← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း (၃၈၅)

ဥရောပမှာ ကန်ဂျင်ဟူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေက တကယ့်ကို မှင်တက်စရာပါပဲ။

သူက ဂျပန်နဲ့ ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကို အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပြီး ဥရောပသမဂ္ဂ (EU) နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့တယ်။ ဒီအတွက်ကြောင့် ကိုရီးယား ကုမ္ပဏီတွေအနေနဲ့ ဥရောပမှာ ဈေးကွက်ချဲ့ထွင်ဖို့ ပိုမိုလွယ်ကူသွားခဲ့ပါတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ယဉ်ကျေးမှု ဖလှယ်ရေးတွေလည်း ဖြစ်လာခဲ့တယ်။ ဥရောပမှာ Hallyu (ကိုရီးယားလှိုင်း) ရေပန်းစားမှုနဲ့ တိုက်ဆိုင်သွားတာမလို့ ကိုရီးယားစာ သင်ယူတဲ့သူ ဒါမှမဟုတ် ကိုရီးယားအကြောင်း လေ့လာတဲ့ ကျောင်းသား အရေအတွက်က သိသိသာသာ တိုးတက်လာခဲ့တယ်။

စတော့ရှယ်ယာ ဈေးကွက်ထဲက ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေက နေ့တိုင်း ထိုးတက်နေပြီး ပြည်ပ အဆင့်သတ်မှတ်ရေး အေဂျင်စီတွေကလည်း ကိုရီးယားရဲ့ စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်တွေကို အလုအယက် တိုးမြှင့် သတ်မှတ်နေကြပါတယ်။

စီးပွားရေး ကောင်းမွန်တာကို မကြိုက်တဲ့သူ မရှိပါဘူး။ ဒါပေမဲ့ အာဏာရပါတီနဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကတော့ ဒီအခြေအနေကို မျက်နှာပျက်ပျက်နဲ့ စောင့်ကြည့်နေကြပါတယ်။

သမ္မတကိုယ်တိုင် ဥရောပ ခရီးစဉ်တွေ သွားရောက်ပြီး အစိုးရအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့တာတောင် မအောင်မြင်ခဲ့တာကို သာမန် စီးပွားရေးသမား တစ်ယောက်က လုပ်ဆောင်သွားနိုင်ခဲ့တာကြောင့်ပါ။

အစိုးရက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းအောင် လုပ်ပေးတာနဲ့ ငွေကြေး ထောက်ပံ့ပေးတာတွေကို ချက်ချင်း ကြေညာခဲ့ပေမဲ့ ဒါက ကန်ဂျင်ဟူရဲ့ အောင်မြင်မှုအပေါ် လိုက်ပါအသုံးချဖို့ ကြိုးစားရုံသက်သက်ပဲ ရှိပါသေးတယ်။

နာမည်ကြီး စီအီးအိုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက စကားတစ်ခွန်းထဲနဲ့ စတော့ရှယ်ယာ ဈေးနှုန်းတွေကို အတက်အကျ လုပ်နိုင်စွမ်း ရှိကြပါတယ်။ ကန်ဂျင်ဟူရဲ့ သြဇာလွှမ်းမိုးမှုကတော့ သူတို့ထက် မနည်းရင်တောင် ပိုရင် ပိုနိုင်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ကျော်ကြားမှုနဲ့ နှိုင်းယှဉ်ရင် ကိုရီးယား ပြည်တွင်းမှာ အာဏာ သိပ်မပြခဲ့တာကြောင့် နိုင်ငံရေးသမားတွေက အတင့်ရဲနေခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ ကန်ဂျင်ဟူကို အထင်အမြင်သေးတဲ့ တစ်ခုထဲသော လူတွေက ကိုရီးယား နိုင်ငံရေးသမားတွေပဲ ရှိတယ်ဆိုတဲ့ စကားပုံတောင် ထွက်ပေါ်လာတဲ့အထိ အခြေအနေက ဆိုးရွားခဲ့တာပါ။

ဒါပေမဲ့ ဒီတစ်ကြိမ် ဖြစ်ရပ်ကတော့ သူတို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်ဖို့ လုံလောက်ခဲ့တယ်။ ကန်ဂျင်ဟူကို ရန်သူလို ဆက်ဆံတာက ဘယ်လောက်တောင် မိုက်မဲလဲဆိုတာကို သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြပါပြီ။

ဒီတုန်လှုပ်မှုက နိုင်ငံရေးသမားတွေတင်မကဘဲ နိုင်ငံ့ဝန်ထမ်း လောကကိုပါ ရိုက်ခတ်သွားခဲ့တယ်။

အမျိုးသမီးနှင့် မိသားစုရေးရာ ဝန်ကြီးဌာနရဲ့ အမှားကနေ သင်ခန်းစာယူပြီး လူတိုင်းက ကိုယ့်လမ်းကိုယ် လျှောက်နေတဲ့ ကန်ဂျင်ဟူကို မလိုအပ်ဘဲ သွားသွား မဆွမိဖို့နဲ့ ပြဿနာ မရှာမိဖို့ သတိထားနေကြပါတယ်။

အရင် ပတ်ဆီဟျွန်း အစိုးရ လက်ထက်တုန်းက အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန (MND) နဲ့ အမျိုးသား ထောက်လှမ်းရေးဌာန (NIS) တို့ ပူးပေါင်းပြီး ဆိုက်ဘာ စိတ်ဓာတ်စစ်ဆင်ရေး ယူနစ်တစ်ခုကို ဖွဲ့စည်း လည်ပတ်ခဲ့ဖူးပါတယ်။

ဆိုက်ဘာ ကွပ်ကဲမှုဌာနရဲ့ အဓိက တာဝန်ကတော့ ဆိုက်ဘာ ကွန်ယက်ထဲမှာ နိုင်ငံတော်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့၊ ရန်သူ့တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့၊ ကွန်မြူနစ် စနစ် ပျံ့နှံ့မှုကို တားဆီးဖို့နဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ အမျိုးသား လုံခြုံရေး အသိစိတ်ဓာတ် ရှင်သန်နေအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ တာဝန်ကိုအကောင်အထည်ဖော်တဲ့ လက်တွေ့ လုပ်ဆောင်ချက်ကတော့ အင်တာနက်ပေါ်မှာ ကွန်မန့်တွေ လိုက်ရေးတာပဲ ဖြစ်နေခဲ့ပါတယ်။

သူတို့က အစိုးရကို ထောက်ခံတဲ့ ဆောင်းပါးတွေနဲ့ ကွန်ဆာဗေးတစ် အမြင်ရှိတဲ့ ပို့စ်တွေကို Like ပေးတာ၊ ချီးကျူးတဲ့ ကွန်မန့်တွေ ရေးတာတွေ လုပ်ဆောင်ပြီး အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ဒါမှမဟုတ် တိုးတက်ပြောင်းလဲလိုတဲ့ အမြင်ရှိတဲ့ ပို့စ်တွေကိုတော့ မကောင်းတဲ့ ကွန်မန့်တွေနဲ့ တိုက်ခိုက်လေ့ ရှိပါတယ်။ တချို့ဆိုရင် ဒေသတွေကို (ဥပမာ နယ်ကလူတွေ ခေတ်မမီဘူးလို့ပြောတာမျိုး)ပစ်မှတ်ထားပြီး နှိမ့်ချ စော်ကားတာတွေကိုတောင် လုပ်ဖို့ ဝန်မလေးခဲ့ကြပါဘူး။

ဆိုက်ဘာ ကွပ်ကဲမှုဌာနရဲ့ ပစ်မှတ်တွေထဲမှာ တိုးတက်ပြောင်းလဲလိုတဲ့ နိုင်ငံရေးသမားတွေ၊ အရပ်ဘက် တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာနဲ့ ယဉ်ကျေးမှု နယ်ပယ်က လူတွေအပြင် ကန်ဂျင်ဟူလည်း ပါဝင်ခဲ့ပါတယ်။

အဲ့လိုပါဝင်ခဲ့တာက ကန်ဂျင်ဟူက တောင်ကိုရီးယားရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယား လိုလားသူ လက်ဝဲသမား မလို့ မဟုတ်ဘဲ သမ္မတအိမ်တော် အိမ်ပြာတော်ကနေ အမိန့်ပေးခဲ့တာကြောင့်ပါ။

အဲဒီတုန်းကတော့ ကန်ဂျင်ဟူရဲ့ သြဇာလွှမ်းမိုးမှုက ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ တကယ်လို့သာ ကြိုသိခဲ့ရင် လည်ပင်းကို ဓားနဲ့ ထောက်ထားရင်တောင် အဲဒီလို လုပ်မိမှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ အစိုးရ အပြောင်းအလဲ ဖြစ်သွားတဲ့အခါမှာတော့ ဆိုက်ဘာ ကွပ်ကဲမှုဌာနက စုံစမ်းစစ်ဆေးရေးရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ သူတို့က သက်ဆိုင်ရာ အချက်အလက်တွေကို အလျင်အမြန် ဖျက်ဆီးပြီး သက်သေတွေကို ဖုံးကွယ်ခဲ့ကြပေမဲ့ ပေါ်ထွက်လာတဲ့ အမှန်တရားတွေအတွက် တာဝန်ခံမှုကနေတော့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။

နိုင်ငံရေး ကြားနေမှုနဲ့ အမျိုးသား ကာကွယ်ရေး တာဝန်တွေကို စွန့်လွှတ်ပြီး စစ်တပ်က အင်တာနက်ပေါ်မှာ ကွန်မန့်တွေ လိုက်ရေးနေခဲ့တယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပြည်သူတွေက အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြတယ်။

ဒီအစီအစဉ်ကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့ သမ္မတဟောင်း ပတ်ဆီဟျွန်း အဖမ်းခံလိုက်ရပြီးတဲ့နောက်မှာတော့ ဒီပြဿနာက အတော်လေး ငြိမ်သက်သွားခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက အဲဒီတုန်းက ရေးခဲ့တဲ့ ကွန်မန့်တွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေဆဲ ဖြစ်နေတာပါပဲ။ အခုအချိန်မှာတောင် "ဆိုက်ဘာ ကွပ်ကဲမှုဌာန ကွန်မန့်များ" လို့ ရိုက်ရှာလိုက်ရင် သက်ဆိုင်ရာ အချက်အလက်တွေ အများကြီး ထွက်လာဆဲပါ။

အဲဒီအထဲမှာ ကန်ဂျင်ဟူကို ဆဲဆို စော်ကားထားတာတင်မကဘဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်နဲ့ ကျန်ရစ်သူ မိခင်ဖြစ်သူကိုပါ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတာတွေ ပါဝင်နေပါတယ်။

ဒါ့အပြင် ကန်ဂျင်ဟူ ကိုယ်တိုင်ကလည်း စစ်မှုထမ်းနေတုန်းက စိန်ပြောင်း ဗုံးပေါက်ကွဲမှုကြောင့် သေလုမြောပါး ဖြစ်ခဲ့ဖူးပါတယ်။

တကယ်လို့ ကန်ဂျင်ဟူက ဒီကိစ္စတွေကို ပြန်ဖော်ထုတ်လာရင် အခြေအနေက တကယ်ကို ဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ တန်ပြန်ဖြေရှင်းမယ့် နည်းလမ်းတစ်ခုကို ရှာဖွေဖို့ လိုအပ်လာခဲ့တယ်။

အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဘဲယွန်ဘုံက စစ်တက္ကသိုလ်က ဂျူနီယာတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်တွေနဲ့အတူ ဂေါက်သီးရိုက်ဖို့ စီစဉ်ခဲ့တယ်။ ကစားပွဲအတွင်းမှာ သူက ကန်ဂျင်ဟူကိစ္စကို အမှတ်မထင် စကားစလိုက်ပါတယ်။

"အရင် ဝန်ကြီးရဲ့ မလိုအပ်တဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ အကြပ်ရိုက်နေရပြီ။ တကယ်လို့ အတိတ်က ကိစ္စတွေကြောင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနအပေါ် မကောင်းတဲ့ စကားတွေ ပြန်ထွက်လာရင် စစ်သည်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်ပြီး စစ်အင်အားကိုပါ အားနည်းသွားစေနိုင်တယ် မဟုတ်လား"

သူ့ရဲ့ စကားကြောင့် အားလုံးက စိုးရိမ်တကြီး တုံ့ပြန်ကြတယ်။

"မှန်ပါတယ်။ ပြည်သူတွေက ပြည်သူ့သဘောထားနောက်ကို လွယ်လွယ်ကူကူ မျောပါသွားတတ်ကြတာပဲ"

"သတင်းလွတ်လပ်ခွင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်ဝဲဂျာနယ်လစ်တွေက စစ်တပ်ထဲက သေးငယ်တဲ့ ဖြစ်ရပ်တွေကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင် လုပ်တတ်ကြတယ်"

"ကန်ဂျင်ဟူက ကမ္ဘာကျော် လူပုဂ္ဂိုလ်တစ်ယောက်လေ။ သူက ဒီကိစ္စတွေကို ပြန်ဖော်လာရင် နိုင်ငံတကာ ပြဿနာအထိ ဖြစ်သွားနိုင်တယ်"

ဝန်ကြီး ဘဲယွန်ဘုံက သက်ပြင်းတစ်ချက် ချလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် အတိတ်က ဖြစ်ရပ်တွေ ရှိခဲ့တာဆိုတော့ သူနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်မယ့် နည်းလမ်းလေးဘာလေးရှိရင် ပြောပြပေးကြပါ "

"အမျိုးသား ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုက အကောင်းဆုံး ချဉ်းကပ်မှု မဖြစ်နိုင်ဘူးလား"

"ဒါပေမဲ့ OTK ကုမ္ပဏီက ကာကွယ်ရေး လုပ်ငန်းတွေ မလုပ်ဘူး မဟုတ်လား"

OTK ကုမ္ပဏီရဲ့ အဓိက လုပ်ငန်းတွေက အလိုအလျောက်မောင်းနှင်စနစ်နဲ့ ဘတ္ထရီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ CarOS က စစ်ဘက်သုံး ယာဉ်တွေကို ထုတ်လုပ်တာ မဟုတ်ပါဘူး။ သူတို့ကို အလိုအလျောက်မောင်းနှင်စနစ်သုံး တင့်ကားတွေ ဒါမှမဟုတ် လျှပ်စစ် သံချပ်ကာ ကားတွေ လုပ်ပေးဖို့ သွားတောင်းဆိုလို့လည်း မရပါဘူး။

သူတို့ရဲ့ နောက်ထပ် အဓိက အာရုံစိုက်တဲ့ FaceIt ဆိုတာကလည်း... အဲ့ဒီလုပ်ငန်းဘက်ကနေ ချည်းကပ်ဖို့ဆိုတာဟာ အစကတည်းက မဖြစ်နိုင်တဲ့ ကိစ္စလေ။

သူတို့အထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဘန်မွန်းဆူက စိတ်ကူးတစ်ခု ရလာခဲ့တယ်။

"ဂိမ်းတစ်ခုလောက် လုပ်ရင်ကော ဘယ်လိုလဲ"

"ဂိမ်း ဟုတ်လား။ ကလေးတွေ ကစားတဲ့ ဖျော်ဖြေရေးကို ပြောတာလား"

"ဟုတ်ကဲ့။ အခုခေတ် လူငယ်တွေက ဂိမ်းကို တော်တော် ရူးသွပ်ကြတာလေ။ ကိုယ်ပိုင် အားလပ်ချိန် ရတာနဲ့ တပ်သားသစ်ကနေ တပ်ကြပ်ကြီးအထိ အားလုံးက PC Room တွေဆီ ပြေးပြီး ဂိမ်းဆော့ကြတာ။ ဂိမ်းကနေတစ်ဆင့် စစ်တပ်ကို လော်ဘီလုပ်တင်တာက အများကြီး အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့ သုတေသန အစီရင်ခံစာတစ်ခုကို ကျွန်တော် ဖတ်လိုက်ရလို့ပါ"

"အာ… အဲဒီ အစီရင်ခံစာကို ကျွန်တော်လည်း ဖတ်ဖူးတယ်။ အခုခေတ်မှာ SNS ဒါမှမဟုတ် ဂိမ်းကနေတစ်ဆင့် ကြော်ငြာတာက တီဗီ ဒါမှမဟုတ် သတင်းစာ ကြော်ငြာတွေထက် ပိုထိရောက်တယ်လို့ ရေးထားတာလေ"

"ကန်ဂျင်ဟူမှာ ဂိမ်းကုမ္ပဏီ ရှိတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့က အမျိုးသား ကာကွယ်ရေးနဲ့ပတ်သတ်ပြီး လော်ဘီလုပ်ဖို့အတွက် ဂိမ်းတစ်ခု လုပ်ပေးဖို့ သူတို့ဆီမှာ အပ်လိုက်ရင်ကော"

ဝန်ကြီး ဘဲယွန်ဘုံက သူ့ဒူးကို သူ ပုတ်လိုက်တယ်။

"ကောင်းလိုက်လေ"

သူလည်း အဲဒီ သုတေသန အစီရင်ခံစာကို ဖတ်ဖူးပါတယ်။ ဘာလို့ ဒီအချက်ကို စောစောက မစဉ်းစားမိခဲ့တာပါလိမ့်။

"ဘယ်လောက် ကုန်ကျလောက်မလဲ"

"သုတေသန အစီရင်ခံစာအရဆိုရင် ဝမ် သန်း ၅ ထောင်လောက် လိုအပ်ပါလိမ့်မယ်"

"ဘာဖြစ်တယ်။ သန်း ၅ ထောင် တောင်လား"

ကန့်ကွက်တဲ့ အမြင်တစ်ခု ထွက်လာပါတယ်။

"ဂိမ်းတစ်ခုထဲအတွက် သန်း ၅ ထောင်က များလွန်းတယ်”

"ကျွန်တော့်အထင်တော့ သန်း ၂ ထောင်ဆိုရင်ကို လုံလောက်နေပါပြီ”

ဝန်ကြီး ဘဲယွန်ဘုံက ခဏလောက် တွေးတောနေခဲ့တယ်။

'ဝမ် သန်း ၅ ထောင်ဆိုတာ စစ်သား ၁၀,၀၀၀ ရဲ့ လစာကို ပေးပြီးရင်တောင် ပိုက်ဆံ ပိုဦးမှာပဲ... အင်း၊ ဒါပေမဲ့ ရက်ရက်ရောရော ပေးလိုက်တာက ပိုကောင်းပါတယ်လေ။ အကြီးအကျယ် လုပ်လိုက်တာက ပိုအဆင်ပြေမှာပဲ မဟုတ်လား'

သူက ဆုံးဖြတ်ချက် ချပြီးတဲ့နောက် စကားပြောလိုက်တယ်။

"လော်ဘီလုပ်ဖို့အတွက် လုပ်တာဆိုတော့ လူငယ်တွေ ကြိုက်နှစ်သက်အောင် အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ် မဟုတ်လား။ တကယ်လို့ သူတို့က ဂိမ်းကို ပျော်ပျော်ရွှင်ရွှင် ဆော့ရရင် စစ်တပ်ထဲ ဝင်ချင်စိတ် ပေါက်လာမယ်၊ ရဲဘော်ရဲဘက်တွေနဲ့ အတူတူ လေ့ကျင့်ချင်လာမယ်၊ သေနတ်တောင် ပစ်ချင်လာနိုင်တယ်”

"ဟုတ်ကဲ့။ အစီရင်ခံစာထဲမှာလည်း အဲဒီလိုပဲ ရေးထားပါတယ်"

"ဟားဟား။ ဒီလောက် လွယ်ကူတဲ့ အဖြေ ရှိနေတာကို စောစောထဲက မစဉ်းစားမိဘူးကွာ"

ကာကွယ်ရေး ဝန်ကြီးက အရင်ဆုံး ရယ်မောလိုက်တဲ့အတွက် ပတ်ဝန်းကျင်အငွေ့အသက်က ရုတ်တရက် ပျော်ရွှင်စရာ ဖြစ်သွားခဲ့ပါတယ်။

ဂျူနီယာ ဗိုလ်ချုပ်တွေကလည်း ချက်ချင်းပဲ မြှောက်ပင့်တဲ့ စကားတွေ ဆိုကြတယ်။

"ဒီအတိုင်းဆိုရင် ကျောင်းမှာ ဂိမ်းဆော့နေတဲ့ ကောလိပ်ကျောင်းသားတွေက စစ်မှုထမ်းဖို့ စစ်သားစုဆောင်းရေး အဖွဲ့ဆီ တန်းပြေးလာကြတော့မှာပဲ"

"စစ်မှု အရင်ထမ်းချင်လို့ စစ်သားစုဆောင်းရေး အဖွဲ့မှာ တန်းစီရမယ့် အခြေအနေ ဖြစ်လာမှာကိုတောင် စိုးရိမ်မိတယ်"

"စစ်သားတွေတင်မကဘဲ အရာခံဗိုလ်တွေနဲ့ အရာရှိတွေပါ တိုးလာရင် ရေရှည် စစ်မှုထမ်းဖို့ ပြိုင်ဆိုင်မှုက ပြင်းထန်လာဦးမှာ"

ဝန်ကြီး ဘဲယွန်ဘုံက ပျော်ပျော်ရွှင်ရွှင် ပြောလိုက်တယ်။

"ကောင်းပြီ။ ကန်ဂျင်ဟူကို ဝမ် သန်း ၅ ထောင်ပေးပြီး ဂိမ်းကောင်းကောင်းမွန်မွန် တစ်ခုလောက် လုပ်ခိုင်းလိုက်ကြတာပေ့ါ"

အဖြေတစ်ခု ရှာတွေ့သွားတဲ့အတွက် သူက ဒုက္ခပေးနေတဲ့ သွားတစ်ချောင်းကို နှုတ်ပစ်လိုက်ရသလိုမျိုး ခံစားလိုက်ရပါတယ်။

သူက ဂေါက်သီးကို အားရပါးရ ရိုက်ထုတ်လိုက်တော့တယ်။

ကျွန်တော် အလုပ်လုပ်နေတုန်းမှာ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က OTK ကုမ္ပဏီဆီ ရောက်လာခဲ့တယ်။

သူက တခြားသူ မဟုတ်ဘဲ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မူဝါဒဆိုင်ရာ ပြည်သူ့ဆက်ဆံရေး အရာရှိ ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို မတွေ့ဘဲ နေမလို့ စဉ်းစားခဲ့ပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ကျွန်တော့်ဆီ ဘာလို့ လာရှာတာလဲဆိုတာကို သိချင်တာကြောင့် တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

"မင်းကို စစ်တပ်ထဲ ပြန်ဝင်ခိုင်းဖို့တော့ မဟုတ်ပါဘူးနော်"

တက်ဂယူရဲ့ မေးခွန်းကို ကျွန်တော်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တယ်။

"အဲဒီလိုသာဆိုရင် ဒီနိုင်ငံကနေ ငါ ထွက်သွားရလိမ့်မယ်"

ဒီလို အကြောင်းပြချက်မျိုးဆိုရင် ကျွန်တော် နိုင်ငံသား ပြောင်းလိုက်ရင်တောင် လူတိုင်းက ကိုယ်ချင်းစာ သဘောပေါက်ပေးကြမှာပါ။

အစည်းအဝေးခန်းထဲမှာ သူက လာရောက်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

"မင်းတို့ သိတဲ့အတိုင်း ကိုရီးယားက ကွဲပြားနေတဲ့ နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ရင်ဆိုင်နေရတာပါ။ ဒါက စစ်ပွဲ ပြီးဆုံးသွားတာ မဟုတ်ဘဲ စစ်ပြေငြိမ်းထားတာ သက်သက်ပဲမလို့ အချိန်မရွေး စစ်ပွဲ ပြန်ဖြစ်လာရင်လည်း ထူးဆန်းမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသား ကာကွယ်ရေးရဲ့ အရေးပါမှုကို ထပ်ပြောနေစရာတောင် မလိုဘူးလေ။ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ ငါတို့ရဲ့ စစ်အင်အား ဖြစ်လာမယ့် လူငယ်တွေက စစ်ထဲဝင်ဖို့ ဝန်လေးနေကြပြီး ရှောင်လွှဲဖို့ ကြိုးစားနေကြတဲ့ အခြေအနေက လူ့အဖွဲ့အစည်းမှာ ပျံ့နှံ့နေတယ်။ ပြင်ပ အေဂျင်စီတစ်ခုက လုပ်ဆောင်ခဲ့တဲ့ သုတေသနအရဆိုရင် လူငယ်တွေ စစ်တပ်ထဲ မဝင်ချင်ကြတဲ့အကြောင်းအရင်းက စစ်တပ်အကြောင်း အချက်အလက် မသိရတာကြောင့် စစ်တပ်ဘဝအပေါ် ခြောက်ခြားနေကြလို့တဲ့လေ။ ဒါကြောင့် ငါတို့က ဂိမ်းနည်းပညာကနေတစ်ဆင့် စစ်တပ်ဘဝကို သွယ်ဝိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးခြင်းဖြင့် စစ်မှုထမ်းရမှာကို ကြောက်ရွံ့တဲ့ စိတ်ကို လျှော့ချပေးဖို့၊ အမျိုးသား ကာကွယ်ရေးရဲ့ အရေးပါမှုကို မြှင့်တင်ဖို့နဲ့ စစ်ထဲဝင်ဖို့ တွန်းအားပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါကြောင့် ငါတို့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုကနေတ စ်ဆင့် အမျိုးသား ကာကွယ်ရေး FPS ဂိမ်းတစ်ခုကို ထုတ်လုပ် ဖြန့်ချိဖို့ စီစဉ်နေပြီး ဒါကို OTK Games ဆီမှာ အပ်နှံချင်ပါတယ်"

"......"

ဒါက ဘယ်လို အဓိပ္ပါယ်မရှိတဲ့စကားတွေလဲဟ။

ကျွန်တော် ဘယ်လောက်တောင် အံ့သြသွားလဲဆိုရင် နားကြားမှားတာလားလို့တောင် ခဏလောက် ထင်လိုက်မိသေးတယ်။ တက်ဂယူကို လှမ်းကြည့်လိုက်တော့ သူကလည်း 'ဟာ... ဘာပြောရမှန်းတောင်မသိတော့ဘူး' ဆိုတဲ့ မျက်နှာပေး ဖြစ်နေခဲ့ပါတယ်။

All Chapters