← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃)

ဝန်ထမ်းက ဌာနခွဲမန်နေဂျာဆီ သတင်းပို့မလို့လုပ်နေတာကို ကျွန်တော်တားလိုက်တယ်။ မန်နေဂျာ ရောက်လာလည်း လျှော့စျေးပေးမှာမှ မဟုတ်တာ၊ တွေ့နေလို့ ဘာထူးမှာလဲ။

အမေ့အတွက် ဝယ်ခဲ့တဲ့ လက်ဆောင်ကိုတော့ ဒုံတန်က အိမ်ဆီကိုပဲ အရောက်ပို့ခိုင်းလိုက်ပြီး ကျန်တဲ့ပစ္စည်းတွေကိုတော့ ကျွန်တော်နဲ့အတူ တစ်ခါထဲ သယ်လာခဲ့တယ်။ အယ်လီကတော့ သူ့လက်ကောက်ဝတ်က နာရီကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခဏခဏ ကြည့်နေခဲ့တာပေါ့။

“တကယ်ပဲ အဲဒီလောက်တောင် သဘောကျနေတာလား”

“ဒါပေါ့။ ကန်ဂျင်ဟူက ငါ့ကို ပထမဆုံးအကြိမ် ပေးဖူးတဲ့ လက်ဆောင်ပဲဥစ္စာ”

ပြန်စဉ်းစားကြည့်တော့မှ ကျွန်တော်က တကယ်ပဲ လူမှုရေး သိပ်မရှိခဲ့တာကို သတိပြုမိသွားတယ်။ ငွေရှာဖို့ တစ်ခုထဲကိုပဲ အာရုံစိုက်နေမိလို့ ကိုယ်နဲ့နီးစပ်တဲ့သူတွေရဲ့ မွေးနေ့တွေ ဒါမှမဟုတ် လက်ဆောင်ပေးဖို့ ကိစ္စတွေကို သတိမထားမိသလောက် ဖြစ်ခဲ့တာလေ။

ကျွန်တော်က အယ်လီကို မေးလိုက်တယ်။

“တခြား လိုချင်တာ ရှိသေးလား”

“အလွန်အကျွံတွေ ဖြစ်ကုန်ပါဦးမယ်”

“ညသန်းခေါင် မတိုင်မချင်းကတော့ နင့်ရဲ့ မွေးနေ့ ဖြစ်နေတုန်းပဲလေ။ ဒါကြောင့် အချိန်မပြည့်ခင် နင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါရစေ”

အယ်လီက နောက်ပြောင်ပြီး ပြောတယ်။

“အဲဒီလို ပြောတော့ ငါ့ကိုယ်ငါ စင်ဒရဲလားလိုလို ဘာလိုလို ခံစားရတယ်”

“ည ၁၂ နာရီ ထိုးသွားရင်တော့ ဒီကားက ကားအစုတ်လေး ဖြစ်သွားနိုင်တာမလို့ မြန်မြန်သာ ပြောပါ”

ခဏလောက် တဟားဟား ရယ်မောပြီးတဲ့နောက် အယ်လီက လက်ခုပ်တီးပြီး ပြောတယ်။

“အာ…. တစ်ခု စဉ်းစားမိပြီ”

“ဘာများလဲ”

“ဟိုရောက်ရင် သိရလိမ့်မယ်”

ကျွန်တော်တို့တွေ ဂျမ်ဆီမှာ ရှိတဲ့ Lotteမျှော်စင် ရှုခင်းကြည့်စင်ဆီကို ရောက်လာခဲ့ကြတယ်။

ပြီးခဲ့တဲ့နှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့တဲ့ Lotteမျှော်စင်က ကိုရီးယားမှာ အမြင့်ဆုံး အဆောက်အဦး ဖြစ်ပြီး ထင်ရှားတဲ့ ပြည်သူ့အမှတ်အသား တစ်ခုလည်း ဖြစ်ပါတယ်။ အထပ်ပေါင်း ၁၂၄ ထပ် ရှိတဲ့ အဆောက်အဦးရဲ့ အပေါ်ဆုံးအဆင့်ကို ရှုခင်းကြည့်စင်အဖြစ် ဖွင့်လှစ်ထားပြီး လာရောက်လည်ပတ်သူတွေကို လက်ခံပေးနေတာပါ။

Lotteအုပ်စုရဲ့ ပင်မစီးပွားရေးက ကုန်ထုတ်လုပ်မှု မဟုတ်ဘဲ အစားအသောက်၊ ဖြန့်ဖြူးရေး၊ ဟိုတယ်၊ ကုန်တိုက်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ သူတို့က ရရှိလာတဲ့ အမြတ်အစွန်းတွေကို သုံးပြီး ဆိုးလ်မြို့ရဲ့ အလယ်ဗဟိုမှာ ဒီလို ခမ်းနားတဲ့ မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ခဲ့ကြတာပေါ့။

ဒီအဆောက်အဦးအကြောင်း ကောလာဟလတွေကို ခဏခဏ ကြားဖူးပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် လာရောက်ဖူးခြင်းပါ။

ပြတင်းပေါက်နားကို ချဉ်းကပ်လိုက်တဲ့အခါ ဆိုးလ်မြို့ကြီးရဲ့ ရှုခင်းက ကွင်းကွင်းကွက်ကွက်ကြီး ပေါ်လာတော့တာပဲ။ ဂန်နမ်၊ ဟန်မြစ်နဲ့ ဂန်ဘတ်ဒေသတွေကိုပါ လှမ်းမြင်နေရတယ်။

အယ်လီက ပြတင်းပေါက်အပြင်ဘက်ကို ငေးမောကြည့်ရင်း အံ့ဩနေခဲ့တယ်။

“ဆိုးလ်မြို့ရဲ့ ညရှုခင်းက တကယ်လှတာပဲနော်”

သူ အခုလို သဘောကျနေတာကို မြင်ရတော့ ဒီနေရာကို ခေါ်လာမိတာ မှန်တယ်လို့ တွေးပြီး ဝမ်းသာမိသွားတယ်။

“တစ်ခါတုန်းက နင်ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား”

ကျွန်တော့်စကားကြောင့် အယ်လီက မျက်စိတစ်ဖက် မှိတ်ပြတယ်။

“မှတ်မိတာပေါ့”

ကျွန်တော်တို့တွေ အိုလံပစ်အဝေးပြေးလမ်းမအတိုင်း ကားမောင်းရင်း ဟန်မြစ်ရဲ့ ညရှုခင်းကို သဘောကျခဲ့ဖူးကြတယ်။ အဲဒီတုန်းက ကျွန်တော် ဟောင်ကောင်ကို လာလည်ရင် ဟောင်ကောင်ရဲ့ ညရှုခင်းကို ပြန်ပြမယ်လို့ အယ်လီက ကတိပေးခဲ့ဖူးတယ်။

နောက်ပိုင်းမှာ ကျွန်တော် တက်ဂယူနဲ့အတူ ဟောင်ကောင်ကို သွားခဲ့တုန်းကလည်း ဗစ်တိုးရီးယားတောင်ထိပ်ကနေ အယ်လီ၊ အစ်မဟျွန်းဂျူးတို့နဲ့အတူ ညရှုခင်းကို ခံစားခဲ့ကြသေးတာလေ။

မျှော်စင်ကို ဗဟိုပြုပြီး ၃၆၀ ဒီဂရီ ပတ်လည် မြင်ကွင်းကို ကြည့်ရှုရင်း ကျွန်တော်တို့တွေ နာရီလက်တံပြောင်းပြန်အတိုင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြတယ်။

အယ်လီက ရှုခင်းတွေကို လိုက်ကြည့်နေတုန်း ကျွန်တော်က ရှုခင်းကြည့်စင်အတွင်းမှာ ရှိတဲ့ ကဖေးကနေ ကော်ဖီ သွားဝယ်လိုက်တယ်။

“ရော့၊ ဒါလေး သောက်လိုက်ဦး”

“ကျေးဇူးပါပဲ”

ကျွန်တော် ခုံတစ်ခုမှာ ထိုင်လိုက်တော့ အယ်လီက ကျွန်တော့်ဘေးနားမှာ ဝင်ထိုင်တယ်။ နေရာက ကျဉ်းကျဉ်းလေးမို့ ကျွန်တော်တို့ရဲ့ လက်တွေက အမှတ်မထင် ချိတ်မိသွားခဲ့ကြတယ်။

အယ်လီကလည်း သူ့လက်ကို ပြန်မနုတ်သလို ကျွန်တော်လည်း ပြန်မဖယ်မိဘူး။

ကျွန်တော်တို့တွေ ကော်ဖီသောက်လို့ ပြီးတဲ့အထိ အဲဒီအတိုင်းလေးပဲ ဆက်ထိုင်နေခဲ့ကြတယ်။

ဟိုတယ်ကို ပြန်တဲ့ ကားပေါ်မှာတော့ အယ်လီက စကားတစ်ခွန်းမှ မပြောတော့ဘူး။ မေးစေ့ကို လက်နဲ့ထောက်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။

ရုတ်တရက် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးသွားရတယ်။

ဘယ်အချိန်ကတည်းက စတာလဲတော့ မသိပေမယ့် အယ်လီက ကျွန်တော့်အပေါ် တိမ်းညွတ်နေပုံရပါတယ်။

အစတုန်းကတော့ ယဉ်ကျေးမှု ကွာခြားချက် ဒါမှမဟုတ် နေထိုင်မှု အကျင့်စရိတ် မတူလို့ အထင်မှားတာ ဖြစ်လိမ့်မယ်လို့ တွေးခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ အပြုအမူတွေက သာမန်ထက် ပိုနေတာကို ပြသနေတာလေ။

ရုပ်ရည်၊ အရည်အချင်း၊ ရာထူးအဆင့်အတန်း အားလုံး ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို တကယ်ပဲ သဘောကျနေနိုင်ပါ့မလား ဆိုပြီး မယုံနိုင်စရာဖြစ်မိတယ်။

သေချာတာကတော့ ကျွန်တော်တစ်ယောက်ထဲ အထင်မှားနေတာမျိုး မဟုတ်လောက်ဘူးမလား။

ဒါဆို ကျွန်တော် အခု ဘာဆက်လုပ်သင့်လဲ။

အချစ်ရေးနဲ့ ဝေးကွာနေခဲ့တာ ကြာပြီဖြစ်လို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။

ကျွန်တော် အတွေးခေါင်နေတုန်းမှာပဲ ကားက ဆမ်ဆောင်မှာ ရှိတဲ့ Grand Dayton Hotelကို ရောက်သွားခဲ့တယ်။

အယ်လီက ကားတံခါးကို ဖွင့်ရင်း ပြောတယ်။

“လိုက်ပို့ပေးတာ ကျေးဇူးပဲနော်။ အထဲကို သေသေချာချာ ဂရုစိုက်ပြီးလည်း မောင်းဦး”

“ခဏလောက် စောင့်ဦး”

စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး ကျွန်တော် သူ့လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်မိတယ်။ အယ်လီက မျှော်လင့်မထားတဲ့ အပြုအမူကြောင့် အံ့ဩသွားပုံပါ။

“ဘာဖြစ်လို့လဲဟင်”

“အာ…… ဟိုလေ……”

လက်ကောက်ဝတ်ကိုသာ လှမ်းကိုင်လိုက်မိတာ၊ အခု ဘာပြောရမှန်း မသိတော့ဘူး။

“ငါ့ကို အချိန်နည်းနည်းလောက် ပေးနိုင်မလား”

“ဟမ်……”

ရုတ်တရက်ကြီး အခုလို ပြောလိုက်တာမလို့ သူ အဲဒီလို တုံ့ပြန်တာကလည်း မဆန်းပါဘူး။

“အဲဒါက…… ဟိုလေ……”

ကျွန်တော် စကားတွေ ထစ်ငေါ့နေတုန်း အယ်လီက ခေါင်းငြိမ့်ပြတယ်။

“အိုကေ၊ နားလည်ပါပြီ”

သူ ဘာကို နားလည်သွားတာလဲတော့ ကျွန်တော်လည်း သေချာမသိပေမယ့် စိတ်ထဲမှာတော့ သက်ပြင်းချနိုင်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူ နားလည်တယ်လို့ ပြောတာက ကောင်းတဲ့ လက္ခဏာပဲလေ။

သူက ကျွန်တော့်အမူအရာကို ကြည့်ပြီး နောက်ပြောင်တဲ့ အပြုံးနဲ့ ပြုံးပြတယ်။

“ဒါပေမဲ့ ငါ့ကို အကြာကြီးတော့ မစောင့်ခိုင်းပါနဲ့နော်”

“အင်း။ မစောင့်ခိုင်းပါဘူး”

အယ်လီက ကားပေါ်က ဆင်းပြီး လက်ပြနှုတ်ဆက်တယ်။

“ဒီနေ့ တကယ်ပဲ ပျော်စရာကောင်းခဲ့ပါတယ်။ ဂရုစိုက်ပြီး မောင်းဦး”

ကျွန်တော် အိမ်ပြန်မောင်းလာခဲ့တယ်။ ဟိုတယ်ကနေ ကျွန်တော့်အိမ်က သိပ်မဝေးတာမလို့ ခဏလေးအတွင်းမှာပဲ ရောက်သွားခဲ့တယ်။

ကားပါကင် ထိုးပြီးတဲ့အခါမှ ကျွန်တော် ရုတ်တရက် သတိပြန်ဝင်လာတော့တယ်။

ခုနက ငါ ဘာတွေ ပြောလိုက်မိပါလိမ့်။

စတီယာရင်ပေါ် ခေါင်းမှီပြီး ခဏလောက် ပြန်စဉ်းစားနေမိသေးတယ်၊ အဲဒီနောက်မှ ဓာတ်လှေကားစီးပြီး ပထမထပ်ကို တက်လာခဲ့တယ်။

တက်ဂယူက ဧည့်ခန်းထဲမှာ ဗီဒီယိုဂိမ်း ကစားနေခဲ့တာပါ။

“ပြန်လာတာ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ”

“ကိစ္စလေး နည်းနည်း ရှိလို့ပါ”

ကျွန်တော် တက်ဂယူကို ဈေးဝယ်အိတ်တစ်အိတ် ကမ်းပေးလိုက်တယ်။

“ဒါက ဘာလဲ”

“အစ်မဟျွန်းဂျူးအတွက် လက်ဆောင်။ ကုန်တိုက်သွားတုန်းက ဝယ်လာတာ၊ မင်းပဲ ပေးပေးပါဦး”

“ငါ့အတွက်ကော လက်ဆောင်မပါဘူးလား”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“မပါဘူး။ မင်းဘာသာမင်း ဝယ်ပေါ့ဟ”

ငွေတွေ ဒီလောက် အများကြီး ရှိတဲ့ကောင်က လက်ဆောင် လာဝယ်ခိုင်းနေတယ်ဆိုပဲ။

အဖွဲ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြီးသွားတဲ့အချိန်မှာပဲ ကုမ္ပဏီကို မျှော်လင့်မထားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေတယ်လို့ သတင်းရခဲ့တယ်။

သူ့ကို စီအီးအိုရုံးခန်းထဲကိုပဲ လွှတ်လိုက်ဖို့ ကျွန်တော် ညွှန်ကြားလိုက်တယ်။ ခဏအကြာမှာတော့ အသက် ၂၀ ကျော် အရွယ် မိန်းကလေးတစ်ယောက် ဝင်လာခဲ့ပါတယ်။

သူက ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ ဝါကျင်ကျင် ဂါဝန်တိုလေးကို ဝတ်ထားပြီး အပေါ်ကနေ ဂျာကင်အရှည်ကို ထပ်ဝတ်ထားပါတယ်။ သင့်တင့်တဲ့အမြင့်ရှိတဲ့ ဖိနပ်ဒေါက်မြင့်ကိုလည်း စီးထားတာပါ။

သေသေချာချာ ပြုပြင်ထိန်းသိမ်းထားပုံရတဲ့ သူ့မျက်နှာက အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေပြီး ရုပ်ရည်ကလည်း လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သံသယဝင်စရာ မလိုပါဘူး။

သူ ကိုင်ထားတဲ့ အိတ်ကနေ ဆွဲကြိုး၊ နားကပ်တွေအထိ၊ ဖက်ရှင်အကြောင်း သိပ်မသိတဲ့ ကျွန်တော့်လိုလူတောင်မှ သူ ဝတ်ဆင်ထားသမျှ အားလုံးက ဇိမ်ခံတံဆိပ်တွေ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပါတယ်။

သူက ပြုံးပြီး လက်ကမ်းပေးတယ်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ စီအီးအို ကန်ဂျင်ဟူ”

“တွေ့ရတာ ဝမ်းသာပါတယ်၊ အမှုဆောင် ဒါရိုက်တာ ဟန်ဟျိုရင်”

နေရာယူပြီးတဲ့နောက် အတွင်းရေးမှူးက ကော်ဖီ ယူလာပေးတယ်။

“OTK ကုမ္ပဏီရဲ့ စီအီးအိုနဲ့ တွေ့ဖို့က မလွယ်ဘူးလို့ ကြားထားတာ၊ အခုလို အချိန်ပေးတာ ကျေးဇူးတင်ပါတယ်”

“အစည်းအဝေး ပြီးပြီးချင်း တွေ့တာပါ”

ဟန်ဟျိုရင်က ကော်ဖီကို တစ်ငုံ သောက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်တယ်။

“ရှုခင်းက လှသားပဲ။ ဒီအဆောက်အဦးက OTK ကုမ္ပဏီ ပိုင်တာ ဟုတ်တယ်မလား”

“ဘာကိစ္စရှိလို့ လာခဲ့တာလဲ”

သူက အွန်ဆောင်းကတ်ရဲ့ ဥက္ကဋ္ဌ သမီးဖြစ်ပြီး ဟန်ချန်ယောင်းရဲ့ ဝမ်းကွဲညီမလည်း ဖြစ်ပါတယ်။

ကျွန်တော်နဲ့ အွန်ဆောင်းမော်တာကြားက မကောင်းတဲ့ ပတ်သက်မှုအကြောင်းကို စီးပွားရေးလောကထဲက လူတိုင်း သိကြတာပဲ။ အဲဒီလို အခြေအနေမျိုးမှာ အွန်ဆောင်းမော်တာဘက်က လူတစ်ယောက် ကျွန်တော့်ဆီ လာရှာလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။

သူတို့ မိသားစုနဲ့ ပတ်သက်နေရုံသက်သက်နဲ့ သူ့အပေါ် မကောင်းတဲ့ စိတ် သီးသန့် မရှိပေမယ့် ဘာလို့ လာခဲ့တာလဲ ဆိုတာကိုတော့ စိတ်ဝင်စားမိတယ်။

ကျွန်တော့်မေးခွန်းကို သူက ဆံပင်တွေကို သပ်ရင်း ပြန်ဖြေတယ်။

“ကျွန်မတို့တွေ စေ့စပ်ပွဲ ပျက်သွားတာ ရှင်ကြောင့်လို့ ကြားတယ်၊ အဲဒါ တကယ်ပဲလား”

တကယ်လို့ ဆိုဆောင်း SB ကို လင်ဆိုယုံသာ ရရှိသွားခဲ့ရင် သူက လင်ဆိုယုံနဲ့ သေချာပေါက် လက်ထပ်ဖြစ်မှာပါ။ နိုင်ငံရေးအရ လက်ထပ်တာထက် ပိုပြီး သေချာတဲ့ ပူးပေါင်းမှုမျိုး မရှိဘူးလေ။

ဒါပေမဲ့ လင်ဆိုယုံက ဆိုဆောင်း SB ကို မရရှိခဲ့ရုံတင်မကဘဲ ဆိုဆောင်း စက်မှုလုပ်ငန်းနဲ့ ဆိုဆောင်း engineering လုပ်ငန်းတွေကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

နိုင်ငံရေးအရ လက်ထပ်ဖို့ အကြောင်းပြချက် မရှိတော့တာမလို့ စေ့စပ်ပွဲကလည်း အလိုအလျောက် ပျက်ပြယ်သွားခဲ့ပုံရတယ်။

အခုအထိ နိုင်ငံရေးအရ လက်ထပ်တဲ့အကြောင်းကို ပြောနေရတုန်းပဲဆိုတော့ ဘယ်လို ခေတ်ကြီးပါလိမ့်။

ဒီလို ကိစ္စတွေကို ကြည့်ရင် ကျွန်တော်တို့နိုင်ငံက ချေဘောတွေက ပဒေသရာဇ်ခေတ်ထဲမှာ ရှင်သန်နေကြသလိုပါပဲ။

“လက်ထပ်ပွဲပျက်သွားလို့ ရန်တွေ့ဖို့လာတွေ့တာလား”

ဟန်ဟျိုရင်က ကျွန်တော့်ကို ပြုံးပြတယ်။

“ကျေးဇူးတင်စကား ပြောချင်လို့ပါ။ ကျွန်မက အဲဒီလူကို တကယ်ပဲ သဘောမကျခဲ့တာမလို့လေ”

နာရေးတုန်းက တွေ့ခဲ့ရတဲ့ လင်ဆိုယုံရဲ့ ပုံစံကို ကျွန်တော် ပြန်တွေးမိသွားတယ်။

“သူသာ ဒါကို ကြားရင် စိတ်မကောင်း ဖြစ်သွားလိမ့်မယ်”

သူက အင်မတန် ရုပ်ချောတဲ့သူမျိုး မဟုတ်ပေမယ့် ရုပ်ရည်ကတော့ အပြစ်ပြောစရာ မရှိပါဘူး။ ပြောရရင်တော့ ပုံမှန် ချေဘော မျိုးဆက်သုံးတွေရဲ့ ပုံစံအတိုင်းပါပဲ။

“ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ကို သတိထားမိသွားပြီဆိုတော့ ကျွန်မတို့ကတော့ ဒီလောကထဲမှာ သူ့ကို နောက်ထပ် တွေ့ရတော့မှာ မဟုတ်ပါဘူး”

သူ ပြောပုံဆိုပုံကို ကြည့်ရတာ အတော်လေး ပွင့်လင်းပြတ်သားတဲ့ စရိုက် ရှိပုံရတယ်။

“ကျွန်မတို့တွေက ကိုရီးယား တက္ကသိုလ်က ကျောင်းနေဖက်တွေဆိုတာ ရှင် သိလား”

ဒါကတော့ ကျွန်တော့်ကို အံ့ဩသွားစေတယ်။

သူက ကျွန်တော်နဲ့ အသက်အရွယ် တူလောက်မယ်လို့ ထင်ထားပေမယ့် ကျောင်းတူ၊ အတန်းတူ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

“ရှင်က စီးပွားရေးစီမံခန့်ခွဲမှုဌာနကလို့ ကြားတယ်။ ကျွန်မကတော့ ခေတ်ပြိုင်အနုပညာဌာနကပါ”

“ပြန်စဉ်းစားကြည့်တော့မှ……”

ကျွန်တော် ကျောင်းစတက်တုန်းက အွန်ဆောင်းကတ် ဥက္ကဋ္ဌရဲ့ သမီး ကျောင်းလာတက်တယ်ဆိုတဲ့ ကောလာဟလကို မရေမရာ ကြားဖူးသလိုပဲ။ သေချာ မမှတ်မိရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ကျောင်းမှာ ချေဘော သားသမီးတွေက နည်းမှမနည်းတာကိုး။

ဒါနဲ့ ငါ့ကျောင်းနေဖက်တွေထဲမှာ ချေဘော သားသမီးတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။

“ကျောင်းတုန်းကတော့ အနည်းဆုံး တစ်ကြိမ်လောက်တော့ လမ်းမှာ ဆုံဖူးကြလိမ့်မယ် ထင်တယ်”

စီးပွားရေးဌာနနဲ့ အနုပညာဌာန အဆောက်အဦးတွေက အတော်လေး ဝေးတာပါ။

ကျောင်းအဝင်ဝ ပင်မတံခါးနားမှာတော့ ဖြတ်သန်းသွားလာရင်း ခဏတဖြုတ် ဆုံဖူးရင် ဆုံဖူးမှာပေါ့……

“ကျွန်တော်က ကျောင်းကို တစ်နှစ်ခွဲပဲ တက်ခဲ့တာမလို့ပါ”

သူက ကျွန်တော့်စကားကို ခေါင်းငြိမ့်ထောက်ခံတယ်။

“ဒါက တကယ်ကို အထင်ကြီးစရာပဲ။ တက္ကသိုလ်တောင် ဘွဲ့မရဘဲနဲ့ ဒီလောက်ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တာနော်”

အဲဒီလောက်ကြီးလည်း ထူးခြားလှတာ မဟုတ်ပါဘူး။

“ဘီလ်ဂိတ်စ်လည်း ဟားဗတ်ကနေ ကျောင်းထွက်ပြီး မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့တာပဲလေ။ FaceNote တည်ထောင်သူ မိုက် ဂိုးဒင်းဘတ်လည်း ဟားဗတ်ကနေ ကျောင်းထွက်ခဲ့တာပဲ”

“အဲဒါက အမေရိကားမှာလေ”

အဲဒါကတော့ ဟုတ်တယ်။

ကျောင်းထွက်ပြီး အောင်မြင်မှုရဖို့ဆိုတာ အမေရိကားမှာပဲ ဖြစ်နိုင်တာ၊ ကိုရီးယားမှာတော့ မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့ အဲဒီနှစ်ယောက်သာ ကိုရီးယားမှာ မွေးဖွားခဲ့ရင် နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်ဖို့ပဲ ပြင်ဆင်နေကြမှာ သေချာပါတယ်။

ဟန်ဟျိုရင်က ကော်ဖီခွက်အလွတ်ကို ချလိုက်တယ်။

“စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်။ ရှင်လည်း အလုပ်များနေမှာဆိုတော့ ကျွန်မ သွားလိုက်ပါဦးမယ်”

“လိုက်မပို့တော့ဘူးနော်”

သူ မထွက်သွားခင် နောက်ဆုံး စကားတစ်ခွန်း ပြောခဲ့သေးတယ်။

“ဪ။ ကတ်တစ်ခုလောက် လုပ်ဦးမလား။ အသစ်ထွက်ထားတဲ့ VVIP သီးသန့်ကတ် ရှိတယ်လေ။ နှစ်စဉ်ကြေးက ဝမ် ၃ သန်း ပေးရပေမယ့် ရှင့်အတွက်တော့ သီးသန့် လျှော့စျေး ပေးပါမယ်”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“အွန်ဆောင်းကတ်က အွန်ဆောင်းအုပ်စုကနေ သီးသန့် ခွဲထွက်သွားတဲ့ အချိန်ကျမှပဲ စဉ်းစားကြတာပေါ့”

ဟန်ဟျိုရင်က ကျွန်တော် အဲဒီလို ပြောမယ်ဆိုတာ သိနေတဲ့အတိုင်း ပြုံးပြတယ်။

“ကျွန်မရဲ့ လိပ်စာကတ် ထားခဲ့မယ်။ နောက်မှ စိတ်ပြောင်းရင် ဆက်သွယ်လိုက်ပေါ့။ တစ်ယောက်ထဲ အရက်သောက်ရင်း ပျင်းစရာကောင်းနေရင်လည်း ဆက်သွယ်လို့ ရပါတယ်။ ကျွန်မတို့တွေက သက်တူရွယ်တူတွေပဲလေ။ နောက်တစ်ခါ ဆုံရင်တော့ သူငယ်ချင်းလိုပဲ အလွတ်သဘော ပြောကြတာပေါ့”

သူက စားပွဲပေါ်မှာ လိပ်စာကတ် ထားခဲ့ပြီး ထွက်သွားတယ်။

ကျွန်တော် လိပ်စာကတ်ကို ကောက်ယူပြီး ရေရွတ်မိလိုက်တယ်။

“ငါ့ကျောင်းနေဖက်တွေကတော့ အခုအချိန်ဆို အလုပ်အကိုင် ရှာဖို့ ပြင်ဆင်နေကြတုန်း ဖြစ်မှာပဲ”

တခြားသူတွေက အလုပ်သင်အဖြစ် စတင်ဝင်ရောက်နေကြရတဲ့ အချိန်မှာ ကျွန်တော်ကတော့ အမှုဆောင်တစ်ဦး ဖြစ်နေပါပြီ။

ချမ်းသာတဲ့သူတွေကတော့ တကယ်ပဲ အစပြုတဲ့ နေရာချင်း မတူကြဘူးပဲ။

ဒီနေ့က အစိုးရရုံးပိတ်ရက် ဖြစ်တာမလို့ ကျွန်တော် အိပ်ရေးဝဝ အိပ်လိုက်တယ်။

မွန်းတည့်ခါနီးအချိန်မှ နိုးလာပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ကျွန်တော်က ချက်ပြုတ်လေ့မရှိတာမလို့ မီးဖိုချောင်ကတော့ သေသေသပ်သပ်နဲ့ သန့်ရှင်းရှိနေတုန်းပဲ။

ကော်ဖီတစ်ခွက် ဖျော်ပြီး ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။

တက်ဂယူက ဆိုဖာပေါ်မှာ ပက်လက်လှန်ပြီး အိပ်ပျော်နေတုန်းပါ။

“……”

ဒီကောင်က ကိုယ့်အခန်းထဲမှာ မအိပ်ဘဲ ဘာလို့ ဒီမှာပဲ အမြဲလာအိပ်နေရတာလဲ။

စားပွဲပေါ်မှာတော့ မနေ့ညက စားကြွင်းစားကျန် ကြက်ကြော်တွေနဲ့ ဘီယာဗူးတွေ ရှုပ်ပွနေပါတယ်။ မနေ့ညက အတူတူ စားခဲ့ကြပေမယ့် ကျွန်တော်က အခန်းထဲကို အရင် ဝင်သွားခဲ့တာလေ။

တီဗီဖွင့်ပြီး CNN ကို ပြောင်းလိုက်တယ်။ နိုင်ငံရေး သတင်းကဏ္ဍ လာနေပါတယ်။ မျက်မှောင်ကြုတ်ထားတဲ့ ရိုနယ်ရဲ့ မျက်နှာကြီးက တီဗီဖန်သားပြင်မှာ အပြည့်ပဲ။

တခြား ဓာတ်ပုံတွေ အများကြီး ရှိရက်သားနဲ့ ဘာလို့ ဒီပုံကြီးကိုပဲ အမြဲ သုံးနေကြတာလဲ မသိဘူး။

“ဒီနေ့လည်း CNN က ရိုနယ်ကို ဝေဖန်ဖို့ အလုပ်များနေပြန်ပြီပဲ”

ကျွန်တော် ဆိုဖာပေါ် မှီထိုင်ရင်း သတင်းကို အေးအေးလူလူ ကြည့်နေမိတယ်။

ကမ္ဘာတစ်ဝန်းက လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြားကနေ စတင်ခဲ့တဲ့ ရိုနယ်ရဲ့ အစိုးရအဖွဲ့က အစကတည်းက ခြေလှမ်းမှားခဲ့တာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေး ကာလတုန်းက ရိုနယ်က အဓိပ္ပာယ်မရှိတဲ့ ကတိကဝတ်မျိုးစုံကို ပေးခဲ့တာလေ။ လူဝင်မှုကြီးကြပ်ရေးကို တားဆီးဖို့၊ ကုန်သွယ်ရေးကို ကာကွယ်ဖို့၊ မက္ကဆီကိုနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို ဖျက်သိမ်းဖို့ စတာတွေပေါ့။

ပုံမှန်အားဖြင့်တော့ နိုင်ငံရေးသမားတွေက ကိုရီးယားမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် အာဏာရလာပြီးရင် မဲဆွယ်ကတိအချို့ကို လျစ်လျူရှုလေ့ ရှိကြတာပါ။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက ရိုနယ်ကတော့ ပေးခဲ့တဲ့ ကတိအားလုံးကို အကောင်အထည်ဖော်ဖို့ စိတ်ကူးထားပုံရတယ်။

သူက TPP ကနေ နုတ်ထွက်တာ၊ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး အမိန့်ကို လက်မှတ်ရေးထိုးတာနဲ့ ယခင်အစိုးရ စတင်ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို ဖျက်သိမ်းပြီး အစီအစဉ်အသစ် တင်သွင်းတာတွေကို စတင်လုပ်ဆောင်ခဲ့တယ်။

ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး အမိန့်က တရားရုံးချုပ်ရဲ့ တားဆီးမှုကို ရင်ဆိုင်ခဲ့ရသလို ကျန်းမာရေး ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကလည်း လွှတ်တော်မှာ ကန့်ကွက်မှုကို ခံခဲ့ရတယ်။

လွှတ်တော်ထဲမှာ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေနဲ့ တိုက်ပွဲဝင်နေရသလို၊ သတင်းစာရှင်းလင်းပွဲတွေမှာလည်း မီဒီယာတွေနဲ့ ချောက်ချားနေရပြီး၊ ပြည်ပမှာလည်း ကုန်သွယ်ရေး ပဋိပက္ခတွေ၊ သဘောတူညီချက်တွေကနေ နုတ်ထွက်တာတွေနဲ့ ရင်ဆိုင်နေရတာပါ။

ရိုနယ် သမ္မတ ဖြစ်လာကတည်းက အမေရိကန် နိုင်ငံရေးမှာ အေးချမ်းတဲ့နေ့ရယ်လို့ တစ်ရက်မှ မရှိခဲ့ပါဘူး။

ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ သီးသန့်ဖြစ်နေပေမယ့် အမေရိကန် စီးပွားရေးကတော့ တဖြည်းဖြည်းချင်း မြင့်တက်လာနေတယ်။ ပြီးခဲ့တဲ့နှစ်က ၃ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို ရရှိခဲ့ပြီး ဒီနှစ် ပထမသုံးလပတ်မှာလည်း ၃ ရာခိုင်နှုန်းကို သက်သောင့်သက်သာနဲ့ ရောက်ရှိမယ်လို့ ခန့်မှန်းထားကြတာပါ။

တရုတ်နဲ့ ကြီးထွားနေတဲ့စျေးကွက်တွေရဲ့ မြန်ဆန်တဲ့ တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းဆိုတာ သိပ်မများဘူးလို့ ထင်ရပေမယ့် အမေရိကန်လို စီးပွားရေး ပမာဏ ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ ၃ ရာခိုင်နှုန်း တိုးတက်မှုက ပုံမှန် ရှိနေတာဟာ တကယ်ကို အံ့ဩစရာကောင်းတဲ့ ကိစ္စပါ။

အမေရိကန်က ကမ္ဘာ့ GDP ရဲ့ အဓိက အစိတ်အပိုင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ တိုးတက်မှုက ကမ္ဘာ့စီးပွားရေး တိုးတက်မှုနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။

ဥပမာအနေနဲ့ ပြောရရင် ဝမ် သန်း ၁၀၀ ရှိတဲ့သူက ၁၀ ရာခိုင်နှုန်း အကျိုးအမြတ်ရရင် ဝမ် ၁၀ သန်း ရမှာ ဖြစ်ပြီး ဝမ် သန်း ၁သောင်း ရှိတဲ့သူက ၃ ရာခိုင်နှုန်း အကျိုးအမြတ်ရရင် ဝမ် သန်း ၃၀၀ ရမှာ ဖြစ်သလိုမျိုးပေါ့။

စီးပွားရေး ပြန်လည်ကောင်းမွန်လာတာကြောင့် Dow၊ NASDAQ နဲ့ S&P တို့ကလည်း စံချိန်တင် အမြင့်ဆုံးအဆင့်တွေကို ဆက်တိုက် ရောက်ရှိနေခဲ့တယ်။

ရိုနယ်က ဒါဟာ သူ သမ္မတ ဖြစ်လာလို့ ဖြစ်တာလို့ ကြွားဝါနေပေမယ့် တကယ်တော့ ယခင်အစိုးရရဲ့ အောင်မြင်မှုတွေကြောင့်သာ ဖြစ်ပြီး သူ့ကြောင့်တော့ သိပ်မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီ အခွန်လျှော့ချမယ့် ကိစ္စအတွက် မျှော်လင့်ချက်တွေတော့ ရှိနေတာပေါ့လေ။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ရဲ့ တိုးတက်မှုက တဖြည်းဖြည်း နှေးကွေးလာနေတဲ့ အချိန်မှာ အမေရိကန် စီးပွားရေးက ခိုင်မာတဲ့ တိုးတက်မှု အဆင့်ထဲကို ဝင်ရောက်လာတာကတော့ ကောင်းတဲ့ သတင်းပါပဲ။

တီဗီကြည့်ရင်း မနေ့က ကျန်တဲ့ ကြက်ကြော်တွေကို စားရင် ကောင်းမလားလို့ တွေးနေတုန်း ဖုန်းမြည်လာခဲ့တယ်။

ဖုန်းခေါ်တဲ့သူကတော့ တခြားသူမဟုတ်ဘဲ ဥက္ကဋ္ဌ လင်ဂျင်ယုံပါ။

“ဟုတ်ကဲ့။ ပြောပါ”

ဥက္ကဋ္ဌ လင်ဂျင်ယုံက ရင်းရင်းနှီးနှီးပဲ ပြောလာတယ်။

[ဒီပိတ်ရက်မှာ ဘာလုပ်နေလဲ၊ ဂျူနီယာ]

“ဪ။ အိမ်မှာပဲ အနားယူနေပါတယ်”

[အချိန်ရမယ်ဆိုရင် ဘေ့စ်ဘောပွဲ အတူတူ သွားကြည့်မလား။ ဒီနေ့ Seosung Dragons နဲ့ CL Giantsတို့ရဲ့ အစမ်းပွဲ ရှိတယ်လေ]

“တကယ်လား”

ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌက ကျွန်တော့်ကို ဘေ့စ်ဘောပွဲ အတူတူ ကြည့်ဖို့ ဖိတ်ခေါ်နေတာတဲ့လား။

All Chapters