← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂)

လေယာဉ်စီးချိန်က ၁၄ နာရီလောက် ကြာပါတယ်။

First class မှာ ကျွန်တော်တို့အပြင် တခြားသူ တစ်ယောက်မှ မရှိပါဘူး။ လေယာဉ် ဘေးကင်းကင်းနဲ့ ပျံတက်သွားပြီးတဲ့နောက် အားလုံး တစ်နေရာတည်းမှာ လူစုလိုက်ကြပါတယ်။ လေယာဉ်မယ်ကို ဝိုင်တချို့ ယူလာပေးဖို့ ကျွန်တော် ပြောလိုက်တယ်။

"အားလုံး အတူတူ သောက်ကြရအောင်"

First class ရဲ့ ထိုင်ခုံ သက်သောင့်သက်သာရှိမှုအပြင် နောက်ထပ် အားသာချက်တစ်ခုကတော့ အဆင့်မြင့် ဝိုင်တွေကို တည်ခင်းပေးတာပါပဲ။ ဒါကြောင့် များများသောက်လေ ပိုတန်လေပါပဲ။

ဖန်ခွက်ချင်း တိုက်လိုက်ကြပေမဲ့ အားလုံးရဲ့ မျက်နှာတွေကတော့ မှောင်မှိုင်နေပါတယ်။ K Company ဝင်စီးခံရတဲ့အပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ရှိနေပုံရတယ်။

တက်ဂယူ က နောက်ပြောင်တဲ့ လေသံနဲ့ ပြောတယ်။

"လေဆိပ် ဆင်းဆင်းချင်း အဖမ်းခံရမှာတော့ မဟုတ်ပါဘူးနော်"

အယ်လီ က ရယ်ရင်းနဲ့ "မဖြစ်နိုင်တာပဲ" လို့ ပြန်ပြောပါတယ်။

ကျွန်တော် ခေါင်းငြိမ့်လိုက်တယ်။

"သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် ဘယ်နည်းလမ်းကိုမဆို သုံးဖို့ ဝန်လေးမှာ မဟုတ်ဘူး။ အဲဒီထဲမှာ OTK Company ရဲ့ စီအီးအိုကို ထောင်ထဲ ထည့်ဖို့ ကြိုးစားတာလည်း ပါဝင်နိုင်တယ်"

ပက်ဆီဟျွန်း သမ္မတ ဖြစ်လာပြီးတဲ့နောက် အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ၊ ရှေ့နေချုပ်၊ ရဲချုပ်နဲ့ အမျိုးသား အခွန်ဦးစီးဌာန အကြီးအကဲ နေရာတွေမှာ သူ့လူတွေကိုပဲ အစားထိုး ခန့်အပ်ခဲ့တာပါ။ မီဒီယာတွေနဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေကလည်း သူ့ကို ထောက်ခံကြသလို သူ့ရဲ့ ကိုရီးယား အမျိုးသားပါတီကလည်း လွှတ်တော်မှာ အမတ်နေရာ အများစုကို ရရှိထားပါတယ်။

ကြီးမားတဲ့ အာဏာကို ပိုင်ဆိုင်ထားတဲ့ သမ္မတ တစ်ယောက်က အဲဒီအာဏာကို ကိုယ်ကျိုးအတွက် အသုံးချဖို့ ဆုံးဖြတ်လိုက်ရင် သူ မလုပ်နိုင်တာ ဘာရှိမှာလဲ။

အယ်လီ က အံ့ဩသွားပြီး မျက်လုံးလေးတွေ ဝိုင်းသွားတယ်။

"ဒါတွေ အကုန်သိနေတာတောင် ကိုရီးယားကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာလား"

"ငါ မရှိလည်း OTK Company က အဆင်ပြေပြေ ဆက်လည်ပတ်နေမှာပါ"

စီးပွားရေး လုပ်ငန်းစုကြီးတွေမှာတောင် သူတို့ရဲ့ ခေါင်းဆောင် မရှိရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ခက်ခဲတတ်ပါတယ်။ အဲဒါကြောင့် ခေါင်းဆောင်က အလွဲသုံးစားမှု ဒါမှမဟုတ် အဂတိလိုက်စားမှုနဲ့ အဖမ်းခံရရင် နိုင်ငံတော် စီးပွားရေးအတွက် ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုသံတွေ ထွက်လာလေ့ ရှိတာပေါ့။

OTK Company က စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုး မဟုတ်တာကြောင့် စီအီးအို သာ ထောင်ကျသွားရင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်လို့ အများက ယူဆထားကြပါတယ်။

ဒါပေမဲ့ အမိန့်တွေ ပေးပြီးသွားရင်တော့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ပြီးသလောက်ပါပဲ။ လောလောဆယ် နောက်ဆုံး အတည်ပြုချက်ကို ကျွန်တော် ကိုင်ထားတယ် ဆိုပေမဲ့ ဒါက လုပ်ထုံးလုပ်နည်း သဘောမျိုးပါ။ ကျွန်တော် မရှိတဲ့ အခြေအနေမှာ အစ်မဟျွန်းဂျူး က တာဝန်ယူလိုက်ရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ တကယ်လို့ အဖမ်းခံရပြီး ထောင်ကျမှာက အစ်မဟျွန်းဂျူး သာ ဆိုရင်တော့ အခြေအနေက တကယ်ကို ဆိုးရွားသွားပါလိမ့်မယ်။

"ကံကောင်းတာကတော့ မမ က ကိုရီးယား နိုင်ငံသား ဖြစ်နေရင်တောင် Golden Gate ရဲ့ ဒါရိုက်တာ ရာထူး ရှိနေတာက ပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်"

တကယ်လို့ ခိုင်လုံတဲ့ သက်သေမရှိဘဲ သူတို့သာ အစ်မကို ဖမ်းဆီးမယ်ဆိုရင် ဒါက နိုင်ငံတကာ သတင်း ဖြစ်သွားမှာ ဖြစ်သလို Golden Gate ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ပါလိမ့်မယ်။

တကယ်လို့ Golden Gate က ကိုရီးယားရဲ့ စတော့တွေ ဒါမှမဟုတ် ငွေတိုက်စာချုပ်တွေကို ရောင်းချပစ်မယ်ဆိုရင်... မဟုတ်ဘူး၊ 'ရောင်းချဖို့' အစီရင်ခံစာ ထုတ်ပြန်လိုက်ရုံနဲ့တင် ကိုရီးယား ဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားမှာပါ။

ဒါကြောင့် သူတို့က အစ်မဟျွန်းဂျူး ကိုတော့ အလွယ်တကူ ထိရဲမှာ မဟုတ်ပါဘူး။

ကျွန်တော် အယ်လီ ကို ကြည့်ပြီး ပြောလိုက်တယ်။

"စိတ်ပူစရာ ဘာမှမရှိပါဘူး။ ဘာရာဇဝတ်မှုမှ ကျူးလွန်ထားတာ မဟုတ်တဲ့အတွက် ဖမ်းဆီးခံရရင်တောင် မကြာခင် ပြန်လွတ်လာမှာပါ"

တက်ဂယူ က ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ မေးတယ်။

"မင်းက အဖမ်းခံဖို့ ပြင်ဆင်ထားတာလား"

"ငါက မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်သွားရင် အဖမ်းမခံရရင်တောင် အစိုးရဥပဒေရုံးကနေ ဆင့်ခေါ်ခံရဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"

တက်ဂယူ က အော်လိုက်တယ်။

"ဘာလို့ ငါတို့ကို စောစောက မပြောတာလဲ"

"ဒီအတိုင်းပါပဲ။ တကယ်လို့ အမှန်တရား ပေါ်သွားရင် မင်းနဲ့ အယ်လီတို့ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ"

တက်ဂယူ က အစ်မဟျွန်းဂျူး ကို ကြည့်ပြီး မေးတယ်။

"မမ လည်း သိနေတာလား"

"ဒီအစိုးရက အဲဒီလောက်အထိ အဂတိလိုက်စားနေမယ်လို့တော့ မယုံချင်ဘူး... ဒါပေမဲ့ ဖြစ်နိုင်တယ်"

အစ်မဟျွန်းဂျူး လည်း ရိပ်မိနေပုံရပါတယ်။ သူက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပေးပြီး တမင် သက်သက် နှုတ်ဆိတ်နေခဲ့တာပါ။

"ဝိုး… လူတွေကို ဒီလို လှည့်စားတာလား။ လေယာဉ်မယ်ဆီက မြေပဲတချို့ တောင်းဦးမှပဲ"

"ဘာလို့ မြေပဲလဲ"

"လေယာဉ် လမ်းကြောင်း ပြန်လှည့်ခိုင်းမလို့"

"...ဒါက တကယ့်ကို ကောင်းတဲ့ စိတ်ကူးပဲ။ လေယာဉ်က First classလည်း ပါနေတော့ ပိုအဆင်ပြေတာပေါ့"

အယ်လီ က စကားပြန် လုပ်ပေးပြီး ဟင်နရီ ကို ရှင်းပြပါတယ်။

"လေယာဉ်မယ်က မြေပဲ အခွံမခွာပေးလို့ ဆိုပြီး ချေဘော (မိသားစုကြီး) မျိုးဆက်သစ် တစ်ယောက်က လေယာဉ်ကို လမ်းကြောင်း ပြန်လှည့်ခိုင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးတယ်လေ"

ဟင်နရီ က ခေါင်းငြိမ့်ပါတယ်။

"အဲဒီ သတင်းကြီးသွားတဲ့ ဖြစ်ရပ်ကို ငါ ကောင်းကောင်း သိပါတယ်။ နယူးယောက်က ဂျွန် အက်ဖ် ကနေဒီ လေဆိပ်မှာ ဖြစ်ခဲ့တာ မဟုတ်လား"

"······"

ကိုရီးယား စီးပွားရေး လုပ်ငန်းစုကြီးတွေကတော့ ကိုရီးယားကို ကမ္ဘာက သိအောင် တကယ်ကို ကြိုးစားပြီး ကြော်ငြာပေးနေကြတာပဲ။

အစ်မဟျွန်းဂျူး က သူ့ရဲ့ ကုတ်အင်္ကျီအိတ်ထဲကို လက်လှမ်းရင်း တုံ့ဆိုင်းသွားပါတယ်။ မသိစိတ်ကနေ စီးကရက်ကို ရှာမိသွားတာ ဖြစ်ပေမဲ့ လေယာဉ်ပေါ်မှာ ဆေးလိပ်သောက်တာကို တားမြစ်ထားမှန်း သူ သတိရသွားတယ်။

"ဂျင်ဟူ။ နင့်ရဲ့ ကိုရီယားကိုပြန်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

အစ်မဟျွန်းဂျူး ရဲ့ အမေးကို တက်ဂယူ ကလည်း ထပ်မေးတယ်။

"ဟုတ်တယ်။ အန္တရာယ် ရှိမှန်း သိရက်နဲ့ ဘာလို့ ကိုရီးယားကို ပြန်ရတာလဲ"

"အစိုးရကို စိန်ခေါ်တာက ပညာရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ OTK Company က နိုင်ငံခြား ကုမ္ပဏီ ဖြစ်နေရင်တောင် K Company ရဲ့ အခြေစိုက် လုပ်ငန်းက ပြည်တွင်းမှာ ရှိတာ။ ဒီဖြစ်ရပ်ကို ငါတို့ ကျော်ဖြတ်နိုင်ခဲ့ရင်တောင် နောက်နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်ဘူးလို့ ဘယ်သူမှ အာမခံလို့ မရဘူး"

အရင်တုန်းကဆိုရင် သမ္မတရဲ့ စကားတစ်လုံးတည်းနဲ့တင် စီးပွားရေး လုပ်ငန်းစုကြီးတွေ ပြိုကွဲသွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်။ စီးပွားရေး လောကမှာ အဆင့် ၇ ချိတ်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဟာ ချွန်ဒူဟွမ် ကို မကျေနပ်အောင် လုပ်မိလို့ သမိုင်းထဲကနေ ပျောက်ကွယ်သွားခဲ့ရဖူးပါတယ်။

အခုအချိန်မှာ အဲဒီလောက်အထိ အစွန်းမရောက်တော့ဘူး ဆိုပေမဲ့လည်း အစိုးရရဲ့ ပစ်မှတ်ထားခြင်း ခံရတဲ့ ကုမ္ပဏီတွေကတော့ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပါ။

ကျွန်တော်က အွန်ဆောင်း မော်တာ ကို ဆန့်ကျင်ခဲ့ပြီး ရိုနယ် ကို ထောက်ပံ့ခဲ့တယ်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ကျွန်တော်က အစိုးရကို ရန်သူအဖြစ် ပြောင်းလဲလိုက်သလို ဖြစ်သွားခဲ့ပါပြီ။

ရွေးချယ်စရာက နှစ်ခုပဲ ရှိပါတယ်။

ဒီမှာတင် ရပ်မလား ဒါမှမဟုတ် ဆက်ပြီး ပြန်တိုက်မလား။ သဘာဝကျကျပဲ ကျွန်တော့်ရဲ့ ရွေးချယ်မှုက ဒုတိယတစ်ခုပါပဲ။

မတရားတဲ့ လုပ်ရပ်တွေကို ပိုလုပ်လေလေ၊ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ ပြန်လာမယ့် ရိုက်ခတ်မှုက ပိုကြီးမားလေလေပါပဲ။

အားလုံးကို ကြည့်ရင်း ကျွန်တော် ပြောလိုက်တယ်။

"အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ အရာအားလုံးက ပြေလည်သွားမှာပါ"

တကယ်လို့ ရိုနယ် သာ သမ္မတ ဖြစ်လာရင် OTK Company က Kingmaker ဖြစ်သွားမှာပါ။ အမေရိကန် သမ္မတရဲ့ အရှိန်အဝါကို ပုခုံးပေါ်မှာ ထမ်းထားသလို ဖြစ်သွားမှာပေါ့။

အဲဒီအချိန်ရောက်ရင် အခုထိ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးအတွက် သူတို့ကို တာဝန်ခံခိုင်းလို့ ရပါတယ်။

ဘာလို့ အမျိုးသား ထောက်လှမ်းရေးဌာန ကို သုံးပြီး တရားမဝင် စောင့်ကြည့်ခဲ့တာလဲ။ ဘာလို့ အစိုးရဥပဒေရုံးနဲ့ အခွန်ရုံးကို သုံးပြီး K Company ကို ဝင်စီးခဲ့တာလဲ။ နောက်ဆုံးမှာတော့ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို မေးခွန်းထုတ်ခံရမှာ ဖြစ်သလို သမ္မတ ပက်ဆီဟျွန်း နဲ့ PAS ရဲ့ ဆက်ဆံရေးကလည်း ပြန်ပေါ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု အစိုးရကတော့ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ရမှာပါ။ အနီးကပ် ကြည့်မယ်ဆိုရင် တရားမဝင် စောင့်ကြည့်မှု တစ်ခုထဲနဲ့တင် ရာထူးကနေ ဖယ်ရှားခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

"မင်းက ကိုယ်တိုင် သားကောင်အဖြစ် အသုံးချခံမှာလား"

"သူတို့က ငါ့ကို ပစ်မှတ်ထားလေလေ နိုင်ငံရေးအရ တာဝန်ယူရမှုက ပိုကြီးမားလာလေလေပဲ"

သားကောင်ကိုပဲ အာရုံစိုက်နေရင် တကယ် အရေးကြီးတဲ့ အရာတွေကို လွတ်သွားနိုင်ပါတယ်။

အာဏာပိုင်တွေက သားကောင်ကိုပဲ အာရုံလွှဲဖို့ ကြိုးစားနေရင်တောင် ဒါကို လျစ်လျူရှုလို့ မရပါဘူး။ သူတို့ကို ကျွန်တော့်အပေါ်မှာပဲ အာရုံစိုက်နေအောင် လုပ်ထားပြီး တခြားသူတွေက အေးအေးဆေးဆေး အလုပ်လုပ်နိုင်အောင် လုပ်တာက ပိုကောင်းပါတယ်။

ကျွန်တော်သာ ဝင်ပါလိုက်ရင် စီနီယာ ဆန်းယော့ ပြန်ထွက်လာနိုင်မလား။

ကျွန်တော်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ကြောက်စိတ်ကို မနည်းမျိုသိပ်ထားရပါတယ်။ တစ်ဦးတစ်ယောက်ထဲ အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာကို ပြန်တိုက်ဖို့ဆိုတာ စွန့်စားလွန်းရာ ကျပါတယ်။

ငါ တကယ်ပဲ မှန်ကန်တဲ့ အလုပ်ကို လုပ်နေတာလား။

အရာအားလုံးကို လက်လွှတ်လိုက်ပြီး ပိုက်ဆံတွေ အများကြီး သုံးပြီး အေးအေးဆေးဆေးပဲ နေလိုက်ရမလား။ အယ်လီ က ကျွန်တော့်လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်တယ်။ နွေးထွေးပြီး နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရပါတယ်။

"ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"

အစ်မ ဟျွန်းဂျူး က ပြုံးလိုက်တယ်။

"ဂျင်ဟူ။ နင့်မှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ။ ဒါကြောင့် နင် အဆင်ပြေမှာပါ"

"နောက်နေတာလား"

ကျွန်တော့်ရဲ့ အမေးကို အစ်မ ဟျွန်းဂျူး က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပါတယ်။

"မဟုတ်ဘူး။ အာဏာဆိုတာ ခေတ္တခဏပဲ။ ဒါပေမဲ့ ပိုက်ဆံကတော့ ထာဝရဟ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေက အာဏာရှိတုန်းမှာ အဂတိလိုက်စားကြတာပေါ့။ နင့်မှာ ရှိတဲ့ ပိုက်ဆံက နင့်ရဲ့ လက်နက်ပဲ။ ဒါကြောင့် စိတ်ပူစရာ သိပ်မရှိပါဘူး"

ဒါကို ကြားပြီးမှ ကျွန်တော် နည်းနည်း စိတ်သက်သာရာ ရသွားပါတယ်။

တက်ဂယူ က စကားတစ်ခွန်း ထပ်ပြောတယ်။

"ဒါပေမဲ့လည်း အနီရောင် Matiz ကားကိုတော့ သတိထားဦးနော်"

ဒါကို ကြားတော့ ကျွန်တော် ပြန်ပြီး စိတ်မအေးနိုင်တော့ပါဘူး။

တက်ဂယူ က စကားပြန်လုပ်ပြီး ဟင်နရီ ကို ရှင်းပြပါတယ်။

"ကိုရီးယားမှာ အနီရောင် Matiz ကားက တကယ့်ကို အဓိပ္ပာယ် အများကြီး ရှိတာ။ အရင်တုန်းက အမျိုးသား ထောက်လှမ်းရေးဌာန မှာ..."

"နင်က ဒါကို ဘာလို့ ရှင်းပြနေတာလဲ"

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နောက်နောင်မှာ ဖြစ်လာနိုင်မယ့် အခြေအနေတွေအတွက် အစီအစဉ်တွေ ဆွေးနွေးပြီး ပြင်ဆင်ခဲ့ကြပါတယ်။

အဲဒီအတောအတွင်းမှာပဲ လေယာဉ်က အင်ချွန်း လေဆိပ်ကို ဘေးကင်းစွာ ဆိုက်ရောက်သွားပါတယ်။

လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေ ပြီးလို့ အထွက်ခန်းမဘက်ကို လျှောက်လာရင်း တက်ဂယူ က ပြောတယ်။

"သူတို့ ဒီမှာတင် ငါတို့ကို လာဖမ်းမှာတော့ မဟုတ်ပါဘူးနော်"

"မဖြစ်နိုင်လောက်ပါဘူး"

အရာအားလုံးမှာ အစဉ်အလိုက် ရှိတာကြောင့် သူတို့ အရင်ဆုံး ဆင့်ခေါ်စာ အရင် ပို့ပါလိမ့်မယ်။

"တကယ်လို့ မင်း အဖမ်းခံရရင် ငါ မကြာခဏ လာတွေ့မယ်။ အရသာရှိတဲ့ အစားအစာတွေ ဝယ်လာပေးမယ်။ ပြီးတော့ သုံးဖို့ ပိုက်ဆံတချို့လည်း ထည့်ပေးမယ်လေ"

"ငါ့ပိုက်ဆံနဲ့ ငါပဲ စားပါ့မယ်"

အဲဒီအချိန်မှာပဲ အနက်ရောင် အနောက်တိုင်းဝတ်စုံတွေ ဝတ်ထားတဲ့ လူတွေက ကျွန်တော်တို့ဆီကို ရုတ်တရက် ချဉ်းကပ်လာပါတယ်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

"ကျွန်တော်တို့က အစိုးရဥပဒေရုံးကပါ"

"..."

ကျွန်တော် စိတ်ထဲကနေ တွေးလိုက်မိတယ်။ ဒါ တကယ်ပဲလား။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမဲ့ ဒါက အရမ်း မြန်လွန်းနေတယ်။

ကျွန်တော် ကြောင်နေတုန်းမှာပဲ တက်ဂယူ က ကျွန်တော့်ကိုယ်စား မေးလိုက်တယ်။

"ဘာကိစ္စလဲ"

"ခင်ဗျားက အိုတက်ဂယူ လား"

"ဘာဖြစ်လို့လဲ"

"ခင်ဗျားက OTK Company ရဲ့ စီအီးအို လား"

"ဟမ်"

"နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုတွေနဲ့ ခင်ဗျားကို ဖမ်းဆီးပါမယ်"

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ လူတွေက တက်ဂယူ ကို ဘေးတစ်ဖက်တစ်ချက်စီကနေ ဆွဲကိုင်လိုက်ပါတယ်။

လန့်သွားတဲ့ အစ်မဟျွန်းဂျူး က ဒေါသတကြီး အော်လိုက်တယ်။

"နင်တို့ ဘယ်သူတွေလဲ။ သူ့ကို ဘယ်လိုတောင် လက်ဖျားနဲ့ ထိရဲတာလဲ"

အဲဒီအခါမှာ အဲဒီလူက စာရွက်တစ်ရွက်ကို ထုတ်ပြပြီး ပြောတယ်။

"ဒါက အိုတက်ဂယူ အတွက် ဖမ်းဝရမ်းပါ"

ကျွန်တော် ဒါကို မြင်ပြီး ကြောင်သွားပါတယ်။

ကျွန်တော် မသိတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် သူတို့က ကျွန်တော့်အစား တက်ဂယူ ကို OTK Company ရဲ့ စီအီးအို လို့ အထင်မှားနေကြတာပဲ။

ဂျောက်

တက်ဂယူ ရဲ့ လက်ကောက်ဝတ်မှာ လက်ထိပ် ခတ်ခံလိုက်ရပါတယ်။

အဲဒီလူက ရုပ်ရှင်တွေ ဒါမှမဟုတ် ဒရာမာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ Miranda warning ကို ဖတ်ပြပါတယ်။

"ခင်ဗျားမှာ နှုတ်ဆိတ်နေပိုင်ခွင့် ရှိပါတယ်။ ခင်ဗျား ပြောသမျှ အရာအားလုံးက တရားရုံးမှာ ခင်ဗျားကို ဆန့်ကျင်တဲ့ သက်သေအဖြစ် အသုံးချခံရနိုင်ပါတယ်။ ခင်ဗျားမှာ ရှေ့နေနဲ့ ဆွေးနွေးပိုင်ခွင့် ရှိသလို စစ်ဆေးမေးမြန်းခံရတဲ့အခါ ခင်ဗျားကိုယ်စား ပြောဆိုပေးဖို့ ရှေ့နေတစ်ယောက် တောင်းဆိုနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားမှာ ရှေ့နေ ငှားဖို့ အင်အား မရှိရင် နိုင်ငံတော်ကနေ ရှေ့နေတစ်ယောက် စီစဉ်ပေးပါလိမ့်မယ်"

တက်ဂယူ ကို ဒီအတိုင်း အဖမ်းခံခိုင်းလို့ မဖြစ်ပါဘူး။

"ကျွန်တော်..."

ကျွန်တော် ရှေ့ကို တိုးဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ တက်ဂယူ က ကျယ်ကျယ်လောင်လောင် ပြောလိုက်တယ်။

"ကျွန်တော်က စီအီးအို ပါပဲ။ ကျွန်တော့်ကို ခေါ်သွားပါ"

"ဘာ"

"အလုပ်ပြီးရင် ပြန်တွေ့ကြတာပေါ့။ ငါ့သူငယ်ချင်း"

တက်ဂယူ က ကျွန်တော့်ကို ပြုံးပြပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်တော် ဘာမှ ပြောခွင့်မရခင်မှာပဲ သူတို့က သူ့ကို ခေါ်သွားကြပါတယ်။

ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။

လေဆိပ် ဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးကနေ ထွက်လာမယ့်သူတွေ အကုန်လုံး ရပ်ပြီး ကျွန်တော်တို့ကို ကြည့်နေကြပါတယ်။

ခဏလောက် ကြောင်ပြီး ရပ်နေပြီးတဲ့နောက်မှာတော့ အယ်လီ က ကျွန်တော်နဲ့ အစ်မဟျွန်းဂျူး ကို ဆွဲပြီး ပြောတယ်။

"လောလောဆယ် သွားကြရအောင်"

ဟင်နရီ က ကျွန်တော်တို့ရဲ့ ခရီးဆောင်အိတ်တွေကို တာဝန်ယူပေးပါတယ်။

အယ်လီ က ကျွန်တော်တို့ကို အပြင်ဘက်ကို ခေါ်ထုတ်လာတဲ့အချိန်မှာ စီနီယာ ကီဟုမ် ရပ်နေတာကို တွေ့လိုက်ရပါတယ်။

"ဒီဘက်မှာဟေ့။ ဂျင်ဟူ"

လေဆိပ်ရှေ့မှာ ဗင်ကားတစ်စီး စောင့်နေပါတယ်။ စီနီယာ ကီဟုမ် က ကျွန်တော်တို့ ကားပေါ်တက်တာနဲ့ ချက်ချင်း မောင်းထွက်လိုက်တယ်။

ကျွန်တော် သတိပြန်ဝင်လာပြီး စီနီယာ ကီဟုမ် ကို မေးလိုက်တယ်။

"စီနီယာက ဘာလို့ ဒီကို ရောက်နေတာလဲ"

စီနီယာ ကီဟုမ် က ကားမောင်းရင်းနဲ့ ပြန်ဖြေပါတယ်။

"စီနီယာ ဆန်းယော့ လွှတ်လိုက်တာ"

"စီနီယာ ဆန်းယော့ က ဘယ်မှာလဲ"

"သူက အခု အစိုးရဥပဒေရုံးမှာ အစစ်ဆေးခံနေရတယ်။ သူ မရှိတဲ့အချိန်မှာ မင်းနဲ့ ဒါရိုက်တာ အိုဟျွန်းဂျူး ရဲ့ အမိန့်ကို နားထောင်ဖို့ သူ မှာထားတယ်။ မင်းတို့အဖွဲ့ထဲမှာ နောက်ထပ် တစ်ယောက် ကျန်သေးတယ် မဟုတ်လား။ သူက ငါးယောက်စာအတွက် ဗင်ကား လွှတ်ပေးလိုက်တာလေ"

"သူ ခုနတင် အဖမ်းခံလိုက်ရပြီ"

"ဘာ"

ကျွန်တော့်စကားကြောင့် စီနီယာ ကီဟုမ် လန့်သွားပါတယ်။ ကားက လမ်းကြောင်းပေါ်ကနေ ချော်ထွက်သွားပြီး တုန်ခါသွားတယ်။

"တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။ ဂျင်ဟူ။ ဒါက အခု ဖြစ်နေတဲ့ ကိစ္စနဲ့ ဘာဆိုင်လို့လဲ"

"နောက်မှ ရှင်းပြပါ့မယ်။ ကားကိုပဲ အာရုံစိုက်ပြီး မောင်းပါ"

"အိုကေ"

ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။ အစ်မဟျွန်းဂျူး က တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပါတယ်။ တစ်ချက်ကြည့်လိုက်ရင် ဘာအမူအရာမှ မရှိဘူးလို့ ထင်ရပေမဲ့ သူ တကယ်ကို ဒေါသထွက်နေမှန်း ကျွန်တော် သိနိုင်ပါတယ်။

အစ်မ ဒီလောက်အထိ ဒေါသထွက်နေတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူများတွေ မသိရင်တောင် အစ်မ ဟျွန်းဂျူး က သူ့မောင်လေးကို တကယ် ချစ်တာပါ။

ဒါပေမဲ့ သူ့မျက်စိရှေ့မှာတင် သူ့မောင်လေးက လက်ထိပ်ခတ်ပြီး အဆွဲခံသွားရတာလေ။

ကျွန်တော် အစ်မဟျွန်းဂျူး ကို အတူတူ အလုပ်တွဲလုပ်ဖို့ ကတိပေးခဲ့သလို ဘာပဲဖြစ်ဖြစ် တက်ဂယူ ကို ဘာမှ မထိခိုက်စေရဘူးလို့ အာမခံခဲ့တာပါ။

ဒီကတိကို ကျွန်တော် ဖျက်မိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

"တောင်းပန်ပါတယ်။ အစ်မဟျွန်းဂျူး။ ကျွန်တော် ရှေ့နေရုံးကို သွားဖို့ လိုတယ်..."

ဟျွန်းဂျူး က အေးစက်စက် ပြောလိုက်တယ်။

"တိတ်တိတ်နေ။ ငါ တွေးနေတာဟ"

ကျွန်တော် နှုတ်ဆိတ်သွားပါတယ်။ အားလုံးက စကားပြောဖို့ ရှောင်ကြပြီး အခြေအနေကိုပဲ စောင့်ကြည့်နေကြတယ်။

ကိုရီးယားကို ပြန်လာရင် ကျွန်တော် အဖမ်းခံရနိုင်တယ်လို့ ထင်ထားတာပါ။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာ အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ထားခဲ့တာ။

ဘာလို့ သူတို့က ကျွန်တော့်အစား တက်ဂယူ ကို OTK Company ရဲ့ စီအီးအို လို့ မှားသွားရတာလဲ။

... ဪ

ကျွန်တော် လက်နဲ့ နားထင်ကို ပွတ်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အခြေအနေကို သူတို့ အတိအကျ မသိကြတဲ့အပြင် ကုမ္ပဏီနာမည်ကလည်း OTK ဖြစ်နေတာကြောင့် တက်ဂယူ က စီအီးအို လို့ ထင်သွားတာက သဘာဝကျပါတယ်။

ဒါကို ငါ ဘာလို့ မစဉ်းစားမိခဲ့တာလဲ။

ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချနေတုန်းမှာ အစ်မဟျွန်းဂျူး ရဲ့ အသံ ထွက်လာပါတယ်။

"ဒါက ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်တာပဲ။ နင့်ထက်စာရင် တက်ဂယူ မရှိတာက ပိုကောင်းတယ်"

"ဗျာ"

"တက်ဂယူ လည်း အဲဒါကို သိနေလို့ အဖမ်းခံဖို့ သူ ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ ဖြစ်ရမယ်"

"အဲဒါက... "

အထင်လွဲနေတာကို ရှင်းမပြဘဲ တက်ဂယူ က လက်ထိပ်ကို သူကိုယ်တိုင် ခံယူခဲ့တာပေါ့လေ။

အလုပ်ပြီးတဲ့အထိ တာဝန်ယူမယ်ဆိုတဲ့ သူ့ရဲ့ စကားက ကျွန်တော့်အစား သူက အစစ်ဆေးခံမယ်လို့ ပြောချင်တာလား။

အယ်လီ က ကျွန်တော့်ကို အားပေးတယ်။

"အဆင်ပြေသွားမှာပါ၊ ကြီးကြီးမားမား ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"

အစ်မဟျွန်းဂျူး က အယ်လီ ကို ညွှန်ကြားလိုက်တယ်။

"Golden Gate ကိုရီးယား ဌာနခွဲက ရှေ့နေအဖွဲ့ကို ဆက်သွယ်ပြီး တက်ဂယူ အတွက် ရှေ့နေတစ်ယောက် စီစဉ်ခိုင်းလိုက်"

"အိုကေ"

အယ်လီ က Golden Gate ကိုရီးယား ဌာနခွဲက ရှေ့နေအဖွဲ့ကို ချက်ချင်း ဆက်သွယ်လိုက်ပါတယ်။

အစ်မဟျွန်းဂျူး က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ငါ့မောင်ကို ထိရဲတယ်ပေါ့လေ။ နင်တို့ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

All Chapters