← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅)

ဟျူဂျင်း သင်္ဘောလိုင်းကို အကြွေးဆပ်ဖို့ ပိုင်ဆိုင်မှုတွေ ထုတ်ရောင်းတဲ့ လုပ်ငန်းစဉ် စတင်နေပါပြီ။

ရှယ်ယာ အရောင်းအဝယ် ပြန်ဖွင့်တဲ့နေ့မှာတင် ရှယ်ယာဈေးက တစ်ရက်တည်းနဲ့ ၉၀ ရာခိုင်နှုန်းကျော် ထိုးကျသွားပြီး ၇၅ ဝမ်ပဲ ကျန်ပါတော့တယ်။ နောက်တစ်နေ့မှာတော့ ၁၁ ဝမ်အထိ ထပ်ကျသွားပြီး ဈေးပိတ်ချိန်မှာ ၆ ဝမ်ပဲ ရှိတော့တာကြောင့် ရှယ်ယာစာရင်းကနေ အပြီးသတ် ပယ်ဖျက်ခြင်း ခံလိုက်ရတယ်။

တစ်ချိန်က သင်္ဘောလိုင်း လုပ်ငန်းမှာ အဆင့် ၇ အထိ ချိတ်ခဲ့တဲ့ ဟျူဂျင်း သင်္ဘောလိုင်းဟာ စီးပွားရေး ကျဆင်းမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် ဒေဝါလီခံလိုက်ရတာပေါ့။

နောက်ဆုံးအချိန်အထိ ရှယ်ယာတွေကို ဆုပ်ကိုင်ထားတဲ့ ရှယ်ယာရှင်လေးတွေကတော့ သင်္ဘောနဲ့အတူ မြုပ်သွားကြပြီ။ ဒါပေမဲ့ သင်္ဘောကို မောင်းနှင်ခဲ့တဲ့ ကပ္ပတိန်ကတော့ ပိုင်ဆိုင်မှုအားလုံးကို အထုပ်အပိုးပြင်ပြီး ကယ်ဆယ်ရေးလှေနဲ့ တစ်ယောက်ထဲ ဘေးကင်းကင်း ထွက်ပြေးသွားနိုင်ခဲ့တယ်။

ရှယ်ယာရှင်လေးတွေအတွက် နည်းနည်းပါးပါး ပြန်ရဖို့ တစ်ခုထဲသော မျှော်လင့်ချက်ကတော့ ဥက္ကဋ္ဌ ချဲယောင်က လျော်ကြေးငွေ ပေးမယ်ဆိုတဲ့ ကတိကို တည်ဖို့ပဲ ရှိတော့တယ်။

ချက်ချင်း ငွေပေးဖို့ တောင်းဆိုတဲ့ ဖုန်းတွေ တအားများလာတာကြောင့် ချဲယောင်လည်း နောက်ဆုံးမှာ မခံနိုင်တော့ဘဲ သူ နေထိုင်တဲ့ ဆမ်ဆောင်ဒေါင်းက အိမ်ကြီးကို ရောင်းလိုက်ရတယ်။

အခုအချိန်အထိ ပေါ်ပေါက်ထားတဲ့ အမှုတွေအရဆိုရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်လောက် ကျနိုင်ပေမဲ့ တောင်ကိုရီးယားက ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအပေါ်မှာ တော်တော်လေး ပျော့ပျောင်းပါတယ်။

အထူးသဖြင့် လုပ်ငန်းစု ခေါင်းဆောင်တွေဆိုရင် အမှားတွေ အများကြီး လုပ်ထားရင်တောင် ဆိုင်းငံ့ပြစ်ဒဏ်နဲ့ လွတ်သွားတာမျိုး ခဏခဏ ရှိတတ်တယ်။ ဒါပေမဲ့ အလွဲသုံးစားမှုနဲ့ မသမာမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ရင်တောင် အတွင်းသတင်းကို အသုံးချပြီး ရှယ်ယာရောင်းခဲ့တဲ့ ကိစ္စကတော့ ပြဿနာ အကြီးကြီးပါ။

Jung & Kim က ရှေ့နေတွေ ဘယ်လောက်ပဲ တော်နေပါစေ ထောင်ဒဏ်ကို ရှောင်လွှဲဖို့တော့ ခက်ပါလိမ့်မယ်။ ရှယ်ယာရှင်လေးတွေကတော့ ဘယ်နှစ်နှစ်ပဲ ကြာကြာ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး။

ဟျူဂျင်း သင်္ဘောလိုင်း ပျက်စီးသွားတာက စိတ်မကောင်းစရာ ဖြစ်ပေမဲ့ အဲဒီကျေးဇူးနဲ့ ကျွန်တော် အိမ်သစ်တစ်လုံး ဝယ်နိုင်ခဲ့တယ်။ အရောင်းအဝယ်ဈေးအတိုင်း ငွေချေလိုက်သလို အိမ်ခြံမြေ လွှဲပြောင်းခွန်တွေကိုလည်း အကုန် ပေးဆောင်လိုက်တယ်။ တန်ဖိုးကြီး အိမ်ခြံမြေ ဖြစ်တာကြောင့် အခွန်က တော်တော်လေး များပေမဲ့ ကြိုတင်ရထားတဲ့ အမြတ်ဝေစုတွေ ရှိတာကြောင့် ချေးငွေယူစရာ မလိုခဲ့ဘူး။

ကျွန်တော်၊ တက်ဂယူ၊ အစ်မအိုဟျွန်းဂျူး နဲ့ အယ်လီ တို့ အိမ်သွားကြည့်ကြတယ်။ ကုမ္ပဏီကနေ ကားမောင်းသွားရင် ၅ မိနစ်ပဲ ကြာပါတယ်။

တိတ်ဆိတ်တဲ့ လူနေရပ်ကွက်ထဲမှာ ရှိတဲ့ အိမ်က လမ်းနှစ်ဖက်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေပါတယ်။ အုတ်တံတိုင်း မြင့်မြင့်တွေကြောင့် အပြင်ကနေ ကြည့်ရင် အထဲကို မမြင်ရဘူး။

ညီညာတဲ့ လမ်းဘက်က အဝင်တံခါးမကြီးက ခြံထဲကို ဦးတည်နေပြီး ကုန်းတက်လမ်းဘက်က တံခါးကတော့ မြေအောက် ကားပါကင်ကို တိုက်ရိုက် ဆက်သွယ်ထားတာကြောင့် ကားပေါ်က ဆင်းစရာမလိုဘဲ အိမ်ထဲ ဝင်လို့ရပါတယ်။

ကျွန်တော် Remote ကို နှိပ်လိုက်တော့ တံခါးပွင့်သွားပြီး ကား ၁၂ စီးလောက်အထိ ရပ်လို့ရတဲ့ မြေအောက် ပါကင်ထဲကို မောင်းဝင်လိုက်တယ်။

တက်ဂယူ က ကားပေါ်က ဆင်းဆင်းချင်း အံ့သြတကြီး ဖြစ်နေတယ်။

"ဝိုး။ အိမ်ထဲမှာ ဓာတ်လှေကား ပါတာလား"

ပါမှန်း သိထားပေမဲ့ လူကိုယ်တိုင် မြင်ရတော့ သဘောကျနေတာပါ။ မြေအောက်ခန်း အပါအဝင် အားလုံးပေါင်း ၄ ထပ် ဆိုတော့ အတက်အဆင်း လုပ်ရတာ မလွယ်ဘူးလေ။

ကျွန်တော်တို့ ဓာတ်လှေကားစီးပြီး ပထမထပ်ကို တက်ခဲ့ကြတယ်။ တံခါးပွင့်သွားတာနဲ့ ဧည့်ခန်းကြီးကို မြင်လိုက်ရတော့တာပဲ။

အယ်လီ ကတော့ ပါးစပ်အဟောင်းသားနဲ့ ရေရွတ်တယ်။

"ဝိုး။ အရမ်း လှတာပဲ"

အိမ်တွင်း အပြင်အဆင်တွေက ရုပ်ရှင်ထဲက Penthouse တွေလိုပဲ။

မျက်နှာကြက်က မြင့်တာကြောင့် ကြည့်ရတာ ကျယ်ကျယ်ဝန်းဝန်း ရှိလှပြီး ကြမ်းပြင်ကလည်း စကျင်ကျောက်ဖြူတွေနဲ့ ခင်းထားတာပါ။ မှန်တံခါးတွေကနေ နေရောင် ဝင်နေပြီး ဧည့်ခန်းထဲကနေ ခြံထဲက ပန်းခြံကို မြင်နေရတယ်။

တက်ဂယူ က ဧည့်ခန်းတစ်ဖက်က မီးလင်းဖိုကို လက်ညိုးထိုးပြီး မေးတယ်။

"ဒါက တကယ် သုံးလို့ရတာလား"

ဘေးနားမှာ ထင်းတွေ စီထားတာ ကြည့်ရသလောက်တော့ တကယ် သုံးလို့ရတဲ့ပုံပဲ။

"ဧည့်ခန်းက တအား ကျယ်လွန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသလိုပဲ" လို့ အယ်လီ က ပတ်ပတ်လည်ကို ကြည့်ပြီး ပြောတယ်။

"ပရိဘောဂတွေ မရှိသေးလို့ ဖြစ်မှာပါ။ ဆိုဖာတွေ၊ စားပွဲတွေ သေချာ ထည့်လိုက်ရင်တော့ ပိုကောင်းသွားမှာပါ"

ကျွန်တော်တို့ ပထမထပ်ကို အေးအေးဆေးဆေး ပတ်ကြည့်ကြတယ်။

အထဲက အပြင်အဆင်တွေက တကယ်ကို ခမ်းနားပါတယ်။ အိပ်ခန်းမကြီး အပါအဝင် အိပ်ခန်း ၄ ခန်း ပါသလို စာကြည့်ခန်း၊ အိမ်တွင်းရုံးခန်း၊ ဧည့်ခံခန်း၊ အစည်းအဝေးခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံနဲ့ အားကစားခန်းမတွေလည်း ပါသေးတယ်။

ပထမထပ်က မီးဖိုချောင်က Irish ပုံစံ ဆောက်ထားပြီး Wine bar ပါ တွဲလျက် ပါတာပါ။ ဒါ့အပြင် မီးဖိုချောင် အသေးတစ်ခုလည်း သီးသန့် ရှိသေးတယ်။

"မီးဖိုချောင်က တအား ကျယ်တာပဲ။ ချက်ပြုတ်ရတာ တကယ် ကောင်းလောက်မယ်"

"ဘာပဲဖြစ်ဖြစ် ငါတို့ကတော့ အသင့်စား ခေါက်ဆွဲပြုတ်စားတာ ဒါမှမဟုတ် ကြာဇံပြုတ် မှာစားတာလောက်ပဲ လုပ်ဖြစ်မှာပါ"

"အဲဒါတော့ ဟုတ်တယ်"

ရေချိုးခန်းက အားလုံးပေါင်း ၆ ခန်း ရှိပါတယ်။ ပထမထပ်မှာ ၃ ခန်း၊ ဒုတိယထပ်မှာ ၃ ခန်းပါ။

မီးဖိုချောင်သုံး ပစ္စည်းတွေဖြစ်တဲ့ Oven တို့၊ Induction Cooktopတို့က ဂျာမနီလုပ်တွေ ဖြစ်ပြီး ရေချိုးခန်း အုပ်ကြွပ်တွေနဲ့ ရေချိုးကန်တွေကလည်း ထိပ်တန်း သွင်းကုန်တွေပါပဲ။ စာကြည့်ခန်းနဲ့ အစည်းအဝေးခန်းက ပရိဘောဂတွေကလည်း အကောင်းစားတွေချည်းပါပဲ။

ဒါတွေအားလုံးအတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်ခဲ့လဲ မသိဘူး။

ဂန်နမ်က သူဌေးမတွေ အိမ်ကို ပြန်ပြင်ဆင်တိုင်း ပရိဘောဂဆိုင်တွေမှာ သန်းထောင်နဲ့ချီပြီး သုံးကြတယ်ဆိုတာ နောက်တာ မဟုတ်ဘူးပဲ။

အဆောက်အဦးက ၅ နှစ် သက်တမ်း ရှိပြီဆိုပေမဲ့ ဝန်ထမ်းတွေက သေချာ ထိန်းသိမ်းထားတာကြောင့် အိမ်အသစ်အတိုင်း ဖြစ်နေပါတယ်။

"ဘယ်လိုလဲ။ ဂျင်ဟူ။ အိမ်သစ်ကို သဘောကျရဲ့လား" လို့ အယ်လီ က မေးတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"မျက်စိအေးပါတယ်"

မကြည့်ဘဲ ဝယ်လိုက်တာ ဖြစ်ပေမဲ့ ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။

မီးဆိုင်းတွေ၊ နံရံကပ် စက္ကူတွေ၊ ကြမ်းပြင်တွေကအစ ရေချိုးခန်း ပစ္စည်းတွေနဲ့ တံခါးလက်ကိုင်တွေအထိ အိမ်ရဲ့ အငွေ့အသက်နဲ့ ကောင်းကောင်း လိုက်ဖက်နေတယ်။

အိမ်တွင်း အပြင်အဆင်အကြောင်း ဘာမှမသိတဲ့ ကျွန်တော်တောင် ဒီအိမ်ရဲ့ ကျော့ရှင်းမှုကို ခံစားနေရတယ်။

"သူက စီးပွားရေး စီမံခန့်ခွဲတာမှာ မတော်ပေမဲ့ အိမ်အလှဆင်တာမှာတော့ ပါရမီ ပါတဲ့ပုံပဲ"

အစ်မအိုဟျွန်းဂျူး က ခပ်ဖွဖွ ရယ်လိုက်တယ်။

"နင် မသိဘူးလား။ ချဲယောင်ဟာ Modern Artကို မေဂျာ ယူခဲ့တာလေ။ အနုပညာ ပြပွဲတွေ လုပ်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်။ သူက အလှအပပိုင်းမှာ အမြင်ရှိတာ သေချာတာပေါ့"

"...."

အဲဒါဆိုရင်လည်း ဟျူဂျင်းကို ကျွမ်းကျင်တဲ့ သူတွေကို လွှဲပေးထားပြီး သူကတော့ အနုပညာ အလုပ်တွေပဲ ဆက်လုပ်နေပါတော့လား။ ဘာလို့ ကိုယ်တိုင် စီမံခန့်ခွဲပြီး ကုမ္ပဏီကို ဖျက်စီးပစ်တာလဲ။

ကျွန်တော်တို့ အိမ်ရှေ့တံခါးကနေတစ်ဆင့် ခြံထဲကို ထွက်ခဲ့ကြတယ်။

အဆောက်အဦးမကြီးနဲ့ သီးသန့်ဖြစ်နေတဲ့ နှစ်ထပ် အဆောက်အဦး အသေးလေး တစ်ခုလည်း ညာဘက်မှာ ရှိသေးတယ်။ အဲဒါကတော့ လုံခြုံရေး ဝန်ထမ်းတွေနဲ့ အိမ်အကူတွေ နေဖို့ နေရာပေါ့။

ခြံထဲကို သေချာ ပတ်ကြည့်ပြီးတော့ အယ်လီ က မျက်လုံးလေးတွေ တောက်ပပြီး မေးတယ်။

"ဘယ်တော့ ပြောင်းမှာလဲ"

"အင်း။ မသေချာသေးဘူး။ နည်းနည်းပါးပါး ပြန်ပြင်တာတွေ၊ အိမ်သုံး ပစ္စည်းတွေနဲ့ ပရိဘောဂတွေ ဝယ်ထည့်ရဦးမှာဆိုတော့ နှစ်သစ်ကူးပြီးမှ ဖြစ်လောက်မယ်။ အိမ်က တအား ကျယ်တာဆိုတော့ အဟောင်းတွေနဲ့ မရဘဲ အသစ်တွေ အကုန် ထပ်ဝယ်ရမှာလေ"

တက်ဂယူ ကတော့ အံ့သြလို့ မဆုံးဘူး။

" ဒီလို အိမ်မျိုးကို ဝယ်နိုင်တယ်ဆိုတော့ ဥက္ကဌ ချဲယောင်က တကယ် ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့တာပဲ"

"အေး။ ဟုတ်တယ်"

ဒါက ကျွန်တော့် နာမည်နဲ့ ပထမဆုံး ဝယ်တဲ့ အိမ်ပဲ။ အရင်အိမ်က တက်ဂယူ ဝယ်ထားတာပါ။

ကုမ္ပဏီ ပိုင်ဆိုင်မှုအနေနဲ့ သန်း ၅သောင်း တန် အဆောက်အဦးကို ဝယ်ခဲ့ဖူးပေမဲ့ ကိုယ်ပိုင်အိမ် ဝယ်ရတာက ခံစားချက် တစ်မျိုးပဲ။ တစ်ချိန်က စိတ်တောင် မကူးရဲခဲ့တဲ့အရာက အခုတော့ တကယ် ဖြစ်လာခဲ့ပါပြီ။

အစ်မ အိုဟျွန်းဂျူး က စီးကရက်ကို တစ်ချက် ဖွာလိုက်ပြီး ပြောတယ်။

"ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဟျူဂျင်း ပျက်စီးသွားမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ကုမ္ပဏီတစ်ခုမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒါကြောင့် အခြေအနေ ကောင်းနေချိန်မှာတောင် သတိရှိဖို့ လိုတယ်"

Kodak တို့၊ Nokia တို့လို ကမ္ဘာကျော် ကုမ္ပဏီတွေတောင် ခေတ်ရေစီးကြောင်းကို မဖတ်နိုင်လို့ တစ်ခဏအတွင်း ပျက်စီးသွားခဲ့တာပဲ။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလို မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"မှတ်ထားပါ့မယ်"

အစ်မ အိုဟျွန်းဂျူး က ပြုံးလိုက်တယ်။

"ဒါပေမဲ့ နင်တို့ နှစ်ယောက်လုံး ဒီအချိန်အထိ တော်တော် ကြိုးစားခဲ့တာပဲလေ။ အိမ်သစ် ဝယ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်"

ဒီအတောအတွင်းမှာ သတင်းတချို့ ထပ်တက်လာတယ်။

ပထမတစ်ခုကတော့ အွန်ဆောင်း အုပ်စုက လုံခြုံရေးလုပ်ငန်းမှာ အဆင့် ၆ ရှိတဲ့ JD Caps ကို ဝမ် သိန်းပေါင်း ၃ကုဋေနဲ့ ဝယ်ယူလိုက်တယ် ဆိုတာပဲ။

လုံခြုံရေး လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိပ်တန်း ကုမ္ပဏီ ၃ ခုကပဲ ကြီးစိုးထားတာ။ JD Caps ကတော့ အတိုင်းအတာ၊ ဝင်ငွေ ဒါမှမဟုတ် အမြတ်အစွန်းပိုင်းမှာ X-Cop ကို မယှဉ်နိုင်ပါဘူး။

X-Cop ကို ဝယ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် အလတ်စား ကုမ္ပဏီတစ်ခုကို ဝယ်ပြီး အဲဒါကို ကြီးထွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။

ဒုတိယ သတင်းကတော့ အွန်ဆောင်း အုပ်စုရဲ့ မဟာဗျူဟာရုံး စောင့်ကြည့်ရေး အဖွဲ့က စာရင်းစစ်ဆေးမှုတွေ စတင်နေပြီ ဆိုတာပဲ။

စီနီယာ ပတ်ဆန်းယော့ က ပြောတယ်။

"ပြိုင်ဆိုင်မှုမှာ ရှုံးသွားတာဆိုရင်တော့ ဘာမှမတတ်နိုင်ဘဲ လက်ခံရမယ်ဆိုပေမဲ့ အခုက သတင်းပေါက်ကြားသွားတဲ့ပုံစံ ဖြစ်နေတော့ သံသယ ဖြစ်စရာပဲလေ"

"စာရင်းစစ်ပြီဆိုရင်တော့ ဒီအတိုင်း အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူး" လို့ ကျွန်တော် ပြောလိုက်တယ်။

စီနီယာက ခေါင်းညိတ်တယ်။

"တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပဲ။ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် အတွက်တော့ ရာထူးကို ဆက်ထိန်းထားဖို့ ခက်လိမ့်မယ်။ တကယ်တော့ ဟန်ချန်ယောင်း က ဒီဝယ်ယူမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့ သူက နောက်တက်မယ့် ဥက္ကဋ္ဌဆိုတော့ သူ့ကို သွားပြီး အပြစ်တင်လို့ မရဘူးလေ"

"နောက်ဆုံးတော့ ဆိုဆန်းဝန် ပဲ မြေစာပင် ဖြစ်ရတော့မှာပေါ့"

"ဆိုဆန်းဝန် တစ်ယောက်ထဲ မဟုတ်ဘူး။ M&A အဖွဲ့ တစ်ခုလုံး စစ်ဆေးခံနေရတာ"

ဖုန်းပြောဆိုမှု မှတ်တမ်းတွေ၊ ငွေလွှဲမှတ်တမ်းတွေ၊ ဖုန်းတည်နေရာတွေကို ရှာဖို့ဆိုရင် ဝရမ်း လိုအပ်ပေမဲ့ (အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှုတွေကလွဲရင်ပေါ့)၊ အခု စာရင်းစစ် အဖွဲ့ကတော့ သူတို့ကို အဲဒီ အချက်အလက်တွေ ကိုယ်တိုင် တင်ပြဖို့ ညွှန်ကြားထားတာပါ။

တခြား ကုမ္ပဏီတွေနဲ့ ဆက်သွယ်တာ ရှိလား၊ ငွေလက်ခံရရှိတာ ရှိလား၊ လတ်တလော ဘယ်တွေ သွားခဲ့လဲဆိုတာတွေကို အကုန် စစ်ဆေးတော့မှာပါ။

ကုမ္ပဏီတစ်ခုက ဒီလိုမျိုး စစ်ဆေးပြီဆိုရင် ဝန်ထမ်းတွေအတွက် ငြင်းဖို့ မလွယ်ပါဘူး။ တကယ်လို့ အပြစ်မရှိဘူးဆိုရင် တင်ပြစရာ အကြောင်းမရှိဘူးလို့ ယူဆခံရမှာဖြစ်သလို မတင်ပြရင်လည်း အပြစ်ရှိလို့လို့ သံသယ ဝင်ခံရမှာလေ။

သူတို့ရဲ့ သိက္ခာတွေတော့ မြေလှန်ခံရတော့မှာပဲ။

တက်ဂယူ က ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။

"မင်းရဲ့ အမှားကြောင့် အပြစ်မရှိတဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းကုန်ပြီ"

"... အဲဒါက ဘာလို့ ငါ့အမှား ဖြစ်ရမှာလဲ"

"အင်း။ တစ်ဖက်က ကြည့်ရင်တော့ အွန်ဆောင်းရဲ့ အမှား မဟုတ်ဘူးပေါ့လေ"

စာရင်းစစ်တာ စပြီး ရက်အနည်းငယ်အကြာမှာပဲ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် အပါအဝင် M&A ညှိနှိုင်းရေး အဖွဲ့ဝင် အားလုံးက နုတ်ထွက်စာ တင်လိုက်ကြတယ်။

နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ စာရင်းစစ်ပြီးမှ သိရမှာ ဖြစ်ပေမဲ့ သစ္စာဖောက်လို့ အကြည့်ခံနေရတဲ့ အခြေအနေမျိုးမှာ ကုမ္ပဏီမှာ ဆက်နေဖို့က ခက်ခဲပါတယ်။

ဘဏ္ဍာရေး နယ်ပယ်ထဲ ဝင်ချင်တဲ့ အလုပ်ရှာဖွေသူတွေ အများကြီး ရှိပေမဲ့ အဖွဲ့အစည်းလိုက် အလုပ်လုပ်နိုင်ပြီး ငွေအများကြီးကို ကိုင်တွယ်နိုင်တဲ့ ထိပ်တန်း ပါရမီရှင်တွေကတော့ အကန့်အသတ် ရှိတာပါ။

ဆိုဆန်းဝန် ကတော့ Redstone Group Korea ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ တကယ့် ပါရမီရှင်တစ်ယောက်ပါပဲ။ Dongin Life အပါအဝင် ကိုရီးယား ဈေးကွက်မှာ M&A အမှုပေါင်းများစွာကို အောင်မြင်အောင် လုပ်ဆောင်ခဲ့လို့ နာမည်ကြီးခဲ့တယ်။ အဲဒီလို လူမျိုးကို ဟန်ချန်ယောင်း က အွန်ဆောင်း အုပ်စုထဲ ရောက်အောင် အသေအလဲ ကြိုးစားပြီး ခေါ်ယူခဲ့တာလေ။

ဒါပေမဲ့ အခုတော့ သူက သစ္စာဖောက်အဖြစ် အစစ်ခံနေရပြီ။

တကယ်တော့ သူ ဘာမှ မမှားခဲ့ပါဘူး။

တင်ဒါ ခေါ်ယူတဲ့ နေ့က ကျွန်တော်နဲ့ နှုတ်ဆက်ခဲ့တဲ့ အသက် ၄၀ ကျော် လူတစ်ယောက်ကို သတိရမိတယ်။

"သူ့ကို တစ်ခါလောက်တော့ တွေ့သင့်တယ်"

ကျွန်တော် ဆက်သွယ်လိုက်ပေမဲ့ တွေ့ရဖို့ သိပ်ပြီး မျှော်လင့်မထားဘူး။ ဒါပေမဲ့ ချက်ချင်းပဲ တွေ့မယ်ဆိုတဲ့ အဖြေ ပြန်လာတယ်။

ကျွန်တော် နဲ့ တက်ဂယူ တို့ ကုမ္ပဏီနားက ဂျပန်စားသောက်ဆိုင် တစ်ခုမှာ ဆိုဆန်းဝန် နဲ့ တွေ့ခဲ့ကြတယ်။ တင်ဒါ ခေါ်တဲ့နေ့ကထက်စာရင် အခု သူက ပိုပြီး စိတ်အေးလက်အေး ရှိနေတဲ့ပုံပါပဲ။ လတ်တလော ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း ပါမှာပေါ့။

နှုတ်ဆက်ပြီးတဲ့နောက် ထိုင်လိုက်ကြတယ်။

"ဘာစားမလဲ။ ဒီက တူနာငါးက အရမ်းကောင်းတယ်လို့ ကြားတယ်"

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က ခေါင်းခါပြတယ်။

"စားဖို့ မလိုပါဘူး။ ကျွန်တော် သိချင်တာ တစ်ခုရှိလို့ လာခဲ့တာပါ"

"ဘာများလဲ"

သူက ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး မေးတယ်။

"ကျွန်တော်တို့ဘက်က သတင်းပေါက်ကြားသွားတာ တကယ်ပဲလား"

ဒါကို သိချင်လို့ ဒီအထိ ပြေးလာတာလား။

"အဖွဲ့ခေါင်းဆောင်ကော ဘယ်လို ထင်လဲ"

"ဒုဥက္ကဋ္ဌ ဟန်ချန်ယောင်း နဲ့ ကျွန်တော်ကလွဲရင် ကျန်တဲ့ ၃ ယောက်ပဲ တင်ဒါဈေးကို သိတာလေ"

"အဲဒီထဲက တစ်ယောက်ယောက်က လာဘ်စားပြီး ဈေးကို ရောင်းစားလိုက်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က ခိုင်ခိုင်မာမာ ခေါင်းခါတယ်။

"ဒါက လုံးဝ မဖြစ်နိုင်တာပါ"

အားလုံးက သံသယ အောက်မှာ ရှိနေတာတောင် သူက သူ့အဖွဲ့ဝင်တွေကို နောက်ဆုံးအထိ ယုံကြည်နေတာလား။

ဒါကိုတော့ ချီးကျူးမိပါတယ်။

ကျွန်တော် Menu ကို ပိတ်လိုက်ပြီး မေးလိုက်တယ်။

"အဲဒါဆိုရင် အဲဒီဈေးနှုန်းက ဘယ်လို ထွက်လာတယ်လို့ ထင်လဲ"

"အဲဒါကို သိချင်နေတာပါ။ အဲဒီနေ့က လူကြီးတွေ ဘေးမှာ ကျွန်တော် စောင့်ကြည့်နေခဲ့တယ်။ အွန်ဆောင်း ရဲ့ ဈေးနှုန်းကို ကြေညာလိုက်တဲ့အချိန်မှာ ဒါရိုက်တာ အိုဟျွန်းဂျူး ရဲ့ မျက်နှာက တကယ့်ကို အံ့သြသွားတဲ့ပုံပဲ။ ဒါပေမဲ့ စီအီးအို ကတော့ အံ့သြသွားတဲ့ပုံ မပေါ်ဘူး။ အဲဒီပမာဏ ထွက်လာမယ်ဆိုတာကို ကြိုသိနေသလိုမျိုးပဲလေ"

ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ လိမ်လိုက်တယ်။

"မျက်နှာမှာ မပြလို့ပါ။ စိတ်ထဲမှာတော့ တကယ် အံ့သြသွားတာ"

ဘေးနားမှာ ထိုင်နေတဲ့ တက်ဂယူ ကလည်း ခေါင်းညိတ်ပြတယ်။

"ကျွန်တော်တို့က နည်းနည်း မျက်နှာသေပုံစံမျိုး ရှိတတ်လို့ပါ"

"အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ရဲ့ အမြင့်ဆုံး သတ်မှတ်ဈေးက သန်း ၂၉၂၀ ဒေါ်လာပါ။ ဒါပေမဲ့..."

ကျွန်တော် ဒီပမာဏကို ဘယ်လို တွက်ချက်ခဲ့လဲဆိုတာကို နည်းနည်း ချဲ့ကားပြီး ရှင်းပြလိုက်တော့ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က စိတ်ပျက်သွားတဲ့ပုံပဲ။

"ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား"

တက်ဂယူ က ရယ်ပြီး ပြောတယ်။

"လောကမှာ မထင်မှတ်ထားတဲ့ အရာတွေ ခဏခဏ ဖြစ်တတ်တာပဲလေ"

ကျွန်တော် စကားလမ်းကြောင်းလွှဲလိုက်တယ်။

"နုတ်ထွက်စာ တင်လိုက်ပြီလို့ ကြားတယ်။ ရှေ့ဆက် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ"

"ဘာအစီအစဉ်မှ မရှိသေးပါဘူး"

"ကျွန်တော်တို့ဘက်ကို လာခဲ့ပါလား"

ဒီစကားမျိုး ထွက်လာမယ်ဆိုတာကို သူ ကြိုတင် ခန့်မှန်းထားတဲ့ပုံပဲ။

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က ဘာမှ စဉ်းစားစရာ မလိုသလိုမျိုး ခေါင်းခါပြတယ်။

"ကျွန်တော် OTK Company ကို ရောက်သွားရင် တခြားလူတွေ ဘယ်လို မြင်မလဲ"

"အင်း။ သစ္စာဖောက်ပြီး ရာထူးတစ်ခု ရသွားတယ်လို့ ထင်ကြမလား"

"ကျွန်တော် တစ်သက်လုံး ဂုဏ်သိက္ခာရှိရှိ နေလာခဲ့တယ်လို့ မပြောနိုင်ပေမဲ့ ရှက်စရာကောင်းအောင်တော့ မနေခဲ့ပါဘူး။ ကမ်းလှမ်းတာကို ကျေးဇူးတင်ပေမဲ့ ငြင်းပယ်ပါရစေ"

ဒါက မလွယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။

ကျွန်တော် အလေးအနက်ထားပြီး ဖျောင်းဖျလိုက်တယ်။

"စဉ်းစားကြည့်စမ်းပါဗျာ။ တင်ဒါ ရလဒ်ကို အားလုံး သိသွားပြီပဲ။ အွန်ဆောင်း တင်မကဘဲ တခြား ကုမ္ပဏီတွေကလည်း အလားတူ သံသယတွေ ရှိကြမှာပဲလေ။ အပြင်မှာ ထုတ်မပြောရင်တောင် စိတ်ထဲမှာတော့ မတင်မကျ ဖြစ်နေကြမှာ သေချာတယ်။ ခင်ဗျား ဘယ်ကိုပဲသွားသွား ဒီလို အကြည့်မျိုးတွေကို ရင်ဆိုင်ရလိမ့်မယ်။ အဲဒါကို ခင်ဗျား တောင့်ခံနိုင်ပါ့မလား။ ဒါမှမဟုတ် အကုန်လုံးကို စွန့်လွှတ်ပြီး လူမသိသူမသိပဲ နေသွားတော့မှာလား"

ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်၊ သူကတော့ သစ္စာဖောက်အဖြစ် အမည်းစက် စွန်းသွားပါပြီ။ ဘဏ္ဍာရေး နယ်ပယ်မှာဆိုရင် ဒါက သေဒဏ်ပေးခံရသလိုပါပဲ။

"ဒီလုပ်ငန်းခွင်မှာ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က အပြစ်မရှိဘူးဆိုတာ သိတဲ့ တစ်ဦးထဲသော လူက ကျွန်တော်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီ တင်ဒါဈေးကို ကျွန်တော် ကိုယ်တိုင် ရေးခဲ့တာမလို့လေ"

"...."

သူ တော်တော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ခက်ခက်ခဲခဲ စကားပြန်ပြောလာတယ်။

"ကျွန်တော် OTK Company ကို ရောက်သွားရင် စီအီးအို ပါ ဝေဖန်ခံရတာကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး"

ပြိုင်ဘက် ကုမ္ပဏီက ဝန်ထမ်းကို ဆွဲဆောင်ပြီး တင်ဒါဈေး နှိုက်တာက တရားမဝင်တဲ့ အပြုအမူပါ။

အပြစ်ပေးဖို့အတွက် ခိုင်လုံတဲ့ သက်သေ လိုအပ်ပေမဲ့ ဝေဖန်ဖို့အတွက်ကတော့ သံသယရှိရုံနဲ့တင် လုံလောက်ပါတယ်။

ကျွန်တော် ခပ်ဖွဖွ ရယ်လိုက်တယ်။

"အဲဒါက ကိစ္စမရှိပါဘူး။ ဝေဖန်ခံရတာက ကျွန်တော့်အတွက် အသစ်အဆန်းမှ မဟုတ်တာ"

Brexit တုန်းကလည်း နိုင်ငံခြားငွေ ဈေးကွက်မှာ အမြတ်ထုတ်လို့ ဗြိတိန်တွေရဲ့ ဝေဖန်တာ ခံခဲ့ရသလို၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရိုနယ် အောင်နိုင်တုန်းကလည်း ဒိုင်ယန် ကို ထောက်ခံတဲ့ အမေရိကန်တွေရဲ့ ဝေဖန်တာ ခံခဲ့ရသေးတယ်။ ကိုရီးယားကို ပြန်ရောက်တော့လည်း အစိုးရနဲ့ ထိပ်တိုက်တွေ့လို့ အစိုးရဘက်တော်သားတွေရဲ့ ဝေဖန်တာကို ခံနေရတာပဲလေ။

"ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေသရွေ့ အဲဒါက အရေးမကြီးပါဘူး။ တခြားလူတွေ ဘာတွေးလဲဆိုတာကို ဘာလို့ ဂရုစိုက်နေမှာလဲ"

B2C (လူထုကို တိုက်ရိုက်ရောင်းချတဲ့) ကုမ္ပဏီတွေကတော့ လူထုရဲ့ အမြင်ကို အရမ်း အလေးထားကြပါတယ်။ ဒါကြောင့် ပုံရိပ်ကောင်းအောင် ကြော်ငြာတွေ အများကြီး လုပ်ကြတာပါ။

ဒါပေမဲ့ OTK Company က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလေ။ စားသုံးသူတွေနဲ့ တိုက်ရိုက် မပတ်သက်တာကြောင့် လူထုအမြင် ဒါမှမဟုတ် လူမှုရေး ရှုထောင့်တွေကို လွယ်လွယ်ကူကူပဲ လျစ်လျူရှုလို့ ရပါတယ်။ (ဒါက ကိုယ်ကျင့်တရား ပျက်ယွင်းခွင့် ရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး)။

ခေါင်းငုံ့ထားတဲ့ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် ကို ကျွန်တော် ပြောလိုက်တယ်။

"ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တောင်းပန်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံး ရှက်စရာ ဘာမှ မလုပ်ထားတာကြောင့် ရဲရဲဝံ့ဝံ့ ရပ်တည်လို့ ရတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ အသေအချာ ကတိပေးနိုင်တယ်။ ကျွန်တော်နဲ့ အလုပ်လုပ်ရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ကျွန်တော် ပြန်ဆယ်ပေးမယ်"

ကျွန်တော့် စကားကြောင့် သူ့မျက်လုံးတွေထဲမှာ အရောင်တစ်မျိုး လက်သွားတယ်။

"ဘာကို ဆိုလိုတာလဲ"

ကျွန်တော် ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလိုက်တယ်။

"ကျွန်တော် နောက်ထပ် လုပ်မယ့် အရာတွေကို မြင်လိုက်ရင် သိန်း ၁သောင်း ကွာခြားချက်နဲ့ သိန်းပေါင်း ၃ကုဋေတန် အလုပ်ကို ဖြတ်လုခဲ့တာက ဘာမှမဟုတ်ပါလားဆိုတာ အားလုံး သိသွားကြလိမ့်မယ်"

All Chapters