← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း (၁၄၄)

ဟင်နရီက အစ်မ အိုဟျွန်းဂျူးအပေါ် ခံစားချက်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း ဒါက သိပ်တော့ မဆန်းပါဘူးလေ။ အစ်မ အိုဟျွန်းဂျူးက အယ်လီလိုပဲ ဆွဲဆောင်မှုရှိတဲ့သူပါ။

ဒါနဲ့ ကျွန်တော်က ဘာလို့ အယ်လီ ဖြစ်မယ်လို့ တန်းတွေးလိုက်ရတာလဲ။

လူမျိုးရေး ခွဲခြားတဲ့အတွေးက စိတ်ထဲ ဝင်သွားလို့များလား။ အယ်လီက ကပြား ဖြစ်နေရင်တောင် ဟင်နရီအနေနဲ့ လူဖြူတစ်ယောက်ကိုပဲ သဘာဝအတိုင်း သဘောကျလိမ့်မယ်လို့ တွေးမိသွားတာ နေမှာပါ။

"မင်းက အစ်မ အိုဟျွန်းဂျူးကြောင့်နဲ့ ကိုရီးယားစကားကို အသည်းအသန် သင်ခဲ့တာလား"

"ဟုတ်တယ်"

အဲဒါကြောင့်ပဲ ဟင်နရီရဲ့ ကိုရီးယားစကား ပြောစွမ်းရည်က သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်မယ်။ သူက ဘာသာစကား အများကြီး ပြောနိုင်တဲ့အတွက် မူလကတည်းက ဘာသာစကား အတတ်ပညာမှာ ပါရမီပါပြီးသားလေ။

အချစ်ရဲ့ စွမ်းအားက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။

"ဒါပေမဲ့ အသက်အရွယ် ကွာဟချက်က နည်းနည်းရှိတယ်နော်"

ဟင်နရီက ကျွန်တော့်ထက် သုံးနှစ်ကြီးတာဆိုတော့ အစ်မ အိုဟျွန်းဂျူးနဲ့ဆို ခုနစ်နှစ်တောင် ကွာပါတယ်။ ကျွန်တော့်စကားကြောင့် ဟင်နရီက ခေါင်းကို အပြတ်အသတ် ခါယမ်းလိုက်တယ်။

"အဲဒါက အရေးမကြီးပါဘူး"

"ဒါလည်း ဟုတ်တာပါပဲ"

အချစ်မှာ အသက်က ဘာအရေးလဲ။ အရေးကြီးတာက နှလုံးသားပဲလေ။ ဒီခေတ်ကြီးထဲမှာ ခုနစ်နှစ်ကွာတာ ဘာမှမဟုတ်ပါဘူး။

ကျွန်တော် ဟင်နရီနဲ့ အစ်မ အိုဟျွန်းဂျူးတို့ အတူတူရှိနေမယ့် ပုံရိပ်ကို စိတ်ကူးကြည့်လိုက်တယ်။ အံ့ဩဖို့ကောင်းတာက သူတို့ နှစ်ယောက်က တကယ်ကို လိုက်ဖက်တဲ့ အတွဲ ဖြစ်နေတာပဲ။

Golden Gate စီအီးအိုရဲ့ မြေးနဲ့ ကိုရီးယားရုံးခွဲရဲ့ အကြီးအကဲ။

သူတို့သာ အတွဲဖြစ်သွားရင် ဘဏ္ဍာရေးလောကမှာ သမိုင်းဝင် အတွဲတစ်တွဲ ဖြစ်လာမလားပဲ။

ဘာပဲဖြစ်ဖြစ် သူ သဘောကျတာ အယ်လီ မဟုတ်လို့ ကျွန်တော် စိတ်အေးသွားရတယ်။

...ဒါပေမဲ့ ကျွန်တော့်ရဲ့စိတ်အေးမှုက ဟင်နရီ ဒီစကား မပြောခင်အထိပါ။

"ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး"

"ဘာပြောတယ်"

ခဏလောက်တော့ ကျွန်တော် "ဘာလို့ ငါ့ကိုအကူအညီလာတောင်းနေရတာလဲ" လို့ ပြန်မေးမိမလို ဖြစ်သွားသေးတယ်။

"ငါ အကူအညီတောင်းနိုင်တာ ကန်ဂျင်ဟူ တစ်ယောက်ပဲ ရှိလို့ပါ"

"......"

အင်းလေ... ဒီမှာက အမေရိကလည်း မဟုတ်တော့ သူ ဘယ်သူ့ကို သွားအကူအညီ တောင်းရမှာလဲ။

ဟင်နရီ့မျက်နှာအမူအရာက ဟန်ဆောင်နေတာ မဟုတ်ဘဲ တကယ်ကို အတည်ပေါက် အားကိုးတကြီး ဖြစ်နေတာပါ။

ရုတ်တရက် ဂျိန်း စီ ဂိုးမန်းက သူ့မြေးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာကို သတိရမိသွားတယ်။ အဲဒီအဖိုးကြီးကလည်း သူ့မြေးချွေးမနဲ့ တွေ့ချင်နေမယ့် အသက်အရွယ် ရောက်နေပြီလေ။

ဒါပေမဲ့ သူက အကူအညီတောင်းတယ် ဆိုရင်တောင် ကျွန်တော်က ဘာလုပ်ပေးရမှာလဲ။

အဲဒီအချိန်မှာပဲ ကျွန်တော့်ဖုန်း မြည်လာခဲ့တယ်။

"ခဏလေး "

[ဘာလို့ ငါ့ကို ဆက်သွယ်မလာတာလဲ။ မင်း ဒုက္ခရောက်နေလို့လား။ ရဲခေါ်ပေးရမလား]

"အဲဒါတွေ ထားလိုက်ပါ၊ ဒီကိုပဲ လာခဲ့ဦး"

[ခဏပဲ စောင့်။ ငါ မင်းကို ကယ်ဖို့ လာခဲ့မယ်]

တက်ဂယူက အခန်းထဲကို အမြန်ဝင်လာပြီး ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ သတိပေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"ငါ့သူငယ်ချင်း ကိုယ်စား ငါ ပြောပြမယ်၊ ဒါကြောင့် ကောင်းကောင်းမွန်မွန်ပဲ ပြောကြရအောင်။ အယ်လီ့ကို သွားပြီး မျက်စိမကျနဲ့"

"...... အဲဒါ မဟုတ်ဘူးဟ"

သူက ဝင်ထိုင်တာနဲ့ ဘာတွေ လျှောက်ပြောနေတာလဲ။

ကျွန်တော်က အခြေအနေကို ရှင်းပြဖို့ လုပ်နေတုန်း ဟင်နရီက ယောင်ချာချာ ဖြစ်နေတဲ့ ပုံစံ ပေါက်နေတယ်။

ကျွန်တော် ဟင်နရီကို စိတ်အေးအောင် ပြောလိုက်ရတယ်။

"ရပါတယ်။ ဒီကောင်က လျှို့ဝှက်ချက် ထိန်းနိုင်ပါတယ်။ ပြီးတော့ မင်း အကူအညီ လိုတယ်ဆိုရင်လည်း မောင်အရင်းကို တောင်းတာက ပိုမကောင်းဘူးလား"

ကျွန်တော့်အကြံပြုချက်ကို သဘောတူပုံရပြီး ဟင်နရီက ခေါင်းညိတ်ပြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း တက်ဂယူကို ရှင်းပြလိုက်ရတယ်။

ကျွန်တော့်စကားကို ကြားတော့ သူက လန့်ဖျတ်ပြီး အော်လိုက်တယ်။

"ဘာလဲဟ။ မင်းက ငါတို့ အစ်မကို သဘောကျနေတာလား"

"ရှူး... တိုးတိုးပြောစမ်းပါ"

တစ်မြို့လုံး သိအောင် ကြေညာနေဖို့ လိုလို့လား။

အဲဒီတော့မှ သူက အသံကို တအားနှိမ့်ပြီး ပြောပြန်တယ်။

"ရွှေအိုရောင် ဆံပင်နဲ့ အလှလေးတွေက တန်းစီနေတာကို ဘာလို့မှ ငါတို့ အစ်မကိုမှ သဘောကျရတာလဲ"

ဟင်နရီကတော့ ရုပ်ရည်၊ ပညာရေး၊ မိသားစု နောက်ခံ အစစအရာရာ ပြည့်စုံတဲ့ သတို့သားလောင်းပဲလေ။ သူက ဟောလိဝုဒ် မင်းသမီးတွေ ဒါမှမဟုတ် မော်ဒယ်တွေနဲ့ သတင်းထွက်ရင်တောင် မဆန်းပါဘူး။

ရုံးမှာတင် ဟင်နရီကို သဘောကျတဲ့ အမျိုးသမီး ဝန်ထမ်းတွေ မနည်းဘူး။ လူကြိုက်အများဆုံး မဲပေးရင်တောင် သူပဲ ပထမရမှာ သေချာတယ်။

"စဉ်းစားကြည့်မှ... မင်းလည်း ငါတို့ အစ်မကို သဘောကျခဲ့ဖူးတာပဲ မဟုတ်လား"

"......."

အဲဒါကို အခု ပြန်ဖော်ဖို့ လိုလို့လား။ အလယ်တန်းတုန်းက ကိစ္စကို ဘာလို့ ပြန်တူးဆွနေရတာလဲ။

ဟင်နရီက နားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။

"ဒါက သဘာဝကျပါတယ်၊ ငါဆိုလည်း သဘောကျတာပဲလေ"

ကျွန်တော် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရတယ်။

"အစ်မအိုဟျွန်းဂျူးက ဘာကို သဘောကျလဲ"

"အလုပ်"

"ဟုတ်တယ်။ အဲဒါက ပြဿနာပဲ"

အလုပ်ကို ရူးသွန်းတာက ရောဂါတစ်ခု ဆိုရင် အစ်မအိုဟျွန်းဂျူးက ပြင်းပြင်းထန်ထန် ဝေဒနာခံစားနေရတာပါ။

ဟင်နရီက "သူ ဘယ်တုန်းကတည်းက အဲဒီလို ဖြစ်သွားတာလဲ" လို့ မေးတယ်။

"Golden Gateကို ဝင်ကတည်းကပဲ။ ငါတို့ အစ်မ တက္ကသိုလ်တုန်းကဆို ရည်းစားတွေ ဘာတွေ တော်တော်များများ ထားခဲ့ဖူးတာ"

သူပြောသလိုပဲ အစ်မအိုဟျွန်းဂျူး ရည်းစားမထားတော့တဲ့ အကြောင်းရင်းက Golden Gateကြောင့် သက်သက်ပဲ။ အိပ်ဖို့တောင် အချိန်မရှိတာ၊ ဘယ်လိုလုပ်ပြီး အချစ်ရေးအတွက် အချိန်ပေးနိုင်မှာလဲ။

ဟင်နရီရဲ့ မျက်နှာအမူအရာက ညှိုးငယ်သွားတယ်။ သူက တခြားတစ်ယောက်ယောက်နဲ့ တွဲနေတာဆိုရင် ပိုလွယ်ဦးမလားပဲ၊ အခု ပြဿနာက လူမဟုတ်ဘဲ အလုပ် ဖြစ်နေတာလေ။

ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။

တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ "ငါ အစွမ်းကုန် ကူညီပေးမှာမလို့ ငါ့ကိုသာ ယုံလိုက်" လို့ ပြောလိုက်တယ်။

အဲဒီတော့မှ ဟင်နရီက စိတ်သက်သာရာရသွားတဲ့ ပုံစံဖြစ်သွားတယ်။

"တကယ်လား"

"အေးပေါ့။ ငါက အချစ်ရေးနဲ့ ပတ်သက်ရင် တော်တော်လေး အတွေ့အကြုံ ရှိတယ်"

"ကျေးဇူးပါပဲ"

သူ ပျော်သွားတာကို ကြည့်ပြီး တက်ဂယူက တစ်ခါမှ ရည်းစားမထားဖူးဘဲ ဂိမ်းတွေထဲကနေ အချစ်အကြောင်း သင်ထားတာလို့ ပြောပြမနေတော့ပါဘူး။

ကျွန်တော် ဟင်နရီ့ ဖန်ခွက်ထဲ အရက် ထည့်ပေးလိုက်တယ်။

"ဒီညတော့ သောက်ကြတာပေါ့"

ဟင်နရီက ပုံမှန်ဆိုရင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားပြီး မူးတဲ့အထိ ဘယ်တော့မှ မသောက်တတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ခံစားချက်တွေကို ဖွင့်ပြောလိုက်ရလို့လားမသိဘူး၊ သူ သောက်တာ မြန်လွန်းလို့ ကြောက်စရာတောင် ကောင်းနေတယ်။

"ဖြည်းဖြည်းသောက်ပါ"

"ငါ အဆင်ပြေပါတယ်"

"......"

အဆင်မပြေတာက ကျွန်တော်တို့ ဖြစ်နေတာပါ။

ကျွန်တော် ဘာမှ မမေးရသေးခင်မှာတင် သူက အစ်မ အိုဟျွန်းဂျူး ဘယ်လောက် လှကြောင်းနဲ့ သူ ဘယ်လောက် ချစ်ကြောင်းကို တတွတ်တွတ် လျှောက်ပြောတော့တာပဲ။

အင်္ဂလိပ်လို အလွန်လှပတဲ့ တင်စားချက်တွေ အများကြီး ထွက်လာတယ်။ ဒီအတိုင်းဆို သူက "Annabel Lee" ကဗျာကိုတောင် ရွတ်ပြတော့မယ့်အတိုင်းပဲ။

သူ အသည်းအသန် အချစ်ရူး ဖြစ်နေတာကို ကြည့်ပြီး တက်ဂယူက မခံစားနိုင်တော့ဘဲ တိုးတိုးလေး ပြောတယ်။

"ငါ့အစ်မ ရုပ်ရည်က အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူးနော်"

"ဟင်း..."

သူ့ဘက်က အဲဒီလို ခံစားနေရတာကို ဘယ်တတ်နိုင်မလဲ။

ဟင်နရီက တစ်ယောက်ထဲ ရယ်လိုက် ငိုလိုက် လုပ်နေရင်းနဲ့ နောက်ဆုံးတော့ စားပွဲပေါ် ခေါင်းမှောက်ပြီး လဲကျသွားတော့တယ်။

ကျွန်တော်တို့တွေ အစွမ်းကုန် မူးနေတဲ့ ဟင်နရီကို သူ့ဟိုတယ်ခန်းအထိ တွဲပို့ပေးခဲ့ရတယ်။ သူ ကုတင်ပေါ်မှာ မူးပြီး လဲနေတာကို ကြည့်ပြီး ကျွန်တော် သနားမိသွားတယ်။

အချစ်ဆိုတာ တကယ်ပဲ ဘာများလဲ။

ငွေစုဘဏ် အကြပ်အတည်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဆက်ပြီး ဖြစ်ပေါ်နေတုန်းပဲ။

ပိတ်လိုက်ရတဲ့ ငွေစုဘဏ်တွေက ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေက ရပ်တန့်သွားခဲ့တယ်။ ဒီအထဲမှာ ကြီးမားတဲ့ စီမံကိန်း ဘဏ္ဍာရေး ထောက်ပံ့မှုတွေနဲ့ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း ပါဝင်နေတာပါ။

ငွေစုဘဏ်တွေရဲ့ မတည်ငြိမ်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍပါ ပိုပြီး ဆိုးရွားသွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တယ်။

လူထုရဲ့ သဘောထားတွေ လှုပ်ခတ်လာတာနဲ့အမျှ နိုင်ငံရေးလောကလည်း ကမောက်ကမ ဖြစ်ကုန်တယ်။

ယောက္ခမတွေရဲ့ အမှားကို သမ္မတ တစ်ယောက်ထဲ အပေါ်မှာပဲ ပုံချလို့ မရဘူးဆိုပေမဲ့ ပြီးခဲ့တဲ့နှစ်က ငွေစုဘဏ်တွေကို လေးလကြာ သေချာ စာရင်းစစ်ဆေးတာနဲ့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါလျက်နဲ့ စာရင်းအင်းလိမ်လည်မှုကို သတိမထားမိခဲ့တာကတော့ ဘာမှ ဆင်ခြေပေးလို့ မရပါဘူး။

ပတ်ဆီဟျွန်းနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အဓိက ပုဂ္ဂိုလ်တွေဖြစ်တဲ့ ငွေကြေးကြီးကြပ်ရေးအဖွဲ့ အကြီးအကဲ၊ စာရင်းစစ်နှင့် စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ ကိုရီးယား အပ်ငွေအာမခံ ကော်ပိုရေးရှင်း အကြီးအကဲတို့ဟာ တစ်ယောက်ပြီးတစ်ယောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတယ်။ အဖွဲ့အစည်းတွေကို ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ ဘဏ်တွေ၊ ငွေစုဘဏ်တွေ၊ အာမခံကုမ္ပဏီတွေကို ပူးတွဲစုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ အစိုးရက ပြောခဲ့ပေမဲ့ ဒါက သူခိုးပြေးမှ ထိုးကွင်းထသလို ဖြစ်နေခဲ့ပါပြီ။

အစိုးရရဲ့ ထုတ်ပြန်ချက်တွေအပေါ် ယုံကြည်မှုက တော်တော်လေး ပျက်ပြားသွားခဲ့ရတယ်။

ပတ်ဆီဟျွန်းက အမတ်လောင်း အမည်စာရင်း တင်သွင်းနိုင်တဲ့ အာဏာကို သုံးပြီး ကိုရီးယား ကွန်ဆာဗေးတစ်ပါတီကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီအကြပ်အတည်းကြောင့် သူ့ရဲ့ အုပ်စုက အားနည်းသွားပြီး ပါတီခေါင်းဆောင်မှုနေရာအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တယ်။ ဒါကြောင့် ပါတီနဲ့ အစိုးရကြားက ဆက်ဆံရေးက ပျက်ပြားစပြုလာခဲ့တယ်။

ပတ်ဆီဟျွန်းက စီးပွားရေးကို ပြန်လည်ဦးမော့လာစေမယ်ဆိုတဲ့ ကတိနဲ့ ရွေးကောက်ခံခဲ့ရတာလေ။

သူ့ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် မျက်နှာသာပေးတဲ့ မူဝါဒတွေကို ကျင့်သုံးခဲ့ပြီး "စီးပွားရေးသမ္မတ" အဖြစ် ပုံရိပ်ဖော်ခဲ့တယ်။ လက်တွေ့က ဘယ်လိုပဲဖြစ်ဖြစ် လူထုကတော့ အားလုံး ကြီးပွားချမ်းသာလာမယ်ဆိုတဲ့ သမ္မတရဲ့ ကတိစကားတွေကို အခိုင်အမာ ယုံကြည်ခဲ့ကြတာပါ။

ငွေစုဘဏ် ဖြစ်ရပ်က အဲဒီယုံကြည်မှုကို ရိုက်ချိုးလိုက်တာပဲ။

လူအများကြီးက အစိုးရရဲ့ ကတိစကားတွေကို ယုံကြည်ပြီး စုဆောင်းငွေတွေကို အပ်နှံခဲ့ကြတာဖြစ်ပြီး၊ ပြဿနာမရှိပါဘူးဆိုတဲ့ သမ္မတရဲ့ စကားကို စောင့်မျှော်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးရလဒ်က ဘာလဲ။

လူအများစုဟာ ဝမ်သန်းပေါင်းများစွာကနေ သိန်းပေါင်းများစွာအထိ ဆုံးရှုံးခဲ့ရတယ်။ သာမန်ပြည်သူတွေရဲ့ ငွေ ဝမ် သိန်းပေါင်း တစ်ကုဋေကျော် ပျောက်ကွယ်သွားခဲ့ပေမဲ့ ပြန်လည်ကုစားပေးမယ့် လမ်းစကတော့ မှောင်မိုက်နေတုန်းပဲ။

ချမ်းသာပြီး အာဏာရှိတဲ့သူတွေကတော့ နစ်မြုပ်နေတဲ့ သင်္ဘောပေါ်ကနေ အရင်ဆုံး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ဖမ်းဆီးခံထားရတဲ့ အမှုဆောင်တွေကတော့ ဆင်ခြေတွေပဲ ပေးနေကြပြီး တာဝန်ယူဖို့ ငြင်းဆန်နေကြတယ်။

ဘယ်သူကမှ တာဝန်မယူချင်ကြဘူးလေ။

ဒေါသထွက်နေတဲ့ ဒုက္ခရောက်သွားခဲ့သူတွေက နေ့တိုင်း ကိုရီးယား ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်၊ လွှတ်တော်နဲ့ ဂွမ်ဟွာမွန်းတို့မှာ ဖြေရှင်းပေးဖို့ တောင်းဆိုပြီး ဆန္ဒပြခဲ့ကြတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ မိဘများအသင်းလို ကွန်ဆာဗေးတစ်အုပ်စုတွေက "မင်းတို့ကို ဘယ်သူက ငွေစုဘဏ် သုံးခိုင်းလို့လဲ" "အတိုးနှုန်းမြင့်လို့ ငွေစုဘဏ် သုံးတာက မင်းတို့အမှားပဲ" "ဘာလို့ အစိုးရဆီကနေ ပိုက်ဆံ တောင်းနေရတာလဲ" နဲ့ "ကျွန်တော်တို့ သမ္မတကြီးကို ချစ်ပါတယ်" လို့ အော်ဟစ်ပြီး တန်ပြန်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြတယ်။

ကျွန်တော် တရုတ်စားသောက်ဆိုင်က မှာထားတာကို စောင့်နေတုန်း တီဗီကြည့်နေတဲ့ တက်ဂယူက မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် မေးလိုက်တယ်။

"မိဘများသမဂ္ဂက ဘာလို့ ဟိုမှာ အဲဒီလို လုပ်နေရတာလဲ။ သူတို့ ပိုက်ဆံရလို့လား"

"တစ်ယောက်ကို ဝမ်နှစ်သောင်းစီ ရတယ်လို့ ကြားတယ်"

"အဲဒီပိုက်ဆံတွေက ဘယ်ကနေ ထွက်လာတာလဲ။ ဆန္ဒပြရုံနဲ့ ပိုက်ဆံက မျက်လှည့်ပြသလို ထွက်မလာနိုင်ဘူးလေ"

သူတို့ ပိုက်ဆံမရဘူးဆိုရင်တောင် ဆန္ဒပြဖို့အတွက် ရန်ပုံငွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ပတ်ဆီဟျွန်း အာဏာရလာကတည်းက မိဘများသမဂ္ဂက ရန်ပုံငွေတွေ အကန့်အသတ်မရှိ ရရှိနေတဲ့ ပုံစံမျိုးနဲ့ တစ်နိုင်ငံလုံးကို လှည့်လည်ပြီး ဆန္ဒပြမှုတွေ လုပ်နိုင်ခဲ့တာပါ။

မိဘများသမဂ္ဂရဲ့အပြောအရဆိုရင် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ရောင်းချတဲ့ သက်ကြီးရွယ်အိုတွေ လှူဒါန်းတဲ့ ပိုက်ဆံအနည်းငယ်နဲ့ လည်ပတ်နေတာပါတဲ့လေ။ ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒပြမှု အတိုင်းအတာကို ကြည့်ရင် သူတို့က အမြဲတမ်း ဘတ်စ်ကားတွေကို စင်းလုံးငှားပြီး ထမင်းဘူးတွေပါ ပြင်ဆင်ပေးကာ စနစ်တကျနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ကြတာပါ။

ဒါကြောင့် တစ်နေရာရာကနေ ဘဏ္ဍာရေး အထောက်အပံ့တွေ ရနေတာလားဆိုပြီး သံသယဖြစ်စရာ ဖြစ်လာတာကတော့ သဘာဝကျပါတယ်။

စီနီယာ ဆန်းယော့က "သူတို့ ကုမ္ပဏီရှေ့မှာ လာမရှုပ်တော့တာပဲ တော်သေးတယ်။ သူတို့ကို မြင်ရတိုင်း ငါ တကယ် စိတ်ရှုပ်ရတာ" လို့ ပြောတယ်။

"ဒါကတော့ စိတ်အေးရတဲ့ အချက်တစ်ခုပေါ့။ ဒါပေမဲ့..."

ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ရှေ့မှာ အဲဒီလို သွားလုပ်နေတာက ကြည့်လို့မကောင်းပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေသာ ပျောက်သွားမယ်ဆိုရင် သူတို့လည်း အရင်ဆုံး ရူးသွားကြမှာပဲလေ။

" ပတ်ဆီဟျွန်းက ဒီအတိုင်း ငြိမ်နေမယ်လို့ထင်လား"

"သူ အခုလောက်ဆို ဒေါသတွေ ထွက်ပြီး အံကြိတ်နေလောက်ပြီ"

အခုလောလောဆယ်တော့ သူဟာ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အလုပ်ရှုပ်နေပေမဲ့ နောက်ပိုင်းမှာ ဘာလှည့်ကွက်တွေ သုံးလာဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

အစားအသောက်တွေ ရောက်လာတာနဲ့ ကျွန်တော် ဟင်နရီ့ကို စီအီးအိုရုံးခန်းထဲ ခေါ်လိုက်တယ်။ သူက အရက်သောက်ထားတဲ့အတိုင်း မျက်နှာက ဖြူဖျော့နေပြီး မုတ်ဆိတ်မွေးတွေလည်း သေချာ မရိတ်ရသေးဘူး။

"နေလို့ကောင်းရဲ့လား"

ကျွန်တော် မေးလိုက်တယ်။

"အဆင်ပြေပါတယ်"

သူ ပြန်ဖြေတယ်။

သူ့စကားနဲ့မညီဘဲ သူဟာ အခုထိ အရက်နာကျနေတုန်းပဲ ထင်တယ်။ ဒီနေ့ ရုံးတောင် နောက်ကျမှ ရောက်လာတာ။

ဟင်နရီက သတိထားပြီး မေးတယ်။

"ငါ မနေ့က ဘာအမှားတွေ လုပ်မိသေးလဲ"

သူ့ရဲ့ ရှက်စရာကောင်းတဲ့ အပြုအမူတွေကို ပြောပြလိုက်ရင် သူ ခဏလောက် မျက်နှာပူနေမှာစိုးလို့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူးလို့ပဲ ကျွန်တော် ပြောလိုက်တယ်။

အဲဒီတော့မှ ဟင်နရီက သက်ပြင်းချပြီး စိတ်အေးသွားတယ်။

"တော်သေးတာပေါ့။ ငါ အဲဒီလိုမျိုး ပထမဆုံးအကြိမ် သောက်ဖူးတာ"

အချစ်က တကယ်ကို ရှုပ်ထွေးပါတယ်။

တက်ဂယူက ခပ်စပ်စပ်နဲ့ ပူပူနွေးနွေးပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ကို ကျွန်တော့်ဘက် တွန်းပေးလိုက်တယ်။

"ငါ ပင်လယ်စာ ကျန်ပုန်းခေါက်ဆွဲပြုတ် မှာထားတယ်။ ဒါလေး သောက်ပြီး အမူးပြေအောင် လုပ်လိုက်ဦး"

အမေရိကန်လူမျိုးတွေက ကျန်ပုန်းခေါက်ဆွဲပြုတ်နဲ့ တကယ်ပဲ အမူးပြေနိုင်ပါ့မလား။ ဒါက တအားစပ်လို့ ဗိုက်နာသွားနိုင်တာ မဟုတ်ဘူးလား။

ကျွန်တော် ပလတ်စတစ်အုပ်ထားတာကို ခွာလိုက်တဲ့အချိန်မှာပဲ တီဗီသတင်းမှာ ဟိုဆောင်း ငွေစုဘဏ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ကြေညာသွားတယ်။ ပိတ်ထားတဲ့ ရုံးချုပ်ရှေ့မှာတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေက မပြန်နိုင်သေးဘဲ ရှိနေကြတုန်းပဲ။

တက်ဂယူက မချိတင်ကဲ ဖြစ်ပြီး မေးတယ်။

"အဲဒီလူတွေအတွက် ပြန်လည်ကုစားပေးနိုင်မယ့် နည်းလမ်း လုံးဝမရှိတော့ဘူးလား"

"မရှိသလောက်ပဲ"

ပတ်ဆီဟျွန်းက တာဝန်ခံရမှာကို လွှတ်တော်ဆီ လွှဲပြောင်းပေးလိုက်ပြီး အဖြေရှာပေးဖို့ တောင်းဆိုခဲ့တယ်။ ကိုရီးယား ဘဏ်လုပ်ငန်းရှင်များအသင်းကို ဗဟိုပြုပြီး ကူညီပေးဖို့ အထူးဥပဒေတစ်ရပ် ပြဌာန်းဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ မျှတမှုဆိုင်ရာ ပြဿနာတွေကြောင့် မဖြစ်နိုင်ခဲ့ပါဘူး။

"အပ်ငွေအာမခံ ကန့်သတ်ချက်ကို ဝမ်သန်း ၁၀၀ အထိ တိုးမြှင့်ဖို့ ဆွေးနွေးတာတွေလည်း ရှိခဲ့ပေမဲ့ မဖြစ်နိုင်လောက်ဘူး။ ဖြစ်လာရင်တောင် ဟိုဆောင်းဘဏ်ကိစ္စက ဖြစ်ပြီးသွားပြီမလို့ အတိတ်က ကိစ္စတွေအတွက် သက်ရောက်မှု ရှိမှာမဟုတ်ဘူး"

စီနီယာ ဆန်းယော့က "အဆင့်နိမ့်ငွေတိုက်စာချုပ်တွေရဲ့ ကိစ္စမှာတော့ လိမ်လည်ရောင်းချမှု ဖြစ်ခဲ့တဲ့အတွက် တရားစွဲရင် နိုင်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ပေးရမယ့် အဖွဲ့အစည်းက ဒေဝါလီခံသွားပြီလေ"လို့ ထပ်လောင်းပြောတယ်။

ဘယ်လိုမှ ဖြေရှင်းလို့ မရမယ့် ပုံစံပဲ။

ဝန်ထမ်းတချို့ကတော့ ဒုက္ခသည်တွေရဲ့ ရှေ့မှာ ဒူးထောက်ပြီး မျက်ရည်ကျကာ တောင်းပန်နေကြတယ်။ ဝန်ထမ်းတစ်ယောက် ကတော့ အပြစ်ရှိစိတ်ကို မခံစားနိုင်ဘဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားခဲ့တယ်လို့ ကြားမိသေးတယ်။ အဲဒီအချိန်မှာ အထက်လူကြီးတွေကတော့ တာဝန်ကနေ ဘယ်လို လွတ်မြောက်အောင် ပြေးရမလဲဆိုတာပဲ တွေးနေကြတာပါ။

"ငါတို့တွေ လှူဒါန်းမှုတချို့ လုပ်ရင် မကောင်းဘူးလား။ Last Fantasy M အောင်မြင်မှုကြောင့် ငါတို့မှာ ပိုလျှံနေတဲ့ ရန်ပုံငွေတွေ ရှိနေတာပဲ"

တက်ဂယူက အကြံပြုတယ်။

သူ့စကားကြောင့် ကျွန်တော် ခဏလောက် စဉ်းစားသွားမိတယ်။

သမ္မတနဲ့ လွှတ်တော်အမတ်တွေက ကိုယ့်ပိုက်ဆံရဲ့ တန်ဖိုးကိုပဲ သိကြပြီး သူတပါး ပိုက်ဆံရဲ့ တန်ဖိုးကို မသိကြဘူး။ ကျွန်တော်တို့က ဦးဆောင်ပြီး လှူဒါန်းလိုက်ရင် သူတို့လည်း မလှူဘဲ မနေနိုင်ဖြစ်သွားမှာ မဟုတ်ဘူးလား။

သူတို့တွေ အောင့်ခံပြီး မလှူဘူးဆိုရင်လည်း အဲဒီအတွက် ဝေဖန်မှုတွေ ခံရဦးမှာပဲလေ။

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ဒါ တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ"

[OTK ကုမ္ပဏီက ငွေစုဘဏ် အရှုပ်တော်ပုံကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဝမ် သန်း ၁သောင်း လှူဒါန်း]

(ကောက်နုတ်ချက်)

OTK ကုမ္ပဏီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က လှူဒါန်းတဲ့ ပမာဏက နည်းပါးပေမဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အနည်းငယ်ဖြစ်စေ စိတ်သက်သာရာရစေဖို့ မျှော်လင့်ချက်နဲ့ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သမ္မတနဲ့ လွှတ်တော်အမတ်တွေ အပါအဝင် နိုင်ငံရေးသမားတွေအနေနဲ့လည်း ပြည်သူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတယ်ဆိုရင် ဒီလှူဒါန်းမှုမှာ အတူတူ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဆောင်းပါး ထွက်လာတာနဲ့ လူထုရဲ့ တုံ့ပြန်မှုက အပြင်းအထန် ဖြစ်လာခဲ့တယ်။

– "ဝိုး။ အံ့ဩဖို့ကောင်းလိုက်တာ"

– "လွှတ်တော်အမတ်တွေ ဘာလုပ်နေကြလဲ"

– "ကဲ... အားလုံး အိတ်သွန်ဖန်မှောက် လှူကြစမ်းပါ"

– "မတရား ထုတ်ယူသွားတဲ့ ပိုက်ဆံတွေကို ပြန်ပေးကြပါဦး။ မအေဘေးတွေ"

– "သမ္မတ ဘယ်လောက် လှူမလဲဆိုတာ တကယ် သိချင်မိတယ်"

လူထုရဲ့ အော်ဟစ်သံတွေကြောင့် ကိုရီးယားအစိုးရလည်း မနေနိုင်တော့ဘဲ လှုပ်ရှားလာခဲ့ရတယ်။ ဒါပေမဲ့ သူတို့က အမည်မဖော်ဘဲ စုပေါင်းလှူဒါန်းတဲ့ ပုံစံမျိုးကိုပဲ ရွေးချယ်ခဲ့ပြီး စုစုပေါင်း ပမာဏကိုပဲ ထုတ်ပြန်ခဲ့တဲ့အတွက် ပိုပြီး ဝေဖန်ခံခဲ့ရတယ်။

သမ္မတအိမ်တော်ကလည်း ရန်ပုံငွေကောက်ခံမှုကို စတင်ခဲ့ပြီး သမ္မတ ပတ်ဆီဟျွန်းက ဝမ် သန်း ၃၀ လှူဒါန်းခဲ့တယ်။

– "ဟာဟား... ဝမ် သန်း ၃၀လား။ နောက်နေတာလား"

– "သမ္မတကြီးရဲ့ ရက်ရောမှုအတိုင်းအတာကို တကယ်ကို လေးစားမိပါတယ်"

– "မင်းရဲ့ ယောက္ခမတွေက ဝမ် သိန်းပေါင်း ၃ ကုဋေကျော် လိမ်သွားတာကို မင်းက ဝမ် သန်း ၃၀ ပဲ လှူတယ် ဟုတ်လား"

– "ပြီးခဲ့တဲ့နှစ်က မင်းရဲ့ တရားဝင် ပိုင်ဆိုင်မှုက သန်း ၁၀၉၀၀ ရှိတာလေ"

– "မင်းက နိုင်ငံရေးထဲ မဝင်ခင်ကတည်းက စီးပွားရေးသမားတစ်ယောက် မဟုတ်ဘူးလား။ အွန်ဆောင်း စက်မှုလုပ်ငန်းကိုတောင် ဦးဆောင်ခဲ့တာလေ"

– "မင်းက တကယ်ကို အသိတရား မရှိတာပဲ"

– "မလှူချင်ရင်လည်း မလှူဘူးလို့ပဲ ပြောလိုက်ပါ။ ပိုက်ဆံလည်း ကုန်၊ အပြောလည်း ခံမနေနဲ့"

– "သူ့ကို တအားကြီး အပြစ်မပြောပါနဲ့။ သူ့ရဲ့ စိတ်နေစိတ်ထားအရဆိုရင် အဲဒီ ဝမ် သန်း ၃၀အတွက် တကယ် မျက်ရည်ကျနေလောက်ပြီ"

– "သူက အရင်ဆုံး လှူလိုက်တဲ့ ကန်ဂျင်ဟူကို တကယ် သတ်ချင်နေလောက်ပြီ"

– "သူက စီးပွားရေးသမ္မတလို့ အခေါ်မခံရမှာကို တအား စိုးရိမ်နေတာ နေမှာပါ"

– "ဒီရက်ပိုင်း PAS လုပ်ငန်းက အဆင်ပြေနေတယ်လို့ ကြားတယ်။ ရိုးရိုးသားသား ပြောရရင် သန်း ၃၀ကတော့ နည်းနည်း လွန်လွန်းတယ်..."

– "ဒါနဲ့ PAS က ဘယ်သူ့ဟာလဲ"

သမ္မတအိမ်တော်ရဲ့ သတင်းစကားဘုတ်အဖွဲ့မှာပါ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တယ်။

သမ္မတ ပတ်ဆီဟျွန်းက ဝမ် သန်း ၂၀ ထပ်တိုးပြီး စုစုပေါင်း ဝမ် သန်း ၅၀ လှူဒါန်းပါမယ်လို့ အလျင်အမြန် ကြေညာခဲ့ပေမဲ့ ဒါက ပိုပြီးတော့တောင် အခြေအနေ ဆိုးရွားသွားစေခဲ့တယ်။

ဒီဂယက်ကြောင့်ပဲ သမ္မတရဲ့ ထောက်ခံမှုနှုန်းက စစ်တမ်းတွေအရ ၃ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့ပြီး ၂၄ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့တော့တယ်။

All Chapters