အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀)
ဟန်ချန်ယောင်းက ဆိုဆောင်း SB ရဲ့ ရှယ်ယာဈေးကို တောက်လျှောက် စောင့်ကြည့်နေခဲ့တာပါ။ မကြာသေးခင်ကပဲ နိုင်ငံခြားသားတွေရဲ့ ဝယ်ယူမှု မြင့်တက်လာပြီး ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ရှယ်ယာပမာဏကလည်း တဖြည်းဖြည်း နည်းလာတယ်။
သဘာဝအတိုင်းပဲ ရှယ်ယာဈေးက ဝမ် ၁၇၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ တက်လာခဲ့တယ်။ ဒါပေမဲ့ ဆိုဆောင်း SB ရဲ့ လက်ရှိ အခြေအနေကတော့ လုပ်ဆောင်ချက်ပိုင်းမှာရော ဈေးကွက်ရဲ့ မျှော်လင့်ချက်ပိုင်းမှာပါ သိပ်ပြီး အလားအလာ ကောင်းမနေပါဘူး။
“ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက စီမံခန့်ခွဲခွင့်ကို ကာကွယ်ဖို့အတွက် လိုက်ဝယ်နေတာလား”
အွန်ဆောင်း မော်တာကလည်း ကြားခံအကောင့်တွေကို သုံးပြီး စတင်ဝယ်ယူနေသလို အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ကလည်း အလားတူပဲ လုပ်ဆောင်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ…
[ဆိုဆောင်း SB က လက်ကျန်ရှယ်ယာ အားလုံးကို ရောင်းချလိုက်ပြီ]
[OTK ကုမ္ပဏီက ဆိုဆောင်း SB ရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပါပြီ]
ဟန်ချန်ယောင်းက သတင်းတွေကို ဖတ်ရင်း မယုံနိုင်သလိုမျိုး ရေရွတ်လိုက်တယ်။
“OTK ကုမ္ပဏီပဲ ထပ်ဖြစ်ပြန်ပြီလား”
အခုချိန်မှာတော့ ဒါက တကယ့်ကို ကျိန်စာတစ်ခုလို ဖြစ်နေပါပြီ။ သူတို့က X-Cop ကို မျက်စိရှေ့တင် လုယူသွားခဲ့သလို အဖွဲ့ခေါင်းဆောင် ဆန်းဝန်ကိုလည်း ဆွဲဆောင်ပြီး ခေါ်သွားခဲ့တယ်။ ပြီးတော့ လက်အောက်ခံ ကန်ထရိုက်တာတွေရဲ့ အလုပ်သမား ပြဿနာတွေမှာ ဝင်ပါပြီး ပြဿနာတွေ ရှာခဲ့သေးတာပါ။
ရလဒ်အနေနဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ထောင်ကျခဲ့ရပြီး အွန်ဆောင်း မော်တာဟာလည်း လူထုရဲ့ ဝေဖန်မှုကို အတော်လေး ခံခဲ့ရပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ လူထုရဲ့ အမြင်တွေက မြန်မြန်ဆန်ဆန် ပြန်ငြိမ်သွားခဲ့တယ်။ ကားအရောင်းကလည်း တည်တည်ငြိမ်ငြိမ် ရှိနေသလို အွန်ဆောင်း မော်တာကလည်း ဝူဆောင်း စက်မှုလုပ်ငန်းကိုပဲ လက်အောက်ခံ ကန်ထရိုက် ပေးနေတုန်းပါပဲ။
ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။
ဒီအတောအတွင်းမှာ ကန်ဂျင်ဟူ က ကိုရီးယား နိုင်ငံရေးနဲ့ စီးပွားရေး လောကကနေ လုံးဝ အဆက်အသွယ် ဖြတ်ထားခဲ့တယ်။ သူက ပွဲလမ်းသဘင်တွေ ဒါမှမဟုတ် တရားဝင် အခမ်းအနားတွေမှာ ပေါ်မလာသလို တွေ့ဆုံဖို့ ကမ်းလှမ်းချက် အားလုံးကိုလည်း ငြင်းပယ်ခဲ့တယ်။ သူက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အဆက်အသွယ် မလုပ်သလို နိုင်ငံရေးသမားတွေကိုလည်း ထောက်ပံ့တာမျိုး မရှိဘူး။
ဒါကြောင့် သူက ချေဘော တွေနဲ့ နိုင်ငံရေးသမားတွေကို မုန်းတယ်လို့ပဲ အားလုံးက ထင်ထားကြတာပါ။ ဒါပေမဲ့ သူက ဆိုဆောင်း အုပ်စုနဲ့ ပူးပေါင်းလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက တကယ့်ကို မထင်မှတ်ထားတဲ့ ကိစ္စပါပဲ။
“ဒုဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ဘယ်တုန်းက စကားစပြောဖြစ်ခဲ့တာလဲ”
ဝယ်ယူခဲ့တဲ့ အချိန်တွေကို ကြည့်ရင်တော့ သူတို့က ဥက္ကဋ္ဌ လင်အီကွမ် မဆုံးခင်ကတည်းက စတင်လှုပ်ရှားနေခဲ့တာ ထင်ရတယ်။ အဲဒီမတိုင်ခင်ကတည်းက သူတို့တွေက အဆက်အသွယ် ရှိနေခဲ့တာလား။
မူလအစီအစဉ်ကတော့ လင်ဆိုယုံ က စီအီးအို အဖြစ် တာဝန်ယူပြီးနောက် စီအီးအို လီဆူဟတ် ကို ရာထူးက ဖယ်ထုတ်ဖို့၊ ပြီးတော့မှ လက်ကျန်ရှယ်ယာတွေကို အွန်ဆောင်း မော်တာဆီ ရောင်းချဖို့ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့က ဈေးကွက်ထဲမှာ ပြန်ရောင်းတဲ့အခါ ၁၀ ရာခိုင်နှုန်းလောက်ကို အလွယ်တကူ ရယူနိုင်မှာပါ။ ဒါပေမဲ့ ရုတ်တရက် OTK ကုမ္ပဏီက ဝင်ပါလာတာကြောင့် ကိစ္စတွေက ရှုပ်ထွေးကုန်ပါပြီ။
ရှယ်ယာတွေကို ပြန်ဝယ်ဖို့ ကြိုးစားတာကတော့ မအောင်မြင်ခဲ့ပေမဲ့ အစီအစဉ်တစ်ခုလုံးကတော့ ပျက်သွားတာ မဟုတ်သေးပါဘူး။ အဓိကကတော့ လင်ဆိုယုံ အနေနဲ့ ဆိုဆောင်း SB အပေါ် စီမံခန့်ခွဲခွင့် ရဖို့က အရေးကြီးဆုံးပဲ။
ဟန်ချန်ယောင်းက ရှေ့ဆက်မယ့် ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လင်ဆိုယုံ ကို ဖုန်းဆက်လိုက်ပါတယ်။
လင်ဆိုယုံ က ဟန်ချန်ယောင်း နဲ့ စကားပြောလို့ ပြီးသွားပါပြီ။
စီးပွားရေးလောကက ကန်ဂျင်ဟူ ကို အမြင်မကြည်ကြသလို သူကိုယ်တိုင်လည်း အဲဒီလိုပဲ ခံစားရပါတယ်။ ဒါပေမဲ့ ဆိုဆောင်း အုပ်စုရဲ့ အမွေဆက်ခံသူက ဘာလို့များ ငွေကြေး ကစားသမားတစ်ယောက်ဆီကနေ အကူအညီ တောင်းရတာလဲ။ သူ့မှာ ဘာတွေ ချို့တဲ့နေလို့လဲ။
သူ နားမလည်နိုင်ပေမဲ့ ဒါက သူ့အစ်ကိုနဲ့ သူ့ကြားက စရိုက်ချင်း မတူတာကို ပြနေတာပဲ။ လင်ဆိုယုံ က သူရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး တော်တော်လေး မကျေမနပ် ဖြစ်နေတာပါ။
ဆိုဆောင်း စက်မှုလုပ်ငန်းနဲ့ ဆိုဆောင်း engineeringလုပ်ငန်းကို ပေါင်းလိုက်ရင်တောင် ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၇ကုဋေပဲ ရှိပါတယ်။ တစ်ဖက်မှာတော့ ဆိုဆောင်း SB ရဲ့ ဈေးကွက်တန်ဖိုးက အနည်းဆုံး ဝမ် သိန်းပေါင်း ၂၀ကုဋေကနေ အမြင့်ဆုံး သိန်းပေါင်း ၄၀ကုဋေကျော်အထိ ရှိခဲ့တာပါ။
သူ့အမေသာ သူ့ကို မထောက်ပံ့ခဲ့ရင် ဒါကို သူ စဉ်းစားရဲမှာတောင် မဟုတ်ပါဘူး။ ယွန်ဆိုဟျွန်း က ဆိုဆောင်း SB ရဲ့ အကြီးဆုံး တစ်ဦးချင်း ရှယ်ယာရှင်အနေနဲ့ ၅.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ၄.၇ ရာခိုင်နှုန်းနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁၀.၅ ရာခိုင်နှုန်း ဖြစ်သွားမှာပါ။
အွန်ဆောင်း မော်တာနဲ့ ပူးပေါင်းဆောင်ရွက်တာရယ်၊ အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ရဲ့ ထောက်ပံ့မှုတွေရယ်ကို ထည့်သွင်းစဉ်းစားရင်တော့ ဒါက တိုက်ရိုက်ရကျိုးနပ်တဲ့ တိုက်ပွဲတစ်ခုပါပဲ။
ပြဿနာက OTK ကုမ္ပဏီပါ။
“သူတို့က စီမံခန့်ခွဲခွင့် အငြင်းပွားမှုမှာ ဝင်ပါပြီး သူတို့အတွက် ဝေစုတစ်ခု နှိုက်ဖို့ ကြိုးစားနေတာလား”
သူတို့က အမြတ်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ့် vulture fund တွေနဲ့ ဘာမှမခြားပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလို အခြေအနေမျိုးမှာ ရှယ်ယာ ၁ ရာခိုင်နှုန်း ဒါမှမဟုတ် ၂ ရာခိုင်နှုန်း ကွာတာက သိပ်ပြီး အရေးမကြီးပါဘူးလေ။
တစ်ဖက်ဖက်က ရှယ်ယာ အများစုကို မပိုင်ဆိုင်ထားသရွေ့တော့ ဆုံးဖြတ်ချက်တွေက တခြားရှယ်ယာရှင်တွေရဲ့ သဘောထားအပေါ်မှာပဲ မူတည်နေမှာပါ။ အဲဒီအချက်အနေနဲ့ ပြောရရင်တော့ သူက အွန်ဆောင်း မော်တာနဲ့ အစိုးရရဲ့ ကျောထောက်နောက်ခံ ရှိတာကြောင့် သူ့အစ်ကိုထက်စာရင် ပိုပြီး အသာစီးရနေတယ်လို့ သူ ယုံကြည်နေခဲ့ပါတယ်။
လက်ကျန်ရှယ်ယာတွေကို ရောင်းချတာက ကောင်းတဲ့အချက်ရော ဆိုးတဲ့အချက်ရော ဖြစ်နိုင်ပါတယ်။ ဈေးကွက်ကတော့ အစပိုင်းမှာ ဒါကို အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုလို့ မြင်ခဲ့ကြတယ်။
လက်ကျန်ရှယ်ယာတွေကို ဘာလို့ ရောင်းတာလဲ
စီအီးအို အသစ် မခန့်ခင်မှာ မဟာမိတ် ရှယ်ယာတွေကို စုဆောင်းထားဖို့ ဖြစ်ပုံရတယ်
စီအီးအိုက လင်ဂျင်ယုံ ဖြစ်မှာ မဟုတ်ဘူးလား
သူ့ညီ လင်ဆိုယုံ ကလည်း ဒါရိုက်တာဖြစ်သလို ၄.၇ ရာခိုင်နှုန်းနဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ပဲလေ
OTK ကုမ္ပဏီက လင်ဂျင်ယုံ ရဲ့ မဟာမိတ်အဖြစ် လုပ်ပေးနေတာလား
နှစ်ဖက်လုံးက ရှယ်ယာတွေကို စုဖို့ ကြိုးစားနေကြတာဆိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကြတာပေါ့
ရက်အနည်းငယ်အတွင်းမှာပဲ ရှယ်ယာဈေးက ဝမ် ၂၃၀,၀၀၀ ကို ရောက်သွားပါတယ်။ တချို့သော အဖွဲ့အစည်းတွေက ဈေးက အရမ်းတက်သွားပြီလို့ ယူဆပြီး ပြန်ရောင်းကြပေမဲ့ အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ကတော့ ဆက်ပြီး ဝယ်နေတုန်းပါပဲ။
ရှယ်ယာဈေးက ခဏတဖြုတ် အတက်အကျ ရှိနိုင်ပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ မူလတန်ဖိုးဆီကိုပဲ ပြန်သွားတတ်တာပါပဲ။ စီမံခန့်ခွဲခွင့် အငြင်းပွားမှုကြောင့် ရှယ်ယာဈေး တက်လာတာဆိုရင်တော့ အဲဒီပြဿနာ ပြေလည်သွားတာနဲ့ ဈေးက ချက်ချင်း ပြန်ကျသွားနိုင်ပါတယ်။
“သူတို့ပိုက်ဆံ မဟုတ်တာနဲ့ပဲ သုံးချင်တိုင်းသုံးနေတာကွ။ ကြည့်စမ်းပါဦး”
“ဒါကြောင့်မလို့လည်း သုံးချင်သလိုသုံးခွင့်ရတဲ့ ပိုက်ဆံက ကောင်းတာပေါ့”
ဒါက သူတို့ပိုက်ဆံ မဟုတ်ဘူးလေ၊ လူထုရဲ့ အငြိမ်းစား ရန်ပုံငွေတွေပါ။ ဒါကြောင့် နောက်ပိုင်းမှာ အရှုံးပေါ်ရင်တောင် သူတို့က ဝန်ထုတ်ဝန်ပိုး မရှိဘဲ ဝယ်နိုင်နေတာပါ။
ရလဒ်အနေနဲ့ အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ရဲ့ ရှယ်ယာ ပိုင်ဆိုင်မှုက ၂၀ ရာခိုင်နှုန်းနီးပါး ရှိလာခဲ့တယ်။ တစ်ဖက်မှာလည်း သူတို့က ၃၀ ရာခိုင်နှုန်းကျော်ကို ရရှိထားပြီးသားပါ။ အခြားတစ်ဖက်မှာတော့ Golden Gate နဲ့ ပေါင်းလိုက်ရင် ကျွန်တော်တို့ရဲ့ ဝေစုက ၃၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါသေးတယ်။
ဆိုဆောင်း SB ရဲ့ ရှယ်ယာရှင်များ အစည်းအဝေးကလည်း လာခါနီးနေပါပြီ။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြရမယ့် အချိန်ရောက်နေပါပြီ။
ပထမဆုံး စပြီး တိုက်စစ်ဆင်တာကတော့ သူတို့ပါပဲ။
ကျွန်တော်တို့က ဆိုဆောင်း SB ရဲ့ လက်ကျန်ရှယ်ယာတွေကို ပြီးခဲ့တဲ့ တစ်လအတွင်း ပျမ်းမျှရှယ်ယာဈေးထက် ၂၀ ရာခိုင်နှုန်း ပိုပေးပြီး တစ်ရှယ်ယာကို ဝမ် ၂၁၀,၀၀၀ နဲ့ ဝယ်ယူခဲ့တာပါ။ ဒါကို ကြေညာပြီးတဲ့နောက်မှာ ဝယ်လိုအားတွေ မြင့်တက်လာပြီး အခုဆိုရင် ရှယ်ယာဈေးက ၂၄၀,၀၀၀ နီးပါး ဖြစ်လာခဲ့ပါတယ်။
ဂျောင်အီဘိုသတင်းစာက ဒီကိစ္စကို ထောက်ပြပြီး မေးခွန်းထုတ်ခဲ့တယ်။ လက်ကျန်ရှယ်ယာတွေကို ဈေးကွက်တန်ဖိုးထက် ၁၀ ရာခိုင်နှုန်းကျော် လျှော့ပြီး ရောင်းချခဲ့တာက ကုမ္ပဏီကို အရှုံးပေါ်စေတယ်လို့ သူတို့က ဆိုပါတယ်။
တကယ်တော့ ကုမ္ပဏီတစ်ခုရဲ့ တန်ဖိုးကို တိတိကျကျ တိုင်းတာဖို့က တကယ့်ကို ခက်ခဲပါတယ်။ PBR၊ PER ဒါမှမဟုတ် ROE စတဲ့ စံနှုန်းတွေပေါ် မူတည်ပြီး ရလဒ်တွေက ရာခိုင်နှုန်း ဆယ်ဂဏန်းကနေ နှစ်ဆလောက်အထိ ကွာခြားနိုင်လို့ပါ။
အများပိုင်ကုမ္ပဏီတစ်ခုရဲ့ တန်ဖိုးကို အကဲဖြတ်တဲ့ အဓိက စံနှုန်းကတော့ ရှယ်ယာဈေးပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရှယ်ယာဈေးက ပိုင်ဆိုင်မှုတွေ၊ ဝင်ငွေတွေနဲ့ အလားအလာတွေကို အကဲဖြတ်တဲ့ ဈေးကွက်ထဲက ပါဝင်သူတွေက ဆုံးဖြတ်တာကြောင့်ပါ။
(ဒါက အမြဲတမ်းတော့ မှန်နေတာ မဟုတ်ပါဘူး)။
ရှယ်ယာတွေကို မရောင်းခင်မှာ အခွင့်ထူးပေးဖို့အတွက် ရှယ်ယာဈေးကို တမင်တကာ နိမ့်ထားတာမျိုးတွေ ရှိတတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် လက်ရှိရှယ်ယာဈေးထက် ပိုပေးပြီး ဝယ်ခဲ့တာဆိုရင်တော့ အလွဲသုံးစားလုပ်တယ်လို့ ပြောဖို့ အကြောင်းပြချက် မရှိပါဘူး။
ဆိုဆောင်း SB ဘက်ကတော့ “ဒါက အတိတ်က ကိစ္စကို ပြန်ပြောနေတာပဲ၊ စာချုပ်ချုပ်ဆိုတဲ့ အချိန်မှာ ရှယ်ယာဈေးတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မဖြစ်နိုင်ဘူး” လို့ တုံ့ပြန်ခဲ့တယ်။
ဒါကို ဂျောင်အီဘိုသတင်းစာက ပြန်ပြီး မေးခွန်းထုတ်တယ်။
“ဘာလို့ ဈေးကွက်ထဲမှာ မရောင်းဘဲ ဒါမှမဟုတ် လူသိရှင်ကြား မရောင်းဘဲ သတ်မှတ်ထားတဲ့ ဝယ်ယူသူဆီကိုပဲ block deal နဲ့ ရောင်းချခဲ့တာလဲ၊ ဒါက OTK ကုမ္ပဏီကို အခွင့်ထူးပေးလိုက်တာပဲ”လို့ ဆိုပါတယ်။
ကွန်ဆာဗေဒတစ် အဖွဲ့အစည်းတချို့ကလည်း ဆိုဆောင်း SB ရဲ့ စီအီးအို လီဆူဟတ် ကို အလွဲသုံးစားမှု စွဲချက်နဲ့ တရားစွဲဆိုဖို့ တိုင်ကြားခဲ့ကြပါတယ်။
တက်ဂယူက အံ့သြတကြီးနဲ့ ပြောတယ်။
“ကွန်ဆာဗေဒတစ် အဖွဲ့အစည်းတစ်ခုက ဆိုဆောင်း အုပ်စုကို တိုင်ကြားတာ မြင်ရတာ အံ့သြဖို့ကောင်းလိုက်တာ။ သူတို့က အရင်က ထောက်ခံပေးနေကျ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ”
ပြင်ပလူတစ်ယောက်အတွက်တော့ ဒါက နောက်ကွယ်က လက်မည်းကြီးက ကြိုးကိုင်နေသလိုမျိုး မြင်ရမှာပါ။
အမှန်တရားက ဘာပဲဖြစ်ဖြစ် ဆိုဆောင်း SB ရဲ့ ရှယ်ယာရှင်တွေကတော့ ဒီအခြေအနေကို ဝမ်းသာအားရ ကြိုဆိုနေကြတယ်။ စီအီးအို လီဆူဟတ် အစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဆိုဆောင်း SB ရဲ့ ရှယ်ယာဈေးက ၅ ရာခိုင်နှုန်း ထပ်တက်ပြီး ၂၅၀,၀၀၀ ကျော်သွားပါတော့တယ်။
မီဒီယာတွေကတော့ ဓာတ်ပုံရိုက်ဖို့အတွက် တန်းစီပြီး စောင့်နေကြပါပြီ။ စီအီးအို လီဆူဟတ် ကားပေါ်က ဆင်းလာတာနဲ့ သတင်းထောက်တွေက သူ့ဆီကို မိုက်ခရိုဖုန်းတွေ ထိုးပေးလိုက်ကြတယ်။
“လက်ကျန်ရှယ်ယာတွေကို ဈေးပေါပေါနဲ့ ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပေါ် ဘယ်လို ထင်မြင်ပါသလဲ”
“အခွင့်ထူးပေးခဲ့တယ်ဆိုတာကို ဝန်ခံပါသလား”
“OTK ကုမ္ပဏီနဲ့ တခြား စာချုပ်တွေ ရှိနေသေးတာလား”
“လက်ကျန်ရှယ်ယာတွေကို ရောင်းချရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါဦး”
စီအီးအို လီဆူဟတ် က ကင်မရာတွေကို ကြည့်ပြီး ပြောလိုက်တယ်။
“ကျွန်တော် စုံစမ်းစစ်ဆေးမှုတွေကို စိတ်ရင်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”
အဲဒီစကားတစ်ခွန်းထဲကိုပဲ ပြောပြီး သူဟာ စစ်ဆေးခံဖို့ ဝင်သွားပါတယ်။ သတင်းကို ကြည့်နေတဲ့ တက်ဂယူက ပြောတယ်။
“ဒါက နည်းနည်း မများဘူးလား”
“အင်း။ ဒါက သက်သေအဖြစ် စစ်ဆေးတာပဲလေ”
သူတို့ကတော့ အရေးမကြီးတဲ့ မေးခွန်းတချို့ကို မေးပြီး အဆုံးသတ်သွားမှာပါ။ တရားရုံးက ခေါ်ယူရတဲ့ အကြောင်းရင်းက သံသယတွေကို ကြီးထွားလာအောင် လုပ်ဖို့ပါပဲ။ လင်ဂျင်ယုံ နဲ့ ပတ်သက်နေတဲ့ လီဆူဟတ် ကို အလွဲသုံးစားမှုနဲ့ စွပ်စွဲလိုက်ရုံနဲ့တင် လင်ဆိုယုံ အတွက် အကျိုးရှိစေတယ်လေ။
“ဒါက အစိုးရနဲ့ ဆိုဆောင်း အုပ်စုကို ရန်သူတွေ ဖြစ်သွားအောင် လုပ်နေတာ မဟုတ်ဘူးလား”
ကျွန်တော် ခေါင်းခါလိုက်တယ်။
“နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အမြစ်တွေက ဒီလောက် အငြင်းပွားမှုလေးနဲ့ လှုပ်ခတ်သွားလောက်အောင် လျော့ရဲနေတာမဟုတ်ဘူး။ သူတို့က စီအီးအို အဖမ်းခံရတာ ဒါမှမဟုတ် ရုံးချုပ်ကို ဝင်ရောက်စီးနင်းတာမျိုးတွေ ရှိရင်တောင် အေးအေးဆေးဆေး ကိုင်တွယ်နိုင်ကြတယ်လေ”
အခုတော့ မျက်နှာပျက်နေကြပေမဲ့ နောက်ပိုင်းကျရင် ဘာမှ မဖြစ်ခဲ့သလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲနှုတ်ဆက်ကြမှာပါ။
တက်ဂယူက ခေါင်းညိတ်တယ်။
“ဟုတ်သားပဲ။ သူငယ်ချင်းတွေဆိုတာ ရန်ဖြစ်ရင်းနဲ့ပဲ ကြီးပြင်းလာကြတာပဲလေ”
ဒီလို အခြေအနေမျိုးမှာ သမ္မတ ပက်ဆီဟျွန်း က ကုမ္ပဏီကြီးတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ကို အလေးပေး ပြောကြားခဲ့တယ်။ သူက စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွက် ပြင်ဆင်တဲ့အနေနဲ့ မော်တော်ကားနဲ့ IT ကဏ္ဍတွေမှာ ကုမ္ပဏီကြီးတွေ စုစည်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လူသိရှင်ကြား တောင်းဆိုခဲ့တာပါ။
အဲဒါကလည်း အမှန်ပါပဲ။ တခြားနိုင်ငံက ကုမ္ပဏီတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့နိုင်ငံက ကုမ္ပဏီကြီးတွေက ပူးပေါင်းဆောင်ရွက်တာထက် ပြိုင်ဆိုင်တာကိုပဲ ပိုပြီး အာရုံစိုက်ခဲ့ကြတာပါ။ သင်္ဘောလိုင်းတွေနဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေသာ သေသေချာချာ ပူးပေါင်းဆောင်ရွက်ခဲ့ရင် နိုင်ငံပိုင် သင်္ဘောလိုင်းကြီး တစ်ခုလုံး ဒေဝါလီခံရတဲ့ အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ပါဘူး။
သမ္မတရဲ့ ပြောကြားချက် ပြီးဆုံးသွားတာနဲ့ လင်ဆိုယုံ ဟာ အွန်ဆောင်း မော်တာ ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးလိုင်းဆီကို သွားရောက်လည်ပတ်ခဲ့သလို အဲဒီနောက်မှာ ဟန်ချန်ယောင်း နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။
ဂျောင်အီဘိုသတင်းစာကလည်း လင်ဆိုယုံ ရဲ့ ဦးဆောင်မှုအောက်မှာ အွန်ဆောင်း မော်တာ နဲ့ ဆိုဆောင်း SB တို့ ပူးပေါင်းဆောင်ရွက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့တယ်။
ရှင်ယူရီ နဲ့ မတွေ့ဖြစ်တာ ကြာပြီမလို့ ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ရှင်ယူရီ က ဝမ်းသာအားရနဲ့ နှုတ်ဆက်လာတယ်။
[အဖေနဲ့ ဈာပနမှာ တွေ့ခဲ့တယ်ဆို]
“အင်း။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆုံခဲ့တာပါ”
[အဲဒီကို ဘာလို့ သွားတာလဲ]
“တက်ဂယူ က အမဲသားစွပ်ပြုတ်သွားစားချင်လို့တဲ့လေ”
[နောက်နေတာလား]
“မဟုတ်ဘူး၊ အတည်ပြောနေတာ”
အမဲသားစွပ်ပြုတ်က တကယ်ကိုတော်တော်လေး အရသာရှိပါတယ်။
[ဒါနဲ့ ဆိုဆောင်း SB ကိစ္စက ဘာတွေလဲ]
“ဒီလိုပဲအကြောင်းအမျိုးမျိုး ရှိလို့ပါ”
ကျွန်တော့်ရဲ့ ဇာတ်လမ်းကို ကြားပြီး ရှင်ယူရီ က အံ့သြသွားပုံရတယ်။
[စီနီယာကတော့ ဘယ်လိုလုပ်ပြီး ဘာမှ မသိသလို နေနိုင်တာလဲ]
“…အင်း”
[ရှယ်ယာရှင်တွေကတော့ လင်ဆိုယုံ ဘက်ကို ပိုပြီး ပါနေကြပုံပဲနော်]
“အဲဒီလိုပဲ ဖြစ်မှာပါ”
အွန်ဆောင်း မော်တာ ဘက်ကတော့ တိုက်ရိုက်ကြီး မပြောပေမဲ့ ကုမ္ပဏီတချို့နဲ့ ဘတ္ထရီ ထောက်ပံ့ရေးကိစ္စတွေ ဆွေးနွေးနေတယ်လို့ ဆိုသလို ဆိုဆောင်း SB နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိတယ်လို့ အရိပ်အမြွက် ပြောခဲ့တာလေ။ သဘာဝအတိုင်းပဲ ရှယ်ယာရှင်တွေက ဒါကို ဝမ်းသာအားရ ကြိုဆိုကြတာပေါ့။
[ဘာလုပ်မှာလဲ။ အစီအစဉ် ရှိလား]
“စိတ်ထဲမှာတော့ စဉ်းစားထားတာ တစ်ခု ရှိပါတယ်”
[တကယ်လား။ ကျွန်မကိုပဲ တိုးတိုးလေး ပြောပြလို့ မရဘူးလား]
“မရဘူး။ ဒါက အတွင်းသတင်းလေ”
[ဟွန်း]
ကျွန်တော် ခပ်ဖွဖွ ရယ်လိုက်တယ်။
“ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သိရမှာပါ”
[အိုကေလေ]
“ဒါနဲ့ နောက်လဆိုရင် ကျောင်းဖွင့်တော့မှာပဲနော်”
[ဟုတ်တယ်။ မကြာခင်မှာ မောင်မယ်သစ်လွင်လေးတွေ အများကြီး ရောက်လာတော့မှာ]
“နင်လည်း ငယ်ပါသေးတယ်ဟ”
[ဟာ… ကျွန်မက စီနီယာတစ်ယောက်ဖြစ်နေပါပြီနော်]
သူကတော့ ငယ်တယ်လို့ အပြောခံရတာကို သိပ်ပြီး သဘောမကျပုံပဲ။ ဒါနဲ့ ကျွန်တော်ကတော့ ဒုတိယနှစ် ပထမနှစ်ဝက်အထိပဲ တက်ရသေးတာပါ။ ဘယ်တော့မှ ကျောင်းပြီးမှာပါလိမ့်။
[ကျောင်းမဖွင့်ခင် တွေ့ကြတာပေါ့]
“အေးပါ”
ဆိုဆောင်း SB တစ်ခုထဲကိုပဲ အာရုံစိုက်ရမယ့် လင်ဆိုယုံ နဲ့ မတူတာက လင်ဂျင်ယုံ ကတော့ အုပ်စုတစ်ခုလုံးနဲ့ လက်အောက်ခံ ကုမ္ပဏီတွေ အားလုံးကို ထည့်သွင်းစဉ်းစားရမှာပါ။
ပြဿနာက လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အဓိက ရှယ်ယာရှင် အများစုက အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ ဖြစ်နေတာပါပဲ။ အုပ်စုဘက်က စီမံခန့်ခွဲခွင့်ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ရင် အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ကလည်း ဒီတိုင်း ငြိမ်နေမှာ မဟုတ်ဘူး။ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ အတွက်တော့ လက်ထဲမှာ စက်သေနတ် ရှိနေပေမဲ့ လက်သီးနဲ့ပဲ ထိုးသတ်နေရသလို အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်မလို့ပဲ သူက ကျွန်တော့်ကို ဒီကစားပွဲထဲ ဆွဲသွင်းခဲ့တာ ဖြစ်မှာပေါ့။
ကျွန်တော် ကူညီပေးမယ်လို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ ၁၁ ရာခိုင်နှုန်းလောက်နဲ့တင် ကျေနပ်နေဖို့ အစီအစဉ် မရှိပါဘူး။ လျှပ်စစ်ကားတွေ အရောင်းသွက်လာတာနဲ့အမျှ ဘတ္ထရီ ထုတ်လုပ်သူတွေက အကျိုးရှိလာမှာပဲလေ။ ဒါပေမဲ့ ဈေးတွေ အဆမတန် တက်နေတဲ့ ဆိုဆောင်း SB ရှယ်ယာတွေကိုတော့ ကျွန်တော် ဆက်ပြီး ဝယ်နေလို့ မဖြစ်ပါဘူး။
ဒါကြောင့် ကျွန်တော်က တခြား ကမ်းလှမ်းချက်တစ်ခု လုပ်ခဲ့သလို ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ ကလည်း ဒါကို လက်ခံခဲ့ပါတယ်။ တက်ဂယူက ပြောတယ်။
“သွားဖို့ ပြင်သင့်ပြီ မဟုတ်လား”
“ဟား… သတင်းစာ ရှင်းလင်းပွဲတော့ တကယ် မလုပ်ချင်ဘူး”
ကမ္ဘာကြီးက ကျယ်ပြန့်ပြီး အာရုံစိုက်ခံချင်တဲ့သူတွေ အများကြီး ရှိပေမဲ့ ကျွန်တော်ကတော့ အဲဒီထဲမှာ မပါပါဘူး။ ကျွန်တော့်ရဲ့ အထောက်အထားကို ထုတ်ဖော်ခဲ့တုန်းကပဲ သတင်းစာ ရှင်းလင်းပွဲ တစ်ခါပဲ လုပ်ခဲ့ဖူးတာပါ။ အဲဒီအချိန်ကစပြီး မီဒီယာတွေနဲ့ ဝေးဝေးမှာပဲ နေဖို့ ကြိုးစားခဲ့တာလေ။
ဒါပေမဲ့ လူထုရဲ့ အမြင်ကို ပြောင်းလဲဖို့အတွက်တော့ ကျွန်တော်တို့ဘက်ကလည်း တစ်ခုခု ပြသဖို့ လိုအပ်ပါတယ်။
ကျွန်တော် ဖုန်းတစ်ချက် ဆက်လိုက်တယ်။
[လီဆူဟတ် ပြောနေပါတယ်]
ဆိုဆောင်း SB ရဲ့ စီအီးအို လီဆူဟတ်။ သူက ဥက္ကဋ္ဌ လင်အီကွမ် ရဲ့ ဘေးနားမှာ ငယ်ငယ်ကတည်းက ရှိနေခဲ့သူဖြစ်သလို အနာဂတ်ဗျူဟာရုံးကို ဦးဆောင်တဲ့ ကင်မြောင်ဆူး နဲ့အတူ တည်ထောင်သူရဲ့ အနီးကပ်ဆုံး လူယုံတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။
“အဆင်သင့် ဖြစ်ပြီလား”
[ဟုတ်ကဲ့။ အခု ဆီလွန်ဟိုတယ် ကို သွားဖို့ ပြင်နေပါပြီ]
“နားလည်ပါပြီ”
ဖုန်းချပြီးနောက် ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။
“သွားကြစို့”