အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅)
စီအီးအို တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဘာအစီအစဉ်မှ ကြိုတင်မဆွဲထားဘဲ ဌာနချုပ်မှာ အရေးပေါ် ရှယ်ယာရှင်များ အစည်းအဝေးတစ်ခု ကျင်းပလိုက်ပါတယ်။ ရှယ်ယာရှင်တွေကတော့ ကန်ဂျင်ဟူနဲ့ အိုတက်ဂယူ တို့ပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ဧည့်ခန်းက ဆိုဖာပေါ်မှာ ကျွန်တော်တို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတာပါ။
တက်ဂယူရဲ့ မျက်နှာက အတော်လေး ပျက်နေပါတယ်။ ကျွန်တော့်ရဲ့ မျက်နှာပေးကလည်း ထူးမခြားနားပါပဲ။
“မင်း ဒါကို အရမ်း ပေါ့ပေါ့ဆဆ တွေးခဲ့တာပဲ”
ဈေးကွက်က အခု အခြေအနေကို အတော်လေး အလေးအနက်ထား နေကြတာပါ။
အဖြစ်အပျက်တစ်ခု မတိုင်ခင်မှာ ရှယ်ယာတစ်ခုရဲ့ Put options တွေကို အလုံးအရင်းနဲ့ လိုက်ဝယ်တာဟာ သံသယဖြစ်စရာ ကောင်းနေပါပြီ။ ကျွန်တော်တို့ဘက်က ဒါကို ကိုင်တွယ်ပုံက မချောမွေ့ခဲ့တာ အမှန်ပါပဲ။ အနည်းဆုံးတော့ အမှာစာတင်တဲ့ အကောင့်တွေကို နည်းနည်း ခွဲထားခဲ့သင့်တာပါ။
အခြေအနေက ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ထားခဲ့ပါဘူး။
တက်ဂယူကတော့ ဇဝေဇဝါ ဖြစ်နေပုံရပါတယ်။
“ငါတို့ ဘာမှ မှားတာ မလုပ်ခဲ့ဘူး မဟုတ်လား။ ရောင်းဖို့အတွက် ဒီလို options တွေကို ဖန်တီးတဲ့သူတွေမှာပဲ အပြစ်ရှိတာလေ။ အဲဒါတွေကို ဝယ်တဲ့ ငါတို့မှာ ဘာအပြစ်ရှိလို့လဲ”
“ပုံမှန်အားဖြင့်တော့ ရှယ်ယာဈေးတက်မယ်လို့ ခန့်မှန်းပြီး ပိုက်ဆံရှာရင် ချီးကျူးခံရမှာမှန်ပေမဲ့ ဈေးကျမယ်လို့ ခန့်မှန်းပြီး ပိုက်ဆံရှာရင်တော့ ဝေဖန်မှုတွေနဲ့ ကြုံကြရတာပဲ”
“ဘာကို ဆိုလိုတာလဲ”
ဈေးနှုန်းတွေ တက်လာမယ်လို့ မျှော်လင့်ပြီး ဝယ်ယူတာကို Long position လို့ ခေါ်ပြီး၊ ဈေးနှုန်းတွေ ကျသွားမယ်လို့ မျှော်လင့်ပြီး ရောင်းတာကို Short position လို့ ခေါ်ပါတယ်။
Put options တွေကို ဝယ်တာနဲ့ Short selling လုပ်တာတွေကတော့ ပုံမှန် Short position တွေပါပဲ။
တခြား ရင်းနှီးမြှုပ်နှံသူတွေက Long position မှာ အတူတူ ပိုက်ဆံရှာကြပေမဲ့၊ Short position မှာတော့ တခြားသူတွေ အကြီးအကျယ် ဆုံးရှုံးနေချိန်မှာ ကိုယ်တစ်ယောက်တည်း ပိုက်ဆံရနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်ဈေးကွက် ပါဝင်ပတ်သက်သူကမှ Short position ကစားတဲ့သူကို ကြည်ဖြူကြမှာ မဟုတ်ပါဘူး။
“ဒါပေမဲ့ အရမ်း စိတ်ပူစရာတော့ မရှိပါဘူးလေ။ ဟုတ်တယ်မလား”
ကျွန်တော် ခေါင်းခါလိုက်ပါတယ်။
“ဒီတစ်ခါတော့ ဒီအတိုင်း လွှတ်ပေးလိုက်မယ် ထားဦး။ နောက်တစ်ခါမှာလည်း ဒီလိုမျိုး သံသယတွေ ထပ်ကြုံလာရင် ဘယ်လိုလုပ်မလဲ”
ကံကောင်းလို့ ထီလက်မှတ်တစ်စောင်က ပထမဆု ပေါက်သွားတယ်ဆိုရင်တော့ မဆန်းပါဘူး။ ဒါပေမဲ့ ဆက်တိုက်ကြီး ပထမဆုတွေချည်း ပေါက်နေမယ်ဆိုရင်တော့ ဘယ်သူမဆို သံသယဝင်လာမှာပါပဲ။
“ဒါဆို နောက်နောင်ကျရင် Put options တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဘူးလို့ ပြောတာလား”
“မလုပ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေကို ပြောင်းလဲဖို့ စဉ်းစားရမယ်။ Short position တွေမှာက ဘာပဲဖြစ်ဖြစ် သူ့ကန့်သတ်ချက်နဲ့သူ ရှိတယ်လေ”
“ဘာလို့လဲ”
Long position က ဈေးကွက်ရေစီးကြောင်းအတိုင်း လိုက်တာဆိုရင် Short position က ဈေးကွက်ရေစီးကြောင်းကို ဆန့်ကျင်တာပါ။ ဒါကြောင့် အဲဒါက ရေတိုရင်းနှီးမြှုပ်နှံမှုတွေအတွက်ပဲ သင့်တော်ပါတယ်။
“ရေရှည်မှာတော့ ဈေးကွက်က သေချာပေါက် ကြီးထွားလာမှာပဲလေ”
စတင်ပေါ်ပေါက်လာကတည်းက ဈေးကွက်ဟာ တဖြည်းဖြည်း ကြီးထွားလာခဲ့တာပါ။ စျေးကွက်စီးပွားရေးရဲ့ လမ်းခရီးမှာ စီးပွားပျက်ကပ်ကြီး၊ ကမ္ဘာစစ်နှစ်ခု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ငွေကြေးအကြပ်အတည်းတွေလို အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။
အဲဒီအချိန်တိုင်းမှာ ငွေကြေးလောက ပြိုလဲတော့မယ်၊ ဈေးကွက်စီးပွားရေး စနစ်ကြီး ပျက်သုဉ်းတော့မယ်လို့ ဆိုးဆိုးရွားရွား ခန့်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အချိန်နာရီကို ယာယီ နောက်ဆုတ်လို့ ရရင်ရမယ်၊ သူ့ရဲ့ သွားနေတဲ့ စက်ဝန်းကိုတော့ ဘယ်သူမှ တားလို့မရပါဘူး။
အကြပ်အတည်းတွေကို ကျော်လွှားခဲ့ကြပြီး ငွေကြေးနဲ့ စက်မှုကဏ္ဍတွေဟာ သူတို့ရဲ့ ကျရှုံးမှုတွေကနေ သင်ခန်းစာယူရင်း ဆက်လက် တိုးတက်လာခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ် ငွေကြေးအကြပ်အတည်းလိုမျိုး ကြီးမားတဲ့ တုန်လှုပ်မှုမျိုး မဟုတ်ရင် Short position တွေမှာ သန်းထောင်ပေါင်းများစွာ လောင်းကြေးထပ်ဖို့က မဖြစ်နိုင်ပါဘူး”
ပိုင်ဆိုင်မှု အများစုကို Long position မှာ ထားပြီး ကျန်တဲ့ အနည်းငယ်ကိုပဲ အခြေအနေ မကောင်းတဲ့အခါ Short position နဲ့ ပြန်ခုခံဖို့ သုံးမယ်ဆိုရင် လုံလောက်ပါပြီ။
ကျွန်တော် နိဂုံးချုပ်လိုက်ပါတယ်။
“OTK Company ကို ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေကို ထိန်းချုပ်တဲ့ Holding company အဖြစ် ပြောင်းပြီး တခြား ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ယူကြရအောင်”
ငွေကြေးလောက ပေါ်ပေါက်လာကတည်းက ရင်းနှီးမြှုပ်နှံသူ အမြောက်အမြား ဈေးကွက်ထဲမှာ တိုက်ပွဲဝင်ခဲ့ကြပြီး တချို့ဆိုရင် ဒဏ္ဍာရီလာ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာခဲ့ကြပါတယ်။
အခုအချိန်အထိ အတက်ကြွဆုံး ရင်းနှီးမြှုပ်နှံသူကို ပြောရရင် ဝါရင် ဘတ်ဖတ်ကိုပဲ အရင်ဆုံး ပြေးမြင်ကြမှာပါ။
ဝါရင် ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှုမှာ ထူးချွန်သူအဖြစ် နာမည်ကျော်ခဲ့ပြီး အသက် ၃၀ အရွယ်မှာ သူ့ရဲ့ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံကို ကြည့်မယ်ဆိုရင် အစပထမပိုင်းမှာ Berkshire Hathawayလို့ ခေါ်တဲ့ အခြေအနေမကောင်းတဲ့ အထည်အလိပ် ကုမ္ပဏီတစ်ခုကို အကုန်အစင် ဝယ်ယူလိုက်ပါတယ်။ အဲဒီအချိန်မှာ အထည်အလိပ်လုပ်ငန်းက ကျဆင်းနေတဲ့ လုပ်ငန်းဖြစ်ပြီး အမြတ်လည်း သိပ်မထွက်ပါဘူး။
သူဟာ Berkshire Hathaway ရဲ့ ရန်ပုံငွေတွေကို သုံးပြီး National Indemnity ဆိုတဲ့ အာမခံကုမ္ပဏီတစ်ခုကို ဝယ်ယူပြီး လက်အောက်ခံ ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အာမခံကုမ္ပဏီတွေဟာ ဖောက်သည်တွေဆီကနေ ပုံမှန် အာမခံကြေးတွေ ရနေတာကြောင့် လက်ငင်းငွေသား အမြောက်အမြား ရှိနေပါတယ်။ သူဟာ အဲဒီအာမခံ ရန်ပုံငွေတွေကို သုံးပြီး တကယ့်တန်ဖိုးရှိတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို စတင် ဝယ်ယူခဲ့ပါတယ်။
ဒီနည်းလမ်းဟာ ဒီနေ့ခေတ် တင်းကျပ်တဲ့ ငွေကြေးစည်းမျဉ်းတွေအောက်မှာဆိုရင် တရားမဝင် ဖြစ်နိုင်ပေမဲ့ အဲဒီတုန်းကတော့ စည်းမျဉ်းတွေက သိပ်မရှိသေးပါဘူး။ တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့ရင် ဝါရင် ဘတ်ဖတ်ဟာ လူပေါင်းများစွာရဲ့ အာမခံကြေးတွေကို လိမ်လည်ခဲ့တဲ့ အကြီးစား လူလိမ်ကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူကတော့ အကြီးအကျယ် အောင်မြင်သွားခဲ့ပါတယ်။
သူ့ရဲ့ နှစ်စဉ် အမြတ်နှုန်းက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ပါ။ တစ်ချက်ကြည့်ရင် "ဒီလောက်ပဲလား" လို့ ထင်ရပေမဲ့ သူဟာ အနှစ် ၅၀ ကျော်တိုင်တိုင် အမြတ်ငွေတွေကို အရင်းထဲ ပြန်ထည့်ပြီး တစိုက်မတ်မတ် အမြတ်ထွက်အောင် လုပ်နိုင်ခဲ့ပါတယ်။
အကြမ်းဖျင်းအားဖြင့် ၃ နှစ်ကနေ ၄ နှစ် တစ်ခါမှာ ပိုင်ဆိုင်မှုက နှစ်ဆ တိုးလာတာပါ။ အခုအချိန်အထိ စုစုပေါင်း အမြတ်နှုန်းကတော့ ၂,၀၀၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ရှုံးနိမ့်နေတဲ့ အထည်အလိပ်ကုမ္ပဏီ Berkshire Hathaway ဟာ နာမည်ကြီး ကုမ္ပဏီအများအပြားရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ Holding company ကြီး ဖြစ်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီတွေထဲမှာ နံပါတ် ၅ ချိတ်နေပါတယ်။
ENFL တို့၊ Google တို့လို IT ကုမ္ပဏီတွေကို ဖယ်လိုက်ရင် သူဟာ တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ Berkshire Hathaway ရဲ့ အဓိက ရှယ်ယာရှင် ဝါရင် ဘတ်ဖတ်ရဲ့ ပိုင်ဆိုင်မှုဟာ ဝမ် သိန်းပေါင်း ကုဋေ၉၀ ကျော် ရှိပါတယ်။
“ဒါကြောင့် ငါတို့လည်း တိုးတက်နေတဲ့ ကုမ္ပဏီတွေကို ရွေးပြီး ရှယ်ယာတွေ ဝယ်ကြရအောင်။ ကောင်းတဲ့ ကုမ္ပဏီတွေရဲ့ ထက်ဝက်ကျော် ရှယ်ယာတွေကို ဝယ်ပြီး လက်အောက်ခံ ကုမ္ပဏီတွေ အဖြစ် ပြောင်းပစ်မယ်”
အဓိက ရှယ်ယာရှင်ကြီးကို ကျွန်တော် ရှင်းပြလို့ ပြီးသွားပါတယ်။
ဒါကို သူက မေးခွန်းထုတ်လာပါတယ်။
“အမြတ်နှုန်းကကော ဘယ်လောက်လဲ”
“လောလောဆယ်တော့ ၃ နှစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း ရဖို့ကို ရည်မှန်းထားတယ်”
“ဒါပဲလား”
ဒီကောင်က နှစ်ဆတိုးတာကို အထင်သေးနေတာပဲ။
“ဝမ် သန်း ၆၇၀,၀၀၀က နှစ်ဆတိုးရင် ဝမ် သိန်းပေါင်း ၁ကုဋေ ကျော်တယ်ဟ”
အဲဒီလောက်ဆိုရင်ပဲ ကိုရီးယားရဲ့ အချမ်းသာဆုံး စာရင်းထဲမှာ ကျွန်တော်တို့ နာမည်တွေ ပါလာနိုင်ပြီလေ။ ထိပ်ဆုံးတော့ မရောက်နိုင်သေးပေမဲ့ပေါ့။
“အဲဒီလို ပုံစံမျိုးနဲ့ သွားကြမယ်၊ ပြီးတော့ ကြိုမြင်ရတဲ့အတိုင်း Futureဒါမှမဟုတ် Options တွေကို Hedge အနေနဲ့ လောင်းကြေးထပ်ကြမယ်”
တက်ဂယူက သဘောကျသွားပုံနဲ့ ခေါင်းငြိမ့်ပါတယ်။
“အဲဒါ သဘောကျတယ်။ Options ကတော့ အကောင်းဆုံးပဲ”
“…”
Options ဆိုတာ ပျက်စီးခြင်းရဲ့ ဖြတ်လမ်းပါ။
နောက်ကျမှ ရောက်လာတဲ့ သူခိုးလိုမျိုး Options ရဲ့ အရသာကို တစ်ခါ မြည်းစမ်းပြီးရင် ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။
“ကဲ... အဲဒီအစီအစဉ်အတိုင်း သွားကြတာပေါ့။ ပထမဆုံး ဘာလုပ်ရမလဲ”
“တိုးတက်နေတဲ့ ကုမ္ပဏီတွေကို ရှာဖို့ လိုအပ်တယ်”
ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ဆုံးဖြတ်ပြီးတာနဲ့ ကျွန်တော် ချက်ချင်း လက်တွေ့ စတင်ခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ KOSPI 200 (ကိုရီးယားစတော့အိတ်ချိန်းရဲ့ ထိပ်တန်းကုမ္ပဏီ ၂၀၀) မှာ ပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို ထုတ်ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပါတယ်။
ခွဲခြမ်းစိတ်ဖြာတယ်လို့သာ ဆိုရပေမဲ့၊ တကယ်တော့ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်လို့ရတဲ့ ကုမ္ပဏီအချက်အလက်တွေ၊ အနှစ်ချုပ်တွေ၊ အခြေခံအချက်တွေနဲ့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို လေ့လာနေတာပါ။
အရာရာ အဆင်ပြေရင် အမြတ်ထွက်မယ်၊ အဆင်မပြေရင်တော့ ရှုံးမှာပေါ့။
ထိပ်တန်း ရှယ်ယာ ၂၀၀ လုံးကို ကျွန်တော် လိုက်ကြည့်ပေမဲ့ ထူးထူးခြားခြား ဘာမှ မတွေ့ရပါဘူး။ ဒါကြောင့် စိတ်မပါတပါနဲ့ပဲ KOSPI မှာရှိတဲ့ ရှယ်ယာအားလုံးကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ETFs တွေ၊ Preferred stocks (ဦးစားပေးရှယ်ယာတွေ) ကို ဖယ်လိုက်ရင် ရှယ်ယာ စုစုပေါင်း ၁,၀၀၀ ဝန်းကျင် ရှိပါတယ်။
ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီအများစုကတော့ ဆိုဆောင်း၊ Eunsung၊ SSK၊ Lite၊ Shinsegi တို့လို လူတိုင်းသိတဲ့ နာမည်ကြီး ကုမ္ပဏီကြီးတွေပါ။
စာရင်းရဲ့ အောက်ဘက်ကို ဆင်းလာလေလေ၊ နာမည်တောင် မကြားဖူးတဲ့ ကုမ္ပဏီတွေကို တွေ့လာရလေလေပါပဲ။ တချို့ကလည်း နှစ်ပေါင်းများစွာ ရှုံးနေပြီး အရောင်းအဝယ်လည်း သိပ်မရှိပါဘူး။ တချို့ဆိုရင် စာရင်းကနေ ပယ်ဖျက်ခံရတော့မလားတောင် စိုးရိမ်ရသလို၊ ဝမ် ၁,၀၀၀ အောက်နဲ့ ဝယ်လို့ရတဲ့ အဖိုးနည်းရှယ်ယာတွေတောင် ပါနေပါတယ်။
သန်းခေါင်ကျော်တဲ့အထိ KOSPI ရှယ်ယာအားလုံးကို လေ့လာခဲ့ပေမဲ့ ဘာမှ မထူးခြားခဲ့ပါဘူး။
ဖတ်ပြီးသား စာရွက်ပုံတွေကို ကျွန်တော် ဘေးကို တွန်းဖယ်လိုက်ပါတယ်။ အဲဒီအချိန်မှာ တက်ဂယူက နောက်ထပ် စာရွက်ပုံတစ်ပုံကို လှမ်းပေးပါတယ်။
“အခုတော့ KOSDAQ ကို ကြည့်ကြရအောင်”
“အား...”
KOSDAQ က ရှယ်ယာအရေအတွက်ကလည်း KOSPI နဲ့ ဆင်တူပါပဲ။ စာရင်းဝင် ကုမ္ပဏီတွေ ဒီလောက်တောင် များလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။
တင်းကျပ်တဲ့ စည်းမျဉ်းတွေရှိပြီး ကုမ္ပဏီကြီးတွေ အများစုရှိတဲ့ KOSPI နဲ့ မတူဘဲ၊ KOSDAQ ကတော့ သတ်မှတ်ချက်တွေ နည်းပြီး Startup ကုမ္ပဏီတွေ အများစု ရှိတဲ့နေရာပါ။
ဒါကြောင့်မလို့ ကြီးထွားနှုန်းမြင့်မားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိနိုင်သလို၊ တစ်ဖက်မှာလည်း ရှယ်ယာဈေးတွေကသာ ဖောင်းပွနေပြီး လက်တွေ့မှာ ဘာမှမရှိတဲ့ ကုမ္ပဏီတွေလည်း အများကြီးပါပဲ။
ရတနာကို ရှာဖို့ဆိုရင်တော့ KOSPI ထက် KOSDAQ က ပိုပြီး သင့်တော်ပါတယ်။
“အခုတော့ အိပ်ကြရအောင်၊ မနက်ဖြန်မှ ဆက်လုပ်မယ်။ ငါ တကယ် ပင်ပန်းနေပြီ”
“မင်း အရင်သွားအိပ်နှင့်လေ။ ငါ ခဏလောက် ထပ်ကြည့်ပြီးမှ အိပ်မယ်။ ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါဦး”
“ကောင်းပါပြီ”
တက်ဂယူက ကျွန်တော့်အတွက် ကော်ဖီဖျော်ပေးပြီး အိပ်ရာဝင်သွားပါတယ်။
ကျွန်တော်လည်း ကော်ဖီကို တစ်ငုံချင်း သောက်ရင်း အချက်အလက်တွေကို ဆက်ပြီး လိုက်ရှာနေမိပါတယ်။
အချိန်တွေ ဘယ်လို ကုန်သွားမှန်းမသိဘဲ မိုးတောင် လင်းသွားပါပြီ။ KOSPI ရော KOSDAQ ရော ရှယ်ယာအားလုံးကို နှစ်ခေါက်စီ လိုက်ကြည့်ပြီးတဲ့နောက် ကျွန်တော် စာရွက်တွေကို ချလိုက်ပါတယ်။ ကော်ဖီခွက်ကို မလိုက်တော့မှ ကုန်သွားတာကို သတိထားမိပါတယ်။
နောက်တစ်ခွက် ထပ်သောက်ရမလား။
အခုဆို အနည်းဆုံး ၁၀ ခွက်လောက် ရှိနေပြီ ထင်တယ်။
အပိုတွေ တွေးနေတုန်း တက်ဂယူက ဒုတိယထပ်ကနေ ဆင်းလာပါတယ်။
“ကောင်းကောင်း အိပ်စက်ခဲ့ရဲ့လား”
“ဘာလဲဟ။ မင်း တစ်ညလုံး မအိပ်ဘူးလား”
“အခုမှပဲ အိပ်ဖို့ အချိန်တန်တာလေ”
တက်ဂယူက စားပွဲပေါ်က စာရွက်ပုံကြီးကို ကြည့်ပြီး မေးပါတယ်။
“တစ်ခုခု ရှာတွေ့ခဲ့လား”
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ပါတယ်။
“တစ်ခုတော့ ငါ သေချာသွားပြီ”
“ဘာလဲ”
“ငါတို့ လမ်းမှား လျှောက်နေတာပဲ”
တက်ဂယူက တဟားဟား ရယ်ပါတယ်။
“နတ်မျက်စိက ပြောတာလား”
“ချီးလား။ ပဲအနှစ်လား ဆိုတာ မြည်းကြည့်မှ သိတာမျိုးမဟုတ်ဘူးကွ”
ကြိုမြင်နိုင်စွမ်း ရလာကတည်းက ကျွန်တော့်ရဲ့ ပင်ကိုသိစိတ်ကလည်း တိုးတက်လာခဲ့ပါတယ်။ ဟိုလိုဂရမ်တွေ မျက်စိရှေ့မှာ ပေါ်မလာရင်တောင် အဲဒီလောက်တော့ ကျွန်တော် ခံစားလို့ ရပါတယ်။
“ကုမ္ပဏီ ဝယ်ယူမယ့် အစီအစဉ်က မှားနေလို့လား”
“အဲဒီလိုတော့ မထင်ဘူး။ ဦးတည်ချက်က မှန်ပေမဲ့ နည်းလမ်းကတော့ မှားနေသလိုဖြစ်နေတာလေ”
ဟိုလိုဂရမ်မှာ ‘အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ၂၀’ ဆိုပြီး ပေါ်လာရင်တော့ အဆင်ပြေတာပေါ့၊ ဒါပေမဲ့ အခုအထိ ငါ မြင်ဖူးသမျှ ပုံစံတွေအရတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။
“ဘယ်ကုမ္ပဏီကို ဝယ်မယ်ဆိုတာ ဆုံးဖြတ်ဖို့က တစ်ပိုင်း၊ အဲဒီရှယ်ယာတွေကို ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်အောင် လုပ်မလဲဆိုတာကလည်း ပြဿနာပဲ။ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ဆီကနေ ရှယ်ယာ အလုံးအရင်းနဲ့ တိုက်ရိုက် ဝယ်ယူတာကတော့ ကိစ္စမရှိပေမဲ့ ရှယ်ယာဈေးကွက်ထဲမှာ လိုက်ဝယ်မယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်တယ်။
ဈေးကွက်တန်ဖိုး သိန်းပေါင်းကုဋေနဲ့ချီတဲ့ ကုမ္ပဏီကြီးတွေကတော့ ပြဿနာ မရှိပေမဲ့ ဝမ် သိန်းပေါင်း ၁ကုဋေအောက် ကုမ္ပဏီတွေဆိုရင်တော့ ငါတို့ ရှယ်ယာတွေ ဝယ်လိုက်တာနဲ့ ဈေးနှုန်းက ထိုးတက်သွားမှာလေ။ အဲဒီလိုပဲ ပြန်ရောင်းရင်လည်း ဈေးနှုန်းက အကြီးအကျယ် ထိုးကျသွားမှာ သေချာတယ်။
ဒါက ကန်ထဲကို ယုန်တစ်ကောင် ဆင်းတာက ဘာမှ မဖြစ်ပေမဲ့ ဆင်တစ်ကောင် ဆင်းလိုက်ရင် ရေတွေ လျှံထွက်သွားပြီး ပြန်တက်လာရင် ရေမျက်နှာပြင် ပြန်ကျသွားတာမျိုးကွ”
ကျွန်တော် ပြောတာကို ကြည့်ပြီး တက်ဂယူက အံ့သြသွားပါတယ်။
“ဘာမှတော့ မလွယ်ဘူးနော်၊ ဟုတ်တယ်မလား”
“အေး”
ရန်ပုံငွေ ပမာဏက ကြီးလာလေလေ၊ စီမံခန့်ခွဲရတာက ခက်ခဲလာလေလေပါပဲ။
တက်ဂယူက တစ်ခုခုကို စဉ်းစားမိပုံရပါတယ်။
“ဒါနဲ့ နိုင်ငံခြား ရှယ်ယာတွေကော ဘယ်လိုလဲ။ Apple တို့၊ Google တို့လို ကုမ္ပဏီကောင်းတွေ အများကြီး ရှိတာပဲ။ ပြီးတော့ ဗီယက်နမ်၊ အိန္ဒိယနဲ့ တရုတ်တို့လို ထွန်းသစ်စ ဈေးကွက်တွေလည်း ရှိသေးတယ်လေ”
ဒါဟာ သူ့ပါးစပ်က ထွက်လာတာလို့ မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုပါ။
ကိုရီးယား ဈေးကွက်က ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်ရင် အခွင့်အလမ်းတွေ ပိုပြီး အများကြီး တွေ့နိုင်ပါတယ်။
“အဲဒါ စဉ်းစားသင့်တဲ့ အချက်ပဲ။ ဒါပေမဲ့ အဲဒီအတွက်လည်း သေသေချာချာ သွားနိုင်မယ့် လမ်းကြောင်းတော့ လိုတယ်”
“နိုင်ငံခြားရေးရာတွေကို သိတဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အလုပ်ခန့်ကြမလား”
သတင်းအချက်အလက်ကောင်းတွေ ရှိနေရင်တောင်မှ အဲဒါကို ကိုယ့်ဘာသာကိုယ် ခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ ချဖို့က ကန့်သတ်ချက်တွေ ရှိတာကြောင့်၊ ပင်လယ်ပြင်ကြီးထဲမှာ ကူးခတ်ဖို့အတွက်ဆိုရင်တော့ ဒီနယ်ပယ်က လူတွေရဲ့ အကူအညီက လိုအပ်မယ်လို့ ကျွန်တော် တွေးထားပြီးသားပါ။
“ဒါပေမဲ့ ယုံကြည်ရမယ့်သူကော ရှိလား... အဲ”
တက်ဂယူနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
“မင်းလည်း ငါစဉ်းစားနေတာကိုပဲ စဉ်းစားနေတာလား”
“အဲဒီလို ထင်တာပဲ”
အခန်း (၂၆)
ကျွန်တော် ဒုတိယအကြိမ်မြောက် အရေးပေါ် ရှယ်ယာရှင်များ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
"ပြဿနာက သန်းထောင်ပေါင်းများစွာရှိတဲ့ ရန်ပုံငွေကို တစ်ယောက်တည်း စီမံဖို့ ကြိုးစားနေရတာပဲ"
ဝါရင် ဘတ်ဖတ်က Berkshire Hathaway ကို တစ်ယောက်ထဲ ထူထောင်ခဲ့တာ မဟုတ်သလို၊ ဂျော့ရှ် ဆိုရော့စ်ကလည်း Quantum Fund ကို တစ်ယောက်တည်း လည်ပတ်ခဲ့တာ မဟုတ်ပါဘူး။ Holding company ပဲဖြစ်ဖြစ်၊ Hedge fund ပဲဖြစ်ဖြစ်၊ စီအီးအိုရဲ့ လက်အောက်မှာ အကောင်းဆုံး အဖွဲ့အစည်းဆိုတာ ရှိစမြဲပါ။
အဖြေကတော့ အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းပါတယ်။
"OTK Company ရဲ့ လက်အောက်ခံ ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ကြစို့။ ငါတို့အတွက် လိုအပ်တဲ့ ထူးချွန်သူတွေကို စုဆောင်းမယ်။ ငါက ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ချမှတ်ပေးမယ်။ အဲဒါကို လက်တွေ့ အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတစ်ခုကို ဖန်တီးမယ်"
အဓိက ရှယ်ယာရှင် နှစ်ယောက်လုံး ခေါင်းငြိမ့် ထောက်ခံကြပါတယ်။
"ပထမဆုံး ငါတို့ စည်းရုံးရမယ့်သူကတော့..."
အဲဒီအချိန်မှာပဲ တက်ဂယူရဲ့ ဖုန်းက မြည်လာပါတယ်။
ကလင်
"ရှယ်ယာရှင် အစည်းအဝေးလုပ်နေတုန်း ဖုန်းပိတ်ထားစမ်းပါ"
"ခဏလေး... အာ"
တက်ဂယူက ဖုန်းခေါ်ဆိုသူ အမည်ကို ကြည့်ပြီး အံ့သြသွားပါတယ်။
"ဘယ်သူလဲ"
"ငါ့အစ်မ"
ခေါ်စရာ အချိန်ရှားလို့ အခုအချိန်မှ ဆက်လာစရာလား။
ကျွန်တော် တက်ဂယူကို ပြောလိုက်တယ်။
"ကိုင်လိုက်ပါ။ ပြောစရာရှိတာ ပြောလိုက်ဦး"
တက်ဂယူ ဖုန်းကိုင်လိုက်ပါတယ်။
"ဟယ်လို"
စကားတောင် မဆုံးသေးဘူး၊ ဖုန်းထဲကနေ အသံကြီးက ဟိန်းခနဲ ထွက်လာပါတယ်။
"နင် အခု ဘယ်မှာလဲ။ အိမ်က ဘာလို့ ဗလာကျင်းနေတာလဲ"
ဘေးက နားထောင်ရသလောက်တော့ တက်ဂယူရဲ့အစ်မဟာ အရင်က အိမ်ဟောင်းကို ရောက်နေပုံရပါတယ်။
တက်ဂယူက ဆင်ခြေပေးပြီး ရှင်းပြနေရပါတယ်။
"ငါ မနေ့က အိမ်ပြောင်းလိုက်လို့"
"လိပ်စာ ပေးစမ်း"
"ဆမ်ဆောင်ဒေါင်းမှာ..."
တက်ဂယူ လိပ်စာ ပေးပြီးတာနဲ့ သူ့အစ်မ ဟျွန်းဂျူး က အသံကျယ်ကြီးနဲ့ ထပ်ပြောပါတယ်။
"ဘယ်မှ မသွားနဲ့၊ အဲဒီမှာပဲ စောင့်နေ။ ငါ အခုချက်ချင်း လာခဲ့မယ်"
"ဟင်... အစ်မက အခု ကိုရီးယားမှာ ရောက်နေတာလား"
လဖွတ်
ဘာမှ ပြန်မပြောဘဲ ဖုန်းချသွားပါတယ်။
တက်ဂယူ ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
"ငါ့အစ်မ ဒီကို လာနေပြီ"
"ရှင်းပြနေစရာ မလိုပါဘူး"
စပီကာ ဖွင့်မထားတာတောင် အကုန်ကြားနေရတာလေ။
"ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ အစ်မဟျွန်းဂျူးနဲ့ တွေ့ဖို့ လိုအပ်နေတာပဲ"
"အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."
တက်ဂယူ မျက်နှာက မကောင်းပါဘူး။
"သူ တော်တော် စိတ်တိုနေပုံရတယ်ကွ"
အခြေအနေ အမျိုးမျိုးကို သေသေချာချာ စဉ်းစားပြီးမှ လှုပ်ရှားတတ်တဲ့ ကျွန်တော်နဲ့ မတူဘဲ၊ တက်ဂယူကတော့ စဉ်းစားတာထက် လုပ်တာက ပိုမြန်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက ပြဿနာတွေ ခဏခဏ ရှာတတ်ပြီး အဲဒီလို အချိန်တိုင်းမှာ သူ့နောက်ကနေ လိုက်ရှင်းပေးရတာက အစ်မဟျွန်းဂျူးပါ။
ကျွန်တော် အစ်မဟျွန်းဂျူးနဲ့ ပထမဆုံး တွေ့ခဲ့တာက အလယ်တန်းတုန်းက တက်ဂယူအိမ်ကို လည်ရင်းနဲ့ပါ။ အဲဒီတုန်းက အစ်မဟျွန်းဂျူးဟာ MBA တက်နေတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။
အခုချိန်ထိလည်း အစ်မဟျွန်းဂျူးဟာ တည်ငြိမ်ပြီး လှပတဲ့ ဆွဲဆောင်မှု ရှိနေတုန်းပါပဲ။
တစ်ဦးတည်းသော သားအဖြစ် ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်ကတော့ ဒီလို လှပပြီး မိုက်တဲ့ အစ်မမျိုးရှိတဲ့ တက်ဂယူကို အမြဲ အားကျခဲ့တာပါ။
ဒါပေမဲ့ တက်ဂယူကတော့ ကျွန်တော် ပြောတာကို ကြားရင် သနားစရာကောင်းတဲ့ အကြည့်နဲ့ ပြန်ကြည့်လေ့ ရှိပါတယ်။
ဟျွန်းဂျူးက တက်ဂယူကို ဆူပူကြိမ်းမောင်းတာ မြင်ဖူးတော့မှ အဲဒီအကြည့်ရဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားလည်သွားပါတယ်။ အဲဒီကတည်းက သူ ဘာလို့ သူ့အစ်မကို အဲဒီလောက် ကြောက်နေရတာလဲ ဆိုတာကိုလည်း သိသွားတာလေ။
ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။
"မင်း ဘာအမှားလုပ်မိထားလို့လဲ"
"အဲဒါကတော့..."
အမှားတွေလုပ်မိထားတာတွေ များလွန်းလို့ တစ်ခုတည်းကို ရွေးပြောဖို့ ခက်နေတာလား။
၁၀ မိနစ်တောင် မပြည့်ခင်မှာပဲ အိမ်ရှေ့မှာ တက္ကစီ တစ်စီး လာရပ်ပါတယ်။
ဝတ်စုံအပြည့်နဲ့ မျက်မှန်တပ်ထားတဲ့ အလှပဂေးတစ်ယောက် ကားပေါ်က ဆင်းလာပါတယ်။ အဲ့ဒီအလှပဂေးကတော့ တခြားသူမဟုတ်ဘူး၊ တက်ဂယူအစ်မ ဟျွန်းဂျူး ပါ။
တက်ဂယူက အိမ်ရှေ့တံခါး ဖွင့်ပေးလိုက်ပြီး အစ်မဟျွန်းဂျူး အိမ်ထဲ ဝင်လာပါတယ်။ အလျင်စလို ပြေးလာခဲ့ရလို့လား မသိဘူး၊ အဝတ်အစားတွေက နည်းနည်း ဖရိုဖရဲ ဖြစ်နေသလို ဆံပင်တွေကလည်း ရှုပ်နေပါတယ်။
"ဟေ့ကောင် တက်ဂယူ"
တက်ဂယူက လန့်ပြီး ကျွန်တော့်နောက်ကို ဝင်ပုန်းပါတယ်။
"ဘာ... ဘာဖြစ်လို့လဲ။ အစ်မ"
ဟျွန်းဂျူး စိတ်တိုတာကို အကြိမ်ကြိမ် မြင်ဖူးပေမဲ့ ဒီလောက်အထိ ဒေါသထွက်နေတာမျိုး မမြင်ရတာ အတော်လေး ကြာပါပြီ။
"ဂျင်ဟူလည်း ဒီမှာ ရှိနေတာလား"
"ဟုတ်ကဲ့"
အဲဒီတော့မှ အစ်မဟျွန်းဂျူးက ကျွန်တော့်ကို သတိထားမိပြီး မျက်နှာလေး နည်းနည်း ပြေလျော့သွားပါတယ်။
"အရင်ဆုံး စိတ်လျှော့ပြီး ထိုင်ပါဦး"
"ဟင်း..."
အစ်မဟျွန်းဂျူးက ဆိုဖာပေါ်မှာ ပစ်ထိုင်လိုက်ပြီး ခဏလောက် ဘာမှမပြောဘဲ စီးကရက်ကို ငြိမ်ပြီး သောက်နေပါတယ်။ ကျယ်ဝန်းတဲ့ ဧည့်ခန်းထဲမှာ ဆေးလိပ်ငွေ့တွေ ပြည့်သွားပါတယ်။
ဆေးလိပ်နံ့ဆိုရင် အရမ်းမုန်းတဲ့ တက်ဂယူနဲ့ မတူဘဲ ဟျွန်းဂျူးကတော့ အထက်တန်းကျောင်းကတည်းက ခိုးသောက်လာခဲ့တဲ့ ဆေးလိပ်ဂျိုး တစ်ယောက်ပါ။ (တက်ဂယူ ပြောပြချက်အရပေါ့)။
အဟွတ်... အဟွတ်
ဘေးကနေ ဆေးလိပ်ငွေ့ရှူနေရတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။
တက်ဂယူက ပြတင်းပေါက် ဖွင့်ဖို့ မသိမသာ ထရပ်လိုက်တဲ့အခါ ဟျွန်းဂျူးက လှမ်းပြောပါတယ်။
"ထိုင်စမ်း"
"ဟုတ်"
တက်ဂယူဟာ ခါးလေး လိမ်ပြီး ချက်ချင်း ပြန်ထိုင်လိုက်ရပါတယ်။
"ဒါက ဘာအိမ်လဲ"
"ငါ ဝယ်လိုက်တာလေ။ အခုကစပြီး ဒီမှာပဲ နေတော့မှာ"
"ဘာတွေ ဖြစ်ပျက်နေတာလဲ ရှင်းပြစမ်း"
"ဘာကိုလဲ။ ငါ ဘာလို့ ဒီအိမ်ဝယ်ရတာလဲ ဆိုတာလား"
တက်ဂယူက ဘာမှမသိသလို လုပ်နေတာကို မြင်တော့ အစ်မဟျွန်းဂျူးရဲ့ အကြည့်တွေက အေးစက်လာပါတယ်။ တက်ဂယူလည်း လူက ကြုံ့ဝင်သွားတော့တာပါပဲ။
ကြောင်ရှေ့က ကြွက်လို ဖြစ်နေတာပါ။
"နင် မသိဘူးလား။ အကောင့်ထဲမှာ ရှိနေတဲ့ သန်းထောင်ပေါင်းများစွာနဲ့ပတ်သတ်ပြီးတော့ရော မရှင်းပြချင်ဘူးလား"
တက်ဂယူ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ပြန်မေးပါတယ်။
"အဲဒါကြောင့် အစ်မ ရောက်လာတာလား"
မကြာသေးမီက နိုင်ငံတကာ ငွေကြေးလောကရဲ့ အကြီးမားဆုံး ဖြစ်ရပ်ကို ပြောပါဆိုရင် L6 ဖုန်းတွေ ပေါက်ကွဲတဲ့ ကိစ္စပါပဲ။
အဲဒီနောက်မှာတော့ အခြေအနေကောင်းနေတဲ့ ဆိုဆောင်း အီလက်ထရောနစ် နဲ့ ကိုရီးယား စတော့ဈေးကွက်ဟာ ထိုးကျသွားခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ Options တွေကို ထုတ်ပေးထားတဲ့ ငွေကြေးကုမ္ပဏီတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်ပြီးနောက်မှာ ကောလာဟလတစ်ခု ထွက်လာပါတယ်။
အဖြစ်အပျက် မတိုင်ခင်မှာပဲ ဆိုဆောင်း အီလက်ထရောနစ် နဲ့ KOSPI 200 ရဲ့ Put options တွေကို အလုံးအရင်းနဲ့ လိုက်ဝယ်ပြီး အမြတ်အမြောက်အမြား ရသွားတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်ဆိုတဲ့ သတင်းပါ။
အဲဒီအဖွဲ့အစည်းက Golden Gate Asia မှာ အကောင့်ဖွင့်ထားတာ ဖြစ်ပြီး အဲဒီကျေးဇူးကြောင့် အာရှဘဏ်ရဲ့ အပ်ငွေစာရင်းဟာ ဒေါ်လာ သန်း ၆၀၀ ကျော် တိုးလာခဲ့ပါတယ်။
ခွဲခြမ်းစိတ်ဖြာသူတွေ၊ ရန်ပုံငွေ မန်နေဂျာတွေ အားလုံးက ဒီအဖွဲ့အစည်းဟာ ဘယ်သူဖြစ်မလဲဆိုတာကို အမျိုးမျိုး ခန့်မှန်းနေကြပါတယ်။
Options တွေကနေ ဒီလောက်အထိ အမြတ်ရတာမျိုးက ရှားပါးတာကြောင့် လူတိုင်းက စိတ်ဝင်စားနေကြတာပါ။
နောက်ပိုင်းမှာတော့ အဲဒီဝယ်ယူမှုတွေရဲ့ နောက်ကွယ်က ကုမ္ပဏီဟာ OTK Company ဖြစ်တယ်ဆိုတာ ပေါ်သွားပါတယ်။
အိုဟျွန်းဂျူး တစ်ယောက် ဒီဖြစ်ရပ်ဟာ သူ့ မောင်လေးနဲ့ ပတ်သက်နေလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။
ကမ္ဘာကြီးက ကျယ်ဝန်းပြီး စာရွက်ပေါ်မှာပဲ ရှိတဲ့ ကုမ္ပဏီတွေကလည်း အများကြီးပဲလေ။ အက္ခရာတွေကို ကျပန်းစပ်ပြီး နာမည်ပေးထားတဲ့ ကုမ္ပဏီတွေကလည်း မနည်းပါဘူး။
အစ်မအစ်မဟျွန်းဂျူးကတော့ အဲဒီထဲက တစ်ခုပဲ ဖြစ်မှာပါလို့ တွေးခဲ့တာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အမှန်တရားကို သိခဲ့ရပါတယ်။ Golden Gate ရဲ့ ဂန်နမ် ဘဏ်ခွဲက မန်နေဂျာဖြစ်တဲ့ စီနီယာတစ်ယောက်ဆီကနေ ဖုန်းလက်ခံရရှိခဲ့တာပါ။
ဂန်နမ်ဘဏ်ခွဲ မန်နေဂျာ ယူဆန်းမူဟာ နိုင်ငံခြားကုမ္ပဏီကနေ ပြည်တွင်းအကောင့်ထဲကို ဝမ် သန်း ၁၀,၀၀၀ကျော် လွှဲပြောင်းတဲ့ကိစ္စကို ကိုင်တွယ်ရင်းနဲ့ အစ်မဟျွန်းဂျူးကို အမှန်အတိုင်း ပြောပြလိုက်တာ ဖြစ်ပါတယ်။
အဲဒီအကောင့်ဟာ သူ့ မောင်လေး စီမံခန့်ခွဲဖို့အတွက် ဖွင့်ထားပေးတာ ဖြစ်လို့ သူ့မှာ အကောင့်ကို ဝင်ကြည့်ပိုင်ခွင့် ရှိပါတယ်။
အိုဟျွန်းဂျူးဟာ OTK Company အကောင့်ထဲကို ဝင်ကြည့်လိုက်ပါတယ်။
အံ့သြစရာကောင်းတာက အကောင့်ထဲမှာ ဝမ် သန်း ၆၇၂,၀၀၀ကျော် ရှိနေတာပါ။
ပထမတော့ သူဟာ နာမည်တူ ကုမ္ပဏီတစ်ခုခုနဲ့ မှားဖွင့်မိတာလားလို့ ထင်ခဲ့ပါသေးတယ်။ အကြိမ်ကြိမ် ပြန်ဝင်ကြည့်ပေမဲ့ ဒါဟာ သေချာပေါက် သူ့ မောင်လေးရဲ့ အကောင့်ပါပဲ။
သူဟာ လက်တွေ တုန်ရင်နေပြီး အရောင်းအဝယ်မှတ်တမ်းတွေကို အသည်းအသန် စစ်ဆေးကြည့်ပါတယ်။ Put options တွေ ဝယ်ထားတဲ့ မှတ်တမ်းတွေက တန်းစီပြီး ပေါ်လာပါတယ်။
သူဟာ ကုမ္ပဏီမှာ ရှိနေတာကိုတောင် မေ့သွားပြီး ရုတ်တရက် ထရပ်ပြီး အော်လိုက်မိပါတော့တယ်။
"အိုတက်ဂယူ"
အစ်မ ဟျွန်းဂျူးက ခေါင်းကိုက်နေတဲ့ ပုံစံမျိုးနဲ့ ခေါင်းကို လက်နဲ့ ဖိထားပါတယ်။
တက်ဂယူနဲ့ ကျွန်တော်ဟာ ဒီအကြောင်းကို ကြားတော့ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြပါတယ်။
ငါတို့အကြောင်းက Golden Gate အထိတောင် ပျံ့နေပြီလား။
အစ်မ ဟျွန်းဂျူးက တက်ဂယူကို ကြည့်ပြီး မေးပါတယ်။
"နင် တကယ်ပဲ ဆိုဆောင်း ရဲ့ Futures Options တွေကို ရောင်းခဲ့တာလား"
"အင်း"
"..."
သိထားပြီးသား ဆိုပေမဲ့ တကယ်တမ်း ဒါကို ကြားလိုက်ရတော့ ဟျွန်းဂျူး တစ်ယောက် စကားမပြောနိုင်လောက်အောင် ရှော့ခ် ရသွားပုံရပါတယ်။
"ဒါက အဲဒီလောက်အထိ အံ့သြစရာ ကောင်းလို့လား"
ဟျွန်းဂျူး ဆေးလိပ်ကို ခဲပြီး ပြောတယ်။
"အံ့သြစရာ ကောင်းလားလို့ မေးနေတာလား။ အဲဒီကိစ္စကြောင့် Golden Gate ဆီကို ငွေကြေးကြီးကြပ်ရေးအဖွဲ့ကနေ အချက်အလက်တွေ တင်ပြဖို့ တောင်းဆိုလာတယ်ဟ"
"ဗျာ"
ကျွန်တော် လန့်သွားပါတယ်။
တကယ်ပဲ စုံစမ်းစစ်ဆေးမှုတွေ စနေပြီလား။
"ဘာ... ဘာအချက်အလက်တွေ တင်ပြရမှာလဲ"
"OTK Company ရဲ့ အရောင်းအဝယ် မှတ်တမ်းတွေနဲ့ ကုမ္ပဏီပိုင်ရှင်ရဲ့ အချက်အလက်တွေကို လွှဲပေးရမယ်တဲ့လေ"
"ဒါ... ဒါဆို အစ်မက လွှဲမပေးလိုက်ဘူး မဟုတ်လား"
"Golden Gate တောင်မှ ကုမ္ပဏီပိုင်ရှင်က ဘယ်သူလဲဆိုတာ မသိဘူး။ ကုမ္ပဏီ တည်ထောင်ထားတဲ့ နိုင်ငံကပဲ သိမှာလေ"
အခွန်ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတွေက ကုမ္ပဏီ အများစုဟာ အခွန်ရှောင်ဖို့ တည်ထောင်ကြတာမလို့ ကုမ္ပဏီပိုင်ရှင် အချက်အလက်ကို အရမ်း လျှို့ဝှက်ထားကြပါတယ်။
"ငါ ပေးနိုင်တာကတော့ အကောင့်မှတ်တမ်းတွေပဲ ရှိတယ်။ ဖောက်သည်ရဲ့ အချက်အလက်ကတော့ အလွယ်တကူ ပေးလို့ရတာ မဟုတ်ဘူး"
"ဒါပေမဲ့ ငွေကြေးကြီးကြပ်ရေးအဖွဲ့က တောင်းဆိုလာရင် ငြင်းဖို့ ခက်တယ် မဟုတ်လား"
ဟျွန်းဂျူး ခေါင်းခါလိုက်ပါတယ်။
"အဲဒါက ပြည်တွင်း ငွေကြေး အဖွဲ့အစည်းတွေအတွက်ပဲလေ"
စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက စကားတစ်ခွန်း ပြောလိုက်တာနဲ့ အချက်အလက်တွေ အကုန်ပေးလိုက်တဲ့ ပြည်တွင်းဘဏ်တွေနဲ့ မတူဘဲ နိုင်ငံခြားဘဏ်တွေကတော့ ဖောက်သည်ရဲ့ လျှို့ဝှက်ချက်ကို အသည်းအသန် ကာကွယ်ပေးပါတယ်။ အချက်အလက်တွေ ရယူဖို့ဆိုရင် အမေရိကန် တရားရုံးကနေ တရားဝင် ခွင့်ပြုချက် ရဖို့အထိ လိုအပ်ပါတယ်။
တက်ဂယူ သက်ပြင်းချလိုက်ပါတယ်။
"ကံကောင်းလို့ မပေးလိုက်ရတာပဲ"
ဒါပေမဲ့ ကျွန်တော် နားမလည်တဲ့ အချက်တစ်ခု ရှိပါတယ်။
"ငွေကြေးကြီးကြပ်ရေးအဖွဲ့က ဘာလို့ အချက်အလက်တွေ တောင်းတာလဲ"
"သူတို့က အတွင်းသတင်းကို သုံးပြီး အရောင်းအဝယ်လုပ်တယ်လို့ သံသယရှိနေလို့ ဖြစ်မှာပေါ့"
"ဗျာ"
ကျွန်တော် အံ့သြနေတုန်းမှာပဲ တက်ဂယူက ရယ်ပြီး ခေါင်းခါပြပါတယ်။
"အတွင်းသတင်းဆိုတာ ဘာလဲ"
ဟျွန်းဂျူး သက်ပြင်းအရှည်ကြီး ချလိုက်ပါတယ်။
"ဟင်း..."
အတွင်းသတင်းဆိုတာ ဘာလဲတောင် မသိတဲ့ကောင်က ငွေကြေးလောကတစ်ခုလုံးကို မှောက်ခုံ ဖြစ်သွားအောင် လုပ်ခဲ့တာပဲ။
ကျွန်တော်ပဲ ဝင်ရှင်းပြလိုက်ပါတယ်။
"ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်တဲ့ အပြင်ကို မပေါက်ကြားသေးတဲ့ သတင်းတွေကို သုံးပြီး အရောင်းအဝယ် လုပ်တာကို ပြောတာ"
စာရင်းဝင် ကုမ္ပဏီတွေဟာ အရေးကြီးတဲ့ သတင်းတွေကို ရင်းနှီးမြှုပ်နှံသူတွေဆီကို တရားဝင် အသိပေးရပါတယ်။ အဲဒီလို မကြေညာခင်မှာ အဲဒီသတင်းကို သုံးပြီး အရောင်းအဝယ် လုပ်တာကို ခွင့်မပြုပါဘူး။
မနှစ်က ဖြစ်ခဲ့တဲ့ ဟန်ဘီ ဆေးဝါးကုမ္ပဏီ ဖြစ်ရပ်က အကောင်းဆုံး ဥပမာပါပဲ။
ဟန်ဘီ ဆေးဝါးကုမ္ပဏီဟာ ကင်ဆာဆေး တင်ပို့မယ့် သတင်းကောင်းနဲ့ ဆေးသစ် စမ်းသပ်မှု ရပ်ဆိုင်းလိုက်တဲ့ သတင်းဆိုး နှစ်ခုလုံးကို တစ်ပြိုင်တည်း ရရှိခဲ့ပါတယ်။
ကုမ္ပဏီဟာ သတင်းကောင်းကို အရင်ဆုံး ကြေညာခဲ့ပါတယ်။ နောက်နေ့ မနက်မှာပဲ ရှယ်ယာဈေးတွေ တက်လာပြီး လူတွေ အလုအယက် ဝယ်ကြတာပေါ့။
ဒါပေမဲ့ မနက် ၉:၃၀ မှာတော့ သတင်းဆိုးကို ရုတ်တရက် ကြေညာလိုက်ပါတယ်။ တက်နေတဲ့ ရှယ်ယာဈေးက ချက်ချင်း ထိုးကျသွားပြီး ၂၃ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးသွားပါတယ်။
သတင်းကောင်းနဲ့ သတင်းဆိုးကို ၁၇ နာရီအတွင်းမှာ တစ်လှည့်စီ ထုတ်လိုက်တဲ့အတွက် ရှယ်ယာဈေးက တစ်ရက်တည်းမှာ ၄၀ ရာခိုင်နှုန်းလောက်အထိ အတက်အကျ ဖြစ်သွားခဲ့တာပါ။
ပြဿနာကတော့ အဲဒီသတင်းကို ကြိုသိနေတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေဟာ သတင်းဆိုး မကြေညာခင်မှာ သူတို့ပိုင်တာတွေကို အကုန်ရောင်းချခဲ့ကြတာပါ။
ဒါတင်မကသေးဘူး။ သူတို့က Short selling တောင် လုပ်ခဲ့ကြပါသေးတယ်။ အဲဒီနေ့မှာ Short selling ပမာဏက ပုံမှန်ထက် ၁၀ ဆကျော် တိုးလာခဲ့ပါတယ်။
သတင်းကောင်းကိုပဲ ယုံပြီး ဝယ်ခဲ့တဲ့ သာမန်လူတွေကတော့ အကြီးအကျယ် ဆုံးရှုံးခဲ့ရတာပေါ့။
ဒါကို သတင်းတွေက ဖော်ပြလာတော့မှ ငွေကြေးကြီးကြပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီး အတွင်းသတင်းကို သုံးပြီး မတရား အမြတ်ရှာခဲ့တဲ့သူ ဒါဇင်ပေါင်းများစွာကို အရေးယူခဲ့ပါတယ်။
"ဒါက အပြစ်ကြီးတယ်လေ။ ဟုတ်တယ်မလား"
"ဟုတ်တယ်။ ငွေကြေးဈေးကွက်ရဲ့ ယုံကြည်မှုကို ပျက်ပြားစေလို့ပဲ။ မိသွားရင်တော့ ရရှိထားတဲ့ အမြတ်အားလုံးကို သိမ်းဆည်းခံရလိမ့်မယ်"
တစ်နည်းအားဖြင့် ပြောရရင် အစိုးရက အဲဒီပိုက်ဆံတွေကို ပြန်သိမ်းသွားမှာပါ။
ပြီးတော့...
"ပြစ်ဒဏ်ကလည်း တော်တော် ပြင်းထန်တယ်လို့ ကြားတယ်။ ပမာဏပေါ် မူတည်ပြီး ထောင်ဒဏ် ၅ နှစ်အထက်အထိ ကျနိုင်တယ်"
"အမလေး"
ကျွန်တော် ပြောတာကို ကြားတော့ တက်ဂယူ မျက်နှာက ချက်ချင်း ညှိုးသွားပါတယ်။
"ဒါဆို ငါတို့ ဘာဖြစ်သွားမလဲ။ ငါတို့ကို တစ်နေရာရာကို ဖမ်းခေါ်သွားပြီး စစ်ဆေးမှာလား"
ကျွန်တော် အေးအေးဆေးဆေး စဉ်းစားလိုက်ပါတယ်။
အတွင်းသတင်းကို သက်သေပြဖို့ဆိုတာ မလွယ်ပါဘူး။ အထောက်အထား အခိုင်အလုံ လိုအပ်ပါတယ်။ ဒါကြောင့် ဟန်ဘီ ဖြစ်ရပ်တုန်းကလည်း အကောင်ကြီးတွေ လွတ်သွားပြီး အကောင်သေးလေးတွေပဲ မိခဲ့တာပါ။
အရေးကြီးဆုံးအချက်က ကျွန်တော်တို့က တကယ်ကို အတွင်းသတင်းနဲ့ ပတ်သက်မှု မရှိတာပါပဲ။
အစ်မဟျွန်းဂျူးက ဆေးလိပ်တစ်လိပ် ထပ်ညှိလိုက်ပါတယ်။
"ကဲ... အခု ရှင်းပြစမ်း။ နင်တို့ ဘယ်သူ့ဆီက သတင်းရပြီး ဒါကို လုပ်တာလဲ"
တက်ဂယူက ကျွန်တော့်ကို လက်ညှိုးထိုးပြပါတယ်။
"သူ့ဆီက"
အစ်မဟျွန်းဂျူးက ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
ကျွန်တော် ခေါင်းငြိမ့်လိုက်ပါတယ်။
"တက်ဂယူ ပြောတာ မှန်ပါတယ်။ ကျွန်တော်ကပဲ သတင်းပေးခဲ့တာပါ"
"ဂျင်ဟူ... နင် အဲဒီသတင်းကို ဘယ်က ရတာလဲ"
"အဲဒါက..."
ဘယ်လို ရှင်းပြရမလဲ။
ကျွန်တော် စကားမပြောဘဲ တွေဝေနေတာကို မြင်တော့ အစ်မဟျွန်းဂျူး ပိုပြီး စိတ်တိုလာပါတယ်။
"နင်တို့ ဘာတွေ လုပ်ထားမိလဲဆိုတာ သိရဲ့လား။ အတွင်းသတင်း ဆိုတာ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုပဲ"
တကယ်လို့ အတွင်းသတင်း လို့ သတ်မှတ်ခံရရင် ဒဏ်ငွေတင် သန်းထောင်ပေါင်းများစွာ ဆောင်ရရုံတင်မကဘဲ ထောင်ပါ ကျနိုင်တာပါ။
သူ့ မောင်လေး ထောင်ကျသွားနိုင်တဲ့ အခြေအနေမလို့ သူ ဒီလောက်အထိ ဒေါသထွက်နေတာက သဘာဝပါပဲ။
"မဟုတ်ဘူး အစ်မ။ အရင်ဆုံး နားထောင်ပါဦး"
တက်ဂယူက ဘာတွေဖြစ်ခဲ့လဲဆိုတာကို စတင် ရှင်းပြပါတယ်။ သူ့ရဲ့ ဇာတ်လမ်းကတော့ ရှုပ်ယှက်ခတ်နေပြီး ဒီအလုပ်ကို အတူတူလုပ်ခဲ့တဲ့ ကျွန်တော့်အတွက်တောင် နားလည်ဖို့ ခက်ခဲနေပါတယ်။
ဘာမှ နားမလည်တော့တဲ့ ဟျွန်းဂျူးက ပြောတယ်။
"ဂျင်ဟူ... နင်ပဲ ရှင်းပြတော့"
"ဟုတ်ကဲ့"
ကျွန်တော်လည်း ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်ပြောပြလိုက်ပါတော့တယ်။