← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉)

OTK ကုမ္ပဏီက ဝမ် သိန်းပေါင်း ၂သန်း ကို ဟိုဆောင်းငွေစုဘဏ်မှာ အပ်နှံလိုက်တယ်ဆိုတဲ့ သတင်းကို ကြားရတုန်းက ပတ်ဆီဟျွန်းက ကန်ဂျင်ဟူတစ်ယောက် နောက်ဆုံးတော့ သူ့ရှေ့မှာ ဒူးထောက်လာခဲ့ပြီလို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ ကန်ဂျင်ဟူက ဘဏ်ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး Bank Run ဖြစ်အောင် လုပ်လိုက်တာနဲ့တင် သူ့ကို အကြီးအကျယ် ထိုးနှက်လိုက်သလို ဖြစ်သွားခဲ့ရတယ်။ သူ လှည့်စားခံလိုက်ရပြီဆိုတာကို သဘောပေါက်သွားတဲ့ အချိန်မှာတော့ ပတ်ဆီဟျွန်းရဲ့ စိတ်ထဲမှာ ပြင်းထန်တဲ့ ဒေါသတွေ တလိပ်လိပ် တက်လာခဲ့တော့တယ်။

ဟိုဆောင်းငွေစုဘဏ်ကို စီမံခန့်ခွဲနေတာက သူ့ရဲ့ ယောက္ခမ ဖြစ်ပြီး ရာထူးသက်တမ်းတစ်လျှောက်လုံးမှာလည်း အကျိုးအမြတ်တွေ အများကြီး ရယူခဲ့တာလေ။

တကယ်လို့ ဟိုဆောင်းငွေစုဘဏ်သာ ပြိုလဲသွားပြီး အဲဒီလုပ်ငန်းစဉ်တွေကြားထဲက မရိုးသားမှုတွေ ဒါမှမဟုတ် ခြစားမှုတွေသာ ပေါ်ပေါက်လာခဲ့ရင် ဒါက နိုင်ငံရေးအရ အကြီးအကျယ် ရိုက်ခတ်မှု ဖြစ်လာလိမ့်မယ်။

ပတ်ဆီဟျွန်းက ကန်ဂျင်ဟူရဲ့ ပြောဆိုချက်တွေကို ကောလာဟလသက်သက်လို့ ချက်ချင်း ပယ်ချလိုက်ပြီး ပြဿနာအများစုကို သူ ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြည်သူတွေကို စိတ်အေးအောင် ကြိုးစားခဲ့တယ်။

ဒါပေမဲ့...

ဒီကိစ္စက ထိန်းချုပ်လို့ရတဲ့ အဆင့်ထက်ကို အဝေးကြီး ကျော်လွန်နေခဲ့ပါပြီ။

ပတ်ဆီဟျွန်းက ချာဂျုံဟိုဘက်ကို လှည့်ပြီး မေးလိုက်တယ်။

"အခု ငါတို့တွေ ဘာဆက်လုပ်ကြမလဲ။ အစီအစဉ်ကို ပြောစမ်းပါဦး"

"အဲ... နည်းလမ်းကတော့..."

သူက ဘာလို့ ဖြေရှင်းနည်းကို မရှာဖွေခဲ့တာလဲ။ ဒီလောက်ကြီးမားတဲ့ ဘဏ္ဍာရေး ပြဿနာကြီး ဖြစ်နေတာမလို့ စီမံခန့်ခွဲမှုပိုင်းက လူတွေကော ကြီးကြပ်ရေး အဖွဲ့အစည်းတွေပါ တာဝန်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ ရမှာ မဟုတ်ပါဘူး။

တကယ်လို့ သူတို့ဘက်က ချက်ချင်း ဘဏ္ဍာရေးအရ ပံ့ပိုးကူညီမှု မလုပ်ပေးရင် ဟိုဆောင်းငွေစုဘဏ်က တစ်ရက်အတွင်းမှာတင် ပြိုလဲသွားပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ကူညီပေးဖို့ကျတော့လည်း စာရင်းစစ်ဆေးမှု ရလဒ်တွေကို ထုတ်ပြန်ရမှာဖြစ်ပြီး အဲဒီလို ထုတ်ပြန်လိုက်တာနဲ့တင် ဘဏ်က ပျက်စီးသွားမှာ အသေအချာပါပဲ။

ဒါကြောင့်မလို့ ဘာဖြေရှင်းနည်းမှ ရှိမနေခဲ့တာပါ။

ချာဂျုံဟိုက ဝေခွဲမရဖြစ်နေတဲ့ လေသံနဲ့ မဝံ့မရဲပဲ စကားဆိုလိုက်တယ်။

"ကျွန်တော် ထပ်ပြီး ရှာဖွေကြည့်ပါ့မယ်"

သူ့ကို လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ ပတ်ဆီဟျွန်းက ပြန်ထိုင်လိုက်ပြီး အတွေးပွားနေခဲ့မိတယ်။

သူက အရင်တုန်းကလည်း အကြပ်အတည်းများစွာကို ကျော်ဖြတ်ဖူးတာပါပဲ။ တချို့အချိန်တွေမှာ လိမ်ညာလှည့်ဖြားပြီး ရှောင်လွှဲခဲ့သလို တချို့အချိန်တွေမှာတော့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေက သူ့ဘက်မှာ ရှိနေကြပြီး အတိုက်အခံပါတီကတော့ အရည်အချင်း မရှိကြဘူးလေ။

သူ့ကို ကောင်းမွန်တဲ့ သမ္မတတစ်ယောက်လားလို့ မေးရင်တော့ အမြင်အမျိုးမျိုး ရှိနိုင်ပေမယ့် သူ့ကို ထောက်ခံတဲ့သူတွေအတွက်တော့ ထိုက်တန်တဲ့ ဆုလာဘ်တွေကို သေသေချာချာ ပေးခဲ့တာကတော့ အမှန်ပါပဲ။

သူက ကော်ပိုရေးရှင်းတွေကို အခွင့်ထူးအမျိုးမျိုး ပေးခဲ့သလို သူ့ကို နိုင်ငံရေးနဲ့ စီးပွားရေးအရ ထောက်ခံပေးတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ အိမ်ခြံမြေ စည်းမျဉ်းတွေကို ဖယ်ရှားပြီး အိမ်ခြံမြေစျေးနှုန်းတွေကို မြှင့်တင်ပေးခဲ့သလို အာဏာရပါတီရဲ့ နယ်မြေတွေအတွက်လည်း ဘတ်ဂျက်တွေကို အများဆုံး ချပေးခဲ့တာပါ။

အဲ့ဒါအတွက်ကြောင့်ပဲ ဝေဖန်မှုတွေ အများကြီး ရှိနေပေမယ့် ပြည်သူအများအပြားက သူ့ကို ထောက်ခံနေကြတုန်းပဲ ဖြစ်ပါတယ်။

အစိုးရက အခွန်ငွေ ဝမ် သိန်းပေါင်း ၁၀ ကုဋေလောက်ကို ဖြုန်းတီးပစ်လိုက်တယ်ဆိုတာက ပြည်သူတွေအတွက်တော့ တိုက်ရိုက် သက်ရောက်မှုရှိတယ်လို့ မခံစားရတတ်ကြဘူး။ မီဒီယာတွေကို ထိန်းချုပ်တာ၊ အကျိုးစီးပွားအတွက် ရာထူးခန့်အပ်တာနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်တာမျိုးတွေက နိုင်ငံရေးသမားတွေရဲ့ ကိစ္စသက်သက်ပဲလေ။ တရားမဝင် စောင့်ကြည့်တာ ဒါမှမဟုတ် အရပ်သားတွေကို စုံစမ်းစစ်ဆေးတာမျိုးတွေကလည်း ကိုယ့်အလှည့်မကျမချင်းတော့ လူအများစုအတွက် ဘာမှ အရေးမကြီးပါဘူး။

ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေ ဆုံးရှုံးရတော့မယ်ဆိုရင်တော့ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ ကိစ္စတစ်ခု ဖြစ်သွားမှာပါ။

တကယ်လို့ ဘဏ်ဒေဝါလီခံရတာက လက်တွေ့ ဖြစ်လာရင် ဒေသခံပြည်သူတွေက ကြီးမားတဲ့ ဘဏ္ဍာရေး ဆုံးရှုံးမှုတွေကို တိုက်ရိုက် ရင်ဆိုင်ရပါလိမ့်မယ်။ ဒါက ဒေသတွင်း စီးပွားရေး အကြပ်အတည်းအထိ ဖြစ်လာရင်တော့ ပျက်စီးဆုံးရှုံးမှုတွေက ပိုပြီးတော့တောင် ပြန့်နှံ့သွားဦးမှာပါ။

လောလောဆယ်မှာတော့ ဟိုဆောင်းငွေစုဘဏ်ရဲ့ သုံးစွဲသူတွေက သမ္မတကိုပဲ မျှော်လင့်တကြီး ကြည့်နေကြပြီး လုပ်ငန်းတွေ ဘယ်တော့ ပြန်စမလဲဆိုတာကို စောင့်ဆိုင်းနေကြတာပါ။ သူတို့က အာဏာရပါတီရဲ့ အဓိက ထောက်ခံသူတွေလည်း ဖြစ်ကြပါတယ်။

"ဒါက ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"

အဖြေကတော့ ရှင်းနေတာပါပဲ။ ဟိုဆောင်းငွေစုဘဏ်ရဲ့ စီမံခန့်ခွဲသူတွေက ဘဏ်ရဲ့ ကြွေးမြီဆိုးတွေကို ဖုံးကွယ်ထားခဲ့ကြပြီး ကြီးကြပ်ရမယ့် အစိုးရအဖွဲ့အစည်းကလည်း တာဝန်ကျေပွန်ဖို့ ပျက်ကွက်ခဲ့လို့ပေါ့။

ဒါပေမဲ့ ပတ်ဆီဟျွန်းကတော့ တခြားအကြောင်းပြချက်တစ်ခုကိုပဲ ရှာဖွေနေခဲ့တယ်။

"ဟိုကောင်သာ အာမချောင်ခဲ့ရင်..."

အခုထိ ဘယ်သူမှ မသိခဲ့ကြဘူးဆိုကတည်းက ဒါက ချက်ချင်းကြီး ပေါ်လာတဲ့ ကြွေးမြီဆိုးမျိုး မဟုတ်တာတော့ အသေအချာပဲ။

တကယ်လို့ ဒါကို သေသေချာချာ ဖုံးကွယ်ထားပြီး ဂရုတစိုက် စီမံခန့်ခွဲသွားရင် ဒီအစိုးရသက်တမ်းအတွင်းမှာ အကြပ်အတည်းကို ရှောင်လွှဲနိုင်ခဲ့မှာ မဟုတ်လား။ ဒါပေမဲ့ ဒီအခြေအနေတစ်ခုလုံးက ကန်ဂျင်ဟူရဲ့ စကားတစ်ခွန်းထဲနဲ့တင် အကုန်လုံး ပေါ်လာခဲ့ရပြီ။

ပတ်ဆီဟျွန်းက အံကြိတ်လိုက်မိတယ်။

"ဒီကောင်က အစကတည်းက ဒီလို ဖြစ်လာမယ်ဆိုတာကို သိနေခဲ့တာလား"

မီဒီယာတွေက အာဏာကို စောင့်ကြည့်ဖို့နဲ့ ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပေမယ့် အဆုံးမှာတော့ သူတို့ကလည်း ပုဂ္ဂလိက လုပ်ငန်းတစ်ခု သက်သက်ပဲလေ။

အစိုးရက ဖိအားပေးလာပြီး စီးပွားရေးလုပ်ငန်းတွေက ကြော်ငြာတွေကို ဖြတ်တောက်ပစ်လိုက်တဲ့ အခါမှာတော့ သူတို့မှာ ရုန်းကန်နိုင်မယ့် နည်းလမ်း မရှိတော့ပါဘူး။

သူ့ရဲ့ ရာထူးသက်တမ်း အစောပိုင်းကတည်းက ပတ်ဆီဟျွန်းက မီဒီယာတွေကို မြှောက်ပင့်လိုက်၊ ဖိအားပေးလိုက်နဲ့ ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့တာကြောင့် ပင်မမီဒီယာအများစုက အစိုးရရဲ့ သစ္စာရှိ လက်ကိုင်တုတ်တွေ ဖြစ်လာခဲ့ကြတယ်။

အဲဒီအထဲမှာမှ ဂျောင်အီဘို သတင်းစာကတော့ OTK ကုမ္ပဏီနဲ့ ကိုယ်ပိုင် ပဋိပက္ခ ရှိနေခဲ့တာကြောင့် အစိုးရဘက်တော်သား အဖြစ်ကို အထင်ရှားဆုံး ပြသနေခဲ့တာပါ။

ဒါကြောင့်မလို့ အခု အခြေအနေနဲ့ ပတ်သက်ပြီး ဂျောင်အီဘိုက အစကတည်းက ဇာတ်ကြောင်းကို ပုံဖော်ခဲ့တယ်။ အမြတ်အစွန်းအတွက် ဘဏ္ဍာရေးစျေးကွက်ကို နှောင့်ယှက်ဖို့ ရည်ရွယ်တဲ့ အရင်းအနှီး အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ ကြိုးစားနေတဲ့ အစိုးရတို့အကြား ပဋိပက္ခအဖြစ် ပုံဖော်ပြီး ဆောင်းပါးတွေကို အကွက်ချ ရေးသားခဲ့တာပါ။

OTK ကုမ္ပဏီက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို Derivative productတွေမှာမှ ရင်းနှီးမြှုပ်နှံထားတာ မရှိပါဘူးလို့ ရှင်းလင်းခဲ့ပေမယ့် ဂျောင်အီဘိုကတော့ အဲဒီကုမ္ပဏီက အခွန်ရှောင်တဲ့ နေရာမှာ တည်ရှိနေတာကြောင့် ကိုယ်စား ကုမ္ပဏီတွေကတစ်ဆင့် အရောင်းအဝယ်တွေကို အလွယ်တကူ လုပ်ဆောင်နိုင်တယ်လို့ စွပ်စွဲခဲ့တယ်။ အနှစ်ချုပ်ပြောရရင် အထောက်အထား မရှိတာကပဲ သူတို့အတွက်တော့ အထောက်အထား တစ်ခု ဖြစ်နေခဲ့တာပေါ့။

ကန်ဂျင်ဟူကို ဝေဖန်ထားတဲ့ ဆောင်းပါးရဲ့ ဘေးနားမှာတော့ ဟိုဆောင်းငွေစုဘဏ်ရဲ့ ကြော်ငြာအကြီးကြီးတစ်ခု ပါဝင်နေခဲ့ပြီး အဲဒီထဲမှာတော့ "ကျွန်ုပ်တို့ကို ယုံကြည်ပြီး စိတ်ရှည်သည်းခံပေးကြတဲ့ တန်ဖိုးရှိလှတဲ့ သုံးစွဲသူ မိဘပြည်သူများကို အစဉ်အမြဲ ကျေးဇူးတင်ရှိပါတယ်။ ပိုမို ချစ်ခင် အားကိုးရတဲ့ ဟိုဆောင်းငွေစုဘဏ် ဖြစ်လာအောင် ကြိုးစားသွားပါ့မယ်" လို့ ရဲရဲဝံဝံ ရေးသားထားခဲ့တယ်။

တီဗွီမှာတော့ အရေးပေါ် ဆွေးနွေးပွဲတစ်ခုကို စီစဉ်ကျင်းပနေခဲ့ကြတယ်။

အကြောင်းအရာကတော့ အားလုံး သိကြတဲ့အတိုင်း ဟိုဆောင်းငွေစုဘဏ်ရဲ့ အခြေအနေပါပဲ။

ပါတီနှစ်ခုလုံးက ကျွမ်းကျင်သူတွေနဲ့ လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ငြင်းခုံနေခဲ့ကြတယ်။ အဲဒီလုပ်ငန်းစဉ်ကြားထဲမှာ Bank Run အကြောင်း ရောက်လာတဲ့အခါ ကိုရီးယားပါတီက လွှတ်တော်အမတ် ကင်ဟန်ချောက ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"မရိုးသားတဲ့ ကောလာဟလတွေကို ဖြန့်ဝေတာက ပြဿနာတစ်ခု ဖြစ်သလို အဲဒါတွေကို ဘာဝေဖန်ပိုင်းခြားမှုမှ မရှိဘဲ ယုံကြည်ပြီး လိုက်လုပ်ကြတာကလည်း ပြဿနာတစ်ခုပဲ။ Bank Run ဆိုတာက ကိုယ့်ဖန်တီးချက်နဲ့ကိုယ် ပြန်ပျက်စီးစေတဲ့အရာမျိုးပဲလေ။ ဘဏ်တစ်ခုက Bank Run ကြောင့် ပြိုလဲသွားတာ မဟုတ်ဘူး၊ အားလုံးက ပိုက်ဆံတွေကို ပြိုင်တူ ထုတ်ဖို့ ပြေးသွားကြတဲ့ အပြုအမူကြောင့်သာ ပြိုလဲသွားရတာ။ တကယ်လို့ ဘယ်သူမှ ပိုက်ဆံ မထုတ်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ လူတိုင်းက အလုအယက် ထွက်ထုတ်နေကြလို့သာ ပြဿနာက ဖြစ်လာရတာ"

New Politicsပါတီက လွှတ်တော်အမတ် ယွန်ချန်ယောင်းက ချက်ချင်းပဲ ပြန်လည် ချေပလိုက်တယ်။

"Bank Run ဖြစ်တာက ဘာမှားလို့လဲ။ ဘဏ်တွေကျတော့ ချေးငွေအတိုး ပေးဖို့ ရက်ပိုင်းလောက် နောက်ကျတာနဲ့တင် ပိုက်ဆံတွေကို ပြန်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ကြတာပဲမလား။ သုံးစွဲသူတွေက သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို ပြန်လိုချင်ကြတာမှာ ဘာလို့ အပြစ် ဖြစ်ရမှာလဲ"

"လောကမှာ Bank Run ကို ခံနိုင်တဲ့ ဘဏ်ဆိုလို့ ရှိလို့လား။ ခင်ဗျားက ဘဏ်တွေကို အပ်နှံထားတဲ့ ပိုက်ဆံအားလုံးကို မီးခံသေတ္တာထဲမှာပဲ သိမ်းထားပြီး ဘယ်သူ့ကိုမှ ပိုက်ဆံတစ်ပြားမှ မချေးပါနဲ့လို့ ပြောနေတာလား"

"ဘယ်ဘဏ်မှ Bank Run ကို ကြာကြာမခံနိုင်ဘူးဆိုတာကိုတော့ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ဘဏ်တစ်ခုကတော့ အဲဒါ ဖြစ်လာတာနဲ့ ချက်ချင်းကြီး ပြိုလဲမသွားဘူး။ တကယ်လို့ အလုအယက် ထုတ်နေကြတဲ့ အချိန်မှာတောင် ဘဏ်က ပိုက်ဆံတွေကို ပုံမှန်အတိုင်း ထုတ်ပေးနိုင်တာကို အပ်နှံသူတွေ မြင်တွေ့ရရင် Bank Run က အလိုအလျောက် ရပ်တန့်သွားမှာပဲ။ အခုတော့ လုပ်ငန်းတွေ ဆိုင်းငံ့မသွားခင် တစ်ရက်လောက်တောင် မတောင့်ခံနိုင်ခဲ့တာက ပြဿနာ မဟုတ်ဘူးလား"

လွှတ်တော်အမတ် ကင်ဟန်ချောက ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။

"ဒါဆိုရင် လွှတ်တော်အမတ် ယွန်ချန်ယောင်း ပြောချင်တာက အစိုးရရဲ့ ကြေညာချက်က မှားပြီး ကန်ဂျင်ဟူ ပြောတာက မှန်တယ်လို့ ပြောချင်တာလား။ ကန်ဂျင်ဟူက ဘာမလို့လဲ။ ကောလိပ်တောင် မပြီးသေးတဲ့ လူငယ်လေးတစ်ယောက်ရဲ့ စကားနောက်ကို လိုက်ပြီး လူတွေက ဘဏ်ကို ပြေးပြီး ပိုက်ဆံတွေ ထုတ်နေကြတာက ကောင်လေးတစ်ယောက်ရဲ့ စကားနောက်ကို အုပ်စုလိုက် လိုက်လုပ်နေကြတဲ့ ကြွက်တွေနဲ့ တူနေပြီ"

ဆွေးနွေးပွဲတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ် ပြောဆိုနေခဲ့တဲ့ လွှတ်တော်အမတ် ယွန်ချန်ယောင်းက ပထမဆုံးအကြိမ်အဖြစ် အသံကို မြှင့်လိုက်တယ်။

"ခင်ဗျားက အပ်နှံသူတွေကို ကြွက်တွေလို့ ပြောလိုက်တာလား။ အဲဒါက ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားလွှတ်တော် အမတ်တစ်ယောက် ပြောသင့်တဲ့ စကားလား"

သူ့ရဲ့ စကားတွေက စည်းကျော်သွားပြီဆိုတာကို ကင်ဟန်ချောက သဘောပေါက်သွားပြီး ချက်ချင်းပဲ ပြန်ပြီး ရှင်းလင်းခဲ့တယ်။

"ဪ... မဟုတ်ပါဘူး၊ ကျွန်တော်က အပ်နှံသူတွေကို စော်ကားဖို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက တကယ့် ပြဿနာက သူတို့ကို လှုံ့ဆော်ခဲ့တဲ့ ကန်ဂျင်ဟူပဲလို့ ပြောချင်တာပါ"

ပြီးတော့ သူက အစီအစဉ် တင်ဆက်သူဘက်ကို လှည့်ပြီး ပြုံးပြုံးလေး ပြောလိုက်တယ်။

"ဒီအပိုင်းကို ထုတ်လွှင့်တဲ့အခါ ဖြတ်ပေးဖို့ တောင်းဆိုပါတယ်"

တင်ဆက်သူက သူ့ကို ကြောင်တောင်တောင် အမူအရာနဲ့ ကြည့်ပြီး ပြောလိုက်တယ်။

"ကျွန်တော်တို့ အခု တိုက်ရိုက် ထုတ်လွှင့်နေတာပါ"

"……"

အစိုးရက အစပိုင်းမှာ စုံစမ်းစစ်ဆေးရေး ကာလက ဆယ်ရက် ကြာမြင့်မှာဖြစ်ပြီး ယာယီ ထုတ်ပြန်ချက်ကို အမြန်ဆုံး ထုတ်ပြန်ပေးမယ်လို့ ကတိပြုခဲ့တယ်။

ဘဏ်လုပ်ငန်းတွေ ဆိုင်းငံ့ထားတာတောင်မှ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မရှိခဲ့တာက အပ်နှံသူတွေက အစိုးရနဲ့ မီဒီယာတွေကို ယုံကြည်ပြီး စောင့်ဆိုင်းဖို့ ရွေးချယ်ခဲ့ကြလို့ပါ။

ဒါပေမဲ့ တစ်ပတ်လောက် ကြာတဲ့အထိ ဘာသတင်းမှ ထွက်မလာတဲ့ အခါမှာတော့ စိုးရိမ်စိတ်တွေက တဖြည်းဖြည်း ကြီးမားလာခဲ့ရပြီ။

စျေးသည်တွေဖြစ်ကြတဲ့ ကင်ဆွန်ယာ အပါအဝင် လူတွေက တစ်နေရာထဲမှာ စုဝေးမိကြတယ်။

"ဘဏ်လုပ်ငန်းတွေ ဘယ်တော့ ပြန်စမှာလဲ"

"ဒါက ထူးဆန်းတယ်။ ဘာလို့ ဘယ်သူမှ ဘာမှ မပြောကြတာလဲ"

"တကယ်လို့ ပြဿနာတစ်ခုခု တကယ် ဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

စျေးသည်တစ်ယောက်က ဝင်ပြောတယ်။

"စိုးရိမ်စရာ မလိုပါဘူး။ အစိုးရက လူတစ်ယောက်ကို ဝမ် သန်း ၅၀အထိတော့ အသေအချာ လျော်ကြေးပေးမယ်လို့ ပြောထားတာပဲလေ"

အဲဒီအခါ တခြား စျေးသည်တစ်ယောက်က စိတ်တိုတိုနဲ့ အော်လိုက်တယ်။

"အဲဒါကို မသိဘူးလို့ထင်နေတာလား။ ဒါပေမဲ့ အဲဒါက တကယ့် ဖြေရှင်းနည်းလား။ အဲဒီထက် ပိုတဲ့ ပိုက်ဆံတွေကျတော့ကော ဘယ်လိုလုပ်ပေးမှာလဲ"

ဒီဘဏ်က ဒီဒေသမှာ အချိန်အကြာကြီး ဖွင့်လှစ်ထားခဲ့တဲ့ ငွေစုဘဏ် ဖြစ်တာကြောင့် လူအများအပြားက ပိုက်ဆံအမြောက်အမြားကို အပ်နှံထားခဲ့ကြတာပါ။ ဒါကြောင့် သူတို့က ပိုပြီးတော့တောင် စိုးရိမ်နေခဲ့ကြတာပေါ့။

စတိုးဆိုင် ဖွင့်ထားတဲ့ ပတ်ယုံချောက စျေးသည်တွေကို စိတ်အေးအောင် ဖျောင်းဖျဖို့ ကြိုးစားတယ်။

"ခဏလောက် စောင့်ကြည့်ကြတာပေါ့။ အစိုးရဘက်ကလည်း အစီအစဉ်တစ်ခုခုကို ပြင်ဆင်နေမှာပါ"

ကင်ဆွန်ယာက ပတ်ယုံချောကို မေးလိုက်တယ်။

"မောင်ရင်က ကောလိပ်ပြီးထားတာ ဟုတ်တယ်မလား"

"ဟုတ်ကဲ့ပါ။ အန်တီ"

ကင်ဆွန်ယာက သူ့ရဲ့ ဘဏ်စာအုပ်ကို ထုတ်ပြတယ်။

"ဒါဆို ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး။ ဒါက အပ်နှံငွေနဲ့ တူတူပဲလို့ ပြောတာပဲ။ ကျွန်မ လျော်ကြေး ပြန်ရနိုင်ပါ့မလား"

ပတ်ယုံချောက ဘဏ်စာအုပ် နှစ်အုပ်လုံးကို ယူပြီး ပမာဏတွေကို စစ်ဆေးလိုက်တယ်။

"ဝမ် ၄၃သန်းစီ ခွဲထားတာပဲ။ အပ်နှံငွေတွေကို လူတစ်ယောက်ကို ဝမ် သန်း ၅၀ အထိ အာမခံထားတာမလို့ စိုးရိမ်စရာ မလိုပါဘူး။ အန်တီ"

အဲဒီစကားကြောင့် ကင်ဆွန်ယာက သက်ပြင်းချနိုင်ပြီး စိတ်အေးသွားခဲ့ရတယ်။

"အေးပါကွယ်၊ အဆင်ပြေမှာပါလို့ ထင်သားပဲ။ တော်သေးတာပေါ့၊ တကယ့်ကို တော်သေးတယ်"

ဒါပေမဲ့ ဘဏ်စာအုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရင်းနဲ့ ပတ်ယုံချောရဲ့ မျက်နှာက ပျက်သွားခဲ့ရတယ်။

"ခဏလေးနေဦးဗျ။ ဒါက အပ်နှံငွေ မဟုတ်ဘူး၊ အဆင့်နိမ့် ငွေတိုက်စာချုပ် ဖြစ်နေတယ်"

ကင်ဆွန်ယာက နားမလည်တဲ့ ပုံစံနဲ့ မျက်တောင်ခတ်ရင်း မေးတယ်။

"အဲဒါက အပ်နှံငွေနဲ့ အတူတူပဲ မဟုတ်ဘူးလား"

ပတ်ယုံချောက မော့ကြည့်ပြီး စျေးသည်တွေကို လှမ်းမေးလိုက်တယ်။

"ဒီထဲမှာ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ဝယ်ထားမိတဲ့သူတွေ ရှိကြသေးလား"

စျေးသည် ၁၀ ယောက်လောက်က လက်လှမ်းပြကြတယ်။

"သူတို့က အတိုးနှုန်း မြင့်တယ်ဆိုလို့ ဝယ်လိုက်တာ"

"ကျွန်မက အပ်နှံငွေစာအုပ် သွားလုပ်တာကို ဘဏ်ဝန်ထမ်းက ဒါကိုပဲ လုပ်ဖို့ တိုက်တွန်းလို့ ဝယ်ထားခဲ့တာ"

"ပြီးခဲ့တဲ့တစ်ခေါက် သွားတုန်းကလည်း ဝန်ထမ်းက ဒါက ပိုကောင်းတဲ့ ရွေးချယ်မှုပါဆိုပြီး အကြံပြုလို့ ဝယ်မိခဲ့တာလေ"

စျေးသည်အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး အဲဒီစျေးမှာ ဆယ်စုနှစ်ပေါင်းများစွာ အရောင်းအဝယ် လုပ်လာခဲ့ကြတဲ့သူတွေပါ။ သူတို့က အဆင့်နိမ့် ငွေတိုက်စာချုပ်ဆိုတာ ဘာမှန်းတောင် သိကြမှာ မဟုတ်ဘဲ ဘဏ်ဝန်ထမ်းက ကောင်းပါတယ်လို့ ပြောတာနဲ့တင် လက်မှတ်ထိုးပေးလိုက်ကြတာ သက်သက်ပါပဲ။

"ဒါက ဘဏ်က သတ်မှတ်ထားတဲ့ သက်တမ်းအထိ တည်ငြိမ်နေမှသာ ပိုက်ဆံကို ပြန်ရမှာပါ။ တကယ်လို့ အဲဒီမတိုင်ခင် ဘဏ်သာ ဒေဝါလီခံလိုက်ရရင် အန်တီတို့တွေ တစ်ပြားမှ ပြန်ရမှာ မဟုတ်ဘူး"

အဲဒီစကားကြောင့် စျေးသည်တွေ အားလုံး အံ့အားသင့်သွားခဲ့ရတယ်။

"အဲဒါက ဘာပြောတာလဲ။ ဘာလို့ လျော်ကြေး မရရမှာလဲ။ အပ်နှံသူ ကာကွယ်ရေးဥပဒေဆိုတာ ရှိတယ်မလား"

ပတ်ယုံချောက စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်တယ်။

"အပ်နှံသူ ကာကွယ်ရေးဥပဒေက အပ်နှံငွေတွေအတွက်ပဲ အကျုံးဝင်တာပါ။ စာချုပ်တွေအတွက် မဟုတ်ဘူး။ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေက စတော့ရှယ်ယာတွေလိုပဲ အန္တရာယ်များတယ်"

ကင်ဆွန်ယာက ပတ်ယုံချောရဲ့ ပုခုံးကို လှမ်းကိုင်ပြီး လှုပ်ရမ်းကာ မေးတော့တယ်။

"ဒါ... ဒါဆိုရင် ငါ့ရဲ့ ပိုက်ဆံတွေက ဘယ်လိုဖြစ်သွားမှာလဲ"

ဝမ် ၈၆သန်းဆိုတာ တချို့လူတွေအတွက်တော့ နည်းပါးတဲ့ ပမာဏလို့ ထင်စရာ ရှိပေမယ့် အဲဒီစျေးမှာပဲ အတူတူ အလုပ်လုပ်ခဲ့တဲ့ ပတ်ယုံချောအတွက်တော့ ကင်ဆွန်ယာက ဒီပိုက်ဆံတွေကို ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခံပြီး စုဆောင်းခဲ့ရလဲဆိုတာကို ဘယ်သူ့ထက်မဆို ပိုသိတာပေါ့။

"အဲ... တကယ်လို့ လုပ်ငန်းတွေ ပြန်စရင်တော့ ပြဿနာမရှိနိုင်ပါဘူး..."

"တကယ်လို့ ပြန်မဖွင့်ရင်ကော။ ငါ ပြောတာက ဘဏ်က တကယ်လို့ ပြန်မဖွင့်နိုင်တော့ရင် ဘာဖြစ်မှာလဲ"

"…"

သူ ဘာမှ ပြန်မပြောနိုင်တော့တဲ့ အခါမှာတော့ ကင်ဆွန်ယာက စိတ်ဓာတ်ကျပြီး အဲဒီနေရာမှာတင် မူးလဲမလို ဖြစ်သွားခဲ့ရတော့တယ်။

News Break သတင်းဌာနက သူတို့ရဲ့ ဝဘ်ဆိုက်နဲ့ Youtubeချန်နယ်တွေမှာ ဗီဒီယိုတွေကို တင်ဆက်ခဲ့တယ်။

အွန်လိုင်းမီဒီယာတစ်ခု အနေနဲ့ ပုံမှန်ဆိုရင်တော့ ပင်မမီဒီယာကြီးတွေရဲ့ အရိပ်အောက်မှာပဲ ရှိနေတတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အခြေအနေက ကွဲပြားခြားနားနေခဲ့တယ်။

တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်မှုက ဟိုဆောင်းငွေစုဘဏ်ရဲ့ အခြေအနေပေါ်မှာပဲ ရှိနေတာကြောင့် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်က သိသိသာသာကို မြင့်တက်လာခဲ့တာပါ။

စီအီးအို ဂျင်ရယ်ဂျွန်နဲ့ သတင်းထောက် ဂျိုဝူဂျင်တို့က ရေဒီယိုအစီအစဉ်တစ်ခုကို တင်ဆက်နေသလိုမျိုး ကင်မရာရှေ့မှာ စကားပြောနေခဲ့ကြတယ်။

ဂျင်ရယ်ဂျွန်က အရင်ဆုံး စကားစလိုက်တယ်။

"ကျွန်တော်တို့တွေ ဒီနေ့မှာတော့ 'သမ္မတ နှင့် အိုတာကူပြိုင် ဘယ်သူနိုင်မလဲ' ဒုတိယပိုင်း အထူးအစီအစဉ်ကို ပြင်ဆင်ထားပါတယ်။ အားလုံး သိကြတဲ့အတိုင်း ဒီအခြေအနေက OTK ကုမ္ပဏီရဲ့ စီအီးအို ကန်ဂျင်ဟူရဲ့ စကားတွေကြောင့် စတင်ခဲ့တာပါ။ သူက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ အမှုစစ်ရုံးမှာ သံသယရှိသူအဖြစ် စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါတယ်"

ဂျိုဝူဂျင်က ခေါင်းညိတ်ပြတယ်။

"တကယ်လို့ သူက ဘဏ်ရဲ့ ကြွေးမြီဆိုးတွေနဲ့ ပတ်သက်ပြီး သံသယရှိပါတယ်လို့ပဲ ရိုးရိုးရှင်းရှင်း ပြောခဲ့ရင် ဒီလောက်အထိ အာရုံစိုက်ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဟိုဆောင်းငွေစုဘဏ်ကနေ ပိုက်ဆံတွေကို အမြန်ဆုံး ထွက်ထုတ်ကြပါလို့ တိုက်ရိုက် ပြောခဲ့တာလေ။ တကယ်လို့ ကြွေးမြီဆိုး ပြဿနာက အမှန်အတိုင်း မပေါ်ပေါက်လာရင် သူက ဖမ်းဆီးခံရနိုင်ခြေ ရှိပါတယ်"

"ဒါကြောင့် ရလဒ်ပေါ်မှာ မူတည်ပြီး ကန်ဂျင်ဟူ ဖမ်းဆီးခံရမလား၊ ဒါမှမဟုတ် ဟိုဆောင်းငွေစုဘဏ်ပဲ ဒေဝါလီခံရမလားဆိုတာ နှစ်ခုထဲက တစ်ခု ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင် အမြင်အရ ပြောရရင်တော့ ကန်ဂျင်ဟူရဲ့ ပြောဆိုချက်က မှားပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဟိုဆောင်းငွေစုဘဏ်သာ ပြိုလဲသွားရင် သာမန်ပြည်သူတွေအပေါ် ရိုက်ခတ်မှုက တကယ့်ကို ကြီးမားလွန်းလို့ပါ"

"မှန်ပါတယ်။ ဟိုဆောင်းငွေစုဘဏ်က လောလောဆယ် ငွေစုဘဏ် ကဏ္ဍမှာ ဒုတိယအကြီးဆုံးပါ။ အခြေအနေသာ လွဲချော်သွားရင် ဒေသတွင်း စီးပွားရေးတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်"

"အဓိက သတင်းကို မသွားခင်မှာ ကျွန်တော့်ဆီမှာ ဟိုဆောင်းငွေစုဘဏ်က ရောင်းချခဲ့တဲ့ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေရဲ့ သတင်းအချက်အလက် စာရွက်စာတမ်း ရှိနေပါတယ်။ ဒီမှာ ကြည့်လိုက်ရင် အတိုးနှုန်းက တစ်နှစ်ကို ၅.၆ ရာခိုင်နှုန်းလို့ ရှင်းရှင်းလင်းလင်း ရေးထားတာကို တွေ့ရလိမ့်မယ်။ အတိုးကို သုံးလတစ်ကြိမ် ၁.၄ ရာခိုင်နှုန်းနဲ့ ပေးမှာဖြစ်ပြီး ထုတ်ဝေတဲ့ ပမာဏ၊ နေ့စွဲ၊ သက်တမ်းနဲ့ စာရင်းသွင်းမှု ယူနစ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးအပိုင်းကတော့ အောက်ဆုံးမှာ ရှိနေတာပါ"

ဂျင်ရယ်ဂျွန်က စာရွက်စာတမ်းကို ကင်မရာနားကို တိုးပြီး ပြသလိုက်တယ်။ အောက်ခြေမှာတော့ ဖတ်ဖို့တောင် ခက်ခဲတဲ့ စာသားအသေးလေးတွေ ရှိနေခဲ့တယ်။

"ကြည့်ရှုသူတွေအနေနဲ့ ဒါကို လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မမြင်ရပါဘူး။ စာသားရဲ့ အရွယ်အစားက ၁ မီလီမီတာတောင် မရှိတာမလို့ ဖတ်ဖို့အတွက် မှန်ဘီလူး လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီထဲမှာ ရေးထားတာက 'အဆင့်နိမ့် ငွေတိုက်စာချုပ်များသည် သာမန်စာချုပ်များထက် ပြန်လည်ပေးဆပ်မှု ဦးစားပေးအဆင့် နိမ့်ပါးသောကြောင့် သတိပြုပါရန်။ ဤစာချုပ်သည် အပ်နှံသူ ကာကွယ်ရေးဥပဒေအရ အကာအကွယ် မရှိသဖြင့် အရင်းနှင့် အတိုး ဆုံးရှုံးနိုင်ခြေ အန္တရာယ်အားလုံးသည် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်သာ ဖြစ်သည်' တဲ့။ ဒါက ဘာကို ဆိုလိုတာလဲဆိုတာကို ခင်ဗျားကော သိလား"

ဂျိုဝူဂျင်က ရှင်းပြလိုက်တယ်။

"ဟိုဆောင်းငွေစုဘဏ်က ဒေဝါလီခံရတဲ့ အခြေအနေမှာတောင် လူတစ်ယောက်ကို ဝမ် သန်း ၅၀အထိတော့ ပြန်ပေးနိုင်ပါတယ်။ တကယ်လို့ ဘဏ်မှာ ပိုက်ဆံမရှိရင် ကိုရီးယား အပ်နှံငွေအာမခံ ကော်ပိုရေးရှင်းက အဲဒီပမာဏကို ပေးလျော်ဖို့ တာဝန်ရှိတာကြောင့်ပါ။ ဒါကြောင့်မလို့ တကယ်လို့ ခင်ဗျားက ဝမ် သန်း ၈၀ အပ်နှံထားရင် ဝမ် သန်း ၃၀ ဆုံးရှုံးရပေမယ့် ဝမ် သန်း ၅၀ကိုတော့ ပြန်ရမှာပါ။ ဒါပေမဲ့ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေမှာတော့ အဲဒီလို အကာအကွယ်မျိုး လုံးဝ မရှိပါဘူး။ ဘဏ်သာ ပြိုလဲသွားရင် ခင်ဗျားတို့ တစ်ပြားမှ ပြန်ရတော့မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဒီလူမိုက်တွေ... အဲလေ... ကျွန်တော် ဆိုလိုတာက ဟိုဆောင်းငွေစုဘဏ်ရဲ့ ဝန်ထမ်းတွေက ဘဏ်ပိတ်မယ့် အရင်တစ်ရက်အထိတောင် သုံးစွဲသူတွေကို ဒါတွေကို ဆက်တိုက် ရောင်းချနေခဲ့ကြတာလေ။ တကယ်လို့ ဘဏ္ဍာရေး အသိပညာ ရှိပြီး အဆင့်နိမ့် ငွေတိုက်စာချုပ်အကြောင်း သိတဲ့သူတွေကို ရောင်းတာဆိုရင်တော့ နားလည်ပေးလို့ ရသေးတယ်။ ဒါပေမဲ့ ဝယ်ယူသူ အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး ဒါကို ပုံမှန် အပ်နှံငွေစာအုပ်လိုမျိုးပဲ ထင်မှတ်ထားခဲ့ကြတာလေ"

"ဘဏ္ဍာရေး ထုတ်ကုန်တွေကို ရောင်းချတဲ့အခါ သုံးစွဲသူတွေကို အဲဒီထုတ်ကုန်ရဲ့ အခြေခံ အချက်အလက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု အန္တရာယ်တွေကို သေသေချာချာ အသိပေးရမှာပါ။ ဒါကတော့ မရိုးသားတဲ့ ရောင်းချမှု ပုံစံတစ်ခု ဖြစ်လာဖို့ ရာခိုင်နှုန်း အတော်လေး မြင့်မားပါတယ်"

"အဆင့်နိမ့် ငွေတိုက်စာချုပ်တွေက ပြဿနာတစ်ခု ဖြစ်ပေမယ့် အဲဒါထက် ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ အသေးစိတ်ကို မသွားခင် အခြေအနေကို ပြန်ပြီး အနှစ်ချုပ်ကြည့်ရအောင်။ ကန်ဂျင်ဟူရဲ့ ပထမဆုံး ထုတ်ပြန်ချက်က ညနေ ၇ နာရီလောက်မှာ ထွက်လာခဲ့တာ။ အဲဒီအချိန်မှာ ဘဏ်က ပိတ်ထားခဲ့ပြီ ဖြစ်လို့ တုန်လှုပ်သွားတဲ့ သုံးစွဲသူတွေက ပိုက်ဆံတွေကို ထွက်ထုတ်ဖို့ အွန်လိုင်းဘဏ်စနစ်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် အသုံးပြုသူတွေ ပြိုင်တူ များပြားလာခဲ့တာကြောင့် ဝဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းက ၁၀ မိနစ်အတွင်းမှာတင် ပျက်ကျသွားခဲ့ရပြီး အဲဒီနောက်ပိုင်း ဝင်ရောက်ခွင့်ကို လုံးဝ ပိတ်ပင်လိုက်တော့တယ်"

ဂျိုဝူဂျင်က ခေါင်းညိတ်ပြတယ်။

"ဒါက အွန်လိုင်းကတစ်ဆင့် Bank Run ဖြစ်လာမှာကို တားဆီးဖို့အတွက် ဟိုဆောင်းငွေစုဘဏ်ဘက်က တမင်တကာ ဝင်ရောက်ခွင့်ကို ပိတ်ဆို့လိုက်တာလို့ပဲ မြင်ရပါမယ်"

"ဒါကြောင့် နောက်တစ်နေ့ မနက်မှာ သုံးစွဲသူတွေက ဘဏ်ကို အလုအယက် ပြေးသွားခဲ့ကြပေမယ့် ဘဏ်က ဖွင့်ပြီးတာနဲ့ ချက်ချင်း ပြန်ပိတ်လိုက်ပြီး လုပ်ငန်းဆိုင်းငံ့တဲ့ အခြေအနေကို ဝင်ရောက်သွားခဲ့တာပေါ့"

"သာမန်သုံးစွဲသူတွေကတော့ သူတို့ရဲ့ အပ်နှံငွေတွေကို မနည်း ပြန်ထုတ်ခဲ့ရတယ်"

ဂျင်ရယ်ဂျွန်က ကင်မရာကို သေသေချာချာ ကြည့်ပြီး ပြောလိုက်တယ်။

"ကဲ... အခုက တကယ့် အရေးကြီးဆုံး အချက်ကို ရောက်လာပါပြီ။ ကန်ဂျင်ဟူရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတဲ့ အချိန်ကနေ နောက်တစ်နေ့ မနက်ပိုင်းအကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ။ ကျွန်တော်တို့ဆီမှာ တုန်လှုပ်စရာကောင်းတဲ့ သတင်းအချက်အလက် တချို့ ရောက်ရှိထားပါတယ်။ ဒါက ခင်ဗျားတို့ကို တကယ့်ကိုပဲ အံ့အားသင့်သွားစေလိမ့်မယ်"

All Chapters