← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉)

ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာတော့ ကမ္ဘာကြီးက အုပ်စုနှစ်ခုအဖြစ် ကွဲပြားသွားခဲ့တယ်။ နောက်တော့ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခဲ့တာနဲ့အတူ ကမ္ဘာ့အာဏာစိုးမိုးမှုကို အမေရိကန် က လွှဲပြောင်းရယူခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးက အမေရိကန်နဲ့ အမေရိကန်ရဲ့ ငွေကြေးဖြစ်တဲ့ ဒေါ်လာကို ဗဟိုပြုပြီး လည်ပတ်နေခဲ့တာ ဖြစ်သလို အမေရိကန်ကတော့ စစ်ရေးအရကော စီးပွားရေးအရပါ တခြားဘယ်နိုင်ငံကမှ မယှဉ်ပြိုင်နိုင်တဲ့ တည်နေရာမျိုးမှာ ရှိနေခဲ့တာပါ။

အမေရိကန်ရဲ့ ဒူးဆစ်လောက်အထိ လိုက်မီနိုင်ခဲ့တဲ့ တစ်ခုထဲသော နိုင်ငံကတော့ ဂျပန်ပါ။ ဒါပေမဲ့ ဂျပန်ဟာ အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှုကို အရမ်းကို ကပ်ပြီး လိုက်လာနိုင်ခဲ့တာ ဖြစ်လို့ ရလဒ်အနေနဲ့ Plaza Agreementကို လက်မှတ်ရေးထိုးဖို့ အကြပ်ကိုင်ခံခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲမှုကြောင့် ချေမှုန်းခြင်း ခံခဲ့ရတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကို စတင်လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံ က လျင်မြန်စွာ ပေါ်ထွက်လာခဲ့တယ်။ နိုင်ငံရေးအရတော့ ဆိုရှယ်လစ်စနစ်ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပေမဲ့ စီးပွားရေးအရတော့ ကွန်မြူနစ်စနစ်ကို စွန့်လွှတ်လိုက်ပြီး အရင်းရှင်စနစ်ကို လက်ခံကျင့်သုံးခဲ့တာပါ။

တရုတ်နိုင်ငံက သူ့ရဲ့ ကျယ်ပြန့်တဲ့ နယ်မြေကြီးနဲ့ အရင်းအမြစ်တွေ၊ ပြီးတော့ လူဦးရေ သန်း ၁၅၀၀ကျော်ရှိတဲ့ ပြည်တွင်းဈေးကွက်ကို အခြေခံပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်တဲ့ အမြန်နှုန်းနဲ့ ကြီးထွားလာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဂျပန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယမြောက် GDPအမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ကာ G2 အဆင့်အတန်းဆီ ဂုဏ်ယူစွာနဲ့ တက်လှမ်းနိုင်ခဲ့တယ်။

နောက်ကျမှ ဝင်ရောက်လာသူတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံတွေကို လိုက်မီဖို့အတွက် ပုံမှန် Fast Follower မဟာဗျူဟာကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်ပဲ နိုင်ငံခြားကုမ္ပဏီတွေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာတဲ့ အချိန်မှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်ကုမ္ပဏီ တည်ထောင်ဖို့အတွက် အတင်းအကြပ် ဖိအားပေးခြင်း ခံခဲ့ရတယ်။

အဲ့လိုဖိအားပေးခြင်းရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ ပြည်တွင်းကုမ္ပဏီတွေကို နိုင်ငံခြားကုမ္ပဏီတွေ ရှာဖွေရရှိတဲ့ အမြတ်အစွန်းတွေကို ခွဲဝေခံစားခွင့် ရရှိစေဖို့ပဲ ဖြစ်တယ်။ နိုင်ငံခြားကုမ္ပဏီတွေ အလွယ်တကူ ဝင်ရောက်လာပြီး ပိုက်ဆံတွေကို ယူဆောင်သွားခွင့် တရုတ်က ပြုမှာ မဟုတ်ဘူးလေ။

ပြီးတော့ ဒုတိယမြောက် ရည်ရွယ်ချက် (တကယ်တော့ ဒါက အရေးအကြီးဆုံးပဲ) ကတော့ ဖက်စပ်ကုမ္ပဏီတွေကနေတစ်ဆင့် နည်းပညာကို ရယူဖို့ပဲ ဖြစ်တယ်။

နည်းပညာဆိုတာက မူပိုင်ခွင့် အနည်းငယ်တင်မကဘဲ ကုမ္ပဏီတစ်ခုက အချိန်အကြာကြီး တည်ဆောက်ထားခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုလုံးရဲ့ စုစည်းမှုပါ။ ဒေသခံ ကုမ္ပဏီတွေရဲ့ အမြင်ကနေကြည့်ရင်တော့ စက်ရုံတွေကို အတူတူ လည်ပတ်တာနဲ့ ထုတ်ကုန်တွေကို အတူတူ ဖြန့်ဖြူးတာမျိုးကနေတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို တိုက်ရိုက် လေ့လာသင်ယူနိုင်ဖို့ပါ။

တက်ဂယူ က ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် လှမ်းမေးလိုက်တယ်။

"ဒါက လေ့လာသင်ယူတာထက်စာရင် ကူးယူတာ မဟုတ်ဘူးလား"

"အင်း၊ ဟုတ်ပါတယ်၊ အဲဒီလိုမျိုး သဘောပါပဲ"

"အဲဒါကို သိနေရက်သားနဲ့ ဘာဖြစ်လို့ တရုတ်နိုင်ငံထဲကို ဝင်ရောက်နေကြသေးတာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းဈေးကွက်က အရမ်းကို ကြီးမားနေလို့ပေါ့"

ဘယ်ကုမ္ပဏီမှ လူဦးရေ သန်း ၁၅၀၀ရှိတဲ့ ဈေးကွက်ကို စွန့်လွှတ်ချင်ကြမှာမဟုတ်ပါဘူး။

ဒါကြောင့်ပဲ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေက စွန့်စားရမှန်း သိရက်သားနဲ့ ဖက်စပ်ကုမ္ပဏီတွေကို တည်ထောင်ကြတာပါ။ ကာလတိုအတွင်းမှာ ပိုက်ဆံရှာဖွေနိုင်တာ ဖြစ်လို့ ကောင်းမွန်လှပေမဲ့ ပြဿနာကတော့ နောက်ပိုင်းမှ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ Evian ရေသန့်ကြောင့် ကျော်ကြားတဲ့ ပြင်သစ် အစားအသောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Danone ရဲ့ အခြေအနေမှာဆိုရင် သူတို့တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာတဲ့ အချိန်မှာ ဒေသခံ အစားအသောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wahaha နဲ့ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ Wahaha က Danone ရဲ့ နည်းပညာကို ရရှိသွားပြီးတဲ့နောက်မှာတော့ တခြား ကော်ပိုရေးရှင်းတစ်ခုကို ထပ်မံတည်ဆောက်ခဲ့ပြီး ကိုယ်ပိုင်ထုတ်ကုန်တွေကို ရောင်းချခဲ့တာ ဖြစ်လို့ အငြင်းပွားမှုတွေနဲ့ တရားစွဲဆိုမှုတွေအထိပါ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်တရားရုံးတွေကတော့ သဘာဝအတိုင်း ပြည်တွင်း ကုမ္ပဏီတွေဘက်ကပဲ ရပ်တည်ပေးခဲ့တာပေါ့။ Danone အနေနဲ့ တိုက်ခိုက်ရင်တောင်မှ အနိုင်ရရှိဖို့ အခွင့်အရေးမရှိဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက် နောက်ဆုံးမှာတော့ သူ့ရဲ့ ရှယ်ယာအားလုံးကို Wahaha ဆီ ရောင်းချလိုက်ပြီး ဆုတ်ခွာသွားခဲ့တော့တယ်။

ကောင်းမွန်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ Danone က အရင်းအနှီး အမြတ်အစွန်းတွေကို ဖော်ဆောင်ပြီး ထွက်ခွာသွားခဲ့တာ ဖြစ်ပေမဲ့ မကောင်းတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ Danoneဟာ သွေးစုပ်ခံလိုက်ရပြီး မောင်းထုတ်ခံလိုက်ရတာပါ။

ဒါမျိုး ဖြစ်ရပ်တွေက နည်းပါးလှတာ မဟုတ်ပါဘူး။ အခုအချိန်မှာ အရွယ်အစား ကြီးမားလာခဲ့ကြတဲ့ တရုတ်ပြည်တွင်း ကုမ္ပဏီတွေက နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ယူတာ ဒါမှမဟုတ် တရုတ်ဈေးကွက်ထဲကနေ မောင်းထုတ်တာမျိုးတွေကို လုပ်ဆောင်နေကြပါတယ်။ (ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ဈေးကွက်ထဲ ဝင်ရောက်လာခဲ့ကြတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းစုကြီးတွေတောင်မှ ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာနေကြပြီ ဖြစ်ပါတယ်)

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ တရုတ်ထုတ်ကုန်တွေက လှောင်ပြောင်စရာ အရာတစ်ခု ဖြစ်ခဲ့တာပါ။ တရုတ်ထုတ်ဆိုရင် ဗုံးကလွဲလို့ ကျန်တဲ့အရာအားလုံးက ပေါက်ကွဲတတ်တယ်ဆိုတဲ့ ဟာသမျိုးတောင် ပေါ်လာခဲ့ဖူးတယ်။

ဒါပေမဲ့ အဲဒါတွေက အတိတ်မှာတင် ကျန်ရစ်ခဲ့ပါပြီ။ ကော်ပိုရေးရှင်းကြီးတွေအဖြစ် ကြီးထွားလာခဲ့ကြတဲ့ တရုတ်ကုမ္ပဏီတွေက အခုအချိန်မှာ အမေရိကန်က လွှမ်းမိုးထားတဲ့ အဆင့်မြင့် နည်းပညာ နယ်ပယ်တွေကိုတောင်မှ စိန်ခေါ်နေခဲ့ကြပြီ ဖြစ်ပါတယ်။

အဲဒီအထဲက တစ်ခုကတော့ အလိုအလျောက်မောင်းနှင်မှုနဲ့ လျှပ်စစ်ကားတွေနဲ့ ကိုယ်စားပြုထားတဲ့ အနာဂတ် ကားတွေပဲ ဖြစ်တာပေါ့။

ဥက္ကဌ လင်ဂျင်ယုံ က ပြောတယ်။

"တရုတ်နိုင်ငံမှာ ဘတ္ထရီစက်ရုံ တည်ဆောက်ဖို့အတွက် ဖိအားတွေက ဆက်တိုက် ဝင်ရောက်လာနေတယ်။ တကယ်လို့ ငါတို့က OTK ဘတ္ထရီတွေကို တရုတ်နိုင်ငံမှာသာ ထုတ်လုပ်မယ်ဆိုရင် သူတို့က ထောက်ပံ့ကြေးတွေ အမြောက်အမြား ပေးအပ်မယ်လို့ ပြောနေကြတယ်"

"သူတို့က ကျွန်တော်တို့ကို တရုတ်ကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ကုမ္ပဏီ တည်ထောင်ခိုင်းနေတာ မဟုတ်လား"

"သေချာတာပေါ့"

တကယ်လို့ ကျွန်တော်တို့က တရုတ်နိုင်ငံမှာ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်လိုက်မယ်ဆိုရင် တရုတ်က ဘယ်လိုနည်းလမ်းနဲ့မဆို ကျွန်တော်တို့ရဲ့ နည်းပညာကို ခိုးယူဖို့အတွက် ကြိုးစားကြမှာ အသေအချာပါပဲ။ ဒါက လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကို ခိုးယူတာထက်စာရင် ပိုပြီး သေချာတဲ့ နည်းလမ်း ဖြစ်မှာလေ။

အလိုအလျောက်မောင်းနှင်တဲ့ယာဉ်တွေ၊ အဲဒီနောက်မှာတော့ ဘတ္ထရီတွေအစရှိတဲ့ နည်းပညာတွေကို ခိုးကြမှာပါ။ သူတို့ ဘာဖြစ်လို့ ကျွန်တော်တို့ကို ဒီလောက်အထိ စိတ်ဝင်စားနေကြလဲဆိုတာကို ကျွန်တော်လည်း မသိတော့ပါဘူး။

"တကယ်လို့ ကျွန်တော်တို့က ငြင်းလိုက်ရင်ကော"

"တရုတ်နိုင်ငံက ကိုရီးယားကုမ္ပဏီတွေ ထုတ်လုပ်တဲ့ NCM ဘတ္ထရီတွေအတွက် ထောက်ပံ့ကြေးတွေ မပေးအပ်တာမျိုး လုပ်လာလောက်တယ်။ ကိုရီးယားကုမ္ပဏီတွေကို ပြည်တွင်းဈေးကွက်ကနေ ဖယ်ထုတ်ထားတာမျိုးလည်း တရုတ်က လုပ်ခဲ့ဖူးတယ်။ တကယ်လို့ ငါတို့က တရုတ်နိုင်ငံမှာ ဖက်စပ်ကုမ္ပဏီ မတည်ထောင်ဘူးဆိုရင် OTK ဘတ္ထရီတွေအတွက် ထောက်ခံချက် ရရှိဖို့တောင်မှ ခက်ခဲသွားဖို့က အလားအလာ တော်တော်လေး များတယ်"

ဒါက OTK ဘတ္ထရီတွေကို တရုတ်နိုင်ငံအတွင်းမှာ လျှပ်စစ်ကားတွေတင်မကဘဲ တခြားသော အီလက်ထရောနစ် စက်ပစ္စည်းတွေမှာပါ တပ်ဆင်လို့ ရမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။

OTK ဘတ္ထရီတွေက ဘတ္ထရီအသေးစားလေးတွေကနေစပြီး စီးပွားဖြစ် ထုတ်လုပ်မှုကို စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ Module တွေ ပြုလုပ်ပြီး စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပြီဖြစ်တဲ့အပြင် မော်တော်ကားတွေအတွက် Battery Packတွေကိုလည်း မကြာခင်မှာ ပြုလုပ်နိုင်တော့မှာပါ။

ဈေးနှုန်းကတော့ လက်ရှိအချိန်မှာ လက်ရှိဘတ္ထရီတွေထက် ပိုမိုမြင့်မားနေဆဲ ဖြစ်ပေမဲ့ လျှပ်စစ်သိုလှောင်နိုင်စွမ်းပမာဏက နှစ်ဆ ရှိပြီး အားသွင်းနှုန်းက လေးဆ ပိုမိုမြန်ဆန်ပါတယ်။ ထုတ်လုပ်မှုလိုင်းကို တည်ဆောက်ပြီး အမြောက်အမြား ထုတ်လုပ်မှုကို စတင်လိုက်တာနဲ့ ဈေးနှုန်းကလည်း ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်။

"ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"ရွေးချယ်စရာ လမ်းကြောင်း နှစ်ခု ရှိတယ်။ ဖြစ်နိုင်ခြေအရှိဆုံး ကောင်းမွန်တဲ့ အခြေအနေတွေကို ညှိနှိုင်းပြီး တရုတ်ဈေးကွက်ထဲ လျင်မြန်စွာ ဝင်ရောက်တာမျိုး၊ ဒါမှမဟုတ် တရုတ်နိုင်ငံကို ဖယ်ထုတ်ပြီး တခြားဈေးကွက်တွေကို လွှမ်းမိုးရင်း နည်းပညာ ကွာဟချက်ကို ပိုပြီး ကျယ်ပြန့်အောင် ပြုလုပ်တာမျိုးပေါ့"

ကျွန်တော်တို့ ဘယ်လမ်းကြောင်းကိုပဲ ရွေးချယ်ပါစေ တရုတ်နိုင်ငံကတော့ ဒီအတိုင်း ငြိမ်ငြိမ်လေး ကြည့်ရှုနေမှာ မဟုတ်ပါဘူး။

Legoအတု ကနေ စတင်ခဲ့တဲ့ ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ပိုပြီး ရှုပ်ထွေးလာခဲ့ပါပြီ။ မူပိုင်ခွင့်ကို လျစ်လျူရှုထားတဲ့ နိုင်ငံတစ်ခုနဲ့ ရင်ဆိုင်ရတာက ဒီလောက်အထိကို ခက်ခဲလှပါတယ်။

"ကျွန်တော် ဒီပြဿနာကို စဉ်းစားရဦးမယ်"

ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းညိတ်လိုက်ရင်း ပြောတယ်။

"လျှပ်စစ်ကားတွေ မိတ်ဆက်တာနဲ့ ထုတ်လုပ်တာကို ပိုပြီး အရှိန်မြှင့်တင်လိုက်တာက ပိုပြီး ကောင်းမွန်လိမ့်မယ်။ ဘတ္ထရီ ထုတ်လုပ်မှုကိုလည်း ဖြည်းဖြည်းချင်း ပြင်ဆင်နေခဲ့ပြီးပြီပဲလေ"

"ကျွန်တော်လည်း အဲဒီလိုမျိုးပဲ တွေးထားတာပါ။ ဒါပေမဲ့..."

ပြဿနာကတော့ တိုးတက်မှုက နှေးကွေးစွာနဲ့ ဖြစ်ပေါ်နေခဲ့တာပါ။ ဒီအတိုင်းဆိုရင်တော့ ဒီနှစ်နဲ့မပြီးဘဲ နောက်နှစ်ကိုပါ ရောက်သွားနိုင်ပါတယ်။

ဥက္ကဌ လင်ဂျင်ယုံ က ဖြတ်ပြောလိုက်တယ်။

"အွန်ဆောင်း မော်တာ နဲ့ ပူးပေါင်းလုပ်ဆောင်ကြည့်ရင်ကော ဘယ်လိုလဲ။ အခုတလော သူတို့ရဲ့ အခြေအနေက မကောင်းဘူးလို့ ကြားမိတယ်"

"အွန်ဆောင်း မော်တာဟုတ်လား"

"CarOS တစ်ခုထဲနဲ့တော့ မြောက်အမေရိကနဲ့ ဥရောပဈေးကွက်တွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် ခက်ခဲလိမ့်မယ်။ အာရှဈေးကွက်အတွက် သူတို့ကို မိတ်ဖက်တစ်ခုအနေနဲ့ စဉ်းစားကြည့်ဖို့ မတန်ဘူးလား"

ဆိုဆောင်း အုပ်စု က အနာဂတ်ကားတွေကို နောက်ထပ် မျိုးဆက်သစ် တိုးတက်မှုရအောင်လုပ်ပေးမယ့် အင်ဂျင်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါကြောင့်ပဲ သူတို့က Semiconductorကနေ ရှာဖွေရရှိတဲ့ ပိုက်ဆံတွေကို အီလက်ထရောနစ်နဲ့ ဘတ္ထရီတွေထဲဆီ ဆက်တိုက် ပုံအောနေခဲ့ကြတာလေ။

ဘယ်သူပဲ ထုတ်လုပ်ထုတ်လုပ်၊ အလိုအလျောက်မောင်းနှင်တဲ့ ယာဉ်တွေနဲ့ လျှပ်စစ်ကားတွေ အရေအတွက် တိုးတက်လာမယ်ဆိုရင်တော့ အမြတ်အစွန်းတွေက မြင့်တက်လာမှာ ဖြစ်ပါတယ်။ Semiconductorတွေရဲ့ ဝယ်လိုအားကလည်း အတူတူ မြင့်တက်လာမှာမလို့ ဆိုဆောင်း အုပ်စု အတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုး ဖြစ်တာပေါ့။

တက်ဂယူ ကတော့ ပြတ်ပြတ်သားသား ခေါင်းခါလိုက်ရင်း ပြောတယ်။

"ဘာတွေ ပြောနေတာလဲဗျာ။ ဂျင်ဟူက အွန်ဆောင်း မော်တာ ကို မုန်းတီးတာလေ။ ဟုတ်တယ်မလား"

"အင်း..."

အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ စိတ်ထဲမှာ တစ်ခုခုကို ဖျတ်ခနဲ လင်းခနဲ စဉ်းစားမိသွားခဲ့တယ်။

ဟန်ချန်ယောင်း က အွန်ဆောင်း မော်တာ အုပ်စုရဲ့ ရုံးချုပ်မှာ အစည်းအဝေးတစ်ခု ပြုလုပ်နေပါတယ်။ လက်အောက်ခံ ကုမ္ပဏီ တစ်ခုချင်းစီရဲ့ ဥက္ကဌတွေနဲ့ အမှုဆောင်တွေက အစည်းအဝေးခန်းမထဲမှာ နေရာယူလိုက်ကြတယ်။

လူတိုင်းရဲ့ အမူအရာကတော့ မှောင်မှိုက်နေခဲ့ကြတာပါ။

ပထမဆုံးအနေနဲ့ စီမံခန့်ခွဲမှု အစီရင်ခံစာကနေ စတင်ခဲ့တယ်။

"မြောက်အမေရိကနဲ့ ဥရောပမှာ ရောင်းအားက ဆက်တိုက် ကျဆင်းနေဆဲပါ။ အရှုံးကလည်း ပိုပြီး ကြီးမားလာနေပါတယ်"

မဟာငလျင်ကြီးအပြီးမှာတော့ ကမ္ဘာ့စီးပွားရေးက ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး မော်တော်ကား ရောင်းအားက အောက်ခြေအထိ ထိုးဆင်းသွားခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ ဖြည်းဖြည်းချင်း ပြန်လည်ဦးမော့လာမယ့် လက္ခဏာတွေကို ပြသနေခဲ့ပြီ ဖြစ်ပါတယ်။

ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင်တော့ ငလျင်က ကယ်လီဖိုးနီးယားရဲ့ တချို့သော နယ်မြေတွေကိုပဲ ထိခိုက်ခဲ့တာပါ။ အမေရိကန်မှာတော့ အရင်ကထက်စာရင် ကြီးမားတဲ့ ကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ အနာဂတ် စီးပွားရေး အခြေအနေ ကောင်းမွန်လာမယ့်အပေါ် မျှော်လင့်ချက်တွေ ရှိနေတာလေ။

ဒါပေမဲ့လည်း ရောင်းအား မြင့်တက်နေခဲ့ကြတဲ့ တခြားသော ကားထုတ်လုပ်သူတွေနဲ့ မတူဘဲ အွန်ဆောင်း မော်တာ ရဲ့ ရောင်းအားကတော့ ဆက်တိုက် ကျဆင်းနေခဲ့တယ်။

အကြောင်းပြချက်ကတော့ သေချာပေါက် လေအိတ် ပြန်လည်သိမ်းဆည်းရတဲ့ အကြပ်အတည်းကြောင့် ဖြစ်တာပေါ့။

ပြဿနာကတော့ အခုအချိန်မှာ အတိုင်းအတာတစ်ခုအထိ ပြေလည်သွားခဲ့ပြီ ဖြစ်ပေမဲ့ အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကတော့ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ရောင်းအား ကျဆင်းတာက ပြဿနာတစ်ခု ဖြစ်ပေမဲ့ ပိုပြီး ကြီးမားတဲ့ ပြဿနာကတော့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ရာခိုင်နှုန်းက ဆက်တိုက် ကျဆင်းနေတာပါ။ အွန်ဆောင်း မော်တာ အထွတ်အထိပ် ရောက်ရှိနေခဲ့စဉ်တုန်းကတော့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အထိတောင်မှ ၇ ရာခိုင်နှုန်းလောက်ကို မနည်း ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပေမဲ့ မနှစ်ကတော့ လေအိတ် ပြန်လည်သိမ်းဆည်းရတဲ့ အကြပ်အတည်းနဲ့ ထပ်တူကျသွားခဲ့တာ ဖြစ်လို့ ၃ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ပထမသုံးလပတ်မှာတော့ လေအိတ် ပြန်လည်သိမ်းဆည်းရတာနဲ့ တင်ပို့မှု ကြန့်ကြာတာတွေကြောင့် အကြီးအကျယ် အရှုံးပေါ်ခဲ့တယ်။

ဟန်ချန်ယောင်း ရဲ့ အမြင်ကနေကြည့်ရင်တော့ သူက အဆိုးရွားဆုံး အကြပ်အတည်း အခြေအနေထဲမှာ အုပ်စုကို လွှဲပြောင်းရယူခဲ့တာပါ။ ဟန်မင်းဂူ ရဲ့ အနားယူမှုက မျှော်လင့်ထားတာထက် ပိုမိုမြန်ဆန်ခဲ့တာ ဖြစ်ပေမဲ့ ကံကောင်းထောက်မစွာနဲ့ သူက စီမံခန့်ခွဲမှု အာဏာ ဆက်ခံဖို့အတွက် အရင်ကတည်းက ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဟန်ချန်ယောင်း က အုပ်စုရဲ့ အတွင်းရေး ကိစ္စရပ်တွေကို လျင်မြန်စွာပဲ စနစ်တကျဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဝန်ထမ်း အပြောင်းအလဲ အသစ်တွေကို ဖော်ဆောင်ခဲ့တယ်။

ဥက္ကဌဟောင်းရဲ့ နောက်ကို လိုက်ပါခဲ့ကြတဲ့ တချို့သော ဥက္ကဌတွေနဲ့ အမှုဆောင်တွေကတော့ သူတို့ရဲ့ ရာထူးတွေကနေ ဆင်းပေးခဲ့ကြရပြီး သူတို့ရဲ့ ရာထူးနေရာတွေကို လူသစ်တွေနဲ့ အစားထိုးခဲ့တာပါ။

တိုယိုတာ က ရုတ်တရက် ကားအရှိန်မြင့်တက်သွားခဲ့တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပေမဲ့ ရှင်သန်နိုင်ခဲ့ပြီး ပြန်လည်ဦးမော့နိုင်ခဲ့တယ်။ ပြန်ပြီး စဉ်းစားကြည့်ရင်တော့ လေအိတ် ချို့ယွင်းချက်က ရုတ်တရက် ကားအရှိန်မြင့်တက်သွားတာနဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှ မဟုတ်ပါဘူး။

အွန်ဆောင်း မော်တာ ကတော့ အခုအချိန်အထိ ကမ္ဘာ့အကြီးဆုံး ထိပ်တန်း မော်တော်ကား အုပ်စုကြီး ၅ ခုထဲက တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်တာမလို့ အကြပ်အတည်းကို ကျော်လွှားနိုင်မယ့် လုံလောက်တဲ့ အလားအလာတွေ ရှိနေခဲ့ပါတယ်။

ဟန်ချန်ယောင်း က ကားအသစ် မိတ်ဆက်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး ကားအသေးစား မော်ဒယ် နှစ်ခုနဲ့ အလတ်စား ကားမော်ဒယ် တစ်ခုတို့ကို မိတ်ဆက်ခဲ့တယ်။

အမျိုးမျိုးသော နည်းပညာအသစ်တွေနဲ့ ဘေးကင်းလုံခြုံရေး စနစ်တွေကို ထည့်သွင်းထားခဲ့တာ ဖြစ်လို့ ကုန်ကျစရိတ်က သိသိသာသာ မြင့်တက်သွားခဲ့တာ ဖြစ်ပေမဲ့ အမြတ်အစွန်း ရာခိုင်နှုန်း လျော့ကျသွားတာကို လက်ခံလိုက်ရင်း တူညီတဲ့ ဈေးနှုန်းနဲ့ပဲ မိတ်ဆက်ခဲ့တာပါ။

ဒီအစီအစဉ်ကတော့ ချက်ချင်းကြီး အမြတ်အစွန်းတွေ ရှာဖွေတာထက်စာရင် ကားအသေးစားနဲ့ အလတ်စားတွေကနေ စတင်ပြီး စားသုံးသူတွေရဲ့ ယုံကြည်မှုကို တစ်ဆင့်ချင်းစီ ပြန်လည်တည်ဆောက်ဖို့အတွက် ဖြစ်တာပေါ့။

ကံကောင်းထောက်မစွာနဲ့ ဈေးကွက်ရဲ့ တုံ့ပြန်မှုကတော့ ကောင်းမွန်ခဲ့တယ်။ တန်ဖိုးနဲ့ ညီမျှတဲ့ ကားတွေ ဖြစ်တယ်ဆိုပြီး လူပြောသူပြော များလာခဲ့သလို နိုင်ငံရပ်ခြားမှာလည်း အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေက ဆက်တိုက် ထွက်ပေါ်လာခဲ့တာပါ။ လေအိတ် ပြန်လည်သိမ်းဆည်းရတဲ့ ပြဿနာကနေလည်း ရုန်းထွက်နိုင်ခဲ့တာ ဖြစ်လို့ ရောင်းအားက ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့တယ်။ တချို့သော မော်ဒယ်တွေအတွက်ဆိုရင်တော့ ထုတ်လုပ်မှုက လိုအပ်တာထက် နည်းပါးနေခဲ့တာမလို့ ဝယ်ယူသူတွေက လပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရတယ်။

ဒါပေမဲ့...

ဒုတိယဥက္ကဌ ကွမ်ဟွမ်ယုံ က ပြောတယ်။

"လက်ရှိအချိန်မှာ ပြုံတက်၊ ဂျောဂျီ နဲ့ အာဆန် ရဲ့ ပထမနဲ့ ဒုတိယ စက်ရုံတွေက အလုပ်သမားသမဂ္ဂတွေက အချိန်ပိုင်း သပိတ်မှောက်မှုတွေကို ပြုလုပ်နေကြပါတယ်"

ဟန်ချန်ယောင်း က ခေါင်းကိုက်နေခဲ့သလိုမျိုး ရေရွတ်လိုက်တယ်။

"သပိတ်မှောက်ပြန်ပြီလား..."

ဒါက ဘာပဲဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေကျ အရာတစ်ခု ဖြစ်တာမလို့ ထူးထူးခြားခြား ဆန်းသစ်နေတာမျိုးတော့ မဟုတ်ပါဘူး။

အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကတော့ ၁၂ နှစ်ဆက်တိုက် သပိတ်မှောက်ခဲ့ဖူးတဲ့ မကြုံစဖူး မှတ်တမ်းကောင်းတစ်ခု ရှိနေခဲ့တာပါ။ ပြီးတော့ ကြားထဲမှာ တစ်နှစ်လောက် အနားယူခဲ့တာကို ဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ သပိတ်မှောက်မှုတွေက ၇ နှစ်ဆက်တိုက် ပြန်လည်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အခြေအနေက ပြင်းထန်ပါတယ်။ ကုမ္ပဏီအပေါ် ယုံကြည်မှုက အောက်ခြေအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်တာမလို့ မှာယူထားတဲ့ အော်ဒါတွေကို အချိန်မီ မတင်ပို့နိုင်ဘူးဆိုရင် စားသုံးသူတွေက နားလည်ပေးကြမှာ မဟုတ်ပါဘူး။

မနှစ်တုန်းက GM က ပြည်တွင်းစက်ရုံတွေထဲက တစ်ခုကို ပိတ်ပစ်ခဲ့တာ ဖြစ်ပေမဲ့ အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကတော့ အကြပ်အတည်းရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အသိစိတ် ရှိနေခဲ့ကြတဲ့ ပုံစံမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အွန်ဆောင်း မော်တာ က GM နဲ့မတူဘဲ ကိုရီးယားစက်ရုံတွေကို ပိတ်ပစ်ဖို့အတွက် ခက်ခဲတဲ့ ဖွဲ့စည်းပုံမျိုး ရှိနေလို့ပါ။

နိုင်ငံခြား စက်ရုံတွေမှာပဲ ထုတ်လုပ်ပြီး ပြည်တွင်းထုတ်လုပ်မှုကို ဇွတ်အတင်း မလုပ်ဆောင်ဘဲ ယူဆောင်လာခဲ့ရင် အဆင်ပြေမယ်လို့ တခြားလူတွေက တွေးမိကောင်း တွေးမိနိုင်ပေမဲ့ အလုပ်သမားနဲ့ စီမံခန့်ခွဲမှု သဘောတူညီချက်အရဆိုရင်တော့ နိုင်ငံခြား ထုတ်လုပ်မှု ပမာဏကို ကိုရီးယားထဲ ယူဆောင်လာဖို့အတွက် အလုပ်သမားသမဂ္ဂရဲ့ သဘောတူညီချက်ကို မဖြစ်မနေ ရယူရမှာပါ။

သဘာဝအတိုင်းပဲ အလုပ်သမားသမဂ္ဂက သဘောတူညီပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အလုံးစုံ သပိတ်မှောက်မှုသာ ဖြစ်ပွားခဲ့မယ်ဆိုရင် ပြည်တွင်းရောင်းချမှုကတော့ သဘာဝအတိုင်း လုံးဝ ရပ်တန့်သွားမှာပါ။

ဟန်ချန်ယောင်း က ဒုတိယဥက္ကဌ ကွမ်ဟွမ်ယုံ ကို လှမ်းမေးလိုက်တယ်။

"လစာနဲ့ အစုအဖွဲ့ ညှိနှိုင်းမှု သဘောတူညီချက်ကော တိုးတက်မှု ရှိလား"

"လစာ တိုးမြှင့်ပေးမယ့် အပိုင်းမှာတော့ တစ်နည်းနည်းနဲ့ ညှိနှိုင်းမှု ရရှိနိုင်မယ့် ပုံစံမျိုး ရှိနေခဲ့ပေမဲ့ တခြားသော အခြေအနေတွေကတော့ ပြဿနာ ဖြစ်နေပါတယ်။ သူတို့က ကုမ္ပဏီအနေနဲ့ လုံးဝ လက်မခံနိုင်တဲ့ အခြေအနေတွေကို တင်ပြနေကြတာပါ။ ကျွန်တော်တို့တွေ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ဆက်ပြီး စကားပြောဆိုနေခဲ့ပေမဲ့ သူတို့ရဲ့ သဘောထားက မနှစ်ကထက်စာရင် ဒီနှစ်မှာ ပိုပြီး တင်းမာနေပါတယ်။ တကယ်လို့ နောက်ထပ် ညှိနှိုင်းမှုမှာ သူတို့ရဲ့ တောင်းဆိုချက် အားလုံးကို လက်မခံဘူးဆိုရင် စက်ရုံအားလုံးကို အပြည့်အဝ သပိတ်မှောက်သွားမယ်လို့ ပြောနေကြပါတယ်"

သပိတ်မှောက်တာက အလုပ်သမားတွေရဲ့ တရားဝင် အခွင့်အရေးတစ်ခု ဖြစ်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါက ညှိနှိုင်းမှုတွေ ပျက်ပြားသွားခဲ့တဲ့ အချိန်မှသာ အသုံးပြုရမယ့် နောက်ဆုံး လက်နက်တစ်ခု ဖြစ်ပြီး အကောင်းဆုံး လက်နက်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကတော့ သပိတ်မှောက်တာကို အစွမ်းထက် ဆေးတစ်ခွက်လိုမျိုး အသုံးချနေခဲ့ကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံဘူးဆိုရင် အရင်ဆုံး သပိတ်မှောက်ကြပြီး အဲဒီနောက်မှ ညှိနှိုင်းမှုတွေကို စတင်ကြတာပါ။

ဥက္ကဌ ယွန်ဆူဟွမ် က လှမ်းမေးတယ်။

" ကုမ္ပဏီရဲ့ အခြေအနေက ခက်ခဲနေတယ်ဆိုတာကို သူတို့သိအောင်ကော ပြောပြဖို့ ကြိုးစားခဲ့သေးလား"

" ပြောပြခဲ့ပေမဲ့ အလုပ်သမားသမဂ္ဂဘက်ကတော့ 'ဘာဖြစ်လို့ မင်းတို့တွေက စီမံခန့်ခွဲမှု ကျရှုံးရတဲ့ တာဝန်ကို အလုပ်သမားတွေအပေါ် လွှဲချနေရတာလဲ' ဆိုပြီး ကန့်ကွက်နေကြပါတယ်"

အခန်းထဲမှာ ရှိနေခဲ့ကြတဲ့ လူတိုင်းကတော့ ပြောစရာ စကားမဲ့သွားခဲ့ကြတယ်။

စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်နေခဲ့စဉ်တုန်းကတော့ အလုပ်သမားတွေကလည်း ဒါကို ခွဲဝေခံစားသင့်တယ်လို့ ငြင်းခုံခဲ့ကြပြီး စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ဆိုးရွားသွားခဲ့တဲ့ အချိန်မှာတော့ ဘာဖြစ်လို့ သူတို့က ရုတ်တရက်ကြီး သဘောထားတွေ ပြောင်းလဲသွားခဲ့ကြတာလဲ။

အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကတော့ ဒါတွေအားလုံးက ပိုင်ရှင်မိသားစုရဲ့ စီမံခန့်ခွဲမှု အမှားအယွင်းတွေကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ငြင်းခုံခဲ့ကြပြီး ဟန်ချန်ယောင်း ရဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ ပရော်ဖက်ရှင်နယ် စီအီးအိုတစ်ယောက်ကို မိတ်ဆက်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတယ်။

အခုအချိန်မှာတော့ သူတို့က သဘောမကျဘူးဆိုရင် စီအီးအိုကိုပါ အစားထိုးဖို့အတွက် ခြိမ်းခြောက်နေခဲ့ကြပါပြီ။

ဒီအခြေအနေမှာဆိုရင် သူတို့က အလုပ်သမားသမဂ္ဂလား ဒါမှမဟုတ် ရှယ်ယာရှင်တွေလားဆိုတာကို ခွဲခြားဖို့တောင် ခက်ခဲလှပါတယ်။

ပြည်တွင်းစက်ရုံတွေကိုလည်း ပိတ်ပစ်လို့ မရသလို နိုင်ငံခြားကနေလည်း ထုတ်လုပ်မှု ပမာဏကို ယူဆောင်လာလို့လည်း မရပါဘူး။ အဲဒီလိုမျိုး အခြေအနေထဲမှာ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတဲ့ ပြည်တွင်းဈေးကွက်ကိုလည်း ပြဿနာတွေ ရှိနေလို့ဆိုပြီး ဒီအတိုင်း ပစ်ထားလို့ မရပါဘူး။

ဒါက တကယ့်ကို ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ခက်တဲ့ အခြေအနေ ဖြစ်နေတာပါ။

ဒုတိယဥက္ကဌ ဘဲမင်းဆန်း က ပြောတယ်။

"ဒါပေမဲ့ သူတို့တွေ တကယ်ပဲ အပြည့်အဝ သပိတ်မှောက်မှုမျိုးကို လုပ်ဆောင်ကြမှာလား။ အလုပ်သမားသမဂ္ဂကလည်း ကုမ္ပဏီက အကြပ်အတည်း အခြေအနေထဲ ရောက်နေတယ်ဆိုတာကို သိရှိထားကြတာ မဟုတ်ဘူးလား"

ဒုတိယဥက္ကဌ ကွမ်ဟွမ်ယုံ က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

"ကုမ္ပဏီက အကြပ်အတည်းဖြစ်နေလို့လည်း သပိတ်မှောက်မှာလေ"

"သိသိကြီးနဲ့ကို သပိတ်မှောက်မှာတဲ့လား"

" ကုမ္ပဏီက အကြပ်အတည်းထဲ ရောက်နေတာမလို့ အလုပ်သမားသမဂ္ဂက သပိတ်မှောက်မှုကို တွန်းအားပေး လုပ်ဆောင်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို လက်ခံလာအောင် ကျွန်တော်တို့ကို ဖိအားပေးကြမှာပါ"

သူက ကုမ္ပဏီထဲကို အရောင်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အလုပ်သမား စီမံခန့်ခွဲမှု အထောက်အကူပြုအဖွဲ့နဲ့ ပြုံတက် စက်ရုံမှူး ဘဝတွေကို ဖြတ်သန်းခဲ့ကာ လက်ရှိအချိန်မှာတော့ အွန်ဆောင်း မော်တာ အုပ်စု ရဲ့ အလုပ်သမား စီမံခန့်ခွဲမှုနဲ့ ပြည်တွင်း ထုတ်လုပ်မှု အပိုင်းကို တာဝန်ယူထားရတဲ့လူ ဖြစ်ပါတယ်။

အဲဒီလိုမျိုး အခြေအနေကြောင့်ပဲ သူက အလုပ်သမားသမဂ္ဂအကြောင်းကို အရမ်းကို နားလည်ပြီး အလုပ်သမားသမဂ္ဂရဲ့ သဘာဝကိုလည်း အတိအကျ သိရှိထားခဲ့တာပါ။ လက်ရှိ အခြေအနေကတော့ အလုပ်သမားသမဂ္ဂက ကုမ္ပဏီရဲ့ အသက်သွေးကြောကို ဆုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ သေချာပေါက် လွယ်လွယ်ကူကူနဲ့ လွှတ်ပေးကြမှာ မဟုတ်ပါဘူး။

အွန်ဆောင်း မော်တာ က ဒီလိုမျိုး အခြေအနေထဲ ရောက်ရှိနေခဲ့ရတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိနေခဲ့တာပါ။ ပြီးတော့ အဲဒီအကြောင်းပြချက်တွေက နောက်ဆုံးမှာတော့ လူတစ်ယောက်ထဲဆီကိုပဲ ချိတ်ဆက်သွားခဲ့တာလေ။

ဒါတွေအားလုံးကလည်း ကန်ဂျင်ဟူ ကြောင့်ပဲဖြစ်ကုန်တာလား။

လက်ရှိအချိန်မှာ CarOS ရဲ့ ရောင်းအား ပမာဏက ထိပ်တန်း ၁၀ ခုတင်မကဘဲ ထိပ်တန်း ၂၀ ထဲမှာတောင် အဆင့်မဝင်ပါဘူး။ အဲဒီလိုမျိုး ဖြစ်နေခဲ့ပေမဲ့လည်း CarOS ရဲ့ ကော်ပိုရိတ် တန်ဖိုးကတော့ အွန်ဆောင်း မော်တာ ကို အဝေးကြီး ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ CarOS က အနာဂတ် ကားလောကပြိုင်ပွဲရဲ့ ရှေ့တန်းအစွန်ဆုံးမှာ ရှိနေလို့ပါ။

ဟန်ချန်ယောင်း က လေးလေးနက်နက်တွေးမိတယ်။

'အကြပ်အတည်းဖြစ်ပေါ်စေတဲ့ အကြောင်းတရား နေရာကနေပဲ ဖြေရှင်းချက်တစ်ခုကို ရှာဖွေသင့်တာလား'

အခန်း (၂၅၀)

အွန်ဆောင်း မော်တာ ရဲ့ ပြုံတက် စက်ရုံ။

ထုတ်လုပ်နေဆဲဖြစ်တဲ့ မော်တော်ကားတွေက Conveyor Belt တစ်လျှောက် ရွေ့လျားနေခဲ့ပြီး အလုပ်သမားတွေကတော့ မြန်ဆန်တဲ့ လှုပ်ရှားမှုတွေနဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်နေခဲ့ကြတယ်။

ဘန်မူဟော့ နဲ့ ဂျိုမင်ဆော့ တို့က Conveyor Beltရဲ့ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ပြီး ညာဘက်နဲ့ ဘယ်ဘက် အသီးသီး အလုပ်လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ လုပ်ဆောင်တဲ့ အလုပ်ကတော့ လုံးဝနီးပါး တူညီတာပါ။

ကွာခြားချက်ကတော့ ဘန်မူဟော့ က ညာဘက်ဘီးကို တပ်ဆင်တာ ဖြစ်ပြီး ဂျိုမင်ဆော့ ကတော့ ဘယ်ဘက်ဘီးကို တပ်ဆင်တာပဲ ဖြစ်တယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ လစာ ကွာခြားချက်ကတော့ လေးဆကျော်အထိ ရှိနေခဲ့တယ်။

အကြောင်းပြချက်ကတော့ သူတို့ရဲ့ အဆင့်အတန်းက ကွာခြားနေလို့ပါ။ ဘန်မူဟော့ က အွန်ဆောင်း မော်တာ ရဲ့ အမြဲတမ်းဝန်ထမ်း ဖြစ်ပြီး တခြားတစ်ဖက်မှာတော့ ဂျိုမင်ဆော့ က အပြင်ကနေ စေလွှတ်ထားတဲ့ အလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။ သူက အွန်ဆောင်း မော်တာ စက်ရုံမှာ အလုပ်လုပ်နေတာ ဖြစ်ပေမဲ့ အွန်ဆောင်း မော်တာ ရဲ့ ဝန်ထမ်း မဟုတ်ဘဲ အလုပ်သမား စေလွှတ်တဲ့ ကုမ္ပဏီတစ်ခုဆီက ဝန်ထမ်းပါ။ သူက လစာကိုလည်း အဲဒီ အလုပ်သမား စေလွှတ်တဲ့ ကုမ္ပဏီဆီကနေပဲ ရရှိတာ ဖြစ်ပါတယ်။

ဘန်မူဟော့ ရဲ့ နှစ်စဉ်လစာက ဝမ် သန်း ၁၀၀ မက အများကြီး ပိုများပေမဲ့ ဂျိုမင်ဆော့ ရဲ့ နှစ်စဉ်လစာကတော့ ဝမ် သန်း ၃၀ တောင် မပြည့်ပါဘူး။

အလုပ်သမား စေလွှတ်တဲ့ ကုမ္ပဏီအတွက် ကော်မရှင်ခကို နှုတ်ယူပြီးတဲ့နောက် လက်ထဲကို တကယ်တမ်း ရောက်ရှိလာတဲ့ ပိုက်ဆံကတော့ တစ်လကို ဝမ် ၂ သန်းကျော်ရုံလေးပါ။

ဂျိုမင်ဆော့ က ခါးခါးသီးသီး ပြုံးလိုက်မိတယ်။

'ဒါက အမြဲတမ်းဝန်ထမ်းနဲ့ ယာယီဝန်ထမ်းတွေကြားက ကွာခြားချက်ပေါ့လေ'

လစာက မြင့်မားတဲ့ လစာမျိုး မဟုတ်ပေမဲ့ ဒီပိုက်ဆံလေးအတွက်တောင်မှ အလုပ်လုပ်ဖို့ တန်းစီနေကြတဲ့ လူတွေ ရှိနေခဲ့တာပါ။ အလုပ်မရသေးတဲ့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ အခုလိုမျိုး နေရာမှာ ရှိနေရတာကိုတင် ကံကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။

နားချိန် ရောက်ရှိလာတဲ့ အချိန်မှာတော့ ဂျိုမင်ဆော့ က အပြင်ဘက်ကို ထွက်လာခဲ့ပြီး ဆေးလိပ်သောက်ခန်းထဲမှာ ဆေးလိပ်တစ်လိပ် သောက်နေခဲ့တယ်။ သူ ထိုင်ချလိုက်ရင်း ချွေးတွေကို သုတ်နေတဲ့ အချိန်မှာပဲ ဘန်မူဟော့ က ချဉ်းကပ်လာပြီး သံဗူးကော်ဖီတစ်ဗူးကို လှမ်းပေးခဲ့တယ်။

"ဒါလေးတစ်ဗူးလောက် သောက်လိုက်ဦး"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဂျိုမင်ဆော့ က ယဉ်ကျေးပျူငှာစွာနဲ့ပဲ လက်နှစ်ဖက်နဲ့ လှမ်းယူလိုက်တယ်။

ဘန်မူဟော့ က သူ့ရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ရင်း ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။

"ပင်ပန်းတယ် မဟုတ်လား။ ကားစက်ရုံတွေက မလွယ်ကူတဲ့ နေရာတွေလေ"

"အာ…ဟုတ်ကဲ့ပါခင်ဗျာ"

သူက ဒီနေရာကို မလာခင်တုန်းက စက်ရုံတစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ သဘာဝအတိုင်းပဲ မပင်ပန်းဘူးလို့ မဆိုလိုပေမဲ့ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေရဲ့ စက်ရုံတွေနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။

အနည်းဆုံးတော့ ကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေက ဥပဒေအရ သတ်မှတ်ထားတဲ့ နားချိန်တွေကိုတော့ သေချာပေါက် ပေးအပ်ကြတယ်လေ။

"နောက်အပတ်ဆိုရင် မင်းရဲ့ ပထမဆုံး လစာရတော့မှာမလား။ လစာရရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ"

"ကျွန်တော့်မှာ ကျောင်းသားချေးငွေ အကြွေးတွေ အများကြီး ကျန်ရှိနေသေးတာဆိုတော့ အဲ့ဒီအကြွေးကို အရင်ဆုံး ကြေအောင်ဆပ်ဖို့လိုပါတယ်"

"ဪ။ အဲဒီလိုလား။ မင်းက ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာလဲ"

"ကျွန်တော်က ချောင်ဆန်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ"

ချောင်ဆန်း တက္ကသိုလ်ဆိုတာက ချောင်ဘွတ်ပြည်နယ်မှာ တည်ရှိတဲ့ ဒေသန္တရ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သူသာ နာမည်ကြီး တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရခဲ့မယ်ဆိုရင်တော့ ဒီလိုမျိုး လစာအတွက်နဲ့ ဒီလိုနေရာမှာ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး။

အဲဒီစကားကြောင့် ဘန်မူဟော့ ရဲ့ မျက်နှာက ဝင်းပသွားခဲ့တယ်။

"အာ…. တကယ်လား။ ငါ့သားကလည်း အခု ချောင်ဆန်း တက္ကသိုလ်မှာ တက်နေတာကွ။ အခုမှ သိတယ်။ မင်းက ငါ့သားရဲ့ စီနီယာ ဖြစ်နေတာပဲ။ မင်း ဘွဲ့ရခဲ့တာ ဘယ်လောက်ကြာပြီလဲ"

"အခုဆိုရင် ၃ နှစ် ရှိပါပြီခင်ဗျာ"

"ဪ။ ငါ့သားကလည်း နောက်နှစ်ဆိုရင်သြော ဘွဲ့ရတော့မှာ"

ဂျိုမင်ဆော့ သိရှိထားသလောက်ကတော့ အွန်ဆောင်း မော်တာ ရဲ့ အမြဲတမ်းဝန်ထမ်းတွေက သူတို့ရဲ့ သားသမီးတွေအတွက် ကျောင်းလခ ထောက်ပံ့ကြေးကို ကုမ္ပဏီဆီကနေ ရရှိပါတယ်။ (တကယ်လို့ သူတို့ရဲ့ သားသမီးတွေက တက္ကသိုလ်မတက်ဘူးဆိုရင်တော့ အဲဒီပိုက်ဆံကို လက်ငင်းငွေသားအနေနဲ့ ပေးအပ်တာပါ)

'သူ့ရဲ့ သားမှာတော့ ကျောင်းသားချေးငွေ အကြွေး ရှိနေလောက်မှာ မဟုတ်ဘူး'

ဘန်မူဟော့ရဲ့သားဟာ တခြားလူတွေလိုမျိုး လူမှုပတ်ဝန်းကျင်ထဲ ဝင်ရောက်တာနဲ့ အကြွေးတွေကြောင့် ရုန်းကန်နေရမှာ မဟုတ်ပါဘူး။

နားချိန် ပြီးဆုံးခါနီး ဖြစ်နေတဲ့ အချိန်မှာပဲ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်က ချဉ်းကပ်လာခဲ့ပြီး လက်ခုပ်တီးရင်း ပြောလိုက်တယ်။

"ကဲ…. အားလုံးပဲ။ ဒီနေ့ ကျွန်တော်တို့ နေ့လယ် ၂ နာရီအထိပဲ အလုပ်လုပ်ရမယ်ဆိုတာကို သိကြတယ် မဟုတ်လား။ အချိန်တန်ရင် လူတိုင်း အလုပ်တွေကို ရပ်ပစ်ပြီး ထွက်ခွာကြပါ"

"ဟုတ်ကဲ့ပါခင်ဗျာ"

တက်ကြွစွာနဲ့ ပြန်လည်ဖြေကြားခဲ့ကြတဲ့ အမြဲတမ်းဝန်ထမ်းတွေနဲ့ မတူဘဲ ဂျိုမင်ဆော့ နဲ့ ယာယီဝန်ထမ်းတွေရဲ့ အမူအရာကတော့ မှောင်မှိုက်နေခဲ့တယ်။

လက်ရှိအချိန်မှာ ပြုံတက် စက်ရုံက ပထမအဖွဲ့နဲ့ ဒုတိယအဖွဲ့တို့ အလှည့်ကျ သပိတ်မှောက်တာမျိုးနဲ့ အချိန်ပိုင်း သပိတ်မှောက်မှုတွေကို ကြုံတွေ့နေရတာပါ။ အမြဲတမ်းဝန်ထမ်းတွေကတော့ သပိတ်မှောက်ရင်တောင်မှ သူတို့ရဲ့ အခြေခံလစာကို ပုံမှန်အတိုင်း ရရှိကြတာ ဖြစ်ပေမဲ့ ယာယီဝန်ထမ်းတွေကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ တကယ်လို့ သပိတ်မှောက်တာက ကြာမြင့်သွားခဲ့ပြီး သူတို့က တစ်ပတ်ကို ၁၅ နာရီ မပြည့်ဘူးဆိုရင်တော့ တစ်ပတ်တာ ပိတ်ရက် လစာကိုတောင်မှ ရရှိမှာ မဟုတ်ပါဘူး။

နားချိန် ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် အလုပ် ပြန်လည်စတင်ခဲ့တယ်။

ဂျိုမင်ဆော့ က သူ့ရဲ့ အခြေအနေက တာယာတစ်ခုလိုမျိုးပဲ ဖြစ်နေတယ်လို့ ရုတ်တရက် တွေးတောမိသွားခဲ့တယ်။

အင်ဂျင်တွေ ဒါမှမဟုတ် ဂီယာအုံတွေကိုတော့ ပိုက်ဆံကုန်ကျမယ်ဆိုရင်တောင်မှ ပြုပြင်ကြပေမဲ့ တာယာတွေကတော့ ပွန်းပဲ့သွားတာ ဒါမှမဟုတ် ပေါက်ပြဲသွားတာမျိုး ဖြစ်ရင် အလွယ်တကူပဲ အသစ်လဲလှယ်ပစ်လို့ ရတယ်လေ။

နောက်ထပ် နှစ်နှစ်ကြာရင် ဘာဖြစ်လာမလဲ။

သူက အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းလဲခြင်း ခံရမလား၊ ဒါမှမဟုတ် အလုပ်အသစ်တစ်ခုကို ထပ်မံရှာဖွေရဦးမလား။

သူ့ရဲ့ တစ်ဖက်မှာ အလုပ်လုပ်နေတဲ့ ဘန်မူဟော့ မှာလည်း စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေခဲ့တာပါ။ သူက ငယ်ရွယ်နုပျိုတဲ့ အရွယ်တုန်းကတည်းက အွန်ဆောင်း မော်တာ ထဲကို ဝင်ရောက်ခဲ့တာပါ။

အဲဒီအချိန်တုန်းကတော့ ယာယီဝန်ထမ်းဆိုတဲ့ အယူအဆမျိုး မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမဆို ကုမ္ပဏီထဲ ဝင်ရောက်လိုက်မယ်ဆိုရင် ခြွင်းချက်မရှိ အမြဲတမ်းဝန်ထမ်း ဖြစ်ခဲ့လို့ပါ။

သူက IMF အကြပ်အတည်း ကာလအတွင်း ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ခြင်းကနေ ရှင်သန်နိုင်ခဲ့သလို ဘဏ္ဍာရေး အကြပ်အတည်း ကာလအတွင်း ခက်ခဲမှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့တယ်။

အခုအချိန်မှာတော့ သူ အနားယူဖို့အချိန်က နှစ်နှစ်တောင် မလိုတော့ပါဘူး။ တခြားလူတွေကတော့ အနားယူရမှာကို ကြောက်ရွံ့နေကြတယ်လို့ ပြောကြပေမဲ့ ဘန်မူဟော့ ကတော့ သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိပါဘူး။

သူ့မှာ ဝယ်ယူထားတဲ့ အိမ်တစ်လုံး ရှိသလို စုဆောင်းထားတဲ့ ပိုက်ဆံလည်း ရှိနေတဲ့အပြင် သူ အနားယူတဲ့ အချိန်မှာ လုပ်သက်ဆုငွေ နဲ့ ပင်စင်လစာကိုလည်း ရရှိမှာပါ။ ဒီလောက်ဆိုရင်တော့ ကြွယ်ဝချမ်းသာစွာနဲ့ မနေရရင်တောင်မှ လင်မယားနှစ်ယောက် အနားယူတဲ့ ဘဝကို ဖြတ်သန်းဖို့အတွက် ကောင်းကောင်းလုံလောက်ပါတယ်။

သူ စိုးရိမ်ပူပန်မိတဲ့ တစ်ခုထဲသော အရာကတော့ သူ့ရဲ့ သားပါပဲ။

လက်ရှိကာလမှာ နာမည်ကြီး တက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့ကြတဲ့ လူငယ်တွေထဲမှာတောင်မှ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူတွေ အများကြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒေသန္တရ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့တဲ့ သူ့ရဲ့ သားက တကယ်ပဲ အဆင်ပြေတဲ့ အလုပ်တစ်ခုကို ရှာဖွေနိုင်ပါ့မလား။

သူ့ရဲ့ တစ်ဖက်မှာ ရှိနေတဲ့ ဂျိုမင်ဆော့ ရဲ့ မျက်နှာက သူ့ရဲ့ သားမျက်နှာနဲ့ ထပ်တူကျနေခဲ့သလိုမျိုး ခံစားရတယ်။

'အလုပ်သမားသမဂ္ဂ ဥက္ကဌ ဂျူဆောင်းမူ အနေနဲ့ ဒီတစ်ကြိမ်မှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုတယ်'

အလုပ်ပြီးသွားခဲ့ပြီးတဲ့နောက် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေက တစ်နေရာထဲမှာ စုဝေးခဲ့ကြတယ်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကတော့ ပုံနှိပ်ထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှခဲ့ကြပါတယ်။

အွန်ဆောင်း မော်တာ ရဲ့ အခြေအနေကတော့ ကုမ္ပဏီတည်ထောင်ခဲ့ကတည်းက အကြီးမားဆုံး အကြပ်အတည်း ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့တဲ့အထိ အဆိုးရွားဆုံး ဖြစ်နေခဲ့တာပါ။ မီဒီယာတွေကလည်း အွန်ဆောင်း မော်တာ အပေါ် စိုးရိမ်ပူပန်မှုတွေကို ဆက်တိုက် ရေးသားဖော်ပြနေခဲ့ကြသလို နိုင်ငံရေး အသိုင်းအဝိုင်းကလည်း သပိတ်မှောက်မှုတွေကို ထိန်းသိမ်းကြဖို့အတွက် တောင်းဆိုနေခဲ့ကြတယ်။

ကုမ္ပဏီက ဒုက္ခရောက်နေတယ်ဆိုတာကို ဆန့်ကျင်ဘက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကုမ္ပဏီကို ပြင်းထန်စွာ ဖိအားပေးပြီး သူတို့ အလိုရှိတဲ့အရာကို ရယူနိုင်မယ့် ရွှေရောင်အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ ရောင်းအားကျဆင်းတာနဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း လျော့ကျတာတွေကို အကြောင်းပြပြီး အလုပ်သမားသမဂ္ဂရဲ့ တောင်းဆိုချက်တွေကို အစပိုင်းမှာ ငြင်းပယ်ခဲ့တာမလို့ အလုပ်သမားသမဂ္ဂကတော့ အစပိုင်းမှာ စက်ရုံလေးခုမှာ အချိန်ပိုင်း သပိတ်မှောက်မှုတွေကို အကောင်အထည်ဖော်ခဲ့တာပါ။

ဒီစက်ရုံတွေမှာ လက်ရှိအချိန်မှာ ရေပန်းစားနေခဲ့တဲ့ SUV အသေးစားလေးတွေနဲ့ အလတ်စား ကားတွေကို ထုတ်လုပ်တဲ့ လိုင်းတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ထုတ်လုပ်မှု မလုံလောက်သေးတဲ့ အခြေအနေမျိုးမှာ အချိန်ပိုင်း သပိတ်မှောက်မှုတွေ ဖြစ်ပွားခဲ့မယ်ဆိုရင် တင်ပို့မှုက သဘာဝအတိုင်း နှောင့်နှေးသွားမှာ ဖြစ်ပြီး စားသုံးသူတွေရဲ့ မကျေနပ်မှုတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂရဲ့ အမြင်ကနေကြည့်ရင်တော့ ဒါက အနည်းဆုံးသော သပိတ်မှောက်မှုနဲ့ အမြင့်မားဆုံးသော အကျိုးသက်ရောက်မှုကို ရယူနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ခဏအကြာမှာတော့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဂျူဆောင်းမူ က ပြုံတက် စက်ရုံဆီ ရောက်ရှိလာခဲ့တယ်။ သူက အာဆန် စက်ရုံတွေဆီ သွားရောက်ခဲ့ပြီး အဲဒီကနေတစ်ဆင့် ဒီနေရာဆီ တိုက်ရိုက်လာခဲ့တာမလို့ ညှိနှိုင်းမှု တိုးတက်မှု အခြေအနေတွေကို အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေဆီ လာပြောပြတာပါ။

အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ရရှိထားတဲ့ အာဏာကတော့ သာမန် အမှုဆောင်တစ်ယောက်ထက် မနည်းပါဘူး။ သူတို့ ရရှိတဲ့ ခံစားခွင့်တွေကလည်း တော်တော်လေးကို များပြားလှပါတယ်။

အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေက မဲပေးရွေးချယ်မှုကနေတစ်ဆင့် ဥက္ကဌကို တင်မြှောက်ကြတာ ဖြစ်ပြီး ဥက္ကဌကတော့ အဖွဲ့ဝင်တွေကို ကိုယ်စားပြုပြီး ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေကို လုပ်ဆောင်တာပါ။

ဂျူဆောင်းမူ ကတော့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီးတဲ့နောက် ဒီတစ်ကြိမ်မှာ အလုပ်သမားသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂကတော့ အခြေခံလစာ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့၊ အသားတင်အမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို စွမ်းဆောင်ရည်အလိုက် ဘောနပ်စ်အဖြစ် ပေးအပ်ဖို့နဲ့ အနားယူမယ့် သက်တမ်းကို အသက် ၆၅ နှစ်အထိ တိုးမြှင့်ပေးဖို့ စတဲ့ အခြေအနေတွေကို တင်ပြထားခဲ့တာပါ။

တကယ်လို့ အလုပ်သမားသမဂ္ဂရဲ့ တောင်းဆိုချက်တွေက ဒီအတိုင်းသာ အတည်ပြုချက် ရရှိသွားခဲ့မယ်ဆိုရင် အွန်ဆောင်း မော်တာ ရဲ့ ပျမ်းမျှလစာက နောက်ဆုံးမှာတော့ ဝမ် သန်း ၁၀၀ ကို ကျော်လွန်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီညှိနှိုင်းမှုမှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်။

လက်ရှိအချိန်မှာ အနားယူဖို့ ရင်ဆိုင်နေရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေက မနည်းပါဘူး။ လစာက ရာခိုင်နှုန်း အနည်းငယ် မြင့်တက်သွားရင်တောင်မှ သူတို့တွေ တိုးလာတဲ့လစာကို ရရှိနိုင်မယ့် ကာလက နှစ်အနည်းငယ်ပဲ ရှိတော့မှာပါ။

သူတို့က နှစ်စဉ်နှစ်တိုင်း သပိတ်မှောက်ပြီး တိုက်ပွဲဝင်နေခဲ့ကြတာ ဖြစ်ပေမဲ့ သူတို့ရဲ့ လက်ရှိ အလုပ်အကိုင်အပေါ်မှာတော့ လုံလောက်စွာ ကျေနပ်နေခဲ့ကြပါတယ်။ ဒီလောက်အထိ ကောင်းမွန်တဲ့ အလုပ်မျိုးကို တခြားဘယ်နေရာမှာမှ ရှာဖွေဖို့ မဖြစ်နိုင်ဘူးဆိုတာကို လူတိုင်းက သိရှိထားကြတာပါ။

ဒါကြောင့်ပဲ သူတို့ အလိုရှိတဲ့အရာက တစ်ခုထဲပဲ ရှိတာလေ။

အဲဒါကတော့ ဒီလိုမျိုး ကောင်းမွန်တဲ့ အလုပ်ကို သူတို့ရဲ့ သားသမီးတွေဆီကိုပါ လက်ဆင့်ကမ်းပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အလုပ်သမားသမဂ္ဂက 'တကယ်လို့ လုပ်သက် ၁၅ နှစ်နဲ့အထက် ရှိတဲ့ အဖွဲ့ဝင်တစ်ယောက် အနားယူမယ်ဆိုရင် ဝန်ထမ်းအသစ် ခေါ်ယူတဲ့ အခါတိုင်း သူတို့ရဲ့ သားသမီးတွေထဲက အနည်းဆုံး တစ်ယောက်ကို ဦးစားပေး ခန့်အပ်ရမယ်' ဆိုတဲ့ အပိုဒ်ကို တောင်းဆိုချက်တွေထဲမှာ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂ ဥက္ကဌ ဂျူဆောင်းမူ ကတော့ အဖွဲ့ဝင်တွေရဲ့ ရှေ့မှာ အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်တယ်။

"ဒီတစ်ကြိမ်မှာတော့ ဘာပဲဖြစ်ဖြစ် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ဦးစားပေး ခန့်အပ်မယ့် အစီအစဉ်ကို ငါတို့ သေချာပေါက် အတည်ပြုချက် ရယူသွားမယ်"

"ယေး..."

အဲဒီစကားကြောင့် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ အားလုံးက လက်ခုပ်တီးရင်း အော်ဟစ် အားပေးခဲ့ကြတယ်။

ဒီလိုမျိုး အလားတူ တောင်းဆိုမှုတွေလည်း အတည်ပြုခဲ့ပြီးတာတွေ ရှိပါတယ်။ 'တကယ်လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်က လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးသွားခဲ့မယ်ဆိုရင် မိသားစုဝင် တစ်ယောက်ကို အလုပ်ခန့်အပ်ရမယ်' ဆိုတဲ့ အပိုဒ်မျိုး ရှိနေခဲ့တာပါ။ အဲဒီလိုမျိုး နည်းလမ်းနဲ့ အလုပ်ခန့်အပ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပေမဲ့ ကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေမှာ လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်က ဘယ်လောက်အထိ ရှိမှာမလို့လဲ။

ဘန်မူဟော့ က သူ့ရဲ့ လက်ကို မြှောက်လိုက်ရင်း အော်ဟစ်လိုက်တယ်။

"ဟန်မင်းဂူ တောင်မှ ဥက္ကဌ ရာထူးကို သူ့ရဲ့ သားသမီးဆီ လက်ဆင့်ကမ်းခဲ့တာပဲ။ ငါတို့က ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"

တခြားသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကလည်း သဘောတူညီခဲ့ကြတယ်။

"တကယ်လို့ ငါတို့က ကုမ္ပဏီအတွက် နှစ်ပေါင်း ၁၀နှစ်ကျော်အထိ အနစ်နာခံခဲ့ပြီးပြီဆိုရင် ငါတို့ရဲ့ သားသမီးတွေကို အလုပ်ခန့်အပ်တာက သဘာဝကျပါတယ်"

"အွန်ဆောင်း မော်တာ မှာ မျိုးဆက်အလိုက် အလုပ်လုပ်ချင်တာက မှားယွင်းနေလို့လား"

"တခြား ကုမ္ပဏီကြီးတွေလည်း အားလုံး လုပ်နေကြတာပဲလေ"

တကယ်လို့ တောင်းဆိုချက်တွေသာ အတည်ပြုချက် ရရှိသွားခဲ့မယ်ဆိုရင် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ သားသမီးတွေထဲက တစ်ယောက်က ထူးခြားတဲ့ စာရိတ္တ ပျက်ပြားမှုမျိုး မရှိဘူးဆိုတာနဲ့ အလိုအလျောက်ပဲ အွန်ဆောင်း မော်တာ ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။

အလုပ်အကိုင် ရှားပါးနေတဲ့ ယနေ့ခေတ်လိုမျိုး အချိန်မှာတော့ ဒီတောင်းဆိုမှုထက် ပိုပြီး ကောင်းမွန်တဲ့အရာ မရှိပါဘူး။

ကုမ္ပဏီကမဟုတ်တဲ့ တခြားလူရဲ့ သားသမီးက ယာယီဝန်ထမ်းအဖြစ် အလုပ်လုပ်နေရတာဟာ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ မတတ်နိုင်ဘူးလေ။ ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ သားသမီးတွေကို ယာယီဝန်ထမ်းလိုမျိုး ဘဝနဲ့ ဖြတ်သန်းရမှာကိုတော့ ဘယ်လိုနည်းနဲ့မဆို တားဆီးရမှာပေါ့။

သားသမီးတွေအပေါ် စိုးရိမ်ပူပန်မှုက လူတိုင်းအတွက် အတူတူပဲ မဟုတ်ဘူးလား။

ဒါပေမဲ့လည်း စိတ်မကောင်းစရာ ကောင်းတာကတော့ လူထုရဲ့ ထင်မြင်ချက်က သိပ်ပြီး အပြုသဘော မဆောင်လှတာပါ။ အလုပ်အကိုင် ဆက်ခံမှုနဲ့ ခေတ်သစ် အွန်ဆန်းဂျေ (မျိုးရိုးလိုက် အလုပ်ခန့်အပ်မှု အခွင့်ထူး) ဆိုတဲ့ စကားလုံးမျိုးတွေဟာ အခုဆိုရင် လူအများကြားမှာ ကျယ်ကျယ်လောင်လောင်နဲ့ ဝေဖန်နေကြပါပြီ။

"မင်းတို့ အားလုံး သိကြတဲ့အတိုင်း မကြာသေးခင်တုန်းက ကန်ဂျင်ဟူရဲ့ ပြောကြားချက်တွေက ပြဿနာ ဖြစ်ခဲ့တယ်"

OTK ကုမ္ပဏီ ရဲ့ စီအီးအို ကန်ဂျင်ဟူ က ကြားနာပွဲမှာ အွန်ဆောင်း မော်တာ ရဲ့ ထုတ်လုပ်မှု အလုပ်သမားတွေရဲ့ လစာက မြင့်မားလွန်းနေတယ်ဆိုတာကို ထောက်ပြခဲ့တာပါ။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ လူထုရဲ့ ထင်မြင်ချက်က ကာလတိုတစ်ခုအတွင်းမှာ ဆူညံသွားခဲ့တာလေ။

အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကတော့ တုံ့ပြန်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး မီဒီယာတွေဆီ ပရိုမိုးရှင်း ပစ္စည်းတွေကို ဖြန့်ဝေတာမျိုးနဲ့ တုံ့ပြန်ခဲ့ကြပေမဲ့ လူထုရဲ့ ဝေဖန်မှုကတော့ အလွယ်တကူနဲ့ ငြိမ်သက်မသွားခဲ့ပါဘူး။

အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ အားလုံးကတော့ မကျေနပ်မှုတွေကို ဖော်ပြခဲ့ကြတယ်။

" အဲဒီ ကန်ဂျင်ဟူ ဆိုတဲ့ကောင်က သူက ဘာမလို့ ဝင်ပြီး လျှာရှည်နေရတာလဲ"

"သူ့ရဲ့ ကုမ္ပဏီကိုပဲ ကောင်းမွန်စွာ စီမံခန့်ခွဲသင့်တာကို ဘာဖြစ်လို့ တခြားကုမ္ပဏီတွေကို ဘာလုပ်ရမယ်ဆိုပြီး လာပြောနေရတာလဲ"

"အမွှေးတူတဲ့ ငှက်တွေက အတူတူ ပျံသန်းကြတာပဲလေ။ သူကလည်း စီမံခန့်ခွဲသူတစ်ယောက်ဖြစ်တာမလို့ နောက်ဆုံးမှာတော့ ချေဘော တွေဘက်ကပဲ ရပ်တည်ပေးတာ နေမှာပေါ့"

"စက်ရုံမှာ တစ်ခါလေးတောင် အလုပ်မလုပ်ဖူးတဲ့ကောင်ကများ"

အလုပ်သမားသမဂ္ဂတွေကတောင်မှ လူထုရဲ့ ထင်မြင်ချက်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါကြောင့်ပဲ သူတို့က အခြေအနေတွေ ပိုပြီး ဆိုးရွားမလာခင် ကာလတိုအတွင်းမှာ ညှိနှိုင်းမှုတွေကို အမြန်ဆုံး ပြီးဆုံးဖို့အတွက် စီစဉ်နေခဲ့ကြတာပါ။

အလုပ်သမားသမဂ္ဂ ဥက္ကဌ ယူဆန်းမူ က ပြောလိုက်တယ်။

"တကယ်လို့ ဒီညှိနှိုင်းမှုမှာ ငါတို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံဘူးဆိုရင် စက်ရုံအားလုံးက အပြည့်အဝ သပိတ်မှောက်မှုကို လုပ်ဆောင်သွားမယ်။ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေအနေနဲ့ အမြင့်မားဆုံး ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်"

ကျွန်တော် ကုမ္ပဏီကို ပြန်ရောက်တာနဲ့ တက်ဂယူ က လှမ်းမေးတယ်။

"မင်း စောစောတုန်းက နတ်မျက်စိ ကို တွေ့ခဲ့တယ် မဟုတ်လား"

"အင်း"

ဒီကောင် တော်တော်ကိုလူကဲခတ် တော်တာပဲ။

"နတ်မျက်စိပေါ်မလာတာ အချိန်တော်တော်လေး ကြာသွားခဲ့ပြီနော်။ ပျောက်ကွယ်သွားခဲ့ပြီလို့ ထင်ထားတာ"

"လအနည်းငယ်လောက် ရှိသွားခဲ့ပြီလေ"

ကံကောင်းထောက်မစွာနဲ့ နတ်မျက်စိက အခုအချိန်အထိ ပြီးပြည့်စုံစွာနဲ့ အဆင်ပြေပြေ အလုပ်လုပ်သေးတဲ့ပုံပါပဲ။

"နတ်မျက်စိက ဘာပြခဲ့လဲ "

ကျွန်တော် စောစောတုန်းက မြင်တွေ့ခဲ့ရတဲ့ နတ်မျက်စိ အကြောင်းကို ပြန်ပြီး စဉ်းစားမိလိုက်တယ်။

"နတ်မျက်စိက အွန်ဆောင်း မော်တာ နဲ့ ပူးပေါင်းလုပ်ဆောင်တာက ကောင်းမွန်လိမ့်မယ်လို့ ပြတယ်ကွ"

တက်ဂယူ ကတော့ အံ့အားသင့်သွားတဲ့ အမူအရာမျိုး ရှိနေပါတယ်။

" လေအိတ် အကြပ်အတည်းတုန်းက ငါတို့တွေဟာ သူတို့ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးတာပဲ။ သူတို့ကိုထပ်ပြီးအကူအညီ ပေးရဦးမှာလား"

"ဟုတ်ပါ့ကွာ"

ကျွန်တော်တို့ မိသားစုက အွန်ဆောင်း မော်တာ ကြောင့် ပျက်စီးခြင်း ကြုံတွေ့ခဲ့ရတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ အဖေကလည်း အဲဒီဖြစ်ရပ်ကြောင့်ပဲ ကွယ်လွန်သွားခဲ့ရတာလေ။

အဲဒီအချိန်တုန်းက ဥက္ကဌ ဖြစ်ခဲ့တဲ့ ဟန်မင်းဂူ ကတော့ အခုအချိန်မှာ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးတော့ အနားမယူခင်လေးမှာ သူက အဲဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ ဝန်ထမ်းအားလုံးကို အပြစ်ပေးခဲ့သလို မိတ်ဖက်ကုမ္ပဏီတွေဆီကနေ နည်းပညာ ခိုးယူတာမျိုးတွေကိုလည်း တားမြစ်ခဲ့တယ်။

သူက အပြစ်အားလုံးကို သူပဲ ခံယူသွားမယ်လို့ အရိပ်အယောင် ပြသခဲ့တာမလို့ အွန်ဆောင်း မော်တာ အပေါ်ကို ကောင်းမွန်တဲ့ အမြင်နဲ့ ကြည့်ရှုပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။

ကိုရီးယားရဲ့ ထုတ်လုပ်မှုကဏ္ဍရဲ့ လက်ရှိ အခြေအနေကတော့ ကောင်းမွန်တဲ့ စကားလုံးတွေနဲ့ ပြောရင်တောင်မှ မကောင်းမွန်လှပါဘူး။ တကယ်လို့ မော်တော်ကား စက်ရုံ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်သာ ပိတ်ပစ်လိုက်မယ်ဆိုရင် ပြင်းထန်တဲ့ အကြပ်အတည်း အခြေအနေတစ်ခုဆီ ဦးတည်သွားမှာပါ။

အွန်ဆောင်း မော်တာ ကတော့ လေအိတ် ပြန်လည်သိမ်းဆည်းရတဲ့ အကြပ်အတည်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခုအချိန်အထိ ခံစားနေရဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိက အခြေစိုက်စခန်းလို့ ပြောနိုင်တဲ့ ကိုရီးယားမှာတော့ မနည်း ထိန်းထားနိုင်ဆဲ ဖြစ်ပေမဲ့ နိုင်ငံရပ်ခြား အရောင်းရလဒ်ကတော့ ပြန်လည်ဦးမော့လာမယ့် လက္ခဏာမျိုး မပြသခဲ့ပါဘူး။ မြောက်အမေရိက၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ ရောင်းအားက ထိုးဆင်းသွားခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာဆိုရင် တစ်ဝက်လောက်အထိ လျော့ကျသွားခဲ့တာ ဖြစ်တာပေါ့။

" သူတို့ကို ဒီအတိုင်းပဲ ဒေဝါလီခံခိုင်းလိုက်ရင် မကောင်းဘူးလား"

"သူတို့ကို ဒီအတိုင်း ပစ်ထားရင်တောင်မှ အလွယ်တကူနဲ့ ဒေဝါလီခံမှာ မဟုတ်ဘူး"

Too big to fail (လဲပြိုဖို့အတွက် အရမ်းကြီးမားလွန်းခြင်း) ဆိုတာမျိုးပေါ့။

အရမ်းကြီးမားလွန်းတယ်ဆိုတာက သေဆုံးမှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ IMF အကြပ်အတည်း ကာလတုန်းက ကုမ္ပဏီကြီးတွေ ဘယ်လောက်အထိ ပြိုလဲခဲ့ရလဲပဲ ကြည့်လေ။

ပြဿနာကတော့ ကုမ္ပဏီကြီးတွေက ဘယ်တော့မှ တစ်ယောက်ထဲ သေဆုံးကြတာ မဟုတ်ပါဘူး။ တကယ်လို့ အွန်ဆောင်း မော်တာ သာ ပြိုလဲသွားခဲ့မယ်ဆိုရင် ဆက်စပ်နေတဲ့ မိတ်ဖက်ကုမ္ပဏီတွေ အားလုံးကလည်း ပြိုလဲသွားကြမှာပါ။

အဲဒီလိုမျိုး ဖြစ်ပျက်ခဲ့မယ်ဆိုရင် အခုအချိန်မှာ ရုန်းကန်နေရတဲ့ ပြည်တွင်း ထုတ်လုပ်မှုကဏ္ဍက လုံးဝဥဿုံ ပြိုလဲသွားမှာ သေချာပါတယ်။

တကယ်လို့ သူတို့တွေသာ တကယ်ပဲ ဒေဝါလီခံသွားခဲ့မယ်ဆိုရင်လည်း မိတ်ဖက်ကုမ္ပဏီတွေက တစ်နည်းနည်းနဲ့ နည်းလမ်းရှာဖွေနိုင်မှာ ဖြစ်ပေမဲ့ နည်းလမ်းရှာမတွေ့ခင်အချိန်အထိတော့ ကြီးမားလှတဲ့ နာကျင်မှုတွေကို ကြံ့ကြံ့ခံရမှာပါ။

အွန်ဆောင်း မော်တာ ရဲ့ လက်ရှိ အခြေအနေရဲ့ တစ်ဝက်လောက်ကလည်း ကျွန်တော့်ကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

အကောင်းဆုံး လုပ်ဆောင်ရမယ့်အရာက ဘာဖြစ်လိမ့်မလဲ။

ကျွန်တော် CarOS ရဲ့ အမှုဆောင်တွေနဲ့ Video Conference တစ်ခု ပြုလုပ်ခဲ့တယ်။

အစည်းအဝေးရဲ့ အစီအစဉ်ကတော့ တခြားမဟုတ်ဘဲ တရုတ်နိုင်ငံအကြောင်းပဲ ဖြစ်ပါတယ်။ CarOS ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် မော်တော်ကား ဈေးကွက်ရဲ့ စီးဆင်းမှုက လျင်မြန်စွာ ပြောင်းလဲနေခဲ့တာပါ။ ပြီးတော့ တရုတ်ကုမ္ပဏီတွေကလည်း လျင်မြန်စွာ လှုပ်ရှားနေခဲ့ကြတာလေ။

"တရုတ်နိုင်ငံမှာတော့ မော်တော်ကား၊ အီလက်ထရောနစ်နဲ့ ဘတ္ထရီ ကုမ္ပဏီတွေ စုဝေးခဲ့ကြပြီး Auto Alliance သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်"

"ဘယ်သူက အဓိက အခန်းကဏ္ဍမှာနေရာယူထားလဲ"

"ကျိုး မော်တာ ပါ"

ကျိုး မော်တာ ဆိုတာက တရုတ်နိုင်ငံမှာ အကြီးမားဆုံး မော်တော်ကား ကုမ္ပဏီ ဖြစ်ပါတယ်။ ပြည်တွင်း အရောင်းရလဒ်ကနေ ရှာဖွေရရှိတဲ့ ကြီးမားတဲ့ အရင်းအနှီးတွေကို အသုံးပြုပြီး ကျိုးမော်တာက Volvo ရဲ့ ခရီးသည်တင်ကား ကဏ္ဍကို ဝယ်ယူခဲ့တယ်။ (ကုန်တင်ကား ကဏ္ဍကတော့ အခုအချိန်အထိ Volvo အုပ်စု ဆီမှာပဲ အကျုံးဝင်နေဆဲ ဖြစ်ပါတယ်) ပြီးတော့ မကြာသေးခင်တုန်းက Mercedes-Benz ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့လို့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့တယ်။

တရုတ်နိုင်ငံအတွင်းမှာတော့ သူတို့က Baidu နဲ့ Didi Chuxing တို့နဲ့အတူ အလိုအလျောက်မောင်းနှင်မှု နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ ရှေ့တန်းကနေ ရှိနေခဲ့ကြတာပါ။

အစည်းအဝေးမတိုင်ခင်တုန်းက ရရှိထားခဲ့တဲ့ ကျိုး မော်တာ ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Zhou Holdings ရဲ့ ရှယ်ယာ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံကို ခပ်သွက်သွက် ကျွန်တော် ကြည့်ရှုလိုက်တယ်။

"တရုတ်အစိုးရက ကျိုး မော်တာ ရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာက လူသိရှင်ကြား လျှို့ဝှက်ချက်တစ်ခုပါပဲ။ ကျိုးမော်တာက တကယ်တမ်းတော့ တရုတ်နိုင်ငံပိုင် လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်"

"အင်းလေ၊ ဘယ်တရုတ်ကုမ္ပဏီကများ အစိုးရပိုင် မဟုတ်လို့လဲ"

"အဲဒါလည်း ဟုတ်ပါတယ်"

တရုတ်နိုင်ငံက ဆိုရှယ်လစ်စနစ် ဖြစ်တာမလို့ ကုမ္ပဏီအားလုံးက အခြေခံအားဖြင့် နိုင်ငံတော်ရဲ့ မူဝါဒတွေကို လိုက်နာဖို့ တာဝန်ရှိကြတာပါ။

Auto Allianceသဘောတူညီချက်ကို လက်မှတ်ရေးထိုးရတဲ့ အကြောင်းပြချက်ကတော့ အနာဂတ် ကားကဏ္ဍမှာ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတာကတော့ ထင်ရှားလှပါတယ်။ အခုကတည်းက အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့ကလည်း အလားတူ လှုပ်ရှားမှုမျိုးတွေကို ပြသနေခဲ့ကြပြီ ဖြစ်ပါတယ်။

"ဒါပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ အချက်တစ်ခု ရှိနေပါတယ်"

"အဲဒါက ဘာလဲ"

ဒါရီလ် က သတိကြီးစွာနဲ့ ပြောလိုက်တယ်။

"ဖက်စပ်ကုမ္ပဏီတစ်ခုက အွန်ဆောင်း မော်တာ ရဲ့ တရုတ်နိုင်ငံ ကော်ပိုရေးရှင်းကို ဝယ်ယူဖို့အတွက် လုပ်ဆောင်နေတယ်ဆိုတဲ့ စကားသံတွေ ရှိနေပါတယ်"

"ဘေဂျင်း မော်တာလား။ သူတို့မှာ အဲဒီလောက်အထိ ကြီးမားတဲ့ အရင်းအနှီး ရှိလို့လား"

"သူတို့က အရင်းအနှီး လိုအပ်မယ်ဆိုရင် အလွယ်တကူ ရယူနိုင်စွမ်း ရှိပါတယ်"

ဥပမာတစ်ခုအနေနဲ့ တရုတ်အစိုးရဆီကနေ အလွယ်တကူရယူနိုင်စွမ်း ရှိတာမျိုးပေါ့။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အထိ တရုတ်ကားတွေက ဈေးနှုန်းချိုသာလို့ လူစီးကြတဲ့ ကားတွေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ တရုတ်ကား ထုတ်လုပ်သူတွေက ဈေးနှုန်းချိုသာတာနဲ့ အရည်အသွေး နိမ့်ပါးတာတွေကနေ ရုန်းထွက်လိုက်ရင်း Premium မဟာဗျူဟာတွေအပေါ်မှာ အာရုံစိုက်နေခဲ့ကြပြီ ဖြစ်ပါတယ်။

တကယ်လို့ အွန်ဆောင်း မော်တာ ရဲ့ တရုတ်နိုင်ငံ စက်ရုံသာ သိမ်းပိုက်ခြင်း ခံလိုက်ရမယ်ဆိုရင် ဘာဖြစ်လာမလဲ။

ကျွန်တော်ကတော့ ကိုယ့်ဘာသာ ရေရွတ်လိုက်မိတယ်။

"ဒါက ချောင်လျောင် မော်တာရဲ့ ဇာတ်လမ်းလိုမျိုး ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ ဘယ်သူမှ အာမခံချက် ပေးနိုင်တာမဟုတ်ဘူး"

All Chapters