အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈)
ဟိုက်ဒရိုဂျင်ကားတွေက တစ်နည်းအားဖြင့် ပြောရရင် ရှေ့ဆက်တိုးဖို့ရော နောက်ဆုတ်ဖို့ရော ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ တူနေခဲ့တာပါ။
စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း ဖြစ်နေသလိုမျိုးပေါ့။
တီထွင်ရတာ ပိုပြီး လွယ်ကူတဲ့ လျှပ်စစ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဟိုက်ဒရိုဂျင်ကားတွေက လောင်စာ သိုလှောင်ကန်တွေနဲ့ Fuel Cell Stackတွေအတွက် တီထွင်ဆန်းသစ်မှု ကုန်ကျစရိတ်တွေ အဆမတန် များပြားလွန်းတာမလို့ အမြောက်အမြား ထုတ်လုပ်နိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်ဖို့ ခက်ခဲနေခဲ့တာပါ။
ဒါက လုပ်ငန်းထဲကို အသစ်ဝင်ရောက်မယ့်သူတွေအတွက် အတားအဆီးတစ်ခု ဖြစ်စေခဲ့ပြီး လုံလောက်တဲ့ ရင်းနှီးငွေနဲ့ ထုတ်လုပ်မှု လိုင်းတွေ ရှိနေတဲ့ လက်ရှိ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေအတွက်ပဲ အဆင်ပြေစေခဲ့တာလေ။
အွန်ဆောင်း မော်တာက သူတို့ရဲ့ မူပိုင်ခွင့်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းမှုကို အသုံးချပြီး ထုတ်လုပ်မှု ပမာဏအလိုက် စျေးနှုန်း သက်သာမှုကို ဖန်တီးကာ တခြား ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကို ဆွဲဆောင်ခဲ့တာပေါ့။
အွန်ဆောင်း မော်တာရဲ့ ကမ်းလှမ်းမှု မရှိခဲ့ရင်တောင် Toyota၊ Audi၊ BMWနဲ့ Hondaတို့လို ကုမ္ပဏီတွေက ဟိုက်ဒရိုဂျင်ကားတွေကို သူတို့ဘာသာ သီးသန့် သုတေသန ပြုလုပ်နေခဲ့ကြတာပါ။ (ဒါတွေထဲမှာ Toyotaက Mirai ကို မိတ်ဆက်ခဲ့ပြီး တခြား ကုမ္ပဏီအချို့ကလည်း ကားပြခန်းတွေမှာ စမ်းသပ်ကားမော်ဒယ်တွေကို ပြသခဲ့ကြတာပါ။)
Nikolaနဲ့ BIDတို့လို လုပ်ငန်းအသစ်တွေက ဦးဆောင်နေတဲ့ လျှပ်စစ်ကား စျေးကွက်ထဲမှာ နောက်ကျပြီး လိုက်နေရတာထက်စာရင် ကားစျေးကွက်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်ချင်တဲ့ စိတ်ကူးလည်း ရှိနေနိုင်တာပေါ့။
လက်ရှိ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေက လျှပ်စစ်ကားတွေက ခေတ်စားနေတာတောင် ဟိုက်ဒရိုဂျင်ကားတွေကို လက်မလွှတ်နိုင်ကြတဲ့ အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်။ လျှပ်စစ်ကားတွေကပဲ နောက်မျိုးဆက်သစ် ကားအစစ်အမှန် ဖြစ်လာမလား၊ ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ကားတွေကပဲ နေရာယူသွားမလားဆိုတာကို သူတို့တွေ သေသေချာချာ မရေရာကြသေးလို့ပါပဲ။
လျှပ်စစ်ကားတွေရဲ့ ပြဿနာအားလုံးက ဘတ္ထရီနဲ့ပဲ စတင်ပြီး ဘတ္ထရီနဲ့ပဲ အဆုံးသတ်တာပါ။
မကြာသေးမီ နှစ်တွေအတွင်းမှာ အိုင်တီနည်းပညာက သိသိသာသာ တိုးတက်လာခဲ့ပေမယ့် ဘတ္ထရီ နည်းပညာကတော့ အဲဒီလောက်အထိ လိုက်မလာနိုင်ခဲ့ပါဘူး။ တိုးတက်မှု အများစုက တူညီတဲ့ ပမာဏထဲမှာတင် ပိုပြီး ဝင်ဆံ့အောင် လုပ်တာနဲ့ အမြောက်အမြား ထုတ်လုပ်မှု၊ လုပ်ငန်းစဉ် မြှင့်တင်မှုတွေကနေတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချတာလောက်ပဲ ရှိခဲ့တာပါ။
ဟိုက်ဒရိုဂျင်ကားတွေမှာလည်း အားသွင်းဇုံ တည်ဆောက်မှု၊ လောင်စာ သိုလှောင်ကန်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ Fuel Cellတွေရဲ့ ကုန်ကျစရိတ် စတဲ့ ပြဿနာတွေ ရှိနေပေမယ့် ဒါတွေကို ဖြေရှင်းလို့တော့ ရနိုင်ပါတယ်။
ယာဉ်တိုက်မှုတွေ ဖြစ်ပွားတဲ့အခါမှာလည်း လောင်စာ သိုလှောင်ကန်တွေက ပေါက်ကွဲသွားတာမျိုး မရှိဘူးဆိုတာ သက်သေပြခဲ့ပြီးသား ဖြစ်သလို အားသွင်းဇုံတွေ တည်ဆောက်ရတာကလည်း ရိုးရှင်းပါတယ်။ Fuel Cellတွေရဲ့ ကုန်ကျစရိတ်ကလည်း အမြောက်အမြား ထုတ်လုပ်မယ့် စနစ်တွေ တည်ဆောက်ပြီးတာနဲ့ အများကြီး ကျဆင်းသွားနိုင်ပါတယ်။ (အခုတင်ပဲ အစောပိုင်း ကာလတွေထက်စာရင် အများကြီး ကျဆင်းသွားခဲ့ပါပြီ)
နောက်မျိုးဆက်သစ် မော်တော်ကား စျေးကွက်ရဲ့ အလားအလာနဲ့ ပတ်သက်ပြီး Golden Gateရဲ့ အတွင်းပိုင်း ဆန်းစစ်ချက်တွေ ပါဝင်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော်ဖတ်ပြီး ပိတ်လိုက်တယ်။
တက်ဂယူက မေးလာတယ်။
“ဟိုက်ဒရိုဂျင်ကား ခေတ်က တကယ်ပဲ ရောက်လာမှာလား”
ကျွန်တော်က စာရွက်စာတမ်းတွေထဲက အကြောင်းအရာတွေကို ပြန်ပြီး ပြောပြလိုက်တယ်။
“ဟိုက်ဒရိုဂျင်ကားတွေက စျေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီး လျှပ်စစ်ကားတွေက သူတို့ရဲ့ ဘတ္ထရီ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်”
လျှပ်စစ်ကားကော၊ ဟိုက်ဒရိုဂျင်ကားပါ အစိုးရရဲ့ ထောက်ပံ့ကြေးတွေအပေါ်မှာ မှီခိုနေရတာ ဖြစ်တာမလို့ တကယ်လို့ အစိုးရရဲ့ ပံ့ပိုးမှုက ဟိုက်ဒရိုဂျင်ကားတွေဘက်ကို အဓိက အာရုံစိုက်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ မမျှော်လင့်ဘဲ အလျင်အမြန် တိုးတက်လာနိုင်ပါတယ်။
“ငါတို့နိုင်ငံမှာတော့ သမ္မတက ပံ့ပိုးပေးနေတာ ဟုတ်ပါပြီ။ ဒါပေမဲ့ တခြားနိုင်ငံတွေကကော အဲဒီလိုမျိုး လုပ်ကြမှာလား”
“မေးခွန်းတစ်ခု မေးမယ်။ အစိုးရက လျှပ်စစ်ကားကို ပိုပြီး သဘောကျမလား၊ ဟိုက်ဒရိုဂျင်ကားကို ပိုပြီး သဘောကျမလား”
“လျှပ်စစ်ကား”
“မှားတယ်။ အဖြေက ဟိုက်ဒရိုဂျင်ကား”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အခွန်ကောက်ရတာ ပိုပြီး လွယ်ကူလို့ပဲ”
လောင်စာဆီ အခွန်တွေက အစိုးရရဲ့ အခွန်ဝင်ငွေမှာ အတော်လေး ကြီးမားတဲ့ အပိုင်းကနေ ပါဝင်နေတာပါ။
အစိုးရက လက်ရှိအခြေအနေရဲ့ လမ်းကြောင်းကို သိနေပါလျက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေနဲ့ ပတ်သက်ပြီး ဝေဝေဝါးဝါး ဖြစ်နေခဲ့ရတဲ့ အကြောင်းအရင်းကတော့ အခွန်ဝင်ငွေ ကျဆင်းသွားနိုင်တဲ့ လက်တွေ့ကျတဲ့ ပြဿနာကြောင့် ဖြစ်တာများပါတယ်။
လျှပ်စစ်ဓာတ်အားက အိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာမလို့ ကားမောင်းတဲ့နေရာမှာ သီးသန့် သုံးစွဲမှုအဖြစ် ခွဲထုတ်ပြီး အခွန်ကောက်ဖို့က တော်တော်လေး ခက်ခဲပါတယ်။
ဒါပေမဲ့ ဟိုက်ဒရိုဂျင်ကတော့ ဓာတ်ဆီနဲ့ ဒီဇယ်လိုမျိုးပဲ ပမာဏအပေါ် မူတည်ပြီး အခွန်ကောက်ဖို့က တကယ့်ကို ရိုးရှင်းတာလေ။
စက်သုံးဆီသုံး ကားတွေရဲ့ နေရာမှာ ဟိုက်ဒရိုဂျင်ကားတွေ လုံးဝ အစားထိုး နေရာယူလာမယ့် နေ့တစ်နေ့ ရောက်လာတဲ့အခါမှာ ဟိုက်ဒရိုဂျင်အပေါ်ကို ဓာတ်ဆီလောက်နီးနီး အခွန်တွေ အများကြီး ကောက်ခံလာလိမ့်မယ်လို့ မျှော်လင့်ထားလို့ ရပါတယ်။
“တကယ်လို့ ဟိုက်ဒရိုဂျင်ကားတွေက အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ ကိုရီးယားမှာ အောင်မြင်သွားမယ်ဆိုရင် တခြားနိုင်ငံတွေကလည်း အလားတူ နည်းလမ်းမျိုးကို စဉ်းစားလာကြလိမ့်မယ်”
တကယ်ပဲ ဂျပန်၊ တရုတ်၊ ဂျာမနီနဲ့ ပြင်သစ်တို့အပါအဝင် နိုင်ငံအများစုက ဟိုက်ဒရိုဂျင်ကားတွေကို ပျိုးထောင်ပေးဖို့ စိတ်အားထက်သန်နေကြတာပါ။
ဂျပန်ကဆိုရင် အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ဟိုက်ဒရိုဂျင် အားသွင်းဇုံ ၁၀၀ ကျော်ကို တည်ဆောက်ပြီးသား ဖြစ်နေခဲ့သလို တခြားနိုင်ငံတွေကလည်း အခြေခံအဆောက်အဦး တည်ဆောက်မှုကို အရှိန်မြှင့်နေကြပါပြီ။
လျှပ်စစ်ကားတွေ အရှိန်အဟုန် ရလာခဲ့ရတဲ့ အကြောင်းအရင်းက ဘတ္ထရီ စျေးနှုန်းတွေ ကျဆင်းသွားပြီး မောင်းနှင်နိုင်တဲ့ အကွာအဝေးနဲ့ အားသွင်းချိန်တွေက သိသိသာသာ တိုးတက်လာခဲ့လို့ပဲလေ။
တကယ်လို့ ဟိုက်ဒရိုဂျင်ကားတွေအတွက် အခြေခံအဆောက်အဦး တည်ဆောက်မှုနဲ့ Fuel Cellတွေရဲ့ စျေးနှုန်း ကျဆင်းမှုက ဘတ္ထရီတွေရဲ့ တိုးတက်မှုကို ကျော်လွန်သွားနိုင်မယ်ဆိုရင်တော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။
“နောက်ဆုံးတော့ ပြဿနာက ဘတ္ထရီပေါ်မှာပဲ မူတည်နေတာပဲ……”
ကျွန်တော် ရေရွတ်လိုက်တဲ့ အချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက် ဝေဝါးသွားခဲ့ပြီး ကျွန်တော့်ရဲ့ မျက်စိရှေ့မှာ အရာတစ်ခု ပေါ်ထွက်လာခဲ့တယ်။
-ပါမောက္ခ ကင်ဟိုမင်က နောက်မျိုးဆက်သစ် ဘတ္ထရီတွေကို တီထွင်နိုင်ခဲ့တာကြောင့် နိုဗယ် ဓာတုဗေဒဆုကို ဆွတ်ခူးရရှိခဲ့-
“……”
နောက်မျိုးဆက်သစ် ဘတ္ထရီလား။ နိုဗယ် ဓာတုဗေဒဆုလား။
ဒါက ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။
ကျွန်တော် သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ ဟိုလိုဂရမ်က ပျောက်ကွယ်သွားခဲ့ပါပြီ။ အဲဒီအစား တက်ဂယူရဲ့ မျက်နှာကိုပဲ မြင်လိုက်ရတာပေါ့။
“မင်း ဘာကို မြင်လိုက်တာလဲ”
ကျွန်တော် က စိတ်လွတ်သလိုမျိုး ရေရွတ်လိုက်မိတယ်။
“လျှပ်စစ်ကားတွေရဲ့ အနာဂတ်ကို”
“ဟင်”
ကျွန်တော် အခုလေးတင် မြင်လိုက်ရတာကို ရှင်းပြလိုက်တဲ့အခါမှာ တက်ဂယူက ဇဝေဇဝါ ဖြစ်သွားတဲ့ ပုံစံနဲ့ ကြည့်လာတယ်။
“ဒါက ဘာကို ဆိုလိုတာလဲ”
ကျွန်တော် ခဏလောက် စဉ်းစားလိုက်တယ်။
“နတ်မျက်စိက ငါ့ကို အဓိပ္ပာယ်မရှိတဲ့ သတင်းအချက်အလက်တွေ ပေးမှာ မဟုတ်ဘူး။ ဒါက လျှပ်စစ်ကား ဘတ္ထရီ ပြဿနာကို ဖြေရှင်းနိုင်မယ့် သော့ချက် ဖြစ်နေမလားပဲ”
တက်ဂယူက ခေါင်းညိတ်လာတယ်။
“အေး။ အဲဒါ တကယ် ဖြစ်နိုင်တယ်။ ဒါဆို ငါတို့တွေ အခု ဘာလုပ်ကြမလဲ”
“ပထမဆုံးအနေနဲ့ ငါတို့တွေ ပါမောက္ခ ကင်ဟိုမင်ကို ရှာဖွေဖို့ လိုအပ်လိမ့်မယ်”
“ဒါက တကယ့်ကို အတွေ့ရများတဲ့ နာမည်ပဲလေ”
တစ်နိုင်ငံလုံးမှာ ကင်ဟိုမင် ဆိုတဲ့ နာမည်နဲ့လူက ရာနဲ့ချီပြီး ရှိနေနိုင်တာပါ။
“သူက ပါမောက္ခလေ။ ကင်ဟိုမင် ဆိုတဲ့ နာမည်နဲ့ ပါမောက္ခက ဘယ်လောက်တောင် များနေလောက်မှာမလို့လဲ”
“ဒါပေမဲ့လည်း အနည်းငယ်တော့ ရှိမှာပဲလေ”
“ဘတ္ထရီ တီထွင်မှုဆိုတော့ သူက သိပ္ပံနဲ့ အင်ဂျင်နီယာ နယ်ပယ်က ဖြစ်ဖို့ များတယ်”
ကင်ဟိုမင်၊ ပါမောက္ခ၊ ဘတ္ထရီနဲ့ သက်ဆိုင်တဲ့ နယ်ပယ်။
ဒီအချက် သုံးချက်တင်ပဲ သူက ဘယ်သူလဲဆိုတာကို အတိအကျ သိရှိဖို့အတွက် လုံလောက်နေခဲ့ပါပြီ။
သီးသန့် ရှာဖွေစရာ မလိုဘဲ ဝဘ်ဆိုက်တစ်ခုထဲမှာ ဝင်ရောက်ပြီး စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်ရေးအကျဉ်း ကဏ္ဍမှာ နာမည် သုံးခု ပေါ်လာခဲ့တာပေါ့။
ဒဿနိကဗေဒ ပါမောက္ခ တစ်ယောက်၊ ဂီတ ပါမောက္ခ တစ်ယောက်၊ ပြီးတော့ နောက်ဆုံး တစ်ယောက်ကတော့……
“ကိုရီးယား တက္ကသိုလ်ရဲ့ ဓာတုဗေဒ ဌာနက ပါမောက္ခ ကင်ဟိုမင်”
သူက ကျွန်တော်တို့ကျောင်းက ပါမောက္ခ ဖြစ်နေတာလား။
နေ့လယ်စာ စားပြီးတဲ့နောက်မှာ ကျွန်တော်က တက်ဂယူ၊ စီနီယာ ဆန်းယော့တို့နဲ့အတူ အနားယူတဲ့ အခန်းထဲကို ထွက်လာခဲ့ကြတယ်။
“ချမ်းလိုက်တာ။ ရာသီဥတုက ဘယ်တော့မှ ပူလာမှာလဲ မသိဘူး”
ကျွန်တော်က တက်ဂယူကို မေးလိုက်တယ်။
“eSports အသင်း ဖွဲ့စည်းဖို့ ကိစ္စကကော ဘယ်လို ရှိလဲ”
“ငါတို့တွေက လေ့ကျင့်ရေး ကွင်းနဲ့ အဆောင်ကို ရှာနေပြီ။ ပြီးတော့ ကစားသမားတွေ ခေါ်ယူဖို့အတွက်လည်း PR အဖွဲ့ခေါင်းဆောင်နဲ့ ညှိနှိုင်းနေတယ်။ သူတို့ရဲ့ လစာတွေက အရမ်းမများဘူးကွ”
ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူ တစ်ယောက် ဖြစ်ရတာက ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ကျော်ကြားမှုတွေ ရရှိလိမ့်မယ်လို့ ထင်စရာ ရှိပေမယ့် လက်တွေ့မှာတော့ ဝမ် သန်း ၁၀၀ ကျော် ရရှိတဲ့ ကစားသမားက တကယ့်ကို နည်းပါးပါတယ်။ ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်လောက်နီးနီး လစာ ရရှိတာကတင် တော်တော်လေး ကောင်းမွန်နေပြီ ဖြစ်ပြီး ကစားသမား အများစုကတော့ အဲဒီလောက်တောင် မရရှိကြပါဘူး။
ကုမ္ပဏီတစ်ခုရဲ့ အမြင်ကနေ ကြည့်ရင်တော့ eSports က ဘေ့စ်ဘော ဒါမှမဟုတ် ဘောလုံးလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသလို ကြီးမားတဲ့ ဝင်ငွေတွေ ဖန်တီးဖို့လည်း ခက်ခဲတာမလို့ လစာ အများကြီး ပေးဖို့က မလွယ်ကူတာပါ။
“မကြာသေးခင်ကဆိုရင် နာမည်ကြီး ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူတွေက တရုတ်နိုင်ငံဘက်ကို ပြောင်းရွှေ့သွားကြတာတောင် ရှိတယ်”
တရုတ် ရင်းနှီးငွေရဲ့ စွမ်းအားကတော့ တကယ့်ကို ကြောက်စရာ ကောင်းလှပါတယ်။ လစာကို နှစ်ဆ၊ သုံးဆလောက်အထိ တွန့်ဆုတ်မှု မရှိဘဲ ပေးအပ်ကြတာ ဖြစ်လို့ပါ။ ဒါက ကျွန်တော်တို့နိုင်ငံထက်စာရင် တရုတ်နိုင်ငံရဲ့ eSports စျေးကွက်က တခြား အဆင့်တစ်ခုအထိ ကြီးထွားလာခဲ့လို့လည်း ဖြစ်တာပေါ့။
တက်ဂယူက ညည်းတွားလာတယ်။
“ကုမ္ပဏီတွေရဲ့ ပံ့ပိုးမှု အားနည်းတာကြောင့် နိုင်ငံရဲ့ ပါရမီရှင်တွေ အပြင်ကို စီးထွက်ကုန်တာက တကယ့်ကို နှမြောစရာပဲ”
“ဘယ်က ပါရမီရှင် စီးထွက်တာကို ပြောနေတာလဲ……”
ပရော်ဖက်ရှင်နယ်တွေ အနေနဲ့ လစာ အများကြီး ပေးတဲ့နေရာကို ပြောင်းရွှေ့ကြတာက သဘာဝကျတဲ့ ကိစ္စတစ်ခုပါ။ တကယ်လို့ ဂိမ်းကစားခြင်းကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံရဲ့ နာမည်ကို နိုင်ငံခြားမှာ မြှင့်တင်ပေးနိုင်မယ်ဆိုရင် ဒါက ကောင်းတဲ့ ကိစ္စတစ်ခုပဲလေ။
စီနီယာ ဆန်းယော့က အကြွေစေ့တွေ ထည့်ပြီး အလိုအလျောက် ရောင်းချတဲ့ စက်ထဲကနေ ကော်ဖီတွေ ယူကာ ကျွန်တော်တို့တွေကို ကမ်းပေးလာတယ်။
“အောင်သွယ်ပေးဖို့ တောင်းဆိုတာတွေ အများကြီး စီနီယာ ရနေတယ်မလား”
ကျွန်တော့်ရဲ့ မေးခွန်းကြောင့် စီနီယာဆန်းယော့က သက်ပြင်းချပြီး ပြောတယ်။
“မရဘဲ နေမလား။ ငါက ဖုန်းနံပါတ် ပြောင်းလိုက်တာမလို့ ငါ့ဆီကို တိုက်ရိုက် ဆက်သွယ်လို့ မရကြပေမယ့် ငါ့မိဘတွေဆီကနေတစ်ဆင့် တောင်းဆိုမှုတွေကတော့ ပုံအောပြီး ဝင်နေတာလေ။ လွှတ်တော်အမတ်တွေရဲ့ သမီးတွေ၊ ပါမောက္ခတွေ၊ အသေးစား လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ တရားသူကြီးတွေ၊ ရှေ့နေတွေ စုံလို့ပဲ”
ကျွန်တော် ရယ်မောလိုက်မိတယ်။
“ဘာလို့ သူတို့ထဲက တချို့နဲ့ မတွေ့ကြည့်တာလဲ”
“မိတ်ဆက်ပေးဖို့ တောင်းဆိုနေတဲ့သူတွေက အများကြီး ရှိတာလေ။ မင်းကော blind dateတစ်ခုလောက် သွားကြည့်ချင်လား”
“……တော်ပါပြီဗျာ”
ဒီအသက်အရွယ် ရောက်မှ blind dateတော့ မတွေ့ချင်တော့ပါဘူး။
စီနီယာဆန်းယော့က ကော်ဖီကို တစ်ငုံ သောက်ရင်း ပြောလာတယ်။
“မင်းတို့ ကြားပြီးပြီလား။ ဒီရက်ပိုင်း Crypto စျေးကွက်က ရူးသွပ်မတတ် ဖြစ်နေတာနော်။ ဘန့်ကွိုင်က မကြာခင်မှာ ဒေါ်လာ ၃,၀၀၀ အထိ ရောက်သွားတော့မယ့် ပုံပဲ”
ဒီစကားကြောင့် ကျွန်တော် အနည်းငယ် တုန်လှုပ်သွားခဲ့ရတယ်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကမှ ဒေါ်လာ ၂,၀၀၀ မဟုတ်ဘူးလား”
“ဒီရက်ပိုင်းလေးအတွင်းမှာတင် ၃၀ ရာခိုင်နှုန်းလောက် ခုန်တက်သွားတာလေ”
တက်ဂယူက စိတ်ဝင်တစား မေးလာတယ်။
“ငါတို့တွေ ရောင်းလိုက်တုန်းက ဒေါ်လာ ၁,၀၀၀ ဝန်းကျင် မဟုတ်ဘူးလား”
“ဒေါ်လာ ၁,၁၀၀ လောက် ရှိမယ်”
အဲဒီအချိန်တုန်းကတောင် ပေါက်စျေးက အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ နှစ်ဆကျော်အထိ ဖြစ်သွားပြီဆိုတာ ကြားရတော့ တကယ့်ကို အံ့ဩစရာ ဖြစ်နေပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ မရောင်းဘဲ Digital Walletထဲမှာပဲ ဆက်ပြီး သိမ်းထားခဲ့ရင် ဒေါ်လာ သန်း ၃သောင်းလောက်အထိ တန်ကြေး ရှိနေမှာပါ။
“အီသီရီယမ်ကော ဘယ်လိုနေလဲ”
“အဲဒါက အခု ဒေါ်လာ ၃၀၀ ကျော်သွားပြီ”
ဒီတစ်ကြိမ်မှာတော့ ကျွန်တော် တကယ်ပဲ အံ့ဩသွားခဲ့ရတယ်။
“တကယ်လား”
“လက်ရှိမှာတော့ ဘန့်ကွိုင်က စျေးကွက်တန်ဖိုးအရ ပထမနေရာမှာ ရှိနေပြီး အီသီရီယမ်က ဒုတိယနေရာမှာ ရှိနေတာ။ ဒါတင်မကဘဲ Lufl၊ Loida၊ Stelmenta၊ Boatcoin နဲ့ PadeX စတဲ့ တခြား Altcoins တွေလည်း ရှိသေးတယ်”
စျေးကွက်ထဲကို အသစ်ဝင်ရောက်လာတဲ့ Altcoinတွေက ဘန့်ကွိုင်ကိုတောင် ကျော်လွန်ပြီး မယုံနိုင်စရာ ကောင်းတဲ့ အရှိန်အဟုန်တွေကို ပြသနေခဲ့ကြတာပါ။
ပြီးတော့ ကုမ္ပဏီ K က ဘန့်ကွိုင်တင်မကဘဲ တခြား Altcoin မျိုးစုံကိုပါ တရုတ်နိုင်ငံနဲ့ အိုက်စလန်မှာ ရှိတဲ့ သူတို့ရဲ့ အလုပ်ရုံတွေမှာ ဆက်တိုက် Miningလုပ်နေခဲ့ကြတာပါ။
“ကွိုင်တွေ အားလုံးပေါင်းရဲ့ စျေးကွက်တန်ဖိုးက ဘယ်လောက်တောင် ရှိလဲ”
“ဒေါ်လာ သန်းပေါင်း ၁သိန်းလောက် ရှိမယ် ထင်တယ်”
“……”
ဒီအတိုင်းဆိုရင်တော့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ စျေးကွက်တန်ဖိုးကိုတောင် လိုက်မီသွားနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။
ဘန့်ကွိုင်ရဲ့ မြင့်တက်လာတဲ့ စျေးနှုန်းအခြေအနေကြောင့် Crypto အရောင်းအဝယ် ပြုလုပ်တဲ့ Centerတွေကလည်း ကြီးမားတဲ့ တိုးတက်မှုတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အထိ ဘန့်ကွိုင်က အမြတ်ငွေ ရရှိဖို့ ရုန်းကန်နေခဲ့ရပေမယ့် ဒီနှစ်မှာတော့ အရောင်းအဝယ် ပမာဏက အဆမတန် မြင့်တက်လာခဲ့တာမလို့ ဝမ်းသာအားရ အခြေအနေဖြစ်နေခဲ့ကြတာပေါ့။
“မကြာသေးခင်က ငါတို့တွေရဲ့ ဆာဗာ ကျသွားခဲ့တာမို့ ဆာဗာ ပမာဏကို တိုးချဲ့ပြီး ဝန်ထမ်းတွေကိုလည်း တိုးခန့်လိုက်ရတယ်။ ဂန်နမ်မှာရှိတဲ့ အဆောက်အဦးတစ်ခု ငှားရမ်းပြီး သုံးစွဲသူ ကူညီစောင့်ရှောက်ရေး စင်တာနဲ့ offline အရောင်းအဝယ် စင်တာတစ်ခုကိုတောင် တည်ဆောက်ခဲ့ရသေးတယ်”
“ဒါက စတော့အိတ်ချိန်းတစ်ခုလို ဖြစ်နေပြီပဲ”
“ဟုတ်တယ်၊ တော်တော်လေး တူတယ်။ ကွိုင်စျေးနှုန်းတွေနဲ့ အရောင်းအဝယ် အော်ဒါတွေကို ပြသပေးတဲ့ ဒီဂျစ်တယ် မျက်နှာပြင်လည်း ရှိနေတာမလို့လေ။ ကွာခြားချက်က စတော့ရှယ်ယာ ဝယ်တာလား၊ ကွိုင်ဝယ်တာလား ဆိုတာပဲ ရှိတာ”
စီနီယာ ဆန်းယော့က ကျွန်တော့်ကို မေးလာတယ်။
“ဘန့်ကွိုင် ရှယ်ယာတွေကို ဖယ်လိုက်ရင်တောင် ငါတို့ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၂၅၀၀ကို ကျော်လွန်သွားခဲ့ပြီ။ ဒါက ဘယ်လောက်အထိ ဆက်ပြီး သွားနိုင်ဦးမယ်လို့ မင်း ထင်လဲ”
“အင်း၊ စီနီယာကော ဘယ်လို ထင်လဲ”
“ငါ့အမြင်အရတော့ မကြာခင်မှာ ရောင်းရမယ့် အချိန် ရောက်လာမယ် ထင်တယ်။ စျေးကွက်ရဲ့ ပူဖောင်းက မကြာခင် ပေါက်ကွဲသွားနိုင်ခြေ ရှိတာမလို့လေ။ Blockchain နည်းပညာ ရှိနေတယ် ဆိုပေမယ့် သူ့ရဲ့ တကယ့် တန်ဖိုးအစစ်အမှန်က ငါတို့တွေအတွက် ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ အခြေအနေက Tulip bubbleခေတ်ကို ပြန်ပြီး သတိရစေတယ်”
တက်ဂယူက သိသလိုမျိုး ဝင်ပြီး စကားဖြတ်ပြောလာတယ်။
“နယ်သာလန်မှာ ကျူးလစ်ပန်း စျေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တဲ့ အကြောင်းကို ပြောတာလား”
သုံးနှစ်အရွယ် ခွေးပေါက်လေးတောင် ကဗျာရွတ်နိုင်တယ် ဆိုသလိုမျိုးပဲ၊ သူကလည်း အခုအချိန်မှာတော့ စီးပွားရေး သမိုင်းကြောင်းတွေကို အတော်အတန် သိနေခဲ့ပါပြီ။
ကျွန်တော်က အကြောင်းအရာတချို့ကို ထပ်ပြီး ရှင်းပြလိုက်တယ်။
“ကျူးလစ်ပန်း အားလုံးရဲ့ စျေးနှုန်းက မြင့်တက်ခဲ့တာ မဟုတ်ဘူး။ အတိအကျ ပြောရရင် ရှားပါးတဲ့ ပန်းဥ အမျိုးအစားတွေရဲ့ စျေးနှုန်းကပဲ အဆမတန် မြင့်တက်ခဲ့တာ”
ကျူးလစ်ပန်းတွေက မျိုးပွားတဲ့ အခါမှာ မျိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပြီး ရှားပါးတဲ့ အရောင်အသွေးတွေကို ဖန်တီးပေးနိုင်ပါတယ်။ ရုတ်တရက်ကြီး လူတွေက အဲဒီ ရှားပါးတဲ့ ပန်းဥတွေပေါ်မှာ တန်ဖိုးတွေ သတ်မှတ်လာကြတဲ့ အခါမှာ စျေးနှုန်းတွေက ထိုးတက်သွားခဲ့တာပေါ့။ နောက်ဆုံးမှာတော့ ပူဖောင်းက ပေါက်ကွဲသွားခဲ့ပြီး ကြီးမားတဲ့ စျေးကွက် ပြိုလဲမှုကို ကြုံတွေ့ခဲ့ရတာပါ။
“Blockchainလိုမျိုး နည်းပညာအသစ်တစ်ခု ပေါ်ထွက်လာတာက Dot-com bubbleခေတ်နဲ့ တော်တော်လေး ဆင်တူတယ်”
စျေးကွက်ရဲ့ ပူဖောင်းတွေက ဒီအတိုင်း ပေါ်လာတာ မဟုတ်ပါဘူး၊ အချက်အချို့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ပထမဆုံးအနေနဲ့ လည်ပတ်ငွေ အမြောက်အမြား ရှိရမယ်၊ ဒုတိယအနေနဲ့ ရင်းနှီးမြှုပ်နှံမှုက ရှားပါးမှု ရှိရမယ်၊ ပြီးတော့ တတိယအနေနဲ့ စျေးနှုန်းတွေက ဆက်တိုက် မြင့်တက်နေလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေရမယ်။
အရင်က မရှိခဲ့ဖူးတဲ့ နည်းပညာအသစ် ဒါမှမဟုတ် ထုတ်ကုန်အသစ်တစ်ခုကို ပေါင်းစပ်လိုက်တာက အခြေအနေကို ပိုပြီး အားကောင်းသွားစေတာပါ။
“ဟုတ်တယ်၊ အဲဒီခေတ်တုန်းက လူတွေက အင်တာနက် ဆိုတာ ဘာမှန်းတောင် သေသေချာချာ မသိဘဲနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာလေ”
Dot-com bubbleက နောက်ဆုံးမှာ ကိုရီးယားဘက်ကို ကူးစက်လာခဲ့ပြီး KOSDAQ ပူဖောင်း ဖြစ်သွားခဲ့တာပါ။
အဲဒီအချိန်တုန်းက မယုံနိုင်စရာဖြစ်ခဲ့တဲ့ နောက်ထပ်ကိစ္စတစ်ခု ကတော့ အိုင်တီ ကုမ္ပဏီတွေရဲ့ စျေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ရုံတင်မကဘဲ နာမည်က အိုင်တီနဲ့ ဆင်တူနေတဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ စျေးနှုန်းတွေပါ လိုက်ပြီး မြင့်တက်ခဲ့တာပါပဲ။
နောက်ပိုင်းမှာတော့ KOSDAQ မှာ စာရင်းသွင်းခံရရုံနဲ့တင် စတော့ရှယ်ယာ စျေးနှုန်းတွေက မြင့်တက်သွားခဲ့တာပါ။ လူသိများတဲ့ Saerom Technology ဆိုရင် တစ်ချိန်တုန်းက အွန်ဆောင်း မော်တာရဲ့ စျေးကွက်တန်ဖိုးကိုတောင် ကျော်လွန်သွားခဲ့ဖူးပါတယ်။
ဒါတွေအားလုံးက အင်တာနက် ဆိုတဲ့ နည်းပညာအသစ်အပေါ်မှာ ထားရှိခဲ့ကြတဲ့ စိတ်ကူးယဉ်မှုတွေကြောင့် ဖြစ်ခဲ့တာပေါ့။ နောက်ဆုံးမှာတော့ အားလုံးက ဆိုးဆိုးရွားရွား ပြိုလဲသွားခဲ့ပြီး ဇာတ်သိမ်းသွားခဲ့ရတာပါ။
ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက်မှာ တက်ဂယူက မေးလာတယ်။
“ဒါက အတော်ကိုရူးသွပ်ချင်စရာကောင်းတဲ့ကိစ္စပဲနော်”
“ကမ္ဘာကြီးက ရူးသွပ်နေတဲ့ အခါမှာ ရူးသွပ်တဲ့သူတွေက ပုံမှန် ဖြစ်သွားတတ်ပြီး အကောင်းအတိုင်း ရှိနေတဲ့သူတွေက ရူးသွပ်နေသလိုမျိုး မြင်တွေ့ရတတ်တာမျိုးပေါ့”
အဲဒီခေတ်တုန်းက KOSDAQ က ပူဖောင်းတစ်ခု ဖြစ်နေတာမလို့ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့ အော်ဟစ်ခဲ့ကြတဲ့ ရန်ပုံငွေ မန်နေဂျာတွေနဲ့ ဆန်းစစ်သူတွေက အရူးတွေလိုမျိုး ဆက်ဆံခံခဲ့ကြရတာပါ။
မနက်တိုင်းမှာ စတော့ရှယ်ယာ စျေးနှုန်းတွေက မြင့်တက်နေတာမလို့ ရင်းနှီးမြှုပ်နှံတာက ပုံမှန် ဖြစ်နေပြီး မပါဝင်ဘဲ နေတဲ့သူက ထူးဆန်းနေသလိုမျိုး ဖြစ်နေခဲ့တာလေ။
လက်ရှိ Crypto အခြေအနေကလည်း အလားတူပါပဲ။ လူတွေက Blockchainက ဘာလဲ၊ ဘာတန်ဖိုး ရှိလဲဆိုတာကို မသိကြဘဲနဲ့ ရင်းနှီးမြှုပ်နှံရင် ပိုက်ဆံ ရနိုင်တယ်ဆိုတဲ့ အချက်တစ်ခုထဲနဲ့တင် စျေးကွက်ထဲကို ပုံအောပြီး ဝင်ရောက်နေကြတာ ဖြစ်လို့ပါ။
စီနီယာ ဆန်းယော့က ပြောလာတယ်။
“လအနည်းငယ်အတွင်းမှာတင် ဒီလောက်အထိ မြင့်တက်လာတာကို ကြည့်ရင် ဒါက တကယ်ပဲ ပူဖောင်းတစ်ခု ဖြစ်မနေဘူးလား”
“ဒါက ပေါက်ကွဲသွားတဲ့ အခါကျမှပဲ ပူဖောင်း ဖြစ်သွားတာပါ”
ပူဖောင်းတွေရဲ့ ကြောက်စရာ ကောင်းတဲ့ အချက်တစ်ခုကတော့ မပေါက်ကွဲမချင်း ဒါက ပူဖောင်းတစ်ခု ဖြစ်နေမှန်း သေချာ မသိနိုင်တာပဲ ဖြစ်ပါတယ်။
“ဒါဆိုရင် စပြီး ရောင်းလိုက်ရမလား။ ဆင်ခြင်တုံတရားအရ ကြည့်မယ်ဆိုရင်တော့ အခုအချိန်မှာ အမြတ်ငွေ ထုတ်ယူလိုက်တာက မှန်ကန်တဲ့ နည်းလမ်း ဖြစ်လိမ့်မယ်။ မမျှော်လင့်ဘဲ မြင့်တက်လာတယ် ဆိုတာက ရုတ်တရက်ကြီး ပြန်ပြီး ထိုးကျသွားနိုင်တယ်ဆိုတဲ့ သဘောလည်း ဖြစ်တာမလို့လေ”
ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ အခုအချိန်မှာ မရောင်းချသင့်သေးဘူးလို့ ခံစားနေရတယ်။
သာမန်လူတစ်ယောက် ဆိုရင်တော့ ဆင်ခြင်တုံတရားကို ယုံကြည်ကြမှာ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ အခြေအနေမှာတော့ ကျွန်တော့်ရဲ့ ပင်ကိုသိစိတ်ကို ယုံကြည်ဖို့က ပိုပြီး ဉာဏ်ပညာရှိရာ ရောက်ပါလိမ့်မယ်။
“လောလောဆယ်တော့ ဆက်ပြီး ထိန်းထားလိုက်ရအောင်။ ထပ်ပြီးတော့လည်း မဝယ်ပါနဲ့၊ ကျွန်တော်တို့တွေ ဆက်ပြီး Mining လုပ်ရင်းနဲ့ပဲ စောင့်ကြည့်ကြတာပေါ့”
စီနီယာ ဆန်းယော့က အကြောင်းအရင်းကို ထပ်ပြီး မမေးတော့ဘဲ ခေါင်းညိတ်လာတယ်။
“ကောင်းပါပြီ”
တက်ဂယူက ပြောလာတယ်။
“တကယ်လို့ နောက်နှစ်အနည်းငယ်အတွင်းမှာတင် ဘစ်ကွိုင်က ဒေါ်လာ ၂၀,၀၀၀ အထိ ရောက်သွားရင် ဘယ်လိုလုပ်မလဲ”
အဲဒီစကားကြောင့် စီနီယာ ဆန်းယော့က အော်ပြီး ရယ်မောလိုက်တာပေါ့။
“ဟားဟား။ ဒါကတော့ နည်းနည်း များသွားပြီ ထင်တယ်”
“ဘာပဲဖြစ်ဖြစ် အရင်တုန်းကတော့ တစ်ဒေါ်လာတောင် မပြည့်ခဲ့တာပဲလေ”
ဘာပဲဖြစ်ဖြစ် Brexit နဲ့ အမေရိကန် ရွေးကောက်ပွဲတွေ ပြီးတဲ့နောက်မှာတော့ ဝင်ငွေ အသစ်တွေ ဝင်မလာခဲ့ဘဲ ထွက်ငွေတွေပဲ ရှိနေခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ Cryptoတွေကတော့ ဆက်တိုက် မြင့်တက်နေခဲ့တာပေါ့။ ဒါပေမဲ့ ဒါက ကျွန်တော်တို့တွေ ရောင်းချပြီး ပိုက်ဆံအဖြစ် ပြန်မပြောင်းမချင်းတော့ တကယ့် ပိုက်ဆံအစစ်အမှန် မဟုတ်သေးပါဘူး။
ကျွန်တော်က ကော်ဖီခွက် အလွတ်ကို ခြေမွလိုက်ပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ရင်း ရေရွတ်လိုက်မိတယ်။
“ပိုက်ဆံတွေ ထပ်ပြီး ထွက်လာနိုင်မယ့် နေရာမျိုး ရှိသေးလား”
“ဘာလို့ မရှိရမှာလဲ”
“ဟင်”
တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ ပြန်ပြီး ဖြေလာတယ်။
“တပတ်ခါက Lost Fantasy M မိတ်ဆက်မယ့် နေ့ပဲလေ”