော် ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ထောင့်တစ်နေရာမှာ စုဝေးနေကြတဲ့ လူငယ်တစ်စုကို တွေ့လိုက်ရတယ်။
“အဲဒီလူတွေက ချေဘောတွေရဲ့ အမွေဆက်ခံသူတွေပဲ၊ သူတို့က လက်ရှိ အခြေအနေကို သဘောကျမှာ မဟုတ်ဘူး။ သူတို့ရဲ့ မျက်နှာတွေကို ကြည့်လိုက်ဦး၊ အတော်လေးကို မကျေမနပ် ဖြစ်နေတဲ့ ပုံစံပဲ”
“ဘာဖြစ်လို့လဲဗျ”
“သူတို့က ကောင်းမွန်တဲ့မိဘရထားတာကို အရည်အချင်းတစ်ခုလို့ သတ်မှတ်ထားကြတာလေ။ ဒါပေမဲ့ ရုတ်တရက် မင်းကပေါ်လာပြီး အာရုံစိုက်မှုတွေအားလုံးကို လုယူသွားသလို ဖြစ်နေတာကိုး။ သူတို့အနေနဲ့ OTK ကုမ္ပဏီရဲ့ စီအီးအိုကို သွားပြီးတော့လည်း အပြစ်တင်လို့ မရဘူးမဟုတ်လား”
စီနီယာ ဆန်းယော့က ဒီတစ်ခေါက်တော့ တခြားတစ်နေရာကို လက်ညှိုးထိုးပြပါတယ်။ အဲဒီနေရာမှာတော့ ပြင်ဆင်ခြယ်သထားတဲ့ အမျိုးသမီးငယ်တွေ စုဝေးနေကြတာပါ။
“ဒီအမျိုးသမီးတွေ ဘာလို့ အခုလောက်အထိ သေသေချာချာ ဝတ်ဆင်လာကြတယ်လို့ ထင်လဲ။ တကယ်လို့ မင်းသာ တစ်ယောက်ထဲ လာခဲ့မယ်ဆိုရင် မင်းရဲ့ ဘေးနားကို ရောက်ဖို့အတွက် အမျိုးသမီးတွေ အများကြီး အလုအယက် ဖြစ်နေကြမှာ သေချာတယ်”
“ဟာ… မဖြစ်နိုင်တာ။ စီနီယာရာ”
“စဉ်းစားကြည့်လေ။ ဘယ်အုပ်စုမှာပဲဖြစ်ဖြစ် မင်းနဲ့ လက်ထပ်လိုက်တာနဲ့ စီးပွားရေးလောကမှာ ချက်ချင်း ထိပ်တန်းနေရာကို ရောက်ရှိသွားမှာပဲ။ အခုလိုမျိုး ကောင်းမွန်တဲ့ အခွင့်အရေးက ထပ်ပြီး ရနိုင်ပါ့မလား။ တကယ်လို့ ချေဘောမိသားစုတွေက အချစ်တစ်ခုထဲနဲ့ပဲ လက်ထပ်ကြတာဆိုရင် ‘မိသားစုကြီး’ ဆိုတာမျိုး ရှိလာပါ့မလား”
“…ဒါကလည်း ဟုတ်တာပါပဲ”
ကျွန်တော်ကတော့ ဒါကို သိပ်ပြီး စိတ်ဝင်စားမှု မရှိပါဘူး။
လူတွေက စီနီယာ ဆန်းယော့ကို အရင်ဆုံး လာပြီး နှုတ်ဆက်ကြတယ်။
“မင်္ဂလာပါ။ စီအီးအို ပတ်ဆန်းယော့”
“အိုး… မတွေ့ရတာ ကြာပြီနော်။ အမှုဆောင် ယူ”
အဲဒီနောက်မှာတော့ စီနီယာ ဆန်းယော့က ကျွန်တော့်ကို သဘာဝကျကျပဲ မိတ်ဆက်ပေးပါတယ်။
“ဒါက စီအီးအို ကန်ဂျင်ဟူပါ။ ဒါကတော့ GJ Shopping က အမှုဆောင် ယူဂျောင်ဟျွန် ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်”
လူတစ်ယောက်ချင်းစီကို လိုက်လံနှုတ်ဆက်ဖို့တင် အချိန်အတော်လေး ပေးလိုက်ရတယ်။
ကျွန်တော် အသက်ဝဝရှူဖို့အတွက် ခဏလောက် နားလိုက်တဲ့အချိန်မှာတော့ စောစောတုန်းကနဲ့ မတူဘဲ ပတ်ဝန်းကျင်က အနည်းငယ် ဆူညံလာသလိုမျိုး ခံစားလိုက်ရပါတယ်။
ရုတ်တရက် ကျွန်တော် တက်ဂယူကို သတိရသွားမိတယ်။ သူဟာ ဘူဆန်ကနေ စောစောစီးစီး ထွက်လာခဲ့တယ်လို့ ပြောတာကြောင့် အခုလောက်ဆို ဆိုးလ်ကို ရောက်နေလောက်ပါပြီ။
အယ်လီက ကျွန်တော့်ရဲ့ မျက်နှာအမူအရာကို သတိပြုမိသွားပြီး မေးတယ်။
“ဘာဖြစ်လို့လဲဟင်”
“တက်ဂယူအကြောင်း စဉ်းစားမိလို့ပါ။ သူလည်း ငါတို့နဲ့အတူ လာခဲ့ရင် ကောင်းမှာပဲလို့ တွေးနေတာ”
ကျွန်တော့်စကားကြောင့် အစ်မ ဟျွန်းဂျူးက ခပ်တိုးတိုး ရယ်မောလိုက်တယ်။
“သူကတော့ ဒီလိုပွဲမျိုးကို မုန်းမှာ သေချာတယ်။ သူ အားကစားဝတ်စုံနဲ့ ကွင်းထိုးဖိနပ်စီးပြီး ရောက်မလာတာကိုပဲ ကျေးဇူးတင်ရမယ်”
“ဒါကတော့ ဟုတ်ပါတယ်”
ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲ ဒီကို ရောက်နေတာကတော့ အနည်းငယ် အပြစ်ရှိသလိုခံစားရပါတယ်။
ကျွန်တော်တို့က ဂိမ်းပြပွဲကို အတူတူသွားဖို့ မူလက စီစဉ်ခဲ့ကြတာ ဖြစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သူ့ကို တစ်ယောက်ထဲ လွှတ်လိုက်ရတာကို စိတ်မကောင်း ဖြစ်မိတာပါ။ ကျွန်တော်လည်း သူ့နောက်ကိုပဲ လိုက်သွားခဲ့ရင် ကောင်းမလား။
“ကျွန်တော် အခု တက်ဂယူရဲ့ အသံကို တစ်နေရာရာကနေ ကြားနေရသလိုမျိုး ခံစားနေရတယ်”
အယ်လီက ပြုံးလိုက်တယ်။
“စိတ်ထင်လို့ ဖြစ်မှာပါ”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“ငါ သိပါတယ်။ ဒါပေမဲ့ တစ်ခုခုကြောင့်မလို့ တက်ဂယူက ငါ့ကို အသည်းအသန် လှမ်းခေါ်နေသလိုမျိုး… ဟင်…”
ဒါက နားကြားလွဲတာလား။
ကျွန်တော် အဲလိုတွေးရင်း ခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ အစ်မ ဟျွန်းဂျူးရဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အပြုံးတွေက တောင့်တင်းသွားခဲ့တယ်။
တိုင်ပင်မထားရဘဲ အစ်မ ဟျွန်းဂျူးနဲ့ ကျွန်တော် ချက်ချင်းပဲ အော်ဟစ်လိုက်မိတော့တယ်။
“အိုတက်ဂယူ…”