← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀)

ဆင့်ပွားစျေးကွက် အရောင်းစနစ် (Multi-Level Marketing - MLM)

ဒါကို ကွန်ရက်မားကတ်တင်း ဒါမှမဟုတ် ပိရမစ်စနစ် အရောင်းဗျူဟာလို့လည်း ခေါ်ကြတယ်။

သာမန် မားကတ်တင်းမှာတော့ ရောင်းသူနဲ့ ဝယ်သူကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတတ်ပါတယ်။ ဒါပေမဲ့ ဆင့်ပွားစျေးကွက် အရောင်းစနစ်ကတော့ ရောင်းသူက ဝယ်သူဖြစ်လာပြီး၊ ဝယ်သူကလည်း မကြာခင် ရောင်းသူပြန်ဖြစ်လာတဲ့ ကွင်းဆက်ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာပါ။

ဆင့်ပွားစျေးကွက် အရောင်းစနစ်က သူ့ဘာသာသူတော့ တရားမဝင်တာမျိုး မဟုတ်ပေမဲ့ များသောအားဖြင့် လူတွေစိတ်ထဲမှာ မကောင်းတဲ့ အမြင်ပဲ ရှိကြတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားမှာ လူတွေ မေ့ပျောက်လုနီးပါး ဖြစ်ခါမှ အကြီးစား ဆင့်ပွားစျေးကွက် လိမ်လည်မှုကြီးတွေက ခဏခဏ ပေါက်ကွဲထွက်လာတတ်လို့ပါပဲ။

အဲဒီထဲမှာ အကျော်ကြားဆုံးကတော့ ကိုရီးယားနိုင်ငံ တည်ထောင်ပြီးကတည်းက အကြီးမားဆုံး လိမ်လည်မှုကြီးလို့ တင်စားကြတဲ့ ဂျိုဟီးပယ် ရဲ့ လိမ်လည်မှုပါ။ အဲဒီတုန်းက ဆုံးရှုံးမှုတန်ဖိုးက ဝမ် သိန်းပေါင်း ၄ ကုဋေကျော်အထိ ရှိခဲ့တာပါ။

စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေထဲမှာတောင် တစ်နှစ်ကို အသားတင်အမြတ် ဝမ် သိန်းပေါင်း ၄ ကုဋေကျော် ရတဲ့ကုမ္ပဏီ ဘယ်နှစ်ခု ရှိလို့လဲ။ ဒါကို သာမန်လူတစ်ယောက်ထဲက ဒီလို အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး လုပ်ပြသွားခဲ့တာပါ။

ဒါပေမဲ့ အဲဒီအတွက်ကြောင့် လူပေါင်းသောင်းချီ အိုးပစ်အိမ်ပစ် ဖြစ်ခဲ့ရပြီး မိသားစု ရာနဲ့ချီ ပြိုကွဲခဲ့ရတယ်။

ဒါကတော့ တရားမဝင် ဆင့်ပွားစျေးကွက်မလို့ ထားပါဦး၊ တရားဝင် ဆင့်ပွားစျေးကွက်တွေမှာလည်း သူ့ ပြဿနာနဲ့သူ ရှိနေတာပါပဲ။ ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့လူတွေက ပိုက်ဆံအများကြီး ရှာနိုင်ကြပေမဲ့ လက်တွေ့မှာတော့ အဖွဲ့ဝင်အများစုက အနည်းဆုံး လုပ်ခလစာထက်တောင် နည်းနည်းပဲ ရကြတာပါ။

အမြတ်မရတဲ့အပြင် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုတွေအတွက် ကိုယ့်ပိုက်ဆံကိုယ် စိုက်ထုတ်ရင်း အကြွေးတင်သွားတဲ့ လူတွေကလည်း မရေမတွက်နိုင်အောင် ရှိသေးတယ်။ အချိန်အတော်ကြာမှ ပြန်တွေ့တဲ့ အထက်တန်းကျောင်းက အတန်းဖော် ဒါမှမဟုတ် စစ်တပ်က စီနီယာနဲ့ သွားတွေ့ရာကနေ အတင်းအကြပ် ဆွဲခေါ်ခံရပြီး အချိန်ကော ပိုက်ဆံပါ ဖြုန်းတီးပစ်လိုက်ရတဲ့ လူငယ်တွေ ဘယ်လောက်တောင် များနေပြီလဲ။

တက်ဂယူ က ကုမ္ပဏီအတွင်းပိုင်းကို သေသေချာချာ လှည့်ပတ်ကြည့်လိုက်တယ်။ နံရံမှာ 'JG Blockchain' ဆိုတဲ့ စာလုံးတွေ ကပ်ထားတာကို သူ သတိထားမိလိုက်တယ်။ အင်တာနက်ပေါ်မှာ ဆင့်ပွားစျေးကွက်ထဲ ဆွဲခေါ်ခံရပြီးမှ လွတ်မြောက်လာတဲ့သူတွေ၊ ဒါမှမဟုတ် နောက်ကျမှ နောင်တရပြီး သတိဝင်လာတဲ့သူတွေရဲ့ အကြောင်းအရာတွေက လျှံထွက်နေတာပါ။ ဒါကြောင့်မလို့ သူက ဆင့်ပွားစျေးကွက်ရဲ့ သဘောသဘာဝကို အနည်းငယ် ရိပ်မိနေခဲ့တယ်။

"ဒီမှာ ထိုင်ပါဦး"

တက်ဂယူ က မင်ဟာယောင်း ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။

'ဒီနေရာက ဘာနေရာမလို့ သူက ဒီလိုအလုပ်မျိုး လာလုပ်နေရတာလဲ'

သူ အဲလို တွေးနေတုန်းမှာပဲ လူငယ်တစ်ယောက် ချဉ်းကပ်လာခဲ့တယ်။

"မင်္ဂလာပါဗျာ။ ကျွန်တော်က ဒုတိယမန်နေဂျာ ဟုန်ချန်းဆူး ပါ၊ မင်ဟာယောင်း ရဲ့ Mentor(ဆရာ) ပေါ့"

"ဟုတ်ကဲ့၊ မင်္ဂလာပါ"

"မင်ဟာယောင်း က ကျွန်တော်တို့ ကုမ္ပဏီအကြောင်း ပြောပြထားတာ ရှိလားဗျ"

"ဟင့်အင်း"

သူက တက်ဂယူ ရဲ့ ဘေးမှာ သဘာဝကျကျ ဝင်ထိုင်လိုက်ပြီး ပြောတယ်။

"ကျွန်တော်တို့ ကုမ္ပဏီက JG Blockchain ပါ။ Cryptocurrency တွေကို ဖန်တီးနေတာ ဖြစ်ပါတယ်"

"Cryptocurrency ဟုတ်လား"

"ဟုတ်ပါတယ်။ ဘန့်ကွိုင် တို့ အီသီရီယမ် တို့ကို သိတယ်မလား။ သိတဲ့အတိုင်း Cryptocurrency ဆိုတာ ဒေါ်လာနဲ့ ရွှေကို အစားထိုးမယ့် အနာဂတ်ရဲ့ ငွေကြေးပဲလေ။ ကျွန်တော်တို့ ကုမ္ပဏီက လက်ရှိ ကွိုင်တွေကို ကျော်လွန်မယ့် Cryptocurrency အသစ်တစ်ခုကို ဖန်တီးထားပြီး မကြာခင် စျေးကွက်ထဲမှာ စာရင်းသွင်းတော့မှာပါ"

"ဘယ်ကွိုင်လဲဗျ"

" Jeil Gold Coin လို့ ခေါ်ပါတယ်။ JG Coin ဒါမှမဟုတ် JGC လို့ ခေါ်လည်း ရပါတယ်။ အခုကတော့ စျေးကွက်ထဲမတင်ခင် ကြိုတင်ရောင်းချတဲ့ အဆင့်ပါ..."

သူက အီလည်လည်နဲ့ အကြာကြီး လျှောက်ပြောနေပေမဲ့ အနှစ်ချုပ်ကတော့ ကွိုင်တွေ ဝယ်ခိုင်းတာပါပဲ။

လက်ရှိ သာမန်လူတွေကို ရောင်းတဲ့စျေးကွက်မှာ JGC ၁ ကွိုင်ကို ဝမ် ၁၂၀ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အဖြစ် ဝင်လိုက်မယ်ဆိုရင်တော့ စျေးနှုန်းတစ်ဝက်ဖြစ်တဲ့ ဝမ် ၆၀ နဲ့ ဝယ်ယူနိုင်မှာပါ။

"အဖွဲ့ဝင် ဟုတ်လား"

"ဟုတ်ပါတယ်။ ဝမ် ၂.၅ သန်းဖိုး ကွိုင်ဝယ်ယူမယ်ဆိုရင် ချက်ချင်း အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပေးမှာပါ"

ဝယ်ယူတဲ့ ပမာဏကို တိုးမြှင့်ပြီး အဖွဲ့ဝင်အဆင့်ကို မြှင့်တင်သွားမယ်ဆိုရင် ကွိုင်ရဲ့ လျှော့စျေးက ဝမ် ၃၀ အထိ တဖြည်းဖြည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းက ဒီကနေ စတာပါ။ အဖွဲ့ဝင်ဖြစ်ပြီးတဲ့နောက် အဖွဲ့ဝင်အသစ်တွေကို ထပ်ခေါ်လာလို့ သူတို့က ကွိုင်တွေ ဝယ်မယ်ဆိုရင်၊ မိတ်ဆက်ပေးတဲ့လူက သူတို့ဝယ်ယူတဲ့ ကွိုင်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ငွေသား ဒါမှမဟုတ် ကွိုင်နဲ့ ဆုကြေး ပြန်ရမှာပါ။ ပြီးတော့ သူ့အောက်က အဖွဲ့ဝင်တွေက ကွိုင်ထပ်ဝယ်ရင်လည်း ဆုကြေးရဦးမှာဖြစ်သလို၊ အဲဒီအောက်က အဖွဲ့ဝင်တွေ ထပ်ဝယ်ရင်လည်း ဆုကြေးရဦးမှာလေ။

ဒါက စကားလုံးတစ်လုံးထဲနဲ့ ပြောရရင်တော့...

'Cryptocurrency MLM ပဲ'

Blockchain ဆိုတာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ နည်းပညာအသစ်တစ်ခုဖြစ်ပြီး Cryptocurrency ကတော့ အဲဒါရဲ့ လက်တွေ့ ပုံဖော်မှုပါပဲ။

ဒါပေမဲ့ ဒါက ကိုရီးယားကို ရောက်လာတဲ့အခါ ဆင့်ပွားစျေးကွက်နဲ့ ပေါင်းစပ်သွားပြီး Crypto ဆင့်ပွားစျေးကွက်အဖြစ် ဆန်းသစ်တီထွင်မှု ဖြစ်သွားခဲ့တယ်။

တက်ဂယူ တံတွေးမျိုချမိတယ်။

'တော်တော် ဉာဏ်ပြေးတာပဲ'

ပုံမှန်ဆိုရင် ဆင့်ပွားစျေးကွက်က ကျန်းမာရေး ဖြည့်စွက်စာတွေ ဒါမှမဟုတ် အလှကုန်တွေကိုပဲ ရောင်းကြတာပါ။ ဒါပေမဲ့ Cryptocurrencyနဲ့ ဆင့်ပွားစျေးကွက် လုပ်မယ်လို့ လုံးဝကိုမထင်ထားမိဘူး။

အကျိုးခံစားခွင့်တွေ မျိုးစုံပြပြီး အမြတ်တွေ အလွန်အကျွံ ယူနေရင်တောင် ကျန်းမာရေး ဖြည့်စွက်စာတွေနဲ့ အလှကုန်တွေမှာ ထုတ်လုပ်မှု စရိတ်စကဆိုတာ ရှိသေးတယ်။ ရောင်းချမယ့် ထုတ်ကုန်တွေဖြစ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ခံချက်လည်း လိုအပ်တာပေါ့။

ဒါပေမဲ့ ကွိုင်ထုတ်တာကတော့ ပိုက်ဆံ တကယ်မကုန်ဘူးလေ။ ဂဏန်းတွေကို တိုးလိုက်ပြီး အီလက်ထရောနစ် ပိုက်ဆံအိတ်ထဲ ပို့ပေးလိုက်ရုံပါပဲ။

ဒါက စာသားအတိုင်း ဘာမှမရှိရာကနေ တစ်ခုခု ဖန်တီးလိုက်တာပါ။

ဒါက တကယ့်ကို တီထွင်ဖန်တီးမှု စီးပွားရေး၊ ဒါမှမဟုတ် ကိုရီးယားစတိုင် စတုတ္ထမြောက် စက်မှုတော်လှန်ရေး မဟုတ်ဘူးလား။

ဒါပေမဲ့ စနစ်တကျ Cryptocurrency တစ်ခုကို ဖန်တီးဖို့ဆိုရင်တော့ Source code ရေးဖို့နဲ့ ပရိုဂရမ်ဆွဲဖို့ အရင်းအနှီး အတော်အတန် လိုအပ်ပါတယ်။ (ဒါကြောင့်မလို့ သူတို့က တစ်ခါတလေ ဖန်တီးတဲ့ အဆင့်မှာ Source code ရဲ့ အစိတ်အပိုင်းတချို့ကို ချပြပြီး ရန်ပုံငွေ ရှာတတ်ကြတာပါ)

ဒုတိယမန်နေဂျာ ဟုန်ချန်းဆူး က စကားကို ဆက်ပြောတယ်။

"JG Coin ရဲ့ စျေးနှုန်းက ဆက်တိုက် တက်နေတာပါ။ မနှစ်ကထက်စာရင် ၁၀ ဆကျော်တောင် တက်သွားပါပြီ။ နောက် တစ်လ၊ နှစ်လဆိုရင်တော့ ဒီစျေးနဲ့ ဝယ်လို့ရတော့မှာ မဟုတ်ဘူး"

"ဟင်၊ အဲလိုလား"

ထုတ်ကုန်တစ်ခုက မြန်မြန် ကုန်တော့မယ်၊ ဒါမှမဟုတ် စျေးမကြာခင် တက်တော့မယ်ဆိုပြီး မြန်မြန်ဝယ်ဖို့ ပြောတာက လူလိမ်တွေ သုံးလေ့ရှိတဲ့ သာမန် နည်းဗျူဟာတစ်ခုပါပဲ။

ဒီအချိန်မှာ သူက ဒီကွိုင်ရဲ့ တကယ့် အနှစ်သာရကို စတင် သံသယဝင်လာခဲ့တယ်။

တက်ဂယူ က စိတ်ဝင်စားတဲ့ ပုံစံပြလိုက်တော့ မင်ဟာယောင်း က အလောတကြီး ပြောလာတယ်။

"အပေါ်ထပ်က ဆွေးနွေးပွဲခန်းမမှာ အဖွဲ့ဝင်အသစ်တွေအတွက် Seminar လုပ်နေတယ်၊ သွားကြည့်မလား"

"သွားကြတာပေါ့"

သူ့ရဲ့ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းဖို့အတွက် တစ်ခေါက်လောက်တော့ နားထောင်ကြည့်သင့်တာပဲ။

ဆွေးနွေးပွဲခန်းမက အပေါ်တစ်ထပ်မှာ ရှိတာပါ။

ကျဉ်းမြောင်းတဲ့ နေရာလေးထဲမှာ လူပေါင်း ဒါဇင်ချီပြီး ထိုင်နေကြပါတယ်။ အသက် ၂၀၊ ၃၀ အရွယ် လူငယ်တွေကော၊ အိမ်ရှင်မ ပုံစံမျိုးနဲ့ အလယ်အလတ်အရွယ် အမျိုးသမီးတွေ၊ ပြီးတော့ ဆံပင်ဖြူတွေနဲ့ အဘိုးအဘွားတွေပါ ရှိနေတာပါ။

မင်ဟာယောင်း က တက်ဂယူ ရဲ့ ဘေးနားမှာတင် ကပ်ထိုင်လိုက်တယ်၊ သူ့ကို စောင့်ကြည့်နေတဲ့ ပုံစံမျိုးပေါ့။

ခဏနေတော့ မျက်မှန်တပ်ထားတဲ့ အသက် ၄၀ အရွယ် လူတစ်ယောက် ဝင်လာပြီး စင်မြင့်ပေါ်မှာ ရပ်လိုက်တယ်။ သူက သပ်ရပ်တဲ့ ဝတ်စုံ၊ တန်ဖိုးကြီး လက်ကောက်မှာဝတ်တဲ့ ကြယ်သီးတွေနဲ့ လက်ကောက်ဝတ်မှာတော့ Rolexနာရီကို ဝတ်ဆင်ထားပါတယ်။ အပြင်ပန်းကြည့်ရင်တော့ အောင်မြင်နေတဲ့ လူငယ် စီးပွားရေးသမားတစ်ဦး ပုံစံပါပဲ။

သူ့ကိုယ်သူ အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး လို့ မိတ်ဆက်လိုက်ပြီး ပြောတယ်။

"Seminar မစခင်မှာ အရင်ဆုံး ကားပါကင်က ကားကို သွားကြည့်ကြမလား"

အဆောက်အဦးအရှေ့က ကားပါကင်မှာတော့ အရင်က မရှိခဲ့တဲ့ အဖြူရောင် တောက်ပနေတဲ့ Bentley ကားတစ်စီး ရပ်ထားပါတယ်။ လူတွေက အဲဒီကားကို ကြည့်ပြီး အံ့သြချီးကျူးနေကြတယ်။

"ဝိုး။ Bentley ကြီး"

"အဲဒီကားက ဝမ် သန်း ၂၀၀၊ ၃၀၀ လောက် ရှိလောက်မယ်"

"ငါကော ဘယ်တော့မှ အဲလိုကားမျိုး မောင်းခွင့်ရပါ့မလား"

အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး က ယုံကြည်မှုရှိတဲ့ အပြုံးနဲ့ ပြောတယ်။

"ကျွန်တော်က ဘာမှမရှိဘဲ ဆင်းဆင်းရဲရဲ မွေးလာခဲ့တာဖြစ်ပြီး တက္ကသိုလ်ကောင်းကောင်းလည်း မတက်ခဲ့ရဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အိမ်မက်တစ်ခု ရှိခဲ့တယ်။ ချမ်းသာတဲ့လူတစ်ယောက် ဖြစ်လာဖို့ပေါ့။ ဒါကြောင့် ပိုက်ဆံမရှိလို့ အဝတ်အစား စုတ်တွေဝတ်ပြီး စတိုးဆိုင်က ထမင်းဗူးပဲ စားနေရတဲ့ အချိန်မှာတောင် ကျွန်တော်က အဝတ်အစားကောင်းကောင်းတွေ ဝတ်ထားခဲ့တယ်။ ကားကောင်းကောင်း မောင်းတာနဲ့ အိမ်ကောင်းကောင်းမှာ နေတာကို အမြဲတမ်း ပုံဖော်ခဲ့တယ်။ တခြားလူတွေကတော့ အဲဒီအိမ်မက်က မဖြစ်နိုင်ဘူးလို့ လှောင်ပြောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်က အဲဒီအိမ်မက်ကို လက်တွေ့ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ တွေးခဲ့တယ်။ အခုတော့ ကျွန်တော် အိမ်မက်ကို တစ်နှစ်အတွင်းမှာတင် အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော် JG Blockchain ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့လို့ပါပဲ။ Jeil Gold Coin ကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်မှာတင် ဒါက ဘန့်ကွိုင် ကို ကျော်လွန်မယ့် ကမ္ဘာ့အကောင်းဆုံး Cryptocurrency ဖြစ်လာမယ်ဆိုတာကို သဘောပေါက်ခဲ့တာလေ။ ဒါကြောင့် ကျွန်တော့် ပိုင်ဆိုင်မှုအားလုံးကို ရောင်းပြီး Jeil Gold Coinကို ဝယ်ခဲ့တယ်၊ ပြီးခဲ့တဲ့ နှစ်တစ်နှစ်ထဲမှာတင် အမြတ်ငွေ ဝမ် သိန်းပေါင်း ၃ ကုဋေ ရခဲ့တယ်။ မြင်တဲ့အတိုင်းပဲ အခု ကျွန်တော် နိုင်ငံခြားကား မောင်းနေပြီး ဟန်မြစ် အလှကို လှမ်းမြင်ရတဲ့ တိုက်ခန်းမှာ နေနေပါပြီ။ ခင်ဗျားတို့လည်း တစ်နှစ်လောက် ရင်းနှီးမြှုပ်နှံရုံနဲ့ ကျွန်တော့်လိုပဲ အိမ်မက်တွေကို လက်တွေ့ ဖြစ်လာအောင် အလွယ်တကူ လုပ်နိုင်ပါတယ်"

သူ့စကားကြောင့် လူတွေရဲ့ မျက်လုံးတွေက အရောင်တောက်လာခဲ့တယ်။ အဲဒီအချိန်မှာတင် တက်ဂယူ က ကန့်ကွက်လိုက်တယ်။

"အဲဒီကားက သိပ်ပြီး မဈေးကြီးဘူးမဟုတ်လား"

အဲဒီတော့မှ အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး က အကျယ်ကြီး ရယ်မောလိုက်တယ်။

"ဟားဟား။ ခင်ဗျားက Bentley အကြောင်း သိပ်မသိသေးပုံပဲ။ Bentley ဆိုတာ ဗြိတိန်ရဲ့ ဂုဏ်သရေရှိ ကားအမှတ်တံဆိပ်ဖြစ်ပြီး Rolls-Royceလိုမျိုး ကမ္ဘာ့အဆင့်မီ ဇိမ်ခံကားဗျ"

OTK ကုမ္ပဏီ ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုက ကားကုမ္ပဏီတွေ ဖြစ်တာကြောင့် သူကတော့ သာမန်လူထက်စာရင် အများကြီး ပိုသိတာပေါ့။

တက်ဂယူ က ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။

" Volkswagen အုပ်စု က ဝယ်ယူပြီးတဲ့နောက်ပိုင်း အခြေအနေ ပိုကောင်းလာတာ မှန်ပေမဲ့ Bentley က Rolls-Royce ကို ယှဉ်လို့မရပါဘူး။ အဲဒါထက် ကားရဲ့ ရှေ့မီးကြီးတွေနဲ့ ဘီးတွေကို ကြည့်ရတာ ၂၀၀၆ မော်ဒယ် Continental Flying Spur နဲ့ တူတယ်၊ အဲဒီမော်ဒယ်ရဲ့တပတ်ရစ်ကားစျေးက အခုဆို ဝမ် သန်း ၆၀ တောင် မရှိတော့ဘူး မဟုတ်လား။ အဲလိုဆိုရင် အွန်ဆောင်း မော်တာ ရဲ့ Sedanကားကြီး Cavalus ဒါမှမဟုတ် Mercedes-Benz E-Class ထက်တောင် ပိုသက်သာသေးတယ်/ လစဉ် အရစ်ကျနဲ့ ဆိုရင်တောင် တစ်လကို ဝမ် ၂ သန်းအောက်ပဲ ကျမှာ။ သာမန် ရုံးဝန်ထမ်းတွေတောင် မောင်းနိုင်တဲ့ အဆင့်ပဲဟာ။ မနှစ်က ဝမ် သိန်းပေါင်း ၃ ကုဋေ ရှာနိုင်ခဲ့တဲ့ လူတစ်ယောက်အတွက်တော့ ခင်ဗျား မောင်းတာက သိပ်ပြီး စျေးပေါမနေဘူးလား"

အဲဒီစကားကြောင့် အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး ရဲ့ မျက်နှာ အနည်းငယ် တင်းမာသွားခဲ့တယ်။

"အို... ဟို... ကျွန်တော်က Classic car တွေကို သဘောကျလို့ပါ။ ဒါကြောင့် ကားအဟောင်းတွေကို မောင်းရတာ ပိုနှစ်သက်တာလေ"

ဘေးမှာ ထိုင်နေတဲ့ မင်ဟာယောင်း ကတော့ တားတဲ့အနေနဲ့ သူ့လက်မောင်းကို လာဆွဲပေမဲ့ တက်ဂယူ က စကားကို ဆက်ပြောတယ်။

"ဟေ့… အဲဒါက Classic Car မဟုတ်ဘူးလေ။ ကားအစုတ်ကြီး ပါ။ ဒါပေမဲ့ အပြင်ပန်းကတော့ သန့်ရှင်းပါတယ်။ ကြည့်တဲ့လူတိုင်းက ကားအဟောင်းလို့ မထင်ဘဲ ကားအသစ်လို့ ထင်ကြမှာပဲ"

အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး ရဲ့ မျက်နှာက လက်တွေ့အမှန်တရားတွေရဲ့ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း နီရဲလာခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ ဒေါသထွက်လိုက်ရင်တော့ သူပဲ လူပြက်ဖြစ်သွားမှာလေ။

သူက အတင်းပြုံးလိုက်ပြီး စခရင်ပေါ်မှာ Powerpoint တစ်ခုကို ပြသလိုက်တယ်။

"ခင်ဗျားတို့အားလုံး သိချင်နေကြတဲ့ Jeil Gold Coin အကြောင်းကို ကျွန်တော် အခု ရှင်းပြပါမယ်။ JGC ဆိုတာ နောက်ဆုံးပေါ် Blockchain နည်းပညာနဲ့ ဖန်တီးထားတာဖြစ်လို့ လက်ရှိ Cryptocurrencyတွေရဲ့ အားနည်းချက်အားလုံးကို ပြုပြင်ထားတာ ဖြစ်ပြီး အပြည့်စုံဆုံး Cryptocurrency လို့ ကျွန်တော် ယုံကြည်ချက်ရှိရှိ ပြောနိုင်ပါတယ်။ အားလုံးထက် လက်ရှိ Cryptocurrencyတွေထဲမှာ လုပ်ဆောင်ချက် အမြန်ဆုံးနှုန်း ရှိတာမလို့..."

နားလည်ရခက်တဲ့ အရှည်ကြီး ရှင်းပြချက်တွေက ဆက်တိုက် ထွက်ပေါ်နေခဲ့တယ်။

Cryptocurrencyတွေမှာ သူ့ရည်ရွယ်ချက်အလိုက် အသုံးပြုပုံ ကွဲပြားကြပေမဲ့ အနှစ်သာရကတော့ P2P နဲ့ ချိတ်ဆက်ထားတဲ့ ဖြန့်ဝေတွက်ချက်မှု နည်းပညာ (Distributed computing)ပါပဲ။

ဒါပေမဲ့ လက်ရှိ ရှင်းပြချက်အရဆိုရင်တော့ ဒါက...

'ဂိမ်းထဲကပိုက်ဆံ နဲ့ ပိုတူမနေဘူးလား'

ထုတ်ပေးတဲ့လူက ကိုယ့်သဘောနဲ့ကိုယ် ထုတ်ချင်သလိုထုတ်ပြီး သတ်မှတ်ထားတဲ့ ဆိုက်တချို့မှာပဲ အရောင်းအဝယ် လုပ်လို့ရတာဆိုရင် ဂိမ်းပိုက်ဆံနဲ့ ဘာမှမထူးပါဘူး။

သေချာသိဖို့အတွက် တကယ့် Source code ကို ကြည့်ဖို့ လိုအပ်ပေမဲ့ ဖြန့်ဝေတွက်ချက်မှုနဲ့တော့ အလှမ်းဝေးပုံရပါတယ်။

ဒီလို ကွိုင်မျိုးက တကယ်ပဲ စျေးကွက်ထဲမှာ စာရင်းသွင်းနိုင်ပါ့မလား။

"မေးစရာ ရှိပါသလား"

အဲဒီတော့မှ တက်ဂယူ က လက်ကို အမြင့်ကြီးထောင်ပြီး မေးလိုက်တယ်။

"ကွိုင်ရဲ့ Whitepaperကို ထုတ်ပြန်ထားပြီးပြီလားဗျ"

"Whitepaper ဟုတ်လား"

"ဟုတ်ကဲ့။ Blockchain နည်းပညာကို ဘယ်လို အကောင်အထည်ဖော်ထားလဲဆိုတာနဲ့ ဆုကြေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို Whitepaper မှာ အသေးစိတ် ရေးထားရမှာ မဟုတ်ဘူးလား။ လက်ရှိ Cryptocurrency Source code နဲ့ ဘာကွာခြားလဲဆိုတာကို သိမှ ရင်းနှီးမြှုပ်နှံလို့ ရမှာမလို့ပါ"

အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး က ခဏလောက် ယောက်ယက်ခတ်သွားခဲ့တယ်။

"ဟု... ဟုတ်ပါတယ်၊ မှန်တာပေါ့။ Whitepaper ။ ဒါပေါ့၊ ရှိတာပေါ့။ ကျွန်တော်တို့ မကြာခင် ဝဘ်ဆိုက်ပေါ်မှာ တင်ပေးဖို့ စီစဉ်ထားပါတယ်"

"ဖြန့်ဝေထားတဲ့ ကွန်ရက်ပေါ်မှာ ထပ်တိုးထုတ်လုပ်တဲ့ ကွိုင်တွေကို ဘယ်လို ခွဲဝေပေးလဲဆိုတာ သိချင်လို့ပါ။ လွှဲပြောင်းမှု အချက်အလက်တွေကို သက်သေပြမယ့် Algorithmက POW လား၊ POF လားဗျ"

"ဟို... အာ... POW ဟုတ်လား"

"လုပ်ဆောင်မှု သက်သေပြစနစ် (Proof of Work) မဟုတ်ဘူးလား"

"အဲဒါကတော့..."

"ဒါမှမဟုတ် POI လား။ အရေးပါမှု သက်သေပြစနစ် (Proof of Importance) လား"

သူ့မျက်နှာက ပြုံးနေပေမဲ့ နဖူးကနေ ချွေးစေးတွေ စီးကျနေခဲ့ပါပြီ။ အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး က တတ်နိုင်သမျှ မသိမသာ ပြောလိုက်တယ်။

"ကျွန်တော် ပြောခဲ့သလိုပဲ Jeil Gold Coin က နောက်ဆုံးပေါ် Blockchain နည်းပညာနဲ့ ဖန်တီးထားတာဖြစ်လို့ အဲဒီ Algorithm အားလုံးကို ပေါင်းစပ်ထားတဲ့ Source code ကို ပရိုဂရမ်ဆွဲထားတာလို့ မြင်ရင် ရပါတယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ..."

အဖွဲ့ခေါင်းဆောင် ဆောင်ဟန်ဆူး က လက်ခုပ်တီးပြီး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်တယ်။

"ကဲ… မေးခွန်းတွေကို ဒီမှာတင် ရပ်လိုက်ရအောင်။ ခင်ဗျားတို့ အသိချင်ဆုံးကတော့ အမြတ်အစွန်းနှုန်း ဖြစ်လောက်မယ်ထင်တယ်။ လက်ရှိမှာတော့ ကျွန်တော်တို့က စျေးကွက်ထဲမတင်ခင် ကြိုတင်ရောင်းချတဲ့ အဆင့်မှာ ရှိနေတာဖြစ်ပြီး ကျွန်တော်တို့ JG Blockchain ကို ဝင်ထားတဲ့ အဖွဲ့ဝင်တွေပဲ လျှော့စျေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် မနှစ်က အစောပိုင်းမှာ Jeil Gold Coin ကို ဝယ်ခဲ့တဲ့စျေးက ဝမ် ၃ ဝမ်၊ ၄ ဝမ်ပဲ ရှိတာပါ။ ဒါပေမဲ့ သိတဲ့အတိုင်း အခုတော့ ဝမ် ၁၂၀ အထိ တက်သွားပြီ။ ဒီစျေးနှုန်းကလည်း မကြာခင် မြင်ရတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနှစ်ကုန်မှာ စျေးကွက်ထဲ တင်ဖို့ မျှော်လင့်ထားပြီး မျှော်မှန်းထားတဲ့ စျေးနှုန်းကတော့ ဝမ် ၁၀,၀၀၀ ဖြစ်ပါတယ်"

အဲဒီစကားကြောင့် လူတွေက သူတို့ရဲ့ အံ့သြမှုကို မဖုံးကွယ်နိုင်ကြတော့ဘူး။ တကယ်လို့ စျေးကွက်ထဲ တင်လိုက်တာနဲ့ သူတို့ ရင်းနှီးမြှုပ်နှံမှုရဲ့ အဆ ၁၀၀ ကို ချက်ချင်း ရနိုင်ကြမှာလေ။

ဒါက လက်တွေ့မကျတဲ့ စကားတော့ မဟုတ်ပါဘူး။ အမှန်တကယ်ပဲ ICO (Initial Coin Offering) ကနေတစ်ဆင့် အဆ ၁၀၀ ကျော် တက်သွားတဲ့ ကွိုင်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ပြန်တွေးကြည့်ရင် ဘန့်ကွိုင် နဲ့ အီသီရီယမ် တို့လည်း အတိတ်တုန်းကတော့ ပြားဂဏန်းအနည်းငယ်ပဲ ရှိခဲ့တာလေ။

ဒါပေမဲ့ အဲဒါက အတိတ်က အကြောင်းအရာတွေပါ။

လက်ရှိမှာတော့ Altcoins တွေ အများကြီး စျေးကွက်ထဲ ရောက်နေပြီး ကွိုင်စျေးကွက်ကလည်း ကျဆင်းနေတာမလို့ ဒီလို ထီပေါက်သလို အမြတ်ကြီးစားရတာမျိုးတွေက ပျောက်ကွယ်သွားပါပြီ။

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ စျေးကွက်ထဲဝင်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ကွိုင်ပေါင်း ရာနဲ့ချီ ရှိနေပြီး အဲဒီထဲမှာ လိမ်လည်မှုနဲ့ ဘာမှမထူးတဲ့ လိမ်လည်ကွိုင် (Scam coins) တွေလည်း ပါဝင်နေပါတယ်။

တက်ဂယူ က လက်ပိုက်ပြီး တွေးလိုက်တယ်။

'ဒါက ဘယ်လိုကြည့်ကြည့် လိမ်လည်မှုပဲ'

ကိုရီးယားမှာ Cryptocurrency နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်က မရေမရာ ဖြစ်နေသေးတာမလို့ လိမ်လည်မှု လုပ်ရင်တောင် အပြစ်ပေးဖို့ သင့်တော်တဲ့ နည်းလမ်း မရှိသေးပါဘူး။

ဒါကြောင့်မလို့ သူတို့ ဒီလို လုပ်နေကြတာလား။

လူငယ်တစ်ယောက်က သတိကြီးကြီးနဲ့ လက်ထောင်ပြီး မေးတယ်။

"ဒီနှစ်ကုန်မှာ စျေးကွက်တင်မှာ တကယ်လားဗျ။ တကယ်လို့ စျေးကွက်မတင်ဖြစ်ရင် ဘာဖြစ်မလဲ"

"အဲလိုဖြစ်ဖို့ ခဲယဉ်းပေမဲ့ တကယ်လို့ စျေးကွက်မတင်ဖြစ်ရင် ကွိုင်ဖိုး ပိုက်ဆံအားလုံးကို အပြည့်အဝ ပြန်အမ်းပေးမှာပါ"

သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်လည်း လက်ထောင်ပြီး ပြောတယ်။

"ကျွန်မ ကြားဖူးတာတော့ တစ်ခါတလေ အရောင်းအဝယ် သိပ်မရှိတဲ့ စျေးကွက်အသေးလေးတွေမှာ ခဏတင်ပြီး ပြန်ဖြုတ်လိုက်တာမျိုး ရှိတတ်တယ်ဆိုလို့ပါ"

"မှန်ပါတယ်ခင်ဗျာ။ ကမ္ဘာပေါ်မှာ လူလိမ်တွေနဲ့ ကွိုင်အတုတွေ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ Jeil Gold Coin နဲ့ ပတ်သက်ရင်တော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ကျွန်တော်တို့ စီအီးအို က ဒီဌာနခွဲကို လာလည်တာဖြစ်လို့ သူ့ကို တွေ့ပြီး သူပြောတာကို နားထောင်လိုက်ရင် ယုံကြည်မှု ရသွားမှာပါ။ သူ့ကို စင်မြင့်ပေါ်ကို ခဏလောက် ဖိတ်ခေါ်လိုက်ပါရစေ။ လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါဦးဗျာ"

ဖြောင်း။ ဖြောင်း။ ဖြောင်း

လူတွေအားလုံး တစ်ပြိုင်ထဲ လက်ခုပ်တီးလိုက်ကြတဲ့အခါ တံခါးပွင့်သွားပြီး လူတစ်ယောက် ဝင်လာခဲ့တယ်။

တက်ဂယူ က စင်မြင့်ပေါ်မှာ ရပ်နေတဲ့ လူရဲ့ မျက်နှာကို မြင်လိုက်ရတော့ လန့်သွားခဲ့တယ်။ စင်ပေါ်ကလူက အသက် ၃၀ အစောပိုင်း အရွယ်ဖြစ်ပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ မျက်နှာက ဖြူဖျော့ကာ ချောမွတ်နေပါတယ်။

အဲဒီမျက်နှာကို ဂျင်ဟူ ရဲ့ အိမ်ရှေ့မှာ မြင်ဖူးခဲ့တာလေ။ အဲဒီတုန်းက အော်ဟစ်အော်ဆဲလုပ်လို့ လုံခြုံရေးတွေရဲ့ ဆွဲထုတ်ခြင်းကို ခံခဲ့ရတဲ့လူပဲ။

'ဒီကောင်က ဘာလို့ ဒီမှာ ရှိနေတာလဲ'

သူက စင်မြင့်ပေါ်မှာ ရပ်ပြီး နှုတ်ဆက်လိုက်တယ်။

"အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော်ကတော့ JG Blockchain ရဲ့ စီအီးအို ချွိုင်းနမ်ဝူး ဖြစ်ပါတယ်"

All Chapters