အခန်း (၃၀၅-၃၀၆)
Vol. 31 Ch. 305-306
အခန်း (၃၀၅)
CarOS ရဲ့ အောင်မြင်မှုကိုတော့ အချိန်အတော်ကြာကတည်းက ကြိုတင်ခန့်မှန်းထားခဲ့ကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် အဲဒီကားမှာ လူမဲ့မောင်းနှင်နိုင်တဲ့ Level 5 အလိုအလျောက်မောင်းနှင်မှု နည်းပညာတွေအပြင် ကီလိုမီတာ ၁,၀၀၀ ကျော်အထိ မောင်းနှင်နိုင်တဲ့ OTK ဘတ္ထရီကို တပ်ဆင်ထားတာလေ။
ဒါပေမဲ့ အများပြည်သူရဲ့ တုံ့ပြန်မှုက မျှော်လင့်ထားတာထက် ပိုပြီးတော့တောင် ထူးထူးခြားခြား စိတ်အားထက်သန်နေခဲ့ကြတယ်။ ကြိုတင်မှာယူမှု ပေါက်ကွဲသွားတဲ့ ဂယက်က ချက်ချင်းဆိုသလို သိသာလာခဲ့တယ်။
TS ကုမ္ပဏီ ရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ ဆိုဆောင်း SB ရဲ့ ရှယ်ယာစျေးက ၂၀ ရာခိုင်နှုန်းကျော် တက်သွားသလို CarOS ဆီကို အစိတ်အပိုင်းတွေ ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေလည်း တစ်ပြိုင်ထဲ ထိုးတက်သွားခဲ့တယ်။ ပြီးတော့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာစျေးကလည်း အဖွဲ့အစည်းဆိုင်ရာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဆီကနေ အဝယ်အော်ဒါတွေ တားမနိုင်ဆီးမရ ဝင်ရောက်လာတာကြောင့် နေ့စဉ်စျေးကွက်ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်အထိ ထိုးတက်သွားခဲ့ရတယ်။
– ဝိုး။ ရူးချင်စရာကြီး။ ငါ့သက်တမ်းတစ်လျှောက်မှာ ဆိုဆောင်း အီလက်ထရောနစ် ရှယ်ယာစျေး ၃၀ ရာခိုင်နှုန်းအထိ တက်သွားတာကို တကယ်ကြီး မြင်လိုက်ရပြီ။
– အား... ငိုချင်တာပဲ။ ငါ မနေ့ကမှ ရောင်းလိုက်တာ။ စတော့ပွဲစားကုမ္ပဏီတွေက ရှယ်ယာစျေးက တိုတောင်းတဲ့ အချိန်အတွင်းမှာ အရမ်းတက်သွားလို့ ပြန်ကျလိမ့်မယ်လို့ ပြောလို့လေ။ အောက်တန်းစားတွေ... အဟင့်။
– ဟားဟား။ မင်း ရောင်းလိုက်တဲ့ ရှယ်ယာတွေကို စတော့ပွဲစားကုမ္ပဏီတွေက အကုန်သိမ်းကျုံးဝယ်သွားကြပြီကွ။
– ဆိုဆောင်း အီလက်ထရောနစ် က CarOS ရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးထဲသော ကုမ္ပဏီဖြစ်ပြီး မော်တော်ကား အီလက်ထရောနစ် ကဏ္ဍမှာ ထိပ်ဆုံးက ရှိနေတာ။ သူ့ရဲ့ တိုးတက်မှု အလားအလာက အကန့်အသတ်မရှိဘူး။
– နောက်တစ်နှစ်လောက်သာ စောင့်ကြည့်လိုက်၊ အခုစျေးနှုန်းကတောင် အရမ်းတန်တယ်လို့ မင်း တွေးမိလိမ့်မယ်။
– အဲဒါကတော့ အဓိပ္ပာယ်မရှိတာ။ ဆိုဆောင်း အီလက်ထရောနစ် က မော်တော်ကား အီလက်ထရောနစ်မှာ အတော်ဆုံး ဟုတ်လား။ Nvidia တို့၊ Continental တို့က နည်းပညာပိုင်းမှာ ပိုပြီး သာလွန်တယ်ကွ။ ဆိုဆောင်း အီလက်ထရောနစ် က အကောင်းဆုံးလို့ ပြောနေတာက အမျိုးသားရေးစိတ်ဓာတ် တက်ကြွလွန်းနေလို့ပါ။ တစ်ခုခုကို သေသေချာချာ လေ့လာပြီးမှ ပြောစမ်းပါ။
– မင်းကိုယ်တိုင်ပဲ တစ်ခုခုကို အရင်သိအောင် လုပ်သင့်တာ။ ကမ္ဘာပေါ်မှာ နည်းပညာရှိတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပေမဲ့ အော်ဒါပမာဏ ဘယ်လောက်အထိကို ကိုင်တွယ်နိုင်လို့လဲ။ ဆိုဆောင်း အီလက်ထရောနစ် က တစ်နှစ်ကို မော်တော်ကား အစီးရေ သန်းနဲ့ချီဖို့အတွက် အီလက်ထရောနစ် ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးထဲသော ကုမ္ပဏီပဲ။
– တစ်နှစ်ကို စမတ်ဖုန်း သန်း ၁၀၀ လောက် ထုတ်လုပ်နိုင်၊ ရောင်းချနိုင်ပြီး စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်က အခုအချိန်မှာ တကယ်ပဲ အကျိုးကျေးဇူး ပြုနေတာ။
– အဲဒါထက် CarOS ဘက်က အဲဒီလောက်အထိ ထုတ်လုပ်နိုင်ပါ့မလား ဆိုတာက ပိုအရေးကြီးတာ မဟုတ်ဘူးလား။ ဆိုဆောင်း အီလက်ထရောနစ် က ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရင်တောင် CarOS က ကားတွေကို လုံလောက်အောင် မထုတ်နိုင်ရင် အလကားပဲလေ။
– တကယ်လို့ သူတို့တွေ အမှားအယွင်း လုပ်မိရင် Nikola လိုမျိုး အဆုံးသတ်သွားလိမ့်မယ်။
အခုအချိန်မှာတော့ စျေးကွက်ရဲ့ အာရုံစိုက်မှုက CarOS ရဲ့ ထုတ်လုပ်မှု စွမ်းရည်ဆီကို ပြောင်းလဲရောက်ရှိလို့လာခဲ့ပါပြီ။
ထုတ်လုပ်မှု ပမာဏနဲ့ အရည်အသွေးဆိုတာ တစ်ခုကောင်းရင် တစ်ခုဆိုးတတ်တဲ့ သဘောရှိတာကြောင့် အရည်အသွေးကို ထိန်းသိမ်းရင်း ထုတ်လုပ်မှုကို မြှင့်တင်ဖို့က မလွယ်ကူပါဘူး။
ထုတ်လုပ်မှု ပမာဏကို အလျင်အမြန် မြှင့်တင်လိုက်တာက အရည်အသွေး ကျဆင်းမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါက တခြားကုမ္ပဏီတွေမှာလည်း ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။
CarOS ကလည်း အစကတည်းက ဒီပြဿနာကို အလေးထားခဲ့တာကြောင့် Chrysler ကို ဝယ်ယူပြီးတဲ့နောက် နှစ်နှစ်တိုင်တိုင် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မယ့် စနစ်ကို တည်ဆောက်ဖို့အတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြတာပါ။
နယ်ပယ်တော့ မတူဘူးပေမဲ့ ဒီလိုကိစ္စမျိုးမှာ အတော်ဆုံး ကုမ္ပဏီကတော့ ဆိုဆောင်း အီလက်ထရောနစ် ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အီလက်ထရောနစ် ကုမ္ပဏီတွေအားလုံးထဲမှာ အဆင့်ဆင့် လုပ်ငန်းစဉ်တွေကို အပြန်အလှန် ချိတ်ဆက်ပြီး အကောင်းဆုံး ပေါင်းစပ်တည်ဆောက်ထားနိုင်လို့ပါ။ အစိတ်အပိုင်းတွေကို အပြင်ကနေ မှာယူတာ ဒါမှမဟုတ် တခြားလူတွေကို အပ်ပြီး ထုတ်လုပ်ခိုင်းတဲ့ ပြိုင်ဘက်တွေနဲ့ မတူဘဲ သူတို့က AP ကနေစလို့ Memory Semiconductorတွေနဲ့ ဘတ္ထရီတွေအထိ အစိတ်အပိုင်း အများစုကို ကိုယ်တိုင် ထုတ်လုပ်ကြပြီး တပ်ဆင်တာနဲ့ ရောင်းချတာကိုပါ တိုက်ရိုက် ကိုင်တွယ်ကြတယ်။
အွန်ဆောင်း မော်တာ ရဲ့ လေအိတ် ပြန်လည်သိမ်းဆည်းရတဲ့ ဖြစ်ရပ်မှာ တွေ့ခဲ့ရတဲ့အတိုင်း မော်တော်ကားတွေမှာဆိုရင် အစိတ်အပိုင်းပေါင်း သောင်းနဲ့ချီတဲ့အထဲက တစ်ခုထဲ ပျောက်ဆုံးသွားရင်တောင် ထုတ်လုပ်မှုကို ထိခိုက်သွားစေနိုင်ပါတယ်။ အော်ဒါပမာဏ၊ ထုတ်လုပ်မှု ပမာဏ၊ ကုန်ပစ္စည်းလက်ကျန်နဲ့ ချို့ယွင်းချက်နှုန်းထားတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ SCM (Supply Chain Management) ဆိုတာ အဲဒီကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ လျှို့ဝှက်ချက်လို့တောင် ပြောလို့ရပါတယ်။
ဥက္ကဌ လင်ဂျင်ယုံ ကလည်း ကြည်ကြည်ဖြူဖြူနဲ့ ကူညီဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဆိုဆောင်း အီလက်ထရောနစ် က CarOS ရဲ့ ရှယ်ယာ ၂၄.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် ကားတွေ ပိုရောင်းရလေ ဆိုဆောင်း အုပ်စု လည်း ပိုက်ဆံ ပိုရလေပဲမလို့ ဒါက သဘာဝကျပါတယ်။
အမေရိကန်မှာရှိတဲ့ TS ကုမ္ပဏီ စက်ရုံကနေ ဘတ္ထရီတွေကို တရစပ် ထုတ်လုပ်ပေးနေခဲ့ပြီး ကားတပ်ဆင်တဲ့ စက်ရုံကလည်း မနားတမ်း လည်ပတ်နေခဲ့တယ်။
ဒါရီလ် က ယုံကြည်မှုအပြည့်နဲ့ အခုလို ပြောလာတယ်။
"CarOS က AD1 နဲ့ AD2 ကို ရောင်းချခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ။ ကျွန်တော်တို့ ထုတ်လုပ်မှုကို တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်သွားမှာဖြစ်ပြီး တစ်နှစ်ကို အစီးရေ ၃ သန်း၊ အဲဒီကနေ ၅ သန်းအထိ တိုးမြှင့်သွားမှာပါ။ ပထမဆုံး ကြိုတင်မှာယူထားတဲ့ အစီးရေ ၁ သန်းကိုတော့ ၆ လအတွင်း အပြီး ပို့ဆောင်ပေးသွားပါ့မယ်"
တစ်ကမ္ဘာလုံးမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက AD3 နဲ့ AD4 ရောင်းအားရဲ့ ဂယက်ရိုက်ခတ်မှုတွေကို အာရုံစိုက်လာကြပြီး ခန့်မှန်းချက် အမျိုးမျိုးကို ထုတ်ပြန်လာခဲ့ကြတယ်။ မျှော်လင့်ချက်တွေ ကြီးမားသလိုပဲ စိုးရိမ်မှုတွေကလည်း မြင့်မားနေခဲ့ပေမဲ့ အပြောင်းအလဲကတော့ စတင်နေခဲ့ပြီ ဖြစ်တယ်။
ကျွန်တော် ဒါရီလ် နဲ့ Video Call ပြောဖြစ်ခဲ့တယ်။ သူက ရက်ပေါင်းများစွာ အိပ်ရေးမဝခဲ့သလိုမျိုး ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံ ပေါက်နေပါတယ်။ သူ့မျက်လုံးတွေက နီမြန်းပြီး ဖူးရောင်နေကာ မျက်ကွင်းတွေပါ ညိုနေတာပါ။
"အရမ်း အလုပ်ရှုပ်နေတာလား"
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ရက်ပိုင်းလောက် ရှိပြီ အိပ်မပျော်တဲ့ ရောဂါ ခံစားနေရလို့ပါ"
"အခုလောလောဆယ်တော့ ကောင်းကောင်း အနားယူလိုက်ပါဦး"
ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကနေ မိတ်ဆက်တဲ့အထိ အရာအားလုံးကို တာဝန်ယူခဲ့ရတာကြောင့် ဖိအားတွေ အများကြီး ရှိခဲ့မှာ သေချာပါတယ်။
ဒါရီလ် က ခေါင်းခါလိုက်တယ်။
"အခု GM နဲ့ Ford တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတယ်။ သူတို့က လူမဲ့မောင်းနှင်တဲ့ ကားတွေက စောလွန်းသေးတယ်လို့ ပြောနေကြပြီး စည်းမျဉ်းတွေကို လျှော့ပေါ့ပေးတာက CarOS အတွက် မျက်နှာသာပေးတာလို့ စွပ်စွဲနေကြတာ။ နိုင်ငံရေးလောကကို စည်းရုံးသိမ်းသွင်းဖို့ လော်ဘီလုပ်နေကြသလို မိတ်ဖက် ကုမ္ပဏီတွေကိုလည်း ဖိအားပေးနေကြတယ်။ မီဒီယာတွေကလည်း သူတို့ဘက်က ရှိနေပုံပဲ"
မျက်နှာသစ် ကုမ္ပဏီဖြစ်တဲ့ CarOS နဲ့ မတူဘဲ GM နဲ့ Ford က သမိုင်းကြောင်း ရှည်လျားကြပါတယ်။ ပြီးတော့ အဲဒီအချိန်တွေအတွင်းမှာ နိုင်ငံရေးလောက၊ မီဒီယာတွေနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ထားခဲ့ကြတာပါ။ အဲဒီကျေးဇူးကြောင့်ပဲ ငွေကြေးအကြပ်အတည်း ကာလတုန်းက အစိုးရဆီကနေ အကြီးစား ငွေကြေးအကူအညီတွေကို ရရှိခဲ့ကြတာလေ။ အတိုင်းအတာချင်းတော့ ကွာချင်ကွာလိမ့်မယ်၊ ဒါပေမဲ့ ဘယ်နိုင်ငံမှာမဆို အဆက်အသွယ်နဲ့ လူမှုကွန်ရက်ဆိုတာ အရေးကြီးတာပါပဲ။
"CarOS ရဲ့ ကားအသစ်တွေ မိတ်ဆက်လိုက်တဲ့ ဂယက်ကြောင့် အဲဒီကုမ္ပဏီ နှစ်ခုလုံးမှာ အကြီးစား လုပ်ငန်းဖွဲ့စည်းပုံ ပြင်ဆင်တာတွေ ကြုံရနိုင်တယ်လို့ သတင်းတွေ ထွက်နေတယ်"
CarOS ရဲ့ အဓိက အရောင်းစျေးကွက်က အမေရိကန် ဖြစ်နေတာကြောင့် GM နဲ့ Ford က ချက်ချင်းဆိုသလို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ လက်တွေ့မှာလည်း AD3 နဲ့ AD4 ရဲ့ ပြိုင်ဘက်လို့ သတ်မှတ်ထားတဲ့ ကားတွေရဲ့ အရောင်းပမာဏက သိသိသာသာကို ကျဆင်းသွားခဲ့ပါပြီ။
Nikola က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လျှပ်စစ်ကား ရေစီးကြောင်းကို ဖန်တီးခဲ့ပေမဲ့ အရောင်းပမာဏကော၊ ထုတ်လုပ်မှု ပမာဏပါ လက်ရှိ ထုတ်လုပ်သူတွေကို သိသိသာသာ ခြိမ်းခြောက်နိုင်တဲ့အထိ မရှိခဲ့ပါဘူး။ ဒါပေမဲ့ CarOS ကတော့ မတူပါဘူး။
CarOS က GM နဲ့ Ford ဆီကနေ ဖောက်သည်တွေကို အပိုင် လုယူခဲ့ပြီ ဖြစ်သလို နောင်မှာလည်း ပိုပြီး လုယူသွားဦးမှာပါ။ တကယ်လို့ CarOS ကြောင့် အမေရိကန်ရဲ့ တခြားမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ အစုလိုက်အပြုံလိုက် အလုပ်ထုတ်တာတွေနဲ့ လျှော့ချတာတွေ ဖြစ်လာရင် အများပြည်သူရဲ့ အမြင်က သိသိသာသာ ဆိုးရွားသွားနိုင်ပါတယ်။
မဟာငလျင်ကြီးကြောင့် ကျွန်တော်က အမေရိကန်ရဲ့ သူရဲကောင်း ဖြစ်လာခဲ့ပြီး အမေရိကန်လူမျိုး အများစုရဲ့ ချစ်ခင်မှုကို ရရှိထားတာ မှန်ပေမဲ့ လူမဲ့မောင်းနှင်တဲ့ ထရပ်ကားတွေကြောင့် အလုပ်ပြုတ်သွားခဲ့ရတဲ့ ထရပ်ကားမောင်းသမားတွေကတော့ ကျွန်တော့်ကို မုန်းတီးနေကြမှာပါပဲ။ နောင်မှာ အလုပ်လက်မဲ့ ဖြစ်လာမယ့် လူတွေအတွက်လည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။
"ဖြစ်နိုင်ရင်တော့ အဲဒီလို အခြေအနေမျိုးကို ရှောင်ရှားရမယ်"
ကျွန်တော့်မှာ ဒီပြဿနာအတွက် ဖြေရှင်းနည်းကို ကြိုတင် စဉ်းစားထားပြီးသား ရှိပါတယ်။
ကျွန်တော်တို့က Big Two (အကြီးဆုံး ကုမ္ပဏီကြီး နှစ်ခု) နဲ့ ထိပ်တိုက် ပြိုင်ဆိုင်နေဖို့ မလိုပါဘူး။ ကမ္ဘာ့မော်တော်ကား စျေးကွက်ကြီးက အရမ်းကို ကျယ်ပြောလှတာပါ။ ကုမ္ပဏီတစ်ခုထဲက ဒီစျေးကွက်ကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်လို့မရသလို၊ တကယ်လို့ လုပ်ခဲ့ရင်လည်း စျေးကွက်monopoly လို့ခေါ်တဲ့ စျေးကွက်လက်ဝါးကြီးအုပ်မှု ပြဿနာ ဖြစ်လာပါလိမ့်မယ်။
စျေးကွက်လက်ဝါးကြီးအုပ်တာက စျေးကွက်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိစေတာပါ။ အဲဒါကြောင့်မလို့ ရော့ခ်ဖဲလား ဖန်တီးခဲ့တဲ့ Standard Oil ကုမ္ပဏီကိုလည်း antitrust law (antitrust law - စျေးကွက်လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေ) အရ အတင်းအကျပ် ဖြိုခွဲပစ်ခဲ့တာလေ။
CarOS ရဲ့ ရောင်းအား မြင့်တက်လာတာနဲ့အမျှ လက်ဝါးကြီးအုပ်မှုဆိုင်ရာ အငြင်းပွားမှုတွေက ပိုပြီး ပြင်းထန်လာပါလိမ့်မယ်။ အမေရိကန်မှာ ရှားမန်းအက်ဥပဒေ ဆိုင်ရာ ဆွေးနွေးမှုတွေက အခုကတည်းက စတင် ထွက်ပေါ်နေခဲ့ပါပြီ။
ဒါဆိုရင် ကွန်ပျူတာစနစ်၊ ရှာဖွေရေးစျေးကွက်၊ အွန်လိုင်းစျေးကွက်နဲ့ content စျေးကွက်တွေကို လက်ဝါးကြီးအုပ်ထားတဲ့ MS၊ Google၊ AMZ နဲ့ Disney လို ကုမ္ပဏီတွေက ဒီဥပဒေကို ဘယ်လိုမျိုး ရှောင်လွှဲခဲ့ကြတာလဲ။
ကံကောင်းတာက အမေရိကန်မှာ အများပြည်သူ အကျိုးစီးပွားအတွက် ဖြစ်စေတာ ဒါမှမဟုတ် ပြိုင်ဆိုင်မှုကို မထိခိုက်စေဘူးဆိုရင် ကုမ္ပဏီတွေကို antitrustဥပဒေ ကနေ ကင်းလွတ်ခွင့်ပေးတဲ့ စနစ်တစ်ခု ရှိနေတာပါပဲ။ အထက်မှာ ပြောခဲ့တဲ့ ကုမ္ပဏီတွေကလည်း အဲဒီနည်းလမ်းနဲ့ပဲ antitrustဥပဒေကို ရှောင်ကွင်းနိုင်ခဲ့ကြတာပါ။
"ကျွန်တော် သူတို့ရဲ့ စီအီးအို တွေနဲ့ စကားပြောကြည့်ရမယ်"
"ဒီထရိုက် ကို လာမလို့လား"
ကျွန်တော် ထိုင်ခုံကို နောက်မှီလိုက်ပြီး ခြေထောက် ချိတ်ထိုင်လိုက်တယ်။
"ကျွန်တော်က ဘာလို့ သွားရမှာလဲ။ အကူအညီ လိုအပ်နေတဲ့ လူကပဲ ကျွန်တော့်ဆီ လာရမှာပေါ့"
ကျွန်တော့်စကားကြောင့် ဒါရီလ် က တဟားဟား အော်ရယ်တော့တယ်။
"မင်း စကားက မှန်ပါတယ်။ ငါ အဲဒီအတိုင်းပဲ အကြောင်းကြားလိုက်ပါ့မယ်"
GM ရဲ့ ဥက္ကဌ ပေါ်တာ မက်ကယ်လန် နဲ့ Ford ရဲ့ ဥက္ကဌ ဟူးဘဲလ် ဘတ်တလာ တို့က သူတို့ရဲ့ ကုမ္ပဏီ အမှုဆောင်တွေနဲ့အတူ ကိုရီးယားနိုင်ငံထဲကို ဝင်ရောက်လာခဲ့ကြပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုလည်း ကျရောက်လာခဲ့တယ်။
[GM ဥက္ကဌနှင့် Ford ဥက္ကဌတို့ ကိုရီးယားသို့ တစ်ပြိုင်ထဲ ရောက်ရှိလာ]
[မထွက်ခွာမီ ကုမ္ပဏီနှစ်ခုကြား ကြိုတင်တွေ့ဆုံမှုရှိခဲ့ကြောင်း သတင်းထွက်ပေါ်]
[အမေရိကန်၏ Big 2 စီအီးအို များ ကိုရီးယားသို့ အဘယ်ကြောင့် ရောက်ရှိလာကြသနည်း]
[ပြိုင်ဆိုင်မှုလော၊ ပူးပေါင်းဆောင်ရွက်မှုလော]
– ရှင်းနေတာပဲ။ သူတို့ ကန်ဂျင်ဟူ နဲ့ တွေ့ဖို့ လာကြတာလေ။
– ဟားဟား။ ကိုရီးယား GM စက်ရုံ ပိတ်သိမ်းမယ့် ပြဿနာတုန်းက ကိုရီးယားစက်မှုဘဏ်က တွေ့ဖို့ တောင်းပန်ခဲ့တာကို အလုပ်ရှုပ်တယ်ဆိုပြီး လျစ်လျူရှုခဲ့ကြတဲ့ လူတွေက အခုကျတော့ အမှုဆောင်အဖွဲ့ တစ်ဖွဲ့လုံးကို ခေါ်ပြီး လာကြတယ်ပေါ့လေ။
– CarOS က Chrysler ကို ဝယ်ယူခဲ့တာဆိုတော့ အခုက အမေရိကန်ရဲ့ Big 3 ကုမ္ပဏီတွေ တစ်နေရာထဲမှာ ဆုံကြတဲ့ သဘောပဲ မဟုတ်လား။
– ဟားဟား။ ဒါပေမဲ့ ဆုံတာက ကိုရီးယားမှာ ဖြစ်နေတာဆိုပဲ။
– သူတို့ ဘာတွေ ပြောကြမလဲဆိုတာ တကယ် သိချင်မိတယ်။
– ကန်ဂျင်ဟူရဲ့ဘောင်းဘီအနားစကို ဆွဲပြီး တောင်းပန်တိုးလျှိုးကြတော့မှာ မဟုတ်ဘူးလား။
OTK ကုမ္ပဏီ ရဲ့ ရှယ်ယာရှင်တွေ တစ်နေရာထဲမှာ စုဝေးခဲ့ကြတယ်။
မီးဖွားခွင့် ပြီးလို့ ပြန်ရောက်လာတဲ့ အစ်မ ဟျွန်းဂျူးက အရင်တုန်းက ပုံစံအတိုင်းပဲ ဘာမှ ပြောင်းလဲမသွားပါဘူး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း အရင်အတိုင်းပဲ ဖြစ်နေတာပါ။ သူ ကိုယ်ဝန်ရှိတုန်းကလည်း ဝိတ် သိပ်မတက်လာလို့ စိုးရိမ်နေခဲ့သေးတာလေ။
တစ်ခုထဲသော ပြောင်းလဲသွားတဲ့ အရာကတော့...
"မမ။ တကယ်ကြီး ဆေးလိပ်ဖြတ်လိုက်တာလား"
အစ်မ ဟျွန်းဂျူးက ခေါင်းညိတ်ပြတယ်။
"ငါ ဆေးလိပ်သောက်လာတာ ၁၅ နှစ်ကျော်ပြီလေ၊ ဖြတ်ရမယ့် အချိန်တန်ပါပြီ"
"ဝိုး။ ငါတို့ အစ်မ တကယ် ပြောင်းလဲသွားပြီပဲ"
"ပါးစပ်ပိတ်ထားစမ်း"
ကျွန်တော်တို့တွေ Big Two နဲ့ တွေ့ဆုံဖို့အတွက် ပြင်ဆင်ထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး စကားပြောနေခဲ့ကြတယ်။
အစ်မ ဟျွန်းဂျူးက ကော်ဖီသောက်ရင်း ပြောလိုက်တယ်။
"အခု အမေရိကမှာလည်း CarOS ရဲ့ လူမဲ့မောင်းနှင်တဲ့ကား လက်ဝါးကြီးအုပ်မှုအပေါ် စိုးရိမ်နေကြတယ်။ အထူးသဖြင့် ဆက်စပ်လုပ်ငန်းခွင်က အလုပ်သမားတွေကြားမှာ အမြင်တွေ ပိုဆိုးလာနေတာ။ ရောင်းအား တက်လာလေလေ၊ စောင့်ကြည့်စစ်ဆေးမှုတွေက ပိုပြီး ကြီးမားလာလေလေပဲ ဖြစ်လိမ့်မယ်"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"CarOS က ဘယ်လောက်ပဲ ကောင်းတဲ့ကားတွေ ထုတ်ထုတ်၊ တစ်ကမ္ဘာလုံးက လူတွေက ကားတစ်စီးထဲကိုပဲ မောင်းနေကြမှာ မဟုတ်ဘူးလေ။ နိုင်ငံအလိုက် စည်းမျဉ်းတွေက မတူကြဘူး၊ ဒေသအလိုက် ရာသီဥတုနဲ့ လမ်းအခြေအနေတွေကလည်း ကွဲပြားသလို လူတွေရဲ့ လူနေမှုပုံစံတွေကလည်း မတူကြဘူး"
တချို့ဒေသတွေမှာ အပူချိန်က ရေခဲမှတ်အောက် ရောက်ပြီး နှင်းတွေ ကျနေတတ်သလို၊ တချို့နေရာတွေမှာတော့ ပူပြင်းတဲ့ နေရောင်အောက်မှာ လမ်းမတွေပေါ်ကနေ အပူရှိန်တွေ တက်နေတတ်ပါတယ်။ တချို့လူတွေက မိသားစုလိုက် ခရီးတိုတွေ သွားတတ်ကြပြီး တချို့ကျတော့ တစ်ယောက်ထဲ ခရီးဝေး သွားတတ်ကြတာပါ။ ဒါကြောင့်မလို့ လိုချင်တဲ့ ကားအရွယ်အစား၊ ပုံသဏ္ဌာန်၊ တောင့်တင်းခိုင်မာမှုနဲ့ အဆင်ပြေစေမယ့် လုပ်ဆောင်ချက်တွေက မတူညီကြတာ သဘာဝပဲ ဖြစ်ပါတယ်။
တက်ဂယူ က ဝင်ပြောတယ်။
"အဓိကကတော့ လူတွေရဲ့ အကြိုက်က အမျိုးမျိုး ကွဲပြားနေတာပဲ"
အဲဒီအကြိုက်အားလုံးကို ကားမော်ဒယ် အနည်းငယ်တည်းနဲ့ စိတ်ကျေနပ်အောင် လုပ်ပေးဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က အမျိုးအစား နည်းနည်းကို အမြောက်အမြား ထုတ်လုပ်တဲ့ ခေတ်မှာ ရှိမနေတော့ဘဲ အမျိုးအစား အစုံအလင်ကို ပမာဏ အနည်းငယ်စီ ထုတ်လုပ်တဲ့ ခေတ်ကို ရောက်နေပါပြီ။ ဟင်နရီ ဖို့ဒ် ရဲ့ နာမည်ကြီးစကားဖြစ်တဲ့ "မင်း ကြိုက်တဲ့အရောင်ကို ရွေးချယ်နိုင်တယ်၊ အဲဒီအရောင်က အမည်းရောင် ဖြစ်နေသရွေ့ပေါ့" ဆိုတာက အတိတ်မှာတင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။
ရလဒ်ကတော့ နိုင်ငံအသီးသီးအတွက် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် ကားတွေ လိုအပ်တာပါပဲ။ ဒါကြောင့်မလို့ ကမ္ဘာ့မော်တော်ကား ထုတ်လုပ်သူတွေက သူတို့ရဲ့ brandတွေကို တိုးမြှင့်ပြီး ကားမော်ဒယ် အမျိုးမျိုးကို ထုတ်လုပ်နေကြတာပါ။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ အတွင်းရေးမှူး ရောက်လာပြီး ပြောတယ်။
"အစည်းအဝေးအတွက် ပြင်ဆင်ပြီးပါပြီ"
"အင်း။ အခုပဲ ဆင်းလာခဲ့မယ်"
ကျွန်တော် တက်ဂယူ နဲ့အတူ အစည်းအဝေးခန်းမဆီကို ဦးတည်လိုက်တယ်။ အဲဒီအခန်းက ရုံးချုပ်မှာ အကြီးဆုံး အစည်းအဝေးခန်း ဖြစ်ပေမဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။
GM ရဲ့ ဥက္ကဌ ပေါ်တာ မက်ကယ်လန် နဲ့ Ford ရဲ့ ဥက္ကဌ ဟူးဘဲလ် ဘတ်တလာ တို့ရဲ့ မျက်နှာတွေကို မြင်လိုက်ရတယ်။ သူတို့တင်မကဘဲ GM နဲ့ Ford ရဲ့ အမှုဆောင်တွေလည်း အပြည့်ပါပဲ။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် ကန်ဂျင်ဟူ ပါ"
ကျွန်တော်တို့ နှုတ်ဆက်စကား နှီးနှောလိုက်ကြတယ်။ အချင်းချင်းအကြောင်းကို ကြားဖူးနေတာ ကြာပြီဖြစ်ပေမဲ့ လူကိုယ်တိုင် တွေ့ရတာကတော့ ဒါ ပထမဆုံးပါ။
GM က သူ့ရဲ့အမည်ဖြစ်တဲ့ General Motors အတိုင်း အမေရိကန်ရဲ့ အမျိုးသားကိုယ်စားပြု ကားလို့ တင်စားလို့ရပါတယ်။ အရင်တုန်းက ဒေဟူး မော်တာ ကို ဝယ်ယူပြီး ကိုရီးယားစျေးကွက်ထဲ ဝင်ရောက်ခဲ့ဖူးသလို တစ်ချိန်က GM ဒေဟူး Brandနဲ့ ရောင်းချခဲ့ဖူးတယ်။ အခုတော့ သူတို့ရဲ့ ကိုယ်ပိုင်Brandအောက်မှာပဲ ပေါင်းစည်းထားလိုက်ပါပြီ။
ပေါ်တာ မက်ကယ်လန် က မော်တော်ကား လုပ်ငန်းနယ်ပယ်မှာ ပထမဆုံးသော အမျိုးသမီး စီအီးအို ဖြစ်ပါတယ်။ အမျိုးသားတွေပဲ အစိုးရထားတဲ့ ဒီလုပ်ငန်းနယ်ပယ်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့တာတင်ပဲ သူ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်အထိ ထက်မြက်လဲဆိုတာ သက်သေပြနေခဲ့ပါပြီ။
သူ့ရဲ့ လက်တွေ့ စီမံခန့်ခွဲမှု စွမ်းရည်ကလည်း အံ့ဩစရာကောင်းလောက်အောင် ထူးချွန်တာကြောင့် သူ စီအီးအို ဖြစ်လာပြီးတဲ့နောက်မှာ GM က လုံးဝ ပြန်လည် နိုးထလာခဲ့တယ်လို့ ပြောကြတယ်။
သူ့ကို ရှယ်ယာရှင်တွေက ကြိုဆိုကြပေမဲ့ အလုပ်သမားတွေကတော့ သဘောမကျကြပါဘူး။ သူက ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဖွဲ့စည်းပုံ ပြင်ဆင်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့ပြီး အမြတ်မထွက်တဲ့ Brandတွေနဲ့ စက်ရုံတွေကို ပိတ်ပစ်ခဲ့သလို အမြတ်နည်းတဲ့ စျေးကွက်တွေကနေလည်း ဆုတ်ခွာခဲ့တယ်။ ကိုရီးယားက ဂွန်ဆန် စက်ရုံကို ပိတ်ပစ်ခဲ့တာကလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ဒီလို ပြင်ဆင်လိုက်တဲ့အတွက် ကုမ္ပဏီရဲ့ အမြတ်အစွန်းက သိသိသာသာ မြင့်တက်လာခဲ့ပြီး ရှယ်ယာစျေးလည်း ထိုးတက်သွားခဲ့တယ်။ ပြီးတော့ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် အနာဂတ် မော်တော်ကား နည်းပညာတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခဲ့တာပါ။
သူတို့ရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာကလည်း ထိပ်တန်းအဆင့်လို့ သတ်မှတ်ခံထားရတာပါ...
ဟုတ်ပါတယ်၊ တခြားကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင်ပေါ့လေ၊ CarOS နဲ့တော့ ယှဉ်လို့မရပါဘူး။
Ford ကတော့ လူတိုင်းသိကြတဲ့အတိုင်း ဟင်နရီ ဖို့ဒ် ဖန်တီးခဲ့တဲ့ မော်တော်ကား ကုမ္ပဏီ ဖြစ်ပါတယ်။ သူက conveyor belt ကို အသုံးပြုတဲ့ ထုတ်လုပ်မှုစနစ်ကို ပထမဆုံး တီထွင်ခဲ့သူဖြစ်ပြီး အဲဒီကတစ်ဆင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုနဲ့ အစုလိုက်အပြုံလိုက် စားသုံးမှုခေတ်ကို လမ်းခင်းပေးခဲ့တာပါ။
အဲဒီအချိန်မတိုင်ခင်အထိ ကားဆိုတာ ချမ်းသာတဲ့လူတွေအတွက် အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကြောင့် စျေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အလုပ်သမားတွေတောင် ဝယ်ယူနိုင်တဲ့အဆင့် ဖြစ်လာခဲ့တယ်။
တကယ်လို့ ဟင်နရီ ဖို့ဒ် သာ မရှိခဲ့ရင် မော်တော်ကားတွေ ခေတ်စားလာဖို့က တော်တော်လေး နောက်ကျသွားမှာပါ။ ရှုထောင့်ပေါင်းစုံကကြည့်ရင် သူက မော်တော်ကားလောက တင်မကဘဲ ကမ္ဘာ့သမိုင်းအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။
လက်ရှိ Ford ရဲ့ စီအီးအို ဖြစ်တဲ့ ဟူးဘဲလ် ဘတ်တလာ မှာတော့ လူမဲ့မောင်းနှင်တဲ့ ကားတွေနဲ့ လျှပ်စစ်ကားတွေ ခေတ်စားလာမှုကတစ်ဆင့် ဒုတိယအကြိမ်မြောက် conveyor belt တော်လှန်ရေးကို ဦးဆောင်ချင်တဲ့ ရည်မှန်းချက်ကြီး ရှိနေခဲ့ပြီး ကုမ္ပဏီတွေကို ပေါင်းစည်းဝယ်ယူတဲ့နေရာမှာ ပိုက်ဆံ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့တာပါ။
ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော်တို့က ဒုတိယအကြိမ်မြောက် conveyor belt တော်လှန်ရေးကို စတင်လိုက်တာ ဖြစ်လို့ သူ ပိုက်ဆံတွေကို အလကား ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားခဲ့ရတာပေါ့။
ကျွန်တော်တို့တွေ ထိုင်ခုံမှာ နေရာယူလိုက်ပြီး အစည်းအဝေးကို စတင်လိုက်ကြတယ်။
CarOS ရဲ့ ခန့်မှန်းခြေ စျေးကွက်တန်ဖိုးက GM နဲ့ Ford နှစ်ခုပေါင်းထားတာထက် ပိုပြီး မြင့်မားနေခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ Big Two ရဲ့ ရောင်းအား ပမာဏကို ပေါင်းလိုက်ရင်တော့ သူတို့က ကမ္ဘာ့ထိပ်တန်း နေရာကို ရောက်ရှိသွားမှာပါ။ သူတို့မှာ ကမ္ဘာ့မော်တော်ကား လုပ်ငန်းနယ်ပယ်အတွင်း ကြီးမားတဲ့ အခြေခံအဆောက်အဦးတွေနဲ့ ဩဇာအာဏာတွေ ရှိနေကြတာလေ။
ကုမ္ပဏီနှစ်ခုလုံးရဲ့ စီအီးအို တွေကလည်း အလျှော့မပေးဖို့ ဆုံးဖြတ်ထားတဲ့ ပုံစံပါပဲ။
သူတို့က အရင်ဆုံး TS ကုမ္ပဏီ က OTK ဘတ္ထရီတွေကို CarOS တစ်ခုထဲဆီပဲ သီးသန့် ပံ့ပိုးပေးနေတဲ့ ကိစ္စကို စပြီး ပြောလာကြတယ်။ လက်ဝါးကြီးအုပ်မှုဆိုင်ရာ စိုးရိမ်မှုတွေကို အကြောင်းပြရင်း သူတို့လည်း ပူးပေါင်းတီထွင်မှု ဒါမှမဟုတ် ပရောဂျက်တွေမှာ ပါဝင်ချင်တဲ့ ဆန္ဒကို ထုတ်ဖော်လာခဲ့ကြတာပါ။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ခင်ဗျားတို့ရဲ့ စိုးရိမ်မှုတွေကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို အခုလို တစ်နေရာထဲမှာ ဆုံခိုင်းရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့ရဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အကြောင်း ဆွေးနွေးချင်လို့ပါ"
ဥက္ကဌ ဘတ်တလာ က မေးလာတယ်။
"ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုကို ဆိုလိုတာလဲ"
ကျွန်တော်က ဒီမေးခွန်းကို စောင့်နေခဲ့သလိုမျိုးပဲ ပြန်ဖြေလိုက်တယ်။
"ကျွန်တော် ခင်ဗျားတို့ကို အလိုအလျောက်မောင်းနှင်မှု OS နဲ့ ဘတ္ထရီတွေကို ပံ့ပိုးပေးမယ်။ ခင်ဗျားတို့က အဲဒါတွေကို အသုံးပြုပြီး ခင်ဗျားတို့ လိုချင်တဲ့ ကားတွေကို ထုတ်လုပ်ပြီး စျေးကွက်ထဲမှာ ရောင်းချနိုင်ပါတယ်"
ဒီနှစ်ခုက အနာဂတ် မော်တော်ကားတွေရဲ့ အဓိက သော့ချက် နည်းပညာတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ရရှိရုံနဲ့တင် သူတို့က AD စီးရီးတွေနဲ့ အဆင့်အတန်းတူတဲ့ လူမဲ့မောင်းနှင် လျှပ်စစ်ကားတွေကို ဖန်တီးနိုင်မှာပါ။
မမျှော်လင့်ထားတဲ့ ကမ်းလှမ်းချက်မလို့လားမသိ၊ သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အံ့ဩသွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်။
ကျွန်တော် စီအီးအို နှစ်ယောက်လုံးကို ကြည့်ပြီး ပြောလိုက်တယ်။
"အမေရိကန်ရဲ့ Big 3 ကုမ္ပဏီတွေ အင်အားချင်းပူးပေါင်းပြီး စျေးကွက်သစ်ကို အတူတူ လမ်းဖောက်ကြတာက ပိုပြီး မကောင်းဘူးလား"
အခန်း (၃၀၆)
CarOS က မူလတုန်းက အလိုအလျောက်မောင်းနှင်မှု နည်းပညာ အပါအဝင် မော်တော်ကားမောင်းနှင်မှုစနစ် (OS) ကို တီထွင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ စတင်ခဲ့တာပါ။
တချို့ကုမ္ပဏီတွေက သူတို့တီထွင်ထားတဲ့ ဆော့ဖ်ဝဲလ်ကို သူတို့ရဲ့ ကိုယ်ပိုင် hardware ပေါ်မှာပဲ တပ်ဆင်ကြပြီး တချို့ကျတော့ တခြားကုမ္ပဏီတွေကို တက်တက်ကြွကြွ ပြန်လည်ရောင်းချကြပါတယ်။
တကယ်လို့ ပထမနည်းလမ်းက Npple ဆိုရင် ဒုတိယနည်းလမ်းကတော့ MS နဲ့ Gooble တို့ပေါ့။ ဘယ်နည်းလမ်းက ပိုမှန်တယ်လို့ အသေသတ်မှတ်လို့မရပေမဲ့ ကျွန်တော်တို့ကတော့ open platform ဘက်ကို ပိုပြီး အားသန်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ကနည်းလမ်းက လုပ်ငန်းချဲ့ထွင်မှုအပိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေလို့ပါ။
မော်တော်ကားလုပ်ငန်းက နည်းပညာပိုင်းရော လုပ်အားပိုင်းပါ အလွန်စိုက်ထုတ်ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နည်းပညာ တိုးတက်မှုနဲ့ အလုပ်အကိုင် ဖန်တီးမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိတာကြောင့် နိုင်ငံတိုင်းက သူတို့ရဲ့ ပြည်တွင်းကုမ္ပဏီတွေကို တက်တက်ကြွကြွ ပံ့ပိုးပေးနေကြတာပါ။
အစကတည်းက မော်တော်ကားလုပ်ငန်း မရှိတဲ့နိုင်ငံတွေကတော့ သက်ရောက်မှု မရှိနိုင်ပေမဲ့ ဂျာမနီ၊ ဂျပန် နဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေကတော့ သူတို့ရဲ့ ပြည်တွင်းလုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဘက်မှာ GM နဲ့ Ford သာ မဟာမိတ်အဖြစ် ရှိနေရင် ဘယ်နိုင်ငံကမှ CarOS ရဲ့ စျေးကွက်လက်ဝါးကြီးအုပ်မှု ပြဿနာကို ကန့်ကွက်ရဲမှာ မဟုတ်တော့ပါဘူး။
ကျွန်တော်တို့ကို လာရှုပ်ရင် အမေရိကန် တစ်နိုင်ငံလုံးနဲ့ ရန်သူဖြစ်သွားနိုင်တာကြောင့်ပါ။
လူတိုင်းက မျက်နှာတွေ တင်းမာသွားပြီး တိတ်ဆိတ်သွားကြတယ်။ သူတို့ ခေါင်းထဲမှာ အသည်းအသန် တွက်ချက်နေကြတာ သေချာပါတယ်။
တကယ်လို့ သူတို့က ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ရင် GM နဲ့ Ford ကလည်း CarOS နဲ့ အဆင့်အတန်းတူတဲ့ လူမဲ့မောင်းနှင် လျှပ်စစ်ကားတွေကို ဖန်တီးနိုင်တော့မှာပါ။
အခုခေတ်က ကွန်ပျူတာတွေ၊ ဖုန်းတွေလိုပဲ ကားတွေမှာလည်း မောင်းနှင်မှုစနစ် (OS) လိုအပ်တဲ့ ခေတ်ဖြစ်နေပါပြီ။
CarOS ရဲ့ OS ကို တပ်ဆင်ထားတဲ့ ကားတွေ ပိုများလာလေလေ၊ လမ်းမတွေနဲ့ မော်တော်ကားတွေအကြောင်း အချက်အလက် data တွေကို ပိုပြီး စုဆောင်းနိုင်လေလေပါ။ ကားအချင်းချင်း ဆက်သွယ်မှုစနစ်ကို ထည့်သွင်းစဉ်းစားရင်လည်း ဆော့ဖ်ဝဲလ်တစ်ခုထဲကို သုံးပြီး မောင်းနှင်တဲ့ လူမဲ့မောင်းနှင်ကားတွေ ပိုများလေလေ ပိုပြီး အကျိုးရှိလေလေပါပဲ။
MS ရဲ့ Windows က ကွန်ပျူတာလောကကို စိုးမိုးခဲ့သလို၊ Gooble ရဲ့ Andromeda နဲ့ Npple ရဲ့ NOS တို့က စမတ်ဖုန်းလောကကို စိုးမိုးခဲ့သလိုမျိုး နောင်တစ်ချိန်မှာ CarOS ကလည်း မော်တော်ကားမောင်းနှင်မှုစနစ် စျေးကွက်ကို စိုးမိုးသွားမှာပါ။
မောင်းနှင်မှုစနစ်တစ်ခုအပေါ်မှာ တစ်ခါမှီခိုမိသွားရင် ပြန်ရုန်းထွက်ဖို့က မလွယ်ပါဘူး။ ဒါက အလိုအလျောက်မောင်းနှင်မှု နည်းပညာနယ်ပယ်မှာ ကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ နည်းပညာဆိုင်ရာ စွမ်းရည်တွေကို စွန့်လွှတ်လိုက်ရတာနဲ့ အတူတူပါပဲ။
ဆိုဆောင်း အီလက်ထရောနစ် ကလည်း Gooble ရဲ့ Andromeda ကို အသုံးပြုပြီးတဲ့နောက်မှာ သူတို့ရဲ့ ကိုယ်ပိုင် စမတ်ဖုန်း OS တီထွင်မှုကို ထိရောက်စွာ စွန့်လွှတ်လိုက်ရတာပဲလေ။
သူတို့အနေနဲ့ ငြင်းပယ်ပြီး ကိုယ်ပိုင်နည်းပညာကို ဆက်လက် တိုးတက်အောင် လုပ်လို့ရပေမဲ့ CarOS ကို ကျော်တက်နိုင်ဖို့ အလားအလာကတော့ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ကလည်း ငြိမ်ငြိမ်လေး ထိုင်နေမှာမှ မဟုတ်တာ။ အထူးသဖြင့် ကျွန်တော်တို့က အစုလိုက်အပြုံလိုက် ထုတ်လုပ်မယ့် ကားတွေကို အရင်ဆုံး မိတ်ဆက်ထားတာဖြစ်လို့ ကွာဟချက်က ပိုပြီး ကြီးမားလာနေတာပါ။
ဥက္ကဌ ပေါ်တာ မက်ကယ်လန် က မေးလာတယ်။
"တကယ်လို့ ကျွန်တော်တို့က လက်မခံရင်ကော"
"ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ပဲ ကားတွေကို ဆက်ထုတ်ရမှာပေါ့။ ပြီးတော့ ကျွန်တော်က ဒီကမ်းလှမ်းချက်ကို တခြားကားထုတ်လုပ်သူတွေဆီ ကမ်းလှမ်းသွားမှာပါ"
GM နဲ့ Ford မရှိရင်တောင် တခြားကားထုတ်လုပ်သူတွေ အများကြီး ရှိပါသေးတယ်။ နည်းပညာပိုင်း အားနည်းတယ်လို့ သတ်မှတ်ခံထားရတဲ့ နောက်ကျကျန်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ ကျွန်တော်တို့သာ လက်ကမ်းလိုက်ရင် ဝမ်းသာအားရနဲ့ လက်တွဲကြမှာပါပဲ။
CarOS ရဲ့ နည်းပညာကို အသုံးပြုရုံနဲ့တင် တခြားကုမ္ပဏီတွေက ထိပ်တန်းအုပ်စုနဲ့ ကွာဟချက်ကို မျက်စိတစ်မှိတ်အတွင်းမှာ ကျဉ်းမြောင်းပစ်နိုင်မှာပါ။ အွန်ဆောင်း မော်တာ ကလည်း အဲဒီလို ဖြစ်ရပ်မျိုးပါပဲ။
အွန်ဆောင်း မော်တာ က အလိုအလျောက်မောင်းနှင်မှုနဲ့ လျှပ်စစ်ကား နည်းပညာပိုင်းမှာ နောက်ကျကျန်နေခဲ့တယ်လို့ အကဲဖြတ်ခံခဲ့ ရတာပါ။ ဒါပေမဲ့ CarOS နဲ့ နည်းပညာဆိုင်ရာ မိတ်ဖက်ဖြစ်ပြီးတဲ့နောက်မှာ အခြေအနေက ပြောင်းလဲသွားခဲ့တယ်။
ဥက္ကဌ ဟန်ချန်ယောင်း က အွန်ဆောင်း မော်တာ ရဲ့ လျှပ်စစ်ကား ရောင်းအားပမာဏကို သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ တရားဝင် ကြေညာခဲ့တယ်။
အွန်ဆောင်း မော်တာ က OTK ကုမ္ပဏီ နဲ့အတူ လျှပ်စစ်ကား စက်မှုဇုန်ကို တည်ဆောက်နေတာ မှန်ပေမဲ့ လက်ရှိမှာတော့ စက်သုံးဆီသုံးကားတွေရဲ့ ရောင်းအားက အပြတ်အသတ် စိုးမိုးထားတုန်းပါပဲ။ လျှပ်စစ်ကား အချိုးအစားကို တိုးမြှင့်မယ်လို့ ပြောတာက သူတို့က ကိုယ်ပိုင်ရပ်တည်ဖို့ထက် CarOS ရဲ့ ထီးရိပ်အောက်မှာ ခိုလှုံဖို့ ရွေးချယ်လိုက်တာကို ဆိုလိုတာပါ။ ရင်းနှီးမြှုပ်နှံသူတွေက ဒီဆုံးဖြတ်ချက်ကို သဘောကျခဲ့ကြပြီး အွန်ဆောင်း မော်တာ ရဲ့ ရှယ်ယာစျေးကလည်း ထိုးတက်သွားခဲ့တယ်။
ဒါပေမဲ့ GM နဲ့ Ford ကတော့ မော်တော်ကား သမိုင်းကြောင်းနဲ့အတူ တကယ့်ကို ကြီးပြင်းလာခဲ့ကြတဲ့ ကုမ္ပဏီတွေပါ။
ကျွန်တော်တို့ဆီမှာ ခေါင်းငုံ့ရတာက သူတို့ရဲ့ သိက္ခာကို တော်တော်လေး ထိခိုက်စေမှာပါပဲ။ ဒါပေမဲ့ စီးပွားရေးလောကဆိုတာ အေးစက်ပြီး ညှာတာမှုမရှိဘူးလေ။ သိက္ခာက ထမင်းကျွေးတာမှ မဟုတ်တာ။
ကျွန်တော် ထိုင်ခုံကို နောက်မှီလိုက်ပြီး ပြောလိုက်တယ်။
"ရွေးချယ်မှုက ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတယ်"
သူတို့ နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲသူတွေ ဖြစ်ကြတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆန္ဒကို လျစ်လျူရှုလို့မရပါဘူး။ ဘယ်ရွေးချယ်မှုက မှန်ကန်လဲဆိုတာကို ရှယ်ယာစျေးနှုန်းကပဲ သက်သေပြသွားပါလိမ့်မယ်။
သူတို့တွေ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော် ထပ်လောင်း ရှင်းပြလိုက်တယ်။
"ခင်ဗျားတို့ သိတဲ့အတိုင်း လက်ရှိ OTK ဘတ္ထရီတွေရဲ့ ထုတ်လုပ်မှု စွမ်းရည်က အနာဂတ် လျှပ်စစ်ကား ဝယ်လိုအားနဲ့ ယှဉ်ရင် အများကြီး နည်းနေသေးတယ်။ တကယ်လို့ အရင်ဆုံး ဦးစားပေး ပံ့ပိုးမှုကို ရယူချင်တယ်ဆိုရင်တော့ တခြားကုမ္ပဏီတွေထက် အမြန်ဆုံး ဆုံးဖြတ်ချက်ချတာက ပိုကောင်းပါလိမ့်မယ်"
GM နဲ့ Ford က ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်ကို ယာယီအားဖြင့် လက်ခံခဲ့ကြပြီး လုပ်ငန်းအဖွဲ့တွေက တိတ်တဆိတ် ညှိနှိုင်းမှုတွေ စတင်ခဲ့ကြတယ်။
ဥက္ကဌ လင်ဂျင်ယုံ က ဥက္ကဌ ပေါ်တာ မက်ကယ်လန် နဲ့ ဥက္ကဌ ဟူးဘဲလ် ဘတ်တလာ တို့နဲ့ သီးသန့်စီ တွေ့ဆုံပြီး စကားပြောခဲ့တယ်။
Level 4 ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို ဖန်တီးဖို့ဆိုရင် ကားသုံး AP တွေ၊ Semiconductorတွေ၊ Sensorတွေနဲ့ module တွေ အပါအဝင် အမျိုးမျိုးသော Hardware အစိတ်အပိုင်းတွေက မရှိမဖြစ် လိုအပ်တာပါ။
တခြားကုမ္ပဏီတွေလည်း ဒါတွေကို ထုတ်လုပ်နေကြတာ မှန်ပေမဲ့ ဆိုဆောင်း အီလက်ထရောနစ် ကတော့ သင့်တော်တဲ့စျေးနှုန်းနဲ့ တည်တည်ငြိမ်ငြိမ် ပံ့ပိုးပေးနိုင်တဲ့ တစ်ဦးထဲသော ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီပစ္စည်းတွေက CarOS ရဲ့ မောင်းနှင်မှုစနစ်နဲ့ ကောင်းကောင်း ကိုက်ညီမှုရှိတယ်ဆိုတာလည်း သက်သေပြပြီးသား ဖြစ်ပါတယ်။
ဥက္ကဌ လင်ဂျင်ယုံ က ပြုံးပြီး ပြောလာတယ်။
"နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ပိုက်ဆံရှာဖို့ တော်တော် ခက်ခဲလိမ့်မယ် ထင်တယ်။ ဒီနှစ်မှာဆိုရင် အမြတ်ဝေစုတောင် ပေးနိုင်မှာ မဟုတ်ဘူး"
ရှယ်ယာစျေးနှုန်းက နေ့တိုင်း စံချိန်သစ်တွေ တင်နေခဲ့ပေမဲ့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ အသားတင်အမြတ်ကတော့ အမှန်တကယ် ကျဆင်းနေခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက ရရှိတဲ့ ပိုက်ဆံတွေကို လုပ်ငန်းထဲမှာပဲ ဆက်တိုက် ပြန်လည် ရင်းနှီးမြှုပ်နှံနေလို့ပါပဲ။
ဒါကတော့ အောင်မြင်လွန်းလို့ ညည်းတွားနေတာပေါ့။
တစ်ကမ္ဘာလုံးက မော်တော်ကား ထုတ်လုပ်သူတွေကလည်း ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ကြပြီး သူတို့ရဲ့ အနာဂတ် မဟာဗျူဟာတွေကို ချမှတ်ဖို့ အလုပ်ရှုပ်နေခဲ့ကြတယ်။
"ဂျပန်ကတော့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ဆက်စပ်ကုမ္ပဏီတွေကို ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။ ဝန်ကြီးချုပ် အိုကာဇာကီ ကလည်း စက်မှုလုပ်ငန်းကနေ အမြင့်ဆုံး ပံ့ပိုးကူညီမှုတွေ ပေးမယ်လို့ ကတိပြုထားတယ်"
"အဲဒါကြောင့်မလို့ မော်တော်ကားလုပ်ငန်းက သူတို့ရဲ့ စီးပွားရေးအတွက် အရေးပါနေတာပေါ့"
အခုအချိန်မှာ CarOS က အကြွင်းမဲ့ အုပ်စိုးသူ ဖြစ်နေပြီဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ရွေးချယ်စရာက နှစ်ခုပဲ ရှိပါတယ်။ CarOS ရဲ့ အောက်ကို ဝင်မလား၊ ဒါမှမဟုတ် အားလုံး စုပေါင်းပြီး ခုခံမလား။
ကျွန်တော် ဖုန်းချလိုက်ပြီး အခန်းထဲ ဝင်ခဲ့တယ်။ အယ်လီ က ကုတင်ခေါင်းရင်းကို မှီပြီး သတင်းစာ ဖတ်နေတာပါ။ သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် လန့်သွားခဲ့ရတယ်။ တစ်ဖက်က ကြည့်ရင် သူက အရမ်း လှပနေလို့ ဖြစ်ပြီး... နောက်တစ်ဖက်ကတော့ သူက အနက်ရောင် မျက်မှန်ဝိုင်းလေး တပ်ထားလို့ပါပဲ။
"ဟာ... အဲဒီမျက်မှန်က ဘာလဲ"
"ဒီရက်ပိုင်း မျက်စိတွေ နည်းနည်း ညောင်းသလို ခံစားရလို့လေ၊ အဲဒါကြောင့် သတင်းစာဖတ်တဲ့အခါ တပ်ကြည့်တာ။ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလား"
ကျွန်တော် ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။
"ဟင့်အင်း။ နင်နဲ့ အရမ်း လိုက်ပါတယ်"
မျက်မှန်လေး တပ်ထားရုံတင်နဲ့တင် သူက ပုံမှန်ထက် ကွဲပြားတဲ့ ခံစားချက်ကို ပေးစွမ်းနေပြီး ချစ်စရာတောင် ကောင်းနေခဲ့တာပါ။
အယ်လီ က ကျွန်တော့်စကားကြောင့် သာသာယာယာလေး ပြုံးလိုက်တယ်။
"ဘာလဲ... နင်က ဒီလိုမျိုး ပုံစံကို သဘောကျလို့လား"
"အဲဒါကတော့..."
မုန်းစရာတော့ မရှိပါဘူးလေ။
အယ်လီ က သတင်းစာကို ပိတ်လိုက်ပြီး မေးတယ်။
"ဥက္ကဌ ဝါရင် ဘတ်ဖတ် နဲ့ ဖုန်းပြောရတာ အဆင်ပြေရဲ့လား"
"အင်း။ သူက နှုတ်ဆက်စကား ပါးလိုက်သေးတယ်"
Berkshire Hathaway က ဆက်စပ်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အလုပ်ရှုပ်နေခဲ့တာပါ။ အဲဒီလောက် အသက်အရွယ်အထိ ဒီလောက် စိတ်အားထက်သန်နေနိုင်တာက တကယ်ပဲ အံ့ဩဖို့ကောင်းပါတယ်။
ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် ဝါရင် ဘတ်ဖတ် နဲ့ စကားပြောနေရတာက ပိုပြီး အံ့ဩဖို့ကောင်းနေတာများလား။
"နင် ဘာတွေဖတ်နေတာလဲ"
"The Financial Times လေ။ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတစ်ပုဒ် ပါလို့၊ ဖတ်ကြည့်ချင်လား"
ကျွန်တော် သတင်းစာကို လှမ်းယူလိုက်တယ်။
[အနာဂတ် မော်တော်ကားစျေးကွက်မှာ ဘယ်သူတွေ ရှင်သန်ကျန်ရစ်မလဲ]
၂၀၀၇ ခုနှစ် ဇန်နဝါရီလတုန်းက ဆန်ဖရန်စစ္စကို မှာ ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့တယ်။ အဲဒါကတော့ Npple က ထုတ်လုပ်တဲ့ စမတ်ဖုန်းပါပဲ။
မိတ်ဆက်ခဲ့တဲ့ အချိန်တုန်းကတော့ Nphone ရဲ့ ရိုက်ခတ်မှုက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဒါပေမဲ့ ၁၀ နှစ်မပြည့်ခင် အချိန်အတွင်းမှာ Nphone ဦးဆောင်တဲ့ စမတ်ဖုန်းတွေက မိုဘိုင်းဖုန်းစျေးကွက်ကို စိုးမိုးသွားခဲ့ပြီး လက်ရှိ ကြီးစိုးထားတဲ့ Nokia၊ Motorola နဲ့ BlackBerry လို ဧရာမ ကုမ္ပဏီတွေက တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့ရတယ်။
အခု မော်တော်ကားစျေးကွက်ကို ကြည့်လိုက်ကြရအောင်။ CarOS က AD1 နဲ့ AD2 လို့ခေါ်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို ထုတ်လုပ်ခဲ့ပြီး အခုဆိုရင် လူမဲ့မောင်းနှင် လျှပ်စစ်ကားတွေဖြစ်တဲ့ AD3 နဲ့ AD4 ကို မိတ်ဆက်နေပြီ ဖြစ်ပါတယ်။
AD စီးရီးတွေက မော်တော်ကားစျေးကွက်ရဲ့ Nphone လိုပါပဲ။ လက်ရှိ ထိပ်တန်း မော်တော်ကား ထုတ်လုပ်သူ ၁၀ ခုထဲမှာ နောက်ထပ် ၁၀ နှစ်ကြာရင် ဘယ်နှစ်ခုလောက် ကျန်ရစ်မလဲ။
အယ်လီ က ပြောတယ်။
"နောက်ကျောဖုံးမှာလည်း CarOS ရဲ့ ကုမ္ပဏီတန်ဖိုးက ဒေါ်လာ သိန်းပေါင်း ၁ ကုဋေ ရှိတယ်လို့ ဖော်ပြထားတယ်"
ကျွန်တော် တဟားဟား ရယ်လိုက်တယ်။
"အဲဒါက အပြောသက်သက်ပါ"
ငွေကြေးကုမ္ပဏီတွေအကြား CarOS ရဲ့ ခန့်မှန်းခြေ စျေးကွက်တန်ဖိုးက အမျိုးမျိုး ကွဲပြားနေခဲ့တာပါ။ တချို့က ဒေါ်လာ သိန်းပေါင်း ၁ ကုဋေထက် ကျော်လွန်တယ်လို့ ပြောကြပြီး တချို့ကျတော့ အစစ်အမှန်တန်ဖိုးက ဒေါ်လာ သန်းပေါင်း ၃သိန်း ပဲ ရှိတယ်လို့ ပြောကြတယ်။
CarOSက ပုဂ္ဂလိက ကုမ္ပဏီဖြစ်ပြီး အပြင်ကနေ ရင်းနှီးမြှုပ်နှံမှု မရရှိထားတာကြောင့် တိကျတဲ့ တန်ဖိုးဖြတ်မှုကို လုပ်ဖို့က မလွယ်ကူပါဘူး။
ပုံမှန်အားဖြင့် မော်တော်ကား ကုမ္ပဏီတစ်ခုရဲ့ PER (Price-to-Earnings Ratio - ရှယ်ယာစျေးနှုန်းနှင့် အမြတ်အချိုး) က ၈ ဝန်းကျင်မှာ ရှိတတ်တာပါ။ PER ၈ ဆိုတာက နောက်ထပ် ၈ နှစ်စာ မျှော်မှန်းထားတဲ့ အမြတ်အစွန်းက လက်ရှိ ရှယ်ယာစျေးနှုန်းနဲ့ တူညီတယ်ဆိုတဲ့ သဘောပါပဲ။ တွက်ချက်ကြည့်ရင် တစ်နှစ်ကို ၉ ရာခိုင်နှုန်းလောက် ရှိတာပေါ့။
ဒါပေမဲ့ CarOS ကိုတော့ PER နဲ့ တိုင်းတာလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ အမြတ်အစွန်းထက် အနာဂတ် တန်ဖိုးအပေါ် မျှော်လင့်ချက်တွေက ပိုပြီး ရောင်ပြန်ဟပ်နေလို့ပါ။
တကယ်လို့ နောင်တစ်ချိန်မှာ စျေးကွက်ကို စိုးမိုးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုသာ ရှိနေရင် အခုအချိန်မှာ အမြတ် ဘယ်လောက်ရလဲဆိုတာက ဘာအရေးကြီးလို့လဲ။
ဘယ်အရာက မှန်သည်ဖြစ်စေ၊ ဒါက မော်တော်ကား ကုမ္ပဏီတစ်ခုရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံး စျေးကွက်တန်ဖိုးပဲ ဖြစ်ပါတယ်။
"အဲဒီလောက်အထိ ပိုက်ဆံတွေ အများကြီး ရှိနေတာ ဘယ်လို ခံစားရလဲ"
"အင်း... တကယ်တော့ သိပ်ပြီး အရှိန်အဝါ မရှိပါဘူး။ ငါက ပိုက်ဆံတွေကို လက်ထဲမှာ ငွေသားအဖြစ် ကိုင်ထားတာမှ မဟုတ်တာ။ OTK ကုမ္ပဏီ ရဲ့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာရုံသက်သက်ပဲလေ"
ကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ငွေသား ပိုပိုင်ဆိုင်တဲ့ လူတွေ အများကြီး ရှိသလို၊ OTK ကုမ္ပဏီ နဲ့ CarOS ထက် ငွေသားလက်ကျန် ပိုများတဲ့ ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။
ဆော်ဒီအာရေဗျ တော်ဝင်မိသားစုတွေ ဒါမှမဟုတ် အာဏာရှင်နိုင်ငံတွေက ခေါင်းဆောင်တွေကိုတော့ ထည့်ပြောနေစရာတောင် မလိုပါဘူး။
ဥပမာပြရရင်တော့ အိမ်တစ်လုံး ပိုင်ဆိုင်ထားတဲ့ အချိန်မှာ အဲဒီအိမ်ရဲ့ တန်ဖိုးက ရုတ်တရက် ဝမ် သန်း ၃ထောင်၊ ဝမ် သန်းပေါင်း ၁သောင်အထိ ထိုးတက်သွားသလိုမျိုးပေါ့။
ကျွန်တော့်မှာ အိမ်တစ်လုံး ရှိနေတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားပါဘူး။ အဲဒီအိမ်မှာပဲ ဆက်နေနေသရွေ့တော့ ပြန်ရောင်းလို့ မရဘူးလေ။
ဝေးကွာလှတဲ့ အနာဂတ်မှာ အိမ်စျေးနှုန်း ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
"တစ်နေ့ကျရင် ဒေဝါလီခံရတာမျိုးလည်း ဖြစ်လာနိုင်တာပဲ"
ထိပ်ဆုံးမှာ ရှိနေတဲ့ ကုမ္ပဏီတွေ ပြိုလဲသွားတာက ထင်ထားတာထက် ပိုပြီး အဖြစ်များပါတယ်။
Dow Jones အညွှန်းကိန်းကို စတင် ဖန်တီးခဲ့စဉ်က ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ ဒီနေ့အချိန်အထိ ကျန်ရစ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုမှ မရှိတော့ပါဘူး။ အများစုက ဒေဝါလီခံခဲ့ကြရတာရှိသလို၊ တချို့ကတော့ တခြားနေရာမှာ အဝယ်ခံခဲ့ကြရပြီး အသက်ရှင်ကျန်ရစ်တဲ့ ကုမ္ပဏီက အလွန်နည်းပါးပါတယ်။ GE ဆိုရင် တစ်ကြိမ် ဖယ်ရှားခံခဲ့ရပြီးမှ ပြန်ဝင်လာခဲ့တာဆိုပေမဲ့ မကြာသေးခင်ကမှ ထပ်ပြီး ဖယ်ရှားခံလိုက်ရပြန်ပါပြီ။
အယ်လီ က ယုံကြည်မှုအပြည့်နဲ့ ပြောလာတယ်။
"မစိုးရိမ်ပါနဲ့။ တကယ်လို့ အဲဒီလို ဖြစ်လာရင် ကန်ဂျင်ဟူ ကို ငါ ရှာကျွေးပါ့မယ်"
"နင့်ကို တကယ် ယုံပြီးပုံအပ်လို့ရမလား"
"ဒါပေါ့။ အိမ်မှာပဲ စိတ်အေးလက်အေး အနားယူပြီး အိမ်အလုပ်တွေကိုပဲ လုပ်နေလိုက်ပါ"
"ဟင်း... ဒါဆိုရင် ငါ ဟင်းချက်တာကို စပြီး သင်ရတော့မယ် ထင်တယ်"
ကျွန်တော့်စကားကြောင့် အယ်လီ က တဟားဟား အော်ရယ်တော့တယ်။
"တကယ်တော့ ငါ ထင်တာက ငါတို့တွေ အများဆုံး ပိုက်ဆံရှာနိုင်ခဲ့တာက L6 ပေါက်ကွဲမှု ဖြစ်စဉ်တုန်းက ထင်တယ်"
အဲဒီတုန်းက ကျွန်တော်တို့တွေက short selling နဲ့ put option တွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုရဲ့ အဆ ၅၀၊ ဝမ် သန်းပေါင်း ၆သိန်း ကျော်အထိ ရရှိခဲ့တာပါ။ ကျွန်တော့်အကောင့်ထဲမှာ ရိုက်နှိပ်ထားတဲ့ ပိုက်ဆံတွေကို မြင်လိုက်ရတဲ့အချိန်တုန်းက ဆွံ့အသွားခဲ့ရပြီး လူတစ်ယောက်က ဒီလောက်အထိ ပိုက်ဆံ ရှာလို့ရပါ့မလားလို့တောင် တွေးမိခဲ့သေးတယ်။
အဲဒီနောက်ပိုင်း ပိုက်ဆံက သိန်းပေါင်းကုဋေ အဆင့်အထိ ကျော်လွန်သွားပြီးတဲ့နောက်မှာတော့ လက်တွေ့ဆန်တဲ့ ခံစားချက်တွေက ပျောက်ဆုံးသွားခဲ့ရပါပြီ။ ဒါက တကယ့် ပိုက်ဆံတွေ မဟုတ်ဘဲ အကောင့်ထဲက ဂဏန်းတွေ တိုးလာနေတာသက်သက်ပဲလို့ ခံစားရတယ်။
"ကန်ဂျင်ဟူ။ နင် ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဘာလုပ်ချင်လဲ"
ပိုက်ဆံဆိုတာ အခွင့်အရေးပါပဲ။ ပိုက်ဆံ အများကြီး ရှိရင် လုပ်နိုင်တဲ့ အရာတွေလည်း အများကြီး ရှိတာပေါ့။
အိမ်နဲ့ ကား ရှိနေရင်တောင် လူ့လောဘဆိုတာ အဆုံးမရှိတာကြောင့် ပိုကောင်းတဲ့အိမ်၊ ပိုကောင်းတဲ့ကားကိုပဲ လိုချင်ကြတာပါ။ ကွယ်လွန်သူ ဥက္ကဌ လင်အီကွမ် ဆိုရင် ပျင်းလာတဲ့အခါတိုင်း ကားအရောင်းပြခန်းတွေကို သွားပြီး စူပါကား တွေကို ဝယ်လေ့ရှိတာပါ။
ဒါပေမဲ့ ကျွန်တော်က ကားတွေကို ထုတ်လုပ်ပြီး ရောင်းချနေတဲ့ အနေအထားမှာ ရှိနေတာဖြစ်လို့ တခြားကုမ္ပဏီရဲ့ အရောင်းပြခန်းကို သွားပြီး ကားဝယ်ဖို့က နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။
ဒါကြောင့်မလို့...
"ငါ ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီး ဝယ်ဖို့ စဉ်းစားနေတယ်"
မကြာခဏ ရုံးကိစ္စနဲ့ ခရီးသွားရတာကြောင့် ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီးရဲ့ လိုအပ်ချက်ကို စဉ်းစားနေခဲ့တာ ကြာပါပြီ။
ကျွန်တော် ကိုယ်ပိုင် ဂျက်လေယာဉ် ဝယ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ အပျော်ဆုံးလူကတော့ အကြီးတန်း မန်နေဂျာ စီနီယာ ပတ်ဆန်းယော့ ပဲ။
"အဲဒါ အရမ်းကောင်းတဲ့ စိတ်ကူးပဲ။ အရင်ကတည်းက ဝယ်ထားသင့်တာ"
ပြီးတော့ သူက စောင့်နေခဲ့သလိုမျိုးပဲ ကျွန်တော့်ဆီကို စာအုပ်ငယ်လေးတစ်အုပ် ကမ်းပေးလာတယ်။ အဲဒီအထဲမှာ Boeing ကနေ စလို့ Gulfstream အထိ အမျိုးအစားအလိုက် သေသေချာချာ ခွဲခြားထားခဲ့တာပါ။
ကျွန်တော် အံ့ဩသွားပြီး မေးလိုက်တယ်။
"ဒါတွေကို ဘယ်တုန်းကတည်းက ပြင်ဆင်ထားတာလဲ"
"ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ကြိုသိနေလို့ ကြိုတင် တောင်းခံထားတာပါ။ စိတ်ကြိုက်တစ်ခုသာ ရွေးချယ်လိုက်တော့"
ချမ်းသာတဲ့ လူတိုင်း ဒါမှမဟုတ် ကော်ပိုရေးရှင်းကြီး တိုင်းက ကိုယ်ပိုင် ဂျက်လေယာဉ် ပိုင်ဆိုင်ကြတာတော့ မဟုတ်ပါဘူး။
ကမ္ဘာ့အကြီးဆုံး ပရိဘောဂကုမ္ပဏီဖြစ်တဲ့ IKEA ဆိုရင် သူတို့မှာ ကိုယ်ပိုင် ဂျက်လေယာဉ် မရှိသလို ဥက္ကဌ ကိုယ်တိုင်လည်း economy class ကနေပဲ စီးလေ့ရှိပါတယ်။ အရေးပေါ် ရုံးကိစ္စ ခရီးစဉ်တစ်ခုမှာ economy classက လက်မှတ်ကုန်သွားလို့ business class စီးလို့ရမလားလို့ မေးခဲ့တဲ့ အမှုဆောင်တစ်ယောက်ကို ခရီးစဉ်ကို မသွားခိုင်းဘဲ ပယ်ဖျက်လိုက်တဲ့ နာမည်ကြီး ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးတယ်။
ဒီလို ကုမ္ပဏီရဲ့ မူဝါဒက တစ်ဖက်ကကြည့်ရင် ဥက္ကဌက ကပ်စေးနှဲလို့ ဖြစ်နိုင်သလို... နောက်တစ်ဖက်ကတော့ စျေးသက်သာပြီး အလွယ်တကူ တပ်ဆင်နိုင်တဲ့ ပရိဘောဂတွေကို ရောင်းချတဲ့ IKEA ရဲ့ ပုံရိပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ကမ္ဘာတစ်ဝှမ်းမှာ မဟာသူဌေးကြီးတွေရဲ့ အရေအတွက်က ဆက်တိုက် တိုးပွားလာနေတာကြောင့် ကိုယ်ပိုင် ဂျက်လေယာဉ် ဝယ်လိုအားကလည်း မြင့်တက်လာနေတာပါ။
"စျေးနှုန်းက ဘယ်လောက်လောက် ရှိလဲ"
"အော်ဒါမှာမှ ထုတ်လုပ်တာဖြစ်လို့ စျေးနှုန်းကတော့ အများကြီး ကွာခြားနိုင်တယ်"
အကြမ်းဖျင်းအားဖြင့် ဒေါ်လာ သန်း ၅၀ ကနေ စတင်ပြီး အဖိုးတန်တဲ့ အရာတွေပါထည့်သွင်းမယ်ဆိုရင် ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရှိတတ်တာပါ။
ပိုက်ဆံကို ဘာလုပ်ရမှန်း မသိအောင် ချမ်းသာတဲ့ ရေနံထွက်နိုင်ငံတွေက တော်ဝင်မိသားစုတွေဆိုရင် အတွင်းပိုင်းကို ရွှေတွေနဲ့ အလှဆင်ဖို့အတွက်တင် ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲတတ်ကြသေးတယ်။
ရိုနယ် မှာလည်း ကိုယ်ပိုင် ဂျက်လေယာဉ်အဖြစ် Boeing 757 တစ်စီး ရှိနေတာပါ။ အမေရိကန် သမ္မတ သုံးစွဲတဲ့ Air Force One နဲ့ မသက်ဆိုင်ဘဲ သူက သမ္မတလောင်းအဖြစ် မဲဆွယ်စည်းရုံးစဉ် ကာလအတွင်းမှာ ဒီဂျက်လေယာဉ်နဲ့ပဲ လှည့်လည် သွားလာခဲ့တာလေ။
ခေတ်သစ်လူ့အဖွဲ့အစည်းမှာတော့ သုံးစွဲမှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့အတွက် နည်းလမ်းတစ်ခုပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး လူသားဆီကို ရောင်းချခဲ့ရဖူးတယ်ဆိုတဲ့ အချက်ကတင် ကောင်းမွန်တဲ့ အရောင်းမြှင့်တင်ရေး အချက်တစ်ခု ဖြစ်လာမှာပါ။
ကျွန်တော် ကိုယ်ပိုင် ဂျက်လေယာဉ် ဝယ်ယူဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာနဲ့တစ်ပြိုင်နက် ထုတ်လုပ်ရေး ကုမ္ပဏီတွေက အရောင်းမြှင့်တင်ရေး စာရွက်စာတမ်းတွေကို ကိုင်ဆောင်ပြီး ကျွန်တော့်ဆီကို ချက်ချင်းဆိုသလို တရစပ် ရောက်ရှိလာခဲ့ကြတော့တယ်။