← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄)

ကျွန်တော်က အားလပ်ရက်ခရီးထွက်ဖို့အတွက် တက်ဂယူ၊ အယ်လီတို့နဲ့အတူ ယုံအင်းကို သွားခဲ့တယ်။

အယ်လီက ကားမောင်းပြီး ကျွန်တော်က ဘေးခုံမှာ ထိုင်ပါတယ်။ တက်ဂယူကတော့ နောက်ခုံမှာ ထိုင်လိုက်တယ်။

"ယုံအင်းကို ဘာလို့ သွားတာလဲ"

အယ်လီက ပုံမှန်ဝတ်လေ့ရှိတဲ့ အနက်ရောင်ဝတ်စုံအစား အဖြူရောင်ဆွယ်တာ၊ စကတ်ရှည်နဲ့ နေကာမျက်မှန်ကို တွဲဖက်ဝတ်ဆင်ထားတယ်။ ကြည့်ရတာ အပန်းဖြေခရီးထွက်မယ့် ပုံစံမျိုးပေါ့။

"ဥက္ကဌ လင်ဂျင်ယုံက တွေ့ချင်လို့တဲ့"

"ဘာကိစ္စရှိလို့လဲ"

"နည်းနည်းတော့ နောက်ကျသွားပေမယ့် ခရစ္စမတ်လက်ဆောင် ပေးချင်လို့တဲ့"

အယ်လီက ခေါင်းစောင်းပြီး စဉ်းစားတယ်။

"ဘယ်လိုလက်ဆောင်မျိုးမလို့ ယုံအင်းအထိ အဝေးကြီး လာခိုင်းရတာလဲ"

တက်ဂယူက ကြားဖြတ်ပြောတယ်။

" Neverland နှစ်ပတ်လည် အသင်းဝင်ကတ် ပေးမလို့ နေမှာပေါ့"

"အဲဒါက လူကြီးတွေနဲ့ မကိုက်ပါဘူး"

ကျွန်တော်တို့က အဲဒီဝင်ခွင့်အသင်းဝင်ကတ်ကို ဘယ်လောက်တောင် သုံးဖြစ်မှာမလို့လဲ။

ကျွန်တော်တို့ Neverlandနဲ့ ကပ်လျက်မှာရှိတဲ့ ကားမောင်းကွင်းကို ရောက်လာခဲ့တယ်။ ဒီနေရာကလည်း ဆိုဆောင်းအုပ်စုပိုင်ဖြစ်ပြီး တစ်ခါတရံ ပြိုင်ကားပြိုင်ပွဲတွေ ဒါမှမဟုတ် ကုမ္ပဏီပွဲတွေနဲ့ ကားမိတ်ဆက်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

အရင်ဆုံး ရောက်နေတဲ့ ဥက္ကဌ လင်ဂျင်ယုံက ကျွန်တော်တို့ကို ကြိုဆိုတယ်။

"လာပေးလို့ ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ဖို့မလိုပါဘူးခင်ဗျာ"

"ရာသီဥတုက အေးနေတော့ အထဲကို မြန်မြန်ဝင်ကြရအောင်"

ကျွန်တော်တို့ သူ့နောက်ကနေ ကားမောင်းကွင်းရဲ့ အတွင်းဘက်ကို လိုက်သွားခဲ့တယ်။

ဥက္ကဌ လင်က ရီမုဒ်ကို နှိပ်လိုက်တဲ့အခါ ကားဂိုဒေါင်တံခါး ပွင့်သွားပြီး ကားပြတိုက်တစ်ခုလိုမျိုး ကားအမြောက်အမြားကို တွေ့လိုက်ရတယ်။

ကျွန်တော်တို့ အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။

ကားအစီးရေက ၁၀၀ ကျော်လောက် ရှိပုံရပြီး ပြည်တွင်းဖြစ် တစ်စီးမှမပါဘဲ အားလုံးက နိုင်ငံခြားမော်ဒယ်တွေပါ။ ပြိုင်ကားအလန်းစားတွေကနေ Sedanကားကြီးတွေအထိ၊ အသစ်ထွက်ထားတဲ့ ကားတွေကနေ တကယ့်ဂန္ထဝင် မော်ဒယ်ဟောင်းတွေအထိ စုံလင်လှတယ်။

Rolls-Royce Phantom၊ Ghost နဲ့ Wraith တို့က တန်းစီရှိနေပြီး Porsche 911 ဆိုရင်လည်း မျိုးဆက်အမျိုးမျိုး၊ အရောင်အမျိုးမျိုး ရှိနေတာပါ။ ပြည်တွင်းမှာ မြင်တွေ့ရခဲတဲ့ Bugatti နဲ့ Alfa Romeo လိုမျိုး ကားတချို့လည်း ရှိသေးတယ်။

တက်ဂယူက မေးတယ်။

"ဒီကားတွေက ဘာတွေလဲ"

"ဒါတွေက ကွယ်လွန်သူ ငါ့အဖေ စုဆောင်းခဲ့တဲ့ ကားတွေပါ" လို့ ပြန်ဖြေတယ်။

ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ်က ကားဝါသနာအိုး တစ်ယောက်အဖြစ် ကျော်ကြားခဲ့တယ်။ သူက အလုပ်ချိန်အတွင်းမှာတောင် အနီးအနားမှာရှိတဲ့ Porsche ဒါမှမဟုတ် Bentley အရောင်းပြခန်းတွေကို သွားပြီး ကားတချို့ကို ဝယ်ယူခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လေ့ရှိတယ်လို့ ပြောကြတယ်။

သူက ကားတွေကို အလွန်အမင်း သဘောကျတာမလို့ နောက်ဆုံးမှာ မော်တော်ကား လုပ်ငန်းထဲကိုပါ ခြေစုံပစ်ဝင်ခဲ့တယ်။ အဲဒီတုန်းက IMF အကြပ်အတည်း မတိုင်ခင်က အွန်ဆောင်း မော်တာ၊ ဒေဟူး မော်တာနဲ့ ချောင်လျောင် မော်တာလိုမျိုး ကုမ္ပဏီတွေ လည်ပတ်နေကြပြီး ပြည်တွင်းဈေးကွက်က ပြည့်နှက်နေခဲ့တာပါ။

ဒါကြောင့် နိုင်ငံရေးနယ်ပယ်မှာ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိခဲ့တာလေ။ ဒါပေမယ့် ဥက္ကဌ လင်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ဘဲ နောက်ဆုံးမှာ ဆိုဆောင်း မော်တာကို တည်ထောင်ခဲ့ပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ ဒေဝါလီခံခဲ့ရပြီး Renault ကုမ္ပဏီက ဝယ်ယူသွားခဲ့တယ်။

ဒါက ဥက္ကဌတစ်ယောက်ရဲ့ ဝါသနာက ကုမ္ပဏီတစ်ခုလုံးကို ဘယ်လို ပျက်စီးစေနိုင်လဲဆိုတာ ပြသနေတဲ့ သာဓကကောင်းတစ်ခုပါပဲ။ အဲဒီဖြစ်ရပ်ပြီးနောက်မှာတော့ သူက တခြားအရာတွေကို အာရုံမများတော့ဘဲ အီလက်ထရောနစ် လုပ်ငန်းကို အောင်မြင်အောင် မြှင့်တင်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ အဆင်ပြေသွားခဲ့တယ်။

တက်ဂယူက လက်ပိုက်ပြီး ပြောတယ်။

"ဒါက ငါ အရုပ်တွေနဲ့ ဂိမ်းပစ္စည်းတွေကို စုဆောင်းတာနဲ့ မတူဘူးလား"

"အင်း...."

တူတော့ တူနိုင်ပေမယ့် ငွေပမာဏချင်းကတော့ လုံးဝ ကွာခြားလွန်းတယ်လေ။

"ဒီကားတွေ အားလုံးပေါင်းရင် တန်ဖိုး ဘယ်လောက်ရှိလဲ"

တက်ဂယူက မေးတယ်။

ဥက္ကဌ လင်ဂျင်ယုံက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေတယ်။

"ဝမ် သန်း ၅သောင်းလောက် ရှိမယ်"

"……."

ဟုတ်ပါတယ်လေ။ ဥက္ကဌတစ်ယောက်ရဲ့ ဝါသနာဆိုရင် ဒီလောက်တော့ တန်ဖိုးရှိရမှာပေါ့။

ဗဟုသုတအနေနဲ့ ပြောရရင် ချမ်းသာတဲ့သူတိုင်းက ဒီလိုမျိုး နေထိုင်ကြတာတော့ မဟုတ်ပါဘူး။ ဝါရင် ဘတ်ဖတ်နဲ့ IKEA တည်ထောင်သူ အင်ဂဗာ ကမ်ပရက်ဒ် လိုမျိုး ခြိုးခြံချွေတာတဲ့ ကုဋေကြွယ်သူဌေးတွေလည်း ရှိပါသေးတယ်။ သူတို့နှစ်ယောက်လုံးက ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ်ထက် ပိုက်ဆံ ပိုချမ်းသာကြတဲ့သူတွေပါ။

အုပ်စုဥက္ကဌတစ်ယောက်က ကားကို ကိုယ်တိုင် ဘယ်လောက်တောင် မောင်းဖြစ်မှာမလို့လဲ။ အများစုကတော့ ဝယ်ထားပြီး သိပ်မမောင်းဖြစ်တဲ့ ကားတွေ ဖြစ်ပါလိမ့်မယ်။

တက်ဂယူက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

"ခရစ္စမတ်လက်ဆောင်က ဘာများလဲ"

ဥက္ကဌ လင်ဂျင်ယုံက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ပြောတယ်။

"ဒါတွေပဲလေ"

"ဗျာ"

"ငါ မင်းတို့ နှစ်ယောက်လုံးကို ဒီထဲက ကားတစ်စီးစီ လက်ဆောင်ပေးမလို့ပါ။ တစ်ယောက်ကို တစ်စီးစီ ကြိုက်တာ ရွေးနိုင်ပါတယ်"

ကျွန်တော်တို့ အံ့ဩသွားခဲ့ရတယ်။

ကားကို လက်ဆောင်ပေးမယ် ဟုတ်လား။

"ဒါက ကုမ္ပဏီပိုင် မဟုတ်ဘဲ ငါ့အဖေရဲ့ နာမည်နဲ့မလို့ စိတ်ကြိုက်ရွေးပြီး ယူသွားလို့ရပါတယ်"

ကျွန်တော့်မှာ ကိုယ်ပိုင်ကားအနေနဲ့ Porsche Panamera ရှိပြီး အလုပ်အတွက် Mercedes S-Class ရှိပေမယ့် အဲဒီလောက်အထိ မမောင်းဖြစ်ပါဘူး။

Ferrari ပဲဖြစ်ဖြစ်၊ Lamborghini ပဲဖြစ်ဖြစ် ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ဝယ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ မလိုအပ်ခဲ့တာပါ။

လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး။ တစ်ခုခုကို လက်ခံရရှိရင် အဲဒီတန်ဖိုးနဲ့ ညီမျှတဲ့ အရာတစ်ခုခုကို ပြန်ပေးရမှာလေ။

ကျွန်တော် ငြင်းလိုက်တဲ့အခါ ဥက္ကဌ လင်ဂျင်ယုံက ရယ်မောပြီး ပြောတယ်။

"အဝေးကြီးကနေ လာခဲ့ရတာပဲ၊ တစ်စီးလောက် ရွေးလိုက်ပါ။ ငါလည်း ထိန်းသိမ်းရတာ ခက်လာလို့ အနည်းငယ်ပဲ ချန်ထားဖို့ စဉ်းစားနေတာ"

သူက ဒီလောက်အထိ ပြောနေတာဆိုတော့ လက်ခံသင့်လား။

ခဏလောက် စဉ်းစားပြီးတဲ့နောက် ကျွန်တော် ပြောလိုက်တယ်။

"ကျွန်တော် အယ်လီအတွက် ကားတစ်စီး ရွေးပေးလို့ရမလား"

"ရတာပေါ့"

အယ်လီက အံ့ဩသွားတယ်။

"တကယ်လား"

"အင်း။ ကုမ္ပဏီကားကလွဲရင် ကိုယ်ပိုင်ကား မရှိသေးဘူးမလား။ ဒီတစ်ခါတော့ လက်ဆောင်ပေးမယ်"

အတိအကျ ပြောရရင်တော့ ဥက္ကဌ လင်ဂျင်ယုံက လက်ဆောင်ပေးတာပါ။

ကျွန်တော့်စကားကို ကြားတော့ အယ်လီက ဝမ်းသာအားရနဲ့ ကျွန်တော့်ကို ဖက်ပြီး ပါးကို နမ်းလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

တက်ဂယူက ဝင်ပြောတယ်။

"ဒါဆို ကျွန်တော်လည်း ကျွန်တော့်အစ်မအတွက် တစ်စီး ရွေးလို့ရမလား"

ဘာပဲပြောပြော သူက သူ့အစ်မကို အရင်ဆုံး စဉ်းစားပေးတတ်တဲ့ ကြင်နာတတ်တဲ့ မောင်လေးတစ်ယောက်ပါပဲ။

ဥက္ကဌ လင်ဂျင်ယုံက ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်ပြတယ်။

"ရတာပေါ့"

တက်ဂယူက ကားတစ်စီးကို လက်ညှိုးထိုးပြီး အသံတိုးတိုးနဲ့ မေးတယ်။

"ငါ အဲဒီကားကို ရွေးလို့ရမလား"

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"Bugatti Veyron ကတော့ နည်းနည်း..."

ဒါက ဒီထဲမှာ အဈေးကြီးဆုံး ကားဖြစ်နေတာက အထင်အရှားပဲလေ။ ဝမ် သန်း ၂၅၀၀ လောက် ရှိမလားပဲ။

အလကားရတယ်ဆိုရင်တောင် ကိုယ်ချင်းစာတရားတော့ ရှိရမယ်။

သူတို့ ကားရွေးနေကြတုန်း ကျွန်တော်က ကားဂိုဒေါင်ကို လှည့်ပတ်ကြည့်ရင်း ဥက္ကဌ လင်ဂျင်ယုံနဲ့ စကားပြောဖြစ်ခဲ့တယ်။

"ကိုရီးယားမှာ စတော့ဈေးကွက် ပြိုလဲနေပေမယ့် ဆိုဆောင်း အီလက်ထရောနစ်ကတော့ ကြံ့ကြံ့ခံနေတုန်းပဲနော်"

"မင်းကြောင့် ငါတို့ရဲ့ အမှတ်တံဆိပ်ကို လူသိများမှုက အများကြီး မြင့်တက်လာခဲ့တာပါ"

ဆိုဆောင်း အီလက်ထရောနစ်က မဟာငလျင်ကြီး ဖြစ်ရပ်တုန်းက ကယ်ဆယ်ရေးနဲ့ ကူညီမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သူတို့ရဲ့ အမှတ်တံဆိပ်ကို ပိုပြီး ခိုင်မာစေခဲ့တယ်။

B2C ကုမ္ပဏီတွေက လူသိများမှုနဲ့ လူကြိုက်များမှုကို မြှင့်တင်ဖို့အတွက် နှစ်စဉ် ကြော်ငြာခတွေ အမြောက်အမြား သုံးစွဲနေကြရတာကို တွေးကြည့်ရင် သူတို့က အဲဒီကနေ တကယ်ပဲ အကျိုးကျေးဇူး ရရှိခဲ့တာပါ။

လူသုံးကုန် ဈေးကွက်က နှေးကွေးနေတာကြောင့် အရောင်းပမာဏ ချက်ချင်း မြင့်တက်လာတာမျိုး မရှိသေးပေမယ့် စီးပွားရေး ပြန်လည်ကောင်းမွန်လာတဲ့အခါ သူတို့တွေ အကျိုးအမြတ် ရရှိမှာကတော့ သေချာပါတယ်။

"ဒါထက် ပိုအရေးကြီးတာက အွန်ဆောင်း မော်တာရဲ့ အခြေအနေက မျှော်လင့်ထားတာထက် ပိုဆိုးနေတာပဲ။ သတင်းထဲမှာ တွေ့လိုက်တယ်။ အစိတ်အပိုင်း ထောက်ပံ့တဲ့ ကုမ္ပဏီတွေကတော့ သက်ပြင်းချနိုင်သွားကြပြီပေါ့"

"ဒါက ယာယီပါပဲ"

"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ပို့ကုန် အခြေအနေ ခက်ခဲနေချိန်မှာ ပြည်တွင်းဈေးကွက်ပါ ရပ်တန့်သွားရင် အခြေအနေက တကယ့်ကို ဆိုးရွားသွားလိမ့်မယ်"

ဆောက်လုပ်ရေးနဲ့ မော်တော်ကား လုပ်ငန်းတွေက အခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ရင် ဆက်စပ်နေတဲ့ လက်ခွဲကုမ္ပဏီတွေ အများကြီး ရှိတာပါ။ ဒါကြောင့် သာမန်ပြည်သူတွေရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုက ပြင်းထန်လှပါတယ်။

စီးပွားရေး မကောင်းတဲ့အခါ အစိုးရက SOC စီမံကိန်းတွေကို စတင်တာ ဒါမှမဟုတ် ကားမှတ်ပုံတင်ခွန်တွေကို လျှော့ချပေးတာက အကြောင်းမဲ့ မဟုတ်ပါဘူး။

"အွန်ဆောင်း မော်တာနဲ့ ပတ်သက်ပြီး ဘာလုပ်ဖို့ စဉ်းစားထားလဲ"

ကျွန်တော် ခါးသီးစွာနဲ့ ပြုံးလိုက်တယ်။

"ကျွန်တော် ဘာလုပ်နိုင်မှာမလို့လဲ"

"ဘယ်ကုမ္ပဏီမှ OTK Company ရဲ့ သြဇာလွှမ်းမိုးမှုကို လျစ်လျူမရှုနိုင်ပါဘူးကွာ။ အထူးသဖြင့် မော်တော်ကား ကဏ္ဍမှာပေါ့"

ဥက္ကဌ လင်ဂျင်ယုံက အကြံဉာဏ်ပေးတဲ့ ပုံစံနဲ့ ပြောတယ်။

"ခဏတဖြုတ်တော့ အခက်အခဲ ကြုံရနိုင်ပေမယ့် အွန်ဆောင်း မော်တာက ဒီလောက်နဲ့တင် ပြိုလဲသွားမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင်တော့ ကူညီနိုင်တဲ့နေရာမှာ ကူညီပေးပြီး အရေးကြီးတဲ့ အရာတွေကို ဂရုစိုက်တာက ပိုကောင်းပါတယ်"

ကျွန်တော် တဟားဟား ရယ်မောလိုက်တဲ့အခါ သူက မေးတယ်။

"ဘာလို့ ရယ်တာလဲ"

"ဪ….အစ်မ အိုဟျွန်းဂျူးကလည်း ဒီအတိုင်းပဲ ပြောခဲ့လို့ပါ"

ကျွန်တော်တို့ စကားပြောရင်း ကားဂိုဒေါင်ကို လှည့်ပတ်ကြည့်ရှုပြီး ကားတွေကို ကြည့်လို့ ပြီးသွားခဲ့တယ်။

တက်ဂယူကတော့ စဉ်းစားလို့ မပြီးသေးဘူး။

"ဒါက တခြားကမ္ဘာကို ရောက်သွားတဲ့ ဇာတ်လိုက်က နဂါးဂူထဲမှာ လက်နက်တွေ ရွေးချယ်နေရသလိုမျိုး ခံစားချက်နဲ့ တူတယ်"

အဲဒါက မလိုအပ်ဘဲ အသေးစိတ်ကျလွန်းတဲ့ ဥပမာပဲ။

ကားဂိုဒေါင်ရဲ့ ဟိုဘက်အခြမ်းကနေ အယ်လီရဲ့ အော်သံကို ကြားလိုက်ရတယ်။

"ဒီကို ခဏလောက် လာပါဦး"

အနီရောင် Ferrari ထဲမှာ ထိုင်နေတဲ့ အယ်လီက ပြုံးရင်းနဲ့ ပြောတယ်။

"ဒီ Ferrari ကို ဘယ်လိုထင်လဲ။ ငါနဲ့ တကယ့်ကို လိုက်ဖက်တယ်လို့ ထင်လား"

အယ်လီက နောက်ဆုံးမှာ Ferrari 458 Spider ကို ရွေးချယ်ခဲ့ပြီး တက်ဂယူကတော့ အစ်မ အိုဟျွန်းဂျူးအတွက် Lamborghini Aventadorကို ရွေးချယ်ခဲ့တယ်။

နှစ်စီးပေါင်းရင် ဝမ် သန်း ၁ထောင် လောက် ကျမလားပဲ။

ကျွန်တော်တို့ ချက်ချင်းပဲ ဆိုဆောင်း အာမခံကုမ္ပဏီကို ဆက်သွယ်ပြီး အာမခံထားလိုက်ကြတယ်။

တက်ဂယူက ပြောတယ်။

"နောက်မှ ပိုက်ဆံပြန်အမ်းခိုင်းလို့ မရဘူးနော်"

ဥက္ကဌ လင်ဂျင်ယုံက ရယ်မောပြီး ပြန်ဖြေတယ်။

"ဘာပဲဖြစ်ဖြစ် မောင်းတောင် မမောင်းဖြစ်မယ့် ကားတွေပဲဟာ။ ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ စာရွက်စာတမ်းတွေကို ကုမ္ပဏီဆီ ပို့ပေးလိုက်မယ်"

ကျွန်တော်တို့ရဲ့ ကားဟောင်းကိုတော့ ဝန်ထမ်းတစ်ယောက်ကို ကုမ္ပဏီဆီ မောင်းပြန်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဥက္ကဌ လင်ကို နှုတ်ဆက်ပြီးတဲ့နောက် ကျွန်တော်တို့ ကားထဲကို ဝင်ထိုင်လိုက်ကြတယ်။

အယ်လီက မောင်းသူနေရာမှာ ထိုင်ပြီး အင်ဂျင်ကို နှိုးလိုက်တယ်။

ကားကိုမောင်းနှင်ထားတဲ့ အကွာအဝေးက ကီလိုမီတာ ၃၀၀ လောက်ပဲ ရှိပါသေးတယ်။ ကားထိန်းသိမ်းတဲ့သူတွေက တစ်ခါတရံ စမ်းသပ်မောင်းနှင်တာကြောင့်သာ ကီလိုမီတာ ၃၀၀အထိ ရှိထားတာဖြစ်မှာပါ။

"ဒီလောက် ကောင်းတဲ့ကားကို ဒီအတိုင်းပဲ ရပ်ထားရတာ တကယ့်ကို နှမြောစရာပဲ"

"အယ်လီ။ အခုကစပြီး နင့်စိတ်ကြိုက် မောင်းလို့ရပါပြီ"

အယ်လီက ပျော်ရွှင်စွာ ပြုံးရင်း ပြန်ဖြေတယ်။

"အင်း။ မောင်းရမှာပေါ့"

အထဲကို ရောက်တဲ့အခါ ထိုင်ခုံက နိမ့်လွန်းလို့ သက်တောင့်သက်သာ မရှိလှဘူး။ စနစ်ကလည်း ကိုရီးယားစာနဲ့မပြဘဲ အင်္ဂလိပ်လိုပဲ ပြသနေပြီး ဒီဘက်ခေတ်မှာ ကားအသေးလေးတွေမှာတောင် ပါဝင်တတ်တဲ့ ထိုင်ခုံအပူပေးစနစ်လည်း မပါပါဘူး။

"ဒါပေမယ့်လည်း Ferrari ကတော့ Ferrari ပဲလေ"

"သဘောကျရဲ့လား"

အယ်လီက သဘောကျတာပေါ့ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။

"သဘောကျတာပေါ့။ Ferrari ပဲဟာ"

သက်တောင့်သက်သာ ရှိမှုကို ရှာဖွေနေတာဆိုရင်တော့ Sedanကားကိုပဲ ရွေးချယ်သင့်တာလေ။

သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ရသလောက်တော့ တကယ်ကို ကျေနပ်နေပုံရတယ်။ ကျွန်တော်တို့ရဲ့ နောက်ကနေ တက်ဂယူက အဝါရောင် Lamborghini နဲ့ စိတ်လှုပ်ရှားစွာ လိုက်လာခဲ့တယ်။

ကျွန်တော့်ဘဝမှာ တက်ဂယူက Lamborghini မောင်းတာကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

ဒါက အောင်မြင်တဲ့ အိုတာကူတစ်ယောက်ရဲ့ ပြယုဂ်လား။

ကျွန်တော် စဉ်းစားနေတုန်း ဖုန်းမြည်လာခဲ့တယ်။

ကျွန်တော် ဖုန်းကို ကိုင်လိုက်တယ်။

"ဟုတ်ကဲ့။ အမေ"

[နင် ဒုံတန်က အဖေ့ရဲ့ အမှတ်တရပန်းခြံကို သွားခဲ့သေးလား]

ကျွန်တော့်အဖေရဲ့ အရိုးပြာကို ဒုံတန်မှာရှိတဲ့ အမှတ်တရပန်းခြံတစ်ခုမှာ ဂူသွင်းထားတာ ဖြစ်ပါတယ်။

"မသွားပါဘူး။ ဘာလို့လဲ"

[အမေ ဒီမနက် သွားခဲ့တုန်းက ပန်းတွေ ချထားတာ တွေ့လို့]

"ကျွန်တော် သွားခဲ့ရင် အမေ့ကို ပြောမှာပေါ့"

[အဖေ့ဆီကို လာမယ့်သူလည်း မရှိပါဘူး။ ဆွေမျိုးတွေထဲက တစ်ယောက်ယောက် လာသွားတာများလား]

"မဖြစ်နိုင်တာ"

ကျွန်တော်တို့တွေ ဆွေမျိုးတွေကို မောင်းထုတ်လိုက်ကတည်းက ဘာအဆက်အသွယ်မှ မရှိတော့တာပါ။

[ဒါဆို ဘယ်သူ ဖြစ်မလဲ။ ဘာပဲဖြစ်ဖြစ် အပြင်မှာ အေးနေတော့ အဝတ်အစား နွေးနွေးထွက်ဝတ်ဦးနော်]

"ဟုတ်ကဲ့"

ကျွန်တော် ဖုန်းချလိုက်တဲ့အခါ လူတစ်ယောက်ကို ပြေးမြင်မိသွားတယ်။

သူက တကယ်ပဲ ကျွန်တော့်အဖေ့ဆီကို သွားခဲ့တာလား။

ကျွန်တော် ထိုင်ခုံကို မှီလိုက်ရင်း အစ်မ အိုဟျွန်းဂျူးနဲ့ ဥက္ကဌ လင်ဂျင်ယုံတို့ရဲ့ စကားတွေကို ပြန်လည် သတိရမိတယ်။

စီးပွားရေးက စီးပွားရေးပဲလား။

ကျွန်တော် ဘာတွေ ပေးနိုင်ပြီး ဘာတွေ ရနိုင်မလဲ။

အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲကို ဟိုလိုဂရမ်တစ်ခု ပေါ်လာခဲ့တယ်။

CarOS ကနေ Eunsung Truckကို ဝယ်ယူခြင်း -

ကျွန်တော် ချိန်းထားတဲ့နေရာမှာ စောင့်နေခဲ့တယ်။ ခဏလောက် ကြာပြီးတဲ့နောက် အမျိုးသားတစ်ဦး တံခါးဖွင့်ပြီး ဝင်လာခဲ့တယ်။

သူက နောက်ဆုံးတစ်ခါတွေ့ခဲ့တာထက် ပိုပြီး အိုစာသွားပုံရတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာအမူအရာကတော့ ပိုပြီး ပေါ့ပါးနေခဲ့တယ်။ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ချပစ်လိုက်နိုင်တဲ့ ပုံစံမျိုးပါပဲ။

ကျွန်တော် သူ့ကို နှုတ်ဆက်ပြီး မေးလိုက်တယ်။

"စီမံခန့်ခွဲမှုကနေ တကယ်ပဲ လုံးဝ အနားယူလိုက်ပြီလား"

ကျွန်တော့်ရှေ့က သက်ကြီးရွယ်အို အမျိုးသားက ပြုံးရင်းနဲ့ ခေါင်းညိတ်ပြတယ်။

"ဟုတ်ပါတယ်။ အစောကြီးကတည်းက အနားယူသင့်တာကို ငါ့ရဲ့ လောဘကြောင့် နောက်ကျသွားခဲ့တာ။ အခုတော့ ရေမြေကောင်းမွန်တဲ့ နေရာမှာ အေးအေးဆေးဆေး နေထိုင်ဖို့ စဉ်းစားထားတယ်။ မင်းက ငယ်သေးတော့ နားမလည်နိုင်သေးပေမယ့် ငါ့အသက်အရွယ် ရောက်လာရင် ရောဂါမျိုးစုံ ကပ်ငြိလာတတ်တာ သဘာဝပဲလေ"

"……."

ဒါကြောင့်ပဲ တရားစွဲခံရတဲ့ ဥက္ကဌတွေက တရားရုံးကိုလာရင် ဘီးတပ်ကုလားထိုင်တွေနဲ့ပဲ လာကြတာလား။

လေအိတ် ချို့ယွင်းချက်ကို ဖုံးကွယ်ထားခဲ့တဲ့ အချက်ကို လူသိများလာတဲ့အခါ အွန်ဆောင်း မော်တာအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့တယ်။ ဥက္ကဌ ဟန်မင်းဂူက တာဝန်ယူတဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်ခဲ့တာကြောင့် ပြည်သူတွေရဲ့ ဒေါသက အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့တယ်။

ဒါပေမယ့် ပြဿနာက လုံးဝ ပြေလည်သွားတာတော့ မဟုတ်ပါဘူး။

"ဒီရက်ပိုင်း အဲလ်ဘတ် စီမံခန့်ခွဲမှုက အွန်ဆောင်း မော်တာကို ပစ်မှတ်ထားပြီး short sales တွေကို အပြင်းအထန် လုပ်ဆောင်နေတယ်နော်"

ဟန်မင်းဂူက ခေါင်းခါပြတယ်။

"ငါလည်း သိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တုံ့ပြန်ဖို့ ထိရောက်တဲ့ နည်းလမ်း မရှိသေးဘူး"

ကျွန်တော်တို့နိုင်ငံရဲ့ ကုမ္ပဏီကြီးတွေရဲ့ အုပ်ချုပ်မှုပုံစံက Semiconductor ပတ်လမ်းတွေလိုမျိုး ရှုပ်ထွေးလှပါတယ်။ ဒါက အွန်ဆောင်း မော်တာအတွက်လည်း အတူတူပါပဲ။

စတော့ဈေးကွက်မှာ စာရင်းသွင်းထားတဲ့ လက်ခွဲကုမ္ပဏီတွေကနေ စာရင်းမသွင်းရသေးတဲ့ ကုမ္ပဏီတွေအထိ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေက ရှုပ်ထွေးစွာ ဆက်စပ်နေပြီး လက်ခွဲကုမ္ပဏီအဖြစ် တရားဝင် မပါဝင်တဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတချို့လည်း ရှိနေတာပါ။

အွန်ဆောင်း မော်တာက အဓိကအားဖြင့် ကားထုတ်လုပ်ရေး ဖြစ်ပေမယ့် Eunsung Capital နဲ့ Eunsung Card လိုမျိုး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း ရှိပါတယ်။ (ကားဆိုတာ အိမ်ပြီးရင် ဒုတိယမြောက် အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်တာကြောင့် အများစုက အရစ်ကျစနစ် ဒါမှမဟုတ် ငှားရမ်းမှုစနစ်တွေနဲ့ ဝယ်ယူကြတာပါ။ ကုမ္ပဏီအတွက်ကတော့ ကားရောင်းချရုံတင် မကဘဲ ငွေကြေးဝန်ဆောင်မှုကိုပါ တွဲဖက်ပေးနိုင်တာက ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။)

ငွေကြေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းကို သီးခြားခွဲထုတ်ဖို့ တင်းကြပ်လာတာနဲ့အမျှ စီမံခန့်ခွဲပိုင်ခွင့်ကို ဆက်ခံချိန်မှာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေကို ဖြတ်တောက်ပြီး အုပ်ချုပ်မှု ကုမ္ပဏီစနစ် (Holding company system) ကို ပြောင်းလဲဖို့ လိုအပ်ပေမယ့် စတော့ဈေးနှုန်း ကျဆင်းမှုနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေက သူတို့ကို ဟန့်တားနေခဲ့တယ်။

သူတို့က လေအိတ်တွေကို ပြန်သိမ်းရမှာဖြစ်သလို ပို့ဆောင်မှု ကြန့်ကြာနေတာတွေကို ဖြေရှင်းရမယ့်အပြင် အုပ်ချုပ်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပြီး ရှယ်ယာရှင်တွေရဲ့ မကျေနပ်မှုတွေကိုလည်း နှစ်သိမ့်ပေးရဦးမှာပါ။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါတို့တွေဟာ အကူအညီ လိုအပ်နေတဲ့ အခြေအနေ ဆိုက်နေပြီ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပါတယ်"

"မင်း လိုချင်တဲ့အရာ ရှိရင်လည်း ပြောပြပေးလို့ရမလား"

ကျွန်တော် တည်ငြိမ်စွာပဲ ပြောလိုက်တယ်။

"အွန်ဆောင်း မော်တာရဲ့ ထရပ်ကား ထုတ်လုပ်ရေး အပိုင်းကို ခွဲထုတ်ပြီး ရောင်းချဖို့အတွက် စဉ်းစားပေးစေချင်ပါတယ်"

အွန်ဆောင်း မော်တာက Sedanနဲ့ SUV လိုမျိုး လူစီးကားတွေတင်မကဘဲ ဘတ်စ်ကားကြီးတွေနဲ့ ထရပ်ကားတွေလိုမျိုး စီးပွားရေးသုံး မော်တော်ယာဉ်တွေကိုလည်း ရောင်းချပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်နေတဲ့ လူစီးကား ကဏ္ဍနဲ့မတူဘဲ စီးပွားရေးသုံး မော်တော်ယာဉ် ကဏ္ဍကတော့ ရင်းနှီးမြှုပ်နှံမှုအပေါ် သိသာထင်ရှားတဲ့ အကျိုးအမြတ် မရရှိခဲ့ဘူး။

ဘတ်စ်ကားကြီး ကဏ္ဍကတော့ ပြည်တွင်းမှာ ဒေဟူး စီးပွားရေးသုံး မော်တော်ယာဉ်တွေနဲ့ ဈေးကွက်ဝေစုကို ခွဲဝေယူထားနိုင်ပေမယ့် ထရပ်ကားကြီး ကဏ္ဍမှာတော့ Scania၊ MAN၊ Volvo နဲ့ Mercedes-Benz လိုမျိုး ပြိုင်ဘက်တွေကို မယှဉ်နိုင်ဘဲ ဈေးကွက်ဝေစု အနည်းငယ်ပဲ ရရှိထားတာပါ။ (မြေတူးစက်ယန္တယားတွေနဲ့ ကရိန်းတွေကို ထုတ်လုပ်တဲ့ အွန်ဆောင်း ဆောက်လုပ်ရေး စက်ယန္တရား လုပ်ငန်းကတော့ အွန်ဆောင်း စက်မှုလုပ်ငန်းကြီး (Eunsung Heavy Industries) ရဲ့ လက်အောက်ခံဖြစ်ပြီး အွန်ဆောင်း မော်တာ အုပ်စုနဲ့ မသက်ဆိုင်ပါဘူး။)

အွန်ဆောင်း မော်တာရဲ့ အမြင်မှာတော့ ဒီကဏ္ဍက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေမှာ သေချာတာကြောင့် ဈေးနှုန်းသာ အဆင်ပြေရင် ရောင်းချဖို့ လိုလိုလားလား ရှိလောက်မှာပါ။

All Chapters