အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈)
ဟုန်ဝူဆောင်း က မိသားစု အခြေအနေ မကောင်းတာကြောင့် ကျောင်းတောင် ကောင်းကောင်း မပြီးခဲ့ပါဘူး။ ပထွေးဖြစ်သူရဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးလာပြီးနောက် အိမ်ကဆင်းလာခဲ့ပြီး လမ်းဘေးမှာ တောင်းရမ်းတာ၊ ဖိနပ်တိုက်တာနဲ့ ပီကေရောင်းတာတွေအထိ အစုံလုပ်ပြီး အသက်မွေးခဲ့ရတာပါ။
ကံကောင်းထောက်မစွာနဲ့ပဲ စက်ရုံတစ်ခုမှာ အလုပ်ရခဲ့တယ်။ စက်ရုံပိုင်ရှင်က အလုပ်လုပ်ပေးရမယ်ဆိုတဲ့ အလဲအလှယ်နဲ့ သူ့ကို စားစရာနဲ့ နေစရာ ပေးခဲ့တာပေါ့။
အရွယ်ရောက်တဲ့အထိ သူက စက်ရုံမှာပဲ အိပ်၊ စက်ရုံမှာပဲ စားပြီး အလုပ်အမျိုးမျိုးကို လုပ်ခဲ့တယ်။
အလကား ကျွေးထားရသလိုဖြစ်နေတာကြောင့် စက်ရုံပိုင်ရှင်က သူ့ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်လိုက်ပြီး လစာပေးခဲ့တယ်။ နည်းနည်းလေးပဲ ဆိုပေမဲ့ စားဝတ်နေရေးအတွက်တော့ လုံလောက်ခဲ့ပါတယ်။
သူက အော်ဒါတွေရှိရင် ရှိသလို စက်တွေကို မရပ်မနား မောင်းခဲ့သလို အချိန်မီပြီးဖို့အတွက် အိပ်ရေးပျက်ခံပြီး လုပ်ခဲ့တာတွေလည်း အကြိမ်ကြိမ်ပဲ။
ညတစ်ညမှာ အလုပ်လုပ်ရင်း ငိုက်မိသွားတုန်း စက်ထဲ လက်ညှပ်ပြီး လက်ချောင်းနှစ်ချောင်း ဆုံးရှုံးခဲ့ရတယ်။ အဲဒါကို သူက ကိုယ့်ဘာသာ ဂရုမစိုက်မိလို့ ဖြစ်တာဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ခဲ့တယ်။
ဆေးရုံမှာ အကြမ်းဖျင်း ကုသပြီး ပတ်တီးစည်းပြီးတာနဲ့ အဲဒီလက်နဲ့ပဲ စက်တွေကို ဆက်မောင်းခဲ့ပြန်တယ်။ ကံကောင်းတာက ကျန်တဲ့ လက်ချောင်းတွေက ကောင်းနေသေးလို့ အလုပ်လုပ်ရာမှာတော့ ကြီးကြီးမားမား အခက်အခဲ မရှိခဲ့ဘူး။
တစ်နေ့မှာတော့ စက်ရုံပိုင်ရှင်က ဒေဝါလီခံပြီး ထွက်ပြေးသွားတယ်။ အလုပ်ထွက်ကြေး မရတာတင် မကဘဲ ၈ လစာ လစာကြွေးတွေလည်း မရခဲ့ဘူး။ ဒါပေမဲ့ သူက စက်ရုံပိုင်ရှင်ကို အပြစ်မတင်ခဲ့ပါဘူး။
လစာတောင် မပေးနိုင်ဘဲ ထွက်ပြေးရတဲ့အထိ အခြေအနေ ဆိုးနေမှတော့ ဘယ်သူက အပြစ်တင်နိုင်မှာလဲ။ ကုမ္ပဏီ ပျက်စီးသွားတာက ဝန်ထမ်းတွေမှာလည်း တာဝန်ရှိတာပဲလေ။ ဒါကို သူက လက်ခံခဲ့တယ်။
တခြားဝန်ထမ်းတွေ လူစုကွဲသွားကြပေမဲ့ သူကတော့ သွားစရာ မရှိတာကြောင့် စက်ရုံမှာပဲ ကျန်ခဲ့ပြီး စောင့်ရှောက်နေခဲ့တယ်။
လက်အောက်ခံ စက်ရုံတွေ ရပ်နားသွားတဲ့အခါ အွန်ဆောင်း မော်တာက လူတွေဟာ သူ့ဆီ ရောက်လာကြတယ်။ စက်ရုံပိုင်ရှင် ထွက်ပြေးသွားပေမဲ့ စက်ရုံနဲ့ စက်ပစ္စည်းတွေက ကျန်နေသေးတာကိုး။
အွန်ဆောင်း မော်တာ က သူ့ကို ငွေကြေး ထောက်ပံ့ပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ပစ္စည်းတွေ ပေးသွင်းဖို့အတွက် စက်ရုံကို လွှဲယူဖို့ အကြံပြုခဲ့တယ်။ သူကလည်း စက်ပစ္စည်းတွေကို ကိုင်တွယ်ရတာ ဘယ်သူ့ထက်မဆို ကျွမ်းကျင်တယ်လို့ ယုံကြည်ချက် ရှိနေတာလေ။
သူက အလုပ်ဆက်လုပ်နိုင်မယ်ဆိုရင် ဘာမဆို လုပ်ပေးမယ်လို့ သဘောတူခဲ့ပြီး အွန်ဆောင်း မော်တာ က ပေးတဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပေးလိုက်တယ်။
စက်ရုံက အကြာကြီး ရပ်နားထားခဲ့တာကြောင့် အော်ဒါတွေက ပုံနေခဲ့တာပါ။ သူက ပစ္စည်းပေးသွင်းရမယ့် ရက်ကို မကျော်အောင် နေ့ရောညပါ မနားတမ်း အလုပ်လုပ်ခဲ့တယ်။
သူက ဘယ်တောင်းဆိုချက်ကိုမှ ငြင်းပယ်တာမျိုး မရှိခဲ့ဘူး။ ဘယ်ရက်မှာ ပေးပါဆိုရင် ပေးခဲ့သလို ဈေးလျှော့ပေးပါဆိုရင်လည်း လျှော့ပေးခဲ့တယ်။
ပိုင်ရှင် ဒါမှမဟုတ် လက်အောက်ခံ ကုမ္ပဏီရဲ့ အမိန့်ကို နာခံဖို့က သူ့ရဲ့ မူဝါဒပဲ။
သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အွန်ဆောင်း မော်တာ က အော်ဒါတွေ ဆက်တိုက် ပေးခဲ့သလို တစ်ချိန်က ကုမ္ပဏီ အသေးလေးကနေ ပိုပြီး ကြီးထွားလာခဲ့တယ်။
နောက်ပိုင်းမှာ အွန်ဆောင်း မော်တာ က ကိုယ်ပိုင် အင်ဂျင်တွေကို တီထွင်လာခဲ့ပြီး piston rings နဲ့ ဆလင်ဒါလိုမျိုး အဓိက အစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ သူ့စက်ရုံကို ယုံယုံကြည်ကြည်နဲ့ အပ်နှံခဲ့တယ်။ စက်ပစ္စည်းတွေ ဝယ်ဖို့နဲ့ ဝန်ထမ်းခန့်ဖို့အတွက်လည်း ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာပေါ့။
"အဲဒီလိုနဲ့ ဝူဆောင်း စက်မှုလုပ်ငန်း က အလတ်စား ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တာ"
စစ်အာဏာရှင် ခေတ်ကုန်လို့ အရပ်သား အစိုးရ လက်ထက်ကို ရောက်လာတဲ့အခါ အလုပ်သမားသမဂ္ဂတွေ ရုတ်တရက် ပေါ်လာပြီး စုပေါင်း လှုပ်ရှားတာတွေ၊ ညှိနှိုင်းတာတွေ လုပ်ဖို့ အော်ဟစ်လာကြတယ်။ သူတို့က ညဆိုင်း အလုပ်လုပ်ရတာတွေကို ပြဿနာရှာပြီး နေ့ဘက်မှာပဲ နှစ်ဆိုင်းခွဲ လုပ်ဖို့ တောင်းဆိုလာကြသလို သူတို့ တောင်းဆိုချက်ကို မလိုက်လျောရင် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လာကြတယ်။
ဒီလို အပြုအမူတွေကို သူက သည်းမခံနိုင်တာကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်။ ဒါက သူကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ သူ့ကုမ္ပဏီလေ။ ကုမ္ပဏီရဲ့ မူဝါဒ ဒါမှမဟုတ် အလုပ်ခွင် အခြေအနေကို မကြိုက်ရင် ထွက်သွားလို့ ရတာပဲ။ ဘယ်သူကမှ အတင်းခိုင်းနေတာမှ မဟုတ်တာ။
နောက်ဆုံးမှာတော့ သမဂ္ဂက သပိတ်ကို ရုပ်သိမ်းပြီး အလုပ်ပြန်ဝင်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ ဒါကို သူက လက်မခံနိုင်ဘူး။
တစ်ခါ ပြဿနာရှာဖူးတဲ့ လူတွေက နောက်လည်း ထပ်ရှာမှာပဲ။ ဒါကြောင့် ဒီအခွင့်အရေးမှာ သမဂ္ဂကို အမြစ်ပြတ်အောင် ရှင်းပစ်ဖို့ သူ စဉ်းစားလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ အလုပ်လုပ်ချင်တဲ့လူတွေက အများကြီး ရှိနေတာပဲလေ။
သူက သမဂ္ဂအဖွဲ့ဝင်တွေ အကုန်လုံးကို အလုပ်ဖြုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်သမား ဥပဒေအရ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်လို့ မရဘူးဆိုတာကို သိလိုက်ရလို့ အံ့သြသွားတယ်။
သူဌေးက ဝန်ထမ်းကို စိတ်တိုင်းကျ အလုပ်ဖြုတ်လို့ မရဘူးလား။ ဒါက အရင်းရှင် နိုင်ငံမှာ ဖြစ်နိုင်ပါ့မလား။
ဒါပေမဲ့ အဖြေကတော့ ရှိနေပါတယ်။
အလုပ်ဖြုတ်လို့ မရရင် သူတို့ဘာသာ ထွက်သွားအောင် လုပ်ရမှာပေါ့။
အရပ်ပုပု၊ ဆံပင်ဖြူဖြူနဲ့ အဖိုးကြီးက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတယ်။ စက်ရုံအပြင်ဘက်မှာတော့ ယာယီတဲတွေ ထိုးထားသလို ဆိုင်းဘုတ်တွေကလည်း ရှုပ်ပွနေတာပဲ။
ဟုန်ဝူဆောင်း က ခေါင်းကို လှည့်လိုက်ပြီး မေးတယ်။
"ဘာတွေ ဖြစ်နေတာလဲ။ စီအီးအို လီဆီယော့"
ဆိုဖာပေါ်မှာတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ယောက် ထိုင်နေတာပါ။
ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီရဲ့ စီအီးအို လီဆီယော့ က အရင်တုန်းက အလုပ်သမားရေးရာ ရှေ့နေတစ်ယောက်ပါ။ အလုပ်သမား ဥပဒေ ကျွမ်းကျင်သူအနေနဲ့ သူက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို အကြံပေးခဲ့သလို သူတို့ကို ကိုယ်စားပြုပြီး ကူညီပေးခဲ့တာ ၁၀ နှစ်ကျော် ရှိခဲ့တယ်။ အဲဒီအချိန်မှာ သူက အရေးကြီးတဲ့ အချက်တစ်ခုကို သတိထားမိခဲ့တာပေါ့။
ကုမ္ပဏီ အများကြီးက အလုပ်သမား ဆက်ဆံရေးမှာ ပြဿနာတွေ ရင်ဆိုင်နေရသလို အလုပ်သမားတွေဘက်က ကူညီတာထက် အလုပ်ရှင်တွေဘက်ကနေ ဖြေရှင်းပေးရတာက ပိုက်ဆံ ပိုရတယ်ဆိုတာပါပဲ။
ဒါကြောင့် သူက ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ သူက လင်ဒူဆစ် လို့ ခေါ်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် အင်ဒူဆစ် ကို ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်ခဲ့တယ်။ လီဆီယော့ က ဦးနှောက်သုံးရတဲ့ အလုပ်တွေကို လုပ်ပြီး အင်ဒူဆစ် ကတော့ လက်တွေ့ အင်အားသုံးရတဲ့ အလုပ်တွေကို တာဝန်ယူတာပေါ့။
'ဝန်ထမ်းရေးရာနဲ့ အလုပ်သမား စီမံခန့်ခွဲမှုမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်' ဆိုပြီး သူတို့က ကုမ္ပဏီတွေကို ကြော်ငြာခဲ့ကြတယ်။
ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီသာ ပါဝင်လာရင် တင်းမာနေတဲ့ သမဂ္ဂတွေတောင် သိုးသူငယ်လေးတွေလို နူးညံ့သွားကြတာကြောင့် ငှားရမ်းတဲ့ ကုမ္ပဏီတွေကလည်း သဘောကျကြတယ်။
" ၃ လအတွင်းမှာ သမဂ္ဂအဖွဲ့ဝင် တစ်ဝက်ကို လျှော့ချပေးမယ်လို့ ကတိပေးခဲ့တာလေ။ အခုက ကတိပျက်နေတာ မဟုတ်ဘူးလား။ ဒီလိုဆိုရင်တော့ ဆုကြေးကို မပေးနိုင်ဘူး"
ဝူဆောင်း စက်မှုလုပ်ငန်း က ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီကို အလုပ်အပ်ခဲ့တုန်းက သမဂ္ဂအဖွဲ့ဝင် တစ်ဝက် လျော့သွားရင် ဝမ် သန်း ၁၀၀ ဆုကြေးပေးမယ်လို့ ကတိပေးခဲ့တာပါ။
ဒါက သိသိသာသာကြီး တရားမဝင်တာကြောင့် လျှို့ဝှက် စာချုပ်နဲ့ပဲ လုပ်ခဲ့ကြတာပေါ့။
ဟုန်ဝူဆောင်း က မကျေမနပ်နဲ့ ပြောတယ်။
"ငါ့အိမ်ရှေ့မှာ သူတို့ ပြဿနာရှာနေတာကို ဘယ်လောက်အထိ ဆက်ကြည့်နေရဦးမှာလဲ"
စီအီးအို လီဆီယော့ က ခေါင်းငုံ့ပြီး ပြောတယ်။
"စိတ်မပူပါနဲ့။ ဥက္ကဋ္ဌကြီး။ ဒီနေ့ပဲ အပြီးသတ်ပေးပါ့မယ်"
ဒေါက်။ ဒေါက်
ပါးမှာ အမာရွတ်နဲ့ ထိပ်ပြောင်ပြောင် လူတစ်ယောက် ဝင်လာတယ်။
"ခေါ်လိုက်တာလားခင်ဗျာ"
"သူက ဒုတိယ ဥက္ကဋ္ဌ ပါ။ ဥက္ကဋ္ဌကြီး ဟုန်ဝူဆောင်း စိတ်မပူရအောင် သူက အကုန် ကိုင်တွယ်ပေးပါလိမ့်မယ်"
"ဟုတ်ကဲ့။ နားလည်ပါပြီ"
အင်ဒူဆစ် ထွက်သွားတော့ လီဆီယော့ က ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ကို ပြောတယ်။
"အခုကစပြီး ဥက္ကဋ္ဌကြီး မကြည့်တာ ပိုကောင်းပါလိမ့်မယ်။ ထိုင်ပြီး ကော်ဖီလေးပဲ သောက်နေလိုက်ပါ"
ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က ခေါင်းညိတ်ပြီး ထိုင်လိုက်တယ်။ အဲဒီနောက် သူ့အတွင်းရေးမှူးကို ကော်ဖီ ယူလာခိုင်းလိုက်တယ်။
"ပြဿနာ တစ်ခုခု ဖြစ်လာနိုင်လောက်လား"
လီဆီယော့ က ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေတယ်။
"မဖြစ်နိုင်ပါဘူး။ ဥက္ကဋ္ဌကြီး ကော်ဖီ သောက်လို့ မပြီးခင်မှာတင် အကုန်လုံး သပ်သပ်ရပ်ရပ် ဖြစ်သွားပါလိမ့်မယ်"
ကုမ္ပဏီမှာ လုံခြုံရေး ဝန်ထမ်း ၁၀၀ ကျော်က စောင့်နေကြပါပြီ။
တစ်ဝက်က ချန်းဂျူး အတိုင်ပင်ခံ ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကတော့ တစ်ရက် ဝမ် ၈၀,၀၀၀ နဲ့ ငှားထားတဲ့ အချိန်ပိုင်း အလုပ်သမားတွေပါ။
အင်ဒူဆစ် က သူတို့ကို ပြောတယ်။
"အဲဒီကောင်တွေကို မောင်းထုတ်လိုက်။ ယာယီတဲတွေနဲ့ ဆိုင်းဘုတ်တွေ အကုန် ဖြတ်ပစ်။ ဘယ်သူမဆို ခုခံရင် ရိုက်ပစ်လိုက်"
လုံခြုံရေးတွေက တစ်ပြိုင်ထဲ အော်ပြောကြတယ်။
"ဟုတ်ကဲ့"
အင်ဒူဆစ် က စိတ်ဓာတ် တက်ကြွအောင် ထပ်ပြောလိုက်သေးတယ်။
"ဒီနေ့ အပြီးသတ်နိုင်ရင် တစ်ယောက်ကို ဆုကြေး ဝမ် ၁၀၀,၀၀၀ စီ ပေးမယ်။ ဒါကြောင့် ကြိုးစားကြ"
"ကြိုးစားပါ့မယ်"
သူ့စကားက ထိရောက်သွားပုံရပြီး အသံတွေက ပိုကျယ်လာတယ်။ သူတို့ တစ်ယောက်ချင်းစီက မီးသတ်ဆေးဘူးတွေနဲ့ သံပိုက်လုံးတွေကို ကိုင်လိုက်ကြတယ်။
သူတို့က ဒီလို အလုပ်မျိုးကို အရင်ကလည်း ဖြိုဖျက်ရေး နယ်မြေတွေနဲ့ ဆန္ဒပြပွဲတွေမှာ အကြိမ်ကြိမ် လုပ်ဖူးနေကျပါ။
ဒါပေမဲ့ ဒီနေ့မှ ပထမဆုံး လာလုပ်တဲ့ အချိန်ပိုင်း အလုပ်သမား တစ်ယောက်က လက်ညှိုးထောင်ပြီး မေးတယ်။
"နောက်ပိုင်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ အမှုဖွင့်ခံရရင် ဘယ်လိုလုပ်မလဲ"
"ဒီကောင်ကတော့ကွာ"
အင်ဒူဆစ် က သူ့နားကို သွားပြီး လက်ဝါးကြီးနဲ့ ရိုက်ချလိုက်တယ်။
ဖြောင်း
မျက်နှာ အရိုက်ခံလိုက်ရတဲ့ အဲဒီလူက မြေပြင်ပေါ် လဲကျသွားတယ်။
" အကြိမ်တစ်ရာ တိုင်ရင်တောင် ရဲတွေက ဘာမှ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ မျက်နှာကို ဖုံးထားရင် ဘယ်သူ ဘယ်ဝါဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးခဲ့တဲ့ အခေါက်ကလည်း တစ်ယောက် ခေါင်းကွဲပြီး ထမ်းစင်နဲ့ သယ်သွားရတာတောင် ဘာမှ မဖြစ်ဘူးလေ။ ဒါကြောင့် အပိုတွေ စိတ်ပူမနေဘဲ အကုန် ရှင်းပစ်လိုက်ကြစမ်း"
လုံခြုံရေးတွေက ဦးထုပ်တွေ၊ နှာခေါင်းစည်းတွေ တပ်လိုက်ကြတယ်။ တချို့က လက်ထဲမှာ မီးသတ်ဆေးဘူးတွေ ကိုင်ထားကြတယ်။
သံပိုက်လုံး ကိုင်ထားတဲ့ အင်ဒူဆစ် က ရှေ့ကနေ ဦးဆောင်လိုက်တယ်။
"သွားကြစို့"
နေ့ဘက် နှစ်ဆိုင်းစနစ် ကျင့်သုံးဖို့ တောင်းဆိုတဲ့ သပိတ်က ရုတ်တရက် အလုပ်ပြန်ဝင်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သမဂ္ဂအဖွဲ့ဝင်တွေက အလုပ်ပြန်ဝင်ဖို့ ကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတုန်း ကုမ္ပဏီထဲကနေ နှာခေါင်းစည်း တပ်ထားတဲ့ လူတစ်အုပ် ပြေးထွက်လာကြတယ်။
သူတို့က အရင်ဆုံး လက်ထဲက မီးသတ်ဆေးဘူးတွေကို ဖြန်းပက်လိုက်ကြတယ်။
ဖြူး
ထူထပ်တဲ့ အခိုးအငွေ့တွေကြားထဲကနေ တစ်ယောက်ယောက်က အော်ပြောတယ်။
"အကုန်လုံးကို တွန်းထုတ်ပစ်"
"ယား"
အမိန့်ပေးသံ ကြားတာနဲ့ ကန်ထရိုက်တာတွေက ရှေ့ကို တိုးလာကြတယ်။ သူတို့က အရင်ဆုံး ယာယီတဲတွေကို သံပိုက်လုံးတွေနဲ့ ဖြိုချပစ်လိုက်ကြတယ်။
"ဟာ….ဘုရားရေ"
ကန်ထရိုက်တာတွေက လမ်းပိတ်နေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို မညှာမတာ တိုက်ခိုက်ကြတယ်။
အား
လူတစ်ယောက်က ရဲကို တိုင်လိုက်ပုံရပြီး ရဲကားတစ်စီး ရောက်လာတယ်။ ဒါပေမဲ့ ကန်ထရိုက်တာတွေကတော့ ဂရုမစိုက်ဘဲ ဆက်လုပ်နေကြတုန်းပဲ။
အကြမ်းဖက်မှုတွေ ဖြစ်နေတာကို မြင်နေရပေမဲ့ ရဲတွေက ပတ်ပတ်လည်ကို တစ်ချက် ကြည့်ပြီး ပြန်ထွက်သွားကြတယ်။
သမဂ္ဂအဖွဲ့ဝင်တွေက ယာယီတဲတွေနဲ့ ဆိုင်းဘုတ်တွေကို ကာကွယ်ဖို့ ကန်ထရိုက်တာတွေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြတယ်။
ဘေးနားမှာရှိတဲ့ အင်ဒူဆစ် က သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောတယ်။
"ငါတို့ လူတွေကို ရိုက်နေတဲ့ ကောင်တွေကို အကုန် ကင်မရာနဲ့ ရိုက်ထားလိုက်။ အမှန်တရားဆိုတာဘာလဲဆိုတာကို သိသွားစေရမယ်"
သမဂ္ဂအဖွဲ့ဝင်တွေ ဘယ်လောက်ပဲ ခုခံပါစေ၊ ကန်ထရိုက် လူမိုက်တွေကိုတော့ မယှဉ်နိုင်ပါဘူး။ အင်ဒူဆစ် ကတော့ မကြာခင် ပြီးတော့မယ်ဆိုပြီး တဟားဟား ရယ်နေတာပေါ့။
ဒါပေမဲ့...
ဘုန်း
"အား"
ကန်ထရိုက်တာ အများအပြား တစ်ပြိုင်ထဲ လဲကျသွားတယ်။
ရုတ်တရက် အမည်းရောင် ဝတ်စုံတွေ ဝတ်ထားတဲ့ လူ ဒါဇင်နဲ့ချီပြီး သူတို့ရှေ့မှာ ပေါ်လာတယ်။
ကန်ထရိုက်တာတွေက ကြောင်သွားကြတယ်။
"ဘာလဲဟ။ ဒီကောင်တွေက ဘယ်သူတွေလဲ"
အင်ဒူဆစ် က မယုံနိုင်သလို ဖြစ်နေတယ်။
"အဲဒီ သမဂ္ဂ ချီးထုတ်ကောင်တွေက ငှားလိုက်တာလား"
ဒီလူတွေ ဒီကို ရောက်နေတာက ဒါကလွဲရင် တခြား အကြောင်းပြချက် မရှိနိုင်ဘူးလေ။
အဲဒီလူတွေက ခါးမှာ ချိတ်ထားတဲ့ တုတ်ချောင်းလို အရာတွေကို အသာအယာ ထုတ်လိုက်ကြတယ်။
ရှပ်
အဲဒီတုတ်ချောင်းတွေက သုံးဆင့်ချိုး တုတ်တွေအဖြစ် ပြောင်းလဲသွားတယ်။
အင်ဒူဆစ် က တစ်ကိုယ်လုံး စိမ့်သွားသလို ခံစားလိုက်ရတယ်။
ဒါက အဓိပ္ပာယ် မရှိလိုက်တာ။
ဒီလူတွေ ဘယ်သူလဲဆိုတာ မသိပေမဲ့ ငါတို့က လူအင်အား ပိုများတာပဲလေ။
အင်ဒူဆစ် က ကန်ထရိုက်တာတွေကို အော်ပြောလိုက်တယ်။
"စီစဉ်ထားတဲ့အတိုင်း လုပ်ကြ။ အကုန်လုံးကို ရှင်းပစ်လိုက်"
တက်ဂယူ က လက်ပိုက်ပြီး ရေရွတ်လိုက်တယ်။
"လူတိုင်းမှာ အစီအစဉ်ကောင်းတွေ ရှိကြတာပဲ။ လက်သီးနဲ့ အထိုးမခံရခင်အထိပေါ့"
ဒါက မိုက်တိုင်ဆန် ပြောခဲ့တဲ့ စကားပါ။
ကျွန်တော်တို့က ကန်ထရိုက်တာတွေနဲ့ X-Cop ဝန်ထမ်းတွေကြားက ရန်ပွဲကို အသာလေး ကြည့်နေလိုက်ကြတယ်။ ကန်ထရိုက်တာတွေက အင်အား ၁၀၀ ရှိပေမဲ့ X-Cop ဝန်ထမ်းတွေကတော့ ၃၀ ပဲ ရှိတာပါ။
လူအင်အား နည်းနေတာကို စိုးရိမ်လို့ မန်နေဂျာ လီ ကို မေးခဲ့မိသေးတယ်။
အခု လက်တွေ့ ကြည့်လိုက်မှ သူ ဘာလို့ ယုံကြည်ချက် ရှိနေလဲဆိုတာ နားလည်သွားပါပြီ။
လူအင်အား ဘယ်လောက်ပဲ များများ၊ ကန်ထရိုက်တာတွေက ဗျူဟာမရှိတဲ့ အုပ်စုသက်သက်ပါပဲ။ အကန်းအတိုင်း တိုးဝင်နေတဲ့ ကန်ထရိုက်တာတွေနဲ့ မတူဘဲ X-Cop ဝန်ထမ်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှမျှတတနဲ့ ဗျူဟာကျကျ လှုပ်ရှားနေကြတာပါ။
သူတို့ တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကလည်း မသေးဘူး။ အများစုက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ ဒါမှမဟုတ် ကြေးစား စစ်သားဟောင်းတွေလေ။
သူတို့က သတ်ကွင်းသတ်ကွက်တွေကို ကျွမ်းကျင်ပုံရပြီး ပြိုင်ဘက်ကို အမြန်ဆုံး အရှုံးပေးသွားအောင် အချက်အချာကျတဲ့ နေရာတွေကို တိတိကျကျ ရိုက်နှက်နေကြတယ်။ တိုက်ပွဲ စပြီး မိနစ် ၂၀ အတွင်းမှာပဲ ကန်ထရိုက်တာ အများစု မြေပြင်ပေါ်မှာ လဲကျကုန်ကြပါပြီ။
X-Cop ဝန်ထမ်းတွေက လဲကျနေတဲ့ လူတွေကို ထွက်မပြေးနိုင်အောင် ဒူးထောက် ခိုင်းထားလိုက်ကြတယ်။
ကန်ထရိုက်တာတွေရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ ထိပ်ပြောင်ပြောင် လူတစ်ယောက်ပဲ မတ်တပ်ကျန်တော့တယ်။ သူက သံပိုက်လုံးကို ကိုင်ပြီး ခြိမ်းခြောက်သလိုနဲ့ ပြောတယ်။
"မင်းတို့ ဒီလိုလုပ်ပြီး လွတ်မယ် ထင်နေလား။ ဒါက ကိုယ်ထိလက်ရောက် ကျူးလွန်မှုကွ၊ အောက်တန်းစားတွေရဲ့"
တက်ဂယူ က ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ပြောတယ်။
"အိုး… ကိုယ်တိုင်ကတော့ ဥပဒေမဲ့ လုပ်နေပြီးတော့ အခုကျမှ ဥပဒေကို အားကိုးချင်နေတာလား။ ကမ္ဘာကြီးက တကယ် တိုးတက်လာပြီပဲ"
အဲဒီ ထိပ်ပြောင်က တက်ဂယူ ကို သတ်မယ့် အကြည့်နဲ့ ကြည့်တယ်။ တက်ဂယူ က လန့်သွားပြီး ကျွန်တော့် နောက်ကို ခုန်ဝင်လာတယ်။
"အမလေး၊ ကြောက်စရာကြီး"
အဲဒီ ထိပ်ပြောင်က ရှေ့ကိုတော့ တိုးမလာပါဘူး။ ဘာလို့လဲဆိုတော့ မန်နေဂျာ လီချောဂျင် က ကျွန်တော့်ရှေ့မှာ ရပ်နေတာလေ။
"မင်းတို့တွေ ငါတို့ကို ရိုက်ဖို့ ကြိုးစားခဲ့တာတွေကို အကုန် မှတ်တမ်းတင်ထားပြီးပြီ။ ဒါကို ရဲကို တိုင်မယ်"
"..."
လူမိုက်တစ်ယောက်ဆီကနေ ရဲကို တိုင်မယ်ဆိုတဲ့ ခြိမ်းခြောက်သံကို ကြားရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။
"ဒါက တကယ့်ကို ကောင်းတဲ့ အကြံပဲ"
ကျွန်တော် ဖုန်းထုတ်ပြီး ၁၁၂ ကို ခေါ်လိုက်တယ်။
" ရဲစခန်းကလား။ အခု ဝူဆောင်း စက်မှုလုပ်ငန်း ရှေ့မှာ သမဂ္ဂအဖွဲ့ဝင်တွေ စုဝေးပြီး လုံခြုံရေးတွေကို ရိုက်နှက်နေကြပါတယ်။ အမြန်ဆုံး လာခဲ့ပေးပါဦး"
ဖုန်းချပြီးနောက် ကျွန်တော် ပြောလိုက်တယ်။
"စောင့်ကြည့်ကြတာပေါ့"
"ဒီကောင်တွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
အဲဒီ ထိပ်ပြောင်က သည်းမခံနိုင်တော့ဘဲ ရှေ့ကို ပြေးထွက်လာတယ်။ သံပိုက်လုံးနဲ့ ရိုက်ဖို့ လုပ်နေတာကို မြင်နေရပေမဲ့ မန်နေဂျာ လီချောဂျင် ကတော့ သူ့နေရာမှာပဲ ငြိမ်ငြိမ်လေး ရပ်နေပါတယ်။
အဲဒီနောက် သူက ရုတ်တရက် ကိုယ်ကို နိမ့်လိုက်ပြီး လက်သီးနဲ့ ထိုးချလိုက်တယ်။
ခွပ်
"အား"
သူ့ရဲ့ ပြင်းထန်တဲ့ လက်သီးချက်က ပြိုင်ဘက်ရဲ့ မျက်နှာကို တည့်တည့်ထိသွားပြီး ထိပ်ပြောင်က အော်ဟစ်ရင်း လဲကျသွားတယ်။
"ဝိုး"
ကျွန်တော်တို့ အံ့သြနေတုန်း မန်နေဂျာ လီချောဂျင် က ပြုံးပြီး ပြောတယ်။
"ကျွန်တော် ငယ်ငယ်က လက်ဝှေ့ နည်းနည်း ကစားဖူးတယ်လေ"
ပီးပေါ်။ ပီးပေါ်
မကြာခင်မှာပဲ ဥသြသံတွေနဲ့အတူ ရဲကား ၁၀ စီးလောက် ရောက်လာပြီး ရဲတွေ အမြန် ပြေးဆင်းလာကြတယ်။
ခေါင်းဆောင်လို့ ထင်ရတဲ့ လူတစ်ယောက်က အမိန့်ပေးတယ်။
"အကြမ်းဖက်နေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေ အကုန်လုံးကို ဖမ်းဆီးလိုက်"
ဒါပေမဲ့ အခြေအနေက ပြီးသွားပြီဖြစ်လို့ ဘယ်သူမှ အဲဒီအမိန့်ကို မလိုက်နာကြဘူး။
ကန်ထရိုက်တာတွေက တစ်နေရာမှာ ဒူးထောက်နေကြပြီး X-Cop ဝန်ထမ်းတွေက ဝိုင်းထားကြတာလေ။
"ဘာ-ဘာတွေ ဖြစ်နေတာလဲ"
မန်နေဂျာ လီချောဂျင် က ပြောတယ်။
"ကျွန်တော်က X-Cop က မန်နေဂျာ လီချောဂျင် ပါ"
"X-Copဟုတ်လား"
"ကျွန်တော် ဒီနားက ဖြတ်သွားတုန်း လူတစ်စုက သံပိုက်လုံးတွေနဲ့ လူတွေကို ရက်ရက်စက်စက် ရိုက်နေတာ မြင်လို့ ဝင်ကူညီပေးတာပါ။ ပြစ်မှု ကျူးလွန်နေတုန်းမှာ ဖမ်းမိတာဆိုတော့ ပြဿနာ မရှိနိုင်လောက်ဘူးထင်ပေမဲ့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အင်္ကျီမှာ တပ်ထားတဲ့ Action Cam နဲ့ အခြေအနေ အကုန်လုံးကို မှတ်တမ်းတင်ထားပါတယ်"
ဖြောင်း။ ဖြောင်း။ ဖြောင်း
တက်ဂယူ က လက်ခုပ်တီးပြီး အော်ပြောတယ်။
"ဝိုး… စောစောက သမဂ္ဂက ကန်ထရိုက်တာတွေကို ပြဿနာရှာသူအဖြစ် တိုင်တုန်းကတော့ ရဲကား တစ်စီးပဲ လာကြည့်ပြီး ပြန်သွားတယ်။ အခု သမဂ္ဂက ကန်ထရိုက်တာတွေကို ရိုက်တယ်လို့ တိုင်လိုက်တော့မှ အုံနဲ့ကျင်းနဲ့ ရောက်လာကြတာပဲ။ ဘယ်သူပဲ မြင်မြင် ဝူဆောင်း စက်မှုလုပ်ငန်း ဆီကနေ လာဘ်စားထားတယ်လို့ ထင်ကြမှာပဲနော်"
ကျွန်တော်က ကြောင်နေတဲ့ ရဲအရာရှိကို ပြောလိုက်တယ်။
"ဟိုဘက်ကို တစ်ချက် ကြည့်လိုက်ဦး"
"ဟမ်"
ဈေးဆိုင်တန်း အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ ကင်မရာတွေနဲ့ သတင်းထောက်တွေ ရှိနေတာကို ကျွန်တော် ညွှန်ပြလိုက်တယ်။
"အဲ-အဲဒါက..."
"အဲဒါက NewsDolpa သတင်းဌာနလေ။ သူတို့ ဒီမှာ သတင်းလာယူနေတာ ရက်အတော်ကြာပြီ။ တိုင်ချက်ဖွင့်တာတွေနဲ့ တုံ့ပြန်ပုံ အခြေအနေ အားလုံးကို မှတ်တမ်းတင်ထားပြီးပြီ။ အဲဒါကို အင်တာနက်ပေါ်မှာ 'ဒေသခံ ရဲစခန်းနဲ့ ဝူဆောင်း စက်မှုလုပ်ငန်း တို့ရဲ့ ပတ်သက်မှု' ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှင့်ပါလိမ့်မယ်"
"ဘာ-ဘာပြောတယ်"
"အဲဒါထက် ပိုအရေးကြီးတာက..."
ကျွန်တော် X-Cop ဝန်ထမ်းတွေကို ပြောလိုက်တယ်။
"ဒီလူတွေရဲ့ ဦးထုပ်တွေနဲ့ နှာခေါင်းစည်းတွေကို ချွတ်လိုက်ကြ"
ဝန်ထမ်းတွေက ကန်ထရိုက်တာတွေရဲ့ ဦးထုပ်နဲ့ နှာခေါင်းစည်းတွေကို ချွတ်လိုက်ကြတယ်။ ကျွန်တော် အိတ်ကပ်ထဲက စာရွက်စာတမ်းတွေကို ထုတ်လိုက်တယ်။
"ပြီးခဲ့တဲ့ အချိန်တုန်းက ကန်ထရိုက် အလုပ်သမား တစ်ယောက်က မီးသတ်ဆေးဘူးနဲ့ ပစ်လို့ သမဂ္ဂအဖွဲ့ဝင် တစ်ယောက် ဦးခေါင်းခွံ အက်သွားတဲ့ ကိစ္စ ရှိခဲ့တယ်။ ရဲတွေက စုံစမ်းမစစ်ဆေးဘဲ သက်သေကို ကိုယ့်ဘာသာ ယူလာခဲ့ပါလို့ ပြောခဲ့တာလေ။ ကံကောင်းတာက ကျွန်တော်တို့မှာ CarOS ရဲ့ မျက်နှာခွဲခြားတဲ့ စနစ်နဲ့ AI ပရိုဂရမ် ရှိနေတာပဲ။ အဲဒီအချိန်က ရိုက်ထားတဲ့ ဗီဒီယိုကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး မီးသတ်ဆေးဘူး ပစ်လိုက်တဲ့ လမ်းကြောင်း၊ ပစ်တဲ့လူရဲ့ နေရာနဲ့ သူ့မျက်နှာကိုပါ အတည်ပြုနိုင်ခဲ့တယ်"
အဆင့်မြင့် မှုခင်း စုံစမ်းစစ်ဆေးရေး နည်းပညာက ရဲတွေအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီနည်းပညာ နယ်ပယ်မှာ အကောင်းဆုံးလို့တောင် ပြောလို့ ရပါတယ်။
ကျွန်တော် စကားပြောရင်း ကန်ထရိုက်တာတွေရဲ့ မျက်နှာကို လိုက်ကြည့်လိုက်တယ်။ တစ်ယောက်ကတော့ စိုးရိမ်တကြီးနဲ့ ကျွန်တော့် အကြည့်ကို ရှောင်နေပါတယ်။
ကျွန်တော် ပရင့်ထုတ်လာတဲ့ ဓာတ်ပုံကို သူ့ဘေးမှာ ကပ်ပြလိုက်တယ်။
"ကြည့်ရတာ ဒီလူနဲ့ တူတယ်နော်"
သူက ခေါင်းကို အတင်း ခါပြတယ်။
"ဘာ-ဘာတွေ ပြောနေတာလဲ။ ကျွန်တော် မဟုတ်ပါဘူး"
"မျက်နှာခွဲခြားတဲ့ ဆော့ဖ်ဝဲလ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တိတိကျကျ သိရမှာပါ။ မင်း မဟုတ်ရင် ဘာမှ ပြဿနာ မရှိနိုင်လို့ စိတ်မပူပါနဲ့။ ဒါနဲ့ လက်နက်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ရင် ထောင်ဒဏ် ဘယ်လောက်လဲ"
"အား။ ဒုက္ခပဲ"
သူက ရုတ်တရက် ထရပ်ပြီး ဘေးက လူကို တွန်းထုတ်ကာ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။
ကျွန်တော် ကိုယ်တိုင် လိုက်မဖမ်းဘဲ ရဲတွေကို ကြည့်ပြီး ပြောလိုက်တယ်။
"ဘာလုပ်နေတာလဲ။ ရဲတွေဆိုတာ ရာဇဝတ်ကောင်တွေကို ဖမ်းရမှာ မဟုတ်ဘူးလား"